အခန်း (၁၀၈၅-၁၀၈၆)
Vol. 109 Ch. 1085-1086
အခန်း (၁၀၈၅) မဟာမိတ်ဖွဲ့ခြင်း
ဒီကောလာဟလဟာ ရှန်ထူချန်း တစ်ယောက်တည်း ကြားဖူးတာ မဟုတ်ပါဘူး၊ သူတို့လို ယင်လောကမှာ ရာထူးကြီးကြီးနဲ့ နှစ်အတော်ကြာ နေလာသူတွေဆိုရင် ဒီသတင်းစကားကို ကြားဖူးကြတာ သဘာဝပါပဲ။
ဒါပေမဲ့လည်း...
အဲဒီတုန်းက ယင်လောကဟာ အခုနဲ့တော့ မတူသလိုပါပဲ၊ ရှေးဟောင်းမှတ်တမ်းတွေထဲက အချို့သော မြို့တွေကို အခုအချိန်မှာ လုံးဝ ရှာမတွေ့တော့ပါဘူး။
"ဖန့်လူကြီးမင်း... ဝိညာဉ်သုတ်သင်ခြင်းဌာနက ယင်ဝိညာဉ်တွေက တကယ်ပဲ လူ့လောကမှာ သွားလာနိုင်မှာလား "
ရှန်ထူချန်းက ဖန့်ချန်ကို ကြည့်လိုက်ပြီး မျက်လုံးတွေက တောက်ပနေပါတယ်
"တကယ်လို့သာ အဲဒီလိုဆိုရင် လက်အောက်ခံအရာရှိဟာ ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ စစ်သည်လေးတစ်ယောက်အဖြစ် ခံယူပြီး လူကြီးမင်းအတွက် ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေကို သတ်ဖြတ်ပေးဖို့ ဆန္ဒရှိပါတယ်"
"တစ်ခုခုတော့ မှားနေပြီ..."
လူတိုင်းက ရှန်ထူချန်းကို တိတ်တဆိတ် အကဲခတ်လိုက်ကြပါတယ်။
ရှန်ထူချန်းရဲ့ အခုပြောပုံဆိုပုံနဲ့ အမူအရာဟာ လုံးဝကို အညံ့ခံ ပျပ်ဝပ်သွားတဲ့ ပုံစံမျိုး ဖြစ်နေလို့ပါ။
သူတို့သိထားတဲ့ ရှန်ထူချန်းဆိုတာ ဒီလိုလူစားမျိုး လုံးဝမဟုတ်ပါဘူး။
ဒီ ဖန့်လူကြီးမင်းရဲ့ ကိုယ်ပေါ်မှာ ရှန်ထူချန်းကို အကြွင်းမဲ့ ယုံကြည်ကိုးစားသွားစေတဲ့ အရာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်
ချီထျန်းရန်ကလည်း အကြည့်တွေ လှုပ်ခတ်သွားပြီး လက်အုပ်ချီကာ ဆိုပါတယ်
"ဖန့်လူကြီးမင်း... ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေက ကျုပ်တို့အပေါ်ကိုတောင် လောဘတက်ရဲမှတော့ လက်အောက်ခံအရာရှိကလည်း ရှေ့တန်းကနေ ပါဝင်ပြီး လူ့လောကကိုသွားကာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဖို့ အသင့်ပါပဲ "
"ဝိညာဉ်သုတ်သင်ခြင်းဌာန ကိစ္စက ငါ့မှာ တခြားအစီအစဉ်ရှိတယ် အခုက အားလုံးကို အသိပေးရုံသက်သက်ပဲ ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ လုပ်ငန်းစဉ်တွေကို မနှောင့်ယှက်ရင် ရပါပြီ"
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။
အဲဒီနောက် သူက တုယွန်းရွှီကို တစ်ချက်ကြည့်လိုက်ရာ တုယွန်းရွှီက ခေါင်းငြိတ်ပြပြီး နန်းတော်အပြင်ဘက်ကို တိုးတိုးလေး ပြောလိုက်ပါတယ်
"ဝင်လာခဲ့တော့"
ဘယ်သူလဲ
လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး နန်းတော်အပြင်ဘက်ကို လှမ်းကြည့်လိုက်ကြရာ၊ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ထွားကျိုင်းသန်မာတဲ့ လူလတ်ပိုင်းတစ်ယောက် နန်းတော်ထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာတာကို မြင်လိုက်ရပါတယ်။
ဒီလူဟာ လင်းယုန်မျက်လုံးနဲ့ ဝံပုလွေမျက်နှာထား ရှိပါတယ်။
သူ၏ အငွေ့အသက်က မပြင်းထန်ဘဲ ဒီမှာရှိတဲ့ ယင်အရှင်တွေအတွက်တော့ ခြင်ကောင်၊ ပုရွက်ဆိတ်ကောင်လောက်သာ အားနည်းပေမဲ့လည်း၊
ဒီနေ့ ဒီနန်းတော်ထဲကို ဝင်လာနိုင်တဲ့သူဟာ သာမန်လူ မဟုတ်နိုင်တာကြောင့် ဘယ်သူမှ လျှော့မတွက်ရဲကြပါဘူး။
ထိုသူဟာ ယင်အရှင်တွေရဲ့ ရှေ့မှာ ရပ်လိုက်ပါတယ်။
ကျန်းယွီရှုး တစ်ယောက်တည်းသာ ဒီလူကို မြင်တဲ့အခါ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပါတယ်။
"ပိုင်ယွဲ့မြို့ရဲ့ နေကင်းလှည့်စစ်သည် ရှောင်လန်ပါ၊ ဖန့်လူကြီးမင်းကို ဂါရဝပြုပါတယ်၊ အရှင်အားလုံးကိုလည်း နှုတ်ဆက်ပါတယ်"
ရှောင်လန်က တည်ငြိမ်ရဲဝံ့တဲ့ ဟန်ပန်နဲ့ ရိုသေစွာ ဂါရဝပြုလိုက်ပါတယ်။
"နေကင်းလှည့်စစ်သည် ဟုတ်လား"
လူတိုင်း မှင်သက်သွားကြပါတယ်။
ရှေ့ကလူက သာမန် နေကင်းလှည့်စစ်သည်လေး တစ်ယောက်ဆိုရင် သူ ဒီနေ့ နန်းတော်ထဲ ဝင်လာရတဲ့ အကြောင်းရင်းက ဘာလဲ
"ရှောင်လန်က ဒီနေ့ကစပြီး ယင်လောက ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ ပထမဆုံး အရှင် ဖြစ်လာလိမ့်မယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်
"အားလုံးပဲ နောက်ဆိုရင် အားတဲ့အခါ သူ့ကို များများ ကူညီပေးကြပါဦး၊ ဝိညာဉ်သုတ်သင်ခြင်းဌာနက အခုမှ အခြေမရှိဘဲ စတင်တည်ထောင်တာဆိုတော့ စီနီယာတို့ဆီက အကူအညီ လိုအပ်မယ့် နေရာတွေ အများကြီး ရှိပါလိမ့်မယ်"
"ဖန့်လူကြီးမင်း... နေကင်းလှည့်စစ်သည် ရာထူးကနေ ဌာနတစ်ခုရဲ့ အရှင်ရာထူးကို ရုတ်တရက် ခုန်တက်သွားတာဆိုတော့ ဘက်ပေါင်းစုံက ကျေနပ်ကြမှာ မဟုတ်ပါဘူး"
ယိုဖန့်က ဖြည်းဖြည်းချင်း စကားဆိုပါတယ်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
သူတို့ရဲ့ စိတ်ထဲမှာလည်း ယိုဖန့်လိုပဲ တွေးနေကြပေမဲ့ ဘယ်သူမှ ထုတ်မပြောကြပါဘူး။
ဖန့်လူကြီးမင်းက သူတို့နဲ့ တိုင်ပင်နေတာ မဟုတ်ဘဲ ဆုံးဖြတ်ပြီးသား ကိစ္စကို အသိပေးရုံသက်သက် ဆိုတာ သိသာနေလို့ပါ။
"ဘက်ပေါင်းစုံ ဘယ်ဘက်လဲ"
ဖန့်ချန်က ယိုဖန့်ကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်ပါတယ်
"ငါ စောစောကပဲ ပြောခဲ့တယ်လေ၊ ကျင့်ကြံခြင်းအဆင့်နဲ့ အနိမ့်အမြင့်ကို မခွဲခြားသင့်ဘူးလို့ ယိုအရှင်က ငါ့စကားကို နားမထောင်လိုက်ဘူး ထင်တယ် "
ရှောင်လန်က ယိုဖန့်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လွှာချကာ ဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေပါတယ်၊ ဘာမှ ပြန်လည် ချေပခြင်း မပြုပါဘူး။
သူက အဲဒီလို ငြိမ်နေလေလေ၊ ချီထျန်းရန်တို့က ဒီလူကို ပိုပြီး လျှော့မတွက်ရဲလေလေပါပဲ။
"ကြည့်ရတာ... ဖန့်လူကြီးမင်း ပြောတာ မှန်ပါတယ်အခု ယင်လောကထဲမှာ အရည်အချင်းရှိတဲ့ ဝိညာဉ်တွေ အများကြီး ရှိနေမှာပါ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်ကြောင့် ရာထူးကြီးကြီး မရဘဲ ယင်လောကအတွက် အမှုမထမ်းနိုင်တာမျိုးတွေ ရှိမှာပဲ ဒါဟာ လူတော်တွေကို ဖြုန်းတီးပစ်တာနဲ့ တူတူပါပဲ"
ဝိညာဉ်ဖမ်းဌာန အရှင်က ရုတ်တရက် လက်အုပ်ချီ ဆိုပါတယ်
"ဖန့်လူကြီးမင်း... ကျုပ်က အားနေတာနဲ့ တူတူပဲ၊ ဒီလူတော်တွေကို ရွေးချယ်တဲ့ ကိစ္စကို ကျုပ်ကိုပဲ တာဝန်ပေးလိုက်ပါ"
"ယင်စစ်သည်ဌာနကလည်း ကူညီပေးနိုင်ပါတယ်"
ချိုးကျင်ကလည်း ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။
ဝိညာဉ်ဖမ်းဌာန အရှင်က သူ့ကို မကျေမနပ် ကြည့်နေတာကို မြင်တော့ ချိုးကျင်က ပြုံးပြီး
"ယင်စစ်သည်ဌာနမှာ လူအင်အား အလုံအလောက် ရှိတယ်၊ ဒီအလုပ်ကို ကျုပ်တို့ လုပ်တာက ဝိညာဉ်ဖမ်းဌာနထက်စာရင် ပိုပြီးတော့ မြန်ဆန်သွက်လက်ပါလိမ့်မယ်"
"လူတော်တွေကို ရွေးချယ်တဲ့ ကိစ္စကတော့... တရားသူကြီးဌာနကပဲ ဦးဆောင်သင့်တာပေါ့"
ကျန်းယွီရှုးက ဖြည်းဖြည်းချင်း စကားဆိုရင်း ပြုံးလိုက်ပါတယ်
"ကျုပ် ဒီကို ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးလို့ စီနီယာတို့နဲ့ စီနီယာသက်တမ်း ယှဉ်လို့မရတာ မှန်ပေမဲ့၊ တရားသူကြီးဌာနက အကောင်းအဆိုးကို ခွဲခြားတာပါ လူတော်တွေကို ရွေးချယ်တဲ့အခါ အရည်အချင်းက ဒုတိယပါ ပထမဆုံး စိတ်ဓာတ်က ကောင်းမွန်ရပါမယ်"
"တကယ်လို့ စိတ်ဓာတ်မကောင်းတဲ့သူဆိုရင် အရေးကြီးတဲ့ အချိန်ကျမှ ရန်သူ့ဘက် ကူးသွားရင် မခက်ဘူးလား"
တရားသူကြီးဌာနရဲ့ တရားသူကြီး ဆယ်ပါးဟာလည်း ကျန်းယွီရှုးကို တစ်ခဲနက် ထောက်ခံကြပါတယ်။
ကျန်းယွီရှုးက ကျင့်ကြံခြင်းအဆင့် မမြင့်ပေမဲ့ သူတို့တွေရဲ့ ထောက်ခံမှုရှိရင် ဒီရာထူးမှာ မြဲမြံနေမှာ သေချာပါတယ်။
ကျန်းယွီရှုးက စကားပြောလိုက်ပြီဆိုတော့ ချိုးကျင်နဲ့ ဝိညာဉ်ဖမ်းဌာန အရှင်တို့လည်း တိတ်သွားကြပါတယ်။
ဒီလူရဲ့ အဆင့်အတန်းက ထူးခြားတာကြောင့် သူနဲ့ သွားလုနေရင် လူကြီးမင်းကို အားနာစရာ ဖြစ်သွားပါလိမ့်မယ်။
ဖန့်ချန်ရဲ့ အစီအစဉ်ကို ဘယ်သူမှ ကန့်ကွက်သူ မရှိတော့တာ မြင်တဲ့အခါ ယိုဖန့်ရဲ့ မျက်နှာက အနည်းငယ် အထီးကျန်သလို ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာပဲ နန်းတော်ထဲကို လူအချို့ ထပ်ပြီး ဝင်လာကြပါတယ်။
သူတို့တွေကတော့ မဟာရှမင်းဆက်ရဲ့ စစ်ရေးဝန်ကြီးဟောင်း ရဲ့တုန်းမင်၊ မဟာရှမင်းဆက်ရဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်း ထောင်မင်ရှန့်တို့ ဖြစ်ကြပြီး ပိုင်လင်ယွဲ့နဲ့ ပိုင်ချင်းမင်တို့လည်း ပါဝင်လာပါတယ်။
"နောက်ဆိုရင် မင်းတို့က ရှောင်လန်ကို ကူညီပြီး ဝိညာဉ်သုတ်သင်ခြင်းဌာနကို တည်ထောင်ကြရမယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
ရဲ့တုန်းမင်တို့က ရှောင်လန်ကို ကြည့်လိုက်ကြရာ မျက်နှာထားတွေက အနည်းငယ် ထူးဆန်းသွားကြပါတယ်။
သူတို့တွေက လူ့လောကမှာတုန်းက ရန်သူဟောင်းတွေ ဖြစ်ခဲ့ကြပေမဲ့၊ သေပြီးမှ အခုလို လက်တွဲလုပ်ဆောင်ရမယ့် အခွင့်အရေး ရလာလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။
"နောက်ပိုင်းမှာ အားလုံးပဲ ကူညီပေးကြပါဦး"
ရှောင်လန်က ပြုံးပြီး လက်အုပ်ချီ နှုတ်ဆက်ပါတယ်။
"အားနာစရာတွေပါ"
ရဲ့တုန်းမင်က ခပ်အေးအေးပဲ ပြန်ပြောပါတယ်။
အစည်းအဝေး ပြီးဆုံးသွားပြီး လူအသီးသီး ထွက်ခွာသွားကြတဲ့အခါ ဒီအစည်းအဝေးရဲ့ အကြောင်းအရာတွေက ရှန့်ကျင် တစ်မြို့လုံးကို ပျံ့နှံ့သွားပါတော့တယ်။
နေကင်းလှည့်အဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့တို့ ယင်ချောင်စီထဲကို ပေါင်းစည်းသွားတယ်ဆိုတဲ့ သတင်းကို ကြားတဲ့အခါ အားလုံးက ရင်ထဲမှာ အံ့ဩသွားကြပါတယ်။
တစ်ချိန်တည်းမှာပဲ အသစ်ဖွင့်လိုက်တဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနကိုလည်း အားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။
အရင်က ဇောင်ယင်းဌာန၊ အခု ဝိညာဉ်သုတ်သင်ခြင်းဌာနဆိုတော့ ရာထူးအသစ်တွေ အများကြီး ထွက်လာတာကြောင့် လူအများအပြားဟာ စိတ်လှုပ်ရှားစွာနဲ့ ဒီကိစ္စကို စုံစမ်းဖို့ သူတို့ရဲ့ အဆက်အသွယ်တွေကို စတင်ရှာဖွေနေကြပါပြီ။
...
...
သောင်းတာအိုမျှော်စင် မှာ ဖန့်ချန်ဟာ စုန်းမောက်ထျန်း ပေးထားတဲ့ ပစ္စည်းတွေကို သွားရှာဖို့ မလောသေးဘဲ၊ စုန်းစုစုကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးလိုက်ပြီး အလယ်လတ် ဝိညာဉ်ကျောက်တုံး တွေနဲ့ လဲခိုင်းလိုက်ပါတယ်။
စုန်းစုစုဟာ တပည့်ရင်း တစ်ယောက်ဖြစ်သလို စုန်းမိသားစုရဲ့ ပါရမီရှင်တစ်ဦးလည်း ဖြစ်တာကြောင့် စုန်းမိသားစု ဆုတ်ယုတ်သွားပြီ ဆိုပေမဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အချို့ကိုတော့ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
ဒီအဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကနေ အလယ်လတ် ဝိညာဉ်ကျောက်တုံး လေးသောင်းလောက် ရလာပါတယ် ဒါဟာ ဖန့်ချန်အတွက် တာအိုသုံးထောင်နယ်မြေ ကို အကြိမ်ပေါင်း ရှစ်ဆယ်လောက် ဝင်ဖို့ လုံလောက်ပါတယ်။
အဲဒီနောက်မှာတော့ ဖန့်ချန်ဟာ တာအိုသုံးထောင်နယ်မြေထဲကို တစ်ခေါက်ဝင်လိုက်တိုင်း သောင်းတာအိုမျှော်စင်ထဲမှာ တစ်ရက်လောက် လှည့်ပတ်ကြည့်ရှု စစ်ဆေးပါတယ်။
တစ်လ ကြာပြီးနောက်မှာတော့။
ဖန့်ချန်ဟာ တာအိုသုံးထောင်နယ်မြေထဲကို ၁၅ ကြိမ်တိတိ ဝင်ရောက်ခဲ့ပြီး စုစုပေါင်း နှစ်ပေါင်း တစ်ရာ့ငါးဆယ်လောက် အချိန်ယူခဲ့တာကြောင့် သူရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ ဝိညာဉ်ခွဲဖြာခြင်း အစောပိုင်းအဆင့်ကနေ အလယ်အလတ်အဆင့်ကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျန်တဲ့ ဝိညာဉ်ခွဲ ကိုးခုကတော့ အစောပိုင်းအဆင့်မှာပဲ ရပ်တန့်နေပါသေးတယ်။
ဒါကို သတိပြုမိသွားတဲ့ ဖန့်ချန်ဟာ တာအိုသုံးထောင်နယ်မြေထဲကို အလွယ်တကူ မဝင်တော့ပါဘူး။
တကယ်လို့ ပင်မကိုယ်ထည်ရဲ့ သက်တမ်းသာ ကုန်သွားပြီး ဝိညာဉ်ခွဲတွေက မပြည့်စုံသေးတာကြောင့် ပေါင်းစပ်လို့ မရခဲ့ရင် ပင်မကိုယ်ထည် သက်တမ်းကုန်ပြီး သေသွားတာဟာ ဟာသတစ်ခု ဖြစ်သွားနိုင်လို့ပါ။
သာမန်ကျင့်ကြံသူတွေ ဘာကြောင့် ဝိညာဉ်ခွဲတွေ အများကြီး မခွဲထုတ်ရဲကြဘူးလဲဆိုတာကို သူ အခုမှ ကောင်းကောင်း နားလည်သွားပါတယ်။
ဒီရက်ပိုင်းအတွင်း လှည့်ပတ်ကြည့်ရှုရင်းနဲ့ ဖန့်ချန်ဟာ အခြေအနေအချို့ကို တဖြည်းဖြည်း သဘောပေါက်လာပါတယ်။
ကျင့်ကြံသူအချို့ သောင်းတာအိုမျှော်စင်ကို လာပြီး သူတို့ယူလာတဲ့ သွေးဝိညာဉ်ဆေးလုံး တွေကို ယွင်တိန့်ဆရာတော် ဆီကို လာပေးနေတာကို သူ ခဏခဏ တွေ့ရပါတယ်။
ဒါတင်မကဘဲ ရှောင်းယောင်နတ်မင်း ဟာ ယွင်တိန့်ဆရာတော်ဆီကနေ သွေးဝိညာဉ်ဆေးလုံး အစုလိုက်အပြုံလိုက် ဝယ်ယူသွားတာကိုလည်း သူ မြင်ခဲ့ရပါတယ်။
ရှောင်းယောင်နတ်မင်းဟာ ကုန်သည်တစ်ယောက်သာ ဖြစ်ပြီး သူ့လို ကုန်သည်မျိုးတွေ အများကြီး ရှိနေတာကို ဖန့်ချန် တွေ့လိုက်ရပါတယ်။
ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ သွေးဝိညာဉ်ဆေးလုံးကို သုံးပြီး သူတို့ဂိုဏ်းသားတွေရဲ့ အဆင့်ကို မြှင့်တင်ရုံတင်မကဘဲ ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ ဝိညာဉ်ပစ္စည်းတွေကို လဲလှယ်ဖို့အတွက်လည်း အသုံးချနေတာပါ။
အချိန်ကြာလာတာနဲ့အမျှ သူတို့နဲ့ အကျိုးစီးပွား ဆက်နွှယ်နေတဲ့သူတွေဟာ ရေတွက်လို့ မရအောင် များပြားလာပြီး၊ ဒါဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အခြေအနေကို ပိုပြီး ခိုင်မာလာအောင် မသိမသာ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်ဗျာ။
အခန်း (၁၀၈၆) တည်နေရာရွှေ့ပြောင်း မသေမျိုးအဆောင်
ဒီသွေးဝိညာဉ်ဆေးလုံး အစုအဝေးကို ခိုးယူဖို့ အခွင့်အရေးမရှိတာကို မြင်တော့ ဖန့်ချန်ဟာ လှည့်ထွက်သွားခဲ့ပါတယ်။
တစ်ဖက်လူက ဒုတိယအဆင့် လွတ်လပ်သောမသေမျိုး ဖြစ်ပြီး ကိုယ်နဲ့မကွာ ဆောင်ထားတာပါ။
သွေးဝိညာဉ်ဆေးလုံးတွေက အဲဒီထဲမှာ ရှိနေတာဖြစ်လို့ ရှီလုံတို့တစ်သိုက် ဒုတိယအဆင့်ကို မတက်လှမ်းနိုင်သရွေ့ ယွင်တိန့်ဆရာတော်ဆီကနေ သွေးဝိညာဉ်ဆေးလုံးကို လုယူဖို့ဆိုတာ အိပ်မက်ယောင်နေတာနဲ့ မခြားပါဘူး။
ဖန့်ချန် အပြင်ကို ထွက်လာကာ သိပ်မဝေးသေးခင်မှာပဲ အလင်းတန်းတစ်ခုက ယွင်တိန့်ဆရာတော်ရှိတဲ့ တရားထိုင်ခန်းထဲကို ဝင်သွားတာ တွေ့လိုက်ရပြီး၊ ခေတ္တအကြာမှာတော့ ယွင်တိန့်ဆရာတော်ဟာ အခန်းထဲက ထွက်လာပြီး အဝေးကို ပျံသန်းသွားပါတယ်။
ဖန့်ချန်က အကြည့်တစ်ချက် လှုပ်ခတ်သွားပြီး နောက်ကနေ လိုက်သွားလိုက်ပါတယ်။
သောင်းတာအိုမျှော်စင်၊ ဧည့်ခန်းမ။
အဲဒီထဲမှာ လူရိပ်အချို့ ထိုင်နေကြပြီး၊ တစ်ယောက်ကတော့ သောင်းတာအိုမျှော်စင်ရဲ့ မျှော်စင်သခင် အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်း ဖြစ်ပါတယ်။
သူ့ရဲ့ ဘယ်ဘက်မှာတော့ အိုမင်းပြီး မျက်နှာထား အုံ့မှိုင်းနေတဲ့ အဖိုးကြီးတစ်ယောက် ထိုင်နေပါတယ်။
သူ၏ အငွေ့အသက်က အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းထက် မနိမ့်ပါဘူး။
ဒီအဖိုးကြီးအပြင် ခန်းမထဲမှာ နောက်ထပ် လူတစ်စုလည်း ရှိနေပါသေးတယ်၊ ဒါပေမဲ့ ဒီလူတွေရဲ့ အဆင့်အတန်းက အတော်လေး ထူးခြားပါတယ်။
စုစုပေါင်း ဒုတိယအဆင့် လွတ်လပ်သောမသေမျိုး နှစ်ယောက်နဲ့ ပထမအဆင့် လွတ်လပ်သောမသေမျိုး လေးယောက်ပါ။
ဒါပေမဲ့ သူတို့တွေက ထိုင်မနေကြဘဲ မာန်တက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်မှာ မတ်တပ်ရပ်နေကြပါတယ်။
အမျိုးသမီးရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်ပါဘူး၊ တာအိုပေါင်းစပ်ခြင်း အဆင့်လောက်ပဲ ရှိတာပါ။
အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းက ထိုအမျိုးသမီးတို့တစ်စုကို တစ်ချက်ကြည့်လိုက်ပြီး အဖိုးကြီးဆီကို အကြည့်ပို့လိုက်တယ်
"စီနီယာအစ်ကို... ဒီတစ်ခါ အဝေးကြီးကနေ ဘာကိစ္စနဲ့ ရောက်လာတာလဲ "
အဖိုးကြီးက နှာခေါင်းရှုံ့လိုက်တယ်
"ဘာကိစ္စ ဖြစ်ရမှာလဲ"
အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းက သဘောပေါက်သွားသလိုမျိုး ပြုံးလိုက်တယ်
"စီနီယာအစ်ကို မလောပါနဲ့ ဒီတစ်ခါ သွေးဝိညာဉ်ဆေးလုံးတွေက အဆင်သင့် ဖြစ်နေပါပြီ ကျုပ်လူတွေကို သွားယူခိုင်းထားတယ်"
"ဂျူနီယာညီလေး... မင်း ငါ့ကို ဘယ်လောက်အထိ ထပ်လိမ်ဦးမှာလဲ "
အဖိုးကြီးက ရုတ်တရက် ဆိုပါတယ်
"ငါကိုယ်တိုင် ဒီကို လာတာက အဲဒီ သွေးဝိညာဉ်ဆေးလုံးတွေအတွက်လို့ မင်းထင်နေတာလား"
"ဒါဆို ဘာအတွက်လဲ"
အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းက အံ့ဩသွားပါတယ်။
"ဟန်ဆွေနတ်မီးလျှံ ကိစ္စကို မင်းက ဘယ်လောက်အထိ ဖုံးကွယ်ထားနိုင်မယ် ထင်လို့လဲ"
အဖိုးကြီးက အေးစက်စွာ ပြောလိုက်ပါတယ်။
ခန်းမထဲကို အချိန်ကိုက် ဝင်လာတဲ့ ယွင်တိန့်ဆရာတော်ဟာ ဒါကို ကြားလိုက်ရတဲ့အခါ ခြေလှမ်းတွေတောင် ယိုင်သွားမလို ဖြစ်သွားပါတယ်။
သူက အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းဆီကို ရိုသေစွာ လာခဲ့ပြီး သိုလှောင်အိတ်ထဲကနေ သွေးဝိညာဉ်ဆေးလုံး ပုလင်းတွေကို တစ်ပုလင်းပြီး တစ်ပုလင်း ထုတ်လိုက်ပါတယ်။
"ဒီပုံစံက... အပြစ်လာပေးတဲ့ ပုံစံပဲ"
ဖန့်ချန် အကြည့်တွေ လှုပ်ခတ်သွားပါတယ်။
သူက အမှောင်ရိပ်ထဲမှာ ရပ်ရင်း လူတိုင်းကို သေသေချာချာ အကဲခတ်နေပါတယ်။
အဲဒီအဖိုးကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က သောင်းတာအိုမျှော်စင် သခင်ထက် မနိမ့်တဲ့အပြင် အဆင့်အတန်းကလည်း ပိုမြင့်ပုံရပါတယ်။
ခုနက စကားလုံးတွေက သိသိသာသာကို အပြစ်တင်ကြိမ်းမောင်းနေတာပါ။
ကျန်တဲ့ တစ်စုကတော့...
"သူတို့ကလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းက အဆင့်မြင့်လူတွေလား"
ဖန့်ချန်က အဲဒီ လွတ်လပ်သောမသေမျိုး အုပ်စုကို တစ်ချက်ကြည့်လိုက်ပါတယ်။
"စီနီယာအစ်ကို... ဟန်ဆွေနတ်မီးလျှံကိစ္စကို စီနီယာအစ်ကို့ကို ဘယ်သူပြောတာလဲ "
အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းက ပြုံးပြီး ပြန်မေးလိုက်ပါတယ်။
အဖိုးကြီးက လက်ယမ်းလိုက်တယ်
"ဘယ်သူပြောတာလဲဆိုတာ မင်း ဂရုစိုက်မနေနဲ့၊ ဒီလိုကိစ္စအကြီးကြီး ဖြစ်နေတာကို မင်းက ဘာလို့ အထက်ကို အစီရင်မခံတာလဲ ကံကောင်းလို့ ငါအရင်ဆုံး သတင်းရပြီး မင်းအတွက် ဖုံးကွယ်ပေးထားလို့ပေါ့ မဟုတ်ရင် အထက်က အပြစ်ပေးတာ ခံရပြီးပြီ၊ မင်း ဒီမှာ ဒီလိုမျိုး အေးအေးဆေးဆေး ထိုင်နေနိုင်ဦးမလား "
"အဲဒါဆိုရင်တော့ စီနီယာအစ်ကို့ကို ကျေးဇူးတင်ပါတယ် ဒီမှာ စီနီယာအစ်ကို့ကို ဂါရဝပြုဖို့ ကျုပ် သီးသန့် ချန်ထားတဲ့ မသေမျိုးကျောက်တုံး အချို့ ရှိပါတယ်"
အစိမ်းရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းက ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပြီး အဖိုးကြီးကို ပေးလိုက်ပါတယ်။
သူ့ရဲ့ မျက်နှာထားကနေ ဝမ်းသာတာ၊ ဝမ်းနည်းတာ ဘာမှ ခန့်မှန်းလို့ မရပါဘူး။
ဒါပေမဲ့ ယွင်တိန့်ဆရာတော်ကတော့ သိပါတယ်။
သူတို့ရဲ့ မျှော်စင်သခင်ဟာ အခုအချိန်မှာ အကြီးအကျယ် ဒေါသထွက်နေမှာပါ။
ဒီက သတင်းကို တစ်ယောက်ယောက်က ခိုးပြီး ပေါက်ကြားလိုက်တယ်ဆိုတာ ဒီမှာ သူလျှိုတွေ ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။
"ငါက မင်းရဲ့ ဒီမသေမျိုးကျောက်တုံးတွေအတွက် လာတာ မဟုတ်ပါဘူး ထားလိုက်ပါတော့ ငါ မင်းကို မိတ်ဆက်ပေးမယ်"
အဖိုးကြီးက လက်ယမ်းလိုက်ပြီး လူလတ်ပိုင်း ပေးတဲ့ ကျောက်စိမ်းသေတ္တာကို မယူပါဘူး။
သူက ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ အမျိုးသမီးရဲ့ နောက်ခံကို မိတ်ဆက်ပေးပါတယ်
"ဒါကတော့ ဆူယာသခင်မ ပါ သခင်မ... ဒါကတော့ ကျွန်တော် ပြောပြဖူးတဲ့ ကျွန်တော့်ရဲ့ ဂျူနီယာညီလေး စုန့်ကျိလီ ပါ"
"သခင်မ ဆူယာကို နှုတ်ဆက်ပါတယ်"
စုန့်ကျိလီက လက်အုပ်ချီ ဂါရဝပြုပေမဲ့ နေရာကနေ ထမရပ်ပါဘူး။
သခင်မ ဆူယာက မာန်တက်တဲ့ မျက်နှာထားနဲ့ ခေါင်းငြိတ်ပြတယ်
"ရှင့်ရဲ့ စီနီယာအစ်ကို ပြောတာ ကြားဖူးပါတယ် သူက ရှင်က ကျွန်မရဲ့ ခင်ပွန်းကို ကူညီနိုင်လိမ့်မယ်လို့ ပြောတယ်၊ အဲဒါ တကယ်ပဲလား "
စုန့်ကျိလီက ခပ်ဖွဖွ ပြုံးလိုက်တယ်
"သခင်မရဲ့ ခင်ပွန်းက ဘယ်သူများလဲ မသိဘူး..."
"ဂျူနီယာညီလေး... သခင်မ ဆူယာရဲ့ ခင်ပွန်းက မသေမျိုးအစစ် တစ်ပါးပဲ"
အဖိုးကြီးက ရုတ်တရက် စကားဖြတ်ပြောလိုက်ပါတယ်။
စုန့်ကျိလီရဲ့ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး မသိစိတ်အရ မတ်တပ်ရပ်မိသွားပါတယ်၊ သခင်မ ဆူယာကို ကြည့်တဲ့ အကြည့်တွေထဲမှာ တုန်လှုပ်မှုတွေ ပါဝင်လာပါတယ်။
ယွင်တိန့်ဆရာတော်ကလည်း ထို့အတူပါပဲ။
မသေမျိုးအစစ် ဆိုတဲ့ စကားလုံးနှစ်လုံးက သူတို့ရဲ့ စိတ်ထဲမှာ တောင်ကြီးတစ်လုံးလို လေးလံနေပုံရပါတယ်။
"ဒီလောကမှာ မသေမျိုးအစစ်တွေ ရှိနေသေးတာလား"
ဖန့်ချန်ရဲ့ မျက်နှာထားက ထူးဆန်းသွားပါတယ်။
တစ်ဖက်လူကလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းကလို့ သူ ထင်ထားခဲ့တာပါ။
အခုကြည့်ရတာ ဒီသခင်မ ဆူယာရဲ့ နောက်ကွယ်က အင်အားစုက ဝိညာဉ်နတ်ဘုရားဂိုဏ်း မဟုတ်ပါဘူး။
စုန့်ကျိလီရဲ့ အမူအရာကို မြင်တော့ သခင်မ ဆူယာရဲ့ မျက်နှာမှာ ပြုံးယောင်သန်းလာပါတယ်
"ရှင်လည်း ဒီလောက်အထိ အံ့ဩမနေပါနဲ့ ဒီတစ်ခါ ကျွန်မရဲ့ ခင်ပွန်းက ကျွန်မကို ကိုယ်တိုင်လာခိုင်းတာက ရှင့်ဆီကနေ အကူအညီလေးတစ်ခု လိုချင်လို့ပါတကယ်လို့ ဒီကိစ္စ အောင်မြင်သွားရင် ရှင်က ကျွန်မရဲ့ ခင်ပွန်းနဲ့ တွေ့ဆုံခွင့် ရနိုင်ပါတယ်"
"သခင်မ ပြောပါ၊ တကယ်လို့ ကျုပ် ကူညီနိုင်တာဆိုရင် ငြင်းပယ်မှာ မဟုတ်ပါဘူး"
စုန့်ကျိလီက လက်အုပ်ချီ ဆိုပါတယ်။
"တကယ်တော့ ရိုးရှင်းပါတယ် ကျွန်မခင်ပွန်းက မကြာသေးခင်ကမှ မသေမျိုးအတတ် တစ်ခုကို ကျင့်ကြံနေတာ အဲဒါအတွက် ထူးခြားသူ တစ်ယောက်ကို ယဇ်ပူဇော်ဖို့ လိုအပ်နေတယ် "
သခင်မ ဆူယာက ခပ်ဖွဖွ ပြုံးလိုက်တယ်
"ဒါပေမဲ့ လူ့လောကမှာ ထူးခြားသူ ဆိုတာက ရှာရခက်သလို အစအနလည်း ပျောက်နေတတ်တယ် ဒါကြောင့် ဒီမသေမျိုးအတတ်က နှစ်အတော်ကြာ ကြန့်ကြာနေခဲ့တာ ရှင့်စီနီယာအစ်ကို့ဆီကနေ ကြားရတာတော့ ရှင့်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထူးခြားသူ တစ်ယောက် ပေါ်ဖူးတယ်ဆို "
"ထူးခြားသူ "
ဖန့်ချန်မှာ ရုတ်တရက် မကောင်းတဲ့ အာရုံတစ်ခု ရလိုက်ပါတယ်။
ဖန်းတီးခြင်းကြယ် ပေါ်မှာ ထူးခြားသူနဲ့ ပတ်သက်တဲ့ သတင်းမျိုး သူ မကြားဖူးပါဘူး။
တစ်ဖက်လူ ပြောနေတဲ့ ထူးခြားသူဆိုတာ ယွမ်ဟယ် ဆရာသခင် ဒါမှမဟုတ် အဖိုး နဲ့ ပတ်သက်နေဖို့ များပါတယ်။
"ထူးခြားသူလား..."
စုန့်ကျိလီက ဖြည်းဖြည်းချင်း ခေါင်းငြိတ်တယ်
"ဒီနေရာမှာ မဟုတ်ပါဘူး မြေဝက်ဝံကြယ် လို့ ခေါ်တဲ့ ဝေးလံခေါင်သီတဲ့ နေရာမှာပါ အဲဒီမှာ ထူးခြားသူ တစ်ယောက် တကယ် ပေါ်ခဲ့ဖူးတယ်"
သခင်မ ဆူယာရဲ့ မျက်လုံးတွေ တောက်ပသွားပြီး အဖိုးကြီးကို တစ်ချက်ကြည့်လိုက်ပါတယ်။
အဖိုးကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး စုန့်ကျိလီကို ပြောတယ်
"ဂျူနီယာညီလေး... မင်းပဲ ကူညီလိုက်ပါ နည်းလမ်းလေးသုံးပြီး အဲဒီ ထူးခြားသူကို အတင်းထွက်လာအောင် လုပ်လိုက် ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ နယ်မြေပဲလေ သခင်မ ဆူယာကလည်း ငါတို့ဂိုဏ်းရဲ့ စည်းကမ်းတွေကို သိလို့သာ မင်းကို ကိုယ်တိုင်ကိုယ်ကျ လာအသိပေးတာ"
"ကျုပ်တို့ဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းအရ လူပုံအလယ်မှာ ပေါ်ပေါ်ထင်ထင် မလုပ်သင့်ဘူး ဘာလို့လဲဆိုတော့ ကံကြမ္မာအကျိုးဆက် တွေ ငြိတွယ်နိုင်လို့ပါ..."
စုန့်ကျိလီက စဉ်းစားဟန်နဲ့ ဆိုပါတယ်။
အဖိုးကြီးနဲ့ သခင်မ ဆူယာတို့ရဲ့ မျက်နှာက ချက်ချင်း အုံ့မှိုင်းသွားပါတယ်။
"ဒါပေမဲ့... မသေမျိုးအစစ်အတွက် အမှုထမ်းရမယ်ဆိုရင်တော့ ကျုပ်အတွက် ကုသိုလ်တစ်ခုပါပဲ ကျုပ် မေးပါရစေ သခင်မရဲ့ ခင်ပွန်းက မသေမျိုးလောကငယ် ကနေ လာတာလား"
စုန့်ကျိလီရဲ့ မျက်လုံးတွေက တောက်ပနေပြီး သခင်မ ဆူယာကို စိုက်ကြည့်လိုက်ပါတယ်။
သခင်မ ဆူယာက စုန့်ကျိလီ တိုက်ရိုက်မငြင်းတာကို မြင်တော့ မျက်နှာမှာ အပြုံးတွေ ပြန်ပေါ်လာပြီး ခေါင်းငြိမ့်ပြတယ်
"ဟုတ်တယ်"
"ဒီကိစ္စအတွက် ကျုပ် ဘာအကျိုးအမြတ် ရမှာလဲ"
စုန့်ကျိလီက ဆိုပါတယ်။
အခြေအနေ စတင်ညှိနှိုင်းပြီဆိုကတည်းက ကိစ္စက တစ်ဝက်အောင်မြင်နေပြီ ဖြစ်လို့ သခင်မ ဆူယာရဲ့ မျက်နှာက ပိုပြီး စိုပြည်လာပါတယ်
"ကိစ္စအောင်မြင်သွားရင် ကျွန်မခင်ပွန်းက ရှင့်ကို စတုတ္ထအဆင့်အထိ တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ် ရှင့်အနေနဲ့ သိမှာပါ မသေမျိုးအစစ်ရဲ့ စွမ်းအား က ရှင်တို့လို လွတ်လပ်သောမသေမျိုးတွေထက် အဆပေါင်းများစွာ ပိုပြီး သန့်စင်တယ်ဆိုတာကို"
စုန့်ကျိလီ တုန်လှုပ်သွားပါတယ်။
တစ်ဖက်လူ ပေးတဲ့ ကမ်းလှမ်းချက်က ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ သူ မထင်ထားပါဘူး။
စတုတ္ထအဆင့်ကို တက်အောင် ကူညီပေးမယ်
တကယ်လို့ တခြားသူသာ ဒီစကားကို ပြောရင် သူ့လက်အောက်မှာ သေနေတာ ကြာလှပါပြီ။
ဒါပေမဲ့ တစ်ဖက်လူက မသေမျိုးလောကငယ် က လာတာဆိုတော့ ဒီကတိက အတော်လေး ယုံကြည်စရာ ရှိပါတယ်။
"သခင်မ စိတ်ချပါ၊ ကျုပ် ဘာလုပ်ရမလဲဆိုတာ သိပါပြီ"
စုန့်ကျိလီက လက်အုပ်ချီ ဆိုပါတယ်။
"ဒါက တည်နေရာရွှေ့ပြောင်း မသေမျိုးအဆောင်ပါအဲဒီ ထူးခြားသူကို အတင်းထွက်လာအောင် လုပ်နိုင်တဲ့အခါ ဒီအဆောင်ကို ချေဖျက်လိုက်ပါ ကျွန်မခင်ပွန်းက ကိုယ်တိုင် ပေါ်လာလိမ့်မယ် နောက်ပိုင်းကိစ္စတွေက ရှင့်နဲ့ မဆိုင်တော့ဘူး"
သခင်မ ဆူယာက စုန့်ကျိလီကို အဆောင် တစ်ခု ပေးလိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။
နောက်တစ်စက္ကန့်မှာတော့ သူတို့တစ်သိုက်လုံး အဖြူရောင်အလင်းတန်းတွေ ဖုံးလွှမ်းသွားပြီး ချက်ချင်း ပျောက်ကွယ်သွားပါတော့တယ်ဗျာ။