ခင်ဗျားကို ကျုပ် အသက်ရှူချိန် ဆယ်ကြိမ် ပေးမယ်
Vol. 8 Ch. 798
ထိုကောင်းကင်မြို့စားစေတီတော်ကြီး ပြိုလဲသွားသောအခါ ထိုတစ်နေရာလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။ မျိုးနွယ်စုထဲရှိ လူတိုင်းမှာ သူတို့၏ အသိစိတ်များကို ကောင်းကင်ဘုံမှ မိုးကြိုးများပစ်ခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ ကောင်းကင်မြို့စား မျိုးနွယ်စုတစ်ခုအတွက်ဆိုလျှင် သူတို့၏ ကောင်းကင်မြို့စားစေတီတော်မှာ သူတို့မျိုးနွယ်စု၏ ခမ်းနားကြီးကျယ်ပုံကို ဖော်ပြနေသည် သင်္ကေတအမှတ်အသားတစ်ခု ဖြစ်သည်။
သူတို့၏ မျိုးနွယ်စုထဲတွင် အရေးအကြီးဆုံးသော အမွေအနှစ်လည်းဖြစ်ပြီး မျိုးနွယ်စုအား ကာကွယ်ရန်အတွက် ဆက်ခံသူတစ်ဆင့်ပြီးတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့သည်လည်းဖြစ်သည်။
ယခုတွင်မူ ကျိုးမျိုးနွယ်စု၏ ကောင်းကင်မြို့စားစေတီတော်ကြီးမှာ အစိတ်စိတ်မြွှာမြွှာ ပြိုလဲနေပြီဖြစ်သည်။
ဗဟိုဧကရာဇ်မင်းဆက်အား မြေရိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဖျက်ဆီးခံခဲ့ရသည့် စေတီတော်များထဲတွင် ယခုစေတီတော်သည် ပထမဆုံး မဟုတ်ပါသော်လည်း လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအတွင်းတွင်မူ ပထမဆုံးဖြစ်သည်။ ဤအဖြစ်အပျက်ကြီး၏ အရေးပါလှပုံမှာ ဖော်ပြ၍ပင် ရနိုင်မည်မဟုတ်။
ကျိုးမျိုးနွယ်စုပင် ထိုသို့ အမူအရာများဖြစ်နေကြလျှင် ကြည့်ရှုနေကြသည့် လူများကိုမူ တွေးနေစရာပင်မလိုတော့ပြီ။ အခြားအာဏာကြီး အဖွဲ့အစည်းများ၏ ကိုယ်စား ဤဖြစ်ရပ်ကို လာရောက်ကြည့်ရှုနေကြသည့် လူပေါင်းများစွာသာမက စိတ်ဝင်စား၍ လာရောက်ကြည့်ရှုကြသော လူများအားလုံးမှာ ဆွံ့အနေကြရသည်။
" ကျိုးမျိုးနွယ်စုရဲ့ ကောင်းကင်မြို့စားစေတီတော်က ပြိုလဲသွားပြီပဲ "
" ဒီပိုင်ဟောက်က တကယ့်ကို ကောင်းကင်မြို့စားစေတီတော်တစ်ဆူကို ဖျက်ဆီးရဲတာပဲ "
ကျိုးဝူတောက်မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ယခင်ကထက် ပို၍ သိသိသာသာ အိုစာသွားသည့် ပုံပန်းသွင်ပြင်ဖြင့် ပြိုလဲနေသည့် စေတီတော်ထဲမှ ထွက်လာသည်။ သူသည် အပြင်သို့ ရောက်သွားသည်နှင့် ပိုင်ရှောင်ချန်းဆီသို့ တိုက်ခိုက်ရန် ပြေးမသွားပဲ နောက်သို့လှည့်၍ ထွက်ပြေးသွားတော့သည်။
သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ပိုင်ရှောင်ချန်း၏ လက်သီးချက်မှာ စိတ်ကူး၍ပင်မရလောက်အောင် တုန်လှုပ်ဖွယ်ကောင်းလွန်းလှပြီး ခမ်းနားကြီးကျယ်လှပါသည်ဟုဆိုသော ကောင်းကင်မြို့စားစေတီတော်တစ်ဆူကိုပင် ဖျက်ဆီးနိုင်သည်အထိ စွမ်းအားကြီးမားနေသည် မဟုတ်ပါလော။
ကျိုးဝူတောက်အတွက်မူ ထိုအချင်းအရာမှာ ယုံကြည်စရာ မရှိနိုင်လောက်အောင် ဖြစ်နေရသည်။ လူအများသည် ကောင်းကင်မြို့စားစေတီတော်တစ်ဆူ၏ အလုပ်လုပ်ပုံကို အနည်းငယ်မျှသာ သိထားကြသည်ဖြစ်သော်လည်း သူသည်ကောင်းကင်မြို့စားတစ်ယောက်ဖြစ်သည့်အတွက် သူ၏ ကိုယ်ပိုင် စေတီတော်ကို အပြည့်အဝထိန်းချုပ်နိုင်သည်ဖြစ်၍ ယခုဖြစ်ရပ်ကြီးကြောင့် အလွန်အမင်း တုန်လှုပ်သွားရသည်။
ဤကောင်းကင်မြို့စားစေတီတော်ဟုခေါ်သောအရာများကို ကောင်းကင်မြို့စားများ ဖန်တီးထားခြင်း မဟုတ်ကြောင်း သူကသိသည်။ ၎င်းတို့ကို ဗဟိုဧကရာဇ်မြို့တော်နှင့်အတူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်းစေတီတော်များမှာ မမြင်နိုင်သည့် မန္တန်အစီအရင်တစ်ခု၏ စွမ်းအားများကို စုစည်းကာ ထုတ်လွှတ်နိုင်သည့် ကြောက်မက်ဖွယ် မှော်လက်နက်များ ဖြစ်သည်။
ယခု ဗဟိုဧကရာဇ်မြို့တော်ကို မျက်လုံးဖြင့် မြင်နိုင်သောအပိုင်းမှာ မြို့တော်အစစ်၏ တစ်ပိုင်းတစ်စသာ ရှိသေးသည်။ မြေအောက်တွင် မြှုပ်နှံထားသည့် အစိတ်အပိုင်းများစွာ ရှိသေးသည်။ ကောင်းကင်မြို့စားစေတီတော်များကမူ နတ်တစ်ပိုင်းအဆင့် ကောင်းကင်မြို့စားတစ်ယောက်အား စစ်မှန်သော နတ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အတိုက်အခိုက်စွမ်းအင်များ ထုတ်သုံးနိုင်စေရန် ထောက်ပဲ့ကူညီပေးနိုင်သည်။
ကောင်းကင်နယ်စားစေတီတော်များမှာမူ ပို၍ပင် အထင်ကြီးစရာကောင်းသည်။
စေတီတော်များ၏ အစွမ်းများကို အကန့်အသတ်တစ်ခုတော့ ထားရှိထားသည်။ ၎င်းတို့ကို အားအင်အပြည့်ဖြည့်ရန်မှာ အလွန်ခဲယဥ်းလွန်းလှပြီး ဗဟိုဧကရာဇ်မင်းဆက်မှာ မလွဲရှောင်သာသော အန္တရာယ်တစ်ခုနှင့် မကြုံသေးသ၍ ထိုသို့ အားအင်အပြည့်ဖြည့်ခွင့်မရှိပေ။
သို့သော်ငြားလည်း ၎င်းတို့မှာ အလွန်စွမ်းအားကြီးနေဆဲဖြစ်၍ သာမန်လူဆိုလျှင်၎င်းတို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်မည်မဟုတ်။ လွန်ခဲ့သော နှစ်တစ်ထောင်က လုံးဝပျက်စီးသွားခဲ့သည့် စေတီတော်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲတွင် ပျက်စီးသွားခဲ့ရသည်သာဖြစ်သည်။
ထို့ကြောင့် ကျိုးဝူတောက်မှာ သူ၏ ကောင်းကင်မြို့စားစေတီတော်မှာ မည်သည့်နည်းနှင့်မျှ ပြိုလဲလိမ့်မည် မဟုတ်ဟု တွက်ဆထားခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်သွားရသည်ကို သူအသေအချာမသိသော်လည်း သူ၏စိတ်ထဲတွင်မူ ခြောက်ခြားဖွယ်ရာ သံသယများ ပေါ်ထွက်လာတော့သည်။
" သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကြောင့် မဟုတ်ဘူးဆိုရင် ထူးခြားတဲ့ နတ်ဘုရားစွမ်းရည် တစ်ခုခုပဲ ဖြစ်ရမယ်။ အဲဒီလက်သီးချက်က မှော်သိုင်းတစ်ခုဆိုတာ သေချာတယ်။ ဒါပေမဲ့ ဘာမှော်သိုင်းလဲ "
ကျိူးဝူတောက်မှာ သူ့ထက်များစွာ စွမ်းအားကြီးမားပြီး သူရန်မစသင့်သောသူတစ်ယောက်ကို သွား၍ရန်စမိပြီဖြစ်ကြောင်း သိလိုက်ရ၍ မျက်နှာမှာဖြူဆုတ်နေတော့သည်။ ထို့ကြောင့် သူသည် အနည်းငယ်ပင် တွေဝေမနေပဲ အတတ်နိုင်ဆုံး လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲတွင် အေးစက်စက်အလင်းတစ်ခု ပေါ်ထွက်လာသည်။ သူသည် ကောင်းကင်မြို့စားစေတီတော်များအကြောင်းကို သေသေချာချာ မသိသဖြင့် ကျိုးဝူတောက်၏ အပြုအမူကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။
ထို့နောက် သူသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ချက်ချင်းပင် လိုက်ဖမ်းလိုက်သောအခါ မှုန်ဝါးဝါးနှင့် မသဲကွဲသောအရာတစ်ခု ကျိုးမျိုးနွယ်စု၏ အစွန်းရှိ ပြိုလဲနေသော အဆောက်အဦတစ်ခု၏ ကျောက်စကျောက်နများအကြားမှ ပေါ်ထွက်လာသည်။ ထိုအရာကြီး၏ တစ်စိတ်တစ်ပိုင်းမှာ အလင်းရောင်ထိုးဖောက်နိုင်လောက်သည်အထိ ကြည်လင်နေသည်။ ၎င်းမှာ ထိုနေရာကိုဝန်းရံပိတ်ဆို့ထားသည့် အလောင်းတပ်သားများဆီသို့ တည့်မတ်စွာ သွားနေသည်။
ထိုအရာကြီးမှာ လျင်မြန်ရုံသာမက နတ်ဘုရားစွမ်းရည်တစ်ခုကို သုံးထားသဖြင့် အလောင်းတပ်သားများမှာ နှေးကွေးသွားရသည်။ ထို့ကြောင့် ၎င်းမှာ ပိတ်ဆို့ထားသည်ကို ဖောက်ထွက်နိုင်တော့မည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ရပ်တန့်သွားပြီး နောက်ဘက်သို့လှည့်ကာ ပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာသောအခါတွင် ထို မှုန်ဝါးဝါး အရာကြီးရှေ့သို့ ရောက်နေပြီဖြစ်သည်။
သူသည် ထိုလူ လှုပ်ရှားလာသည်ကို ကြိုတင် စောင့်ဆိုင်းနေခဲ့သည့် အလား။
" နောက်ဆုံးတော့ ခင်ဗျားထွက်လာပြီပေါ့ "
သူက သတ်ဖြတ်လိုစိတ်များပြင်းထန်ကာ ရေခဲတမျှ အေးစက်နေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။ သူ၏ ပတ်ပတ်လည်မှ လေထုကြီးမှာ လေပွေတစ်ခုအလား ဝဲဂယက်ထလာပြီး တဂျုန်းဂျုန်း မြည်သံများ ပေါ်ထွက်လာသည်။
မထင်မှတ်ထားသည်မှာ သူ၏ ယခုလက်ရှိသတ်ဖြတ်လိုသောစိတ်မှာ သူကျိုးဝူတောက်အား တိုက်ခိုက်ခဲ့စဥ်ကထက်ပင် များစွာ သာလွန်နေသည်။
" မင်းးး "
ထိုမှုန်ဝါးဝါးအရာကြီးမှာ အံ့အားသင့်သွားပြီး ရုတ်တရက်နောက်သို့ဆုတ်သွားတော့သည်။ ထို့နောက် ၎င်းမှာ အဘိုးကြီးတစ်ယောက်အသွင် ပြောင်းလဲသွားတော့သည်။ သူက ထိတ်လန့်နေသည့်ပုံပေါ်နေသည်။ ကောင်းကင်မြို့စားစေတီတော် ပြိုကျသွားပြီး ပိုင်ရှောင်ချန်းက ကျိုးဝူတောက်ကို လိုက်ဖမ်းသောအခါမှ သူသည် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သဖြင့် သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု တွေးနေခဲ့သည်။
ထိုအချိန်တွင် ထွက်ပြေးကာ အလောင်းတပ်သားများ၏ အပြုအမူကို နှေးကွေးသွားစေသော သူ၏ထူးခြားသိုင်းကွက်ကိုသုံးခဲ့သဖြင့် သူက လွတ်မြောက်နိုင်မည်ဟု တထစ်ချယုံကြည်နေခဲ့သည်လည်းဖြစ်သည်။
အမှန်မှာ ပိုင်ရှောင်ချန်း ကျိုးမျိုးနွယ်စုထဲသို့ ရောက်လာသည့်အချိန်က သူနှင့် သူ၏ ငွေရောင်ချပ်ဝတ်တန်ဆာဆင်မြန်းထားသော အလောင်းတပ်သားတို့မှာ နတ်ဘုရားစွမ်းရည်ကိုသုံး၍ ဤအဘိုးကြီးကို ရှာ၍မရခဲ့သောကြောင့် သူ၏ကိုယ်ပိုင်အကြံကို ထုတ်ခဲ့ရသည်။
အမွေဆက်ခံသူကို သတ်ခဲ့ရသည့် အကြောင်းအရင်းတစ်ချက်မှာ သူ၏ဒေါသကို ဖြေဖျောက်ရန်ဖြစ်သော်လည်း အခြားအကြောင်းအရင်းတစ်ချက်လည်းရှိသေးသည်။ ၎င်းမှာ ကျိုးဝူတောက်အချိန်ဆွဲ၍အကူအညီ တောင်းနေခြင်းကို တားဆီးရန်ဖြစ်သည်။
သူဤကဲ့သို့ တိုက်ခိုက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မည်သူ့ကိုမှ သတ်ရန်မဟုတ်ပဲ မြောင်လင်းအာ၏အဘိုးအား သူ လွတ်မြောက်နိုင်မည့်အခွင့်အလမ်း ပေါ်ပေါက်လာပြီဟူ၍ ယုံကြည်သွားစေချင်သောကြောင့်ဖြစ်သည်။ သူလုံးဝရူးသွပ်ကာ အထိန်းအကွပ်မဲ့စွာ တိုက်ခိုက်နေပြီဟု သူ၏ပြိုင်ဘက်ယုံစားသွားမှသာလျှင် ထိုလူမှာ ကြိုးစား၍ ထွက်ပြေးရဲမည်ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် မညှာမတာ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သည်ဖြစ်ပြီး ထာဝရဧကရာဇ်လက်သီးကိုပင် ချက်ချင်း ထုတ်သုံးခဲ့သည်။ တချိန်လုံး သူသည် နတ်ဘုရားအာရုံများကို မျိုးနွယ်စုတစ်ခုလုံးသို့ ဖြန့်ကျက်ထားခဲ့ပြီး သူ၏အလောင်းတပ်သားများကို အထူးဂရုစိုက် စောင့်ကြည့်နေခဲ့သည်။
ဤ အောက်လမ်းဆရာ အဘိုးကြီးမှာ ပိတ်ဆို့ထားသည့်အတားအဆီးများကို ဖောက်ထွက်၍ ထွက်ပြေးရန်ကြိုးစားမည်ဖြစ်ကြောင်း သူကသိပြီး ထိုသို့ထွက်ပြေးသည်ကို သူက စောင့်နေခဲ့ခြင်းဖြစ်သည်။
ယခုတွင် ထိုအဘိုးကြီးမှာ သူနှင့်ဝေးရာသို့ဆုတ်ခွာသွားပြီဖြစ်၍ ပိုင်ရှောင်ချန်းမှာ ရှေ့သို့ လှမ်းလိုက်သည်။ တချိန်ထဲမှာပင် သူသည် သူ၏ အလောင်းတပ်သားများထံသို့ အတွေးတစ်ချက်စေလွှတ်လိုက်သဖြင့် သူတို့မှာ အင်အားပိုများလာပြီး ဝန်းရံထားသော စက်ဝန်းကို ကျုံ့သွားစေတော့သည်။ ထိုစဥ် ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားမှာ သူ၏နတ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ထို အောက်လမ်းဆရာ အဘိုးကြီးထံသို့ ဦးတည်သွားတော့သည်။
တစ်ခဏအတွင်း အထက်နှင့် အောက်ကို အပြီးတိုင်ပိတ်ဆို့နိုင်လိုက်တော့သည်။ ယခုတွင် ထိုအဘိုးကြီးမှာ မည်သို့သော သိုင်းကွက်ဆန်းများပင် ပိုင်ဆိုင်ထားစေကာမူ လွတ်တော့မည်မဟုတ်။
ကျိုးဝူတောက်မှာလည်း ပိတ်မိသွားပြီး အလောင်းတပ်သားများနှင့် ဝေးရာသို့ ဆုတ်ခွာသွားရတော့သည်။ သူသည် ဤအတားအဆီးကို မည်သည့်နည်းနှင့်မျှ ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
မြောင်လင်းအာ၏ အဘိုးသည် အသက်တမျှအရေးကြီးသော အချိန်သို့ရောက်နေပြီဖြစ်ကြောင်း သိသည်။ သူသည် ရူးသွပ်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ရုတ်တရက်လှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်လေသည်။
" ငါ့ကိုလွှတ်ပေးစမ်း ပိုင်ဟောက်။ မဟုတ်ရင် ငါတစ်ချက်တွေးလိုက်တာနဲ့ မင်းရဲ့ဝိညာဥ်ကျေးကျွန် ဇီဝိန်ချုပ်သွားမယ်မှတ် "
သူ၏ ဝိညာဥ်ကျေးကျွန်မှာ သေဆုံးနေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းထင်သွားမည်စိုး၍ အဘိုးကြီးက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူ၏နဖူးပေါ်တွင် ဝိညာဥ်အရိပ်တစ်ခုပေါ်ထွက်လာသည်။
ထိုဝိညာဥ်အရိပ်မှာ ထိုအဘိုးကြီး၏ နဖူးထဲတွင် ပိတ်မိကာ တဖြည်းဖြည်း လောင်ကျွမ်းနေပြီး အခြေအနေလုံးဝ မဟန်တော့သည့် ပိုင်ဟောက်ဖြစ်သည်။
ထိုအခါ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင်ရပ်တန့်သွားပြီး တုန်ရီသော နှလုံးသားဖြင့် ပိုင်ဟောက်၏ ဝိညာဥ်အရိပ်ကို ကြည့်လိုက်သည်။ အလောင်းတပ်သားများမှာလည်း ရပ်တန့်သွားကြသည်။ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားမှာလည်း ရပ်တန့်သွားသော်လည်း သူ၏နတ်အဆင့် အငွေ့အသက်များကမူ ပို၍ အားကောင်းလာသည်။
" မင်း ငါ့ကိုလွှတ်ပေးမယ်ဆိုရင် " အဘိုးကြီးက တုန်တုန်ရီရီ ဆိုလိုက်သည်။
" မင်းရဲ့ ဝိညာဥ်ကျေးကျွန်ကို မင်းဆီပြန်ပေးမယ် "
သူ၏အကြည့်မှာ ပိုင်ရှောင်ချန်းထံသို့ရောက်လိုက် နတ်အဆင့် ကျင့်ကြံခြင်းအခြေခံနှင့် ငွေရောင်ချပ်ဝတ်တန်ဆာဆင်မြန်းထားသည့် အလောင်းတပ်သားဆီသို့ ရောက်လိုက်ဖြစ်နေသည်။ ပိုင်ရှောင်ချန်း ရပ်တန့်သွားရခြင်းကြောင့် သူ့ယုံကြည်မှုများ ပိုမိုတိုးပွားလာတော့သည်။ ဤ ဝိညာဥ်ကျေးကျွန်မှာ သူ့အတွက်အလွန်အရေးကြီးနေကြောင်း အဘိုးကြီးမှာ အထင်အရှားမြင်နေရသည်။
" အခုချက်ချင်း နောက်ဆုတ်လိုက်။ မင်းကို အသက်ရှူချိန် ဆယ်ကြိမ်ပေးမယ် "
အဘိုးကြီး၏ မျက်ဝန်းများမှာ ပို၍ပင် စူးရှတောက်ပလာပြီး ကျိုးဝူတောက်မှာလည်း မျှော်လင့်ချက်အပြည့်ဖြင့် ရင်တဒိန်းဒိန်းခုန်နေသည်။
ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏ အရိပ်ဝိညာဥ်ထံမှ အကြည့်လွှဲလိုက်ပြီး ကောင်းကင်အောက်လမ်းဆရာ၏ မျက်ဝန်းထဲသို့ စိုက်ကြည့်လိုက်တော့သည်။ သူသည် အလွန်စိုးထိတ်နေပါသော်လည်း ယခင်ကထက် ပို၍ စာနာစိတ်ကင်းမဲ့နေပြီဖြစ်သည်။ ထို့နောက် တည်ကြည်သောလေသံဖြင့် ပြန်ပြောလိုက်လေသည်။
" ကျုပ်လည်း ခင်ဗျားကို အသက်ရှူချိန်ဆယ်ကြိမ်ပေးမယ်။ ခင်ဗျား အသေခံရင်ခံ၊ မခံရင် မြောင်မျိုးနွယ်စုဝင်တွေအကုန် သေရမယ်။ ခင်ဗျားကြိုက်ရာရွေး "
ထိုသို့ဆိုကာ သူသည် လက်ကိုဝှေ့ယမ်း၍ အလင်းရောင် မျက်နှာပြင်တစ်ခုကိုဆင့်ခေါ်လိုက်သည်။ ထိုမျက်နှာပြင်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
ထိုပုံရိပ်ထဲတွင် စစ်ဆေးရေးစံအိမ်ထဲသို့ ရောက်နေသည့် ဝိညာဥ်ကျင့်ကြံသူ ထောင်သောင်းများစွာ ပါဝင်နေသည်။ ကျား၊မ မရွေးပါပြီး သူတို့အားလုံးမှာ တုန်ရီ ထိတ်လန့်နေကြသည်။ မြောင်လင်းအာလည်း ထိုအထဲတွင်ပါပြီး သူမ၏မျက်နှာမှာ ဖြူဆုတ်ကာ ကြောက်လန့်မှုအပေါင်း လွှမ်းခြုံနေသည်။
သူတို့ကို သတ်ဖြတ်လိုသောအငွေ့အသက်များ ထွက်နေသော အလောင်းတပ်သားများပါသည့် စစ်တပ်တစ်ခုက ဝန်းရံထားသည်။ သူတို့၏ခေါင်းဆောင်မှာ ကျိုးရီရှင်းပင်ဖြစ်သည်။
မြောင်လင်းအာ၏ အဘိုးမှာ ထိုပုံရိပ်ကြောင့် အလွန်တုန်လှုပ်သွားရသည်။ ပို၍ တုန်လှုပ်စရာကောင်းသည်မှာ ထိုပုံရိပ်ထဲမှ လူများက သူ့ကိုမြင်နိုင်နေခြင်း ဖြစ်သည်။ သူတို့မှာ ချက်ချင်းပင် စိုးရိမ်သောကရောက်နေသည့် အသံများဖြင့် အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။
" ကျွန်တော်တို့ကို ကယ်ပါဦး ခေါင်းဆောင်ကြီး "
" ကျွန်မကို ကယ်ပါဦး အဘိုးရေ "
" ခေါင်းဆောင်ကြီး၊ ကျွန်တော်ထျန်အာပါ။ ကယ်ပါဦးဗျ "