← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အပိုင်း (၅၃) ပဲခေါက်ဆွဲ

နောက်ပြောင်ကျီစားမှုများ ပြီးဆုံးသွားသည့်အခါ မေစန်းညန်သည် ဆိုင်အတွင်းသို့ အလေးအနက်ထား၍ ဝေ့ဝဲကြည့်ရှုလိုက်ရာ စိတ်အတွင်း၌ အလွန်အမင်း အံ့အားသင့်သွားရလေသည်။ "ညည်းဆိုင်လေးက တကယ်ကို ဆန်းသစ်ပြီး ထူးခြားတဲ့ ပြင်ဆင်မှုမျိုး ရှိတာပဲ။" သူမသည် ဆိုင်အတွင်း တစ်ပတ်ပတ်ကြည့်ရှုရာ မြင်သမျှအရာအားလုံးက ဆန်းသစ်နေသည်ဟု ခံစားရ၏။ အထူးသဖြင့် ရှန်မြောင်၏ အရောင်းကောင်တာဘေးရှိ သော့ခတ်နိုင်သော အရက်ဗီရိုကို ချီးမွမ်း၍ မဆုံးနိုင်အောင် ဖြစ်နေလေသည်။ နောင်တစ်ချိန်တွင် သူမ၌ ငွေကြေးစုမိ၍ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ငှားရမ်းနိုင်ပါက အဖိုးတန်လက်ဖက်ရည်များနှင့် လက်ဖက်ရည်သောက်သုံးသည့် ကိရိယာများကို ထည့်သွင်းပြသရန် ဤကဲ့သို့သော ဗီရိုမျိုး ပြုလုပ်မည်ဟု ဆိုလာ၏။ ထိုသို့ ပြုလုပ်ခြင်းက လှပရုံသာမက လူများကိုလည်း ဝယ်ယူချင်စိတ် ဖြစ်ပေါ်စေလိမ့်မည်ဟု သူမက မှတ်ချက်ပြုလေသည်။

ထို့နောက် သူမက ဂရုတစိုက်ဖြင့် မေးလိုက်ပြန်သည်။

"နောက်ပိုင်း ဆိုင်ဖွင့်ပြီဆိုရင် ညည်းရဲ့ ပေါင်မုန့်နဲ့ မန်ထိုကင်လုပ်တဲ့ လက်ရာတွေကို မလုပ်တော့ဘူးလား၊ ဒါဆို နှမြောစရာမကောင်းဘူးလား"

ရှန်မြောင်က နောက်ဖေးခြံဝင်းထဲတွင် ရပ်ထားသည့် တွန်းလှည်းလေးကို ညွှန်ပြကာ ပြုံးပြီး ပြောလိုက်လေသည်။ "နောက်ဆိုရင် ဒီလှည်းလေးအောက်မှာ မီးဖိုထားပြီး အပေါ်မှာ ပေါင်းအိုးတင်လိုက်မယ်၊ ပြီးရင် ဆိုင်တံခါးဝမှာ ထားလိုက်မယ်လေ၊ ကျွန်မ ဝါးခုံမြင့်တစ်လုံးတောင် သီးသန့် လုပ်ထားသေးတယ်၊ ဒါဆိုရင် ရှန်းအာက ဒီဆိုင်လေးကို စောင့်ပေးလို့ရပြီပေါ့"

ညပိုင်းတွင် ပေါက်စီနှင့် မန်ထိုများကို လုပ်ထားပြီး မနက်စောစော ဆိုင်ဖွင့်ချိန်တွင် အဆင်သင့် ပေါင်းလိုက်ရန် သူမ စဉ်းစားထားပြီး ဖြစ်သည်။ သို့မှသာ မနက်စာအဖြစ် ပေါက်စီ၊ မန်ထို ရောင်းနိုင်မည်ဖြစ်ပြီး နေ့လယ်စာနှင့် ညစာအတွက် ခေါက်ဆွဲအမျိုးမျိုးကို ရောင်းချနိုင်မည်။ သို့ဆိုလျှင် အလုပ်နှစ်ဖက်စလုံး အဆင်ပြေမည်ဖြစ်ပြီး တွန်းလှည်းလေးလည်း အလဟဿ မဖြစ်တော့ပေ။

ထို့အပြင်... ရှန်မြောင်သည် သူတို့နှစ်ဦးအတွက် ရေနွေးငှဲ့ပေးလိုက်ပြီး မေစန်းညန်အနား တိုးတိုးကပ်ကာ မေးလိုက်လေသည်။

"ရာသီဥတုက တဖြည်းဖြည်း ပူလာပြီ၊ ဆိုင်မှာ အအေးတွေ မရှိရင် ဖြစ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်း ဆိုင်ကို ဦးစီးနေရတာဆိုတော့ မန်ထို၊ ပေါင်မုန့်တွေလည်း လုပ်ရမယ်၊ ခေါက်ဆွဲပြုတ်လည်း လုပ်ရမယ်ဆိုတော့ တကယ်ပဲ နိုင်မှာမဟုတ်ဘူး၊ ကျွန်မမှာ အကြံတစ်ခုရှိတယ်၊ ရှင်နဲ့ တွဲပြီး ရင်အေးစေမယ့် ဖျော်ရည်တွေကို မှာယူရင် မကောင်းဘူးလား၊ ရှင်က နေ့တိုင်း စောစော လာပို့ပေးလေ၊ ကျွန်မလည်း အလုပ်သက်သာသလို ရှင်လည်း ဝင်ငွေအများကြီး ပိုရတာပေါ့၊ ဒါပေမဲ့ တစ်ချက်တော့ ရှိတယ်နော်၊ အပြင်က စျေးအတိုင်း ကျွန်မကို ရောင်းလို့မရဘူး၊ ကျွန်မ အမြတ်ကျန်မယ့် စျေးမျိုး ပေးရမယ်၊ ပြီးတော့ ပစ္စည်းအစစ်အမှန်နဲ့ သန့်ရှင်းသပ်ရပ်မှု ရှိရမယ်၊ ရှင် ဘယ်လိုသဘောရလဲ၊ တကယ်လို့ ရှင် သဘောမတူရင်တော့ ကျွန်မ တခြားဖျော်ရည်ဆိုင်ကို သွားမေးကြည့်လိုက်မယ်"

မေစန်းညန်၏ ဖိုင့်ဖိုင့်ခန္ဓာကိုယ်ပေါ်ရှိ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားတော့သည်။ "ဒါပေါ့၊ ငါ အခုပဲ ပြန်ပြီး ငါ့ယောက်ျားနဲ့ တိုင်ပင်လိုက်မယ်၊ ညည်း စိတ်ချသာနေ၊ ကျွန်မ ဖန့်စောင်ရဲ့ အအေးစာတွေက ကျင်းလျန်တံတားမှာ နာမည်ကြီးပြီးသားပါ၊ ကိုယ့်ဆိုင်နာမည် ပျက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"

ရှန်ညန်ဇီက စိတ်ကူးစိတ်သန်း အလွန်ကောင်းမွန်လှသည်။ မီရှောင်ညန်ဇီကလည်း လက်ဖက်ရည်သောက်ရင်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

"ဟုတ်တာပေါ့၊ ခေါက်ဆွဲပြုတ် စားရတာက ချွေးထွက်လွယ်တယ်လေ၊ နွေရာသီ ပူပူအိုက်အိုက်မှာ အစားအသောက်နဲ့ တွဲဖက်စားသုံးဖို့ ဖျော်ရည်သာ မရှိရင် တကယ်ပဲ ခံတွင်းပျက်စရာကြီး"

သူတို့နှစ်ဦးသည် ခဏထိုင်ပြီးနောက် လာရောက်ဂုဏ်ပြုသူများ အဆက်မပြတ် ရှိနေသည်ကို မြင်သောအခါ အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် နှုတ်ဆက်ပြီး ပြန်သွားကြလေသည်။

ရှန်မြောင်က ဖျော်ရည် ရောင်းချင်ကြောင်း ပြောကတည်းက မေစန်းညန်သည် အိမ်သို့ အမြန်ပြန်ချင်နေပြီ ဖြစ်သည်။ ရှန်မြောင်နှင့် လုပ်မည့် စီးပွားရေးအကြီးကြီး လွတ်သွားမည်ကို စိုးရိမ်နေသည့်အလား။ ယခုကဲ့သို့ လူများလာသည်ကို မြင်သည်နှင့် မီရှောင်ညန်ဇီကို အတင်းဆွဲပြီး ပြန်သွားကြတော့သည်။

ရှဲ့မိသားစုမှ စားဖိုမှူးဖန်းသည် ရှန်မြောင်ထံမှ ကြက်ဥအနှစ်ကိတ်မုန့်နှင့် ကွတ်ကီးမုန့် ပြုလုပ်နည်းများကို ရက်အနည်းငယ်ကြာ သင်ယူခဲ့ဖူးရာ ရှန်မြောင်ကို ဆရာတစ်ဝက်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ယနေ့ မေစန်းညန်တို့ ပြန်သွားသည်နှင့် သူသည် လတ်လတ်ဆတ်ဆတ် သတ်ထားသော သိုးတစ်ကောင်၏ တစ်ဝက်ခန့်ကို ကျောပိုးကာ ဂုဏ်ပြုရန် ရောက်လာလေသည်။ လမ်းတစ်လျှောက် သွေးများ စက်လက်ကျနေသော ထိုမြင်ကွင်းက လူအများကို လန့်ဖျန့်သွားစေပြီး သူမမှာလည်း လှေကားထစ်၌ ခလုတ်တိုက် လဲကျလုနီးပါး ဖြစ်သွားရလေသည်။

ကျင်းလျန်တံတားပေါ်တွင် သူမ၏ စျေးဆိုင်လေးကို နေ့စဉ် လာရောက်အားပေးနေကျ စားသုံးသူများလည်း ရောက်လာကြသည်။ သူမ၏ မုန့်ဆိုင်လေးကို ပုံမှန်အားပေးနေကျ လူကောင်ကြီးကြီးနှင့် အမျိုးသားတစ်ဦးသည် သူမကို ပိတ်စတစ်အုပ် လက်ဆောင်ပေးသည်သာမက ထိုင်ခုံတွင် ဝင်ထိုင်ကာ ခေါက်ဆွဲပြုတ် မှာစားလေသည်။ ထိုအချိန်ကျမှသာ ရှန်မြောင်သည် ထိုအသားညိုညိုနှင့် လူကောင်ကြီး၏ မျိုးရိုးအမည်မှာ ပိုင် ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထို့အပြင် အလွန်တောက်ပဖြူစင်သော နာမည်တစ်ခုလည်း ရှိသေးသည်။ ပိုင်ရွှယ်စန်း (ဆီးနှင်းတောင်ဖြူ) တဲ့။

ရှန်မြောင်သည် မီးဖိုချောင်ထဲဝင်ကာ ခေါက်ဆွဲဒလိမ့်တုံး လှိမ့်နေစဉ် ထိုမိတ်ဆက်စကားကို ကြားလိုက်ရသဖြင့် ကုထူစူးထက်ပင် ပိုမဲနက်ကာ ပေါင်ချိန် ဇာတ်ရုပ်အတွက် မိတ်ကပ်လိမ်းရန်ပင် မလိုသော ထိုမဲမဲသဲသဲ လူကောင်ကြီးကို ကောင်တာပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်မိသည်။ သူမ စိတ်ထဲတွင် သူ့နာမည်ကို တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

နာမည်လေးက လှလိုက်တာ၊ လူကတော့ မဲလိုက်တဲ့ ဖြစ်ခြင်းပါလား။

သူသည် ကောင်တာနှင့် အနီးဆုံးခုံတွင် ဓားကြီးတစ်လက်လို မတ်မတ်ကြီး ဝင်ထိုင်လိုက်ပြီး ရှန်မြောင်က ကြည့်နေသည်ကို မြင်သောအခါ သွားဖြူဖြူကြီးများ ပေါ်အောင် ဖြီးပြလိုက်သည်။ သူက ကိုယ်ကို စောင်းလိုက်ပြီး ရှန်မြောင်နှင့် စကားစမြည် ပြောလေသည်။

"ရှန်ညန်ဇီ ကျုပ်ကို ပိုင်လောင်စန်း (ပိုင်အစ်ကိုကြီး၃) လို့ ခေါ်ရင်လည်း ရပါတယ်၊ ကျုပ် ရုပ်ရင့်တာကို မကြည့်နဲ့၊ ဒီနှစ်မှ ၂၅ နှစ်ပဲ ရှိသေးတာ"

၂၅ နှစ် ဟုတ်လား။

ရှန်မြောင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ကို အနည်းဆုံး အသက် ၄၀ လောက် ရှိပြီဟု သူမ ထင်ခဲ့မိကြောင်း ထုတ်မပြောရဲတော့ပေ။

ပိုင်လောင်စန်းက ရိပ်မိသွားပုံရပြီး ဝမ်းနည်းစွာဖြင့် ပြောလေသည်။ "ကျုပ်လည်း ဘာဖြစ်လို့လဲတော့ မသိဘူး၊ ငယ်ငယ်ကတည်းက ဒီရုပ်ပဲ၊ ငယ်ငယ်တုန်းကလည်း ရုပ်ရင့်တယ်၊ ကြီးလာတော့လည်း ဒီလိုပဲ ရင့်နေတုန်းပဲ၊ ကျုပ်မိန်းမကတော့ ပြောတယ်၊ ကျုပ်ရုပ်က လူဝင်စားတုန်းက မျက်နှာနဲ့ မြေကြီး ဆောင့်မိခဲ့တာ ဖြစ်မယ်တဲ့"

ရှန်မြောင် ခေါင်းငုံ့ပြီး ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရကာဂျုံနယ်နေသည့် လက်များပင် တုန်ရီသွားတော့သည်။

ဧည့်သည်ကို လှောင်ရယ်လို့ မဖြစ်ဘူး၊ အောင့်ထားစမ်း။

ရှန်မြောင်သည် ပထမဆုံးရက် စမ်းသပ်ဖွင့်လှစ်ခြင်း ဖြစ်သဖြင့် ခေါက်ဆွဲနှစ်မျိုးသာ ပြင်ဆင်ထားသည်။ တစ်မျိုးမှာ ပေကျင်းစတိုင် ပဲခေါက်ဆွဲဖြစ်သည်။ ပဲငပိအနှစ်ကို ကြိုတင်ချက်ပြုတ်ထားပြီး အိုးငယ်တစ်လုံးစာ ပြုလုပ်ထားသည်။ ပြီးနောက် ဆီစိမ်စက္ကူဖြင့် လုံအောင်ပိတ်ကာ မီးဖိုချောင်ရှိ အေးမြသော မြေအောက်ခန်းတွင် သိုလှောင်ထားလေသည်။ နေ့စဉ် တစ်လင်ပန်းစာ ခပ်ယူ သုံးစွဲနိုင်ပြီး ရက်ပေါင်းများစွာ အထားခံလေသည်။

ယနေ့ ဆိုင်စဖွင့်သည့်ရက်ဖြစ်၍ လူရှုပ်မည်ကို တွေးမိသဖြင့် ဤပဲခေါက်ဆွဲသည် ပြုလုပ်ရ လွယ်ကူမြန်ဆန်ပြီး စားလို့လည်း ကောင်းမွန်သည်။ နောက်တစ်မျိုးမှာ ဝက်ရိုးပြုတ်ရည်ခေါက်ဆွဲ ဖြစ်သည်။ ဟင်းရည်ကို မနေ့ညကတည်းက ကြိုတင်တည်ထားခြင်း ဖြစ်ပြီး မီးမသေစေဘဲ မနက်မိုးလင်းသည်အထိ တညလုံး တည်ထားရသည်။

ဝက်ရိုးပြုတ်ရည်ခေါက်ဆွဲကို အမြဲစားနေကျဖြစ်ပြီး တခြားဆိုင်များတွင်လည်း ရှိတတ်သော်လည်း ပိုင်လောင်စန်းကတော့ "ပဲခေါက်ဆွဲ" ဆိုသည်ကို တစ်ခါမျှ မစားဖူးသဖြင့် ထိုအရာကိုသာ မှာလိုက်သည်။ သူက စပ်စုကာ မေးလိုက်သေးသည်။

"ရှန်ညန်ဇီ... ပဲငပိကြော်ဆိုတာ ဘာလဲ"

ရှန်မြောင်သည် ယခုခေတ်တွင် "ပေကျင်းဟောင်း" ဆိုသည်မှာ ဘယ်နေရာတွင် ရှိမှန်း စဉ်းစားလိုက်ပြီး ရယ်မောကာ ပြောလိုက်လေသည်။

"ဒါက ယန်ကျိုးဘက်က နည်းလမ်းလေ၊ ဒါကြောင့် ပြန့်ကျင်းမှာ သိပ်မတွေ့ရတာ၊ ဝက်သားနဲ့ လုပ်ထားတဲ့ အနှစ်ပဲ၊ သခွားသီး၊ ကြက်သွန်မြိတ်၊ မုန်လာဥ၊ ပဲပင်ပေါက်တွေနဲ့ တွဲစားရတာ အရမ်းမွှေးတယ်၊ ရှင် စိတ်ချသာစား၊ သေချာပေါက် စားလို့ကောင်းစေရမယ်"

ရှန်မြောင်က အသေအချာ ရှင်းမပြသော်လည်း ပိုင်လောင်စန်းသည် ပါးစပ်ထဲတွင် တံတွေးများ ပိုမိုပြည့်လျှံလာသလို ခံစားလိုက်ရသည်။

ရှန်မြောင်က ခေါက်ဆွဲလုပ်နေစဉ် မီးဖိုပေါ်ရှိ ဆီအိုးကလည်း ပူလာပြီ ဖြစ်သည်။ ကြိုတင်လုပ်ထားသော ပဲငပိအနှစ်ကို မသုံးစွဲမီ တစ်ခေါက် ပြန်ကြော်ပေးလျှင် ပိုကောင်းသည်။ သို့မှသာ အနှစ်ထဲရှိ ရေငွေ့များ ကုန်စင်သွားပြီး ဆီနှင့်အနှစ် ကွဲသွားကာ မွှေးပျံ့သော ရနံ့ထွက်ပေါ်လာမည်။ ထင်ထားသည့်အတိုင်းပင် ရှန်မြောင် ပဲငပိအနှစ်ကို ကြော်နေစဉ် အိုးထဲမှ မချရသေးခင်မှာပင် ပိုင်လောင်စန်းသည် အနံ့ရပြီး မတ်တပ်ထရပ်လိုက်တော့သည်။

ပဲငပိအနှစ်ကို မီးပြင်းပြင်းဖြင့် ချက်လိုက်ပြီး ခေါက်ဆွဲကိုလည်း ရေအေးဖြင့် ဆေးကာ ကြိုတင်ပြင်ဆင်ထားသည်။ ထို့နောက် ကြိုတင်လှီးဖြတ်ထားသော အသီးအရွက်မျှင်များကို ခေါက်ဆွဲပေါ်တွင် တင်လိုက်ပြီး ဇွန်းကြီးဖြင့် ပဲငပိအနှစ် ပူပူနွေးနွေး တစ်ဇွန်းကို ဘေးနားတွင် လောင်းထည့်လိုက်လေသည်။

သူမ လာချပေးသောအခါ ပိုင်လောင်စန်းသည် စိတ်မထိန်းနိုင်တော့ပေ။

"မွှေးလိုက်တာ၊ တကယ် မွှေးတာပဲ"

ရှန်မြောင်က သူ့ကို စားပုံစားနည်းပင် သင်ပေးလိုက်သည်။ ပိုင်လောင်စန်းက အားသန်သူပီပီ နှစ်ချက် သုံးချက်လောက် မွှေလိုက်သည်နှင့် အဆင်ပြေသွားတော့သည်။ ကျစ်လစ်အိစက်သော ခေါက်ဆွဲဖတ်တိုင်းတွင် မွှေးကြိုင်လှသော ပဲငပိအနှစ်များ ကပ်ငြိသွားသည်။ သူက ပါးစပ်အပြည့် ကိုက်ဝါးလိုက်ရာ ဝက်သားတုံးကြီးများကိုပါ ဝါးမိလိုက်လေသည်။ အဆီနှင့်အသား မျှတပြီး သေချာကြော်ထားသော အသားတုံးများသည် ရနံ့သင်းပျံ့ကာ အရသာ ပြည့်စုံလှပေသည်။

သူသည် ခေါင်းငုံ့ပြီး အားရပါးရ စားသောက်လိုက်သည်။ နောက်ဆုံးတစ်လုပ်ကို မျိုပင် မချရသေးခင်မှာပင် အော်ပြောလိုက်တော့သည်။

"နောက်ထပ် တစ်ပန်းကန် ထပ်ပေး"

ရှန်မြောင်က ပြုံးပြီး နောက်တစ်ပန်းကန် ထပ်လုပ်ပေးလိုက်သည်။

သူမ မုန့်လုပ်ပြီး ထွက်လာချိန်တွင် ဆိုင်ရှေ့သို့ လူကြီးတစ်ဦးနှင့် လူငယ်တစ်ဦး ဝင်လာကြသည်။ အိုမင်းသော်လည်း ကြင်နာတတ်ပုံရသော အသံတစ်ခုက တံခါးဝမှ ထွက်ပေါ်လာလေသည်။

"ရှန်ညန်ဇီ ဆိုင်ဖွင့်ပွဲမှာ လာဘ်လာဘတွေ ရွှင်လန်းပါစေ..."

စကားသံ မဆုံးသေးခင်တွင် ရှန်မြောင်ထက် ပိုမြန်သည်က နောက်ဖေးခြံဝင်းထဲမှ လေထင်ပင်။ ၎င်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ကျောပေါ်တွင် မှေးနေကြသည့် ကြက်ပေါက်စ ၃ ကောင်ပင် လွင့်စင်သွားတော့သည်။ သုံးလေးလှမ်း ခုန်လိုက်ရုံဖြင့် ဆိုင်ထဲသို့ ရောက်ရှိလာတော့သည်။

"ဝုတ် ဝုတ် ဝုတ်"

ရှန်မြောင် အံ့ဩတကြီး လှည့်ကြည့်လိုက်ရာ ဆံပင်ဖြူဖြူနှင့် ဝူသာ့ညန်က ရှန်းကော်အာကို တွဲလျက် လက်ထဲတွင် ကြက်ဥတစ်တောင်းကို ကိုင်ထားသည်။ လေထင်က ခုန်အုပ်လိုက်သဖြင့် လဲကျလုနီးပါး ဖြစ်သွားရာ ဝူသာ့ညန်က ပျာပျာသလဲ အော်လိုက်တော့သည်။

"ကြက်ဥတွေ၊ ကြက်ဥတွေ ကွဲကုန်ပါဦးမယ်"

ရှန်းကော်အာကလည်း ခုန်လိုက်ပြီး လေထင်၏ လည်ပင်းကို ဖက်လိုက်လေသည်။

"လေထင် ထိုင်စမ်း၊ နင် ဝလာတယ်နော်၊ နင် ဒီလိုလုပ်ရင် အဘွားခါး ကျိုးသွားလိမ့်မယ်"

လေထင်က လိမ်လိမ်မ္မာမ္မာ ထိုင်ချလိုက်ပြီး အမြီးကို မရပ်မနား ခါယမ်းနေလေသည်။

ကံကောင်းသည်မှာ ပိုင်လောင်စန်းသည် ခွေးမကြောက်တတ်သူဖြစ်ရာ ခေါက်ဆွဲပန်းကန်ကို ကိုင်လျက် ပါးစပ်တွင်လည်း ပဲငပိအနှစ်များ ပေကျံနေပြီး ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေလေသည်။

"ဝူသာ့ညန် နောက်ဆုံးတော့ ရောက်လာပြီပဲ၊ အရင်က လေထင်ကို လာကြည့်မယ်ဆို၊ အချိန်တွေ အကြာကြီး ကုန်သွားတာတောင် ရောက်မလာခဲ့ဘူး"

ရှန်မြောင်က အပြစ်တင်သလို ပြောဆိုရင်း သူမ၏ လက်မောင်းကို တွဲကာ ထိုင်ခိုင်းလိုက်ပြီး လေထင်ကို ညွှန်ပြကာ ဝူသာ့ညန်ကို ပြောလိုက်လေသည်။ "အဘွား မသိပါဘူး၊ အဘွား ထွက်သွားပြီး လေထင်ကို ကျွန်မဆီ ထားခဲ့ကတည်းက သူက နောက်ဖေးတံခါးပေါက်မှာပဲ အဘွား လာမလားလို့ စောင့်နေခဲ့တာ၊ အိမ်ထဲလည်း မဝင်ဘူး၊ တခြားနေရာလည်း မသွားဘူး၊ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ထင်တယ်၊ ရှန်းအာက ရှေ့က ဝရန်တာမှာ ဆော့နေတာလေ၊ ကျွန်မက အိမ်ထဲမှာ အလုပ်ရှုပ်နေတာ၊ ဘယ်သူထင်မှာလဲ၊ ဒီကလေးက ခုန်ဆွခုန်ဆွ လုပ်နေရင်း ခြေချော်ပြီး လှေကားထစ်ပေါ် ပြုတ်ကျတော့မလို့ ဖြစ်သွားတာ၊ အဲဒီအချိန်မှာ ဒီခွေးက သူ့အသက်ကိုတောင် မငဲ့ဘဲ ကြိုးကို ရုန်းဖြတ်ပြီး ပြေးဝင်လာတာလေ၊ ပြီးတော့ သူ့ကိုယ်နဲ့ မြေကြီးပေါ်မှာ ခံပေးလိုက်တော့ ရှန်းအာ့ခေါင်း မကွဲသွားဘူးပေါ့၊ ကျွန်မ ထွက်လာတော့မှ မြေကြီးပေါ်မှာ သွေးတွေ တွေ့လိုက်ရတယ်၊ လေထင် ခွေးကြိုးကို ရုန်းလိုက်တုန်းက လည်ပင်းပြတ်ရှပြီး သွေးထွက်နေတာလေ၊ ဒါပေမဲ့ သူက တစ်ချက်လေးတောင် မအော်ရှာဘူး၊ နောက်ပိုင်းကျမှ ကျွန်မ သူ့ကို ခြံထဲခေါ်ပြီး ဒဏ်ရာကုပေးလိုက်ရတယ်၊ အခုတော့ သက်သာသွားပါပြီ၊ အဲဒီနောက်ပိုင်း သူ အပြင်ထွက်ဖို့ သိပ်မလုပ်တော့ဘူး"

ရှန်မြောင်က လေထင်၏ အကြောင်းစုံကို တိုးတိုးညင်းညင်း ပြောပြနေသည်ကို နားထောင်ရင်း ဝူသာ့ညန်၏ မျက်လုံးများ နီရဲလာပြန်သည်။

"အေးကွယ် မလာချင်လို့ မဟုတ်ပါဘူး၊ အိမ်က ပြဿနာတွေက မပြီးနိုင်သေးတော့ မလာရဲတာပါ၊ ကံကောင်းလို့ ဒီရက်ပိုင်းမှ သူတို့အိမ်ကို ငွေနည်းနည်း လျော်ပေးလိုက်ရတယ်၊ ကောင်းကောင်းမွန်မွန် ပြောဆိုပြီး လေထင်ကို ပြန်မခေါ်တော့ပါဘူးဆိုတဲ့အကြောင်း လက်မှတ်ထိုး လက်ဗွေနှိပ်ပြီး ကတိပေးလိုက်ရတာ၊ လေထင် သေသေ ရှင်ရှင် သူတို့ လုံးဝ အမှုမထားတော့ပါဘူးလို့ အထပ်ထပ် ပြောပြီးမှ သူတို့က ကျေနပ်သွားကြတာ..."

သူမက ပြောပြီးသည်နှင့် ရှန်မြောင်၏ လက်ကို ဆုပ်ကိုင်ကာ ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောပြန်သည်။ "ကျေးဇူးတင်ပါတယ် ရှန်ညန်ဇီရယ်၊ လေထင်က အခုဆိုရင် အမွှေးတွေတောင် ပြောင်လက်နေတာပဲ၊ အားလုံးက သမီး ကျေးဇူးတွေပါ၊ သူက တကယ် လိမ်မ္မာတဲ့ခွေးလေးပါ၊ အဘွား သမီးကို မလိမ်ပါဘူး"

"ပြီးသွားပြီပဲလေ၊ နောက်ဆိုရင် နေ့ရက်တိုင်းက ကောင်းမွန်နေတော့မှာပါ၊ မငိုပါနဲ့တော့"

ရှန်မြောင်က ဝူသာ့ညန်၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးပြီး နှစ်သိမ့်ကာ ပြုံးပြလိုက်လေသည်။

"အဘွား မလိမ်ဘူးဆိုတာ ကျွန်မ သိပါတယ်၊ သူက ရှန်းအာကို ကယ်ပေးခဲ့တာ ကျွန်မ ကျေးဇူးမကုန်နိုင်အောင်ပါပဲ၊ ကွက်တိပဲ၊ ကျွန်မ ဆိုင်လည်း အခုမှ စဖွင့်တာ၊ အဘွား ထိုင်နေဦး၊ ကျွန်မ အဘွားနဲ့ ရှန်းကော်အာအတွက် ခေါက်ဆွဲပြုတ် သွားလုပ်ပေးမယ်"

ပြောရင်းဆိုရင်း သူမက ရှန်းကော်အာ၏ ပါးလေးကို ဆွဲညှစ်လိုက်လေသည်။

"ရှန်းကော်အာ နင် ထမင်းကောင်းကောင်း မစားပြန်ဘူးမလား၊ ဒီမျက်နှာလေးမှာ အသားတောင် မရှိတော့ဘူး၊ နောက်ဆို နင် မကြာခဏ လာခဲ့၊ တို့အိမ်က ရှန်းအာနဲ့ အတူတူ ကစားလို့ရတယ်၊ လေထင်နဲ့လည်း အဖော်လုပ်လို့ရတာပေါ့၊ တို့အိမ်မှာ နောက်ထပ် ခွေးပေါက်လေး တစ်ကောင်လည်း ရှိသေးတယ်၊ သူက မွေးကတည်းက ခြေတိုတို ဝဝကစ်ကစ်လေး၊ အမွှေးဝါဝါ ဗိုက်ဖြူဖြူနဲ့ မျက်နှာကြီးကြီး၊ အရမ်း ချစ်စရာကောင်းတာ"

ရှန်းကော်အာသည် ထမင်းမစားချင်သဖြင့် ပိန်နေသော်လည်း မျက်လုံးဝိုင်းဝိုင်းနှင့် အလွန်ချောမောသည့် ကလေးမလေး ဖြစ်သည်။ ရှန်မြောင် ပြောသည်ကို ကြားသောအခါ စိတ်ဝင်စားသွားပြီး ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေရှာသည်။

" မလုပ်ပါနဲ့လေ၊ သမီးက အဘွားတို့မိသားစုကို အများကြီး ကူညီပေးထားတာ၊ အဘွားက ဘယ်လိုလုပ် အခွင့်ကောင်းယူရက်မှာလဲ၊ ဒီနေ့ သမီး အလုပ်ရှုပ်နေတာဆိုတော့အဘွားတို့ ခဏပဲ ထိုင်ပြီး ပြန်တော့မယ်၊ နောက်မှ ပြန်လာပြီး သမီးရဲ့ဆိုင်ကို သေချာ အားပေးမယ်"

ဝူသာ့ညန်က မတ်တပ်ထရပ်ပြီး ရှန်မြောင် ချက်ပြုတ်နေသည်ကို တားဆီးလိုက်သည်။ သူမ၏ လွယ်အိတ်ထဲမှ သစ်သားဖြင့် ထုလုပ်ထားသော စီးပွားလာဘ်လာဘ နတ်ရုပ်တုကြီးတစ်ခုကို ထုတ်လိုက်ပြီး ရှန်မြောင် ငြင်းနေသည့်ကြားမှ ကောင်တာပေါ်တွင် အတင်းတင်ပေးလိုက်လေသည်။

"ဒါက မြို့ပြင်က ထိုက်ချင်ဘုရားကျောင်းမှာ အဘွား ကိုယ်တိုင်သွားပြီး သမီးအတွက် ယတြာချေ ဆုတောင်းပေးခဲ့တာ၊ အစီအရင် လုပ်ထားပြီးသားမလို့ သမီးတို့စီးပွားရေး အဆင်ပြေပြီး ငွေတွေ ဝင်လာအောင် စောင့်ရှောက်ပေးလိမ့်မယ်၊ အဲဒီ ဘုန်းကြီးအိုက တော်တော်လေး တန်ခိုးစွမ်းတယ်၊ နင် ဒီမှာသာ တင်ထားလိုက်၊ သေချာပေါက် စွမ်းလိမ့်မယ်"

ပြောပြီးနောက် သူမသည် ခေါင်းငုံ့ကာ လေထင်၏ အမွှေးပွပွ ခေါင်းကြီးကို ပွတ်သပ်ပေးလိုက်လေသည်။

"လေထင် လိမ်မ္မာတယ်၊ ရှန်ညန်ဇီအတွက် အိမ်ကို လိမ်လိမ်မ္မာမ္မာ စောင့်ပေးနော်၊ နင် သူတို့ မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပေးရမယ်၊ နောက်ဆို နင် ခေါင်းမာပြီး ဂျစ်မတိုက်နဲ့တော့၊ ရှန်ညန်ဇီအိမ်မှာ စိတ်ချလက်ချ နေတော့၊ အဘွား နောက်မှ ပြန်လာကြည့်မယ်"

လေထင်၏ စိုစွတ်နေသော မျက်လုံးဝိုင်းကြီးများထဲတွင် ဝူသာ့ညန်၏ အိုမင်းသော မျက်နှာကို ထင်ဟပ်နေပြီး ကျယ်လောင်စွာ ဟောင်လိုက်လေသည်။

ထို့နောက် ဝူသာ့ညန်နှင့် ရှန်းကော်အာတို့သည် ခြေလှမ်းတိုင်းတွင် နောက်သို့လှည့်ကြည့်ရင်း ပြန်သွားကြတော့သည်။ သို့သော် ဤတစ်ကြိမ်တွင် လေထင်သည် လိုက်မသွားတော့ပေ။ ဝူသာ့ညန်တို့ အဝေးသို့ ရောက်သွားသည်နှင့် သူသည် နောက်ဖေးပေါက်ရှိ ခန်းဆီးကို သူ့ခေါင်းဖြင့် တိုးဖွင့်ကာ ခြံဝင်းထဲတွင် ပြန်သွားဝပ်နေလိုက်တော့သည်။

ကြက်ကလေးများသည် အကောင်လတ်အရွယ် ရောက်နေကြပြီ။ လေထင်၏ အမွှေးနက်များသည် ထူထပ်သိပ်သည်းနေရာ ကြက်ကလေးများသည် လေထင်၏ ကျောပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပျံတက်ကာ ဝပ်နေကြပြန်သည်။ ထိုအထဲတွင် အကောင်အကြီးဆုံးနှင့် အဝဆုံးဖြစ်သည့် ကြက်ပြောက်မကြီးသည် ဥပင် ဥနေပြီဖြစ်သည်။ မနေ့ကဆိုလျှင် သူသည် ဖင်ကုန်းလိုက်ပြီး လေထင်၏ ခေါင်းပေါ်သို့ ပူပူနွေးနွေး ဥတစ်လုံး ဥချပေးခဲ့သေးသည်။

နောက်ပိုင်းတွင် စားသုံးသူများ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြရာ ယနေ့အတွက် ခပ်ယူထားသော ပဲငပိအနှစ်များ ကုန်သွားသဖြင့် သူမ ဆိုင်တံခါး ခဏပိတ်လိုက်လေသည်။

သူမသည် အိမ်မှ ထွက်လာပြီး နဂိုအတိုင်းပင် ဝက်သတ်သမားကျန့်၊ ဆန်ဆိုင်က သူဌေးရွှီ၊ သစ်သီးသည် ဝမ်ညန်ဇီတို့နှင့် ပစ္စည်းသွင်းရန် စာချုပ်ချုပ်လိုက်လေသည်။ နောက်ဆုံးမှ သူမသည် ကုမိသားစုအိမ်သို့ သွားလိုက်သည်။ ကုထူစူးက မြို့ပြင်သို့ အရက်သွားပို့နေသဖြင့် အိမ်တွင် မရှိပေ။ ရှန်မြောင်က သူမ၏ ရည်ရွယ်ချက်ကို ကုမိသားစုမှ အဒေါ်ကုအား ပြောပြလိုက်လေသည်။ သူမ၏ ဆိုင်တွင် အရက်အမျိုးအစား အနည်းငယ် တင်ရောင်းချင်ကြောင်း၊ အထူးသဖြင့် သောက်လို့ကောင်းပြီး မမူးလွယ်သော၊ စျေးလည်း မကြီးသော အရက်မျိုး လိုချင်ကြောင်း ပြောပြလိုက်သည်။

ဤကိစ္စကို နဂိုကတည်းက လုပ်ဆောင်ရန် ရည်ရွယ်ထားသော်လည်း ဤရက်ပိုင်း ပြင်ဆင်စရာများလွန်းသဖြင့် အရင်က ရင်းနှီးသော ဆိုင်ရှင်များကို လေသံပစ်ရုံသာ ပြောထားခဲ့ပြီး သေသေချာချာ အတည်မပြုရသေးပေ။ ယခုမှ အနည်းငယ် ကပ်ပြီး စီစဉ်သလို ဖြစ်နေသော်လည်း ကံကောင်းသည်မှာ အားလုံးက မိတ်ဆွေဟောင်းများ ဖြစ်ကြသဖြင့် ဆွေးနွေးရ အဆင်ပြေလေသည်။

"ညည်း တကယ်ပဲ အရက်ရောင်းချင်တာလား၊ အရင်တုန်းက ညည်းအဖေဆိုင်မှာ ရေငတ်ပြေအောင် ရေအေးပဲ တိုက်တာ၊ ခေါက်ဆွဲပြုတ်ကလွဲရင် ဘာမှမရောင်းဘူး"

အဒေါ်ကုက ရယ်မောကာ နောက်ပြောင်လိုက်သော်လည်း အရက်ခပ်သည့် ခွက်ကို ယူကာ ရှန်မြောင်ကို ရှေ့ဘက်ရှိ အရက်ဆိုင်သို့ ခေါ်သွားပြီး အရက်မြည်းခိုင်းလေသည်။ ရှန်မြောင်က ၇ မျိုး ၈ မျိုးခန့် မြည်းစမ်းကြည့်ပြီးနောက် ၃ မျိုးကို ရွေးချယ်လိုက်သည်။ တစ်မျိုးမှာ သာမန်ပြည်သူများ အသောက်များသည့် ဆန်ဝါအရက်၊ နောက်တစ်မျိုးမှာ အရသာလတ်ဆတ်သည့် ထင်းရှူးအရက်ကြည် ဖြစ်သည်။

နောက်ဆုံးတစ်မျိုးမှာ စျေးအနည်းငယ်ကြီးသည့် စန်းလော့အရက် ဖြစ်သည်။ ထိုအရက်သည် ကြည်လင်နေပြီး သောက်လိုက်လျှင် ချောမွေ့ကာ အထူးသဖြင့် တွင်းရေဖြင့် စိမ်လိုက်ပါက အေးမြသွားပြီး ပူအိုက်သည့် နွေရာသီနှင့် အလွန်သင့်တော်လေသည်။

ယခုအခါ ၅ လပိုင်း ကုန်သွားပြီဖြစ်၍ ရှန်မြောင်သည် အဝတ်ပါးလေးများပင် ဝတ်ဆင်နေရပြီ။ ခေါက်ဆွဲစားခြင်းသည် ချွေးအထွက်လွယ်ဆုံး ဖြစ်သည်။ အထူးသဖြင့် သူမ ရောင်းချချင်သည့် ဆီချက်ခေါက်ဆွဲ၊ တန့်တန့်ခေါက်ဆွဲ(စီချွမ်ခေါက်ဆွဲအစပ်)၊ ပဲခေါက်ဆွဲ စသည်တို့သည် အရည်သောက်အဖြစ် အရက် သို့မဟုတ် ဖျော်ရည် တစ်မျိုးမျိုး လိုအပ်ပေသည်။

ထိုကိစ္စများ ပြီးသွားသောအခါ မိုးပင် ချုပ်သွားလေပြီ။

ယနေ့ စမ်းသပ်ဖွင့်လှစ်ခြင်းတွင် ခေါက်ဆွဲ ပွဲ၄၀ ကျော်ခန့် ရောင်းခဲ့ရသည်။ သို့သော် သူမ ညနေစောင်းသည်နှင့် ဆိုင်ပိတ်လိုက်သဖြင့် စီးပွားရေး ကောင်းမကောင်း သေချာ မသိနိုင်သေးပေ။

မနက်ဖြန်ဆိုလျှင် တစ်နေ့လုံး တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်ရာ ရှန်မြောင်သည် စိတ်နည်းနည်း လှုပ်ရှားနေမိသည်။ သူမသည် ပိုင်ဆိုင်သမျှ တစ်ဝက်ကျော်ကို ရင်းနှီးထားခြင်းဖြစ်ရာ နောက်ပိုင်းတွင် စီးပွားရေး ကောင်းမကောင်း မသိနိုင်သေးပေ။ အနာဂတ်အတွက် တွေးတောရင်း သူမသည် မီးအိမ်ကို ကိုင်ကာ ဆိုင်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဖယောင်းတိုင်နှင့် တံခါးသော့များကို သေချာ စစ်ဆေးပြီး တံခါးပိတ်ရန် ပြင်လိုက်သည်။

လမ်းထောင့်သို့ ကွေ့လိုက်သည်နှင့် တံခါးခုံပေါ်တွင် ထိုင်နေသည့် ဝဝကစ်ကစ်နှင့် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော ကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။

သူမ မီးအိမ်ဖြင့် ထိုးကြည့်လိုက်သောအခါမှ ကျိုကော၏ အနားတွင်နေသော ယန့်ရှူး ဖြစ်နေမှန်း သိလိုက်ရသဖြင့် အံ့ဩစွာ မေးလိုက်သည်။

"ယန့်ရှူး နင် ဘယ်လိုလုပ် ရောက်လာတာလဲ"

မီးအလင်းရောင်အောက်တွင် အမျိုးသမီးငယ်လေး၏ သွယ်လျသော အရိပ်ကလေး လှုပ်ရှားသွားသည်။ ယန့်ရှူးက ခုန်ထလိုက်ပြီး ရယ်ရယ်မောမောဖြင့် ဦးညွှတ်လိုက်လေသည်။

"ကျိုကောက စားဖိုမှူးဖန်း ပြောလို့ ရှန်ညန်ဇီ ဆိုင်ဖွင့်ပြီဆိုတာ သိသွားတာ၊ ဒါကြောင့် ကျွန်တော့်ကို ဂုဏ်ပြုဖို့ သီးသန့် လွှတ်လိုက်တာပါ"

ပြောရင်းဆိုရင်း ရင်ဘတ်ထဲမှ ပိုးသားဖြင့် ရေးထားသော စာလုံးနှစ်ခုကို ထုတ်လိုက်လေသည်။

"မလိုပါဘူး၊ မလိုပါဘူး၊ ကျိုကောက အရမ်း အားနာစရာ ကောင်းတာပဲ"

ရှန်မြောင်က ဘာစာလုံး ရေးထားမှန်း မကြည့်ရသေးခင်မှာပင် ယန့်ရှူးက ရေမွှေးနံ့သင်းနေသော ရွှေမှုန်ဖြူး ဖိတ်စာတစ်စောင်ကို အလောတကြီး ထပ်ထုတ်လိုက်ပြန်သည်။

"ဒါနဲ့ နောက်လ ၁၅ ရက်နေ့ကျရင် ကျွန်တော်တို့အိမ်မှာ ဧည့်ခံပွဲအကြီးကြီး ကျင်းပမှာ၊ ပြီးတော့ ပြဇာတ်အဖွဲ့လည်း ငှားထားတယ်၊ မျက်လှည့်ပြပွဲတွေလည်း ပါသေးတယ်၊ ကျိုကောက ပြောတယ် ရှန်ညန်ဇီအနေနဲ့ ကျိအာရယ်၊ ရှန်းအာရယ် အကုန်လုံးကို ခေါ်ပြီး အိမ်ကို လာလည်ပါတဲ့၊ စိတ်အပန်းဖြေတာပေါ့"

ရင်ခွင်ထဲသို့ ပစ္စည်း ၃ မျိုး ရုတ်တရက် ရောက်လာသဖြင့် ရှန်မြောင် ကြောင်သွားလေသည်။ သူမ နှုတ်ဖျားမှ မေးခွန်းတစ်ခု အလိုလို ထွက်လာတော့သည်။

"ဟယ်... စာသင်ကျောင်းက ဒီလောက်စောစော ကျောင်းပိတ်ပြန်ပြီလား၊ နင်က ကျိုကောအစား အပြင်ထွက်လာနိုင်တယ်ဆိုတော့ နင်တို့ ကျိုကော ကျောင်းပိတ်ရက် ရလို့လား"

ယန့်ရှူးက ခေါင်းခါလိုက်ပြီး ရင်နာနာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

"ကျောင်းမပိတ်ပါဘူး၊ ကျွန်တော်တို့ ကျိုကော ကံဆိုးမိုးမှောင်ကျနေပြန်လို့ပါ၊ လွန်ခဲ့တဲ့ရက်ပိုင်းက သူက တခြားကျောင်းသားတွေနဲ့ ယောင်စန်းဘုရားကျောင်းကို နေဝင်တာ သွားကြည့်ကြတာလေ၊ မြွေကိုက်ခံလိုက်ရတယ်၊ ကံကောင်းလို့ အဆိပ်မရှိတာ၊ တောင်ပေါ်က ပြန်ဆင်းတော့ ခြေချော်သွားတဲ့ မုန့်စန်းကို လှမ်းဆွဲပေးရင်း သူ့ကိုယ်တိုင် ခြေထောက်ခေါက်သွားတယ်၊ ဒါပေမဲ့ ကံကောင်းလို့ အရိုးမကျိုးဘူး၊ မြို့ထဲပြန်ပြီး ဆေးကုဖို့ လာတဲ့လမ်းမှာ ချိုးဟောင်က စိတ်ပူလွန်းပြီး မြင်းလှည်းကို အတင်းမောင်းတာ လှည်းမှောက်သွားရော၊ ကံကောင်းလို့ ကျိုကောက ကြိုသိပြီး လှည်းပေါ်ကနေ ကျွမ်းကျင်စွာ ခုန်ဆင်းလိုက်နိုင်တယ်၊ ဒါပေမဲ့ ခြေထောက်မကောင်းတဲ့ကြားက ချိုးဟောင်ကို လှည်းအောက်ကနေ ဆွဲထုတ်ပေးရင်း လက်မောင်း ကြွက်သား ထပ်နာသွားပြန်ရော၊ အဲဒါကြောင့် အိမ်ပြန်ပြီး အနားယူနေရတာ"

"ဟင်"

ရှန်မြောင်မှာ ကြားရသည့်စကားကြောင့် ကြက်သေသေသွားတော့သည်။ ဒါ... ဒါကတော့ တကယ်ကို ကံဆိုးလွန်းတာပဲ။

...

အပိုင်း (၅၄) ဆိုင်ဖွင့်ပွဲ ပထမဆုံးနေ့

မနက်မိုးလင်းစ ငါးချက်တီးသံ ကြားလိုက်ရသည်နှင့် ကောင်းကင်ကြီးမှာ မလင်းတလင်း ဖြစ်နေသေး၏။ ယန်လျိုအရှေ့လမ်းကြား၏ အပြင်ဘက်တွင် မနက်စာနှင့် လက်ဖက်ရည်ပြုတ်ရည် ရောင်းချသူများ၏ ဈေးခေါ်သံများမှာ တံတိုင်းကိုကျော်၍ ထွက်ပေါ်လာတော့သည်။

"ထမင်း၊ ဆန်လုံးညို၊ ပဲတောင့်ရှည်၊ သကြားမန်ထို၊ အသားမန်ထို၊ ပဲမန်ထိုတွေ ရမယ်ဗျို့"

"ဂျုံမှုန့်နဲ့လုပ်ထားတဲ့ ဆန်ပြုတ်ရေကျဲ၊ သခွားသီးတစ်ပိုင်းနဲ့ တို့စရာအချဉ် ရမယ်၊ စားလို့ အရမ်းကောင်းတယ်ဗျို့"

မနက်ခင်းလေပြည်နှင့်အတူ ပါလာသည့် စည်ကားမှုများက ရှန်မြောင်၏ မီးဖိုဆောင်ထဲမှ ထွက်ပေါ်နေသည့် ရေနွေးငွေ့များကို တစ်စုံတစ်ယောက်က မောင်းထုတ်လိုက်သကဲ့သို့ မီးခိုးခေါင်းတိုင်ထဲမှ အလုအယက် တိုးထွက်သွားစေသည်။ ရှန်မြောင်သည် ထိုကဲ့သို့ တက်ကြွလှုပ်ရှားနေသည့် အငွေ့အသက်များကြားတွင် နောက်ဆုံးကျန်ရှိသည့် ဝါးပေါင်းချောင်အဖုံးကို ဖြည်းညင်းစွာ ပိတ်လိုက်လေသည်။

သူမ၏နောက်ကျောဘက်ရှိ ကျယ်ဝန်းသည့် စားပွဲရှည်ကြီးပေါ်တွင် နယ်ထားပြီးသား ဂျုံလုံးအများအပြားကို ပြင်ဆင်ထားပြီး ဂျုံသားနှပ်ထားရန် ရေစိုဝတ်ဖြင့် အုပ်ထားလေသည်။

ထောင့်တစ်နေရာရှိ မြေအိုးကြီးထဲမှ သိုးသားစွပ်ပြုတ်ရည်၏ မွှေးပျံ့သည့်အနံ့များသည် တငြိမ့်ငြိမ့် ထွက်ပေါ်နေသည်။ စွပ်ပြုတ်ရည်အခြေခံအဖြစ် သိုးရိုးကြီးတစ်ချောင်းကို ထည့်ထားပြီး တစ်ညလုံး မနက်မိုးလင်းသည်အထိ မီးအေးအေးဖြင့် တည်ထားခဲ့ခြင်းဖြစ်သည်။ သိုးသားကိုလည်း သူမက အတုံးကြီးကြီးတုံးကာ ကြိုတင်ထည့်သွင်း ချက်ပြုတ်ထားခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် သိုးသားများ နူးအိလာပြီး အနှစ်များက ဟင်းရည်ထဲသို့ ပျော်ဝင်သွားကာ ဟင်းရည်မှာလည်း တဖြည်းဖြည်း ပျစ်နှစ်လာပြီး နို့နှစ်ရောင်သမ်းကာ အနံ့အရသာနှင့် ပြည့်စုံလာတော့သည်။

ဤသိုးသားစွပ်ပြုတ်သည် ပါဝင်ပစ္စည်း အစစ်အမှန်များ ဖြစ်လေရာ သိုးသားခေါက်ဆွဲအတွက် ဟင်းရည်အဖြစ် သုံးနိုင်သလို ဟင်းရည်သက်သက်လည်း မှာယူသောက်သုံးနိုင်သည်။ ဝက်ရိုးစွပ်ပြုတ်ရည်ကိုလည်း ပြင်ဆင်ထားသော်လည်း သိုးသားစွပ်ပြုတ်ရည်သည် ရှန်မြောင်အတွက် ဒီနေ့၏ အဓိက ဦးစားပေးဖြစ်သည်။ အိပ်ရာနိုးသည်နှင့် သူမသည် အဝတ်အစားကောက်စွပ်ကာ မီးဖိုဆောင်ထဲသို့ဝင်ပြီး ဟင်းရည်အခြေအနေကို သွားကြည့်ခဲ့သည်။

ကံကောင်းသည်မှာ အရာအားလုံး အဆင်ပြေချောမွေ့နေသည်။ သူမက ဇွန်းဖြင့်ခပ်ကာ မြည်းစမ်းကြည့်လိုက်ရာ ဟင်းရည်မှာ ချောမွေ့သော်လည်း အီမနေပေ။ သောက်လိုက်သည်နှင့် နွေးထွေးလတ်ဆတ်သည့် မီးတောက်တစ်ခုက ဟင်းရည်နှင့်အတူ ဗိုက်ထဲတွင် ကျန်ရစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

မနက်စာရောင်းရန်အတွက် ပေါက်စီနှင့် မန်ထိုများကိုလည်း မနေ့ညကတည်းက စတင်ပြင်ဆင်ထားခဲ့သည်။ ရှန်မြောင်သည် မနက်စောစောထပြီး ပေါက်စီနှင့် မန်ထိုများကို ပေါင်းလိုက်ပြီးနောက် အားနေသလို ဖြစ်နေသဖြင့် ဒယ်အိုးတည်ကာ ကော်ခွေ့မုန့် (မုန့်ပြား)နှင့် အလွှာများစွာပါသည့် ထပ်တစ်ရာမုန့်အချို့ကိုပါ လုပ်လိုက်သေးသည်။

သို့သော် သူမသည် စိတ်ထဲတွင် စီစဉ်ပြီးသားပင်။ မနက်ပိုင်းတွင် လောစရာမလိုဘဲ မနက်စာအမယ်များကို သိုးသားစွပ်ပြုတ်နှင့် ရိုးရှင်းသည့် မန်ထို၊ ပေါက်စီများကိုသာ အဓိကထား ရောင်းချမည်။ မနက်စာစားချိန် ကုန်ဆုံးသွားမှ နေ့လယ်စာနှင့် ညစာအတွက် လိုအပ်သည့် အသားဟင်း၊ အသီးအရွက်များကို ဖြည်းဖြည်းချင်း ပြင်ဆင်မည်။ ယခုအခါ ကျင်းလျန်တံတားပေါ်က မနက်ခင်းဈေးကို သွားရောက်လုယက် ရောင်းချစရာ မလိုတော့ပေ။ ရှန်မြောင်သည် ရောင်းချသည့် ပစ္စည်းအမျိုးအစား ပိုများလာသော်လည်း ပို၍ အေးဆေးတည်ငြိမ်လာခဲ့သည်။

သူမ၏ အစီအစဉ်မှာ ဆိုင်ကို မနက် ၇ နာရီမှ ၉ နာရီကြားတွင် ဖွင့်လှစ်ပြီး မနက်စာကို အရင်ရောင်းမည်။ နေ့လယ်စာသည် စုန့်ခေတ်လူများအတွက် အဓိကအစားအစာ မဟုတ်သဖြင့် ခေါက်ဆွဲလာစားသူ သိပ်များမည်မဟုတ်ရာ ပြင်ဆင်စရာများကို လျှော့ချပြီး သူမလည်း အနားယူနိုင်သည်။ ညပိုင်းရောက်မှ ဆိုင်ကို နောက်ကျသည်အထိ ဖွင့်ထားရန် ရည်ရွယ်ထားသည်။ အကြောင်းမှာ ပြန့်ကျင်းမြို့၏ ညဈေးသည် အလွန်စည်ကားပြီး ညဘက်သွားလာသူများသည် နေ့ဘက်ထက် မနည်းပေ။ အပြင်ထွက်လည်ရင်း ပူပူနွေးနွေး ညလယ်စာ စားသောက်ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ဆိုင်ထဲတွင် ရောင်းမည့် ခေါက်ဆွဲနှင့်ပတ်သက်၍ ရှန်မြောင်သည် သူမ၏ "ဆီကြော်အသင့်စား ထန်းပင် (ခေါက်ဆွဲ)" နှင့် တစ်ရက် စမ်းသပ်ရောင်းချစဉ်က လူကြိုက်များခဲ့သည့် "ပဲခေါက်ဆွဲ" ကို အဓိကထား ရောင်းချမည်ဖြစ်သည်။ ထို့နောက် နောက်ပိုင်းခေတ်များတွင် ကျော်ကြားပြီး အရသာရှိသည့် ဟဲနန်ဒေသအစားအစာများဖြစ်သော "ဟူထူခေါက်ဆွဲ"၊ "ပေါင်းခေါက်ဆွဲ" နှင့် "ဆန်ပြားခေါက်ဆွဲ" တို့ကိုပါ ထည့်သွင်းမည်ဖြစ်သည်။ သူမသည် အလွန်ပါးနပ်လှပြီး နှစ်ထောင်ချီ ခေတ်စားခဲ့သည့် ဂန္ထဝင်ဟဲနန်ဟင်းလျာများကို အသုံးပြုပြီး လွန်ခဲ့သော နှစ်တစ်ထောင်က စုန့်ခေတ် ဟဲနန်ရှေးလူများကို အောင်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သို့သော် ရှန်မြောင်သည် ဘဝင်တော့ မမြင့်ရဲပေ။ ဤဟင်းလျာအနည်းငယ်ကိုသာ အရင်ဆုံး စမ်းသပ်ရောင်းချကြည့်ပြီး အခြေအနေကို ကြည့်ကာ ဖြည်းဖြည်းချင်း အသစ်များ ထပ်ထည့်ကာ စုံလင်အောင် လုပ်သွားမည်ဖြစ်သည်။

မနက်စာရောင်းရန် ပေါက်စီနှင့် မန်ထိုများ ပေါင်းပြီးသွားသောအခါ ရှန်မြောင်သည် ဝါးပေါင်းချောင် နှစ်ဆင့်ကို အပြင်ဘက်ရှိ တွန်းလှည်းဈေးဆိုင်ခုံလေးပေါ်သို့ အရင် သယ်သွားလိုက်သည်။ တွန်းလှည်းပေါ်တွင် မီးသွေးမီးဖိုကို ကြိုတင်မီးမွှေးထားသည်။ ရှန်းအာသည် ပန်းပွင့်လေးများပါသည့် ခါးစီးအေပရွန်လေးကို ဝတ်ဆင်ထားပြီး ရွှေရောင်သံတုတ်ကဲ့သို့ ကြီးမားသော အီကြာကွေးအကြီးကြီးကို ပါးစပ်တွင် ကိုက်လျက် ဝါးခုံမြင့်လေးပေါ်သို့ ကျွမ်းကျင်စွာ တက်လိုက်သည်။ အစ်မဖြစ်သူ ခန့်အပ်ထားသည့် မနက်စာဆိုင် အရောင်းဝန်ထမ်းအနေဖြင့် သူမသည် အလုပ်ကို အလွန်လေးစားပြီး စောစောစီးစီး ထထားလေသည်။

နေရာယူပြီးသည်နှင့် အီကြာကွေးကို တစ်ကိုက်ကိုက်လိုက်၊ ချိုမြမြ ဇီးသီးရည်ကို တစ်ငုံသောက်လိုက် လုပ်ပြီးနောက် လမ်းသွားလမ်းလာများကို ကြည့်ကာ ရှန်မြောင်က သူမကို ရက်အနည်းငယ်ကြာ သင်ပေးထားသည့် စကားလုံးများကို ကလေးသံစူးစူးလေးဖြင့် အော်ဟစ်တော့သည်။

"အသားကောင်း အစာကောင်း၊ လူတိုင်းချီးမွမ်းတဲ့ အသားမန်ထိုတွေ ရမယ်ဗျို့"

"ရှန်ကျိမန်ထိုအကြီးကြီးတွေ၊ မန်ထိုတစ်လုံးကို အစာ (၁) လျန် ပါတယ်၊ မန်ထိုနှစ်လုံးစားရင် ထမင်းတစ်ပန်းကန်နဲ့ ညီတယ်"

*လျန်- အလေးချိန်

"တစ်ကိုက်စားရင် အခွံကနူးညံ့၊ နှစ်ကိုက်စားရင် အသားအစာကမွှေး၊ သုံးကိုက်စားရင် ပါးစပ်ထဲမှာ အရသာတွေ ပြည့်သွားမယ်"

"ပေါင်မုန့်၊ မန်ထို၊ သိုးသားစွပ်ပြုတ်ရည်၊ ချက်ချင်းလုပ် ချက်ချင်းပေါင်း၊ ချက်ချင်းထွက်တာမို့ လမ်းကြုံရင် ဝင်မြည်းဖို့ မမေ့နဲ့နော်"

ကလေးငယ်၏အသံသည် ကြည်လင်ပြီး ပြတ်သားချိုသာလေရာ နွေဦးရာသီ သစ်ကိုင်းပေါ်မှ ချိုမြအရည်ရွှမ်းသော လိုကွတ်သီးကဲ့သို့ပင်။ အထူးသဖြင့် ရှန်းအာသည် ပြည့်ပြည့်ဖောင်းဖြောင်း ချစ်စရာကောင်းသည့် ရုပ်သွင်ရှိလေရာ တစ်ခွန်းအော်လိုက် ရပ်ပြီး အီကြာကွေးကိုက်လိုက် လုပ်နေသည်မှာ အလုပ်များပြီး ကြိုးစားနေပုံပေါက်သဖြင့် ကုမိသားစုအိမ်သို့ စောစောစီးစီး အောင်သွယ်သွားရန် ထွက်လာသည့် အောင်သွယ်တော် နဉ်ညန်ဇီပင် ခြေလှမ်းရပ်တန့်သွားရသည်။

သူမသည် ရှေ့သို့တိုးပြီး ကြည့်လိုက်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘာမန်ထိုတွေ ရှိလဲ"

ရှန်းအာသည် ဧည့်သည်ရောက်လာသည်ကို မြင်သောအခါ ပါးစပ်ထဲမှ အစာများကို အမြန်မျိုချလိုက်ပြီး ခေါင်းကိုစောင်းကာ စဉ်းစားလိုက်သည်။ ထို့နောက် ဟင်းမည်များကို ရွတ်ပြလေတော့သည်။

"မင်္ဂလာပါရှင်၊ သမီး မကြီး ပြောထားတာကတော့ ဒီနေ့ ဝက်ကင်မန်ထို၊ မုန်ညင်းမန်ထို၊ မုန်လာဥမျှင်ပုစွန်ခြောက်မန်ထို၊ ပဲနီမန်ထို၊ သကြားမန်ထို နဲ့ လင်အန်းရှောင်လုံပေါင်းတွေ ရှိပါတယ်တဲ့။ ဘယ်ဟာလိုချင်လဲ။ သမီး ဒီဝါးညှပ်နဲ့ ညှပ်ထည့်ပေးမယ်။ မကြီးက ပြောတယ်၊ လက်နဲ့ ကိုင်လို့မရဘူးတဲ့၊ သန့်ရှင်းမှ စိတ်ချလက်ချ စားလို့ရမှာတဲ့"

ထိုသို့ပြောရင်း အိုးငယ်လေးထဲတွင် ထည့်ထားသည့် ဝါးညှပ်တံရှည်ကို ယူလိုက်ပြီး လေထဲတွင် "ဖတ်... ဖတ်" မြည်အောင် ညှပ်ပြလိုက်သေးသည်။

နဉ်ညန်ဇီတွင် သားသမီးမရှိသေးပေ။ ရှန်းအာ၏ ပျော်ရွှင်တက်ကြွပြီး စကားပြောသွက်လက်သည့် ပုံစံကို ကြည့်ကာ သဘောကျနေမိလေသည်။ သန့်ရှင်းသပ်ရပ်နေသည့် တွန်းလှည်းဆိုင်လေးကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အခြားမန်ထိုအရသာများမှာ ပုံမှန်ပင်ဖြစ်သော်လည်း ဟိုတစ်ခုက... သူမသည် သံသယဖြင့် မေးလိုက်သည်။

"မင်းပြောတဲ့ လင်အန်းရှောင်လုံပေါင်းဆိုတာ ဘာလဲ"

ရှန်းအာသည် ခါးမတ်လိုက်ပြီး အခြားမီးဖိုတစ်ခုပေါ်တွင် သီးသန့်ပေါင်းထားသည့် ဝါးပေါင်းချောင်အဝိုင်းလေးကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် အပေါ်ဆုံးအဖုံးကို ဂရုတစိုက် ဖွင့်ပြလိုက်သည်။

"ဒါက လင်အန်းရှောင်လုံပေါင်းတွေလေ။ အလုံးသေးသေးလေးတွေ၊ ကြက်သွန်မိတ်နဲ့ အသားအစာပါတယ်၊ တစ်ကိုက်ထဲနဲ့ ကုန်ရော၊ စားလို့ အရမ်းကောင်းတာ။ အရမ်းစားကောင်းလွန်းလို့ သမီးတစ်ယောက်တည်း တစ်ပွဲလုံး ကုန်အောင်စားနိုင်တယ်"

မနေ့က အစ်မဖြစ်သူ ကျွေးသဖြင့် မြည်းစမ်းခဲ့ရသည့် အရသာကို ပြန်လည်စဉ်းစားရင်း သူမ၏ ခေါင်းလုံးလုံးလေးကို ယမ်းကာ ရေရွတ်လိုက်သည်။

နဉ်ညန်ဇီသည် မျက်စိရှေ့တွင် အငွေ့တထောင်းထောင်းထနေသည့် ရေနွေးငွေ့များကို လက်ဖြင့် ယပ်ထုတ်လိုက်သည်။ ပေါင်းချောင်အောက်ခြေတွင် သန့်ရှင်းစွာလျှော်ဖွပ်ထားသည့် ပိတ်ပါးစတစ်ခုကို ခင်းထားပြီး ထိုအပေါ်တွင် သေးငယ်သပ်ရပ်သည့် အရေးအကြောင်းများဖြင့် လှပသော ရှောင်လုံပေါင်းများကို စီထားလေသည်။ သပ်ရပ်ပြီး အလွန်ပင် ချစ်စရာကောင်းလှသည်။ အရေးအကြီးဆုံးမှာ ရှောင်လုံပေါင်းတိုင်းသည် အစာပြည့်မောက်နေပြီး အခွံပါးပါးလေးအောက်မှ အသားဆီများ စိမ့်ထွက်နေကာ အသားနံ့နှင့် ဂျုံနံ့တို့ ရောနှောပြီး မွှေးပျံ့နေခြင်းပင်။

တစ်ပွဲလျှင် (၈) လုံးပါရှိပြီး အခွံပါးပါး အစာများများဖြင့် ၁၀ ဝမ်သာ ပေးရသည်။

နဉ်ညန်ဇီသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် တရားဝင်အောင်သွယ်တော် ဖြစ်လာခဲ့သည်။ လက်ထပ်ပွဲတစ်ခု အောင်မြင်အောင် ပြောဆိုပေးနိုင်တိုင်း အလွန်များပြားသည့် အောင်သွယ်ခကို ရရှိသည်။ ပြန့်ကျင်းမြို့တွင် အောင်သွယ်နှင့် ဘုန်းကြီးတို့သည် အပေါ်ယံတွင် သာမန်ဟုထင်ရသော်လည်း ကွယ်ရာတွင် ဆီမန်းသကဲ့သို့ ချမ်းသာကြသည့် အလုပ်အကိုင်ကောင်းများ ဖြစ်သည်။ သို့သော် အောင်သွယ်သည် မိရိုးဖလာနှင့် စကားပြောကောင်းရုံသာမက အဆက်အသွယ်ကျယ်ပြန့်ကာ နေရာတိုင်းတွင် ဝင်ဆံ့ပြီး အိမ်တိုင်းတွင် မျက်နှာပွင့်မှ ရသဖြင့် သာမန်လူများ လုပ်နိုင်သည့်အလုပ် မဟုတ်ပေ။

ပိုင်ဆိုင်မှု ဓနအင်အားတောင့်တင်းသည့် နဉ်ညန်ဇီသည် လုံးဝ တုံ့ဆိုင်းမနေတော့ပေ။ တံတွေးကို မျိုချလိုက်ပြီး ပြောလိုက်သည်။

"ဒါဆို ကျွန်မ တစ်ပွဲယူမယ်။ ပြီးတော့ ပဲနီကင်မန်ထို တစ်ချောင်းပါ ပေး"

"ရှောင်လုံပေါင်းက တစ်ပွဲ (၁၀) ဝမ်၊ ပဲနီကင်မန်ထိုက (၈) ဝမ်ဆိုတော့..."

ရှန်းအာသည် ပြောရင်းဆိုရင်း စကားထစ်သွားတော့သည်။ လက်ချောင်းလေးများကို ချိုးရေတွက်နေပြီး (၁၀) ပေါင်း (၈) က ဘယ်လောက်ရမှန်း အကြာကြီး စဉ်းစားနေရှာသည်။ အထဲတွင် ရှန်မြောင်ကို ရေကူသယ်ပေးနေသည့် ကျိအာက ကြားသွားသဖြင့် အမြန်ထွက်လာပြီး ဝင်ကူပြောပေးလိုက်ရသည်။

ကျိအာက သူမ၏ နဖူးကို ဖွဖွလေးတောက်လိုက်ပြီး နဉ်ညန်ဇီကို ပြုံးကာ ပြောလိုက်သည်။

"စုစုပေါင်း ၁၈ဝမ်ပါ"

ရှန်းအာသည် လျှာထုတ်ပြလိုက်ပြီး လက်ထဲမှ အီကြာကွေးအကြီးကြီးကို အစ်ကိုဖြစ်သူထံ အပ်နှံလိုက်သည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် ဝါးညှပ်ကို ကောက်ကိုင်ကာ နဉ်ညန်ဇီလိုချင်သည့် လင်အန်းရှောင်လုံပေါင်းများကို ခေါက်ထားသည့် ဆီစိမ်စက္ကူအိတ်ထဲသို့ တစ်လုံးချင်းစီ ထည့်ပေးလိုက်သည်။ ပိုက်ဆံကို လက်ခံယူပြီးနောက် လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ ရှန်မြောင်၏ ပုံစံနှင့်လေသံကို တုပလျက် မျက်လုံးများ မှေးကျသွားသည်အထိ ပြုံးပြလိုက်သည်။

"အဒေါ် မှာထားတဲ့ မန်ထိုရပါပြီ။ စားကောင်းရင် နောက်တစ်ခေါက် လာဝယ်ဦးနော်"

နဉ်ညန်ဇီသည် မုန့်ထုတ်ကို လှမ်းယူရင်း သံသယဖြင့် သူမ၏မျက်နှာကို စမ်းကြည့်မိလိုက်သည်။ သူမကို ကလေးတစ်ယောက်က 'အဒေါ်' ဟု ခေါ်ရလောက်အောင် ဖြစ်နေပြီလား။ သို့သော် ရင်ခွင်ထဲမှ မွှေးပျံ့သည့်အနံ့က သူမ၏ အတွေးများကို လုယူသွားတော့သည်။ သူမသည် လမ်းထိပ်ရှိ မိုးမခပင်အောက်သို့ လျှောက်သွားပြီး ကျောပေးကာ ရှောင်လုံပေါင်းတစ်လုံးကို ယူစားလိုက်၏။

ဂျုံသားအခွံက နူးညံ့ပြီး အိစက်ကာ ပျော့ပျောင်းနေသည်။ တစ်ချို့နေရာများတွင် အသားဆီများ စိမ့်ဝင်နေသည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် အသားအစာနှင့် ဂျုံသားနူးနူးလေးကို ခံစားလိုက်ရပြီး အသားဟင်းရည်၏ လတ်ဆတ်မှုက လျှာပေါ်တွင် စီးဆင်းသွားသည်။ အခွံကပါးပြီး အစာကများသည်။ ထို့အပြင် စားရတာ အီမသွားဘဲ တစ်ကိုက်စားတိုင်း အံ့သြဖွယ်ကောင်းနေသဖြင့် နဉ်ညန်ဇီမှာ လည်ချောင်းရင်းအထိ မွှေးပျံ့သွားရသည်။

သူမသည် မရပ်မနား စားမိတော့သည်။ ဤအသစ်ဖွင့်သည့် ထန်းပင်ဆိုင်က အသားမန်ထိုကို သည်လောက် မွှေးကြိုင်အောင် လုပ်တတ်လိမ့်မည်ဟု ထင်မထားမိပေ။

သူမသည် တစ်ပွဲလုံးကို တစ်ခါတည်း ကုန်အောင် စားလိုက်လေသည်။ ဗိုက်ဝသွားသော်လည်း ပါးစပ်က မကျေနပ်နိုင်သေးပေ။

ယန်လျိုအရှေ့လမ်းကြားထဲမှ တံခါးမဖွင့်သေးသည့် ကုမိသားစုအိမ်ဘက်သို့ လှမ်းကြည့်လိုက်ပြီး နဉ်ညန်ဇီသည် ကောင်းကင်ကိုမော့ကာ ခဏလောက် ချိန်ဆနေလိုက်သည်။ နောက်ဆုံးတွင်တော့ သူမ၏စိတ်ဆန္ဒအတိုင်း လိုက်လျောရန် ဆုံးဖြတ်လိုက်ကာ ရှန်ကျိထန်းပင်ဆိုင်ထဲသို့ ခြေလှမ်းကျဲဖြင့် ဝင်လိုက်သည်။ ဝင်ခါနီးတွင် ရှန်းအာကို လှမ်းပြောလိုက်သေးသည်။

"ရှောင်လုံပေါင်း (၄) လုံးလောက် ထပ်ပေးပါဦး"

မှာပြီးသည်နှင့် သူမသည် စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆိုင်ငယ်လေးသည် စားပွဲကုလားထိုင်များ သပ်ရပ်နေပြီး ကြမ်းပြင်ကိုလည်း ဖုန်တစ်စက်မရှိအောင် လှည်းကျင်းထားသဖြင့် တိတ်တဆိတ် ခေါင်းညိတ်မိလိုက်သည်။ ထို့နောက် နံရံပေါ်တွင် ရေးထားသည့် ဟင်းလျာစာရင်းကို လှမ်းမြင်လိုက်ရသည်။ ထိပ်ဆုံးတွင် "ရှန်ကျိထန်းပင်ဆိုင် ဟင်းလျာစာရင်း" ဟူသော စာလုံးကြီးကို ရေးထားပြီး အောက်တွင် စာလုံးသေးများကို နှစ်တန်းခွဲကာ ရေးထားသည်။ စာလုံးသေးလေးများဘေးတွင် သက်ဆိုင်ရာ ဟင်းလျာပုံများကို ပီပြင်စွာ ရေးဆွဲထားပြီး ပုံလေးများ၏နောက်တွင် ဟင်းပွဲတစ်ခုချင်းစီ၏ ဈေးနှုန်းများကို ရေးသားထားလေသည်။

ဤဆိုင်လေးက အတော်ပင် ဆန်းသစ်သည့် အတွေးအခေါ် ရှိပေသည်။

နဉ်ညန်ဇီသည် လောကအမြင်ကျယ်သူဖြစ်၏။ သူမသည် များစွာသော အထက်တန်းစားများနှင့် အောင်သွယ်စကားပြောရသဖြင့် လူကြီးလူကောင်းများ၏ အထင်သေးခြင်း မခံရစေရန် ဆရာမတစ်ဦးငှားပြီး စာကြိုးစားသင်ခဲ့ဖူးသည်။ စာလုံးတော်တော်များများကို သိပြီး ဗဟုသုတလည်း ရှိသည်။ သို့သော် သူမတွင် ကဗျာ၊ စာပေနှင့် ပန်းချီဘက်တွင် ပါရမီမပါသဖြင့် နှစ်အနည်းငယ် သင်ယူပြီးနောက် စာမတတ်သူအဖြစ် လူကြီးလူကောင်းများရှေ့တွင် အရှက်မကွဲရုံလောက်နှင့် ကျေနပ်ကာ ငွေထပ်အကုမန်ခံတော့ပေ။

သူမသည် ဟင်းလျာစာရင်းကို တစ်ချက်ဝေ့ကြည့်လိုက်ရာ "သိုးသားကြည်စွပ်ပြုတ်၊ တစ်ပန်းကန် ၃၀ ဝမ်" ဟူသော စာတန်းတွင် အကြည့်ရပ်သွားသည်။

သိုးသားစွပ်ပြုတ်ပုံကလည်း ဆွဲဆောင်မှု ရှိလှသည်။ အသားနှင့် ကြက်သွန်မြိတ်များ ဝေ့ဝဲနေသည့် ကြည်လင်သော နို့နှစ်ရောင် သိုးသားဟင်းရည်ကို အပြာရောင်ကြွေပန်းကန်လုံးကြီးထဲတွင် ထည့်ထားပြီး အငွေ့တလူလူထွက်နေပုံကို ရေးဆွဲထားသည်။ သိပ်ပြီး သေသပ်သည့် ပန်းချီလက်ရာ မဟုတ်သော်လည်း ကလေးတစ်ယောက် ရေးဆွဲထားသည့် ရိုးသားဖြူစင်မှုမျိုး ရှိနေသည်။

သူမသည် သိုးသား အလွန်ကြိုက်သူဖြစ်သည်။ ကြော်တာ ချက်တာ ပေါင်းတာ ပြုတ်တာ မရွေး သိုးသားမြင်လျှင် ခြေလှမ်းမရွေ့နိုင်သူ ဖြစ်သည်။ ၃၀ ဝမ် တစ်ပန်းကန်ဆိုသည်မှာ သိုးသားဟင်းရည်အနေဖြင့် သိပ်မဈေးကြီးပေ။ ထို့ကြောင့် သူမသည် အဝတ်ကာရံထားသည့် တံခါးပေါက်မှတဆင့် မီးဖိုဆောင်ထဲတွင် အလုပ်ရှုပ်နေသည့် အရိပ်ကို လှမ်းမြင်လိုက်ရသဖြင့် အော်ပြောလိုက်သည်။

"သိုးသားစွပ်ပြုတ် တစ်ပန်းကန် ထပ်ချပေးပါဦး"

စောင့်ဆိုင်းနေစဉ်တွင် သူမသည် အခြားနံရံဘက်တွင် ချိတ်ဆွဲထားသည့် စာလုံးချိတ်ပုံ နှစ်ခုကို သေချာကြည့်လိုက်မိရာ မျက်လုံးများ အရောင်တောက်သွားပြီး စိတ်ဝင်တစားဖြင့် အကြာကြီး ကြည့်နေမိတော့သည်။

ဤမျှမြန်မြန် ဧည့်သည်ရောက်လာလိမ့်မည်ဟု ရှန်မြောင် ထင်မထားခဲ့ပေ။ သူမက ပြန်ထူးလိုက်၏။ ပစ္စည်းများက အဆင်သင့်ရှိပြီးသားဖြစ်ရာ သူမသည် မြေအိုးထဲမှ ဟင်းရည်တစ်ပန်းကန် ခပ်လိုက်သည်။ ရှန်းအာကလည်း ခြေတိုလေးများဖြင့် လျှောက်လာပြီး ဆီစိမ်စက္ကူခံထားသည့် ပန်းကန်လုံးလေးဖြင့် နဉ်ညန်ဇီအတွက် ရှောင်လုံပေါင်း (၄) လုံးကို လာချပေးသည်။

ရှန်မြောင်သည် ကြက်သွန်မြိတ်ဖြူးထားသည့် သိုးသားစွပ်ပြုတ်ပူပူကို နဉ်ညန်ဇီရှေ့တွင် ချပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ရှင် မှာထားတာတွေ စုံပါပြီ။ ဖြည်းဖြည်း သုံးဆောင်ပါရှင်"

"ဆိုင်ရှင်ညီမလေး ခဏလေး" နဉ်ညန်ဇီက နံရံပေါ်တွင် ချိတ်ဆွဲထားသည့် စာလုံးချိတ်ပုံနှစ်ခုကို လက်ညှိုးထိုးပြပြီး စူးစမ်းကာ မေးလိုက်လေသည်။ "ဒီစာလုံးနှစ်ခုက လက်မှတ်ထိုးထားတာက... ရှဲ့ကျို တဲ့လား။ ဒီ ရှဲ့ကျို ဆိုတာ ဘယ်သူလဲ။ သူ့လက်ရေးက တကယ့် နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ဟန်ပါနေတာပဲ"

ရှန်မြောင်က မော့ကြည့်လိုက်၏။ ဒါက မနေ့ညက ယန့်ရှူး လာပို့ပေးသွားသည့် ရှဲ့ကျိုကော ရေးထားသည့် စာနှစ်စောင်ပင်။ ဤစာနှစ်စောင်ကို အရောင်ရင့်ရင့် ပိုးသားကတ္တီပါအောက်ခံဖြင့် ဘောင်ခတ်ထားပြီး အဝေးကကြည့်လျှင် ဘာအဆင်တန်ဆာမှ မမြင်ရသော်လည်း အနီးကပ်ကြည့်မှသာ မင်သားအောက်က ငြိမ်သက်သိမ်မွေ့သည့် အလှဆင်မှုများကို မြင်တွေ့နိုင်လေသည်။

တစ်ခုတွင် "တစ်နေ့သုံးနပ် မီးခိုးတဝေဝေဖြင့် နွေးထွေးပါစေ၊ ရာသီလေးပါးလုံး ဘေးကင်းပါစေ" ဟု ရေးထားပြီး နောက်တစ်ခုတွင် "နွေဦးတွင် မွေးဖွား၊ နွေရာသီတွင် ကြီးပြင်း၊ ဆောင်းဦးတွင် ရိတ်သိမ်း၊ ဆောင်းရာသီတွင် သိုလှောင်၊ အချိန်အခါအလိုက် ပြုစုပျိုးထောင်ပါ" ဟု ရေးထားလေသည်။

သူမ၏ နောက်ဖေးခြံတံခါးဝတွင် ထားရှိသည့် "ဆောင်းဦးတွင် ငြိမ်းချမ်းပါစေ၊ ဆောင်းရာသီတွင် ပျော်ရွှင်ပါစေ" ဟု ရေးထားသည့် သစ်သားပြားလေးကို ရှဲ့ကျိုကော မြင်ဖူးသလားတော့ မသိပေ။ သူ ပို့လာသည့် ဤစာနှစ်စောင်သည် စားသောက်ဆိုင်တွင် ချိတ်ဆွဲရန် သင့်တော်ရုံသာမက သူမ၏ ရည်မှန်းချက်နှင့်လည်း တိတ်တဆိတ် ကိုက်ညီနေလေသည်။

သူမတွင် ကြီးမားသည့် ရည်မှန်းချက်ကြီးများ မရှိပေ။ သူမ လိုချင်သည့် ဘဝမှာ မိသားစုတစ်စုလုံး ဤကဲ့သို့ "တစ်နေ့သုံးနပ် မီးခိုးတဝေဝေဖြင့် နွေးထွေး" ပြီး "အချိန်အခါအလိုက် ပြုစုပျိုးထောင်" နိုင်ရုံသာ။

ရှဲ့ကျိုကော၏ လက်ရေးကောင်းသည်ကို မဆိုထားနှင့်။ ဤစကားနှစ်ခွန်းကပင် ရှန်မြောင်ကို ကြည့်လိုက်တိုင်း နှစ်လိုဖွယ် ပြုံးမိစေရန် လုံလောက်နေလေသည်။

ထို့ကြောင့် မနေ့ညက သူမသည် မစောင့်နိုင်တော့ဘဲ သံရှာပြီး ချိတ်ဆွဲလိုက်ခြင်းဖြစ်သည်။ ထိုစဉ်က စာလုံးအောက်တွင် ရပ်ပြီး အချိန်အကြာကြီး ငေးကြည့်နေခဲ့မိသည်။ ထိုအချိန် မီးဖိုဆောင်ထဲတွင် သိုးသားဟင်းရည်အိုး တည်ထားသဖြင့် နွေးထွေးသည့် မီးခိုးငွေ့များနှင့် အသားနံ့များက သူမကို လွှမ်းခြုံထားသည်။ မီးရောင်အောက်တွင် တံခါးပိတ်ထားသည့် ဆိုင်ခန်းကျယ်ကြီးထဲ၌ ကျိအာက ခေါင်းတငြိမ့်ငြိမ့်ဖြင့် စာကျက်နေပြီး ရှန်းအာက ခွေးပေါက်လေးကို ပွေ့ဖက်ကာ ခွေးလေး၏ ခြေသည်းထူထူလေးကို ကိုင်ပြီး ခြေနှစ်ချောင်းထောက် ရပ်ခိုင်းကာ ခွေးနှင့်အတူ ကခုန်ရန် ကြိုးစားနေခဲ့သည်။

သူမသည် သူတို့ကို ကြည့်လိုက်၊ စာလုံးများကို ကြည့်လိုက်ဖြင့် သူမ၏စိတ်နှလုံးသည်လည်း မီးခိုးငွေ့များ ဝန်းရံနေသည့် ငြိမ်သက်စွာ တောက်လောင်နေသော မီးသွေးခဲလေးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ရေကဲ့သို့ ကြည်လင်အေးဆေးသည့် ခင်မင်မှုသက်သက်ဖြင့် လူတစ်ယောက်၏ အတွေးအမြင်များကို ထိုးဖောက်မြင်နိုင်သူ ဤလောကတွင် ရှိနေပါလား။

သူမသည် အလွန်ထူးဆန်းသည်ဟု ခံစားမိလိုက်သည်။ ဖိယုံးစာသင်ကျောင်းတံခါးဝရှိ ဟိုင်ထန်ပန်းပင်အောက်တွင် သူမ၏ ပခုံးကို ဖွဖွလေး ပုတ်ခတ်ပေးခဲ့သည့် သွယ်လျသန့်ရှင်းပြီး အရိုးအဆစ် အချိုးကျလှပသော လက်တစ်စုံကို ရှန်မြောင် သတိရမိသွားသည်။ သူမ ရုတ်တရက် အံ့သြမိသွား၏။ ထိုမျှလောက် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိတတ်ကာ ရင်းနှီးရခက်သည့် လူတစ်ယောက်တွင် လူ့စိတ်ကို ထိုးဖောက်မြင်နိုင်သည့် စူးရှသော မျက်လုံးမျိုး ရှိနေတတ်သည်ပဲ။

ထို့ကြောင့် နဉ်ညန်ဇီ၏ စူးစမ်းလိုစိတ်ပြင်းပြနေသည့် အကြည့်များကို ရင်ဆိုင်ရချိန်တွင် ရှန်မြောင်သည် ဖိယုံးစာသင်ကျောင်းရှေ့က ရှဲ့ကျိုကော၏ စကားကို သတိရလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကျွန်မ မိတ်ဆွေတစ်ယောက် ရေးပေးတာပါ။ သူက နာမည်ကြီးချင်တဲ့သူ မဟုတ်လို့ သိပ်မပြောတော့ပါဘူး"

"ဪ... ဒါကြောင့်ကိုး။ စာပေသမားတွေက အများအားဖြင့် လောကကြီးနဲ့ ကင်းကွာပြီး နေချင်တတ်ကြတာကိုး။ နားလည်ပါတယ်" နဉ်ညန်ဇီက ရယ်မောကာ ပြောလိုက်ပြီး ထိုအကြောင်းအရာကို ကျော်လိုက်တော့သည်။

ရှန်မြောင်သည် သူမကို ဖြည်းဖြည်းစားရန် ပြောလိုက်ပြီး မီးဖိုဆောင်ထဲသို့ပြန်ဝင်ကာ ခေါက်ဆွဲ ဆက်လုပ်နေလိုက်သည်။

နဉ်ညန်ဇီသည် သူမ၏ သွယ်လျမြင့်မားသည့် ကျောပြင်ကို ကြည့်ရင်း နက်နက်နဲနဲ တွေးတောနေမိသည်။ ဤထန်းပင်ဆိုင်က ရှန်ညန်ဇီသည် သာမန်လူတစ်ယောက်တော့ မဟုတ်လောက်ပေ။

စုန့်ခေတ်တွင် ယဉ်ကျေးမှု ထွန်းကားပြီး ကဗျာ၊ စာပေနှင့် ပန်းချီကို အလွန်တန်ဖိုးထားကြသည်။ စာလုံးအလှ ကြိုက်နှစ်သက်သူ အချို့ဆိုလျှင် စာတစ်လုံးရဖို့အတွက် ရွှေတစ်ထောင် အကုန်ခံတတ်ကြသည်။ အချို့သော စားသောက်ဆိုင်များသည် ကဗျာဆရာများက နံရံပေါ်တွင် ကဗျာရေးပေးခဲ့ဖူးသည်ဆိုရုံဖြင့် နာမည်ကြီးလာတတ်ပြီး အစားအသောက် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နေ့စဉ် ဧည့်သည်မပြတ် ရှိတတ်သည်။

ဤရှန်ကျိထန်းပင်ဆိုင်လေးထဲတွင် ချိတ်ဆွဲထားသည့် စာလုံးများက ရွှေတစ်ထောင်တန်သည့် အဆင့်မဟုတ်သော်လည်း ဤကဲ့သို့ သာမန်ဈေးဆိုင်လေးတစ်ခုတွင် ဤမျှ အဆင့်မြင့်သည့် စာလုံးချိတ်ပုံမျိုး ရှိနေခြင်းမှာ မယုံနိုင်စရာပင်။

ဤရှန်ကျိထန်းပင်ဆိုင်လေး၏ နောက်ကွယ်တွင် အထက်တန်းစား အာဏာရှိသူများ ကျောထောက်နောက်ခံ ရှိကောင်းရှိနိုင်ပေသည်။

နဉ်ညန်ဇီသည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး ကောက်ချက်ချလိုက်တော့၏။

ရှန်မြောင်၏ မရေမရာ ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် နဉ်ညန်ဇီ၏စိတ်ထဲတွင် ဤဆိုင်လေးအပေါ် ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့သည်ကို သူမ မသိလိုက်ပေ။ ထို့နောက် အတွေးတစ်ချို့လည်း ဝင်လာခဲ့သည်။ ဤရှန်ညန်ဇီသည် ခင်ပွန်းသည်၏ စွန့်ပစ်ခြင်း ခံထားရသူဖြစ်ကြောင်း သူမ သိထားသည်။ ကျင်းလျန်တံတားဝန်းကျင်တွင် ဘယ်အိမ်က လူပျို၊ ဘယ်အိမ်က အိမ်ထောင်သည်၊ ဘယ်အိမ်က ကွာရှင်းထားသည်ဆိုသည်ကို ဒီနေရာတစ်ဝိုက်တွင် အအောင်မြင်ဆုံး အောင်သွယ်တော်ဖြစ်သည့် သူမက ကောင်းကောင်း သိထားသည်။ အကယ်၍ သူမအတွက် အိမ်ထောင်ရေးကောင်းတစ်ခု ပြောဆိုပေးနိုင်ပြီး နှစ်ဖက်မိသားစု အဆင်ပြေသွားပါက သူမနောက်ကွယ်က လူကြီးလူကောင်းများနှင့်ပါ အဆက်အသွယ် ရနိုင်မည် မဟုတ်ပါလား။ အောင်သွယ်ခ ငွေဒင်္ဂါးအချို့လည်း ရနိုင်သေးသည်...

သူမသည် စိတ်နှင့်ကိုယ် မကပ်ဘဲ ဇွန်းဖြင့် သိုးသားစွပ်ပြုတ်ကို ဖွဖွလေးခပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။

ပါးစပ်ထဲသို့ ရောက်သည်နှင့် ထိုအခြေအမြစ်မရှိသည့် ခန့်မှန်းချက်များကို အသေးစိတ် ဆက်မတွေးနိုင်တော့ပေ။ ပြင်းပြပြည့်စုံသည့် အရသာသည် ပါးစပ်ထဲတွင် ချက်ချင်း ပျံ့နှံ့သွားပြီး မနက်ခင်း အအေးဓာတ်များကို ဖယ်ရှားပစ်လိုက်သည်။ နောက်ထပ် အနည်းငယ် ထပ်သောက်လိုက်ရာ လတ်ဆတ်နူးညံ့သည့် အသားနှင့် ဟင်းရည်အနှစ်မှာ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး သူမတစ်ကိုယ်လုံး နွေးထွေးသွားတော့သည်။

နဉ်ညန်ဇီ၏ မျက်လုံးများမှာ ရုတ်တရက် အရောင်တောက်သွားတော့သည်။

တကယ့် ဟင်းရည်ကောင်းတစ်ခွက်ပဲ။

...

All Chapters