အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အပိုင်း (၅၅)
မူလကတော့ နဉ်ညန်ဇီသည် ဤဆိုင်ငယ်လေးအပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ ပြန့်ကျင်းမြို့သူမြို့သားတိုင်းသည် သိုးသားစားရသည်ကို ကြိုက်နှစ်သက်ကြသော်လည်း သိုးသားဟင်းရည် ကောင်းကောင်းလုပ်တတ်သည့်ဆိုင်မှာ လက်ချိုးရေလို့ပင် ရလေသည်။ နဉ်ညန်ဇီကဲ့သို့ သိုးသားကြိုက်နှစ်သက်သူသည်ပင်လျှင် ရွှံ့နွံအိုင်ကဲ့သို့ နောက်ကျိပြီး ညှီစော်နံကာ အသားမှာလည်း သစ်ခြောက်ဆွေးကဲ့သို့ ဝါးမရအောင်မာသည့် သိုးသားဟင်းရည်များကို စားမိပြီး မကြာခဏဆိုသလို စိတ်ပျက်ဒေါသထွက်ခဲ့ရဖူးသည်။
နောက်ပိုင်းတွင် မျိုချ၍ပင်မရနိုင်သည့် သိုးသားဟင်းရည်များကို သောက်ခဲ့ရဖူးသဖြင့် သူမသည် အရင်းအနှီးစိုက်ကာ ဖန်လိုစားသောက်ဆိုင်သို့ သွားရောက်စားသောက်ခဲ့ဖူးသည်။ ဖန်လိုစားသောက်ဆိုင်မှ သိုးသားဟင်းရည်ကတော့ နတ်သုဒ္ဒါကဲ့သို့ အရသာရှိလှပါ၏။ သို့သော် တစ်ပွဲလျှင် ငွေ ၁၈၀ ဝမ် ပေးရသည်။ ၁၈၀ ဝမ် တဲ့လေ။ ပန်းကန်အကြီးကြီး မဟုတ်ဘဲ ပန်းကန်လုံးအသေးလေးနှင့် ရသည်ကို ဆိုလိုခြင်းဖြစ်သည်။
တခါတရံတွင် ဖန်လိုစားသောက်ဆိုင်သည် ဓားပြတိုက်လိုက်လျှင် ပိုကောင်းလိမ့်ဦးမည်။ ဤသိုးသားဟင်းရည်တစ်ခွက် ပေးလိုက်သည်ကပင် သူတို့ဘက်က စေတနာပါနေသေးသည်ဟု နဉ်ညန်ဇီ တွေးမိကာ သက်ပြင်းချမိသည်။
သို့သော် ဤစားသောက်ဆိုင်ငယ်လေးကတော့ သိုးသားဟင်းရည်ကို အလွန်လတ်ဆတ်ချိုမြိန်အောင် ချက်ပြုတ်ထားပြီး ၃၀ ဝမ်သာ ပေးရလေသည်။ တကယ့်ကို တန်လိုက်တာ။
ထို့ပြင် ဤဟင်းရည်သည် တခြားဆိုင်များတွင် သောက်ရသည်နှင့် မတူပေ။ ဟင်းရည်ထဲတွင် ငရုတ်ကောင်း၊ နာနတ်ပွင့် စသည့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်မထားဘဲ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ဆားတို့ကိုသာ အဓိကထားပြီး မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ပေါင်းတင်ထားပုံရသည်။ ထို့ကြောင့် သောက်လိုက်လျှင် အရသာရှိပြီး လတ်ဆတ်သန့်ရှင်းသည်ဟု ခံစားရလေသည်။
နဉ်ညန်ဇီသည် ကျေနပ်အားရစွာဖြင့် ဟင်းရည်တစ်ငုံသောက်လိုက်ပြီး ဟင်းရည်နှင့်တွဲဖက်ကာ အသားရှောင်လုံပေါင်းလေးတစ်လုံးကို စားလိုက်ရာ အရသာရှိလွန်းသဖြင့် မျက်လုံးများပင် မှေးစင်းသွားတော့သည်။
ဟင်းရည်တစ်ဝက်ခန့်သောက်ပြီးချိန်တွင် သူမသည် ဟင်းရည်ထဲမှ အသားကို စားလိုက်သည်။ သိုးသားသည်လည်း သူမကို စိတ်ပျက်စေခြင်းမရှိဘဲ ဟင်းရည်အရောင်က ဖြူကာ အသားက နူးညံ့နေပြီး မွှေးကြိုင်သည့်အနံ့သာရကာ ညှီနံ့လုံးဝမရပေ။
သူမသည် စားသောက်ပြီးနောက် စိတ်ကြည်နူးသွားကာ ငွေရှင်းရန် ထရပ်လိုက်ပြီး ပန်းကန်များသိမ်းဆည်းရန် ထွက်လာသည့် ရှန်မြောင်ကို မနေနိုင်ဘဲ ချီးကျူးလိုက်လေသည်။
"ညန်ဇီရဲ့ လက်ရာက တကယ့်ကို ထိပ်တန်းပါပဲ၊ ဒီသိုးသားဟင်းရည်ရဲ့ အရသာက ဖန်လိုစားသောက်ဆိုင်နဲ့ ယှဉ်ရင် မနိမ့်ပါဘူး၊ ဒါပေမဲ့ ဈေးကတော့ အများကြီး မကြီးဘူး၊ ကျွန်မ နောက်တစ်ခါ သေချာပေါက် လာစားဦးမယ်"
ရှန်မြောင်သည် အလွန်အကျွံ နှိမ့်ချမနေဘဲ ပွင့်ပွင့်လင်းလင်း ပြုံးကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ ကြိုက်တယ်ဆိုရင် မကြာမကြာ လာအားပေးပါဦး"
ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဤဟင်းရည်တစ်ခွက်အတွက် သူမသည် အလွန်ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ထားရသဖြင့် ချီးကျူးခံရသည်နှင့် တန်လေသည်။
သိုးသားမှာ ဈေးကြီးသော်လည်း ပြန့်ကျင်းမြို့သူမြို့သားများက စားရသည်ကို ကြိုက်နှစ်သက်ကြသည်။ ဆိုင်ဖွင့်သည်မှာ လမ်းဘေးဈေးသည်နှင့်မတူဘဲ ဈေးနှုန်းအနိမ့်အမြင့် အမျိုးမျိုးရှိသည့် ဟင်းပွဲများ ရှိထားသင့်သည်။ ရှန်ကျိထန်းပင်ဆိုင်သည် မြို့တွင်းပိုင်းတွင်ရှိပြီး နေရာထိုင်ခင်းလည်း မဆိုးလှပေ။ တာ့ရှန့်ကော်ဘုရားကျောင်း၊ မာရှင်းလမ်း စသည့် လူစည်ကားရာ နေရာများနှင့်လည်း နီးလေသည်။ သူမသည် အထပ်ထပ်အခါခါ စဉ်းစားပြီးနောက် ဆိုင်တွင် သိုးသားဟင်းရည်နှင့် သိုးသားခေါက်ဆွဲကို ရောင်းချရန် ဆုံးဖြတ်လိုက်ပြီး ဈေးနှုန်းကိုတော့ ခေါက်ဆွဲအမျိုးအစား အားလုံးထဲတွင် အမြင့်ဆုံးအဖြစ် သတ်မှတ်ထားလိုက်သည်။
ဤသိုးသားဟင်းရည်ရရှိရန် ရှန်မြောင်သည် ပြန့်ကျင်းမြို့တွင်းမြို့ပြင်ရှိ သိုးသားဒိုင်အားလုံးသို့ သွားရောက်လေ့လာခဲ့ပြီး စုန့်ခေတ်က သိုးသားအရင်းအမြစ်နှင့် အရည်အသွေးများကို စုံစမ်းခဲ့သည်။ ပြန့်ကျင်းမြို့တွင်းရှိ သိုးများသည် အဓိကအားဖြင့် နေရာအနည်းငယ်မှ လာကြသည်။
ပထမတစ်မျိုးမှာ ရှင်းချင့်စီရင်စု (နဉ်ရှာ) မှ ယန်ချီတန်သိုး ဖြစ်သည်။ ရှင်းချင့်စီရင်စုမှ သိုးများသည် စုန့်ခေတ်တွင်ဖြစ်စေ၊ နောက်ပိုင်းခေတ်များတွင်ဖြစ်စေ အညှီနံ့ကင်းစင်သည်ဟု နာမည်ကြီးလေသည်။ အသားအရည်အသွေးမှာ နူးညံ့ပြီး အရောင်မှာ ရဲနေတတ်သည်။ ပြုတ်သည်ဖြစ်စေ၊ ပေါင်းသည်ဖြစ်စေ၊ ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ၊ ကင်သည်ဖြစ်စေ အရသာရှိလှသည်။ သို့သော် ခရီးလမ်းဝေးကွာသဖြင့် ရှင်းချင့်စီရင်စုမှ သိုးများကို ပြန့်ကျင်းသို့ သယ်ယူလာပြီးမှ သတ်ဖြတ်ရောင်းချလျှင် ဈေးနှုန်းမှာ အလွန်ကြီးမြင့်လေသည်။
ဒုတိယတစ်မျိုးမှာ လုံယိုချင်ကျိုးမှ သိုးပေါက်သားဖြစ်သည်။ လုံယိုဒေသတွင် တောင်တန်းများ ရှည်လျားစွာ သွယ်တန်းနေပြီး ရေနှင့်မြက်ပင်များ ပေါများကာ ဆေးဖက်ဝင်အပင်များကို နှစ်ရှည်လများ စိုက်ပျိုးကြသည်။ ဒေသထွက် တန်သိုးများသည် မွေးဖွားချိန်မှစ၍ မြက်နှင့် ဆေးဖက်ဝင်အပင်များကို စားသောက်ကြသဖြင့် အညှီနံ့ကင်းရုံသာမက ဆေးဖက်ဝင်အပင်နံ့ သင်းသင်းလေး ရနေတတ်သည်ဟု ဆိုကြသည်။ အထူးသဖြင့် နှပ်ချက်၊ ပေါင်းချက်တို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။
တတိယတစ်မျိုးမှာ ယုံရှင်းကျွင်းလမ်းကြောင်း (ရှန်ရှီး) မှ ဟန်စန်းသိုးသား ဖြစ်သည်။ ချင်ချွမ်းဒေသမှ လာသည့် ထိုသိုးများသည် ကြက်သွန်မြိတ်နှင့် စမုန်ဖြူများ ပေါက်ရောက်သည့် စားကျက်မြေတွင် နေထိုင်ကြသဖြင့် သိုးသားမှာ မာဆတ်ဆတ်နှင့် ဝါးလို့ကောင်းကာ အဆီနည်းပြီး အသားများသည်။ ပြုတ်ချက်ရန် အသင့်တော်ဆုံးဖြစ်ပြီး ဟန်စန်းသိုးသားဖြင့် ချက်လျှင် အမွှေးကြိုင်ဆုံးသော သိုးသားဟင်းရည်ကို ရရှိနိုင်သည်။
ရှန်မြောင်သည် နှိုင်းယှဉ်လေ့လာပြီးနောက် မြို့ပြင်ရှိ ဟန်စန်းသိုးသား သီးသန့်ရောင်းချသည့် ဆိုင်တစ်ဆိုင်နှင့် ရေရှည်ရောင်းဝယ်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။ ပထမအချက်မှာ ဟန်စန်းသိုးသားသည် အခြားသိုးသားနှစ်မျိုးထက် ဈေးသက်သာခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဟင်းရည်ချက်ရန်အတွက် ဟင်းရည်နှင့်ကိုက်ညီသည့် အသားကို ရွေးချယ်ခြင်းဖြစ်သည်။ တတိယအချက်မှာ သူမ တပတ်လည်အောင် လျှောက်ကြည့်ခဲ့သော်လည်း ပန်းပဲဆရာဟု ထင်မှတ်ရလောက်သည့် နာမည်ရှိသော "နျိုတာ့ချွေး ဟန်စန်းသိုးသားဆိုင်" မှလွဲ၍ မည်သူကမျှ ဈေးဆစ်သည်ကို လက်မခံကြပေ။ နောက်ဆုံးတွင် သိုးသားတစ်ကျင်းလျှင် ၈၈ ဝမ် နှင့် အရိုးနှစ်ချောင်း လက်ဆောင်အပိုပေးရန် သဘောတူညီမှု ရခဲ့လေသည်။
သိုးသားရပြီဆိုလျှင် ဟင်းရည်ချက်ရန်အတွက် သိုးသားများကို အရင်ဆုံး ဖယ်ထုတ်ပြီး သိုးရိုးများကို တစ်ညကြိုတင်ကာ အချိုရည်ချက်ထားရသည်။ နောက်တစ်နေ့ မနက်စောစောတွင် သိုးသားကို အတုံးကြီးကြီးတုံးကာ ရေနွေးဖျောရသည်။ ထို့နောက် ဒယ်အိုးထဲတွင် ဆီပူပူဖြင့် ခဏကြာအောင် လှော်ပြီး ပိုနေသည့် အဆီများ ထွက်လာပါက အိုးနှုတ်ခမ်းဘေးမှနေ၍ အရက်အနည်းငယ် ထည့်ပေးရသည်။ နောက်ဆုံးတွင် ကြက်သွန်မြိတ်၊ ဂျင်းတို့ထည့်ကာ မွှေပေးရပြီး ဂျင်းနှင့် ကြက်သွန်နံ့ မွှေးလာသည်အထိ ချက်ရသည်။
သိုးသားကို လှော်ပြီးမှ ဟင်းရည်ချက်လျှင် ဟင်းရည်သောက်သည့်အခါ အီလည်လည် မဖြစ်စေဘဲ လှော်ထားသည့် သိုးအဆီက အရသာကို ပိုမိုကောင်းမွန်စေသည်။
နောက်ဆုံးတွင် လှော်ထားသည့် သိုးသားများကို သိုးရိုးပြုတ်ရည်ထဲထည့်ကာ မီးပြင်းပြင်းဖြင့် ဆူအောင်တည်ရသည်။ အမြှုပ်များကို ခပ်ထုတ်ပြီး မီးအေးအေးဖြင့် ဟင်းရည်အရောင် နို့နှစ်ရောင်ပြောင်းသွားသည်အထိ ဖြည်းဖြည်းချင်း ပေါင်းတင်လိုက်လျှင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
ယနေ့ သိုးသားဟင်းရည်သည် ကြက်သွန်မြိတ်နှင့် ဒေါနပန်းကဲ့သို့ အမွှေးအကြိုင်များကို စားသုံးပြီး ကြီးပြင်းလာသည့် ဟန်စန်းသိုးသားဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ သို့သော် ရှန်မြောင်သည် အများကြီး မချက်ရဲပေ။ ဒီနေ့ တစ်အိုးတည်းသာ ပြင်ဆင်ထားသည်။ ရောင်းမထွက်ဘဲ သိုးသားများ လက်ထဲကျန်နေခဲ့လျှင် သူမနှင့် ကျိအာ၊ ရှန်းအာတို့ သုံးယောက်သား နှာခေါင်းသွေးလျှံသည်အထိ စားလျှင်ပင် ကုန်မည် မဟုတ်ပေ။
ထို့နောက် ပဲခေါက်ဆွဲ ၇ ပွဲ၊ ၈ ပွဲခန့် ရောင်းရပြီးနောက် ရှန်မြောင် အားသွားတော့သည်။
မနက်အစောကြီးတွင် ထန်းပင်လာစားသူ သိပ်မရှိလှပေ။
ဆန့်ကျင်ဘက်အနေနှင့် ဆိုင်ရှေ့တွင်ဖွင့်ထားသည့် ရှန်းအာ၏ ဆိုင်လေးမှာ အလွန်ရောင်းကောင်းနေသည်။ အချို့မှာ ကျင်းလျန်တံတားပေါ်တွင်ကတည်းက ရင်းနှီးခဲ့သည့် ဖောက်သည်များဖြစ်ပြီး ပဲနီဌာပနာမန်ထို လာဝယ်ကြသူများ ဖြစ်သည်။ အချို့မှာ လမ်းကြုံသွားရင်း အနံ့မွှေးသဖြင့် အသားမန်ထို အနည်းငယ် ဝယ်သွားကြသည်။ ကျန်သူများမှာ အိမ်နီးနားချင်းများဖြစ်ကြပြီး ရှန်းအာကဲ့သို့ ပဲစေ့လောက် ကလေးမလေးက ဆိုင်တွန်းလှည်းလေးနောက်တွင် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ စိတ်ဝင်တစားဖြင့် စကားလာပြောကြရင်း မန်ထိုဝယ်စားကြလေသည်။
ကျိအာက ရှန်းအာကို တစ်ခါတစ်ရံ ငွေရှင်းကူလုပ်ပေးပြီးနောက် ရှန်မြောင်ဘက်သို့ လာကူကာ ပန်းကန်ဆေးပေးလေသည်။ ပန်းကန်ဆေးပြီးသည်နှင့် တံမြက်စည်းနှင့် အဝတ်စုတ်ကိုကိုင်ကာ စားပွဲများကို လိုက်သုတ်ပြီး တံမြက်စည်း လှည်းလေတော့သည်။ ရှန်မြောင်က သူမကိုယ်သူမ သန့်ရှင်းမှု ကြိုက်နှစ်သက်သူဟု ထင်မှတ်ထားသော်လည်း ကျိအာ၏ သန့်ရှင်းမှု အစွဲအလမ်းကြီးခြင်းက သူမထက် ပိုဆိုးလေသည်။
ဖိယုံးစာသင်ကျောင်းမှ စာမေးပွဲရလဒ် မထွက်လာသေးသဖြင့် သူသည် စာဖတ်၊ စာရေး လေ့ကျင့်သည်မှလွဲ၍ ဆိုင်ကိစ္စများကို ဝိုင်းကူလုပ်ပေးလေသည်။ ရှန်မြောင်က ခေါက်ဆွဲလုပ်၊ ဟင်းပြင်ဆင်နေချိန်တွင် သူက လက်တိုလက်တောင်း အလုပ်ကြမ်းများကို တာဝန်ယူလုပ်ကိုင်သည်။ ရေခပ်၊ တံမြက်စည်းလှည်း၊ ပန်းကန်ဆေး၊ ဟင်းရွက်ဆေး၊ ကုန်ကြမ်းပစ္စည်းများကို နေရာချသည်မှစ၍ ဂျင်လည်သလို အလုပ်ရှုပ်နေတော့သည်။
ရှန်မြောင် သူ့ကို မောင်းထုတ်လို့မရသဖြင့် သူနှင့်အတူတူ ဝိုင်းလုပ်ပေးရတော့သည်။ သူမသည် ဆေးပြီးသား ပန်းကန်ခွက်ယောက်များကို မှောက်ရင်း မနေ့ညက အဖြစ်အပျက်ကို သတိရသွားခဲ့သည်။ စမ်းသပ်ဖွင့်လှစ်သည့် နေ့တစ်ဝက်တာ ကာလလေးအတွင်း သူမသည် ခေါက်ဆွဲ ပွဲ ၄၀ ကျော် ရောင်းခဲ့ရသည်။ ဆိုင်ပိတ်ပြီးနောက် သူမနှင့် ကျိအာတို့သည် မရေမတွက်နိုင်အောင် များပြားသည့် ပန်းကန်ခွက်ယောက်များနှင့် ဒယ်အိုးများကို ဆေးကြောခဲ့ရသည်။
သူမက ကျိအာကို နားခိုင်းသော်လည်း ဤကလေးက နားမထောင်ဘဲ ခေါင်းငုံ့ကာ အလုပ်များကို လုလုပ်လေသည်။ ဆပ်ပြာရည်ထဲတွင် လက်နှစ်ဖက်ကို အချိန်ကြာကြာ စိမ်ထားရသဖြင့် လက်ချောင်းလေးများပင် ရဲနေရှာသည်။
ရှန်မြောင်သည် ယနေ့အခြေအနေကို ကြည့်ပြီး တွေးတောနေမိသည်။ အရင်ဘဝက စားသောက်ဆိုင်ဖွင့်တုန်းက ပန်းကန်ဆေးစက် အကြီးကြီးများ သုံးနိုင်သလို၊ ပန်းကန်ဆေးသည့် ကုမ္ပဏီများကို ငှားရမ်းနိုင်သည်။ ဆိုင်ငယ်လေးများဆိုလျှင် တခါသုံး ပန်းကန်ခွက်ယောက်များကို သုံး၍ရသဖြင့် ပန်းကန်ဆေးစရာပင် မလိုပေ။ သို့သော် စုန့်ခေတ်တွင်တော့... ပန်းကန်ဆေးရခြင်းက ပြဿနာကြီးတစ်ခု ဖြစ်လာသည်။
ကျိအာတစ်ယောက် ဖိယုံးစာသင်ကျောင်းကို ဝင်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောင်တစ်ချိန်တွင် သူမက သူ့ကို ဆရာကောင်းတစ်ယောက်၏အိမ်သို့ ပို့ပြီး ပညာသင်ခိုင်းရမည်။ အဆိုးဆုံး တွေးကြည့်ရင် စာမသင်ရတဲ့ အိမ်မျိုးဖြစ်ရင်တောင်မှ ဒီလောက်ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ကို ကြိတ်ဆုံဆွဲတဲ့ မြည်းတစ်ကောင်လို မခိုင်းရက်ပါဘူးလေ။
ကြည့်ရတာ အလုပ်ကြမ်းသမားတစ်ယောက်လောက် ငှားရမ်းသင့်ပြီ ထင်တယ်။
သူမ မှတ်မိသည်မှာ အဒေါ်ကုတို့အိမ်တွင် နွေဦးနှင့် ဆောင်းဦးရာသီ အရက်ချက်လုပ်ငန်း အလုပ်အများဆုံးအချိန် ရောက်တိုင်း အလုပ်ရှင်နှင့် အလုပ်သမားကို ချိတ်ဆက်ပေးသည့် "အကျိုးဆောင်ပွဲစား" ဆီသွားပြီး အချိန်ပိုင်းအလုပ်သမား ငှားရမ်းလေ့ရှိသည်။ အိမ်အကူတစ်ယောက်ကို တစ်ရက်လျှင် ၉၀ ဝမ် မှ ၁၀၀ ဝမ် အထိ ပေးရသည် ထင်သည်။ တံတားထိပ် လမ်းကြားရှိ လက်ဖက်ရည်ဆိုင်များတွင်လည်း အလုပ်လက်မဲ့များ စုဝေးလေ့ရှိပြီး အလုပ်ရှင်များ လာရောက်ငှားရမ်းသည်ကို စောင့်ဆိုင်းတတ်ကြသည်။ သို့သော် ထိုလူများမှာ ယာယီအလုပ်သမားများသာ ဖြစ်ပြီး စကားအပြောဆို အဆင်မပြေသည်နှင့် ထွက်ပြေးတတ်ကြသဖြင့် ရွေးချယ်စရာ ကောင်းတစ်ခု မဟုတ်ပေ။
မိုးက သိပ်မချုပ်သေးသလို ဆိုင်တွင်လည်း ခေါက်ဆွဲလာစားသူ မရှိသေးသဖြင့် ရှန်မြောင်က ကျိအာနှင့် ရှန်းအာကို မှာလိုက်သည်။
"မင်းတို့ မန်ထို ရောင်းပြီးရင် တွန်းလှည်းကို နောက်ဖေးဝင်းထဲ ပြန်သွင်းထားလိုက်နော်၊ မကြီး အဒေါ်ကု အိမ်ဘက် ခဏသွားလိုက်ဦးမယ်၊ မင်းတို့ ဆိုင်ကြည့်ထားလိုက်၊ မကြီး ခဏနေရင် ပြန်လာခဲ့မယ်"
ကလေးနှစ်ယောက်က ဧည့်သည်ကို မန်ထိုထည့်ပေးရင်း လှည့်မကြည့်ဘဲ ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
"သိပါပြီ"
ရှန်မြောင်သည် အကျိုးဆောင်ပွဲစားထံမှ အလုပ်သမားငှားရမ်းသည့် အခြေအနေကို မေးမြန်းရန် အဒေါ်ကုအိမ်သို့ လမ်းပတ်သွားဖို့ စိတ်ကူးလိုက်သည်။ သို့မှသာ လေပေးအလွန်ကောင်းသည့် ကြားပွဲစားများ၏ လှည့်ဖြားခြင်းကို မခံရဘဲ ငွေကုန်သက်သာလိမ့်မည်။ သို့သော် အဒေါ်ကု၏ နောက်ဖေးအိမ်ပေါက်ဝသို့ ရောက်သည့်အခါ ဝင်းထဲမှ ငြင်းခုံသံများကို ကြားလိုက်ရသဖြင့် သူမ ခြေလှမ်းရပ်တန့်သွားပြီး ရှေ့ဆက်မတိုးတော့ပေ။
အဒေါ်ကုက ကုထူစူးကို ဆူပူကြိမ်းမောင်းနေသံကို သူမ သဲ့သဲ့ကြားလိုက်ရသည်။
"နင် အသက်ဘယ်လောက်ရှိနေပြီလဲ၊ အခုထိ အိမ်ထောင်မပြုသေးဘူး၊ နင့်အဖေ မျိုးဆက်ပြတ်သွားအောင် လုပ်ချင်နေတာလား၊ ဟိုဘက်အိမ်က တို့ဟူးလုပ်တဲ့ လီမိသားစုရဲ့ သာ့လန်ဆိုရင် နင်နဲ့ အသက်တူတူပဲ၊ သူ့သားတောင် စားပွဲခုံလောက် မြင့်နေပြီ၊ နင် ဘာတွေ တွေးနေတာလဲ"
ကုထူစူးက ဘာမှပြန်မပြောပေ။ တိတ်ဆိတ်နေသည့်ကြားမှ အမျိုးသမီးတစ်ယောက်၏ အသံထွက်လာသည်။
"ကဲပါ ကဲပါ၊ ရှင်တို့သားအမိ ညှိနှိုင်းလို့ မရသေးရင် နောက်တစ်ခါမှပဲ ကျွန်မကို ဖိတ်ပါတော့၊ အတင်းညှစ်ယူတဲ့ ဖရဲသီးက မချိုပါဘူး၊ ကျွန်မ ရှာပေးထားတဲ့ မိန်းကလေးတွေကလည်း မိန်းမကောင်းလေးတွေပါပဲ၊ သူတို့မိဘတွေကလည်း အလေးထားကြတယ်။ ဒီလို ရှုပ်ရှုပ်ထွေးထွေးနဲ့တော့ သဘောတူချင်ကြမှာ မဟုတ်ဘူး၊ အဒေါ်ကုရေ၊ ဒီတစ်ခေါက်တော့ ကျွန်မ အလကား လာမိတာပဲ သဘောထားလိုက်ပါတော့၊ ကျွန်မ ပြန်ပြီ"
ရှန်မြောင်သည် ဂါဝန်စ,ကိုမကာ အိမ်ဘက်သို့ အမြန်ပြန်ပြေးတော့သည်။ တော်ကြာ သူမ နံရံကပ်ပြီး ခိုးနားထောင်နေသည်ဟု အဒေါ်ကု အထင်လွဲသွားလိမ့်မည်။
သို့သော် လှည့်လိုက်သည်နှင့် သူမ ရင်ဘတ်ထဲက အသည်းနှလုံးများ လည်ချောင်းဝမှ ခုန်ထွက်လုမတတ် လန့်ဖျပ်သွားရသည်။ လီညန်ဇီသည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ သူမအနောက်တွင် သရဲတစ္ဆေလို ရပ်နေပြီး လည်ပင်းကို ဆန့်ကာ အရသာခံ နားထောင်နေလေ၏။ ရှန်မြောင် ရုတ်တရက် လှည့်လိုက်သည်ကို မြင်သောအခါ သူမက နှုတ်ခမ်းပေါ် လက်ညိုးတင်ကာ မျက်လုံးများ အရောင်တောက်လျက် တိုးတိုးလေး ပြောလိုက်သည်။
"မအော်နဲ့၊ ဆက်နားထောင်ရအောင်"
ပြီးတော့ ယုံကြည်မှုရှိရှိဖြင့် ဆက်ပြောလိုက်သေးသည်။
"ငါ အဝေးကတည်းက အဲဒီအောင်သွယ်တော်နဉ် အိမ်ထဲဝင်သွားတာ မြင်လိုက်ကတည်းက ကိစ္စရှိမှန်း သိနေတာ၊ ထင်တဲ့အတိုင်းပဲ၊ ညည်း မကြောက်ပါနဲ့၊ အောင်သွယ်တော်နဉ်က ဧည့်သည်ပဲ၊ ကုမိသားစုက သူ့ကို ပို့ရင် ရှေ့တံခါးကနေပဲ ပို့မှာ၊ နောက်ဖေးပေါက်ကနေ ထွက်မလာဘူး"
ရှန်မြောင်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။ သူမ တကယ်ပဲ ခိုးနားထောင်ဖို့ လာတာ မဟုတ်ရပါဘူး။ အခုတော့ လီညန်ဇီရဲ့ ကြံရာပါ ဖြစ်သွားရချေပြီ။
သူမ အနေခက်စွာဖြင့် လက်ကာပြလိုက်ပြီး ကိုယ့်အိမ်ဘက်သို့ ကမန်းကတန်း ပြေးဝင်လိုက်တော့သည်။
သို့သော် သူမ ပြန်လာလိုက်သည်က ကံကောင်းသည်ဟု ဆိုရမည်။ ဆိုင်ထဲသို့ လူတစ်ဆယ်ကျော် ရောက်နေပြီး သူတို့အားလုံးသည် ဖန်ယန်ဦးထုပ်များကို ဆောင်းထားကာ ခါးတွင် ခါးပတ်စည်းထားပြီး လက်ကျပ်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ ကျောပေါ်တွင် တုတ်ရှည်၊ မြှားအိတ် သို့မဟုတ် ဓားမကြီးများကို လွယ်ထားကြသည့် နယ်ခြားစောင့်တပ်သားများ ဖြစ်နေလေသည်။
ခမောက်အောက်တွင် လူတိုင်းက မျက်နှာထားတင်းမာကြပြီး အချို့မျက်နှာပေါ်တွင် ဓားဒဏ်ရာများပင် ပါသေးသည်။
ကျိအာနှင့် ရှန်းအာတို့သည် မနက်စာများ ရောင်းပြီး၍ တွန်းလှည်းကို နောက်ဖေးဝင်းထဲ သွင်းပြီးကာစ ဖြစ်သည်။ ထိုလူများ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ကလေးနှစ်ယောက်မှာ ကြောက်လန့်ပြီး မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားကြကာ သူမကို သွားရှာရန် ပြင်နေကြခြင်း ဖြစ်သည်။ သူမသည် ခန်းဆီးကြားမှ အပြင်သို့ ချောင်းကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကို အခန်းထဲ အမြန်သွင်းကာ လေထင်ကို ခေါ်ပြီး တံခါးစောင့်ခိုင်းလိုက်သည်။
"မင်းတို့ အပြင်မထွက်နဲ့နော်၊ မကြီး သွားကြည့်လိုက်မယ်၊ ဘာမှ မဖြစ်ပါဘူး"
ရှန်းအာက ကြောက်လန့်တကြားဖြင့် လေထင်၏ လည်ပင်းကို ဖက်ထားပြီး သူမ၏ အင်္ကျီစကို ဆွဲထားသည်။ "မကြီး ဂရုစိုက်နော်"
ကျိအာကတော့ မျက်နှာတည်သွားပြီး ရုံမိသားစုက သူမကို အနိုင်ကျင့်တုန်းကအတိုင်း ပုံစံပြန်ပေါက်လာကာ လက်မောင်းအင်္ကျီကို ခေါက်တင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"မကြီး၊ တကယ်လို့ တစ်ခုခုဖြစ်ရင် ကျယ်ကျယ်သာ အော်လိုက်၊ ကျွန်တော် မီးဖိုဆောင်ထဲက ဓားသွားယူပြီး သူတို့နဲ့ အသေခံ တိုက်ပစ်မယ်"
"မလိုပါဘူး၊ မလိုပါဘူး၊ တို့အိမ်က မကောင်းတာ လုပ်ထားတာမှ မဟုတ်တာ၊ မင်းတို့ စိတ်အေးအေးသာ နေကြ"
သူမသည် အသက်ဝဝရှူလိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ လိုက်ကာကို မပြီး ဆိုင်ခန်းထဲသို့ ထွက်လိုက်သည်။
"စစ်သည်တော်တို့ မင်္ဂလာပါရှင်၊ ဘာကိစ္စများ ရှိလို့ပါလဲ"
သူမ ဆိုင်ဖွင့်တာ တစ်ရက်ပဲ ရှိသေးတာလေ။ ဥပဒေနဲ့ မလွတ်ကင်းတာ လုပ်မိလို့တော့ မဖြစ်နိုင်ပါဘူး။ မနေ့ကနှင့် ဒီမနက် ရောင်းခဲ့သမျှ အစားအစာတွေကို ခေါင်းထဲတွင် ရုပ်ရှင်ရစ်ပတ်သလို ပြန်စဉ်းစားကြည့်လိုက်သည်။
တစ်ယောက်ယောက်က အစားမှားပြီး ဗိုက်နာလို့ တိုင်ချက်ဖွင့်လိုက်တာများလား။ ဒါပေမဲ့ သူမရဲ့ ကုန်ကြမ်းတွေက လတ်ဆတ်ပါတယ်။ ချက်ပြုတ်တာလည်း သန့်ရှင်းရေး ဂရုစိုက်ပါတယ်။ လက်သုတ်ပဝါဆိုလည်း တခြားဟာနဲ့ မရောဘဲ သီးသန့်ခွဲထားတာ။ ပြီးတော့ သူမချက်တာကို သူမတို့မိသားစုလည်း စားတာပဲလေ။ ဘယ်လိုလုပ် ပြဿနာရှိမှာလဲ။
အဆိုးရွားဆုံး အခြေအနေများကို ခေါင်းထဲတွင် အမြန်စဉ်းစားလိုက်ရင်း ရှန်မြောင်သည် မျက်နှာပေါ်တွင် တည်ငြိမ်ဟန်ဆောင်ထားသော်လည်း ရင်ထဲတွင်တော့ ဒိန်းဒိန်းတဒိုင်းဒိုင်း ခုန်နေတော့သည်။
ထိုစဉ် အလယ်တွင် ထိုင်နေပြီး အခြားတပ်သားများ ဝန်းရံထားသည့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက အသံနက်ကြီးဖြင့် မေးလိုက်သည်။
"မင်းက ရှန်ညန်ဇီ လား"
"ဟုတ်ပါတယ်" ရှန်မြောင်က အားငယ်သည့်ပုံ မပေါက်စေရန် ခါးကို မတ်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်လုံးမော့ကာ သူမကို ကြည့်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ခေါင်းအစခြေအဆုံး အကဲခတ်လိုက်၏။ ထိုလူ၏ မျက်နှာမှာ ရာသီဥတုဒဏ်ခံထားရသည့် ပုံပေါက်ပြီး တည်ကြည်ရုံသာမက စူးရှသည့် သိမ်းငှက်မျက်လုံးများကို ပိုင်ဆိုင်ထားသဖြင့် စိတ်ထဲတွင် ဖိအားပိုများစေသည်။ သူသည် ရှန်မြောင်ကို ခဏကြာအောင် ကြည့်ပြီးနောက် မျက်လုံးလွှဲကာ နံရံပေါ်က ဟင်းလျာစာရင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် ခါးနောက်မှ ဓားကိုဖြုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
"ဟို... ဆီကြော်အသင့်စားထန်းပင် ၁၂ ပွဲ ချပေး"
ရှန်မြောင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် သေချာမကြားလိုက်ဘဲ "ရှင်?" ဟု ယောင်ယမ်းပြီး မေးလိုက်မိသည်။
"ဘာ ရှင် လဲ၊ ဟိုကျောင်းသားလေး ပြောတဲ့ လိပ်စာက ဒီနေရာပဲ၊ ယန်လျိုအရှေ့လမ်းကြားကို ငါအနှံ့လျှောက်ကြည့်ပြီးပြီ၊ မင်းတို့တစ်အိမ်ပဲ မျိုးရိုးနာမည် ရှန် ရှိတာ၊ မင်းဆိုင်က မနေ့က စောစောစီးစီး ပိတ်သွားလို့ ငါ အလကား လာမိသေးတယ်။ မြန်မြန်လုပ်၊ အသင့်စားထန်းပင် ၁၂ ပွဲ၊ ရေနွေးလောင်းလိုက်တာနဲ့ စားလို့ရတယ်ဆိုတဲ့ ဟာလေ"
နောက်ထပ် ငယ်ရွယ်သည့် တပ်သားတစ်ယောက်က လက်ဟန်ခြေဟန်နှင့် စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။
"မင်းက ထန်းပင်အခြောက်နဲ့ ရေနွေးပဲ ယူလာပေး၊ ငါတို့ဘာသာ ငါတို့ ဖျော်စားမယ်"
ပြောပြီးသည်နှင့် ခေါင်းလှည့်ကာ လူလတ်ပိုင်း အမျိုးသားကို မျက်နှာလိုမျက်နှာရ ပြောလိုက်သေးသည်။
"ဆရာ၊ ဆရာ အားတုန်းလေး ကျွန်တော် အဲဒီကျောင်းသားလေး စားတာ မြင်ဖူးတယ်။ ကျွန်တော် ဆရာ့ကို ဖျော်ပေးမယ်၊ ပျော်စရာကောင်းတယ်ဗျ၊ မျက်လှည့်ပြသလိုပဲ၊ မျက်တောင်တစ်ခတ်အတွင်းမှာတင် ထန်းပင်ပန်းကန်ကြီး ဖြစ်လာတာ"
အခြားတပ်သားများက ဝိုင်းရယ်ကြသည်။
"ကြည့်ပါဦး၊ ဒီကောင်လေး သွားရည်ကျနေတာ၊ ဒီလောက်တောင် စွဲလမ်းနေရသလား၊ ငါတို့လည်း နေ့တိုင်း သူ ရွတ်နေတာ နားထောင်ရလွန်းလို့ နားရွက်တောင် အသားမာတက်နေပြီ၊ ရှန်ညန်ဇီရေ မြန်မြန်သာ လုပ်ပေးလိုက်ပါတော့၊ မဟုတ်ရင် ဒီကောင်လေး ပါးစပ်က သွားရည်တွေကျပြီး ခင်ဗျားဆိုင် ရေလွှမ်းသွားလိမ့်မယ်"
ထိုတပ်သားလေးမှာ မျက်နှာရဲသွားပြီး ခေါင်းကုတ်နေတော့သည်။
ဆရာဟု ခေါ်ကြသည့် လူလတ်ပိုင်းအမျိုးသားက ထိုအခါမှ နှုတ်ခမ်းထောင့်စွန်း အနည်းငယ်ကွေးကာ ပြုံးရိပ်သန်းသွားသည်။
"သြော်... အဲလိုလား၊ ကျွန်မ အခုပဲ ယူလာပေးပါ့မယ်" ရှန်မြောင် သက်ပြင်းချလိုက်ပြီး ရင်ဘတ်ကို ဖိကာ လှည့်ထွက်လိုက်သည်။ သူမကို လန့်သေအောင် လုပ်နေကြတာပဲ။
ရေနွေးက အဆင်သင့်ရှိပြီးသားဖြစ်ပြီး ခေါက်ဆွဲခြောက်များကိုလည်း ကြိုတင်ကြော်ထားပြီးဖြစ်သည်။ သူမသည် မြေမီးဖိုဖြင့် အခြောက်ခံထားသည့် ဟင်းသီးဟင်းရွက်ခြောက် လက်တစ်ဆုပ်စာကို ယူလိုက်ပြီး အသားပေါင်းနှင့် ကြက်ဥပေါင်းတို့ကို လှီးဖြတ်ကာ ၁၂ ပွဲစာ ခွဲလိုက်သည်။ ခေါက်ဆွဲပန်းကန်များကို အကြိမ်ကြိမ် သယ်ယူပြီးမှ ပြီးစီးသွားသည်။
ထိုတပ်သားလေးက အော်ကြီးဟစ်ကျယ်ဖြင့် ရေနွေးငှဲ့ကာ သူ့လုပ်ဖော်ကိုင်ဖက်များကို "မျက်လှည့်" ပြနေသည်ကို မြင်လိုက်ရလေသည်။ ရှန်မြောင်သည် ခြေသံဖွဖွဖြင့် မီးဖိုဆောင်မှတဆင့် နောက်ဖေးဝင်းသို့ ပြန်ဝင်လာခဲ့လိုက်၏။ ကျိအာနှင့် ရှန်းအာ ပုန်းနေသည့် အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ အထဲတွင် ရန်သူကို ခုခံရန် အဆင်သင့်အနေအထားဖြင့် ဓားကိုင်ထားသည့် ကျိအာကို တွေ့လိုက်ရသဖြင့် ရယ်ချင်သွားမိတော့သည်။
"ကျိအာ၊ မင်း စာမေးပွဲသွားဖြေတုန်းက အစောင့်တပ်သားတွေကို ဘာတွေ ပြောခဲ့တာလဲ"
ကျိအာက ဓားကိုင်ရင်း ကြောင်သွားသည်။
"ဘာမှ မပြောပါဘူး၊ သူတို့က ထန်းပင် ဘယ်က ဝယ်တာလဲ မေးလို့ ကျွန်တော်က အိမ်လာဝယ်လို့ပဲ ပြောလိုက်တာ"
ရှန်မြောင် သူ့ကို အသံတိတ် လက်မထောင်ပြလိုက်သည်။
ဒီကြော်ငြာက တကယ့်ကို ထိရောက်လွန်းအားကြီးပြီး သူမကို လိပ်ပြာလွင့်မတတ် လန့်သွားစေခဲ့သည်။
သူမ ဆိုင်ထဲသို့ ပြန်ဝင်လာတော့ အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း တပ်သားများသည် ခေါက်ဆွဲပြုတ်ပြီးကြပြီဖြစ်ရာ ခေါင်းငုံ့ပြီး တရှူးရှူးတရှဲရှဲ စားသောက်နေကြသည်။ ထန်းပင်ဆိုင်တစ်ဆိုင်လုံးတွင် အနီရောင် အမဲပေါင်းခေါက်ဆွဲနံ့များ လှိုင်နေပြီး သူမပင် ဗိုက်ဆာချင်လာသလို ခံစားလိုက်ရသည်။
သူမသည် ဆိုင်ပေါက်ဝသို့ထွက်ပြီး လေရှူလိုက်ရတော့သည်။ ထိုစဉ် မလှမ်းမကမ်းရှိ "တုန့်ဝူ ငါးဟင်းရည်ဆိုင်" ဆိုင်းဘုတ်တပ်ထားသည့် စားသောက်ဆိုင်ရှေ့မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရသည်။ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ခန္ဓာကိုယ်ထွားကြိုင်းသန်မာသည့် ၁၇ နှစ် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို တင်းကျပ်စွာ ဆွဲထားပြီး ဆိုင်ထဲမှ စားပွဲထိုးတစ်ယောက်က ရိုင်းစိုင်းစွာ တွန်းထုတ်နေသည်ကို တွေ့လိုက်ရသည်။ စားပွဲထိုးက ယင်ကောင်မောင်းသကဲ့သို့ လက်ကို ဝှေ့ယမ်းကာ စိတ်မရှည်စွာ ပြောလိုက်သည်။
"ဒီမိန်းမကြီးက လာနောက်နေတာလား၊ ခင်ဗျားသမီးက သုံးနှစ်သမီးလောက်တောင် ဉာဏ်မရှိတဲ့ အရူးမလေ။ ဘယ်လိုလုပ် အလုပ်လာရှာရဲတာလဲ၊ သွား သွား၊ နောက်တခါ လာမရှုပ်နဲ့၊ မြန်မြန်သွား၊ မနက်စောစောစီးစီး ကျက်သရေတုံးတယ်။ ဆိုင်က ဧည့်သည်တွေ ထွက်ပြေးကုန်လိမ့်မယ်"
ထိုအမျိုးသမီးကြီးမှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ဝဲနေသော်လည်း နောက်ဆုံးတွင် ဘာမှပြန်မပြောရှာပေ။ ကြောင်တောင်တောင် ဖြစ်နေပြီး ဘာဖြစ်မှန်းမသိသည့် သမီးဖြစ်သူကို ဆွဲကာ ဒေါသကို မြိုသိပ်ပြီး လှည့်ထွက်လာခဲ့သည်။
ထိုသားအမိနှစ်ယောက်သည် ခြေလှမ်းလေးလံစွာဖြင့် လျှောက်လာကြ၏။ မိခင်ဖြစ်သူက သူမထက် ခေါင်းတစ်လုံးပိုမြင့်သည့် သမီးကို ဆွဲကာ ခေါင်းငိုက်စိုက်ချပြီး ရှန်မြောင်၏ ဆိုင်ရှေ့မှ ဖြတ်သွားကြသည်။
ဘေးချင်းယှဉ် လျှောက်သွားသည့် တစ်ခဏတာအတွင်း ရှန်မြောင်သည် ထိုသားအမိနှစ်ယောက်၏ ပုံစံကို မြင်လိုက်ရသည်။
သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ထဲတွင် တစ်စုံတစ်ယောက်က ဆွဲညှစ်လိုက်သလို နာကျင်သွားရသည်။
ထိုသားအမိနှစ်ယောက်စလုံး ရိုးရှင်းစွာ ဝတ်ဆင်ထားကြသည်။ အညိုရောင် ဖျင်ကြမ်း လက်တိုအင်္ကျီ၊ ဘောင်းဘီနှင့်ဂါဝန်များကို ဝတ်ဆင်ထားသည်။ မိခင်ဖြစ်သူ၏ ရုပ်ရည်မှာ အသက်အရွယ်ထက် ပိုအိုစာနေပြီး ပိန်ပိန်ပါးပါးနှင့် အလုပ်ပင်ပန်းဒဏ်ကြောင့် ခါးပင် အနည်းငယ် ကိုင်းနေသည်။ သို့သော် သူမက သမီးဖြစ်သူကိုတော့ အရပ်ရှည်ရှည် သန်သန်မာမာနှင့် အသားအရေ စိုပြည်ကျန်းမာအောင် မွေးမြူထားလေသည်။ သမီးဖြစ်သူ၏ ရုပ်ရည်ကတော့ အနည်းငယ် ထူးဆန်းနေသည်။ သူမတွင် ကျယ်ဝန်းသည့် မျက်လုံးအကွာအဝေး၊ ပြားကပ်ကပ် နှာတံတို့ ရှိပြီး မျက်နှာထားမှာ တည်ငြိမ်မှုမရှိဘဲ ကြောင်ငေးနေသည်။ သူမသည် ပါးစပ်ကို မသိမသာ ဟထားပြီး စကားပြောချင်သော်လည်း တိုတောင်းပြီး မပီသသည့် အသံများသာ ထွက်ပေါ်လာသည်။
"မေ... မေ..."
အမေ ဟု ခေါ်ရန် ကြိုးစားနေသည့် သူမ၏အသံကို ရှန်မြောင် ကြားလိုက်ရ၏။
မိခင်ဖြစ်သူသည် ခေါင်းငိုက်စိုက်ချထားရင်း အောင့်ထားသည့် မျက်ရည်များက နောက်ဆုံးတွင် ကျဆင်းလာတော့သည်။
...
အပိုင်း (၅၆) ဟူထုခေါက်ဆွဲ
ရှန်မြောင်သည် သူတို့အဝေးသို့ ရောက်သွားသည်အထိ ကြည့်နေပြီးမှ ပြန်လှည့်ကာ စစ်သည်များ စားသောက်ထားခဲ့သည့် ပန်းကန်များကို သိမ်းဆည်းလိုက်\။
စစ်သည်အဖွဲ့ခေါင်းဆောင်သည် စားသောက်ပြီးသော ခေါက်ဆွဲပန်းကန်ကို ကြည့်ကာ ခဏလောက် တွေးတောနေလေသည်။ ထို့နောက် ငွေစတစ်တုံးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး "ပြန်အမ်းစရာ မလိုတော့ဘူး" ဟု ပြောကာ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြသော လက်အောက်ငယ်သားများကို ခေါ်၍ ထွက်ခွာသွားတော့သည်။
ရှန်မြောင်သည် ကြောက်လန့်နေသော စိတ်နှလုံးကို ထိုငွေစလေးက နှစ်သိမ့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
တကယ်ပဲ ငွေတုံးတွေနဲ့ ရှင်းသွားတာပဲ!
သူမသည် လက်ထဲတွင် ချိန်ဆကြည့်လိုက်ရာ အနည်းဆုံး ၁ လျန်ခန့် လေးမည်ဟု ထင်ရသည်။ ၁ လျန်ဆိုသည်မှာ ဝမ် ၁၀၀၀ နှင့် ညီမျှလေသည်။ သူမ၏ အသင့်စားခေါက်ဆွဲသည် အသားနှင့် ကြက်ဥပါလျှင် ၁၈ ဝမ်သာ ရှိရာ ဤငွေစလေးဖြင့် ပွဲ၅၀ ကျော် ဝယ်စား၍ ရနိုင်လေသည်။
ထို့ကြောင့် သူမသည် ငွေစကို ရင်ခွင်ထဲသို့ ကမန်းကတန်း ထည့်လိုက်ပြီး မျက်လုံးများ မှေးစင်းသွားသည်အထိ ပြုံးရွှင်စွာဖြင့် တံခါးဝအထိ လိုက်ပို့လိုက်သည်။
"စစ်သည်တော်ကြီးတို့ ကောင်းကောင်းစားသွားကြနော်၊ နောက်တစ်ခါ လာခဲ့ကြပါဦး၊ ကျွန်မဆိုင်မှာ တခြားစားကောင်းတဲ့ ခေါက်ဆွဲတွေ အများကြီး ရှိပါသေးတယ်၊ နောက်တစ်ခါကျရင် လာမြည်းစမ်းကြည့်ကြပါဦး”
သူမ၏ သဘောထား ပြောင်းလဲသွားပုံမှာ မြန်ဆန်လွန်းသဖြင့် မြင်းပေါ်သို့ တက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီးပင်လျှင် လှည့်ကြည့်မိသွားသည်။
ရှန်မြောင်သည် မျက်နှာပူခြင်းမရှိဘဲ တောက်ပစွာ ပြုံးပြကာ လက်ကိုပါ ဝှေ့ယမ်းပြလိုက်သည်။
"စစ်သည်တော်တို့ မြင်းကို ဖြည်းဖြည်းစီးကြနော်၊ ခရီးလမ်းသာပါစေ”
သူမ၏စကားကို မြင်းခွာသံများနှင့်အတူ လွင့်ပျံ့လာသော ဖုန်မှုန့်များကသာ ပြန်လည်ဖြေကြားသွားသည်။
ရှန်မြောင်သည် သီချင်းတညည်းညည်းဖြင့် ပန်းကန်ဆေးရန် ပြန်ဝင်လာခဲ့လိုက်သည်။
ထို့နောက်တွင်လည်း ဧည့်သည်အနည်းငယ် ဝင်ရောက်လာပြီးနောက် ရှန်မြောင်သည် ပိုက်ဆံအိုးကို ယူကာ နေ့ဝက်စာရင်းကို တွက်ချက်ကြည့်လိုက်လေသည်။
ယခုအခါ သူမ၏ဆိုင်တွင် ဟင်းရည် ၂ မျိုးနှင့် ခေါက်ဆွဲ ၆ မျိုး ရောင်းချနေသည်။
သိုးသားစွပ်ပြုတ် တစ်ပွဲ ၃၀ ဝမ်၊ သိုးသားခေါက်ဆွဲ တစ်ပွဲ ၃၅ ဝမ် ဖြစ်ပြီး ဈေးအကြီးဆုံး ဖြစ်သည်။
အသင့်စားခေါက်ဆွဲသည် အသားနှင့် ကြက်ဥ မပါလျှင် ၁၂ ဝမ်၊ ပါလျှင် ၁၈ ဝမ် ဖြစ်သည်။
ပဲခေါက်ဆွဲ၊ ပေါင်းခေါက်ဆွဲ ၁၂ ဝမ်၊ ဟူထုခေါက်ဆွဲ ၁၅ ဝမ်။
အသီးအရွက်ဖက်ထုပ်ဟင်းရည် ၁၅ ဝမ်၊ အသားလုံးဟင်းရည် ၁၈ ဝမ်။
ဈေးအသက်သာဆုံးမှာ ဝက်ရိုးပြုတ်ဟင်းရည် ခေါက်ဆွဲ ဖြစ်ပြီး ၁၀ ဝမ် ဖြစ်သည်။
မနက်ပိုင်းတွင် အသင့်စားခေါက်ဆွဲ ၂၅ ပွဲအတွက် ၄၅၀ ဝမ်၊ သိုးသားစွပ်ပြုတ် ၈ ပွဲအတွက် ၂၄၀ ဝမ်၊ သိုးသားခေါက်ဆွဲ ၃ ပွဲအတွက် ၁၀၅ ဝမ်၊ ပဲခေါက်ဆွဲ ၁၆ ပွဲအတွက် ၁၉၂ ဝမ်၊ ဝက်ရိုးပြုတ်ဟင်းရည် ခေါက်ဆွဲ ၁၀ ပွဲအတွက် ၁၀၀ ဝမ် ရရှိခဲ့သည်။ စစ်သည်အဖွဲ့ခေါင်းဆောင် အပိုပေးသွားသော ငွေကို မထည့်တွက်လျှင်ပင် ရောင်းရငွေသည် ဝမ်၁၀၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။
ထို့ပြင် ရှန်းအာသည် မနက်က ရှောင်လုံပေါင်း ၂၅ ပေါင်း၊ ပဲနီဌာပနာ ပေါင်မုန့်တန်း ၄၀ နှင့် အခြားပေါက်စီ၊ မန်ထိုများကို ရောင်းချခဲ့ရာ မနက်စာရောင်းရငွေသည်လည်း ဝမ်၁၀၀၀ကျော် ရရှိခဲ့သည်။
နေ့ဝက်အတွင်းတွင် ဝမ်၂၀၀၀ ကျော် ရရှိခဲ့သဖြင့် အရင်းကျေသည်ဟု ဆိုနိုင်သည်။
မနက်ဖြန်မှစ၍ မနက်စာအတွက် ရှောင်လုံပေါင်းနှင့် ပဲနီဌာပနာ ပေါင်မုန့်တန်းကို ပိုလုပ်ရမည်။ အခြားပေါက်စီများသည် ပုံမှန်သာ ရောင်းရသဖြင့် အများကြီး လုပ်စရာမလိုတော့ပေ။
ဟန်ကျိုးရှောင်လုံပေါင်း နာမည်ခံထားသော "လင်းအန်းရှောင်လုံပေါင်း" သည် သူမ၏ဆိုင်ဖွင့်သည့် ပထမဆုံးနေ့တွင် အရောင်းရဆုံး မနက်စာ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ၂၅ပေါင်းသည် မျက်တောင်တစ်ခတ်အတွင်း ကုန်သွားခဲ့သည်။ ရှန်းအာက ခုန်ဆွခုန်ဆွဖြင့် ဝင်လာပြီး ထပ်ရှိသေးလားဟု မေးသောအခါ သူမမှာ အံ့ဩသွားခဲ့ရသည်။ မူလက ဖောက်သည်ဟောင်း ရှိပြီးသား ပဲနီဌာပနာ ပေါင်မုန့်တန်း သို့မဟုတ် ဈေးသက်သာပြီး အစာထူးခြားသည့် မုန်လာဥမျှင်ပုစွန်ခြောက်ပေါက်စီက ထိပ်ဆုံးရောက်မည်ဟု ထင်ထားခဲ့သော်လည်း သူမ သာမန်ဟု ထင်ထားသော ရှောင်လုံပေါင်းက ထိပ်ဆုံးရောက်သွားခဲ့သည်။
ဒီရှောင်လုံပေါင်းက ပြောရမယ်ဆိုရင် အသားမန်ထိုကို ဆိုဒ်ချုံ့ထားတာပဲလေ။
ပြန့်ကျင်းမြို့တွင် အသားမန်ထို ရောင်းသည့်ဆိုင် မရှားပေ။ သူမအိမ်မှ ထွက်လိုက်သည်နှင့် "မန်ထို" ဟူသော ဆိုင်းဘုတ်ချိတ်ထားသည့် ဆိုင် ၄ ဆိုင်၊ ၅ ဆိုင် ရှိပြီး အားလုံးက အသားမန်ထို ရောင်းချကြသည်။ ဈေးနှုန်းမှာလည်း ရှန်မြောင်ထက် သက်သာပြီး အသားမန်ထို အကြီးကြီးတစ်လုံးလျှင် ၅ ဝမ်ခန့်သာ ရှိသည်။
ရှန်မြောင်၏ ရှောင်လုံပေါင်းသည် တစ်ပေါင်းချောင်တွင် ၈ လုံးပါပြီး အသားလွှာပါးပါး အစာများများဟု ထင်ရသော်လည်း တကယ်တမ်း ကုန်ကျစရိတ်မှာ သူများဆိုင်မှ အသားမန်ထိုအကြီးကြီး တစ်လုံးစာထက် နည်းပါးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သေးငယ်လွန်းသဖြင့် အသားလွှာ မည်မျှပါးပါး အစာအများကြီး ထည့်၍ မရသောကြောင့်ပင်။
ထို့ပြင် ရှောင်လုံပေါင်း ပြုလုပ်ရသည်မှာ အခြားပေါက်စီများထက် ပိုလွယ်ကူသည်။ ဂျုံနယ်စရာမလို၊ ဒလိမ့်တုံးလှိမ့်စရာမလိုဘဲ ရေထည့်ပြီး တူဖြင့် မွှေကာ အလုံးလိုက် ဆုပ်ပြီး နှပ်ထားလိုက်ရုံပင်။ အသားလွှာပါးပါး ရလိုလျှင် ဝက်သုံးထပ်သား ၅၀ ကျပ်သားကို နှုတ်နှုတ်စင်းပြီး တစ်ဝက်ကို ဒယ်အိုးထဲတွင် ထည့်ကြော်၊ ပဲငံပြာရည်အချို၊ ပဲငံပြာရည်အငန်၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက် စသည်တို့ကို ထည့်ကာ မွှေးကြိုင်သော အသားဟင်းအနှစ် ရအောင် ချက်ပြီး ကျန်သော အသားစိမ်းများ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့နှင့် ရောနယ်လိုက်လျှင် ရပြီ။ အသား ၅၀ ကျပ်သား၊ ဂျုံ ၅၀ ကျပ်သားဆိုလျှင် ၄၈ လုံး၊ ၆ ပေါင်းချောင်စာ ရရှိနိုင်သည်။
ကောက်ကျစ်စဉ်းလဲသော ဈေးသည်များဆိုလျှင် ဤကဲ့သို့သော အသားမန်ထို ပြုလုပ်ရာတွင် ၂ ရက်၊ ၃ ရက်ကြာ ကျန်နေသော အသားများကို ဝယ်ယူသုံးစွဲတတ်ကြသည်။ အစာထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် များများထည့်၊ အမွှေးအကြိုင်များ ထည့်ချက်ထားသဖြင့် အသား လတ်၊မလတ်ကို စားသုံးသူများ မသိနိုင်ပေ။ ထိုနည်းဖြင့် ကုန်ကျစရိတ် အလွန်သက်သာစွာဖြင့် ၇ ပေါင်းချောင်၊ ၈ ပေါင်းချောင် ရအောင် ပြုလုပ်ကြသည်။
သို့သော် ရှန်မြောင်ကတော့ ထိုသို့ မလုပ်ပေ။ အဓိကအားဖြင့် သူမသည် အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရောင်းချလိုခြင်း ဖြစ်သည်။ ငွေရှာရန်အတွက် မသမာသော နည်းလမ်းများကို မသုံးချင်ပေ။ မန်ထိုတစ်ပေါင်းချောင်တွင် အမြတ်ငွေ အနည်းငယ် လျော့နည်းသွားသော်လည်း စိတ်သန့်ရှင်းမှု ရှိခြင်းသည်သာ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ရေရှည်တည်တံ့မည့် နည်းလမ်းပင်။
ရှောင်လုံပေါင်းသာမက အခြားခေါက်ဆွဲများတွင် ထည့်သော အသားများကိုလည်း ဝက်သတ်သမားကျန့်ထံမှ ကျန်နေသော အသားများကို ဘယ်တော့မှ မဝယ်ပေ။ သူမသည် အသားရွေးတတ်သဖြင့် မန်ထိုလုပ်ရန်၊ ခေါက်ဆွဲလုပ်ရန်အတွက် ဝက်သုံးထပ်သားကို အဆီအသား မျှတအောင် ရွေးချယ်တတ်ပြီး အဆီများသော်လည်း အီမသွားစေရန် စီမံတတ်လေသည်။
နေမင်းကြီးသည် တဖြည်းဖြည်း မြင့်တက်လာပြီး နေ့လယ်စာ စားချိန်နီးလာလေပြီ။
ဧည့်သည် အရေအတွက်ကလည်း လျော့နည်းသွားသည်။ ပြန့်ကျင်းမြို့သူမြို့သားများသည် နေ့စဉ် ထမင်းသုံးနပ်လုံး ဂျုံအစားအစာကိုသာ အဓိကစားသုံးကြသဖြင့် ကစီဓာတ်လွန်ကဲကာ နေ့လယ်ဘက်ရောက်လျှင် အိပ်ငိုက်တတ်ကြသည်လား မသိပေ။ နေ့လယ်ရောက်သည်နှင့် နေပူရှိန်အောက်တွင် လမ်းတစ်လမ်းလုံး လူသူကင်းမဲ့သွားပြီး ဆိုင်ခန်းပိုင်ရှင်များနှင့် စားပွဲထိုးများသည် ဟိုတစ်ယောက် ဒီတစ်ယောက် အိပ်ပျော်နေကြတော့သည်။ ကစီဓာတ်မူးဝေခြင်းသည် လက်တွေ့ဘဝတွင် အမှန်တကယ် ဖြစ်ပျက်နေခြင်း ဖြစ်သည်။
ကျိအာနှင့် ရှန်းအာတို့လည်း အိပ်ပျော်သွားကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ နေ့လယ်စာ စားပြီးချိန်တွင် အိပ်လေ့မရှိသော ရှန်မြောင်တစ်ယောက် ပျင်းရိလာတော့၏။
သူမသည် ပျင်းပျင်းရှိသဖြင့် တံမြက်စည်းလှည်း၊ မီးဖိုရှင်း၊ ပန်းကန်ဆေး လုပ်ပြီးနောက် ခါးထောက်ကာ မော့ကြည့်လိုက်ရာ နေသာသည်ကို တွေ့သဖြင့် အိမ်ရှိ ခွေးနှစ်ကောင်ကို ရေချိုးပေးလိုက်သည်။
နေ့လယ်စာ စားပြီး အိပ်မောကျနေသော ခွေးပေါက်လေးနှင့် လေထင်တို့သည် အတင်းဆွဲထူခံရသဖြင့် မျက်လုံးများ ကြောင်တောင်တောင် ဖြစ်နေကြသည်။ ရှန်မြောင်သည် သပွတ်အူဟောင်းဖြင့် ခေါင်းမှ ခြေအဆုံး ပွတ်တိုက်ဆေးကြောပေးပြီး ခြေသည်း၊ လက်သည်းများကိုပါ ညှပ်ပေးလိုက်သည်။
ထို့နောက် လုပ်စရာမရှိတော့သဖြင့် ရှန်မြောင်လည်း ခဏတာ မှေးစက်လိုက်သည်။ သူမသည် အရင်ဘဝကတည်းက စွမ်းအင်ပြည့်ဝသူ ဖြစ်သည်။ အခြားသူများ တစ်နေ့လျှင် ၈ နာရီ အိပ်မှ အားပြည့်သော်လည်း သူမသည် ၅ နာရီခန့် အိပ်လိုက်လျှင် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဆက်တိုက် လှုပ်ရှားနိုင်လေသည်။
အဘိုးက သူမငယ်စဉ်ကတည်းက နွားကဲ့သို့ ခွန်အားကြီးသဖြင့် "Red Bull" နှစ်ဘူးလောက် မတိုက်လျှင် ထိန်းမရဘူးဟု ပြောဖူးသည်။
သူများတွေက သူမကိုကြည့်ပြီး ပင်ပန်းလိုက်တာဟု ထင်ကြသော်လည်း သူမကမူ ပျော်ရွှင်နေတတ်သည်။ ကိုယ်ဝါသနာပါသော အလုပ်ကို လုပ်နေရသဖြင့် အလုပ်များခြင်းသည် ပင်ပန်းခြင်း မဟုတ်ဘဲ ချိုမြိန်ခြင်း ဖြစ်နေသောကြောင့်ဖြစ်နိုင်သည်။
တစ်ခါတစ်ရံ အားလပ်သွားလျှင် သူမမှာ နေသားမကျသလို ဖြစ်သွားတတ်သည်။
နေ့လယ်အိပ်ရာထပြီးနောက် ညစာစားချိန် မရောက်သေးသဖြင့် ကျိအာသည် ရှန်မြောင်ကို ပြောကာ လန်ရှင်းစာအုပ်ဆိုင်သို့ စာဖတ်ရန် ထွက်သွားလေသည်။ တော်ဝင်ကျောင်းတော် ဝင်ခွင့်စာမေးပွဲ အဖြေမထွက်သေးသော်လည်း ကျိအာသည် နေ့စဉ် စာဖတ်သည့် အလေ့အကျင့် ရနေပြီဖြစ်သဖြင့် နောင်တစ်ချိန်တွင် အကျိုးရှိလာမည်ဖြစ်ရာ ရှန်မြောင်ကလည်း ဝမ်းသာရလေသည်။
မနက်စာအရောင်းစာရေးမလေး ရှန်းအာသည်လည်း အလုပ်ဆင်းပြီဖြစ်ရာ ရှန်မြောင်ပေးထားသော "လုပ်အားခ" ၂ ဝမ်ကို ကိုင်ကာ အိမ်ရှိ ခွေးပေါက်လေးကို ဆွဲပြီး လီကိုအာနှင့်အတူ ခွေးကျောင်းရန်၊ သကြားလုံးဆိုင်သို့ သကြားလုံးဝယ်စားရန် ထွက်သွားလေသည်။
ရှန်မြောင်က ခွေးပေါက်လေးအတွက် နာမည်မပေးရသေးသဖြင့် ရှန်းအာက "ကိုအာ၊ ကိုအာ (ခွေးလေး၊ ခွေးလေး)" ဟု ခေါ်နေသည်ကို အဒေါ်လီက သဘောမကျပေ။ ရှန်မြောင်က တစ်ခုခုကို ရည်ရွယ်ပြောဆိုနေသည်ဟု ထင်မြင်နေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် နှမ်းတစ်ထုပ်၊ ဆားတစ်ထုပ်ကို ယူကာ လီကိုအာ တက်ရောက်နေသော စာသင်ဝိုင်းမှ ဆိတ်မုတ်ဆိတ်နှင့် ဆရာကြီးထံ သွားရောက်ပြီး သူမ၏သား လီကိုအာအတွက် နာမည်ကောင်းတစ်ခု ပေးရန် တောင်းဆိုခဲ့သည်။
ယခုအခါ လီကိုအာသည် "လီပေါ်" ဟု အမည်ပြောင်းသွားပြီ ဖြစ်သည်။ သို့သော် နာမည်ပြောင်းသော်လည်း မှတ်မိသူ မရှိသဖြင့် အားလုံးက လီကိုအာဟုပင် ဆက်လက်ခေါ်ဝေါ်နေကြသည်။
အဒေါ်ကုက မနေ့က သူမကို တီးတိုးလာပြောလေသည်။ အဒေါ်လီက အိမ်နီးနားချင်းများကို မကျေမနပ် ပြောဆိုနေကြောင်း၊ စာမေးပွဲအဖြေ မထွက်သေးဘဲ ကျိအာလည်း တော်ဝင်ကျောင်းတော် ဝင်ခွင့်ရမရ မသေချာသေးဘဲ ရှန်မြောင်က ချမ်းသာလာသည်နှင့် ဆိုင်ဖွင့်ပြီး မောက်မာလာကြောင်း၊ သူမ၏သားနာမည်ကို လှောင်ပြောင်ကြောင်း စသည်ဖြင့် ပြောဆိုနေသည်ဟု သိရသည်။
ရှန်မြောင်မှာ တကယ် မတရား စွပ်စွဲခံလိုက်ရခြင်းပင်။ ခွေးတစ်ကောင်မွေးပြီး လီကိုအာနှင့် နာမည်တူအောင် တမင်တကာ လုပ်ခြင်း မဟုတ်ရပါပေ။ ထို့ကြောင့် သူမသည် အခြားသူများ အထင်မလွဲစေရန် ခွေးပေါက်လေးအတွက် နာမည်ကောင်းတစ်ခု စဉ်းစားနေရတော့သည်။
လူကြီးများအကြား အဖုအထစ်များ ရှိနေသော်လည်း လီကိုအာနှင့် ရှန်းအာတို့၏ ခင်မင်မှုကို မထိခိုက်စေခဲ့ပေ။ လီကိုအာသည် ငယ်စဉ်က ကျန်းမာရေးမကောင်းသဖြင့် အဒေါ်လီက မျက်လုံးအိမ်ထဲက မျက်လုံးကဲ့သို့ ဂရုစိုက်ခဲ့သည်။ မြစ်ထဲဆင်းပြီး ငါးမဖမ်းရ၊ လမ်းကြားထဲ လျှောက်မသွားရ၊ သစ်ပင်တက်ပြီး ငှက်သိုက် မရှာရ စသည်ဖြင့် တားမြစ်ထားခဲ့သည်။ နောက်ပိုင်းတွင် စာဖတ်ခိုင်းထားခဲ့သည်။ ရှန်းအာတစ်ယောက်သာ သူ့ကို အားနွဲ့သည်ဟု အပြစ်မတင်ဘဲ ခြံဝင်းထဲတွင် အတူတူ အိမ်ဆောက်တမ်း ကစားလေ့ရှိသဖြင့် သူတို့နှစ်ဦး အလွန်ရင်းနှီးကြသည်။
ရှန်းအာ ပြန်ရောက်လာကတည်းက လီကိုအာသည် ဤလမ်းကြားထဲတွင် အပျော်ရွှင်ဆုံးလူ ဖြစ်နေသည်။ ရှန်မြောင် အလုပ်ရှုပ်နေချိန်တွင် သူသည် နောက်ဖေးပေါက်မှ ဝင်လာပြီး ရှန်းအာကို လာရှာတတ်သည်။ သူ့အဖေ လီလီထျောင်ဇီ ကိုယ်တိုင် ပြုလုပ်ထားသော မြေရုပ်ကလေးနှစ်ရုပ်ကိုပင် ရှန်းအာကို လက်ဆောင်ပေးထားလေသည်။ ရုရှားအရုပ်များကဲ့သို့ ဖွင့်လိုက်လျှင် အထဲတွင် အရုပ်သေးသေးလေး တစ်ရုပ် ပါရှိသည်။ ကြမ်းတမ်းသလို ရှိသော်လည်း သေသပ်လှပသဖြင့် ယခုအခါ ရှန်းအာ၏ အခန်းပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားလေသည်။
အဒေါ်လီက မကျေမနပ် ပြောဆိုနေသော်လည်း လီကိုအာကမူ ရှန်းအာ၏ ခွေးနှင့် သူ့နာမည် တူနေသည်ကို သဘောကျနေပုံရသည်။ အကြောင်းမှာ ရှန်းအာက သူ့ကို လေးလေးနက်နက် ကြေညာထားသောကြောင့် ဖြစ်သည်။ "ဒီခွေးလေးက ငါ့မောင်လေးပဲ၊ ငါ မကြီး ဖြစ်သွားပြီ”
ယခုအခါ ရှန်မိသားစုတွင် ရှန်မြောင်က အကြီးဆုံး၊ ရှန်ကျိက ဒုတိယ၊ အသက် ၈နှစ် ဖြစ်သည့် လေထင်က တတိယ၊ သူမက စတုတ္ထ၊ ခွေးပေါက်လေးက ပဉ္စမ ဖြစ်သည်။
ထို့ကြောင့် လီကိုအာက ရှန်းအာနှင့် အလေးအနက် ဆွေးနွေးနေလေသည်။
"ဒါဆိုရင် ဒီလိုလုပ်လေ၊ သူက နင့်ရဲ့ ခွေးမောင်လေးဆိုတော့ ငါ့ရဲ့ ခွေးညီလေးလည်း ဖြစ်တာပေါ့၊ နောက်ဆိုရင် ငါက တာ့ကိုအာ(ကိုအာကြီး)၊ သူက အာ့ကိုအာ(ကိုအာငယ်) လုပ်လိုက်မယ်၊ နင် ကိုအာ လို့ ခေါ်ရင် ငါတို့နှစ်ယောက်လုံး ထူးနေရတာ သက်သာသွားတာပေါ့”
ရှန်းအာက ချက်ချင်း ခေါင်းခါလိုက်သည်။
"ရှန်အာ့ကို ဆိုတာကြီးက နားထောင်ရခက်လိုက်တာ”
လီကိုအာသည် စိတ်ဆိုးသွားတော့သည်။ "ရုပ်ဆိုးတယ်၊ ဘယ်လိုလုပ် ရုပ်ဆိုးရမှာလဲ၊ ဒါဆို ငါ့နာမည်ကျတော့ရော ရုပ်ဆိုးတယ်လို့ နင် ထင်တာလား”
ရှန်းအာက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ မျက်နှာပေးမှာ "နင့်နာမည် နားထောင်ကောင်း မကောင်း နင့်ဟာနင် စဉ်းစားကြည့်လေ၊ ငါပြောမှ သိမှာလား" ဟူသော ပုံစံပေါက်နေသဖြင့် ဘေးတွင် ဟင်းရွက်သင်နေသော ရှန်မြောင်မှာ သီးမတတ် ဖြစ်သွားရသည်။
ရှန်မြောင်သည် စားပွဲသုတ်ရင်း ထိုအသေးအဖွဲ ကိစ္စလေးများကို တွေးတောကာ ဘဝသည် ပျော်ရွှင်စရာကောင်းပါလားဟု ခံစားလိုက်ရသည်။ အရင်က သူမ အလွန်အလုပ်ရှုပ်ခဲ့သည်။ ဆိုင်ခွဲဖွင့်လိုက်၊ ပြိုင်ပွဲဝင်လိုက်၊ ကုန်ကြမ်းစက်ရုံ သွားလေ့လာလိုက်ဖြင့် နေ့စဉ်ဘဝသည် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ကဲ့သို့ အရသာမျိုးစုံ ရှိနေမှန်း မေ့လျော့နေခဲ့သည်။
ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အရသာငါးပါး ပြည့်စုံမှသာ ဘဝဟု ခေါ်ဆိုနိုင်သည်။ မည်သည့်အရသာပင် ဖြစ်ပါစေ၊ ရှန်မြောင်သည် လက်ခံ၊ ပွေ့ဖက်၊ ခံစားရန် ဆုံးဖြတ်ထားသည်။
စားပွဲသုတ်ပြီးနောက် ရှန်မြောင်သည် အကြောဆန့်လိုက်ပြီး နောက်ဖေးခြံထဲသို့ ဝင်ကာ ဟင်းရွက်ခင်းရေလောင်း၊ ကြက်စာကျွေး လုပ်ရန် ပြင်ဆင်လိုက်၏။ ခြေလှမ်းလှမ်းလိုက်စဉ် တံခါးဝမှ ပင်ပန်းနွမ်းနယ်ပြီး ကြောက်ရွံ့နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"လူရှိလားရှင်”
"ရှိပါတယ်၊ ရှိပါတယ်”
ရှန်မြောင်သည် မီးဖိုဆောင်ထဲမှ ခန်းဆီးကို မကာ အပြင်သို့ လှမ်းကြည့်လိုက်ရာ မနက်က တွေ့ခဲ့ရသည့် ခါးကိုင်းကိုင်းနှင့် ရုပ်ရည်အိုမင်းသော်လည်း သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးကြီး ဖြစ်နေလေသည်။ သူမ၏ ဖြူဖွေးနေသော ဆံပင်များကို သစ်သားဆံထိုးဖြင့် ထုံးဖွဲ့ထားပြီး ပန်းပွင့်ရိုက် ပိတ်စဖြင့် စည်းနှောင်ထားရာ ဆံပင်တစ်ချောင်းမျှ ကျွတ်ထွက်ခြင်း မရှိပေ။
သူမသည် ဉာဏ်ရည်မမီသော သမီးဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ သမီးဖြစ်သူကလည်း မိခင်၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေပုံမှာ အသိုက်မှ ကွဲကွာမည်ကို ကြောက်ရွံ့နေသော ငှက်ငယ်လေးတစ်ကောင်နှယ်ပင်။
အမျိုးသမီးကြီးသည် အခြားသူများ၏ အထူးအဆန်းသဖွယ် ကြည့်ရှုခြင်းကို နေသားကျနေပုံရသည်။ ဝင်လာပြီးနောက် ရှန်မြောင်၏ တိတ်ဆိတ်မှုကို ဂရုမစိုက်ဘဲ ထိုင်ခုံတွင် ချက်ချင်း ဝင်မထိုင်သေးဘဲ ဆိုင်အတွင်းရှိ ပစ္စည်းများကို လိုက်လံကြည့်ရှုနေသည်။ ထို့နောက် ကြမ်းပြင်နှင့် စားပွဲကုလားထိုင်များ သန့်ရှင်းနေသည်ကို ငုံ့ကြည့်လိုက်သည်။ ပြန်မော့ကြည့်လိုက်သောအခါ နံရံပေါ်ရှိ ဟင်းပွဲစာရင်းကို တွေ့လိုက်ရသဖြင့် ကြောင်သွားသည်။ ဤဆိုင်သည် အထူးတဆန်းပင်။ ခရီးဦးကြိုပြုမည့် စားပွဲထိုး မရှိသည့်အပြင် ဤကဲ့သို့သော ဟင်းပွဲစာရင်းကို ကပ်ထားသေးသည်။
ဒီဆိုင်ကို လာစားတဲ့သူတွေက စာတတ်ပေတတ်တွေများလား။ အမျိုးသမီးကြီးသည် ဝင်လာမိသည်ကို နောင်တရသွား၏။ သူမသည် ဆိုင်ဆိုင်းဘုတ် ဟောင်းနွမ်းနေပြီး မျက်နှာစာ ကျဉ်းမြောင်းသဖြင့် ဈေးကြီးမည် မဟုတ်ဟု ထင်မှတ်ကာ ဝင်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ရောက်လာပြီဖြစ်ရာ... သူမ စာမတတ်သဖြင့် နံရံပေါ်ရှိ စာရင်းကို နားမလည်ပေ။ ထို့ကြောင့် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
"ဆိုင်ရှင်... ဟို... လေ... ဒီမှာ ၄ ဝမ်တန် ဟင်းရွက်ပြုတ်ခေါက်ဆွဲ ရောင်းလားဟင်၊ တစ်ပန်းကန်တည်းပါ၊ ဟင်းရည် များများထည့်ပေးရင် ရပါပြီ”
ရှန်မြောင် သတိဝင်လာပြီး အကြည့်ကို ရုပ်သိမ်းကာ ရေနှစ်ခွက် ခပ်၍ သူတို့ရှေ့တွင် ချပေးလိုက်သည်။
"ရပါတယ်၊ ထိုင်ပြီး ရေနွေးကြမ်း သောက်ပါဦး၊ ချက်ချင်း ရပါမယ်”
အမျိုးသမီးကြီးသည် သက်ပြင်းချလိုက်ပြီး သမီးဖြစ်သူကို ဆွဲကာ အထောင့်ကျဆုံး၊ လူမမြင်နိုင်ဆုံး နေရာတွင် ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးသည်နှင့် မနေဘဲ သမီးဖြစ်သူ၏ လည်ပင်းမှ လက်ကိုင်ပဝါကို ပြင်ပေး၊ လက်အင်္ကျီလက်ကို ခေါက်ပေးဖြင့် အလုပ်ရှုပ်နေသည်။ သမီးဖြစ်သူကလည်း မိခင်လုပ်ပေးသမျှကို ငြိမ်ခံနေပြီး ရံဖန်ရံခါ မိခင်ကို ရီဝေဝေ ပြုံးပြနေသည်။
အမျိုးသမီးကြီးသည် သမီးဖြစ်သူ၏ ဆံပင်များကို သပ်တင်ပေးရင်း ကြင်နာစွာ ကြည့်ရှုနေလိုက်သည်။
သမီးဖြစ်သူ စကားမပြောတတ်သဖြင့် သူမလည်း စကားမပြောဘဲ နေသားကျနေပုံရသည်။ သားအမိနှစ်ယောက်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ရှန်မြောင်၏ဆိုင်တွင် သက်သတ်လွတ်ခေါက်ဆွဲ ရှိသော်လည်း ဟင်းရည်ကို အခြေခံထားပြီး ကျန်းနန်ဒေသမှ "ယန်ချွန်းခေါက်ဆွဲ" ကို အတုယူထားခြင်းဖြစ်ရာ ကုန်ကျစရိတ် မနည်းလှပေ။
ကောင်းယို၊ ယန်ကျိုး၊ ရှန်ဟိုင်းဒေသတို့မှ စတင်ခဲ့သော သက်သတ်လွတ်ခေါက်ဆွဲကို "ယန်ချွန်း" ဟု ခေါ်ရသည့် အကြောင်းအရင်းကလဲ ရှိသည်။ ရှေးယခင်က ကျန်းနန်ဒေသတွင် ၁၀ လပိုင်းကို ယန်ချွန်းလဟု ခေါ်ဆိုကြရာ "၁၀" ဂဏန်းသည် ယန်ချွန်းကို ကိုယ်စားပြုလာသည်။ ယန်ကျိုးဒေသတွင် ယန်ချွန်းခေါက်ဆွဲ တစ်ပွဲလျှင် ၁၀ ဝမ် ရောင်းချသဖြင့် ထိုအမည် ရရှိလာခြင်း ဖြစ်သည်။
ထို့ကြောင့် ရှန်မြောင်၏ဆိုင်တွင် ဝက်ရိုးပြုတ်ဟင်းရည် ခေါက်ဆွဲကို ၁၀ ဝမ် သတ်မှတ်ထားခြင်း ဖြစ်သည်။ အထူးသဖြင့် သူမအသုံးပြုသော ဂျုံမှုန့်သည် အကြမ်းကို ပြန်လည်သန့်စင်ထားခြင်းဖြစ်ပြီး အသားလည်း ကောင်းမွန်သဖြင့် ထိုဈေးနှုန်းနှင့် တန်လေသည်။
သို့သော်... ကြွယ်ဝချမ်းသာသော ကျန်းနန်ဒေသကို မဆိုထားနှင့်။ ၄ ဝမ်တန် ခေါက်ဆွဲကို ပြန့်ကျင်းမြို့ထဲတွင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ မြို့စွန်မြို့ဖျားမှ ဆိုင်ငယ်လေးများတွင်သာ ရှိကောင်းရှိနိုင်သည်။
သူတို့က နယ်ကနေ မြို့တက်လာတာများလား။ ရှန်မြောင်သည် စိတ်ထဲတွင် ခန့်မှန်းရင်း မျက်လုံးထောင့်မှ အကဲခတ်နေမိသည်။
အမျိုးသမီးကြီးသည် ဘေးမှ အိတ်ထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ကာ ဆေးလုံးအသေးလေး အနည်းငယ်ကို လှုပ်ထုတ်လိုက်ပြီး ရှန်မြောင် ချပေးထားသော ရေဖြင့် မော့သောက်လိုက်တော့သည်။
...