← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အပိုင်း (၅၇)

သူမသည် ကိုယ်တိုင် ဆေးသောက်ပြီးနောက် အဝတ်ထုပ်ထဲမှ အခြားဆေးပုလင်းတစ်လုံးကို ရှာဖွေထုတ်ယူလိုက်၏။ ဆေးအနည်းငယ်ကို လက်ဖဝါးပေါ်သို့ ထည့်လိုက်ပြီး ထိုမိန်းကလေးငယ်ဘက်သို့ လှည့်ကာ စိတ်ရှည်လက်ရှည် ချော့မော့၍ တိုက်ကျွေးလေသည်။

"ယိုယွီရေ... သမီးလိမ္မာလေး ဆေးသောက်လိုက်နော်၊ အမေ သမီးအတွက် သကြားကိတ်မုန့် ဝယ်ကျွေးမယ်လေ၊ ဟုတ်ပြီလား”

မိန်းကလေးငယ်ကမူ ရေဘေး၊ သားရဲတိရစ္ဆာန်များနှင့် တွေ့လိုက်ရသည့်အလား ခေါင်းကို တွင်တွင်ခါရမ်းလေတော့သည်။

"ဟင့်အင်း... ဟင့်အင်း”

"ဆေးသောက်လိုက်ရင် အမေ သမီးကို သကြားခဲ သွားဝယ်ကျွေးမယ်လေ၊ မှတ်မိသေးလား၊ တဒင်ဒင် မြည်တဲ့ သကြားလုံးလေ”

ထိုအခါမှ မိန်းကလေးငယ်သည် တွန့်ဆုတ်သွားပြီး မတတ်သာသည့်အဆုံး မျိုချလိုက်လေသည်။ ထူးခြားသော မျက်နှာသွင်ပြင်သည် ရှုံ့မဲ့သွား၏။

ရှန်မြောင်သည် အကြည့်ကို တိတ်တဆိတ် ပြန်ရုတ်သိမ်းလိုက်ပြီး ဒယ်အိုးထဲတွင် ပြုတ်ထားပြီးဖြစ်သည့် ခေါက်ဆွဲနှစ်ပွဲနှင့် ဂေါ်ဖီထုပ်ဖြူအချို့ကို တူဖြင့် ဆယ်ယူလိုက်လေသည်။ အငွေ့တထောင်းထောင်း ထနေချိန်တွင် ဝက်ရိုးပြုတ်ရည်အိုးထဲမှ ဟင်းရည်တစ်ဇွန်းကို ခပ်ယူကာ အသီးအရွက်ခေါက်ဆွဲအတွက် ဟင်းရည်အဖြစ် ထည့်လိုက်၏။ နောက်ဆုံးတွင် ခေါက်ဆွဲပေါ်၌ ဂေါ်ဖီထုပ်ဖြူကို တင်လိုက်ပြီး အသားဟင်းနှစ်တစ်ဇွန်းကို အပိုထပ်ဆောင်း ထည့်ပေးလိုက်လေသည်။ ထို့နောက် ကြက်သွန်မြိတ်ဖြူးကာ ကြက်သွန်ဆီအနည်းငယ် ဆမ်းလိုက်ရာ ရိုးရှင်းပြီး မွှေးကြိုင်လှသည့် ခေါက်ဆွဲရည်တစ်ပွဲ ပြီးစီးသွားလေတော့သည်။

ထို့နောက် သူမသည် ဗီရိုထဲမှ ပန်းကန်လုံးတစ်လုံးကို ပိုယူလာခဲ့လိုက်သည်။

သူမသည် အမှန်တကယ် နှစ်ပွဲစာရှိသော ခေါက်ဆွဲများကို ပန်းကန်လုံး အကြီးကြီးတစ်လုံးထဲသို့ ထည့်လိုက်ပြီး ပြုံးရွှင်စွာဖြင့် သယ်ဆောင်သွားလေသည်။

"ကြာသွားပြီနော်၊ ခေါက်ဆွဲ ရပါပြီ၊ ခေါက်ဆွဲက အခုမှအိုးထဲက ဆယ်ထားတာဆိုတော့ အရမ်းပူတယ်၊ ရှင်တို့ ခွဲစားလို့ရအောင် ပန်းကန်တစ်လုံး ပိုယူလာပေးတယ်”

အဒေါ်ကြီးကမူ ခေါက်ဆွဲအပြည့်ပါသော ပန်းကန်လုံးကြီးကို ကြည့်ကာ ချက်ချင်း ပြာယာခတ်သွားပြီး လှည့်ထွက်သွားမည့် ရှန်မြောင်ကို အလျင်အမြန် ဆွဲထားလိုက်လေသည်။

"အလိုလေး... ဆိုင်ရှင်ညန်ဇီ၊ ရှင် ဘာလို့ ဒီလောက်အများကြီး လုပ်လာတာလဲ၊ ကျွန်မက အသီးအရွက်ခေါက်ဆွဲတစ်ပွဲပဲ လိုချင်တာလို့ ပြောခဲ့တယ်လေ၊ တခြားဟာ မလိုပါဘူးလို့၊ ရှင် ဘာလို့ အသားတွေပါ ထည့်လာရတာလဲ၊ ကျွန်... ကျွန်မတို့ သားအမိနှစ်ယောက်က မြို့တက်ပြီး အလုပ်လာရှာကြတာပါ၊ စားသောက်စရိတ်ကို ချွေတာရမှာမို့ ငွေအများကြီး မပါပါဘူး”

ရှန်မြောင်သည် ရယ်မောကာ ရှင်းပြလိုက်ရလေသည်။

"အတင်းအကျပ် ရောင်းတာ မဟုတ်ပါဘူး၊ ရှင် စိတ်ချလက်ချသာ စားပါ၊ ရှင် လာတာက အချိန်ကိုက်ပါပဲ၊ ဒီနေ့က ကျွန်မဆိုင် စဖွင့်တဲ့ ပထမဆုံးရက်လေ၊ ပြီးတော့ ရှင်က ဒီနေ့နေ့လယ် ထန်းပင် လာစားတဲ့ ပထမဆုံးဧည့်သည်ပဲ၊ ကျွန်မအိမ်မှာ စည်းကမ်းတစ်ခုရှိတယ်၊ ပထမဆုံးဧည့်သည်ဆိုရင် စျေးတစ်ဝက် လျှော့ပေးရမယ်တဲ့၊ ရှင် စိတ်ချပါ၊ အသားတွေ ထည့်ထားပေမယ့် ရှင့်ဆီက ၄ဝမ်ပဲ ယူမှာပါ”

ထိုအဒေါ်ကြီးသည် ယုံတမ်းသံသယဖြင့် ထိုင်ချလိုက်လေသည်။

"တကယ်လား”

"တကယ်ပါ”

ရှန်မြောင်သည် အကြောများထောင်နေသော သူမ၏လက်ထဲမှ အင်္ကျီလက်ကို ရုန်းထွက်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ညွှန်ပြလိုက်လေသည်။

"ဖြည်းဖြည်း သုံးဆောင်ပါ၊ ကျွန်မ အလုပ်သွားလုပ်လိုက်ပါဦးမယ်”

"အေး... အေးပါ”

အဒေါ်ကြီးသည် နေရခက်စွာဖြင့် ထိုင်ချလိုက်ပြီး ငေးငိုင်နေသော မျက်ဝန်းများသည် ရှေ့မှ ပန်းကန်လုံးကြီးအပေါ်သို့ ပြန်ရောက်သွားလေသည်။ ခဏလောက်ကြာမှ တုန်ရီနေသောလက်ဖြင့် တူကို ကောက်ကိုင်လိုက်ပြီး အတန်ငယ် ဉာဏ်ရည်မမီရှာသူ သူမ၏သမီးအား အများစုကို ခွဲပေးလိုက်လေသည်။ ပန်းကန်ထဲမှ အသားများကိုလည်း သေသေချာချာ ရွေးထုတ်ကာ သမီးဖြစ်သူ၏ ပန်းကန်ထဲသို့ အကုန်ထည့်ပေးလိုက်လေသည်။

ရှန်မြောင်သည် မီးဖိုချောင်ထဲသို့ ဝင်ကာ စဉ်းနီတုံးကို သိမ်းဆည်းပြီး ဒယ်အိုးကို ဆေးကြောနေသော်လည်း တကယ်တမ်းတွင်တော့ သူတို့ကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

မိန်းကလေးငယ်သည် တူကို ကောင်းကောင်း မသုံးတတ်ချေ။ အဒေါ်ကြီးသည် ဇွန်းဖြင့် ခေါက်ဆွဲများကို ပြတ်အောင် ဖိချေပေးပြီး ပါးစပ်ထဲသို့ ခွံ့ကျွေးနေရသည်။ သမီးဖြစ်သူ မြိန်ရေရှက်ရေ စားနေသည်ကို ကြည့်ပြီးမှ သူမသည် ပန်းကန်ထဲတွင် ကျန်ရစ်နေသော ခေါက်ဆွဲများကို စတင်စားသောက်လေတော့သည်။

ရှန်မြောင်သည် သူမက တစ်လုပ်စားလိုက်ပြီး ကြောင်အသွားသည့်ပုံကို မြင်လိုက်ရ၏။ ထို့နောက် တဖြည်းဖြည်းနှင့် ခေါက်ဆွဲစားသည့် အမူအရာသည် လောဘတကြီး ဖြစ်သွားပြီး နောက်ဆုံးတွင် ဟင်းရည်ကိုပါ ကုန်စင်အောင် သောက်လိုက်သည်ကို တွေ့လိုက်ရလေသည်။

သူမလည်း ပြုံးလိုက်ပြီး ဂျုံနယ်ခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။

ဤခေတ်တွင် ကိုယ်ဝန်ဆောင် စစ်ဆေးမှုများ မရှိသလို "ထန်ပေါင်" ကဲ့သို့သော အယူအဆများလည်း မရှိချေ။ ဤကဲ့သို့ ထူးခြားသော ကလေးငယ်များ လူလောကထဲသို့ ရောက်ရှိလာခြင်းသည် မိခင်၏အပြစ် မဟုတ်ပေ။ ထို့ပြင်... သူတို့သည် ရောဂါပြင်းထန်မှုကြောင့် မွေးရာပါ ဆွံ့အနားမကြားခြင်း၊ ဉာဏ်ရည်မမီခြင်း၊ နှလုံးရောဂါ၊ အစာလမ်းကြောင်းပုံမှန်မဖြစ်ခြင်း စသည့် ရောဂါများကြောင့် နှစ်အနည်းငယ်အတွင်း သေဆုံးသွားတတ်ကြသည်။ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့လျှင်ပင် ဆွေမျိုးများ၊ လူကြီးသူမများ၏ စွန့်ပစ်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းကို ခံရတတ်လေသည်။ ထို့ကြောင့် ရှေးခေတ်ကာလ၊ ကြွယ်ဝချမ်းသာသော စုန့်ခေတ်တွင်ပင် သာမန်ပြည်သူများအကြား ဤကဲ့သို့ ထူးခြားသော ကလေးငယ်များကို တွေ့ရခဲလှသည်။ အရွယ်ရောက်သည်အထိ ကြီးပြင်းလာဖို့ မဆိုထားနှင့်၊ အရွယ်ရောက်လာသည့် မိန်းကလေးတစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ ပို၍ပင် ခက်ခဲလှပေသည်။

*ထန်ပေါင် (သကြားကလေး) ဆိုတာက တရုတ်နိုင်ငံမှာ Down Syndrome (ဒေါင်းဆင်ဒရုန်း) ဝေဒနာရှင်ကလေးငယ်တွေကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

ယောက်ျားလေးကို ဦးစားပေးသည့် ဤခေတ်ကြီးတွင် ဤအဒေါ်ကြီး၏သမီးသည် သည်အရွယ်အထိ ကြီးပြင်းလာခဲ့လေပြီ။

သူမသည် ဉာဏ်ရည်မမီသော ကလေးကို မွေးဖွားလာမည်မှန်း မသိခဲ့သော်လည်း နောက်ပိုင်း သိလာရသည့်အချိန်တွင် စွန့်ပစ်ခြင်းမပြုဘဲ အံကြိတ်ကာ ပြုစုပျိုးထောင်ခဲ့သည်။ သူမသည် မည်မျှပင် ပင်ပန်းဆင်းရဲခဲ့ရမည်၊ ပြင်ပလူများနှင့် ဆွေမျိုးသားချင်းများ၏ နှိမ်ချစော်ကားမှုများကို မည်မျှခံခဲ့ရမည် ဆိုသည်ကို ရှန်မြောင် စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်ရလေသည်။ ထိုကဲ့သို့သော လောကကြီးထဲတွင် သမီးဖြစ်သူကို ကြီးပြင်းလာအောင် မွေးမြူနိုင်ခဲ့ခြင်းမှာ အံ့ဖွယ်ရာပင် ဖြစ်တော့သည်။

ခေါက်ဆွဲတစ်ပွဲသည် ထိုမိခင်မေတ္တာကို သူမအနေဖြင့် လေးစားကြောင်း ပြသခြင်းပင် ဖြစ်လေသည်။

ထို့အပြင် သူမတွင် အခြားစိတ်ကူးတစ်ခုလည်း ရှိနေသည်။ သူတို့ ကောင်းကောင်းမွန်မွန် စားသောက်ပြီးမှ အသေးစိတ် မေးမြန်းကြည့်ချင်သေးသည်။ သို့သော် သူတို့သည် စားပြီးသည်နှင့် ရှန်မြောင် စိတ်ပြောင်းသွားမည် သို့မဟုတ် ပိုက်ဆံပိုတောင်းမည်ကို စိုးရိမ်သည့်အလား အလျင်အမြန် ထွက်ခွာသွားကြလေသည်။

"ဆိုင်ရှင်ညန်ဇီ၊ ကျေးဇူးတင်ပါတယ်၊ ပိုက်ဆံကို စားပွဲပေါ်မှာ တင်ထားခဲ့ပါပြီ”

ရှန်မြောင်သည် အသံကြားသည်နှင့် ခေါင်းပြူကြည့်လိုက်ရာ အဒေါ်ကြီးသည် သမီးဖြစ်သူကို ဆွဲကာ ဆိုင်ထဲမှ အလျင်အမြန် ပြေးထွက်သွားပြီ ဖြစ်လေသည်။ သူမသည် မီးဖိုချောင်ထဲမှ ကပျာကယာ ထွက်လာပြီး "နေပါဦး" ဟု လှမ်းအော်လိုက်သော်လည်း သူတို့သည် ပို၍ပင် သုတ်ခြေတင် ပြေးသွားကြပြီး မျက်စိတစ်မှိတ်အတွင်း လမ်းထောင့်ချိုးသို့ ရောက်ကာ ပျောက်ကွယ်သွားလေတော့သည်။

သူမသည် မတတ်သာဘဲ ပြန်ဝင်လာခဲ့ရလေသည်။ ထောင့်ကျသော စားပွဲပေါ်တွင် ဟင်းရည်တစ်စက်မကျန် ပြောင်စင်နေသော ပန်းကန်လုံးနှစ်လုံးနှင့် အရောင်ပြောင်နေအောင် ပွတ်သပ်ထားသည့် ဝမ်၄ ပြားကို သေသပ်စွာ တင်ထားလေသည်။

ထို့နောက် ဆိုင်ထဲသို့ မည်သူမျှ ရောက်မလာကြတော့ပေ။ ရှန်မြောင် မျှော်လင့်ထားသည့်အတိုင်းပင်။ ဤအချိန်သည် နေ့လယ်စာကို ပုံမှန်စားနေကျ မဟုတ်ကြသဖြင့် နေ့လယ်တစ်ရေးအိပ်ချိန်ကို စွန့်လွှတ်ကာ အစားလာရှာသူ နည်းပါးလှသည်။ ဆိုင်ရှင်အများစုသည် တံခါးတစ်ဝက်ပိတ်ကာ အိမ်ပြန် အနားယူကြလေသည်။

အပြင်ရော အတွင်းပါ တိတ်ဆိတ်နေ၏။ ရှန်မြောင်သည် အလုပ်ပြီးသွားပြီဖြစ်ရာ ပျင်းရိစွာဖြင့် မေးထောက်ထားလိုက်သည်။ နေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် သူမ၏ကိုယ်ပေါ်သို့ တစ်ကွက်ချင်း ကျရောက်နေသည်။ နွေးထွေးလွန်းလှသဖြင့် သူမသည် မီးဖိုချောင်ရှိ စားပွဲရှည်ပေါ်တွင် မှောက်ကာ အိပ်ငိုက်နေမိတော့သည်။

ထိုသားအမိကို တွေ့လိုက်ရသောကြောင့်လား မသိပေ။ အိပ်မက်ထဲတွင် သူမသည် ယခင်ဘဝက ငယ်စဉ်အချိန်သို့ ပြန်ရောက်သွားခဲ့သည်။ သူမသည် ခုံပုလေးပေါ်တက်ကာ အဘိုး ဝယ်လာပေးသည့် ငါးခါးပတ်များကို ခိုးကြော်နေသည်။ သူမသည် ငယ်စဉ်ကတည်းက ဟင်းချက်သင်ခဲ့သဖြင့် အခြားသူများထက် လက်ရာသာလွန်ရာ ခိုးစားသည့်အခါတိုင်း သူမက စားဖိုမှူးလုပ်ရပြီး ဝမ်းကွဲမောင်နှမများက မီးဖိုဘေးတွင် တူကိုယ်စီကိုင်ကာ စောင့်ဆိုင်းနေတတ်ကြသည်။

နေရောင်ခြည်သည် လိမ္မော်ရောင်သမ်းနေသဖြင့် ဟောင်းနွမ်းနေသော အိပ်မက်တစ်ခုလုံးသည်လည်း လိမ္မော်ရောင် ဖြစ်နေလေသည်။ နောက်ဆုံးတွင် သူတို့သည် မီးဖိုချောင်ကြမ်းပြင်ပေါ် ထိုင်ကာ ငါးခါးပတ်အများအပြားကို ကုန်စင်အောင် စားပစ်လိုက်ကြသည်။ ငန်လွန်းသဖြင့် တစ်အိမ်လုံးပတ်ကာ ရေလိုက်ရှာသောက်ကြရသည်။ အဘိုးနှင့် အဘွား၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရသော်လည်း ထိုကလေးဆိုးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အဆူခံရသည့်ကြားမှ ဟားတိုက်ရယ်မောနေကြလေသည်။

နေမင်းသည် အနောက်ဘက်သို့ ဖြည်းဖြည်းချင်း ယွန်းလာမှ ကောင်တာပေါ်သို့ လက်ဆစ်ဖြင့် "ဒေါက်ဒေါက်" ဟု တံခါးခေါက်လိုက်သံကြောင့် သူမ နိုးလာလေတော့သည်။

နိုးလာချိန်တွင် သူမသည် အိပ်မက်နှင့် လက်တွေ့ကို ကွဲပြားခြင်း မရှိသေးပေ။ သူမသည် ယခင်ဘဝက အကြောင်းအရာများကို အိပ်မက်မမက်သည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။ မျက်နှာပေါ်တွင် ဖိထားသည့်အရာများ ထင်ကျန်နေလျက် ရှန်မြောင်သည် အသိစိတ်မကပ်သေးဘဲ ပြေလျော့နေသော ဆံထုံးကို သပ်တင်လိုက်ကာ ခန်းဆီးတစ်ဖက်ကို မလိုက်လေသည်။

မမျှော်လင့်ဘဲ ဧည့်သည်သည်လည်း အတွင်း၌ လူရှိမရှိ ခေါင်းပြူကြည့်ရန် ပြင်နေချိန် ဖြစ်လေသည်။ ထို့ကြောင့် ရှန်မြောင် ခန်းဆီးကို မလိုက်သည်နှင့် ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရလေသည်။ သူမရော ဧည့်သည်ပါ လန့်သွားကြပြီး နောက်သို့ ခြေလှမ်းဆုတ်လိုက်ကြသည်။ အကွာအဝေးတစ်ခု ရသွားမှသာ မည်သူမည်ဝါဖြစ်ကြောင်း သေချာမြင်လိုက်ရတော့သည်။

သူမ၏ရှေ့တွင် ပညာသင်ဦးထုပ်ကို ပေါင်းထားပြီး ရင်စည်း ကော်လာအဖြောင့် လက်ဝကျယ်အင်္ကျီကို ဝတ်ဆင်ထားကာ ရိုးရှင်းအေးဆေးသော အသွင်အပြင် ရှိသော်လည်း... ဂျိုင်းထောက်ကို ထောက်ထားသည့် ရှဲ့ချီကို တွေ့လိုက်ရလေသည်။

အောက်ဘက်သို့ အကြည့်ရောက်သွားချိန်တွင် ကောင်တာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မော့ကြည့်ပြီး ပြုံးနေသော ယန့်ရှူးကို တွေ့လိုက်ရသည်။

ရှန်မြောင်တစ်ယောက် အိပ်ချင်ပြေသွားတော့သည်။

"ရှဲ့ကျိုကော..."

"အင်း... ရှန်ညန်ဇီ၊ ဆိုင်ဖွင့်ပွဲမှာ လာဘ်လာဘတွေ ရွှင်ပါစေ၊ နောင်မှာလည်း ဘေးကင်းချမ်းမြေ့ပြီး စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုတောင်းပေးပါတယ်”

ရှဲ့ချီ၏အကြည့်သည် ရှန်မြောင်၏ မျက်နှာပေါ်မှ အိပ်ရာရာ အနီကွက်များပေါ်သို့ ရောက်သွားပြီး မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ယှက်သန်းသွားလေသည်။ သူက ယန့်ရှူးကို အချက်ပြလိုက်ရာ ယန့်ရှူးက စံပယ်ပန်းများ ထိုးထားသည့် လည်ရှည်ကြွေပန်းအိုးဖြူတစ်လုံးကို မတင်ပေးလိုက်သည်။ သူက လှမ်းယူလိုက်ပြီး ကောင်တာပေါ်ရှိ သစ်သားချမ်းသာခြင်းနတ်ဘုရားရုပ်တု ဘေးတွင် အသာအယာ တင်ပေးလိုက်လေသည်။

"ကျွန်တော့်အမေရဲ့ ခြံဝင်းထဲက စံပယ်ပန်းတွေ ပွင့်နေတာလေ၊ တစ်ညတည်းနဲ့ ခြံဝင်းတစ်ခုလုံး မွှေးကြိုင်နေတာပဲ၊ ကျွန်တော် ကြည့်ရတာ ကောင်းလို့ နှစ်ခက်လောက် ခူးလာခဲ့တယ်၊ ပန်းလေးတွေနဲ့ ဂုဏ်ပြုလိုက်ပါတယ်နော်”

နှစ်ခက်တဲ့လား။ နှစ်ခက်မကပါဘူး။ ပန်းအိုးထိုးဖို့ လှပတဲ့ အခက်တွေကို ရွေးချယ်ဖို့အတွက် ကျိုကောက ဟိုနေရာမှာ ထိုင်ပြီး ဘယ်ဘက်ကို တစ်ချက်ညှပ်၊ ညာဘက်ကို တစ်ချက်ညှပ်နဲ့ သာ့ညန် ဂရုတစိုက် စိုက်ပျိုးထားတဲ့ စံပယ်ပန်းတွေကို ထိပ်ပြောင်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တာလေ။ သာ့ညန်က နေ့လယ်တစ်ရေးအိပ်ရာမှ နိုးလာပြီး မြေပြင်ပေါ် ပြန့်ကျဲနေတဲ့ ပန်းပွင့်ပန်းဖတ်တွေကို မြင်လိုက်ရတော့ ဒေါသထွက်ပြီး တံခါးနောက်က တုတ်ရှည်ကို ဆွဲကာ အရှေ့ခြံဝင်းထဲ ပြေးထွက်သွားပြီး အမူးမပြေသေးတဲ့ စန်းကောကို ရိုက်နှက်တော့တာပဲ။ စန်းကောခမျာ ခေါင်းမူးနေတဲ့အထဲ ခေါင်းကို အုပ်ပြီး 'အမေ... သား မှားပါတယ်' လို့ အော်ရင်း ကြွက်လို ပြေးလွှားနေရရှာတယ်။

သနားစရာကောင်းတဲ့ စန်းကော။ ပုံမှန်ဆို အနေအထိုင် မတတ်လို့။ အခုတော့ အပြစ်မရှိဘဲ အနာခံလိုက်ရရှာပြီ။

ယန့်ရှူးသည် ခေါင်းကို ကုတ်လိုက်ပြီး သူ့သခင်ကို ဖွင့်မပြောတော့ပေ။

"ကျိုကောက သိပ်အားနာတတ်တာပဲ၊ နောက်တစ်ခါလာရင် ပစ္စည်းတွေ ယူမလာပါနဲ့တော့၊ ပြီးတော့ မနေ့ကပဲ ယန့်ရှူးကို လွှတ်ပြီး လက်ဆောင်တွေ ပေးထားပြီးပြီလေ၊ နောက်တစ်ခါ ထပ်ပေးစရာ လိုလို့လား။ ဒါပေမဲ့ ရှင့်လက်ရေးက တကယ်လှတာပဲ၊ ကျွန်မရဲ့ ဆိုင်ခန်းကျဉ်းလေးမှာ ချိတ်ထားရတာ သူတို့အတွက် နှမြောစရာတောင် ကောင်းနေပြီ၊ ဒီကိစ္စအတွက် ရှင့်ကို ကျေးဇူးမတင်ရသေးဘူး။ ပြီးတော့ ယန့်ရှူး ပြောတာတော့ ရှင် ဒဏ်ရာရထားတယ်ဆို၊ ဘာလို့ အပြင်ထွက်လာတာလဲ”

ရှန်မြောင်သည် နံရံပေါ်ရှိ စာလုံးနှစ်ခုကို မေးငေါ့ပြလိုက်ပြီး ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ခေါင်းငုံ့လိုက်ချိန်တွင် ဝတ်ရုံအောက်မှ ပေါ်နေသော ရှဲ့ချီ၏ ခြေသလုံးကို တွေ့လိုက်ရလေသည်။ ခြေသလုံးကို ပတ်တီးစည်းထားပြီး သစ်သားပြားနှစ်ခုဖြင့် ညှပ်ထားလေသည်။ သူမက စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။

"ရှင့်လက်ကရော သက်သာသွားပြီလား၊ ခြေထောက်က ကြည့်ရတာ ဒဏ်ရာပြင်းပုံရတယ်၊ ဂရုစိုက်နော်၊ လူကြီးတွေ ပြောကြတယ်၊ အရိုးအကြောထိရင် ရက်ပေါင်းတစ်ရာလောက် နားရမယ်တဲ့၊ အိပ်ရာထဲမှာပဲ အနားယူသင့်တာ”

"လက်က ကိစ္စမရှိပါဘူး၊ ဆေးအဆီ နှစ်ရက်လောက် လိမ်းလိုက်တာ သက်သာသွားပါပြီ”

ရှဲ့ချီက မျက်နှာမပျက်ဘဲ ပြောလိုက်လေသည်။

"ခြေထောက် ဆေးထည့်မလို့ ထွက်လာတာပါ”

ယန့်ရှူးသည် စိတ်ထဲတွင် ထပ်မံ၍ တိုးတိုးလေး ရေရွတ်လိုက်ပြန်သည်။ အစက ကျောက်ထိုက်ချန် အိမ်တော်က သမားတော်အိုကြီးကို အိမ်အထိ လာပြီး ဆေးထည့်ပေးဖို့ ဖိတ်ထားတာလေ။ ဒါပေမဲ့ ဒီနေ့ ကျိုကောက အိမ်ထဲမှာ မွန်းကျပ်တယ်ဆိုပြီး သာ့ညန်ကို ခွင့်တောင်းပြီးမှ အပြင်ထွက် ဆေးထည့်ရင်း လေညှင်းခံမယ်ဆိုပြီး ထွက်လာခဲ့တာ။

ရလဒ်ကတော့ ရှန်ကျိထန်းပင်ဆိုင်ကို ရောက်လာပြီး ဆေးထည့်နေတာပါပဲ။

ယန့်ရှူးသည် ရှဲ့ချီ၏ နောက်ကျောဘက်တွင် နှုတ်ခမ်းဆူနေစဉ် ရှဲ့ချီကမူ ရှန်ညန်ဇီ၏ ဆိုင်လေးကို မျက်နှာကြက်ပေါ်မှ မီးအိမ်မှအစ ကြမ်းပြင်ပေါ်ခင်းထားသော အုတ်ချပ်များအဆုံး ချီးမွမ်းခန်း ဖွင့်နေလေပြီ။

ရှဲ့ချီက လူတစ်ယောက်ကို ချီးကျူးသည့်အခါ စာပေကျမ်းဂန်များကို ကိုးကားပြီး တစ်ခွန်းနှင့်တစ်ခွန်း မထပ်ရအောင် ပြောတတ်လေသည်။ အလွန်အကျွံ မြှောက်ပင့်သည့် စကားလုံးများ မဟုတ်သော်လည်း ရှန်မြောင် နားထောင်ရင်း မျက်နှာများ ရဲလာရသည်။ သူမက အလျင်အမြန် ပြောလိုက်လေသည်။

"ရှင်တို့ နေ့လယ်စာကို မုန့်ပဲ စားခဲ့ကြတာမလား၊ အခု ဗိုက်ဆာနေပြီလား၊ ကျိုကောက ကျွန်မကို အများကြီး ကူညီပေးခဲ့တာ၊ ဒီရက်ပိုင်း ရှင့်ကို ကျေးဇူးပြန်ဆပ်ချင်နေတာ၊ ဘယ်လိုဆပ်ရမလဲ မသိဖြစ်နေတာနဲ့ အတော်ပဲ၊ ထန်းပင် လုပ်ကျွေးမယ်လေ”

ရှဲ့ချီက မငြင်းဆန်ခဲ့ပေ။ ယန့်ရှူးကတော့ ပို၍ပင် ဝမ်းသာအားရ ဖြစ်နေလေသည်။ သခင်နှင့် တပည့်၊ နှစ်ယောက်သားသည် ကောင်တာနှင့် အနီးဆုံး စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"ဒါဆို ရှန်ညန်ဇီကို ဒုက္ခပေးရတော့မယ်”

"ဒုက္ခမပေးပါဘူး၊ ရှင် ထိုင်နေနော်... ကျွန်မ စဉ်းစားလိုက်ဦးမယ်၊ ရှင်က ဒဏ်ရာရထားတော့ အရသာလေးလွန်းတာတွေ မစားသင့်ဘူး၊ ဆေးအာနိသင် ပျက်သွားမှာစိုးရတယ်၊ ဟူထူထန်းပင် လုပ်ကျွေးမယ်လေ၊ ကောင်းမလား”

ရှဲ့ချီက မျက်လုံးပင့်ကာ သူမကို ကြည့်လိုက်လေသည်။ ရှန်ညန်ဇီသည် သူမ စိတ်ပျော်ရွှင်နေချိန်တွင် မသိမသာ ပြုံးတတ်သည့် အကျင့်တစ်ခုရှိသည်ကို သူမကိုယ်တိုင် သတိထားမိပုံမရပေ။ ပြုံးလိုက်တိုင်း မျက်ခုံးနှင့် မျက်လုံးများက အရင်ဆုံး ကွေးညွှတ်သွားပြီး သွားစွယ်ဖြူဖြူလေးနှစ်ချောင်း ပေါ်လာတတ်သည်။

သူမသည် အခြားအမျိုးသမီးများကဲ့သို့ ဂုဏ်သရေရှိ အမျိုးသမီးများ၏ ဣန္ဒြေကို ထိန်းသိမ်းရန် ပုဝါ သို့မဟုတ် ယပ်တောင်ဖြင့် ပါးစပ်ကို ကာပြီး 'သွားမပေါ်အောင် ပြုံးခြင်း' မျိုး မလုပ်တတ်ပေ။ သူမသည် ထိုအရာများကို စိတ်ထဲမထားဘဲ ပြုံးချင်သည့်အခါ ပြုံးလိုက်တတ်သည်။ ပါးပြင်လေးများက ပန်းရောင်သမ်းနေပြီး မျက်ခုံး၊ မျက်လုံးများ ကွေးညွှတ်နေကာ နေ့လယ်ခင်း နေရောင်ခြည်အောက်တွင် အလွန်ပင် တောက်ပလှပနေလေသည်။

ရှဲ့အိမ်တော်၏ တောင်ပေါ်စံအိမ်တစ်ခုရှိ နွေလယ်ကာလ ဥယျာဉ်ထဲတွင် စိမ်းလန်းသော ကြာဖက်များကြား၌ ယိမ်းနွဲ့နေသည့် ကြာပန်းတစ်ပွင့်ကို သူ့အား အမှတ်ရစေသည်။

နေရောင်ခြည်သည် ကောင်းကင်အလယ်မှ အနောက်ဘက်သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး ရှည်လျားသော လမ်းမကြီးပေါ်သို့ ဖြာကျနေသလို ရှန်ကျိဆိုင်လေးထဲတွင်လည်း ပြည့်နှက်နေလေသည်။ ရှဲ့ချီသည် နွေးထွေးသော အဝါရောင်အလင်းတန်းများကြားတွင် ရပ်နေသည့် သူမကို ကြာမြင့်စွာ ငေးကြည့်နေမိပြီး မသိမသာ လိုက်ပြုံးမိလိုက်လေ၏။

"အင်း... အားကိုးပါတယ်နော်”

သူသည် ဟူထူထန်းပင် ဆိုသည်မှာ ဘာမှန်း မသိသော်လည်း ဤအချိန် ဤအခိုက်အတန့်တွင်မူ သူလည်း ဟူထူ (ရှုပ်ထွေး/မရှင်းလင်း) သွားပြီး ဘာမှ မမေးချင်တော့ပေ။

ယန့်ရှူးတစ်ယောက်သာ ခေါင်းထဲတွင် အစားအသောက်အကြောင်း ပြည့်နှက်နေပြီး စပ်စုလိုက်လေသည်။

"ရှန်ညန်ဇီ၊ ဟူထူထန်းပင် ဆိုတာ ဘာလဲဟင်၊ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”

"လုပ်ပြီးသွားရင် သိလိမ့်မယ်”

ရှန်မြောင်က ပြုံးကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

ဟူထူခေါက်ဆွဲကို ဟူထူခေါက်ဆွဲဟု ခေါ်ရခြင်းမှာ ရှိသမျှ အကုန်ထည့်ထားသောကြောင့်ပင်။ ယခင်က လူများသည် ဆင်းရဲသဖြင့် စားစရာ မလောက်ငှသောအခါ ဟင်းသီးဟင်းရွက်မျိုးစုံ၊ တောဟင်းရွက်မျိုးစုံကို ရောထည့်ကာ ချက်ပြုတ်ကြသည်။ လက်လှမ်းမီရာကို ထည့်လိုက်သဖြင့် အိုးထဲတွင် ဘာမဆို ဖြစ်လာနိုင်သည်။ ၎င်းသည် ဂျုံလုံးဟင်းရည် ကဲ့သို့ပင် အာဟာရပြည့်ဝပြီး အစာအိမ်ကို ကောင်းမွန်စေသော အာနိသင်ရှိသည်။

သို့သော် နောက်ပိုင်းတွင် ရှန်မြောင် အလယ်ပိုင်းဒေသရှိ စားသောက်ဆိုင်ကြီးများတွင် ဟူထူခေါက်ဆွဲကို မြည်းစမ်းကြည့်သည့်အခါ ဆင်းရဲမွဲတေမှုကြောင့် ပေါ်ပေါက်လာသော ဤဟင်းလျာသည် အလွန်သပ်ရပ်လှပလာသည်ကို တွေ့ရသည်။ ပြီးစလွယ် လုပ်ထားခြင်း မဟုတ်ပေ။ စားဖိုမှူးကြီးများ ချက်ပြုတ်ထားသော ဟူထူခေါက်ဆွဲသည် အလွန်လက်ရာမြောက်လှသည်။ ခေါက်ဆွဲကို လက်ဖြင့် ဒလိမ့်တုံးလှိမ့်ထားပြီး ထိုက်ဟန်တောင်တန်းမှ ဆန်ဖြင့် ကျိုထားကာ ဟင်းသီးဟင်းရွက်ကောင်း၊ အသားကောင်းများ ထည့်ထားသည်။ နောက်ဆုံးမှ ခေါက်ဆွဲထည့်လိုက်ရာ ဟူထူခေါက်ဆွဲတစ်ပွဲသည် ပျစ်ချွဲမွှေးကြိုင်ပြီး အရသာရှိကာ အာဟာရပြည့်ဝလေသည်။

ရှန်ညန်ဇီက ဟူထူထန်းပင်အကြောင်း ရှင်းမပြသဖြင့် ယန့်ရှူး၏စိတ်ထဲတွင် ကြောင်ကုတ်သလို ဖြစ်နေလေတော့သည်။ သူသည် ခြေဖျားထောက်ကာ ခေါင်းဖြင့် ခန်းဆီးကို မလိုက်ပြီး ကောင်တာဘေးမှနေ၍ သူမ အလုပ်လုပ်နေသည်ကို ချောင်းကြည့်နေလေသည်။

ရှဲ့ချီလည်း အခွင့်ကောင်းယူကာ သူမ အလုပ်လုပ်နေသည်ကို လှမ်းကြည့်လိုက်လေသည်။

"ရှန်ညန်ဇီ၊ အစ်မရဲ့ မီးဖိုချောင်က သိပ်သန့်ရှင်းတာပဲ”

ယန့်ရှူးသည် ခဏကြာအောင် ကြည့်ပြီးနောက် ကျယ်လောင်စွာ ထုတ်ပြောလိုက်လေသည်။ ဤကဲ့သို့သော စားသောက်ဆိုင်ငယ်လေး မဆိုထားနှင့်၊ ရှဲ့အိမ်တော်၏ မီးဖိုချောင်ပင်လျှင် တစ်ခါတစ်ရံ စားဖိုမှူးဖန်း အလုပ်ရှုပ်နေချိန်၌ ကြည့်ရဆိုးအောင် ညစ်ပတ်နေတတ်သည်။ ကြမ်းပြင်ပေါ်တွင် မလှည်းကျင်းရသေးသော ရေညစ်များအပြင် ဟင်းရွက်စများ၊ ဥခွံများ ပြန့်ကျဲနေတတ်ပြီး စားပွဲပေါ်တွင်လည်း အသားနှင့် ဟင်းသီးဟင်းရွက်များ ပုံနေတတ်သည်။

သို့သော် ရှန်ညန်ဇီ၏ မီးဖိုချောင်သည် ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များ သန့်ရှင်းနေရုံသာမက စားပွဲရှည်ပေါ်တွင်လည်း ပန်းကန်လုံး အကြီးအသေးများကို စီစီရီရီ တင်ထားလေသည်။ ရှန်မြောင်က ထန်းပင် ပြုလုပ်ရာတွင် သုံးမည့် ပါဝင်ပစ္စည်းများကို ပန်းကန်လုံးများထဲတွင် ထည့်ထားသည်။ ဟင်းသီးဟင်းရွက်နှင့် အသားများကို လှီးဖြတ်ဆေးကြောပြီး ဝါးခြင်းတောင်းဖြင့် အုပ်ထားသည်။ ဂျုံများကိုလည်း နယ်ပြီး နှပ်ထားသည်။ ပိုနေသော ဟင်းသီးဟင်းရွက်များကို သန့်စင်အောင် ဆေးကြောပြီး ထောင့်ရှိ ဟင်းရွက်ခြင်းနှင့် သစ်သားစင်ပေါ်တွင် တင်ထားလေသည်။ နံရံပေါ်တွင် သစ်သားပျဉ်ပြားတစ်ချပ်ကို ရိုက်ထားပြီး သစ်သားသပ်ချောင်းများကို စီတန်းနေအောင် စိုက်ထားသည်။ ဒယ်အိုးဇွန်း၊ ယောက်ချိုနှင့် ဓားများကို လက်ကိုင်တွင် ကြိုးချည်ပြီး နံရံပေါ်တွင် ချိတ်ဆွဲထားလေသည်။

မီးဖိုချောင်ထဲတွင် ပစ္စည်းများ ပြည့်နှက်နေသော်လည်း ဖုန်တစ်စက်မျှ မရှိဘဲ စနစ်တကျ ရှိနေလေသည်။ အဝတ်စုတ်များကိုပင် သန့်စင်အောင် လျှော်ဖွပ်ပြီး တစ်ခုချင်းစီ ချိတ်ဆွဲထားခြင်း သို့မဟုတ် စားပွဲထောင့်တွင် လေးထောင့်ခေါက်ကာ တင်ထားခြင်းများ ပြုလုပ်ထားရာ ကြည့်ရသည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းလှသည်။

ယန့်ရှူးသည် ကြည့်လေ အံ့သြလေ ဖြစ်နေတော့၏။ ဟင်းရွက်ခြင်းထဲမှ မုန်လာဥများကို မြင်လိုက်ရသောအခါ "ရှန်ညန်ဇီ၊ ခြင်းတောင်းထဲက မုန်လာဥတွေကိုတောင် ဘာလို့ စီစီရီရီ ထပ်ထားရတာလဲ" ဟု အံ့သြတကြီး မေးလိုက်လေသည်။

ကောင်တာနှင့် မျက်နှာချင်းဆိုင်ရှိ သစ်သားစင်ပေါ်တွင် ကြိမ်ခြင်းတောင်း အများအပြား တင်ထားသည်။ ခြင်းတောင်းထဲတွင် မုန်လာဥဖြူနှင့် မုန်လာဥနီများ ထည့်ထားရာ အရောင်ခွဲခြားထားရုံသာမက မုန်လာဥတိုင်းကို အရွက်ပါသော ခေါင်းဘက်အား တစ်ဖက်တည်းသို့ လှည့်ထားပြီး တစ်လွှာချင်းစီ သေသပ်စွာ စီထားလေသည်။

ရှန်မြောင်သည် ယန့်ရှူး ပြောမှ ကြမ်းပြင်ပေါ်ရှိ မုန်လာဥခြင်းတောင်းကို လှမ်းကြည့်လိုက်ပြီး လိုက်ပြုံးမိလေသည်။

"အဲဒါ ကျွန်မ စီထားတာ မဟုတ်ဘူး၊ ကျိအာ စီထားတာ၊ သူက နေ့တိုင်း ကျွန်မကို မီးဖိုချောင် သန့်ရှင်းရေး ကူလုပ်ပေးတယ်၊ ဒီမီးဖိုချောင် ဒီလောက် သန့်ရှင်းနေတာက တစ်ချက်က ချက်ပြုတ်တဲ့ အကျင့်ကောင်းရှိလို့၊ ချက်ရင်း သိမ်းရင်း လုပ်လို့၊ နောက်တစ်ချက်ကတော့ ကျိအာက လိမ္မာပြီး ဝီရိယရှိလို့လေ၊ သူ ပြန်ရောက်တာနဲ့ လာကူလုပ်ပေးတာ”

သူမသည် ဟင်းချက်လျှင် သိမ်းဆည်းတတ်သည့် အကျင့်ရှိနေပြီ ဖြစ်သည်။ ယခင်က သူမ၏အဖေနှင့် အဘိုးတို့၏ မီးဖိုချောင် စည်းကမ်းများသည် သည်ထက်ပင် ပိုမိုတင်းကြပ်သေးသည်။ မီးဖိုချောင် သန့်ရှင်းရေးသည် အရေးကြီးဆုံး ဖြစ်လေရာ မီးဖိုချောင်အကူ တပည့်လေးများက မီးဖိုချောင်ကို ရှုပ်ပွအောင်၊ ဟင်းရွက်စများ ပြန့်ကျဲအောင် လုပ်ထားလျှင် ဒယ်အိုးဇွန်းဖြင့် ခေါင်းကွဲအောင် အရိုက်ခံရတတ်သည်။

ယန့်ရှူးသည် အာမေဋိတ် သံများစွာ ထွက်ပေါ်လာပြီး အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ "စားဖိုမှူးဖန်းကို ခေါ်လာပြီး ကောင်းကောင်း သင်ယူခိုင်းသင့်တယ်၊ သူက စားဖိုမှူး ဖြစ်ပြီးတော့ စည်းကမ်းမရှိလွန်းတယ်"

ရှဲ့ချီသည် ကောင်တာကို မှီလျက် ရှန်မြောင်၏ လျင်မြန်စွာ ဟင်းရွက်လှီးနေသော လက်များပေါ်တွင် အကြည့်ရပ်တန့်နေ၏။ ရှန်ညန်ဇီ၏ လက်များသည် "နူးညံ့ပျော့ပျောင်းပြီး အဆီအသား ပြည့်ဖြိုးသော" လက်မျိုး မဟုတ်ပေ။ သူမ၏လက်များသည် သွယ်လျပြီး သန်မာကာ အရိုးအဆစ်များ ညီညာလေသည်။ သူမ အားစိုက်လိုက်သောအခါ အသားအရေအောက်မှ သွေးကြောစိမ်းနုလေးများ ထကြွလာတတ်သည်။ ဓားကိုင်လေ့ရှိသဖြင့် လက်မနှင့် လက်ညှိုးကြားတွင် အသားမာပါးပါးလေးတစ်ခု ရှိနေသည်။

သူသည် ငုံ့ကြည့်လိုက်ပြီး မိမိ၏လက်ကို ပြန်ကြည့်လိုက်၏။ သူ့လက်တွင်လည်း သိုင်းကျင့်ခြင်းနှင့် မကြာခဏ ဒဏ်ရာရခြင်းတို့ကြောင့် အသားမာများ ရှိနေသည်။ သို့သော် အလွန် ကွာခြားလှပေသည်။

သူသည် ရှန်ညန်ဇီ ထန်းပင် ပြုလုပ်နေပုံကို အသေအချာ ငေးကြည့်နေမိလေသည်။ ရင်ထဲတွင်လည်း နေအိမ်၏ ဟင်းချက်သံ၊ မီးခိုးငွေ့များနှင့် ပြည့်နှက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မီးဖိုနှစ်ခုကို တစ်ပြိုင်နက် ဖွင့်ထားသည်။ တစ်ဖက်တွင် မြေပဲဆံ လှော်နေပြီး တစ်ဖက်တွင် ဟင်းရည်ပျစ်ပျစ် ကျိုနေသည်။ သူမသည် စနစ်တကျ လုပ်ကိုင်နေပြီး အလုပ်ရှုပ်နေသော်လည်း ကမောက်ကမ မဖြစ်ဘဲ စစ်မြေပြင်တွင် စစ်သည်ထောင်သောင်းကို ကွပ်ကဲနေသည့် စစ်သူကြီးတစ်ဦးနှင့် တူနေလေသည်။

ရှန်ညန်ဇီက တကယ်တော်တာပဲ။

ရှဲ့ချီသည် မိမိကိုယ်မိမိ စာပေကျမ်းဂန်များကိုသာ ဖတ်ရှုတတ်ပြီး အိမ်မှုကိစ္စ နားမလည်သူ ဖြစ်သဖြင့် ရှက်ရွံ့မိသွားသည်။

စိတ်ပါလက်ပါ ကြည့်နေစဉ် ရုတ်တရက် အရပ်ရှည်ရှည် မည်းမည်းသဲသဲ လူတစ်ယောက်သည် အရက်အိုးသုံးလုံးကို တွန်းကာ တံခါးတစ်ဝက်ပိတ်ထားသည့် ရှန်အိမ်နောက်ဖေး ခြံဝင်းထဲသို့ ဝင်လာလေသည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ရင်းနှီးစွာ တန်းဝင်လာပြီး လှမ်းမေးလိုက်လေသည်။ "သာ့ကျဲအာ၊ နင် မှာထားတဲ့ အရက်တွေ ဘယ်မှာ ထားပေးရမလဲ"

ရှဲ့ချီက မျက်လုံးလွှဲကာ ငြိမ်သက်စွာ ကြည့်လိုက်သည်။ ထိုမည်းနက်ပြီး သန်မာထွားကျိုင်းသော အမျိုးသားကလည်း ခေါင်းလှည့်ကာ ပြန်ကြည့်လာလေသည်။

နှစ်ဦးသား၏ အကြည့်များ လေထဲတွင် ဆုံတွေ့သွားကြလေတော့သည်။

...

အပိုင်း (၅၈) ခေါက်ဆွဲပြုတ် ရေပန်းစားလာခြင်း

ကုထူစူးသည် နေ့စဉ် အလုပ်ကြမ်းလုပ်ရသဖြင့် အဝတ်အစားကို ဂရုမစိုက်ပေ။ ဒီနေ့ သူသည် ရင်ဘတ်ဟိုက်နေသည့် လက်ပြတ်အင်္ကျီတိုကို ဝတ်ထားလေသည်။ နေလောင်ထားသော ကြေးနီရောင် လက်မောင်းများသည် အပြင်သို့ ပေါ်နေ၏။ ကြွက်သားများက တောင့်တင်းသန်မာသည်။ အင်္ကျီတွင် ကြယ်သီးတစ်လုံးမျှ မပါပေ။ လည်ပင်းတွင် ချွေးသုတ်ရန် ပုဝါရှည်ကြီးတစ်ထည်သာ ဆွဲမထားပါက သူ၏ တောင့်တင်းခိုင်မာသော ရင်အုပ်နှင့် ဝမ်းဗိုက်သားများကို အတိုင်းသား မြင်နေရပေလိမ့်မည်။

ရှန်မြောင်ကတော့ တစ်စုံတစ်ရာ မူမမှန်ဟု မခံစားရပေ။ လမ်းကြားထဲတွင် ထိုသို့ဝတ်ဆင်သူများစွာ ရှိသည်။ တိုဟူးလုပ်သည့် လျိုတာ့လန်၊ သခွားမွှေးရောင်းသည့် ဝမ်စန်းလန်၊ မီးသွေးနှင့် ထင်းရောင်းသည့် ကျန်းချီလန် တို့သည်လည်း အိမ်တွင် အလုပ်ကြမ်းလုပ်ရသူများဖြစ်၍ နေ့စဉ် ထိုသို့သာ ဝတ်ဆင်ကြသည်။ နှစ်သစ်ကူးပွဲတော်ရက်များတွင်မှသာ သူတို့သည် သပ်သပ်ရပ်ရပ် ဝတ်ဆင်ကြလေ့ရှိသည်။

ရှေးခေတ်လူများသည် သူမ ထင်ထားသည်ထက် ပို၍ ပွင့်လင်းကြလေသည်။ သူမ ဒီလောကသို့ ရောက်လာပြီးမှ ထိုအကြောင်းကို သိခဲ့ရခြင်းဖြစ်သည်။

တပါးသူအမြင်တွင် အလွန်ရှေးရိုးစွဲသည်ဟု ထင်ရသော စုန့်ခေတ်တွင် ယောက်ျားများသည် ရင်အုပ်ဗလာကျင်း နေလေ့ရှိရုံသာမက အမျိုးသမီးများသည်လည်း ပူပြင်းသည့် နွေရာသီတွင် လက်တိုအင်္ကျီများကို ဝတ်ဆင်ကြသည်။ ထန်ခေတ်မှ ဆင်းသက်လာသည့် ရင်ဘတ်ဟိုက်သော ဝတ်စုံများသည် ယခုတိုင် ခေတ်စားနေဆဲပင်။ ယခုနှစ်ပိုင်းများတွင် ပြန့်ကျင်းမြို့၌ ရင်စည်း၊ ဝမ်းဗိုက်ဖုံးအင်္ကျီတို့၏ အပေါ်မှ ဇာပါးအင်္ကျီများကို ထပ်ဝတ်သည့် "အတွင်းဝတ်ကို အပေါ်ထပ်အဖြစ်ဝတ်ခြင်း" ပုံစံပင် ခေတ်စားလာခဲ့သည်။ တခါတရံ ရှန်မြောင်သည် လမ်းမပေါ် လျှောက်သွားရင်း အမျိုးမျိုးသော ဝတ်စားဆင်ယင်မှုများကို မြင်ရသောအခါ 'တကယ်တမ်း ရှေးရိုးစွဲပြီး ခေတ်နောက်ကျနေတာ ဘယ်သူလဲ' ဟု သံသယဝင်မိလေသည်။

ကုထူစူး၏ အသံကို ကြားလိုက်ရသဖြင့် သူမက ပုံမှန်အတိုင်း လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမက လက်ဖြင့် အပြင်ဘက်သို့ ညွှန်ပြလိုက်ပြီး နေရိပ်သည့် စင်္ကြံအောက်သို့ ရွှေ့ပေးရန် အကူအညီတောင်းလိုက်သည်။

"ကုအာ့ကောကို ဒုက္ခပေးရပြီ”

ထို့နောက် သူမသည် ဟူထူခေါက်ဆွဲပြုတ်ရန် ပြန်လှည့်သွားတော့သည်။

ကုထူစူးသည်လည်း အရက်အိုးကို တွန်းရွှေ့ပေးလိုက်သည်။ ပြန်လာသည့်အခါ ကောင်တာပေါ်ရှိ ပြတင်းပေါက်မှတဆင့် ဆိုင်ထဲတွင် ရပ်နေသည့် ခြေမသန်စွမ်းသော စာသင်သားကို လှမ်းကြည့်လိုက်မိ၏။

ထိုစာသင်သားသည် အဝကျယ် လက်ရှည်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကို ပိုးသားဖဲပြားဖြင့် စည်းနှောင်ထားသည်။ ဖဲပြားစ,နှစ်ခုသည် မိုးမခကိုင်းများအလား ခေါင်းနောက်မှ ပခုံးပေါ်သို့ တွဲကျနေသည်။ ထိုသူ၏ ရုပ်ရည်သွင်ပြင်သည် ရုံသာ့လန်ထက်ပင် ပိုကြည့်ကောင်းနေသည်။ အသက် ၁၇၊ ၁၈ နှစ်ခန့်သာ ရှိဦးမည်။ ကြည်လင်သန့်ရှင်းသည့် ပုံစံရှိသည်။ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်မှာ ဆောင်းတွင်းကာလ အိမ်ခေါင်မိုးနှင်းစက်များပေါ်တွင် ထင်ဟပ်နေသည့် လရောင်ကို အမှတ်မဲ့ သတိရသွားစေသည်။ ကုထူစူးသည် သူ့ကို မည်သို့ တင်စားရမည်မသိဘဲ ရင်ထဲတွင် အကြောင်းမဲ့ ဒေါသထွက်လာတော့သည်။

အထူးသဖြင့် ထိုခြေမသန်စွမ်းသော စာသင်သားသည် သူ့ကို မြင်လိုက်ရချိန်တွင် အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ မသိကျွမ်းသော သူ့အား ဖော်ရွေစွာ နှုတ်ဆက်လိုက်သည့်နှယ်။

'စာသင်သားပဲ၊ ဘာလို့ နောက်ထပ် စာသင်သားတစ်ယောက် ရောက်လာပြန်တာလဲ'

ထို့ကြောင့် မည်သည့်နေရာမှန်းမသိသော ဒေါသတရားသည် သူ့ခေါင်းပေါ်သို့ ဆောင့်တက်သွားတော့သည်။ သို့သော် မနက်ခင်းက အမေဖြစ်သူ အိမ်သို့ခေါ်လာခဲ့သည့် အောင်သွယ်တော်အကြောင်းကို ပြန်သတိရလိုက်သည်နှင့် ထိုဒေါသသည် ပူဖောင်းကို အပ်ဖြင့် ထိုးဖောက်လိုက်သကဲ့သို့ ချက်ချင်း လျော့ကျသွားတော့သည်။

နောက်ဆုံးတွင် သူသည် ဘာမျှမပြောဖြစ်တော့ပေ။ မျက်နှာလွှဲလိုက်ပြီး ရှန်မြောင်၏ ကျောပြင်ကို ကြည့်ကာ တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

"ထားခဲ့ပြီးပြီ၊ ငါ သွားတော့မယ်”

"အင်း၊ ကျေးဇူးပဲနော် ကုအာ့ကော”

ရှန်မြောင်သည် ခေါက်ဆွဲပြုတ်နေရင်း အချိန်လုကာ လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ ပြီးနောက် ဒယ်အိုးထဲက အလုပ်ကို ဆက်လုပ်နေလေသည်။ ကုထူစူးနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးနောက်ပိုင်း ကုထူစူး မည်သို့တွေးသည်ဖြစ်စေ သူမကတော့ သူ့အား ပုံမှန်အတိုင်း ရိုးသားစွာ ဆက်ဆံနိုင်ပြီ ဖြစ်သည်။

ကုထူစူးသည်လည်း လှည့်ထွက်လာခဲ့သည်။ စိတ်ထဲတွင်တော့ တီးတိုးရေရွတ်နေမိ၏။

'ငါ့ကံဇာတာက စာသင်သားတွေနဲ့ မတည့်ဘူးထင်တယ်။ သူများတွေက ဂြိုဟ်မွှေခံရတယ်၊ ငါကျတော့ စာသင်သားမွှေခံရတာပဲ'

သူသည် လက်တွန်းလှည်းအလွတ်ကို ဆွဲကာ အိမ်ပြန်လာခဲ့သည်။ ခြံဝင်းထဲတွင် တိတ်ဆိတ်အေးမြနေသည်။ ဝဖိုင့်ဖိုင့်စာကလေးတစ်ကောင်သာ ခြံစည်းရိုးပေါ်တွင် နားနေပြီး ခေါင်းကို ဘယ်ညာ စောင်းငဲ့ကြည့်နေသည်။ လူမရှိသကဲ့သို့ပင်။

ကုထူစူးသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ထိုစာကလေးဝတုတ်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။ မနက်စောစောက အဒေါ်ကုနှင့် စကားများရန်ဖြစ်စဉ်ကတည်းက ဒီငှက်ရှိနေခဲ့သည်။ အခုထိ ရှိနေတုန်းပင်။ ဘယ်လိုကြည့်ကြည့် မျက်စိစပါးမွှေးစူးပြီး ဆူညံသည်ဟု ခံစားရသဖြင့် ကုထူစူးသည် လေထဲတွင် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါ့ပြဿနာကို တစ်မနက်လုံး ထိုင်ကြည့်နေပြီးပြီ၊ မြန်မြန် သွားစမ်း”

စာကလေးသည် လန့်သွားပြီး ပျံထွက်သွားတော့သည်။

သူ့ကို အကဲခတ်နေသည့် ငှက်ကို မောင်းထုတ်ပြီးနောက် မီးဖိုချောင်ပြတင်းပေါက်နားသို့ အသာကပ်သွားပြီး ချောင်းကြည့်လိုက်သည်။ အထဲတွင် အေးစက်တိတ်ဆိတ်နေဆဲ။ အဒေါ်ကုသည် သူ့အတွက် ဆန်ပြုတ်ပင် ချန်မထားခဲ့ပေ။ မိခင်ဖြစ်သူ စိတ်ဆိုးနေဆဲမှန်း သိလိုက်သဖြင့် သူသည် မျက်နှာငယ်လေးဖြင့် မိခင်ဖြစ်သူ၏အခန်းတံခါးကို သွားခေါက်လိုက်ရသည်။

"အမေ... ရှိလား၊ ကျွန်တော် မှားသွားပါတယ်၊ မနက်က အမေ့ကို အဲလို မပြောသင့်ပါဘူး”

အဒေါ်ကုသည် တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်း အမေ့ကို အမှန်အတိုင်းပြော၊ မင်း မိန်းမ မယူချင်တာ ရှန်သာ့ကျဲအာကို စိတ်မဖြတ်နိုင်သေးလို့မလား”

ကုထူစူးက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ရှန်မြောင်ပြောခဲ့သော စကားများကို သတိရလိုက်သည်။ သူက ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး အမေ”

"ဒါဆို ဘာလို့ မိန်းမ မယူချင်တာလဲ”

"ကျွန်တော်တို့အိမ်က ချွေးမတောင်းဖို့ ငွေအလောက်အငှ ရှိလို့လား” ကုထူစူးက ပခုံးတွန့်လိုက်သည်။ "အဖေနဲ့ အမေ ပြောနေတာတွေ ကျွန်တော် ကြားပါတယ်။ အတိုးနဲ့ ငွေသွားချေးမယ့်အစား ငွေစုလိုက်တာက ပိုမကောင်းဘူးလား။ အတိုးတွေ ပိုပေးရတာ သက်သာတာပေါ့။ ကျွန်တော်လည်း ဒီအသက်အရွယ် ရောက်နေပြီပဲ၊ တစ်နှစ် နှစ်နှစ်လောက် နောက်ကျတာ ကိစ္စမရှိပါဘူး”

အဒေါ်ကုသည် သံသယဖြင့် သူ့ကို အကဲခတ်နေလေသည်။

"တကယ်ပါ” ကုထူစူးသည် ရင်ထဲမှ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သရော်သည့်အပြုံးဖြင့် ပြုံးလိုက်ကာ "အမေ စိတ်ချပါ၊ ကျွန်တော် နားလည်ပါပြီ။ လွန်ခဲ့တဲ့သုံးနှစ်ကပဲဖြစ်ဖြစ်၊ နောက်သုံးနှစ်ကြာရင်ပဲဖြစ်ဖြစ် သာ့ကျဲအာရဲ့ မျက်လုံးထဲမှာ ကျွန်တော် ဘယ်တုန်းကမှ ရှိမနေခဲ့ပါဘူး။ သူ သဘောကျတဲ့ ယောက်ျားက ကျွန်တော်လိုလူမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”

'သာ့ကျဲအာက စာသင်သားလိုလူမျိုး၊ ကြည်ကြည်လင်လင် သန့်သန့်ပြန့်ပြန့် လူမျိုးကို သဘောကျတာ ဖြစ်လောက်တယ်' ကုထူစူး တွေးမိသည်။ ဒါတော့ သူ မတတ်နိုင်ပေ။ သူ့အဖေက အသားမည်းသည်။ သူကလည်း ငယ်ငယ်ကတည်းက မည်းသည်။ သူတို့သားအဖနှစ်ယောက်ကို ကျောက်မီးသွေးကျင်းထဲ ပစ်ထည့်လိုက်ရင် ကျောက်မီးသွေးနဲ့ လူ ခွဲလို့ရမှာ မဟုတ်ဘူးဟု အဒေါ်ကုက မနှစ်မြို့စွာ ပြောဖူးသည်။

သူက ရုပ်ကြမ်းကြီးနှင့် စာလည်း မတတ်ပေ။ ပြောင်းလဲလို့ မရတော့။

သားဖြစ်သူ၏ စကားများက ရိုးသားလွန်းနေသည်။ အဒေါ်ကု စိတ်အေးသွားတော့သည်။ သူမသည် သားဖြစ်သူ၏ ပခုံးကို ပုတ်လိုက်သည်။

"မင်းပြောတာ မှန်တယ်၊ ဒါကြောင့် ဒီစိတ်ကို ဖြတ်လိုက်တော့။ ကောင်းပြီလေ၊ မင်း သဘောအတိုင်း လုပ်ကြတာပေါ့။ ငါတို့ ငွေနည်းနည်း ထပ်စုကြမယ်။ မင်းလည်း အေးအေးဆေးဆေး နေပါ။ နောက်ကျရင် မင်းကို တန်ဖိုးထားမယ့် မိန်းမတစ်ယောက် ရှာပြီး လက်ထပ်ပေးမယ်။ ဒါမှ ဘဝက တိုးတက်မှာ”

"ဟုတ်ကဲ့၊ အမေ့သဘောပါပဲ”

ကုထူစူးသည် နှုတ်ခမ်းကို တွန့်ရုံ ပြုံးပြလိုက်ပြီး ထင်းခွဲဓားကို ကောက်ကိုင်ကာ အလုပ်သွားလုပ်တော့သည်။

အဒေါ်ကုသည် ရင်ထဲက အပူတစ်လုံး ငြိမ်းသွားတော့သည်။ ခြံထဲမှ သားဖြစ်သူ၏ တဒုန်းဒုန်း ထင်းခွဲသံကို နားထောင်ရင်း စိတ်ပျော်ရွှင်စွာဖြင့် အိမ်ရှိ ဟင်းရည်ထည့်သည့် ဇလုံကြီးကို ယူကာ အိမ်ပြင်ထွက်လာခဲ့သည်။ ခေါင်းမာသော သားဖြစ်သူက နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်၍ ဂုဏ်ပြုသည့်အနေဖြင့် ရှန်သာ့ကျဲအာ၏ ခေါက်ဆွဲဆိုင်မှ သိုးသားခေါက်ဆွဲ တစ်ဇလုံကြီး သွားဝယ်ကာ မိသားစုလိုက် ကောင်းကောင်း စားသောက်ကြမည်ဟု ကြံစည်လိုက်သည်။ ပြောရလျှင် အိမ်၌ သိုးသားမစားရသည်မှာ လဝက်ကျော်နေပြီ။ ဒီနေ့တော့ တစ်ခါလောက် သုံးဖြုန်းလိုက်ဦးမည်။

ရှန်သာ့ကျဲအာ၏ လက်ရာသည် ဖခင်ထက်ပင် သာလွန်ကောင်းမွန်သည်ဟု ပြောရမည်။ ကုမိသားစုနှင့် ရှန်မိသားစုသည် အလွန်နီးကပ်ရာ ရှန်သာ့ကျဲအာ ဆိုင်ဖွင့်ပြီးနောက်ပိုင်း မျက်နှာချင်းဆိုင်မှ လွင့်ပျံလာသော ဟင်းရနံ့အမျိုးမျိုးကို အဒေါ်ကုတစ်ယောက် နေ့တိုင်း ရနေရသည်။ အထူးသဖြင့် သိုးသားဟင်းရည်အနံ့သည် သူမကို ညဘက်အိပ်မက်ထဲတွင် သိုးပေါင်ကြီးကို အငမ်းမရ ကိုက်စားမိသည်အထိ သွားရည်ယိုစေခဲ့သည်။ သိုးသားက ဈေးမပေါချေ။ သူမကိုယ်တိုင် ချက်လျှင် ထိုမျှကောင်းသော အရသာထွက်မည် မဟုတ်သဖြင့် နှမြောစရာ ဖြစ်လိမ့်မည်။ အသင့်ဝယ်စားခြင်းက ပိုကောင်းသည်။

ရှန်မိသားစု အနောက်ဖက်တံခါးကို သော့ခတ်မထားသဖြင့် အဒေါ်ကု တွန်းဖွင့်ဝင်လိုက်သည်။ ရပ်ကွက်ထဲတွင် ဤသို့ပင် ဖြစ်လေ့ရှိသည်။ လမ်းမဘက်ကျောခိုင်းထားသော လမ်းကြားများသည် ကျဉ်းမြောင်းပြီး လူစိမ်းဝင်လေ့မရှိ။ အမျိုးသမီးများသည် တံခါးရှေ့တွင် အလုပ်ပါးများ လုပ်လေ့ရှိပြီး ကလေးများသည်လည်း လမ်းကြားထဲတွင် ဆော့ကစားတတ်ကြသည်။ အိမ်တွင် လူရှိလျှင် နောက်ဖေးတံခါးကို သော့ခတ်လေ့မရှိကြပေ။ တံခါးမခေါက်ဘဲ အလည်သွားသည်မှာလည်း ထုံးစံလိုပင်။ သို့သော် ရှန်မိသားစုတွင် တံခါးစောင့်သည့် ခွေးနှစ်ကောင်ရှိသဖြင့် သူခိုးလာမည်ကို မပူရပေ။

သူမ ဝင်သွားပြီး ခွေးကြီး၏ အမည်းရောင်ခေါင်းကို အရင်ပွတ်သပ်လိုက်သည်။ ပြီးမှ ခွေးလေး၏ အဝါရောင်ခေါင်းကို ပွတ်လိုက်ပြီး တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

"သာ့ကျဲအာ”

ထူးသံမကြားရပေ။ သူမ သံသယဖြစ်သွားပြီး ဇလုံကိုကိုင်ကာ စင်္ကြံလမ်းအတိုင်း ဆိုင်ရှေ့ခန်းနှင့် နောက်ဖေးပေါက် ဆက်ထားသည့် တံခါးပေါက်နားသို့ လျှောက်သွားလိုက်သည်။

သည်အချိန်တွင် ဆိုင်ထဲ၌ လူသိပ်မရှိပေ။ စာသင်သားအသွင် ဝတ်ဆင်ထားသော သခင်နှင့် အစေခံနှစ်ယောက်သာ ပူပူနွေးနွေး ဟူထူခေါက်ဆွဲကို စားနေကြသည်။ ရှန်သာ့ကျဲအာသည် မီးဖိုခန်းထဲတွင် ထိုင်နေသော်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းက ကောင်တာပေါ် မှောက်ထားပြီး သူတို့နှစ်ယောက် စားနေသည်ကို ပြုံး၍ ကြည့်နေသည်။

"ယန့်ရှူး ဖြည်းဖြည်းစား၊ များများမှုတ်ပြီးမှ စားလေ၊ ဟူထူခေါက်ဆွဲက အေးတာနှေးတယ်၊ နင့်ပါးစပ် အပူလောင်ပြီး အဖုပေါက်နေဦးမယ်”

ထိုစာသင်သားက မော့ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"သူက ငယ်ငယ်တုန်းက ငတ်ဖူးလို့ အခုထိ မမှတ်မိတော့ရင်တောင် အစားစားရင် ငတ်ကြီးကျပြီး စားတုန်းပဲ၊ ဘယ်လိုမှ ပြင်မရဘူး။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်း စားဖိုမှူးဖန်းကို သင်ပေးလိုက်တဲ့ ပုရစ်ပေါင်မုန့်ကို နှစ်ဘူးဆက်တိုက် စားပစ်တာလေ၊ စားလွန်းအားကြီးပြီး ရင်ခံသွားတာ၊ ညကျတော့ ဗိုက်နာပြီး လူးလှိမ့်နေရော၊ ဆံပင်ဖားလျားနဲ့ ကျွန်တော့်ကုတင်ဘေးလာပြီး ရှိုက်ကြီးတငင် ငိုပြလို့ ကျွန်တော့်မှာ လန့်သေမတတ်ပဲ၊ ညသန်းခေါင်ကြီး ထပြီး သေတ္တာတွေမွှေ ဗီရိုတွေမွှေနဲ့ အစာကြေဆေး ရှာပေးလိုက်ရတယ်”

ရှန်မြောင်သည် သနားစရာလည်းကောင်း ရယ်စရာလည်းကောင်း ဖြစ်သွားပြီး မေးစေ့ကို လက်ထောက်ကာ စားသောက်နေ၍ စကားပြန်မပြောနိုင်သော ယန့်ရှူးကို လက်ညိုးထိုးပြလိုက်သည်။

"နင်နော်။ နင်ကတော့လေ”

နေရောင်ခြည်တန်းများကြားတွင် ဖုန်မှုန့်လေးများ လွင့်မြောပြီး အခန်းတစ်ခုလုံးတွင် နွေးထွေးမွှေးကြိုင်သော အနံ့များ ပြည့်နှက်နေသည်။ လူသုံးယောက်သည် ဝါးလိုက်ကာတံခါးနှင့် နေရောင်ခြည်ကို ခြားလျက် တိုးတိုးညင်းညင်း စကားပြောနေကြသည်။ သူတို့သည် ခေါင်းစဉ်တစ်ခုပြီးတစ်ခု ဟိုဟိုဒီဒီ ပြောနေကြသော်လည်း အေးချမ်းတည်ငြိမ်သော ခံစားမှုမျိုးကို ပေးစွမ်းနေသည်။

အဒေါ်ကုသည် အဝေးမှ လှမ်းကြည့်နေပြီး အကြောင်းအရင်းမရှိဘဲ တိတ်ဆိတ်စွာ ပြန်လှည့်လာခဲ့သည်။ နောက်ဖေးဝင်းထဲရှိ "ခွေးဂိတ်တံခါး" နှစ်ခုကို ဖြတ်ကျော်လာပြီးနောက် သူမ၏ ခြေလှမ်းများက ရပ်သွားသည်။ သူမပြန်လှည့်လာသည်ကို နားမလည်နိုင်သလို ကြည့်နေကြသော ခွေးနှစ်ကောင်၏ အကြည့်ကို ငုံ့ကြည့်ရင်း ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။

'ဟုတ်သားပဲ၊ ငါ ဘာလို့ မသွားတာလဲ။ သိုးသားခေါက်ဆွဲ ဝယ်ရမှာလေ။ ငါ ဘာလို့ ပြန်လာတာလဲ'

'နှောင့်ယှက်ရမှာ အားနာလို့ ဖြစ်မယ်' သူမ တွေးလိုက်သည်။ ဒါပေမဲ့ ဘာလို့ နှောင့်ယှက်ရမှာ အားနာရတာလဲ။ သူမလည်း နားမလည်ပေ။

"နောက်မှပဲ သွားဝယ်တော့မယ်” နောက်ဆုံးတွင် အဒေါ်ကုသည် လက်ထဲက ဇလုံအလွတ်ကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်တော့သည်။

........

ရှဲ့ချီသည် နူးညံ့ပြီး အရသာပြည့်စုံသော ဟူထူခေါက်ဆွဲ တစ်ပန်းကန်လုံးကို စားသောက်လိုက်ပြီးနောက် ယန့်ရှူးကဲ့သို့ပင် ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ်မှီကာ သက်တောင့်သက်သာ သက်ပြင်းချလိုက်သည်။ ဤကဲ့သို့ ရှုပ်ပွနေသလိုလိုနှင့် ထူးဆန်းစွာ အရသာရှိလှသော ခေါက်ဆွဲမျိုးကို သူ တစ်ခါမှ မစားဖူးခဲ့ပေ။ အထူးသဖြင့် ရှန်ညန်ဇီသည် ခေါက်ဆွဲပြုတ်ပြီးနောက် ဆီအိုးသစ်တည်ကာ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူပြားများကို ရွှေရောင်သမ်းအောင် ဆီသတ်ပြီး ရှာလကာရည် တစ်ဇွန်း ထည့်လိုက်သေးသည်။ တရှဲရှဲနှင့် အငွေ့တထောင်းထောင်း ထနေချိန်တွင် ထိုပူနွေးသော ဆီချက်ကို ဟူထူခေါက်ဆွဲပေါ် လောင်းချလိုက်ရာ ဟူထူခေါက်ဆွဲ၏ အရသာကို ပိုမိုလေးနက်သွားစေသည်။

အစပိုင်းတွင် ဤခေါက်ဆွဲကို လာချပေးစဉ်က သူသည် သာမန်ဟုသာ ထင်ခဲ့ပြီး သည်အတိုင်း ခေါင်းညိတ်ပြလိုက်ကာ ရှန်ညန်ဇီက ခေါက်ဆွဲပြုတ်ကို နာမည်ပေးကောင်းထ,’သည်၊ အမှန်တကယ်ပင် ပါဝင်ပစ္စည်းစုံကို "ရှုပ်ပွနေအောင် ရောပြုတ်ထားသည်" ဟုသာ တွေးမိသည်။ သို့သော် စားလိုက်သည်နှင့် ဟင်းသီးဟင်းရွက်၏ လတ်ဆတ်မှု၊ အသား၏ မွှေးကြိုင်မှုနှင့် ခေါက်ဆွဲ၏ အိစက်မှုတို့ တပြိုင်နက်တည်း ဝင်ရောက်လာသည်။ ခေါက်ဆွဲအချို့သည် အစပိုင်းတွင် စားကောင်းသော်လည်း စားလေလေ အရသာပေါ့သွားကာ အီလာတတ်သည်။ ဤ ဟူထူခေါက်ဆွဲကမူ ထိုသို့မဟုတ်ပေ။ စားလေလေ အရသာပိုထူးခြားလေလေပင်။ ပါးစပ်ထဲတွင် ပျော်ဝင်သွားမတတ် နူးညံ့သော အရသာရှိသည်။ ဆန်ပြုတ်သောက်ရသည်နှင့် တူသော်လည်း ဆန်ပြုတ်ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။

"ဟူထူ ဆိုတဲ့ နာမည်က ရှုပ်ထွေးခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ယူထားပေမယ့် တကယ်တမ်းကျတော့ သိမ်မွေ့နက်နဲမှုတွေ ပါဝင်နေတာပဲ။ နောက်ပိုင်းကျရင် ဒီနေ့စားခဲ့ရတဲ့ ဟူထူ အရသာကို ကျွန်တော် မေ့နိုင်မယ် မထင်တော့ဘူး”

ရှဲ့ချီသည် တူကို ပန်းကန်လုံးပေါ် သပ်ရပ်စွာ တင်လိုက်ပြီး မျက်လုံးများကွေးညွှတ်သွားအောင် ပြုံးကာ ပြောလိုက်သည်။

"ဒီနေ့လည်း ရှန်ညန်ဇီကို ဒုက္ခပေးမိပြန်ပြီ။ ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ ခေါက်ဆွဲကို စားရဖို့အတွက် နောက်ဆိုရင်လည်း လာပြီး ဒုက္ခပေးရဦးမှာပဲ”

"ကျိုကော လာချင်တဲ့အချိန် လာခဲ့ပါရှင်။ တံခါးဖွင့် စီးပွားရှာနေတာပဲ ဘယ်မှာ ဒုက္ခပေးတယ်ဆိုတာ ရှိလို့လဲ”

စီးပွားရှာတယ်ဆိုပေမယ့် လူတိုင်းကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါပေမဲ့ စားဖိုမှူးတိုင်းက စားသုံးသူဆီက အရသာရှိတယ်ဆိုတဲ့ စကားကို ကြားချင်ကြတာချည်းပဲ။ သူမသည် ချီးကျူးခံရသဖြင့် စိတ်ကျေနပ်သွားပြီး မျက်လုံးများ ဝင်းလက်သွားကာ ချက်ချင်း ပြောလိုက်သည်။

"ရှင်သာ တကယ် မကြာခဏ လာနိုင်မယ်ဆိုရင် ကျွန်မ ပိုတောင် ဝမ်းသာဦးမယ်”

ရှဲ့ချီမှာ ကြောင်သွားပြီး ချက်ချင်းပင် နားရွက်များ နီရဲလာတော့သည်။ "ဟုတ်လား... ဒါဆို နောက်ဆိုရင်... ကျွန်တော် မကြာခဏ လာခဲ့မယ်နော်”

ရှန်မြောင်ကတော့ မသင့်တော်လေဘူးဟု မတွေးမိပေ။ ပြုံးလျက် တံခါးလိုက်ကာကို မကာ ပန်းကန်ခွက်ယောက်လာသိမ်းပြီး မီးဖိုချောင်သို့ ဝင်သွားသည်။

"ကောင်းပါပြီရှင်”

ဆိုင်အပြင်ဘက်တွင် အနောက်သို့ ယွန်းစပြုနေသော နေရောင်ခြည်သည် ယန့်ရှူး၏ မျက်လုံးများကို ထိုးနေသည်။ ထိုအခါမှသာ သူသည် ပါးစပ်ထဲတွင် စွဲကျန်နေသော ခေါက်ဆွဲနံ့မွှေးမွှေးမှ သတိပြန်ဝင်လာခဲ့ကာ အချိန်မစောတော့သည်ကို သတိထားမိသွားသည်။ သူသည် ပါးစပ်ကို သုတ်ရင်း ခေါင်းလှည့်ကာ ကျိုကောကို မေးရန်ပြင်လိုက်သည်။ ဂုဏ်လည်းပြုပြီးပြီ၊ ခေါက်ဆွဲလည်း စားပြီးပြီဆိုတော့ ပြန်သင့်ပြီမဟုတ်လား။ ခြေထောက်က ဆေးထည့်ရဦးမည်လေ။

သို့သော် သူကြည့်လိုက်သောအခါ ကျိုကောသည် ငူငူငိုင်ငိုင် ထိုင်နေပြီး လက်တစ်ဖက်က ကိုယ့်နားရွက်ကို သတိမထားမိဘဲ ပွတ်သပ်နေကာ မျက်လုံးများကတော့ လှည့်ထွက်သွားသော ရှန်ညန်ဇီ၏ ကျောပြင်ကို လိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ကျိုကော... ကျိုကော။ ကျွန်တော်တို့ ပြန်ရအောင်လေ ကျိုကော”

ယန့်ရှူးက သံသယဖြင့် ခေါ်လိုက်၏။ ရှဲ့ချီသည် အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ ဖြစ်သွားပြီး ကပျာကယာဖြင့် ဂျိုင်းထောက်ကို ထောက်ကာ မတ်တပ်ရပ်လိုက်သည်။

"ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ ရှန်ညန်ဇီ... အဲဒါဆို... ကျွန်တော် အရင်သွားနှင့်တော့မယ်။ ယန့်ရှူး၊ ပိုက်ဆံရှင်းလိုက်ဦး..."

ရှန်မြောင်သည် ပန်းကန်ခွက်ယောက်များကို ရေကန်ထဲ ထည့်လိုက်ပြီး ခါးစည်းတွင် လက်ကို သုတ်ကာ အလျင်အမြန် ထွက်ပြီး လိုက်ပို့လိုက်သည်။

"ပြန်သင့်နေပါပြီ၊ ခြေထောက်ကို အချိန်ဆွဲထားလို့ မဖြစ်ဘူး”

ပြောရင်းဖြင့် သူမသည် ရှဲ့ချီ၏ နားရွက်များနှင့် ပါးပြင်များ နီရဲနေသည်ကို စိတ်ရှုပ်ထွေးစွာ သတိထားမိလိုက်သည်။

'ခေါက်ဆွဲက အရမ်းပူလို့များလား။ ဒီနေ့ ရာသီဥတုကလည်း နည်းနည်းတော့ ပူသားပဲ'

...

All Chapters