အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အပိုင်း (၅၉)
ယနေ့တွင် အမှန်ပင် တော်တော်လေး ပူအိုက်နေသည်။
"ဟုတ်သားပဲ ကျိုကော၊ ရှစ်ယီးညန်က အစားအစာတွေ ဝယ်လာဖို့ မှာလိုက်သေးတယ်လေ” ယန့်ရှူးသည် ရှဲ့ချီ၏ လက်မောင်းကို တွဲထားရင်း မျက်လုံးအိမ်ကို ပါးနပ်စွာ ကစားလိုက်သည်။ "ရှန်ညန်ဇီဆီကပဲ မုန့်နည်းနည်းလောက် ဝယ်သွားမလား။ ဒါဆိုရင် မုန့်ဆိုင်ဘက်ကို လှည့်ပတ်သွားစရာ မလိုတော့ဘူးပေါ့”
ဒါဆို သူလည်း ပိုစားရပြီပေါ့။
ရှန်ညန်ဇီ၏ မုန့်လုပ်သည့် လက်ရာသည် သူ့ဗိုက်ထဲက ပိုးကောင်ကို အပိုင်သိမ်းသွင်းထားပြီးဖြစ်ရာ အခြားဆိုင်က မုန့်ကို စားချင်စိတ် လုံးဝ မရှိတော့ပေ။
သူတစ်ယောက်တည်းသာ မဟုတ်။ ယခုအခါ ရှဲ့မိသားစုဝင်အားလုံး ရှန်ညန်ဇီ၏ ဂုဏ်သတင်းကို သိရှိနေကြပြီ ဖြစ်သည်။ ဥပမာဆိုရသော် ရှစ်ယီးညန်ပင်။ သူမသည် ရှန်ညန်ဇီ၏ မန်ထိုကင်ကို စားဖူးပြီးနောက်ပိုင်းတွင် အရင်က တာ့ရှန့်ကော်ဘုရားကျောင်းမှ ဘုန်းကြီးများကဲ့သို့ နေ့လွဲညစာ မစားဘဲ ကျင့်ကြံမည်၊ မုန့်ပဲသရေစာနှင့် အချိုရည်များကို လုံးဝမသုံးဆောင်ဘဲ သေသည်အထိ နေသွားမည်ဟု ကြီးကျယ်ခမ်းနား ပြတ်သားစွာ ကြွေးကြော်ထားခဲ့သည်။ သို့သော် ရှန်ညန်ဇီ၏ မန်ထိုကင်ကို စားမိပြီးသည်နှင့် ရှစ်ယီးညန်သည် သီလကျိုးသွားသော ရဟန်းတစ်ပါးကဲ့သို့ ထိန်းသိမ်းမရ ဖြစ်သွားခဲ့လေသည်။
ဒီနေ့တော့ ကြက်ဥအနှစ်ဌာပနာမုန့် တစ်ဘူး၊ မနက်ဖြန်ကျတော့ ပုရစ်မုန့် တစ်ပန်းကန် စသည်ဖြင့် စားသောက်နေတော့သည်။
သူမ၏ မူလကြွေးကြော်သံများကို မည်သည့်နေရာရောက်သွားမှန်းပင် မမှတ်မိတော့ပေ။
ထို့ကြောင့် ယခုအခါ ရှဲ့မိသားစုတွင် ကြက်ဥအနှစ်ဌာပနာမုန့်နှင့် ပုရစ်မုန့်များကို အများဆုံး စားသုံးသူမှာ ယန့်ရှူးမဟုတ်ဘဲ ရှစ်ယီးညန် ဖြစ်နေတော့သည်။
ယခုလည်း ကျိုကောသည် မသန်စွမ်းသော ခြေထောက်ဖြင့် အပြင်ထွက်မည်ပြုရာ သူမသည် ဘေးနားရှိ အထိန်းတော်ကို လွှတ်လိုက်ပြီး ကျိုကောအနေဖြင့် သူမအတွက် စားစရာကောင်းကောင်း တစ်ခုခု ဝယ်လာပေးရန်၊ မည်သည့်အရာဖြစ်စေ အရသာရှိပြီး ဆန်းသစ်ကာ မစားဖူးသည့်အရာဆိုလျှင် ရကြောင်း မှာကြားလိုက်လေသည်။
ရှဲ့ချီသည်လည်း ညီမဖြစ်သူ၏ မျှော်လင့်တကြီး စောင့်စားနေမည့် မျက်လုံးများကို သတိရလိုက်သည်။ အကယ်၍ လက်ဗလာဖြင့် ပြန်သွားပါက ရက်အနည်းငယ်ခန့် ပွစိပွစိနှင့် မကျေမနပ် ပြောဆိုခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် ရှန်မြောင်ကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် ဒီကိစ္စကို မေ့တော့မလို့၊ ရှန်ညန်ဇီဆီမှာ မန်ထိုကင် ဒါမှမဟုတ် တခြားမုန့်တွေ ရှိသေးလား”
"လုပ်တော့ လုပ်ထားပါတယ်၊ ဒါပေမဲ့ မန်ထိုကင်က မနက်အစောကြီးကတည်းက ကုန်သွားပြီ” ရှန်မြောင်က စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ "အခုလုပ်မယ်ဆိုရင်လည်း အချိန်မှီမယ် မထင်တော့ဘူး”
ရှဲ့ချီလည်း ခန့်မှန်းမိပါသည်။ ရှန်ညန်ဇီ၏ လက်ရာက ဤမျှကောင်းမွန်ရာ တံတားဈေးတွင် ဈေးခင်းစဉ်ကပင် မရောင်းရဘဲ ကျန်သည်ဟူ၍ မရှိခဲ့ပေ။ ယခု ဆိုင်ဖွင့်လိုက်သည့်အခါတွင်တော့ ဝယ်ယူသူများ ပိုမိုများပြားလာသည်မှာ သဘာဝပင်။ သူသည် နှမြောတသဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်ရသည်။
"ဒါဆိုရင် ဒုက္ခမပေးတော့ပါဘူး”
ပြန်ရန် ပြင်လိုက်စဉ် တံခါးဝမှ စားပွဲခုံအမြင့်ထက် အနည်းငယ်သာ ပိုမြင့်သော လက်ချင်းချိတ်ထားသည့် ကလေးနှစ်ယောက် ဝင်လာသည်။ ၄ နှစ်ဝန်းကျင်ခန့်သာ ရှိဦးမည်။ ပဲပင်ပေါက်ဆံပင်စည်းထားသည့် ထိုကလေးနှစ်ယောက်သည် ပုံစံချင်း တစ်ထပ်တည်းတူညီကြသည်။ တစ်ယောက်က အပြာရောင်အင်္ကျီ၊ တစ်ယောက်က အနီရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ငွေသော့လေးများ ဆွဲထားကြသည်။ ခြေတိုလေးများဖြင့် တံခါးခုံကို ခက်ခက်ခဲခဲ ကျော်ဖြတ်ဝင်လာပြီး နို့နံ့မစင်သေးသော အသံလေးဖြင့် ရှန်မြောင်ကို လှမ်းခေါ်လိုက်ကြသည်။
"ရှန်သာ့ကျဲအာ”
ရေပေးသည့်အိမ်အနောက်ဘက် ဆီစက်ပိုင်ရှင် ကုမိသားစုမှ ကလေးများဖြစ်ကြောင်း ရှန်မြောင် မှတ်မိလိုက်သည်။ သူတို့သည် အမွှာများ ဖြစ်ကြသည်။ ကလေးများက ငယ်လွန်းသေးသဖြင့် နာမည်ရင်း မပေးရသေးပေ။ အနည်းငယ် ဝဖြိုးသူက အစ်မဖြစ်ပြီး အားပေါင် ဟု ခေါ်ကာ ပိန်ပိန်ပါးပါး ယောက်ျားလေးက မောင်လေးဖြစ်ပြီး အားတိ ဟု ခေါ်သည်။ ထိုကလေးနှစ်ယောက်သည် လမ်းကြားထဲတွင် နာမည်ကြီးသူများ ဖြစ်ရာ မသိသူမရှိပေ။ သူတို့မွေးဖွားလာစဉ်က လမ်းကြားတစ်ခုလုံး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ ယန်လျိုအရှေ့လမ်းကြားတွင် ဆယ်စုနှစ်များစွာအတွင်း ဘေးကင်းစွာ မွေးဖွားလာခဲ့သည့် တစ်စုံတည်းသော ယောက်ျားလေး မိန်းကလေး အမွှာပူးများ ဖြစ်သောကြောင့်ပင်။ ထို့နောက်ပိုင်း လမ်းကြားထဲတွင် မင်္ဂလာဆောင်ရှိတိုင်း ဤရွှေရုပ်သွင် ငွေရုပ်သွင် ကလေးနှစ်ယောက်ကို မီးအိမ်ကိုင်ရန် (သို့မဟုတ်) မင်္ဂလာကုတင်ပေါ် လူးလိမ့်ရန် ငှားရမ်းလေ့ရှိကြသည်။
ရှန်သာ့ကျဲအာ ရုံသာ့လန်နှင့် လက်ထပ်စဉ်က ထိုကလေးနှစ်ယောက် လမ်းလျှောက်တတ်စသာ ရှိသေးပြီး မိဘများက လက်ဆွဲကာ သူမအတွက် ပန်းမီးအိမ်ကို ယိုင်တိယိုင်တိုင်ဖြင့် ကိုင်ပေးခဲ့ဖူးသည်။
ရှန်မြောင်သည် ကိုယ်ကိုကိုင်းကာ သူတို့နှင့် စကားပြောလိုက်သည်။ "မင်းတို့နှစ်ယောက် ဘယ်လိုလုပ် ရောက်လာတာလဲ၊ မင်းတို့ အဖေနဲ့ အမေကော”
သူတို့နှစ်ယောက်သည် မြေအိုးခွက်အကြီးတစ်လုံးကို ယူလာကြကာ အားတိက ပန်းကန်လုံးကို မြှောက်ပြပြီး ရှန်မြောင်ကို ပြောလိုက်သည်။ "ရေနွေးပူပူလောင်းထည့်လိုက်ရင် စားလို့ရတဲ့ ခေါက်ဆွဲပြုတ် ရှိတယ်လို့ ရှန်းအာက ပြောပြတယ်။ အဲဒါ တကယ်ပဲ အဲလောက်ဆန်းလားဆိုတာ သိရအောင် အမေက သွားဝယ်ခိုင်းလိုက်လို့ပါ”
အားပေါင်ကလည်း ဆီများပေကျံနေသော ပိုက်ဆံများကို ထုတ်ပြပြီး ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။ "ရှန်သာ့ကျဲအာ၊ သမီးတို့ ပိုက်ဆံ ယူလာတယ်နော်”
ရှန်းအာကပါ သူ့သူငယ်ချင်းတွေကြားထဲ ကြော်ငြာပေးနေတာလား။ ရှန်မြောင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပန်းကန်နှင့် ပိုက်ဆံကို လှမ်းယူလိုက်သည်။
"ကောင်းပါပြီရှင်၊ ခဏစောင့်နော်” ပြီးနောက် ရှဲ့ချီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကျိုကော ခဏလောက် စောင့်ပေးပါဦး၊ ကျွန်မ ကလေးတွေကို ခေါက်ဆွဲထည့်ပေးလိုက်ဦးမယ်၊ ပြီးရင် ယန့်ရှူးနဲ့အတူ ရှင် အပြင်ထွက်ဖို့ ကူညီပေးမယ်။ ကြွက်မဝင်အောင်လို့ ဆိုင်တံခါးခုံကို နည်းနည်းမြင့်ထားမိတယ်၊ ရှင့်ခြေထောက်က မကောင်းတော့ တိုက်မိခိုက်မိမှာ စိုးလို့ပါ”
ရှဲ့ချီသည် အသိစိတ်ဝင်လာပြီး ဒုက္ခမပေးတော့ပါဘူးဟု ခေါင်းခါငြင်းပယ်ချင်သော်လည်း မည်သည့်အတွက်ကြောင့်မှန်းမသိ၊ ယခုအချိန်တွင် သူ့ရင်ထဲ၌ ယားကျိကျိနှင့် နူးညံ့သွားသလို ခံစားလိုက်ရပြီး ခြေလှမ်းများသည်လည်း ကော်နှင့် ကပ်ထားသကဲ့သို့ ရွေ့မရ ဖြစ်နေတော့သည်။
ရှန်မြောင်သည် မြေအိုးခွက်ထဲသို့ ကြော်ထားသော ခေါက်ဆွဲတစ်တုံး ထည့်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော အနှစ်ခဲတစ်တုံး၊ ဟင်းသီးဟင်းရွက်ခြောက်နှင့် ကြက်ဥပြုတ်တို့ကို ထည့်လိုက်သည်။ ခဏကြာသောအခါ တံခါးလိုက်ကာကို မ၍ ပြန်ထွက်လာပြီး ကလေးနှစ်ယောက်ကို ကုန်း၍ ပေးလိုက်သည်။
"သေချာ ကိုင်သွားနော်၊ အိမ်ရောက်ရင် ရေနွေးပူပူ လောင်းထည့်၊ ပန်းကန်ပြား ဒါမှမဟုတ် ပန်းကန်လုံးအကြီးနဲ့ အုပ်ပြီး ခဏလောက် နှပ်ထားရမယ်၊ ဂဏန်းရေတတ်လား၊ ၁ ကနေ ၂၀၀ အထိ ဖြည်းဖြည်းချင်း ရေ၊ ပြီးရင် အဖုံးဖွင့်ကြည့်လိုက်၊ ခေါက်ဆွဲပွလာပြီဆိုရင် မွှေပြီး စားလို့ရပြီ”
အားပေါင်က သေချာနားထောင်ပြီးနောက် ခေါင်းညိတ်ကာ ရှန်မြောင်ကို နှုတ်ဆက်အရိုအသေပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရှန်သာ့ကျဲအာ၊ သမီးတို့ သွားတော့မယ်”
အားတိက အစ်မလုပ်သူကို အတုခိုးပြီး လိုက်လုပ်ရာ အားပေါင်က ပြင်ပေးသည်။ "အဲဒါ မိန်းကလေးတွေ လုပ်တဲ့ ပုံစံလေ၊ နင်က လက်သီးဆုပ်ပြီး နှုတ်ဆက်ရမှာ၊ မေ့ပြန်ပြီလား”
အားတိက လျှာထုတ်လိုက်ပြီး လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ ပြီးနောက် အစ်မဖြစ်သူနောက်သို့ ပြေးလိုက်သွားတော့သည်။
"ဖြည်းဖြည်းသွားကြနော်၊ မပြေးနဲ့၊ ဖိတ်ကုန်မယ်”
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လိုက်ဖမ်းရင်း တံခါးခုံကိုကျော်ကာ လမ်းကြားထဲသို့ တန်းခနဲ ပြေးဝင်သွားသည်ကို ကြည့်ပြီး ရှန်မြောင်သည် ပန်းကန်ထဲမှ ခေါက်ဆွဲခြောက်အတွက် စိတ်ပူသွားမိသည်။ ကံကောင်းလို့ ခေါက်ဆွဲခြောက်ဖြစ်နေခြင်းပင်။
ရှဲ့ချီသည် ရှန်မြောင်၏ "ခဏနေရင် ရှင် ထွက်ဖို့ ကူညီပေးမယ်" ဟူသော စကားကြောင့် စိတ်လွင့်နေသော်လည်း ယန့်ရှူးကမူ ကလေးနှစ်ယောက်၏ ပန်းကန်ထဲမှ ခေါက်ဆွဲကို မျက်လုံးအရောင်လက်ကာ ကြည့်နေသည်။ သူ ခုနက အနံ့ရလိုက်သည်လေ။ ရေနွေးလောင်းရုံနဲ့ စားလို့ရတဲ့ ခေါက်ဆွဲဆိုတာ မွှေးလိုက်တာမှ လွန်ရော။ ထို့ကြောင့် သူက ရှေ့တိုးလာပြီး မျက်တောင်ခတ်ကာ မေးလိုက်သည်။
"ရှန်ညန်ဇီ၊ အဲဒါ ဘာခေါက်ဆွဲလဲဟင်၊ ဘာလို့ ခဏလေးနဲ့ ထွက်လာတာလဲ”
ရှန်မြောင်က ရှင်းပြလိုက်သည်။ "ဒါက ဆိုင်ရဲ့ နာမည်ကြီးဟင်းပွဲလေ၊ ဆီကြော်အသင့်စားခေါက်ဆွဲတဲ့၊ ရေနွေးပူပူ လောင်းထည့်လိုက်တာနဲ့ စားလို့ရပြီ၊ အရမ်း အဆင်ပြေတယ်၊ ရှင်နဲ့ ကျိုကော မမြည်းဖူးကြသေးဘူးမလား၊ ယူမလား”
ယန့်ရှူး စိတ်ဝင်စားသွားပြီး ကျိုကောကို မော့ကြည့်လိုက်သည်။ ကျိုကောက သစ်တုံးတစ်တုံးလို ဘာတွေတွေးနေမှန်းမသိ ငိုင်နေသည်။ ယန့်ရှူး စိတ်မရှည်တော့ဘဲ ရှဲ့ချီ၏ အင်္ကျီလက်စကို ဆွဲခါလိုက်သည်။
"ကျိုကော... ကျိုကော၊ ကျွန်တော်တို့လည်း အသင့်စားခေါက်ဆွဲ နည်းနည်းလောက် ဝယ်သွားကြမယ်လေ၊ ရှစ်ယီးညန်အတွက်လည်း လက်ဆောင်ယူသွားလို့ ရတာပေါ့၊ သူလည်း စားဖူးမှာ မဟုတ်ဘူး၊ နောက်ဆို ကျိုကော ညဘက် စာဖတ်လို့ ညစာစားချင်ရင် ကျွန်တော် ရေနွေးလေး လောင်းပေးလိုက်ရုံပဲ၊ ဘယ်လောက်ကောင်းလဲ၊ မီးဖိုချောင်သွားပြီး စားဖိုမှူးဖန်းကို နှိုးစရာ မလိုတော့ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ အိပ်မှုန်စုံမွှားနဲ့ ညလယ်စာ ထထလုပ်ပေးတာ ငိုက်လွန်းလို့ မျက်ခုံးမွှေးတောင် မီးလောင်တော့မလို့”
ရှဲ့ချီ သတိပြန်ဝင်လာပြီး ခေါင်းဆက်တိုက် ညိတ်လိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုလည်း ဝယ်သွားကြတာပေါ့၊ တော်သေးတာပေါ့ ပိုက်ဆံမရှင်းရသေးလို့”
တကယ်တော့ ယန့်ရှူး ဘာပြောလိုက်မှန်း သူ မကြားလိုက်ပေ။ ရှန်ညန်ဇီက သူ့ပုံစံပျက်နေသည်ကို ရိပ်မိသွားမှာ စိုးရိမ်နေခြင်းသာ။
အပြင်ထွက်လျှင် ယန့်ရှူးက ငွေအိတ်ကို ကိုင်ရသူဖြစ်ရာ လက်နှစ်ဖက်ကို ဖြန့်ပြီး လက်ချောင်းတုတ်တုတ်လေးများဖြင့် ရေတွက်လိုက်သည်။
"ကျိုကောနဲ့ ကျွန်တော် တစ်ယောက် တစ်ပွဲ၊ ချိုးဟောင်အတွက်တော့ မချန်တော့ဘူး၊ ရှစ်ယီးညန်နဲ့ သူ့အစေခံ ကျွီလိအတွက် တစ်ယောက် တစ်ပွဲ၊ သာ့ညန်ဇီနဲ့ ရှီးမားမားအတွက် တစ်ယောက် တစ်ပွဲ၊ စန်းကော... စန်းကော ဒီနေ့ အိမ်မှာ ရှိပါ့မလား... ထားလိုက်ပါတော့၊ စန်းကောနဲ့ မော့ချီအတွက်ပါ ထည့်လိုက်မယ်၊ ပြီးတော့ သခင်ကြီးနဲ့ ထိုက်ဖူရန်... ရှန်ညန်ဇီ၊ စုစုပေါင်း ၁၄ ပွဲ ပေးပါ”
အဲဒီလောက်တောင်လား။ ရှန်မြောင် ကြောင်သွားပြီးမှ ပေါင်ကိုပုတ်ကာ မီးဖိုချောင်ဘက်သို့ ပြေးသွားသည်။ "ခဏလေး၊ ခေါက်ဆွဲဘယ်လောက်ကျန်သေးလဲ သွားကြည့်လိုက်ဦးမယ်၊ ဒီမနက်မှ အခု ၇၀ လောက်ပဲ ကြော်ရသေးတာ”
ဗီရိုဖွင့်ကြည့်ပြီး ရေတွက်လိုက်ရာ ကံကောင်းထောက်မစွာ ၁၅ ခု ကျန်နေသေးသည်။
အသင့်စားခေါက်ဆွဲက ဒီလောက်ရောင်းကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ညနေစာအတွက် လောက်တော့မည် မဟုတ်၊ ခဏနေ ထပ်ကြော်ရပေဦးမည်။ ခေါက်ဆွဲကြော်ထားသည့်ဆီကို ဒယ်အိုးထဲတွင် အနည်ထိုင်အောင် ထားထားသည်။ ဆက်ကြော်လို့မရတော့။ ရှဲ့ချီ ပြန်သွားမှ သိမ်းဆည်းပြီး ဆီအသစ်ဖြင့် ပြန်ကြော်ရမည်။
တစ်ခါကြော်ပြီးသားဆီကို ရှန်မြောင် ပြန်သုံးလေ့ရှိသည်။ ကြော်ပြီးသားဆီကို စားမရတော့သည် မဟုတ်။ တစ်ကြိမ်သာ ကြော်ရသေးသဖြင့် ဆီက ကြည်လင်နေဆဲ၊ အောက်ခြေတွင်သာ အနည်အနည်းငယ်ကျနေခြင်းဖြစ်ရာ အောက်ခြေမှ အနည်ပါသော ဆီနောက်များကို သွန်ပစ်လိုက်လျှင် ရပြီဖြစ်သည်။
သို့သော် ကြော်ပြီးသားဆီကျန်သည် အလွယ်တကူ အနံ့ပြောင်းသွားတတ်သဖြင့် အပူပြင်းပြင်းဖြင့် ထပ်မချက်သင့်တော့ပေ။ ရှန်မြောင်သည် ထိုဆီကို ဖက်ထုပ်၊ ပေါက်စီ (သို့မဟုတ်) ခေါက်ဆွဲ၊ မန်ထို လုပ်ရာတွင် ဂျုံသားပြင်ပ၌ သုတ်လိမ်းရန် သုံးလေ့ရှိသည်။ အသုပ်သုပ်ရာတွင်လည်းကောင်း၊ ဟင်းမချက်ခင် ဆီသတ်ရာတွင်လည်းကောင်း သုံးနိုင်သည်။ ခေါက်ဆွဲကြော်ရာတွင် ဆီအများကြီး သုံးရသော်လည်း သူမက ပေါက်စီနှင့် ခေါက်ဆွဲ အလုပ်များသဖြင့် ပြန်လည်အသုံးပြုနိုင်၍ အလဟသ မဖြစ်ချေ။
ရှဲ့ချီက အပြင်ထွက်လာတာဆိုတော့ ပန်းကန်ပါမလာပေ။ ရှန်မြောင် စဉ်းစားပြီးနောက် ဆီစိမ်စက္ကူအကြီးများကို ဖြတ်ကာ ခေါက်ဆွဲခြောက်၊ ဆော့စ်၊ ဟင်းသီးဟင်းရွက်ထုပ်နှင့် ကြက်ဥပြုတ်တို့ကို သီးခြားစီ ထုပ်လိုက်သည်။ နောက်ဆုံးတွင် နှီးဖြင့်ရက်ထားသော ခြင်းတောင်းအကြီးတစ်လုံးကို ရှာပြီး ခေါက်ဆွဲ ၁၄ ပွဲစာနှင့် အဆာပလာများကို ထည့်လိုက်သည်။
ခြင်းတောင်းတစ်လုံးက တန်ဖိုးမကြီးလှပေ။ ကျိုကောနှင့် ယန့်ရှူးက သူမ၏ ကျေးဇူးရှင်များ ဖြစ်ကြရာ လက်ဆောင်ပေးလိုက်လည်း ကိစ္စမရှိ။ ရှန်မြောင်သည် မျက်နှာလိုက်သည်ဟု ပြောလျှင်လည်း ခံရမည်။ ပုံမှန်ဆိုလျှင် ပါဆယ်ဆွဲပါက ကြိုးဖြင့်သာ ချည်ပေးလေ့ရှိသည်။
ဟုတ်သားပဲ။ အသင့်စားခေါက်ဆွဲကို ပါဆယ်ဆွဲလို့ ရတာပဲ။
ဒီလောက်ကောင်းတဲ့ စီးပွားရေးအကွက်ကို ဘာလို့ မေ့နေရတာလဲ။ ရှန်မြောင် အကြံရသွားပြီး ကျိအာ့အခန်းထဲမှ စာရေးကိရိယာများကို သွားယူလိုက်သည်။ ခြင်းတောင်းကို လက်တွင် ချိတ်လျက် ပြန်ထွက်လာသောအခါ သူမမျက်လုံးများ အရောင်လက်နေပြီး ခေါင်းမော့ကာ ရှဲ့ချီကို ပြောလိုက်သည်။
"ကျိုကော... ကျွန်မကို အသင့်စားခေါက်ဆွဲ ပြင်ဆင်ပုံ အဆင့်ဆင့်ကို ပုံဆွဲပေးနိုင်မလား၊ ဆိုင်မှာ ကပ်ထားချင်လို့ပါ၊ ဒါဆို ဝယ်သွားတဲ့သူတွေက ပုံကိုကြည့်ပြီး လိုက်လုပ်လို့ရတော့ ကျွန်မ လိုက်ရှင်းပြနေစရာ မလိုတော့ဘူးပေါ့”
ထိုကဲ့သို့ အသေးအဖွဲအကူအညီကို ရှဲ့ချီက မငြင်းပယ်ချေ။ ရှန်မြောင်က ရေဘယ်လိုထည့်၊ အဆာပလာဘယ်လိုထည့်၊ အဖုံးဘယ်လိုအုပ် စသဖြင့် နှုတ်တိုက် ပြောပြသည်။ သူက စုတ်တံကိုကိုင်ပြီး ခဏစဉ်းစားကာ စတင် ရေးဆွဲတော့သည်။
ခဏအကြာတွင် ပုံများ ပေါ်ထွက်လာသည်။
ရှဲ့ချီသည် စာရေးကောင်းရုံသာမက ပန်းချီဆွဲရာတွင်လည်း အသက်ပါမှန်း ရှန်မြောင် တွေ့လိုက်ရသည်။ ပထမပုံမှာ လက်နှစ်ဖက်ဖြင့် ဆီစိမ်စက္ကူထုပ်ထဲမှ ခေါက်ဆွဲခြောက်ကို ထုတ်ယူပုံ၊ ဒုတိယပုံမှာ ခေါက်ဆွဲခြောက်ကို ပန်းကန်ထဲ ထည့်ပုံ၊ တတိယပုံမှာ ဆော့စ်ထည့်ပုံ၊ စတုတ္ထပုံမှာ လက်တစ်ဖက်ဖြင့် ရေနွေးကရားကိုကိုင်ပြီး ပန်းကန်ထဲသို့ ရေနွေးလောင်းထည့်နေပုံ (ရေနွေးငွေ့များပင် ထွက်နေသည်)၊ ပဉ္စမပုံမှာ ပန်းကန်ပြားဖြင့် အဖုံးအုပ်ထားပုံ၊ ဆဋ္ဌမပုံမှာ အမျိုးသမီးငယ်တစ်ဦး အဖုံးဖွင့်ပြီး ခေါက်ဆွဲစားနေပုံ ဖြစ်သည်။
နောက်ဆုံးပုံကို မြင်သောအခါ ရှဲ့ချီ ရေးဆွဲထားသော အမျိုးသမီးငယ်ပုံစံသည် သူမနှင့် တူနေသည်ဟု ခံစားရသဖြင့် ရှန်မြောင်သည် သဘောကျစွာ ပြုံးလိုက်မိလေသည်။
ဒါက သူမရဲ့ ခေါက်ဆွဲဆိုတော့ ရှဲ့ကျိုကောက သူမ ခေါက်ဆွဲစားနေတဲ့ပုံကို ဆွဲလိုက်တာပဲ။
ပုံဆွဲပြီးနောက် ပုံတစ်ပုံချင်းစီ၏ ဘေးတွင် စာတိုလေးများ ရေးမှတ်ပေးရန် ရှန်မြောင် တောင်းဆိုလိုက်သည်။ ဥပမာ - ၁။ ခေါက်ဆွဲခြောက်ထည့်ပါ၊ ၂။ ရေနွေးပူပူလောင်းပါ စသဖြင့်... လူအများစု စာမတတ်သော်လည်း စာရေးထားသည်က ပိုကောင်းသည်ဟု ရှန်မြောင် ယူဆသည်။ စာမတတ်သူများက ပုံကို ကြည့်မည်။ စာတတ်သူများက စာပါသော ဆိုင်ကို ပိုပြီး အထင်ကြီး လေးစားပေလိမ့်မည်။
စာမတတ်သူများသော ဤခေတ်တွင် ပုံက အရေးပါသည်။ သူမ အရင်ဘဝက သီးသန့်စားသောက်ဆိုင်ဖွင့်စဉ်က နာမည်ကြီးပန်းချီဆရာ၏ လက်ရာများကို အလှဆင်ခဲ့ရာ ထိုပန်းချီဆရာကို ကြိုက်နှစ်သက်သော စားသုံးသူများ လာရောက်အားပေးပြီး မိတ်ဆွေများကိုပါ ခေါ်လာတတ်သည်နှင့် ဆင်တူပေသည်။
ယန့်ရှူးလည်း ပျော်ရွှင်နေသည်။ ပန်းချီမဆွဲခင်ကတည်းက ရှန်မြောင်လက်ထဲမှ ခြင်းတောင်းကို လှမ်းယူထားလိုက်သည်။ ရှန်မြောင်နှင့် ရှဲ့ချီ ပန်းချီဆွဲနေစဉ် သူက ဘေးတွင် ထိုင်လျက် ခြင်းတောင်းထဲမှ ခေါက်ဆွဲကြော်နံ့ကို ရှူရှိုက်ကာ သာယာနေလေသည်။
ဒါက သေချာပေါက် စားကောင်းမှာပဲ။ ရေနွေးမလောင်းခင်တောင် ဒီလောက်မွှေးနေတာ။ ယန့်ရှူးသည် ခြင်းတောင်းထဲတွင် ကျိုးပဲ့ကျနေသော ခေါက်ဆွဲစများကို တွေ့လိုက်ရသဖြင့် လက်ဖြင့်ကောက်ယူပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။ ကြွပ်ရွနေပြီး ဂျုံနံ့နှင့် ဆားအရသာပါဝင်ကာ အနေတော်ပင်။
ရေမဖျော်ဘဲ စားရင်လည်း ကောင်းတာပဲ။ ယန့်ရှူးသည် ခြင်းတောင်းကိုပိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေတော့သည်။
ဟိုဘက်တွင် ရှန်မြောင်နှင့် ရှဲ့ချီတို့ ပြီးသွားပြီ ဖြစ်သည်။ နှစ်ယောက်သား ယှဉ်ရပ်ပြီး နံရံပေါ်မှ ခေါက်ဆွဲပြုတ်နည်းပုံကို မော့ကြည့်လိုက်ကြ၏။ ရှဲ့ချီသည် နောက်ဆုံးပုံမှ ခေါက်ဆွဲစားနေသည့် အမျိုးသမီးပုံကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်မိလေသည်။ ရှန်မြောင်ကမူ အရပ်ရှည်တာ ကောင်းလိုက်တာ၊ လက်လှမ်းလိုက်တာနဲ့ ကပ်လို့ရပြီ၊ ခုံတောင် ခုစရာမလိုဘူး ဟု တွေးနေသည်။
သူ့မျက်လုံးကလည်း ကောင်းသား။ မစောင်းဘူး။ ကွက်တိပဲ။
"ကျိုကောကို အချိန်ကုန်စေမိပြန်ပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်ရှင်၊ ရှင်နဲ့တွေ့တိုင်း ကျေးဇူးတင်စကားပဲ ပြောနေရတယ်၊ တကယ် ကျေးဇူးတင်တာပါ” ရှန်မြောင်က ခေါင်းစောင်းပြီး ပြုံးပြလိုက်ရာ သွားတက်လေးနှစ်ချောင်း ပေါ်လာသည်။ "ကျွန်မဆိုင်လေးက တကယ်ကံကောင်းတာပဲ၊ ရက်ပိုင်းလေးပဲ ရှိသေးတယ် ရှင့်ရဲ့ လက်ရာပန်းချီတွေ ရှိလာပြန်ပြီ”
သူ့ကြောင့် ကံကောင်းသည်ဟု ပြောလာသူမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်၍ ရှဲ့ချီလည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
"ကဲ သွားရအောင်၊ ကျွန်မ တွဲပေးမယ်၊ ယန့်ရှူး... ဟိုဘက်ကနေ တွဲလိုက်၊ သွားကြမယ်”
"ဟာ... နေပါဦး၊ ပိုက်ဆံ မရှင်းရသေးဘူးလေ” ရှဲ့ချီက ဗလုံးဗထွေး ပြောလိုက်တော့သည်။
...
အပိုင်း (၆၀)
"စုစုပေါင်း ၂၁၀ ဝမ် ကျပါတယ်၊ ၂၀၀ ဝမ် ပေးရင် ရပါပြီ” ရှန်မြောင်က ‘အကြောင်းသိတွေပဲလေ’ဟု မျက်လုံးကို မှိတ်ပြလိုက်သည်။ "၁၀ ဝမ် လျှော့ပေးလိုက်မယ်၊ အဲဒါ ကျိုကောရဲ့ စာရေးခအနေနဲ့ပေါ့”
ရှဲ့ချီသည် သူမ စနောက်လိုက်သဖြင့် ရယ်မောမိပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ နောက်ဆိုရင် ရှန်ညန်ဇီ စာရေးစရာရှိရင် ရှဲ့မောဝ်(ကျွန်တော်ရှဲ့ချီ)က ၁၀ ဝမ်ပဲ ယူတော့မယ်”
'ဒါဆို ကောင်းတာပေါ့၊ နောက်ဆို နှစ်သစ်ကူး စာနီကပ်ရင် ပိုက်ဆံကုန်စရာ မလိုတော့ဘူး'
ရှန်မြောင်သည် အခွင့်အရေးရလျှင် လက်လွှတ်မခံတတ်သူပီပီ သူ့လက်မောင်းကို လှမ်းတွဲကာ ပြောလိုက်လေသည်။ "ကတိတည်နော်၊ ကျိုကောက လူကြီးလူကောင်းပဲ၊ ကတိပေးပြီးမှ မဖျက်ရဘူးနော်၊ ကျွန်မကို မညာရဘူး”
၅လပိုင်းသည် နွေဦးပေါက်ဖြစ်၍ ရှဲ့ချီသည် ပါးလွှာသော အင်္ကျီကို ဝတ်ဆင်ထားသည်။ ထို့ကြောင့် ရှန်မြောင်၏လက်က သူ့လက်မောင်းကို ကိုင်လိုက်သည့်အခါ နွေးထွေးသော လက်ဖဝါးမှ အပူဓာတ်သည် အင်္ကျီ၊ အသားအရေနှင့် အရိုးများကို ချက်ချင်း ဖောက်ထွင်းသွားပြီး ထုံကျဉ်နွေးထွေးသော ခံစားမှုဖြင့် သူ့နှလုံးသားဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားလေသည်။
ရှီးရှီနှင့် ရှစ်ယီးညန်မှလွဲ၍ သူသည် အခြားမိန်းကလေးများနှင့် ထိတွေ့ဆက်ဆံလေ့ မရှိပေ။ ပထမအချက်မှာ ငယ်စဉ်ကတည်းက စေ့စပ်ထားခြင်းကြောင့် ဖြစ်သည်။ ချွေးမိသားစုမှ ဝမ်းကွဲအစ်မနှင့် မကြာခဏ မတွေ့ရသော်လည်း သူသည် အခြားမိန်းကလေးများနှင့် ရည်ငံခြင်း မပြုသင့်ဟု ခံစားမိသည်။ ဒုတိယအချက်မှာ ကံဆိုးမိုးမှောင်ကျမှုကို ရှောင်ရှားရန် အခြားသူများထက် ပိုမိုကြိုးစားပြီး စာပေနှင့် သိုင်းပညာကို လေ့ကျင့်ရသည်။ တစ်နေ့လျှင် ၁၂ နာရီသာ ရှိရာ မတော်တဆမှုများကို ဖြေရှင်းနေရသည်နှင့်ပင် အချိန်ကုန်နေသဖြင့် အချစ်ဇာတ်လမ်းခင်းရန် အချိန်မရှိသလို သူတစ်ပါးကို ဒုက္ခပေးမိမည်လည်း စိုးရိမ်မိသည်။
သို့သော် ယခုအချိန်တွင်မူ သူ့နှလုံးသားထဲ၌ စောင့်ထိန်းထားခဲ့သော အကြောင်းပြချက်များနှင့် ကျင့်ဝတ်စည်းကမ်းများသည် အလွယ်တကူပင် ပြိုလဲသွားလေသည်။
ယန့်ရှူးက ပုသဖြင့် အရပ်ရှည်သော ကျိုကောကို တွဲရာတွင် အားစိုက်ရသည်။ ရှန်မြောင်က တံခါးခုံကျော်သည်အထိသာ ကူတွဲပေးပြီး လွှတ်ပေးလိုက်သည်။ ရှဲ့မိသားစု၏ ဆီးသီးရောင် မြင်းလှည်းက ဆိုင်ဘေးတွင် ရပ်ထားပြီးသားဖြစ်ရာ ရင်းနှီးပြီးသားဖြစ်သော မြင်းရထားထိန်း ကျိုးတာ့က တံခါးဝတွင် အသင့်စောင့်နေပြီး ရှဲ့ချီထွက်လာသည်ကို မြင်သည်နှင့် ကူညီရန် အပြေးရောက်လာသည်။
"ကျိုကော ဖြည်းဖြည်း”
ရှဲ့ချီသည် ထော့နဲ့နေသောခြေထောက်ဖြင့် ကျိုးတာ့၏ အကူအညီယူကာ လှည်းပေါ်တက်လိုက်သော်လည်း နောက်သို့ လှည့်ကြည့်မိသေးသည်။
ရှန်ညန်ဇီသည် တံခါးဝတွင် ရပ်လျက် သူ့ကိုမြင်သောအခါ ပြုံး၍ လက်ဝှေ့ယမ်းပြလေသည်။
လမ်းမပေါ်တွင် လူသွားလူလာများနေသဖြင့် စကားပြောရန် မဖြစ်နိုင်တော့ရာ သူသည် ခေါင်းညိတ်၍သာ နှုတ်ဆက်လိုက်ရသည်။
ခန်းဆီး ပြန်ကျသွားပြီး ယန့်ရှူးလည်း လှည်းပေါ် ရောက်လာသည်။
ယိမ်းထိုးလှုပ်ရှားသွားသော မြင်းလှည်းထဲတွင် ထိုင်နေသော်လည်း သူ့လက်မောင်းပေါ်တွင် မိန်းကလေးတစ်ဦး၏ လက်ချောင်းအထိအတွေ့ ကျန်ရှိနေသယောင်။
သိပ်မနူးညံ့သော်လည်း နွေးထွေးသည်။ ဆောင်းညချမ်းမှ မီးတောက်လေးတစ်ခုကဲ့သို့ပင်။
သူသည် ခေါင်းငုံ့ကာ လက်မောင်းကို ပွတ်သပ်လိုက်ပြီး လက်ချောင်းများကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။ လက်ထဲတွင် ဘာမှမရှိသော်လည်း သူ့ရင်ထဲမှ မီးတောက်လေးကို လက်ထဲတွင် ဖွဖွလေး ဆုပ်ကိုင်ထားလိုက်ကြောင်း သူတစ်ယောက်တည်းသာ သိလေသည်။
.......
ညနေစောင်းပြီးချိန်၊ အနောက်ကျုံးကူလမ်းကြားရှိ ရှဲ့အိမ်တော်။
ခြံဝင်းထဲတွင် ညဉ့်ရိပ်သန်းနေပြီး အဆောက်အအုံပုံရိပ်များက မှောင်ရီပျိုးစအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ လေးဖက်လေးတန်တွင် ခြံစည်းရိုးများ ဝန်းရံထားပြီး ဝါးရိပ်များက ကျောက်ခင်းလမ်းပေါ်တွင် လှုပ်ရှားနေကာ ရှဲ့အိမ်တော် ပင်မဆောင်သည် သန့်ရှင်းလှပလို့နေသည်။
သို့သော် ထိုကဲ့သို့ ရှေးဆန်ပြီး သပ်ရပ်လှပသော ခြံဝင်းထဲမှ "ရှလွတ်" "ရှလွတ်" ဟူသော ခေါက်ဆွဲစုပ်သံများ ထွက်ပေါ်လာပြီး ပြင်းရှသော အမွှေးနံ့များ ပျံ့လွင့်နေလေ၏။
ဒီည ရှဲ့ချီတို့ မိသားစု ၅ ယောက်နှင့် အစေခံများသည် အပြင်မှ ဝယ်လာသော ဆန်းသစ်သည့် "ဆီကြော်အသင့်စားခေါက်ဆွဲ" ကို စားသောက်နေကြပြီး "ရှလွတ် ရှလွတ်" အသံများက ရှဲ့အိမ်တော်၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်လေသည်။
အထူးသဖြင့် ရှစ်ယီးညန်သည် ခေါက်ဆွဲကို အလွန်နှစ်သက်သွားပြီး စားသောက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
"ငါ့တစ်သက် ဒီလောက်စားကောင်းတဲ့ ခေါက်ဆွဲမျိုး မစားဖူးဘူး၊ တစ်သက်လုံး အချည်းနှီးနေလာခဲ့တာပဲ”
ရှဲ့အဖေက နန်းတော်မှ နောက်ကျမှ ပြန်ရောက်သည်။ ဝတ်ရုံပင် မလဲရသေးဘဲ ခြံဝင်းတစ်ခုလုံး ပျံ့နေသော အမွှေးနံ့ကြောင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အိမ်တော်ထိန်းကျန့်က အသင့်စားခေါက်ဆွဲ ပြင်ဆင်ပုံကို ရှင်းပြနေသည်ကို အလေးအနက် နားထောင်ပြီး အင်္ကျီလက်မောင်း ခေါက်တင်ကာ ကိုယ်တိုင်လုပ်စားရန် စိတ်အားထက်သန်နေသည်။
ရှီးရှီကမူ သယ်ဆောင်ရလွယ်ကူပြီး စားသောက်ရအဆင်ပြေသော ခေါက်ဆွဲကိုကြည့်ကာ တွေးတောနေသည်။
စုန့်ခေတ်ထူထောင်ပြီး လျောင်လူမျိုးများလက်ထဲမှ ယန်ယွင်စီရင်စု ၁၆ ခုကို ပြန်လည်သိမ်းပိုက်ပြီးနောက်ပိုင်း ရှီးမိသားစုသည် မျိုးဆက်ပေါင်းများစွာ အခြားသော စစ်သူကြီးများနှင့်အတူ ထိုဒေသကို စောင့်ရှောက်ခဲ့ကြသည်။
ထိုအထဲတွင် ရှီးမိသားစု စောင့်ရှောက်ရသည်မှာ လျောင်နယ်စပ်နှင့်ကပ်လျက် ယိုကျိုး၊ ရွှင်ကျိုးနှင့် ထန်ကျိုး ဒေသများ ဖြစ်သည်။ မနှစ်က သူမ၏ဖခင်သည် အိုမင်းသောခန္ဓာဖြင့် ချင်ကျိုး (ကန်းစု) သို့ သွားရောက်ပြီး ရှီချန်လူမျိုးများ၏ ပုန်ကန်မှုကို နှိမ်နင်းခဲ့ရသည်။
ယခုအခါ စုန့်မင်းဆက်သည် လျောင်၊ ကျင်း လူမျိုးများနှင့် အစွမ်းကုန် ရင်ဆိုင်နေရသည်။ ပြည်တွင်းတွင် စစ်မီးကင်းစင်ပြီး အေးချမ်းနေသော်လည်း နယ်စပ်ဒေသများတွင် တိုင်းပြည်သုံးခုကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ လျောင်နှင့် ကျင်းတို့သည် အချင်းချင်း တိုက်ခိုက်နေဆဲဖြစ်ရာ စုန့်နယ်ခြားစောင့်တပ်များသည် အအေးဒဏ်၊ အိမ်လွမ်းဒဏ်အပြင် မီးတိုင်မျှော်စင်များပေါ်တွင် နေ့ညမပြတ် စောင့်ကြပ်ရသည့် ဒုက္ခကို ခံစားနေရသည်။ ချင်ကျိုးဒေသဆိုလျှင် ပြောစရာပင် မလိုတော့။ ရှီချန်လူမျိုးများသည် အနောက်တိုင်းကုန်သွယ်ရေးလမ်းကြောင်းကို လက်ဝါးကြီးအုပ်ရန် စုန့်မင်းဆက်မှ စေလွှတ်လိုက်သော သံတမန်များကို ကြိမ်ဖန်များစွာ သတ်ဖြတ်ခဲ့ပြီး ယခုထက်ထိ မငြိမ်သက်သေးပေ။
ထိုစဉ်က ကျိုကောကို မွေးဖွားချိန်တွင် ရှဲ့အဖေပေးသော "လီ"၊ "ကျူး"၊ "ရှန်" စသည့် နာမည်များကို သူမ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ သူမက "ချီ" ဟု အမည်ပေးခဲ့သည်။ ချင်ကျိုးရှိ ချီလျန်တောင်တန်းမှ "ချီ" ကို ယူထားခြင်း ဖြစ်သည်။ နောက်ပိုင်း ကျိုကော ကျောင်းတက်သောအခါ သူမ၏ဖခင် (ကျိုကော၏ အဖိုး) က စာပို့၍ ငယ်နာမည်ကို "ကွမ်းရှန်း" (နယ်ခြားတောင်တန်း) ဟု ပေးခဲ့သည်။
ရှဲ့ချီ၊ ရှဲ့ကွမ်းရှန်း။
ရှဲ့မိသားစုသည် နှစ်ပေါင်းရာချီ သက်တမ်းရှိသော ပညာရှင်မျိုးနွယ် ဖြစ်သော်လည်း ကျဆင်းနေပြီ ဖြစ်သည်။ ရှီးမိသားစုမှာမူ စစ်ဘက်အရာရှိမျိုးနွယ်ဖြစ်သော်လည်း အာဏာရှိပြီး နယ်စပ်တပ်များကို ထိန်းချုပ်ထားသည်။ ဤမိသားစုနှစ်ခု ပေါင်းဖက်ခြင်းသည် တစ်ဖက်က ပညာရှင်အသိုင်းအဝိုင်းသို့ ဝင်ချင်ပြီး တစ်ဖက်က အင်အားပြန်လည်ထူထောင်ချင်သဖြင့် အပြန်အလှန် အကျိုးပြုကြခြင်း ဖြစ်သည်။ သို့သော် ရှီးရှီ လက်ထပ်လာပြီးနောက် ခင်ပွန်းဖြစ်သူမှာ သိပ်အသုံးမကျဘဲ ဉာဏ်လည်းမကောင်းမှန်း သိလိုက်ရသဖြင့် ရှေ့ရေးသိပ်မကောင်းလှမှန်း ရိပ်မိလိုက်သည်။
ထို့ကြောင့် တဖြည်းဖြည်းနှင့် ရှဲ့အိမ်တော်တွင် ရှီးရှီ၏ ဩဇာအာဏာသည် ခင်ပွန်းသည်ထက် ကြီးမားလာသည်။ သားဖြစ်သူ နာမည်ပေးသည့်ကိစ္စတွင်ပင် ရှဲ့အဖေက ဇနီးသည်၏ သဘောကို လိုက်လျောပြီး ပျော်ရွှင်စွာ ခေါင်းညိတ်ခဲ့သည်။
ဒီနေ့လည်း ထိုနည်းတူပင်။ ရှီးရှီသည် ရှဲ့အဖေပြန်လာသည်ကိုပင် မစောင့်ဘဲ ညစာစားနှင့်လိုက်သည်။
ကျိုကော ဝယ်လာသော ဤခေါက်ဆွဲသည် သူမစိတ်ကို လှုပ်ရှားစေသောကြောင့်ပင်။
လူတိုင်းက ဤခေါက်ဆွဲကို စိတ်ဝင်စားစရာကောင်းသည်၊ အရသာရှိသည်ဟု မြင်ကြသော်လည်း သူမတစ်ယောက်တည်းသာ တိုင်းပြည်ကာကွယ်နေသော ဖခင်နှင့် အစ်ကိုများ၊ ဦးလေးများနှင့် နယ်ခြားစောင့်တပ်သားများကို သတိရမိသည်။ ရှီးရှီသည် စစ်တပ်ထဲတွင် မွေးဖွားလာသူဖြစ်ရာ နယ်စပ်ဒုက္ခများကို သိသည်။ တခါတရံ ရိက္ခာမရှိသည် မဟုတ်၊ ကောင်းမွန်စွာ ချက်ပြုတ်စားသောက်ရန် အချိန်မရှိခြင်းသာ ဖြစ်သည်။ သူတို့အများစုသည် မုန့်ပြားခြောက်များကိုသာ စားကြရပြီး နောက်ပိုင်းတွင် အသားနှင့် ဟင်းသီးဟင်းရွက် ချို့တဲ့မှုကြောင့် လျှာကွဲခြင်း၊ မျက်စိမှုန်ခြင်း၊ အရေပြားကွဲခြင်း ရောဂါများကို ခံစားရလေ့ရှိသည်။
ရှဲ့ချီသည်လည်း ရှန်ညန်ဇီ၏ လက်ရာကို မိသားစုဝင်များ သဘောကျသဖြင့် ဝမ်းသာနေသော်လည်း မိခင်ဖြစ်သူ၏ တိတ်ဆိတ်မှုကို သတိထားမိလိုက်၏။ သူ အနည်းငယ် စဉ်းစားလိုက်သည်နှင့် သဘောပေါက်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"အမေက ဒီအသင့်စားခေါက်ဆွဲကို နယ်စပ်က စစ်သည်တွေအတွက် ရိက္ခာလုပ်လို့ရမလားဆိုပြီး တွေးနေတာလား။ ဒီခေါက်ဆွဲက စစ်ချီရာမှာ သုံးလို့မရရင်တောင် နေ့ညမပြတ် ကင်းစောင့်နေရတဲ့ စစ်သည်တွေအတွက်တော့ ဒီလိုခေါက်ဆွဲတစ်ခွက် စားလိုက်ရရင် တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်”
ရှီးရှီက ခေါင်းညိတ်လိုက်။ "အမေ အဲလိုပဲ တွေးနေတာ။ ဒါပေမဲ့ ဒီကိစ္စက အရေးကြီးတော့ သေချာစီစဉ်မှ ဖြစ်မယ်။ ငါတို့အိမ်က သူများအပေါ် အနိုင်ကျင့်တဲ့အလုပ် မလုပ်ဘူး။ ဒီခေါက်ဆွဲကို စစ်ရိက္ခာအဖြစ် သုံးချင်ရင် ရှန်ညန်ဇီ သဘောတူပါ့မလား မေးရမယ်။ ပြီးတော့ အရင်းအနှီး ဘယ်လောက်ကုန်မလဲ၊ နေသာတဲ့ရက်ဆို ဘယ်လောက်ကြာကြာခံလဲ၊ မိုးရွာတဲ့ရက်ဆို ဘယ်လောက်ခံလဲ စမ်းသပ်ရမယ်။ ပြီးမှ မင်းအဖေက အရှင်မင်းကြီးဆီ စာတင်ရမယ်။ အရှင်မင်းကြီးကကော နယ်စပ်ရိက္ခာအတွက် ငွေပိုသုံးချင်ပါ့မလား ဆိုတာလည်း မသေချာသေးဘူး”
ရှဲ့ချီ နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။ တကယ်လို့ စစ်ရိက္ခာလုပ်မယ်ဆိုရင် ရှန်ညန်ဇီတစ်ယောက်တည်း ဘယ်လိုလုပ် ခေါက်ဆွဲတွေအများကြီး ကြော်နိုင်မလဲ။ တကယ်လို့ နန်းတော်က သူမရဲ့ လျှို့ဝှက်ချက်ကို ဝယ်မယ်ဆိုရင်ကော သူမအတွက် တရားမျှတပါ့မလား။
"ဒါကြောင့်... ဒီကိစ္စကို အသံမထွက်စေနဲ့ဦး၊ စေတနာကနေ ဝေဒနာ ဖြစ်သွားမှာ စိုးရတယ်”
စကားဆုံးသည်နှင့် ဟိုဘက်မှ ရှဲ့အဖေ၏ အသံထွက်လာသည်။
"မဖြစ်ဘူး... မဖြစ်ဘူး”
ရှီးရှီသည် အံ့သြတကြီးဖြင့် ခင်ပွန်းသည်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရှဲ့ချီကလည်း ဖခင်ဖြစ်သူတွင် လေးနက်သော အကြံဉာဏ်ရှိသည်ဟု ထင်လိုက်သည်။
သို့သော် ရှဲ့အဖေသည် ညွှန်ကြားချက်အတိုင်း အသင့်စားခေါက်ဆွဲကို လေးလေးနက်နက် ပြင်ဆင်နေခြင်း ဖြစ်သည်။ ရှစ်ယီးညန်က ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ဖခင်ဖြစ်သူနားကပ်ကာ ခေါက်ဆွဲမျှဝေစားရန် ချွဲနေသည်။
ရှဲ့အဖေက ခေါက်ဆွဲပန်းကန်အဖုံးအုပ်ထားသော ကြွေပန်းကန်ပြားပေါ်တွင် လက်တင်ထားပြီး သမီးဖြစ်သူ၏ တောင်းဆိုမှုကို ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
"ရှစ်ယီးညန်... အဖေက နေ့တိုင်း ရုံးသွားပြီး ပင်ပန်းခံ လုပ်နေရတာ၊ အိမ်ပြန်ရောက်မှ ဒီလို ဆန်းသစ်ပြီး စားကောင်းတဲ့အရာကို စားရမှာ၊ သမီးက အဖေအိုကြီးရဲ့ ခေါက်ဆွဲကို လာကြံနေတာလား”
"အဖေကလည်း... အဖေက အကောင်းဆုံးပါ၊ တစ်ဝက်ပဲ ခွဲပေးလေ၊ နော်”
"မဖြစ်ဘူး... မဖြစ်ဘူး” ရှဲ့အဖေက ခေါင်းခါလိုက်သည်။
ရှီးရှီနှင့် ရှဲ့ချီ : "..."
ဪ... ဒီလို "မဖြစ်ဘူး" ကို ပြောတာကိုး။
တချိန်တည်းမှာပင် ဤအရာများ တိတ်တဆိတ် ဖြစ်ပျက်နေသည်ကို မသိရှာသော ရှန်မြောင်၏ ဆိုင်လေးသည် ဒီနေ့အဖို့ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ညဈေးတန်း စည်ကားချိန်နှင့် ညစာစားချိန် တိုက်ဆိုင်နေသဖြင့် ဆိုင်ထဲတွင် လူပြည့်ကျပ်နေပြီး စားပွဲဝိုင်းအားလုံး ပြည့်နေသည်။
သူမသည် မီးရောင်အောက်တွင် ဟိုပြေးဒီပြေးဖြင့် အလုပ်ရှုပ်နေသည်။ ခဏနေတော့ မျက်နှာလေးထောင့်ကျကျနှင့် အဘိုးအိုတစ်ဦး ဝင်လာသည်၊ ပြီးတော့ တော်ဝင်ကျောင်းတော်မှ ကျောင်းသားများ၊ ပြီးတော့ ဂုဏ်သတင်းကြား၍ ရောက်လာသော စစ်သည်များ၊ လီအဒေါ်ကြီးတို့ မိသားစု၊ အဒေါ်ကုတို့ အသီးသီး ရောက်လာကြသည်။ အဝေးကြီးတွင်နေသော သူဌေးနျိုသည်လည်း ကျိအာ့နောက်မှ ပြုံးဖြီးဖြီးဖြင့် ဝင်လာလေသည်။
အဒေါ်ကုက သိုးသားခေါက်ဆွဲကို ပြတ်ပြတ်သားသား ရွေးချယ်သည်မှလွဲ၍ ကျန်လူအားလုံးက အသင့်စားခေါက်ဆွဲကိုသာ တကူးတက လာစားကြခြင်း ဖြစ်သည်။
ရှန်မြောင်သည် ရှဲ့ချီပြန်သွားကတည်းက အသင့်စားခေါက်ဆွဲကို ဆက်တိုက်ကြော်နေသော်လည်း ရောင်းအားကို မမီနိုင်ဖြစ်နေရသည်။
ဆိုင်လေးထဲတွင် မီးရောင်များ လင်းထိန်နေပြီး လူများ ကြိတ်ကြိတ်တိုးနေကာ ဆူညံလို့နေသည်။ ခေါက်ဆွဲပြုတ်နံ့များက လမ်းမပေါ်အထိ ပျံ့လွင့်နေသဖြင့် လူများကို ပိုမိုဆွဲဆောင်နေ၏။ ဆိုင်ထိုင်စားရန် နေရာမရသူများက ပါဆယ်ဝယ်ပြီး ပြန်လုပ်စားကြမည်ဟု အော်ဟစ်တောင်းဆိုနေကြသည်။
ကျိအာနှင့် ရှန်းအာတို့သည် ခုံပုလေးများပေါ်တွင် မတ်တပ်ရပ်လျက် တစ်ယောက်က ခေါက်ဆွဲတုံးပေး၊ တစ်ယောက်က ထုပ်ပိုးပေးနှင့် စက်ရုံမှ အလုပ်သမားလေးများကဲ့သို့ အလုပ်ရှုပ်နေကြလေသည်။
တစ်ညတည်းနှင့် ဤအသင့်စားခေါက်ဆွဲသည် ပြန့်ကျင်းမြို့တစ်မြို့လုံးကို မုန်တိုင်းသဖွယ် လွှမ်းမိုးသွားလေတော့သည်။
...