အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အပိုင်း (၆၁) ပန်းကန်ဆေးသမားခေါ်ခြင်း
မြို့စွန်ရှိ ဖိယုံးစာသင်ကျောင်း၏ နောက်ဘက်တောင်တန်းတွင် တိတ်ဆိတ်အေးချမ်းသော တောင်ကြား၌ ဝါးအိမ်တန်းငယ်လေးများ ရှိသည်။
နေမင်းသည် မိုးကောင်ကင်တည့်တည့်သို့ ရောက်ရှိလာချိန်တွင် ဖုန်းချီးညန်သည် အဖုံးပါသော ထမင်းခြင်းတောင်းကို ကိုင်ဆွဲ၍ လှေကားထစ်များအတိုင်း တက်လာခဲ့သည်။ ဝါးအိမ်ရှေ့သို့ ရောက်သောအခါ တံခါးတစ်ဝက်ဟနေသော တံခါးကို လှမ်းခေါက်လိုက်သည်။ အတွင်းမှ "ဝင်ခဲ့" ဟူသော အသံသည် အသက်မပါဘဲ မကြာမီ အသက်ထွက်တော့မည့်သူကဲ့သို့ အားပျော့စွာ ထွက်ပေါ်လာသည်။ သူမသည် ခေါင်းခါလိုက်ပြီး လှေကားထစ်ပေါ်တွင် ဖိနပ်ချွတ်ကာ ဂါဝန်စကိုမ၍ တံခါးတွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
ဝါးအိမ်အတွင်း၌ ရိုးရှင်းပြီး ရှေးဆန်သော ပရိဘောဂများ ရှိသည်။ ကြမ်းပြင်တွင် ထူထဲသော ဝါးဖျာများ ခင်းထားပြီး နင်းလိုက်လျှင် နူးညံ့အိစက်သော ခံစားမှုကို ပေးသည်။
သို့သော် သူမ ဝင်လိုက်သည်နှင့် ကြမ်းပြင်အနှံ့ လုံးထွေးပစ်ထားသော စာရွက်များ၊ ဟိုတစ်ချောင်း ဒီတစ်ချောင်း ပြန့်ကျဲနေသော စုတ်တံများကို မြင်လိုက်ရသဖြင့် ခြေလှမ်းတုံ့သွားသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ် မှောက်ထားသော မင်ရည်ကွက်ထဲသို့ နင်းမိသွားသည်။ လတ်လတ်ဆတ်ဆတ်ဟု ဆိုရခြင်းမှာ မင်ရည်သည် ဝါးဖျာထဲသို့ စိမ့်ဝင်သွားသော်လည်း စိုနေဆဲ ဖြစ်သောကြောင့်ပင်။
သူမသည် ဒေါသကြောင့် မျက်ခုံးများ ထောင်တက်သွားပြီး စာရွက်ပုံများကြားထဲတွင် ဆံပင်ဖွာလန်ကြဲဖြင့် တွေဝေငေးမော ထိုင်နေသော သက်လတ်ပိုင်း အမျိုးသားကို ပြောလိုက်သည်။ "အဖေ... အဖေက ဒီလို တောတောင်ထဲမှာ ဘယ်လောက်ကြာကြာ နေဦးမှာလဲ၊ ဘယ်တော့မှ အိမ်ပြန်မှာလဲ။ ဒီရက်ပိုင်း အမေက သတိမကောင်းတဲ့ အဘွားကိုလည်း ပြုစုရ၊ နားမလည်သေးတဲ့ မောင်လေးကိုလည်း ထိန်းရနဲ့ တော်တော် ပင်ပန်းနေပြီ၊ အဖေ ဒီမှာ အဆင်ပြေရဲ့လား၊ စားရောစားရရဲ့လား၊ အအေးမိနေမလားဆိုပြီး စိတ်ပူနေရသေးတယ်”
ဆရာကြီးဖုန်းသည် သူ၏ ရှုပ်ပွနေသော ဆံပင်များကို ဆွဲဖွပြီး ရူးသွပ်နေသူကဲ့သို့ လက်များကို ဖြန့်ကားလိုက်သည်။ "ငါ ရေးလို့ မရဘူး... ငါ ရေးလို့ မရဘူး... ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ဘာလို့လဲ။ အရှင်မင်းကြီးက 《ဝမ်ယွမ်》က ရှုပ်ထွေးလွန်းတယ်၊ 《ကွမ်းကျီက ထူးဆန်းလွန်းတယ်၊ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်း၊ ဥပဒေကျမ်းတွေကို စုစည်းထားတဲ့ ကျမ်းတစ်စောင် ရေးခိုင်းတယ်၊ ငါ တစ်ဝက်လောက် ရောက်မှ ဘာလို့ ဆက်ရေးလို့ မရတော့တာလဲ”
ထို့နောက် ရုတ်တရက် ထရပ်ပြီး စားပွဲပေါ်ရှိ စာများရေးထားသော စာရွက်အထပ်လိုက်ကို ဆွဲဖြဲပစ်လိုက်သည်။ တောင်ပေါ် မျောက်တစ်ကောင်ကဲ့သို့ ခဏလောက် သောင်းကျန်းပြီးမှ တံခါးဝတွင် မိန်းကလေးတစ်ယောက် ရပ်နေသည်ကို သတိထားမိသွားသည်။ သူသည် အနီရောင်သွေးကြောများ ယှက်သန်းနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး ပါးနှစ်ဖက်မှာ ပိန်ချိုင့်လို့နေသည်။
"နင် ဘာလာလုပ်တာလဲ၊ ထွက်သွား... လောကီကိစ္စတွေနဲ့ ငါ့ကို လာမနှောင့်ယှက်နဲ့၊ ငါ စဉ်းစားလို့ ရတော့မယ်... ရတော့မယ်... ငါ့ကို မနှောင့်ယှက်နဲ့..."
ပြောရင်းဖြင့် စုတ်တံကို ကောက်ကိုင်ကာ စားပွဲပေါ် မှောက်လျက် တစ်စုံတစ်ခုကို ရေးခြစ်နေပြန်သည်။
ဖုန်းချီးညန်သည် ဒေါသထွက်လွန်းသဖြင့် မျက်ရည်များ ဝဲလာတော့သည်။ လက်ထဲမှ ထမင်းခြင်းတောင်းကို ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်ပြီး ငိုကာ ပြောလိုက်သည်။ "သမီးနဲ့ အမေက အဖေ့ကို စိတ်မပူသင့်ဘူး၊ အလုအယက်တိုးဝှေ့ပြီး ခက်ခက်ခဲခဲ ဝယ်လာရတဲ့ အစားအသောက်ကို လာပို့မိတာ မှားတာပဲ။ အဖေ စာပဲ ဆက်ရေးနေလိုက်၊ ငတ်သေသွားရင်တောင်၊ အေးခဲပြီး သေသွားရင်တောင် သမီးနဲ့အမေ လုံးဝ ဂရုမစိုက်တော့ဘူး”
"ဒုန်း" ခနဲ မြည်သံနှင့်အတူ ဖုန်းချီးညန်သည် တံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတော့သည်။ ထမင်းခြင်းတောင်းသည် လိမ့်သွားပြီး ဆရာကြီးဖုန်း၏ ခြေရင်းသို့ ရောက်သွားသည်။ ခြင်းတောင်းအဖုံး ပွင့်သွားပြီး ဆီကြော်ခေါက်ဆွဲခြောက်တစ်တုံး ထွက်ကျလာလေသည်။
ဆရာကြီးဖုန်းသည် ရှုပ်ထွေးပွေလီလှသော စာအုပ်ကမ္ဘာထဲတွင် နစ်မွန်းနေပြီး စိတ်ရှုပ်ထွေး၊ ရူးသွပ်နေစဉ် ရုတ်တရက် သွားရည်ယိုစေလောက်သော မွှေးကြိုင်သည့်အနံ့တစ်မျိုးကို ရလိုက်သည်။ ထိုအနံ့သည် အတင်းတိုးဝင်လာပြီး သူ့ကို ရူးသွပ်လုဆဲဆဲ အခြေအနေမှ လက်တွေ့ကမ္ဘာထဲသို့ အတင်းအဓမ္မ ဆွဲခေါ်လာခဲ့သည်။
သူသည် ခြောက်သွေ့နေသော မျက်လုံးများကို မော့ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ မှောက်ကျနေသော ထမင်းခြင်းတောင်းကို ခဏကြာ စိုက်ကြည့်နေပြီး တိတ်ဆိတ်စွာ ကောက်ယူလိုက်သည်။ အကြမ်းဖျင်းကြည့်လိုက်ရာ အတွင်း၌ အပိုင်းပိုင်းကျိုးပဲ့နေသော ခေါက်ဆွဲခြောက်နှစ်တုံး၊ ခဲနေသော အနှစ်ခဲနှစ်တုံး၊ ကြက်ဥတစ်လုံး၊ အသားပြားအနည်းငယ်နှင့် ပါးပါးလှီးပြီး ခြောက်အောင်လုပ်ထားသော ဟင်းသီးဟင်းရွက်များကို တွေ့လိုက်ရသည်။
ခြင်းတောင်းအောက်ခြေတွင် ဇနီးဖြစ်သူ ကိုယ်တိုင်ရေးထားသော စာတစ်စောင်ကို တွေ့လိုက်ရသည်။ သေးငယ်သပ်ရပ်သော လက်ရေးဖြင့် ဂရုတစိုက် မှာကြားထားသည်။
"သခင်ကြီး... အချိန်မှန် အစာစားပါ၊ အရမ်း ပင်ပန်းမခံပါနဲ့။ စာအုပ်ပြုစုခြင်းက တစ်ရက်တည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး၊ စိတ်မလောပါနဲ့။ ဒါက အပြင်ဆိုင်တွေမှာ ခေတ်စားနေတဲ့ အသင့်စားခေါက်ဆွဲ ဖြစ်ပါတယ်၊ ရေနွေးပူပူ လောင်းထည့်လိုက်ရင် စားလို့ရပါပြီ၊ အရမ်း အဆင်ပြေပါတယ်၊ သခင်ကြီးရဲ့ အလုပ်ကိုလည်း နှောင့်နှေးစေမှာ မဟုတ်ပါဘူး၊ ဒါကို သေချာသုံးဆောင်ပါရှင်”
ဆရာကြီးဖုန်းသည် စာကိုဖတ်ရင်း စိတ်လှုပ်ရှားကာ မျက်ရည်ဝဲလာမိပြီး ခုနက သမီးဖြစ်သူကို ဒေါသတကြီး အော်ဟစ်ခဲ့မိသဖြင့် ရှက်ရွံ့မိသည်။ သူသည် မျက်နှာကို ပွတ်သပ်လိုက်ပြီး စာရွက်ကို ခေါက်ကာ ရင်ခွင်ထဲ ထည့်လိုက်သည်။ ကြမ်းပြင်ပေါ် ကျနေသော ခေါက်ဆွဲခြောက်စများကို တစ်ခုချင်း ကောက်ယူလိုက်ပြီး ခြင်းတောင်းကို ဆွဲကာ နောက်ဖေးစင်္ကြံဘက်သို့ ထွက်လာခဲ့သည်။ ထင်းမီးမွှေး၊ ရေနွေးတည်ပြီး ဝါးပန်းကန်လုံးထဲတွင် ခေါက်ဆွဲကို စိမ်လိုက်သည်။
တောင်လေညင်းက ဝါးတောကို ဖြတ်ကာ တိုက်ခတ်နေလေသည်။ ဆရာကြီးဖုန်းသည် နှာခေါင်းကို ရှုံ့လိုက်ပြီး ရှေ့တွင် အဖုံးဖွင့်ထားသော ဝါးပန်းကန်လုံးကို အံ့သြစွာ စိုက်ကြည့်နေသည်။ ခုနက ခြောက်သွေ့မာကျောနေသော ခေါက်ဆွဲခြောက်သည် ခဏလေးအတွင်းမှာပင် အရသာရှိသော ခေါက်ဆွဲပြုတ်တစ်ခွက် ဖြစ်သွားသည် မဟုတ်ပါလား။
တကယ့်ကို မှော်ဆန်လိုက်တာ။
ရက်အတော်ကြာ အစားမေ့၊ အအိပ်မေ့နှင့် စာလုံးတစ်လုံးမှ ထွက်မလာခဲ့သော ဆရာကြီးဖုန်းသည် ယခုအချိန်တွင် မွှေးကြိုင်သော အနံ့ကြောင့် ဗိုက်ထဲမှ အော်သံများ ထွက်လာတော့သည်။ သူသည် အပူကို ဂရုမစိုက်နိုင်တော့ဘဲ အငမ်းမရ စားသောက်လိုက်၏။ တစ်ဝက်ခန့် စားပြီးသောအခါ ဗိုက်ထဲတွင် နွေးထွေးပြည့်စုံလာပြီး ရှုပ်ထွေးနေသော ဦးနှောက်လည်း ကြည်လင်လာတော့သည်။
"ဟုတ်ပြီ... ဟုတ်ပြီ။ ငါ ဘာလို့ လူ၊ အကြောင်းအရာ၊ အရာဝတ္ထုဆိုပြီး ကဏ္ဍခွဲမရေးဘဲ နေရမှာလဲ။ ပြီးတော့ ခေတ်ကာလအလိုက် စီစဉ်လိုက်မယ်။ ဒါဆိုရင် ခေတ် ၆ ခေတ်ရဲ့ သမိုင်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ရပြီပေါ့”
ဆရာကြီးဖုန်းသည် အလွန်ဝမ်းသာသွားပြီး ခေါက်ဆွဲပြုတ်ရည်ကို မော့သောက်လိုက်သည်။ လေတစ်ချက် တက်လိုက်ပြီး မတ်တပ်ထရပ်လိုက်ရာ ဖိနပ်မှားစီးထားမိသဖြင့် ချော်လဲလုနီးပါး ဖြစ်သွားလေသည်။ ယိုင်တိုင်တိုင်ဖြင့် ဝါးအိမ်ထဲသို့ ပြေးဝင်သွားပြီး စိတ်အားထက်သန်စွာဖြင့် စာပြန်ရေးလေတော့သည်။
တောင်အောက်ဆင်းသော လမ်းသွယ်လေးတွင် ဖုန်းချီးညန်သည် အိမ်စေကို ခေါ်၍ ဒေါသတကြီး ဆင်းလာခဲ့သည်။ တောင်ခြေတွင် ရှဲ့ရှစ်ယီးညန်၏ လှည်းက စောင့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး လှည်းလိုက်ကာကို မကာ ပြောလိုက်လေသည်။
"ရှစ်ယီးညန်... စောင့်မနေနဲ့လို့ ပြောထားလျက်နဲ့ ဘာလို့ မပြန်သေးတာလဲ”
"နင်တစ်ယောက်တည်းကို ဘယ်လိုလုပ် ထားခဲ့ရက်မှာလဲ၊ ဖုန်းဦးလေးကို အစားအစာ လိုက်ပို့ပေးမယ်လို့ ပြောထားပြီးသားပဲလေ”
ရှစ်ယီးညန်က သွားများပေါ်သည်အထိ ရယ်ပြလိုက်သည်။ သူမသည် မိဘနှစ်ပါး၏ မျက်နှာသွင်ပြင်များထဲမှ ဝိုင်းစက်သော အစိတ်အပိုင်းများကို အမွေရထားသည်။ မျက်နှာဝိုင်းဝိုင်း၊ နှာခေါင်းလုံးလုံးနှင့် မျက်လုံးဝိုင်းဝိုင်းလေးများ ရှိသည်။ အရမ်း လှပသည်ဟု မဆိုနိုင်သော်လည်း ချစ်စရာကောင်းလေသည်။
ဒီနေ့မနက်တွင် မိခင်ဖြစ်သူထံမှ ခွင့်တောင်းပြီး ဖုန်းချီးညန်နှင့်အတူ အပြင်ထွက်လည်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် မိခင်ဖြစ်သူက သူမကို ခေါ်ထားပြီး အိမ်တွင်းမှုကိစ္စများကို သင်ကြားပေးလေ့ရှိသည်။
နှစ်စပိုင်းကမှ သူမ၏ မွေးနေ့ကျော်လွန်ခဲ့ပြီး ၁၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ဤခေတ်တွင် စောစီးစွာ အိမ်ထောင်ပြုသူများ ရှိသလို ၁၉၊ ၂၀ မှ အိမ်ထောင်ပြုသူများလည်း ရှိသည်။ သို့သော် မိသားစုက သူမအတွက် သင့်တော်သော ခင်ပွန်းလောင်းကို စတင် ရှာဖွေနေကြပြီ ဖြစ်သည်။ ရှီးရှီသည် ယခုနှစ်ဝက်အတွင်း သူမအပေါ် ပိုမိုတင်းကြပ်လာသည်။ အရင်ကဆိုလျှင် အပြင်ထွက်ကစားခြင်း၊ ခြံထဲတွင် လမ်းလျှောက်ခြင်း သို့မဟုတ် အိမ်စေများနှင့်အတူ ယိုကျိုးရှိ ဦးလေးအိမ်သို့ သွားရောက်လည်ပတ်ခြင်းများကို ခွင့်ပြုခဲ့သည်။ သို့သော် ယခုနှစ် နှစ်သစ်ကူးပြီးနောက်ပိုင်း သူမ တစ်ယောက်တည်း အပြင်ထွက်ခွင့် မရတော့ပေ။ တခါတရံ အပြင်ထွက်ရလျှင်လည်း မိခင်နှင့်အတူ မိတ်ဆုံစားပွဲများ တက်ရောက်ခြင်း သို့မဟုတ် မိသားစုပိုင်ဆိုင်သော ဆိုင်များသို့ စာရင်းသွားစစ်ခြင်း၊ မြို့စွန်ရှိ ရှဲ့မိသားစု စပါးကျီသို့ သွားရောက်စစ်ဆေးခြင်းများသာ ပြုလုပ်ရသည်။
စိတ်ကြိုက် လည်ပတ်ခွင့် မရခဲ့ပေ။
သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ခဏနေရင် နင် ငါနဲ့အတူ ရွှေဆိုင်သွားပြီး ဆံထိုးအသစ် သွားယူပေး၊ ပြီးရင် လက်ဖက်ရည်သောက်ရင်း ကျိုးတံတားပေါ်က ဇာတ်ပွဲသွားကြည့်ရအောင်။ 《သခင်ကြီးဝမ် ဇနီးသည်ကို ကွာရှင်းခြင်း》 ဆိုတဲ့ ဇာတ်လမ်းအသစ် ထွက်နေတယ်တဲ့၊ သီချင်းဆိုတာလည်း ကောင်းပြီး ပျော်စရာကောင်းတယ်လို့ ကြားတယ်”
"နင် သဘောပါပဲ၊ ပစ္စည်းသွားယူတာပဲဖြစ်ဖြစ်၊ ဇာတ်ပွဲကြည့်တာပဲဖြစ်ဖြစ် ငါ အခု အိမ်မပြန်ချင်သေးဘူး... အမေ ပင်ပန်းနေတာမြင်ရရင် ငါ ကူညီလို့လည်း မရတော့ ပိုစိတ်မကောင်းဖြစ်ရတယ်” ခုနက ဖုန်းချီးညန်သည် ရှဲ့ရှစ်ယီးညန်က သူမအဖေအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် အိမ်တွင်းရေး ပြဿနာများကို တွေးမိကာ စိတ်ညစ်သွားသည်။ အဘွားက အသက်ကြီးလာလေ သတိမကောင်းလေ ဖြစ်လာပြီး လူမမှတ်မိသည့်အပြင် တုတ်ဖြင့်ပါ ရိုက်တတ်လာသည်။ အဘွားကို မမုန်းသင့်မှန်း သိသော်လည်း အကြောင်းမဲ့ အရိုက်ခံရသော မိခင်အတွက် စိတ်မကောင်းဖြစ်ရသည်။ ဖုန်းချီးညန်သည် သက်ပြင်းချလိုက်ပြီး ရှစ်ယီးညန်၏ အစီအစဉ်ကိုလည်း သိပ်စိတ်မပါတော့ပေ။ လက်ခံလိုက်သော်လည်း လှည်းပေါ်ရောက်သည်အထိ မျက်နှာမကောင်း ဖြစ်နေဆဲ။
"ချီးညန်... နင် ဘာလို့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလဲ၊ မိဘကိစ္စ မိဘတွေကိုပဲ ရှင်းခိုင်းလိုက်၊ ငါတို့က ကူညီလို့မရမှတော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နေတာ အကောင်းဆုံးပဲ” ရှဲ့ရှစ်ယီးညန်က ခေါင်းကို စောင်းပြီး ပြောလိုက်သည်။ ဒီအရွယ်က အမှားအမှန် ခွဲခြားတတ်သည့် အရွယ်ဖြစ်ရာ လက်ပိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "အထူးသဖြင့် နင့်အဖေအတွက် စိတ်မညစ်နဲ့၊ နင်က သူ့ကို တွေးပေးပေမယ့် သူကတော့ သူ့စာအုပ်ကိုပဲ တွေးနေတာ၊ ရှန်ကျီဆိုင်က ခက်ခက်ခဲခဲ ဝယ်လာရတဲ့ အသင့်စားခေါက်ဆွဲကို သွားပို့ပေးတာတောင် သူ ကျေးဇူးတင်လို့လား။ နင့်ပုံစံကြည့်ရတာ အဆူခံလာရတာမလား၊ နောက်ဆို သူ့ကို ဂရုမစိုက်နဲ့တော့”
ဖုန်းချီးညန်မှာ ခေါင်းငိုက်စိုက်ကျသွားတော့သည်။ "ဂရုမစိုက်ဘူးလို့ ပြောပေမယ့် တကယ်တမ်းကျတော့ ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ။ အဖေပဲလေ။ နင်က ငါ့ကို စိတ်သက်သာအောင် ပြောပေးမှန်း သိပေမယ့် နောက်ဆို ဒီလို မပြောပါနဲ့၊ နင် စေတနာနဲ့ ပြောမှန်း ငါသိပေမယ့် သူများကြားသွားရင် နင် မိဘကို မရိုသေဘူးဆိုပြီး အပြောခံရလိမ့်မယ်”
"ငါ သိပါတယ်၊ ဒါကြောင့် နင့်ကိုပဲ ရင်းရင်းနှီးနှီး ပြောပြတာ။ ဒီစကားက တစ်သက်လုံး ဂရုမစိုက်နဲ့လို့ ပြောတာ မဟုတ်ဘူး၊ သူ့ကို သင်ခန်းစာပေးရမယ်လို့ ပြောတာ။ မိန်းကလေးဆိုတာ သည်းခံနေလို့ မရဘူး၊ ကိုယ့်မှာလည်း စိတ်ဓာတ်ရှိမှ၊ မဟုတ်ရင် ပျော့တဲ့အသီးဆိုပြီး အနှိမ်ခံရလိမ့်မယ်လို့ ငါ့အမေက ပြောဖူးတယ်” ရှဲ့ရှစ်ယီးညန်က ပါးဖောင်းဖောင်းလေးများကို ဖောင်းကာ ဒေါသတကြီး ပြောလိုက်သည်။ "ဥပမာ ငါ့အဖေဆိုရင် အရမ်းဆိုးတာ၊ ဒီမနက် အိမ်မှာကျန်တဲ့ အသင့်စားခေါက်ဆွဲတွေကို အကုန်သိမ်းကျုံးယူသွားပြီး ရုံးကလူတွေကို ကျွေးမယ်တဲ့၊ ငါ ဒေါသထွက်လွန်းလို့ သူ့ကို ၃ ရက် စကားမပြောဘူးလို့ ကျိန်ထားတယ်၊ ပြောတဲ့အတိုင်း လုပ်မှာ”
အသင့်စားခေါက်ဆွဲအကြောင်း ပြောလိုက်မှ ရှဲ့ရှစ်ယီးညန်လည်း ဗိုက်ဆာလာသည်။ ဒီမနက် အိပ်ရာထထချင်း တစ်ခွက်လောက် ဖျော်သောက်မယ်ဆိုပြီး အစေခံကို မီးဖိုချောင် လွှတ်လိုက်ရာ စားဖိုမှူးဖန်းက လက်ကာပြပြီး အဖေဖြစ်သူက အကုန်ယူသွားပြီ၊ ဘာမှမကျန်တော့ဘူး၊ ခြင်းတောင်းပါ ယူသွားတာ၊ မုန့်ဖတ်တောင် မကျန်ဘူးဟု ပြောလိုက်သည်။
ထိုအချိန်က ရှဲ့ရှစ်ယီးညန်မှာ ကောင်းကင်ပြိုကျသကဲ့သို့ ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာ ကျိုကောက ရှန်ညန်ဇီနှင့် ရင်းနှီးသဖြင့် သူမ ပူဆာသောအခါ ကျိုကောက ကျိုးတာ့ကိုလွှတ်ပြီး ရှန်ကျီဆိုင်မှ ထပ်ဝယ်ခိုင်းလိုက်သည်။
ဒီရက်ပိုင်း ရှန်ကျီဆိုင်၏ တံခါးခုံသည် လူနင်းလွန်းသဖြင့် ပါးလုနီးပါး ဖြစ်နေပြီ။ နေ့တိုင်း အသင့်စားခေါက်ဆွဲ လာဝယ်သူများ တန်းစီနေသည်မှာ ကျင်းလျန်တံတားအထိ ရောက်သည်။ ရှန်ညန်ဇီတစ်ယောက်တည်း အများကြီး မလုပ်နိုင်သဖြင့် တစ်နေ့လျှင် အခု ၂၀၀ သာ ရောင်းမည်ဟု ကြေညာလိုက်သည်။ သို့သော် လောက်ငှအောင် မရောင်းနိုင်ပေ။ နောက်ပိုင်းတွင် အလုပ်မရှိသူများက ဆိုင်မဖွင့်ခင်ကတည်းက စောင့်နေပြီး ဆိုင်ဖွင့်သည်နှင့် အလုအယက်ဝင်ကာ ၁၀ ခု၊ ၂၀ ခုလောက် ဝယ်ပြီး မရလိုက်သူများကို ဈေးတင်ရောင်းကြသည်။
ကျိုကော ပြောပြသည်မှာ ရှန်ညန်ဇီက ထိုသူများကို "ပွဲစား" (နွားဝါ) ဟု ခေါ်သည်တဲ့။ ရှဲ့ရှစ်ယီးညန်ကတော့ နားမလည်ပေ။ ထိုအလုပ်လက်မဲ့များ ခေါက်ဆွဲပြန်ရောင်းနေပုံက နွားအုပ်ကြီး လန့်ပြီး ပြေးလွှားနေပုံနှင့် တူလို့များလား။
သို့သော် မနေ့က ရှန်ညန်ဇီသည် စည်းကမ်းအသစ် ထုတ်လိုက်လေသည်။ လူတစ်ယောက်ကို တစ်နေ့ ၃ ပွဲထက် ပိုမရောင်းတော့ဘူးတဲ့။ တန်းစီနေသူများကို ဝါးချောင်းများ ဝေပေးပြီး ဝါးချောင်းတစ်ချောင်းလျှင် တစ်ပွဲနှုန်းဖြင့် ဝါးချောင်းကုန်လျှင် နောက်လူများ ဆက်စောင့်စရာ မလိုတော့ဘူးဟု ဆိုသည်။
တခြားဆိုင်များကလည်း ရှန်ညန်ဇီကို အတုခိုးပြီး ဆီကြော်အသင့်စားခေါက်ဆွဲများ လိုက်လုပ်ကြသည်။ သို့သော် သူတို့က ဆီကြော်နည်းကို မသိသဖြင့် တချို့က မည်းတူးပြီး တူးချိတ်နေသည်။ တချို့က ကျတော့ ရေနွေးဖျော်လိုက်ရင် ပွမလာဘဲ မာတောင်တောင် ဖြစ်နေသည်။ ထို့အပြင် ရှန်ညန်ဇီလို အရသာရှိသော အနှစ်ကိုလည်း မချက်တတ်ကြပေ။ ထို့ကြောင့် ယခုထိ ရှန်ကျီဆိုင်က ခေါက်ဆွဲသာလျှင် စားကောင်းပြီး အဆင်ပြေသဖြင့် လူကြိုက်အများဆုံး ဖြစ်နေဆဲပင်။
ခေါက်ဆွဲ... ခေါက်ဆွဲ... ရှစ်ယီးညန်သည် ကိုယ့်ကိုယ်ကို ခေါက်ဆွဲ ဒီလောက်ကြိုက်မှန်း မသိခဲ့ဖူးပေ။
အခု တွေးလိုက်ရုံနှင့် ဗိုက်ဆာလာပြီ။
ရှဲ့ရှစ်ယီးညန်က မျက်နှာမကောင်းဖြစ်နေသော ဖုန်းချီးညန်ကို တချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "ရှန်ကျီဆိုင်ကို သွားစားကြမလား၊ အခုချိန်ဆို အသင့်စားခေါက်ဆွဲတော့ ကုန်လောက်ပြီ၊ ဒါပေမဲ့ တခြားခေါက်ဆွဲတွေလည်း စားကောင်းတယ်လို့ ကျိုကော ပြောတယ်၊ သွားမြည်းကြည့်ရအောင်လေ”
ဖုန်းချီးညန်က ခေါင်းငုံ့ထားသည်။ "ငါ စားချင်စိတ် မရှိဘူး”
"နင်က နင့်ဦးလေးဖုန်းနဲ့ တူနေပြီ၊ ပြဿနာကြုံရင် အစာမစားဘဲ နေလို့ ဘယ်ဖြစ်မလဲ။ ငါပြောတာ နားထောင်၊ ခေါက်ဆွဲပူပူလေး တစ်ခွက်လောက် စားလိုက်၊ ချွေးထွက်သွားရင် စိတ်ရောလူပါ ပေါ့ပါးသွားလိမ့်မယ်” ရှဲ့ရှစ်ယီးညန်သည် ပြောမရမှန်းသိသဖြင့် မျက်လုံးကစားလိုက်ပြီး လျှို့ဝှက်လက်နက်ကို ထုတ်သုံးလိုက်သည်။ "ကျိုကောလည်း အဲဒီကို ရောက်နေလောက်တယ်၊ ဒီနေ့ မနက် သူ ထွက်သွားတာ ငါ မြင်လိုက်တယ်”
ရှဲ့ချီ ရောက်နေနိုင်သည်ဟု ကြားလိုက်ရမှ ဖုန်းချီးညန်၏ မျက်နှာ အနည်းငယ် ကြည်လင်လာပြီး ရှက်သွေးဖြာစွာ ပြောလိုက်သည်။ "ဒါဆိုရင်... သွားစားကြည့်ကြတာပေါ့”
ကောင်းလိုက်တာ။ ကျိုကောပြောတဲ့ "ဟူထူခေါက်ဆွဲ" ဆိုတာကို သူမ မြည်းစမ်းချင်နေတာ ကြာပြီ။ ရှဲ့ရှစ်ယီးညန်သည် ဝမ်းသာအားရဖြင့် အပြင်မှ အစေခံကို လှမ်းအော်ပြီး လှည်းပြန်လှည့်ကာ ကျင်းလျန်တံတားဘေးရှိ ယန်လျိုအရှေ့လမ်းကြားသို့ မောင်းခိုင်းလိုက်လေသည်။
ရှဲ့ရှစ်ယီးညန် တမ်းတမ်းတတ ဖြစ်နေသော ရှန်မြောင်မှာမူ နေ့လယ်ဘက် လူရှင်းချိန်တွင် အဒေါ်ကုနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ မျက်နှာကြီးမှိုင်လျက် ရှိနေသည်။ "ပွဲစားတန်း" သို့သွားပြီး အလုပ်သမား ဘယ်လိုငှားရမလဲ ဆိုသည့်အကြောင်းကို နားထောင်နေရသည်။ သူမ သည်းမခံနိုင်တော့ပေ။ ပန်းကန်ဆေး၊ သန့်ရှင်းရေးလုပ်ရသည်မှာ ၃၊ ၄ ရက်ဆက်တိုက် သန်းခေါင်ကျော်သည်အထိ ဖြစ်နေပြီလေ။
...
အပိုင်း (၆၂)
အသင့်စားခေါက်ဆွဲကြောင့် စီးပွားရေးကောင်းလာသဖြင့် ပိုက်ဆံပုံးထဲတွင် ပိုက်ဆံပြည့်လျှံနေပြီး ရေတွက်ရန် အချိန်ပင် မရှိလောက်အောင် အလုပ်များနေလေသည်။ သို့သော် သူမ၏ ခန့်မှန်းချက်အရ ဝမ်တစ်ထောင်ကျော် ရလောက်ပြီ။
ပိုက်ဆံများများ ရသော်လည်း အရမ်းပင်ပန်းလွန်းသည်။ ဒီရက်ပိုင်း သူမ၊ ကျိအာနှင့် ရှန်းကျဲအာ သုံးယောက်လုံး ဂျင်လည်သလို လည်နေရပြီး အိပ်ရေးမဝသဖြင့် ခေါင်းမူးခေါင်းကိုက် ဖြစ်လာသည်။ ဒီရက်ပိုင်းအတွင်း သူမကိုယ်တိုင်ပင် ပန်းကန်ကွဲ၊ ပစ္စည်းကွဲ၊ အမှာစာမှား စသည့် အမှားများ လုပ်မိလာသည်။ သူမက အပင်ပန်းခံနိုင်သော်လည်း အရွယ်ရောက်စ ကလေးနှစ်ယောက်အတွက်မူ သနားစရာ ကောင်းနေတော့သည်။ လမ်းလျှောက်လျှင်ပင် ယိုင်တိုင်တိုင် ဖြစ်နေကြသည်။ ထို့ကြောင့် ဒီနေ့ သူမက အတင်းအဓမ္မ ခွင့်ပေးလိုက်ပြီး ကျိအာနှင့် ရှန်းကျဲအာကို စာအုပ်ဆိုင်သို့ လွှတ်လိုက်သည်။ ဆိုင်မှာ မနေခိုင်းတော့ပေ။
လူငှားမှ ဖြစ်တော့မည်။
အသင့်စားခေါက်ဆွဲကို သည်လောက် လူကြိုက်များမည်ဟု သူမ မထင်ထားခဲ့ပေ။ စားရသည်မှာ လွယ်ကူသော်လည်း လုပ်ရတာ မလွယ်ကူပေ။ ပုံမှန်ခေါက်ဆွဲလုပ်သည်ထက် ပိုလက်ဝင်သည်။ ခေါက်ဆွဲမကြော်ခင် ဂျုံနယ်ရသည်။ နှပ်ရသည်။ ဆွဲရသည်။ ပြီးလျှင် တစ်ဝက်ကျက်အောင် ပြုတ်ရသည်။ ပြီးလျှင် ရေအေးစိမ်ရသည်။ ရေစစ်ရသည်။ ဤအဆင့်ကို ကျော်သွား၍မရ။ အပူအအေး ရိုက်ပေးမှသာ ဆီကြော်လိုက်လျှင် ကြွပ်ရွပြီး စားကောင်းမည် ဖြစ်သည်။
ရေစစ်ထားသော ခေါက်ဆွဲပေါ်တွင် ငရုတ်ကောင်း၊ ဆား စသည့် လျှို့ဝှက်အမွှေးအကြိုင်များ ဖြူးပြီးမှ ကြော်ရသည်။ ကြော်ရာတွင်လည်း စိတ်ရှည်ရသည်။ ဆီအပူချိန် ၅၀ ရာခိုင်နှုန်းလောက် ရောက်လျှင် မီးလျှော့ရသည်။ ခေါက်ဆွဲကို အဝိုင်းပုံသွင်းပြီး မာလာအောင် ကြော်ရသည်။ ပြီးလျှင် တစ်ဖက်လှန်ပြီး ဆက်ကြော်ရသည်။
ဒါတင်မကသေး။ ဟင်းရည်အနှစ်ချက်ရသေးသည်။ ဟင်းသီးဟင်းရွက်ခြောက် လုပ်ရသေးသည်။ ကြက်ဥပြုတ်၊ အသားပြား လုပ်ရသေးသည်။
သူမက အရင်ဘဝအတွေ့အကြုံအရ လက်သွက်ခြေသွက် ရှိသော်လည်း အများကြီး လုပ်ဖို့ကျတော့ မနိုင်တော့ပေ။
အခုဆိုလျှင် အသင့်စားခေါက်ဆွဲ ရေပန်းစားနေတာ ရက်အတော်ကြာပြီ ဖြစ်သည်။ နည်းနည်း ငြိမ်သွားပြီ ဆိုပေမယ့် လာဝယ်သူက များနေတုန်းပင်။ ရေရှည်စီးပွားရေး လုပ်မည်ဆိုလျှင် ဒီလို အတင်းအဓမ္မ လုပ်နေ၍ မဖြစ်။ ယခုဆိုလျှင် တစ်နေ့ အခု ၂၀၀ ရောင်းနိုင်ဖို့အတွက် တခြား မနက်စာနှင့် ခေါက်ဆွဲများကို ရပ်နားထားရသည်။
အံ့သြစရာကောင်းတာက "ပွဲစား" တွေတောင် ပေါ်လာပြီ။ ဒီလိုပုံစံက ရေရှည်မကောင်းဘူးဟု သူမ ထင်သည်။ ပူဖောင်းပေါက်သလို ပေါက်ကွဲသွားနိုင်သည်။
အခုခေတ်စားနေတာက ဆန်းသစ်ပြီး အဆင်ပြေလို့ပါ။ ဒါပေမဲ့ ကြာလာလျှင် ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်း ရှိလာမှာ သဘာဝပဲ။ လူလိုပေါ့။ လူတိုင်းချစ်အောင် နေလို့မရဘူးလေ။ ဒီရေစီးကြောင်းက ပြန်ကျသွားမှာ သေချာတယ်။ ဒါကိုပဲ အားကိုးနေလို့မရဘူး။ ဆိုင်မှာ တခြားဟင်းပွဲတွေ စုံလင်အောင် လုပ်ထားမှ၊ ပုံမှန်လည်ပတ်နိုင်မှ ရေရှည်ခံမှာ။
မဟုတ်ရင် သူများအတုခိုးလိုက်တာနဲ့ ဒုက္ခရောက်ကုန်မယ်။
အတုခိုးခံရမှာကတော့ သေချာတယ်။ စုန့်ခေတ်မှာ မူပိုင်ခွင့်ဆိုတာ ကျင့်ဝတ်နဲ့ပဲ ထိန်းချုပ်ထားတာ။ ဥပမာ - စာအုပ်ရိုက်နှိပ်ရင် ဘယ်စာအုပ်တိုက်က ရိုက်နှိပ်တယ်၊ ကူးယူခွင့်မပြုဘူးလို့ ရေးထားတာမျိုးပေါ့။ ဒါပေမဲ့ ဥပဒေအရ အကာအကွယ် မရှိဘူး။ သူမတို့လို ယန်လောင်ဟန့်တို့လို လက်မှုပညာရှင်တွေဆိုရင် မိသားစုအတွင်း၊ ဆရာတပည့်ကြား လျှို့ဝှက်သင်ကြားပေးပြီး ထိန်းသိမ်းထားရတာ။
ဒါပေမဲ့ နောက်ခေတ်မှာတောင် အတုခိုးတာကို တားဆီးလို့မရတာ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကဆို ပိုဆိုးမှာပေါ့။ တရုတ်ပြည်မှာ အတုခိုးတဲ့ ပညာက ပါရမီပါပြီးသားမို့ ပြည်သူတွေရဲ့ ဉာဏ်ရည်ကို လျှော့တွက်လို့မရဘူး။
တစ်နေ့ကျရင် အသင့်စားခေါက်ဆွဲ လုပ်နည်းကို သူများတွေ သိသွားမှာပဲ။ အဲဒီအချိန်အတွက် ကြိုတင်ပြင်ဆင်ထားရမယ်။
အသေးစိတ် ပြင်ဆင်မှုအနေနဲ့ လူငှားတာကနေ စရမယ်။
သူမရဲ့ လက်နှစ်ဖက်ကို ပင်ပန်းတဲ့ အလုပ်ကြမ်းတွေကနေ လွတ်မြောက်အောင် လုပ်ပြီး အရသာရှိတဲ့ အစားအစာတွေ၊ ပိုစုံလင်တဲ့ ဟင်းပွဲတွေကို ဖန်တီးနိုင်မှ ဖြစ်မယ်။
သံကို ထုချင်ရင် ကိုယ်တိုင် မာကျောရမယ်၊ လက်ရာကောင်းမှ စားသုံးသူတွေကို အမြဲတမ်း ဆွဲဆောင်ထားနိုင်မှာ။
အဒေါ်ကုကလည်း သူမ၏ အခက်အခဲကို သိသည်။ လူငှားချင်တယ်ဟု ကြားတော့ သဘောတူပြီး ရှင်းပြသည်။
"မြို့ထဲမှာ ပွဲစားတန်း ၁၀ ခုလောက် ရှိတယ်။ အဒေါ်က ကျန်းပွဲစားကို သွားပြောပေးမယ်။ သူက ရိုးသားတယ်။ ညည်း ဘယ်လိုလူမျိုး လိုချင်လဲဆိုတာ သေချာပြောလိုက်ရင် သူက ရှာပေးလိမ့်မယ်။ နေ့တစ်ဝက်လောက်ဆို ၄၊ ၅ ယောက်လောက် ခေါ်လာပေးမယ်။ မကြိုက်ရင် နောက်ထပ် ထပ်ရှာခိုင်းလို့ရတယ်။ ကြိုက်ပြီဆိုရင် လုပ်ခလစာ ညှိပြီး ရှေ့နေရှေ့မှာ စာချုပ်ချုပ်လိုက်ရင် ပြီးပြီ”
အဒေါ်ကုက အဝတ်ချုပ်ရင်း ရှန်မြောင်၏ မျက်ကွင်းညိုနေသည်ကို လှမ်းကြည့်လိုက်သည်။
"ပြောလို့ ပြောတာ မဟုတ်ဘူးနော်။ ဆိုင်မဖွင့်ခင်ကတည်းက လူတစ်ယောက်လောက် ရှာထားသင့်တာ”
ရှန်မြောင်က ခါးသီးစွာ ပြုံးလိုက်ကာ "ရုတ်တရက်ကြီး ဒီလောက် ရောင်းကောင်းသွားမယ်လို့ ဘယ်သူက ထင်မှာလဲ”
အရသာစုံ၊ တံဆိပ်စုံ အသင့်စားခေါက်ဆွဲတွေကို မြင်ဖူးစားဖူးတဲ့ သူမက ရှေးခေတ်လူတွေ ဒီအစားအစာအပေါ် ဘယ်လောက်ရူးသွပ်မလဲ ဆိုတာကို လျှော့တွက်မိသွားတာပဲ။ အရင်ဘဝတုန်းက ဂျပန်မှာ အသင့်စားခေါက်ဆွဲ စပေါ်တုန်းကလည်း ဒီလိုပဲ ကမ္ဘာအနှံ့ ခေတ်စားခဲ့တာပဲ မဟုတ်လား။
"ဒါပေမဲ့ အဒေါ်ကတော့ ညည်းကို အလုပ်သမား မငှားစေချင်ဘူး။ အစေခံ နှစ်ယောက်လောက် ဝယ်လိုက်” အဒေါ်ကုက အသံနှိမ့်ပြီး ရှန်မြောင်ဘက်က စဉ်းစားပေးသည်။ "အဒေါ်တို့အိမ်မှာလည်း ဘိုးစဉ်ဘောင်ဆက် အရက်ချက်နည်း ရှိတယ်လေ။ ဒါကို ဘယ်သူ့ကိုမှ ပေးသိလို့မရဘူး။ ဒါကြောင့် အဒေါ်တို့အိမ်မှာ ၃ လပိုင်းနဲ့ ၉ လပိုင်းလောက်ပဲ ကုန်ထမ်းသမား နှစ်ယောက်လောက် ခဏငှားပြီး အရက်အိုး သယ်ခိုင်းတယ်။ ကျန်တာ ဘာမှပေးမလုပ်ဘူး။ ပုံမှန်ဆိုရင် ဦးလေးရှဲ့နဲ့ ထူစူးပဲ လုပ်ကြတယ်။ အရက်ချက်တဲ့နေရာကို ဘယ်သူမှ ပေးမဝင်ဘူး။ တဆေးထည့်တာတောင် လျှို့ဝှက်ထားရတာ။ ညည်းကျတော့ မတူဘူးလေ။ ပန်းကန်ဆေး၊ သန့်ရှင်းရေး၊ ရေခပ်ထင်းခွဲဖို့ လူငှားမယ်ဆိုရင် ညည်းမီးဖိုချောင်က ကျဉ်းကျဉ်းလေး၊ ဘယ်လိုလုပ် ရှောင်လို့ရမှာလဲ။ သူတို့တွေ ခိုးသင်သွားရင် ဘယ်လိုလုပ်မလဲ။ အစေခံဝယ်လိုက်ပြီး သူတို့ရဲ့ စာချုပ်ကို ကိုင်ထားလိုက်ရင် တစ်သက်လုံး ခိုင်းလို့ရပြီ။ သူများဆီလည်း သွားလို့မရတော့ဘူး။ ဒါက အစိတ်ချရဆုံးပဲ”
ရှန်မြောင် စဉ်းစားလိုက်သော်လည်း တွန့်ဆုတ်နေမိသည်။
ပထမအချက်က အခုကာလက ကပ်ဘေးကာလ မဟုတ်တော့ လုပ်အားကောင်းတဲ့ အစေခံတစ်ယောက် ဝယ်မယ်ဆိုရင် ၃၀၊ ၅၀ ဝမ်လောက် ပေးရမယ်။ နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး။ ဒုတိယအချက်က သူမက သူများကို နှိပ်စက်ချင်တဲ့စိတ် မရှိဘူး။ အစေခံဝယ်ပြီး ခိုင်းရတာ စိတ်မသန့်ဘူး။ ပြီးတော့ ဝယ်လိုက်ရင် တစ်သက်လုံး သူတို့ရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးကို တာဝန်ယူရမှာ။ သေချာစဉ်းစားရမယ်။ တတိယအချက်က ဝယ်ပြီးရင် ပြန်ပြင်လို့ မရတော့ဘူး။ ပျင်းတဲ့သူ၊ စိတ်ထားမကောင်းတဲ့သူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ နွားတွေ၊ သိုးတွေလို ပြန်ရောင်းစားရမှာလား။
အလုပ်သမားငှားရင်တော့ မတူဘူး။ စာချုပ်ချုပ်ထားတာဖြစ်လို့ တရားဝင် အလုပ်ခန့်တာမျိုးပဲ။ မကောင်းရင် ပွဲစားဆီ ပြန်ပို့ပြီး လူသစ်လဲခိုင်းလို့ရတယ်။ ပြောစရာရှိရင် ပြောလို့ရတယ်။ ပုံမှန် ဆက်ဆံရေးမျိုးပဲ။
ဒါပေမဲ့ အဒေါ်ကုပြောတာလည်း ဟုတ်တာပဲ။ ဒီခေတ်မှာ လက်ပညာက သူမရဲ့ အသက်ပဲ။ ကိုယ့်ပညာကို ခိုးသင်ပြီး တခြားဆိုင်ဖွင့်၊ ကိုယ့်ကို ပြန်တိုက်ခိုက်မှာတော့ မလိုလားဘူး။ "ဆရာမွေး တပည့်၊ ဆရာ့ပြန်သတ်" ဆိုတဲ့ စကား ရှိတယ်လေ။
သူမ အသတ်မခံချင်ပါဘူး။
စဉ်းစားရင်းနှင့် ရှန်မြောင်သည် သက်ပြင်းချလိုက်လေသည်။
"ကျွန်မ ထပ်စဉ်းစားလိုက်ပါဦးမယ်”
သူမသည် အဒေါ်ကုကို နှုတ်ဆက်ပြီး ဆိုင်သို့ ပြန်လာခဲ့သည်။ ဆိုင်ထဲတွင် လူရှင်းပြီး တိတ်ဆိတ်နေသည်။
မနေ့ညက သူမ တစ်ညလုံး မအိပ်ဘဲ ခေါက်ဆွဲ ၄၀၀ ကြော်ထားသည်။ ၂ ရက်စာပေါ့။ ဒီနေ့မနက် ၂၀၀ ရောင်းပြီးပြီ။ နောက်ထပ် ၂၀၀ ကျန်သေးတယ်။ ဒါဆိုရင် မနက်ဖြန်အတွက် ၂၀၀ လုပ်ဖို့ အချိန်ရပြီ။ အရင်လို ကမူးရှူးထိုး လုပ်စရာ မလိုတော့ဘူး။
မနက်ပိုင်း အစောကြီး ရောင်းကုန်သွားသဖြင့် မနက်ခင်းပိုင်း ဆိုင်တွင် လူသိပ်မရှိတော့ချေ။ တချို့က သူမ တခြားခေါက်ဆွဲတွေ လုပ်တတ်မှန်း မသိကြပေ။ အသင့်စားခေါက်ဆွဲ လာဝယ်၊ မရှိတော့ ပြန်သွားကြသည်။ ထို့ကြောင့် ဆိုင်ဖွင့်စက စည်ကားသော်လည်း အခုတော့ ခြောက်ကပ်နေသည်။
အထူးသဖြင့် နေ့လယ်ပိုင်းဆို ပိုဆိုးတယ်။
ရှန်မြောင် ဆိုင်ထဲထိုင်ပြီး လူငှားမည့်ကိစ္စကို စဉ်းစားနေလေသည်။ လေထင်နှင့် ခွေးပေါက်လေးတို့က ဆိုင်ရှေ့မှာ နေပူစာလှုံရင်း အိပ်ပျော်နေကြသည်။
ခွေးများပင် အိပ်ပျော်နေချိန်တွင် လမ်းမပေါ်မှာ ရုတ်တရက် ဆူညံသံတွေ ထွက်လာလေသည်။
"ခင်ဗျားက ပိုက်ဆံမယူပါဘူး၊ စမ်းလုပ်ကြည့်ပါဆိုလို့ ကျုပ် စမ်းလုပ်ကြည့်တာလေ။ လုပ်ကြည့်ပြီးတော့ မကြိုက်လို့ ဆက်မခိုင်းတော့ဘူး၊ မရဘူးလား။ ဘယ်သူက ကတိမတည်တာလဲ။ အဲဒီစကား ခင်ဗျား ပြောတာ မဟုတ်ဘူးလား။ အခုမှ လာရှုပ်နေတယ်။ လွှတ်စမ်း... ကျုပ်လက်သီး စားချင်တာလား”
ရှန်မြောင် လှမ်းကြည့်လိုက်သည်။ ရန်ဖြစ်နေသူကို မမြင်ရသော်လည်း အရိပ်ကိုတော့ မြင်နေရသည်။ တောင့်တင်းသန်မာသော ယောက်ျားတစ်ယောက်က ခါးထောက်ပြီး ပိန်လှီနေသော အမျိုးသမီးကို တွန်းထုတ်နေပုံ ရသည်။
"သွားစမ်း... ငါက သနားလို့သာ နင်တို့သားအမိ ဒီရက်ပိုင်း ထမင်းစားရတာ။ ဆက်ရှုပ်နေရင် အရာရှိကို တိုင်လိုက်မယ်။ နင်တို့လို လူလိမ်တွေကို ရိုက်ခိုင်းပစ်မယ်”
အမျိုးသမီးက လဲကျသွားသော်လည်း ထိုလူ၏ အင်္ကျီစကို ဆွဲထားတုန်းပင်။ သို့သော်ငြား အရာရှိကို တိုင်မယ်ဟူသည့် စကား ကြားလိုက်ရသည်တွင် လက်ကို လွှတ်ပေးလိုက်တော့သည်။ ထိုလူက နှာမှုတ်ပြီး ထွက်သွားတော့၏။
"အရူးကို ဘယ်သူက ငှားချင်မှာလဲ။ အိပ်မက်မက်နေတာလား”
ထိုလူ ထွက်သွားပြီးနောက် ဝမ်းနည်းပက်လက် ငိုသံကြီး ထွက်ပေါ်လာသည်။ ရှန်မြောင် မနေနိုင်တော့ဘဲ ထွက်ကြည့်လိုက်သည်တွင် မြင်ဖူးသူ ဖြစ်နေသည်။
လမ်းတစ်ဖက်တွင် သပ်သပ်ရပ်ရပ် ဝတ်ဆင်လေ့ရှိသော အဒေါ်ကြီးတစ်ဦးသည် ယခုအခါ ဖရိုဖရဲ ဖြစ်နေပြီး ပါးတစ်ဖက် ရောင်ကိုင်းနေပြီး ဆံပင်တွေ ရှုပ်ပွနေသည်။ မြေကြီးပေါ် ထိုင်လျက် ဖုန်တွေ ပေကျံနေလေသည်။ သူမ၏ သမီးက သူမအနောက်တွင် ငူငူငိုင်ငိုင် ထိုင်နေပြီး မီးဖိုချောင်က ပြာတွေ ပေနေသည်။
ဘေးနားတွင် လူအုပ်ကြီး ဝိုင်းအုံကြည့်နေပြီး လက်ညှိုးထိုးနေကြသည်။ သူမက သမီးဖြစ်သူကို ကာကွယ်လိုက်ပြီး မငိုတော့ဘဲ မတ်တပ်ထရပ်ရန် ကြိုးစားသည်။ သို့သော် လဲကျထားသဖြင့် ထမရပေ။ ထို့ကြောင့် ကြည့်နေသူများကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘာကြည့်နေတာလဲ... နင်တို့နဲ့ ဘာဆိုင်လို့လဲ... ဖယ်ကြ... ဖယ်ကြ”
ရှန်မြောင် တွန့်ဆုတ်မနေတော့ဘဲ လူအုပ်ကို တိုးဝှေ့ပြီး အဒေါ်ကြီးကို တွဲထူပေးလိုက်သည်။
အဒေါ်ကြီးက မျက်ရည်များကြားမှ ရှန်မြောင်ကို အံ့သြစွာ မော့ကြည့်လိုက်သည်။
မျက်ရည်များက မျက်နှာပေါ်ရှိ ဖုန်များကို စီးကျသွားသဖြင့် မျက်နှာတွင် စမ်းချောင်းလေးများ ဖြစ်ပေါ်နေပြီး ရယ်စရာလည်းကောင်း သနားစရာလည်း ကောင်းနေ၏။
လီအဒေါ်ကြီးလည်း ဘေးနားရောက်နေသည်။ သူမက နေကြာစေ့စားရင်း ကြည့်နေကာ ရှန်မြောင် ဝင်ပါလာသည်ကို မြင်တော့ လက်ကို လှမ်းဆွဲပြီး သတိပေးလိုက်သည်။
"သာ့ကျဲအာ... ဘာလုပ်မလို့လဲ။ သူများကိစ္စ ဝင်မပါနဲ့၊ ပြဿနာ တက်နေမယ်”
သူမအသံက ကျယ်လောင်သဖြင့် အဒေါ်ကြီးက ပိုဒေါသထွက်သွားသည်။
"ရှင် မသိဘဲနဲ့ လျှောက်မပြောနဲ့။ ကျုပ်က လူလိမ် မဟုတ်ဘူး။ ပိုက်ဆံလည်း မတောင်းဘူး။ ကျုပ်သမီးက သူဌေးထောင်အိမ်မှာ ၁၀ ရက်လောက် အလုပ်ကြမ်း လုပ်ခဲ့ရတာ။ ရေခပ်၊ ထင်းခွဲ၊ မီးဖိုစောင့် အကုန်လုပ်ရတာ။ ညဆို အိပ်တောင် မအိပ်ရဘူး။ သူကတော့ တစ်နေ့ ဆန်ပြုတ် ၂ ပန်းကန်ပဲ တိုက်တယ်။ အခုကျတော့ ပိုက်ဆံတစ်ပြားမှ မပေးဘူး။ ကျုပ်က တရားမျှတမှု လိုချင်လို့ သွားပြောတာကို သူ့လူတွေက ဝိုင်းရိုက်ကြတာ။ ဘယ်သူက လူလိမ်လဲ”
"ရှင့်သမီးက အရူးမလား၊ အရူးက အလုပ်လုပ်တတ်လို့လား”
"စမ်းလုပ်ကြည့်မယ်၊ ပိုက်ဆံမယူဘူးလို့ ညည်းပဲ ပြောတာမလား။ ဘာလို့ စကားပြန်ပြင်တာလဲ”
"ဟုတ်တယ်လေ၊ အရူးကို အလုပ်ပေးတာတောင် ကျေးဇူးတင်ရမှာ”
အဒေါ်ကြီးက ဒေါသထွက်လွန်းလို့ မျက်ရည်တွေ ပြန်ကျလာကာ လက်သီးဆုပ်ပြီး အော်ပြောလိုက်သည်။
"၃ ရက်ပဲ စမ်းလုပ်မယ်၊ ပိုက်ဆံမယူဘူးလို့ ပြောခဲ့တာ။ အခု ၁၀ ရက် လုပ်ပေးခဲ့ပြီလေ။ ၇ ရက်စာ ပြန်တောင်းတာ ဘာမှားလို့လဲ”
သို့သော် သူမ၏ အသံသည် လူအုပ်ကြီး၏ လှောင်ပြောင်သံများအောက်တွင် ပျောက်ကွယ်သွားလေသည်။ အရူးက ဘာလုပ်တတ်မှာလဲ ဆိုပြီး ဝိုင်းရယ်နေကြသည်။ ရှန်မြောင်တစ်ယောက်သာ သူမစကားကို ကြားလိုက်သည်။
ရှန်မြောင်က သူမအဝတ်ပေါ်က ဖုန်တွေကို ခါပေးပြီး ဆုံးဖြတ်ချက်ချလိုက်၏။ "အဒေါ်... ကျွန်မဆိုင်မှာ အလုပ်သမား လိုနေတယ်။ အဒေါ့်သမီးက ပန်းကန်ဆေး၊ တံမြက်စည်းလှည်း လုပ်တတ်လား။ လုပ်တတ်ရင် ကျွန်မဆိုင်မှာ လာစမ်းလုပ်ကြည့်မလား။ စိတ်မချရင် နေ့စားခပေးမယ်။ တစ်ရက်လုပ် တစ်ရက်ရှင်းပေါ့။ ဒါပေမဲ့ ကောင်းကောင်းမလုပ်ရင်တော့ ပိုက်ဆံဖြတ်မှာနော်။ သဘောတူရင် ဆိုင်ထဲလာပြီး ဆွေးနွေးကြတာပေါ့”
အဒေါ်ကြီးက မော့ကြည့်လိုက်မှ ဟိုတစ်နေ့က သူမကို ခေါက်ဆွဲတစ်ပန်းကန် တိုက်ခဲ့ဖူးသူမှန်း မှတ်မိသွားသည်။ သူမ ချက်ချင်း မျက်နှာငယ်သွားပြီး ရှန်မြောင်ကိုင်ထားတဲ့ လက်ကို ရုန်းထွက်ဖို့ ကြိုးစားရင်း ဗလုံးဗထွေး ပြောလိုက်သည်။
"ညည်းလား... ညည်းက ဟိုတစ်နေ့က ခေါက်ဆွဲဖိုး ပြန်တောင်းမလို့လား။ ကျုပ်မှာ... ကျုပ်မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး”
ဪ... ဒါကြောင့် ဟိုတစ်နေ့က ခဏလေးလို့ လှမ်းခေါ်တာတောင် လှည့်မကြည့်ဘဲ ပြေးသွားတာကိုး။ ရှန်မြောင်က ရယ်လိုက်သည်။
"ပိုက်ဆံမရှိမှတော့ ကျွန်မက ဘာလို့ လိမ်ရမှာလဲ။ လာပါ... အထဲဝင်ပြီး ပြောကြရအောင်”
ရှန်မြောင်က အဒေါ်ကြီးကို ဆွဲခေါ်၊ အဒေါ်ကြီးက သမီးဖြစ်သူကို ဆွဲခေါ်ပြီး သိုးသားကင်တစ်ချောင်းလို သုံးယောက်သား တွဲလျက် လူအုပ်ကြားမှ တိုးထွက်ကာ ရှန်မြောင်၏ ခေါက်ဆွဲဆိုင်သို့ ဝင်သွားကြလေသည်။
...