← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အပိုင်း (၆၅) ကြက်ဥထမင်းကြော်

ရှန်မြောင်သည် လက်ဆေးလိုက်ပြီး ညစာစတင် ပြင်ဆင်လေသည်။

သူမသည် စောစောက ပေါင်းခေါက်ဆွဲလုပ်ရင်း ဆန်ဆေးကာ ထမင်းတစ်အိုးကြီး တည်ထားလိုက်သည်။ ယခု ထမင်းကျက်ပြီဖြစ်ရာ ပန်းကန်လုံးထဲ ခူးထည့်ပြီး အအေးခံထားလိုက်သည်။ ဒီည ကြက်ဥထမင်းကြော် လုပ်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

လူများက ထမင်းကြော်လုပ်လျှင် ညသိပ်ထမင်းနှင့် လုပ်သည်က အကောင်းဆုံးဟု ပြောလေ့ရှိကြသည်။ သို့သော် ရှန်မြောင်က ညသိပ်ထမင်းသည် အကောင်းဆုံးဖြစ်မည်ဟု မယူဆပေ။

ယေဘုယျအားဖြင့် ညသိပ်ထမင်းကို သုံးရခြင်းမှာ တစ်ညလုံး အအေးခံထားသဖြင့် ထမင်းထဲက ရေငွေ့များ ပျောက်ဆုံးသွားတတ်သောကြောင့် ဖြစ်သည်။ လတ်ဆတ်သော ထမင်းသည် ရေဓာတ်များပြီး ပျော့အိစေးကပ်နေတတ်သည်။ ညသိပ်ထမင်းကမူ ခြောက်သွေ့နေသဖြင့် ကြော်သည့်အခါ ထမင်းစေ့များ မကပ်ဘဲ အလွယ်တကူ ကွဲသွားတတ်သည်။

ထို့ပြင် ရေဓာတ်လျော့နည်းသွားသဖြင့် ထမင်းသားမှာ ကြွပ်ဆတ်ဆတ်ဖြစ်ကာ 'လေသလပ်'ထားသကဲ့သို့ ဖြစ်သွားသည်။ ဒယ်အိုးထဲတွင် မွှေသည့်အခါ ထမင်းသားမှာ ကြေမသွားဘဲ ဒဏ်ခံနိုင်သည်။

သို့သော် ညသိပ်ထမင်းဖြင့် ထမင်းကြော်လုပ်ရာတွင် အားနည်းချက်တစ်ခု ရှိလေသည်။ ရေဓာတ်နည်းသွားသဖြင့် ထမင်းသားမာကျောသွားရာ အရသာဝင်စေရန် ဆီနှင့် ဟင်းခတ်အမွှေးအကြိုင် ပိုထည့်ရတတ်သည်။ စားလိုက်လျှင် အီလည်လည်ဖြစ်ကာ လန်းဆန်းမှု မရှိပေ။

ထို့ကြောင့် ရှန်မြောင်သည် ထမင်းကြော်လုပ်သည့်အခါ နေ့ချင်းချက်သည့် ထမင်းပူပူကို အအေးခံပြီး သုံးရသည်ကို ပိုနှစ်သက်သည်။

ထမင်းချက်သည့်အခါ ရေအချိုးအစားကို ချိန်ဆပြီး ပုံမှန်ထက် ရေနည်းနည်း လျှော့ချက်လိုက်လျှင် တစ်ညလုံး စောင့်စရာမလိုဘဲ အနေတော် ခြောက်သွေ့သည့် ထမင်းကို ရရှိနိုင်ပေသည်။ သို့မှသာ စားချင်သည့်အချိန်တွင် ချက်ချင်းလုပ်စားနိုင်မည်။

ယနေ့ လူပိုတစ်ယောက် ရှိလာသည်။ ရှန်မြောင်သည် သူမ၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ဒီနေ့ လုပ်ခဲ့ရသည့် အလုပ်များကို တွက်ချက်ကြည့်လိုက်ပြီး ဆန် ၂ ခွက် ပိုထည့်လိုက်သည်။ သူမတို့အိမ်တွင် ဆန်ချင်သည့် နို့ဆီဘူးခွက်မှာ မီးဖုတ်ထားသည့် ဝါးကျည်တောက်ခွက် ဖြစ်သည်။ မီးဖုတ်ထားသဖြင့် ပိုးမထိုးသလို မှိုလည်း မတက်ပေ။ ပုံမှန်ဆိုလျှင် မောင်နှမသုံးယောက်နှင့် ခွေးနှစ်ကောင်အတွက် ဆန် ၃ ခွက်ဆိုလျှင် ကွက်တိဖြစ်လေသည်။

ထမင်း အအေးခံထားစဉ် ရှန်မြောင်က ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။

ကြက်ဥ ၄ လုံး၊ ကြက်သွန်မြိတ် အနည်းငယ်၊ ဝက်သုံးထပ်သား အနည်းငယ်၊ ရွှေပဲသီးနှင့် အသီးအရွက်များကို အသင့်ပြင်လိုက်သည်။ ကြက်ဥကို ခွဲလိုက်ပြီး အခွံနှစ်ဖက်ကြားတွင် အနှစ်ကို ဟိုဘက်ဒီဘက် ကူးကာ အကာနှင့် သပ်သပ်စီ ခွဲထုတ်လိုက်သည်။ ထို့နောက် ကြက်ဥအနှစ်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး မွှေထားလိုက်သည်။

အိမ်တွင် ရှိသည့် အသီးအရွက်များကို သင့်တော်သလို ရောသုံးလိုက်သည်။ တစ်ခါတစ်ရံ ချက်ပြုတ်ခြင်းသည် ပုံသေကားကျ မဟုတ်ဘဲ ရှိတာနှင့် ရောနှောဖန်တီးလိုက်လျှင် ထူးခြားသည့် အရသာကို ရရှိတတ်သည်။

အသီးအရွက်နှင့် အသားအားလုံးကို အတုံးသေးလေးများ တုံးထားလိုက်သည်။

တဖက်တွင် ဒယ်အိုးတည်ပြီး ဆီအပူပေးထားကာ ကြက်ဥအကာကို အရင်ထည့်ပြီး ယောက်မနှင့် မြန်မြန်မွှေလိုက်သည်။ ကြက်ဥအကာ ဖြူပြီး ခဲသွားသည်နှင့် ပန်းကန်ထဲ ပြန်ဆယ်ထားလိုက်သည်။ ဆီထပ်ထည့်ပြီး ဆီပူလာလျှင် အခန်းအပူချိန်အတိုင်း အေးနေသည့် ထမင်းကို ထည့်လိုက်သည်။ ထို့နောက် မီးဖိုထဲမှ ထင်းကို လျှော့လိုက်ပြီး မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း မွှေလိုက်သည်။

အစပိုင်းတွင် ထမင်းစေ့များသည် ကပ်နေတတ်သော်လည်း ခဏကြာအောင် မွှေလိုက်လျှင် အပေါ်ယံရေငွေ့များ ပျံသွားပြီး ယောက်မအပြားဖြင့် ဖိလိုက်သည့်အခါ အလွယ်တကူ ကွဲသွားတော့သည်။

ညသိပ်ထမင်း မဟုတ်သော်လည်း ထမင်းစေ့များမှာ တစ်စေ့စီ ဖြစ်လာသည်။ လတ်ဆတ်သည့် ထမင်းဖြစ်သဖြင့် ရေငွေ့ပါဝင်မှုကြောင့် ဒီနေ့ကြော်သည့် ထမင်းကြော်မှာ အရောင်ပိုတောက်နေလေသည်။

ထမင်းပူလာလျှင် ကြက်ဥအနှစ်ရည်ကို လောင်းထည့်လိုက်ပြီး သမအောင် မွှေလိုက်ရာ ထမင်းစေ့တိုင်းတွင် ကြက်ဥအနှစ်များ ကပ်ငြိသွားတော့သည်။

ထိုအချိန်တွင် ယိုယွီသည် ပန်းကန်ဆေးပြီးသွားပြီ ဖြစ်သည်။ သူမသည် ပန်းကန်များကို ခြင်းတောင်းထဲတွင် မှောက်လျက် သပ်သပ်ရပ်ရပ် စီထားလိုက်ပြီး ရှန်မြောင်ဘေးနားသို့ ကပ်ကာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေလေသည်။

ရှန်မြောင်က လေးလံသည့် သံဒယ်အိုးကြီးကို မ လိုက်ပြီး အားဖြင့် ပင့်ကာ လှုပ်လိုက်ရာ မီးဖိုထဲမှ မီးတောက်များ ဝုန်းခနဲ ထွက်ပေါ်လာသည်။

ဒယ်အိုးထဲမှ ထမင်းများသည် ရွှေအိုရောင်သန်းနေပြီး မီးတောက်အရှိန်ကြောင့် ရွှေပုလဲလုံးလေးများအလား တောက်ပနေသည်။

ကြက်ဥနံ့နှင့် ထမင်းနံ့မှာ မွှေးပျံ့နေသည်။

ယိုယွီသည် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့၏။

ရှန်မြောင်သည် အသား၊ ရွှေပဲသီး၊ ကြက်ဥအကာနှင့် အသီးအရွက်များကို တစ်ဆင့်ချင်း ထည့်လိုက်သည်။ ပါဝင်ပစ္စည်းများ ရောနှောသွားချိန်တွင် အနံ့မှာ ပိုမွှေးလာသည်။

ရှန်မြောင်၏ နားထဲတွင် "ဂလု" "ဂလု" ဟူသော တံတွေးမြိုချသံကို ကြားလိုက်ရသည်။ အသံမှာ ကျယ်လွန်းသဖြင့် ထိုကလေးမမှာ ဖုံးကွယ်ရကောင်းမှန်း မသိရှာပေ။ ရှန်မြောင် လှည့်ကြည့်လိုက်ရာ သူမ၏မျက်လုံးများသည် ဒယ်အိုးထဲက ထမင်းကြော်ဆီသို့သာ ရောက်နေတော့သည်။

ပဲငံပြာရည်နှင့် ဆားအနည်းငယ်ထည့်၊ ကြက်သွန်မြိတ် ဖြူးကာ မွှေလိုက်ပြီး ကြက်သွန်နံ့ မွှေးလာသည်နှင့် ထမင်းကြော် ရပြီဖြစ်သည်။

ဟင်းရည်အိုးထဲတွင် မကုန်သေးသည့် ဝက်ရိုးစွပ်ပြုတ် ကျန်နေသေးသည်။ စွပ်ပြုတ်ရည်ကို တခြားအိုးတစ်လုံးထဲ ပြောင်းထည့်ပြီး ပွက်ပွက်ဆူလာလျှင် အသီးအရွက်နှင့် အသားများ ထည့်လိုက်သည်။ ဆားအနည်းငယ်ခတ်၊ ဟင်းအိုးချခါနီး ကြက်သွန်မြိတ် ဖြူးလိုက်လျှင် အရသာရှိပြီး ရိုးရှင်းသည့် အသားဟင်းရည် ရလာသည်။

ဒီရက်ပိုင်း အနားမရသဖြင့် ရှန်မြောင်သည် အလုပ်ရှုပ်မခံချင်တော့ပေ။ ညဘက် ဧည့်သည်အများအပြားကို ဝန်ဆောင်မှုပေးရန် အားမွေးထားရဦးမည်။ ထို့ကြောင့် ဒီညစာကို အသားဟင်းရည်နှင့် ကြက်ဥထမင်းကြော်ဖြင့် ရိုးရိုးရှင်းရှင်းသာ စားသောက်ရန် ပြင်ဆင်လိုက်သည်။

ရှန်မြောင်က ပန်းကန်ထဲ ထည့်နေစဉ် နောက်ဖေးတံခါးမှ "ကျွီ" ခနဲ အသံမြည်လာသည်။ ရှန်းအာ၏ ခုန်ပေါက်ပြေးလွှားသံနှင့် အော်ခေါ်သံများ တပြိုင်နက် ထွက်ပေါ်လာသည်။

"မကြီး... မကြီး... သမီးတို့ ပြန်ရောက်ပြီ... ဒီနေ့ အဘိုးကျိုးက ဆိုင်စောစောပိတ်ပြီး သမီးတို့ကို မြစ်ထဲ ပုစွန်သွားဖမ်းခိုင်းတယ်... သမီး မြစ်ထဲမှာ ပုစွန်တုပ်ကြီး တစ်ကောင် ဖမ်းမိတယ်... လက်မကြီးတွေက အကြီးကြီးပဲ... မကြီး လာကြည့်ပါဦး"

လေထင်နှင့် ခွေးပေါက်စတို့၏ သခင်ပြန်ရောက်လာသဖြင့် ဟောင်သံများနှင့်အတူ ကျိအာ၏ တည်ငြိမ်သော ခြေသံများကိုပါ ကြားလိုက်ရသည်။

သူမက မီးဖိုဆောင်ထဲမှ လှမ်းပြောလိုက်သည်။

"အေးပါ... မကြီး ခဏနေ ထွက်ကြည့်မယ်... ကဲ လက်သွားဆေးပြီး ထမင်းစားဖို့ ပြင်ကြတော့"

မောင်နှမနှစ်ယောက် လက်ဆေးပြီး ဝင်လာရာ ရှန်မြောင်အနောက်တွင် ကပ်ရပ်လိုက်ပါလာသော ယိုယွီနှင့် ပက်ပင်းတိုးမိကြသည်။ နှစ်ဖက်စလုံး လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်မိသွားကြသည်။

"နင်က ဘယ်သူလဲ"

ယိုယွီသည် နာမည်မပြောတတ်ဘဲ သူတို့ကိုကြည့်ကာ အာ... အာ... ဟုသာ အော်နေသဖြင့် ရှန်းအာနှင့် ရှန်ကျိတို့ ကြောင်သွားကြသည်။ ပြီးနောက် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။ အသက်ငယ်သော်လည်း ဤအရပ်ရှည်ရှည်နှင့် မိန်းကလေးမှာ ပုံမှန်မဟုတ်ကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။

ရှန်မြောင်သည် ကြက်ဥထမင်းကြော် ဇလုံကြီးကို ကိုင်ကာ အကဲခတ်နေကြသည့် သုံးယောက်ကြားမှ ဖြတ်လျှောက်လာကာ ဘာမှထွေထူး မပြောဘဲ ယိုယွီဘက်သို့ မေးငေါ့ပြကာ မိတ်ဆက်ပေးလိုက်သည်။

"ဒါ ယိုယွီ တဲ့... နောက်ဆိုရင် တို့အိမ်မှာ အကူလုပ်ပေးလိမ့်မယ်... သူ့ဉာဏ်ရည်က ငယ်သေးတော့ နင်တို့က ညီမလေးလိုပဲ သဘောထားလိုက်... အတူတူ ဆော့ကြနော်... ပြီးတော့ အနိုင်မကျင့်ကြနဲ့"

ရှန်းအာသည် 'ညီမလေး' ဟူသော စကားလုံးကို ကြားသည်နှင့် မျက်လုံးများ အရောင်တောက်သွားသည်။

"သူက ညီမလေးလား... ဒါဆို သမီးက မကြီး ဖြစ်ပြီပေါ့"

သူမသည် ယိုယွီရှေ့သို့ ချက်ချင်းလျှောက်သွားပြီး ရင်ကော့ကာ မော့ကြည့်ပြီး ပြောလိုက်သည်။ "နင် ငါ့ကို မကြီးလို့ ခေါ်... ငါ့ကို မကြီးလို့ ခေါ်ရင် ငါ နင့်ကို ကာကွယ်ပေးမယ်"

ယိုယွီသည် အချိန်အကြာကြီး စဉ်းစားပြီးနောက် "ကျွီ... ကျွီ..." ကဲ့သို့ အသံမျိုး ပြုလုပ်လိုက်သည်။

ကြွက်စုတ်အော်သံနှင့် တူနေသော်လည်း ရှန်းအာကတော့ ကျေနပ်နေပုံရသည်။ သူမက မော့ကြည့်ပြီး ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ငါက နင့်ရဲ့ မကြီးပဲ... စိတ်ချ... ငါ ရှိနေသရွေ့ ဒီလမ်းကြားထဲမှာ ဘယ်သူမှ နင့်ကို အနိုင်မကျင့်စေရဘူး"

သူမ၏ အရပ်မှာ ယိုယွီ၏ တံတောင်ဆစ်လောက်သာ ရှိသော်လည်း ကြွားလုံးထုတ်နေခြင်းပင်။

ရှန်ကျိက သူမခေါင်းကို ခေါက်လိုက်ပြီး မညှာမတာ ဖွင့်ဟပြောဆိုလိုက်သည်။ "လေကြီးမနေစမ်းပါနဲ့... ပြီးခဲ့တဲ့တစ်ခေါက်က ဘယ်သူများ လျိုသို့ဟွားနဲ့ ရန်ဖြစ်ပြီး ပြန်မပြောနိုင်လို့ ပါးကုတ်ခံရပြီး ငို..."

"အကိုကြီး... ဆက်မပြောနဲ့နော်"

ရှန်းအာက အကိုဖြစ်သူ၏ ပါးစပ်ကို လှမ်းပိတ်ရန် ခုန်လိုက်သည်။ နှာခေါင်းပါ ပိတ်မိသွားသဖြင့် ရှန်ကျိမှာ အသက်ရှူကြပ်သွားတော့သည်။ မတတ်သာသည့်အဆုံး ညီမဖြစ်သူလက်ကို ဖယ်လိုက်ပြီး ဟန်ဆောင်ကာ ပြောလိုက်ရသည်။ "အေးပါ... အေးပါ... မပြောတော့ပါဘူး"

ရှန်းအာက နှာခေါင်းရှုံ့လိုက်ပြီး ယိုယွီဘက်လှည့်ကာ တိုးတိုးလေး ရှင်းပြလိုက်သည်။ "အဲဒါက မတော်တဆ ဖြစ်တာပါ... ငါ့အစ်ကို လျှောက်ပြောတာ နားမထောင်နဲ့... ငါက အရမ်းတော်တာ"

ယိုယွီက နားလည်သလား မသိသော်လည်း ပါးစပ်ကြီးဖြီးကာ ရယ်ပြနေသည်။

ရှန်ကျိက စားပွဲဝိုင်းကို ခင်းလိုက်ပြီး ထိုင်ခုံလေးလုံးနှင့် ပန်းကန်ခွက်ယောက်လေးစုံ ချပေးလိုက်သည်။

ရှန်မြောင်က ထမင်းကြော်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး ဟင်းရည် ၄ ပန်းကန် ခပ်ထည့်လိုက်သည်။ ထို့နောက် လက်ခုပ်တီးကာ ကြေညာလိုက်သည်။

"ကဲ... စားကြမယ်"

နေဝင်ချိန် ရောက်နေပြီဖြစ်သော်လည်း နွေဦးနေဝင်ချိန်မို့ နေ့ခင်းကထက် ပိုပူပြင်းနေသည်။ ခြံဝင်းထဲတွင် နေရောင်များ ကျရောက်နေသည်။ ရှန်မြောင်က ယိုယွီကို ထိုင်ခုံတွင် နေရာချပေးရင်း အရိပ်အာဝါသ မရှိသည့် ခြံဝင်းကို ကြည့်ကာ နောက်တစ်ခေါက် ဈေးနေ့ကျရင် သစ်ပင်တစ်ပင်လောက် ဝယ်စိုက်ရမည်ဟု တွေးလိုက်မိသည်။ အသီးစားရမည့် သစ်ပင်ဆို ပိုကောင်းမည်။ တည်သီး၊ သလဲသီး၊ မက်မွန်သီး သို့မဟုတ် ဇီးသီးပင် ဆိုလည်း အဆင်ပြေသည်။ အရိပ်လည်းရ အသီးလည်း စားရမည်။

ဇီးသီးပင်လား... ဇီးပင်စိုက်မယ်ဆိုရင်တော့ တစ်ပင်တည်း ဝယ်လို့မရဘူး။ နှစ်ပင် ဝယ်မှဖြစ်မယ်။ "ခြံစည်းရိုးအပြင်မှာ သစ်ပင်နှစ်ပင် ရှိတယ်။ တစ်ပင်က ဇီးပင်၊ နောက်တစ်ပင်ကလည်း ဇီးပင်ပဲ" ဆိုသည့် စာသားအတိုင်း ပေါ့။

ထိုအကြောင်း တွေးမိပြီး သူမဘာသာ "ခစ်" ခနဲ ရယ်မိသွားသည်။

ကျိအာက ဘာမှမရှိသည့် ခြံဝင်းကိုကြည့်ပြီး တစ်ယောက်တည်း ရယ်နေသည့် အစ်မဖြစ်သူကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ ရှန်မြောင်က ပြုံးပြီး လက်ကာပြလိုက်သည်။ ဒါက သူမတစ်ယောက်တည်း နားလည်သည့် ပျော်ရွှင်မှုမျိုးပင်။

ရှန်းအာက ယိုယွီဘေးနားတွင် ဝင်ထိုင်လိုက်ပြီး ရှန်မြောင်ကို ကတိပေးလိုက်သည်။ "နောင်ကျရင် ယိုယွီကို သမီး စောင့်ရှောက်မယ်... သူ့ကို ဟင်းထည့်ပေးမယ်"

ရှန်မြောင်က ရယ်လျက် ပြောလိုက်၏။ "အေးပါ... နင့်သဘောပါပဲ"

ရှန်းအာက ခေါင်းညိတ်ပြသည်။ သို့သော် မကြာမီမှာပင် သူမ ထင်ထားသည်မှာ မှားယွင်းကြောင်း သိလိုက်ရသည်။ ယိုယွီက သူမ စောင့်ရှောက်စရာ လုံးဝ မလိုပေ။

ထမင်းစားသည့်အခါ လေမုန်တိုင်း တိုက်ခတ်သကဲ့သို့ တခဏချင်း ကုန်စင်သွားသည်။ ပန်းကန်ပြောင်သွားသည်နှင့် ပန်းကန်ကို ကိုင်ကာ သနားစရာမျက်လုံးများဖြင့် စိုက်ကြည့်နေတတ်သည်။ ရှန်မြောင်က ထပ်ထည့်ပေးလိုက်သည်။ ခဏကြာတော့ ကုန်သွားပြန်ပြီ။ သနားစရာ မျက်လုံးဖြင့် ကြည့်ပြန်ပြီ။

နောက်ဆုံးတွင် ရှန်မြောင်ပင် ကြောင်သွားပြီး ထမင်းထည့်ပေးသည့် လက်များ နှေးကွေးသွားတော့သည်။

နောက်ဆုံးတွင် ယိုယွီသည် ထမင်းကြော် ၄ ပန်းကန်၊ ဟင်းရည် ၂ ပန်းကန်နှင့် သစ်တော်သီးတစ်လုံးပါ စားလိုက်သည်။

မူလက လေထင်နှင့် ခွေးဝါလေးအတွက်ပါ စာရင်းတွက်ပြီး ကြော်ထားသော်လည်း ယိုယွီတစ်ယောက်တည်းနှင့် ကုန်စင်သွားတော့သည်။ ရှန်မြောင်မှာ မတတ်သာဘဲ မီးဖိုချောင်ထဲ ပြန်ဝင်ကာ ခွေးနှစ်ကောင်အတွက် အသီးအရွက်နှင့် အသားစအနည်းငယ်ကို လှီးဖြတ်ပြီး ခေါက်ဆွဲပြုတ်ရည်နှင့် ရောကာ ခွေးစာ လုပ်ပေးလိုက်ရသည်။

ရှန်းအာသည် ယိုယွီစားနေသည်ကို ငေးကြည့်နေရင်း သူမကိုယ်တိုင် မစားရသေးသည်ကို သတိရသွားသည်။ သူမ၏ ပန်းကန်လုံးသေးသေးလေးကို ငုံ့ကြည့်လိုက်၊ ယိုယွီကို မော့ကြည့်လိုက်နှင့် မျက်လုံးများ ပြူးနေတော့၏။

ယိုယွီက လေတက်လိုက်ပြီး ပန်းကန်ထဲက နောက်ဆုံး ကျန်နေသည့် ထမင်းစေ့ကို ကောက်စားလိုက်ကာ အရသာခံနေလိုက်သည်။ ပြီးနောက် လူကို စိုက်မကြည့်တော့ဘဲ ပန်းကန်ကို ချလိုက်သည်။

ရှန်မြောင်က ခွေးစာခွက်ကို ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာရင်း ယိုယွီ့အမေ ပြောဖူးသည့် စကားကို သတိရသွားသည်။ ယိုယွီ အသက်ကြီးလာလေ အိမ်က သားသမီး ချွေးမတွေက မကြည်ဖြူလေ ဖြစ်လာရခြင်း အကြောင်းရင်းမှာ ယိုယွီ အစားသောက်လွန်းခြင်းကြောင့်များ ဖြစ်နေမလား။

ဒီလောက် ကိုယ်ခန္ဓာကြီးထွားတာ အလကားမဟုတ်ပေ။

နောက်ရက် ထမင်းချက်ရင် ဆန် ၂ ခွက် ထပ်ပိုထည့်မှ ဖြစ်တော့မည်။

မိသားစု ထမင်းစားပြီး၍ ခဏနားလိုက်သည်နှင့် နေဝင်ချိန် ရောက်လာသည်။ တာ့ရှန့်ကော်ဘုရားကျောင်းမှ ညနေခင်း ခေါင်းလောင်းသံ လွင့်ပျံ့လာပြီး စားသုံးသူများလည်း ရောက်လာကြပြီ ဖြစ်သည်။ ဆိုင်လေးမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာပြီး ရှန်မြောင် အလုပ်ရှုပ်တော့သည်။

ဒီနေ့ အကူတစ်ယောက် ရှိနေသဖြင့် သူမအတွက် အများကြီး သက်သာသွားသည်။ သူမက ခေါက်ဆွဲလုပ်၊ ကျိအာက ပန်းကန်ချပြီး ပိုက်ဆံသိမ်း၊ ရှန်းအာက ပန်းကန်ဆေး ကူပေးသည်။

ရှန်းအာ ပန်းကန်ဆေးကန်ထဲ ထည့်လိုက်သည်နှင့် ယိုယွီက ချက်ချင်း ဆေးကြောလိုက်သည်။ ပန်းကန်ဆေးရုံတင်မက ရှန်မြောင်ကို ထင်းမီးထိုးပေးသေးသည်။

ရှန်မြောင် အံ့ဩသွားရသည်မှာ ယိုယွီ မီးမွှေးတတ်ခြင်းပင်။

ရှေးခေတ် ထင်းမီးဖိုများတွင် မီးအပူချိန် ထိန်းရသည်မှာ ပညာပါသည်ကို သိထားရမည်။ မီးပြင်း၊ မီးလတ်၊ မီးအေး ရဖို့ ထင်းဘယ်လောက်ထည့်ရမည်၊ လေမှုတ်စက် ဘယ်လိုသုံးရမည် ဆိုသည်မှာ ဂရုစိုက်ရသည့် အလုပ်ဖြစ်သည်။

ဉာဏ်ရည် ကောင်းမွန်သူပင် ကျွမ်းကျင်သည့် မီးထိုးသမားဖြစ်ဖို့ နှစ်အနည်းငယ် လေ့ကျင့်ယူရသည်။ ရှုပ်ထွေးပြီး ဖြတ်ထိုးဉာဏ်ရှိဖို့ လိုအပ်သည့် ဤအလုပ်ကို ယိုယွီ လုပ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သို့သော် ယိုယွီက တကယ် လုပ်တတ်နေသည်။ ရှန်မြောင်က "ယိုယွီ... မီးအလယ်အလတ် လိုချင်တယ်... ထင်းချောင်းကြီး တစ်ချောင်း ထုတ်လိုက်" ဟု ပြောလိုက်လျှင် သူမက အာ... ဟု အော်ပြီး မီးညှပ်ဖြင့် ထင်းချောင်းကို ဆွဲထုတ်ပေးသည်။ ပြီးလျှင် မီးဖိုထဲက ထင်းများကို မီးသေမသွားအောင် နေရာပြန်ချပေးတတ်သည်။

ဆိုင်ပါးချိန်တွင် ရှန်မြောင်က သူမကို သေချာ အကဲခတ်ကြည့်လိုက်သည်။ ယိုယွီသည် မီးအရှိန်ကို ထိန်းရန် လေမှုတ်စက်ကိုပါ အသုံးပြုတတ်နေသည်။ မီးနည်းသွားလျှင် လေတိုးပေးပြီး မီးများနေလျှင် လေလျှော့ပေးသည်။

မီးဖိုထဲတွင် ပြာများနေလျှင် အလိုက်တသိ ကျုံးပေးသည်။ မီးဖိုပြာများကို မြေသြဇာအဖြစ် သုံးရန် ဟင်းခင်းထဲ ပို့ခိုင်းလိုက်သည်။

မီးထိုးသည့် ကိစ္စနှင့် ပတ်သက်ပြီး သူမ ဘေးနားကနေ အကြာကြီး စောင့်ကြည့်လိုက်သည်။ သူမ ကျွမ်းကျင်ပိုင်နိုင်သည်ကို တွေ့လိုက်ရသောအခါ ရှန်မြောင် ကျေနပ်သွားတော့သည်။ တစ်နပ်ကို ထမင်း ၄ ပန်းကန် စားလည်း တန်သည်။ တကယ့် ရတနာကို ကောက်ရလိုက်ခြင်းပင်။

သူတို့လေးယောက်သား ည ၇ နာရီကျော် ၈ နာရီလောက်အထိ မနားတမ်း အလုပ်လုပ်လိုက်ကြသည်။ လေထင်က နောက်ဖေးတံခါးဝတွင် အလိုက်တသိ သွားရောက် စောင့်ကြပ်ပေးနေပြီး ခွေးဝါလေးကတော့ သူ့အိမ်သူမအိပ်ဘဲ ကြက်ခြံထဲက ရုံရုံ၊ ကြက်ဖြူမလေး၊ ကြက်အစင်းကျားမလေးတို့နှင့် သွားရောက် ရောနှောအိပ်စက်နေပြီး ဆိုင်ထဲတွင်လည်း တဖြည်းဖြည်း လူပါးသွားတော့သည်။

...

အပိုင်း (၆၆)

တာ့စုန့်တွင် ညမထွက်ရအမိန့် မရှိသော်လည်း မြို့တွင်းနှင့် မြို့ပြင်ကြားရှိ မြို့တံခါးများကိုမူ လူအဝင်အထွက် ပြုလုပ်နိုင်ရန် တံခါးပေါက်ငယ် နှစ်ပေါက် သုံးပေါက်လောက်သာ ဖွင့်လှစ်ထားလေ့ ရှိသည်။ ရှန်မြောင်u ဆိုင်တံခါးမပိတ်မီ ယိုယွီ၏မိခင် ရောက်ရှိလာပြီး သမီးဖြစ်သူကို လာကြိုလေသည်။ သူမသည် လှည်းစီးရမည်ကို နှမြောသဖြင့် လမ်းတစ်လျှောက် နားလိုက်၊ ပြေးလိုက်ဖြင့် လာခဲ့ပုံရသည်။ ရောက်လာချိန်တွင် နဖူး၌ ချွေးသီးချွေးပေါက်များ ကျနေပြီး အသက်ကို မောမောပန်းပန်း ရှူရှိုက်နေရသည်။

ရှန်မြောင်သည် ယိုယွီ၏လက်ကို ဆွဲကာ ထွက်လာပြီး မိခင်ဖြစ်သူရှေ့တွင် ယိုယွီကို တခမ်းတနား ချီးကျူးစကား ဆိုလိုက်သည်။

"အဘွားရဲ့ ယိုယွီက တော်လိုက်တာ အဘွားနျန်ရေ... ဒီနေ့ ပန်းကန်တစ်လုံးမှ မကွဲဘူး... စောစောက ကျွန်မ သူ့ကို နားခိုင်းပေမယ့် မနားဘဲ ရေစည် ၄ လုံးလုံး ပြည့်အောင် ဖြည့်ထားတယ်... တံမြက်စည်းလှည်းပြီး ရေပါဖျန်းထားသေးတာ... ပြီးတော့ ဒီနေ့ စားကြွင်းစားကျန် လာသိမ်းတဲ့လူ ရောက်လာတော့ သူတစ်ယောက်တည်း စားကြွင်းစားကျန်ပုံးကို မ ပြီး သွားပို့ပေးတယ်... ၃ ဝမ်တောင် ပြန်ရလိုက်သေးတယ်"

စုန့်ခေတ်တွင် လမ်းကြားများအနှံ့ လိုက်လံပြီး စားကြွင်းစားကျန်များကို သိမ်းဆည်းသည့် "နေ့စဉ်သိမ်းဆည်းသူ" များ ရှိလေသည်။ သူတို့သည် ပြန့်ကျင်းမြို့တော်ရှိ စားကြွင်းစားကျန်များကို ဈေးပေါပေါဖြင့် ဝယ်ယူကာ တောရွာများသို့ သယ်ဆောင်ပြီး ဝက်မွေးမြူရေးခြံများ သို့မဟုတ် သဘာဝမြေသြဇာ အချဉ်ဖောက်လိုသည့် လယ်သမားများထံသို့ ပြန်လည်ရောင်းချကြသည်။ ဤစနစ်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး ခေတ်မီလှပေသည်။

အဘွားနျန်မှာ ယိုယွီကို လူတစ်ဖက်သားက ချီးကျူးသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး သူမမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ဝန်းအိမ်တွင် မျက်ရည်များပင် ဝဲလာတော့သည်။

"ဟုတ်ရဲ့လား... ဝမ်းသာစရာကြီးပါလား... တကယ် ဝမ်းသာစရာကြီးပါပဲ... ရှန်ညန်ဇီ ကျေနပ်ရင် ပြီးတာပါပဲရှင်... ကျေနပ်ရင် ပြီးတာပါပဲ"

သူမ လာခဲ့စဉ် လမ်းတစ်လျှောက်လုံးတွင် စိတ်က တဒုန်းဒုန်းသံမြည်ကာ စိုးရိမ်ပူပန်နေခဲ့ရသည်။ ယိုယွီ ပြဿနာရှာမိမလား၊ အလုပ်ကောင်းကောင်း မလုပ်နိုင်၍ အရိုက်ခံရမလားဟု တွေးပူနေခဲ့သော်လည်း ယခုအခါတွင်မူ ရင်ထဲက အလုံးကြီး ကျသွားခဲ့လေပြီ။

ယိုယွီသည်လည်း လူများက သူမကို ချီးကျူးနေမှန်း နားလည်ပုံရသည်။ သူမ၏ ပြားချပ်ချပ် မျက်နှာကြီးမှာ နီရဲနေပြီး ရှန်မြောင်ကို ကြည့်ကာ တဟီးဟီး ရယ်မောနေပြန်သည်။ ရယ်လိုက်သည့်အခါ မျက်လုံးအိမ် ကျယ်ကျယ်ကြီးနှစ်ဖက်မှာ ပိတ်သွားသည့်အထိ မျက်လုံးမှေးသွားတော့သည်။

ယိုယွီကို ပြန်လွှတ်လိုက်ပြီး မနက်ဖြန် အလုပ်ဆင်းရမည့် အချိန်ကို ပြောပြလိုက်သည်။ ရှန်မြောင်သည် ဆိုင်ထဲသို့ ပြန်ဝင်လိုက်ပြီး တံခါးပိတ်ရန် တံခါးရွက်တစ်ချပ်ကို ဖြုတ်လိုက်စဉ်မှာပင် အရက်မူးပြီး ယိုင်နဲ့နေသည့် လူငယ်တစ်ယောက်သည် ခေါင်းငိုက်စိုက်ကျကာ ဒယီးဒယိုင်ဖြင့် ဝင်လာလေသည်။

သူဝတ်ဆင်ထားသည့် ကျောက်ပွင့်နွယ် အဆင်ဒီဇိုင်းနှင့် အစိမ်းရောင် ပိုးသားလက်ကျယ်ဝတ်ရုံမှာ ချဉ်ဖတ်ကဲ့သို့ ကြေမွနေလေပြီ။ သူ့ဘေးတွင် စာသင်သားအကူ တစ်ယောက် ပါလာလေသည်။

စာသင်သားအကူက ထိုလူငယ်ကို တွဲထူကာ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်ပြီး ကောင်တာရှေ့သို့ လျှောက်လာကာ ဟင်းမှာလိုက်သည်။

"ဆိုင်ရှင်မကြီး... သိုးသားခေါက်ဆွဲ ၂ ပန်းကန် ပေးပါ... ပြီးတော့ အမူးပြေစေမယ့် အာ့ချန်ထန်း (ဆေးဖက်ဝင်ဟင်းရည်) တစ်ပွဲပါ ပေးပါ"

"ရပါမယ်ရှင်... ထိုင်ပါဦး... ကျွန်မ သွားယူလိုက်မယ်"

ရှန်မြောင်က အဖျော်ယမကာစင်ကို ဖွင့်ကာ အိုးတစ်လုံး ယူပေးလိုက်ပြီး ထိုလူကို မသိမသာ ခိုးကြည့်လိုက်မိသည်။

'ရင်းနှီးလိုက်တာ... ဒါပေမဲ့ ဘယ်သူမှန်းတော့ မမှတ်မိတော့ဘူး... အရင်က တံတားပေါ်မှာ ဈေးရောင်းတုန်းက ငါ့ဆီကနေ ရှိုကျွားပင် ဝယ်စားဖူးတဲ့သူများလား'

ရှန်မြောင် ပခုံးတွန့်လိုက်ပြီး ခေါက်ဆွဲလုပ်ရန် ပြန်ဝင်သွားလိုက်သည်။ ခေါက်ဆွဲသား အနည်းငယ် ကျန်နေသေးသဖြင့် ကွက်တိပင် ဖြစ်သွားသည်။ ဒီ ၂ ပန်းကန် ရောင်းပြီးလျှင် ကုန်ပြီဖြစ်သည်။

ယိုယွီ ရှိနေသဖြင့် ဒီနေ့ ခေါက်ဆွဲ ပိုရောင်းရသော်လည်း ညနေပိုင်းတွင် သူမမှာ အေးအေးလူလူ ရှိလှသည်။ အလုပ်များသော်လည်း ရှုပ်ယှက်ခတ်မနေဘဲ ယခုအချိန်ထိ လန်းဆန်းတက်ကြွနေကာ ပင်ပန်းသည်ဟု မခံစားရပေ။

သူမသည် ခေါက်ဆွဲဆွဲရင်း စဉ်းစားခန်း ဖွင့်လိုက်သည်။

'ခဏနေ တံခါးပိတ်ပြီးရင် ဟင်းရည်အနှစ် နည်းနည်းလောက် ကျိုထားရမလား... ဝက်ခေါင်းသားပါ တစ်ခါတည်း ပေါင်းထားလိုက်ရင် ကောင်းမယ်... မနက်ဖြန် ဟင်းသစ်တစ်မယ် တင်လို့ရတာပေါ့... အနှစ်ခေါက်ဆွဲ လုပ်မလား... သခွားသီးနဲ့ ဝက်ခေါင်းသားသုပ် လုပ်မလား...'

သူမသည် စိတ်ကူးယဉ်ရင်း ခေါက်ဆွဲပြုတ်ကာ အပြင်သို့ သယ်လာပေးလိုက်သည်။ ထိုစဉ် ကျိအာသည် စိတ်နဲ့လူနဲ့ မကပ်သည့် ပုံစံဖြင့် ခြေကို တရွတ်တိုက်ဆွဲကာ လိုက်ကာစကို မ ပြီး ထွက်လာသည်ကို တွေ့လိုက်ရသည်။

"မကြီး... ရှန်းအာ အိပ်ပျော်သွားပြီ"

ရှန်မြောင်က မောင်ဖြစ်သူ၏ မျက်နှာထား မမှန်သည်ကို သတိပြုမိသဖြင့် တိုးတိုးလေး မေးလိုက်သည်။ "မင်း ဘာဖြစ်နေတာလဲ"

ကျိအာသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းငုံ့ကာ ရင်ဖွင့်လေသည်။

"ဒီရက်ပိုင်း စာကျက်ရတာ လုံးဝ ခေါင်းထဲမဝင်ဘူး ဖြစ်နေတယ်... တစ်ခါတလေဆို စိတ်တွေလွင့်ပြီး စာကြည့်စားပွဲကနေ ထွက်ပြေးချင်စိတ်တွေ ပေါက်နေမိတယ်... ဒီနေ့ စာအုပ်ဆိုင်သွားပြီး စာဖတ်တာလည်း စာလုံးတွေကိုသာ စိုက်ကြည့်နေတာ ခေါင်းထဲ တစ်လုံးမှ ရောက်မလာဘူး... ကျွန်တော် ဘာဖြစ်နေမှန်းလည်း မသိပါဘူးဗျာ... စိတ်က လုံးဝ ငြိမ်မနေဘူး"

ကျိအာသည် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရသည်။ အစ်မဖြစ်သူက ဒီလောက် ပင်ပန်းခံ လုပ်ကိုင်နေသော်လည်း သူက စာကို အာရုံမစိုက်နိုင်ဘဲ ရင်ထဲတွင် ရေပုံးတစ်ပုံးကို ဆွဲထားသကဲ့သို့ ဘယ် ယိမ်းထိုး ခံစားနေရသည်။

'ငါ တော်တော် အသုံးမကျပါလား...'

သူ့အသံမှာ တိုးသထက် တိုးသွားတော့သည်။

"ဖိယုံးစာသင်ကျောင်းက စာမေးပွဲအောင်စာရင်း ထွက်ဖို့ ရက်ပိုင်းပဲ လိုတော့တာ... မကြီး... တကယ်လို့ ကျွန်တော် စာမေးပွဲ မအောင်ရင် ဘယ်လိုလုပ်မလဲဟင်"

ကျိအာ၏ တည်ငြိမ်ရင့်ကျက်သည့် ပုံစံအောက်တွင် စိုးရိမ်ပူပန်မှုများ ကိန်းအောင်းနေကြောင်း ရှန်မြောင် ယခုမှ သိလိုက်ရတော့သည်။ သူမလည်း စိတ်မကောင်း ဖြစ်သွားရသည်။ ဒီရက်ပိုင်း ဆိုင်လည်ပတ်နိုင်ရေးအတွက် အာရုံစိုက်နေရသဖြင့် မောင်ဖြစ်သူကို လစ်လျူရှုမိသလို ဖြစ်သွားသည်။ မဟုတ်လျှင် ကျိအာ စိတ်ဓာတ်ကျနေသည်ကို သူမ စောစောစီးစီး ရိပ်မိပေလိမ့်မည်။

သို့သော် ကျိအာကဲ့သို့ ဖွင့်ပြောခဲသည့်လူမျိုးက သူမကို လာရောက် ရင်ဖွင့်သည်မှာ မလွယ်ကူလှပေ။

"လာ... မကြီး ဘေးနား လာထိုင်"

ရှန်မြောင်က ကျိအာကို ဆွဲခေါ်ပြီး ဆိုင်ထောင့်ကျကျ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

ဆိုင်ထဲတွင် စားသုံးသူ ရှိနေသေးသဖြင့် လူလစ်၍ မဖြစ်ပေ။ ထို့ကြောင့် ဒီနေရာမှာပင် ထိုင်ပြီး စကားပြောလိုက်သည်။

သူမက ကျိအာ၏ ခေါင်းကို ပွတ်သပ်ပေးပြီး ညင်ညင်သာသာ ပြောလိုက်သည်။ "မကြီးလည်း မင်းကို တောင်းပန်ပါတယ်... ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ စာမေးပွဲ အောင်စာရင်း ထွက်တော့မယ် ဆိုတာတောင် မေ့နေတယ်... မင်း စိတ်ပူပြီး အိပ်မပျော်တာ ရက်တော်တော်ကြာပြီ ထင်တယ်... စောစောက မင်း မေးတယ်မလား... တကယ်လို့ စာမေးပွဲ မအောင်ရင် ဘယ်လိုလုပ်မလဲ ဆိုတာလေ... မကြီး ဖြေမယ်... မအောင်ရင် သုပ်စားလိုက်... ကြိုက်သလိုသာ လုပ်ပေတော့"

"ကိစ္စ မရှိပါဘူးဟာ... မအောင်ရင်လည်း ထားလိုက်ပေါ့... ဒီလောကကြီးမှာ ဒီလမ်းတစ်လမ်းတည်း ရှိတာမှ မဟုတ်တာ... မင်း စာဆက်သင်ချင်ရင် တခြားဆရာ ရှာပြီး သင်ကြတာပေါ့... တကယ်လို့ မင်း စာဆက်မသင်ချင်တော့ဘူး ဆိုရင်လည်း ကိစ္စ မရှိဘူး... မင်း ဝါသနာပါတဲ့ ပညာရပ်တစ်ခုခုကို မကြီးနဲ့အတူ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုလို့ ရတာပဲ"

ရှန်မြောင်က စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးသော်လည်း ကျိအာက ထိုစကားကို ကြားသည့်အခါ ရှက်ရွံ့အားနာစိတ်ဖြင့် မျက်ရည်ဝဲလာတော့သည်။

"ကျွန်တော် အသုံးမကျလို့ပါ... မကြီးကို ကျေးဇူးကန်းသလို ဖြစ်နေပြီ"

"ဟော... ဘာတွေ လျှောက်ပြောနေတာလဲ" သူမက ခဏလောက် စဉ်းစားပြီး ဆက်ပြောလိုက်သည်။ "ဒါနဲ့... မကြီး ကျင်းလင်မြို့မှာ နေတုန်းက ရွှီရှာခယ် ဆိုတဲ့ လူတစ်ယောက်အကြောင်း ကြားဖူးတယ်"

"မကြီး မင်းကို ရွှီရှာခယ် အကြောင်း ပြောပြမယ်... သူက ကျန်းဟွိုင်ဒေသက ကျန်းယင်မြို့မှာ မွေးတာ... သူ့မိသားစုက ဒေသခံ သူဌေးတွေလေ... လယ်တွေယာတွေ၊ ဆိုင်ခန်းတွေ အများကြီး ပိုင်ဆိုင်ကြတယ်... သူ့ဘိုးဘေးတွေက ပညာတတ်တွေချည်းပဲ... သူ့ဘေးဆိုရင် ကျွီရန်အဆင့်ထိ အောင်ဖူးတယ်... ဒါပေမဲ့ အဲဒီလို ပညာတတ်မျိုးရိုး ရှိပေမယ့် သူ့အဖေက သူ့ကို စာပေလေ့လာပြီး လူ့ကျင့်ဝတ် နားလည်အောင်ပဲ သင်ပေးတယ်... ရာထူးဂုဏ်ရှိန် နောက်ကို လိုက်ဖို့ မသင်ပေးဘူး... ရွှီရှာခယ်က တောတောင်ရေမြေ သဘာဝအလှအပတွေကို နှစ်သက်ပြီး ခရီးထွက်ချင်တယ်လို့ ပြောတဲ့အခါ သူ့မိဘတွေက အပြည့်အဝ ထောက်ခံပေးကြတယ်... သူ့ခရီးစရိတ်အတွက် အိမ်က ပိုင်ဆိုင်မှုတချို့ကိုတောင် ရောင်းချပေးခဲ့ကြတာ"

"ရွှီရှာခယ်ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အကုန်လုံးက ရာထူးအာဏာနဲ့ စည်းစိမ်ဥစ္စာနောက်ကို လိုက်နေကြတဲ့အချိန်မှာ သူကတော့ မိဘတွေရဲ့ မေတ္တာနဲ့ နားလည်ပေးမှုကို ရင်ဝယ်ပိုက်ပြီး ဆောင်းတွင်းကြီးမှာ တစ်ယောက်တည်း ဟွမ်ရှန်းတောင်ပေါ်ကို တက်ခဲ့တယ်... သူက ခရီးသွားမှတ်တမ်းထဲမှာ 'စတုတ္ထမြောက်နေ့၊ တစ်နေကုန် ထိုင်ပြီး နှင်းကျသံကို နားထောင်နေမိတယ်' ဆိုပြီး ရေးခဲ့တယ်... သူ ဟွမ်ရှန်းတောင်ထိပ်မှာ တစ်ညလုံး ထိုင်ပြီး မိုးလင်းတဲ့အထိ နှင်းအရည်ပျော်ကျတဲ့ အသံကို နားထောင်ခဲ့တာလေ... တခြားသူတွေသာ ဆိုရင် သူ့ရဲ့လုပ်ရပ်ကို နားလည်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ မကြီးကတော့ ဒီအကြောင်း ကြားရတာ အရမ်း သဘောကျတာပဲ"

ရှန်မြောင်သည် ကျိအာ၏ ဝေခွဲမရဖြစ်နေသော မျက်ဝန်းများကို ကြည့်ပြီး တိုးတိုးလေး ဆက်ပြောလိုက်သည်။

"ကျိအာ... လူ့ဘဝဆိုတာ တစ်ခါပဲ နေရတာ... ဒီတစ်ခေါက်ပဲ ရတာ... ငါတို့ စာသင်တယ် ဆိုတာ ရာထူးအာဏာ ရဖို့လောက်ပဲ ရည်ရွယ်ပြီး ရလဒ်တစ်ခုတည်းကိုပဲ ဦးတည်နေလို့ မဖြစ်ဘူး... မင်း ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်မေးကြည့်ပါ... မင်း ဒီတစ်သက် ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ... မင်း ဘဝမှာ ဘယ်အရာကို အနှစ်သက်ဆုံးလဲ... မင်း ကိုယ့်ဝါသနာ ကိုယ်ရှာတွေ့ပြီး တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားတာကိုပဲ မကြီး မြင်ချင်တယ်... အိမ်ထောင်ပြုပြီး စီးပွားရှာရမယ်တို့၊ အိမ်ထောင်ဦးစီး ဖြစ်ရမယ်တို့ ဆိုတာ မင်းရဲ့ တာဝန်တွေ မဟုတ်ပါဘူး... မင်းက မကြီးကို သနားပြီး ပင်ပန်းမှာ ကြောက်နေတာကို မကြီး သိပါတယ်... မင်း အဲလို တွေးပေးတာကိုလည်း ဝမ်းသာတယ်... ဒါပေမဲ့လေ မကြီး ပြောပြမယ်... မကြီးက ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတာပါ... မကြီးက ချက်ပြုတ်ရတာကို ကြိုက်တယ်... ဆိုင်လေးဖွင့်ပြီး အလုပ်ရှုပ်နေရတာကို သဘောကျတယ်... ရှင်းရှင်းပြောရရင် ပိုက်ဆံရှာရတာကို ကြိုက်တာဟေ့"

ကျိအာသည် အစပိုင်းတွင် အံ့ဩတုန်လှုပ်နေသော်လည်း အစ်မဖြစ်သူ၏ ပွင့်ပွင့်လင်းလင်း ပြောလိုက်သော "ပိုက်ဆံရှာရတာ ကြိုက်တယ်" ဆိုသည့် စကားကြောင့် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

သူ နားထောင်နေသည်ကို မြင်တော့မှ ရှန်မြောင်လည်း ပြုံးလိုက်သည်။

"ရွှီရှာခယ် ခရီးထွက်တုန်းကလည်း ဓားပြတိုက်ခံရတာတွေ၊ အဖော်တွေ ဖျားနာပြီး သေဆုံးကုန်တာတွေ၊ ကိုယ်တိုင် ရောဂါဝေဒနာ ခံစားရတာတွေ အများကြီး ကြုံခဲ့ရတာပဲ... ဒါပေမဲ့ သူ ရပ်တန့်မသွားခဲ့ဘူး... သူ့ရည်မှန်းချက်ကို လက်မလွှတ်ခဲ့ဘူး... သူ ခြေထောက်တွေနဲ့ ကမ္ဘာလောကကြီးကို တိုင်းတာခဲ့တယ်... နောက်ဆုံး ခြေထောက်ရောဂါရပြီး လမ်းမလျှောက်နိုင်တော့တဲ့ အချိန်ကျမှ သူ လက်လျော့လိုက်တာ... အဲဒီအချိန်မှာ သူ့လက်တွေက လှုပ်ရှားလို့ ရနေသေးတော့ တန်ဖိုးရှိလှတဲ့ 'ရွှီရှာခယ် ခရီးသွားမှတ်တမ်း' ကို ရေးသားခဲ့တယ်လေ"

ရှန်မြောင်က ကျိအာ၏ ပခုံးကို ပုတ်လိုက်ကာ "ဒါကြောင့် စာမေးပွဲ အောင်တာ မအောင်တာက အရေးမကြီးပါဘူး... စိတ်ဓာတ်မကျနဲ့... ဝမ်းမနည်းနဲ့... မင်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲ... ကိုယ့်လိပ်ပြာကိုယ်လုံရင် ကျေနပ်စရာ ကောင်းနေပါပြီ"

အစ်မဖြစ်သူ၏ လက်ဖဝါးမှ အနွေးဓာတ်သည် ပခုံးပေါ်သို့ ကျရောက်လာသည်။ ပေါ့ပါးပြီး နွေးထွေးလှသော်လည်း လေပြေတစ်ချက်အသွင် သူ ကိုယ့်ကိုယ်ကိုယ် ဖိစီးထားသော ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ မနည်း အောင့်ထားလိုက်ရသဖြင့် မျက်ဝန်းထောင့်မှ ရှုံ့မဲ့နေသော ခံစားချက်များ ပြန်လည် ဝင်ရောက်သွားတော့သည်။

သူ မငိုမိပေ။ သို့သော် ဆိုင်ထဲတွင် အခြားတစ်ယောက်က အော်ဟစ်ငိုကြွေးနေလေသည်။

ရှန်မြောင်မှာ အံ့ဩတကြီး လှည့်ကြည့်လိုက်မိသည်။

ဆိုင်ထဲတွင် ထိုင်နေသော လူငယ်သည် လက်များ တုန်ယင်လျက် ငိုကြွေးနေသည်။ သူ တူကို ချလိုက်ပြီး လက်တစ်ဖက်က နောက်လက်တစ်ဖက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ နှပ်ချေး တရွှဲရွှဲ၊ မျက်ရည် တရွှဲရွှဲဖြင့် တစ်ကိုယ်လုံး တုန်ခါအောင် ငိုနေတော့သည်။ နှစ်ပေါင်းများစွာ ရင်ထဲတွင် စုစည်းထားခဲ့သော သောကများနှင့် စိတ်ဓာတ်ကျမှုများသည် ရှန်မြောင်၏ စကားကြောင့် ရေကာတာကျိုးသကဲ့သို့ ပေါက်ကွဲထွက်လာပုံ ရသည်။

ခဏကြာတော့ သူသည် ငိုလိုက် ရယ်လိုက် လုပ်နေပြန်သည်။ ထို့နောက် ငိုတစ်လှည့် ရယ်တစ်လှည့်ဖြင့် ဒယီးဒယိုင် ထွက်သွားတော့သည်။

"လူ့ဘဝဆိုတာ တစ်ခါပဲ နေရတာ... ဘာကများ ပျော်ရွှင်မှု စစ်မှန်တာလဲ... တစ်ခါပဲ နေရတာ... တစ်ခါပဲ နေရတာ... ဟား... ဟား... ငါ့ရဲ့ ဘဝတစ်ဝက်က ဟာသတစ်ခု ဖြစ်နေခဲ့တာပဲ..."

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ပိုက်ဆံ ပြန်အမ်းစရာ မလိုပါဘူး" စာသင်သားအကူသည် ပိုက်ဆံပင် ရေတွက်ချိန်မရတော့ဘဲ ငွေတစ်ဆုပ်ကို ထုတ်ပေးကာ ရှင်းလိုက်ပြီး ရှန်မြောင်ကို ခါးကိုင်း၍ အရိုအသေပြု နှုတ်ဆက်ကာ အလျင်စလို ပြေးလိုက်သွားတော့သည်။

ရှန်မြောင်နှင့် ကျိအာတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။

'ဘယ်လောက်တောင် များများသောက်လာလို့ ဒီလောက် ဖြစ်သွားရတာလဲ... ရှေးခေတ် လူငယ်တွေလည်း ဖိအားများရှာတာပဲ...'

ရှန်မြောင်တစ်ယောက် ခေါင်းခါလိုက်မိသည်။

မည်သို့ပင်ဖြစ်စေ လူလည်း ထွက်သွားပြီ ဖြစ်သဖြင့် ဆိုင်ပိတ်ရန် အဆင်သင့် ဖြစ်သွားသည်။

"မိုးချုပ်နေပြီ... သွားနားကြစို့"

နောက်တစ်နေ့ မနက်ရောက်သောအခါ ရှန်မြောင်သည် ညက ထူးထူးဆန်းဆန်း ဧည့်သည်အကြောင်းကို မေ့သွားပြီ ဖြစ်သည်။ သမ်းဝေရင်း ဆိုင်တံခါး ဖွင့်လိုက်ရာ အသင့်စားခေါက်ဆွဲ ဝယ်မည့်သူများ တန်းစီနေသည်ကို တွေ့လိုက်ရသည်။ သို့သော် လွန်ခဲ့သည့် ရက်များကလောက် စည်ကားခြင်း မရှိတော့ဘဲ လူအတော်အတန် ပါးသွားပြီ ဖြစ်သည်။ ဝါးနံပါတ်ပြား ပေးစရာပင် မလိုတော့ပေ။

မမျှော်လင့်ဘဲ ပထမဆုံး ရောက်နေသည့်သူက...

သူမ မျက်လုံးကို ပွတ်သပ်ပြီး သေချာ ကြည့်လိုက်သည်။

"ကျိုကော?"

ရှဲ့ချီသည် မနက်ခင်း လေနုအေးထဲတွင် ရပ်လျက် ပြုံးပြနေသည်။

ထိုအချိန်တွင် အိပ်မှုန်စုန်ဝါး ဖြစ်နေသော သူမသည် ရှဲ့ချီကို ကြည့်ရင်း ညက အမူးလွန်ပြီး ငိုသွားသည့် ဧည့်သည်ကို ရုတ်တရက် ပြန်သတိရသွားသည်။

သူမ သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုလူကို ဘာကြောင့် ရင်းနှီးနေရသလဲ ဆိုတာ သူမ သိသွားပြီ။

ထို ထူးထူးဆန်းဆန်း လူသည် ကျိုကောနှင့် ရုပ်ချင်း ဆင်တူနေသောကြောင့်ပင်။ မျက်ခုံး၊ မျက်လုံးနှင့် နှာတံများ တော်တော်လေး တူလေသည်။

အသင့်စားခေါက်ဆွဲများ ရောင်းကုန်သွားပြီး ဆိုင်ထဲတွင် လူရှင်းသွားမှ အသင့်စားခေါက်ဆွဲ ၃ ပွဲ ဝယ်ထားပြီး ပြန်မသွားသေးသည့် ရှဲ့ချီကို ဧည့်ခံရန် အချိန်ရတော့သည်။

"ကျိုကော... ကိစ္စ တစ်ခုခု ရှိလို့လား"

ရှဲ့ချီက ခေါင်းညိတ်ပြသည်။ အဝတ်အစားကို သပ်ရပ်အောင် ပြင်လိုက်ပြီး လေးလေးနက်နက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"ရှန်ညန်ဇီ... ဒီ အသင့်စားထန်းပင် (အသင့်စားခေါက်ဆွဲ) နဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ အမေ တိုင်ပင်နေတာ ရက်တော်တော် ကြာသွားပြီ... နောက်ဆုံးတော့ မထူးဇာတ်ခင်းပြီး လာမေးကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ... ရှန်ညန်ဇီ အနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး အသင့်စားထန်းပင် သီးသန့်ထုတ်လုပ်မယ့် အလုပ်ရုံတစ်ခု လုပ်ချင်စိတ် ရှိမလား... ရှဲ့မိသားစုက ငွေကြေးနဲ့ စိတ်ချရတဲ့ အလုပ်သမားတွေ စိုက်ထုတ်ပေးမယ်... ရှန်ညန်ဇီက နည်းပညာနဲ့ နောက်ပိုင်း ထပ်လုပ်မယ့် အရသာအသစ်တွေ၊ တီထွင်ဖန်တီးမှုတွေ တာဝန်ယူပေးပေါ့..."

ရှန်မြောင်၏ မျက်လုံးများ အရောင်တောက်သွားသည်။

နှစ်ပေါင်းရာချီ စောပြီး သူမလက်ထဲတွင် ပေါ်ပေါက်လာသည့် အသင့်စားခေါက်ဆွဲကို အသုံးပြုကာ အခွင့်အရေး တစ်ခု စောင့်မျှော်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အရင်တစ်ခေါက် စစ်သည်တွေ လာစားသွားကတည်းက "အသင့်စားခေါက်ဆွဲ စက်ရုံ တည်ထောင်ရမလား" ဟု တွေးခဲ့ဖူးသည်။ သို့သော် လက်ထဲတွင် ငွေမရှိ၊ လမ်းကြောင်းမရှိသဖြင့် ဘေးဖယ်ထားခဲ့ရသည်။ ယခု ရှဲ့ချီက ကမ်းလှမ်းလာသည့်အခါ သူမ ချက်ချင်းပင် မျက်လုံးများ စိမ်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"လုပ်မယ်"

ရှဲ့ချီမှာ "ရှန်ညန်ဇီ... သေချာ စဉ်းစားပါဦး" ဟူသော စကားကို ပြောရန် ပြင်ထားသော်လည်း လည်ပင်းတွင် နင်သွားပြီး မျိုချရခက် ထွေးထုတ်ရခက် ဖြစ်သွားတော့သည်။

သူ့မှာ အလိုလို မျက်လုံးပြူးသွားရသည်။ "... ရှန်ညန်ဇီ... ဒီကိစ္စက တကယ်တော့ အရေးကြီးတယ်... ကျွန်တော်တို့က ဒီအလုပ်ရုံကို ပြန့်ကျင်းမြို့မှာ ပိုက်ဆံရှာဖို့ သက်သက် လုပ်ချင်တာ မဟုတ်ဘူး... ယိုကျိုးဒေသမှာ သွားဖွင့်ချင်တာ... ရှန်ညန်ဇီ... ကမန်းကတန်း သဘောမတူလိုက်နဲ့ဦး... ကျွန်တော် ပြောတာကို အရင်ဆုံး အသေအချာ နားထောင်ပြီးမှ သဘောတူချင်လည်း တူပါ"

ရှန်မြောင်က သူ့ကို တွေးတွေးဆဆ ကြည့်လိုက်သည်။

ရှဲ့ချီက သက်ပြင်းချကာ ရယ်မောလိုက်သည်။

"ကျွန်တော်က ရှဲ့မိသားစုဝင် ဖြစ်ပေမယ့် ရှန်ညန်ဇီကို အနစ်နာ မခံစေချင်ပါဘူး"

"ကျိုကော စိတ်ချပါ... ကျွန်မက ဘာမဆို စားတယ်... အနစ်နာတော့ မခံဘူး"

ရှန်မြောင်က ပါးနပ်စွာ မျက်လုံးမှေးလိုက်ပြီး လက်ငါးချောင်း ထောင်ပြလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ဒီကိစ္စကို ကျွန်မလည်း အစကတည်းက စဉ်းစားဖူးပါတယ်... ကျိုကော အနေနဲ့ ကျွန်မရဲ့ အကြံကို အရင် နားထောင်ကြည့်ပါဦး... ရှင့်ဘက်က ငွေကြေးစိုက်ထုတ်မယ်၊ ကျွန်မဘက်က နည်းပညာ စိုက်ထုတ်မယ်... ဒါ ပြဿနာ မရှိဘူး... ဒါပေမဲ့... အဲဒီ အလုပ်ရုံရဲ့ ပိုင်ဆိုင်မှု ၃ ပုံ (၃၀ ရာခိုင်နှုန်း) ကို ကျွန်မ လိုချင်တယ်... နေ့စဉ် လုပ်ငန်းလည်ပတ်မှုကို ကျွန်မ ဝင်မပါဘဲ နေလို့ရတယ်... ဒါပေမဲ့ နှစ်စဉ် အမြတ်ငွေ ခွဲဝေတဲ့အခါ အဲဒီအတိုင်း ခွဲပေးဖို့ မျှော်လင့်တယ်"

...

All Chapters