အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အပိုင်း (၆၇) ဘဝသစ် ပြန်စခြင်း
“ ကျား.... !”
မိုးသားသည် အုံ့မှိုင်းနေပြီး ကောင်းကင်ကြီးက ရွာချလိုက်တော့မည့် မိုးရေများကို အောင့်ထားသယောင်။ ခရီးဝေးမှ ပြန့်ကျင်းမြို့သို့ ဝင်လာကြသည့် ကုန်သည်များသည် ခရီးဆောင်အိတ်များကို လွယ်ပိုးလျက် မြင်း၊ လား၊ ကုလားအုတ်များကို ဆွဲကာ ဖုန်တလိပ်လိပ်ဖြင့် ဖြတ်သန်းသွားလာနေကြသည်။
ကျိုးတာ့သည် ရှဲ့အိမ်တော်၏ မြင်းလှည်းကို ဂရုတစိုက် မောင်းနှင်လျက် ရှန်ကျိထန်းပင်ဆိုင်မှ ထွက်ခွာလာခဲ့သည်။ လူသူစည်ကားလှသည့် လမ်းကြားများအကြားမှ သူတို့ဘေးမှ ဖြတ်သန်းသွားကြသည်။
လှည်းဝင်ရိုးတန်းသည် တသိမ့်သိမ့်တုန်ခါလျက် လှည်းဘီးလည်သံက တကျွီကျွီ မြည်နေသည်။ နွေဦးပေါက်စတွင် အသစ်လဲလှယ်ထားသည့် ပိတ်ပါးခန်းဆီးသည် လေတိုက်ရာသို့ လွင့်ပါနေပြီး လှည်းထဲတွင် ထိုင်နေသည့် ရှဲ့ချီ၏ ပုံရိပ်ကို ဝိုးတဝါး မြင်နေရသည်။ သူသည် မျက်မှောင်အနည်းငယ် ကြုတ်ထားပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။
ရှဲ့အိမ်တော်၏ အရှေ့ဘက်စွန်းတံခါးပေါက်သို့ ရောက်သည်နှင့် မြင်းလှည်းက ရပ်တန့်သွားသည်။ ရှဲ့ချီသည် လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျိုးတာ့ကို မှာကြားလိုက်သည်။
“ ဒီမှာပဲ အရင်စောင့်နေဦး၊ ခဏနေရင် အပြင်ထွက်စရာ ရှိလောက်တယ် ”
ထို့နောက် သူသည် ပင်မခြံဝင်းထဲသို့ အလျင်စလို ဝင်သွားပြီး မိခင်ဖြစ်သူ ရှီးရှီ အလုပ်လုပ်လေ့ရှိသည့် ပန်းဥယျာဉ်ဧည့်ခန်းဆောင်ငယ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူသည် အပြင်ဘက်စင်္ကြံလမ်းကို ဖြတ်သန်းကာ ပန်းဆွဲတံခါးပေါက်သို့ ဝင်လိုက်သည်နှင့် တံခါးဝတွင် သတင်းပို့ရန် စောင့်နေသည့် တံခါးစောင့်က သူ့ကိုမြင်လျှင်မြင်ချင်း ခါးကိုင်း၍ နှုတ်ဆက်လေသည်။
“ ကျိုကော... သာ့ညန်ဇီ (သခင်မကြီး)က အလုပ်ရှုပ်နေပါတယ်၊ ကျွန်တော့်ကို ကျိုကောနဲ့ ပြောဖို့ မှာထားပါတယ်၊ တကယ်လို့ ကျိုကော ရောက်လာခဲ့ရင် ကိုယ့်ခြံဝင်းကို အရင်ပြန်နားနေပါတဲ့၊ သာ့ညန်ဇီ အားတဲ့အချိန်ကျမှ လူလွှတ်ပြီး လာခေါ်ခိုင်းလိုက်ပါ့မယ်တဲ့ ”
ရှဲ့ချီ၏ ခြေလှမ်းများက တုံ့ခနဲ ရပ်တန့်သွား၏။ ရှုပ်ထွေးပွေလီလှသော အတွေးများသည် ရင်ဘတ်ထဲတွင် ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ ခုနလေးတင်က ရှန်မြောင် ပြောလိုက်သည့် စကားများသည် သူ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးလွန်းလှသည်။
“ တကယ်လို့ နယ်စပ်ကို ရိက္ခာထောက်ပံ့မယ်ဆိုရင် ရှင်တို့အနေနဲ့ အစိုးရဆီက ခွင့်ပြုချက်ရမှ ဖြစ်မှာနော်၊ အထက်က ခွင့်မပြုရင် ကျွန်မ ဒီအလုပ်ကို မလုပ်ဘူး၊ ကျွန်မက သာမန်ပြည်သူပဲလေ၊ အစိုးရနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ၊ ဒါက ပထမအချက်။
ဒုတိယအချက်က အစိုးရက ခွင့်ပြုရင်တောင် ကျွန်မတို့ သတိထားသင့်တယ်၊ ဒီလိုဆိုရင် ရေရှည်လက်တွဲလုပ်ကိုင်ဖို့အတွက် စွန့်စားရမှု နည်းသွားလိမ့်မယ်။ ကျွန်မမှာ နည်းလမ်းတစ်ခုရှိတယ်၊ ရှင်တို့ စဉ်းစားကြည့်ပါ၊ ကျွန်မရဲ့ အကြံကတော့ ရှဲ့မိသားစုရဲ့အောက်၊ လက်ရှိ ထန်းပင်အလုပ်ရုံရဲ့အပေါ်မှာ ကြားခံ 'ကာကွယ်ရေးအလွှာ ကုန်သည်အသင်း' တစ်ခုလောက် ထပ်ထည့်ထားရင် ကောင်းမယ်၊ ဒီထန်းပင်အလုပ်ရုံရဲ့ ပိုင်ရှင်အစစ်က ရှဲ့မိသားစုလည်း မဟုတ်၊ ရှန်မိသားစုလည်း မဟုတ်စေရဘူး၊ ကျွန်မတို့ မိသားစုနှစ်ဖက်လုံးက ဒီကြားခံ ကာကွယ်ရေးအလွှာ ကုန်သည်အသင်းကို ပိုင်ဆိုင်ပြီးတော့မှ အလုပ်ရုံကို သွယ်ဝိုက် ထိန်းချုပ်ကြမယ်။
ကျိုကော... ကျိုကော နားလည်လား၊ တကယ်တော့ ကာကွယ်ရေးအလွှာ တစ်ခုတည်းနဲ့လည်း မလုံလောက်သေးဘူး၊ အဆင့်တွေ အများကြီး ထပ်ခွဲထားတာ အကောင်းဆုံးပဲ... ဒါမှ မိသားစု ပိုင်ဆိုင်မှုနဲ့ ကုန်သည်လုပ်ငန်းရဲ့ အန္တရာယ်ကို လုံးဝ ခွဲထုတ်ပစ်နိုင်မှာ ”
သူသည် အသည်းအသန် ကြိုးစားမှတ်သားခဲ့သော်လည်း သိုးမွှေးလုံးကဲ့သို့ ရှုပ်ထွေးနေသည်ဟု ခံစားရပြီး စာစီစာကုံး ၁၀ ပုဒ် ရေးရသည်ထက်ပင် ခက်ခဲနေသေးသည်။
သို့သော် မိခင်ဖြစ်သူသည် မိသားစု စီးပွားရေးကို စီမံခန့်ခွဲရာတွင် ကျွမ်းကျင်သူဖြစ်ရာ ရှန်မြောင်၏ စကားအဓိပ္ပာယ်ကို နားလည်လောက်ပေမည်။
သူသည် နားမလည်သော စကားများကို ခေါင်းထဲတွင် တစ်ခေါက်ပြန်ရွတ်ကြည့်ပြီး စိတ်ကို အနည်းငယ် လျှော့ချလိုက်ကာ ထပ်မေးလိုက်သည်။
“ အမေက ဘယ်လောက်ကြာဦးမှာလဲ၊ ဘယ်သူ့ကို တွေ့နေတာလဲ သိလား ”
တံခါးစောင့်လည်း ဇဝေဇဝါဖြင့် ခေါင်းခါလိုက်သည်။
“ စန်းကော (ရှဲ့ထျောင်) ရောက်နေလို့ပါ၊ မနက်အစောကြီးကတည်းက အထုပ်ကြီးတစ်ထုပ် လွယ်ပြီး ပင်မခြံဝင်းကို ရောက်နေတာ... သာ့ညန်ဇီ အိပ်ရာထတာကို စောင့်နေတာပါ ”
ခဏရပ်ပြီးနောက် တံခါးစောင့်က ရယ်မောကာ ဆက်ပြောလေသည်။
“ စန်းကောက ဘယ်လို ထူးဆန်းတဲ့ အကြံတွေ ထုတ်ဦးမလဲ မသိပါဘူး၊ ကျိုကော စိတ်မရှည်ရင် ဥယျာဉ်ထဲ လမ်းလျှောက်နေပါလား၊ တော်ကြာ သာ့ညန်ဇီ နားထောင်ပြီး စိတ်ဆိုးပြီး ရိုက်ထုတ်လိုက်မှဖြင့် ”
ရှဲ့စန်းလန် (ရှဲ့ထျောင်) သည် အချိုးမပြေဘဲ ယခု အသက် ၂၀ ကျော်သည်အထိ မကြာခဏ အရိုက်ခံနေရဆဲ ဖြစ်ကြောင်းကို ရှဲ့အိမ်တော်ရှိ အစေခံတိုင်း သိကြသည်။ အစေခံများသည် မျက်နှာချင်းဆိုင်တွင် မပြရဲသော်လည်း စိတ်ထဲတွင်တော့ ဤစန်းကောကို အထင်သေးမိသည့် အချိန်များ ရှိကြသည်။
ရှဲ့ချီသည် မိုးကောင်းကင်ကို သံသယဖြင့် မော့ကြည့်လိုက်၏။ အချိန်က စောပါသေးတယ်။ စန်းကော အိမ်မှာ ရှိတုန်းက နေ့လယ်စာချိန်မတိုင်ခင် အိပ်ရာထတဲ့အကျင့် မရှိပါဘူး။ ဒီနေ့ ဘာဖြစ်နေတာပါလိမ့်။ ခဏမျှ စဉ်းစားသော်လည်း အဖြေမထွက်သဖြင့် သက်ပြင်းချလိုက်ပြီး ဝတ်ရုံကို ခါလိုက်သည်။
“ ဒါဆို ငါ အဘွားဆီ သွားနှုတ်ဆက်လိုက်ဦးမယ်၊ တော်ကြာ စန်းကော ထွက်လာရင် ငါ့ကို ချက်ချင်း လာခေါ်ချည် ”
“ ဟုတ်ကဲ့၊ မှတ်ထားပါ့မယ် ”
ရှဲ့သခင်မကြီးသည် အပြင်လောကတွင် အလှူအတန်းရက်ရောပြီး ဘာသာတရား ကိုင်းရှိုင်းသူအဖြစ် နာမည်ကြီးလေသည်။ ထို့ကြောင့် သူမသည် တာ့ရှန့်ကော်ဘုရားကျောင်းနှင့် အနီးဆုံးဖြစ်သော ရှဲ့အိမ်တော် မြောက်ဘက်ခြမ်းရှိ ခြံဝင်းငယ်လေးတွင် နေထိုင်သည်။ စာရေးစာချီတွင် နာမည်ကျော်ကြားသော ဖခင်ဖြစ်သူ ကိုယ်တိုင်က မိခင်၏ နေအိမ်အတွက် "ရွှမ်ချောင်ထန်" ဟူသော စာလုံး သုံးလုံးကို တင့်တယ်ခန့်ညားစွာ ရေးထိုးပေးထားသည်။
ရွှမ်ချောင်ထန်တွင် စိမ်းလန်းစိုပြည်သော ထင်းရှူးပင်များနှင့် ကျောက်ထင်းရှူးပင်များကို စိုက်ပျိုးထားပြီး တစ်နေ့လုံး ဘုရားမီးခိုးငွေ့များဖြင့် ဝေဆာနေတတ်သည်။ ပြင်ပဧည့်သည်များ လာရောက်လည်ပတ်သည့်အခါ ဘာသာတရား ကိုင်းရှိုင်းသူများ နေထိုင်ရာ အေးချမ်းသော နေရာလေးဟု ပြောလေ့ရှိကြသည်။ သို့သော် ရှဲ့ချီသည် ထင်းရှူးပင်များမှ တိုက်ခတ်လာသော လေအေးများကို ဖြတ်သန်းပြီး ဤအေးချမ်းတိတ်ဆိတ်သော ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အဘွားဖြစ်သူ၏ ကျယ်လောင်သော ရယ်သံကြီးကို ကြားလိုက်ရတော့သည်။
“နိုင်ပြီဟေ့... နိုင်ပြီ... ဟားဟား ”
မြင့်မားသော ထင်းရှူးပင်အောက်တွင် တရားဆွေးနွေးနေသော သူတော်စင်များ မရှိဘဲ သီလရှင်အချို့နှင့် ဆံပင်ဖြူဖွေးနေသော အဘွားအိုတစ်ဦးသာ ရှိလေသည်။ အဘွားအိုသည် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဈေးကွက်ဝင် သစ်သီးများနှင့် ပုရစ်ပေါင်ကြော်များကို စားကာ ဖဲရိုက်နေကြခြင်း ဖြစ်သည်။
ရက်အနည်းငယ်အတွင်း အဘွားက ဖဲဝိုင်းကို အပြင်ဘက်အထိ ရွှေ့လာပါလား။
ရှဲ့ချီ လျှောက်သွားသောအခါ ရှဲ့သခင်မကြီးသည် ကျွမ်းကျင်စွာဖြင့် ပိုက်ဆံရေတွက်နေလေသည်။ လက်ထဲတွင် ကြိုးနီတစ်ချောင်းကို ကိုင်ထားပြီး ကြေးပြားများကို တစ်ပြားချင်းစီ သီကုံးကာ သဘောကျစွာ ရယ်မောနေသည်။
“ နင်တို့ ရှုံးပြန်ပြီ၊ ငါ့လို အဘွားအိုက နင်တို့ရဲ့ ဆီမီးဖိုးတွေကို နိုင်စားတယ်လို့ မပြောကြနဲ့ဦး၊ ခဏနေရင် ဒီမုန့်တွေ တစ်ယောက်တစ်ဘူး ယူသွားကြ၊ နွားနို့နဲ့ လုပ်ထားတာ... အို၊ ငါတို့ ကျိုကော ရောက်လာပြီပဲ ”
“ အဘွား နေကောင်းလား ” ရှဲ့ချီက ရှေ့တိုးသွားပြီး ဂါရဝပြုလိုက်သည်။ သီလရှင်များကိုလည်း လက်အုပ်ချီ နှုတ်ဆက်ပြီးမှ ရှဲ့သခင်မကြီးဘက်သို့ လှည့်ကာ ဂရုတစိုက် မေးလိုက်သည်။
“ အဘွား... မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား၊ ဒီနေ့ မနက်စာရော စားပြီးပြီလား ”
ရှဲ့သခင်မကြီး၏ မျက်လုံးများ ချက်ချင်း ဂနာမငြိမ် ဖြစ်သွားသည်။ သူမဘေးတွင် ဆယ်စုနှစ်များစွာ ခစားလာသော ဆံထုံးကြီးနှင့် အထိန်းတော်ယွီက ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ ရယ်မောလိုက်ပြီး ဝင်ပြောလေသည်။
“ သခင်မကြီးက မနက်စာကို ကြက်ဥအနှစ်ဌာပနာမုန့် ၄ လုံးတောင် စားတယ်၊ ပြီးတော့ မဝသေးဘူးဆိုပြီး ထန်းပင် တစ်ပန်းကန် ထပ်စားသေးတယ်၊ ကြက်ဥ ၂ လုံးတောင် ထပ်ထည့်လိုက်သေး ”
ရှဲ့ချီ ခေါင်းကြီးသွားသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။
“ အဘွား မေ့သွားပြန်ပြီလား၊ ပြီးခဲ့တဲ့တခေါက်က အများကြီးစားမိလို့ အိမ်သာထဲမှာ ဘယ်လောက်ကြာကြာ ထိုင်ခဲ့ရလဲ၊ ခြေထောက်တွေ ထုံကျင်ပြီး နောက်တစ်ခါ ဒီလောက် မစားတော့ပါဘူးလို့ အော်နေခဲ့တာ ဘယ်သူလဲ၊ အခုတော့ အနာကျက်သွားတာနဲ့ အကြောင်းရင်းကို မေ့သွားပြန်ပြီ ”
သီလရှင်များလည်း တိုးတိုးလေး ရယ်မောကြသည်။
ရှဲ့အိမ်တော်၏ သခင်မကြီးသည် လူရှေ့သူရှေ့တွင် အနေအထိုင် တည်ငြိမ်သော်လည်း ကွယ်ရာတွင်တော့ အစားမက်သော ကလေးကြီးတစ်ယောက်လိုပင်။ ဆန်းသစ်သော အစားအစာများကို အလွန်ကြိုက်နှစ်သက်ကြောင်း သူမနှင့် ရင်းနှီးသော သီလရှင်များ အားလုံး သိကြလေသည်။
ရှဲ့သခင်မကြီးကတော့ ဂရုမစိုက်ဘဲ သူမကိုယ်သူမ ကာကွယ်ပြောဆိုလေသည်။ “ ငါ့အသက်က ဘယ်လောက်ရှိနေပြီမို့လို့လဲ၊ ဒါမစားရ ဟိုမစားရနဲ့ဆိုရင် အသက်ရှင်နေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ၊ အဲဒါဆို စောစောသေပြီး စောစောလူပြန်ဝင်စားတာကမှ ပိုကောင်းဦးမယ် ”
“ မစားရဘူးလို့ မပြောပါဘူး၊ အများကြီးစားမိပြီး နေမကောင်းဖြစ်မှာ စိုးလို့ပါ... ”
မြေးအဘွားနှစ်ယောက် ထိုကိစ္စလေးဖြင့် အချေအတင် ဖြစ်နေစဉ် တံခါးဝမှ အိမ်စေမလေးက ပုတီးလိုက်ကာကို မကာ ကြည်လင်ပြတ်သားစွာ အော်ပြောလိုက်သည်။
“ သာ့ညန်ဇီ နဲ့ စန်းကော လာနေပါပြီ ”
ရှဲ့ချီနှင့် သခင်မကြီးတို့ ပါးစပ်ပိတ်သွားကြသည်။
သီလရှင်များသည် တရားစာ ရွတ်ဖတ်ရန် အကြောင်းပြချက်ဖြင့် ရှဲ့အိမ်တော်သို့ လာရောက်ကာ တကယ်တမ်းတွင် စာတစ်လုံးမှ မရွတ်ဘဲ သခင်မကြီးနှင့် ဖဲရိုက်၊ စားသောက်နေကြသူများ ဖြစ်သည်။ ရှဲ့အိမ်တော် သာ့ညန်ဇီ လာပြီဟု ကြားလိုက်သည်နှင့် “ အာမီတော်ဖော် ” ဟု ရွတ်ဆိုကာ အနောက်ပေါက်မှ ချက်ချင်း ထွက်ပြေးသွားကြတော့သည်။
ရှီးရှီသည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာ၏။
သူမသည် ဆံပင်ကို မြင့်မားစွာ ထုံးဖွဲ့ထားပြီး ကြည်ပြာရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်အနားကွပ်များမှာ ကျယ်ဝန်းပြီး ရုပ်ရည်မှာ တင့်တယ်ခန့်ညားကာ သူရသတ္တိနှင့် ပြည့်စုံသော အသွင်ရှိသည်။ သူမသည် ငယ်ရွယ်ခြင်း မရှိတော့သော်လည်း နှစ်ပေါင်းများစွာ အိမ်ထောင်မှုကိစ္စများကို စီမံခန့်ခွဲလာသူပီပီ တည်ငြိမ်ရင့်ကျက်သော အရှိန်အဝါ တစ်ခုရှိလေသည်။
“ ငါတို့အိမ်က ချွန်းကျွင်း ရောက်လာပြီပဲ ”
ရှဲ့သခင်မကြီးက ပြုံးရွှင်စွာဖြင့် ရှီးရှီကို ခေါင်းညိတ်ပြလိုက်သည်။ ရှီးရှီသည် ရှဲ့အိမ်တော်သို့ ရောက်ရှိလာသည်မှာ ကြာပြီဖြစ်သော်လည်း ယောက္ခမဖြစ်သူက "ရှီးရှီ"၊ "အကြီးမ" သို့မဟုတ် "သားကြီးမိန်းမ" ဟု မခေါ်ဘဲ သူမ၏ ငယ်နာမည်ကိုသာ ရင်းနှီးစွာ ခေါ်ဝေါ်လေသည်။
သူမသည် ဤချွေးမအပေါ် အလွန်ကျေနပ်အားရမှု ရှိသည်။ ရှီးရှီ ရောက်လာကတည်းက အိမ်မှုကိစ္စ စီမံခန့်ခွဲခွင့် အာဏာကို လွှဲအပ်ပေးလိုက်ပြီး ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ကာ နေထိုင်ခဲ့သည်။ အထူးသဖြင့် ရှဲ့အဘိုးကြီး ဆုံးပါးသွားပြီးနောက် သခင်မကြီးသည် ပိုမိုလွတ်လပ် ပျော်ရွှင်လာသည်။ သူငယ်ချင်းများကို ခေါ်၍ ဖဲရိုက်ခြင်း၊ တောင်တက်ခရီးထွက်ခြင်း၊ ပြဇာတ်ကြည့်ခြင်းများ ပြုလုပ်လေသည်။
သန်မာထွားကျိုင်းသော အမျိုးသားများ ကိုယ်ဗလာဖြင့် သီဆိုကပြသော ဇာတ်ပွဲများကိုလည်း တစ်နေ့လုံး အိမ်မပြန်ဘဲ ကြည့်ရှုလေ့ရှိသည်။
မြို့ထဲတွင် မွန်းကျပ်လျှင် မြို့ပြင်ရှိ ခြံဝင်းသို့ သွားရောက်နေထိုင်တတ်ပြီး သားမြေးများနှင့်အတူ နေထိုင်ရသဖြင့် အသေးအဖွဲ ကိစ္စများကို စိတ်ပူစရာမလိုဘဲ အလွန်ပျော်ရွှင်ရလေသည်။
ရှီးရှီ ဝင်လာပြီးနောက် သူမ၏ အနောက်တွင် လူတစ်ယောက် ပါလာသည်။
သခင်မကြီး၏ အကြည့်သည် ရှဲ့ထျောင်ပေါ်သို့ ရောက်သွားပြီး အံ့အားသင့်သွားရသည်။
ရှဲ့ထျောင်သည် အမှန်တော့ ရှီးရှီနှင့် အလွန်တူသည်။ သူသည် ကျိုကောထက်ပင် ပိုမိုသန်မာ ထွားကျိုင်းသော်လည်း အရက်နှင့် မိန်းမကိစ္စများတွင် နှစ်မြုပ်နေသဖြင့် ရုပ်ရည်ကို ဖျက်ဆီးပစ်လိုက်သည်။ နေ့စဉ်နေ့တိုင်း အရက်မူးပြီး လမ်းသလားနေတတ်သဖြင့် တန်းရှန့် ၇ နှစ်တွင် စစ်ဘက်ဆိုင်ရာ စာမေးပွဲ အောင်မြင်ခဲ့သည့် အသက်အငယ်ဆုံး "ဝူကျင်းရှီ" (စစ်ပညာရှင်) ဖြစ်ခဲ့ဖူးသည်ကို လူများ မေ့လျော့နေကြသည်။
သို့သော် ယနေ့တွင်တော့ လူသစ်တစ်ယောက်လို ဖြစ်နေသည်။ ပုံမှန်ဝတ်နေကျ ပွယောင်းယောင်း အဝတ်အစားများ မဟုတ်ဘဲ လက်ကျပ်ခါးစည်း ရွှေငွေချည်ထိုး ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ ခါးတွင် အနက်ရောင် သားရေခါးပတ်ကို ပတ်ထားပြီး ခြေထောက်တွင် သားရေဖိနပ် အမည်းကို စီးထားသည်။ ပုံမှန် ဖရိုဖရဲ ဖြစ်နေတတ်သော ဆံပင်များကိုလည်း ဆံထိုးဖြင့် သပ်ရပ်စွာ ထုံးဖွဲ့ထားလေသည်။
ဤမြင်ကွင်းကြောင့် ရှဲ့သခင်မကြီးပင် ဇဝေဇဝါ ဖြစ်သွားပြီး မျက်မှန်ကို ထုတ်ကာ တပ်ဆင်လိုက်မိသည်။ လွန်ခဲ့သော ၃ နှစ်က ရှဲ့ထျောင်ကို ပြန်မြင်လိုက်ရသည်ဟုပင် ထင်မှတ်သွားသည်။
ရှဲ့မိသားစုမှ ကလေးများသည် စာပေနှင့် စစ်ရေး နှစ်ဖက်စလုံးတွင် ထူးချွန်ကြသည်။ ရှဲ့ထျောင်သည် သားကြီးဩရသ ဖြစ်ရာ ရှဲ့အိမ်တော်အနေဖြင့် သူ့ကို ပြုစုပျိုးထောင်ရန် အဘယ်မျှ ကြိုးစားခဲ့ရမည်နည်း။ ကံဆိုးသည်မှာ သူ စာမေးပွဲအောင်ပြီး နောက်တစ်ရက်တွင်ပင် သူ၏ဆရာ ရွှီချွန်းသည် ထီးနန်းဆက်ခံရေး အရှုပ်အထွေးတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရကာ မိသားစုသုံးစုလုံး လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။
ရွှီမိသားစု၏ မတရားမှုအပေါ် အကြောင်းပြပြီး ဧကရာဇ်ဟောင်းသည် အထက်တန်းစား မျိုးနွယ်စုကြီးများကို နှိမ်နင်းရန် ဓားကို မြှောက်လိုက်တော့သည်။ မျိုးနွယ်စုကြီးများမှ သားသမီးများစွာသည် ပုန်ကန်မှုတွင် ကြံရာပါအဖြစ် စွပ်စွဲခံရပြီး ထောင်နန်းစံခဲ့ရသည်။
အထက်တန်းစားများကို အင်အားချိနဲ့စေပြီး ဆင်းရဲသားလူတန်းစားကို နေရာပေးခြင်းဖြင့် ဧကရာဇ်ဟောင်းသည် မျိုးနွယ်စုကြီးများ၏ သွေးကို အသုံးပြုကာ ငယ်ရွယ်သော အိမ်ရှေ့မင်းသားအတွက် လမ်းခင်းပေးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ၃ နှစ်က ထီးနန်းလုပွဲတွင် အထက်တန်းစား မျိုးနွယ်စုကြီးများမှ အားထားရသော သားသမီးများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်က အခြေအနေ ရှုပ်ထွေးနေချိန်တွင် ရှဲ့ထျောင်သည် ရှီးရှီနှင့် ရှဲ့ဖခင်တို့၏ တားမြစ်မှုကို နားမထောင်ဘဲ ဆရာဖြစ်သူအတွက် တရားမျှတမှု ရရှိရန် အမှုလိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရပြီး လုပ်ကြံခံရကာ လက်တစ်ဖက် ပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။
သူ ထိုမျှ လောဘကြီးခဲ့သော်လည်း ထိုကဲ့သို့ နိုင်ငံရေး မတည်ငြိမ်သော ကာလတွင် အသက်ရှင် ကျန်ရစ်ခဲ့ခြင်းမှာ ရှဲ့ကျဲယွီသည် နန်းတော်တံခါးကို ပိတ်ကာ သေခြင်းတရားဖြင့် မိသားစုကို ကာကွယ်ပေးခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ဤကလေး၏ ဘဝကတော့ ပျက်စီးသွားခဲ့ပြီ။
၃ နှစ်လုံးလုံး ရှီးရှီသည် သူ့ကို ဂရုမစိုက်ဘဲ လွှတ်ထားခဲ့သည်။ သူမ၏ သားကြီးကို လုံးဝ လက်လွှတ်လိုက်ပုံရပြီး ယခု ဧကရာဇ်နှင့် မယ်တော်ကြီးအား ရှဲ့မိသားစု၏ အညံ့ခံမှုကို ပြသနေခြင်းလည်း ဖြစ်နိုင်သည်။
“ အစ်ကိုကြီး... ” ရှဲ့ချီသည်လည်း မတ်တပ်ထရပ်လိုက်သည်။ သူသည် ရှဲ့ထျောင်ကို အချိန်အကြာကြီး ငေးကြည့်နေမိပြီး အသိပြန်မဝင်နိုင်အောင် ဖြစ်နေလေသည်။
ရှဲ့ထျောင်က သူ့ကို ပြုံးပြလိုက်၏။ ထိုအပြုံးသည် ငွေချိတ်ကောက်ကဲ့သို့ ကွေးညွှတ်နေပြီး နောင်တရစရာ အားလုံးကို ရယ်မောခြင်းဖြင့် ဖြေဖျောက်လိုက်သကဲ့သို့ပင်။
ရှီးရှီသည် ရှဲ့သခင်မကြီး၏ အောက်ဘက်တွင် ဝင်ထိုင်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကို ကိုယ်တိုင် ကမ်းပေးရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ အမေ... ဒီနေ့ စန်းကောက ချွေးမဆီ ရောက်လာပြီး စကားတွေအများကြီး ပြောပါတယ် ” ရှီးရှီ စကားစလိုက်သည်နှင့် မျက်ဝန်းအိမ်များ စိုစွတ်လာသည်။ “ ဒီကလေးက ပြန့်ကျင်းကနေ ထွက်သွားချင်တယ်တဲ့၊ ချင်ကျိုးကိုသွားပြီး အဘိုးဆီမှာ ခိုလှုံမယ်တဲ့၊ အဲဒီမှာ သိုင်းပညာကို ကောင်းကောင်းလေ့ကျင့်ပြီး နောက်နှစ် အနောက်ဘက်ဒေသကိုသွားမယ့် သံတမန်အဖွဲ့နဲ့ လိုက်သွားမယ်တဲ့၊ အဲဒီရောက်မှ သူ့အဘိုးကို အကူအညီတောင်းပြီး အနောက်ဘက်ဒေသကို သွားမယ်တဲ့ ”
ရှဲ့သခင်မကြီး လန့်သွားပြီး လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ် တင်လိုက်ကာ စိုးရိမ်တကြီး ပြောလေသည်။ “ ဒါဘယ်ဖြစ်မလဲ၊ ချင်ကျိုးက အခု အရမ်းရှုပ်ထွေးနေတာ၊ နေရာတိုင်းမှာ ဉာဏ်များတဲ့ ချန်လူမျိုးတွေ ရှိနေတာ၊ မကြားမိဘူးလား၊ ပြီးခဲ့တဲ့တခေါက်က အလံကိုင်ပြီးသွားတဲ့ အဆင့် ၃ အရာရှိကြီးတောင် အသတ်ခံလိုက်ရတာ၊ အရမ်းအန္တရာယ်များတယ် ”
ရှဲ့ချီလည်း ရှဲ့ထျောင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ရှဲ့ထျောင်သည် ဘာမှပြန်မပြောဘဲ မတ်မတ်ကြီး ဒူးထောက်ချလိုက်သည်။
ဤသို့ ဒူးထောက်လိုက်ခြင်းကြောင့် ရှီးရှီ၏ မျက်ရည်များ မိုးစက်ပမာ ကျဆင်းလာတော့သည်။
“ အမေရယ်... သူ့ကို သွားခွင့်ပေးလိုက်ပါ၊ ပြန့်ကျင်းမှာ နေရတာ သူ ဘာမှလုပ်လို့မရဘူး၊ တစ်ဘဝလုံး အချိန်ဖြုန်းနေရသလို ဖြစ်နေတာ။ ဟိုတုန်းက ရွှီမိသားစု ကိစ္စဖြစ်တုန်းက ဒီကလေးက အသေအလဲ လိုက်စုံစမ်းခဲ့တာ၊ သဲလွန်စလေး နည်းနည်းရတုန်းရှိသေး တရားခံကို မြင်လိုက်တဲ့ ကင်းသမားနှစ်ယောက် လမ်းမပေါ်မှာ အတိုက်ခံရပြီး သေသွားတယ်၊ သူ့လက်လည်း ပြတ်လုနီးပါး ဖြစ်ခဲ့ရတယ်... နောက်တော့ နန်းတွင်းအာဏာသိမ်းပွဲ ဖြစ်လာပြီး... ”
ရှီးရှီ မျက်ရည်သုတ်ပြီး အံကြိတ်ကာ ဆက်ပြောသည်။ “ ရှဲ့မိသားစု ဆက်လက်ရပ်တည်နိုင်ဖို့ ကျွန်မတို့ သည်းခံခဲ့ရတယ်၊ ဘာမှ မလှုပ်ရှားရဲခဲ့ဘူး၊ ဒါပေမဲ့ သူ့ခမျာ ဒုက္ခရောက်ခဲ့ရတယ်... သူ့တစ်ဘဝလုံး ဒီလိုပဲ မရေမရာ နေသွားရတော့မယ် ထင်ခဲ့တာ၊ အခုလို အသိပြန်ဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ပြန့်ကျင်းကနေ ထွက်သွားတာလည်း ကောင်းပါတယ်၊ ဟွမ်းချန်စီး (တော်ဝင်မြို့စောင့်တပ်) ရဲ့ မျက်စိအောက်မှာ နေရတာမဟုတ်တော့ ဘယ်သူက သူ့မျိုးရိုးနာမည်ကို ဂရုစိုက်နေမှာလဲ ”
ရှဲ့သခင်မကြီးလည်း မျက်နှာပျက်ယွင်းသွားပြီး မျက်လုံးများ နီရဲလာကာ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
“ အမေဖြစ်တဲ့သူတောင် သဘောတူမှတော့ ငါက ဘာပြောနိုင်မှာလဲ၊ ငါကတော့... ”
သူမ၏ အိုမင်းရင့်ရောနေပြီဖြစ်သော မျက်လုံးများက ရှဲ့ထျောင်ကို ကြည့်လိုက်ပြီး ကိုယ်ကိုကိုင်းကာ သူ့ကို ဆွဲထူလိုက်ရင်း ရှိုက်ကြီးတငင် ပြောလေသည်။ “ စန်းကောရေ... အဘွားက အသက်ကြီးပြီ၊ နင် ဒီကနေ ထွက်သွားရင် ၃ နှစ် ၅ နှစ်လောက် ပြန်လာဖြစ်မှာ မဟုတ်ဘူး၊ နောက်ဆိုရင် အဘွားနဲ့... ပြန်တွေ့ခွင့်တောင် ရှိချင်မှ ရှိတော့မှာ၊ နင် ရောက်သွားရင် စာများများရေးပြီး ပို့ပေးပါ၊ ဒါမှ နင် ဘေးကင်းရဲ့လားဆိုတာ အဘွား သိရမှာ ”
ရှဲ့ထျောင်သည် ဝမ်းနည်းမှုနှင့် ခွဲခွာရမည့် ဒုက္ခကို ခံစားလိုက်ရသော်လည်း မကြာမီတွင် ပြတ်သားသွားသည်။ သူသည် ဒူးပြန်ထောက်လိုက်ပြီး ရှဲ့သခင်မကြီးကို ဦးခေါင်းဖြင့် ၃ ကြိမ်တိုင်တိုင် ကန်တော့လိုက်ကာ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်တော့သည်။
“ အဘွား... မြေးက နေ့တိုင်း အရက်အိုးထဲမှာပဲ နေခဲ့တာပါ၊ ခေါင်းတွေလည်း ရှုပ်ထွေးနေခဲ့တာ၊ ဒါပေမဲ့ မနေ့က ထန်းပင်ဆိုင်က မိန်းကလေးတစ်ယောက်ရဲ့ ဆုံးမစကားကြောင့် အမှန်တရားကို သိမြင်ခဲ့ရပါပြီ ”
...
အပိုင်း (၆၈)
ထိုသို့ပြောပြီးသည်နှင့် သူသည် ရွှီရှာခယ်၏ ‘လူသည် ဤတစ်သက်သာရှိသည်’ ဆိုသည့် စကားများကို တစ်လုံးမကျန် ပြန်လည်ပြောပြလိုက်လေသည်။ ပြောရင်းပြောရင်းနှင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ သူ့နှုတ်မှ စကားများ အလောတကြီး ထွက်ပေါ်လာတော့သည်။
“အဲဒီရှန်ညန်ဇီက နိမ့်ကျတဲ့ မျိုးရိုးက ဆင်းသက်လာပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက မြေးထက် သာလွန်ပါတယ်။ သူပြောတဲ့ ရွှီရှာခယ်ဆိုရင် ခြေထောက်နှစ်ဖက်လုံး လမ်းမလျှောက်နိုင်တော့တာတောင်မှ စုတ်တံကိုကိုင်ပြီး စာရေးရကောင်းမှန်း သိသေးတယ်။ မြေးက လက်တစ်ဖက်ပဲ ပြတ်သွားတာ၊ ခြေထောက်နှစ်ဖက် ရှိသေးတယ်၊ ဘယ်ဘက်လက်လည်း ရှိသေးတယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုပဲ အချိန်ဖြုန်းနေလို့ ဖြစ်မှာလဲ”
“ ဆရာရွှီ ရှိစဉ်တုန်းက လီထိုက်ပိုင်ရဲ့ကဗျာကို ကိုးကားပြီး ‘သေသွားရင်တောင် သူရဲကောင်းတို့ရဲ့ အရိုးက မွှေးပျံ့နေဆဲ၊ လောကရဲ့ သူရဲကောင်းဖြစ်ရတာ ရှက်စရာမရှိ’ လို့ ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ သူက ကျွန်တော့်ကို အဲဒီလိုလူမျိုး ဖြစ်စေချင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော် သူ့စေတနာကို ပစ်ပယ်ခဲ့မိတယ် ”
ရှဲ့ထျောင်သည် ဆရာဖြစ်သူ မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရသည်ကို တွေးမိပြီး အားမရှိတော့သည့် လက်တစ်ဖက်သည် တဆတ်ဆတ် တုန်ရီလာလေသည်။
“ အရင်တုန်းက ကျွန်တော်က ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ တွေးခဲ့တယ်၊ ဆရာရွှီရဲ့ ဖြူစင်မှုကိုလည်း ပြန်မဖော်ထုတ်ပေးနိုင်ဘူး၊ ဟိုလူနှစ်ယောက်ကိုလည်း မကယ်နိုင်ခဲ့ဘူး၊ ရှင်သန်ရတာ ရှက်စရာကောင်းလိုက်တာလို့ တွေးပြီး ပြီးစလွယ်ပဲ ရှင်သန်ခဲ့တာ။ အခုတော့ ကျွန်တော် နားလည်သွားပါပြီ၊ ဆရာရွှီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်၊ ပြီးတော့ ဆက်ပြီး အသက်ရှင်ရမယ်၊ အပေါ်ကို တက်လှမ်းရမယ်၊ တခြားလူတွေ မမီနိုင်တဲ့ အောင်မြင်မှုမျိုး ရယူနိုင်မှသာ ဒီအမှုကို ပြန်ဖွင့်နိုင်မှာ၊ ဒါမှ ဆရာရွှီရဲ့ အပြစ်ကင်းစင်မှုကို ဖော်ထုတ်နိုင်မှာ။ ပုန်းရှောင်နေလည်း သေမှာပဲ၊ ရှောင်ပြေးနေလည်း သေမှာပဲ၊ အဲဒီအစား ကိုယ့်လိပ်ပြာကိုယ်လုံပြီး အစွမ်းကုန် ကြိုးစားတာကမှ ပိုကောင်းဦးမယ် ”
ရှဲ့သခင်မကြီးနှင့် ရှီးရှီတို့သည် ရှဲ့ထျောင်၏ စကားများကြောင့် စိတ်နှလုံး တုန်လှုပ်သွားကြပြီး အခြားအရာများကို သတိမထားမိကြတော့ပေ။ သူတို့နှစ်ဦးသည် ပြိုင်တူ ချီးကျူးစကားဆိုကာ သူ့ကို တွဲထူလိုက်ကြသည်။ ပခုံးကိုပုတ်၍ အားပေးစကားပြောရန် ပြင်လိုက်စဉ် ဘေးနားမှ ကျိုကောက ကြောင်တောင်တောင်ဖြင့် ရုတ်တရက် မေးလိုက်လေသည်။ “ အစ်ကို၊ မင်း ပြောနေတာ ဘယ် ရှန်ညန်ဇီ လဲ ”
“ ဘာ ရှန်ညန်ဇီ လဲ ” ရှဲ့သခင်မကြီးမှာ မေ့လျော့တတ်သူပီပီ မှတ်မိခြင်း မရှိတော့ပေ။
“ ယန်လျိုအရှေ့လမ်းကြားက ရှန်ညန်ဇီ လေ ”
ရှဲ့ထျောင်သည် သတိမထားမိဘဲ ဖြေလိုက်ပြီး စားပွဲပေါ်ရှိ ကုန်သွားပြီဖြစ်သော ပန်းကန်ပြားကို ညွှန်ပြလိုက်လေသည်။
“ အမေလည်း သိသားပဲ၊ ဟို ထန်းပင်ဆိုင်ဖွင့်တဲ့ ရှန်ညန်ဇီ လေ၊ ဪ... အဘွား၊ အဘွားစားတဲ့ ပုရစ်ပေါင်ကြော်က ကျွန်တော်တို့အိမ်က သူ့လက်ရာကို သွားဝယ်ထားတာလေ ”
ရှီးရှီကလည်း ခေါင်းညိတ်လိုက်လေသည်။ “ ဪ... ဒီလိုကိုး၊ သူပြောတဲ့ စကားတွေက ငါ့အကြိုက်နဲ့ တော်တော်ကိုက်ညီတာပဲ၊ ဒီလိုစကားမျိုး ပြောထွက်တယ်ဆိုတော့ ရှားပါးတဲ့ ဉာဏ်ပညာရှိသူတစ်ယောက် ဖြစ်မှာပဲ။ တော်တော်ကောင်းတယ်။ ဒါနဲ့... ”
ရှီးရှီသည် တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းလှည့်ကာ ရှဲ့ချီကို ကြည့်၍ မေးလိုက်လေသည်။ “ သူ့အကြောင်း ပြောမှ သတိရတယ်၊ ကျိုကော ဒီနေ့ပဲ အဲဒီကို သွားခဲ့တယ် မဟုတ်လား။ ကျိုကော... မင်း အဲဒီ ရှန်ညန်ဇီ ကို အသင့်စား ထန်းပင်အလုပ်ရုံ လုပ်မယ့်ကိစ္စ မေးခဲ့လား။ ဘယ်လိုတဲ့လဲ။ ကျိုကော... ကျိုကော ”
သို့သော် ရှဲ့ချီသည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်နေပြီး နားရွက်များ ရဲတက်လာကာ ပြန်ပင်မဖြေပေ။ နောက်ပိုင်းတွင် သူသည် တစ်ယောက်တည်း ကြောင်တောင်တောင် ရယ်မောနေလေတော့သည်။
သူ စောစောကတည်းက သိပြီးသားပါ။
ရှန်ညန်ဇီ သည် လောကတွင် အကောင်းဆုံးလူ ဖြစ်သည်။
ရှဲ့သခင်မကြီးက ထိုအဖြစ်ကို မြင်လိုက်ရသော် ခေါင်းခါရင်း သက်ပြင်းချလိုက်လေသည်။ “ ငါတို့ ရှဲ့အိမ်တော်က ဖုန်းရွှေ မကောင်းတာလား၊ မြေးကြီးက ခုလေးတင် ပြန်ကောင်းလာတာ၊ မြေးငယ်က ဘာလို့ ရူးကြောင်ကြောင် ဖြစ်သွားရတာလဲ ”
ရှီးရှီကတော့ ရယ်သွမ်းသွေးလိုက်ပြီး သားငယ်ကို တစ်ချက်ဝေ့ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်လေသည်။
......
“ ဟက်ချိုး ”
ရှဲ့မိသားစု၏ တမ်းတခြင်းကို ခံနေရသော ရှန်မြောင်သည် ကိုယ့်ခြံဝင်းထဲတွင် ထိုင်လျက် အဒေါ်ကုထံမှ 'ဆပ်ပြာခဲ' လုပ်နည်းကို သင်ယူနေရင်း ရုတ်တရက် နှာခေါင်းယားလာကာ နှာချေလိုက်မိသည်။
'ငါ့ကိုများ တစ်ယောက်ယောက်က ဆဲနေတာလား'
ရှန်မြောင် နှာခေါင်းကို ပွတ်လိုက်ပြီး အဒေါ်ကုက ဝက်သရက်ရွက် ထောင်းနေသည်ကို ဆက်ကြည့်နေလိုက်သည်။ သူမသည်လည်း ပုံစံတူလိုက်လုပ်ပြီး အဆီနှင့် အမြှေးပါးများ ဖယ်ရှားပြီးသား ဝက်သရက်ရွက်ကို ရွှံ့နှစ်ကဲ့သို့ ဖြစ်အောင် ကြိုးစားထောင်းလိုက်လေသည်။
မနက်က ကျိုကော ပြန်သွားပြီးနောက် သူမသည် ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲရောင်းနှင့် အလုပ်ရှုပ်နေပြီးမှ အားသွားခဲ့သည်။ ဝက်ခေါင်းသားသွားဝယ်ရန် အပြင်ထွက်ဖို့ ပြင်လိုက်စဉ် လီထျောင်ဇီက ရုတ်တရက် တံခါးလာခေါက်ပြီး ပြောလာသည်။ အပြင်မြို့ရိုးဘက်မှ ကုန်သည်များ ပြောပြချက်အရ ဖိယုံးစာသင်ကျောင်းသည် ဒီနေ့ စာမေးပွဲအောင်စာရင်း ကပ်မည်ဟု ဆိုသည်။ သူက အပြင်မြို့ရိုးဘက်သို့ သွားပြီး စာရင်းစောင့်ကြည့်မည်ဖြစ်ရာ ရှန်မြောင်တို့အိမ်မှ လိုက်မည့်သူ ရှိမရှိ မေးမြန်းခြင်း ဖြစ်သည်။
ထို့ကြောင့် ရှန်မြောင်သည် ကျိအာကို လီထျောင်ဇီနှင့်အတူ မြို့ပြင်သို့ စာရင်းသွားကြည့်ခိုင်းလိုက်ရသည်။
မသွားခင်တွင် ရှန်မြောင်သည် သူ့ကို ဘေးသို့ဆွဲခေါ်ပြီး ခါးကိုင်းကာ မျက်လုံးချင်းဆုံအောင် ကြည့်၍ သေချာမှာကြားလိုက်လေသည်။
“ ကျိအာ၊ မင်း မှတ်ထားနော်။ ကိစ္စမရှိဘူး၊ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ကိစ္စမရှိဘူး၊ ဒီတစ်ခါ ဝင်ခွင့်စာမေးပွဲလေး တစ်ခုကြောင့် ကိုယ့်ကိုယ်ကို ငြင်းပယ်တာမျိုး မလုပ်ရဘူးနော်၊ ကြားလား။ လူ့ဘဝခရီးက ရှည်လျားပါတယ်၊ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ သွားတော့၊ စာရင်းသွားကြည့်ချည်၊ ညကျရင် မကြီး မင်းအတွက် ဟင်းကောင်းကောင်း ချက်ကျွေးမယ် ”
ကျိအာက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်ပြသည်။
“ ကျွန်တော် နားလည်ပါပြီ မကြီး ”
ထို့နောက် ရှန်မြောင်က သူ့ကို လွှတ်လိုက်လေသည်။ ရှန်းအာကတော့ ယိုယွီကို ခေါ်ပြီး ခွေးကျောင်းထွက်သွားရာ ပြန်မရောက်သေးပေ။
ရှန်မြောင်လည်း အပြင်ထွက်ပြီး ဝက်ခေါင်းသား ဝယ်ပြန်လာလိုက်သည်။ ထို့နောက် ကုမိသားစုထံတွင် တစ်လစာ သုံးမည့် အရက်ကို သွားမှာလိုက်ရာ အဒေါ်ကုက ခြံထဲတွင် ဆပ်ပြာလုပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ခဏလောက် ရပ်ကြည့်နေပြီး စိတ်ဝင်စားသွားကာ သင်ပေးရန် ပြောလိုက်သည်။ အဒေါ်ကုကလည်း စကားအများကြီးမပြောဘဲ ဝက်သရက်ရွက်နှင့် အခြား တရုတ်ဆေးဖက်ဝင် ပစ္စည်းများကို သယ်ထုတ်လာပြီး သူမကိုပါ ခေါ်လုပ်လေတော့သည်။
စုန့်ခေတ်တွင် ဆပ်ပြာခဲသီးသန့် ရောင်းချသည့်ဆိုင်များ ရှိနှင့်နေပြီ ဖြစ်သည်။ ယခင်က ယန်လျိုအရှေ့လမ်းကြားတွင် ဆပ်ပြာခဲလုပ်သည့် မိသားစုတစ်စု ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပြောင်းရွှေ့သွားကြသည်။ သို့သော် အဒေါ်ကုသည် ထိုအိမ်သို့ အလည်သွားရင်း သူတို့လုပ်ပုံကို အကြိမ်ကြိမ် မြင်ဖူးခဲ့ပုံရသည်။ ဤအရာက သိပ်မခက်ခဲလှသဖြင့် သူမသည် ပြန်ရောက်သောအခါ ကိုယ်တိုင် စမ်းသပ်လုပ်ကိုင်ကြည့်ရင်း တတ်မြောက်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် ကိုယ်တိုင်သုံးရန်သာမက ဈေးတွင်ပါ ရောင်းချရန် ပြုလုပ်လေ့ရှိသည်။
သူမသည် ပညာကို မဝှက်ထားဘဲ မကြာမီတွင် ယန်လျိုအရှေ့လမ်းကြားမှ အမျိုးသမီးများသည် သူမထံမှ ဆပ်ပြာခဲလုပ်နည်းကို တတ်မြောက်သွားကြသည်။
ဒီနေ့တော့ ရှန်မြောင်သည် သူမ၏ ဆပ်ပြာခဲလုပ်နည်း ဆက်ခံသူ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီ။
“ ဝက်သရက်ရွက်ကို ထောင်းပြီးရင် ပဲမှုန့်၊ ဝက်ဆီ၊ ချောင်ဝူ၊ ဆပ်ပြာသီး၊ ကျောက်မုရောရွက်တွေ ထည့်ရတယ်... ” အဒေါ်ကုက ပြောရင်းနှင့် ထည့်လိုက်လေသည်။ အခြားပစ္စည်းများကိုလည်း ကျောက်ဆုံတွင် အကြမ်းထောင်းပြီး ရောမွှေလိုက်သည်။ ထို့နောက် တစ်ဖန် ပြန်ထောင်းကာ အလုံးလိုက်ကလေးများ လုံး၍ အရိပ်ရသော နေရာတွင် တစ်ရက်ခန့် အခြောက်ခံထားလိုက်လျှင် သုံး၍ ရပြီဖြစ်သည်။
တကယ်ကို လွယ်ကူသားပဲ။
ရှန်မြောင်သည် လက်ထဲတွင် ပုံစံမကျသေးသော ဆပ်ပြာခဲကို စူးစမ်းလိုစိတ်ဖြင့် ကိုင်ကြည့်လိုက်ရာ အနံ့က အနည်းငယ် နံစော်နေသေးသည်။
“ ရုပ်ဆိုးတယ်လို့ သဘောမထားနဲ့၊ ငါတို့ ဒီလိုလုပ်တာက ဆိုင်မှာ ဝယ်တာထက် အများကြီး သက်သာတယ်။ အပြင်မှာ ဒီလိုတစ်တုံးကို ဝမ် ၃၀ တောင် ပေးရတာ ”
အဒေါ်ကုက ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“ ဆပ်ပြာသီး ထည့်ထားတော့ ရေနဲ့ထိပြီး ပွတ်လိုက်တာနဲ့ အမြှုပ်တွေ အများကြီး ထွက်လာရော၊ အဲဒီအမြှုပ်နဲ့ မျက်နှာသစ်၊ ခေါင်းလျှော်ကြည့်၊ အရမ်းကို သန့်ရှင်းပြီး ခြောက်သွေ့သွားတာ၊ နေလို့ကောင်းမှကောင်း ”
'ဒါက... Handmade မျက်နှာသစ်ဆပ်ပြာ မဟုတ်ဘူးလား'
ရှန်မြောင်သည် လက်ထဲတွင် ကိုင်ကြည့်ရင်း ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ အကယ်၍ ဒီအရာကို ပုံစံခွက်ထဲထည့် ဖိပြီး လှီးလိုက်လျှင် နောက်ခေတ်တွင် ဈေးကြီးပေးဝယ်ရသည့် Handmade ဆပ်ပြာနှင့် တစ်ပုံစံတည်း ဖြစ်နေပေလိမ့်မည်။
ကုန်ကျစရိတ်ကလည်း သိပ်မများလှပေ။
'ဒါဆို အရင်ဘဝတုန်းက Handmade ဆပ်ပြာတစ်တုံးကို ဘာကိစ္စ ၁၀၀ ကျော် ပေးဝယ်ခဲ့ရတာလဲ၊ ဟိုလွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဈေးတောင်မှ ဝမ် ၃၀ ပဲ ရှိတာကို'
ကိုယ့်ကိုယ်ကို အလိမ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသော ရှန်မြောင်သည် ချက်ချင်း မကျေမနပ် ဖြစ်သွားလေသည်။
အဒေါ်ကုသည် ဆပ်ပြာခဲများကို ဇကောထဲတွင် စီထည့်လိုက်ပြီး ဝရန်တာအောက်ရှိ ပုလင်းထဲတွင် ထိုးစိုက်ထားသော စံပယ်ပန်းများကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။ ထိုအခါ ပြီးခဲ့သည့်ရက်က ထန်းပင်လာစားသော စာပေပညာရှင်ကို သတိရသွားပြီး ရှန်မြောင်နားသို့ တိုးကပ်ကာ တီးတိုးမေးလိုက်လေသည်။
“ သာ့ကျဲအာ... အဒေါ့်ကို အမှန်အတိုင်း ပြောစမ်းပါ၊ ညည်းကို တစ်ယောက်ယောက်က သဘောကျနေတာမလား ”
ရှန်မြောင် ကြောင်သွားပြီး ပြန်ဖြေလိုက်သည်။
“ မရှိပါဘူး ”
“ တကယ် မရှိဘူးလား ”
“ တကယ် မရှိပါဘူး၊ အားလုံးက ထန်းပင်လာစားကြတာပါ ”
ရှန်မြောင်က ပွင့်ပွင့်လင်းလင်း ရယ်မောလိုက်လေသည်။ ခဏခဏ လာတတ်သည့် ရှဲ့အိမ်တော်က ကျိုကော ဆိုလျှင်လည်း စီးပွားရေးကိစ္စ၊ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကိုသာ လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။
သံယောဇဉ် ကိစ္စတွေ ဘယ်မှာ ပါလို့လဲ။
ကျိုကော နှင့် ရှယ်ယာကိစ္စ ဆွေးနွေးတုန်းက သူမသည် ၅၀ ရာခိုင်နှုန်း တောင်းဖို့ ပါးစပ်ဖျား ရောက်လုနီးပါး ဖြစ်ခဲ့သေးသည်။ နောက်မှ ပြန်တွေးကြည့်လိုက်တော့ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်လျှင် ဆုံးဖြတ်ချက်ချသည့်အခါ အကျပ်အတည်း ဖြစ်လာနိုင်သည်။ ဟိုလူက အရှေ့သွားချင်၊ ဒီလူက အနောက်သွားချင် ဖြစ်နေလျှင် သဘောတူညီမှု ရနိုင်မည် မဟုတ်ပေ။
အဲဒီအစား အမြတ်နည်းနည်း လျှော့ယူလိုက်တာက ပိုကောင်းဦးမည်။ သူမအနေဖြင့် ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဖြစ်နေလျှင် စီမံခန့်ခွဲရေး ကိစ္စများတွင် အများကြီး ပါဝင်စရာမလိုဘဲ အမြတ်ဝေစု ထိုင်စားရုံသာ။
ထို့ကြောင့် စကားလုံးများကို အချိန်မီ ပြန်မျိုချလိုက်ပြီး ၃၀ ရာခိုင်နှုန်းသာ တောင်းမည်ဟု ပြင်လိုက်သည်။ သို့သော် လက်က ပြန်ရုတ်မရ ဖြစ်နေသဖြင့် ရှဲ့ချီ၏ နားမလည်နိုင်သော အကြည့်အောက်တွင် ရှက်ရွံ့စွာဖြင့် လက်ချောင်း ၂ ချောင်းကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းခဲ့ရသည်။
ထို့အပြင် သူမသည် ကျိုကော နှင့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးခဲ့သေးရာ သူပြန်ရောက်လျှင် ရှဲ့မိသားစု သာ့ညန်ဇီ နှင့် ဘယ်လို တိုင်ပင်ဆွေးနွေးမလဲ မသိပေ။
အကယ်၍သာ ဒီကိစ္စ အောင်မြင်သွားခဲ့လျှင် သူမ၊ ကျိအာနှင့် ရှန်းအာတို့အတွက် တည်ငြိမ်သော ဝင်ငွေတစ်ခု ရရှိလာမည်ဖြစ်ပြီး ဘဝက ပိုမို အာမခံချက် ရှိလာလိမ့်မည်။ နောင်တွင် အလုပ်ရုံက စီးပွားရေး ကောင်းလာလျှင် သူမရမည့် အမြတ်ဝေစုကလည်း များပြားလာမည်ဖြစ်ရာ သူမ၏ ခေါက်ဆွဲဆိုင်ကို ဆိုင်ခွဲဖွင့်ရန် သို့မဟုတ် တိုးချဲ့ရန်အတွက် အရင်းအနှီး ရလာပေလိမ့်မည်။
ရှန်မြောင်က အတွေးလွန်နေစဉ် အဒေါ်ကုက ဇကောကို ပိုက်လျက် ရယ်မောနေဆဲပင်။
“ ဒါက မသေချာဘူးလေ၊ သူတို့က လူကို သဘောကျလို့ ထန်းပင် လာစားတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ”
“ ကျွန်မက ကွာရှင်းထားတဲ့သူပါ၊ ဘယ်သူကများ ထန်းပင် လာစားရင်းနဲ့ ကျွန်မကို အိမ်ခေါ်သွားပြီး လက်ထပ်ချင်မှာလဲ ”
ရှန်မြောင်က ပါးစပ်ကသာ ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ပျော်ရွှင်နေမိသည်။ သူမကို ဘယ်သူမှ လာမတောင်းရမ်းလျှင် ပိုကောင်းလေသည်။ သူမအမြင်တွင်တော့ ဤကဲ့သို့ နေရခြင်းက ကောင်းမွန်ပြီး ကွာရှင်းထားခြင်းက သူမအတွက် ပြဿနာပေါင်းများစွာကို လျှော့ချပေးလိုက်သကဲ့သို့ပင်။
အဒေါ်ကုကတော့ သဘောမတူပေ။ ဘယ်ညာ ကြည့်လိုက်ပြီး လမ်းကြားထဲတွင် ဖြတ်သန်းသွားလာသူ မရှိဘဲ တိတ်ဆိတ်နေသည်ကို မြင်မှ ရှန်မြောင်အား တိတ်တဆိတ် ပြောလေသည်။
“ သာ့ကျဲအာ... ဒီလို မပြောပါနဲ့၊ ဒုတိယအကြိမ် အိမ်ထောင်ပြုတဲ့သူတွေ အများကြီးပါ၊ နန်းတွင်းထဲက မယ်တော်ကြီး ဆိုရင်ကော... ဒီလောကမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးတောင်မှ ဈေးသည်မျိုးရိုးက ဆင်းသက်လာတာ၊ ပြီးတော့ ဒုတိယအကြိမ် အိမ်ထောင်ပြုထားတာလေ။ အရင်တုန်းက သူတို့အိမ် စီးပွားရေး အဆင်မပြေတော့ သူ့ခင်ပွန်းက သူ့ကို ငွေအကြွေစေ့ အနည်းငယ်နဲ့ နယ်စားအိမ်တော်ကို ကျွန်အဖြစ် ပေါင်နှံရောင်းချခဲ့တာ၊ အခုတော့ မယ်တော်ကြီး ဖြစ်နေပြီ မဟုတ်လား ”
ရှန်မြောင်သည် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ မူလ ရှန်သာ့ကျဲအာ၏ မှတ်ဉာဏ်ထဲတွင်လည်း ဤကဲ့သို့ အံ့အားသင့်ဖွယ် အတင်းအဖျင်းမျိုး မရှိခဲ့ပေ။ သူမ မျက်လုံးပြူးသွားသည်။
“ ဇနီးသည်ကို ပေါင်နှံရောင်းချပြီး အိမ်တော်ကို ကျွန်အဖြစ် ပို့လိုက်တာတဲ့လား၊ မယ်တော်ကြီးရဲ့ ခင်ပွန်းဟောင်းက ကျွန်မ ခင်ပွန်းဟောင်းထက်တောင် ပိုဆိုးပါလား ”
“ ရှူး... ရှူး... သူက အခု ဧကရာဇ်ဟောင်းရဲ့ သွေးသောက်ညီအစ်ကိုအဖြစ် အသိအမှတ်ပြု ခံထားရတယ်၊ လဲ့ကျန်းနယ်စား ဘွဲ့တောင် ပေးထားသေးတာ၊ ကြက်တွေ ခွေးတွေတောင် နတ်ပြည်ရောက်ကုန်ပြီ၊ သူ့ကို မဆဲနဲ့နော်၊ သူများ ကြားသွားရင် ဒုက္ခရောက်လိမ့်မယ် ” အဒေါ်ကုက ချက်ချင်း လက်ကာပြပြီး တားလိုက်သည်။
ရှန်မြောင်က နှုတ်ခမ်းမဲ့လိုက်သည်။ “ ဒီလိုလူမျိုးက နယ်စား ဖြစ်လာသတဲ့လား ”
'လောကကြီးမှာ အမျိုးစုံ ရှိတာပဲ'
“ ဟန်ပြ လုပ်ရတာပေါ့၊ အစ်ကိုလို့ မပြောရင် မယ်တော်ကြီးရဲ့ ခင်ပွန်းဟောင်းလို့ ပြောရမလား၊ ဒါဆို ဧကရာဇ်ဟောင်းရဲ့ မျက်နှာကို ဘယ်နား သွားထားမလဲ၊ အကြောင်းပြချက် တစ်ခု ရှာပြီး ခရမ်းရောင်ဝတ်စုံတစ်ထည်၊ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ပေးလိုက်တာနဲ့ တလောကလုံးရဲ့ ပါးစပ်ကို ပိတ်လို့ရနေတာပဲ၊ ဘာလို့ မလုပ်ဘဲ နေမလဲ ” အဒေါ်ကုကတော့ သဘောပေါက် နားလည်နေပုံရသည်။ “ ဒါကြောင့် ငါပြောတာ၊ ကိုယ့်ကိုယ်ကို အထင်မသေးနဲ့၊ ဒုတိယအကြိမ် အိမ်ထောင်ပြုတာ ဘာဖြစ်လဲ၊ ကြည့်စမ်း... ဒီလောကမှာ အာဏာအရှိဆုံး ဒုတိယအကြိမ် အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးက နန်းတွင်းထဲမှာ ရှိနေတာပဲ ”
'လောကမှာ ဒုတိယအကြိမ် အိမ်ထောင်ပြုသူတွေ အများကြီး ရှိပေမယ့် မယ်တော်ကြီး ဖြစ်လာတာက တစ်ယောက်တည်းလေ'
လူတစ်ယောက်ချင်းစီ၏ ကံကြမ္မာက မတူညီနိုင်ရာ နှိုင်းယှဉ်၍ မရနိုင်ပေ။ ရှန်မြောင်မှာ ရယ်ချင်မိသော်လည်း ရင်ထဲတွင် နွေးထွေးသွားသည်။ အဒေါ်ကု သူမကို နှစ်သိမ့်နေမှန်း သူမ သိနေသည်။
နှစ်ယောက်သား စကားပြောရင်း ဇကောကို မကာ ဆပ်ပြာသွားလှန်းလိုက်ကြသည်။ နေရာချပြီးနောက် ရှန်မြောင် စဉ်းစားလိုက်သည်။ ဒီနေ့တော့ ဆိုင်ပိတ်ပြီး တစ်ရက်လောက် နားလိုက်ရမလား။
ပျင်းလို့တော့ မဟုတ်ပေ။ ဒီရက်ပိုင်း အလုပ်များလွန်းသဖြင့် ရှန်းအာနှင့် ကျိအာကို ကောင်းကောင်း ဂရုမစိုက်နိုင်၊ မပြုစုနိုင်ခဲ့ခြင်းမှာ သူမ၏ လိုအပ်ချက် ဖြစ်နေသည်။ ဒီနေ့တော့ အေးအေးဆေးဆေး ညစာ အကောင်းစား တစ်နပ်လောက် ချက်စားပြီး သူတို့ကို ညဈေးတန်း လိုက်ပို့ကာ ကောင်းကောင်း ပျော်ပါးခိုင်းတာက ပိုကောင်းဦးမည်။
သူမသည် ဆိုင်တံခါးကို တန်းပိတ်လိုက်ပြီး 'ဆိုင်ပိတ်သည်' ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်တော့၏။ အဒေါ်ကုကို နှုတ်ဆက်ပြီးနောက် အိမ်ပြန်ကာ ငွေအနည်းငယ် ယူပြီး ဈေးထဲတွင် ကြက်အကြီးကြီး တစ်ကောင် သွားရွေးလိုက်သည်။ ပုံမှန် ဝက်သားစားနေကျဖြစ်ပြီး ကြက်သား မစားရသည်မှာ ကြာလှပြီ။
ကျိအာ စာမေးပွဲ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ရှန်မြောင်ကတော့ ညစာ ကောင်းကောင်းချက်ကျွေးရန် ဆုံးဖြတ်လိုက်သည်။ သူမက စဉ်းစားကြည့်လိုက်သည်။ ဒီနေ့ နေမထွက်ဘဲ မွန်းလွဲပိုင်း ရောက်လာတာနဲ့ လေက နည်းနည်း အေးစိမ့်လာတာပဲ။
'ထင်းမီးနဲ့ချက်တဲ့ မြေအိုးကြက်သားဟင်း ချက်စားရင် ကောင်းမလား’
ဘေးပတ်လည်တွင် မုန့်ပြားများ ကပ်ထားမည်။ ပြောင်းဖူးမုန့် မဟုတ်ဘဲ ဂျုံကြမ်းမုန့်ပြား ဖြစ်သော်လည်း အိုးကပ်နေသည့်ဘက်က ကြွပ်ရွနေပြီး အပေါ်ဘက်က နူးညံ့နေမည်။ အိုးထဲမှ ကြက်သားဟင်းရည်ကို စုပ်ယူထားပါက သေချာပေါက် အရသာ ရှိပေလိမ့်မည်။
သူမ ပြောသည့်အတိုင်း လုပ်လေသည်။ ကြက်နှစ်ကောင် ရွေးဝယ်ပြီး အိမ်ရောက်သည်နှင့် သတ်လိုက်သည်။ ကြက်ခြေထောက်ကို ကိုင်ပြီး အိမ်ထဲဝင်ရန် ပြင်လိုက်စဉ် လမ်းကြားထိပ်မှ အလျင်စလို ပြေးလာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရ၏။ ရှန်မြောင် လှည့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး နီရဲပြီး ချွေးများ ရွှဲနစ်နေအောင် ပြေးလာသည့် ကျိအာ ဖြစ်နေသည်။
မနက်က သူမ စည်းပေးလိုက်သော ဆံပင်များပင် ပြေလျော့ပြီး လေထဲတွင် ဖရိုဖရဲ ဖြစ်နေသည်။
“ မကြီး ”
သူသည် တကယ်ကို မောဟိုက်နေပြီး ဒူးကို လက်ထောက်ကာ အသက်ကို ပြင်းပြင်းရှူနေရကာ ရှန်မြောင်ကို တစ်ခွန်းသာ ခေါ်ပြီး ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။
ရှန်မြောင်က အံ့ဩဝမ်းသာသွားပြီး ခြေလှမ်းတုံ့သွားသည်။ အမွေးနုတ်ထားပြီးသား ဖြူဖွေးနေသော ကြက်ကို ကိုင်လျက် သူ့ဆီသို့ လှမ်းသွားလိုက်သည်။
“ မင်း ပြန်ရောက်ပြီလား၊ ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ၊ ဦးလေးလီ ရော ”
“ ဦးလေးလီ... ဦးလေးလီက နောက်မှာ ကျန်ခဲ့တယ်၊ ကျွန်တော်... ကျွန်တော် မစောင့်နိုင်တော့လို့... ဟောဟဲ... ပြေးလာတာ... ဟောဟဲ... ”
“ ဘယ်လိုလဲ၊ တကယ်ပဲ စာရင်းထွက်ပြီလား ”
“ ထွက်... ဟောဟဲ... ထွက်ပြီ... ”
...