← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အပိုင်း (၆၉) မြေအိုးကြက်သားနှပ်

ကျိအာ၏မျက်နှာသည် ပြေးလာသဖြင့် ဖြူဖျော့နေပြီး ရင်ဘတ်ကလည်း ပန်းပဲဖိုမှ လေမှုတ်တံကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ ရှန်မြောင်က သူ့ကို ခြံထဲသို့ အမြန်ဆွဲခေါ်လိုက်ပြီး ရေတိုက်ရန် ပြင်ဆင်ရင်း ဆူလိုက်လေသည်။

“ နင့်ကို မကြီး ပြောထားတာတွေ မေ့ကုန်ပြီလား၊ ဘာကိစ္စ ပြေးပြန်လာရတာလဲ၊ စာမေးပွဲအောင်ဖို့က အရေးကြီးသလား၊ ကိုယ့်ကျန်းမာရေးက အရေးကြီးသလား၊ ကျန်းမာရေးကမှ... တစ်သက်လုံးအတွက် အရင်းအနှီးဟဲ့ ”

'တော်လှန်ရေး' ဆိုသည့် စကားလုံး ထွက်လာလုနီးပါး ဖြစ်သွားသဖြင့် ရှန်မြောင်မှာ အမြန်ပြန်မျိုချလိုက်ရသည်။

အိမ်ထဲရောက်သည်နှင့် ရေသွားမခပ်ရသေးခင်မှာပင် ရှန်ကျိက ရုတ်တရက် လှည့်ကြည့်လိုက်ပြီးနောက် ဘာစကားမှမဆိုဘဲ သူ့မျက်နှာကို ရှန်မြောင်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်ပြီး သူမကို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

ရှန်မြောင်သည် ကြက်နှစ်ကောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားလျက် အံ့အားသင့်သွားတော့သည်။

ရှန်းအာနှင့် ယှဉ်လျှင် ကျိအာသည် သူမနှင့် သည်လို ရင်းနှီးမှု မရှိခဲ့ပေ။ တစ်ခါတစ်ရံ ရှန်းအာက သူမရင်ခွင်ထဲ အတင်းတိုးဝင် ချွဲနေလျှင် ကျိအာသည် ဘေးမှရပ်ကြည့်ကာ မကြီးရင်ခွင်ထဲ တိုးဝင်ရသလား၊ ရှက်စရာကြီးဟု လှောင်ပြောင်တတ်သည်။

ထိုသို့ပြောတိုင်း ရှန်းအာက မေးကို ပိုမော့ကာ သူမ၏ခါးကို ပိုတင်းကျပ်စွာ ဖက်ထားလေ့ရှိသည်။

သူမ ပြန့်ကျင်းမြို့သို့ ပြန်ရောက်လာပြီး ကျိအာ၏ ဘဝထဲသို့ ဝင်ရောက်လာပြီးနောက်ပိုင်း သူ့ခံစားချက်ကို သည်လို ထုတ်ဖော်ပြသသည်မှာ ပထမဆုံးအကြိမ်ပင်။

“ ကျွန်တော် အဆင့် ၆ ရတယ် မကြီး ” သူ့အသံသည် အဝတ်အစားများကြားထဲ ရောက်နေသဖြင့် အနည်းငယ် အသံအုပ်နေသည်။ တကယ်တမ်းတွင်တော့ သူသည် ဝမ်းသာလွန်းသဖြင့် ငိုချင်စိတ်ကို မနည်းထိန်းချုပ်ထားရကာ တုန်ရီနေသည်။ “ ကျွန်တော် အဆင့် ၆ တောင် ရတယ် ”

ဆရာမရှိ၊ အတန်းဖော်များ၏ တွန်းအားပေးမှု မရှိ၊ ဖခင်၏ လမ်းညွှန်မှု မရှိဘဲ ကျိုကော ပေးလိုက်သည့် စာအုပ်ဟောင်း ၃ အုပ်နှင့် အထီးကျန်စွာ စာကျက်ခဲ့ရသည့် ညများကိုသာ အားပြုခဲ့ရသည်။

ညဉ့်နက်သည်အထိ စာကျက်ရင်း ဤသို့ ဆက်လုပ်နေခြင်းက အမှန်တကယ် အကျိုးရှိပါ့မလားဟု မကြာခဏ တွေးမိခဲ့သည်။ အချိန်ဖြုန်းနေခြင်း၊ အချည်းနှီး ဖြစ်နေခြင်းများ ဖြစ်နေမလားဟု တွေးမိသည်။ မြူခိုးများအကြား ရပ်နေရသကဲ့သို့ လမ်းပျောက်နေပြီး မာနနှင့် သိမ်ငယ်စိတ်များ ရောထွေးနေခဲ့သည်။ အရင်းနှီးဆုံး မကြီးကိုပင် သည်သံသယများကို ထုတ်မပြောရဲခဲ့ပေ။

ရင်ဖွင့်စရာလူမရှိ၊ ရှေ့ခရီးလမ်းမမြင်ရဘဲ လမ်းပျောက်နေသည့် စိတ်ဖြင့် ရှေ့ဆက်လျှောက်ခဲ့ရပြီး ဘယ်ရောက်နေမှန်းပင် မသိခဲ့ပေ။

နောက်ပိုင်းတွင် အမှောင်ထုကြား အလင်းရောင်ကို မျှော်လင့်နေသော ခရီးသည်တစ်ဦးကဲ့သို့ မကြီး၏ နှစ်သိမ့်မှုကို လိုချင်လာခဲ့သည်။ မကြီး၏ နှစ်သိမ့်စကားများကို နားထောင်ရင်း အိပ်ရာပေါ်တွင် လူးလှိမ့်ကာ စိတ်မပူရန်၊ မမျှော်လင့်ရန်၊ မရောက်သေးသည့် ရလဒ်အတွက် ကြိုတင်ပင်ပန်းမနေရန် ကိုယ့်ကိုယ်ကို ကြိုးစားဖျောင်းဖျခဲ့သည်။ သဘောတရားကို နားလည်သော်လည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ မရခဲ့ပေ။

ဦးလေးလီ နှင့်အတူ မြို့ပြင်သို့ စာရင်းသွားကြည့်သည့် လမ်းတစ်လျှောက်လုံးတွင် သူ့စိတ်သည် ဆီပူအိုးထဲ ရောက်နေသကဲ့သို့ ပူလောင်နေခဲ့သည်။

ဖိယုံးစာသင်ကျောင်း ရှေ့ရောက်သည့်အခါ နာမည်စာရင်းများ ကပ်ထားသည့် ဘုတ်ပြားရှေ့တွင် လူအုပ်ကြီး ဝိုင်းနေပြီဖြစ်သည်။ ဦးလေးလီက သူ့ကိုဆွဲပြီး လူအုပ်ကြားထဲ အတင်းတိုးဝင်ခဲ့ရသည်။

စာရင်းဘုတ်အောက် ရောက်သောအခါ ရင်ခုန်သံများ မြန်လာပြီး မော့ပင်မကြည့်ရဲတော့ပေ။ ထို့နောက် သတိထားကာ အဆင့် ၁၀၀ မှ စ၍ အပေါ်သို့ ပြန်ရေတွက်ကြည့်လိုက်သည်။ အဆင့် ၇၀ သို့ ရောက်သောအခါ ဟိုင်ကော၏ နာမည်ကို တွေ့လိုက်ရသော်လည်း သူ့နာမည်ကို မတွေ့ရသေးပေ။

ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ရသည်။

ဟိုင်ကောသည် သူ့ထက် စာကျက်ပိုမြန်ပြီး စာစီစာကုံးရေးရာတွင်လည်း သူ့ထက် ပါရမီပါသူ ဖြစ်သည်။ ဟိုင်ကောတောင် အဆင့် ၇၀ သာ ရသည်ဆိုလျှင် သူကရော...

သူ ကျသွားပြီလား။

အပေါ်သို့ ဆက်ရေတွက်ကြည့်ရာ အဆင့် ၅၀ ရောက်သည်အထိ သူ့နာမည် မပါသေးပေ။ သူ မျက်လုံးကို မှိတ်လိုက်မိသည်။ ဆက်မကြည့်ရဲတော့ပေ။ ဦးလေးလီလည်း အလွန်စိတ်လှုပ်ရှားနေသည်။ စာမတတ်သဖြင့် လက်ချောင်းများကို လိမ်ချိုးရင်း မေးရှာသည်။

“ ကျိအာ... ကိုအာ (ခွေးလေး) နာမည် ပါလား ”

ရှန်ကျိ ခေါင်းခါလိုက်ပြီး ဆက်လက်ရေတွက်ကြည့်ရသည်။

အဆင့် ၂၀ ရောက်နေပြီ။ ထိပ်ဆုံး အဆင့် ၂၀ ဝင်သူများကို "ကျာ" တန်းခွဲတွင် ထည့်သွင်းထားပြီး နာမည်များကိုပင် တောက်ပသော အနီရောင်မင်ဖြင့် ရေးသားထားသည်။ အနီရောင်စာလုံးများသည် သူ့မျက်လုံးထဲ စူးဝင်လာသည်။ အဆင့် ၂၀ တွင် သူလည်းမပါ၊ လီကိုအာလည်း မပါ။

အဆင့် ၁၀ ရောက်သည့်တိုင် မပါသေးပေ။

နှလုံးခုန်သံများ လည်ချောင်းဝရောက်လာသကဲ့သို့ ခံစားရပြီး မျှော်လင့်ချက်မဲ့စွာဖြင့် အပေါ်ဘက်ကို ဝေ့ကြည့်လိုက်ရာ အနီရောင် "ကျိ" စာလုံးကို ရုတ်တရက် တွေ့လိုက်ရ၏။ ချက်ချင်း အကြည့်ရပ်သွားပြီး ထိုစာကြောင်းဆီသို့ ဖြည်းဖြည်းချင်း အကြည့်ပြန်ပို့လိုက်မိသည်။

ဘုတ်ပြားထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော ထိုနာမည်သည် အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ မှေးမှိန်နေသော သူ့မျက်လုံးထဲသို့ ဝင်ရောက်လာသည်။

“ ကျာတန်းခွဲ အဆင့် (၆)၊ ရှန်ကျိ၊ ဒုတိယသား၊ နေရပ်လိပ်စာ - ယုံခမ်းရပ်ကွက်၊ ကျင်းလျန်တံတား၊ ယန်လျိုအရှေ့လမ်းကြား... ”

ရှန်ကျိ၏ ခန္ဓာကိုယ်သည် တုန်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ ကြောင်အမ်းသွားတော့သည်။ မယုံနိုင်စွာဖြင့် တစ်လုံးချင်းစီ ပြန်ဖတ်ကြည့်လိုက်ပြီး နာမည်တူ နေရပ်တူ မှားယွင်းခြင်း ဖြစ်မည်စိုးသဖြင့် နေရပ်လိပ်စာကို ခြေဖျားထောက်ကာ ၃ ခေါက်တိတိ ပြန်တိုက်စစ်လိုက်သည်။ သေချာသွားသည့်အခါ လည်ချောင်းဝသို့ ရောက်နေသည့် နှလုံးသားသည် ဗိုက်ထဲသို့ ပြန်မကျသွားဘဲ ခေါင်းပေါ်သို့ ဖောက်ထွက်မတတ် ခံစားလိုက်ရသည်။

သို့သော် သူသည် ထိုခံစားချက်ကို အတင်းဖိနှိပ်ထားလိုက်သည်။ ဘေးနားမှ ဦးလေးလီသည် စာမတတ်သော်လည်း ပုံစံအမျိုးမျိုးရှိသော မင်ကွက်များကို လိုက်ကြည့်ရင်း စိုးရိမ်တကြီး စောင့်မျှော်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ရှန်ကျိသည် စာရင်းကို အစမှအဆုံးထိ အလေးအနက် ပြန်စစ်ကြည့်လိုက်ရာ လီကိုအာ၏ နာမည်ကို တကယ်မတွေ့ပေ။ ထို့ကြောင့် တိုးတိုးလေး ပြောပြလိုက်သည်။ ဦးလေးလီသည် စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာသော်လည်း ချက်ချင်း ပြုံးလိုက်သည်။

“ ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး၊ ကိုအာက မင်းထက် တစ်နှစ်ငယ်တာပဲ၊ နောက်နှစ် ပြန်ဖြေလို့ရတယ်၊ နောက်တစ်နှစ် ထပ်ဖြေခိုင်းလိုက်မယ် ”

ထို့နောက် နှစ်ယောက်သား အိမ်ပြန်လာကြသည်။ စာရင်းသွားကြည့်စဉ်က ဦးလေးလီ၏ ခြေလှမ်းများ သွက်လက်နေသော်လည်း ယခု သားဖြစ်သူ စာမေးပွဲမအောင်ကြောင်း သိလိုက်ရသောအခါ ခြေလှမ်းများ လေးလံနှေးကွေးသွားပြီး ခြေလှမ်းတိုင်းတွင် သက်ပြင်းချသံများ ပါဝင်နေသယောင်။

ရှန်ကျိသည် သူ့ဘေးမှ ခဏလိုက်ပါသွားပြီးနောက် မနေနိုင်တော့သဖြင့် တောင်းပန်စကားဆိုကာ တစ်ယောက်တည်း ထပြေးလာခဲ့ခြင်း ဖြစ်သည်။

သူ့ရင်ထဲမှ ပျော်ရွှင်မှုကို စိတ်ဓာတ်ကျနေသူရှေ့တွင် မထုတ်ပြရဲပေ။ သို့သော် အိမ်သို့ အမြန်ပြန်ရောက်ချင်ပြီး မကြီးကို ပထမဆုံး ပြောပြချင်သည်။

သူ အောင်ပြီ၊ တကယ် အောင်ပြီ။ ပြေးလေမြန်လေ၊ ပြေးလေမြန်လေ ဖြစ်လာသည်။ လေတိုးသံများ နားထဲတွင် မြည်ဟည်းနေပြီး ရင်ဘတ်ထဲ မီးလောင်နေသကဲ့သို့ ခံစားရသည်။ ပျော်ရွှင်မှုများ အားလုံးကို အပြေးဖြင့် ပုံဖော်လိုက်သည်။ သို့သော် မကြီးကို မြင်လိုက်ရသည့် အချိန်တွင် ထိုပြင်းထန်သော စိတ်ခံစားမှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။

မသိစိတ်မှ ဝမ်းနည်းမှုလေး တစ်ခုက ရင်ထဲမှ လှိုက်တက်လာ၏။

မကြီး၏ ပိန်ပါးသော ခါးကို ဖက်ထားရင်း တစ်ကိုယ်တည်း အထီးကျန်စွာ စာကျက်ခဲ့ရသည့် အချိန်များကို ပြန်မြင်ယောင်မိလာသည်။ “ ကျွန်တော် အဆင့် ၆ ရတယ် ” ဟု ပြောပြီးသည်နှင့် လည်ချောင်းဆို့ကာ ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။

မကြီးက သူ့ကျောပြင်ကို ဖွဖွလေး ပုတ်ပေးနေသည်။

မကြီး၏ လက်သည် အလုပ်ကြမ်းလုပ်သည့် လက်ဖြစ်၍ နူးညံ့ခြင်း မရှိဘဲ ဒဏ်ရာများစွာ ရှိနေသော်လည်း နွေးထွေးသော လက်အထိအတွေ့ကြောင့် သူ လျင်မြန်စွာ တည်ငြိမ်သွားသည်။ တည်ငြိမ်သွားမှ သူ ဘာလုပ်လိုက်မိသလဲဆိုတာ သတိထားမိလိုက်သည်။

'ငါ ဘာလုပ်နေတာလဲ'

'ငါ သိပ်ပျော့ညံ့နေတာပဲ’'

ရှန်ကျိသည် ယုန်တစ်ကောင်လို နောက်သို့ ခုန်ဆုတ်လိုက်ပြီး မျက်နှာတစ်ခုလုံး ရဲတက်ကာ အိမ်ထဲသို့ ပြေးဝင်သွားလေတော့သည်။

'ဒီကလေး ဘာတွေဖြစ်နေတာလဲ'

ရှန်မြောင်သည် ဝဖြိုးဖြိုး ကြက်ကို ကိုင်ထားရင်း ရယ်ရခက် ငိုရခက် ဖြစ်သွားတော့၏။ ထို့နောက် အိမ်ထဲပြေးဝင်သွားသော ကျောပြင်ကို လှမ်းအော်ပြောလိုက်သည်။

“ ကျိအာ... အိမ်ထဲမှာ ခဏနားလိုက်ဦး၊ ပြီးရင် လမ်းကြားထဲသွားပြီး ရှန်းအာနဲ့ ယိုယွီကို သွားရှာချည်၊ အဲဒီနှစ်ယောက်က စိတ်ချရတာ မဟုတ်ဘူး၊ ခွေးကျောင်းရင်း ပျောက်ချင်းမလှ ပျောက်သွားဦးမယ် ”

ခဏရပ်ပြီးနောက် သူ့အခန်းဘက်ကို လှည့်အော်လိုက်လေသည်။

“ ကျိအာ... တော်တယ်ဟေ့ ”

ထိုသို့ပြောပြီးနောက် သူမသည် "ကံကောင်းခြင်းတွေ ရောက်လာပြီ၊ ဒီည ကြက်သားစားရပြီ" ဟူသော သီချင်းကို ပျော်ရွှင်စွာ ညည်းရင်း မီးဖိုချောင်ထဲသို့ ကြက်ခုတ်ရန် ဝင်သွားလေသည်။

ရှန်ကျိသည် သွေးထွက်မတတ် ရဲနေသော မျက်နှာကို စောင်ထဲတွင် အချိန်အကြာကြီး ဝှက်ထားလိုက်သည်။ မီးဖိုချောင်ထဲမှ ရင်းနှီးနေသော ဓားသံ တဒုန်းဒုန်း ကြားရမှ ပြန်ထလာပြီး မကြီးမှာသည့်အတိုင်း အနောက်ဖက်တံခါးမှ ထွက်ကာ ရှန်းအာကို သွားရှာလေသည်။

သူသည် အိမ်တိုင်း၏ နောက်ဖေးတံခါးပေါက်များတွင် ခေါင်းပြူကြည့်သော်လည်း ရှန်းအာကို မတွေ့ရပေ။ လမ်းကြားအဆုံးရှိ ကူမိသားစု ဆီစက်သို့ ရောက်မှ ရှန်းအာနှင့် အခြားကလေးများ အိမ်လုပ်တမ်း ကစားနေသံကို ကြားလိုက်ရသည်။

ကူမိသားစုအိမ်သည် အခြားအိမ်များထက် ပိုကျယ်ဝန်းသည်။ ခြံဝင်းထဲတွင် ကျောက်ဆုံကြီးများ၊ သစ်သားမောင်းတံကြီးများနှင့် ဆီချက်ရန် ဒယ်အိုးကြီးများ ရှိသည်။ ဘေးတွင် မျှော်စင်ကဲ့သို့ မြင့်မားသော သိုလှောင်ရုံကြီး ရှိပြီး နှမ်းအိတ်များ၊ မုန်ညင်းစေ့အိတ်များနှင့် ပဲပုပ်အိတ်များကို သစ်သားစင်များပေါ်တွင် တင်ထားသည်။ ကုအိမ်ထဲသို့ ဝင်လိုက်သည်နှင့် မွှေးကြိုင်သော ဆီနံ့များကို ရရှိနိုင်သည်။

ကူမိသားစု၏ လူကြီးများ ကွယ်လွန်သွားပြီဖြစ်ရာ ယခုအခါ လူငယ် ကူသာ့လန်က ဦးစီးနေသည်။ သူသည် ရှန်မြောင်ထက် အနည်းငယ်သာ ကြီးပြီး နှမ်းဆီနံ့သင်းနေသော စိတ်သဘောထားကောင်းသူ ဖြစ်သည်။ ဖရဲသီးကဲ့သို့ ဖောင်းကားနေသော ဗိုက်ပူကြီး ရှိပြီး ကလေးများနှင့် ကစားရသည်ကို အလွန်နှစ်သက်သည်။

ကျိအာ ရောက်သွားချိန်တွင် ရှန်းအာက ဆံပင်ညှပ်ဆရာ လုပ်နေပြီး ကူသာ့လန်က ဝါးကုလားထိုင်ပေါ်တွင် ဧည့်သည်အဖြစ် အိပ်လျက် ရှန်းအာ၏ ပြုစုမှုကို ခံယူနေလေသည်။

သူ၏ အမြွှာသားသမီးများဖြစ်သော အားပေါင်နှင့် အားတိတို့သည် ရှန်းအာ၏ တပည့်များ ဖြစ်နေသည်။ ဘယ်ဘက်တွင် နဂါးစိမ်း၊ ညာဘက်တွင် ကျားဖြူကဲ့သို့ တစ်ယောက်က ဓားကမ်းပေးဟန်၊ တစ်ယောက်က ရေနွေးခွက်ကိုင်ဟန် လုပ်နေကြပြီး ဆံပင်ညှပ်ဆရာမကြီး ရှန်းအာ၏ အမိန့်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။

လေထင်နှင့် ယိုယွီတို့သည် ကြောင်တောင်တောင် အကြည့်များဖြင့် အခြားဝါးကုလားထိုင် နှစ်လုံးပေါ်တွင် ငုတ်တုတ်ထိုင်နေကြသည်။ သူတို့သည် ယခုလေးတင် အနှိပ်စက်ခံလိုက်ရသော ဖောက်သည်ဟောင်းများ ဖြစ်ပုံရသည်။ လေထင်၏ ခွေးခေါင်းပေါ်တွင် စုချည်ထားသော ဆံပင်တု နှစ်ခု ပါရှိပြီး ယိုယွီ၏ ဆံပင်များမှာ နိမ့်ချည်မြင့်ချည် ကျစ်ဆံမြီးများ ကျစ်ထားလေသည်။

ရှန်ကျိက စိတ်ဝင်တစား ခေါင်းပြူကြည့်လိုက်သည်။

“ ဦးလေး... ကျွန်မ နှိပ်ပေးတာ အဆင်ပြေရဲ့လား၊ ခဏနေ ခေါင်းလျှော်ရင် ဆပ်ပြာနဲ့ လျှော်မလား၊ ဒီအတိုင်းပဲ လျှော်မလား ”

ရှန်းအာက တည်တည်ငြိမ်ငြိမ် မေးနေသည်။

ကူသာ့လန်က ရယ်ချင်စိတ်ကို မနည်းထိန်းရင်း ပြန်မေးလိုက်သည်။

“ ဘာတွေ ကွာခြားလို့လဲကွ ”

“ ကွာတာပေါ့၊ ဆပ်ပြာနဲ့လျှော်ရင် သန်းမတွယ်ဘူး၊ ဘီးနဲ့ဖီးလိုက်ရင် ဆံပင်က ၁၀ ရက် ၁၅ ရက်လောက် ပြောင်လက်ပြီး ချောမွတ်နေမှာ၊ လုံးဝ မရှုပ်ဘူး ”

“ အဲလောက်တောင် ကောင်းတာလား၊ ဒါဆို ဆပ်ပြာနဲ့ လျှော်မယ် ”

“ ဆပ်ပြာနဲ့ဆိုရင် ဝမ် ၃၀ ပိုပေးရမယ်နော်၊ ကျွန်မဆပ်ပြာက အကောင်းစား သိုးအဆီ ဆပ်ပြာရှင့် ”

ကူသာ့လန် လန့်သွားပြီး ဝါးကုလားထိုင်ပေါ်မှ ထထိုင်လိုက်သည်။

“ မလုပ်တော့ဘူး၊ မလုပ်တော့ဘူး၊ ဒါဆို မလျှော်တော့ဘူး ”

ရှန်းအာက လူကို အမြန်ပြန်ဖိချလိုက်သည်။

“ အို... ဦးလေးကလည်း ဖောက်သည်ဟောင်းပဲဟာကို၊ ဈေးလျော့ပေးပါမယ် ”

“ ဘယ်လောက် လျော့မှာလဲ ”

ကူသာ့လန် မနေနိုင်တော့ဘဲ ကုလားထိုင်ပေါ် ပြန်လှဲရင်း ပခုံးများ တုန်သည်အထိ ရယ်မောနေတော့သည်။

“ ဝမ် ၂၀ နဲ့ပဲ ယူမယ်လေ၊ မြန်မြန်... အားပေါင်... ဆပ်ပြာယူခဲ့၊ ဦးလေးကြီးအတွက် အကောင်းစား ယူခဲ့နော် ”

“ ဟုတ်ကဲ့... လာပါပြီ ”

အားပေါင်က တက်တက်ကြွကြွ ထူးပြီး အိမ်ထဲသို့ ဒုန်းဒုန်းဒုန်း ပြေးဝင်သွားကာ ဒုန်းဒုန်းဒုန်း ပြန်ပြေးထွက်လာသည်။ လက်ထဲတွင် ပစ္စည်းတစ်ခု ကိုင်ထားသယောင် ဟန်ဆောင်ပြီး ဖခင်ရင်းကို သစ္စာဖောက်ကာ အော်ပြောလေသည်။

“ ဦးလေး... ဦးလေးအတွက် ဆပ်ပြာ ရပါပြီ ”

ကူသာ့လန် ရယ်ရလွန်း၍ သွားဖုံးများပါ ပေါ်နေသည်။

“ ပြီးရော ပြီးရော... မြန်မြန် လျှော်ပေးတော့ ”

“ ဦးလေး... မျက်နှာရော ရိတ်ဦးမလား၊ မျက်နှာရိတ်ရင် ၁၀ ဝမ် ”

ကူသာ့လန်က လန့်ပြီး ပြန်ထလာပြန်သည်။

“ နင်က လူတွေကို ဓားပြတိုက်နေတာလား၊ မရိတ်ဘူး၊ မရိတ်ဘူး ”

ရှန်းအာကလည်း အမြန် ပြန်ဖိထားလိုက်သည်။

“ မသွားပါနဲ့ဦး၊ ၅ ဝမ်ပဲ ယူမယ်လေ ”

ထို့နောက် ကလေးတစ်သိုက်သည် ဆီနံ့သင်းနေသော ခြံဝင်းငယ်လေးထဲတွင် ဆူညံစွာ ကစားနေကြသည်။ ကူသာ့လန်ကို ဝိုင်းပြီး ခေါင်းလျှော်ပေး၊ ဘီးဖီးပေး၊ သစ်သားပြားလေးဖြင့် မျက်နှာရိတ်ပေးကြသည်။ အားလုံးပြီးသွားသောအခါ ရှန်းအာက အားတိကို မှန်ယူခိုင်းပြီး ချီးမွမ်းစကား ဆိုလေသည်။

“ ဦးလေးရေ... ကြည့်လိုက်ပါဦး၊ လျှော်ပြီး ရိတ်ပြီးသွားတာ ဘယ်လောက်တောင် လူရည်သန့်သွားလဲလို့ ”

ကူသာ့လန်မှာ ရယ်ရလွန်းလို့ ကုလားထိုင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားတော့သည်။

“ ဦးလေးရေ... နှုတ်ခမ်းမွေးရော ရိတ်ဦးမလား၊ ရှစ်ခွင်နှုတ်ခမ်းမွေး ပုံစံမျိုး ညှပ်ပေးရမလား ”

ကူသာ့လန်သည် ရှန်းအာ၏ စကားအဓိပ္ပာယ်ကို ကြိုသိနေသဖြင့် ဗိုက်ကိုပွတ်ရင်း မျက်စောင်းထိုးကာ ရယ်မောလိုက်သည်။

“ ပိုက်ဆံ ထပ်ပေးရဦးမှာလား ”

“ ဟီးဟီး... ၅ ဝမ် ထပ်ပေးလိုက်၊ ဦးလေးက ဖောက်သည်ဟောင်းမို့ လက်ဆောင်ပေးလိုက်မယ် ”

“ နင်က ဆံပင်ညှပ်ဆရာ လုပ်တာလား၊ ဟိုဟာလည်း ပိုက်ဆံ၊ ဒီဟာလည်း ပိုက်ဆံနဲ့ တစ်နေ့ ဘယ်လောက်တောင် ရှာနေလဲမသိဘူး ”

ကူသာ့လန်မှာ သူမကြောင့် ရယ်နေရပြန်သည်။

“ မဟုတ်ပါဘူး၊ ပင်ပင်ပန်းပန်း ရှာရတာပါ ”

ရှန်းအာက လက်ကိုပွတ်ရင်း ချစ်စရာကောင်းပြီး လောဘကြီးသည့် မျက်နှာပေးလေး လုပ်ပြသည်။

“ ပိုက်ဆံမရှာရင် မဖြစ်ဘူးလေ၊ မကြီး ပြောတာက လူဆိုတာ ရုပ်ရည်တစ်ခုတည်းနဲ့ အသက်မွေးလို့ မရဘူးတဲ့၊ သူများ လိမ်တာ ခံရတတ်တယ်တဲ့၊ စာများများဖတ်ရင်ဖတ်၊ ဒါမှမဟုတ် ပိုက်ဆံများများရှာ၊ တစ်ခုခုတော့ လုပ်တတ်ရမယ်တဲ့ ”

ကူသာ့လန်က ဟားတိုက် ရယ်မောလိုက်ရာ တံခါးဝတွင် ချောင်းနားထောင်နေသော ရှန်ကျိပင် မနေနိုင်ဘဲ လိုက်ရယ်မိလေသည်။

သူ အထဲဝင်ပြီး လူသွားဖမ်းချိန်တွင် ကူသာ့လန်မှာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး နားသယ်စပ် ဆံပင်များ ပြောင်စင်သွားကာ နှုတ်ခမ်းမွေးများလည်း အဆွဲခံထားရသည့် သနားစရာ လူသားတစ်ယောက် ဖြစ်နေပြီ။ ရှန်ကျိ လာခေါ်သည်ကို မြင်သောအခါ အမြန်ထပြီး ထွက်ပြေးလေတော့သည်။

“ နင့်အစ်ကို လာပြီဟေ့၊ မကစားတော့ဘူး၊ မကစားတော့ဘူး၊ မြန်မြန် အိမ်ပြန်ကြတော့ ”

ဧည့်သည်က ထွက်ပြေးသွားပြီ။ ခေါင်းလျှော်၊ မျက်နှာရိတ်၊ နှုတ်ခမ်းမွေးရိတ်၊ နားသယ်စပ်ရိတ် ပြီးသွားပြီဖြစ်သော်လည်း ဆံဖျား နှစ်ခွဖြစ်နေသည်များကို ညှပ်ပေးရဦးမည်။ ရှန်းအာ ခြေဆောင့်လိုက်ပြီး အစ်ကိုဖြစ်သူကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ အစ်ကို... အစ်ကိုရော ဆံပင်မညှပ်ချင်ဘူးလား ”

“ နင့်ခေါင်းပဲ ညှပ်လိုက်၊ မကြီး ပြန်ခေါ်ခိုင်းလိုက်ပြီ ”

တစ်နေ့လုံး ဆော့ကစားနေသော ညီမဖြစ်သူ၏ ကော်လာစကို ဆွဲကိုင်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် ကြောင်တောင်တောင် ဖြစ်နေသော ယိုယွီကို ဆွဲကာ လေထင်ကိုပါ ခေါ်လိုက်သည်။ ရှန်ကျိသည် တစ်ယောက်တည်းဖြင့် တစ်သိုက်လုံးကို ခေါ်ဆောင်သွားပြီး ကလေးများဒဏ်ကို ခံနေရသော ကူမိသားစုကို ကယ်တင်ပေးလိုက်လေသည်။

လူ ၃ ယောက်နှင့် ခွေးတစ်ကောင် အိမ်ပြန်လာကြစဉ် လီမိသားစုအိမ် ရှေ့ရောက်သောအခါ လီကိုအာ၏ စူးရှသော ငိုသံနှင့် အဒေါ်လီ၏ ရင်ဘတ်စည်တီး ငိုကြွေးသံများကို နံရံခြားလျက် ကြားလိုက်ရသည်။

“ နင်က အသုံးမကျတဲ့ကောင်၊ အမေက နေ့တိုင်း နင် စာကျက်ဖို့ အဖော်လုပ်ပေးတယ်၊ ဆီကုန်ခံ မီးထွန်းပေးတယ်၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်ခဲ့လဲ၊ လူလည်း ဘယ်လောက် ပင်ပန်းခဲ့ရလဲ၊ နင်... နင် ဒီစာတွေကို ဘယ်နေရာ သွားဖတ်နေတာလဲ၊ ဝါးခြင်းတောင်းနဲ့ ရေခပ်သလို အလကား ဖြစ်ကုန်ပြီ ”

ရှန်းအာ၏ ခြေလှမ်းများက တုံ့သွားပြီး အခြေအနေကို သိချင်သဖြင့် တံခါးကြားမှ ခေါင်းပြူကြည့်ရန် ပြင်လိုက်စဉ် အနောက်မှ အမြန်လိုက်လာသော ရှန်ကျိက "ရှူး" ဟု လုပ်ပြပြီး ဆွဲခေါ်သွားသည်။ ရှန်းအာက စိုးရိမ်တကြီး မေးလိုက်သည်။

“ အစ်ကို... ကိုအာ အရိုက်ခံနေရတာ မဟုတ်လား ”

ရှန်ကျိလည်း သေချာမပြောတတ်ပေ။ အဒေါ်လီသည် လမ်းကြားထဲတွင် အပြိုင်အဆိုင် နေတတ်သူအဖြစ် နာမည်ကြီးသည်။ ဘာမဆို သူများနှင့် ယှဉ်ပြိုင်တတ်သည်။ ထို့ကြောင့် သူ ခေါင်းခါလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် မဝင်သွားနဲ့၊ အဒေါ်လီ ငါတို့ကို မြင်ရင် ပိုဒေါသထွက်လိမ့်မယ်”

“ ဘာဖြစ်လို့လဲ ” ရှန်းအာက ခေါင်းလေးကို စောင်းပြီး မေးသည်။

ရှန်ကျိ စကားဆွံ့သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “ ငါက စာမေးပွဲအောင်တယ်၊ ကိုအာက မအောင်ဘူး၊ ငါတို့က သွားပြနေရင် အဒေါ်လီ စိတ်ထဲ ဘယ်လိုနေမလဲ။ နင်က လီကိုအာကို စိတ်ပူလို့ လာကြည့်တာလို့ ထင်မှာမဟုတ်ဘူး၊ သူ့ကို လာလှောင်တယ်လို့ ထင်သွားလိမ့်မယ်။ ပြီးတော့ ကိုအာက ကိုယ့်အိမ်မှာပဲလေ၊ သူ့မိဘတွေပဲဟာ၊ ရိုက်နှက်ဆူပူတယ် ဆိုပေမယ့် အရမ်းကြီးတော့ ပြင်းထန်မှာ မဟုတ်ပါဘူး၊ ဦးလေးလီက သူ့ကို သိပ်ချစ်တာ ”

“ အစ်ကို အောင်သွားပြီလား ” ရှန်းအာ အခုမှ သတိဝင်သွားပြီး ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။

ရှန်ကျိက သူမပါးစပ်ကို အမြန်လှမ်းပိတ်လိုက်သည်။ “ တိုးတိုးနေစမ်းပါ ”

“ ဒါက သတင်းကောင်းပဲဟာ၊ လူ မသိအောင် လုပ်ရမယ့် ကိစ္စမှ မဟုတ်တာ...”

ရှန်းအာက ပွစိပွစိ လုပ်ရင်း နောက်ပြန်လှည့်ကြည့်လိုက်သည်။ လီကိုအာ၏ ငိုသံသည် တင်းထားသော ကြိုးတစ်ချောင်းကဲ့သို့ လမ်းကြားထဲတွင် ပဲ့တင်ထပ်နေလေသည်။ သူမလည်း စိတ်မကောင်း ဖြစ်သွားပြီး ရှန်ကျိလက်ကို လှမ်းဆွဲလိုက်ကာ နောက်ဆုံးတွင်တော့ စကားဆက်မပြောတော့ဘဲ ကိုယ့်အိမ်ကိုယ် လိမ္မာစွာ ပြန်လိုက်ကြသည်။

'မကြီးက ပိုကောင်းတယ်၊ မကြီးက ဘယ်တော့မှ မရိုက်ဘူး' ဟု စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်နေမိသည်။

ရှန်မြောင်တစ်ယောက် မီးဖိုချောင်ထဲတွင် ကြက်သား သွေးချွတ်ဆေးကြောနေသည်။ ပြတင်းပေါက်မှ ဝင်လာသော ငိုသံကို ကြားလိုက်ရသဖြင့် လက်ကို ခေတ္တရပ်တန့်လိုက်ပြီး သက်ပြင်းချကာ ဇလုံထဲမှ ကြက်သားများကို ဆက်ဆေးနေလိုက်သည်။

မူလက ဒီလိုနေ့ကောင်းရက်မြတ်မှာ အဒေါ်ကု မိသားစုကို ဖိတ်ပြီး ကျိအာအတွက် အတူတကွ ဂုဏ်ပြုစားသောက်ကြရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် အကောင်ကြီးပြီး ဝဖြိုးသော ကြက်နှစ်ကောင်ကို ဝယ်ခဲ့ခြင်း ဖြစ်သည်။ ကြက်များ၏ ဗိုက်ထဲတွင် ဥများပင် ပါသေးသည်။ သို့သော် ယခု လီမိသားစု၏ အခြေအနေကို ကြားလိုက်ရသဖြင့် သူမအနေဖြင့် သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုပွဲ ကျင်းပလိုက်လျှင် အဒေါ်လီ၏ အငြိုးထားမှုကို တစ်သက်လုံး ခံသွားရနိုင်သည်။

ထားလိုက်ပါတော့လေ။ ကိုယ့်မိသားစုပဲ အေးအေးဆေးဆေး စားကြတာပေါ့။

ကြက်သားဆေးပြီးနောက် မှို၊ ကြက်သွေးခဲ၊ ဆလပ်ရွက်၊ မုန်ညင်းဖြူ၊ တို့ဟူးခြောက်ကြော် စသည်တို့ကို ပြင်ဆင်လိုက်သည်။

မီးဖိုထဲတွင် မီးများ တောက်လောင်နေပြီ ဖြစ်သည်။ ဒယ်အိုးပူလာသောအခါ ဝက်ဆီခဲတစ်တုံး ထည့်လိုက်သည်။ ဆီပူလာလျှင် ကြက်သွန်မြိတ်နှင့် ဂျင်းကို အရင်ထည့်ကြော်ပြီးမှ ငရုတ်ကောင်း၊ နာနတ်ပွင့် စသည့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ကာ ဆီသတ်လိုက်သည်။ မွှေးကြိုင်သော အနံ့များ ထွက်လာချိန်တွင် ကြက်သားတုံးများကို ထည့်၍ မွှေကြော်လိုက်သည်။ ကြက်သားများ အဝါရောင်သန်းလာလျှင် ပဲပိစပ်ငပိ၊ ပဲငံပြာရည်၊ ဆား စသည်တို့ကို ထည့်လိုက်သည်။ ရှန်မြောင်သည် ရှောင်ရှင်းအရပ် ပန်းကန်လုံးကြီး တစ်လုံးကိုလည်း ဒယ်အိုးဘေးမှ လောင်းထည့်လိုက်သည်။ ရှောင်ရှင်းနံ့သည် အိုးထဲသို့ ရောက်သည်နှင့် အငွေ့ပျံသွားပြီး ဟင်းခတ်အမွှေးအကြိုင်များ၊ ကြက်သားများနှင့် ရောနှောကာ မွှေးကြိုင်သော အနံ့များ ပျံ့လွင့်လာလေတော့သည်။

...

အပိုင်း (၇၀) ဒယ်အိုးကပ် ကြက်သားပေါင်းဟင်း

ကြက်သားကို အရောင်ပြောင်းသွားသည်အထိ မွှေကြော်လိုက်သောအခါ အသားနံ့များ မွှေးကြိုင်လာလေသည်။ ထိုအခါ အသားမြုပ်ရုံ ရေထည့်ပြီး အဖုံးအုပ်ကာ ပေါင်းထားလိုက်သည်။

ဟင်းရည် ပျစ်နှစ်လာပြီး ကြက်သားနံ့နှင့် အခြားဟင်းရွက်နံ့များ ရောနှောမွှေးပျံ့လာသောအခါ နောက်ထပ်ဟင်းရွက်အမယ်များကို ထည့်ပြီး ဆက်လက် တည်ထားလိုက်သည်။

ဟင်းအိုးတည်ထားစဉ်အတွင်း သူမသည် ဂျုံနယ်လေသည်။

ဒယ်အိုးကပ် ကြက်သားပေါင်းဟင်းအတွက် မုန့်ပြားကလည်း အရေးကြီးသည်။ ယခင်က ရှန်မြောင်သည် ပြောင်းဖူးမှုန့်နှင့် ဂျုံမှုန့် ရောနယ်ရသည်ကို နှစ်သက်သည်။ သို့မှသာ ပြောင်းဖူး၏ ချိုမွှေးသော အရသာပါဝင်ပြီး ပိုမိုစားကောင်းသည်။ သို့သော် ယခုအချိန်တွင် ပြောင်းဖူးမရှိသဖြင့် ဂျုံသက်သက်ဖြင့် လုပ်ရသည်ကလည်း မဆိုးလှပေ။

ဂျုံနယ်ပြီးနောက် မျက်နှာပြင် ချောမွတ်လာသောအခါ အလုံးသေးလေးများ လုံးကာ ရေအေးထဲတွင် (၁၅) မိနစ်ခန့် စိမ်ထားလိုက်သည်။ ထို့နောက် ပြန်ဆယ်ယူကာ လက်နှစ်ဖက်ဖြင့် ဆွဲဆန့်ပြီး ဒယ်အိုးနှုတ်ခမ်းတစ်လျှောက် တစ်ပတ်လည် ကပ်လိုက်သည်။ သူမသည် မုန့်ပြားများကို အောက်ဘက်သို့ နည်းနည်းနှိမ့်၍ ကပ်လိုက်ရာ မုန့်ပြား၏ အောက်တစ်ဝက်သည် ဟင်းရည်ထဲတွင် နစ်မြုပ်နေပြီး အပေါ်တစ်ဝက်သည် ဒယ်အိုးနှုတ်ခမ်းတွင် ကပ်နေလေသည်။ ဤနည်းအားဖြင့် မုန့်ပြားသည် ကြက်သားအရသာ စိမ့်ဝင်ကာ ကြက်သားသည်လည်း မုန့်ပြား၏ အနံ့ကို ရရှိပြီး စားလိုက်လျှင် လူကို မူးမေ့သွားစေလောက်အောင် ကောင်းမွန်လေသည်။

စားသည့်အခါ ပန်းကန်ထဲ မခပ်ထည့်ဘဲ မုန့်ပြားများ ကျက်သွားသည်နှင့် ရှန်မြောင်သည် အိမ်ဆောက်တုန်းက ကျန်နေသည့် အုတ်ခဲများဖြင့် ခြံဝင်းထဲတွင် ယာယီမီးဖိုတစ်ခု ပြုလုပ်လိုက်သည်။ ပေါင်မုန့်ဖုတ်သည့် သံဗန်းပေါ်တွင် မီးသွေးခဲများတင် မီးမွှေးပြီး မီးဖိုထဲ ထည့်လိုက်သည်။ ထို့နောက် ကြက်သားအိုးကို မီးဖိုပေါ်တင်ကာ အားလုံး ဝိုင်းဖွဲ့စားသောက်ကြလျှင် အစမှအဆုံးထိ ပူပူနွေးနွေး စားနိုင်လိမ့်မည်။

ကြက်သားဟင်း ကျက်သွားချိန်တွင် မိုးချုပ်စပြုနေလေပြီ။

ဒယ်အိုးကြီးတစ်ခုလုံး ကြက်နှစ်ကောင်နှင့် ဟင်းရွက်များဖြင့် ပြည့်နေ၏။ ရှန်မြောင် မနည်းမ,ကာ သယ်ထုတ်လာသောအခါ ဟင်းရည်များ ပွက်ပွက်ဆူနေပြီး အမြှုပ်လေးများထကာ တပွက်ပွက် မြည်နေဆဲ ဖြစ်သည်။

မီးဖိုပေါ် တင်လိုက်သည်နှင့် ယိုယွီက တက်ကြွစွာဖြင့် ခုံပုလေး သယ်လာပြီး ကျိအာနှင့် ရှန်းအာက ပန်းကန်ခွက်ယောက်များ ပြင်ဆင်ကြသည်။ တစ်နေကုန် အပြင်ထွက် ဆော့နေသော ခွေးလေးသည် ဘယ်အချိန်က ပြန်ရောက်နေမှန်း မသိဘဲ အနံ့ရသည်နှင့် ယပ်တောင်ခတ်သကဲ့သို့ အမြီးတနှံ့နှံ့ဖြင့် ရှန်မြောင်ခြေထောက်ပေါ် ဖင်ချထိုင်လေသည်။ မောင်းထုတ်၍လည်း မရပေ။

လေထင်ကတော့ သူ့ထက် ပိုတည်ငြိမ်ပြီး ဖြည်းဖြည်းချင်း လျှောက်လာကာ နောက်ဆုံးတွင် ကျိအာခြေရင်းတွင် ဝပ်နေသည်။

ညအမှောင်ထု ကျရောက်လာပြီး မမည်းမှောင်သေးသော ကောင်းကင်ပြာပြာတွင် ငွေရောင်သံမှိုစွဲထားသကဲ့သို့ ကြယ်ရောင်များ လင်းလက်နေသည်။ နွေလေညင်း နွေးနွေးသည် ခြံစည်းရိုးကို ကျော်ဖြတ်၍ တိုက်ခတ်လာပြီး မီးဖိုထဲမှ မီးသွေးမီးများကို တောက်လောင်စေသည်။ မီးသွေးများ ပေါက်ကွဲသံ တဖျစ်ဖျစ် မြည်နေပြီး မီးပွားလေးများ လွင့်ပျံနေသည်။ အိုးထဲတွင် ကြက်သားဟင်း ပွက်ပွက်ဆူနေပြီး ရှန်မြောင် အဖုံးဖွင့်လိုက်သည်နှင့် မွှေးပျံ့သော အနံ့များ မြူခိုးပမာ လှိုင်ထွက်လာရာ ရှန်းအာက “ ဝါး ” ဟုပင် အော်မိလိုက်သည်။

လေးယောက်သား ဒယ်အိုးကြီးကို ဝိုင်းဖွဲ့ထိုင်ကြသည်။ လူနှစ်ယောက်ကြားတွင် ခုံပုတစ်လုံး ပိုချထားပြီး အရက်ပန်းကန်နှင့် အရိုးထည့်ရန် ပန်းကန်ပြားများ တင်ထားသည်။

ကလေးများ အရက်မသောက်ရသဖြင့် သူမနှင့် ယိုယွီအတွက် တွင်းရေအေးအေးတွင် စိမ်ထားသော စိမ်းစားဥအရက် တစ်ခွက်စီနှင့် ကျိအာ၊ ရှန်းအာတို့အတွက် မေစန်းညန် ပေးလိုက်သည့် ဆီးဖျော်ရည်ကို ထည့်ပေးလိုက်သည်။ နှုတ်ခမ်းစူနေသော ရှန်းအာ၏ ပါးကို ဆွဲညှစ်လိုက်ပြီး အားလုံး ပန်းကန်မြှောက်၍ သောက်ရန် တိုက်တွန်းလိုက်သည်။

“ ဒီနေ့က တခြားကိစ္စ မရှိဘူး၊ ငါတို့ ကျိအာ ဖိယုံးစာသင်ကျောင်း ဝင်ခွင့်ရတာကို ဂုဏ်ပြုဖို့ သက်သက်ပဲ၊ ပြီးတော့ အတော်ဆုံး ကျာတန်းခွဲက ဝင်ခွင့်ရတာ၊ နင် တကယ်တော်တယ်၊ နောက်ဆို ကျိအာက ကျောင်းကောင်းကောင်းမှာ စာသင်ရတော့မယ်၊ ရှေ့လျှောက် အရာရာ အဆင်ပြေချောမွေ့ပါစေ ”

“ အဆင်ပြေချောမွေ့ပါစေ ”

ရှန်းအာက အော်ဟစ်ကာ လိုက်ပြောလေသည်။

“ ပျော်ပျော်ရွှင်ရွှင်လည်း ဖြစ်ပါစေ ”

ရှန်မြောင်က ထပ်ဖြည့်ပြောလိုက်သည်။

“ အား... အား... ”

ဒါကတော့ ယိုယွီ၏ စိတ်လှုပ်ရှားနေသော အသံပင် ဖြစ်သည်။

လက်လေးဖက်သည် မြေအိုးပန်းကန်များကို မြှောက်လိုက်ကြပြီး ညကောင်းကင်၊ မီးဖိုမီးနှင့် ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကို နောက်ခံထားလျက် "ချလွင်" ခနဲ တိုက်လိုက်ကြသည်။ အရက်နှင့် ဟင်းရည်များ ဖိတ်စင်ကျလာပြီး ရယ်မောသံများနှင့် ဆုတောင်းသံများသည် သစ်ပင်ထက်တွင် ချိတ်ဆွဲထားသော လရောင်နှင့်အတူ ခြံဝင်းငယ်လေးထဲတွင် စီးဆင်းသွားတော့သည်။

ထို့နောက် အားလုံးက ခေါင်းငုံ့စားသောက်ကြသည်။ အရသာ ရှိလွန်းသဖြင့် စကားပင် မပြောနိုင်ကြပေ။ ကြက်သားကို နူးအိနေအောင် ပေါင်းထားပြီး မုန့်ပြားများက ဟင်းရည်ကို စုပ်ယူထားသဖြင့် ပါးစပ်ထဲ ထည့်လိုက်သည်နှင့် လျှာဂျွမ်းပျံလောက်အောင် ကောင်းမွန်လှသည်။ ဗိုက်တစ်ဝက်လောက် ပြည့်သွားမှ ရှန်းအာသည် သတိရပြီး အရိုးကြီးများကို လေထင်နှင့် ခွေးလေးကို ပစ်ကျွေးလေသည်။ သူတို့နှစ်ကောင်လည်း အရိုးကို ကိုက်ချီကာ ပြန်ဝပ်သွားပြီး အားပါးတရ ကိုက်ဝါးနေကြသည်။

စားသောက်ပြီးစီးသောအခါ ရှန်မြောင်သည် မီးဖိုချောင်ထဲတွင် ကျန်နေသေးသော မုန့်စိမ်းများကို ဖုတ်လိုက်ပြီး ဝက်ရိုးပြုတ်ဟင်းရည်ဖြင့် ရောနယ်ကာ ခွေးနှစ်ကောင်ကို ထမင်းထပ်ကျွေးလိုက်သည်။ လေထင်သည် ဗိုက်ကားနေပြီး ဝရန်တာအောက်တွင် ဝပ်လျက် မလှုပ်ချင်တော့သကဲ့သို့ ဖြစ်နေ၏။

ရှန်းအာသည်လည်း ဗိုက်တင်းလွန်းသဖြင့် လမ်းလျှောက်လျှင် တိုင်ကို ကိုင်လျှောက်နေရပြီး နောက်ဆုံးတွင် လေထင်အပေါ် မှီချလိုက်ကာ မျက်လုံးမှိတ်ပြီး မလှုပ်တော့ပေ။

ရှန်ကျိလည်း ထိုနည်းလည်းကောင်းပင်၊ ခြံထဲတွင် လမ်းလျှောက်နေရသည်။

ယိုယွီကတော့ လိမ္မာစွာဖြင့် ပန်းကန်ဆေးနေသည်။ ရှန်မြောင်သည် ဝါးလုံးရှည်ဖြင့် ခြံထဲရှိ မီးအိမ်ကို ဖြုတ်ယူကာ မီးထွန်းပြီး ပြန်ချိတ်လိုက်သည်။ မီးလင်းသွားသောအခါ ခြံထဲတွင် ကျရောက်နေသော လရောင်သည် မီးအိမ်ရောင်ကြောင့် နွေးထွေးသော အရောင်အဖြစ် ပြောင်းလဲသွားပြီး ရေပြင်ပမာ ကြည်လင်တောက်ပနေသည်။

ခွေးဝါလေး တစ်ကောင်သာ အပြင်သို့ ပြေးထွက်သွားပြီး ခဏအကြာတွင် ပါးစပ်ထဲ၌ တစ်စုံတစ်ခုကို ကိုက်ချီကာ ပြန်ရောက်လာသည်။

ခွေးလေး ပါးစပ်ထဲတွင် ပစ္စည်းပါလာသည်ကို မြင်သောအခါ ရှန်မြောင် စိတ်ထင့်သွားသည်။

ဒီခွေးလေးက ကြီးလာလေ ပိုဆိုးလာလေ ဖြစ်သည်။ ဒီရက်ပိုင်း အပြင်ထွက်လည်ရုံသာမက အိမ်ထဲသို့ ဖိနပ်အစုတ်များ ကိုက်ချီလာတတ်သည်။ ဘယ်က ခိုးလာမှန်းမသိ၊ အကြိမ်ကြိမ် ကိုက်ချီလာပြီး တစ်ဖက်တည်းကိုသာ ရွေးခိုးလာသဖြင့် ဖိနပ်ပျောက်သွားသော ပိုင်ရှင်မှာ ဘယ်လောက်တောင် ဆဲဆိုနေမလဲ မသိပေ။

နောက်ဆုံးတွင် ရှန်မြောင်သည် ခြင်းတောင်းတစ်လုံး ရှာပြီး လမ်းကြားထဲတွင် ထားလိုက်ကာ ခွေးလေး ကိုက်ချီလာသော ဖိနပ်စုတ်များကို ထည့်ထားပြီး ပိုင်ရှင်လာရွေးရန် စီစဉ်ပေးခဲ့ရသည်။

ထို့ကြောင့် ယခုလည်း တက်ကြွစွာဖြင့် တစ်ခုခု ကိုက်ချီလာပြန်သဖြင့် ဖိနပ်ထပ်ခိုးလာပြန်ပြီဟု ထင်ကာ ရှန်မြောင် ခေါင်းနပန်းကြီးသွားရသည်။ သူမ အမြန်ပြေးသွားပြီး ခွေးနားရွက်ကို ဆွဲကာ ဆူပူလိုက်သည်။

“ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ၊ အပြင်က ပစ္စည်းတွေကို လျှောက်မကိုက်ခဲ့နဲ့လို့၊ ပြောမရဆိုမရ၊ တော်ကြာ လေထင်ကို ကိုက်ခိုင်းလိုက်မှ နာမှန်းသိမယ်၊ အရင်က ဖိနပ်တွေ ဘယ်က ခိုးလာတာလဲ၊ အခု ပါးစပ်ထဲက ဟာက ဘာကြီးလဲ၊ မြန်မြန်... ပိုင်ရှင်ဆီ ပြန်သွားပေးလိုက်စမ်း ”

စကားမဆုံးခင် ခွေးလေးက ပါးစပ်ထဲမှ အရာကို မြေကြီးပေါ် ထွေးထုတ်လိုက်သည်။

ရှန်မြောင် ငုံ့ကြည့်လိုက်ရာ ဖိနပ်စုတ်မဟုတ်ဘဲ အမွှေးပါသော ကြွက်ကြီးတစ်ကောင် ဖြစ်နေပြီး မြေကြီးပေါ်တွင် တွားသွားနေသည်။

သူမ "အာ" ခနဲ အော်လိုက်ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။ သေချာပြန်ကြည့်လိုက်တော့ ကြွက်မဟုတ်သလိုလို ရှိသည်။ ကြွက်က အမွှေးအကွက် ပါပါ့မလား။ ကြွက်ဆိုတာ မီးခိုးရောင်ပဲ ရှိတာ မဟုတ်ဘူးလား။

ထို့အပြင် ဒီကြွက်ကြီးက "မြောင်... မြောင်..." ဟု အော်နေသည်။

ရှန်မြောင်တစ်ယောက် စိတ်ထဲ မကောင်းတော့ပေ။ ထိုင်ချလိုက်ပြီး လက်ချောင်းဖြင့် ဖွဖွလေး ထိုးကြည့်လိုက်ရာ နွေးထွေးနူးညံ့နေသည်။ လှန်ကြည့်လိုက်တော့ မျက်လုံးပင် မပွင့်သေးသော ကြောင်ပေါက်လေး ဖြစ်နေလေသည်။ အဝါ၊ အဖြူ၊ အနက် သုံးရောင်ခြယ် ကြောင်လေး ဖြစ်ပြီး ခွေးလေး၏ တံတွေးများကြောင့် တစ်ကိုယ်လုံး စိုရွှဲနေသည်။ မျက်လုံးတစ်ဖက်သာ ပွင့်သေးပြီး သေချာမမြင်ရသေးဘဲ မြေကြီးပေါ်တွင် "မြောင်" ဟု အော်ရင်း လျှောက်သွားနေသည်။

“ နင်... နင် ဘယ်က ကြောင်ကို သွားခိုးလာတာလဲ ”

ရှန်မြောင် ခွေးလေးကို လက်ညှိုးထိုးပြီး စိတ်ပျက်လက်ပျက် အော်လိုက်သည်။

“ ဒုက္ခပဲ၊ ကြောင်မကြီးလည်း မရှိ၊ ဆိတ်နို့လည်း မရှိဘဲ ဒီကြောင်ပေါက်လေး ဘယ်လို အသက်ရှင်မလဲ၊ ဘယ်က ခိုးလာတာလဲ၊ မြန်မြန်... ကြောင်မကြီး မသိခင် ပြန်သွားပို့ရအောင် ”

ခွေးလေးက "ဝုတ် ဝုတ်" ဟု ပြန်အော်ပြီး အပြစ်ကင်းစင်ကြောင်း မျက်နှာပေး လုပ်ပြနေသည်။

ရှန်မြောင်သည် ကြက်စာကျွေးသည့် ခွက်ကို ယူကာ ကြောင်လေးကို ထည့်လိုက်ပြီး ခွေးလေးကို ဆွဲ၍ အပြင်ထွက်လာခဲ့သည်။ နေရာအနှံ့ ကြောင်မကြီး မွေးထားသည့် နေရာကို လိုက်ရှာသော်လည်း ယန်လျိုအရှေ့လမ်းကြားမှ အနောက်လမ်းကြားအထိ၊ ကြောင်မွေးထားသည့် အိမ်များကို မေးမြန်းသော်လည်း မတွေ့ရပေ။ ကျင်းလျန်တံတား တစ်ဖက်ကမ်းအထိ သွားရှာသော်လည်း မတွေ့ရ။

နောက်ဆုံးတွင် တောကြောင်ကြီးကို တွေ့လိုက်ရသော်လည်း ထိုကြောင်ကြီးသည် ရှန်မြောင် တံတားပေါ်တွင် ဈေးမရောင်းတော့သည့် နောက်ပိုင်း သဘောကောင်းသော ငါးဆိုင်ပိုင်ရှင်တစ်ဦးကို ရှာတွေ့သွားပြီး သူ့တပည့်များနှင့်အတူ ငါးဆိုင်စောင့်ပေးကာ နေ့စဉ် ငါးစားနေရပြီ ဖြစ်သည်။

ရှန်မြောင်သည် ခွေးဆွဲ၊ ကြောင်ပိုက်လျက် ဘာလုပ်ရမှန်းမသိ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လျှောက်လာစဉ် အဝေးမှ သူမကို လှမ်းခေါ်သံ ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်ရာ လူအုပ်ကြားထဲတွင် ရင်းနှီးနေသော မြင်းနီကြီးက သူမရှိရာသို့ ခက်ခက်ခဲခဲ တိုးဝှေ့လာနေသည်။

“ ရပ် ”

ကျိုးတာ့ နဖူးမှချွေးကို သုတ်လိုက်ပြီး မြင်းလှည်းကို ရှန်မြောင်ရှေ့တွင် ရပ်လိုက်သည်။

ရှဲ့ချီသည် အံ့ဩဝမ်းသာသွားပြီး လှည်းပေါ်မှ ဆင်းလာသည်။

“ ရှန်ညန်ဇီ... ညဈေး လာလည်တာလား၊ မထင်မှတ်ဘဲ ဆုံလိုက်တာပဲ ”

“ ဘယ်က ညဈေး လည်ရမှာလဲ၊ ကျွန်မ အိမ်က ခွေးကြောင့် ဒုက္ခရောက်နေတာ... ကျွန်မ... အဲ... ကျွန်မ ကြောင်အမေ လိုက်ရှာနေတာ ”

ရှဲ့ချီ ငုံ့ကြည့်လိုက်ရာ ရှန်မြောင်ရင်ခွင်ထဲတွင် မြေအိုးခွက်အပြားလေး တစ်ခု ပွေ့ထားပြီး ထိုထဲတွင် ကြွက်ထက် အနည်းငယ်သာကြီးသော ကြောင်ပေါက်လေး ရှိနေသည်ကို တွေ့လိုက်ရသည်။

“ ဪ... တွေ့ပြီလား၊ ရှန်ညန်ဇီ အိမ်မှာ ကြောင်ထပ်မွေးတာလား ”

“ ဘယ်ကလာ မွေးရမှာလဲ၊ အားလုံး ဒီကောင်ကြောင့်ပဲ ”

ရှန်မြောင် ဒေါသထွက်ထွက်ဖြင့် ခွေးလေး၏ ပြစ်မှုများကို ဖွင့်ချလိုက်သည်။ ဖိနပ်ကိုက်ချီလာပုံ၊ ကြောင်ကိုက်ချီလာပုံများကို ပြောပြလိုက်သည်။ စိတ်ဆိုးနေသဖြင့် ပြောပုံဆိုပုံက ပိုမိုသွက်လက်ပြီး ရယ်စရာကောင်းနေသဖြင့် ရှဲ့ချီ၏ ရင်ထဲမှ ခွဲခွာရခြင်း ဝမ်းနည်းမှုများကိုပင် လျော့ပါးသွားစေသည်။

ဒီည သူသည် အစ်ကိုဖြစ်သူ ရှဲ့ထျောင်ကို မြို့ပြင် လိုက်ပို့ခြင်း ဖြစ်သည်။

ရှဲ့ထျောင်ကလည်း သွားမည်ဆိုလျှင် ချက်ချင်းသွားတတ်သူ ဖြစ်သည်။ ရှဲ့အဖေ ရုံးတော်မှ ပြန်ရောက်ပြီး တစ်နာရီကျော်ကြာ ဖျောင်းဖျသော်လည်း မရပေ။ ထို့ကြောင့် ညတွင်းချင်းပင် အထုတ်အပိုး ပြင်ဆင်ပြီး မြင်းနှစ်ကောင်၊ အစေခံနှစ်ယောက်ဖြင့် မြို့ပြင် ထွက်ခွာသွားလေသည်။

ရှဲ့ချီသည် မြို့ပြင်လမ်းမကြီးအထိ လိုက်ပို့ခဲ့ပြီး ရှဲ့ထျောင်က သူ့ကို ပြန်လွှတ်လိုက်သည်။

ကြည်လင်သော ညကောင်းကင်အောက်တွင် သူ့အနောက်၌ ရှည်လျားသော လမ်းမကြီး ရှိနေပြီး ရှဲ့ထျောင်က မြင်းပေါ်တက်လိုက်ပြီး ရှဲ့ချီကို အားနာစွာ ပြောလိုက်သည်။

“ အစ်ကိုကြီးက အသုံးမကျပါဘူး၊ နောက်ဆိုရင် အဖေ၊ အမေနဲ့ အဘွားကို မင်းပဲ ဂရုစိုက်ပေးပါတော့ ”

ထို့နောက် ကိုယ့်ကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်ပြီး ဆက်ပြောသည်။

“ ငါကလည်း အပိုတွေ မှာနေမိတယ်၊ မင်းက ငယ်ငယ်ကတည်းက ငါ့ထက် ပိုလိမ္မာတာပဲ၊ ငါ မပြောလည်း မင်း ကောင်းကောင်း လုပ်နိုင်မှာပါ ”

ရှဲ့ချီ ဘာပြန်ပြောရမှန်းမသိ ရင်ထဲ ဆို့နင့်နေပြီး နောက်ဆုံးတွင် ရှေ့တိုးကာ ပြောလိုက်သည်။

“ အစ်ကိုကြီး... ဂရုစိုက်နော် ”

ရှဲ့ထျောင်က ဟားတိုက် ရယ်မောလိုက်ကာ “ စိတ်ချ၊ ငါ မသေပါဘူး ”

ပါးစပ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း မျက်နှာအမူအရာက ချက်ချင်း လေးနက်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် ရှဲ့ချီကို လက်ယပ်ခေါ်ကာ မြင်းပေါ်မှ ကိုယ်ကိုကိုင်း၍ တိုးတိုးလေး မှာကြားလိုက်သည်။

“ ငါ့အခန်းထဲက ကုတင်အောက် ၄ ချပ်မြောက် အုတ်ချပ်က လှုပ်နေတယ်၊ အဲဒီအောက်မှာ ဟိုတုန်းက ရွှီမိသားစုအမှုအတွက် ငါ့လက်တစ်ဖက်နဲ့ လဲပြီး ရထားတဲ့ သက်သေပစ္စည်းတွေ ရှိတယ်... လွန်ခဲ့တဲ့ ၃ နှစ်က ရွှီမိသားစု သုံးယောက် အဆိပ်ခတ် သတ်ဖြတ်ခံရတုန်းက တရားခံ ခြံစည်းရိုးကျော် ထွက်ပြေးတာကို မြင်လိုက်ရတဲ့ ကင်းသမားနှစ်ယောက် ရှိတယ်လို့ ငါ စုံစမ်းမိခဲ့တယ်၊ ဒါပေမဲ့ နောက်တစ်နေ့မှာပဲ မြို့ထဲမှာ မြင်းလန့်မှု ဖြစ်ပြီး အဲဒီကင်းသမားတွေ အနင်းခံရပြီး သေသွားခဲ့တယ်၊ တခြား အပြစ်မဲ့တဲ့ ဈေးသည်တွေပါ ထိခိုက်ခဲ့ရတယ်၊ ဒါပေမဲ့ မြင်းစီးတဲ့သူကတော့ မြင်းလန့်သွားတာပါဆိုပြီး ဆင်ခြေပေးတယ်၊ သူလည်း ဒဏ်ရာရသွားတော့ အမှုက ပြီးစလွယ် ပြီးသွားခဲ့တယ် ”

“ တကယ်လို့ ငါက ပေါ်ဝမ်နယ်စားကြီးလိုမျိုး အနောက်ဘက်ဒေသကို လမ်းဖောက်ပြီး အသက်ရှင်လျက် ပြန်လာနိုင်ရင် ဒီစကားတွေကို အတည်မယူနဲ့၊ ငါ လေလည်လိုက်တယ်လို့သာ သဘောထားလိုက်၊ တကယ်လို့များ... ”

ရှဲ့ထျောင် ခဏရပ်လိုက်ပြီး နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ ညီဖြစ်သူ၏ ပခုံးကို ပုတ်လိုက်ပြီး...

“ တကယ်လို့များ ငါသေသွားပြီဆိုတဲ့ သတင်းကြားရင် ဒီအမှုကို မမေ့ပါနဲ့၊ အခွင့်အရေးရရင် အစ်ကို့အစား ဆက်ပြီး စုံစမ်းပေးပါ၊ မတရားသေဆုံးသွားရတဲ့ သူတွေကို အမှန်တရား ဖော်ထုတ်ပေးပါ ”

ထို့နောက် ရှဲ့ထျောင်သည် ကိုယ်ကိုမတ်လိုက်ပြီး ရှဲ့ချီကို နောက်ဆုံးတစ်ခေါက် တလေးတနက် ကြည့်ကာ မြင်းဇက်ကြိုးကို လက်တစ်ဖက်တည်းဖြင့် ဆွဲ၍ မြင်းဗိုက်ကို ခြေထောက်ဖြင့် ညှပ်ကာ ကြယ်တံခွန်ပမာ အနောက်အရပ်ဆီသို့ ထွက်ခွာသွားလေသည်။ ပြန်လှည့်မကြည့်တော့ပေ။

ရှဲ့ထျောင် ထွက်ခွာသွားပြီးနောက် ရှဲ့ချီသည် ညအမှောင်ထဲတွင် အချိန်အကြာကြီး ရပ်ကျန်နေခဲ့လေသည်။

မိဘများနှင့် အဘွားက လိုက်ပို့ချင်သော်လည်း သူက ငြင်းပယ်ခဲ့သည်။ ငိုကြီးချက်မနှင့် ခွဲခွာရသည်ကို မလိုလားကြောင်း၊ ထိုသို့ဆိုလျှင် စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ကျိုကော တစ်ယောက်တည်းသာ နောက်ဆုံးခရီး လိုက်ပို့ရန် ခွင့်ပြုခဲ့သည်။

သူကလည်း ကြိုတင်ကြံစည်ထားပုံရသည်။ မိဘများကို ထပ်မံ စိတ်မထိခိုက်စေလိုဘဲ သူ့ကိုသာ နောက်ဆုံးစကား မှာကြားချင်ခဲ့ပုံရသည်။

အစ်ကိုဖြစ်သူအကြောင်း တွေးမိရင်း ရှဲ့ချီသည် ရှန်မြောင်ရင်ခွင်ထဲမှ ကြောင်လေးကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိပြန်သည်။ အစ်ကို့အခန်းထဲတွင်လည်း ဝဖြိုးသော ကြောင်နှစ်ကောင် မွေးထားသည်။ ကြွက်မဖမ်းဘဲ ကုတင်လိုက်ကာများကိုသာ ကုတ်ခြစ်တတ်သည်။ ထို့ကြောင့် အစ်ကို့အခန်းမှ ကုတင်လိုက်ကာတိုင်းသည် အမြိတ်အစွန်းများဖြင့် စုတ်ပြဲနေတတ်သည်။ ယခု အစ်ကို ထွက်သွားပြီဖြစ်ရာ ထိုကြောင်နှစ်ကောင်ကို အဘွားခြံဝင်းထဲသို့ ပို့ထားလိုက်ရသည်။ အဘွား၏ ကုတင်လိုက်ကာများကို ထိုကဲ့သို့ မကုတ်ခြစ်မိစေရန်သာ ဆုတောင်းရတော့မည်။

“ ဟင်း... နှစ်ပတ်လောက် ပတ်ရှာတာတောင် ဒီကြောင်ပေါက်စရဲ့ အမေကို ရှာမတွေ့ဘူး၊ နို့တိုက်ပေးမယ့် တခြားကြောင်မလည်း မတွေ့ဘူး၊ ပိုက်ဆံပေးပြီး သူများကြောင်ဆီမှာ ကပ်တိုက်ခိုင်းဖို့ စဉ်းစားပေမယ့် အဆင်မပြေဘူး၊ ဒုက္ခပါပဲ၊ တကယ့်ကို စိတ်ညစ်စရာပဲ ”

ရှန်မြောင် သက်ပြင်းချလိုက်သည်။

ညဈေးတန်းမှ မီးရောင်များသည် လှုပ်ရှားနေပြီး မျက်မှောင်ကြုတ်ထားသော ရှန်မြောင်၏ ပုံရိပ်သည် ရေပြင်ပေါ်မှ ပုံရိပ်ပမာ လှပနေသည်။ သူ တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲကာ မသိစိတ်မှ ပြောလိုက်မိတော၏။

“ ကျွန်တော့်အိမ်မှာ ကြောင်ရှိတယ်၊ ရှန်ညန်ဇီ ရဲ့ ကြောင်လေးကို ခဏ ခေါ်ထားပေးပြီး နို့ဖြတ်မှ ပြန်လာပို့ပေးမယ်လေ ”

ရှန်မြောင်လည်း ဝမ်းသာသွားတော့သည်။

“ ဒါဆိုရင်တော့ ကျိုကော ကိုပဲ အားကိုးရတော့မယ်၊ ကျေးဇူးတင်ပါတယ်ရှင် ”

သူမ၏ မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးလိုက်သော အပြုံးကြောင့် ရှဲ့ချီမှာ မျက်နှာရဲတက်သွားလေသည်။ လက်ထဲတွင် ကြွက်လောက်သာရှိသော ကြောင်ပျော့ပျော့လေးကို လှမ်းယူလိုက်ပြီး အစ်ကို့ကြောင်က အထီးလား၊ အမလား ဆိုတာကိုပင် မစဉ်းစားမိတော့ဘဲ ကြောင်လေး၏ ကျောကို ပွတ်သပ်ကာ မေးလိုက်သည်။

“ နာမည် ဘယ်လိုခေါ်မလဲ ”

“ အခုမှ ကောက်ရတာဆိုတော့ နာမည်မပေးရသေးဘူး ”

ရှန်မြောင် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ခြေရင်းမှ ခွေးလေးကို ညွှန်ပြသည်။

“ ကျွန်မက နာမည်ပေးတာ သိပ်ညံ့တာ၊ ဒီခွေးလေးဆိုရင် မွေးထားတာ ကြာပြီ၊ အခုထိ နာမည်မရှိသေးဘူး ”

ရှဲ့ချီ စဉ်းစားလိုက်ပြီး ပြုံးကာ ပြောသည်။

“ အိမ်မှာ လေထင် ရှိတယ်ဆိုတော့ ဒီခွေးလေးကို ကျွေးဖုန်း (လေညှင်း) လို့ ပေးလိုက်မယ်၊ လေနဲ့ မိုးကြိုး ရပြီ၊ ဒီကြောင်လေးကျတော့ နဖူးမှာ အဝါကွက်ပါတယ်၊ အမြီးကတိုတယ်ဆိုတော့ မီးဓာတ်ပါတဲ့ ချီလင်လို့ ပေးလိုက်မယ် ”

ရှန်မြောင်က ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်လေသည်။ တော်ပါသေးရဲ့၊ နာမည်ကောင်း ပေးမယ့်သူ ရှိလို့။

နောက်ဆိုရင် အဒေါ်လီ မျက်စောင်းထိုးတာ မခံရတော့ဘူးပေါ့။

ရှဲ့ချီနှင့် ရှန်မြောင်တို့ လမ်းခွဲပြီးနောက် သူ့ရင်ခွင်ထဲတွင် ချီလင် အမည်ရ ကြောင်လေးတစ်ကောင် ပါလာခဲ့သည်။ ရင်ခွင်ထဲ အတင်းတိုးဝင်နေသော ကြောင်လေးကို ငုံ့ကြည့်လိုက်ပြီး နူးညံ့သော အမွှေးများကို လက်ချောင်းဖြင့် ထိုးကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“ မင်းက ရှန်ညန်ဇီ ရဲ့ ကြောင်ဆိုတော့ ရှဲ့အိမ်မှာ နေရပေမယ့် ရှန်မျိုးရိုးပဲ ယူရမယ်၊ မင်းနာမည်အပြည့်အစုံက ရှန်ချီလင် ပဲ၊ မင်းကြီးလာရင် ဘွဲ့နာမည် ထပ်ပေးမယ်... ”

မြင်းလှည်းမောင်းနေသော ကျိုးတာ့သည် ကျိုကော၏ ယောင်တောင်တောင် စကားများကို ကြားလိုက်ရပြီး ခေါင်းခါမိလိုက်တော့သည်။

သခင်မကြီး ပြောတာ မှန်တယ်။ ကျိုကော တကယ် ရူးသွားပြီ။

ရှဲ့ချီသည် အိမ်ရောက်သည်နှင့် အဘွားခြံဝင်းထဲသို့ အပြေးသွားပြီး ကြောင်ကို ရှာတော့သည်။ ဝဖြိုးသော ကြောင်နှစ်ကောင်၏ အမြီးကို မကြည့်လိုက်ရာ ကြောင်ဥများ ပါနေသည်ကို တွေ့လိုက်ရသဖြင့် ကြောင်အမ်းသွားသည်။ အစ်ကို့ကြောင် နှစ်ကောင်စလုံးက အထီးတွေပဲ။

ရှဲ့သခင်မကြီးသည် တတိယမြေး ထွက်သွားသဖြင့် ဝမ်းနည်းနေပြီး ညစာစားချိန်တွင် ရှဲ့အဖေနှင့် ဖက်ပြီး ငိုထားသေးသည်။

ခုနလေးတင်မှ ရှီးရှီက ချော့မော့ထားသဖြင့် အနည်းငယ် သက်သာရာရနေစဉ် ရှဲ့ချီ၏ ကြောင်ထိန်းမည့် အစီအစဉ်ကို ကြားလိုက်ရသဖြင့် လက်ဖက်ရည်များ မှုတ်ထုတ်သည်အထိ ရယ်မောလိုက်တော့သည်။ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး လက်ကို ခါယမ်းကာ ရယ်မောပြောဆိုလေသည်။

“ ကျိုကော ရယ်... ကျိုကော... ဒီကြောင်တွေက အထီးတွေ ဖြစ်နေလို့ ထားပါတော့၊ အမတွေ ဖြစ်ရင်တောင်မှ သားမပေါက်ဘဲနဲ့ နို့ဘယ်က ထွက်မှာလဲ၊ မင်းက ငယ်ငယ်ကတည်းက အမွှေးပါတဲ့ သတ္တဝါတွေ မမွေးဖူးတော့ ဗဟုသုတ မရှိလိုက်တာ၊ ထားလိုက်ပါတော့၊ ယွီမားမား... ငါ ပုံမှန်သောက်တဲ့ ဆိတ်နို့ခဲကို ဖျော်ပြီး ယူလာခဲ့ပါ၊ ငါတို့ ကျိုကောရဲ့ ကုသိုလ်ပြုပွဲကို ကူညီပေးလိုက်ပါဦး ”

ရှဲ့ချီသည် သက်ပြင်းချလိုက်ပြီး ဆိတ်နို့နှင့် ကြောင်ကို ပိုက်ကာ တစ်ညလုံး ကြောင်အဖေ လုပ်လေတော့သည်။

နောက်တစ်နေ့ မနက်တွင် မျက်ကွင်းညိုကြီးများဖြင့် မိခင်ဖြစ်သူ ရှီးရှီ၏ ခေါ်ယူခြင်းကို ခံရသည့်အချိန်တွင် ခြေလှမ်းများပင် ယိုင်နဲ့နေလေသည်။ ရှန်ချီလင်သည် ၃ နာရီတစ်ခါ ဗိုက်ဆာပြီး "မြောင်" ဟု အော်တတ်သဖြင့် သူသည် ၂ နာရီတစ်ခါ ထပြီး နို့တိုက်ရသောကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးထိန်းရသည့် ဒုက္ခကို ခံစားနေရလေသည်။

သူက အခန်းထဲ ဝင်သွားချိန်တွင် ရှီးရှီက စာရင်းတွက်နေသဖြင့် ခေါင်းမမော့ဘဲ မေးလိုက်သည်။

“ မနေ့က မမေးလိုက်ရဘူး၊ ဒီနေ့ သတိရလို့... မင်း ရှန်ညန်ဇီ နဲ့ အလုပ်ရုံကိစ္စ ဆွေးနွေးတာ ဘယ်လိုလဲ ”

ရှဲ့ချီ ကြောင်တောင်တောင်ဖြင့် အချိန်အတော်ကြာမှ ထိုကိစ္စကို သတိရသွားတော့၏။ ခေါင်းကို ခေါက်လိုက်ရာ ခေါင်းထဲတွင် "မြောင်... မြောင်..." ဟူသော အသံများသာ ကြားနေရသည်။ ရှီးရှီ၏ သံသယအကြည့်များကို ရင်ဆိုင်ရင်း သူ့မှာ ခါးသီးစွာ ပြုံးပြလိုက်သည်။

“ ရှန်ညန်ဇီ က ချက်ချင်း သဘောတူပါတယ်၊ ဒါပေမဲ့... သူပြောတဲ့ ကာကွယ်ရေးအလွှာတို့၊ ငွေကြေးခွဲခြားတာတို့ ကျွန်တော် မေ့သွားတယ်... ”

ရှီးရှီ - “ ... ”

ရှဲ့ချီက သန်းဝေနေသည်ကို ကြည့်ပြီး သူမ သက်ပြင်းချကာ စာရင်းအုပ်ကို ပိတ်လိုက်သည်။

'ထားလိုက်ပါတော့၊ ဒီနေ့ ငါကိုယ်တိုင်ပဲ သွားတော့မယ်'

'ဒီကလေး ဒီရက်ပိုင်း ပုံစံမမှန်ဘူး ဖြစ်နေတယ်၊ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်မှပဲ သိရတော့မယ်'

...

All Chapters