← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အပိုင်း (၇၃) မင်းရဲ့နာမည်

"ကုန်သည်အလုပ်ဆိုတာ အန္တရာယ်များပြီး မတည်ငြိမ်ပါဘူး။ လုပ်ငန်းခိုင်မာဖို့အတွက် ကြားခံလိုမျိုး ကုန်သည်အသင်းတစ်ခု ဖွဲ့စည်းထားတာက ချပ်ဝတ်စုံဝတ်ထားသလို၊ ခိုင်မာတဲ့ ခံတပ်တစ်ခုလိုမျိုး ရန်သူကို အပြင်ကနေ ကာကွယ်ပေးနိုင်ပါတယ်”

ရှန်မြောင်၏ ခြံဝင်းငယ်လေးထဲတွင် စားပွဲပုလေးပေါ်၌ ရေနွေးကြမ်း နှစ်ပန်းကန်နှင့် ပဲကြော်တစ်ပန်းကန် တင်ထားလေသည်။ ရှန်မြောင်သည် အလောတကြီးဖြစ်နေသဖြင့် သေချာမပြင်ဆင်နိုင်ခဲ့ပေ။ ထို့ကြောင့် ရှဲ့သာ့ညန်ကို ဧည့်ဝတ်မကျေဖြစ်ရသည့်အတွက် တောင်းပန်လိုက်လေသည်။

သို့သော် ရှီးရှီက ကိစ္စမရှိကြောင်း ပြောလိုက်သည်။ သူမသည် ခုံပုလေးပေါ်တွင် မရွံမရှာ ဝင်ထိုင်လိုက်ပြီး ရေနွေးပန်းကန်ကို မော့သောက်လိုက်သည်။ ထို့နောက် ခြံဝင်းထဲတွင် ကြက်တစ်ကောင်နှင့် အတူတူ အိပ်နေသည့် ခွေးဝါလေးကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်လေသည်။

"ကျွန်မ ဒီကိုလာတာ စားဖို့သောက်ဖို့မှ မဟုတ်တာ၊ ခုနကပဲ အရသာရှိတဲ့ ဟင်းရည်ခေါက်ဆွဲ (ထန်းပင်) ကို စားခဲ့ပြီးပြီပဲဥစ္စာ”

နှစ်ယောက်လုံးက လက်တွေ့ကျသူများ ဖြစ်ကြသည်။ ရှန်မြောင်သည် စကားကို အများကြီးမပြောတော့ဘဲ ရှဲ့သာ့ညန်နှင့် အသင့်စားခေါက်ဆွဲ စက်ရုံကိစ္စကို အသေးစိတ် ဆွေးနွေးလိုက်ကြသည်။ သူမက အမြတ် ၃ ပုံ ယူလိုကြောင်း ပြောလိုက်ရာ ရှီးရှီက စျေးမဆစ်ခဲ့ပေ။ ထိုအစား "ကြားခံ" ဆိုသည်မှာ ဘာလဲဟု စိတ်ဝင်တစား မေးလိုက်လေသည်။

ဒီတစ်ခါတော့ ကြားထဲက စကားပြန်လွဲမည့်သူ မရှိတော့သဖြင့် ရှန်မြောင်သည် စကားနည်းနည်းဖြင့် ရှီးရှီ နားလည်အောင် ရှင်းပြလိုက်နိုင်လေသည်။

အကျဉ်းချုပ်ပြောရလျှင် အရင်းရှင်စနစ် အစပျိုးချိန်မရောက်သေးသည့် စုန့်ခေတ်တွင် ရှဲ့မိသားစုနှင့် တခြားမိသားစုကြီးများ၏ ပိုင်ဆိုင်မှု စီမံခန့်ခွဲပုံမှာ မိခင်ကုမ္ပဏီ (မိသားစုပင်မ) - လက်အောက်ခံကုမ္ပဏီ (ဆိုင်များ၊ ခြံများ၊ စက်ရုံများ) ဟူသည့် ရိုးရှင်းသော အဆင့်နှစ်ဆင့် ပုံစံသာ ရှိလေသည်။ အထက်လူကြီးက အရေးယူချင်သည့်အခါ အလွယ်တကူပင် အကုန်လုံးကို ဖမ်းဆီးသိမ်းယူသွားနိုင်လေသည်။

သို့သော် ခေတ်သစ် မိသားစုစီးပွားရေးလုပ်ငန်းများသည် အိမ်အလုပ်ကို ထိန်းသိမ်းရန်နှင့် စွန့်စားရမှုများကို ရှောင်ရှားရန် ရှယ်ယာဖွဲ့စည်းပုံကို ရှုပ်ထွေးအောင် လုပ်ထားတတ်ကြသည်။ စီးပွားရေးလောကသည် အတက်အကျများပြီး တခါတလေ အမှားလုပ်မိခြင်းကြောင့် ဒေဝါလီခံရခြင်း မဟုတ်ဘဲ၊ အရမ်းကြီးပွားလွန်းပြီး ထင်ပေါ်လွန်းတာကြောင့် ခေတ်စနစ်က မျက်စိစူးကာ "ဝေလငါးကြီး လဲပြိုမှ အရာအားလုံး အသက်ရှင်နိုင်မယ်" ဆိုသည့် သဘောတရားမျိုး ဖြစ်တတ်သည်ကိုး။

အရင်ဘဝတုန်းက သူမနာမည်နှင့် ဆိုင်များ ပိုများလာပြီး အသားစက်ရုံ၊ သယ်ယူပို့ဆောင်ရေးနှင့် တိုက်ရိုက်ရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်လာသည့်အခါ ရှန်မြောင်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စတင်လေ့လာခဲ့သည်။

အဆင့်ဆင့် ကုမ္ပဏီဖွဲ့စည်းပုံကို တည်ဆောက်ခြင်း၊ မိခင်ကုမ္ပဏီ (က) က လက်အောက်ခံကုမ္ပဏီ (ခ) ၏ ရှယ်ယာကို ပိုင်ဆိုင်ပြီး၊ (ခ) က ကုမ္ပဏီခွဲ (ဂ) ၏ ရှယ်ယာကို ပိုင်ဆိုင်စေသည်။ ကုမ္ပဏီခွဲ (ဂ) သည် ပြဿနာ သို့မဟုတ် အန္တရာယ်ကြုံရသည့်အခါ ရှယ်ယာနှင့် တရားဝင်ပုဂ္ဂိုလ် သီးခြားဖြစ်နေမှုကြောင့် အန္တရာယ်သည် မိခင်ကုမ္ပဏီ (က) ထံ တိုက်ရိုက် ရောက်မလာနိုင်ပေ။ ထို့နောက် တရားဝင်ရှယ်ယာလွှဲပြောင်းခြင်း၊ ပလက်ဖောင်းကုမ္ပဏီကို ဗဟိုပြုခြင်း၊ သီးခြားဘဏ္ဍာရေးစာရင်းထားရှိခြင်း၊ ပိုင်ဆိုင်မှုနယ်နိမိတ် သတ်မှတ်ခြင်းနှင့် ဆက်စပ်အရောင်းအဝယ်များကို ရှောင်ရှားခြင်း စသည်တို့ဖြင့် မုန်တိုင်းကြားတွင် (က) ကို ကာကွယ်နိုင်သည်။

သူမ ဟင်းရည်ခေါက်ဆွဲစက်ရုံကို ဒီလိုဖွင့်ချင်ရသည့် အကြောင်းတဲ့လား။ ပထမအချက်မှာ ပဒေသရာဇ်ခေတ် ကုန်သွယ်ရေးစနစ်ကို မယုံကြည်ခြင်းဖြစ်သည်။ စုန့်ခေတ်၏ ကုန်သွယ်ရေးဥပဒေသည် ပြည့်စုံပြီး သဘောထားကြီးသော်လည်း "တမိုးအောက် တမြေထဲ" စနစ်အောက်က တရားမျှတမှုကို သူမ မယုံကြည်နိုင်ပေ။ ဒုတိယအချက်မှာ ရှဲ့မိသားစုက နယ်စပ်တွင် စက်ရုံဖွင့်ချင်ပြီး စစ်သည်များနှင့် စစ်ဘက်ထောက်ပံ့ရေးပစ္စည်းများကို ရောင်းချလိုခြင်းဖြစ်သည်။ သူမသည် သာမန်ပြည်သူတစ်ယောက်၏ အတွေးအခေါ်မျိုးရှိပြီး အန္တရာယ်ကို ရှောင်ရှားတတ်သည်။ ငွေရှာချင်သော်လည်း အသက်ကို နှမြောသည်။ သို့သော် သူမသည် မလုပ်ရဲလောက်အောင် သတ္တိနည်းသူ မဟုတ်ပေ။ သူမအဘိုး ပြောဖူးသလို စီးပွားရေးလုပ်တယ်ဆိုတာ ချိုင်းထောက်ထောက်ပြီး မြစ်ကူးရသလိုပဲ၊ ရဲရင့်ရမယ်၊ သတိလည်း ထားရမယ်။

ခေါက်ဆွဲခြောက်လို အသင့်စား အစားအစာမျိုးက နယ်စပ်လိုနေရာမျိုးနှင့် အသင့်တော်ဆုံးဖြစ်ပြီး အစားအသောက်ပေါများတဲ့ ပြန့်ကျင်းမြို့မှာတော့ ရေရှည်ရောင်းရမှာ မဟုတ်ပေ။ တတိယအချက်မှာ စုန့်ခေတ်တွင် အကောင်းဆုံး စီးပွားရေးဝန်းကျင်ရှိပြီး အခွန်အခ မျှတသောကြောင့် တခြားခေတ်များတွင်ဆိုလျှင် ဤနည်းလမ်းကို သုံး၍ရမည် မဟုတ်ပေ။

စတုတ္ထအချက်မှာ ကျိုကော ထိုနေ့က လာပြောစဉ်က နှုတ်ကျွံပြီး ပြောမိသည်မှာ ရှဲ့မိသားစုသည် ယိုကျိုးတွင် စက်ရုံတည်လိုခြင်း ဖြစ်သည်။ သူတို့ ယိုကျိုးကို ဘာကြောင့် ရွေးရသနည်း။ ရှန်မြောင်သည် ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့လို မိသားစုကြီးမျိုး၏ အကျင့်စရိုက်အရ ယိုကျိုးတွင် အရာရှိလုပ်နေသည့် ဆွေမျိုးသားချင်း ရှိရမည်ဖြစ်ပြီး ထိုသူသည် အာဏာရှိသည့် အရာရှိကြီး ဖြစ်ပေလိမ့်မည်။ "အကာအကွယ်" ပေးမည့်သူ ရှိနေသဖြင့် ဤစီးပွားရေးသည် လုပ်သင့်ပေသည်။

ရှန်မြောင်သည် ရေနွေးဖြင့် စားပွဲပေါ်တွင် ဖွဲ့စည်းပုံပုံကြမ်းကို ဆွဲပြလိုက်ပြီး ရယ်မောကာ ရှင်းပြလိုက်လေသည်။

"သာ့ညန်လည်း သိတဲ့အတိုင်း ကျွန်မ ကျင်းလင်မြို့ကို လက်ထပ်ပြီး ရောက်သွားတုန်းက ၃ နှစ်လောက်နေခဲ့ဖူးတယ်။ ကျင်းလင်နဲ့ မင်ကျိုးဘက်မှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေး စည်ကားပြီး ကုန်သည်တွေတင်မကဘဲ နိုင်ငံခြားသားတွေပါ လာကြတယ်။ ပင်လယ်ရေကြောင်းအန္တရာယ်က ပုံမှန်အရောင်းအဝယ်ထက် ပိုများပြီး ရှုပ်ထွေးတာကြောင့် သတိထားကြရတယ်။ ကျွန်မလည်း အိမ်နီးချင်း ရှေ့နေအိုကြီးနဲ့ တခြားကုန်သည်ကြီးတွေ ပြောစကားကို ကြားပြီး ဒီနည်းလမ်းကို သဘောကျလို့ မှတ်ထားလိုက်တာပါ။ အခုတော့ သာ့ညန်ကို ဆရာလုပ်သလို ဖြစ်သွားရင် ခွင့်လွှတ်ပေးပါနော်”

ရှီးရှီနှင့် ရှီမားမားတို့သည် အတွေးနက်သွားကြတော့သည်။ သူတို့ မသိမသာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲတွင် လှိုင်းဂယက်များ ထသွားကြလေသည်။ ရှဲ့မိသားစု၏ အခြေအနေမှာ မည်သို့ရှိပါနည်း။ အရှင်မင်းကြီး၏ ယုံကြည်မှုကို မရဘဲ ကြွယ်ဝချမ်းသာနေသည်။ ရှဲ့ဖခင် လက်ထက်ကတည်းက သူတို့မျိုးနွယ်ထဲမှ မည်မျှတော်သည့်သူ ဖြစ်ပါစေ၊ ရာထူးကြီးကြီး မရကြတော့ပေ။ ဆိုလိုသည်မှာ သူတို့သည် ရွှေတောင်ကြီးကို ပိုင်ဆိုင်ထားသော်လည်း ကာကွယ်ပေးမည့် ဓားမရှိတော့ခြင်းပင်။

သို့သော် ရှန်မြောင်၏ နည်းလမ်းသည် ရှီးရှီအတွက် အလင်း တစ်ပေါက် ဖြစ်လာခဲ့သည်။

အရင်က ကျိုကော မရေမရာ လာပြောသည့် "ကြားခံ" ဆိုသည့် စကားကို နားမလည်ခဲ့သော်လည်း ယခုမှသာ ထိုစကားလုံးသည် မည်မျှ ကိုက်ညီမှန်း သိလိုက်ရသည်။ ရှီမားမားကလည်း တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျွန်မလည်း နားလည်ပါပြီ။ (က) က ငွေရင်းစိုက်ပေမယ့် မျက်နှာမပြဘူး။ စက်ရုံကို ထိန်းချုပ်မယ့် ကုန်သည်အသင်းက အခွံသက်သက်ပဲ၊ ဘာလုပ်ငန်းမှ မရှိဘူး။ ဒါကြောင့် သစ္စာရှိပြီး အရည်အချင်းရှိတဲ့သူကို ရွေးပြီး ဦးစီးခိုင်းရမယ်။ ပြီးမှ ဒီအခွံကနေတဆင့် (က) နဲ့ (ဂ) ကို ချိတ်ဆက်မယ်။ ဒါပေမဲ့ ဒီအခွံကို ကောင်းကောင်း လည်ပတ်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ် ရေးဆွဲရမယ်။ အကျိုးအမြတ်ခွဲဝေမှု၊ ဆုံးဖြတ်ချက်ချမှတ်မှု၊ လုပ်ပိုင်ခွင့်တွေကို စာရင်းလုပ်ထားရမယ်။ မဟုတ်ရင် အခွံက ထွက်ပြေးသွားရင် အကုန်ဆုံးရှုံးသွားလိမ့်မယ်”

"သာ့ညန်ရဲ့ ဘေးနားကလူတွေတောင် ဒီလောက် တော်ကြတာပဲ" ရှန်မြောင် အံ့ဩသွားသည်။ ဤအရပ်ပုပု အမျိုးသမီးသည် မိမိကိုယ်ကို အစေခံဟု သုံးနှုန်းသော်လည်း အလွန် ဗဟုသုတ ကြွယ်ဝလေသည်။

ရှီးရှီက ရှန်မြောင်၏ အကြည့်ကို နားလည်သဖြင့် ရှီမားမားကို တစ်ချက်ကြည့်လိုက်ပြီး ရှန်မြောင်ကို ပြုံးပြကာ ပြောလိုက်သည်။ "အားရှီက ရှဲ့မိသားစုက မွေးတဲ့ အစေခံ ရာပေါင်းများစွာထဲက ရွေးထုတ်ထားတာလေ။ ငယ်ငယ်ကတည်းက သခင်မလေးတွေနဲ့အတူ စာသင်၊ အိမ်မှုကိစ္စတွေ သင်ယူခဲ့ရပြီး ကျိုကောရဲ့ အဒေါ် နန်းတွင်းဝင်တုန်းက အပါးတော်မြဲအဖြစ် ထည့်ပေးဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့..." ရှဲ့ကျဲယွီက နန်းတွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ကိုး။

သူမသည် စကားကို ရပ်လိုက်ပြီး သူမ၏ အတိတ်အကြောင်းကို ပြောင်းပြောလိုက်သည်။ "နောက်တော့ ကျွန်မက ယိုကျိုးကနေ ရှဲ့မိသားစုဆီ လက်ထပ်လာတော့ ပြန့်ကျင်းမြို့က ရှုပ်ထွေးတဲ့ ဆွေမျိုးတော်စပ်မှုတွေနဲ့ လူမှုရေးကိစ္စတွေကို ဘာမှနားမလည်ဘူးလေ။ အဲဒါကြောင့် မယ်မယ်က အားရှီကို ကျွန်မဆီပို့ပေးပြီး ကူညီခိုင်းတာ။ ဒါကြောင့် အားရှီကို အထင်မသေးပါနဲ့၊ ကျွန်မဘေးမှာ အစေခံလို့ ပြောနေပေမယ့် စာရင်းအင်းနဲ့ စာပေပိုင်းမှာ အကုန်တတ်ကျွမ်းပြီး ငါကိုယ်တိုင်လည်း အရမ်းလေးစားရတဲ့သူပါ"

ရှီမားမားက ချက်ချင်း ဒူးညွှတ်အရိုအသေပေးလိုက်ပြီး ပြောလေသည်။ "သာ့ညန် ဒီလိုမပြောပါနဲ့၊ ကျွန်မ သက်တမ်းတိုသွားပါလိမ့်မယ်"

"ဒီလိုကိုး" ရှန်မြောင်က ပြုံးပြီး တောင်းပန်လိုက်သည်။ သူမသည် ရှဲ့မိသားစုကို ပိုပြီး ယုံကြည်မှု ရှိလာသည်။ သည်လောက်တော်ထက်သော အစေခံမျိုး မွေးထုတ်ပေးနိုင်သည်မှာ အထင်ကြီးစရာပင်။ ပြီးတော့... ရှဲ့သာ့ညန်က သူမ ယိုကျိုးကနေ လက်ထပ်လာတာပါလို့ တမင်ပြောပြနေမှန်း ရှန်မြောင် ရိပ်မိလိုက်သည်။

ထို့ကြောင့် ရှဲ့မိသားစုက ယိုကျိုးကို ရွေးချယ်ရသည့် အကြောင်းအရင်းကို နားလည်သွားပြီဖြစ်သည်။ အနီးစပ်ဆုံး ဆွေမျိုးတွေ ရှိနေတာကိုး။

လူလည်ချင်းမို့ စကားကို ရှင်းအောင်ပြောစရာမလိုဘဲ တဖက်လူ၏ စိတ်ကို နားလည်လိုက်ကြသည်။

သို့သော် ရှဲ့သာ့ညန်၏ ရှန်မြောင်အပေါ် ထားရှိသည့် သဘောထားမှာ အစဦး လာရောက်တွေ့ဆုံစဉ်ကနှင့် လုံးဝ ခြားနားသွားခဲ့လေသည်။ သူမသည် ရုပ်ရည်ရူပကာ ချောမောလှပသော်လည်း အလွန်တရာ ပါးနပ်ဖြတ်လတ်ပြီး သတိရှိသော ဤမိန်းကလေးငယ်ကို အမှန်တကယ်ပင် လေးစားသဘောကျသွားမိလေသည်။ သူမ၏ သည်လို အသက်အရွယ်၊ သည်လို ဆင်းသက်လာမှုမျိုးဖြင့် သည်လောက် အမြော်အမြင် ဗဟုသုတ ရှိနေခြင်းမှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။

ရှီးရှီသည် ရှန်မိသားစုဆိုင်သို့ မလာမီကပင် ရှန်မြောင်၏ ဇာတိနောက်ခံနှင့် ခင်ပွန်းဟောင်း၏ မိသားစုအသိုင်းအဝိုင်း အခြေအနေများကိုပါ အသေအချာ စုံစမ်းထောက်လှမ်းခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ရှန်မြောင်နှင့် အကျိုးအမြတ်ခွဲဝေမှုနှင့် အခြားပြင်ဆင်စရာ အသေးစိတ် အချက်အလက်များကို ဆွေးနွေးတိုင်ပင်ပြီးနောက် ကိစ္စအဝဝ သဘောတူညီမှု ရရှိသွားကြလေသည်။ ပြန်ခါနီးတွင် ရှီးရှီသည် ရှန်မြောင်၏ လက်ဖမိုးကို ဖွဖွလေးပုတ်ကာ အလွန်ပင် သနားကရုဏာသက်မိလေသည်။

လှည်းပေါ်ရောက်တော့ ရှီးရှီက ရှီမားမားကို ပြောလိုက်သည်။ "ရှန်ညန်ဇီက ဒီလောက် ထက်မြက်တာ၊ ဘာလို့များ အဲဒီလို အသုံးမကျတဲ့ အိမ်ကို လက်ထပ်ခဲ့ရတာလဲ မသိပါဘူး၊ တကယ်ပဲ အလှအပမက်ပြီး ခေါင်းမသုံးခဲ့တာများလား"

"ရှန်ညန်ဇီ လက်ထပ်တုန်းက အသက် ၁၅ နှစ်ပဲ ရှိသေးတာ၊ မိဘတွေကလည်း ကာကွယ်ထားတော့ လူမမယ်လေး ဖြစ်ပြီး သူများပြောတာ ယုံခဲ့မိမှာပေါ့" ရှီမားမားသည် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာပြီး တိုးတိုးလေး သက်ပြင်းချကာ ဆက်ပြောလိုက်လေသည်။ "ရှေးပညာရှိတွေကို ကြည့်လိုက်ရင် အားလုံးက အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရသူတွေချည်းပါပဲ။ ရှီပေါ်ဟာ အကျဉ်းချခံရစဉ်မှာ 'ကျိုးယီကျမ်း' ကို ပြုစုခဲ့သလို၊ ကွန်ဖြူးရှပ်ဟာလည်း ဒုက္ခရောက်နေချိန်မှာ 'ချွန်းချိုးကျမ်း' ကို ရေးသားခဲ့တာပါ။ ဆင်းရဲဒုက္ခရောက်မှသာ လူတွေက အပြောင်းအလဲကို စဉ်းစားတတ်ကြစမြဲမို့၊ ရှန်ညန်ဇီ ဒီလောက် ဉာဏ်ကောင်းပြီး ထက်မြက်လာတာကလည်း ခါးသီးတဲ့ အခြေအနေတွေက သူမကို သွေးယူလိုက်သလို ဖြစ်သွားလို့ နေမှာပါ"

ရှီးရှီသည် ငယ်စဉ်ကတည်းက သိုင်းပညာ သင်ကြားခဲ့သူဖြစ်ပြီး စာပေအရာတွင် အနည်းငယ် နှံ့စပ်သော်လည်း အမှန်တကယ် ကျွမ်းကျင်ခြင်းမရှိသလို နှစ်သက်ခြင်းလည်း မရှိလှပေ။ ယခုအချိန်တွင် ရှီမားမားက စာစကားပေစကားများ ပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် ခေါင်းကိုက်ချင်သလို ဖြစ်လာတော့သည်။ သို့သော် နောက်ရက်အနည်းငယ်ကြာလျှင် ဖုန်းမိသားစုအိမ်သို့ သွားရမည်ကို တွေးမိလိုက်ပြန်သည်။ ထိုမိသားစုက စာပေစကားလုံးများကို ပိုလို့ပင် စိစစ်သုံးနှုန်းတတ်သော မိသားစုဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် သူမက အလျင်အမြန် ပြောလိုက်လေသည်။

"အားရှီ... ဖုန်းမိသားစုက အဘွားကြီးရဲ့ မွေးနေ့ပွဲအတွက် ဂုဏ်ပြုစာ ၂ ပုဒ်လောက် မှတ်မိအောင် ကူလုပ်ပေးပါဦး၊ ပြီးတော့ ပန်းတွေကြည့်ပြီး ရေတွေကြည့်ပြီး ဖွဲ့နွဲ့ရတဲ့ ဟန်ဆောင်ကဗျာမျိုး ၃ ပုဒ် ၄ ပုဒ်လောက်လည်း ပြင်ဆင်ပေးပါဦး၊ ဖုန်းမိသားစုဆီ လာကြတာက စာပေပညာရှိအမတ်ကတော်တွေချည်းပဲ၊ စားပွဲဝိုင်းရောက်ရင် ကဗျာဆက်တမ်း ကစားကြတော့မှာ၊ သူတို့နဲ့ ဝိုင်းတူထိုင်ရတိုင်း ထမင်း လေးငါးလုပ်တောင် မစားရဘဲ အချဉ်ပေါက်နေတဲ့ ကဗျာတွေပဲ ဗိုက်ကားအောင် စားခဲ့ရတာ၊ တကယ့် ဒုက္ခပါပဲ"

ရှီမားမားမှာ မနေနိုင်တော့ဘဲ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ဟုတ်ကဲ့ပါရှင့်"

...

ရှန်မြောင်သည် အပြုံးပန်းဝေလျက် လမ်းထိပ်ထိ လိုက်ပို့ပြီးမှ ဆိုင်ထဲသို့ ခုန်ပေါက်ကာ ပြန်ဝင်လာခဲ့သည်။ ကျိအာ၊ ယိုယွီနှင့် လေထင်တို့ အသားသွားဝယ်ရာမှ မပြန်သေးပေ။ ရှန်းအာက နေ့လယ်စာစားပြီး အိပ်နေသည်။ ခြံထဲတွင် သစ်ရွက်ခြောက်ကို လိုက်ဆော့နေသည့် ကျွေးဖုန်းသာ ရှိလေသည်။ ကျွေးဖုန်းဆိုသည့် နာမည်ကို ကျိုကောက ပေးထားခြင်းဖြစ်ပြီး တကယ့်ကို လေလို ဖမ်းဆုပ်လို့မရသော ခွေးတစ်ကောင်ပင်။

သူမသည် ပျော်လွန်းသဖြင့် မနေနိုင်တော့ဘဲ ခွေးကို ဖက်ကာ ခေါင်းကို နမ်းလိုက်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။ "ကျွေးဖုန်းရေ... ငါတို့တော့ ရွှေတွေ ရတော့မယ်ဟေ့၊ စက်ရုံလည်ပတ်ရင် အိပ်နေရင်းနဲ့တောင် ပိုက်ဆံရတော့မှာ၊ အဲဒီကျရင် နင့်ကို နေ့တိုင်း အရိုးကြီး နှစ်ချောင်း ဝယ်ကျွေးမယ်၊ တစ်ချောင်းကို ကိုက်ပြီး တစ်ချောင်းကို လွှင့်ပစ်မယ်၊ အဲဒီလောက်ထိ မိုက်ပစ်လိုက်မယ်"

ကျွေးဖုန်းကတော့ ပွတ်သပ်ခံနေရသဖြင့် ဝုတ်ဝုတ် ဟု ဟောင်လိုက်သည်။

ကံကောင်းစွာဖြင့် ကျိအာနှင့် ယိုယွီတို့ ပြန်ရောက်လာကြသည်။ သူတို့ အိတ်ကြီးအိတ်ငယ် သယ်လာကြပြီး လေထင်၏ ကျောပေါ်တွင်လည်း ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ဝက်လက်နှစ်ဖက် ပါလာသည်။ လေထင်သည် အသားနံ့ကို ရှူရှိုက်ရင်း တည်ငြိမ်စွာ သယ်လာခဲ့သည်။

ကျွေးဖုန်းသာဆိုလျှင် ဝက်လက်သည် လမ်းမှာတင် အရိုးပါမကျန် စားသောက်ခံလိုက်ရပြီ ဖြစ်လောက်သည်။

ရှန်မြောင်က အသားကို လှမ်းယူလိုက်ပြီး ကျိအာ၏ မျက်နှာတွင် ချွေးများရွှဲနေသည်ကို မြင်သောအခါ ယိုယွီနှင့်အတူ မျက်နှာသစ်ရန် လွှတ်လိုက်သည်။ နှစ်ယောက်သား မျက်နှာသစ်ပြီး ပြန်လာသောအခါ သူမက ပျော်ရွှင်စွာ ပြောလိုက်သည်။ "မကြီး ဒီအသားတွေကို ဟင်းရည်အိုးထဲ ထည့်လိုက်ဦးမယ်၊ ပြီးရင် ဆိုင်ပိတ်ပြီး သူဌေးကျိုးရဲ့ စာအုပ်ဆိုင်ကို သွားကြမယ်၊ မောင်လေး ကျောင်းဖွင့်ရင် သုံးဖို့ စာရေးကိရိယာတွေ၊ စောင်နဲ့ မွေ့ရာတွေ သွားဝယ်ကြမယ်လေ၊ မနေ့က ဆရာကြီး‌ယောင် လာစားတုန်းက ပြောသွားတယ်၊ စာမေးပွဲအောင်တဲ့ ကလေးတွေ နောက်လကျရင် ကျောင်းတက်ရတော့မယ်တဲ့"

ကျိအာက ထူးဆန်းသလို မေးလိုက်သည်။ "မကြီးက ဘာလို့ ဒီလောက် ပျော်နေတာလဲ"

ရှန်မြောင်က မျက်ခုံးပင့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "မကြီး စီးပွားရေးကြီးတစ်ခု ရထားတယ်၊ နောက်ရက်ကျရင် ဖိယုံးစာသင်ကျောင်းက ဆရာဖုန်းအိမ်မှာ စားပွဲပြင်ပေးရမှာ၊ ဒီလောက်ရမယ်" သူမက လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ကျိအာ့မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ကျိအာက အံ့ဩသွားပြီး မေးလိုက်သည်။ "၁၀ ကွမ်းလား"

"နည်းသေးတယ်၊ ထပ်ခန့်မှန်းကြည့်၊ များများပြော" ရှန်မြောင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

"၂၀ ကွမ်းလား" ကျိအာက ထပ်မတိုးရဲတော့ပေ။

" ၁၀တုံး" ရှန်မြောင်က သူ့ပခုံးကို ဖက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ရွှေ"

ကျိအာတစ်ယောက် မျက်လုံးပြူးသွားတော့သည်။ ထိုစကားလုံးကိုပင် အသံထွက်မပြောရဲဘဲ ပါးစပ်လှုပ်ရုံသာ လှုပ်လိုက်သည်။ "ရွှေ...?"

"ရွှေ" ရှန်မြောင်က သဘောကျလွန်းနေသည်။ သူမ ဒီဘဝမှာ ရွှေဆိုတာ ဘယ်လိုပုံစံလဲတောင် မမြင်ဖူးသေးပေ။ အရင်ဘဝတုန်းက ရွှေကို အကြိုက်ဆုံးပဲ။ လက်ဝတ်ရတနာ မဝယ်ဘဲ ရွှေတုံးတွေဝယ်ပြီး မီးခံသေတ္တာထဲ ထည့်သိမ်းကာ နှစ်တိုင်း ထိုင်ရေတွက်ရတာကို သဘောကျခဲ့သူ ဖြစ်သည်။

ကျိအာလည်း တုန်လှုပ်သွားတော့သည်။

"ကဲ... ငါတို့ တိုးတိုးတိတ်တိတ်ပဲ ပျော်ကြရအောင်၊ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်" ရှန်မြောင်က ပါးစပ်ကို လက်ဖြင့် ပိတ်ပြလိုက်သည်။ "မောင်လေး သွားပြီး ရှန်းအာကို နှိုးလိုက်တော့၊ မျက်နှာသစ်ပေးပြီး အဝတ်အစားလဲပေးလိုက်၊ မကြီး အသားနှပ်ပြီးရင် သွားကြမယ်"

ဟင်းရည်က အသင့်ရှိပြီးသားမို့ အသားများကို ခုတ်ထစ်ဆေးကြောပြီး ရေနွေးဖျောကာ ထည့်လိုက်ရုံပင်။ အသားအိုးတည်ပြီး တံခါးပိတ်မည်ပြင်ရာ မျက်မှန်းတန်းမိနေသော ရဲမက်ငယ်တစ်ယောက် အပြေးအလွှား ရောက်လာပြီး အော်ပြောလိုက်လေသည်။ "ရှန်ညန်ဇီ၊ ဆိုင်သိမ်းတော့မလို့လား၊ တော်သေးတာပေါ့၊ မြန်မြန်လုပ်ပါ၊ အသင့်စားခေါက်ဆွဲ အထုပ် ၂၀ လောက် ထုပ်ပေးပါ"

ရှန်မြောင်က သူ့ကို မှတ်မိသည်။ အစတုန်းက စစ်ဆေးရေးမှူးနှင့်အတူ အသင့်စားခေါက်ဆွဲ လာစားပြီး သူမကို လန့်အောင်လုပ်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းလည်း မကြာခဏ လာစားတတ်ပြီး အားလျှင် ဆိတ်သားခေါက်ဆွဲ စားတတ်သော်လည်း အလုပ်များရင်တော့ အသင့်စားခေါက်ဆွဲ ကိုသာ ပါဆယ်ထုပ်သွားလေ့ရှိသည်။

"ရပါ့ရှင်၊ လာပြီ၊ ဒီနေ့ ဘာလို့ အများကြီး ဝယ်တာလဲ" ရှန်မြောင်က စကားစမြည်ပြောရင်း အထဲဝင်ကာ အမြန်ထုပ်ပိုးပြီး လျှော်ကြိုးဖြင့် ချည်ကာ ပေးလိုက်သည်။ "ဒီရက်ပိုင်း စစ်သည်တော်ကြီးတွေ လာမစားတာ ကြာပြီနော်၊ အရေးကြီးကိစ္စ ရှိလို့လား"

"မပြောချင်ပါဘူးဗျာ၊ ချင်ကျိုးဘက်မှာ ရှီးချန်သူပုန်တွေ ထကြွလို့ ဒုက္ခသည်တွေ ဖြစ်ကုန်တယ်၊ ချိုင်ကျိုးမြို့အပြင်ဘက်ထိ ရောက်လာကြတာ။ စစ်ဆေးရေးမှူးက သတိကြီးတော့ မသမာသူတွေ မြို့ထဲ ဝင်မလာနိုင်အောင် ကင်းလှည့်ခိုင်းထားတာ၊ ညဘက် ကင်းစောင့်ရင် အိမ်ပြန်မစားရတော့ ဗိုက်ဆာရင် မုန့်ပြားခြောက် မစားချင်လို့ ရှန်ညန်ဇီ ဆိုင်က ခေါက်ဆွဲပဲ လာဝယ်တာ၊ ပူပူနွေးနွေး စားလိုက်ရင် လူလည်း လန်းဆန်းသွားတာပေါ့" ရဲမက်ငယ်က သမ်းဝေရင်း ပြောလိုက်သည်။ ကြည့်ရတာ အိပ်ရေးပျက်ထားပုံ ရသည်။ သူက မျက်တောင်ခတ်ရင်း ဆက်ပြောလေသည်။

ရှန်မြောင်က စိုးရိမ်တကြီး မေးလိုက်၏။ “ချင်ကျိုးဘက်က အခြေအနေက အဲလောက်တောင် ဆိုးနေတာလား”

"စစ်သူကြီးရှီးက သူပုန်တွေ သိမ်းသွားတဲ့ မြို့နှစ်မြို့ကို ပြန်သိမ်းလိုက်ပြီလို့ ကြားတယ်၊ မကြာခင် ငြိမ်သွားမှာပါ၊ မကြောက်ပါနဲ့၊ ဒုက္ခသည်တွေ ပြန့်ကျင်းမြို့ထဲ ဝင်မလာနိုင်ပါဘူး။ ကျွန်တော်တို့ စောင့်နေတာ ရက်တော်တော်ကြာပြီ၊ သူခိုးဂျပိုး နည်းနည်းပဲ မိတယ်" ရဲမက်ငယ်လေးက လက်ခါပြရင်း ပြန်ဖြေလေသည်။

ရှန်မြောင်က အပြင်ပန်းတွင် မသိသာသော်လည်း ရဲမက်ပြန်သွားသောအခါ အိမ်က တွန်းလှည်းယူသွားပြီး အထားခံမည့် အစားအစာများ ဝယ်စုထားဖို့ စဉ်းစားလိုက်သည်။ စပါးဈေးများ တက်သွားလျှင် သူမဆိုင်လည်း ရပ်တည်ဖို့ ခက်သွားလိမ့်မည်။

သူမ စဉ်းစားနေတုန်း ရှန်းအာက သမ်းဝေရင်း မီးဖိုချောင်ထဲ ဝင်လာပြီး မျက်လုံးပွတ်ကာ ပြောလိုက်သည်။ "မကြီး၊ သမီး စာအုပ်ဆိုင်မလိုက်တော့ဘူး၊ ကိုအာနဲ့ သွားဆော့ချင်တယ်"

ရှန်းအာသည် မနေ့က လီကိုအာ အရိုက်ခံရပြီး သနားစရာကောင်းလောက်အောင် ငိုကြွေးခဲ့ရသည်ကို စိတ်ပူနေမိဆဲပင်။ ထို့ကြောင့် သည်နေ့တွင် သူ့အခြေအနေ မည်သို့ရှိသည်ကို သွားရောက်ကြည့်ရှုချင်နေခြင်း ဖြစ်လေသည်။

ရှန်မြောင်က ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပြီလေ၊ ဒါဆို ညီမလေးနဲ့ ယိုယွီက အိမ်မှာနေခဲ့၊ လေထင်လည်း နေခဲ့လိမ့်မယ်၊ မကြီးက ပစ္စည်းဝယ်ပြီးရင် ပြန်လာခဲ့မယ်၊ ညီမလေးနဲ့ လီကိုအာတို့ ဆော့လို့ဝသွားရင်၊ မကြီး ပြန်မရောက်သေးရင် အဒေါ်ကုအိမ်မှာ သွားစောင့်နေနော်၊ မကြီး အဒေါ်ကုကို သွားပြောထားလိုက်မယ်၊ ညီမလေးကို ကူကြည့်ပေးဖို့လေ။ ညီမလေးနဲ့ လီကိုအာတို့ ဆော့ရင်လည်း လမ်းကြားထဲမှာပဲ ဆော့နော်၊ လမ်းမကြီးပေါ် ထွက်မပြေးရဘူး၊ သိလား"

ရှန်းအာက ပြတ်သားကြည်လင်သည့် အသံလေးဖြင့် ပြန်ပြောလိုက်လေသည်။ "သိပါတယ်၊ ညီမလေး လျှောက်မပြေးပါဘူး"

ပြောပြီးသည်နှင့် သူသည် ယိုယွီကို ဆွဲကာ လီမိသားစု၏ နောက်ဖေးပေါက်ဆီသို့ ပြေးသွားတော့သည်။

အဒေါ်လီက နေ့လယ်တစ်ရေးအိပ်ရာမှ မနိုးသေးသဖြင့် လီမိသားစုအိမ်သည် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ရှန်မြောင်သည် ခေါင်းပြူထွက်ကာ ကြည့်လိုက်ရာ ရှန်းအာက လီအိမ်တံခါးဝတွင် ခွေးဟောင်သံတုကာ အော်နေသည်ကို တွေ့လိုက်ရလေသည်။ မကြာမီတွင် လီကိုအာသည် ရောင်ရမ်းနေသည့် မျက်လုံးအစ်အစ်များကို မကာ ခေါင်းပြူထွက်လာခဲ့သည်။ သူတို့နှစ်ယောက်သည် တံခါးဘေးတွင် တိုးတိုးတိတ်တိတ် စကားနှစ်ခွန်း သုံးခွန်း ပြောလိုက်ကြပြီးနောက် လီကိုအာသည် ခြေသံလုံအောင် ဖွဖွနင်းကာ ခိုးထွက်လာတော့သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ယိုယွီကို ဆွဲကာ ရေချိုးဆောင်အနောက်ဘက်ရှိ ရေမြောင်းထဲသို့ ပြေးသွားကြပြီး ပုန်းအောင်းကာ စကားပြောနေကြလေသည်။

သည်ရက်ပိုင်းအတွင်း မိုးမရွာထားသဖြင့် ကွေ့ကောက်နေသော ရေမြောင်းသည် ခြောက်သွေ့နေလေသည်။ လမ်းကြားထဲမှ ကလေးများသည် ထိုနေရာသို့ ဝင်ရောက်ကာ တူတူပုန်းတမ်း ကစားရသည်ကို နှစ်သက်ကြတော့သည်။

…

အပိုင်း (၇၄)

ရှန်မြောင်သည် အိမ်နီးချင်း ကုမိသားစုအိမ်သို့ သွားပြောလိုက်ရာ အဒေါ်ကုသည် ခုံပုလေးကို တံခါးဝသို့ သယ်လာပြီး ဟင်းရွက်သင်ရင်း အဝေးမှ လှမ်းကြည့်နေလေသည်။ ထို့နောက် လက်ကာပြကာ ပြောလိုက်၏။ "သွားလုပ်စရာရှိတာ သွားလုပ်ပါ၊ အဒေါ် ဒီမှာထိုင်နေတာပဲ၊ သူတို့ လမ်းကြားထဲကနေ ဘယ်မှမထွက်နိုင်ပါဘူး”

ထို့ကြောင့် ရှန်မြောင်သည် အမြန်သိမ်းဆည်းလိုက်ပြီး ဆိုင်တံခါးပိတ်ကာ တွန်းလှည်းပေါ်မှ ထီးအကြီးနှင့် မီးဖိုကို ချလိုက်ပြီး ကျိအာနှင့်အတူ တွန်းသွားကြလေသည်။ မြို့ထဲတွင် ပိုနီးသော စာအုပ်ဆိုင်များ ရှိသော်လည်း ရှန်မြောင်သည် သူဌေးကျိုး၏ ဆိုင်သို့သာ ကွေ့ဝိုက်သွားလိုလေသည်။ ပထမအချက်မှာ သူဌေးကျိုးကို အားပေးလို၍ ဖြစ်၏။ ဒုတိယအချက်မှာ သူဌေးကျိုး၏ စာအုပ်ဆိုင်သည် ဖိယုံးစာသင်ကျောင်းနှင့် နီးသဖြင့် ကျောင်းသားများ လာလေ့ရှိရာ ကျောင်းတွင်းသတင်းများကို သိရှိနိုင်သဖြင့် ကျိအာအတွက် စုံစမ်းပေးလို၍ ဖြစ်သည်။ တတိယအချက်မှာ အသင့်စားခေါက်ဆွဲ စက်ရုံကိစ္စနှင့် စားသောက်ပွဲပြင်ရမည့် ကိစ္စနှစ်ခုလုံးသည် မထင်မှတ်ထားသော ကံကောင်းမှုများ ဖြစ်လေသည်။ ဒီနေ့ ကိစ္စက ပြတ်ပြတ်သားသား ဖြစ်သွားသဖြင့် သူမ စိတ်လှုပ်ရှား ပျော်ရွှင်နေသော်လည်း သူမ၏ချမ်းသာမှုကို လူတကာကို လိုက်ပြော၍ မဖြစ်ပေ။ ထို့ကြောင့် လမ်းလျှောက်ထွက်ကာ ဤပျော်ရွှင်မှုများကို အပြင်ဘက်က လေပြေလေညင်းများနှင့် နေရောင်ခြည်ထံသို့သာ ပါသွားစေလိုက်တော့သည်။

လန်ရှင်းစာအုပ်ဆိုင်သို့ ရောက်သောအခါ ရှန်မြောင်သည် စိတ်ငြိမ်သွားပြီ ဖြစ်သည်။ စာအုပ်ဆိုင်တံခါးဝမှ တစ်ဝက်လိပ်တင်ထားသော ဝါးလိုက်ကာကို မ လိုက်ချိန်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် သရော်ကာ တွေးမိလိုက်သည်။ 'ငါကတော့ ကိုယ့်အတွက် ဝမ်းနည်းလိုက် ကိုယ့်အတွက် ပျော်လိုက် ဖြစ်နေတဲ့ သာမန်လူတန်းစားပါပဲလေ၊ ဒါပေမဲ့ သာမန်လူဖြစ်ရတာလည်း ကောင်းပါတယ်၊ ငွေကြေးအနံ့တွေ ပြည့်နှက်နေတဲ့ ဒီလို သာမန်အမှတ်တရတွေကပဲ စိတ်နှလုံးကို ပြည့်စုံစေပြီး ပျော်ရွှင်စေတာပဲဟာ'

သူမသည် လျှောက်တွေးနေသည်များကို ဖျောက်ဖျက်လိုက်ပြီး အသံမြှင့်ကာ "သူဌေးကျိုး" ဟု လှမ်းခေါ်ရင်း ဆိုင်ထဲသို့ ဝင်သွားလေသည်။

အထဲသို့ ရောက်သည်နှင့် မျက်လုံးပေါင်းများစွာက သူမကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ ပုံမှန်ဆို တိတ်ဆိတ်နေတတ်သော စာအုပ်ဆိုင်သည် ဒီနေ့မှ ထူးထူးခြားခြား စည်ကားနေပြီး ကောင်တာရှေ့တွင် လက်အဝကျယ် ဝတ်ရုံများကို ဝတ်ဆင်ထားသော ကျောင်းသားအများအပြား ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရလေသည်။

သူမ၏အသံ ဆိတ်သုဉ်းသွားသည်နှင့် သူတို့အားလုံး လှည့်ကြည့်လာကြသည်။ ထိုအထဲမှ ကလေးမျက်နှာနှင့် ကျောင်းသားတစ်ဦးက ချက်ချင်းပင် အံ့ဩတကြီး အော်ခေါ်လိုက်လေသည်။ "ရှန်ညန်ဇီ ပါလား"

"ရှန်ညန်ဇီလည်း စာအုပ်လာဝယ်တာလား၊ ဒီရက်ပိုင်း ကျွန်တော့်အဖေက အိမ်မှာ ပိတ်လှောင်ထားလို့ ဆိုင်မှာ ဟင်းရည်ခေါက်ဆွဲ လာမစားနိုင်တာ ဗိုက်ဆာလွန်းလို့ ပိန်တောင်သွားပြီဗျာ" သူသည် လက်ထဲက စာအုပ်ကို ပစ်ချလိုက်ပြီး တစ်ကိုယ်တည်း ပွစိပွစိ ပြောနေတော့သည်။ စိတ်လှုပ်ရှားစွာဖြင့် အတန်းဖော်များကို တိုးဝှေ့ပြီး ရှန်မြောင်နှင့် စကားပြောရန် ရှေ့တိုးလာရာ ဘေးနားမှ ရှန်အန်းက မျက်စိလျင်လျင်ဖြင့် အမြန်ဆွဲထားလိုက်ရသည်။ ထို့ကြောင့် သူက မကျေမနပ်ဖြင့် သူငယ်ချင်းဘက် လှည့်အော်လေသည်။ "အစ်ကိုရှန်ရာ... မင်းက ငါ့ကို ဘာလို့ ဆွဲထားတာလဲ၊ မင်း မသိပါဘူး၊ ငါ့အဖေက အိမ်မှာ ပိတ်ထားတုန်းက ငါ ဟင်းရည်ခေါက်ဆွဲ အကြောင်း ဖွဲ့နွဲ့ပြီး ဆောင်းပါး ၃ ပုဒ်တောင် ရေးထားတာဗျ၊ ရှန်မိသားစုရဲ့ ဟင်းရည်ခေါက်ဆွဲ ကို ဖွဲ့ဆိုထားတာ၊ လွှတ်စမ်းပါဗျာ၊ မင်း နားမလည်ပါဘူး၊ ရှန်ညန်ဇီဆိုတာ ကျွန်တော်တို့လို အစားသမားတွေရဲ့ ရင်ဘတ်ချင်းနီးတဲ့ မိတ်ဆွေပဲ၊ မှောင်မိုက်နေတဲ့ ညရဲ့ မီးအိမ်ပဲ၊ အထီးကျန်လှေငယ်လေးရဲ့ ဆိပ်ကမ်းပဲ..."

"နဉ်တာ့ရာ... မင်းရဲ့ အချဉ်ပေါက်နေတဲ့ စာတွေကို ရွတ်မနေပါနဲ့တော့..." ရှန်အန်းမှာ ကြားရတာ ကြက်သီးထသွားလေသည်။

"..." ရှန်မြောင်လည်း တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားတော့သည်။

သူမ မှတ်မိလိုက်ပြီ။ ဒီလူက အရင်တုန်းက ကြက်ဥအနှစ်မုန့် လာဝယ်တုန်းက အငြင်းခံရဖူးသူပင်။ နောက်ပိုင်း အသင့်စားခေါက်ဆွဲ ခေတ်စားလာတော့ သူက တော်ဝင်ကျောင်းတော်က ကျောင်းသားများနှင့် ဖိယုံးစာသင်ကျောင်းက ကျောင်းသားများကို စုပြီး ညဘက် ခြံစည်းရိုးကျော်ကာ အသင့်စားခေါက်ဆွဲ လာစားကြရင်း ဆရာကြီးယောင်နှင့် ပက်ပင်းတိုးမိသွားကြသည်။ အဲဒီနောက်ပိုင်း သူ့ကို မတွေ့ရတော့ပေ။

ကြည့်ရတာ ကျောင်းပြေးပြီး ခေါက်ဆွဲစားတဲ့ကိစ္စ ပေါက်ကြားသွားလို့ အိမ်က အပြင်မထွက်ရ အမိန့်ထုတ်ထားတာကို ဒီနေ့မှ ပြန်လွတ်လာပုံရတယ်။

ရှန်ကျိသည် တွန်းလှည်းကို တံခါးဝတွင် ရပ်ထားခဲ့ပြီး ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ သူသည် ရှန်မြောင်၏ နောက်တွင် တိတ်ဆိတ်စွာ ဝင်ရပ်လိုက်ပြီး စိတ်လှုပ်ရှားကာ ထူးထူးဆန်းဆန်း ဖြစ်နေသော "နဉ်တာ့" ဆိုသူကို သတိထားသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

ထိုအချိန်တွင် သူဌေးကျိုးသည် နောက်ခန်းမှ လိုက်ကာကို မ လျက် ထွက်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ကိုယ်ကိုစောင်းကာ စကားပြောရင်း တံခါးခုံကို ကျော်လိုက်သည်။ " ကျိုကော၊ ကျောင်းပြန်တက်ရင် သဲမြေကြီး ယူသွားပြီး ဘာလုပ်မလို့လဲ၊ ငါ့ဆီမှာ လိပ်မွေးတုန်းက သုံးတဲ့ မြစ်သဲတွေတော့ ရှိတယ်၊ တစ်အိုးလောက် ခွဲပေးလိုက်မယ်လေ"

ပြောရင်းနှင့် နှစ်ယောက်သား လှည့်ကြည့်လာရာ ရှန်မြောင်ကို တွေ့လိုက်သဖြင့် ကြောင်အမ်းသွားပြီး ပြိုင်တူ မေးလိုက်ကြသည်။ "ရှန်ညန်ဇီ ဘယ်လိုလုပ် ရောက်လာတာလဲ"

ရှန်မြောင်သည် သူဌေးကျိုးကို ဦးစွာ နှုတ်ဆက်လိုက်ပြီး မော့ကြည့်လိုက်မှ သူဌေးကျိုး၏ အနောက်တွင် ရှိနေသူမှာ ရှဲ့ချီ ဖြစ်နေမှန်း သိလိုက်ရသည်။

ရှဲ့ချီ၏ ခြေထောက် ဒဏ်ရာ လုံးဝပျောက်ကင်းသွားပြီ ဖြစ်သည်။ အရင်က ကျောက်ပတ်တီး ဖြည်ပြီးပြီ ဆိုသော်လည်း လမ်းလျှောက်လျှင် နာသေးသည်။ အခုတော့ လမ်းလျှောက်တာရော ပြေးလွှားတာပါ ပြဿနာမရှိတော့သဖြင့် အိမ်က သူ့ကို ကျောင်းပြန်တက်ရန် တိုက်တွန်းနေကြသည်။ ဒီနေ့ လန်ရှင်းစာအုပ်ဆိုင်ကို လာသည်မှာလည်း စာရေးကိရိယာများနှင့် တခြားလိုအပ်သည်များကို ဝယ်ယူဖြည့်တင်းပြီး ကျောင်းပြန်တက်ရန် ဖြစ်လေသည်။

ရှန်မြောင်သည် ရှဲ့ချီကို တွေ့လိုက်ရသဖြင့် အကြောင်းရင်းမရှိဘဲ ပျော်ရွှင်သွားသည်။ သူမသည် ရှေ့တိုးကာ ညင်သာစွာ အရိုအသေပြုလိုက်သည်။ "မနေ့ကမှ ညဈေးမှာ ကျိုကောနဲ့ တွေ့ခဲ့တာ၊ ဒီနေ့ ဒီမှာ ထပ်တွေ့ပြန်ပြီ။ ဒါနဲ့ ကျိုကောကို မပြောရသေးဘူး၊ ကျိအာ စာမေးပွဲ အောင်သွားပြီ၊ အဆင့် ၆ ရတယ်လေ"

သူမသည် ကျိအာကို ရှေ့ဆွဲခေါ်လိုက်ပြီး မျက်နှာမော့ကာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောလိုက်သည်။ "အစတုန်းကသာ ကျိုကော လမ်းညွှန်မပေးခဲ့ရင်၊ ပြီးတော့ ကျိအာကို စာအုပ်တွေ မငှားပေးခဲ့ရင် သူ ဒီလောက် ချောချောမွေ့မွေ့ ဖြေနိုင်မှာ မဟုတ်ဘူး။ နောက်နောင် ကျိအာ ဖိယုံးစာသင်ကျောင်း ရောက်ရင်လည်း ကျိုကော အားတဲ့အချိန် ကြည့်ရှုစောင့်ရှောက်ပေးပါဦးနော်"

"ခဏခဏ ကျေးဇူးတင်စကား ပြောစရာ မလိုပါဘူးဗျာ၊ ကျွန်တော့်စာအုပ်တွေက ပံ့ပိုးပေးရုံ သက်သက်ပါ၊ ဒါတွေအားလုံးက ကျိအာ ကြိုးကြိုးစားစား စာဖတ်ခဲ့လို့ ရလာတဲ့ ရလဒ်တွေပါ၊ သူ့ကိုသာ ကျေးဇူးတင်ရမှာ" ရှဲ့ချီက အကျိုးဆောင်မှု မယူဘဲ ပြုံး၍ ခေါင်းခါလိုက်သည်။ ပြီးတော့ ရှန်ကျိဘက် လှည့်ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်ကွာ၊ နောက်ဆို ငါတို့ စာသင်ခန်း မတူပေမယ့် ကျောင်းနေဖက်တွေ ဖြစ်သွားပြီ၊ မင်း ကျောင်းရောက်ရင် ငါ နေရာအနှံ့ လိုက်ပို့ပေးမယ်"

"ကျေးဇူးတင်ပါတယ် ကျိုကော" ရှန်ကျိမှာ မျက်နှာရဲသွားလေသည်။

ရှန်အန်းကတော့ ပုံမှန်ထက် ထူးကဲစွာ နွေးထွေးနေသော ရှဲ့ချီကို မကြည့်ဘဲ မနေနိုင်တော့ပေ။ စိတ်ထဲတွင်လည်း 'ရှဲ့ကျိုက ဘယ်တုန်းက သူများအပေါ် ဒီလောက် ရင်းနှီးဖော်ရွေသွားတာလဲ၊ စာအုပ်တောင် ငှားလိုက်သေးတယ်၊ လိုက်ပို့ဦးမယ်တဲ့လား' ဟု တွေးနေမိသည်။

နဉ်ယီကတော့ ရှေ့တိုးလာပြန်ပြီး ခြေဖျားထောက်ကာ ရှဲ့ချီပခုံးကို ဖက်လျက် ရှန်မြောင်တို့ မောင်နှမနှစ်ယောက်ကို တိုးတိုးတိတ်တိတ်နှင့် ဆန်းကြယ်သလို ပြောပြလေသည်။ "မင်းတို့ မသိကြဘူးမလား၊ ရှဲ့ကျိုက ကျွန်တော်တို့ စာသင်ကျောင်းက ဆရာကြီးတွေ အားလုံးရဲ့ အချစ်တော်လေ၊ သူက ငယ်ငယ်တုန်းက ကလေးစာမေးပွဲမှာ ပထမရပြီး ဝင်လာတာ၊ ပြီးတော့ ဖိယုံးစာသင်ကျောင်း ရောက်တော့ ဘယ်စာမေးပွဲ ဖြေဖြေ ဒုတိယ မရဖူးဘူး။ သူဖတ်တဲ့ စာအုပ်တွေ၊ ရေးမှတ်ထားတဲ့ မှတ်စုတွေကို သူများတွေ မသိကြဘူး၊ ကျွန်တော်ပဲ အသိဆုံး၊ အရမ်းကို ထိမိပြီး တိကျပြတ်သားတာဗျ၊ ဟဲဟဲ... ကျွန်တော်ဆို လစဉ်စာမေးပွဲ၊ သုံးလပတ်စာမေးပွဲ၊ နှစ်ဆုံးစာမေးပွဲ ရောက်တိုင်း ရှဲ့ကျို စာအုပ်ကို ငှားဖတ်ပြီး အမြဲ အောင်စာရင်း ဝင်တာပဲ၊ အခန်း (က) ကနေ ထုတ်မခံရတော့ဘူးပေါ့။ မင်းတို့ မောင်လေးက အစတုန်းက သူ့စာအုပ် ငှားခွင့်ရလိုက်တာ ရတနာ ကောက်ရလိုက်သလိုပဲဗျ"

ရှန်မြောင်သည် ရှဲ့ချီကို အံ့ဩစွာ ကြည့်လိုက်မိသည်။ ကျိုကောက စာဖတ်တာ ဒီလောက် တော်တာလား။ သူက ပုံမှန်ဆို ဘယ်တော့မှ ထုတ်မပြောသလို၊ သူမရှေ့မှာလည်း သူ့ပညာကို ကြွားဝါတာမျိုး၊ ဆရာကြီးလုပ်တာမျိုး မရှိခဲ့ဖူးဘူးလေ။ ဒါကြောင့် ဒီလောက်ထိ တော်မယ်လို့ သူမ မထင်ထားခဲ့မိတာ။

ရှဲ့ချီသည် သူမ၏ ကြည်လင်တောက်ပနေသော မျက်လုံးများဖြင့် အကြည့်ခံရသဖြင့် ပါးပြင်များ ပူနွေးလာပြီး နေရခက်စွာ မျက်နှာလွှဲလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ရှန်ညန်ဇီ သူ့စကားကို မယုံပါနဲ့၊ သူပြောရင် အမြဲ ချဲ့ကားပြောတတ်တယ်၊ ကျွန်တော်က ဉာဏ်ကောင်းလှတယ်ရယ် မဟုတ်ပါဘူး၊ သူများထက် ပိုကြိုးစားရုံ သက်သက်ပါ"

ရှန်ကျိသည် ရှဲ့ချီ၏ စာအုပ်ဟောင်းများထဲမှ နေရာလပ်မကျန် ရေးမှတ်ထားသော မှတ်စုများကို ဖတ်ဖူးသဖြင့် နဉ်ယီပြောတာ မှန်ကြောင်း သိနေသည်။ ထို့ကြောင့် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။ ရှဲ့မိသားစုက ကျိုကော တော်တာက စာသားတွေ လှပဆန်းပြားနေလို့ မဟုတ်ဘဲ ဓားသွားလို ထက်မြက်ပြီး အချက်ကျကျ ထိမိလို့ ဖြစ်သည်။ သူ စာမေးပွဲဖြေတုန်းကလည်း မသိစိတ်ကနေ ရှဲ့ချီ၏ ဖြေဆိုပုံကို အတုခိုးပြီး ဖြေလိုက်တာကြောင့် သူ အောင်မြင်ခဲ့တာ ဖြစ်မည်ဟု တွေးမိလိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ ကိုယ့်အရင်းအမြစ်ကို မမေ့ရဘူး၊ ကျေးဇူးတရားကို မမေ့ရဘူးလေ၊ နောင်တစ်ချိန် ကျိုကော ကျွန်မအကူအညီ လိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ၊ ကျွန်မ ရှန်မြောင် တတ်နိုင်သလောက် ဘယ်တော့မှ မငြင်းပါဘူးရှင်" ရှန်မြောင်က အလေးအနက် ပြောလိုက်သည်။

ရှဲ့ချီ ရင်တွေ ခုန်လာသည်။ ရှန်ညန်ဇီ၏ မျက်ဝန်းတွေက လေးနက်နေသော်လည်း သူမ ပြောသမျှ စကားများကို သူ သေချာနားမဝင်တော့ပေ။ နားနှစ်ဖက်စလုံး လေဖြတ်တိုက်သွားသလို ဖြစ်နေပြီး လေထဲမှ "ရှန်မြောင်" ဆိုသည့် စကားလုံးကိုသာ ကြားနေရသည်။ သူက မသိစိတ်ဖြင့် မေးလိုက်မိသည်။ "ရှန်ညန်ဇီရဲ့ နာမည်က... ဘယ် စာလုံးကို သုံးတာလဲဟင်၊ ထူးချွန်ပြောင်မြောက်တယ်ဆိုတဲ့ မြောင် (妙) လား၊ ရေပြင်ကျယ်ပြောတယ်ဆိုတဲ့ မြောင် (淼) လား..."

သူ ခေါင်းတွေ ပူထူနေပြီး မေးပြီးမှ ကိုယ့်ကိုယ်ကိုယ် သတိဝင်လာသည်။ သူက ဒီနေရာမှာ မျက်နှာပြောင်ပြောင်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို မေးနေမိပါလား။

အပူငွေ့တစ်ခုက နားရွက်ဆီသို့ တိတ်တဆိတ် တွားသွားနေတော့သည်။

ရှန်မြောင်ကတော့ ဂရုမစိုက်ပေ။ နာမည်ဆိုတာ ခေါ်ဖို့ ပေးထားတာပဲလေ။ သူမမှာ မိဘတွေ မရှိတော့ဘူး။ ခင်ပွန်းသည်လည်း မရှိတော့ဘူး။ ဒီတော့ နာမည်ကို ထုတ်မပြောရတော့ဘူးလား။ ဘယ်လို လုပ်ထုံးလုပ်နည်း ရှိလို့လဲ။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "မိုးမြေကြီးလို ကျယ်ပြောတယ်ဆိုတဲ့ မြောင် (渺) ပါ"

ဪ... "မျှော်မှန်းလေတိုင်း ဝေးကွာကျယ်ပြောလှပါဘိ ဆိုတဲ့ မြောင် ကိုး။ ရှန်မြောင်။

ရေဆိုတာ နူးညံ့ပေမယ့် ကျယ်ပြောပြီး အားပါတယ်။ နူးညံ့သလိုလိုနဲ့ စွမ်းအားရှိတယ်။ နာမည်ကောင်းလေးပဲ။

သူမနဲ့ အရမ်းလိုက်ဖက်တယ်။

သူ စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်နေမိသည်။

နာမည်အကြောင်း ပြောပြီးနောက် ရှန်မြောင်သည် သဘာဝကျကျပင် သူဌေးကျိုးဘက် လှည့်ကာ စကားပြောလိုက်ပြီး ကျိအာအတွက် အသုံးခံမည့် မင်တောင့်နှင့် စုတ်တံများ ရွေးပေးရန်၊ ကျောင်းသားအများစုသုံးသည့် စာရွက်အမျိုးအသားကို မေးမြန်းလိုက်သည်။

အပြိုင်အဆိုင် ဖြစ်စေချင်ခြင်း မဟုတ်သော်လည်း ရွယ်တူတန်းတူတွေ သုံးနိုင်တာမျိုး ကျိအာကိုလည်း သုံးစေချင်သည်။ မတူကွဲပြားနေသဖြင့် အပယ်ခံရတာမျိုး၊ အတင်းပြောခံရတာမျိုး မဖြစ်စေချင်ပေ။

နောက်ဆို သူက ကျောင်းဆောင်မှာ သွားနေရတော့မည်။ လူသစ် ပစ္စည်းသစ်များနှင့် အသားကျဖို့ လိုသည်။ ကံကောင်းသည်မှာ ကျိုကော ရှိနေခြင်းပင်။

ရှန်မြောင်သည် ထို့ကြောင့် စိတ်အေးသွားရသည်။

သူမ မေးလိုက်သည်နှင့် နဉ်ယီက စိတ်အားထက်သန်စွာ ရှေ့ထွက်လာပြီး ဘယ်မင်တောင့်က ကောင်းကြောင်း၊ ဘယ်စုတ်တံက မာကြောင်း၊ ဘယ်မှင်အိုးက ကြိတ်လိုက်လျှင် မင်အနက်ဆုံး ထွက်ကြောင်း ရေပက်မဝင်အောင် ရှင်းပြလေတော့သည်။

ဒီတစ်ခါတော့ ရှန်မြောင်လည်း သေချာနားထောင်နေပြီး သူဌေးကျိုးကို နမူနာယူခိုင်းကာ ကျိအာအား စမ်းခိုင်းလေသည်။

ရှဲ့ချီသည် ရင်ထဲတွင် 'ရှန်မြောင်' ဆိုသော နာမည်လေးကို ပိုက်ထွေးလျက် နေရာမှာတင် ခဏကြာအောင် ရပ်နေမိ၏။ နွေဦးတောင်တန်းလို စိမ်းလန်းစိုပြေသော သူမ၏ မျက်ခုံးမျက်လုံးလေးများကို ငေးကြည့်ရင်း သူမဘေးနားမှာ ရပ်နေသော နဉ်ယီကို အလွန် ဆူညံသည်ဟု ခံစားလာရသည်။

ခဏကြာမှ သူ အကြည့်လွှဲလိုက်ပြီး တိတ်တဆိတ် လျှောက်သွားကာ ရှန်မြောင်နှင့် နှစ်လှမ်းအကွာတွင် ဝင်ရပ်လိုက်သည်။ နဉ်ယီကို မသိမသာ တစ်လှမ်းကွာအောင် ကာလိုက်ပြီး သူမအတွက် ပစ္စည်းများကို ဝင်ရောက် ရွေးချယ်ပေးလေသည်။

"... ကျိအာက ယန်လက်ရေးမူကို လေ့ကျင့်တာ၊ နဉ်တာ့ ပြောတဲ့ ဝံပုလွေမွေးစုတ်တံနဲ့ သိပ်အဆင်မပြေဘူး၊ ခရမ်းရောင်ဝါးရိုးတပ်ထားတဲ့ သိုးမွေးစုတ်တံ အလတ်စားက သူ့အရွယ် ရေးလို့အကောင်းဆုံးပဲ..."

ရှန်အန်းသည် လက်ပိုက်ပြီး ဘေးနားတွင် ရပ်နေရင်း ရေကဲ့သို့ နူးညံ့နေသော ရှဲ့ချီ၏ အသံကို နားထောင်ကာ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။

တကယ်ကို ပွဲစည်နေပါရောလား။

....

တချိန်တည်းတွင်။

ယန်လျိုအရှေ့လမ်းကြား၊ ရေမြောင်းထဲ၌ လီကိုအာသည် ခေါင်းငိုက်စိုက်ကျလျက် သစ်ကိုင်းခြောက်လေးကို ကောက်ကာ မြေကြီးပေါ်တွင် လျှောက်ခြစ်နေပြီး ရှန်းအာကို စိတ်ပျက်လက်ပျက် ပြောပြနေသည်။ "... ငါ အိမ်မှာ မနေချင်တော့ဘူးဟာ"

ရှန်းအာက စိတ်ပူစွာဖြင့် မေးလိုက်သည်။ "နင့်အမေက နင့်ကို တကယ်ရိုက်လိုက်တာလား"

"ရိုက်တာထက် ပိုခံရခက်တယ်" လီကိုအာက မျက်လုံးအဝိုင်းသားဖြင့် ပြုံးမဲ့မဲ့ လုပ်လိုက်သည်။ "ငါ့အမေက ငါ့ကို ဒီနေ့ကစပြီး နေ့တိုင်း နင့်အစ်ကိုလိုပဲ စာရေးရမယ်၊ ကဗျာရွတ်ရမယ်၊ ဆောင်းပါး ၅ ပုဒ် ရေးရမယ်တဲ့၊ မနက်ကနေ ညအထိပဲ၊ နေ့လယ်စာစားချိန် နည်းနည်းပဲ နားခိုင်းတယ်၊ ထောင်ကျနေသလို စောင့်ကြည့်နေတာ"

ရှန်းအာကလည်း စုပ်သပ်ကာ ပြောလိုက်သည်။ "အဲဒါ လူသေအောင် လုပ်နေတာမဟုတ်ဘူးလား"

"အမေပြောတာက ရှန်ကျိတောင် လုပ်နိုင်သေးတာ၊ နင်ဘာလို့ မလုပ်နိုင်ရမှာလဲတဲ့၊ နင့်ဉာဏ်က သူ့ထက် မညံ့ပါဘူး၊ နင်လည်း သူနဲ့တူတူ ကြိုးစားရင် နောက်နှစ်ကျ အခန်း (က) ရမှာ၊ သူ့ထက်တောင် ပိုကောင်းဦးမယ်တဲ့" လီကိုအာ သက်ပြင်းချလိုက်သည်။ သူသည် အသက်မကြီးသေးသော်လည်း ရင်ထဲတွင် ကျောက်တုံးကြီး ဖိထားသလို လေးလံမွန်းကျပ်နေသည်။

ရှန်းအာက မေးထောက်လျက် မြက်နှုတ်ဆော့နေသော ယိုယွီကို တစ်ချက်ကြည့်ပြီး လီကိုအာဘက် ပြန်လှည့်ကာ မကျေမနပ် ပြောလိုက်သည်။ "ဒါပေမဲ့ ငါ့အစ်ကိုက အဲဒီလို လုပ်တာ တစ်လလောက်ပဲ ကြာတာပါ၊ အဲဒီတုန်းက သူလည်း မျက်လုံးတွေ ကြောင်တောင်တောင် ဖြစ်ပြီး ငါတို့ စကားပြောရင် ဘာပြောမှန်းတောင် မသိတော့ဘူး၊ တွေဝေငေးငိုင်နေတာ၊ အဲဒါနဲ့ မကြီးက မကောင်းဘူးဆိုပြီး အဲဒီလောက် မလုပ်ခိုင်းတော့ဘူး၊ ကျန်းမာရေး ထိခိုက်မယ်တဲ့။ နင်သာ တစ်နှစ်လုံး အဲဒီလို လုပ်ရင် သေချာပေါက် ဒုက္ခရောက်မှာ"

"မလုပ်ပြန်ရင်လည်း အမေက ငိုယိုပြီး သောင်းကျန်းပြန်ရော၊ ငါ့ကို အသုံးမကျဘူး၊ မလိမ္မာဘူးဆိုပြီး ပြောတာ၊ ငါလည်း သူ့စကား နားထောင်ရုံပဲ ရှိတာပေါ့"

ရှန်းအာ့ မျက်နှာလေး ရှုံ့မဲ့သွားသည်။ ကိုအာကို ဘယ်လို နှစ်သိမ့်ရမှန်း မသိတော့ပေ။ ထို့ကြောင့် လူကြီးတွေလိုပဲ လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး မေးထောက်ကာ ရေမြောင်းဘောင်ကို မှီလျက် ကောင်းကင်ပေါ်က တိမ်စိုင်တိမ်လိပ်များကို မော့ကြည့်လိုက်သည်။

လီကိုအာလည်း လိုက်ကြည့်လေသည်။

သူတို့က လူကောင်သေးသေးလေးတွေ ဖြစ်ပြီး ရေမြောင်းထဲတွင် ထိုင်လျက် မော့ကြည့်လိုက်သော ကောင်းကင်သည် လေးထောင့်ပုံစံလေးသာ မြင်ရသည်။ ဒီနေ့ ကောင်းကင်ကြီးက ပြာလဲ့နေပြီး ဖန်သားပြင်ကို မီးဖုတ်ထားသလိုပင်။ သူတို့ကို ဒီမြောင်းနက်ကြီးထဲမှာ လုံအောင် အုပ်ထားသလို ခံစားရသည်။ လီကိုအာ စိတ်ထဲတွင် အလိုလို ဝမ်းနည်းလာသည်။

"ငါ့အမေက ဘာလို့ နင့်မကြီးလို သဘောထားမကြီးရတာလဲ" လီကိုအာက ဒူးပိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။

ရှန်းအာ စဉ်းစားလိုက်ပြီး ရိုးရိုးသားသားပင် ဖြေလိုက်သည်။ "ငါ မသိဘူးလေ" ပြီးမှ ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။ "ငါ့မကြီးက ကမ္ဘာပေါ်မှာ အကောင်းဆုံး မကြီးပဲဟာ၊ ဘယ်သူမှ လိုက်မမီနိုင်ပါဘူး"

လီကိုအာ ကြားတော့ ပိုပြီး စိတ်ဓာတ်ကျသွားသည်။

သူတို့သည် တိတ်ဆိတ်စွာ ကောင်းကင်ကို မော့ကြည့်နေကြသည်။ ယိုယွီကတော့ မြက်နှုတ်ရသည်ကို အာရုံကျနေသည်။ သူမ လက်နားက မြက်များ ကုန်သွားတော့ ကျောက်ခဲတွေကို စီနေပြန်သည်။ နောက်ထပ် ကျောက်ခဲ ရှာဖို့ လှည့်ကြည့်လိုက်သောအခါ သူမ ခေါင်းလေးက စောင်းတော့သွားသည်။

မြေအောက်ထိ ဖောက်လုပ်ထားသော ရေမြောင်း၏ အဆုံး မည်းမှောင်နေသော အပေါက်ဝထဲတွင် တောက်ပနေသော မျက်လုံးတစ်စုံက သူတို့ကို ငေးကြည့်နေသယောင် ရှိနေလေ၏။

...

All Chapters