အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အပိုင်း (၇၇)
ရှန်မြောင် စကားပြောပြီးနောက် သူမ၏ဂါဝန်ကို ပုတ်ခါလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ ထိုစဉ် သူမနောက်မှ တရှပ်ရှပ်အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။ ရက်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောခဲ့သည့် ကလေးလေးသည် ပထမဆုံးအကြိမ် ပါးစပ်ဟလာခဲ့၏။ သူ့အသံသည် တခြားကလေးများကဲ့သို့ နူးညံ့ကာ ငယ်ရွယ်သည့်အသံမျိုးမဟုတ်ဘဲ အက်ကွဲကာ ကြမ်းရှနေလေသည်။
"ကျွန်တော့်နာမည် ချန်ချွမ်း ပါ၊ ကျွန်တော့်အိမ်က ချွမ်းမြစ်ကမ်းဘေးက တတိယမြောက်အိမ်ပါ၊ ကျွန်တော်တို့အိမ်က အထည်ဆိုးဆေးလုပ်ငန်း လုပ်ပါတယ်၊ အိမ်မှာ အထည်တွေအများကြီး လှန်းထားတတ်တယ်"
ရှန်မြောင်သည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်လေသည်။ သူသည် နံရံကို ကိုင်ကာ မတ်တပ်ရပ်နေ၏။ သူ့မျက်လုံးများက တောက်ပနေပြီး အလွန်ကြီးမားနေသည်။ သူ့အသံက ဟာတာတာဖြစ်နေပြီး အတိတ်ကို ပြန်ပြောင်းသတိရနေပုံရလေသည်။
"ကျွန်တော့်မှာ အစ်မတစ်ယောက်နဲ့ ညီလေးတစ်ယောက်ရှိတယ်၊ ဒီနှစ် မီးပုံးပွဲတော်သွားကြည့်တုန်းက မုတ်ဆိတ်မွှေးတွေနဲ့ လူတစ်ယောက်က ကျွန်တော့်ကို ပွေ့ချီသွားခဲ့တယ်၊ သူက ကျွန်တော့်ကို ဂုန်နီအိတ်ထဲ ထည့်လိုက်တယ်၊ အရင်ဆုံး လှေစီးရတယ်၊ ပြီးတော့ လှည်းပြောင်းစီးရတယ်၊ သူ ကျွန်တော့်ကို အပေါ့သွားဖို့ လွှတ်ပေးတဲ့အချိန်မှာ ကျွန်တော် ၂ ကြိမ် ထွက်ပြေးခဲ့တယ်၊ သူက ကျွန်တော့်ကို ကြာပွတ်နဲ့ရိုက်တယ်၊ ပြီးတော့ တုတ်နဲ့ရိုက်ပြီး ကျွန်တော့်ခြေထောက်ကို ချိုးပစ်ခဲ့တယ်၊ သူက ကျွန်တော့်ကို တစ်နေ့မှ မုန့်တစ်ချပ်ပဲ ကျွေးတယ်၊ ကျွန်တော် အားရှိပြီး ထွက်ပြေးမှာစိုးလို့လေ။
နောက်ပိုင်းကျတော့ သူက ကျွန်တော့်ကို တခြားလူတစ်ယောက်ဆီ ထပ်ရောင်းလိုက်ပြန်ရော၊ ကျွန်တော် ဂုန်နီအိတ်ထဲမှာပဲ နေခဲ့ရတယ်၊ ရက်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ရှုပ်ပွနေတဲ့ နေရာတစ်ခုကို ရောက်လာခဲ့တယ်၊ ဂုန်နီအိတ်က ဘာနဲ့ငြိပြီး ပေါက်သွားလဲမသိဘူး၊ ကျွန်တော် လှည်းပေါ်ကနေ ပြုတ်ကျသွားတယ်၊ လူအုပ်ကြားထဲ လိမ့်ဆင်းသွားတာပေါ့၊ ကျွန်တော့်ကို ဝယ်တဲ့လူက ပြန်ဖမ်းဖို့လှည့်လာတော့ ကျွန်တော် ရေမြောင်းထဲ ဝင်ပုန်းပြီး ထွက်ပြေးခဲ့လိုက်တာ"
"သူ ကျွန်တော့်ကို မဖမ်းမိလိုက်ဘူး"
သူ ပြောပြီးသွားသည်နှင့် မျက်လွှာချလိုက်ပြီး ဒူးကို မြေကြီးပေါ်ထောက်ကာ အလွန်တိုးညှင်းသည့်လေသံဖြင့် အသနားခံလိုက်လေသည်။
"ကျွန်တော် အိမ်ပြန်ချင်တယ်၊ ကျွန်တော့်ကို အဲဒီနေရာကို မပို့ပါနဲ့။ သူတို့က ကျွန်တော့်ကို လူပွဲစားဆီ ပြန်ပို့လိုက်ကြလိမ့်မယ်။ ကျွန်တော် အဖမ်းမခံချင်တော့ဘူး၊ တောင်းပန်ပါတယ်"
ရှန်မြောင်သည် ဆက်ကြည့်မနေနိုင်တော့ဘဲ လက်လှမ်းကာ သူ့ကို ဆွဲထူလိုက်လေသည်။
"မင်းရဲ့အိမ်က ဘယ်ပြည်နယ် ဘယ်စီရင်စုမှာလဲ။ မှတ်မိလား"
သူသည် မျက်နှာမော့ကာ ရှန်မြောင်ကို ကြည့်လိုက်၏။ မူလက သတိထားပြီး သံသယဝင်နေသည့် မျက်လုံးများထဲတွင် မျက်ရည်စများ ဝဲလာလေသည်။ သူသည် ရှန်မြောင်ကို ပြန်မဖြေနိုင်ဘဲ တွေဝေငေးငိုင်နေတော့သည်။ သူ့အိမ် ဘယ်နားမှာရှိမှန်း သူ တကယ်မသိတော့ချေ။ အိမ်ရှေ့မှာ မြစ်တစ်စင်းရှိတာ၊ အမေက ညီလေးကို ကုန်းပိုးပြီး မြစ်ထဲမှာ အဝတ်လျှော်နေတတ်တာ၊ ခြံထဲက ကြိုးတန်းပေါ်မှာ အရောင်မျိုးစုံဆိုးထားတဲ့ အထည်တွေ ရှုပ်ပွနေအောင် လှန်းထားတတ်တာ၊ သူက အဲဒီအထည်တွေကြားထဲမှာ ဝင်ချည်ထွက်ချည် ကစားတတ်တာလောက်ကိုသာ သူ မှတ်မိနေတော့သည်။
ရှန်မြောင်သည် သူ့ကို ခုတင်ပေါ်တွင် ဖိချကာ ထိုင်ခိုင်းလိုက်ပြီး သူ့ဒူးခေါင်းကို နှိပ်နယ်ပေးလိုက်လေသည်။
'သူက အသက်မကြီးသေးဘူး၊ ဒါတွေကို မှတ်မိနေတာကပဲ မဆိုးဘူးလို့ ပြောရမယ်။ ပြီးတော့ သူပြောပြတာကို နားထောင်ရသလောက်ဆိုရင် ရေကန်နားမှာ ဆောက်ထားတဲ့အိမ်တွေက ကျန်းနန် ဖက်ကနဲ့ တူတယ်၊ ပြန့်ကျင်းမြို့ဝန်းကျင်နဲ့ မတူဘူး၊ ဒီနှစ် မီးပုံးပွဲတော်မှာ အဖမ်းခံရတာဆိုတော့ ယွမ်ရှောင်ပွဲတော်ကနေဆိုရင် ၄ လနီးပါး ရှိနေပြီ၊ ဆိုလိုတာက လူပွဲစားက သူ့ကို ခေါ်ပြီး နေရာအနှံ့လှည့်လည်နေတာ ပြန့်ကျင်း ကို ရောက်ဖို့ နှစ်ဝက်လောက် ကြာသွားတယ်ပေါ့၊ ဒီခရီးလမ်းက တော်တော်ဝေးတာပဲ'
အခုလို လှည်းတွေ မြင်းတွေ နှေးကွေးပြီး စာပို့ဆက်သွယ်ရေး နှေးကွေးတဲ့ခေတ်မှာ ပင်လယ်ထဲ အပ်ရှာသလို ဖြစ်နေတော့မယ်။
ရှန်မြောင်သည် ထိုနေရာတွင် အချိန်အကြာကြီး ရပ်နေမိပြီး စိတ်ထဲတွင် ဗျာများနေမိသည်။ ရှန်းအာ က ခုန်ဆွခုန်ဆွဖြင့် ပြန်ရောက်လာပြီး သူမလက်ထဲတွင် ဘယ်နေရာက ခူးလာမှန်းမသိသည့် တောပန်းတစ်စည်းကို ကိုင်ထားသည်အထိပင်။ ထိုအစားပုတ်မလေးက အိမ်ထဲသို့ ခေါင်းပြူဝင်လာပြီး မေးလိုက်လေသည်။ "မကြီး ဒီနေ့ ဘာဟင်းစားမှာလဲဟင်"
သူမက လှည့်ကြည့်လိုက်လေသည်။ အခန်းထဲတွင် မှောင်နေသော်လည်း အပြင်ဘက်တွင် လင်းနေဆဲပင်။ ရှန်းအာ သည် အလင်းရောင်နှင့်အတူ ဝင်ရောက်လာခြင်း ဖြစ်သည်။ ရှန်းအာသည် သူမ လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ ခေါင်းလေးစောင်းကာ ပြုံးပြလိုက်ပြီး သူမကို အပြာရောင်ပန်းပွင့်တစ်စည်း မြှောက်ပြလိုက်လေသည်။
"မကြီး ကြည့်ပါဦး၊ ညီမလေး ခူးလာတဲ့ ပန်းတွေလေ၊ ဒီအရောင်က တော်တော်ရှားတယ် မဟုတ်လား"
ရိုးတံသေးသေးလေးများသည် ရှန်းအာက ဆုပ်ကိုင်ထားသဖြင့် ညှိုးရော်လုနီးပါး ဖြစ်နေသော်လည်း တောက်ပနေသည့် နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိနေလေသည်။
ထိုအခိုက်အတန့်တွင် သူမ တွေးမိလိုက်၏။ 'တကယ်လို့များ ငါ ဒီကို ရောက်မလာခဲ့ဘူးဆိုရင် ရှန်းအာ နဲ့ ကျိအာ တို့ ဘယ်လိုဖြစ်သွားမလဲ'
'သူတို့တွေကော ဒီကလေးလိုပဲ လမ်းဘေးရောက်သွားမလား၊ ဒါမှမဟုတ် လူကုန်ကူး ခံရမလား၊ အရောင်းအဝယ် အကြိမ်ကြိမ်လုပ်ခံရပြီး အိမ်ကိုတောင် မမှတ်မိတော့တဲ့အထိ ဖြစ်သွားမလား... တကယ်လို့သာ ဒီလိုဖြစ်ခဲ့ရင် ကူညီမယ့်သူ ရှိပါ့မလား'
ရှန်မြောင်သည် ထိုကြောက်မက်ဖွယ်ကောင်းသော အတွေးများကို အလျင်အမြန် မောင်းထုတ်လိုက်လေသည်။ သူမသည် ချန်ချွမ်း ဟုခေါ်သည့် ပိန်လှီပြီး အရိုးပေါ်အရေတင်နေသော ကလေးကို ကြည့်လိုက်ပြီး စကားလမ်းကြောင်း လျှော့ပေးလိုက်တော့သည်။
"ထားလိုက်ပါတော့၊ မင်း နေခဲ့လိုက်ပါ၊ ထမင်းတစ်လုပ်လောက် ပိုကျွေးရတာ ပြဿနာမဟုတ်ပါဘူး"
'ဒါပေမဲ့ နောက်မှ ရှေ့နေကို သွားမေးကြည့်ရဦးမယ်။ ဥပဒေကို အရင်လေ့လာရမယ်။ လူကုန်ကူးခံရပြီးမှ လူပွဲစားဆီကနေ ပြန်ရောင်းစားခံရတဲ့ ကလေးက အခု ဘယ်လို အိမ်ထောင်စုစာရင်းမျိုး ဖြစ်နေမလဲ။ လူပွဲစား ဒါမှမဟုတ် ဝယ်တဲ့သူလက်ထဲမှာ သူ့ရဲ့ကျွန်စာချုပ် ရှိနေဦးမှာပဲ။ အဲဒါက တရားဝင်နေသေးလား။
ပြီးတော့ သူ့ဒဏ်ရာတွေက အပြင်ပန်းဒဏ်ရာတွေကတော့ ဒီရက်ပိုင်း ကုသလိုက်လို့ သက်သာသွားပြီဆိုပေမဲ့ သူ့ခြေထောက်က ကုလို့ရပါဦးမလားမသိဘူး... ဖုန်းမိသားစု ဆီကနေ ပြန်လာပြီးရင် သူ့ကို တော်ဝင်သမားတော်ကျောက် ရဲ့အိမ်ကို ခေါ်သွားပြီး တစ်ခေါက်လောက် စစ်ဆေးကြည့်ခိုင်းရမယ်'
ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်လာလေသည်။ ရှန်မြောင်သည် လေတစ်ချက် ရှူသွင်းလိုက်ပြီး ဆက်လက်၍ စိတ်ရှုပ်မခံတော့ပေ။ တောင်ခြေရောက်ရင် လမ်းပေါက်လာမှာပဲလေ။ ပြဿနာတွေကို တစ်ခုချင်းစီ ဖြေရှင်းသွားရုံပေါ့။ စိတ်ပူနေလည်း အလကားပဲ။
သူမ ထိုသို့တွေးရင်း ရှေ့သို့တိုးကာ ရှန်းအာ ၏ ခေါင်းလေးကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်လေသည်။
"ညစာအတွက် 'ယန်တူရှန်း' (မျှစ်၊ ဝက်ပေါင်ခြောက် နှင့် ဝက်သားသုံးထပ်သား ဟင်းရည်) နဲ့ ဝက်အူချောင်းထမင်း စားကြမယ်။ ညီမလေး အရင်သွားဆော့နေ၊ မကြီး ထမင်းသွားချက်လိုက်ဦးမယ်"
ယန်တူရှန်းက ဘာလဲ။
ရှန်းအာ သည် နာမည်ကြားလိုက်သည်နှင့် သွားရည်ကျလာတော့သည်။ သူမ မစားဖူးသည့်အရာ ဖြစ်နေပြန်ပြီ။
အစစ်အမှန် ယန်တူရှန်းကို နွေဦးပေါက်ချိန်ထွက်သည့် မျှစ်လတ်လတ်ဆတ်ဆတ်ဖြင့် ချက်ပြုတ်ရသော်လည်း ယခုလတွင် မျှစ်လတ်လတ်ဆတ်ဆတ် မရှိတော့ချေ။ ရှန်မြောင်သည် မျှစ်ခြောက်ကို ရေစိမ်လိုက်ပြီး ဝက်သားသုံးထပ်သားနှင့် ဝက်ပေါင်ခြောက်တို့ကို စတင် လှီးဖြတ်လိုက်ကာ အသုံးပြုရန် ပါးပါးလှီးထားလိုက်၏။ ထို့နောက် မီးဖိုပေါ်တွင် ရေဆူလာသည်နှင့် ဝက်ပေါင်ခြောက်ကို အရင်ထည့်ကာ မီးပြင်းပြင်းဖြင့် ပြုတ်လိုက်သည်။ ဟင်းရည်က နို့နှစ်ရောင် ပြောင်းသွားသည်အထိ တည်ပြီးမှ ရေစိမ်ထားသော မျှစ်ခြောက်နှင့် ဝက်သားသုံးထပ်သားကို ထည့်ကာ မီးအေးအေးဖြင့် နှပ်ထားလိုက်လေသည်။ မျှစ်က အသား၏ အနံ့အရသာကို စုပ်ယူလိုက်ပြီး အသားက မျှစ်၏ လတ်ဆတ်မှုကို စိမ့်ဝင်သွားစေရာ ဟင်းရည်မှာ ဖြူနုပြီး ပျစ်နှစ်ကာ မွှေးကြိုင်လာပြီးနောက် သုံးဆောင်ရန် အဆင်သင့် ဖြစ်သွားတော့သည်။
ဝက်အူချောင်းထမင်းကလည်း အလွန်ရိုးရှင်းပါသည်။ ဝက်အူချောင်းခြောက်ကို ပါးပါးလှီးပြီး ဆီပူအိုးထဲတွင် ကြက်သွန်မြိတ်နှင့်အတူ ထည့်ကြော်ကာ ဆီသတ်လိုက်သည်။ ထို့နောက် ဟင်းနုနွယ်ရွက်ထည့်ပြီး မွှေကြော်ကာ နောက်ဆုံးတွင် ပေါင်းထားသော ထမင်းဖြူကို ထည့်ပြီး သမအောင် မွှေကြော်လိုက်သည်။ ဝက်အူချောင်း၏ အဆီအနှစ်များက ထမင်းထဲသို့ စိမ့်ဝင်သွားကာ ငန်ကျိကျိနှင့် မွှေးကြိုင်သော ဝက်အူချောင်းထမင်းတစ်ပွဲကို ရရှိလေသည်။
ရှန်မြောင်သည် လျင်မြန်စွာ ချက်ပြုတ်ပြီးစီးသွားသည်။ အပြင်သို့ သယ်လာချိန်တွင် ရှန်းအာသည် ချန်ချွမ်း နှင့် စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။ ရှန်းအာ က ၁၀ ခွန်းပြောမှ ဟိုဘက်က ၁ ခွန်းလောက်သာ ပြန်ပြောပြီး ပုံမှန်အားဖြင့် "အင်း"၊ "ဟုတ်"၊ "မဟုတ်ဘူး" ဟူသော စကားလုံးများသာ ဖြစ်သော်လည်း တုံ့ပြန်မှုရသဖြင့် ရှန်းအာ က ပိုပြီး အားတက်လာကာ နောက်ပိုင်းတွင် သူ့ကို ထမင်းစားရန် အတင်းဆွဲခေါ်လာတော့သည်။
ထို့ကြောင့် ခြံဝင်းထဲက စားပွဲဝိုင်းလေးတွင် လူတစ်ယောက် ပိုလာခဲ့လေသည်။
ရှန်းအာ သည် အသစ်အဆန်း ကြိုက်သူဖြစ်ရာ ဒီနေ့တွင်တော့ ချန်ချွမ်း နှင့် ကပ်ထိုင်လေသည်။ နှစ်ယောက်သား တစ်ဖက်တည်းတွင် ပူးကပ်နေကြသည်။
ကျိအာ ကတော့ သူမကို ဂရုပင်မစိုက်ချေ။ ဒီနေ့ လျိုတို့ဟွား နှင့် တောပန်းခူးသည့်ကိစ္စကြောင့် ရန်ဖြစ်ထားကြသည်။ နှစ်ယောက်သား ဘယ်သူ ပိုခူးနိုင်လဲ ပြိုင်ကြရာ လျိုတို့ဟွား က ရှုံးတာကို ဝန်မခံသလို ရှန်းအာ ကလည်း အလျှော့မပေးသဖြင့် ကြက်မွှေး ကြက်တောင် ကိစ္စလေးနှင့် ဆူညံသွားကြခြင်း ဖြစ်သည်။
ထမင်းစားပွဲပေါ်က နေရာနှင့်ပတ်သက်ပြီး...
သူသည် အစ်မဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ကိုယ်ကိုမတ်ကာ ထိုင်လိုက်လေသည်။
သူသည် နေ့တိုင်း၊ ထမင်းစားချိန်တိုင်း အစ်မဖြစ်သူ၏ ဘယ်ဘက်လက် နေရာကို မြဲမြံစွာ ဦးစီးထားပြီး ဘယ်သူလာလာ မဖယ်ပေးချေ။
သို့သော် မကြာမီ သူ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။ နောက်ထပ် ၂ ရက်ကြာလျှင် ကျောင်းစတက်ရတော့မည်ဖြစ်ရာ နောက်နောင် အိမ်တွင် မကြာခဏ ထမင်းစားနိုင်တော့မည် မဟုတ်ပေ။
ရှန်မြောင်သည် ခေါင်းခါလိုက်ပြီး ထိုကလေးတစ်သိုက်ကို ဟင်းရည်ထည့်ပေးရန် ထရပ်လိုက်စဉ် သူမကိုယ်သူမ မူကြိုကျောင်းအုပ်ဆရာမကြီးတစ်ယောက်လို ရုတ်တရက် ခံစားလိုက်ရသည်။ ယိုယွီ သည် ခန္ဓာကိုယ် ကြီးထွားသန်မာသော်လည်း ကလေးနှင့်မခြားပေ။ သူမသည် ထမင်း တစ်နပ်လျှင် အနည်းဆုံး ထမင်း ၄ ပန်းကန် စားသဖြင့် ရှန်မြောင်က သူမအတွက် ဟင်းရည်ထည့်သည့် ဇလုံကြီးကို ထမင်းပန်းကန်အဖြစ် ပေးထားလိုက်သည်။ ဒါမှသာ ခဏခဏ ထမင်းထည့်ပေးစရာ မလိုတော့သလို သူမလည်း ပန်းကန်ဆေးရ သက်သာလိမ့်မည်။
ချန်ချွမ်း ရှေ့သို့ ထမင်းပန်းကန် ကမ်းပေးရင်း ရှန်မြောင်က စကားတစ်ခွန်း ပိုပြောလိုက်လေသည်။
"နောက်ဆို မင်းလည်း ငါ့ကို မကြီးလို့ ခေါ်နော်၊ ငါက မင်းအစား မိသားစုကို လိုက်ရှာပေးလို့မရဘူး၊ ဒါကြောင့် နှစ်အနည်းငယ်လောက်တော့ မင်းရဲ့ စားဝတ်နေရေးကို တာဝန်ယူ စောင့်ရှောက်ပေးမယ်။ မင်း ကြီးလာလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အချိန်ကျမှ မိသားစုကို သွားပြန်ရှာပေါ့"
ချန်ချွမ်းက မော့ကြည့်လိုက်၏။ ခဏအကြာတွင် လက်နှစ်ဖက်ဖြင့် ထမင်းပန်းကန်ကို လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကာ ဖြေလိုက်လေသည်။
"...မကြီး"
ရှန်းအာ ၏ နားရွက်များ လှုပ်သွားပြီး ဇွဲကောင်းကောင်းဖြင့် ထပ်မေးလိုက်ပြန်သည်။
"နင် ဘယ်နှနှစ်ရှိပြီလဲ"
ချန်ချွမ်းသည် ခေါင်းငုံ့ပြီး ထမင်းစားနေပြီ ဖြစ်သည်။ သူသည် လက်တစ်ဖက်က ထမင်းစားနေပြီး ကျန်လက်တစ်ဖက်က ပန်းကန်လုံးကို အုပ်မိုးထားသည့် အစာကာကွယ်သည့်ပုံစံဖြင့် စားသောက်နေကာ ထမင်းစားချိန်တွင် စကားလုံးဝ မပြောပေ။
"နင်က ငါ့ထက် ပုတယ်၊ ငါ့ထက် ငယ်မှာ သေချာတယ်၊ ဒါကြောင့် ငါကလည်း အစ်မပဲ။ နင် ငါ့ကိုလည်း မကြီးလို့ ခေါ်ရမယ်"
ချန်ချွမ်း ဆီက အဖြေမရသော်လည်း ရှန်းအာ သည် ကိုယ့်ဘာသာ အဖြေထုတ်လိုက်လေသည်။
ရှန်မြောင်မှာ ရယ်မောမိတော့သည်။ ရှန်းအာက အစ်မကြီး လုပ်ချင်သည့်ကိစ္စကို ဘာကြောင့် ဒီလောက် အလေးထားနေမှန်း သူမ နားမလည်တော့ပေ။ လူတစ်ယောက်ကို တွေ့သည်နှင့် အသက် လိုက်ပြိုင်နေတော့သည်။
"ကဲပါ... ထမင်း မြန်မြန်စားကြ"
ထိုအခါမှ ရှန်းအာသည် ထိုင်ပြီး ဟင်းရည်တစ်ငုံ သောက်လိုက်လေသည်။ သောက်ပြီးသည်နှင့် ကျေနပ်သွားကာ အစ်မကြီး လုပ်ချင်သည့်ကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ လတ်ဆတ်သည့် အရသာက သူမ၏ပါးစပ်တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် စကားပြောရန် အားမရှိတော့ဘဲ ချန်ချွမ်း ကဲ့သို့ပင် ခေါင်းငုံ့ကာ အားပါးတရ စားသောက်တော့သည်။ ဟင်းရည်တစ်လုပ် ထမင်းတစ်လုပ် စားသောက်ပြီးနောက် ပန်းကန်လွတ်ကို အရင်ဆုံး မြှောက်ပြကာ လုပြောလိုက်လေသည်။
"သမီး ဟင်းရည်တစ်ပန်းကန် ထပ်လိုချင်တယ်၊ အသားများများ ထည့်ပေးနော်"
....
ညဘက်တွင် ရှန်မိသားစုအိမ်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး မီးဖိုချောင်ထဲ၌သာ မီးလင်းနေလေသည်။ ယိုယွီ က အိမ်ပြန်သွားပြီဖြစ်ပြီး ရှန်းအာ နှင့် ကျိအာ တို့လည်း အိပ်ပျော်နေကြပြီ။ ကောက်ရခဲ့သည့် ချန်ချွမ်း လည်း ကျိအာ ၏အခန်းထဲတွင် ကြမ်းခင်းအိပ်ရာ ခင်းပြီး အိပ်ပျော်နေလောက်ပြီ ဖြစ်သည်။ ရှန်မြောင်တစ်ယောက်တည်း ခုံပုလေးပေါ်တွင် ထိုင်ကာ နောက်ဆုံးပေါက်စီကို အဝပိတ်လိုက်လေသည်။ သူမသည် အဒေါ်ကု နှင့် ပြောထားပြီးပြီ ဖြစ်သည်။ မနက်ဖြန် အိမ်လာပြီး ကလေးများကို တစ်ရက်လောက် ဝိုင်းကြည့်ပေးရန် ဖြစ်သည်။ ဒါက သူတို့အတွက် ချန်ထားခဲ့သည့် ရိက္ခာပင်။ မသွားခင် သူမ ပေါက်စီ ပေါင်းထားခဲ့လိုက်မည်။ သူတို့ စားလို့ရပြီပေါ့။
နောက်တစ်နေ့ မနက် ၅ နာရီခန့်တွင် ရှန်မြောင်သည် ရှဲ့မိသားစု၏ လှည်းကိုစီးပြီး ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် အိမ်ရှိ ကြက်များပင် ခေါင်းငိုက်စိုက်ကျကာ အိပ်နေကြဆဲ ဖြစ်၏။
ရှန်းအာသည် ဆီးသွားချင်၍ နိုးလာပြီး မျက်လုံးပွတ်ကာ အိမ်သာထသွားချိန်တွင် အစ်မဖြစ်သူ ပျောက်နေသည်ကို တွေ့လိုက်ရသည်။ အဒေါ်ကု သာလျှင် ခါးစည်း စည်းလျက် ခြံထဲတွင် ဟင်းရွက်ရေလောင်း ကြက်စာကျွေး လုပ်နေသည်ကို တွေ့ရပြီး သူမကို မြင်သောအခါ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
"မင်းရဲ့မကြီးက တကယ် အလုပ်ကြိုးစားတာပဲ။ မသွားခင် နင်တို့စားဖို့ အသားမန်ထိုတွေ ပေါင်းထားပေးခဲ့တယ်၊ ကြက်ဥဟင်းရည် တစ်အိုးကြီးတောင် ပြုတ်ထားသေးတယ်၊ အိုးထဲမှာ နွေးထားတယ်လေ၊ နင် အိပ်ချင်သေးလား၊ မအိပ်တော့ရင် ထစားလိုက်တော့လေ"
ဖုန်းမိသားစုက ရင်းနှီးသည့်အိမ် မဟုတ်သဖြင့် သူတို့ကို ခေါ်သွားလို့ မရကြောင်း၊ အစ်မဖြစ်သူက ဒီနေ့ စားပွဲဝိုင်းပြင်ပေးရန် သွားရမည်ဖြစ်ကြောင်း ရှန်းအာ သတိရသွားလေသည်။
ထို့ကြောင့် သူမ၏ အိပ်ချင်စိတ်များ လွင့်ပါးသွားတော့သည်။ သူမသည် နှုတ်ခမ်းဆူလိုက်ပြီး နှာခေါင်းပိတ်ကာ အိမ်သာထဲသို့ ဝင်သွားလိုက်သည်။
အဒေါ်ကုသည် ခွေးကို တစ်ပတ် ထပ် လိုက်ပို့ပေးလိုက်ပြန်သည်။ ခွေးကြိုး စွပ်လိုက်သည်နှင့် ခွေးနှစ်ကောင် ဆွဲသဖြင့် သူမမှာ လွင့်ထွက်သွားပြီး တံခါးဝတွင် အရိပ်တစ်ခု ဖြစ်သွားသည်အထိပင်။
ထို့နောက်တွင်တော့ သူမ၏ခြေထောက်များ မြေကြီးနှင့် မထိတော့သလောက်ပင်။ အထူးသဖြင့် ကျွေးဖုန်းပင်။ ခွေးကြိုးသာ ဆွဲမထားလျှင် ၎င်းသည် ပျံတက်သွားပြီး ကောင်းကင်ပေါ် ရောက်သွားလောက်လေသည်။
အဒေါ်ကုသည် ဆံပင်များ ဖွာလန်ကြဲကာ မောဟိုက်လျက် ရှန်မိသားစု ခြံဝန်းထဲသို့ ပြန်ရောက်လာချိန်တွင် ကျိအာ နှင့် ချန်ချွမ်း တို့လည်း နိုးနေကြပြီ ဖြစ်သည်။ ကျိအာက မျက်နှာသစ်ပြီး လက်တစ်ဖက်က အသားမန်ထိုကို ကိုင်ကာ ကျန်လက်တစ်ဖက်က စာအုပ်ကို ကိုင်လျက် ဝရံတာအောက်တွင် ရပ်ပြီး စာကျက်နေလေသည်။
အစ်မကြီး လက်ခံထားသည့် ချန်ချွမ်းသည် ခြံဝင်းထောင့်တွင် ကျုံ့ကျုံ့လေး ထိုင်နေ၏။ ရှန်းအာက ထိုနေရာသို့ သွားပြီး သူ့ကို စကားပြောကာ အသားမန်ထို ၂ လုံး လှမ်းပေးလိုက်လေသည်။
ဒီနေ့ ဆိုင်မဖွင့်သဖြင့် ယိုယွီ လည်း ခွင့်ရပြီး မလာပေ။
အဒေါ်ကုသည် ချွေးများကို သုတ်လိုက်ပြီး သူမ၏ ခါးကို ထုလိုက်ကာ တွေးမိလိုက်သည်။ 'ဒီနေ့ ငါက ခွေးကို လိုက်ကျောင်းတာလား၊ ခွေးက ငါ့ကို လိုက်ကျောင်းတာလား မသိပါဘူး'။ မနေ့က သာ့ကျဲအာက သေချာမှာထားသည်ကို သူမ သတိရသွားသည်။ "ခွေးကျောင်းရင် သတိထားနော်၊ သူတို့က အားသန်တယ်" ဟူ၍။ အစကတော့ သူမ ဂရုမစိုက်ခဲ့ပေ။ ခွေးတစ်ကောင်က အားဘယ်လောက်ရှိမှာမို့လို့လဲ။ ပုံမှန် အစ်မကြီး ကျောင်းနေတာ မြင်ရတာ ပေါ့ပေါ့ပါးပါးပါပဲ။
ရလဒ်ကတော့ ခါးအိုကြီး ကျိုးလုနီးပါး ဖြစ်သွားရသည်။
သူမသည် ခွေးနှစ်ကောင်ကို ကြိုးဖြေလိုက်ပြီး ခြံထဲတွင် လွှတ်ထားလိုက်သည်။ အရိပ်လို ငြိမ်နေသည့် ချန်ချွမ်း ကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားသည်။ ဒီလောက်ငယ်တဲ့ ကလေးက မှိုင်းညို့နေတာပဲ။ တကယ် လူချစ်စရာ မကောင်းလိုက်တာ။ သာ့ကျဲအာက စိတ်သဘောထား ကောင်းလို့သာ၊ မဟုတ်ရင် သူ့ကို ထမင်းအနည်းငယ် ကျွေးပြီး မောင်းထုတ်လိုက်ရင်တောင် ဘယ်သူမှ ဘာပြောမှာ မဟုတ်ဘူး။
ဆိုင်ဖွင့်လိုက်လို့ သာ့ကျဲအာရဲ့ နေထိုင်မှုဘဝက ပိုအဆင်ပြေလာတယ် ဆိုပေမဲ့ ပါးစပ်တစ်ပေါက် ပိုလာတာက ဝန်ထုပ်ဝန်ပိုး ဖြစ်တာပဲလေ။
အဒေါ်ကုသည် သာ့ကျဲအာက သူ့ကို လက်ခံထားသည်ကို သိပ်သဘောမကျသော်လည်း သာ့ကျဲအာ ကိုယ်တိုင်က လက်ခံထားပြီးဖြစ်ရာ သူမလည်း ဘာမှ ပြောမကောင်းပေ။
အိမ်တိုင်းမှာ သူ့ကံတရားနဲ့သူ ရှိကြတာပဲလေ။
ကလေးအများစု စားသောက်နေကြသည်ကို မြင်လိုက်ရမှ သူမသည် ရှေ့က ဆိုင်ခန်းသို့ ထွက်လာခဲ့လေသည်။ သူမသည် တံခါးကို တစ်ဝက်ဖြုတ်ချလိုက်ပြီး ဆိုင်ခန်းထဲ လေဝင်လေထွက်ကောင်းအောင်နှင့် အလင်းရောင်ရအောင် လုပ်လိုက်သည်။ ထို့နောက် တံမြက်စည်းယူကာ ရှန်မြောင်အတွက် ဆိုင်ကြမ်းပြင်ကို လှည်းကျင်းပေးလိုက်သည်။
ဒီနေ့ ဆိုင်မဖွင့်သည်ကို မြင်လိုက်ရသည့် ဧည့်သည်အများအပြားက ခေါင်းပြူကြည့်ပြီး လာမေးကြရာ အဒေါ်ကု သည် ပြုံးပြီး ရှန်မြောင်အစား တစ်ယောက်ချင်းစီ ရှင်းပြပေးလိုက်ရသည်။
"ရှန်ညန်ဇီက လက်ရာကောင်းတော့ အိမ်တိုင်ရာရောက် ဟင်းချက်ပေးဖို့ ဖိတ်ခံထားရတယ်၊ ဒီ ၂ ရက် နားတယ်၊ နောက် ၂ ရက်နေမှ ပြန်လာခဲ့ကြပါ"
တစ်ယောက်ပြီး တစ်ယောက် ဝင်မေးကြရာ လူပေါင်း ဒါဇင်ချီ ရှိနေပြီ ဖြစ်သည်။ အဒေါ်ကုလည်း အာခြောက်နေပြီ။ လူချမ်းသာအိမ်က အစေခံဖြစ်ပုံရသည့် အဝတ်အစား သစ်လွင်တောက်ပစွာ ဝတ်ဆင်ထားသူတစ်ယောက်ဆိုလျှင် ရှန်ညန်ဇီက ၂ ရက် ဆိုင်ပိတ်မည်ဟု ကြားလိုက်ရသည်နှင့် ငိုတော့မည့်ရုပ် ဖြစ်သွားပြီး စိတ်ပျက်လက်ပျက် ပြန်သွားလေသည်။
ပုံမှန် သတိမထားမိပေမဲ့ သာ့ကျဲအာရဲ့ စီးပွားရေးက ဒီလောက်ကောင်းတာပဲ။ အဒေါ်ကု တွေးလိုက်ပြီး ကြမ်းပြင်ကို သန့်ရှင်းအောင် လှည်းကျင်းကာ စားပွဲနှင့် ကုလားထိုင်များကို သုတ်ပြီးနောက် တံခါးကို ပြန်တပ်လိုက်လေသည်။
သူမ လက်ခုပ်တစ်ချက် တီးလိုက်ပြီး အိမ်ပြန်ကာ အပ်ချည်တောင်း ယူလာခဲ့သည်။ ရှန်မိသားစု ခြံဝင်းထဲတွင် အေးအေးလူလူ ထိုင်ပြီး အဝတ်အစားများ ဖာထေးလိုက်၊ ရှန်းအာ က ချန်ချွမ်း ကို စနောက်နေသည်ကို ကြည့်လိုက်၊ ကျိအာ က လေထင် ကို အမွှေးဖြီးပေးနေသည်ကို ကြည့်လိုက်၊ ကျွေးဖုန်း က ကြက်အချို့ကို လိုက်ဆွဲပြီး လူလစ်လျှင်... ပူပူနွေးနွေးအစာကို ပါးစပ်ဖြဲပြီး မျိုချလိုက်သည်ကို ကြည့်လိုက် လုပ်နေတော့သည်။
ယန်လျိုအရှေ့လမ်းကြားနှင့် မနီးမဝေးတွင် အလွန်ခမ်းနားစွာ အလှဆင်ထားသည့် နွားလှည်းတစ်စီး ရပ်ထားလေသည်။ ခုနက ငိုလုနီးပါး ဖြစ်သွားသည့် အစေခံက ခြေပစ်လက်ပစ်ဖြင့် လှည်းရှေ့သို့ လျှောက်သွားပြီး စိတ်ဓာတ်ကျစွာဖြင့် သတင်းပို့လိုက်လေသည်။
"သခင်မကြီး၊ ရှန်ကျိထန်းပင်ဆိုင်က ဒီနေ့ ပိတ်ထားပါတယ်၊ ဆိုင်ရှင် မရှိဘူး၊ အပြင်သွားတယ်တဲ့"
ဝမ်သခင်မသည် မျက်နှာ ပျက်သွားပြီး လက်ထဲက ယပ်တောင်ဖြင့် စိတ်ရှုပ်ထွေးစွာ ယပ်ခတ်လိုက်ပြီး တရစပ် ညည်းညူတော့သည်။
"စောစောမပိတ် နောက်ကျမှမပိတ်ဘဲ ဘာလို့ ဒီနေ့မှ လာပိတ်ရတာလဲ။ အဲဒီ ရှောင်လုံပေါင်း (ပေါက်စီအသေး) ကို မစားရရင် ငါ ဒီနေ့တစ်နေ့လုံး နေလို့ကောင်းမှာ မဟုတ်တော့ဘူး"
တခြားမိန်းကလေးများက ဂီတ၊ စစ်တုရင်၊ ကဗျာ နှင့် စာပေများကို နှစ်သက်ကြသော်လည်း ဝမ်သခင်မကတော့ အစားအသောက်မျိုးစုံကိုသာ နှစ်သက်လေသည်။ တခြားမိန်းကလေးများက စားသောက်ပွဲများတွင် အလှချင်းပြိုင်ပြီး ကဗျာရွတ်နေကြချိန်၌ သူမက စကားတစ်ခွန်းမှ မပြောဘဲ ပြောင်စင်အောင် စားသောက်နေတတ်သည်။
ဒါပေမဲ့ ဒီနေ့က မတူဘူး။ ဒီနေ့ သူမက ဖုန်းမိသားစုရဲ့ စားသောက်ပွဲကို သွားရမှာ။
ဖုန်းမိသားစုရဲ့ စားသောက်ပွဲက ပြန့်ကျင်းမြို့မှာ နာမည်ကြီးလေ။
နာမည်ကြီးတာက စားလို့မကောင်းဘူး ဆိုပြီးတော့လေ။
ဖုန်းမိသားစုက အချိုကြိုက်တယ်။ ဖုန်းမိသားစုရဲ့ စားဖိုမှူးက ဘာပဲချက်ချက် သကြားညို ထည့်တတ်တယ်။ ဟင်းနုနွယ်ရွက်ကြော်တောင် ချိုနေတတ်တာ။ ဒါကို တွေးမိလိုက်တာနဲ့ သူမ ခံတွင်းပျက်သွားတော့သည်။
"ခက်တာပဲ။ ထားလိုက်ပါတော့၊ လမ်းကွေ့ပြီး အရှေ့ဆောင်ကို သွားပြီး ဝက်လက်နှပ် ၂ ခုလောက် သွားဝယ်စားလိုက်တော့မယ်"
ဝမ်သခင်မက ဒုတိယအကောင်းဆုံးကို ရွေးချယ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ အစေခံက နှုတ်ခမ်းမဲ့လိုက်၏။
"သခင်မ၊ ဒီမနက်စောစောစီးစီး ဝက်လက်နှပ်စားတာက နည်းနည်း..."
အစေခံက စကားမဆုံးလိုက်ပေ။
"မရစ်နေနဲ့၊ မြန်မြန်မောင်းစမ်းပါ"
ဝမ်သခင်မသည် ပိုပြီး စိတ်မရှည်ဖြစ်လာကာ ဇာတိလေသံပင် ထွက်လာတော့သည်။ သူမသည် လှည်းလိုက်ကာကို ခပ်ကြမ်းကြမ်း ချလိုက်ပြီး လှည်းထဲတွင် ညည်းညူလိုက်လေသည်။
'အခု ဗိုက်ပြည့်အောင် မစားထားရင် ဖုန်းမိသားစုရောက်ရင် ဗိုက်ဟောင်းလောင်း ဖြစ်နေမှာပေါ့၊ ငါကတော့ သကြားညိုထည့်ထားတဲ့ ဟင်းနုနွယ်သုပ်ကို လုံးဝ မစားချင်ပါဘူး'
...
အပိုင်း (၇၈) ဖုန်းမိသားစု၏ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲ
နွေဦးပေါက်ရာသီတွင် အလှဆင်မွမ်းမံမှုမရှိသလောက် ရိုးရှင်းလှသည့် ရှဲ့မိသားစု၏ မြင်းလှည်းသည် ဖုန်းမိသားစုအိမ်တော်ရှေ့တွင် ဖြည်းညင်းစွာ ရပ်တန့်လိုက်လေသည်။ ဖုန်းမိသားစုမှ တံခါးစောင့်သည် မြင်းကို လာဆွဲပေးပြီး ကျိုးအာ့က လှည်းလိုက်ကာကို မလိုက်၏။ ရှီမားမားက အရင်ခုန်ဆင်းလိုက်ပြီးနောက် ရှီးရှီ လှည်းပေါ်မှဆင်းရန် လက်ကမ်းပေးကာ တွဲကူလိုက်လေသည်။
ရှီးရှီ သည် ဖုန်းမိသားစုမှ သာ့ညန်ဇီ နှင့် ရင်းနှီးသူဖြစ်ရာ မိုးမချုပ်သေးမီ ကူညီရန် ရောက်လာခြင်း ဖြစ်သည်။
ဒီနေ့တွင် သူမသည် သေသပ်လှပသည့် ဆံထုံးအမြင့်ကို ထုံးထားပြီး ဆံပင်ဘေးတွင် ပုလဲပန်းပွင့် သေးသေးလေးအနည်းငယ်ကိုသာ ဆင်မြန်းထားသည်။ ကိုယ်ပေါ်တွင် ရွှေငွေချည်ထိုးထားသည့် ရင်ကွဲလက်အဝကျယ် အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ပိုးခါးပတ်ပြားကြီး စည်းထားကာ အောက်တွင် အတွန့်များပါသည့် စကတ်ရှည်ကို ဝတ်ဆင်ထားလေသည်။ စကတ်အနားက ကျယ်ဝန်းသော်လည်း အပိုအဆင်တန်ဆာများ မပါရှိချေ။
ကူညီရန် လာသူဖြစ်ပြီး အိမ်ရှင်မဟုတ်သဖြင့် ရှီးရှီ သည် မိမိ၏ အရောင်အဝါကို ထိန်းသိမ်းထားပြီး သူများထက် သာလွန်အောင် မဝတ်ဆင်ထားပေ။
ရှီမားမားသည် သူမ၏ လက်မောင်းကို တွဲကူလိုက်ပြီး တံခါးစောင့်၏ ဖော်ရွေစွာ ကြိုဆိုမှုအောက်တွင် ခြံဝင်းထဲသို့ ဝင်ရောက်သွားလေသည်။
ဖုန်းမိသားစုသည် မူလက မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဘိုးဘေးများသည် မြောက်ပိုင်းယန်နိုင်ငံကို တည်ထောင်ခဲ့သည့် ချန်လဲ့ဖုန်းမျိုးနွယ်များ ဖြစ်ကြသည်။ အရှေ့ကျင်းခေတ်မှ ယခင်ထန်ခေတ်အထိ နှစ်ပေါင်း ၅၀၀ ကျော်အတွင်း ချန်လဲ့ဖုန်းမျိုးနွယ်တွင် "ဧကရာဇ် ၄ ပါး၊ မိဖုရား ၄ ပါး၊ ဝန်ကြီးချုပ် ၅ ပါး" ပေါ်ထွန်းခဲ့သည့် ရွှေခေတ်ရှိခဲ့ဖူးသည်။
သို့သော် ရှဲ့မိသားစုကဲ့သို့ပင် ဟွမ်ချောင်ပုန်ကန်မှုအတွင်း၌ ဖုန်းမိသားစု၏ လယ်ယာမြေများနှင့် ဆွေမျိုးသားချင်း အများအပြား အသတ်ခံခဲ့ရလေသည်။ အထူးသဖြင့် ယခု စုန့်ခေတ်သို့ ရောက်သောအခါ ယခင်ဧကရာဇ် နတ်ရွာမစံမီတွင် "မြေယာပိုင်ဆိုင်မှုကို မကန့်သတ်ခြင်း" နှင့် စာမေးပွဲအောင်မြင်သူဦးရေ တိုးမြှင့်ခြင်း အမိန့်ထုတ်ပြန်ခဲ့သဖြင့် အထက်တန်းလွှာမျိုးနွယ်ကြီးများ၏ အခွင့်အရေးများ တစ်ဖန် ခွဲဝေခြင်း ခံလိုက်ရလေသည်။
ယခုတွင် သူတို့သည် ရှဲ့မိသားစုနှင့် မထူးမခြားနားသော ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။
ဆရာကြီးဖုန်း၏ နာမည်မှာ ဖုန်းယွမ် ဖြစ်ပြီး ကျမ်းစာများကို ကျွမ်းကျင်ကာ ဖုန်းမိသားစုတွင် ရာထူးအကြီးဆုံး ဖြစ်သည်။ သို့သော် သူသည် တော်ဝင်ကျောင်းတော်တွင် စာချသူအဖြစ် ဘဝတစ်ဝက်ကုန်ဆုံးခဲ့ရပြီ ဖြစ်သည်။ သို့သော် ဖုန်းယွမ်သည် ရိုးရှင်းအေးဆေးမှုကို နှစ်သက်ပြီး စာအုပ်ရူးတစ်ယောက်ဖြစ်ရာ ဤဝင်ငွေနည်းသည့် ရာထူးတွင် နေရသည်ကို ငါးက ရေကို ရသကဲ့သို့ ပျော်ရွှင်နေလေသည်။
သို့သော် လွန်ခဲ့သည့် ၃ နှစ်က သူ၏ ဒုတိယသား ဖုန်းအာ့လန်သည် နန်းတွင်းအာဏာသိမ်းပွဲတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် ထန်ကျိုးသို့ နယ်နှင်ဒဏ်ပေးခံရပြီးနောက် ဝန်ကြီးချုပ်လီက ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုခဲ့သဖြင့် ထိုနှစ် ၉ လပိုင်းတွင် ယခင်ဧကရာဇ်၏ လျှို့ဝှက်အမိန့်ဖြင့် အဆိပ်သောက် သေဆုံးစေခဲ့သည်။
ထို့နောက်တွင် ဆရာကြီးဖုန်းသည် မိသားစု၏ အနာဂတ်လမ်းခရီးကို စွန့်လွှတ်လိုက်ပြီး စာအုပ်ရေးသားခြင်းတွင်သာ စိတ်နှစ်ထားကာ မည်သည့်မျှော်လင့်ချက်မှ မထားတော့ပေ။
ဤသို့နေခြင်းက ပိုကောင်းပေလိမ့်မည်။ စိတ်ညစ်စရာများ ကင်းဝေးနေလိမ့်မည်။ ရှီးရှီသည် ခြံဝင်းထဲသို့ ဝင်လိုက်ရာ လမ်းကလေးမှာ ကွေ့ကောက်နေပြီး သစ်ပင်ရိပ်များ ထူထပ်နေသည်။ ဆရာကြီးဖုန်းသည် ဝါးပင်များကို အလွန်နှစ်သက်ရာ ဖုန်းမိသားစုအိမ်တော်သည် ဝါးတောထဲတွင် ပုန်းကွယ်နေသကဲ့သို့ ရှိလေသည်။ ခြံဝင်းထဲရှိ တံခါးနှင့် ပြတင်းပေါက်များသည် ရှေးဆန်ပြီး သစ်သားအရောင်အတိုင်းသာ ရှိကာ ဆေးသုတ်ထားခြင်း မရှိပေ။ ကျောက်လှေကားထစ်များတွင်လည်း ရေညှိများ ဖုံးလွှမ်းနေပြီး သဘာဝအတိုင်း ဖြစ်စေရန် တမင်တကာ မရှင်းလင်းဘဲ ထားရှိထာသည်။
ရှီးရှီ သည် ဤရိုးရှင်းလှပမှုကို ခံစားနိုင်သော်လည်း တခြားလူများအတွက်မူ မသေချာလှပေ။
"အမလေး အမေရေ... ငါ့ကို သတ်မလို့လား"
ဝမ်တာ့ညန်ဇီ သည် ရှေ့မှသွားနေရင်း စကတ်ကိုမကာ ခက်ခက်ခဲခဲ လျှောက်လှမ်းနေစဉ် ခြေချော်သွားလေသည်။ ဘေးနားရှိ အစေခံက မျက်စိလျင်စွာ လှမ်းဆွဲလိုက်၍သာ မဟုတ်လျှင် သူမ မြေကြီးပေါ် မှောက်ရက်လဲတော့မည်။
ခြေငြိမ်သွားသောအခါ ဝမ်တာ့ညန်ဇီသည် မျက်နှာပျက်သွားသဖြင့် လက်ကိုင်ပုဝါဖြင့် ချွေးသုတ်ရင်း လမ်းပြပေးသည့် အစေခံလေးကို ဒေါသတကြီး လက်ညှိုးထိုးကာ အပြစ်တင်တော့သည်။
"နင်တို့တွေက ဘာလို့ ဒီလောက် ပျင်းရတာလဲ၊ အလုပ်ကို သွက်သွက်လက်လက် မလုပ်ကြဘူး၊ ရေညှိတွေ ဒီလောက်ထူနေတာကို မခြစ်ထုတ်ကြဘူးလား"
ဝမ်တာ့ညန်ဇီ ၏ ခင်ပွန်း ဝမ်ယုံးသည် ထူးဆန်းသူတစ်ယောက် ဖြစ်သည်။ သူသည် ကျင်းတုန်းလမ်း (စန်းတုန်း) လင်းစီရင်စုမှ ဖြစ်သည်။ လင်းစီရင်စုသည် လျောင်နှင့် စုန့် နှစ်နိုင်ငံ နယ်စပ်ဖြစ်ပြီး မကြာခဏ စစ်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ သူ ငယ်ရွယ်စဉ်က စစ်ဘေးရှောင်ရင်း လမ်းဘေးတွင် တောင်းရမ်းစားသောက်ခဲ့ရသည်။ ပြန့်ကျင်း သို့ ရောက်ပြီးနောက် စာကူးစာရေးအဖြစ် အသက်မွေးခဲ့ရပြီး ဆင်းရဲမွဲတေခဲ့သည်။ သို့သော် မကြာမီ သူသည် ကျင့်ရှီ စာမေးပွဲကို တစ်ကြိမ်တည်းနှင့် အောင်မြင်ခဲ့ပြီး ယခုအခါ ခိုင်ဖုန်းစီရင်စု အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရလေသည်။
ဤဝမ်တာ့ညန်ဇီသည် သူ၏ ငယ်ပေါင်းကြီးဖော် ဇနီးသည်ဖြစ်ပြီး လင်းစီရင်စုမှစ၍ အတူတူ လေလွင့်ခဲ့သူ ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦး သံယောဇဉ်ကြီးမားပြီး ဝမ်ယုံးသည် ယခုထက်ထိ မယားငယ် တစ်ယောက်မှ မယူဘဲ ဇနီးသည်အိုကြီးကိုသာ စောင့်ရှောက်လေသည်။
ယခုအချိန်တွင် ဖုန်းမိသားစုမှ အစေခံလေးသည် အဆူပူခံရသဖြင့် ဝမ်းနည်းနေသော်လည်း ဧည့်သည်ကို ပြန်မပြောရဲဘဲ ခေါင်းငိုက်စိုက်ချကာ အဆူခံနေရသည်။
ရှီးရှီ သည် အလျင်အမြန် ရှေ့တိုးသွားပြီး ပြုံးလျက် နှုတ်ဆက်လိုက်၏။
"မတော်တဆ ဆုံလိုက်တာပဲ၊ ဝမ်တာ့ညန်ဇီ နဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ ဒီနေ့ ရှင်လည်း စောစောရောက်နေတာပဲ"
ဝမ်တာ့ညန်ဇီသည် ဘေးသို့လှည့်ကြည့်လိုက်ရာ ရှီးရှီ ဖြစ်နေသဖြင့် မျက်နှာပေါ်မှ ဒေါသများ လျော့ကျသွားပြီး လက်လှမ်းကာ တွဲကူလိုက်လေသည်။ သူမ ပါးစပ်ဟလိုက်သည်နှင့် မြောက်ပိုင်းလေသံကြီး ထွက်ပေါ်လာတော့သည်။
"ဖြည်းဖြည်းလာနော်၊ ဒီနေရာက ချောတယ်၊ မတော်တဆ လဲကျသွားဦးမယ်"
ဝမ်တာ့ညန်ဇီသည် ယခင်က လယ်သမားအမျိုးသမီးဖြစ်ရာ အထက်တန်းလွှာအမျိုးသမီးများ၏ ရှုပ်ထွေးသည့်အရာများကို နားမလည်သလို လှေကားထစ်ပေါ်တွင် ရေညှိမွေးထားသည့် "အနုပညာမြောက်မှု" ကိုလည်း နားမလည်နိုင်ပေ။ သူမသည် မြို့တော်ရှိ ဂုဏ်သရေရှိ အိမ်တော်မှ အမျိုးသမီးများကြားတွင် အမြဲတမ်း သဟဇာတမဖြစ်ဘဲ ရှိနေခဲ့သည်။
သူတို့က သူမ၏ ခင်ပွန်းဖြစ်သူ ဧကရာဇ်အလိုတော်ကျ အရာရှိသစ်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်၍သာ သူမနှင့် မတတ်သာဘဲ ဆက်ဆံနေကြမှန်းလည်း ဝမ်တာ့ညန်ဇီက သိလေသည်။
စုန့်ခေတ်တွင် ခိုင်းဖုန်းစီရင်စု အုပ်ချုပ်ရေးမှူးသည် ရာထူးအာဏာ ကြီးမားရုံသာမက အလွန်အကဲဆတ်ပြီး အရေးပါသော နေရာဖြစ်သည်။ အရှင်မင်းကြီး၏ ယုံကြည်စိတ်ချရသူ မဟုတ်လျှင် ခန့်အပ်ခြင်းမရှိပေ။ လက်ရှိအရှင်မင်းကြီး၏ သားတော်များ ငယ်ရွယ်နေသေးသဖြင့် ထုံးစံအရ နောင်တွင် ထီးနန်းဆက်ခံမည့် ဆွေတော်မျိုးတော်များက ခိုင်းဖုန်းစီရင်စု အုပ်ချုပ်ရေးမှူး တာဝန်ကို ယူလေ့ရှိသည်။ လက်ရှိအရှင်မင်းကြီး ကိုယ်တိုင်လည်း အိမ်ရှေ့စံအဖြစ် တရားဝင် မခန့်အပ်ခံရမီက ဤရာထူးကို ယူခဲ့ဖူးလေသည်။
ထိုအချက်ကို သိထားသဖြင့် သူမသည် ထိုအရာရှိကတော်များကို ရှီးရှီ မှလွဲ၍ တစ်ယောက်ကိုမှ အရေးမလုပ်ပေ။
အကြောင်းမှာ ရှီးရှီသည် သူမကဲ့သို့ပင် စားပွဲဝိုင်းတွင် ကဗျာရွတ်သည့်အလုပ်ကို ဘယ်တော့မှ အစမဖော်သလို သူမကို တမင်တကာ အခက်တွေ့အောင် လုပ်ခြင်း၊ စကားနာထိုးခြင်းများ မလုပ်သောကြောင့်ပင်။ သို့သော် သူမနှင့်မတူသည်မှာ ရှီးရှီသည် စားပွဲဝိုင်းတွင် ဟန်ဆောင်ကောင်းပြီး ကဗျာတစ်ပုဒ်နှစ်ပုဒ်လောက်တော့ ဝင်ရောနိုင်ခြင်း ဖြစ်သည်။
ဝမ်တာ့ညန်ဇီ ကတော့ အလွန်ပွင့်လင်းပြီး အားရပါးရ ပြောတတ်သည်။
"ကျွန်မ မလုပ်တတ်ဘူး"
ပြီးလျှင် ဟင်းကိုသာ အာရုံစိုက် စားတော့သည်။
သူမသည် ငယ်စဉ်က ငတ်မွတ်ဖူးသဖြင့် တစ်သက်လုံးတွင် တခြားဝါသနာမရှိဘဲ စားသောက်ခြင်းကိုသာ နှစ်သက်သည်။
အစောပိုင်းက သူမ၏ ဤပုံစံကြောင့် အရာရှိကတော်များက သွယ်ဝိုက်၍ လှောင်ပြောင်ခဲ့ကြသော်လည်း သူမက ဂရုမစိုက်ခဲ့ပေ။ သို့သော် ဝမ်ယုံး သိသွားသောအခါ ဒေါသတကြီးဖြင့် ထိုအမျိုးသမီးများ၏ ခင်ပွန်းများနှင့် သားများကို တစ်ယောက်မကျန် စွပ်စွဲပြစ်တင်ခဲ့ပြီး နန်းတော်ထဲထိ ဝင်ကာ ငိုယိုတိုင်တန်းခဲ့သဖြင့် ထိုအမျိုးသမီးများ ငြိမ်ကျသွားပြီး နောက်နောင် သူမကို မစရဲကြတော့ပေ။
ရှီးရှီသည် ဝမ်တာ့ညန်ဇီက ရိုင်းပျပုံပေါက်သော်လည်း စိတ်ရင်းကောင်းပြီး ပွင့်လင်းမှန်း သိသဖြင့် ပြုံးကာ သူမ၏ လက်မောင်းကို တွဲလိုက်လေသည်။
"ဖုန်းမိသားစုက အနုပညာဆန်တာကို ကြိုက်မှန်း တာ့ညန်ဇီ လည်း ပထမဆုံးအကြိမ် သိတာမှ မဟုတ်တာ၊ သူတို့က 'ဝါးတောထဲက ပညာရှိ ၇ ဦး' ကို လေးစားတဲ့ မိသားစုလေ၊ ဒီလို ဝါသနာမျိုး ရှိစမြဲပါ၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဖုန်းတာ့ညန်ဇီ ပြောတာ ကျွန်မ ကြားလိုက်သေးတယ်၊ သူ့အိမ်က ဆရာကြီးဖုန်းက ဒီရက်ပိုင်း ရေညှိကင် စားတာကို ကြိုက်နေသတဲ့"
ဝမ်တာ့ညန်ဇီ သည် ဒီတစ်ခါတော့ မဲ့ရွဲ့မနေဘဲ ခေါင်းငြိမ့်လိုက်၏။ "ကျွန်မ စစ်ဘေးရှောင်တုန်းက စားဖူးတယ်၊ အဲဒါက စားလို့မကောင်းပါဘူး၊ ငတ်ပြတ်နေမှ စားရတဲ့အရာပါ... ဖုန်းယွမ် က ဆာမှမဆာဖူးဘဲ၊ စားပြီး အားအားယားယား ဖြစ်နေတာ၊ ရှင် သိလား"
"ကျွန်မတော့ အဲဒီလို မပြောရဲပါဘူး" ရှီးရှီက ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။ နှစ်ယောက်သား စကားပြောရင်း ရယ်မောကာ ခြံဝင်းထဲသို့ ဝင်သွားကြ၏။ ဖုန်းမိသားစု အစေခံမှာ သက်ပြင်းချလိုက်နိုင်ပြီး ခေါင်းညိတ်ခါးညွှတ်လျက် နောက်မှ လိုက်ပါသွားလေသည်။
မူလက ဖုန်းတာ့ညန်ဇီသည် ဝါးတောထဲတွင် ရေခွက်မျှောပွဲ လုပ်ချင်ခဲ့သော်လည်း ထိုအရာက သိပ်မဆန်းသစ်တော့ပေ။ နောက်ပိုင်းတွင် ရှီးရှီ က ရှန်ညန်ဇီ နှင့် မိတ်ဆက်ပေးလိုက်ရာ ရှန်ညန်ဇီ က မည်သို့ တိုင်ပင်ဆွေးနွေးလိုက်သည်မသိ၊ စားသောက်ပွဲပုံစံ ပြောင်းလဲသွားလေသည်။ ယခုတွင် ရေပေါ်ဇရပ်တွင် ရိုးရှင်းစွာ ပြင်ဆင်ထားပြီး လေးဘက်လေးတန်တွင် ပိတ်ပါးစများ ချိတ်ဆွဲထားရာ လေပြည်လေညှင်း တိုက်ခတ်ပြီး အေးမြသက်သာ ရှိလှသည်။
မျက်နှာချင်းဆိုင်တွင် ပြဇာတ်စင်မြင့် ဆောက်ထားပြီး ပြန့်ကျင်းမြို့ တွင် နာမည်ကြီးနေသည့် ဇာတ်ဖွဲ့ကို ဖိတ်ကြားထားကာ ပြန့်ကျင်းမြို့ တွင် ပွဲတိုင်းပြည့် လျှမ်းလျှမ်းတောက် အောင်မြင်နေသည့် "လူကြီးမင်းဝမ် ဇနီးသည်နှင့် ကွာရှင်းခန်း" ပြဇာတ်ကို ကပြစေသည်။
ဒီပြဇာတ်က မူလက ဝတ္ထုစာအုပ်ဖြစ်ပြီး နောက်ပိုင်းတွင် သစ်တော်သီးခြံမှ ဝယ်ယူကာ ပြဇာတ်အဖြစ် တင်ဆက်ခဲ့ရာ မြို့တော်တစ်ခုလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
ရှစ်ယီးညန် ပင်လျှင် ၂ ခေါက်သွားကြည့်ပြီး မျက်ရည်စက်လက်ဖြင့် ပြန်လာခဲ့သည်။ ရှီးရှီ ကတော့ သွားမကြည့်ဖူးသဖြင့် ဒီနေ့ နားဆင်ခွင့် ရတော့မည်။
ရှီးရှီ နှင့် ဝမ်တာ့ညန်ဇီတို့ ရေပေါ်ဇရပ်သို့ မရောက်မီ ဖုန်းတာ့ညန်ဇီ က သမီးများကို ခေါ်လျက် လာရောက်ကြိုဆိုလေသည်။ နှုတ်ဆက်စကားပြောပြီးနောက် ကျိုကော နှင့် ရှစ်ယီးညန် ဘာလို့မပါလာလဲ မေးမြန်းလေသည်။ ရှီးရှီ က တစ်ခုချင်း ပြန်ဖြေလိုက်၏။
"ကျိုကော က ကျောင်းပြန်တက်နေပြီလေ၊ သူ စာတွေအများကြီး လွတ်ထားတော့ ဒီနေ့ ထပ်မပျက်ရဲတော့ဘူး၊ ရှစ်ယီးညန် ကျတော့ အဲဒီ အသင့်စားထန်းပင်တွေ အများကြီးစားပြီး နဖူးမှာ ဝက်ခြံတွေ ပေါက်နေလို့ လူလုံးမပြရဲဘဲ ပုန်းနေလေရဲ့"
ဖုန်းချီညန် (ဖုန်းသတ္တမသခင်မလေး)သည် မိခင်နားတွင် ရပ်နေပြီး ရှဲ့ရှစ်ယီးညန်နှင့် ရှဲ့ကျိုကော ရောက်မလာမှန်း သိလိုက်ရသောအခါ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ ပျောက်ဆုံးသွားပြီး ဒီနေ့ သိပ်မပျော်စရာကောင်းတော့ဟု ခံစားလိုက်ရသည်။
လူအများ နေရာထိုင်ခင်းကျပြီး စကားအနည်းငယ် ပြောပြီးနောက် ဖုန်းတာ့ညန်ဇီက ဧည့်သည်သွားကြိုရန် ခွင့်တောင်းပြီး ထွက်သွားလေသည်။ ရှီးရှီ နှင့် ဝမ်တာ့ညန်ဇီ တို့ကတော့ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောနေကြ၏။ မကြာမီ ဝမ်တာ့ညန်ဇီသည် မထိန်းနိုင်ဘဲ လေတက်သည့်အသံများ ထွက်လာသဖြင့် ရှီးရှီ က အံ့သြစွာ မေးလိုက်သည်။
"တာ့ညန်ဇီ ဒီနေ့ အစာမကြေဖြစ်နေတာလား"
ဝမ်တာ့ညန်ဇီ သည် ဝက်လက် ၂ ခု စားလာခဲ့မှန်း ထုတ်မပြောရဲပေ။ ထို့ကြောင့် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး တိုးတိုးလေး ဆင်ခြေပေးလိုက်သည်။
"ဒီမနက် မနက်စာ စားတာ နောက်ကျသွားလို့လေ၊ ဗိုက်ထဲမှာ ပြည့်နေတုန်းပဲ"
"ကျွန်မတို့ မြင်းလှည်းပေါ်မှာ အစာကြေဆေးနဲ့ ဆေးဝါးအချို့ ပါတယ်၊ ယူပေးရမလား"
ဝမ်တာ့ညန်ဇီ က ကိစ္စမရှိကြောင်း လက်ကာပြလိုက်ပြီး ရှီးရှီ ကို တိုးတိုးလေး ဝန်ခံလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ... ဒီဖုန်းမိသားစုက လုပ်တဲ့ စားသောက်ပွဲက စားစရာကောင်းတာ သိပ်မပါပါဘူး"
သူမ ဗိုက်ဖြည့်ပြီး လာတာကမှ မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။ မဟုတ်လျှင် တစ်မနက်လုံး ထိုင်နေရပြီး ဗိုက်ဟောင်းလောင်း ဖြစ်နေတော့မည်။
ရှီးရှီ သည် စဉ်းစားလိုက်သည်နှင့် ဝမ်တာ့ညန်ဇီ ဘာကြောင့် ဗိုက်ဖြည့်လာမှန်း ရိပ်မိလိုက်သည်။ သူမ အောင့်မထားနိုင်ဘဲ ရယ်မောလိုက်မိပြီး လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို အုပ်လိုက်လေသည်။ ဝမ်တာ့ညန်ဇီ ၏ သံသယဖြစ်နေသော အကြည့်ကို မြင်သောအခါ သူမက အရိပ်အမြွက် ပြောလိုက်သည်။
"ဒီနေ့က အရင်ရက်တွေနဲ့ မတူဘူး၊ ဝမ်တာ့ညန်ဇီ ခဏနေ မြည်းကြည့်ရင် သိမှာပါ"
ဝမ်တာ့ညန်ဇီသည် ရှီးရှီ၏ စကားကြောင့် စိတ်ဝင်စားသွားတော့၏။ ဒီနေ့ စားသောက်ပွဲက ဘာများ ထူးခြားနေလို့လဲ။ သူမ ဟိုဟိုဒီဒီ လိုက်ကြည့်သော်လည်း ထူးခြားမှု မတွေ့ရပေ။ ရေပေါ်ဇရပ်ကလည်း သိပ်အသစ်အဆန်း မဟုတ်ပါဘူး။
.........
ဧည့်သည်များ တဖြည်းဖြည်း ရောက်လာနေချိန်တွင် ရှန်မြောင်သည် ဖုန်းမိသားစု၏ မီးဖိုချောင်ကြီးထဲတွင် အလုပ်ရှုပ်နေလေပြီ။ ဒီနေ့ ဧည့်ခံမည့် ဟင်းလျာစာရင်းကို ဖုန်းမိသားစုက စားဖိုမှူးဖန်း မှတစ်ဆင့် သူမနှင့် ညှိနှိုင်းထားပြီး ဖြစ်သည်။ အသင့်စားထန်းပင်သည် သူမလက်ရာမှန်း သိသွားသောအခါ ဖုန်းတာ့ညန်ဇီ က ရဲရဲတင်းတင်းပင် ပြောခဲ့သည်။
"ရှန်ညန်ဇီက နာမည်ကြီးပြီးသားပဲ၊ ပြီးတော့ ရှဲ့တာ့ညန်ဇီ ထောက်ခံပေးထားတာဆိုတော့ ယုံယုံကြည်ကြည်နဲ့ ရှန်ညန်ဇီ စိတ်ကြိုက်သာ လုပ်ပေတော့"
ရှန်မြောင် ကလည်း စားသောက်ပွဲပုံစံကို သိပ်ပြီး ဇီဇာကြောင်မနေဖို့ အကြံပြုခဲ့သည်။ အဘွားအို၏ မွေးနေ့ပွဲဖြစ်ရာ သိပ်ပြီး ဆူညံဆန်းသစ်နေလျှင် လူကြီးကို ပေါ်လွင်စေမည် မဟုတ်ပေ။ ဟင်းလျာအပေါ်တွင်သာ အားစိုက်ပြီး စေတနာထားတာ အကောင်းဆုံး ဖြစ်သည်။
အထူးသဖြင့် ရှန်မြောင် ဒီနေ့ စီစဉ်ထားသည့် ဟင်းလျာအားလုံးက ဟင်းလျာအသစ်များ ဖြစ်သည်။
ဟင်းလျာက ဆန်းသစ်သော်လည်း ပုံစံကတော့ ရှေးမူမပျက် ရှိနေမည်။ ဒါမှသာ အဓိကအချက်ကို မကျော်လွန်သွားမှာ ဖြစ်သည်။
ဖုန်းတာ့ညန်ဇီ ကလည်း သဘောတူခဲ့သည်။
သို့သော် သူမ ဒီနေ့ ရောက်လာချိန်တွင် ပြဿနာအသေးစားလေး ဖြစ်ခဲ့သေးသည်။
သူမနှင့် စားဖိုမှူးဖန်း တို့ မီးဖိုချောင်ထဲ ဝင်လာချိန်တွင် ဖုန်းမိသားစုမှ မီးဖိုချောင်လုပ်သား ၁၀ ဦးကျော်က လိုအပ်သည့် ကုန်ကြမ်းများကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ဖုန်းမိသားစု၏ ပင်တိုင်စားဖိုမှူး နေမကောင်းဖြစ်နေသော်လည်း အသက်ကြီးသည့် စားဖိုမှူးကြီး ၂-၃ ယောက် ကျန်နေသေးသည်။ အသက် ၃၀ မပြည့်သေးသည့် စားဖိုမှူး ၂ ယောက် ဝင်လာသည်ကို မြင်သောအခါ၊ အထူးသဖြင့် တစ်ယောက်က မိန်းကလေး ဖြစ်နေသဖြင့် သူတို့သည် နှစ်ပေါင်းများစွာ လုပ်သက်ရင့်သူများပီပီ အထင်သေးသည့်အမူအရာများ ပြသလာပြီး စကားပြောရာတွင်လည်း မောက်မာကြလေသည်။
အသက်အကြီးဆုံးတစ်ယောက်က ရှန်မြောင် နှင့် စားဖိုမှူးဖန်း ကို မျက်လုံးမှေးကြည့်ပြီး ငေါ့တော့တော့ ပြောလိုက်လေသည်။
"ရှန်ညန်ဇီ နဲ့ စားဖိုမှူးဖန်း တို့ ကြွပါ၊ ဖုန်းမိသားစုက ဒီနေ့ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေက အဖိုးတန်တွေချည်းပဲ၊ ငရုတ်ကောင်းတောင် ၂ ပိဿာ အထူးဝယ်ထားတာ၊ မင်းတို့ ချက်ပြုတ်တဲ့အခါ သတိထားကြနော်၊ ပစ္စည်းတွေ ပျက်စီးသွားရင် ပြန်ရှာဖို့ နေရာမရှိဘူး"
စားဖိုမှူးဖန်းက ကြားသည်နှင့် ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း ရှန်မြောင် က ပြုံးလျက် လှမ်းတားလိုက်သည်။ သူမ မျက်နှာက ပြုံးနေသော်လည်း လေသံက အေးစက်နေသည်။
"ကျွန်မနဲ့ စားဖိုမှူးဖန်းကို ရှင်တို့သခင်မ ဖုန်းတာ့ညန်ဇီ ကိုယ်တိုင် ရှဲ့မိသားစုအိမ်ထိ လာပြီး ပင့်ဖိတ်ထားတာပါ၊ ရှင်တို့ ဖုန်းမိသားစုရဲ့ ကျွန်တွေ မဟုတ်ဘူး၊ ရှင်တို့က ကျွန်မတို့ ငယ်ရွယ်ပြီး လက်သွက်လို့ အဖိုးတန်ပစ္စည်းတွေ ပျက်စီးမှာ စိုးရိမ်ပြီး သံသယဝင်နေမှတော့ ကျွန်မတို့နှစ်ယောက် ပြန်လိုက်ပါတော့မယ်၊ ဒီပိုက်ဆံ မရှာတော့ပါဘူး၊ ဒီစားသောက်ပွဲကို ရှင်တို့ဘာသာ ကိုယ်တိုင်သာ ချက်ကြပေတော့၊ ဘယ်လိုလဲ"
ပြောပြီးသည်နှင့် ရှန်မြောင်သည် စားဖိုမှူးဖန်းကို ဆွဲပြီး လှည့်ထွက်သွားလေသည်။
ဘေးက ပွဲကြည့်နေကြသည့် တခြားမီးဖိုချောင်လုပ်သားများသည် မျက်နှာပျက်သွားကြသည်။ ဖုန်းတာ့ညန်ဇီသာ သိသွားလျှင် သူတို့အားလုံး အရိုက်ခံရပြီး လယ်တောသို့ အပို့ခံရပေလိမ့်မည်။ ထို့ကြောင့် အလျင်အမြန် ပြုံးဖြီးပြီး ရှန်မြောင် နှင့် စားဖိုမှူးဖန်း ကို ပြန်ဆွဲခေါ်ကြရသည်။
ရှန်မြောင်က တကယ်ပြန်ချင်သည် မဟုတ်ပေ။ ဒီလိုလူမျိုးတွေကို ဒေါသတကြီး မဆက်ဆံလျှင် မရပေ။ ခဏနေ စားသောက်ပွဲ ပြင်ဆင်ရာတွင် ဒီလူတွေကို ခိုင်းစေရဦးမည် ဖြစ်ရာ သူတို့ကို ဖိနှိပ်ထားမှ ကောင်းကောင်း ခိုင်းလို့ရမည်။
ထို့ကြောင့် သူမ မလိုချင်သည့်ပုံစံဖြင့် လက်ပိုက်လိုက်ပြီး ဘေးပတ်လည်က လူများကို ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။
"ရှင်တို့ကို သတိပေးလိုက်မယ်၊ နောက်ဆို အခြေအနေကို သေချာမသိဘဲ ပါးစပ်သရမ်းမနေနဲ့"
စားဖိုမှူးအိုတစ်ယောက်က မကျေနပ်သေးဘဲ ရှန်မြောင် ကို မေးလိုက်ပြန်သည်။
"ဒီမိန်းကလေးက ဒီလောက် ယုံကြည်မှုရှိနေမှတော့ ဘယ်ဆရာ့ဆီက ပညာသင်ခဲ့လဲဆိုတာ ပြောပြပါလား၊ ကျွန်တော်တို့ လေးစားသွားအောင်လို့ပါ"
ရှန်မြောင် က ပိုပြီး အေးစက်စွာ ရယ်မောလိုက်ပြီး ထိုစားဖိုမှူးအိုကို စူးစူးရဲရဲ ကြည့်ကာ ငေါ့တော့တော့ ပြန်ကြည့်လိုက်လေသည်။
"ကျွန်မက ဆရာဘယ်သူလဲဆိုတာ ဘာလို့ သက်သေပြရမှာလဲ၊ ရယ်စရာကောင်းလိုက်တာ၊ စကားပုံတောင် ရှိတယ်မလား၊ 'တတ်ကျွမ်းရင် လုပ်ပြ၊ မတတ်ကျွမ်းရင် ငြိမ်နေ' တဲ့၊ ရှင်သာ တကယ်တော်နေရင် ဖုန်းတာ့ညန်ဇီက ရှင်တို့ကို အရေးမပေးဘဲ ဘာလို့ အပြင်လူကို ငွေအများကြီးပေးပြီး ငှားရမလဲ၊ လူကို ရွဲ့နေမယ့်အစား ကိုယ့်ပညာမစုံတာကို ကိုယ်ပြန်သုံးသပ်သင့်တယ် မဟုတ်ဘူးလား၊ ရှင်တို့နှစ်ယောက် ဒီအသက်အရွယ် ရောက်နေပြီ၊ ဒီသဘောတရားလောက်တောင် နားမလည်ကြဘူးလား"
ဆရာလုပ်ချင်နေသော လက်ထောက်စားဖိုမှူးနှစ်ယောက်သည် ရှန်မြောင် ၏ အဆူခံလိုက်ရသဖြင့် မျက်နှာများ နီရဲသွားကြ၏။ သူမက ထပ်ပြီး ပြန်ထွက်သွားမည့်ပုံ ပေါက်နေသဖြင့် တခြားသူများက ဝိုင်းဆွဲထားကြရာ သူတို့ ငြိမ်ကုပ်သွားပြီး ခေါင်းငုံ့ကာ ဘာမှ ထပ်မပြောရဲကြတော့ပေ။
စားဖိုမှူးဖန်း သည်ဘေးကနားထောင်ရင်း ကြောင်အသွားပြီး နောက်ဆုံးတွင် ရှန်မြောင်ကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်နေတော့သည်။ သူသိထားသည့် ရှန်ညန်ဇီ က သိမ်မွေ့သဘောကောင်းသူ ဖြစ်သော်လည်း လူဆဲသည့်အခါ ဒီလောက် ကြည့်ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ကဲ... တော်ပြီ၊ ခွေးဟောင်သံ နားထောင်ရတာ ကျွန်မ အမုန်းဆုံးပဲ၊ အချိန်မစောတော့ဘူး၊ ဟင်းပွဲပြင်တာ နောက်ကျလို့ကတော့ ကျွန်မနဲ့ စားဖိုမှူးဖန်း က ထွက်သွားလို့ရပေမဲ့ ရှင်တို့ကော... ကိုယ့်ဘာသာ ချိန်ဆကြပေါ့"
ရှန်မြောင်သည် ဓားတစ်ချောင်းကို ဆွဲယူပြီး လူအုပ်ကြားမှ ဖြတ်ကာ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
စားဖိုမှူးဖန်းက နှာခေါင်းတစ်ဖက်ပင့်ကာ မာန်တက်လျက် သူမနောက်မှ လိုက်ပါသွားလေသည်။
ဒီနေ့ ပြင်ဆင်ရမည့် ဟင်းပွဲများသည် ရှန်မြောင်က ခေတ်သစ်စားသောက်ပွဲများနှင့် လက်ရှိခေတ် စားသောက်ပုံစံကို ပေါင်းစပ်ပြီး ရေးဆွဲထားသည့် ဟင်းလျာစာရင်း ဖြစ်သည်။ ပထမဆုံး အမြည်းဟင်းပွဲကို သူမက "ပြန့်ကျင်း အရသာ ၇ မျိုး" ဟု နာမည်ပေးထားသည်။ တကယ်တော့ မြေပဲ၊ ဗာဒံစေ့၊ သခွားသီး၊ ကြွက်နားရွက်မှို၊ အမဲသားခြောက်၊ ပဲပြားခြောက်၊ ပင်စိမ်း စသည့် ပစ္စည်း ၇ မျိုးကို ပဲငံပြာရည်၊ ရှာလကာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းဆီ၊ နှမ်း စသည့် အမယ်များဖြင့် သုပ်ထားခြင်း ဖြစ်သည်။
ဒီဟင်းပွဲက မခက်ခဲပေ။ အဓိကက အချိုးအစားမှန်ကန်အောင် စပ်ထားသည့် အသုပ်ရည်ပင်။
ဒုတိယဟင်းပွဲကလည်း အအေးစာပင်။ ရှန်မြောင် က "ရွှေအကြေးခွံ ပယင်းရောင်ကျောက်ကျော" ဟု နာမည်ပေးထားသည်။ မြစ်ဝါငါးကြင်းကို ငါးဟင်းရည်ချက်ကာ ငါးအသားများ ကြေမွပြီး ဟင်းရည် ပျစ်လာသည်အထိ ချက်ရသည်။ ငါးအရိုးများကို ဖယ်ထုတ်၊ ငါးဟင်းရည်ကို အအေးခံပြီး ခဲသွားသည့်အခါ သခွားသီးပါးပါးလေးများနှင့် တွဲဖက်ကာ ငါးဥဆားနယ်ထည့်လိုက်လျှင် အလွန်အရသာရှိလေသည်။
ငါးကျောက်ကျောက လတ်ဆတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်နှင့် အရည်ပျော်သွားကာ လတ်ဆတ်သည့် သခွားသီး၊ မွှေးကြိုင်သည့် ငါးဥတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ ယခုခေတ် စုန့်လူမျိုးများ ကြိုက်နှစ်သက်သည့် ပြန့်ကျင်း အရသာ စစ်စစ် ဖြစ်သွားတော့သည်။
ထို့နောက်တွင် ပထမဆုံး ဟင်းရည်ပွဲ လာလေသည်။ ၎င်းသည် စုန့်ခေတ်တွင် မပေါ်ပေါက်သေးသော်လည်း ခေတ်သစ်တွင် တစ်ပြည်လုံး ကျော်ကြားပြီး လူပေါင်းများစွာ၏ ပါးစပ်ကို ဖမ်းစားထားနိုင်သည့် "ဟူလထန်း" (ငရုတ်ကောင်းစွပ်ပြုတ်) ပင်။ ခေတ်သစ်တွင် စကားပုံတစ်ခု ရှိသည်။ "ဟဲနန်သားတွေရဲ့ တစ်နေ့တာက ဟူလထန်းနဲ့ စတင်တယ်" ဟူ၍။ ရှန်မြောင် ယုံကြည်သည်မှာ လွန်ခဲ့သည့် နှစ်ထောင်ချီက စုန့်ခေတ် ဟိုနန်သားများသည်လည်း ဟူလထန်း ၏ ဆွဲဆောင်မှုကို တွန်းလှန်နိုင်မည် မဟုတ်ပါချေ။
...