အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အပိုင်း (၇၉)
ငါးကျောက်ကျောလိုပင် မနေ့ကတည်းက ဖုန်းမိသားစုကို အမဲရိုးဟင်းရည် ကြိုတင် ပြင်ဆင်ခိုင်းထားပြီး ဖြစ်သည်။ ရှန်မြောင် အသုပ်သုပ်ပြီးချိန်တွင် စားဖိုမှူးဖန်း ကို အမဲသားတုံးသေးလေးများ လှီးခြင်း၊ ဂျုံသားရေစိမ်ခြင်းတို့ လုပ်ခိုင်းလိုက်ပြီး သူမက ကြွက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားကြော် စသည်တို့ကို ပြင်ဆင်လိုက်သည်။
သူမက လက်သွက်လှသည်။ မျက်စိတစ်မှိတ်အတွင်း လှီးစရာရှိတာ လှီးပြီး စီစရာရှိတာ စီပြီးသွားသည်။ နောက်လှည့်ကြည့်လိုက်ရာ စားဖိုမှူးဖန်း က ဂျုံသားကို ဟောဟဲလိုက်အောင် ဆေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမလည်း မနားတော့ဘဲ ငရုတ်ကောင်းမှုန့် စတင် ကြိတ်လိုက်သည်။
ကျောက်ဆုံကို ယူချိန်တွင် မီးဖိုထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး မီးထိုးနေသည့် အလုပ်သမားလေးကို မီးမပြင်းကြောင်း သတိပေးလိုက်သေးသည်။
ဖုန်းမိသားစုမှ စားဖိုမှူးများသည် မျက်လုံးပြူးကာ ကြည့်နေကြသည်။ စားဖိုမှူးအိုသည် စားပွဲပေါ်မှ ပြင်ဆင်ပြီးသား ပန်းကန်များကို ငေးကြည့်နေမိသည်။ ဒီလောက် ဓားသွေးထက်သည့်၊ မျက်စိရှင်သည့်၊ တစ်ချိန်တည်း အလုပ်များစွာ လုပ်နိုင်သည့် လူမျိုးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ရှန်မြောင် က သူတို့ကို ဂရုပင်မစိုက်ပေ။
ဒီနေ့ သူမလည်း စိတ်လှုပ်ရှားနေသည်။
ပုံမှန်ဆို ဝယ်စားဖို့ နှမြောသည့် ဟင်းရွက်များ၊ မရနိုင်သည့် ငရုတ်ကောင်း၊ ဈေးကြီးလွန်း၍ မစားနိုင်သည့် အမဲသားတို့ကို ဒီနေ့ စိတ်ကြိုက် သုံးစွဲခွင့်ရပြီး ဟင်းပွဲကြီး ၁၀ ပွဲကျော် တစ်ခါတည်း ချက်ခွင့်ရသည်မှာ တကယ့်ကို ကျေနပ်စရာ ကောင်းလှသည်။
ဟူလထန်း ကောင်းဖို့အတွက် အဓိက သော့ချက်က ငရုတ်ကောင်းပဲ။
ငရုတ်ကောင်း တစ်ပိဿာက ရွှေတစ်တုံးလောက် တန်ဖိုးရှိသည်။ ရှန်မြောင် ကြိတ်နေရင်း တစ်စေ့ပြုတ်ကျသွားလျှင် အမြန်ကောက်ယူ၊ သုတ်ပြီး ပြန်ထည့်ရသည်။ တစ်စေ့လေး လေလွင့်သွားရင်တောင် နှမြောစရာ ကောင်းသည်လေ။
ငရုတ်ကောင်းမှုန့် ရပြီဆိုလျှင် အိုးတစ်လုံး တည်လိုက်သည်။ ကြက်သွန်မြိတ်၊ ဂျင်းတို့ကို ဆီသတ်ပြီး အသင့်ကျိုထားသည့် အမဲသားဟင်းရည်ကို စစ်ပြီး အိုးပူပူထဲ ထည့်လိုက်သည်။ ပြီးလျှင် ငရုတ်ကောင်းမှုန့် ပထမအကြိမ် ထည့်ရသည်။ ဒါမှ ငရုတ်ကောင်း၏ အစပ်အရသာက ဟင်းရည်ထဲ ကောင်းကောင်း စိမ့်ဝင်သွားမည် ဖြစ်သည်။ ထို့နောက်မှ လှီးထားသည့် အသီးအရွက်မျိုးစုံကို ထည့်လိုက်သည်။
ထိုအချိန်တွင် စားဖိုမှူးဖန်း ၏ ဂျုံသားဆေးခြင်း ပြီးသွားပြီ ဖြစ်သည်။ ရှန်မြောင် လှမ်းယူလိုက်ပြီး လှီးမနေတော့ဘဲ ဆေးကြောသန့်စင်ထားသည့် လက်ဖြင့် အတုံးသေးလေးများ ဆွဲဖဲ့ထည့်လိုက်သည်။
ထို့နောက်တွင်တော့ အလွန်ရိုးရှင်းသည့် အနံ့အရသာ ဖြည့်စွက်ခြင်းသာ လိုတော့သည်။ ဆား၊ ငရုတ်ကောင်းမှုန့် နောက်တစ်ကြိမ်နှင့် ပဲငံပြာရည် ထည့်လိုက်သည်။ အဖုံးအုပ်ပြီး အလုပ်သမားကို မီးအလယ်အလတ်ဖြင့် ၁၅ မိနစ်ခန့် တည်ခိုင်းလိုက်သည်။ အနံ့မွှေးလာသောအခါ စားဖိုမှူးဖန်း ဆေးထားသည့် ဂျုံရည် (ကော်ရည်) ကို မွှေရင်း လောင်းထည့်လိုက်သည်။ ဟင်းရည် ပျစ်နှစ်ချောမွတ်ပြီး အနေတော် ဖြစ်သွားသောအခါ နှမ်းဆီလေး ဆမ်း၊ နံနံပင်လေး အုပ်လိုက်လျှင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
ဒီတစ်ခါ ရှန်မြောင် ဘာမှ ပြောစရာမလိုတော့ပေ။ ဟူလထန်း ၏ မွှေးပျံ့သည့်အနံ့သည် မီးဖိုချောင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်း၏ နှလုံးသားထဲထိ စိမ့်ဝင်သွားရာ စားဖိုမှူးအားလုံး အရှုံးပေးလိုက်ရပြီး နှာခေါင်းရှုံ့ကာ အနံ့ခံနေကြတော့သည်။
မီးဖိုချောင်ထဲတွင် ဖုန်းမိသားစု စားဖိုမှူးများသည် ရှန်မြောင် ကို အတင်းပြောခြင်း၊ ရွဲ့ခြင်းများ မရှိကြတော့ပေ။ ရှန်မြောင် ခိုင်းလိုက်သည်နှင့် တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ လုပ်ကိုင်ပေးကြသည်။ စားဖိုမှူးအိုကြီးပင်လျှင် သတိထားပြီး ကပ်လာကာ ဟင်းရွက်လှီးခြင်း၊ မုန့်နယ်ခြင်း၊ ငါးခုတ်ခြင်းတို့ကို ကူညီပေးပြီး ခေါင်းငုံ့ကာ ဘာမှ မပြောရဲတော့ပေ။
စားဖိုမှူးဖန်းသည် သူတို့၏ အပြောင်းအလဲမြန်သည့် သဘောထားကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ငါကမှ ဆရာ့ရဲ့ တပည့်အရင်းကွ၊ မင်းတို့တွေ ဆရာ့နားကို ဘယ်တော့မှ ကပ်ခွင့်မရှိစေရဘူး" ဟူသော ဂုဏ်ယူဝင့်ကြွားသည့် မျက်နှာပေးဖြင့် ရှန်မြောင် နောက်ကနေ တကောက်ကောက် လိုက်နေတော့သည်။
ထိုစားဖိုမှူးများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရှန်မြောင် သည် နောက်ထပ် အဓိကဟင်းပွဲများဖြစ်သည့် ငါးကြင်းနီပေါင်း၊ ပျိုနီပန်းဟင်းရည်၊ ဆိတ်သားခေါက်ဆွဲပြုတ်၊ မီးဖိုကင်အသားညှပ်ပေါင်မုန့် စသည်တို့ကို လျင်မြန်စွာ ချက်ပြုတ်နိုင်ခဲ့လေသည်။
သူမ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေချိန်၌ အပြင်ဘက်သို့လည်း ဟင်းပွဲများ တရစပ် ပို့ဆောင်ပေးနေပြီ ဖြစ်သည်။
....
ဖုန်းမိသားစု၏ စိမ်းလန်းစိုပြေသော ရေပေါ်ဇရပ်တွင် ဧည့်သည်များ စုံလင်နေကြပြီ။ လက်ဆောင်ပေးခြင်း၊ နှုတ်ဆက်ခြင်းများ ပြီးဆုံးသွားပြီဖြစ်၍ အားလုံး နေရာယူပြီးကြပြီ။
ဒီနေ့က ဖုန်းအဘွား၏ အသက် ၇၀ ပြည့် မွေးနေ့ပွဲ ဖြစ်သော်လည်း အဘွားကြီး အသက်ကြီး၍ သူငယ်ပြန်နေပြီ ဖြစ်ရာ သားသမီး၊ ချွေးမများကိုပင် မမှတ်မိတော့ပေ။ ထို့ကြောင့် ဒီနေ့တွင် စားပွဲဝိုင်း အနည်းငယ်သာ ခင်းကျင်းထားသည်။ ရှေ့တွင် အမျိုးသားများအတွက် ၃ ဝိုင်းနှင့် နောက်တွင် အမျိုးသမီးများအတွက် ၂ ဝိုင်းသာ ရှိသည်။
ဖုန်းအဘွားကြီးသည် ကျက်သရေရှိစွာ ဝတ်ဆင်ထားပြီး အလယ်တွင် ခြံရံလျက် ထိုင်နေသည်။ သူမသည် ဒီနေ့တွင်လည်း စိတ်မနှံ့ဖြစ်နေပြီး တစ်ခါတစ်ရံ ဖုန်းချီညန်ကို ဖုန်းတာ့ညန်ဇီ ဟု မှားခေါ်လိုက်၊ တစ်ခါတစ်ရံ ဖုန်းတာ့ညန်ဇီ ကို ကိုယ့်သမီးဟု မှားခေါ်လိုက် လုပ်နေတတ်သည်။ ခဏကြာသောအခါ ဖုန်းတာ့ညန်ဇီကို သေဆုံးသွားပြီဖြစ်သည့် ဖုန်းအာ့လန် အကြောင်း မေးလိုက်ပြန်သည်။
"အာ့လန်လေး ထန်ကျိုး သွားတာ ကြာလှပြီ၊ ဘာလို့ စာမရေးတာလဲ"
ဘယ်သူမှ မဖြေနိုင်ကြပေ။ သူမသည် ဖုန်းတာ့ညန်ဇီ ကို ဆူပူပြန်သည်။
"နင်က အမေလုပ်ပြီးတော့ ထန်ကျိုး ကို လူလွှတ်ပြီး သွားမကြည့်ခိုင်းဘူးလား၊ အဲဒီမှာ ဆောင်းတွင်းဆို အရမ်းအေးတာ၊ သတင်းအစအနမရဘူး၊ ကလေး အအေးမိနေမလား မသိဘူး"
ထိုစကားကြောင့် ဖုန်းတာ့ညန်ဇီ မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ သားကို ဆုံးရှုံးလိုက်ရသည့်အပြင် စိတ်မနှံ့တော့သည့် ယောက္ခမကိုပါ နှစ်သိမ့်ပေးနေရသည်။
"ဟုတ်ကဲ့ပါ အမေ၊ ချွေးမ အခုပဲ လူလွှတ်လိုက်ပါ့မယ်..."
စကားမဆုံးခင် သူမ အသံတိမ်ဝင်သွားသည်။
ဘယ်ကို သွားရှာရမှာလဲ။ သားက ဆုံးသွားပြီလေ။
သူမ နေ့ရောညပါ သတိရလွမ်းဆွတ်နေခဲ့ရသည့် သားလေးသည် တိုင်းတစ်ပါးတွင် အသက်ဆုံးရှုံးခဲ့ရသည်။ သူမသည် ပြန့်ကျင်းမြို့ပြင်က ဆိပ်ကမ်းတွင် နေ့တိုင်းသွားစောင့်ခဲ့ပြီး နောက်ဆုံးတွင် မည်းနက်နေသည့် အခေါင်းတစ်ခု ပြန်ရောက်လာခဲ့သည်။ ထိုရိုးရှင်းသည့် အခေါင်းထဲတွင် သူမ၏ သားလေး၊ သူမ မွေးနေ့ရောက်တိုင်း ပန်းခိုးခူးပြီး ပြတင်းပေါက်နား လာထားပေးတတ်သည့် သားလေး၏ ရုပ်အလောင်း ပါလာခဲ့သည်။
၃ နှစ် ရှိပြီ ဆိုပေမဲ့ ပြန်မတွေးရဲဘူး။ တွေးမိတာနဲ့ ရင်ဘတ်ထဲက နှလုံးသားကို ဆွဲထုတ်လိုက်သလို နာကျင်ရတယ်။
ရှီးရှီ က အလျင်အမြန် ထူပေးလိုက်ပြီး ကြောင်နေသည့် ဖုန်းချီညန်ကို မျက်ရိပ်ပြလိုက်လေသည်။
"ချီညန်၊ ဟင်းပွဲတွေ လာနေပြီ၊ အဘွားကို ဟင်းထည့်ပေးလိုက်ပါ၊ ဒေါ်ဒေါ်က သမီးအမေကို အဝတ်သွားလဲပေးလိုက်ဦးမယ်"
ဖုန်းချီညန်သည် အိပ်မက်မှ လန့်နိုးသကဲ့သို့ ဖြစ်သွားပြီး အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ ရေရွတ်နေသည့် အဘွားအနား ဝင်ထိုင်လိုက်သည်။ စိတ်ထဲတွင်တော့ အဘွားကို အနည်းငယ် အပြစ်တင်နေမိသည်။ အစ်ကိုလတ် ကိစ္စက တစ်မိသားစုလုံးရဲ့ အနာတရလေ။ အဘွားက ပုံမှန်ဆို စိတ်မနှံ့ပေမဲ့ ဒါတွေ မပြောပါဘူး။ ဒီနေ့မှ လူတွေအများကြီးရှေ့မှာ ဘာလို့ အမေ့ရဲ့ ဒဏ်ရာဟောင်းကို လာဆွရတာလဲ။
ကံကောင်းသည်မှာ မကြာမီ ဖုန်းတာ့ညန်ဇီ သည် စိတ်ပြန်ထိန်းလိုက်နိုင်ပြီး အပြုံးတုဖြင့် ပြန်ထွက်လာခဲ့သည်။ ဧည့်သည်များကို ဧည့်ခံပြီး ပြဇာတ်ကပြဖျော်ဖြေခိုင်းလိုက်ရာ စားပွဲဝိုင်းတွင် ရယ်သံများ၊ စကားပြောသံများ ပြန်လည် ထွက်ပေါ်လာတော့သည်။
ဧည့်သည်တစ်ယောက်က မြည်းစမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း ချီးကျူးလိုက်လေသည်။
"ဒီအသုပ်က တကယ် လတ်ဆတ်တာပဲ"
အချဉ်ထဲတွင် အစပ်လေးပါပြီး အစပ်ထဲတွင် အချိုလေး ပြန်ကပ်ကျန်ခဲ့သည်။ မြေပဲနှင့် ဗာဒံစေ့က ကြွပ်ရွပြီး ဝါးလိုက်လျှင် ပါးစပ်ထဲ မွှေးပျံ့သွားသည်။
လူအများအပြား မြည်းစမ်းကြည့်ကြပြီး ချီးကျူးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဝမ်တာ့ညန်ဇီသည် မလာခင်ကတည်းက ဝက်လက်နှင့် ထမင်း စားလာသဖြင့် ဗိုက်ကားနေပြီ ဖြစ်သည်။ တခြားသူများ၏ တုံ့ပြန်မှုကို ကြားသောအခါ သူမ အံ့သြသွားသည်။ ဒီလူတွေ လျှာမကောင်းကြတော့ဘူးလား။ ဘာလို့ ဒီလောက်တောင် မြှောက်ပင့်ပြောနေကြတာလဲ။ အရင်တုန်းက ဟန်ဆောင်ရင်တောင် ဒီလောက် မပိုကြပါဘူး။
တစ်ခုခုတော့ မှားနေပြီ။
သူမသည် မယုံသင်္ကာဖြင့် တူကိုလှမ်းကာ "ပြန့်ကျင်း အရသာ ၇ မျိုး" ကို အရင် မြည်းကြည့်လိုက်သည်။ မျက်လုံးများ တောက်ပသွားပြီးနောက် တုန်တုန်အိအိ ဖြစ်နေသည့် ငါးကျောက်ကျောကို အငမ်းမရ လှမ်းယူလိုက်ပြန်သည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အေးမြစွာ အရည်ပျော်သွားပြီး ငါးဥ၏ လတ်ဆတ်မွှေးပျံ့မှုကြောင့် မျက်လုံးများ မှေးစင်းသွားသည်အထိ ဖြစ်သွားသည်။
ထူးဆန်းလိုက်တာ... စား... စားလို့ ကောင်းလိုက်တာ။
ဒါ ဖုန်းမိသားစု စားဖိုမှူးရဲ့ လက်ရာ တကယ်ပဲလား။ ဝမ်တာ့ညန်ဇီ လုံးဝ မယုံကြည်နိုင်ပေ။ အရင်တုန်းက ဖုန်းမိသားစုအိမ် လာစားတိုင်း ဟင်းနုနွယ်သုပ်ပဲ ကျွေးခဲ့တာလေ။ ဒီနေ့တော့ တကယ် ထူးခြားနေပြီ။
သူမ ရှီးရှီ၏ စကားကို ပြန်ကြားယောင်မိပြီး နောင်တအနည်းငယ် ရမိသွားသည်။ သို့သော် အနည်းငယ်သာ ဖြစ်သည်။ ဖုန်းမိသားစုက ဒီအသုပ်ကို အပြင်က ဝယ်လာတာ ဖြစ်လောက်တယ်။ ဒါကြောင့် အရသာ မတူတာ နေမှာ။
ပင်တိုင်စားဖိုမှူးက ဖုန်းမိသားစုကလူပဲ ဖြစ်နေသရွေ့ နောက်ထွက်လာမယ့် ဟင်းတွေက ကောင်းမှာ မဟုတ်ပါဘူး။ ဝမ်တာ့ညန်ဇီ သည် သူမကိုယ်သူမနှင့် သူမဗိုက်ထဲက ဝက်လက်ကို နှစ်သိမ့်လိုက်လေသည်။
ထိုစဉ် ဟင်းမလာခင် အနံ့က အရင် ရောက်လာတော့သည်။
ဒါက ဝမ်တာ့ညန်ဇီ တစ်ခါမှ မရဖူးသည့် အနံ့ပင်။ အစက အဝေးကနေ လေနှင့်အတူ ပါလာခြင်းဖြစ်ပြီး လူတိုင်း လည်ပင်းရှည်ကာ မျှော်ကြည့်မိစေသည်။
တဖြည်းဖြည်းနှင့် အစေခံများက ခွဲဝေထည့်ထားပြီးသား ဟင်းရည်ပန်းကန်များကို တစ်ယောက်ချင်းစီ လိုက်ချပေးလာသောအခါ ထိုအမွှေးအကြိုင်က ရုတ်တရက် ပြင်းထန်လာတော့သည်။ ငရုတ်ကောင်းအနံ့က ဦးစွာ နှာခေါင်းထဲ တိုးဝင်လာပြီး ဝမ်တာ့ညန်ဇီ ၏ အာရုံခံစားမှုများကို နှိုးဆွလိုက်လေသည်။
ဝမ်ယုံးသည် ဆင်းရဲသားဘဝမှ လာသူဖြစ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သဖြင့် အဂတိလိုက်စားမှု ကင်းရှင်းသူ ဖြစ်သည်။ ထို့ကြောင့် ဝမ်တာ့ညန်ဇီ သည် အိမ်တွင် ငရုတ်ကောင်း စားရခဲလှသည်။
ယခု အနံ့ခံကြည့်လိုက်ရာ ပြင်းထန်သော ငရုတ်ကောင်းအနံ့ထဲတွင် မွှေးကြိုင်သော အမဲသားပြုတ်ရည်အနံ့ ပါဝင်နေသဖြင့် သူမ၏ ဗိုက်ထဲမှ ပိုးကောင်များ တော်လှန်ပုန်ကန်လာကြပြီး တံတွေးများ ယိုစီးကျလာကာ ဟင်းရည်ပူပူကို အငမ်းမရ သောက်ချင်စိတ် ဖြစ်ပေါ်လာတော့သည်။
ပျစ်နှစ်တယ်၊ ချောမွတ်တယ်၊ လတ်ဆတ်မွှေးကြိုင်နေတာပဲ။
ကြွက်နားရွက်မှိုနှင့် မှိုခြောက်တို့က ဟင်းရည်ကို လတ်ဆတ်မှု ပေါင်းစပ်ပေးပြီး ပဲပြားကြော်နှင့် ကြက်ဥတို့က ကော်ရည်ထည့်ထားသည့် ဟင်းရည်ကို ပိုမိုချောမွတ်စေသည်။ မုန်လာဥနီ အနည်းငယ် ထည့်ထားသဖြင့် အချိုဓာတ်လေး ပါဝင်နေသေးသည်။
ပူပူနွေးနွေး သောက်လိုက်လျှင် စပ်ရှိန်းရှိန်းနှင့် ပျစ်နှစ်နေသည်။ အရေးကြီးဆုံးက လတ်ဆတ်မှုပင်။ ဒီဟင်းရည်တစ်ခွက်လုံးက အရသာရှိနေသည်။ အသားကလတ်ဆတ်၊ အသီးအရွက်ကလတ်ဆတ်၊ ဂျုံမှုန့်ကလည်း လတ်ဆတ်ပြီး ငရုတ်ကောင်းပါဝင်သဖြင့် ဟင်းရည်တစ်ခွက်လုံးက မီးတောက်ထဲက မွေးဖွားလာသကဲ့သို့ ပူနွေးနေသည်။ သောက်ရတာ မအီဘူး၊ ညှီနံ့မရဘူး၊ အနံ့က မွှေးပြီး ရိုးမသွားဘူး။
အရသာက ရှယ်ပဲ။
ဝမ်တာ့ညန်ဇီသည် ပန်းကန်တစ်ဝက်ခန့် ကြိုးစားသောက်လိုက်ပြီးနောက် လည်ချောင်းဝထိ ပြည့်လာတော့သည်။ ဗိုက်ထဲက ဝက်လက်က ဟင်းရည်ထဲတွင် ပွလာသလို ခံစားရသည်။ သို့သော် ဟူလထန်းက သောက်လို့အရမ်းကောင်းနေသဖြင့် မသောက်နိုင်တော့သည့်တိုင် ဇွန်းကို ပါးစပ်ထဲ ငုံထားပြီး ကျန်နေသည့် အရသာကို စုပ်ယူရင်း ဒေါသရော နောင်တပါ ရနေမိတော့သည်။
'ဖုန်းတာ့ညန်ဇီ ရေ ဖုန်းတာ့ညန်ဇီ... ရှင် စားဖိုမှူးလဲတာ ဘာလို့ ကြိုမပြောရတာလဲ'
မနက်က ပေါက်စီမစားရတာ နစ်နာလှပြီ။ အခု စားကောင်းသောက်ဖွယ်တွေက မျက်စိရှေ့ရောက်နေတာတောင် တစ်လုပ်မှ မစားနိုင်တော့ဘူး။
လူ့ဘဝရဲ့ အဆိုးရွားဆုံး ဝမ်းနည်းစရာဆိုတာ ဒါမျိုးပါလား။
ဝမ်တာ့ညန်ဇီသည် ဝမ်းနည်းလွန်းသဖြင့် ဟင်းရည်ကို ပါဆယ်ထုပ်သွားချင်စိတ် ပေါက်နေတော့သည်။ သို့သော် သူမ၏အတွေးက ရိုးစင်းလွန်းမှန်း နောက်မှ သိလိုက်ရသည်။
ဆက်လက်ပြီး အစေခံက ရွှေအိုရောင်သန်းနေသည့် ငါးကြင်းနီပေါင်းတစ်ပွဲ လာချပေးသည်။ ငါးကြင်းနီကို အထူးစီမံထားသည့် ဆော့စ်အရည်များ လောင်းချထားပြီး မီးအေးအေးဖြင့် အသားထဲစိမ့်ဝင်အောင် ချက်ထားသဖြင့် ဟင်းရည်က ပျစ်နှစ်ပြီး ငါးအသားကို ဖုံးအုပ်ထားသည်။ ဝမ်တာ့ညန်ဇီ သည် တုန်ရီနေသောလက်ဖြင့် တစ်ဖတ် မြည်းကြည့်လိုက်၏။ ငါးအသားက နူးညံ့ပြီး အရည်ရွှမ်းနေကာ အနံ့အရသာက ပြင်းပြင်းထန်ထန်နှင့် ကောင်းမွန်လှသည်။ စားလို့ကောင်းတယ်၊ တကယ် စားလို့ကောင်းတယ်။
ချက်ချင်းဆိုသလို ပျိုနီပန်းဟင်းရည် ရောက်လာပြန်သည်။ ဒီဟင်းပွဲက ပိုတောင် ကောင်းသေးတယ်။ စားလို့ကောင်းရုံသာမက ကြည့်လို့လည်း လှတယ်။
မုန်လာဥဖြူကို အမျှင်လေးများ လှီးဖြတ်ထားသည်။ မည်သို့သော ရှုပ်ထွေးသည့် လုပ်ဆောင်ချက်များ ပါဝင်သည်မသိ၊ ဒီမုန်လာဥက ငှက်သိုက်နှင့် တူနေပြီး မုန်လာဥနံ့ လုံးဝ မရတော့ပေ။ ဝက်ပေါင်ခြောက်၊ မှို၊ ကြက်သား၊ ပင်လယ်မျှော့ စသည်တို့ကို အမျှင်လှီးပြီး ဟင်းရည်ကြည်ဖြင့် ချက်ထားသည်။ သောက်ရတာ အရသာရှိပြီး ဟင်းပွဲပြင်ဆင်ပုံကလည်း သေသပ်လှပကာ ကြွေဖြူပန်းကန်လုံးထဲတွင် ပျိုနီပန်းတစ်ပွင့် ပွင့်နေသကဲ့သို့ ရှိလေသည်။
ထို့နောက် ဒီနေ့၏ အဓိက အစားအစာဖြစ်သည့် ဆိတ်သားခေါက်ဆွဲပြုတ် လာလေသည်။
ဒါက ဆိတ်ရိုးနှင့် နွားရိုးကို တစ်ညလုံး ပြုတ်ထားသည့် ဟင်းရည်ဖြစ်ပြီး နို့နှစ်ရောင် ပေါက်နေသည်။ ခေါက်ဆွဲသားက အိစက်ညက်ညောပြီး ပန်းကန်ထဲ ထည့်ချိန်တွင် ခေါက်ဆွဲကြားထဲ၌ ဆိတ်သားနုပ်နုပ်စင်းလေးများ ထည့်သွင်းထားသဖြင့် တစ်လုပ်စားလိုက်သည်နှင့် အသားအရသာနှင့် ဂျုံအရသာ ပေါင်းစပ်သွားကာ စားလေ ပိုမွှေးလေ၊ ပိုမွှေးလေ ပိုစားချင်လေ ဖြစ်လာသည်။
ခေါက်ဆွဲထဲတွင် ဆိတ်သားလွှာ၊ ကြွက်နားရွက်မှို၊ ဂိုဂျီဘယ်ရီသီး စသည်တို့ ပါဝင်သေးသည်။ ခေါက်ဆွဲက ဟင်းရည်၏ လတ်ဆတ်မှု၊ ဆိတ်သား၏ အဆီအနှစ်များကို စုပ်ယူထားပြီး အသီးအရွက်များက အလှဆင်ထားသည်။
စားနိုင်သေးလျှင် စားလိုက်ပါက ခန္ဓာကိုယ် နွေးထွေးပြီး ကျေနပ်သွားမှာ အမှန်ပင်။ ဝမ်တာ့ညန်ဇီသည် ဝမ်းနည်းပက်လက်ဖြင့် တူကို တင်းတင်းဆုပ်ထားသော်လည်း ပါးစပ်ထဲ မထည့်နိုင်တော့ပေ။
ခေါက်ဆွဲပြုတ်ပြီးနောက် သေးငယ်ပြီး ပြည့်ဖြိုးနေသည့် မီးဖိုကင်အသားညှပ်ပေါင်မုန့် ရောက်လာပြန်သည်။ ပေါင်မုန့်က အပြင်ခွံ ကြွပ်ရွနေပြီး အတွင်းသား နူးညံ့ကာ ဂျုံနံ့ မွှေးနေသည်။ ပေါင်မုန့်ကို ဓားနှင့်ခွဲပြီး နုပ်နုပ်စင်းထားသည့် အမဲသားနှပ်ကို ညှပ်ထားသည်။ အမဲသားနှပ်က အနံ့အရသာ ပြည့်စုံပြီး ပေါင်မုန့်နှင့်အတူ ကိုက်စားလိုက်လျှင် ဘယ်ရောက်နေမှန်း မသိအောင် ကောင်းမွန်လှသည်။
နောက်ထပ်လာမည့် ငါးဥ၊ ခရုနှင့် ကြက်ပေါင်းဟင်းရည်၊ ပယင်းရောင်ကဲ့သို့ တောက်ပနေသည့် ဘဲအသည်းကင်၊ အသားထက် ပိုစားကောင်းသည့် မှိုမျိုးစုံ နှင်းပန်းကြော် တို့ကိုတော့ ထည့်မပြောနှင့်တော့။
စားသောက်ပွဲ ပြီးခါနီးတွင် ဝမ်တာ့ညန်ဇီ စိတ်ထဲ စွဲထင်ကျန်ရစ်မည့် အလွန်စားကောင်းသော "မြစိမ်းရောင် သစ်သီးလိပ်" တစ်ပွဲ ပါသေးသည်။ လတ်ဆတ်သည့် ဟင်းရွက်၊ သခွားသီး၊ မုန်လာဥနီ၊ ပန်းသီး စသည့် သစ်သီးဝလံများကို အမျှင်လှီးပြီး ပိုးသားကဲ့သို့ ပါးလွှာသည့် ကြာဖက်ဖြင့် လိပ်ထားကာ ချယ်ရီသီးဖြင့် ပြုလုပ်ထားသည့် အချဉ်ရည်နှင့် တွဲဖက်စားသုံးရသည်။ အလွန်လတ်ဆတ်ပြီး ကြွပ်ရွနေသည်။
ဒီဟင်းပွဲ ထွက်လာသည်နှင့် အသားငါးများ စားထား၍ အီနေသည့် ဧည့်သည်များသည် ပါးစပ်ထဲ ရှင်းသွားပြီး စိတ်ရောကိုယ်ပါ လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
နောက်ဆုံးတွင် ဧည့်သည်များ တစ်ခါမှ မစားဖူးသည့် အချိုပွဲ ၂ ပွဲ လာလေသည်။
ပထမတစ်ပွဲက "ငှက်သိုက်စွံပလွံကျောက်ကျော" ဖြစ်သည်။ ငှက်သိုက်က နူးညံ့ပြီး အားရှိစေသည်။ စွံပလွံက ချိုမြိန်မွှေးကြိုင်သည်။ ကြည်လင်တောက်ပနေသည့် ကျောက်ကျောအဖြစ် ပြုလုပ်ထားပြီး ပျားရည်တစ်ဇွန်း ဆမ်းလိုက်လျှင် မွှေးကြိုင်ချိုမြိန်မှုက မေ့မရနိုင်စရာပင်။
ဒုတိယတစ်ပွဲက နောက်ဆုံးပွဲဖြစ်ပြီး "လိမ္မော်ခွံ ပဲနီရေခဲပန်းကန်" ဖြစ်သည်။ ပဲနီကို နူးအိနေအောင် ပြုတ်ထားပြီး နွားနို့ ဆမ်းထားကာ ထောင်းထားသည့် ရေခဲစများနှင့် ရောနယ်ထားသည်။ အပေါ်မှ လိမ္မော်ခွံခြောက် အမှုန့်များ ဖြူးထားသဖြင့် လတ်ဆတ်သည့် အရသာကို ပေါင်းစပ်ပေးထားသည်။
နွေဦးပေါက်ကာလ လေပြေလေညှင်းထဲတွင် ဤတစ်ခွက်ကို စားလိုက်ရသည်မှာ အေးမြချောမွတ်ပြီး နို့အရသာ၊ ပဲအရသာ ချိုမြိန်ကာ ရင်ထဲထိ အေးမြသွားစေသည်။
ဝမ်တာ့ညန်ဇီ သည် တူအနည်းငယ်သာ တို့ထားပြီး ဆက်မစားနိုင်တော့သည့် စားပွဲပေါ်မှ ရှားပါးအစားအစာများကို ကြည့်ရင်း ရူးမတတ် ဖြစ်နေတော့သည်။ သူမ ခေါင်းငုံ့လိုက်ပြီး အိမ်ဖော်၏ သနားစရာ အကြည့်အောက်တွင် အင်္ကျီလက်စဖြင့် ပါးစပ်က ယိုစီးကျလာသည့်... မျက်ရည်များကို သုတ်လိုက်ရရှာသည်။
'ဘုရားရေ...'
'ဒီနေ့ ငါ့အဖြစ်က မိန်းမလျာတွေ ပြည့်တန်ဆာအိမ် သွားလည်သလို ဖြစ်နေပါရောလား'
'ကြည့်ရုံပဲ ကြည့်လို့ရတယ်လေ'
'ဝူး... ဝူး...'
...
အပိုင်း (၈၀) ကျိုးသွားသောအရိုးကို ပြန်ဆက်ခြင်း
လှိုင်းကြက်ခွပ်လေးများ ပြေးလွှားနေသည့် ရေပြင်နှင့် မျက်နှာချင်းဆိုင်ရှိ ပြဇာတ်ရုံတွင် ဖျော်ဖြေပွဲက တစ်ဝက်ကျိုးနေပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဧည့်သည်များသည် လက်ခုပ်တီးအားပေးကာ ပန်းများ၊ ငွေစများနှင့် အထည်အလိပ်များကို စင်ပေါ်သို့ ပစ်တင်ပြီး ဆုချလေ့ရှိကြသည်။ သို့သော် ဒီနေ့တွင်တော့ ထူးဆန်းနေသည်။
လူများသည် အစပိုင်းတွင် ခေါင်းငုံ့ပြီး အစားအသောက်များကိုသာ အာရုံစိုက် စားသောက်နေကြသည်။ ပြီးမှ ဘေးနားရှိ လူများနှင့် အပြန်အလှန် ချီးကျူးစကား ပြောကြတော့သည်။ အထူးသဖြင့် ပယင်းရောင်ကဲ့သို့ တောက်ပနေသည့် စပ်ရှိန်းရှိန်း ဟူလထန်း တစ်ခွက် သောက်ပြီးသည့်နောက်တွင် ဧည့်သည်များသည် အားမရနိုင်ဖြစ်ကာ ဖုန်းယွမ် ကို အံ့သြစွာ မေးမြန်းကြတော့သည်။
"ဒီလောက် အရသာရှိတာမျိုး တစ်သက်နဲ့တစ်ကိုယ် မစားဖူးဘူး၊ ခင်ဗျားတို့အိမ်က စားဖိုမှူး လဲလိုက်တာလား"
ဘယ်သူမှ ပြဇာတ်သံစဉ်ကို အာရုံမစိုက်အားကြတော့ပေ။
ဖုန်းယွမ်က ပြန်မဖြေရသေးမီ နောက်ထပ်ဧည့်သည်တစ်ယောက်က ရှေ့တိုးလာပြီး မေးပြန်သည်။
"ဆရာကြီးဖုန်း က ဒီလိုစားဖိုမှူးမျိုးကို ဘယ်ကများ ရှာတွေ့တာလဲ၊ လက်ရာက တကယ်ကောင်းလွန်းတယ်၊ နောက်ရက် ကျွန်တော့်အိမ်မှာ ပွဲလုပ်ရင်လည်း ဖိတ်ချင်လို့ပါ"
နောက်တစ်ယောက်ကလည်း ဟူလထန်း အရသာကို ပြန်ပြောင်းသတိရပြီး မျက်လုံးမှေးစင်းလျက် ပြောလိုက်သည်။
"ဒီဟင်းရည်က တကယ်... အစက သိပ်မကောင်းဘူး ထင်ပေမဲ့ သောက်လိုက်တော့မှ ပန်းကန်ပါ ပြောင်သွားတော့တာပဲ၊ နှမြောစရာကောင်းတာက ငရုတ်ကောင်း ဈေးကြီးတာပဲ၊ ဖုန်းမိသားစုအိမ် ရောက်မှပဲ မြည်းစမ်းခွင့်ရတော့တယ်"
ဖုန်းမိသားစုသည် ယခုအခါ ကျဆင်းနေသော်လည်း သူတို့၏ ဘိုးဘေးများသည် မြောက်ပိုင်းယန်နိုင်ငံ၏ တော်ဝင်မိသားစုဝင်များ ဖြစ်ခဲ့ကြသည်။ ထန်ခေတ်ကုန်ဆုံးချိန်တွင် ဖုန်းမိသားစု၏ မြေအောက်ခန်းများမှ ငရုတ်ကောင်း ပိဿာပေါင်း သောင်းချီ သိမ်းဆည်းရမိခဲ့ဖူးသည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် ဟွမ်ချောင်၏ တပ်ဖွဲ့များက အကုန်သိမ်းယူသွားခဲ့သည်။ သို့သော် နှစ်ရာချီ သက်တမ်းရှိသည့် မျိုးနွယ်ကြီးဖြစ်သည့်အားလျော်စွာ သေလုမျောပါး ဖြစ်နေသော်လည်း အရှိန်အဝါ မသေသေးပေ။ ဖုန်းမိသားစုသည် မြို့ပြင်တွင် နေထိုင်ပြီး ပုံမှန်အားဖြင့် ဇိမ်ခံလေ့မရှိသော်လည်း ဧည့်သည်ဖိတ်သည့်အခါတိုင်း စားပွဲပေါ်တွင် ကမာ၊ ပင်လယ်မျှော့၊ တောဝက်၊ သမင်၊ အမဲသား၊ ဆိတ်၊ ငှက်သိုက်၊ ဝက်ဝံလက်ဝါး စသည့် ရှားပါးအစားအစာများ ပါလေ့ရှိသဖြင့် သူတို့၏ ကြွယ်ဝချမ်းသာမှုကို ခန့်မှန်းနိုင်လေသည်။
နှမြောစရာကောင်းသည်မှာ ဖုန်းမိသားစု၏ စားဖိုမှူးလက်ရာ ညံ့ဖျင်းသဖြင့် အဖိုးတန်ပစ္စည်းများကို ဖြုန်းတီးသလို ဖြစ်နေခြင်းပင်။
ဒီနေ့ စားသောက်ပွဲတွင် ထိုမျှလောက် ရှားပါးပစ္စည်းများ မပါဝင်သော်လည်း အရသာက ပိုမိုစုံလင် ကောင်းမွန်နေသည်။
စားဖိုမှူး၏ လက်ရာကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဖုန်းယွမ် သည် ခေါင်းကို ကုတ်လိုက်ပြီး ဧည့်သည်များ ဝိုင်းမေးနေသဖြင့် သူလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ သူသည် ဖုန်းမိသားစု၏ အိမ်ထောင်ဦးစီး ဖြစ်သော်လည်း အိမ်မပြန်တာ ကြာပြီ။ ဒီနေ့မှ ဧည့်သည်များနှင့် ရှေ့ဆင့်နောက်ဆင့် ရောက်လာခြင်း ဖြစ်သည်။
အမေဖြစ်သူ၏ မွေးနေ့ပွဲမို့သာ ပြန်လာရခြင်း ဖြစ်သည်။ မဟုတ်လျှင် ဖိယုံးစာသင်ကျောင်း၏ နောက်ဘက်တောင်ကုန်းပေါ်တွင် စာရေးနေဦးမည် ဖြစ်သည်။
ထို့ကြောင့် အိမ်က စားဖိုမှူး လဲလိုက်တာလား၊ ဘယ်က စားဖိုမှူးလဲ ဆိုတာ သူ ဘာမှ မသိပေ။
သို့သော် စားဖိုမှူး လဲလိုက်တာတော့ သေချာသည်။ ဒါ ဖုန်းအာ့ရှစ်ဝူ ၏ လက်ရာ မဖြစ်နိုင်။ သူတို့အိမ်က စားဖိုမှူးသည်လည်း အိမ်က ကျွန်ပင် ဖြစ်သည်။ မျိုးရိုးစဉ်ဆက် ဆင်းသက်လာခဲ့သော်လည်း စစ်ပွဲများနှင့် ခေတ်ပြောင်းလဲမှုများကြောင့် ဖုန်းမိသားစု၏ ဟင်းချက်နည်းများ ပျောက်ဆုံးကုန်ပြီ ဖြစ်သည်။ ဆွေမျိုးသားချင်းများ လျော့ပါးလာရုံသာမက တော်ဝင်စားဖိုမှူး၏ လက်ရာများလည်း ပြတ်တောက်ကုန်ပြီ ဖြစ်သည်။
ဒီ ဖုန်းအာ့ရှစ်ဝူ ဆိုတာကလည်း ရှိတာတွေထဲက အကောင်းဆုံးမို့ ရွေးထားရခြင်း ဖြစ်သည်။ ထို့အပြင် ဖုန်းမိသားစုက အချိုကြိုက်သဖြင့် ဖုန်းအာ့ရှစ်ဝူ သည် ဟင်းချက်တိုင်း သကြားထည့်သည့် အကျင့်ပါနေသည်။
ဟင်းရွက်ကြော်ရင် သကြားတစ်ဇွန်း၊ ကြက်ဥကြော်ရင် သကြားတစ်ဇွန်း၊ အမဲသားနှပ်ရင်လည်း သကြားတစ်ဇွန်း ထည့်တတ်သည်။ သကြားမပါလျှင် သူ ဟင်းမချက်တတ်တော့ပေ။
ဖုန်းမိသားစုဝင်တွေက စားကျင့်ပါနေပြီမို့ သိပ်မထူးဆန်းပေမဲ့ အပြင်လူတွေကတော့ ဖုန်းမိသားစုရဲ့ စားသောက်ပွဲဆိုရင် အလွန်ကြောက်ကြသည်။ ဖုန်းယွမ်လည်း ဒီသတင်းကို ကြားဖူးသည်။ အရင်တုန်းကတော့ သူက ဒီလူတွေ အမြင်ကျဉ်းလို့၊ အဖိုးတန်ပစ္စည်းတွေ မစားဖူးလို့၊ ချက်ပြုတ်နည်း မသိလို့ လျှောက်ပြောနေကြတာဟု ထင်ခဲ့သည်။
သို့သော်ငြား ဒီနေ့ လုံးဝ ကွဲပြားခြားနားသည့် အရသာကို စားလိုက်ရမှ သူ နားလည်သွားတော့သည်။ သကြားနည်းနည်းမှ မပါဘဲ ဟင်းရွက်၏ သဘာဝအချိုဓာတ်ကို ထုတ်ပေးနိုင်မှ တကယ့်ဟင်းကောင်း ဖြစ်သည်ကို သူ သိလိုက်ရသည်။ စားဖိုမှူးချင်းတူပေသိ လက်ရာက မိုးနှင့်မြေလို ကွာခြားနိုင်မှန်း သူ ဒီနေ့မှ သိတော့သည်။
အခုတော့ ရှင်းသွားပြီ။ အရင်တုန်းက လူတွေ ကွယ်ရာမှာ "ဖုန်းမိသားစုရဲ့ စားသောက်ပွဲက အရသာ ပျက်တယ်" လို့ ပြောကြတာက အပုပ်ချတာ မဟုတ်ဘူး။ အမှန်တရားပဲ။ သူလည်း စိတ်ထဲတွင် တွေးနေမိသည်။ 'ဒီနေ့ စားသောက်ပွဲကို တာဝန်ယူတဲ့ စားဖိုမှူးက ဆယ်စုနှစ်ချီ အတွေ့အကြုံရှိတဲ့ စားဖိုမှူးအိုကြီး ဖြစ်လောက်တယ်၊ မိန်းမက ဘယ်ကများ သွားရှာတွေ့လဲ မသိဘူး၊ ဖန်လုံ စားသောက်ဆိုင်က ပင်တိုင်စားဖိုမှူးများလား'
ထို့ကြောင့် သူလည်း စပ်စုချင်လာပြီး အစေခံကို ခေါ်ကာ ဒီနေ့ ပင်တိုင်စားဖိုမှူးကို ခေါ်လာခဲ့ရန် ခိုင်းလိုက်လေသည်။
ပင်တိုင်စားဖိုမှူးကို သိချင်နေသူ နောက်ထပ်တစ်ယောက်ကတော့ ဖုန်းချီညန်ပင်။
သူမသည် ဖုန်းမိသားစုတွင် လျှာအရသာခံနိုင်စွမ်း မပျက်စီးသေးသည့် တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ အိမ်က ထမင်းဟင်းများကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။ ဒီရက်ပိုင်း သူမ စိတ်ညစ်နေပြီး ရှန်ကျိထန်းပင်ဆိုင်တွင် တွေ့ခဲ့ရသည့် စာလုံးနှင့် ပန်းချီကိုသာ တွေးနေမိသည်။
စာလုံးက လူကို ကိုယ်စားပြုသည်။ လူတစ်ယောက်ရေးထားသည့် စာလုံးက သူ့ရဲ့ စိတ်နေသဘောထားကို ဖော်ပြနေရုံသာမက ဘယ်အချိန်မှာ ရေးထားလဲဆိုတာပါ သိနိုင်လေသည်။ စိတ်ရှုပ်နေရင် လက်ရေးက ရှုပ်ထွေးမယ်။ ပြီးပြီးရောလုပ်ရင် အဆုံးသတ်က မသေချာဘူး၊ စိတ်ငြိမ်ရင် လက်ရေးက တည်ငြိမ်တယ်၊ ပျော်ရွှင်ရင် စာလုံးတိုင်းက ပေါ့ပါးသွက်လက်နေတတ်တယ်။
ကျိုကော လေ့ကျင့်သည့်ပုံစံက ကျုံးယောင်လက်ရေးမူ ဖြစ်ပြီး သဘာဝကျကာ အတင်းအကြပ် ရေးဆွဲထားခြင်းမျိုး မရှိပေ။ သူမက မူလက ဝေလက်ရေးမူကို လေ့ကျင့်ခဲ့သော်လည်း နောက်ပိုင်း ကျိုကော လိုက်ပြီး ကျုံးလက်ရေးမူကို ပြောင်းလေ့ကျင့်ခဲ့သည်။ နေ့တိုင်း "ရွှမ်ရှီးပြောင်" (ကြေညာစာတမ်း) ကို ကူးရေးနေသဖြင့် ကျိုကော၏ လက်ရေး အင်္ဂါရပ်များကို သူမ ကောင်းကောင်း သိလေသည်။
သူမ... တကယ်တော့ သိနေခဲ့တာပါ။
ကျိုကောက ငယ်ငယ်ကတည်းက စေ့စပ်ထားပြီးပြီ။ ချွေးမိသားစုက သခင်မလေးနဲ့လေ။ ဒါပေမဲ့ သူမက ဒီချစ်စိတ်ကို မတားဆီးနိုင်ခဲ့လို့ အဝေးကနေ ငေးကြည့်ပြီး ဝမ်းနည်းနေခဲ့ရတာ။ ဒါပေမဲ့ မကြာသေးမီက အမေက ပြောတယ်။ ကျိုကော စေ့စပ်ပွဲ ပျက်သွားပြီတဲ့။ သနားစရာကောင်းတဲ့ ချွေးသခင်မလေးက ရောဂါကြီးကြီးမားမား ဖြစ်နေလို့ အသက်ရှင်ဖို့ ဘယ်လောက်မှ မလိုတော့ဘူးတဲ့။ ဒါကြောင့် လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ကြတာ။ အမေက ကျိုကောရဲ့ အိမ်ထောင်ရေး ကံမကောင်းပုံကို ပြောပြနေချိန်မှာ သူမက ကြောင်အပြီး မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေ တိုးပွားလာခဲ့တယ်။ ကျောင်းတော်ကို သွားပြီး ကျိုကောကို ရှာတဲ့အကြိမ်ရေလည်း ပိုစိတ်လာခဲ့တယ်။
ဒါပေမဲ့ သူကတော့ သူမအပေါ် အရင်လိုပဲ ဆက်ဆံတယ်။ စေ့စပ်ပွဲ ပျက်သွားလို့ ပြောင်းလဲသွားတာမျိုး မရှိဘူး။
ဖုန်းချီညန် တွေးမိနေသည်။ ကျိုကော စေ့စပ်ပွဲ ပျက်သွားတာကို သူမ ဝမ်းနည်းပေးသင့်ပေမဲ့ ရင်ထဲက ပျော်ရွှင်မှုကို ဖုံးဖိမထားနိုင်ခဲ့ဘူးလေ။ ငါ သူ့ကို တိတ်တခိုးကြိုက်နေမိလို့ အပြစ်ရှိသလို ခံစားနေစရာ မလိုတော့ဘူးတောင် တွေးမိသေးတယ်။ အချိန်ကြာလာရင် ကျိုကော ငါ့ရဲ့ ကောင်းကွက်တွေကို မြင်လာမှာပါ။ ဖုန်းမိသားစုနဲ့ ရှဲ့မိသားစုက ဂုဏ်ရည်တူတယ်၊ နှစ်ဘက်မိသားစုကလည်း ရင်းနှီးကြတယ်၊ ဒီအချက်တွေကြောင့် သူမက သူနဲ့ ပိုနီးစပ်ခွင့်ရမယ်လို့ ထင်ခဲ့တယ်။
ဒါပေမဲ့ ဟို စာလုံးနဲ့ ပန်းချီက သူမရဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စားမှုကို ဖောက်ခွဲပစ်လိုက်တာပဲ။ ရှန်ကျိထန်းပင်ဆိုင်မှာ ချိတ်ဆွဲထားတဲ့ စာလုံးတွေက အရမ်းကို ပေါ့ပါးလွတ်လပ်နေတယ်။ ချက်ချင်း ရေးချထားတဲ့ပုံစံပဲ။ ဒါက ဘာကိုပြနေလဲဆိုတော့ ဒီစာလုံးတွေကို ရေးတုန်းက ကျိုကော ရဲ့ စိတ်က အလွန်ပျော်ရွှင်နေခဲ့တယ် ဆိုတာပဲ။
ကျိုကော မှာ စေ့စပ်ထားသူ မရှိတော့ပေမဲ့ သူက တခြားမိန်းကလေးကို သဘောကျနေပြီ။ လမ်းဘေးက ထန်းပင်သည်မလေး ဖြစ်နေရင်တောင်မှ သူမတော့ မဟုတ်ဘူး။
ဖုန်းချီညန် သည် ဒီရက်ပိုင်း ထိုစိတ်ပျက်မှုများနှင့် လုံးထွေးနေပြီး အစားမဝင်၊ အိပ်မပျော် ဖြစ်နေကာ စောင်ခေါင်းမြီးခြုံပြီး ငိုကြွေးနေခဲ့ရသည်။ အမေနှင့် အစေခံများ သိသွားမှာစိုးသဖြင့် မျက်ရည်ကျလာလျှင် ခေါင်းအုံးနှင့် အမြန်သုတ်ပစ်ရသည်။ ညဉ့်နက်သန်းခေါင်အချိန်များတွင် သူမ၏ ဝမ်းနည်းပူဆွေးမှုကို စောင်နှင့် ခေါင်းအုံးကသာ သိရှိကြလေသည်။
ဒီနေ့ အဘွားမွေးနေ့ပွဲတွင် သူမသည် အဘွားကိုလည်း ဂရုမစိုက်၊ ဟင်းပွဲများကိုလည်း စိတ်မဝင်စားဘဲ သေသေချာချာ ပြင်ဆင်ဝတ်စားပြီး ကျိုကောကို တွေ့ရဖို့ မျှော်လင့်ခဲ့သည်။ သို့သော်ငြား ရှဲ့မိသားစုက တာ့ညန်ဇီ တစ်ယောက်တည်း ရောက်လာသဖြင့် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်လေး ပျက်သုဉ်းသွားခဲ့ရသည်။ သူမ အစားစားချင်စိတ် ပျောက်ဆုံးသွားပြီး အဘွားဘေးတွင် သစ်တုံးတစ်တုံးလို ထိုင်နေမိတော့သည်။
ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်လာပြီး မွှေးကြိုင်သည့် အနံ့များ သူမ နှာခေါင်းထဲ တိုးဝင်လာသည်အထိပင်။ သူငယ်ပြန်နေသည့် အဘွားသည်ပင် ငြိမ်ကျသွားပြီး အမေ့ကို ရစ်ဖို့ အချိန်မရှိတော့ဘဲ ကျွေးသမျှ အကုန်စားကာ ငြိမ်သက်နေတော့သည်။ ဒါက တကယ် ထူးဆန်းသည်။
ဖုန်းချီညန်လည်း စိတ်မပါဘဲ ဟင်းရည်တစ်လုပ် သောက်လိုက်ရာ ပြင်းထန်သည့် အစပ်အရသာကြောင့် ချောင်းဆိုးပြီး မျက်ရည်များ ကျလာတော့သည်။ သူမ ခေါင်းငုံ့လိုက်ပြီး "စပ်လိုက်တာ" ဟု ပြောလိုက်သော်လည်း...
နောက်ဆုံးတွင်တော့ သူမ စိတ်ကြိုက် ငိုချလိုက်နိုင်ပြီ ဖြစ်သည်။
ဒီဟင်းရည်က သူမ၏ ခံတွင်းကို ဖွင့်ပေးလိုက်သည်။ ထို့နောက် လာသမျှ ဟင်းပွဲတိုင်းက သူမ အကြိုက်ဖြစ်နေသဖြင့် ဗိုက်ကားပြီး ခါးပတ်တင်းလာမှ သူမ သတိထားမိလိုက်သည်။ သူမသည် ဟင်းရည်တစ်ပန်းကန်၊ ထန်းပင်တစ်ပန်းကန်၊ ငါးတစ်ကောင်လုံး၊ ပေါင်မုန့်တစ်လုံး၊ မြစိမ်းရောင်အလိပ် ၂ ခုနှင့် အချိုပွဲ ၂ ပွဲစလုံးကို ကုန်စင်အောင် စားပစ်လိုက်မိသည်။
သူမသည် ချက်ချင်း နောင်တရသွားတော့၏။ ရှစ်ယီးညန် နဲ့ တိုင်ပင်ထားတာက အစားလျှော့စားပြီး နှစ်သစ်ကူးချိန်ကျရင် အဝတ်အစားသစ်တွေ ဝတ်၊ ခါးသေးသေးလေးနဲ့ နှင်းတွေငေးမယ်။ မီးပုံးပွဲ ကြည့်မယ် ဆိုပြီးတော့လေ။
ဒီနေ့တော့ ကျိုးသွားပြီ။
ထိုအချိန်တွင် စင်္ကြံလမ်းအဆုံးမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အစေခံက ခါးကိုင်းပြီး ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
ဖုန်းယွမ် ၏ လူယုံက သူတို့ကို ရေပေါ်ဇရပ်ပေါ် ခေါ်လာရာ ဖုန်းချီညန် ဘေးမှ လူများ ပြောနေသည်ကို ကြားလိုက်ရသည်။
"ဆရာကြီးဖုန်းက ဒီနေ့ စားဖိုမှူးကို ခေါ်ခိုင်းလိုက်တယ်"၊ "ဟုတ်လား၊ ငါလည်း ကြည့်ချင်တယ်၊ ဘယ်လိုလူက ဒီလောက် လက်ရာကောင်းနေရတာလဲ"၊ "ဖယ်ကြပါဦး၊ ငါလည်း ကြည့်မယ်။ ဘယ်သူကများ ဆွေးမြည့်နေတာကို မှော်ဆန်အောင် ပြောင်းလဲပေးနိုင်တာလဲလို့"
ကိုယ့်အိမ်က စားဖိုမှူးလက်ရာက ဒီနေ့လောက် မကောင်းတာ မှန်ပေမဲ့ ဆွေးမြည့်နေတယ် လို့တော့ မပြောသင့်ပါဘူး။ ဖုန်းချီညန် စိတ်ထဲ မကျေမနပ် ဖြစ်သွားပြီး ယပ်တောင်ဖြင့် မျက်နှာတစ်ဝက်ကာကာ လှမ်းချောင်းကြည့်လိုက်သည်။
ရေပေါ်ဇရပ်နှင့် စင်္ကြံလမ်း ဆက်ထားရာနေရာမှ လာသူများအနက် အမျိုးသားက လေးထောင့်စပ်စပ် မျက်နှာနှင့် ကြည့်ကောင်းစရာ မရှိပေ။ သို့သော် သူ့နောက်မှ အမျိုးသမီးကတော့ လှပကျော့ရှင်းစွာ လျှောက်လှမ်းလာလေသည်။
သူမသည် အစိမ်းရောင် ရင်ဖုံးအင်္ကျီလက်ကျပ်၊ ခါးတွင် အစိမ်းရောင် ခါးပတ်နှင့် အောက်တွင် အကွက်မပါသည့် စကတ်ရှည်ကို ဝတ်ဆင်ထားသည်။ ခေါင်းပေါ်တွင် ငွေဆံထိုးတစ်ချောင်းသာ ထိုးထားသော်လည်း ဤရိုးရှင်းသည့် ဝတ်စားဆင်ယင်မှုက သူမအပေါ်တွင် သဘာဝအလှကို ပေါ်လွင်စေပြီး အလွန် ကြည့်ကောင်းနေသည်။
အနားရောက်လာမှ သူမ၏ ရုပ်ရည်က အလွန်လှပမှန်း သိသာလာသည်။ မျက်ခုံးမျက်လုံး သေသပ်ပြီး နှာတံစင်းစင်းလေးနှင့် နှုတ်ခမ်းထောင့်စွန်းများက အပေါ်သို့ ကော့တက်နေသဖြင့် ကြည့်ရသူအဖို့ ခင်မင်နှစ်လိုဖွယ် ဖြစ်စေသည်။ ပခုံးသားကျဉ်းကျဉ်း၊ ခါးသေးသေးလေးနှင့်မို့ ရိုးရှင်းသည့် အဝတ်အစားကပင် သူမအပေါ်တွင် လှပနေတော့သည်။
ဖုန်းချီညန်တစ်ယောက် ငေးကြည့်နေမိလေသည်။ တခြားဧည့်သည်များလည်း ထိုနည်းလည်းကောင်းပင်။ တချို့က အံ့သြရာမှ သတိပြန်ဝင်လာပြီး တီးတိုး ပြောဆိုနေကြသည်။
"ဒီလောက် လက်ရာကောင်းတာဆိုတော့ မုတ်ဆိတ်ဖြူ အဘိုးကြီး ဖြစ်မယ် ထင်နေတာ..."
"တစ်ယောက်က မိန်းကလေး ဖြစ်နေတယ်..."
"အဲဒီမိန်းကလေးက လှလိုက်တာ၊ လမ်းလျှောက်တာက ပျံလွှားလေးလို ပေါ့ပါးနေတာပဲ၊ အရှိန်အဝါကလည်း မသေးဘူး၊ ဘယ်အိမ်ကြီးရာကြီးကများ မွေးထုတ်ပေးလိုက်တဲ့ စားဖိုမှူးလဲ မသိဘူး"
"ငါ ကြည့်ရတာ ရင်းနှီးသလိုပဲ..."
လူအများ ပြောဆိုနေကြစဉ် ဧည့်သည်တစ်ယောက်က ရုတ်တရက် ဝမ်းသာအားရ ထအော်လိုက်လေသည်။
"ရှန်ညန်ဇီ ပဲ၊ ယန်လျိုအရှေ့လမ်းကြားက ရှန်ကျိထန်းပင်ဆိုင်က ရှန်ညန်ဇီ ပဲ၊ ငါ ပြောသားပဲ၊ ဒီနေ့ ဆိတ်သားထန်းပင်က ရှန်ညန်ဇီ လက်ရာနဲ့ တူပါတယ်လို့၊ တကယ်ပဲကိုး၊ ဟားဟား... ဟားဟား..."
ထိုလူက ဘာကြောင့် ဒီလောက် ဝမ်းသာနေမှန်းမသိ၊ ကခုန်လုနီးပါး ဖြစ်နေပြီး ဘေးလူကို ဆွဲကာ တံတွေးများ စင်သည်အထိ ပြောနေတော့သည်။
"ရှန်ညန်ဇီ ရဲ့ လက်ရာက တကယ် ရှယ်ပဲ၊ ကျွန်တော် လက်ဖျားခါတယ်ဗျာ၊ နေ့တိုင်းညတိုင်း စားချင်နေမိတာ၊ တခါတလေ အရမ်းစားချင်လွန်းလို့ ယန်လျိုအရှေ့လမ်းကြားကို ပြောင်းနေလိုက်ချင်တယ်၊ ခက်တာက အဲဒီမှာ အိမ်လွတ်မရှိတာပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားကို ပြောဖူးတယ်မလား၊ ခင်ဗျားက မယုံဘူးလေ၊ ကျွန်တော် အခါတစ်ထောင် ပြောတာထက် ကိုယ်တိုင် မြင်ရ မြည်းရတာက ပိုသေချာတယ်မလား၊ ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး၊ အရမ်းစားကောင်းတယ် မဟုတ်လား၊ ဟုတ်တယ်မလား၊ ဟားဟား"
ဖုန်းချီညန်မှာ ကြောင်သွားပြန်သည်။ ယန်လျိုအရှေ့လမ်းကြား။ ရှန်ကျိဆိုင်။
ဘာလို့... ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ သူမ ခေါင်းမူးသွားသည်။ လောကကြီးမှာ ဒီလောက် တိုက်ဆိုင်မှု ရှိနိုင်ပါ့မလား။
ဖုန်းတာ့ညန်ဇီ နှင့် ရှီးရှီ တို့ မတ်တပ်ရပ်ပြီး လူများကို မိတ်ဆက်ပေးလိုက်မှ အားလုံး ငြိမ်သက်သွားကြပြီး သည်အချိန်မှ အကြောင်းရင်းကို သိလိုက်ကြသည်။ ဖုန်းမိသားစု စားဖိုမှူး နေမကောင်းဖြစ်လို့ ရှဲ့မိသားစုဆီက စားဖိုမှူး ငှားတာ၊ ရှဲ့မိသားစုက ဒီ ရှန်ညန်ဇီ ကို ထောက်ခံပေးလိုက်တာ... အခုမှ ဇာတ်ရည်လည်သွားကြတော့သည်။
ဖုန်းမိသားစု စားဖိုမှူး နေမကောင်းတာ ကောင်းလိုက်လေခြင်း။ လူအများ စိတ်ထဲတွင် ကျေးဇူးတင်နေမိသည်။ သူသာ နေမကောင်းမဖြစ်ရင် သူတို့တွေ သကြားထည့်ထားတဲ့ ဟင်းတွေကို မျက်နှာပျက်ပျက်နဲ့ စားနေရမှာ၊ ဒီလို ဟင်းကောင်းတွေကို စားခွင့်ရမှာ မဟုတ်ဘူး။
အထက်တန်းလွှာများကြားတွင် စားသောက်ပွဲ မကြာခဏ လုပ်လေ့ရှိပြီး စားဖိုမှူး ငှားရမ်းခြင်းကလည်း ထုံးစံတစ်ခုလို ဖြစ်နေသည်။ ဘယ်အိမ်က စားဖိုမှူးကောင်းလဲ၊ ဘာဟင်းကောင်းလဲ ဆိုသည်ကို အိမ်ရှင်မများက အကုန်သိကြသည်။
ဖုန်းမိသားစုဆီက စားဖိုမှူး ငှားမယ့်သူတော့ တစ်ယောက်မှ မရှိခဲ့ဖူးဘူးပေါ့လေ။
ဒါပေမဲ့ ဒီနေ့ သူတို့စိတ်ထဲမှာ နာမည်တစ်ခု မှတ်သားလိုက်ကြသည်။
ယန်လျိုအရှေ့လမ်းကြား၊ ရှန်ကျိ၊ ရှန်ညန်ဇီ။
ရှန်မြောင်သည် ထိုနေရာတွင် ရပ်လျက် အလုပ်သဘော အပြုံးတစ်ခုကိုသာ ပြသထားပြီး လူအများ၏ ချီးကျူးမှု၊ အံ့သြမှု၊ စပ်စုမှုများကို အေးဆေးစွာ လက်ခံနေလေသည်။ စကားတစ်ခွန်းမှ ပိုမပြောပေ။ အခုအချိန်မှာ ဘာမှပြောစရာ မလိုမှန်း သူမ သိသည်။
လူတွေက ဟင်းကောင်းတစ်ပွဲ စားလိုက်ရလို့ သူမကို စိတ်ဝင်စားနေကြတာ။ ဒီ "လူကြီးလူကောင်း" တွေက သူမကို အထင်ကြီးလိုက်တာနဲ့ သူမကိုယ်သူမ ဘဝင်မြင့်သွားစရာ မလိုပါဘူး။
ဖုန်းတာ့ညန်ဇီ ကလည်း စိတ်ရင်းမှန်ဖြင့် ရှန်မြောင် ကို လူအများရှေ့ ချီးကျူးလိုက်သည်။
"ရှန်ညန်ဇီ ရဲ့ လက်ရာက တကယ် ထူးခြားပါတယ်၊ ဒီနေ့ မွေးနေ့ပွဲက ရှန်ညန်ဇီ ကြောင့် ပိုပြီး စည်ကားသွားရတယ်၊ ကျေးဇူးတင်ပါတယ်"
ဘေးနားက အပယ်ခံဖြစ်နေသည့် စားဖိုမှူးဖန်း ကိုလည်း ထည့်ပြီး ချီးကျူးပေးလိုက်သည်။
ရှန်မြောင် က ဆက်လက်ပြုံးထားပြီး မဟုတ်ပါဘူး ဟု ပြန်ပြောလိုက်သည်။ ထို့နောက် သူမ မျက်လုံးလေး ကလည်ကလည် လုပ်ပြီး အလိုက်သင့် စကားတစ်ခွန်း ထည့်ပြောလိုက်သည်။
"ဖုန်းတာ့ညန်ဇီ နောက်ဆို ပွဲလုပ်ချင်ရင် ကျွန်မကို လာရှာလို့ရပါတယ်"
ဖုန်းတာ့ညန်ဇီ က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
ဧည့်သည်များလည်း ကြားသွားသဖြင့် စိတ်ဝင်စားသွားကြသည်။
ရှန်မြောင်က သူတို့ကို ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ တခြားအရာရှိကတော်များ၏ မျက်နှာထားကို ကြည့်ပြီး သူမ စိတ်ချသွားသည်။
ခုနက ထမင်းစားတုန်းက ဒီကိစ္စကို စဉ်းစားခဲ့တာ။ အိမ်တိုင်ရာရောက် စားသောက်ပွဲ စီစဉ်ပေးတာက ရေရှည်လုပ်ငန်း တစ်ခု ဖြစ်လာနိုင်တယ်လေ။ ဒါပေမဲ့ တစ်လကို ၂ ပွဲလောက်ပဲ လက်ခံမှ ရမယ်။ မဟုတ်ရင် ကိုယ့်ဆိုင်ကို ပစ်ထားသလို ဖြစ်ပြီး နွားရှေ့ထွန်ကျူးသလို ဖြစ်သွားလိမ့်မယ်။
ရှန်မြောင် ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင် စားသောက်ဆိုင်ကြီး ဖွင့်ဖို့။ ဒါကြောင့် အခုအချိန်မှာ ထန်းပင်ဆိုင်လေးကို သေချာ ဂရုစိုက်ပြီး တဖြည်းဖြည်း ချဲ့ထွင်ရမယ်။ အရင်းအနှီး စုရမယ်။ ဝန်ထမ်းတွေ မွေးရမယ်။ နာမည်ဂုဏ်သတင်း တည်ဆောက်ရမယ်။
ထို့နောက် သူမနှင့် စားဖိုမှူးဖန်း တို့ ပြန်ထွက်လာခဲ့ကြသည်။
ဖုန်းမိသားစု၏ စားသောက်ပွဲ ပြီးသွားသော်လည်း ပြဇာတ်ကြည့်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ပန်းခြံထဲ လမ်းလျှောက်ခြင်း၊ လူမှုရေးကိစ္စ ပြောဆိုခြင်းများ ကျန်နေသေးသည်။
ဒါတွေက ရှန်မြောင်နှင့် မဆိုင်တော့။ သူမနှင့် စားဖိုမှူးဖန်း က ပိုက်ဆံယူပြီး ပြန်လို့ရပြီ။
နှစ်ယောက်သား စင်္ကြံလမ်းအဆုံး ရောက်သောအခါ ဖုန်းတာ့ညန်ဇီ ၏ အစေခံမလေး ရောက်လာပြီး ဆုကြေးငွေ ပေးလေသည်။ ဖုန်းမိသားစုက ရွှေ၂တုံးပေးလာပြီး ဖုန်း ဆိုသည့် စာလုံး ပါရှိသည်။ မူလက သဘောတူထားတာထက် ရွှေ ၂ တုံး ပိုပေးလိုက်သည်။
စုစုပေါင်း ၁၂ တုံး ရလိုက်သည်။
ဖုန်းမိသားစုက အပြင်ပန်းသာ ရိုးရှင်းပေမဲ့ တကယ် ချမ်းသာတာပဲ။
ရှန်မြောင် ၏ မျက်နှာပေါ်မှ အလုပ်သဘော အပြုံးတုသည် ချက်ချင်းဆိုသလို စစ်မှန်သည့် အပြုံးအဖြစ် ပြောင်းလဲသွားတော့သည်။
သူမသည် ရွှေတုံးများ ထည့်ထားသည့် ယွန်းသေတ္တာလေးကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ပိုက်ထားလိုက်သည်။ စုန့်ခေတ်က ရွှေတွေက အရောင်တင်မထားပေမဲ့ တောက်ပနေတာပါပဲ၊ ကိုင်ကြည့်လိုက်ရင် လေးလံနေပြီး ကြည့်လိုက်ရင် ဝင်းလက်နေတာပဲ။
လှလိုက်တာ၊ လှလိုက်တာ။
...