← Chapters

မင်း ငါ့ကိုလှည့်စားခဲ့တာပဲ ပိုင်ဟောက်

Vol. 8 Ch. 799

မင်း ငါ့ကိုလှည့်စားခဲ့တာပဲ ပိုင်ဟောက်

Vol. 8 Ch. 799

တုန်လှုပ်ဖွယ်ကောင်းစွာပင် ထိုလူများအားလုံးမှာ မြောင်မျိုးနွယ်စုဝင်များဖြစ်နေကြသည်။

မျိုးနွယ်စုတစ်ခုလုံးရှိ လူများ၏ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ရှိသော်လည်း ထိုအရေအတွက်မှာ ကြီးမားသော ပမာဏတစ်ခုဖြစ်သည်။ ထို့အပြင် အများစုမှာ ခေါင်းဆောင်ကြီးကိုယ်တိုင် သွေး၊ချွေး၊မျက်ရည်နှင့် ကျင့်ကြံခြင်းအထောက်အပံ့ပစ္စည်များစွာ စိုက်ထုတ်၍ အောက်လမ်းဆရာများဖြစ်အောင် ပျိုးထောင်ပေးခဲ့ရသည့် မျိုးနွယ်စု၏ လက်ရွေးစင်များဖြစ်ကြသည်။

သူတို့သည် မြောင်မျိုးနွယ်စုတစ်ခုလုံး၏ ချမ်းသာကြွယ်ဝမှုများနှင့် အနာဂတ်ကိုပါ ကိုယ်စားပြုနေကြသည်လည်း ဖြစ်သည်။

အနှီမြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ သူ၏ မျိုးနွယ်စုကို အသေးစားအုပ်စုကလေးများအဖြစ် ဂရုတစိုက် ခွဲ၍ မည်သူမှ ရှာတွေ့နိုင်မည်မဟုတ်ဟု သူယုံကြည်ထားသည့် နေရာတွင် ဝှက်ထားခဲ့သည်။ ပိုင်ရှောင်ချန်းမှာ သူတို့အားလုံးကို ခြေရာခံနိုင်လောက်သည့် သတင်းအချက်အလက်များ ရှိနေလောက်မည်ဟု သူလုံးဝမတွေးထားမိပေ။

အမှန်မှာ ၎င်းသည် ပိုင်ရှောင်ချန်း ပထမဆုံးရှာတွေ့ခဲ့သည့် သဲလွန်စများထဲမှ တစ်ခုဖြစ်ပြီး သူသည် တာဝန်ကို ကျိုးရီရှင်းထံသို့ ချက်ချင်း လွှဲအပ်ခဲ့သည်။ ထို့အပြင် သူ့အား စစချင်းလှုပ်ရှားမှုမပြုရန် မှာထားခဲ့သည့်အကြောင်းအရင်းမှာလည်း သူ၏ရန်သူများ သတိထားမိသွားမည်ကို စိုးရိမ်၍ ဖြစ်သည်။

ကျိုးမျိုးနွယ်စုဆီသို့ သူနောက်ဆုံးတွင် ရောက်လာရသည့် အကြောင်းအရင်းမှာ သူသည် လိုအပ်သော သဲလွန်စအားလုံးကို စုစည်းနိုင်ခဲ့ပြီး ဤကိစ္စကို အဆုံးသတ်ရန် အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့၍ဖြစ်သည်။ မြောင်မျိုးနွယ်စု၏ သာမန်ကျင့်ကြံသူများမှာ သူတို့ချည်းသက်သက်ဆိုလျှင် ဤကဲ့သို့ အလွန်အသုံးဝင်နေမည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်သာ အသက်ရှင်နေသေးပါက မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးသည် ပိုင်ဟောက်ကိုအသုံးချ၍ သူ့အားခြိမ်းခြောက်မည့် အခြေအနေသို့ ရောက်သွားနိုင်သည်ကို သုံးသပ်ထားပြီးသားဖြစ်သည်။

ထို့ကြောင့် သူသည်လည်း မြောင်မျိုးနွယ်စုကို သူ၏ ဝှက်ဖဲအဖြစ် အသုံးချကာ ခေါင်းဆောင်ကြီးကို ခြိမ်းခြောက်မည်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ကျိုးမျိုးနွယ်စု၏ အမွေဆက်ခံသူကို တုံ့ဆိုင်းမနေပဲ သတ်ဖြတ်ခဲ့သည်။ ထိုကြောက်မက်ဖွယ် လုပ်ရပ်ကြီးမှာ ပါးစပ်နှင့် ခြိမ်းခြောက်နေခြင်းထက် များစွာပို၍ စွမ်းအားကြီးနေသည် မဟုတ်ပါလော။

" ပိုင်ဟောက်။ မင်းးး "

မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ မျက်ဝန်းများမှာ လုံးဝနီမြန်းနေပြီဖြစ်ပြီး သူ၏အတွေးများမှာ ဂယောက်ခြောက်ခြားဖြစ်နေတော့သည်။ ထိုပုံရိပ်ထဲတွင် သူသည် မြောင်လင်းအာနှင့် သူ အနစ်နာခံကာ ပြုစုပျိုးထောင်ခဲ့ရုံသာမက နှစ်နှစ်ကာကာ ချစ်မြတ်နိုးရသည့် အခြား လူငယ်ပေါင်းများစွာကို မြင်လိုက်ရသည်။

ထိုအခါ သူသည် မျိုးနွယ်စုတွင် ရှိခဲ့စဥ်က ဖြတ်သန်းခဲ့သည့်ဘဝနှင့် ထိုလူငယ်လေးများက သူ့အားအင်မတန် ခင်တွယ်ခဲ့သည့် ပုံရိပ်များကို ပြန်လည်အမှတ်ရသွားသောအခါ သူ့ အသက်ရှူသံများ ရုတ်ချည်း မြန်ဆန်လာတော့သည်။ တချိန်ထဲမှာပင် သူ၏မျက်ဝန်းထဲတွင် ရုန်းကန်နေရသည့် အကြည့်တစ်ခု ပေါ်ထွက်လာတော့သည်။

ယခုတွင်မူ သူတို့၏ သေခြင်း၊ရှင်ခြင်းမှာ သူ၏ ဆုံးဖြတ်ချက်တစ်ခုထဲအပေါ်တွင် မူတည်နေပြီဖြစ်သည်။

" ဒါခင်ဗျားကြီးရဲ့ မျိုးနွယ်စုက အကုန်မဟုတ်သေးဘူး။ "

ပိုင်ရှောင်ချန်းက ရှင်းရှင်းလင်းလင်းနှင့် ဖြည်းညင်းစွာ ဆိုလိုက်သည်။

" ဒါပေမဲ မပူပါနဲ့။ ကျုပ်ရဲ့ ဝိညာဥ်ကျေးကျွန် သေသွားလို့ကတော့ ကျုပ်တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီး မြောင်မျိုးနွယ်စုမှာရှိတဲ့ ကလေးတိုင်းကို တစ်ယောက်မကျန် လိုက်ရှာပြီး ဇီဝိန်ချုပ်ပေးမယ်ဆိုတာကို ယုံထားလိုက်။ သူတို့ဘယ်နေရာမှာ ပုန်းနေပုန်းနေ တွေ့စေရမယ်။ မြေရိုင်းဒေသမှာ မြောင်မျိုးနွယ်စုဆိုတဲ့အမည်နဲ့ မျိုးနွယ်စုတစ်ခုရှိခဲ့ကြောင်းကို မေ့သွားတဲ့အထိ လုပ်ပစ်မယ်။ ရှိသမျှ သွေးမျိုးဆက်တိုင်းကို အမြစ်ပြတ် သုတ်သင်ပစ်မယ် "

မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ပိုင်ဟောက်ကိုသုံး၍ သူ့အားခြိမ်းခြောက်နေသည့်အချက်ကြောင့် သူ၏ သရုပ်အမှန် မပေါ်သေးကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။ အကယ်၍ ခေါင်းဆောင်ကြီးသာ သူ၏သရုပ်မှန်ကိုသိနေပါက ခြိမ်းခြောက်ရန်ပင် လိုနေမည်မဟုတ်။ ပိုင်ရှောင်ချန်း၏ ကမ္ဘာတစ်ခုလုံးကို အလွယ်တကူ ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပစ်နိုင်မည်ဖြစ်ပြီး သူ့အား အကြီးမားဆုံးသော အန္တရာယ်များထဲသို့ ပို့လိုက်နိုင်မည်သာဖြစ်သည်။

ပိုင်ရှောင်ချန်း ဒေါသများဖြင့် တဆတ်ဆတ် တုန်ရီနေရသည့် အကြောင်းအရင်းတစ်ချက်ရှိသည်။ ၎င်းမှာ မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ပိုင်ဟောက်အား အလွယ်တကူ ဝိညာဥ်ရှာဖွေခြင်း မပြုနိုင်သည်ကို သူက သိနေသည့်အချက်ဖြစ်သည်။ သို့သော် ခေါင်းဆောင်ကြီးမှာ ပိုင်ဟောက်မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို သိချင်ခဲ့မည်မှာ အမှန်ပင်။ ထို့ကြောင့် ပိုင်ဟောက် ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများနှင့် နှိပ်စက်မှုများကို ပိုင်ရှောင်ချန်း အတွေးများနှင့်သာ ပုံဖော်နိုင်တော့သည်။ သို့သော်လည်း မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ထိုသို့ကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။

ပိုင်ရှောင်ချန်းမှာ ယခင်ထဲက သူ၏တပည့်ကို စွန့်လွှတ်လိုစိတ်မရှိသည်ဖြစ်ပြီး ယခုထပ်မံသိလိုက်ရသည့် အချက်ကြောင့် သူ၏ယုံကြည်မှုများမှာ ပို၍သာတိုးပွားလာရတော့သည်။

မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ အသားများတုန်ရီသွားပြီး မျက်ဝန်းများနီမြန်းလာတော့သည်။ သူသည် အသက်ရှူရန်ပင် အခက်တွေ့လာတော့သည်။ သူသည် သူ၏မျိုးနွယ်စုအား ကိုယ်စားပြုသည့် လူတစ်ယောက်နှင့် သူ့ကိုယ်သူ ကိုယ်စားပြုနေသည့် အခြားတစ်ယောက်အဖြစ် လူနှစ်ကိုယ်ခွဲသွားသည့်အလား ခံစားလိုက်ရသည်။ ထို့နောက် ထိုနှစ်ယောက်မှာ အသာစီးရရန်အတွက် အပြန်အလှန်တိုက်ခိုက်နေကြတော့သည်။ သူ၏ လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်လာလိုသော ဆန္ဒမှာ သူ၏မျိုးနွယ်စုအပေါ်တွင် ထားရှိရမည့် သူ၏တာဝန်ဝတ္တရားထက် ပို၍ အလေးသာနေမည်လော။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ထပ်၍ပြောလိုက်ပြန်သည်။

" ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျုပ်က ခင်ဗျားကြီးကို အသက်ရှင်လျက်ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒီလို လုပ်ဖို့ကလည်း ဘာမှကံကောင်းနေစရာမလိုဘူးနော်။ ခင်ဗျားကြီးက ဘာပဲဖြစ်ဖြစ် ဒီနေ့သေရမှာပဲ။ ကျုပ်ရဲ့ ဝိညာဥ်ကျေးကျွန်ကို ကျုပ်ဆီပေးပြီး ခင်ဗျားတစ်ယောက်ပဲ အသေခံရင်ခံ ဒါမှမဟုတ်... ခင်ဗျားကြီး၊ ခင်ဗျားကြီးရဲ့ မျိုးနွယ်စုနဲ့ ကျုပ်ရဲ့ ဝိညာဥ်ကျေးကျွန်တို့အားလုံး တူတူသေလိုက်ကြပေါ့ဗျာ "

" ခင်ဗျားကြီး ဘယ်လိုနည်းနဲ့မှ လွတ်မှာမဟုတ်ဘူး။ ဘယ်သူမှလဲ ခင်ဗျားကို လာကယ်မှာမဟုတ်ဘူး။ အလုပ်ရှုပ်ခံပြီး ဘာအချိန်မှ ဆွဲမနေနဲ့။ ကျုပ်ထပ်ပြောမယ်။ ခင်ဗျားကို အသက်ရှူကြိမ်ဆယ်ကြိမ်ပေးတယ် "

" အဲဒါပြီးရင် ကျုပ်က ကျုပ်ရဲ့ အလောင်းတပ်သားတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်မှာ။ အဲဒါဆို ခင်ဗျားကြီး မျိုးနွယ်စုရဲ့သွေးတွေ ခင်ဗျားကြီး နဲ့အတူ မြေကြီးအောက်ကို သွေးချောင်းစီးသွားတာ ပျော်ပျော်ကြီးကြည့်လိုက်ပေါ့ဗျာ။ "

ပိုင်ရှောင်ချန်း၏ စိတ်နှလုံးမှာ စိုးရိမ်မှုအပေါင်းကြောင့် တဒိန်းဒိန်းခုန်နေပါသော်လည်း သူ၏မျက်နှာတွင်မူ ထိုအမူအရာများ ပေါ်မနေပေ။ သူသည် အေးစက်ပြီး ခံစားချက်မဲ့ကာ ရက်စက်ကြမ်းကြုတ်လှသည့် ပုံစံပေါ်နေပြီး သူ၏စကားသံမှာလည်း သံချောင်းများကို ကျိုးပြတ်သွားစေပြီး သံတုံးများကို အပိုင်းပိုင်းပြတ်သွားစေနိုင်သည့်အလား ပြတ်သားနေသည်။

ထို့နောက် သူသည် အင်္ကျီလက်ကိုခါယမ်းလိုက်ပြီး ကျိုးရီရှင်း၏ပုံရိပ်ကိုကြည့်ကာ ဆိုလိုက်သည်။

" ကျိုးရီရှင်းရေ။ စပြီး အချိန်ရေတော့။ အသက်ရှူကြိမ်ဆယ်ကြိမ်ပြီးရင် မြောင်မျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်လိုက် "

" တစ်ဆယ် "

" ကိုး "

" ရှစ် "

မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ထပ်၍ တုန်ရီသွားပြီး ယခင်ကထက် အသက်ရှူသံများ ပို၍မြန်လာတော့သည်။ ပိုင်ရှောင်ချန်း၏ စကားလုံးများမှာ စူးရှချွန်ထက်သော ဓားများအလား သူ၏နှလုံးသားနှင့် အတွေးထဲကို တမြေ့မြေ့စိုက်ဝက်လာနေသဖြင့် မေ့လဲလုမတတ်ဖြစ်နေတော့သည်။

သူသည် မည်သည့်အခြေအနေတွင်ဖြစ်စေကာမူ သေရမည်ဟု ပိုင်ရှောင်ချန်းက ပြောလိုက်သဖြင့် ပို၍ဆိုးနေတော့သည်။ ထို့အပြင် သူဆုံးဖြတ်ချက်ချရန် အသက်ရှူကြိမ်ဆယ်ကြိမ်သာ ရှိသည်။ ယခုတွင် သူသည် ပိုင်ရှောင်ချန်းမှာ သူ့အားသတ်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း သေချာသွားပြီး ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းမရှိတော့ကြောင်း သိလိုက်တော့သည်။

" ဘာလုပ်ရမလဲ " သူကတွေးနေတော့သည်။

" ငါဘာဆက်လုပ်ရတော့မှာလဲ "

မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ခါးသီးစွာ ရယ်မောနေစဥ် ကျိုးရီရှင်းမှာ အသံကျယ်လောင်စွာ စတင်အချိန်မှတ်နေပြီး မြောင်မျိုးနွယ်စု ကျင့်ကြံသူများမှာ ယခင်ကထက်ပင် ပို၍ကျယ်လောင်စွာ အသနားခံကာ တောင်းပန်နေကြတော့သည်။

" ကယ်ပါဦး ခေါင်းဆောင်ကြီးရေ "

" ငါး "

" လေး "

ကျိုးရီရှင်း၏ ရေတွက်သံမှာ မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ နားထဲသို့ မိုးကြိုးများအလား ဖောက်ထွင်းဝင်ရောက်သွားသည်။ ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်းသည် သူ၏ခံစားချက်ကို ဖုံးကွယ်၍ လိမ်ညာနေမည်လားဟု အကဲခတ်ရန် သူ့အားကြည့်လိုက်သည်။ သို့သော် သူမည်မျှပင် ကြည့်စေကာမူ ပိုင်ရှောင်ချန်းမှာ အေးစက်စက်နှင့် ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်နေဆဲ။ သူသည်ခေါင်းဆောင်ကြီး အသက်ထွက်သည်ကိုကြည့်ရန်အတွက်ဆို ရေဆုံးမြေဆုံးထိသွားရန်အဆင်သင့်ဖြစ်နေသည့်အလား။

" သူက ဒီဝိညာဥ်ကို အလေးတော့ထားတယ် "

သူက ရင် တဒိန်းဒိန်းခုန်နေလျက် တွေးလိုက်သည်။

" ဒါပေမဲ့ သူ့ကို ခြိမ်းခြောက်တဲ့နေရာမှာ သုံးနိုင်လောက်တဲ့အထိ သူက အလေးမထားဘူး။ " ပိုင်ရှောင်ချန်းမှာ ဤဝိညာဥ်ကို သူတစ်ယောက်သာ အပိုင်လိုချင်သည်ဖြစ်ပြီး အခြားမည်သူကိုမှ မပိုင်ဆိုင်စေလိုသည်မှာ အထင်အရှားပင်။

အမှန်မှာ ပိုင်ရှောင်ချန်းသည် မျိုးနွယ်စုခေါင်းဆောင်ကြီးထက်ပင် ပို၍ စိုးရိမ် တုန်လှုပ်နေသည်။ သို့သော်လည်း သူသည် ထိုခံစားချက်ကို လုံးဝမပေါ်အောင် ဖုံးကွယ်ထားခြင်းသာဖြစ်သည်။

မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးအား လွှတ်ပေးလိုက်ပါက သူ အရေးနိမ့်သွားမည်ဖြစ်ပြီး သူ၏ပြိုင်ဘက်မှာ ပိုင်ဟောက်၏အသက်ကို ထိန်းချုပ်နိုင်သွားမည်ဖြစ်သည်။ ထိုအခါတွင် အခြားသော မျိုးနွယ်စု ဆယ့်နှစ်ခုနှင့် သောကကင်းဝေးကိုးသွယ်ဘုရင်သာ လှုပ်ရှားလာပါက သူ့အတွက် ပိုင်ဟောက်ကို ကယ်တင်နိုင်မည့်အခွင့်လမ်းမှာ မရှိသလောက် နည်းပါးသွားမည်ဖြစ်သည်။

ကိစ္စရေးရာများကို နှောင့်နှေးနေပါက သူ့အတွက် ကောင်းကျိုးလုံးဝမရှိပေ။ ယခုချက်ချင်း ဤနေရာတွင် ပြတ်ပြတ်သားသား အဆုံးသတ်လိုက်ရန် သူ လိုအပ်သည်။

သူ၏ တစ်ခုထဲသော မျှော်လင့်ချက်မှာ သူတို့နှစ်ယောက်ထဲမှ မည်သူက ပို၍ရက်စက်ကြမ်းကြုတ်ကြောင်းကို ကြည့်ရန်သာဖြစ်သည်။ သူသည် ထိုလူအား မည်သည့်နည်းနှင့်ဖြစ်ဖြစ် သေစေလိုနေသည့် ပုံစံပေါ်အောင်လုပ်ရမည်ဖြစ်သည်။ သူ့ပြိုင်ဘက်၏ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ကို ရိုက်ချိုးထားမှသာလျှင် ထိုသူ၏ မျိုးနွယ်စုအပေါ်ထားရှိရမည့် တာဝန်သိစိတ်ကို နိုးထလာစေနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ထိုလူအား မည်သူ သေရမည်ကို အတင်းအကြပ် ရွေးချယ်ခိုင်းမည်ဖြစ်သည်။ သူသေမည်လား၊ သူ၏မျိုးနွယ်စုကို အသေခံမည်လား ဟူသော ရွေးချယ်ချက်ပင်ဖြစ်သည်။ အဆုံးတွင်မူ သာမန်လူအများစုဆိုလျှင် ပထမတစ်ခုကိုသာ ရွေးမည်ဖြစ်သည်။

ပထမရွေးချက်သည် သက်သက်မဲ့သေခြင်းမဟုတ်ပဲ မိမိ၏ လူမျိုးများအတွက် မိမိကိုယ်တိုင် စတေးခံသည့် သဘောမျိုး သက်ရောက်နေသည်မဟုတ်ပါလော။

ခေါင်းဆောင်ကြီးကသာ ပိုင်ရှောင်ချန်း ဟန်ဆောင်နေပြီး ဤအခြေအနေကို ခေါင်းဆောင်ကြီးထက်ပင် ပို၍အလေးထားနေကြောင်း သိပါက သူသည် ပိုင်ရှောင်ချန်းကို မရရအောင်ညှိနှိုင်းမည်ဖြစ်ပြီး သူ လွတ်အောင်ကြံဆောင်မည်သာဖြစ်သည်။

" သုံး “

ကျိုးရီရှင်း၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ ပြင်းထန်လာပြီး အလောင်းတပ်သား အယောက်တစ်ထောင်၏ သတ်ဖြတ်လိုသောအခိုးအငွေ့များမှာလည်း ထကြွလာတော့သည်။

" ခင်ဗျားကိုယ်ခင်ဗျား စတေးပြီး ခင်ဗျားရဲ့ မျိုးနွယ်စုကို ကယ်တင်မလား "

ပိုင်ရှောင်ချန်းက အေးစက်စက်မေးလိုက်သည

" ဒါမှမဟုတ် သူတို့နဲ့တူတူ လိုက်သေမလား။ ခင်ဗျားကြီး ကြိုက်ရာရွေး "

သူက လက်ကိုလေပေါ်သို့မြှောက်လိုက်တော့သည်။ သူသာ ထိုလက်ကိုပြန်ချလိုက်ပါက စတင် သုတ်သင်ခိုင်းတော့မည်ဖြစ်ကြောင်း လူတိုင်းက သိသည်။

သူက စကားရှည်ရှည်ဝေးဝေး ပြောနေရန်မလိုပေ။ ယခုတွင် စကားအလွန်ပြောနေပါက သူ့အတွက် အကျိုးမရှိသလိုပင်ဖြစ်နေမည်ဖြစ်သည်။

" နှစ် "

ကျိုးရီရှင်းမှာဆက်၍ ရေတွက်နေသည်။ မြောင်မျိုးနွယ်စု၏ အသနားခံနေကြသော အသံများမှာ ခေါင်းဆောင်ကြီး၏ နှလုံးနှင့် အတွင်းစိတ်ကို အသံလှိုင်းတစ်ခုအလား ရိုက်ခတ်နေတော့သည်။ သူသည် စိတ်ရောကိုယ်ပါ အပြီးတိုင်ပြိုလဲလုနီးပါးဖြစ်နေရပြီဖြစ်သည်။ သူသေရတော့မည်ဆိုသည့် အသိစိတ်ကြီးကြောင့် သူ၏မျိုးနွယ်စုအပေါ် ထားရှိသည့် သူ၏တာဝန်သိစိတ်မှာ သူ၏ကိုယ်ကျိုးထက် ပို၍ အလေးသာစပြုလာတော့သည်။

ဤဖြစ်ရပ်ကြီးမှာ အတိုင်းအတာတစ်ခုအထိ ပြက်ရယ်ပြုစရာကောင်းနေသည်။ ခေါင်းဆောင်ကြီးမှာ သူ့ကိုယ်သူစတေးရန် အဆင်သင့်ဖြစ်နေသည့်ပုံပေါ်သော်လည်း အမှန်မှာ သူသည် ပိုင်ရှောင်ချန်းထံတွင် အနည်းငယ်လေးမျှ တုံ့ဆိုင်းသွားသည့် အမူအရာကိုမြင်လိုက်ရပြီး သူအသက်ရှင်လျက် လွတ်သွားနိုင်သည့် အခွင့်အရေးရှိကြောင်း သိလိုက်ပါက အခြားဆုံးဖြတ်ချက်ကိုသာ ချမည်ဖြစ်သည်။

" တစ် "

ကျိုးရီရှင်း၏ ပါးစပ်မှ ထိုစကားသံထွက်လာသောအခါ မြောင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ခါးသီးစွာ ပြုံးလိုက်တော့သည်။ ထို့နောက် သူသည် နဖူးကို လက်ဖြင့်ထိလိုက်ပြီး ပိုင်ဟောက်ကို ဆုပ်ကိုင်၍ ပိုင်ရှောင်ချန်းထံသို့ ပစ်ပေးလိုက်တော့သည်။

" ငါ့မျိုးနွယ်စုကို လွှတ်ပေးလိုက် " သူက ဆိုလိုက်သည်။

" ယောက်ျားဆိုတာ လုပ်ရဲရင် ခံရဲရတယ်။ ငါ့အသက်ကို မင်းနှုတ်ယူလို့ရပြီ "

ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး သူ၏ဟန်ဆောင်ထားသော အေးစက်မှုများမှာ အရည်ပျော်သွားရတော့သည်။ သူသည် စိုးရိမ်တကြီးဖြင့် လက်ကိုဆန့်ထုတ်ကာ ပိုင်ဟောက်ကို လှမ်း၍ဖမ်းဆုပ်လိုက်သည်။

ပိုင်ဟောက်မှာ အလွန်အင်အားနည်းနေသည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းက သူ့အားဖမ်းယူလိုက်သည်နှင့် သူ၏မျက်လုံးများ ပွင့်သွားပြီး မယုံကြည်နိုင်သည့်အမူအရာဖြင့် တအံ့တသြငေးကြည့်နေတော့သည်။

" ဆရာ "

သူက ရေရွတ်လိုက်လေသည်။ ထို့နောက် သူ သတိလစ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ နတ်ဘုရားအာရုံ အချို့ကိုစေလွှတ်၍ ပိုင်ဟောက်မှာ သတိမေ့နေရုံမျှသာ ဟုတ်၊ မဟုတ် အကဲခတ်လိုက်သည်။ ထို့နောက် သူ့အား သူ၏အိတ်ထဲရှိ ဝိညာဥ်သိုလှောင်စေတီထဲသို့ ထည့်လိုက်တော့သည်။

မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ထိုအရာများအားလုံးကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားပြီး အတွေးများ ချာချာလည်သွားတော့သည်။ ပိုင်ဟောက်က ပိုင်ရှောင်ချန်းအား ဆရာဟုခေါ်လိုက်သည်ကိုကြားလိုက်ရပြီး ပိုင်ရှောင်ချန်းမှာ သူ့အား အလွန်ဂရုစိုက်နေခဲ့သည်ကို မြင်လိုက်ရလေသည်။ အဆုံးတွင် အရာရာတိုင်းမှာ ရှင်းလင်းသွားတော့သည်။ သူ၏မျိုးနွယ်စုအတွက် သူ့ကိုယ်သူ စတေးလိုက်သည်ဟူသော မြင့်မြတ်လွန်းလှသည့် ခံစားချက်နေရာတွင် အရှက်ခွဲခံလိုက်ရသည့်ခံစားချက်များ ဝင်ရောက်လာသဖြင့် ခေါင်းဆောင်ကြီးမှာ ပင့်သက်များပင်ရှိုက်နေတော့သည်။

" မင်းငါ့ကို လှည့်စားခဲ့တာပဲ ပိုင်ဟောက် "

All Chapters