ဆရာနှင့်တပည့် ပြန်လည်ပေါင်းစည်းခန်း
Vol. 8 Ch. 800
မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ လုံးဝစိတ်ပျက်လက်ပျက် အော်ဟစ် ဟိန်းဟောက်လိုက်သည်။ လွန်ခဲ့သောအခိုက်အတန့်လေးအတွင်း သူ များစွာ ဆုံးရှုံးသွားခဲ့ရလေပြီ။ သူ၏ တွေးခေါ်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ထို့နောက် သူ့အသက်။
သူ လုံးဝဥဿုံ နှိမ်နင်းခံလိုက်ရပြီဖြစ်သည်။
" အဲဒီ နှစ်ယောက်ကို သတ် "
ပိုင်ရှောင်ချန်းက အင်္ကျီလက်စကို ခါယမ်းလိုက်ရင်း သွေးအေးစွာ ပြောသည်။
အလောင်းတပ်သားများအားလုံးနှင့် ငွေရောင်ချပ်ဝတ်တန်ဆာတပ်သားသည်ပင် သတ်ဖြတ်လိုသည့်အရှိန်အဝါများ တဟုန်းဟုန်းတောက်လောင်လျက် လှုပ်ရှားလိုက်ကြသည်။
ငွေရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားတစ်ဦးတည်းနှင့် လုံလောက်မည် ဖြစ်သည့်တိုင် သူတို့အားလုံး တိုက်ခိုက်လိုက်ကြ၏။ ထို့ကြောင့် မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးသော်လည်းကောင်း ၊ ကျိုးဝူတောက်သော်လည်းကောင်း မည်သို့မျှ တုံ့ပြန်တိုက်ခိုက်ရန် မလုပ်နိုင်တော့ပေ။ သူတို့မှာ ခန္ဓာကိုယ်နှင့်တကွ ဝိညာဉ်ပါ ဇီဝိန်ချုပ်ခံလိုက်ရတော့သည်။
သူတို့လက်ဝယ်တွင် ခြိမ်းခြောက်စရာအဖြစ် အသုံးပြုရန် ပိုင်ဟောက်ရှိနေစဉ်က အတန်ငယ် ရုန်းထွက်နိုင်ခဲ့သေးသည်။ သို့သော် ယခုတွင် သူတို့မှာ ခန္ဓာကိုယ်များ အပိုင်းပိုင်းစုတ်ဖြဲခံနေရသည့်အတွက် သူတို့၏ အော်သံများ၊ ဆဲဆိုသံများ လေထဲတွင်ပြည့်နှက်နေတော့သည်။ သွေး၊ အသားအစအနများက အရပ်မျက်နှာတစ်ခွင် ပေါက်ကွဲထွက်သွားပြီး သူတို့၏ ယင်ယန်နတ်ဝိညာဥ်များ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကုန်လေပြီ။
ကျိုးမျိုးနွယ်စုအတွက် ယင်းသည် သူတို့ခေတ်၏အဆုံးသတ် ဖြစ်သည်။ သူတို့က တည်ရှိနေသေးသော်လည်း ရည်ရွယ်ချက်များနှင့် ဦးတည်ချက်များ ပျောက်ဆုံးသွားသည်။
သူတို့၏ ကောင်းကင်မြို့စားစေတီမှာ ဖျက်စီးခံလိုက်ရပြီး သူတို့၏ ကောင်းကင်မြို့စားလည်း အသတ်ခံလိုက်ရပြီဖြစ်သည်။ သူတို့၏ ဆက်ခံသူအလောင်းအလျာမှာ သေဆုံးသွားပြီ ဖြစ်သည့်အတွက် ကျိုးမျိုးနွယ်စုသည် ကောင်းကင်မြို့စားမျိုးနွယ်စုများစာရင်းမှ ဖယ်ရှားခံရတော့မည် ဖြစ်သည်။
မြောင်မျိုးနွယ်စုသည် သူတို့၏ လောကဓာတ်အောက်လမ်းဆရာနှင့် မြေရိုင်းဒေသတွင် အင်အားအကြီးဆုံးမျိုးနွယ်စုများအနက် တစ်စုဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူတို့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမည့် အားကိုးရာ မရှိတော့ပေ။
အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက ပြောပြီးစကား ကို မရုတ်သိမ်းပေ။ သူက မြောင်မျိုးနွယ်စုကို အသက်ချမ်းသာခွင့်ပေးမည်ဟုပြောခဲ့သည်ဖြစ်ပြီး ပြောသည့်အတိုင်း အမှန်တကယ် ချမ်းသာပေးခဲ့သည်။ သို့သော် ကျိုးရီရှင်းက သူတို့အပေါ်တွင် လျှို့ဝှက်စွာ တံဆိပ်အမှတ်အသားများ ခတ်နှိပ်ထားလိုက်သည်။ သူတို့ အသက်ရှင်လျက် လွတ်မြောက်သွားသော်လည်း ကျိုးရီရှင်း လိုအပ်ပါက သူတို့ကို အလွယ်တကူခြိမ်းခြောက်ရန် နည်းလမ်းရှိမည် ဖြစ်သည်။ သူတို့တွင် မကောင်းသော ရည်ရွည်ချက်များရှိနေလျှင် သူက သူတို့ကို အလွယ်တကူ သတ်နိုင်လေသည်။
မြောင်မျိုးနွယ်စု ကျင့်ကြံသူများအားလုံး အလွယ်တကူလွတ်မြောက် သွားသည်တော့ မဟုတ်။ ပိုင်ရှောင်ချန်းက မြောင်လင်းအာကို စိတ္တဇထောင်ကြီးတွင် ထောင်သွင်းအကျဉ်းချလိုက်သည်။ သူမ၏ရင်သပ်ရှုေမာဖွယ်အလှအပက ထောင်သားများ၏ရင်ထဲတွင် ကောက်ကျစ်ယုတ်မာသော အတွေးများ သေချာပေါက် ဖြစ်ပေါ်သွားစေမည် ဖြစ်သော်လည်း ယခုလောလောဆယ် ပိုင်ရှောင်ချန်းမှာ တစ်စက်ကလေးမှ ကရုဏာမရှိပေ။
ထိုနေ့၏ အဖြစ်အပျက်များက ဗဟိုဧကရာဇ်မြို့တော်တွင် ချက်ချင်း ပွက်လောရိုက်သွားစေသည်။ ဖြစ်ပျက်ခဲ့သည့်အရာများကို မကြားသည့် လူတစ်ယောက်တစ်လေပင် မရှိပေ။ ကောင်းကင်မြို့စားများမှာမူ အဆုံးစွန်ထိ ကြောက်ရွံ့ထိတ်လန့်စိတ်များဖြင့် စိတ်ဖိစီးသောကရောက်နေကြတော့သည်။
သူတို့အားလုံးသည် ပိုင်ရှောင်ချန်းနှင့် ကတောက်ကဆများရှိခဲ့ကြပြီး တိုက်ခိုက်ခဲ့ဖူးကြပါသော်လည်း လူအများသေကြေသည်အထိ တစ်ခါမှ မပြင်းထန်ခဲ့ဖူးပေ။ သို့သော် ယခုတွင် ကောင်းကင်မြို့စားတစ်ယောက်နှင့် သူ၏ ဆက်ခံသူတို့ နှစ်ယောက်လုံး အသတ်ခံလိုက်ရလေပြီ။
ကောင်းကင်မြို့စားစေတီပင် ဖျက်စီးခံလိုက်ရ၏။ အစပိုင်းတွင် အံသြတုန်လှုပ်သွားကြပြီးနောက် လူတိုင်းက ထိုအဖြစ်အပျက်ကို မဟာကောင်းကင်သခင်က အမိန့်ပေးခဲ့သည်ဟု ယူဆလိုက်ကြသည်။
သို့သော် မကြာမီ မဟာကောင်းကင်သခင်က ထိုကိစ္စနှင့်ပတ်သက်၍ ဒေါသတကြီး အပြစ်တင်လိုက်သည်။ ထိုအချိန်မှ ကောင်းကင်မြို့စားများမှာ... စစ်ဆေးရေးအရာရှိမင်းသည် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့် ပြုမူခဲ့ကြောင်း သဘောပေါက်သွားကြ၏။
" ဒီကောင် ပိုင်ဟောက်ကတော့ ရူးနေပြီ။ သူတကယ် လူတွေကို သတ်လိမ့်မယ်ဆိုတာ ကျုပ်ဖြင့် မယုံနိုင်ဘူး "
"သူက မဟာကောင်းကင်သခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ကောင်းကင်မြို့စားတစ်ယောက်ကို တကယ် သွားသတ်ခဲ့တာပဲ "
"ဒါက လောကစည်းမျဥ်းကို ဖောက်ဖျက်လိုက်ရုံမကဘူး၊ ကောင်းကင်ဘုံရဲ့နိယာမကိုတောင် အာခံလိုက်တာပဲ "
" ဒီကောင်တော့ အခုထက်ပိုပြီး ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ စစ်ဆေးရေးအရာရှိမင်းရာထူးက တန်ခိုးအာဏာကြီးမားလွန်းတယ်။ သူက ကျိုးဝူတောက်ကိုတောင် ဝုန်းဒိုင်းကြဲသွားသတ်ပြီးပြီဆိုတော့ နောက်ထပ်လဲ လုပ်လာလိမ့်မယ် "
" ဒီကောင် ပိုင်ဟောက်က သစ္စာဖောက်တစ်ယောက်ပဲ။ ဒါက ဗဟိုဧကရာဇ်မြို့တော်လေ။ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ ။ ဒုတိယ မဟာကောင်းကင်သခင်လား "
ကောင်းကင်မြို့စားများအားလုံး ဒေါသူပုန်ထနေလေပြီ။ အထူးသဖြင့် ဘုံဝါဒကြောင့် ဖြစ်ပေါ်လာသည့် သူတို့၏ ယခင်က မုန်းတီးခြင်းများနှင့် ၄င်းကြောင့် သူတို့ခံစားခဲ့ရသည့် ဆုံးရှုံးမှုများအားလုံးက သူတို့အသက်ရှင်နေသမျှကာလပတ်လုံး ပိုင်ရှောင်ချန်းကို မုန်းတီးစက်ဆုပ်သွားစေသည်။
သူတို့၏ မုန်းတီးစက်ဆုပ်ခြင်းများနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းများကြောင့် ပိုင်ရှောင်ချန်း၏ ဥပဒေမဲ့လုပ်ရပ်ကြီးကို မည်သည့်နည်းနှင့်မျှ ဖြေရှင်းချက်မရဘဲ အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။ မကြာမီ ကောင်းကင်မြို့စားများအားလုံး တော်ဝင်နန်းတော်ထံသို့ အလုံးအရင်း ချီတက်သွားကြသည်။
" ဒီတစ်ကြိမ်တော့ သူသေမှာ သံသယဝင်စရာကိုမလိုဘူး "
" ဒီကောင်ပိုင်ဟောက် ဒီတစ်ကြိမ် ဘယ်နည်းနဲ့မှ ပွတ်ကာသီကာလေးတောင် လွတ်နိုင်မှာ မဟုတ်ဘူးကွ "
" သဘာဝလွန်စွမ်းရည်တွေတောင် ဒီတစ်ကြိမ်သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ဒီကောင် အလောင်းတောင် ကျန်မှာ မဟုတ်ဘူး"
" ဘယ်သူ့မှ သူ့ကို မကယ်နိုင်ဘူးကွ။ စစ်ဆေးရေးအရာရှိမင်းရဲ့ အာဏာက မဟာကောင်းကင်သခင်ဆီက လာတာ။ ဒီနေ့၊ ဒီကောင်တော့ ဒုက္ခအကြီးကြီးရောက်ပြီပဲ "
ကောင်းကင်မြို့စားများသာ လှုပ်ရှားကြသည် မဟုတ်။ ကောင်းကင်နယ်စားဆယ်ဦးသည်လည်း သူတို့၏ ကောင်းကင်နယ်စားစေတီများမှ ထွက်ခွာ၍ တော်ဝင်နန်းတော်ထံ ဦးတည်လာကြသည်။ ချန်ဟောက်စုန့်က ကောက်ကျစ်စွာြပုံး၍ ဦးဆောင်လာ၏။ ဤတစ်ကြိမ်တွင် မဟာကောင်းကင်သခင်ပင်လျှင် ပိုင်ဟောက်ကို ကယ်နိုင်မည် မဟုတ်ကြောင်း..... သူသိသည်။
ပိုင်ဟောက်၏ ပြစ်မှုမှာ အလွန်သိသာလွန်းပြီး ဗဟိုဧကရာဇ်နိုင်ငံတော်ရှိ မည်သူမျှ လက်ခံမပေးနိုင်သည့် စည်းမျဥ်းကို ကျော်လွန်သွားလေပြီ။
မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံးက အပြင်းအထန်ကန့်ကွက်ရှုံ့ချလေသည်။ သာမန်လူများမှာမူ ဖြစ်ပျက်ခဲ့သည့်အရာများအကြောင်း ကြားသောအခါ အလွန်ကြီးလေးသော ပြစ်မှုကြီးနှင့် ရှုးသွပ်မိုက်မဲခြင်းကြောင့် အသက်ရှူမှားကာ ပင့်သက်ရှိုက်သွားကြသည်။
များမကြာမီ ပိုင်ရှောင်ချန်းက ကောင်းကင်မြို့စားတစ်ယောက်ကို သတ်သော သတင်းသည် မြေရိုင်းဒေသ၏ အခေါင်ဖျားဆုံးနေရာအထိပင် ရောက်သွားတော့သည်။
သရဲကြီးဘုရင်က ထိုအကြောင်းကြားသောအခါ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်သွား၏။ သူက ပိုင်ရှောင်ချန်းထံ စာပို့ရန် ကျောက်စိမ်းပေလွှာတစ်ခုကို ဆွဲယူလိုက်သော်လည်း တခဏကြာသော် ကျောက်စိမ်းပေလွှာကို ဘေးပို့လိုက်သည်။ ထို့နောက် သူက ဒေါသတကြီး ခြေဆောင့်နင်းလိုက်ရာ တော်ဝင်နန်းတော်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားတော့သည်။
" မိုက်မဲလွန်းတယ် "
သောကကင်းဝေကိုးသွယ်မြို့ဘုရင်သည် ကျောက်စိမ်းပေလွှာမှတစ်ဆင့်သတင်းရသောအခါ မျက်မှောင်ကြုတ်သွား၏။ သူက ကျိုးဝူတောက်နှင့် မြောင်မျိုးနွယ်စုအကြောင်း သိပ်ဂရုမစိုက်ပေ။ သူက အစပိုင်းတွင် သူတို့ကို ကူညီခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့အတွက် အကျိုးအမြတ်ရ၍ဖြစ်သည်။ သူက ပိုင်ရှောင်ချန်းကို ဂရုမစိုက်ဘဲ သူ့ကို သေသေရှင်ရှင် အရေးမကြီးသည့် ပုရွက်ဆိတ်တစ်ကောင်ဟုသာ မြင်ထားသည်။
သို့သော် ကောင်းကင်မြို့စားစေတီ ဖျက်စီးခံလိုက်ရသည်ကိုတော့ သူဂရုစိုက်သည်။
" ထူးဆန်းတယ် "
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် သောကကင်းဝေးကိုးသွယ်မြို့တော်၏ တစ်နေရာတွင် မင်းသား ကျိုးဟုန်မှာ သတင်းကြားလိုက်ရပြီး ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်သည်။
" ပိုင်ဟောက်၊ ပိုင်ဟောက်။ ဒီတစ်ကြိမ်တော့ မင်း ဒီကပ်ဘေးကြီးကို ဘယ်လို ကျော်လွှားနိုင်မလဲကွာ "
လူအားလုံးနီးပါး လက်ရှိအခြေအနေနှင့်ပတ်သက်၍ အဖြေမရှိကြောင်း တူညီစွာ ခံစားနေကြရလေသည်။
မြေရိုင်းဒေသတစ်ခုလုံး ထိုသတင်းကြောင့် တုန်လှုပ်နေစဉ် ပိုင်ရှောင်ချန်းသည် ကျိုးမျိုးနွယ်စုမှ အဖြစ်အပျက်များပြီးနောက် ချက်ချင်းပြန်လာခဲ့သည့်အတွက် စစ်ဆေးရေးစံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
သူက စစ်ဆေးရေးအမိန့်တံဆိပ်ပြားကို သူ့အိတ်ထဲ ပစ်ထည့်လိုက်ပြီး ကျိုးရီရှင်းကို အခြေအနေများ ငြိမ်သက်သွားသည်အထိ သိုသိုသိပ်သိပ်နေရန် အမိန့်ပေး၍ ပြန်လွှတ်လိုက်သည်။ သူ၏ အလောင်းတပ်သားများမှာမူ အဆင့်အလိုက် မလှုပ်မယှက် ရပ်နေလေသည်။
ယခုအချိန်တွင် ပိုင်ရှောင်ချန်း ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ပိုင်ဟောက်ဖြစ်သည်။ ပိုင်ဟောက်သည် သူ၏ဝိညာဉ်သိုလှောင်စေထဲတွင် လဲလျောင်းနေလျက် တဖြည်းဖြည်း ပြန်လည်သက်သာလာနေပြီး နောက်ဆုံးတွင် မျက်လုံးများ ပွင့်လာ၏။ သူပထမဆုံးမြင်သောအရာမှာ မျက်တွင်းများချောင်ကျနေသော သူ့ဆရာပင်။
" နောက်ဆုံးတော့ နိုးလာပြီပေါ့ "
ပိုင်ရှောင်ချန်းက ဝမ်းသာအားရ ပြောသည်။
“ မင်း နောက်ကျ ပိုပြီးသတိထားဖို့လိုပြီ။ လာလာ၊ အရင်ဆုံး ဘာဖြစ်ခဲ့လဲဆိုတာ ဆရာ မင်းကို ပြောပြမယ်။ အဟမ်း၊ မင်းဆရာက ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေကို ဘယ်လောက် အံ့သြစရာကောင်းလောက်အောင် ကိုင်တွယ်ခဲ့လဲ မင်းသိလား။ ဘယ်ကောင်မှ ငါ့ကို ရန်မစရဲကြဘူး။ ငါ နတ်အဆင့်ကျင့်ကြံသူကိုတောင် သွားပြီး စွပ်စွဲခဲ့သေးတာ "
သူက ဖြစ်ကြောင်းကုန်စင်ကို ခပ်ပြုံးပြုံးနှင့် ဆက်လက်ရှင်းပြနေသည်။ သူ့အတွက် လွန်ခဲ့သောတစ်လက သူနှင့်ပိုင်ဟောက် တစ်ယောက်နှင့်တစ်ယောက် အသက်ရှင်သန်ရန် မှီခိုနေရင်း အတူတူရှိနေသည့်အလား ခံစားလာရပြီဖြစ်သည်။
သို့သော် သူက ဖြစ်ကြောင်းကုန်စင် ပြောပြနေသည်နှင့်အမျှ ပိုင်ဟောက်၏ မျက်လုံးများရီဝေလာတော့သည်။
" ဆရာရယ် "
သူက တုန်တုန်ရီရီနှင့် ပြောသည်။ သူ့ဆရာက သူ့အတွက် ဘုံဝါဒအား ထုတ်ပြန်ခဲ့သည်ကို သူကြားသောအခါ နွေးထွေးသော ကျေးဇူးတရားများကို ချက်ချင်းပင် နက်နက်နဲနဲခံစားလိုက်ရလေသည်။ နောက်ဆုံး၌ သူက သူ၏ဝိညာဉ်သိုလှောင်စေတီထဲမှ ပျံထွက်လာပြီး ပိုင်ရှောင်ချန်းကို ဂါဝရပြုအရိုအသေပေးရန် ဒူးထောက်လိုက်သည်။
" ဆရာ့ကို ထပ်ပြီးမြင်ရလိမ့်မယ်လို့ ကျွန်တော် မတွေးထားခဲ့ဘူး "
သူက မဖော်ပြနိုင်သော ခံစားချက်များဖြင့် နှလုံးသားထဲ ဗလောင်ဆူေနလျက် ပြောလိုက်သည်။ အဖမ်းခံရပြီးနောက် သူက ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို တစ်လကြာခံစားခဲ့ရသည့်တိုင် သူ့ဆရာ၏ လျှို့ဝှက်ချက်တစ်ခုကိုမှ သူ မဖော်ထုတ်ခဲ့ပေ။ ယခုအခိုက်အတန့်တွင် ၄င်းတို့အားလုံး ထိုက်တန်ပေသည်။
မည်သည့်ပင်ဆိုစေ ပိုင်ဟောက်၏နှလုံးသားထဲတွင် သူဂရုအစိုက်ဆုံးလူသားက သူ့ဆရာသာ ဖြစ်ပေသည်။
ပိုင်ဟောက်အတွက် ယခင်လသည် အတောမသတ်နိုင်သော မှောင်မိုက်ခြင်းများနှင့် နာကျင်ခံစားရခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ကို မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးက သန့်စင်နေစဉ် သူ့ခန္ဓာကိုယ် တဖြည်းဖြည်း လောင်ကျွမ်းလာနေသည်ကို ခံစားခဲ့ရသည်။ ခေါင်းဆောင်ကြီးက သူ့ကို ဝိညာဉ်ရှာဖွေရန်ပင် ကြိုစားခဲ့သည့်အခါများရှိခဲ့သည်။ မြောင်မျိုးနွယ်စု၏ မီးတောက်ဖန်တီးခြင်းနည်းလမ်းတွင် အသိဉာဏ်ရှိသော ဝိညာဉ်ကို အညံ့မခံမချင်း ဝိညာဉ်ရှာဖွေပြီး ညှင်းပန်းနှိပ်စက်ရန် လိုအပ်သည်။ သို့မှသာလျှင် မီးတောက်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်မည်ဖြစ်သည်။ ပိုင်ဟောက်က နာကျင်ခံစားမှုများမည်မျှ ကြုံတွေ့ခဲ့ရသည်ကို စိတ်ကူးသာ ကြည့်နိုင်တော့သည်။
ထိုအတောအတွင်းက သူ့မှာ တစ်ခုခုလုပ်နိုင်သည်အထိ အင်အားမရှိခဲ့ပေ။ သေသွားပါစေဟု ဆုတောင်းမိလုနီးပါး အချိန်များရှိသော်လည်း သူ၏စိတ်ထဲတွင် အလျှော့ပေးရန် ငြင်းဆန်နေခဲ့သည်။ သူ့ဆရာသည် ယခုထက်ထိ ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို မဖန်တီးရသေးဘဲ အမှန်တကယ်ဆိုရလျှင် ဆယ့်ရှစ်ရောင်ခြယ်မီးတောင်ဖန်တီးရာမှာပင် မအောင်မြင်သေးပေ။ ထို့ကြောင့် သူ့ဆရာ အာကာသအောက်လမ်းဆရာတစ်ယောက်ဖြစ်ချင်သည့်အိမ်မက်ကို ဖြည့်ဆည်းပေးရဦးမည်ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ထို့ကြောင့် သူ သေ၍မရပေ။ သေလည်း မသေချင်ပေ။ တစ်ရက်ရက်တွင် သူသေကောင်း သေလိမ့်မည်။ သို့သော် သူ့ဆရာ ပြီးမြောက်ရန်လိုအပ်သည့်အရာအားလုံးကို ကူညီပြီးနောက်မှသာ ဖြစ်ပေမည်။ ထိုမှသာလျှင် သူနောက်ဆုံး အေးအေးချမ်းချမ်း မျက်လုံးပိတ်၍ အနားယူနိုင်လေမည်။
ယခုအတိုင်းထားခဲ့ရန်မှာ အကြောင်းကိစ္စများစွာ ကျန်ရှိနေသေးသည်။ ထိုမျှသာမက သူ့ဆရာက ကြည့်ရှူစောင့်ရှောက်ပေးမည့်လူတစ်ယောက်မရှိဘဲ ထင်ရာစိုင်းနေလိမ့်မည်ကိုလည်း သူ စိတ်ပူမိသည်။ သူ့ကိုယ်သူ အန္တရာယ်များသော အခြေအနေမျိုးစုံထဲသို့ ရောက်အောင်လုပ်နေနိုင်သည်။ သူ့ဆရာကို အကြံပေးရန်၊ ပြဿနာများကို ကူညီဖြေရှင်းပေးရန် သူ လိုအပ်သည်ကို ပိုင်ဟောက်သိသည်။
ထိုသည်က သူ့ကို တစ်လလုံး တင်းခံစေနိုင်သော မလျော့သောအင်အားနှင့်စိတ်ဓာတ် ဖြစ်သည်။ သူမည်မျှ တောင့်ခံနိုင်ခဲ့သည်ကိုပင် မသိတော့ဘဲ နောက်ဆုံးတွင် သတိလစ်မေ့မြောသွားခဲ့သည်။ ထို့နောက် သူ့မျက်လုံးများ ပြန်ဖွင့်သောအခါ....သူ့ဆရာကို မြင်လိုက်ရလေသည်။
ပိုင်ရှောင်ချန်းက ပိုင်ဟောက်၏မျက်လုံးများထဲက အကြည့်ကို မြင်သောအခါ သူ့ကိုယ်သူ အရမ်းကျေနပ်သွားပြီး သူက တကယ့်ကို ယုံကြည်အားကိုးရပြီး ထက်မြက်သောဆရာတစ်ယောက် ဖြစ်ကြောင်း စဥ်းစားလိုက်တော့သည်။ ပိုင်ဟောက်၏ ဆံပင်များကို ဖွရင်း သူက ပြောသည်။
"ဟားဟားဟား။ ဘာလဲ ခံစားသွားရတယ်ပေါ့။ ကဲ ဆရာ့တပည့်ဖြစ်လာရင် မင်းနောင်တရမှာ မဟုတ်ဘူးလို့ မပြောခဲ့ဘူးလား "
ပိုင်ဟောက်က ချက်ချင်း ဒူးထောက်ဝပ်တွား၍ လေးလေးနက်နက် အရိုအသေပေးကာ ပြောသည်။
" ဆရာ၊ ဆရာက ကျွန်တော့်ကို မယုံနိုင်စရာကောင်းတဲ့ ကြင်နာသနားမှုတွေပေးခဲ့တယ်။ ဆရာက ကျွန်တော့်အသက်ကို ကယ်ခဲ့တယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ဆရာ "
ယင်းသည် သူ အမုန်းဝိညာဥ်ဖြစ်ပြီးနောက် သူ၏မှတ်ဉာဏ်များ ပြန်ရခဲ့သည့်အချိန် ထိုဂူထဲတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်နှင့် တစ်ထပ်တည်းနီးပါး။ သူက နောင်တများမရှိဘဲ ရိုးသားမှုအပြည့်ဖြင့် ဒူးထောက်အရိုအသေပေးခဲ့သည်။
ပိုင်ရှောင်ချန်းက မေးကို မော့ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
" မင်းက ငါ့တပည့်ပဲ " သူက ခမ်းနားကြီးကျယ်စွာ ပြောသည်။
" မင်းကို ဘယ်သူဖြစ်ဖြစ် လက်နဲ့ ထိရင် ငါ့ကို ပါးချလိုက်သလိုပဲ။ ဘုံဝါဒလား၊ ဟမ့် အဲဒါသာ အလုပ်မဖြစ်ရင် ငါ့ နောက်ထပ်အစီအစဉ်က ကောင်းကင်တံတားဒေသကို သွားပြီး မင်းကိုကယ်ဖို့ မြေရိုင်းဒေသကို ဝင်တိုက်မှာ "
ဤအခိုက်တန့်တွင် သူသည် လွန်ခဲ့သောလက သွေးအေးရက်စက်သော လူနှင့် လုံးလုံးမတူတော့ပေ။ နောက်ဆုံးတွင် သူ ပုံမှန်ပြန်ဖြစ်သွားလေပြီ။