← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း ၇၃ - သမိုင်းကြောင်းနှင့် အမွေအနှစ်

ညတစ်ညမှာ အေးချမ်းစွာပင် ကုန်လွန်သွားခဲ့လေသည်။

နောက်ဆုံးတွေ့ဆုံပြီးကတည်းက ဖန့် သည် တပည့်သစ်များကို မေ့သွားသည့်အလား ထပ်မံပေါ်ထွက်လာခြင်း မရှိတော့ပေ။

ဆန့်ကျင်ဘက်အားဖြင့် တုသဲ နှင့် သူ၏အဖွဲ့မှာမူ ပိုမို၍ တက်ကြွလာကြပြီး လူ ၃၀ ကျော်ခန့် စုဝေးကာကျင့်ကြံကြသဖြင့် အလွန်ပင် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေ၏။

ချန်လော့ သည် ၎င်းတို့ကို လျစ်လျူရှုကာ သူ၏ အထီးကျန်ကျင့်ကြံခြင်းကိုသာ ဆက်လက် လုပ်ဆောင်နေခဲ့၏။

အခန်းတွင်း၌...

ချန်လော့သည် မျက်စိကိုမှိတ်ကာ အပြင်ဘက်တွင် လွတ်လပ်စွာ လွင့်မျောနေသော စိတ်ဝိညာဉ်ချီ များကို စတင်အာရုံခံလိုက်လေသည်။ ဤလောကရှိ စိတ်ဝိညာဉ်ချီမှာ ယွဲ့နိုင်ငံ၏ ဂူသင်္ချိုင်းကြီးထက် များစွာပိုမိုသိပ်သည်းလှသဖြင့် အပြင်ဘက်တွင်ပင် ပုံမှန် ကျင့်ကြံနိုင်ပြီး၊ နံနက်နှင့် ညနေပိုင်းတွင်သာမက အချိန်မရွေး စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်ပေသည်။

ချန်လော့သည် ချီသန့်စင်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိပြီးမှသာ ဤအချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

ထျန်းချီ နဲ့ ကူရှင်း ကြယ်တည်နေရာတွေမှာ အစစ်အမှန် မသေမျိုးကျမ်းကို ပြောင်းပြန်လှန်လိုက်မယ်ဆိုရင် သစ်သားနဲ့ မိုးကြိုးဝိညာဉ်အမြစ်တွေကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်ပြီး ရေ ဝိညာဉ်အမြစ်တစ်ခုတည်းကိုပဲ အသုံးပြုခွင့် ရလိမ့်မယ်။ ဒါက ချီသန့်စင်ခြင်းအရှိန်ကို ထက်ဝက်လောက် မြန်ဆန်သွားစေလိမ့်မယ်။'

အလောင်းခြောက်ဦးနှောက်ထံမှ အကြံပြုချက်အသစ်တစ်ခု ထွက်ပေါ်လာ၏။

ဤသည်မှာ ချန်လော့၏လက်ရှိ ဗဟုသုတအပေါ် အခြေခံ၍ ရှာဖွေတွေ့ရှိထားသော အသုံးဝင်သည့် ကျင့်ကြံခြင်းဆိုင်ရာ လှည့်ကွက်အသစ်တစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ဤအနည်းငယ်မျှသော တိုးတက်မှုက ချန်လော့အတွက် သိသာထင်ရှားသော အပြောင်းအလဲတစ်ခုကိုတော့ မဖြစ်ပေါ်စေခဲ့ပေ။

"ငါ့ဆီမှာ ကျင့်ကြံခြင်းလောကနဲ့ ပတ်သက်တဲ့ ကျမ်းစာတွေအရမ်းနည်းလွန်းနေသေးတာက ငါ့ရဲ့ အမြင်ကျယ်မှုကို ကန့်သတ်ထားသလို ဖြစ်နေတယ်။"

ချန်လော့သည် အကြောင်းရင်းကို စဉ်းစားနေမိလေ၏။

မည်မျှပင် စွမ်းရည်ထက်မြက်သော ပါရမီရှင်ဖြစ်စေကာမူ မတိုးတက်လာမီတွင် သင်ယူလေ့လာရမည့် အဆင့်တစ်ခုကို ဦးစွာ ဖြတ်သန်းရမည် ဖြစ်ပေသည်။

သူသည် ယခုအချိန်တွင် သူ၏ ကိုယ်ပိုင် စုဆောင်းထားမှုများကြောင့်ပင် နှောင့်နှေးကြန့်ကြာနေရခြင်း ဖြစ်လေသည်။

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် သူ့အား ကျင့်ကြံခြင်းလောကနှင့် ပတ်သက်သော အခြေခံဗဟုသုတများစွာကို သင်ကြားပေးခဲ့သော်လည်း ထိုဗဟုသုတများ၏ အဆင့်အတန်းမှာ အလွန်နိမ့်ကျနေပြီး အကြောင်းအရာများမှာလည်း အလွန်ရှေးကျနေကာ လက်ရှိ ကျင့်ကြံခြင်းလောကနှင့် များစွာ ကွာဟနေပြီ ဖြစ်ပေသည်။

ထိုသို့သော အခြေခံပေါ်တွင် ရပ်တည်နေရသဖြင့် အလွန်ဉာဏ်ကောင်းသောဦးနှောက်တစ်ခုသည်ပင် ပြည့်စုံသော အဖြေတစ်ခုကို မပေးစွမ်းနိုင်ပေ။

"နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းကို ဝင်ရောက်ပြီးမှပဲ ငါ့ရဲ့နားလည်နိုင်စွမ်းကို တိုးတက်အောင် လုပ်ဖို့ နည်းလမ်းရှာရတော့မယ်။ အဲဒီမတိုင်ခင်တော့ ရိုးရိုးသားသားနဲ့ ချီသန့်စင်ဖို့ကိုပဲ အာရုံစိုက်ထားသင့်တယ်။"

ချန်လော့သည် သက်ပြင်းတစ်ချက်ချကာ သူ၏ ရင်တွင်းမှ မငြိမ်မသက်ဖြစ်မှုများကို ဖိနှိပ်လိုက်ပြီး ပုံမှန်အတိုင်း ကျင့်ကြံခြင်းကိုသာ ပြန်လည်စတင်လိုက်လေတော့သည်။

ကံကောင်းထောက်မစွာဖြင့် အလောင်းခြောက်ဦးနှောက်သည် အလိုအလျောက် အကြံပြုချက်များစွာကိုပေးစွမ်းနိုင်သဖြင့် သူ၏ ချီသန့်စင်ခြင်း အရှိန်မှာ သာမန် ဝိညာဉ်အမြစ်သုံးမျိုးစပ်ရှိသော တပည့်များထက် များစွာ ပိုမိုမြန်ဆန်နေခဲ့ရာ ၎င်းမှာ ဘာမှမရှိခြင်းထက်စာလျှင် ကောင်းမွန်လှပေ၏။

နောက်ဆုံးတွင် ၁၀ ရက်တိုင်တိုင် ရှည်လျားသော ခရီးနှင်ပြီးနောက် ဝေဟင်သင်္ဘောသည် တိမ်ပင်လယ်ကို ဖြတ်ကျော်ကာ အထီးကျန်သော သစ်တောနယ်မြေတစ်ခုသို့ ဝင်ရောက်လာခဲ့လေသည်။

အောက်ဘက်တွင် မိုင်ထောင်ချီ ကျယ်ဝန်းသော ရေကန်ကြီးမှာ တလက်လက် တောက်ပနေ၏။

စွမ်းအားကြီးမားသော ယောင်သားရဲများသည် ရေအောက်တွင် ဝိုးတဝါးကူးခတ်နေကြ၏။ ဝေဟင်သင်္ဘောကြီး အထက်မှ ဖြတ်ပျံသွားသောအခါ စွမ်းအားကြီးမားသော ငါးယောင်သားရဲ အချို့သည် သင်္ဘော၏ လှုပ်ရှားမှုနောက်သို့ ရေအောက်မှ လိုက်ပါလာကြလေသည်။

"တကယ့်ကို ခမ်းနားကြီးကျယ်တာပဲ။"

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မည်သူမျှ အခန်းတွင်း၌ ကျင့်ကြံခြင်း မပြုကြတော့ပေ။

ချန်လော့သည်လည်း ဝေဟင်သင်္ဘော၏ အစွန်းတွင် ရပ်ကာအောက်ဘက်ရှိ ငါးများကို ငုံ့ကြည့်နေလေ၏။

ထိုငါးများထံမှ စွမ်းအားကြီးမားသော အငွေ့အသက်အချို့ကို သူ အာရုံခံမိလိုက်ပြီး ဦးဆောင်နေသော ငါးထံမှ ထွက်ပေါ်လာသော အငွေ့အသက်များမှာ သူ့အား လိုက်ပါပို့ဆောင်ပေးသော တရားဝင်တပည့်ဖြစ်သည့် စုန့်ယန်ထက်ပင် ပိုမို အားကောင်းနေသည်ကို တွေ့ရသဖြင့် ၎င်းတို့မှာ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသော ယောင်သားရဲများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

အကယ်၍ ဤသည်မှာ ယွဲ့နိုင်ငံတွင်သာဆိုလျှင် ငါးတစ်ကောင်တည်းနှင့်ပင် တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေလိမ့်မည်။

စုန့်ယန်သည် ဘေးတွင်ရပ်လျက် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ သမိုင်းကြောင်းကို ဤဂျူနီယာ ညီလေး၊ ညီမလေးများအား ရှင်းပြနေလေသည်။

ဤသည်မှာ သူ၏ ယနေ့တာဝန် ဖြစ်လေ၏။

"နဂါး"

လူအုပ်ကြားမှ အံ့သြတုန်လှုပ်စွာ ရေရွတ်သံများ ထွက်ပေါ်လာပြီး ချန်လော့ပင်လျှင် အံ့အားသင့်သွားခဲ့ရ၏။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းသည် နဂါးများကိုပင် မွေးမြူနိုင်လောက်အောင် စွမ်းအားကြီးမားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"အဲဒါက စစ်မှန်တဲ့သွေးမျိုးဆက် နဂါးမဟုတ်ဘူး။ ယွီရှို့တောင်ထွတ်က အကြီးအကဲ ခယ် ဖန်တီးထားတဲ့ ဒုတိယမျိုးဆက် နဂါးတစ်ကောင်ပါ။ သူ့ရဲ့ စွမ်းအားက ချီသန့်စင်ခြင်း အဆင့် ၁၃ ပြီးပြည့်စုံခြင်း နဲ့ ညီမျှတယ်။" စုန့်ယန်က ပြုံး၍ ရှင်းပြလေသည်။

သူ ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကလည်း ဤ နဂါးဒဏ္ဍာရီကြောင့် ထိတ်လန့်ခဲ့ရဖူး၏။ နောက်ပိုင်း စုံစမ်းကြည့်မှသာ ဤနဂါးမှာ အမှန်တကယ်တော့ ယွီရှို့တောင်ထွတ်မှ အကြီးအကဲ ခယ် က မြွေမိစ္ဆာ နှင့် သမင်မိစ္ဆာတို့ကို မျိုးစပ်၍ ဖန်တီးထားသော အပြစ်အနာအဆာပါသည့် ဖန်တီးမှုတစ်ခုသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

၎င်းမှာ ကြည့်ရုံဖြင့်သာ ကြောက်မက်ဖွယ်ကောင်းပြီး စစ်မှန်သောကျွမ်းကျင်သူများ၏ ရှေ့တွင်မူ ပြောပလောက်စရာ မရှိပေ။

"သြော်... ဒါဆို မျိုးစပ် ယောင်သားရဲပေါ့။"

အားလုံး သက်ပြင်းချလိုက်မိကြလေသည်။

"မျိုးစပ် ယောင်သားရဲဆိုရင်တောင် အရမ်းအစွမ်းထက်တာပဲ။ ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်း ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့အရာမှ မဟုတ်တာ။ အပြင်မှာဆိုရင် ကျင့်ကြံခြင်း မိသားစုတစ်ခုတောင် တည်ထောင်လို့ရနေပြီ" ဟု တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်၏။

စုန့်ယန်က ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံ ရှင်းပြခြင်း မပြုတော့ပေ။

"ဝေဟင်သင်္ဘော ပြန်ရောက်ပါပြီ၊ မသေမျိုးဂိုဏ်းထဲကို ဝင်ရောက်နေပါပြီ"

ဝေဟင်သင်္ဘောပေါ်တွင် ဧရာမ အမှတ်အသားတစ်ခု ပေါ်ထွက်လာ၏။

အဝေးရှိ နတ်ဘုရားရေကန်ကြီး၏ အထက်တွင် အစီအရင်ကြီး၏ နတ်ဘုရားအလင်းတန်းများ ပေါ်ထွက်လာပြီး ဝေဟင်သင်္ဘော တစ်ခုလုံးအပေါ်သို့ ဖြာကျလာလေသည်။

ရောက်ရှိလာသူများ၏ အမှတ်အသားများကို အတည်ပြုပြီးနောက် မသေမျိုးဂိုဏ်း၏ ဘယ်ဘက်ခြမ်းရှိနေရာလွတ်တစ်ခု ပွင့်လာကာ ဝေဟင်သင်္ဘောသည် အစီအရင်၏ လမ်းညွှန်မှုဖြင့် ထိုနေရာသို့ ဆင်းသက်သွားလေတော့သည်။

ဝုန်း

မြေပြင်ကို တုန်ခါသွားစေသော အသံကြီးနှင့်အတူ ဝေဟင်သင်္ဘောအောက်ရှိ သစ်သားပုံစံ ဧရာမလိပ်ကြီးသည် မြေပြင်ပေါ်သို့ ဝပ်ကျသွားလေသည်။

၎င်း၏ ခြေလက်လေးဖက်ကို ရုပ်သိမ်းလိုက်ပြီး အခွံ၏အစွန်းများမှ မရေမတွက်နိုင်သော ထောက်တိုင်များ ထွက်ပေါ်လာကာ အခွံကို မြေပြင်နှင့် တင်းကျပ်စွာ ချိတ်ဆက်လိုက်လေသည်။

ဤအချိန်တွင် ဝေဟင်သင်္ဘောသည် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းအတွင်းသို့ တရားဝင် ဝင်ရောက်သွားပြီ ဖြစ်ပေ၏။

"အားလုံး ဆင်းကြတော့။" ဖန့် ပြန်လည်ပေါ်ထွက်လာ၏။

သူသည် ပါရမီရှင် တပည့်နှစ်ဦးကို ဦးဆောင်ကာ ဝေဟင်သင်္ဘောပေါ်မှ ဦးစွာ ဆင်းသက်သွားလေသည်။

တုသဲနှင့် အခြားသူများသည်လည်း ထိုပါရမီရှင်နှစ်ဦးကို တွေ့မြင်လိုက်ရ၏။ ဤကာလအတွင်း ၎င်းတို့သည် ထိုနှစ်ဦးနှင့် အပြန်အလှန် ဆက်သွယ်ခဲ့ကြပြီး အရင်းအမြစ်များစွာကို ထောက်ပံ့ပေးကာကျင့်ကြံခြင်းအသင်း ဟုခေါ်သော အဖွဲ့အစည်းတစ်ခုကိုပင် ဖွဲ့စည်းခဲ့ကြသည်။

အချို့သူများသည် ထိုပါရမီရှင်ကြီးနှစ်ဦးကို တွေ့သောအခါ နှုတ်ဆက်ရန် လက်ပင် မြှောက်ပြခဲ့ကြလေ၏။

ကံမကောင်းစွာဖြင့် ထိုနှစ်ဦးမှာ ၎င်းတို့ကို မမြင်သည့်အလား တိုက်ရိုက်ပင် ဖြတ်လျှောက်သွားကြလေသည်။

ဤမြင်ကွင်းကြောင့်ရှဲ့နိုင်ငံ ကျင့်ကြံသူရောင်ရင်းများအသင်း အဖွဲ့ဝင်များ၏ မျက်နှာများမှာ ပျက်ယွင်းသွားကြပြီး ၎င်းတို့ လှည့်စားခံလိုက်ရပြီဟု ဝိုးတဝါး ခံစားလိုက်ကြရ၏။

"ငါ့မှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံး သူ့ကို ပေးလိုက်တာကွာ။"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က မနေနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်လေ၏။

ကံမကောင်းစွာဖြင့် မည်သူမျှ သူ့ကို ဂရုမစိုက်ကြတော့ပေ။

သင်္ဘောပေါ်မှ ဆင်းသက်လိုက်သည့် အချိန်မှစ၍ ၎င်းတို့၏ ဘဝနောက်ထပ် အဆင့်တစ်ခု စတင်ပြီ ဖြစ်လေသည်။ လောကီကမ္ဘာတွင် ပေးခဲ့သော ကတိကဝတ်များက မည်မျှတန်ဖိုးရှိနိုင်မည်နည်း။

ဤလူများက ပါရမီရှင်များကို မှီခိုလိုသော်လည်း ပါရမီရှင်များတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြပေသည်။ အခြားသူများ ရက်စက်သည်ဟု အပြစ်မတင်နိုင်ဘဲ မိမိကိုယ်တိုင် မိုက်မဲခဲ့ခြင်းကိုသာ အပြစ်တင်ရမည် ဖြစ်ပေ၏။

လူအားလုံး ဝေဟင်သင်္ဘောပေါ်မှ ဆင်းပြီးနောက် ၎င်းတို့၏ အနောက်ဘက်ရှိ သစ်သားပုံစံ ဧရာမလိပ်ကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ရာ ချီလှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားလေသည်။ သစ်သားပုံစံ ဧရာမလိပ်ကြီး လှုပ်ရှားသွားပြီး ၎င်း၏ ကျောပေါ်တွင် ရှုပ်ထွေးသော မသေမျိုးအက္ခရာများ ပေါ်ထွက်လာကာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် နောက်တစ်ကြိမ် မြင့်တက်လာပြီး ဂိုဏ်း၏ အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ဂိုဏ်း၏ ဝေဟင်သင်္ဘောသည် တပည့်သစ်များကို လာရောက်ကြိုဆိုရန်သာမက အခြားသော တာဝန်များကိုလည်း ထမ်းဆောင်ရန် ရှိနေသေးသည် မဟုတ်ပါလော။

"မင်္ဂလာပါ ဂျူနီယာ ညီလေး၊ ညီမလေးတို့။ ငါက ဒီဂိုဏ်းရဲ့ အပြင်စည်း တပည့်ကြီး ဆုထျန်းယောင် ပါ။ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းကနေ ကြိုဆိုပါတယ်။"

လူများကို အဝင်ပေါက်ရှိ စင်မြင့်ဆီသို့ ခေါ်ဆောင်လာပြီးနောက် ဖန့်နှင့် စုန့်ယန်တို့သည် ထွက်ခွာသွားကြလေ၏။

၎င်းတို့၏ တာဝန် ပြီးဆုံးသွားပြီဖြစ်ရာ ယခုအခါ အခြားသော တပည့်တစ်စု၏ တာဝန် ဖြစ်သွားပြီ ဖြစ်ပေသည်။

တည့်တည့်ရှိ ကျောက်စိမ်းဖြူရင်ပြင်တွင် အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော ရုပ်ရည်သန့်ပြန့်သည့် လူငယ်တစ်ဦးက လူပေါင်း ၂၀၀ ကျော်အား စကားပြောကြားနေလေသည်။

"ငါတို့ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင့်ခြောက်ရာက စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဘေးအန္တရာယ် ငါးခုနဲ့ အခက်အခဲဆယ့်သုံးခုကို ဖြတ်ကျော်ခဲ့ပြီးတော့ ဘိုးဘေးဆရာသခင်သုံးဆက်တိုင်တိုင် ရှိခဲ့ပါတယ်။ ဂိုဏ်းမှာ အဓိက တောင်ထွတ်ဆယ်ခု ရှိပြီး အဲဒါတွေကတော့ အဓိကတောင်ထွတ် ဖြစ်တဲ့ ရှန်းဟူ တောင်ထွတ် ၊ ဆေးလုံးတောင်ထွတ် ဖြစ်တဲ့ ဆေးဘုရင် တောင်ထွတ် ၊ လက်နက်သန့်စင်ခြင်း တောင်ထွတ် ဖြစ်တဲ့ ရှန်းဟော့ တောင်ထွတ်၊ အစီအရင်တောင်ထွတ်ဖြစ်တဲ့ ရှင်းတို တောင်ထွတ် ၊ အဆောင်တောင်ထွတ် ဖြစ်တဲ့ ထျန်းလု တောင်ထွတ်.."

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းသို့ ယခုမှ ဝင်ရောက်လာကြသော တပည့်များသည် အပြင်စည်း တပည့်ကြီး ဆုထျန်းယောင်၏ မိတ်ဆက်စကားကို နားထောင်ရင်း ၎င်းတို့၏ ရင်တွင်း၌ စိတ်လှုပ်ရှားမှုများ လွှမ်းမိုးလာကာ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းအပေါ် တောင့်တမှုများ ပိုမိုကြီးထွားလာကြလေသည်။

နက်ရှိုင်းသော အခြေခံအုတ်မြစ်များရှိသည့် ရှေးဟောင်းဂိုဏ်းကြီးတစ်ခုသည် ဂုဏ်ယူဝင့်ကြွားမှုတစ်ခုကို အလွယ်တကူဖြစ်ပေါ်စေနိုင်ပြီး လူများကို ဤဂုဏ်ယူမှုမှာ ၎င်းတို့နှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်ဟု မှားယွင်းစွာ ယုံကြည်သွားစေနိုင်ပေသည်။

ချန်လော့သည် လူအုပ်ထဲတွင် ရပ်လျက် ဤစီနီယာအစ်ကို၏ မြှောက်ထိုးပင့်ကော် စကားများကို နားထောင်ရင်း အကြောင်းပြချက်မရှိဘဲ ရင်းနှီးကျွမ်းဝင်နေသလို ခံစားလိုက်ရ၏။

'ငါ ချင်းယာကောင်တီမှာ အလောင်းမြှုပ်နှံသူ လုပ်တုန်းက ငါ့ရဲ့ဉီးလေးစန်းကလည်း ချင်းယာကောကင်တီရဲ့ သမိုင်းကြောင်းကို ဒီလိုပုံစံမျိုးနဲ့ ပြောပြခဲ့ဖူးသလိုပဲ။'

ခဏမျှတွေးတောပြီးနောက် သူ သဘောပေါက်သွားလေ၏။

တပည့်ကြီး ပြောပြနေသော အကြောင်းအရာများကို ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ ဂုဏ်ယူဝင့်ကြွားမှုများပျောက်ကွယ်သွားပြီး ကြီးကျယ်ခမ်းနားသော်လည်းအနှစ်သာရမရှိသည့် ခံစားချက်တစ်ခုကသာ အစားထိုး ဝင်ရောက်လာလေတော့သည်။

အနှစ်သာရမရှိ၊ အားလုံးက ဟာလာဟင်းလင်းသာ ဖြစ်ပေသည်။

အခန်း ၇၄ - လေခွင်းကြိုးကြာငှက်

"ဒီကိုလာတဲ့ လမ်းခရီးမှာ ဖန့်က ဂျူနီယာ ညီလေး၊ ညီမလေးတွေ အားလုံးအတွက် ဝိညာဉ်အမြစ် ဂုဏ်သတ္တိစမ်းသပ်မှုတွေကို လုပ်ဆောင်ပေးခဲ့ပြီးပြီလို့ ကျုပ် ယုံကြည်တယ်။ အခုကစပြီး လူတိုင်းက ကိုယ့်ရဲ့ပါရမီအပေါ် မူတည်ပြီး ကျင့်ကြံဖို့ အဓိက တောင်ထွတ်ကို ရွေးချယ်နိုင်ပြီ။ မီး ဝိညာဉ်အမြစ် ရှိသူတွေကို ရှန်းဟော့ တောင်ထွတ်ကို ရွေးချယ်ဖို့ အကြံပြုလိုပြီး၊ သစ်သား ဝိညာဉ်အမြစ်ရှိသူတွေကိုတော့ ဆေးဘုရင် တောင်ထွတ်ကို ရွေးချယ်ဖို့ အကြံပြုချင်တယ်။"

သမိုင်းကြောင်းများကို ပြန်လည်ပြောပြပြီးနောက် ဆုထျန်းယောင် သည် စကားဝိုင်းကို လူတိုင်းထံသို့ ပြန်လည်ဆွဲခေါ်လာခဲ့လေ၏။

"ကျွန်တော်တို့က ဆရာတင်ရမှာ မဟုတ်ဘူးလားခင်ဗျာ"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။ ၎င်းတို့၏ အထင်တွင် မသေမျိုးဂိုဏ်းများအားလုံးသည် ဆရာတပည့် လက်ဆင့်ကမ်းသည့် စနစ်ဖြင့် လည်ပတ်ကြသည်ဟု ထင်မှတ်ထားကြလေသည်။

ဆရာတစ်ဦးကို တင်မြှောက်ပြီးနောက် စီနီယာအစ်ကိုများနှင့် စီနီယာအစ်မအချို့ကို သိကျွမ်းကာ အားလုံးအတူတကွ မိမိတို့၏ ဆရာနှင့်အတူ တာအိုလမ်းစဉ်ကို ရှာဖွေကျင့်ကြံကြမည်ဟု ယူဆထားခဲ့ကြခြင်း ဖြစ်ပေသည်။

"မင်းတို့က အဓိက တောင်ထွတ်တစ်ခုကို ရွေးချယ်လိုက်တာနဲ့ တစ်ပြိုင်နက် တောင်ထွတ်သခင်ရဲ့ တပည့်အဖြစ် အလိုအလျောက် ရောက်ရှိသွားလိမ့်မယ်။ ကျင့်စဉ်တွေ သင်ကြားပေးတာနဲ့ တာအိုလမ်းစဉ်ပြသပေးတဲ့ အပိုင်းတွေအတွက်တော့ အစောပိုင်းအဆင့်မှာ တောင်ထွတ်တစ်ခုချင်းစီက အကြီးအကဲတွေက မင်းတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ်တိုင် သင်ကြားပေးလိမ့်မယ်။ နှောင်းပိုင်းအဆင့်တွေအတွက် ကျင့်စဉ်တွေကိုတော့ တောင်ထွတ်အသီးသီးမှာ သင်ကြားရေးတာဝန်ယူထားတဲ့ တပည့်တွေက သင်ပေးလိမ့်မယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက မင်းတို့ ကျင့်ကြံခြင်းလမ်းခရီးမှာ ကြုံတွေ့ရမယ့် ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်လောက်အောင် လုံလောက်မှု ရှိပါတယ်။"

ဆုထျန်းယောင်သည် အလွန်သဘောကောင်းပြီး အလွန်ပင် စေ့စပ်သေချာစွာ ဖြေကြားပေးလေသည်။ နောက်ပိုင်းတွင် တပည့်အနည်းငယ်က မေးခွန်းများ ထပ်မံမေးမြန်းကြရာ ဆုထျန်းယောင်က တစ်ခုချင်းစီကို ပြန်လည်ဖြေကြားပေးခဲ့၏။

ဤသို့ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုသည် တပည့်သစ်များအားလုံး၏ သူ့အပေါ်ထားရှိသော သဘောကျနှစ်သက်မှုကို သိသိသာသာ တိုးတက်လာစေခဲ့ပြီး အမျိုးသမီးတပည့် အချို့ဆိုလျှင် စိတ်လှုပ်ရှားသွားကြကာ ဆုထျန်းယောင် နေထိုင်ရာ အဓိက တောင်ထွတ်ကိုပင် ရွေးချယ်ရန် စီစဉ်နေကြလေတော့သည်။

"စီနီယာအစ်ကို ချန်၊ ညီမတော့ ထျန်းလု တောင်ထွတ် ကို သွားတော့မယ်နော်။"

ရှဲ့ရွှမ်း သည် သူမ ကျင့်ကြံရန်အတွက် အဓိက တောင်ထွတ်ကို ရွေးချယ်ပြီးဖြစ်လေသည်။ သူမ ယွဲ့နိုင်ငံတွင်ရှိစဉ်က ဆရာဖြစ်သူ မသေမျိုး အမြဲစိမ်းဝါး ထံတွင် အဆောင်ရေးဆွဲခြင်းကို သင်ယူခဲ့ဖူးသည်။

ယခု ထျန်းလုတောင်ထွတ်သို့ ဝင်ရောက်ခြင်းမှာ အခြေခံအချို့ ရှိထားပြီးဖြစ်သဖြင့် အရာရာကို အနည်းငယ် ပိုမို လွယ်ကူသွားစေနိုင်ပေသည်။

"သေချာ ကျင့်ကြံနော်၊ ဆရာဒေါ်လေးအမြဲစိမ်းဝါးရဲ့ ကြိုးစားအားထုတ်မှုတွေကို အလဟဿ မဖြစ်စေနဲ့။"

ချန်လော့ သည် ရှဲ့ရွှမ်းကို ကြည့်ကာ ကြင်နာစွာဖြင့် သတိပေးလိုက်လေ၏။ ချန်လော့သည် ဤဂျူနီယာ ညီမလေး ရှဲ့ အပေါ် အလွန်ကောင်းမွန်သော အမြင်ရှိပြီး သူမကို အပြင်လောကသို့ စေလွှတ်ပေးခဲ့သော မသေမျိုး အမြဲစိမ်းဝါး၏ အားထုတ်မှုများကို အလဟသမဖြစ်စေဘဲ သူမအနေဖြင့် ကြိုးကြိုးစားစား ကျင့်ကြံနိုင်ရန်လည်း မျှော်လင့်မိလေသည်။

"ဟုတ်ကဲ့ပါ စီနီယာအစ်ကို။ ဒါနဲ့ အစ်ကိုကရော ဘယ်တောင်ထွတ်ကို ရွေးလိုက်လဲ"

"ငါက ဝူတောက် တောင်ထွတ်ကို ရွေးလိုက်တယ်။"

ချန်လော့သည် ဖုံးကွယ်ထားခြင်း မပြုပေ။ သူ ရွေးချယ်လိုက်သော အဓိက တောင်ထွတ်မှာ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းတွင် စိတ်ဝိညာဉ်နှင့် တာအိုလမ်းစဉ်ကို အဓိကထား ကျင့်ကြံရသော တောင်ထွတ်ဖြစ်ပြီး၊ တပည့်တစ်ဦး၏ နားလည်သဘောပေါက်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်မည့် နေရာလည်း ဖြစ်ပေသည်။ ပြင်ပဦးနှောက်ကို ပိုင်ဆိုင်ထားသော ချန်လော့သည် ဤအပိုင်းနှင့် ပတ်သက်၍ အထူးပင် ယုံကြည်မှု ရှိနေလေသည်။

"ဝူတောက် တောင်ထွတ်"

ရှဲ့ရွှမ်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။ သူမသည် စောစောက ရှေ့ပိုင်းရှိ အဓိက တောင်ထွတ်အနည်းငယ်ကိုသာ အာရုံစိုက်ခဲ့ပြီး နောက်ပိုင်းမှ တောင်ထွတ်များကို လုံးဝ လျစ်လျူရှုထားခဲ့မိလေသည်။

"မသေမျိုးလမ်းစဉ်ဆိုတာ အဆုံးအစမရှိ ကျယ်ပြောလှတယ်။ အထီးကျန်မှုကို သည်းခံနိုင်မှသာလျှင်တောင်ထိပ်က ခမ်းနားတဲ့ မြင်ကွင်းတွေကို မြင်တွေ့နိုင်မှာပေါ့။ ဂျူနီယာညီမလေး ရှဲ့... မင်းရဲ့ မူလရည်ရွယ်ချက်ကို မမေ့စေနဲ့နော်။"

ရှဲ့ရွှမ်းအား အကြံဉာဏ်တစ်ခု ပေးပြီးနောက် ချန်လော့သည် လှည့်၍ ဝူတောက် တောင်ထွတ်ဆီသို့ လျှောက်သွားလေတော့သည်။ စောစောက ကြီးမားသော အဓိက တောင်ထွတ်ကြီးများနှင့် နှိုင်းယှဉ်လျှင် ဝူတောက် တောင်ထွတ်မှာ များစွာ ပိုမို တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လမ်းခရီးတစ်လျှောက်တွင် ချန်လော့သည် လူများများစားစားကို မတွေ့မြင်ခဲ့ရပေ။

"စီနီယာအစ်ကိုရှင့်၊ ဝူတောက် တောင်ထွတ်ကို ဘယ်လိုသွားရမလဲဆိုတာလေး ကျေးဇူးပြုပြီး ပြောပြပေးပါလား"

သူ၏ဘေးမှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာ၏။ ချန်လော့သည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူနှင့်အတူ ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သော လူငယ်တပည့် အနည်းငယ်ကို တွေ့လိုက်ရလေ၏။

၎င်းတို့၏ အသွင်အပြင်အရ ဝူတောက် တောင်ထွတ်သို့ ဝင်ရောက်ရန် စီစဉ်နေပုံ ရပေသည်။ ထိုသူအနည်းငယ်၏ ပါရမီများမှာ များစွာ မကောင်းမွန်ကြပေ။

အမြင့်ဆုံးမှာ သူ့အား စကားလာပြောသော ဝိညာဉ်အမြစ် လေးမျိုးစပ်ရှိသည့် အမျိုးသမီးတပည့်ဖြစ်ပြီး၊ ကျန်သူများမှာမူ ဝိညာဉ်အမြစ် ငါးမျိုးစပ်မှ ခုနှစ်မျိုးစပ်အထိ ရှိကြသော အဆင့်နိမ့်ပါရမီရှင်များသာ ဖြစ်ကြလေသည်။

"ဒီရှေ့နားလေးမှာတင်ပါ။"

ဝူတောက် တောင်ထွတ်၏ တည်နေရာကို ဝေဟင်သင်္ဘောပေါ်တွင် ရှိစဉ်က ဖန့်ပေးအပ်ခဲ့သော စာအုပ်ငယ်အတွင်း၌ မှတ်တမ်းတင်ထားပြီး ဖြစ်ပေသည်။ ဤတပည့်များသည် ၎င်းစာအုပ်ကို သေချာစွာ မဖတ်ရှုခဲ့ကြသည်မှာ ထင်ရှားလှပေ၏။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။"

ထိုသူအနည်းငယ်က ချန်လော့အား လေးစားစွာ ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး ဝူတောက် တောင်ထွတ်ဆီသို့ အလျင်အမြန် လျှောက်သွားကြလေသည်။ ချန်လော့သည်လည်း ၎င်းတို့နောက်မှ လိုက်ပါသွား၏။

လမ်းဆုံကို ဖြတ်ကျော်ပြီးနောက် ဝူတောက် တောင်ထွတ် တည်ရှိရာ နေရာသည် သိသိသာသာပင် ပိုမို တိတ်ဆိတ်သွားခဲ့လေ၏။ ရှေးဟောင်း ကျောက်စိမ်းပြာလမ်းသွယ်လေးတစ်ခုသည် တောင်ခြေမှနေ၍ အပေါ်သို့တိုင်အောင် သွယ်တန်းလျက်ရှိပြီး ပတ်ဝန်းကျင်ရှိ ကျောက်သားစင်မြင့်များမှာ ရေညှိရေမှော်များ ဖုံးလွှမ်းနေကာ ကာလအတန်ကြာ ရှင်းလင်းထားခြင်း မရှိကြောင်း ဖော်ပြနေပေသည်။

စည်ကားလှသော အခြား အဓိက တောင်ထွတ်ကြီးများနှင့် မတူဘဲ ဝူတောက် တောင်ထွတ်မှာ ကျင့်ကြံရန် ခက်ခဲမှုကြောင့် တပည့်အရေအတွက် အလွန်နည်းပါးလှပေသည်။

၎င်းသည် အဓိက တောင်ထွတ်ကြီး ဆယ်ခုအနက် လူနေထိုင်မှု အနည်းဆုံး တောင်ထွတ်တစ်ခု ဖြစ်လေသည်။

၎င်းတို့အဖွဲ့သည် လမ်းတစ်လျှောက် ဆက်လက် ထွက်ခွာလာခဲ့ကြသော်လည်း တောင်ခါးပန်းသို့ ရောက်ရှိချိန်တွင်မူ လမ်းမှာ ရုတ်တရက် ပျောက်ဆုံးသွားလေ၏။

၎င်းတို့နှင့် လမ်း၏ နောက်ထပ်အပိုင်း တစ်ခုကြားတွင် မတ်စောက်သောကမ်းပါးပြတ်ကြီးတစ်ခုက ပိုင်းခြားထားလေသည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အဆိပ်ပြင်းသော မြူခိုးမြူငွေ့များ လွှမ်းခြုံနေသဖြင့် အောက်ခြေကို မမြင်နိုင်ပေ။

တစ်ဖက်ရှိ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သောအခါ အနည်းဆုံး မီတာသုံးရာခန့် ဝေးကွာနေပြီး ထိုမျှ ရှည်လျားသော အကွာအဝေးကို ကိုယ်ဖော့နည်းစနစ်ကို အားကိုးရုံမျှဖြင့် လုံးဝ ဖြတ်ကူးနိုင်မည် မဟုတ်ပေ။

ဤမြင်ကွင်းကြောင့် ဆရာတင်ရန် ပြင်ဆင်နေကြသော တပည့်များမှာ မှင်သက်သွားကြပြီး မည်သို့ လုပ်ဆောင်ရမည်ကို လုံးဝ မသိကြတော့ပေ။

"စီနီယာအစ်ကို..."

လူအနည်းငယ်သည် ၎င်းတို့နှင့် တစ်လမ်းလုံး အတူ လျှောက်လာခဲ့သော ချန်လော့ကိုလည်း သတိပြုမိသွားကြပြီး တစ်ဦးက သတိထားကာ မေးမြန်းလိုက်၏။

"ငါလည်း ဆရာတင်ဖို့ လာတာပဲလေ။"

"သြော်... ဒါဆို အစ်ကိုလည်း အသစ်ပဲပေါ့။"

ထိုသူအနည်းငယ်မှာ အနေရခက်စွာ ရယ်မောလိုက်ကြပြီးနောက် ဘာမျှ ဆက်မပြောကြတော့ပေ။

၎င်းတို့သည် အစကတည်းက ရင်းနှီးကျွမ်းဝင်မှု မရှိကြသည့်အပြင် ယခုအခါတွင် အထင်အမြင်လွဲမှားမှုတစ်ခုပါ ရှိသွားပြီဖြစ်ရာ လေထုမှာ သဘာဝကျကျပင် ပိုမို အေးစက်သွားလေတော့သည်။

ချန်လော့သည် ကျောက်သားစင်မြင့်၏ အစွန်းသို့ လျှောက်သွားကာ တိတ်ဆိတ်စွာ ရပ်၍ စောင့်ဆိုင်းနေလိုက်လေသည်။

မကြာမီတွင် ချောက်ကမ်းပါး အောက်ဘက်မှ ရှည်လျားသော အော်မြည်သံတစ်ခု ထွက်ပေါ်လာ၏။ လူအနည်းငယ်၏ အကြည့်များအောက်တွင် ရွှေရောင်အတောင်ပံရှိသော လေခွင်းမသေမျိုးကြိုးကြာငှက် တစ်ကောင်သည် တိမ်တိုက်များကြားမှ ပျံသန်းဆင်းသက်လာပြီး ကမ်းပါးအစွန်းရှိ ကျောက်သားစင်မြင့်ပေါ်သို့ နားခိုလိုက်လေသည်။

၎င်း၏ ကောင်းကင်ပြာရောင် မျက်လုံးများက လူအုပ်စုကို ဝေ့ဝဲကြည့်ရှုလိုက်၏။

"တပည့်သစ်တွေလား"

အလျင်အမြန် ကြည့်ရှုပြီးနောက် လေခွင်းမသေမျိုးကြိုးကြာငှက်သည် စကားဆိုလာလေသည်။

၎င်း၏ အသံမှာ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကဲ့သို့ အလွန်ပင် ကလေးဆန်လှ၏။ သို့သော်လည်း လေခွင်းမသေမျိုးကြိုးကြာငှက် စကားပြောသည်ကို မြင်လိုက်ရသောအခါ ထိုသူအနည်းငယ်မှာ လန့်ဖြန့်သွားကြလေသည်။

"ငါက ဝူတောက်တောင်ထွတ်ရဲ့ ဒုတိယမျိုးဆက် တပည့်ဖြစ်တဲ့ လေစီးနင်းသူ လို့ ခေါ်တယ်။ မင်းတို့လို တပည့်သစ်တွေကို လမ်းညွှန်ပေးဖို့ တာဝန်ယူထားတယ်။"

လေခွင်းမသေမျိုးကြိုးကြာငှက်သည် သူ၏ အတောင်ပံများကို သပ်တင်ရင်း တည်ငြိမ်သော လေသံဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မိတ်ဆက်လိုက်လေသည်။

"ဂါရဝပြုပါတယ် စီနီယာ လေစီးနင်းသူ ခင်ဗျာ။"

ချန်လော့သည် လေလေခွင်းမသေမျိုးကြိုးကြာငှက်အား အရိုအသေပေးလိုက်လေ၏။ ၎င်းကိုမြင်သောအခါ သူ၏ဘေးရှိ လူအနည်းငယ်သည်လည်း သတိပြန်ဝင်လာကြပြီး ချန်လော့ကဲ့သို့ပင် လေခွင်းမသေမျိုးကြိုးကြာငှက်ကို အရိုအသေပေးကြလေသည်။

လေခွင်းမသေမျိုးကြိုးကြာငှက်မှာ အနည်းငယ် အံ့အားသင့်သွား၏။

ဤတပည့်သစ်လေးက ဤမျှမြန်ဆန်စွာ သတိပြန်လည်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သဖြင့် ချန်လော့အား သေချာ ကြည့်လိုက်လေသည်။

စောစောက သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါကို သာမန် တပည့်သစ်တစ်ဦးက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူသည် ဝူတောက် တောင်ထွတ်တွင် ကျင့်ကြံနေသော်လည်း သဘာဝအရ ယောင်သားရဲ တစ်ကောင် ဖြစ်နေဆဲပင် ဖြစ်၏။

သူ လူအသွင် မပြောင်းလဲနိုင်သေးမီတွင် သူ့ကို မြင်တွေ့ရသော မည်သည့် ကျင့်ကြံသူမဆို သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာချီ၏ လွှမ်းမိုးခြင်းကို ခံရမည်ဖြစ်ပြီး ကျင့်ကြံမှုအဆင့် ကွာဟချက် ကြီးမားလေလေ သက်ရောက်မှု ပိုမို ကြီးမားလေလေပင် ဖြစ်ပေသည်။

"မဆိုးဘူး... မဆိုးဘူး၊ မင်းနာမည် ဘယ်လိုခေါ်လဲ"

လေခွင်းမသေမျိုးကြိုးကြာငှက်သည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေသည်။

"တပည့်နာမည် ချန်လော့ ပါခင်ဗျာ။"

"သွားတော့။"

လေခွင်းမသေမျိုးကြိုးကြာငှက်သည် ဘာမျှဆက်မပြောတော့ဘဲ သူ၏ အတောင်ပံများကို ခတ်လိုက်လေသည်။

ကမ်းပါးပြတ်၏ အစွန်းများမှ သံကြိုးနှစ်ချောင်း ရုတ်တရက် ပေါ်ထွက်လာ၏။

သံကြိုးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သံကြိုးတံတားတစ်ခုအဖြစ် ဖြစ်ပေါ်လာလေသည်။

၎င်းသည် အလွန် အန္တရာယ်များနေပုံပေါ်သေးသော်လည်း ယခုအခါ ဖြတ်သန်းသွားလာ၍ ရနိုင်ပြီ ဖြစ်ပေသည်။

နှုတ်ဆက်ပြီးနောက် ချန်လော့သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ချီကို ထိန်းချုပ်လိုက်ရာ ခြေအောက်တွင် မသေမျိုးအက္ခရာ တစ်ခု တောက်ပသွားပြီး သံကြိုးတံတားပေါ်မှ မီးခိုးငွေ့တစ်စကဲ့သို့ လွင့်ပျံ ဖြတ်သန်းသွားလေတော့သည်။

ကျန်လူအနည်းငယ်သည် ဤမြင်ကွင်းကို ကြည့်ကာ မနာလိုအားကျသည့် မျက်နှာအမူအရာများ ဖြစ်ပေါ်လာကြလေသည်။

ဒီလူရဲ့တည်ငြိမ်မှုက တကယ့်ကို ကောင်းလွန်းတာဘဲ။

ပထမဆုံး စကားပြောခဲ့သော အမျိုးသမီးတပည့်မှာ မျက်နှာများ ဖြူရော်နေပြီ ဖြစ်၏။ သူမသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ ရင်တွင်း နက်ရှိုင်းသော နေရာမှ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။

ဤသည်မှာ ပေတစ်သောင်းနက်သော ကမ်းပါးကြီး ဖြစ်ပေသည်။

အောက်သို့ ပြုတ်ကျသွားပါက သေချာပေါက် သေဆုံးမည်သာ ဖြစ်၏။

အခြားလူအနည်းငယ်မှာလည်း ထိုနည်းတူပင် ဖြစ်ကြသည်။ အနီးအနားတွင် ၎င်းတို့ကို ဖိနှိပ်ထားသော မိစ္ဆာချီများ ရှိနေပြီး ခြေအောက်တွင်လည်း သံကြိုးတံတားကြီး ရှိနေသဖြင့် မည်သို့ပင် ကြည့်စေကာမူ အန္တရာယ်များနေပုံ ပေါ်လေ၏။

ကျင့်ကြံခြင်းနှင့် ဆရာတင်ခြင်းအတွက် ဤလမ်းခရီးမှာ ၎င်းတို့ စိတ်ကူးထားခဲ့သည်နှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။

ငါ ဝူတောက် တောင်ထွတ်ကို မရွေးခဲ့သင့်ဘူး။

တပည့်တစ်ဦးက နောင်တရနေမိ၏။

"နောင်တရတဲ့သူတွေ ထွက်သွားလို့ရတယ်။ ငါတို့ ဝူတောက် တောင်ထွတ်က အသုံးမကျတဲ့ အမှိုက်တွေကို လက်မခံဘူး။" လေခွင်းမသေမျိုးကြိုးကြာငှက်သည် လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည်များကို မြင်သိနေသည့်အလား အချိန်ကိုက်ပင် ပြောဆိုလိုက်လေသည်။

သူ၏စကားအဆုံးတွင် တပည့်နှစ်ဦးသည် အမှန်တကယ်ပင်တွန့်ဆုတ်သွားကြပြီး တောင်အောက်သို့ ပြန်ဆင်းရန် လှည့်ထွက်သွားကြလေသည်။

နဂိုကတည်းက နည်းပါးနေသော တပည့်အရေအတွက်မှာ ချက်ချင်းပင် ပို၍ နည်းပါးသွားလေတော့သည်။

တောင်အောက်သို့ ဆင်းသွားရန် ရွေးချယ်လိုက်သော ထိုတပည့်နှစ်ဦးကို ကြည့်ကာ လေခွင်းမသေမျိုးကြိုးကြာငှက်၏ မျက်လုံးများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေတော့သည်။

All Chapters