အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း ၇၅ - ဝူတောက်တောင်ထိပ်
သာမန်ချောက်ကမ်းပါးလေးကိုပင် ကြောက်ရွံ့နေသူများအနေဖြင့် ပြောင်းလဲရန်နောက်ထပ် အခွင့်အရေး ရရှိမည်မဟုတ်သည်မှာ သဘာဝပင် ဖြစ်ပေသည်။
တောင်အောက်သို့ ဆင်းသွားကြသော ထိုတပည့်နှစ်ဦးသည်လည်း တရားဝင်တပည့် ဖြစ်လာမည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားကြပြီး နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ သာမန်အလုပ်ကြမ်းသမားများသာ ဖြစ်သွားကြတော့မည် ဖြစ်လေသည်။
သံကြိုးတံတားကို ဖြတ်ကျော်ပြီးနောက် ချန်လော့သည် ဝူတောက်တောင်ထိပ်၏ ပတ်ဝန်းကျင်ကို စတင်လေ့လာကြည့်လေ၏။
တောင်၏ အခြားတစ်ဖက်ရှိ လူသူကင်းမဲ့ခြောက်ကပ်နေမှုနှင့် နှိုင်းယှဉ်လျှင် ဤနေရာ၏ ပတ်ဝန်းကျင်မှာ သိသိသာသာ ပိုမိုကောင်းမွန်လှပေသည်။ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် သပ်ရပ်စွာဖြတ်တောက် ပုံသွင်းထားသော အစိမ်းရောင်အပင်များဖြင့် စီတန်းနေပြီး ခြေအောက်ရှိ ကျောက်လှေကားထစ်များမှာလည်း များစွာ သန့်ရှင်းနေသည်။
သီးသန့် တာဝန်ယူတံမြက်လှည်းကျင်းသူများ ရှိနေသကဲ့သို့ ဖုန်တစ်စက်မျှ မရှိဘဲ ပြောင်လက်နေလေသည်။ တောင်ပေါ်မှ ဖြတ်သန်းတိုက်ခတ်လာသော လေညင်းလေးသည် နွေးထွေးမှုအငွေ့အသက်ကို သယ်ဆောင်လာပြီး တံတားတစ်စင်းတည်းက ကမ္ဘာနှစ်ခုကို ပိုင်းခြားထားသကဲ့သို့ ထင်မှတ်ရပေသည်။
တောင်ထိပ်သို့ ရောက်ရှိသွားသောအခါ ချန်လော့သည် ငှက်ကလေးများ၏ တေးဆိုသံများနှင့် ပန်းရနံ့များ သင်းပျံ့နေသော တောင်ကြားတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး တောင်ထိပ်တစ်ခုတွင် ရှိသင့်သော အေးစက်မှုမျိုး လုံးဝမရှိပေ။
"မင်းက ဂျူနီယာညီလေး အသစ်လား"
လှေကားထစ်များ အထက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
ချန်လော့သည် မော့ကြည့်လိုက်ရာ မီးခိုးပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ့အား သီးသန့်စောင့်ဆိုင်းနေသကဲ့သို့ လမ်းအလယ်တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
ထိုအမျိုးသားမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်ပြီး ပါးချိုင့်များချိုင့်ဝင်နေကာ ကာလရှည်ကြာ အာဟာရချို့တဲ့နေသော ဆင်းရဲသား ပညာတတ်တစ်ဦးနှင့် တူလှပေသည်။
"ဘာလို့ မင်းတစ်ယောက်တည်း ဖြစ်နေတာလဲ။ ကျန်တဲ့သူတွေအကုန်လုံး ဦးလေး ချန်ဖုန်း လွှင့်ပစ်တာ ခံလိုက်ရတာလား။ ငါ ဘယ်လိုလုပ်ရပါ့မလဲ"
လေခွင်းမသေမျိုးကြိုးကြာငှက် အကြောင်းကို ပြောလိုက်သည့်အခါ ထိုလူငယ်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီးခါးသီးသော အမူအရာ ဖြစ်သွားလေသည်။ သူကိုယ်တိုင်ပင် ထိုမသေမျိုးကြိုးကြာငှက်ကို မစရဲပုံပေါ်ပေ။
ချန်လော့သည် အလျင်အမြန် ရှေ့သို့တိုးသွားပြီး ထိုအမျိုးသားအား အရိုအသေပေးလိုက်သည်။
"မင်္ဂလာပါ စီနီယာ"
သူသည် ထိုအမျိုးသား၏ ရာထူးအဆင့်အတန်းကို မသိသော်လည်း သူ၏ အမူအရာမှာ သေချာပေါက် ရိုသေလေးစားမှု ရှိရမည်သာ ဖြစ်သည်။ လူတိုင်းကို စီနီယာဟု ခေါ်ဆိုခြင်းမှာ မည်သို့မျှ မမှားနိုင်ပေ။
"ဂျူနီယာညီလေး တစ်ယောက်တည်းကိုပဲ ခေါ်သွားရရင် ငါ ဘယ်လိုလုပ် အစီရင်ခံရမလဲ။ ဆရာသာ သတိထားမိသွားရင် ငါ့ကို ဆွဲဆုတ်ပစ်တော့မှာပဲ"
လူငယ်၏ အာရုံမှာ ရောက်ရှိမလာသေးသော အခြားတပည့်များထံသို့သာ လုံးဝရောက်ရှိနေပြီး ချန်လော့၏ စကားကို လုံးဝ မကြားလိုက်ပေ။ ထိုအခြေအနေကို ကြည့်ပြီး ချန်လော့သည် ဘေးသို့ဖယ်ကာ ရပ်စောင့်နေရန်သာ တတ်နိုင်တော့သည်။
အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကြာအောင် စောင့်ဆိုင်းပြီးနောက် လူအနည်းငယ် ထပ်မံရောက်ရှိလာကြသည်။ အစပိုင်းက ချန်လော့အား လမ်းမေးခဲ့သောအမျိုးသမီးကျင့်ကြံသူနှင့် သူမ၏ သူငယ်ချင်းနှစ်ဦးလည်း ပါဝင်လေသည်။
ကျန်ရှိသောသူများမှာမူ တောင်အောက်သို့ တကယ်ပင် ဆင်းသွားကြပြီ ဖြစ်ဟန်တူပေ၏။
"တော်သေးတာပေါ့၊ တော်သေးတာပေါ့"
နောက်ဆုံးတွင် လူငယ်သည် သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။ လူအရေအတွက်မှာ မပြည့်စုံသေးသော်လည်း ချန်လော့ပါ အပါအဝင်ဆိုလျှင် ကပ်သီလေးအဆင်ပြေသွားပြီ ဖြစ်သည်။
"မင်းတို့အားလုံး ငါ့နောက်ကနေ တောင်ပေါ်ကို လိုက်ခဲ့ကြ။ မင်းတို့ နေထိုင်ဖို့ နေရာတွေကို အရင် စီစဉ်ပေးမယ်"
လူငယ်သည် ရှေ့မှ လျှောက်သွားရင်း သူ၏ကိုယ်သူ မိတ်ဆက်လေ၏။
"ငါ့နာမည်က ဟူချိုးတောက် လို့ခေါ်တယ်။ မင်းတို့ ငါ့ကို စီနီယာအစ်ကိုဟူ လို့ ခေါ်လို့ရတယ်"
ဤနေရာသို့ ရောက်သောအခါ ဟူချိုးတောက်သည် ချန်လော့ဘက်သို့ သီးသန့်လှည့်ကြည့်ကာ ထပ်မံပြောဆိုလေသည်။
"ငါက အဲဒီလောက်တောင် အသက်ကြီးပုံ ပေါက်နေလို့လား"
"လုံးဝ မပေါက်ပါဘူး"
ချန်လော့မှာ စကားပင် ဆွံ့အသွားရ၏။ စီနီယာအစ်ကိုဟူသည် အဘယ်ကြောင့် သူ့အား စောစောက ဂရုမစိုက်ခဲ့သည်ကို ယခုမှပင် သူ နားလည်သွားတော့သည်။
သူသည် စီနီယာဟူသော ခေါ်ဆိုမှုကို သဘောမကျသောကြောင့်ပင်။
"ငါက အသက်ခုနစ်နှစ်မှာ တာအိုထဲကို ဝင်ခဲ့တာ၊ အခုချိန်အထိမှ နှစ်ဆယ့်သုံးနှစ်ပဲ ကျင့်ကြံရသေးတယ်"
ဟူချိုးတောက်သည် ဆက်လက် လျှောက်သွားရင်း လမ်းတစ်လျှောက်လုံး အဓိပ္ပာယ်မရှိသော စကားများကို တတွတ်တွတ် ပြောဆိုနေလေသည်။ အစပိုင်းတွင် ချန်လော့နှင့် အခြားသူများသည် ဤစီနီယာအစ်ကိုအပေါ် အနည်းငယ် ရိုသေလေးစားမှု ရှိနေသေးသော်လည်း နောက်ဆုံးတွင် သူတို့၏ နားထဲ၌ ခြင်တွေ အော်နေသကဲ့သို့ တဝီဝီ မြည်သံများ ဖြင့် ပြည့်နှက်သွားပြီး သူ၏ ပါးစပ်ကို ပိတ်ထားလိုက်ချင်စိတ်များပင် ပေါ်ပေါက်လာတော့သည်။
လူအုပ်စုမှာ အချိန်ကြာမြင့်စွာ မလျှောက်ရသေးမီမှာပင် ဝူတောက်တောင်ထိပ်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားကြလေ၏။
အောက်ခြေမှ ကြည့်လျှင် တောင်ထိပ်မှာ သေးငယ်ပုံပေါ်သော်လည်း ရောက်ရှိသွားသောအခါ တောင်ထိပ်၏ ဧရိယာမှာ လွန်စွာ ကျယ်ဝန်းကြောင်း သိရှိလိုက်ရသည်။
အလယ်ဗဟိုရှိ အဓိက ခန်းမကြီးအပြင် ဘေးဘက် ခန်းမဆောင် အနည်းငယ်လည်း ရှိသေးသည်။
အပြင်ဘက်ဆုံး အပိုင်း၌ သေသပ်စွာ တည်ဆောက်ထားသော ဘေးဘက် အခန်းတန်းလျားတစ်ခုရှိပြီး ယင်းတို့၏ မျက်နှာပြင်များပေါ်တွင် ဖုန်မှုန့်များ ဖယ်ရှားရန်အတွက် ဖြစ်ဟန်တူသော မသေမျိုးအက္ခရာ အဆောင်များကို ရေးထွင်းထားလေသည်။
"စီနီယာအစ်ကို ဟွမ်၊ လူတွေအကုန် ခေါ်လာခဲ့ပါပြီ။ စုစုပေါင်း ငါးယောက်ပါ"
ဤနေရာသို့ ရောက်ရှိလာသောအခါ ဟူချိုးတောက်သည် စကားပြော နည်းသွားလေ၏။ သူသည် ဘေးဘက် အခန်းဝတွင် ရပ်ကာ သက်ငယ်မိုး တဲအိမ်အတွင်းရှိ လူအား လှမ်းခေါ်လိုက်သည်။
ကျွီ
သစ်သားတံခါးမှာ ပွင့်လာလေသည်။
နေလောင်ဒဏ်ခံထားရသော မျက်နှာရှိသည့် အမျိုးသားတစ်ဦးသည် အခန်းတွင်းမှ ခေါင်းပြူထွက်လာပြီး ချန်လော့နှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် မကျေနပ်သော အမူအရာကို ပြသလေ၏။
"ဘာလို့ လူနည်းနေတာလဲ"
"နည်းလွန်းတယ်"
အခြားအသံတစ်သံ ထွက်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင် မည်သူက ပြောလိုက်မှန်း ရှင်းလင်းစွာ မသိရပေ။ အသစ်ဝင်လာသော တပည့်များသည် ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကြပြီး ဟူချိုးတောက်နှင့် စီနီယာအစ်ကို ဟွမ် နှစ်ဦးတည်းသာ ရှိကြောင်း အတည်ပြုလိုက်နိုင်သောအခါ သူတို့၏ တွေဝေမှုမှာ ပိုမို နက်ရှိုင်းသွားတော့သည်။
လူနှစ်ယောက် စကားပြောနေခြင်းက မည်သို့လုပ်၍ အသံသုံးသံ ထွက်ပေါ်လာနိုင်ပါသနည်း။
သို့သော်လည်း ထိုနှစ်ဦးမှာ သူတို့အား ရှင်းပြရန် ရည်ရွယ်ချက် လုံးဝမရှိသည်မှာ ထင်ရှားလှပေသည်။
"ကျန်တဲ့သူတွေကို ဦးလေးချန်ဖုန်း က မောင်းထုတ်လိုက်တာ။ စီနီယာအစ်ကို မကျေနပ်ရင် သူ့ကို သွားရှာလိုက်လေ" ဟု ဟူချိုးတောက်က အပြစ်ကင်းစင်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"ဦးလေး ချန်ဖုန်း ဟုတ်လား"
"အဲဒီ ကျိန်စာသင့်နေတဲ့ မသေမျိုးကြိုးကြာငှက်ပဲ ဖြစ်ရမယ်။ အစောကြီးမဟုတ်ရင်တောင် တစ်နေ့ကျရင် သူ့အမွေးတွေကို ငါ နှုတ်ပစ်မယ်"
အသံနှစ်သံ ထပ်မံထွက်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင်မူ အသံနှစ်သံလုံးမှာ စီနီယာအစ်ကို ဟွမ်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ချန်လော့နှင့် အခြားသူများ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေ၏။
"သူတို့ နေဖို့ နေရာတွေ စီစဉ်ပေးပြီးပြီလား"
ဟူချိုးတောက်သည် စီနီယာအစ်ကို ဟွမ်၏ အသံများကိုကာလရှည်ကြာ ရင်းနှီးကျွမ်းဝင်နေပုံရပြီး သူ၏ တာဝန်ကိုသာ အမြန်ဆုံး ပြီးမြောက်လိုပေသည်။
"အခန်းတွေက အများကြီးရှိတယ်။ နေစရာ တစ်နေရာ ရှာလိုက်ကြတာပေါ့"
စီနီယာအစ်ကို ဟွမ်သည် အခန်းတွင်းမှ ထွက်လာလေသည်။
"ဆရာ အားနေတုန်း သူတို့ကို ဂါရဝပြုဖို့နဲ့ တပည့်အဖြစ် ခံယူဖို့ အရင် ခေါ်သွားလိုက်မယ်"
ဤတစ်ကြိမ်တွင် လူတိုင်းသည် စီနီယာအစ်ကို ဟွမ်၏ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
လူလတ်ပိုင်းအရွယ်၊ သပ်ရပ်မှုမရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ အဝတ်အစားများမှ အနံ့အသက်ဆိုးများမှာ အဝေးမှပင် ရနေလေ၏။ အထူးဆန်းဆုံးမှာ သူ၏ ညာလက်ကို မြှောက်ထားပြီး ထိုလက်ပေါ်တွင် ကျားခေါင်း ရုပ်သေးရုပ်တစ်ခုရှိနေခြင်းပင် ဖြစ်သည်။
ထိုရုပ်သေးရုပ်သည် အသက်ရှိသူတစ်ဦးကဲ့သို့ပင် လူတိုင်းကို စပ်စုချင်စိတ်ဖြင့် လေ့လာကြည့်ရှုနေလေသည်။
"ဘာကြည့်နေကြတာလဲ။ ဒီလောက် ချောမောတဲ့ ကျား ကို အရင်က မမြင်ဖူးကြဘူးလား"
အသစ်ရောက်လာသူများ လှမ်းကြည့်လိုက်သောအခါ သူ၏လက်ပေါ်ရှိ ကျားရုပ်သေးရုပ်သည် တကယ်ပင် ပါးစပ်ဖွင့်ကာ စကားပြောလာလေသည်။
စီနီယာအစ်ကို ဟွမ်၏ လက်မှာ ရိုးရာရုပ်သေးဆရာတစ်ဦးကဲ့သို့ စဉ်ဆက်မပြတ် လှုပ်ရှားနေပြီး ဤမြင်ကွင်းက လူအများကို မှင်သက်သွားစေတော့သည်။
"မင်းတို့ ကျင့်သားရသွားပါလိမ့်မယ်။ စီနီယာအစ်ကို ဟွမ်က သူ တာအိုကို နားလည်သဘောပေါက်အောင် လုပ်တဲ့အချိန်မှာ အမှားအယွင်းနည်းနည်း ဖြစ်သွားလို့ အခု သူ့စိတ်က သိပ်မမှန်တော့ဘူး"
"ဘာကို အမှားအယွင်းလဲ။ မင်း အာကျယ်တဲ့ကောင်"
ကျားခေါင်းရုပ်သေးရုပ်က ချက်ချင်းပင် ပြန်လည် ချေပလိုက်ရာ ဟူချိုးတောက်က သဘောမကျသဖြင့် ချက်ချင်းပင် ၎င်းနှင့် စတင်ငြင်းခုံပါတော့သည်။
သူတို့နှစ်ဦးသည် လမ်းတစ်လျှောက်လုံး လျှောက်သွားရင်း ငြင်းခုံနေကြရာ အနောက်တွင် ကျန်ရစ်သူများမှာ လုံးဝကို ဝေခွဲမရ ဖြစ်နေကြလေ၏။
ဤသည်မှာ တကယ်ပင် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း ဟုတ်ပါလေစ။
အတွင်းဘက် ဝင်းအတွင်းသို့ ဝင်ရောက်သွားသောအခါ အပြာရောင်ကျောက်တုံးများဖြင့် ခင်းကျင်းထားသော စင်္ကြံရှည်တစ်ခုကို တွေ့ရှိရပြီး ခြေအောက်တွင် မီးခိုးရောင် အုတ်ချပ်လေးထောင့်များ ရှိလေသည်။
နှစ်ဖက်နံရံများမှာ အနည်းငယ် ဝါကြင့်ကြင့် ဖြစ်နေ၏။ နေရာများစွာတွင် မိုးရေစားခံထားရသဖြင့် ထူးဆန်းသော ရေစွန်းကွက်ပုံစံများ ကျန်ရစ်နေလေသည်။
"မင်းတို့နှစ်ယောက်က ရှဲ့နိုင်ငံ က လာတာလား"
ကျောက်ပြာစင်္ကြံကို ဖြတ်ကျော်ပြီးနောက် ငြင်းခုံနေကြသော နှစ်ဦးမှာ ရုတ်တရက် အသံတိတ်သွားကြ၏။ စီနီယာအစ်ကို ဟွမ်၏ ညာလက်ပေါ်ရှိ ကျားခေါင်းရုပ်သေးရုပ်မှာ ချန်လော့နှင့် အခြားသူများထံသို့ လှည့်ကြည့်ကာ ရုတ်တရက် စကားပြောလာလေသည်။
"ဟုတ်ပါတယ်"
ချန်လော့နှင့် သူ၏ဘေးရှိ အမျိုးသမီးတို့က တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြ၏။ အခြားသုံးဦးမှာမူ စကားမပြောကြသဖြင့် အခြားနိုင်ငံ နှစ်ခုမှ လာသူများ ဖြစ်ဟန်တူသည်။
"ငါလည်း ရှဲ့နိုင်ငံ ကပဲ။ တစ်နိုင်ငံတည်းသားတွေအနေနဲ့ ငါ သတိပေးချင်တာက ဝူတောက်တောင်ထိပ်မှာ ကျင့်ကြံတဲ့အခါ မင်းတို့ရဲ့ စိတ်အခြေအနေကို ကောင်းကောင်း ထိန်းသိမ်းထားရမယ်။ ဒီက ကျင့်ကြံခြင်းက မင်းတို့ ထင်ထားသလိုမျိုး မဟုတ်လောက်ဘူး"
"ဘယ်လိုမျိုး ကွာခြားလို့လဲ" ဟု ချန်လော့က မေးမြန်းလိုက်သည်။
"ငါတို့ရဲ့ ဝူတောက်တောင်ထိပ်မှာ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း အတွင်းက နောက်ထပ် နာမည်တစ်ခု ရှိတယ်။ အဲဒါက နှလုံးသားမိစ္ဆာ တောင်ထိပ်ပဲ"
"မသေမျိုး တာအိုကို နားလည်သဘောပေါက်တဲ့အခါ နှလုံးသားမိစ္ဆာတွေ ဖြစ်တည်လာတာပေါ့"
နှလုံးသား မိစ္ဆာ။
ချန်လော့သည် သူ့အား စကားပြောနေသော ကျားခေါင်းရုပ်သေးရုပ်ကို ကြည့်လိုက်ပြီးနောက် ခေါင်းပင်လှည့်မလာသော စီနီယာအစ်ကို ဟွမ်ကို ကြည့်ကာ ချက်ချင်းပင် နားလည်သွားတော့သည်။
"မင်းတို့ ကြောက်စရာ မလိုပါဘူး။ ဝူတောက်တောင်ထိပ်ရဲ့ကျင့်ကြံခြင်း နည်းလမ်းက နှလုံးသားမိစ္ဆာတွေကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပေမဲ့ဂါထာမန္တန်တွေ ကျင့်ကြံတဲ့နေရာမှာတော့ အရမ်း အထောက်အကူ ပြုတယ်။ တခြားသူတွေ လဝက် ဒါမှမဟုတ် တစ်နှစ်လောက် အချိန်ယူ သင်ယူရတဲ့ ဂါထာတွေကို ငါတို့ ဝူတောက်တောင်ထိပ်မှာ တစ်လတည်းနဲ့ ကျွမ်းကျင်အောင် သင်ယူနိုင်တယ်"
ထိုသို့ စကားပြောဆိုရင်း လူအုပ်စုသည် ဘေးဘက် ခန်းမဆောင်ကို ဖြတ်ကျော်ကာ အတွင်းခန်းမဆောင်သို့ ဝင်ရောက်သွားကြလေသည်။
ဤနေရာသို့ ဝင်ရောက်လိုက်သည်နှင့် လူတိုင်း အသံတိတ်သွားကြပြီး လေထုမှာ ပိုမို တင်းမာလာလေ၏။
ရှေ့မှ လျှောက်သွားနေသော စီနီယာအစ်ကို ဟွမ်သည် အခန်းတစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး တံခါးပေါ်ရှိကြေးကွင်းကို သုံးချက် ညင်သာစွာ ခေါက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
"ဆရာ၊ ဂိုဏ်းဝင်သစ် တပည့်တွေကို ခေါ်လာခဲ့ပါပြီ"
အသံထွက်ပေါ်ပြီးနောက် ထွက်သက်ဝင်သက် သုံးကြိမ်ခန့် ကြာသောအခါ အခန်းတွင်းမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ဝင်ခဲ့လေ"
ကြေးဝါတံခါးမှာ ကျွီခနဲ ပွင့်လာပြီး အဟဟလေး ပေါ်လာလေသည်။ ထိုအဟဟမှနေ၍ အဖြူရောင် မြူခိုးတစ်မျှင် ထွက်ပေါ်လာရာ အဝင်ဝရှိ လူများသည် မသိစိတ်မှပင် လေကို တစ်ချက် ရှူရှိုက်လိုက်မိကြပြီး သူတို့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီ လည်ပတ်မှုမှာ ရုတ်တရက် အဆပေါင်းများစွာ မြန်ဆန်သွားသည်ကို တွေ့ရှိလိုက်ကြရသည်။
ဤမျှ သိပ်သည်းလှသော ဝိညာဉ်ချီပါတကား။
အခန်း ၇၆ - ဆရာတင်ခြင်း
မီးခိုးပြာရောင် သုတ်လိမ်းခြယ်သထားသော အခန်းအတွင်း၌ ပန်းချီကားချပ် အမျိုးမျိုးဖြင့် ပြည့်နှက်နေလေသည်။
ထိုပန်းချီကားများထဲတွင် ကျက်သရေရှိလှသော နတ်မိမယ်များ၊ တောက်ပသော အလင်းရောင်များကြားတွင် ကျက်စားနေကြသည့် နတ်သားရဲများနှင့် အရင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော ထူးဆန်းသည့် မသေမျိုးအက္ခရာများကို ရေးဆွဲထားပေသည်။
ပန်းချီကားချပ် တစ်ခုချင်းစီတိုင်းမှ စိတ်ဝိညာဉ်ချီ လှိုင်းဂယက်များဖြာထွက်နေပြီး အကယ်၍ တစ်စုံတစ်ယောက်က ကြာရှည်စွာ စူးစိုက်ကြည့်နေမိပါက ပန်းချီကားထဲမှ အရာများသည် အသက်ဝင်လာကာ ကြည့်ရှုသူ၏ စိတ်ကို လွှမ်းမိုးသွားပြီး စိတ်ဖောက်ပြန်ရူးသွပ်သွားစေနိုင်သည့် အန္တရာယ်ပင် ရှိလေ၏။
အခန်း၏ အလယ်ဗဟို၌အနက်ရောင် တရားထိုင်အခင်းတစ်ခု ရှိပြီး ထိုအပေါ်တွင် ရေပြာရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ထိုင်နေလေသည်။
လူအုပ်စု ဝင်ရောက်လာချိန်တွင် ထိုအဘိုးအိုသည် မျက်လုံးများကို ဖွင့်ကာ လှမ်းကြည့်လာလေ၏။
"ငါးယောက်တည်းလား"
အဘိုးအို၏ အသံမှာ အနည်းငယ် အက်ကွဲနေသော်လည်း သေချာစွာ နားထောင်ကြည့်လျှင် လူအများအပြားတစ်ပြိုင်နက်တည်း စကားပြောနေသကဲ့သို့ ထူးခြားသော ခံစားချက်ကို ပေးစွမ်းနေလေသည်။
အုတ်မြစ်တည်ဆောက်ခြင်း မသေမျိုးကျင့်ကြံသူပင်။
မည်သူမျှ နှုတ်မှ ထုတ်မပြောကြသော်လည်း အဘိုးအိုကို မြင်လိုက်ရသည့် ခဏတွင် လူတိုင်းသည် မသိစိတ်မှပင် အသက်ရှူအောင့်ထားလိုက်မိကြ၏။ ဤစွမ်းအင်အရှိန်အဝါမျိုးသည် ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ဦး လုံးဝ မပိုင်ဆိုင်နိုင်သောအရာ ဖြစ်ပေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် လည်ပတ်နေသော တာအိုစည်းချက်မှာ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးသာ ပိုင်ဆိုင်နိုင်သောအရာ ဖြစ်ပြီး၊ သူ၏ထံမှ ခံစားရသော ရှေးကျသည့် အငွေ့အသက်မှာ အချိန်ကာလများစွာ ဖြတ်သန်းလာမှုကြောင့် ဖြစ်ပေါ်လာသောထင်ယောင်ထင်မှားဖြစ်မှုတစ်ခု ဖြစ်လေသည်။
"ဦးလေးချန်ဖုန်း လှည့်စားပြီး ခေါ်သွားတဲ့လူတချို့လည်း ရှိသေးတယ်"
ဟွမ်ပုထုန်စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏စကားသံမှာ ဖြတ်တောက်ခံလိုက်ရပြီး အခန်းတွင်းရှိ အဘိုးအိုမှာလည်း မျက်လုံးများကို ပြန်လည် မှိတ်ထားလိုက်ပြီ ဖြစ်သည်။
"ထားလိုက်တော့၊ သူတို့ကို တာအိုကျောင်းတော်ဆီ တိုက်ရိုက်သာ ခေါ်သွားလိုက်။ ပြီးတော့ ဝမ်ချုံး ကို သူတို့အတွက် ဂိုဏ်းဝင်ပစ္စည်းတွေ ထုတ်ပေးခိုင်းလိုက်"
"ဟုတ်ကဲ့ပါ"
ဟူချိုးတောက်နှင့် ဟွမ်ပုထုန်တို့ နှစ်ဦးသည် ပြိုင်တူပြန်လည်ဖြေကြားလိုက်ကြပြီး ရိုသေစွာ အရိုအသေပေးပြီးနောက် ချန်လော့နှင့် အခြားသူများကို အခန်းပြင်သို့ ခေါ်ဆောင်သွားကြလေ၏။
ဆရာတင်ခြင်းဆိုသော ကိစ္စရပ်မှာ ဤသို့ဖြင့် ကမန်းကတန်း ပြီးဆုံးသွားခဲ့ပြီး၊ ဆရာဖြစ်သူက သူတို့ကိုသေချာစွာပင် အကဲခတ်ကြည့်ရှုခြင်း မရှိခဲ့ပေ။
အနောက်မှ လိုက်ပါလာကြသော အသစ်ဝင်ရောက်လာသည့် တပည့်ငါးဦးမှာမူ ဝေခွဲမရဖြစ်ကာ ကြောင်တောင်တောင် ဖြစ်နေကြလေ၏။
လျှို့ဝှက်ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် ကြေးဝါတံခါးကြီးမှာ တဖြည်းဖြည်း ပိတ်သွားလေသည်။ ချန်လော့သည် မော့ကြည့်လိုက်ပြီး တံခါးကြားမှတစ်ဆင့် အတွင်းသို့ ခိုးကြည့်လိုက်၏။
အခန်းတွင်းရှိ အဘိုးအိုမှာ မြူခိုးများကြားတွင် လုံးဝ ဖုံးလွှမ်းခံနေရလေပြီ။ လှည့်ပတ်နေသော မြူခိုးများကြားတွင် ကျက်သရေရှိလှသော နတ်မိမယ်တစ်ဦးကခုန်နေသည်ကို မြင်လိုက်ရသကဲ့သို့ ရှိပြီးနောက်၊သွေးသံရဲရဲဖြင့် ဓားကို ကိုင်ဆောင်ထားသော အသားသတ်သမားတစ်ဦးကို မြင်ယောင်လိုက်ရလေသည်။
'နှလုံးသားမိစ္ဆာ'
သူ၏ စိတ်အာရုံထဲရှိ ခြောက်သွေ့နေသော အလောင်းကောင်၏ ဦးနှောက်ထံမှ အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူ၏ ယခင်ဘဝက နက်ရှိုင်းလှသော စွဲလမ်းမှုတစ်ခု ဖြစ်ပေသည်။
ချန်လော့ ပထမဆုံး ကြုံတွေ့ခဲ့ရသော သိုင်းလောက ဧည့်သည်၏ ဦးနှောက်က ခန္ဓာကိုယ်ကြံ့ခိုင်စေသော ဆေးဖော်စပ်နည်းကို မှတ်မိနေသကဲ့သို့ပင် ဖြစ်ပေသည်။
"သွားကြမယ်။ အခု ဆရာနဲ့လည်း တွေ့ပြီးပြီဆိုတော့ မင်းတို့ရဲ့ ဂိုဏ်းဝင်တဲ့ကိစ္စ ပြီးသွားပြီ"
တံခါးအပြင်ဘက်သို့ ရောက်ရှိပြီးနောက် ဟူချိုးတောက်နှင့် ဟွမ်ပုထုန်တို့သည် သူတို့၏ ကျောပြင်များကို ပြန်လည် မတ်မတ်ထားလိုက်ကြလေ၏။
"ထူးဆန်းတယ်လို့ မထင်ကြနဲ့။ ငါတို့ဆရာ အဲဒီအကြီးအကဲက အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ၊ သက်တမ်း ငါးရာအထိ နေနိုင်တဲ့ မသေမျိုးဆရာသခင် တစ်ပါးပဲ။ သူက ငါတို့နဲ့ ကမ္ဘာတစ်ခုတည်းမှာ နေတဲ့သူမှ မဟုတ်တာ။ ငါတို့တွေ ချီသန့်စင်ခြင်း ပြီးပြည့်စုံတဲ့အဆင့် အထိ ကျင့်ကြံနိုင်ရင်တောင်မှ ကံကောင်းတဲ့အခွင့်အရေးမျိုး မရရင် အလွန်ဆုံး အသက်တစ်ရာ့ငါးဆယ်လောက်ပဲ နေရမှာ။ ဂိုဏ်းထဲမှာ ငါတို့ ဖြတ်သန်းရမယ့် အချိန်က အဲဒီထက်တောင် ပိုတိုတောင်းသေးတယ်။ နှစ်တွေတစ်လျှောက်လုံး ဆရာက တပည့်တွေ မရေမတွက်နိုင်အောင် လက်ခံခဲ့သလို၊ အဲဒီလောက်များတဲ့ တပည့်တွေကိုလည်း ပြန်လည် နှုတ်ဆက် ခွဲခွာခဲ့ရတာပဲ"
ဟွမ်ပုထုန်သည် သူ၏စကားကို အဆုံးတိုင်အောင် မပြောခဲ့ပေ။ သို့သော် သူဆိုလိုသော အဓိပ္ပာယ်ကို လူတိုင်း နားလည်လိုက်ကြ၏။
ဤဝူတောက်တောင်ထိပ်၏ တောင်သခင်သည် လုံးဝ အေးစက်ပြီး နှလုံးသားမဲ့နေသူတော့ မဟုတ်ပေ။ သူသည် သေရေးရှင်ရေးများကို များပြားစွာ ဖြတ်သန်း မြင်တွေ့ခဲ့ရပြီး ဖြစ်၍ ထိုကဲ့သို့သော ကိစ္စရပ်များတွင် အချိန်ဖြုန်းရန် ဆန္ဒမရှိတော့ခြင်းသာ ဖြစ်ပေသည်။
အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး၏ အမြင်ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤကဲ့သို့သော စိတ်နေသဘောထားကို နားလည်ရန် လွယ်ကူလှပေသည်။
နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းသည် နှစ်စဉ် တပည့်သစ်များကို လက်ခံလေ၏။ ဆက်လက် မနေထိုင်နိုင်သော တပည့်များသည် ဤနေရာ၌ နှစ်နှစ်၊ သုံးနှစ်ခန့်သာ နေထိုင်ကြရပြီးနောက် လူသစ်များ ထပ်မံ ဝင်ရောက်လာကြပြန်သည်။
လာလိုက် သွားလိုက်နှင့် နောက်ဆုံးတွင် သူတို့အားလုံးသည် ခရီးသွားဧည့်သည်များသာ ဖြစ်သွားကြ၏။ ဆက်လက် မနေထိုင်နိုင်သူများကို မှတ်မိနေခြင်းက မည်သည့်အဓိပ္ပာယ်မျှ မရှိပေ။
တောင်ပေါ်ရှိ လူများ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာချိန်တွင် အပြင်ဘက်ရှိ လူများမှာ သေဆုံးပျောက်ကွယ်သွားပြီပင် ဖြစ်နိုင်လေသည်။
ထိုနှစ်ဦးနောက်မှလိုက်၍ ကျင့်ကြံခြင်း ခန်းမဆောင်မှ ထွက်လာပြီးနောက် ဟူချိုးတောက်မှာ ထွက်ခွာသွားလေသည်။ သူ၏ တာဝန်မှာ ပြီးဆုံးသွားပြီ ဖြစ်ရာ ကျန်ရှိသည်များမှာ ဟွမ်ပုထုန်၏ ကိစ္စသာ ဖြစ်တော့သည်။
ဤစီနီယာအစ်ကို ဟွမ်မှာ ဟူချိုးတောက်နှင့် မတူဘဲ စကားပြော အလွန်နည်းပါးလှ၏။ သူ၏ လက်ထဲရှိ ကျားခေါင်းရုပ်သေးရုပ်ကို ဖယ်ထားလိုက်မည်ဆိုလျှင် သူ၏ အသွင်အပြင်မှာ တိတ်ဆိတ်ငြိမ်သက်သော ရသေ့ရဟန်းကျင့်ကြံသူတစ်ဦးနှင့် တူလှပေသည်။
"စီနီယာအစ်ကို ဟွမ်၊ ကျွန်မတို့ ဝူတောက်တောင်ထိပ်ရဲ့ လေထုက အမြဲတမ်း ဒီလိုပဲလားဟင်"
အမျိုးသမီးကျင့်ကြံသူ ဟွမ်ယင်းက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။ လမ်းတစ်လျှောက်တွင် ချန်လော့သည် ဤအမျိုးသမီးတပည့်၏ အမည်ကို သိရှိခဲ့ပြီး ဖြစ်သည်။
သူမနှင့်အတူ ပါလာသော အမျိုးသားကျင့်ကြံသူ သုံးဦး၏ အမည်များမှာ ဖူအန်း၊ ရွှင်ရှန်း နှင့် ယောင်ကျန်းဟိုင် တို့ ဖြစ်ကြသည်။
သူတို့ အနည်းငယ်မှာ ပျံသန်းလှေပေါ်တွင် ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပြီး လေခွင်းကြိုးကြာနတ်ငှက် လှည့်စားခေါ်ဆောင်သွားခံရသူများ အပါအဝင် သူတို့အားလုံးမှာ အတူတကွ ရှိခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည်လည်း ရှဲ့နိုင်ငံ တစ်နိုင်ငံတည်းသားများ မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သင့်သော်လည်း ယခုလို အခြေအနေသို့ရောက်ရှိလာချိန်တွင် ဤပဲ့လွယ်ကွဲလွယ်သော မဟာမိတ်အဖွဲ့မှာ လက်တွေ့၌ ပျက်စီးသွားပြီပင် ဖြစ်လေသည်။
"နောင်တရနေပြီလား"
ဟွမ်ပုထုန်သည် လှည့်မကြည့်ခဲ့ပေ။ သူ၏ ညာလက်ထဲရှိ ကျားခေါင်းရုပ်သေးရုပ်ကသာ စကားပြောလိုက်ခြင်း ဖြစ်သည်။
ယခုအခါ လူတိုင်းသည် ဤအရာကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ဤစီနီယာအစ်ကို ဟွမ်သည် သူ၏ ကျင့်ကြံခြင်းတွင် အမှားအယွင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဤကျားခေါင်းရုပ်သေးရုပ်မှာလည်း သူ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နေပေသည်။
"ငါတို့ရဲ့ ဝူတောက်တောင်ထိပ်က တကယ်တော့ တော်တော်လေး ကောင်းပါတယ်။ ဘေးဘက်က ယွီရှို့တောင်ထိပ်ရဲ့ လေထုကတော့ တကယ်ကို ဆိုးရွားတာ။သူတို့တွေ နေ့တိုင်း ဝိညာဉ်ဥယျာဉ်ထဲမှာ ဝိညာဉ်သားရဲချေးတွေကို ကျောက်ပြားနဲ့ ကော်ထုတ်နေရတာ။ သူတို့ဆီက ထွက်တဲ့ အနံ့ကတော့... ကျွတ် ကျွတ်"
ကျားခေါင်းရုပ်သေးရုပ်သည် သူတို့၏ အဖြေကို မစောင့်ဘဲ သူချည်းသက်သက် ဆက်လက်ပြောဆိုနေလေသည်။
"တခြားတောင်ထိပ်တွေလည်း ဒီလိုပါပဲ။ အစပိုင်းအဆင့်က ဘယ်တော့မှမလွယ်ကူဘူး။ တကယ်တော့ ကျင့်ကြံခြင်းဆိုတာ ကိုယ်တိုင်က ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရတာပဲလေ။ တာအိုကို နားလည်သဘောပေါက်ပြီး မသေမျိုးဖြစ်လာဖို့ဆိုတာ ဘယ်လိုလုပ် ချောချောမွေ့မွေ့ ဖြစ်နိုင်မှာလဲ"
ကျင့်ကြံခြင်းအကြောင်းကို ပြောဆိုသည့်အခါ ကျားခေါင်းရုပ်သေးရုပ်မှာလည်း များစွာ ပိုမို လေးနက်လာလေ၏။ ထိုသို့ စကားပြောဆိုရင်း လူအုပ်စုသည် အခြားသော ဘေးဘက်ခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာကြသည်။
ဒေါက် ဒေါက် ဒေါက်
ဟွမ်ပုထုန်သည် ကြီးမားသော တံခါးကြီးကို အားပြင်းပြင်းဖြင့် ခေါက်လိုက်လေ၏။ သူ၏ အမူအရာမှာ ယခင်က မသေမျိုးဆရာသခင် ဝူဝေ နှင့် တွေ့ဆုံစဉ်ကနှင့် လုံးဝ ကွာခြားနေလေသည်။
ဂျလောက်
အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သစ်သားတံခါးကြီး ပွင့်လာလေ၏။ တံခါးနောက်ကွယ် ဘယ်ဘက်အခြမ်း၌ မီတာနှစ်ကျော်ခန့် အရပ်ရှည်သော သစ်သားရုပ်သေးရုပ်တစ်ခုသည် တံခါးမင်းတုတ်ကို ကိုင်ဆောင်ထားလေသည်။
ခုနက တံခါးကို ဖွင့်ပေးလိုက်သည်မှာ ၎င်းပင် ဖြစ်လေ၏။
"တုံ့ပြန်တာ အရမ်းနှေးလွန်းတယ်။ အစောကြီး မဟုတ်ရင်တောင် တစ်နေ့ကျရင် မင်းကို ငါ အစားထိုးပစ်မယ်"
ဟွမ်ပုထုန်သည် သစ်သားရုပ်သေးရုပ်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လူအုပ်စုကို ခေါ်ဆောင်ကာ အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဘေးဘက်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားသောအခါ အတွင်းဘက်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားလေ၏။ အပြင်ဘက်မှ ကြည့်လျှင် သိပ်မကြီးမားလှသော ဘေးဘက်ခန်းမဆောင်သည် လက်တွေ့တွင် အတွင်းဘက်၌ သီးသန့်ကမ္ဘာလေးတစ်ခု ဖြစ်နေလေသည်။
ပတ်ပတ်လည်ရှိ နံရံများတွင် သိပ်သည်းလှသော မသေမျိုးအက္ခရာများဖြင့် ဖုံးလွှမ်းနေပြီး ကောက်ကွေ့သောမျဉ်းကြောင်းများဖြင့် အပြန်အလှန် ချိတ်ဆက်ထားကာ အားလုံးပေါင်းစပ်လိုက်သောအခါ ဧရာမအစီအရင် ပုံစံကြီးတစ်ခု ဖြစ်ပေါ်နေလေသည်။
ချန်လော့၏ လက်ရှိစွမ်းအင်ဖြင့်ဆိုလျှင် ဤပုံစံသည် အစီအရင်တစ်ခုနှင့် သက်ဆိုင်နေကြောင်းကိုသာ ကပ်သီလေးခွဲခြားသိမြင်နိုင်ပြီး ပိုမို နက်နဲသောအရာများကိုမူ သူ နားမလည်နိုင်ပေ။
နှစ်ဖက်စလုံးရှိ စင်များပေါ်တွင် ဆေးဘက်ဝင်အပင်များ၊ သတ္တုရိုင်းများနှင့် အချို့သော အထူးအစိတ်အပိုင်းများ အပါအဝင် အမျိုးမျိုးသော ပစ္စည်းများဖြင့် ပြည့်နှက်နေလေ၏။
"ပစ္စည်းတွေကို ဖြစ်ကတတ်ဆန်း မကိုင်ကြနဲ့၊ ပြီးတော့ ဖြစ်ကတတ်ဆန်းလည်း လိုက်မကြည့်ကြနဲ့။ အန္တရာယ်ရှိတဲ့ အရာတွေကို ကိုင်မိရင် လူသေတတ်တယ်"
ဟွမ်ပုထုန်က ရှေ့မှ လျှောက်သွားရင်း နောက်သို့ လှည့်မကြည့်ဘဲ သတိပေးလိုက်လေ၏။ ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်စုမှာ သူတို့၏ စပ်စုချင်သော အကြည့်များကို ချက်ချင်းပင် ရုပ်သိမ်းလိုက်ကြလေသည်။
ထို့နောက် ဟွမ်ပုထုန်သည် သူတို့ကို ပစ္စည်းစင်များကြားမှတစ်ဆင့် အဆုံးတိုင်အောင် ခေါ်ဆောင်သွားပြီး တံခါးငယ်တစ်ခုကို ဖြတ်ကျော်ပြီးနောက် အခြားလူများ တဖြည်းဖြည်း ပေါ်လာလေသည်။
"စီနီယာအစ်ကို ဟွမ်၊ လူသစ်တွေ ထပ်ခေါ်လာပြန်ပြီလား"
ထိုသူများသည် ဟွမ်ပုထုန်အား သိကျွမ်းပုံရပြီး သူ့ကို နှုတ်ဆက်ကြလေသည်။ ဟွမ်ပုထုန်သည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းသာ ညိတ်ပြလိုက်သော်လည်း ကျားခေါင်းရုပ်သေးရုပ်မှာမူ အထူးပင် တက်ကြွနေပြီး တွေ့သမျှလူတိုင်းကို စကားတစ်ခွန်းစီ လိုက်ပြောနေလေ၏။
"ဂျူနီယာညီမလေး လီ ပါလား။ ရက်အနည်းငယ်လောက်အတွင်းမှာ မင်း ပိုကြီးလာသလိုပဲ"
"ဂျူနီယာညီလေး ဆွန်၊ မင်းက ဘာလို့ ထပ်ပြီး သန်မာလာရပြန်တာလဲ။ ငါ့အမြင်တော့ မင်း တောင်ထိပ်ရွေးတာ မှားသွားပြီ၊ မင်းက ရှန်းဟော်တောင်ထိပ်ကို သွားပြီး ပန်းဘဲဆရာ လုပ်သင့်တာ"
"အိုး... စီနီယာအစ်ကို ကျိုး၊ ခင်ဗျား တောင်ပေါ်ကနေ မထွက်ရသေးဘူးပဲ"
အခြားသော အခန်းငယ်နှစ်ခုကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် သူတို့၏ ခရီးဆုံးသို့ ရောက်ရှိသွားကြလေ၏။ ဤနေရာတွင် တပည့်များ အများဆုံးရှိနေသော နေရာဖြစ်ပြီး တည့်တည့်ရှိ နံရံပေါ်တွင် ပြတင်းပေါက်ငယ်တစ်ခု ရှိလေသည်။
အတွင်းဘက်၌ ဆံပင်များ မီးခိုးရောင် သန်းနေသောပိန်ချုံးနေသည့် အဘိုးအိုတစ်ဦး ထိုင်နေလေ၏။ ထိုအဘိုးအိုသည် လွှဲကုလားထိုင်ပေါ်တွင် ဇိမ်ကျကျလွှဲနေကာ သက်ကြီးဝါရင့် အကြီးအကဲတစ်ဦးနှင့် တူလှပေသည်။
ဤနေရာသို့ လာရောက်ကြသော တပည့်များအားလုံးသည် အသံကို နှိမ့်၍ ထိုအဘိုးအိုအား ရိုသေစွာ စကားပြောဆိုကြလေသည်။
"သွား သွား မင်းက ငါ့ဆီကနေ အခွင့်အရေး ယူချင်နေတာပဲ။ မြန်မြန် ထွက်သွားစမ်း"
လူအုပ်စု အနီးသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် သေးကွေးသော အဘိုးအို၏ စိတ်တိုလွယ်သော အသံကို ကြားလိုက်ကြရ၏။ ဆူပူကြိမ်းမောင်းခံလိုက်ရသော တပည့်တစ်ဦးမှာ မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။
ဟွမ်ပုထုန်နှင့် အခြားသူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူသည် မိမိ၏ မကျေနပ်မှုကို မြိုသိပ်ထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ တောင်းပန်စကားဆိုကာ ခေါင်းငုံ့၍ ထွက်ခွာသွားတော့သည်။