← Chapters

လာနောက်နေတာလား

Vol. 9 Ch. 801

လာနောက်နေတာလား

Vol. 9 Ch. 801

ပိုင်ဟောက်မှာ စိတ်ထဲနက်နက်နဲနဲ ခံစားလိုက်ရပြီး တစ်ခုခုပြောလိုသည့်အလား သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်ခါလာသည့်တိုင် ပြောစရာစကား ရှာမရပေ။ သို့သော် ပိုင်ရှောင်ချန်းက သူ့ကို သိချင်စိတ်ပြင်းပြစွာ ကြည့်နေပြီး ထပ်မအောင့်ထားနိုင်တော့ဘဲ မေးခွန်းတစ်ခု မေးလိုက်သည်။

" ဟေးး အဲဒီ ဘုံဝါဒအစီအစဥ်က တော်တော်လေးအလုပ်ဖြစ်တယ်။ အဲဒီအကြံကို မင်း ပြောကတည်းက မင်းက ပိုင်မျိုးနွယ်စုရဲ့ မျိုးမစစ်သားတစ်ယောက်မလို့ တွေးမိတာလားလို့ ငါသိချင်နေတာ"

" ဟမ် "

ပိုင်ဟောက်မှာ အတော်လေး ရှိုးတို့ရှန့်တန့်ဖြစ်သွားသည်။ သူ့ဆရာမှာ အပြောင်းအလဲ မြန်လွန်းလှသည်။ တခဏအကြာက သူက တန်ခိုးအရှိန်အဝါကြီးမားစွာဖြင့် သူရဲကောင်းဆန်ဆန် ပြုမူနေခဲ့ပြီးနောက် ယခုတွင် ရှက်စရာကောင်းသော မေးခွန်းများကို မေးသည့်ဘက်သို့ ရောက်သွားလေသည်။

သူ့ဆရာ မည်မျှ သိချင်နေပုံပေါ်သည်ကို မြင်ပြီးနောက် ပိုင်ဟောက်က တခဏမျှ တုံ့ဆိုင်းနေပြီး ခေါင်းညိတ်ပြလိုက်သည်။

ပိုင်ရှောင်ချန်းက သူ့တပည့် အမှန်ဝန်ခံသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီးနောက် လက်လှမ်း၍ သူ့ဆံပင်များကို နောက်တစ်ကြိမ် ထိုးဖွလိုက်သည်။

" သခင်မချိုင်က မင်းကို ဘာလို့ရှင်းထုတ်ချင်ရတာလဲဆိုတာ အခုမှပဲ အဓိပ္ပါယ်ရှိသွားပြီ။ အဲဒီအကြံက တကယ့်ကို ရက်စက်တာပဲကွ "

" အဲ "

ပိုင်ဟောက်မှာ တကယ်ပင် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။

ပိုင်ရှောင်ချန်းတွင် မေးချင်သည့် နောက်ထပ် မေးခွန်းများရှိသော်လည်း မမေးနိုင်ခင်မှာပင် သူ၏ အမူအရာပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ သူရှိရာဘက်သို့ တဟုန်ထိုးပျံသန်းလာသည့် အနီရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရလေသည်။

၄င်းက ချဥ်းကပ်လာဆဲမှာပင် အသံတစ်သံ စစ်ဆေးရေးစံအိမ်ထဲ ပြည့်နှက်သွားတော့သည်။

" ပိုင်ဟောက်၊ အရှက်မရှိတဲ့ ပေါက်လို့ပဲစားကောင်၊ နင့်ကို ငါ သတ်မယ် "

ထိုအသံမှာ မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်။ မကြာမီ သူမသည် ကြက်သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဒေါသကြောင့် ရှုံ့တွနေသော မျက်နှာလေးရှုံ့တွလျက် မြင်ကွင်းထဲပေါ်လာလေသည်။ သူမသည်ကား သခင်မလေးဟုန်ချိန်ဖြစ်သည့် ကျိုးကျစ်မိုမှ လွဲ၍ တခြားသူ မဟုတ်ပေ။

ယခင်က ကျိုးကျစ်မိုသည် အစောပိုင်းနတ်အဆင့်မှ ဖောက်ထွက်ရန် ကြိုးစားရင်း တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် ဘုံဝါဒကြောင့် ဖြစ်ပေါ်လာသည့် ရုန့်ရင်းဆန်ခတ်မှုများကို မသိခဲ့ပေ။

လွန်ခဲ့သော အချိန်အနည်းငယ်က သူမမှာ အဆင့်တက်ရန်ကြိုးစားရာတွင် မအောင်မြင်သောကြောင့် စိတ်ပျက်လက်ပျက်နှင့် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့လေသည်။ ထို့ပြင် မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း မသေချာသော်လည်း သူမ၏ အတွေးများမှာ လေးတိလေးပင် ဖြစ်နေပြီး မပြတ်မသားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အဆင့်တက်ရန် မအောင်မြင်ခြင်းကြောင့်သာ ဖြစ်ကြောင်း တွေးလိုက်ရင်း ထိုကိစ္စကို စိတ်ပူမနေရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ဘုံဝါဒအကြောင်း သူမ ကြားသိခဲ့ရပြီး ချက်ချင်း ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

သူမက ပိုင်ရှောင်ချန်းကို ရွံရှာမုန်းတီးနေခဲ့သည်ဖြစ်ပြီး သူတို့အကြားရှိ နားလည်မှုလွဲမှားေသာ ပြဿနာအချို့အား ဖြေရှင်းခဲ့ပြီး ဖြစ်သည့်တိုင် သူ့ကို မုန်းတီးနေဆဲပင်။ အထူးသဖြင့် စစ်ဆေးရေးအရာရှိမင်းအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် သရဲကြီးဘုရင်အား ချောင်ထိုးထားခဲ့သည်ကို စဥ်းစားလိုက်မိသည်တွင် ပိုဆိုးလေသည်။

ထို့နောက် ယခု ဘုံဝါဒ ပြဿနာ။ အခြားအခြေအနေအချိန်အခါများတွင် သခင်မလေးဟုန်ချိန်သည် အခြေအနေ၏ အပေါ်ယံကို ဖောက်ထွင်း၍ မြင်နိုင်မည်ဖြစ်သော်လည်း ယခုအချိန်တွင် သူမမှာ ရှင်းရှင်းလင်းလင်း မတွေးတောမိပေ။ လက်ရှိအခြေအနေတွင် သူမမှာ ခေါင်းမာပြီး တဇွတ်ထိုးလုပ်လိုစိတ်များဖြစ်နေသောကြောင့် ထိုအခြင်းအရာအတွက် စဥ်းစားတွေးခေါ်ရန် အချိန်ပင် မယူဘဲ လေပေါ်ပျံတက်လိုက်သည်။ လမ်းတစ်လျှောက်လုံး သရဲကြီးဘုရင်က သူမကို စာများပို့နေသော်လည်း သူမက ပိုင်ရှောင်ချန်းကို သင်ခန်းစာပေးရန်သာ စိတ်ထဲရှိနေသဖြင့် ထိုစာများကို လျစ်လျူရှုထားလေသည်။

ပိုင်ရှောင်ချန်းမှာ လန့်ဖျန့်သွား၏။ အစက သူ့ကို ဖမ်းရန် မဟာကောင်းကင်သခင်က လူများစေလွှတ်လိုက်သည်ဟု ထင်ခဲ့သည်။ အချိန်အတော်ကြာ မတွေ့ခဲ့ရသည့် သခင်မလေးဟုန်ချိန်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးခဲ့ဖူးပေ။ နောက်ဆုတ်ရင်း သူက ရှင်းပြရန် ကြိုးစားလိုက်သည်။

" ကျစ်မို၊ ငါ ပြောတာ မင်းနားထောင်…. "

" ပါးစပ်ပိတ်ထား "

သူမက ဒေါသတကြီး အော်ငေါက်လိုက်သည်။ စစ်ဆေးရေးစံအိမ်ထဲ ဆင်းသက်ရင်း သူမက ပိုင်ရှောင်ချန်းကို စွပ်စွပ်စွဲစွဲ လက်ညှိုးထိုးကာ ဆက်ပြော၏။

" နင် ကျေးဇူးမသိတတ်တဲ့ ခွေးကောင် ။ အဲဒီ ဘုံဝါဒကြေညာချက်ရဲ့ နောက်ကွယ်ကလူက နင် မလား "

သူမထံမှ နတ်အဆင့်အခိုးအငွေ့များ တလိပ်လိပ်ထွက်လာပြီး အနီရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် ပိုင်ရှောင်ချန်းထံ ပြေးဝင်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်ကို ကပျာကယာ ပြန်ထည့်ရင်း အလင်းတန်းကို ရှောင်ပြီး ပြောလိုက်သည်။

" နားထောင်၊ ငါ ရှင်း.... "

သို့သော် သူ ဘာမှ ဆက်မပြောနိုင်ခင်မှာပင် သခင်မလေးဟုန်ချိန်က ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

သူမက အစောပိုင်းနတ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး အားကုန်တိုက်ခိုက်နေသည့်အတွက် ပိုင်ရှောင်ချန်းမှာ သူမနှင့် ပြိုင်ဘက်မဟုတ်ပေ။ ယနေ့တွင် သူ ထာဝရဧကရာဇ်လက်သီးကို နှစ်ခါသုံးခဲ့ပြီးဖြစ်ကြောင်း ထည့်တွက်လိုက်လျှင် ပိုမှန်လိမ့်မည်။ သူက အပြင်ပန်းတွင် အဆင်ပြေ​နေဟန်တူသော်လည်း အမှန်တကယ်တွင် ပြန်လည်သက်သာရန် အချိန်များထပ်မံ လိုအပ်နေသည်။

သခင်မလေးဟုန်ချိန်မှာ သူရှောင်တိမ်းနေသောကြောင် အလွန်စိတ်တိုလာတော့သည်။ ထို့နောက် သူမက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး မှော်ပစ္စည်းတစ်ခုဖြစ်သည့် အနီရောင်ကြာပန်းကို ဆင့်ခေါ်လိုက်ရာ ၄င်းသည် လျင်မြန်စွာ လည်ပတ်လာပြီး အရပ်မျက်နှာတစ်ခွင်သို့ အလင်းစူးစူးများ ဖြာထွက်လာလေသည်။

ထစ်ခြုန်းသံများ လေထဲတွင် ပြည့်နှက်လာသဖြင့် ပိုင်ရှောင်ချန်းမှာ နောက်သို့ ထပ်ဆုတ်လိုက်သည်။ သခင်မလေးဟုန်ချိန်က သူ့ကို အားအင်အပြည့်တိုက်ခိုက်နေပြီး သူ့ကို ရှင်းပြခွင့်ပင် မပေးသည့်အချက်က သူ့ကို ဝုန်းခနဲ ဒေါသထွက်လာစေတော့သည်။

" သောက်ရူးအဖွားကြီး၊ ငါ့လို စစ်ဆေးရေးအရာရှိမင်းက မင်းကို ကြောက်မယ်ထင်နေတာလား "

သူတစ်ချက်တွေးလိုက်သည်နှင့် သူ၏အလောင်းတပ်သားများအားလုံး ခေါင်းမော့လာကြပြီး သတ်ဖြတ်လိုသည့်အရှိန်အဝါများ ထုတ်လွှတ်လာတော့သည်။ သူတို့ထဲရှိတစ်ယောက်မှ မတိုက်ခိုက်လာသော်လည်း ငွေရောင်ချပ်ဝတ်တန်ဆာအလောင်းတပ်သားက နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ စွမ်းအားများ တဟုန်းဟုန်းတောက်လောင်နေလျက် ရှေ့တက်လာသည်။ တခဏကြာသော် နတ်တစ်ပိုင်းအဆင့်၏အထွတ်အထိပ် အနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားသည်လည်း ရှေ့တက်လာသည်။

အလောင်းတပ်သားနှစ်ဦးက သခင်မလေးဟုန်ချိန်ကို တိုက်ခိုက်လာကြပြီး သူမက သူမ၏ အနီရောင်ကြာပန်းကို အသုံံးပြု၍ သူတို့ကို ဖြည်းညင်းစွာ တွန်းထုတ်လိုက်သည်။ သို့သော် အဆင့်တက်ရန် မအောင်မြင်ခြင်း၏ သိသာသော တန်ပြန်သက်ရောက်မှုက ပိုဆိုးသွားဟန်တူပြီး သူမမှာ ရုတ်တရက် ခေါင်းမူးသွားသည်။ သူမက အေးစက်စက်နှာမှုတ်ရင်း လူယုတ်မာပိုင်ဟောက်အား အမှန်တကယ် မသတ်နိုင်တော့သည်ကို စဥ်းစားလိုက်မိသည်။ သို့သော် သူက ကောင်းကောင်းရိုက်နှက်ခံသင့်သော ကျေးဇူးမသိတတ်သည့် မုန်းစရာ ခွေးကောင်ဖြစ်သည်။

အနှီအလောင်းတပ်သားနှစ်ဦးက သာမန်ထက်မည်မျှထူးကဲကြောင်း စဥ်းစားလိုက်ရင်း သူမက နောက်ဆုံးတွင် နောက်ဆုတ်ကာ ထွက်ခွာရန်ပင် ပြင်လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းက အလွယ်တကူ လွှတ်ပေးရန် ဆန္ဒရှိဟန်မတူပေ။

" နေရာယူကြ။ အဲဒီမိန်းမကို လှုပ်လို့မရအောင် ချုပ်လိုက် "

ချက်ချင်းပင် သူ၏ နတ်တစ်ပိုင်းအဆင့် အလောင်းတပ်သားကိုးဦးက အပြင်ဘက်သို့ ပျံထွက်လာပြီး သခင်မလေးဟုန်ချိန်ကို ဝန်းရံလိုက်ကြသည်။ ကျန်တပ်သား ၅၀၀၀သည်လည်း သခင်မလေးဟုန်ချိန် လွတ်မြောက်ရန် မဖြစ်နိုင်စေသည့် ဧရာမပိုက်ကွန်ကြီးသဖွယ် တံဆိပ်အမှတ်အသားတစ်ခုကို ဖန်တီးရင်း ပူးပေါင်းလာကြသည်။

သခင်မလေးဟုန်ချိန်မှာ ချောင်ပိတ်ခံလိုက်ရကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခု ပေါ်လာတော့သည်။ တချိန်တည်းမှာပင် သူမ၏ ပိုင်ရှောင်ချန်းအပေါ် မုန်းတီးခြင်းများသည်လည်း ပို၍ ကြီးထွားလာတော့သည်။ သူမ၏ အနီရောင်ကြာပန်း စွမ်းအားကို ဆင့်ခေါ်ရင်း အလောင်းတပ်သားများအထပ်လိုက်ကို ဖောက်ထွက်ရန် လုပ်လိုက်သည့်တိုင် ထိုအခိုက်အတန့်တွင် သူမ၏မအောင်မြင်သော အဆင့်တက်ရန်ကြိုးစားခြင်းမှ တန်ပြန်သက်ရောက်မှုက ပို၍ ဆိုးရွားလာတော့သည်။ သူမ၏ နတ်ဘုရားအာရုံက သူမ၏တိုက်ခိုက်လိုစိတ်ကို ဆက်လက်ထောက်ပံ့မပေးနိုင်တော့ဟန်တူပြီး သူမ၏ အနီရောင်ကြာပန်းကိုလည်း နှေးကွေးသွားစေသည်။

တခြားအခြေအနေများတွင် ထိုသည်က ပြဿနာကြီးကြီးမားမားဖြစ်မည် မဟုတ်သော်လည်း သူမမှာ စွမ်းအားအကြီးဆုံးအလောင်းတပ်သား နှစ်ဦးကို ရင်ဆိုင်နေရပြီး သူတို့က သူမ၏ အားနည်းချက်ကို ချက်ချင်းသိသွားကြလေသည်။ သူတို့က တိုက်ကွက်တွင် အားထည့်လိုက်ရာ ဝုန်းခနဲအသံများ မြည်ဟည်းသွားပြီး သခင်မလေးဟုန်ချိန်၏ မျက်နှာ သွေးဆုတ်ဖြူရော်လာတော့သည်။ ထိုအချိန်တွင် သူမ၏အတွေးများက ကမောက်ကမ ဖြစ်နေသည့်တိုင် မဆင်မခြင်ဆောင်ရွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ သူမက အဆင့်တက်ရန် ကြိုးစားခဲ့ရာတွင် ရှုံးနိမ့်သွားခဲ့ရာမှ တန်ပြန်သက်ရောက်မှု ခံစားနေရစဥ် ချက်ချင်းပင် ပိုင်ရှောင်ချန်းထံ လာပြီး ပြဿနာမရှာခဲ့သင့်ပေ။

ထိုမျှသာမက ပိုင်ရှောင်ချန်း၏ အလောင်းတပ်သားများ ဤအဆင့်ထိ ရောက်ရှိနေလိမ့်မည်ဟု သူမ မသိခဲ့ပေ။ ထိုမတိုင်ခင်က သူက တပ်သား ၃၀၀၀ကို အုပ်ချုပ်ခဲ့သော်လည်း ယခုတွင် သူ့မှာ တပ်သား ၅၀၀၀ ရှိနေလေပြီ။ ထို့ပြင် ငွေရောင်ချပ်ဝတ်တန်ဆာနှင့်တပ်သားက နတ်အဆင့်သို့ ရောက်ရှိနေလေပြီ။

" ငါ တံခါးပိတ်ကျင့်ကြံနေတုန်း တော်တော်များများ ဖြစ်ပျက်သွားတာပဲ "

သူမက မျက်မှောင်ကြုတ်ရင်းတွေးလိုက်သည်။ သူမက အရုပ်ဆိုးသော မျက်နှာအမူအရာဖြင့် နောက်ဆုတ်လိုက်သော်လည်း သူမထိုသို့ လုပ်လိုက်စဥ် အလောင်းတပ်သား ၅၀၀၀ ဖန်တီးထားသော ပိုက်ကွန်ကြီးက သူမကို တင်းကြပ်စွာ ရစ်ပတ်သွားလေသည်။

ထိုအခိုက်အတန့်သည်ကား ပိုင်ရှောင်ချန်းက လှုပ်ရှားရန် အခွင့်အရေးကို မြင်လိုက်သော အချိန်ဖြစ်သည်။ သူက ရှေ့သို့ ခုန်ပျံသွားရင် ညာလက်ကို လက်သီးဆုပ်အသွင်ပြောင်းကာ သူမရှိရာဘက်သို့ ပစ်သွင်းလိုက်သည်။

" မင်း ဘယ်မှ မသွားရဘူး "

သူက အော်ဟစ်လိုက်သည်။ စွမ်းအားကြီးဆုံးအလောင်းတပ်သားနှစ်ဦးက ကျန်ရှိသော တပ်သား ၅၀၀၀နှင့်အတူ တိုက်ခိုက်လိုက်သောကြောင့် သခင်မလေးဟုန်ချိန်မှာ လုံးဝချောင်ပိတ်သွားပြီး ထိုးဖောက်မပြေးနိုင်တော့ပေ။ သူမ၏ ကျင့်ကြံခြင်းအခြေခံပင်လျှင် ချုပ်နှောင်ခံလိုက်ရ၏။

တခဏလေးပင် ရပ်နားမနေဘဲ ပိုင်ရှောင်ချန်းက သူမ၏လက်မောင်းကို ဖမ်းဆွဲကာ သူမကို မြေပေါ် ဆွဲချလိုက်သည်။ သူတို့နှစ်ယောက်လုံး လဲကျသွားပြီး တိုက်တိုက်ဆိုင်ဆိုင် သူမမှာ ကျောနှင့်ကျသွားပြီး သူက သူမအပေါ်မှာ။ ချက်ချင်းပင် သူသည် သူမ၏ နူးညံ့သော ကောက်ကြောင်းအလှကို ခံစားမိလိုက်ရာ သူ့ရင်ထဲ အပူမီးတောက်တစ်ခု တောက်လောင်လာတော့သည်။ သတိမထားမိလိုက်ဘဲ သူက သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသော နှင်းဆီဖူးလေးပမာ တင်းတင်းစေ့ထားသော နှုတ်ခမ်းနှစ်လွှာဆီသို့ အကြည့်ရောက်သွားလေသည်။

" အတင့်ရဲလိုက်တာ ပိုင်ဟောက် "

သူမ၏ရင်ထဲတွင် နောင်တများ၊ သတိပေးချက်များဖြင့် ဗလောင်ဆူနေရင်း သူ့ကို အော်လိုက်ကာ ရုန်းကန်လိုက်သည်။ သို့သော် သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ အနည်းဆုံး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်မျှ ကြာသည်အထိ ချုပ်နှောင်ခံထားရလေသည်။

သူမ ရုန်းကန်သည်နှင့်အမျှ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်မှာ ခံစားနေရသည့် အထိအတွေ့များအောက်ဝယ် တရွရွဖြစ်လာတော့သည်။ သူမက မည်မျှဆွဲဆောင်မှုရှိသည်ကို သူ တအံ့တဩဖြစ်သွားလျက် အသက်ပြင်းပြင်းရှူလိုက်ရတော့သည်။ သို့သော် အပြင်ပန်းတွင်မူ သူက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

" ငါ့ကို မြူဆွယ်ဖို့ ကြိုးစားမနေနဲ့ "

" နင် "

သူမက ဒေါသတကြီး ပြန်အော်လိုက်သည်။ သူမ၏မျက်နှာကလေးမှာ ရှက်ရွံ့မှုကြောင့် နီရဲနေပြီး သူမ၏မျက်လုံးလေးများက မီးဝင်းဝင်းတောက်နေသည့်အလား ဖြစ်နေသည်။ သို့သော် သူမ ရုန်းကန်နေခြင်းသည် သူမကို ဖမ်းထားသူအပေါ် မည်သို့ သက်ရောက်နေသည်ကိုလည်း မြင်လိုက်ရသောကြောင့် မလှုပ်ရှားဝံ့တော့ပေ။

" ကျစ်မို၊ မင်းဘာသာ ဒီထောင်ချောက်ထဲ တည့်တည့်တိုးဝင်လာတာလေ "

သူက စူးစူးဝါးဝါး ပြောလိုက်သည်။

“ သောက်ကျိုးနည်း၊ မင်း ငါ့အိပ်ရာထဲသွားချင်နေတာလို့ လုံးဝ မပြောလိုက်နဲ့နော် "

" နင့် ပါးစပ်ပိတ်ထား အသုံးမကျတဲ့အကောင်ရဲ့။ ကျေးဇူးကန်းတဲ့ ခွေးကောင်။ လူယုတ်မာကြီး။ ငါ့အဖေ နင့်ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာကို နင်က ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့ "

ဤသည်မှာ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်မလားဆိုသည်ကို ဆုံးဖြတ်ရန် သူက သူမကို စေ့စေ့စပ်စပ်ကြည့်နေရင်း မျက်မှောင်ကြုတ်သွားသည်။ သူ သိ ရသရွေ့ သခင်မလေးဟုန်ချိန်က များသောအားဖြင့် ဤကဲ့သို့ ပြုမူလေ့မရှိပေ။ သူမက ဘုံဝါဒနှင့် ပတ်သက်သည့် အခြေအနေကို မည်သည့်အတွက်ကြောင့် နားဝေတိမ်တောင် ဖြစ်နေရသနည်း။ မအောင့်အီးနိုင်တော့သည့်အဆုံး သူက လက်လှမ်း၍ သူမ၏နဖူးပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

" အဖျားလဲ မရှိပါဘူး။ မင်း တုံးအသွားတာလား။ "

ရုတ်တရက် သူ့မျက်လုံးများ အရောင်လက်သွား၏။

" နေပါဦး။ အဲဒီလူယုတ်မာ သရဲကြီးဘုရင်မှာ တခြားကလေးတွေ ရှိနေသေးတာလား၊ အိုးဟိုး "

သူက မနှစ်မြို့စွာ လျှာသပ်လိုက်ရင်း

" မင်း တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ အမယ်လေး... အဲဒီအဘိုးကြီးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာတုံး "

ထိုအကြောင်း သူ တွေးမိလိုက်သည်နှင့်အမျှ ပို၍ ယုတ္တိရှိလာတော့သည်။

" နင့်ပါးစပ်ပိတ်ထား။ ငါက ငါ့အဖေရဲ့ တစ်ဦးတည်းသော သမီး "

သူမက သူ့ကို ဆက်လက်ကျိန်ဆဲရန် ပြင်လိုက်ဆဲဆဲ ရုတ်တရက် အမှန်ကို သတိထားမိလိုက်သဖြင့် သူမမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

" အမ်၊ ဒါဆို မင်းက လာနောက်နေတာလား "

သူက မေးလိုက်သည်။

" မင်းက တစ်ဦးတည်းသောသမီးဆိုရင် ငါ့အကြံကြောင့် သရဲကြီးဘုရင်က အထိအခိုက် အနည်းဆုံးလူဆိုတာ မင်းမသိဘူးလို့တော့ ငါ့ကို တကယ်ကြီး မယုံခိုင်းနဲ့နော်။ တခြားဘုရင်သုံးပါးမှာ ကလေးတွေ အများကြီးရှိတာဆိုတော့ အခု သူတို့ အားနည်းသွားလိမ့်မယ်။ အချိန်တန်ရင် ငါတို့မိသားစုက သူတို့ကို ပထုတ်လို့ရပြီလေ "

ထို့နောက် ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူသည် သူမကို စမ်းသပ်ရန် 'ငါတို့မိသားစု' ဆိုသည့် အသုံးကို တမင်တကာ သုံးခဲ့ခြင်းဖြစ်သည်။ ဤမိန်းမပျိုသာ ရူးချင်ယောင်ဆောင်ပြီး လာခဲ့သည်ဆိုပါက အနည်းဆုံးတော့ သူ့အနေဖြင့် သူမကို ပြန်လည်ကစားပေးရလိမ့်မည်။

All Chapters