← Chapters

မဟာကောင်းကင်သခင်မှ ဆင့်ခေါ်ခြင်း

Vol. 9 Ch. 802

မဟာကောင်းကင်သခင်မှ ဆင့်ခေါ်ခြင်း

Vol. 9 Ch. 802

" နင့် ပါးစပ်ပိတ်ထား။ ငါတို့ မိသားစုဆိုတာ ဘာသဘောလဲ။ အဲဒါ ငါ့မိသားစုဟဲ့ "

သူမက သူ့ကို စိတ်ဆိုးမာန်ဆိုး မျက်စောင်းကလေးထိုးလျက် ကြည့်နေစဥ် သူမပါးမို့မို့လေးများ ပို၍ နီရဲလာတော့သည်။ သူမ၏အတွေးများ ဖရိုဖရဲ ဖြစ်နေသည့်တိုင် ရင်ထဲတွင် ရှက်ဒေါသများ ဆူပွက်လာသည်ကိုတော့ ခံစားနေရသေးသည်။

ပထမဦးစွာ လက်ရှိအချိန်တွင် သူမက ပိုင်ရှောင်ချန်း၏ ဖိထားခြင်း ခံနေရသဖြင့် ဤကဲ့သို့ အထိတွေ့ခံရနေသည်အား လွန်စွာမကျေမနပ် ဖြစ်နေသည်။ ဒုတိယအနေနှင့် တစ်ခုခုထူးဆန်းနေကြောင်း သူမ သဘောပေါက်လာသည်။ သူမ၏အတွေးအခေါ်များ လွဲမှားနေသည်။ သူမက ပြဿနာတစ်ခုအပေါ် အာရုံစိုက်လိုက်လျှင် ထိုအကြောင်းနှင့်ပတ်သက်၍ ချက်ချင်းဆုံးဖြတ်ချက်ချကာ မည်သို့ပင် ဖြစ်နေပါစေ ထိုဆုံးဖြတ်ချက်အတိုင်း ခေါင်းမာစွာ ပေကပ်နေမိနေသည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲဒီလောက်ရှုပ်ထွေးတဲ့ အခြေအနေလဲ မဟုတ်ဘဲနဲ့။ ဘာတွေဖြစ်နေလဲဆိုတာ ငါဘာလို့ မတွေးနိုင်တာလဲ "

သခင်မလေးဟုန်ချိန်မှာ အမှန်တကယ် သံသယဝင်လာတော့သည်။ သူမ ယခင်က နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့သည့်တစ်လျှောက် ဤကဲ့သို့တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ရုတ်တရက် သူမအဖေ သရဲကြီးဘုရင်က သူမအား ကျင့်ကြံရန် တိုက်တွန်းခဲ့သည့် ကျင့်စဥ်ကို တွေးမိလိုက်သည်။ သို့သော် ထိုကျင့်စဥ်အကြောင်း တွေးလိုက်ရုံနှင့် ရုတ်တရက် သူမအတွေးများ ပို၍ နောက်ကျိသွားပြီး သူမနှလုံးသားမှာ ပို၍တင်းမာလာသည်ကို ခံစားလိုက်ရသည်။

" ဒါ သေချာပေါက် အဖေ့လက်ချက်ပဲ " သူမက အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သူမ၏ ဖီးနစ်ငှက်သဖွယ် မျက်ဝန်းကလေးများကို ကြည့်လိုက်ပြီး ရုတ်တရက် သူ့နှလုံးသားမှာ လက်သေးသေးလေးတစ်ဖက်က ဖမ်းဆုပ်လိုက်သည့်အလား ပြင်းပြသောစိတ်အဟုန်များ ထကြွလာတော့သည်။ သူက သခင်မလေးဟုန်ချိန်၏ခန္ဓာကိုယ်လေးက မည်မျှနူးညံ့လှကြောင်းတွေးတောနေမိရင်း တံတွေးကိုမနည်း မျိုချလိုက်ရလေသည်။ ထိုမျှသာမက သူမ ဒေါသထွက်ချိန်တွင် သူမ၏ပါးလေးနှစ်ဖက် နီမြန်းလာသည်က သူမကို ပုံမှန်ထက်ပို၍ပင် ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနေတော့သည်။

သခင်မလေးဟုန်ချိန်သည် အခြေခံအားဖြင့် လှပချောမောသူလေးဖြစ်ပြီး သူမ တွေဝေပြီး တုံးအအဖြစ်နေသည့်အသွင်အပြင်ကပင် ထိုအလှတရားကို မြှင့်တင်ပေးနေတော့သည်။ ရုတ်တရက် သူ့နှလုံးသား တဒိန်းဒိန်းခုန်လာတော့၏။

သခင်မလေးဟုန်ချိန်နှင့်ပတ်သက်လျှင် ကွဲပြားခြားနားသောအရာတစ်ခုရှိနေသည်။ ဟိုရှောင်မေ့က ဟော့ဟော့ဒိုင်းဒိုင်းပြုမူတတ်ပြီး စုန့်ကျင်းဝမ်က အပြင်ပန်းတွင် နူးညံ့သော်လည်း အန္တရာယ်များသော ဆူးများဖြင့် ပြည့်နေတတ်သူဖြစ်သည်။ သို့သော် သခင်မလေးဟုန်ချိန်မှာတော့ မည်သို့ဖြစ်မည်ကို သိချင်စိတ်ဖြင့် လှမ်း၍ထိတွေ့မိချင်ပါသော လှပချောမွတ်သည့် မြွေမကလေးနှင့် အလားသဏ္ဍာန်တူပေသည်။

" သူက စုန့်ကျင်းဝမ်ထက်တောင် ပိုပြီး မြေခွေးမနဲ့တူတယ် "

သူက ခပ်ဖွဖွ ပင့်သက်ရှိုက်ရင်း တွေးလိုက်သည်။ သူက သူ့ကိုယ်သူထိန်းရန် ချက်ချင်း ကြိုးစားလိုက်သော်လည်း သူမအပေါ်တွင် သူဖိကပ်ထားသည်ကို စဥ်းစားလိုက်လျှင် ခက်ခဲလှသည်။ ထိုမျှသာမက သူမက စောစောကကဲ့သို့ အကြမ်းပတမ်း မရုန်းကန်နေသော်လည်း ဟိုဟိုသည်သည် လှုပ်ရှားနေဆဲဖြစ်ရာ သူ၏ရင်ခုန်နှုန်းကို တရွေ့ရွေ့ မြန်ဆန်လာစေတော့သည်။

" အီး ဘယ်လောက်စွမ်းအားကြီးတဲ့ မိစ္ဆာမှော်ပညာလဲကွာ။ ကဲကွာ ဘာပဲဖြစ်ဖြစ်၊ စွန့်လွှတ်အနစ်နာခံတဲ့ နေရာမှာတော့ မြောင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ငါပိုင်ရှောင်ချန်းထက် သာသွားမှာကိုတော့ ခွင့်မပြုနိုင်ဘူးဟေ့။ ဒီ မိစ္ဆာမကို သူ့နေရာသူသိအောင် လုပ်ပေးရမယ် "

ဖြောင့်မတ်မှန်ကန်သော ရည်ရွယ်ချက်များဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း သူက သူ၏ညာလက်ကို.......သူမ၏ လည်ပင်းရိုးအောက်တည့်တည့်ရှိ ရင်ဘက်ပေါ်တင်လိုက်ပြီး ဖိချလိုက်သည်။

" ကိုယ့်နေရာကိုယ် သိဖို့ အချိန်ကျပြီ မိစ္ဆာမ "

သူက ဖြောင့်မတ်စွာ အော်လိုက်သည်။ ပိုင်ရှောင်ချန်းက သူမရင်ဘတ်ပေါ်သို့ လက်ဖြင့် ဖိချလိုက်သည်တွင် စစချင်း သခင်မလေးဟုန်ချိန်မှာ ပါးစပ်ကလေး အဟောင်းသားဖြစ်သွားစေလေသည်။ ထို့နောက် သူမက အော်တော့သည်။

" ဒါဘာလုပ်တာတုံး။ နင့်လက်ကို ဖယ်စမ်း "

" အံမာ၊ မိစ္ဆာမက ပြန်တိုက်ခိုက်ရဲတယ်ပေါ့ "

သူက မလျှော့တမ်း ပြန်ပြောလိုက်သည်။

“ ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်း နေရာကိုရောက်အောင် ဘယ်လိုပြန်ပို့ပေးမလဲ စောင့်သာကြည့်လိုက် "

တရားမျှတရေးအတွက် သူက သူမ၏ရင်ဘတ်ပေါ်သို့ နောက်လက်တစ်ဖက်တင်လိုက်ပြီး ဖိလိုက်ပြန်သည်။

" နင် သေချင်နေတာလား ပိုင်ဟောက် "

သူမမှာ ဒေါသငယ်ထိပ်ရောက်သွားပြီး အော်ငေါက်လိုက်သည်။

သူ့တို့နှစ်ယောက် ပတ်ပတ်လည်တွင် အလောင်းတပ်သားများရှိနေသည်။ သူတို့က မည်သည့်အမူအရာမှမရှိဘဲ သူတို့ဝိုင်းရံထားသည် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော အမျိုးသားနှင့် အမျိုးသမီးကို စောင့်ကြည့်နေကြ၏။

အကယ်၍ ဖြတ်သွားဖြတ်လာများသာ အကြောင်းရင်းမှန်ကို နားမလည်ဘဲ ကြည့်မိလိုက်လျှင်တော့ တိမ်းညွတ်ဖွယ် မြင်ကွင်းတစ်ရပ်ဖြစ်နေပေလိမ့်မည်။

သို့သော် ထိုတိမ်းညွတ်ဖွယ် မြင်ကွင်းကား ကြာကြာမခံလိုက်ပေ။ သခင်မလေးဟုန်ချိန်မှာ တစ်ခါမှ မကြုံဖူးသည်အထိ ဒေါသထွက်လာခြင်းကြောင့် ဖြစ်လိမ့်မည်။ သို့မဟုတ် အခြားအကြောင်းပြချက်ကြောင့်လည်း ဖြစ်လိမ့်မည်။ မည်သို့အကြောင်းကြောင့် ဖြစ်စေ သူမအပေါ် ထားရှိထားသည့် ချုပ်နှောင်ခြင်းမှာ ရုတ်တရက် ကွဲကြေပျက်စီးသွားတော့သည်။

သူမ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ရုတ်တရက် ဝုန်းခနဲ ထွက်ပေါ်လာသောအခါ ပိုင်ရှောင်ချန်းက သူမအပေါ်မှ ကပျာကယာထခုန်၍ နောက်ဆုတ်လိုက်သည်။ သခင်မလေးဟုန်ချိန်မှာမူ အေးစက်သောအလင်းများ တောက်ပနေသည့် မျက်လုံးကလေးများဖြင့် သူ့ကို ဖမ်းရန် တဟုန်ထိုးရှေ့တက်လာသည်။

မိုးခြိမ်းသံအလား ပေါက်ကွဲသံကြီးနှင့်အတူ လေပြင်းတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လာသည်။ ပိုင်ရှောင်ချန်း က စူးစူးဝါးဝါးအော်ဟစ်လျက် ပြေးနေပြီး သခင်မလေးဟုန်ချိန်မှာ ဆံပင်များ ဖွာလန်ကြဲနေလျက် သတ်ဖြတ်လိုသောအရိပ်အယောင်များ

ဖုံးလွှမ်းနေသော မျက်နှာကလေးဖြင့် သူ့နောက်လိုက်ဖမ်းနေတော့သည်။

" ငါနင့်ကို သတ်မယ် ပိုင်ဟောက်"

"ငါ့ကောင်တွေ ဒီမိစ္ဆာမကို တားကြစမ်းကွာ" ချက်ချင်းပင် စောစောက မျက်နှာတည်နေသော အလောင်းတပ်သားများက သတ်ဖြတ်လိုသည့် အရှိန်အဝါများ တဟုန်းဟုန်းတောက်လောင်လျက် သခင်မလေးဟုန်ချိန်ကို ကြားဝင်တားဆီးရန် ခုန်ပျံလာကြသည်။

သခင်မလေးဟုန်ချိန်၏ ဒေါသက သူမ၏အတိုက်အခိုက်စွမ်းရည်ကို အနည်းငယ် တိုးသွားစေပုံရပြီး သူမက အလောင်းတပ်သားအတော်များများကို သူမ၏လမ်းမှ ဖယ်ရှားလိုက်နိုင်လေသည်။ သို့သော် ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားမှာ သူမအတွက် ပြိုင်ဘက်ဖြစ်နေသေးပြီး များမကြာမီ သူမက သူ့ကို မကျော်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် သူမဒေါသ ငယ်ထိပ်ရောက်သွားတော့သည်။ ထိုမျှသာမက ပိုင်ရှောင်ချန်းကို အလောင်းတပ်သားကိုယ်ရံတော်များက အဝိုင်းသဏ္ဍာန်ဝန်းရံထားပြီး သူတို့က သူ့ကို သူမနှင့် ဝေးသထက် ဝေးဝေးသို့ စောင့်ရှောက်ခေါ်ဆောင်သွားကြသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အတန်ငယ်ရှက်သွားပြီး သူက မည်သို့သော စိတ်ဓာတ်ပိုင်ရှင်ဖြစ်သည်ကို စဥ်းစားလိုက်လျှင် ယခုအချိန်တွင် ထိုကဲ့သို့ ပြုမူ၍မဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။ ယခုအချိန်တွင် သခင်မလေးဟုန်ချိန်၏ မိစ္ဆာမှော်ပညာက အလွန်စွမ်းအားကြီးလွန်းနေဟန်တူသည်။ သို့သော် ပွင့်ပွင့်လင်းလင်း ဝန်မခံချင်သည့်အတွက် သူက ပြောသည်။

“ မင်း ဘာလုပ်နေတာလဲ ကျစ်မို။ ငါက မင်းကို ကူညီဖို့ ကြိုးစားနေတာလေ။ ဟို... မင်း မိစ္ဆာမှော်တစ်ခုခုရဲ့ ပြုစားခံထားရတာ သိသာတယ်။ ငါက အဲဒါကို ထုတ်ပေးဖို့ ကြိုးစားနေတာလေ "

" နင့်ပါးစပ် ပိတ်ထား " သခင်မလေးဟုန်ချိန်က စိတ်ဆိုးမာန်ဆိုး ပြန်အော်၏။ သူမမှာ အလွန်စိတ်ဆိုးနေသည့်အတွက် ပြောစရာစကားပင် မတွေးနိုင်တော့ပေ။ သူမက အလောင်းတပ်သားများ ကာကွယ်ထားသည့် နောက်ရှိ ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး အံတင်းတင်းကြိတ်လျက် လေထဲတွင် ရပ်နေလေသည်။

အတန်ငယ်အပြစ်ရှိသလိုခံစားနေရရင်း ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်သည်။ ထိတ်ထိတ်ပျာပျာနှင့် သူက ဗလုံးဗထွေးပြောတော့သည်။

"ဟို.....ကြည့် ဒါက နားလည်မှုလွဲတာလေးပဲကွာ.. နော်။ ငါတို့ ဘာအကြောင်း ပြောနေတာလဲ။ အိုးးးးေကာင်းပြီ။ ငါတို့ မိသားစုမဟုတ်ဘူး မင်းရဲ့ မိသားစုလို့ မင်းပြောတယ်.... ကျစ်မိုရာ မင်းကွာ စိမ်းကားလိုက်တာ။ လုပ်စမ်းပါ။ မင်းမိသားစု ၊ ငါ့မိသားစု။ အဲဒါ အတူတူပဲကို "

သခင်မလေးဟုန်ချိန်က သူ့ကို အေးစက်စွာ မျက်စောင်းထိုးလိုက်သော်လည်း သူမတဇွတ်ထိုးလုပ်ခဲ့မိကြောင်း သိသည်။ ထိုမျှသာမက ပိုင်ရှောင်ချန်းပြောခဲ့သည့်အတိုင်း ဘုံဝါဒသည် သရဲကြီးဘုရင်နှင့် လားလားမျှမသက်ဆိုင်ပေ။ သို့သော် စောစောက သူမ အရှက်ခွဲခံရသည်ကို ပြန်တွေးလိုက်သောအခါ သူမဒေါသအား မထိန်းနိူင်တော့ပေ။

သူမက နောက်ထပ်အော်ရန် ပြင်လိုက်အံ့ဆဲဆဲ

သူမအမူအရာ လက်ခနဲ ဖြစ်သွားပြီး လေထဲသို့ မော့ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျည်းမြောင်းသွားပြီး သူကလည်း ထိုနည်းတူ မော့ကြည့်လိုက်သည်။ ကောင်းကင်ယံရှိ လေထုသည် ပုံပျက်ရှုံ့တွလာပြီး မကြာမီ အနက်ရောင် အရိပ်သဏ္ဍာန်လူက မည်သည့်နေရာက ရောက်ချလာသည်မသိ ထွက်ပေါ်လာ၏။

သူက သူ့မျက်နှာကိုပင် ဖုံးကွယ်ထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ပိုင်ရှောင်ချန်းနှင့် သခင်မလေးဟုန်ချိန်၏ အမြင်အာရုံထဲတွင် သူက အနက်ရောင်အရိပ်တစ်ခုထက် မပိုပေ။

သူ့မျက်နှာကို အကဲခတ်ရန် မဖြစ်နိုင်ဘဲ သူ့ခန္ဓာကိုယ်၏ တစိတ်တပိုင်းဖြစ်ဟန်တူသည့် မည်းနက်သော အမှောင်ထုက သူ့ကို ဝန်းရံထားလေသည်။

ထိုလူသည်ကား.... မဟာကောင်းကင်သခင်၏ အယုံကြည်ရဆုံး လူယုံတော် ၊ ယခင် စစ်ဆေးရေးအရာရှိမင်း ဟဲမင်ပင်။

ဟဲမင်ဖြစ်ကြောင်း သိလိုက်သောအခါ သခင်မလေးဟုန်ချိန်မှာ သိသိသာသာ တုန်လှုပ်သွားလေသည်။ ပိုင်ရှောင်ချန်းမှာမူ သူစောင့်နေခဲ့ရသော အခိုက်အတန့် ရောက်ရှိလာပြီဖြစ်ကြောင်း .... သဘောပေါက်လိုက်သဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

ဟဲမင်၏မျက်နှာအမူအရာကို တစ်ယောက်မှ မမြင်နိုင်ပေ။ မည်သူမဆို မြင်နိုင်သည်မှာ ဝတ်ရုံ၏ ခေါင်းစွပ်မျက်နှာဖုံးအတွင်းထဲရှိ သူ့မျက်လုံးများသာ ဖြစ်သည်။ သို့ပင်ငြား ထိုမျက်လုံးများထဲတွင် ခံစားချက်အရိပ်အယောင်လေးတစ်ခုပင် မပါဝင်ချေ။ စစ်ဆေးရေးစံအိမ်ကို တခဏကြာ လေ့လာပြီးနောက် သူက သခင်မလေးဟုန်ချိန်ကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းအပေါ်တွင် အာရုံစိုက်လိုက်သည်။

" ငါ့ကို အမိန့်တံဆိပ်ပြားပေး "

သူက အအေးစက်ဆုံးလေသံနှင့် ပြောလိုက်လေရာ စစ်ဆေးရေးစံအိမ်မှာ နှင်းတောထဲ ရောက်သွားသည့်အလား ဖြစ်သွားတော့သည်။

သခင်မလေးဟုန်ချိန်၏ အမူအရာမှာ ရိပ်ခနဲ ဖြစ်သွားပြီး ပိုင်ရှောင်ချန်းက တခဏကြာ တိတ်ဆိတ်စွာ ရပ်နေလေသည်။ စစ်ဆေးရေးအရာရှိမင်း တံဆိပ်ပြား သူ့လက်ထဲမှ အသိမ်းခံရသည်မှာ အံသြစရာမဟုတ်သော်လည်း သူ အလွန်စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သို့စေကာမူ ဤပြဿနာကို ကျော်လွှားနိုင်ရန်လည်း သူ့မှာ ယုံကြည်ချက်ရှိသည်။

တံဆိပ်ပြားကို ဆွဲထုတ်လိုက်ရင်း သူက တခဏကြာ ငုံ့ကြည့်လိုက်ပြီးနောက် သူ့အရှေ့ ပစ်လိုက်သည်။ ၄င်းက ချက်ချင်းပင် ခရမ်းရောင်အလင်းတစ်ခုဖြစ်သွားပြီး ဟဲမင်ထံ ပြေးဝင်သွား၏။

ဟဲမင်က အမိန့်တံဆိပ်ပြားကို ဖမ်းယူလိုက်ပြီး သိမ်းလိုက်သည်။ ထို့နောက် သူက သူ၏အေးစက်သောအသံကြီးဖြင့် ထပ်ပြောပြန်သည်။

" ငါနဲ့ လိုက်ခဲ့ ပိုင်ဟောက်။ မဟာကောင်းကင်သခင်က မင်းဖြေရှင်းချက်ကို စောင့်နေတယ်"

ထို့နောက် သူက လှည့်၍ တော်ဝင်နန်းတော်ထံ ပျံသန်းလိုက်သည်။ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ဤအခိုက်တန့်အတွက် သူပြုလုပ်ထားခဲ့သော ပြင်ဆင်မှုများကို ပြန်လည်တွေးတောလိုက်သည်။ ထို့နောက် သူက ဟဲမင်နောက်သို့ ပျံသွားလိုက်သည်။

သခင်မလေးဟုန်ချိန်က ထိုအဖြစ်အပျက်များအားလုံးကို စောင့်ကြည့်နေပြီး ပိုင်ရှောင်ချန်းကို သူမစိတ်ဆိုးနေသေးသော်လည်း သူမ၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်နေမှုများကို ခံစားနေရလေသည်။ သူတို့ထွက်ခွာသွားပြီးနောက် သူမက သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ဆွဲထုတ်လိုက်သည်။

ကျောက်စိမ်းပေလွှာထဲတွင် သရဲကြီးဘုရင်ပို့ထားသော စာများစွာ ရှိသော်လည်း သခင်မလေးဟုန်ချိန်က ထိုတစ်ခုကိုမျှ စစ်ဆေးရန် စိတ်မပါပေ။ ထိုအစား သူမက စာတစ်စောင်ကို အလောတကြီး ပို့လိုက်သည်။

" အဖေ ဟဲမင်က ပိုင်ဟောက်ရဲ့ စစ်ဆေးရေးအရာရှိမင်း တံဆိပ်ပြားကို ယူသွားတယ်။ ပြီးတော့ သူ့ကို ခေါ်သွားပြီ "

သရဲကြီးမြို့တော်တွင် သရဲကြီးဘုရင်မှာ စိုးရိမ်တကြီး ရင်တမမဖြစ်လျက် ထိုင်နေလေသည်။ သူ၏မူလအစီအစဥ်အရ သခင်မလေးဟုန်ချိန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူမကို အနည်းငယ် ဦးနှောက်ဆေးပေးရမည်ဖြစ်သော်လည်း ထိုအစား သူမက သတ်ဖြတ်လိုသည့်စိတ်များနှင့် ပိုင်ရှောင်ချန်းထံ သွားခဲ့သည်။

သူက သူမကို စာများ အလောသုံးဆယ်ပို့ခဲ့သော်လည်း သူမက သူမ၏စိတ်ဆန္ဒအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထားပြီး သူ့ကို လျစ်လျူရှူခဲ့လေသည်။ သရဲကြီးဘုရင်မှာ ခပ်ယဲ့ယဲ့ပြုံးပြီး သက်ပြင်းချရုံမှတစ်ပါး အခြား ရွေးစရာမရှိတော့ပေ။ သို့သော် ပြန်စာတစ်စောင် ရပြီး ၄င်းကို မြင်ပြီးနောက် သူ၏မျက်လုံးများ တဖျပ်ဖျပ်လင်းလက်လာတော့သည်။

" ပိုင်ဟောက်က အလောတကြီးဆုံးဖြတ်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ သူ့လက်ထဲမှာ ဘယ်လိုလျှို့ဝှက်လက်နက်များ ရှိနေမလဲ ငါ သိချင်မိတယ် "

All Chapters