← Chapters

အခန်း (၁၆၆)

Vol. 17 Ch. 166

အခန်း (၁၆၆)

Vol. 17 Ch. 166

166

"အဖေနဲ့အမေတို့က ဆေးပင်စိုက်ခင်းတွေကို ပြုစုဖို့နဲ့ ဆေးပင်တွေခူးဖို့သာပြန်သွားလိုက်ပါ၊ သမီးကိုပြုစုပေးဖို့က အစ်ကိုရှန်းမင်ရှိပါတယ်၊ ဒီလောက်လူအများကြီး မလိုပါဘူး၊ နတ်ဆိုးငါးကောင်ကိုပါ အိမ်ပြန်ခေါ်သွားပြီး အလုပ်လုပ်တဲ့အခါကူညီခိုင်းလိုက်ပေါ့"

​ချမ်ရှီနှင့် ကျိုးအာ့ရှုတို့မှာ သဘောမတူကြသော်ငြား အဆုံး၌ ကျိုးထောင်ဟွားအားမဖြောင်းဖျနိုင်ခဲ့ကြချေ။

​"ဒါဆို အခုကစပြီး အမေက သမီးရဲ့ နေ့စဉ် စားသောက်နေထိုင်ရေးကို တာဝန်ယူမယ်၊ ရှန်းမင်က သမီးထိခိုက်ဒဏ်ရာမရအောင် သမီးဘေးနားမှာ အမြဲရှိနေပေးဖို့တာဝန်ယူရမယ်၊ ​ထောင်ဟွား အခု သမီးက ရွှေဥလေးလိုအဖိုးတန်နေပြီ၊ သမီးတစ်ယောက်တည်း မဟုတ်တော့ဘူးလေ၊ အထိအခိုက်ခံလို့မဖြစ်ဘူး၊ အချိန်တိုင်း သမီးဘေးမှာ လူတစ်ယောက်တော့ အမြဲရှိနေမှဖြစ်မယ်"

​နောက်ဆုံးတော့ ချမ်ရှီလည်း ကျိုးထောင်ဟွားကို ဖြောင်းဖျနိုင်ခဲ့၏။ ​ထိုအချိန်မှစ၍ ရှန်းမင်သည် မည်သည့်အလုပ်ကိုမှ လုပ်ရန်မလိုတော့ဘဲ ကျိုးထောင်ဟွားကို ကာကွယ်ပေးရန် သူမဘေးတွင်သာနေရပြီး သူမမည်သည့်နေရာသို့သွားစေကာမူ ရှန်းမင် အနောက်မှလိုက်ပါနေတော့သည်။

​…....

​ကျိုးထောင်ဟွားသည် ကိုယ်ဝန်ရှိနေသော်လည်း မီး‌လှံလက်နက်များ ဖန်တီးရန်မမေ့သေးပေ။ ​တာအိုပညာရပ်များကိုအသုံးပြု၍ မီး‌လှံလက်နက်များဖန်တီးရသည်မှာ သူမအကျွမ်းကျင်ဆုံးအရာပင်။

​"အစ်ကိုရှန်းမင် ညီမတို့ရွာမှာမြေစောင့်နတ်ကျောင်းတစ်ကျောင်း ရှိတယ်လို့ ညီမမှတ်မိတယ် သွားကြည့်ရအောင်"

​ကျိုးကျားရွာရှိ မြေစောင့်နတ်ကျောင်းမှာ အလွန်ရိုးရှင်းလှသည်။ ​အဝေးမှကြည့်လျှင် ကျောင်းဆောင်သည် လေဟာပြင်ဖြစ်နေပြီး "မြေစောင့်နတ်ကျောင်း"ဟု စာလုံးကြီးသုံးလုံးဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်မှာလည်း ရွဲ့စောင်းနေကာပြုတ်ကျလုနီးပါးဖြစ်နေ၏။ ​ကျိုးမျိုးနွယ်စု၏ဘိုးဘေးများ ဤနေရာသို့ ပြောင်းရွှေ့လာကတည်းမှ စပါးအထွက်နှုန်းတိုးတက်စေရန် နှစ်စဉ်နှစ်တိုင်းမြေစောင့်နတ်ထံ ဆုတောင်းခဲ့ကြသော်လည်း သူ့ကောင်းချီးမင်္ဂလာကိုမူ တစ်ခါမှမရရှိခဲ့ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျိုးကျားရွာမှ ရွာသားများလည်းမြေစောင့်နတ်အပေါ် လုံးဝစိတ်ပျက်လာကြပြီး အမွှေးတိုင်ထွန်းခြင်းနှင့် အလှူငွေထည့်ခြင်းများကိုပါ ရပ်တန့်လိုက်ကြသည်။ ​ထို့ကြောင့် မြေစောင့်နတ်ကျောင်း ယိုယွင်းပျက်စီးနေသော်လည်း မည်သူကမှ ပြုပြင်ရန်ဂရုမစိုက်ကြခြင်းပင်။

​"ညီမထောင်ဟွား အပြင်ကနေပဲကြည့်ကြရအောင်နော်၊ တစ်ခုခုပြုတ်ကျလာပြီး ညီမကိုထိသွားရင် ဘယ်လိုလုပ်မလဲ"

ရှန်းမင်သတိပေးလိုက်သည်။ ​ကျိုးထောင်ဟွား သူ့စိုးရိမ်ပူပန်မှုများကို နားလည်လေ၏။ ထို့ကြောင့် ခူယားကောင်နတ်ဆိုးကိုသာ အထဲသို့ဝင်ခိုင်းလိုက်သည်။

"အထဲဝင်ပြီး အလှူခံပုံးထဲကတေးတချို့ သွားယူချေ"

​"သခင်မ ဒီမှာ အလှူငွေရှိလို့လား”

​မြေစောင့်နတ်ကျောင်းခေါင်မိုးမှ သစ်သားများပြုတ်ကျလာပြီး ထိမည်ကို သူ မကြောက်ပေ။ ထိုနေရာတွင် ပိုက်ဆံရှိမည်ဟု မထင်မိခြင်းသာဖြစ်သည်။ ​နောက်ဆုံး ခူယားကောင်နတ်ဆိုးမှအထဲသို့ဝင်သွားရာ အံ့သြသွားရလောက်အောင်ပင် အတွင်း၌ဒင်္ဂါးပြားများ တကယ်ရှိနေသည်။

​"သခင်မ အထဲမှာ သေတ္တာတစ်ဝက်ကျော်လောက်ရှိတယ်"

ခူယားကောင်နတ်ဆိုးမှ ကျိုးထောင်ဟွားထံ စိတ်လှုပ်ရှားစွာဖြင့်ပြေးလာပြီး ပြောလိုက်သည်။ ​ကျိုးထောင်ဟွားနှုတ်ခမ်းများ အသာကွေးညွှတ်သွား၏။

"ကျိုးကျားရွာ ဒီမှာရှိနေတာနှစ်ပေါင်း တစ်ရာကျော်ပြီ၊ လူတိုင်း ကျောင်းဆောင်ဆောက်ပြီး ကိုးကွယ်ခဲ့ကြတယ်ဆိုတဲ့ အချက်က သူတို့တွေအတိတ်မှာယုံကြည်ခဲ့ကြတယ်ဆိုတာကို ပြနေတာပဲလေ"

ထို့ကြောင့် ဤနေရာ၌ အလှူငွေများ ရှိနေမည်ဟု ကျိုးထောင်ဟွား ခိုင်ခိုင်မာမာယုံကြည်နေခဲ့ခြင်းပင်။

​"အစ်ကိုရှန်းမင် ခုနက ညီမတို့ ဘယ်လောက်ယူလိုက်လဲ၊ နောက်မှ အဲ့ဒါရဲ့နှစ်ဆကို ပြန်ထည့်ပေးကြမယ်"

ကျိုးထောင်ဟွား မှာကြားလိုက်သည်။

​"ကောင်းပြီ အစ်ကိုသိပြီ၊ ​ညီမထောင်ဟွား မြေစောင့်နတ်ကျောင်းရဲ့ အလှူခံပုံးထဲရောက်သွားတဲ့ အလှူငွေက အကိုတို့ရဲ့ သာမန်ကြေးဒင်္ဂါးတွေနဲ့ မတူလို့လား"

​ကျိုးထောင်ဟွား မြေစောင့်နတ်ကျောင်း၌ ငွေလှဲလှယ်ရခြင်းမှာ ရည်ရွယ်ချက် တစ်ခုခုရှိရမည်ဟု ရှန်းမင်အမြဲတမ်း ခံစားနေမိသည်။ ​ကျိုးထောင်ဟွားမျက်လုံးများမှာ အပြုံးတို့ဖြင့်လင်းလက်သွား၏။ အစ်ကိုရှန်းမင်ထံ မည်သည့်အရာမှ သူမဖုံးကွယ်ထား၍မရပါချေ။ ကျိုးထောင်ဟွား ရှန်းမင်ထံ ခေါင်းညိတ်ပြလိုက်ပြီး ပြောလာသည်။

"မြေစောင့်နတ်ကျောင်းရဲ့ အလှူငွေတွေက ယုံကြည်သူတွေရဲ့ ဆုတောင်းမှုတွေကို သယ်ဆောင်ထားပြီး သန့်စင်တဲ့ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတယ်လေ၊ ဒါ့အပြင် ဒေသခံမြေစောင့်နတ်ရဲ့ ကောင်းချီးပေးတာကိုခံရပြီးတော့ အဲတာက မကောင်းဆိုးဝါးတွေကို ဖယ်ရှားနိုင်စွမ်းရှိလာတယ်၊ ​တကယ်တော့ အဲဒီအလှူငွေကို တစ်ခါသုံးမှော်ပစ္စည်းအနေနဲ့လည်း သုံးလို့ရတယ်၊ အဲဒါနဲ့ မီးလှံတစ်လက်အဖြစ် ပုံသွင်းဖန်တီးဖို့ ညီမယူလာတာ"

​"မီးလှံဟုတ်လား"

‘​အလှူငွေနဲ့ဖန်တီးထားတဲ့အရာ‌က ဒါလား’

​ရှန်းမင် သံသယရှိနေသော်လည်း သူမအားထောက်ခံပေးနေဆဲပင်။

​"အကိုတို့ရွာက ဦးလေးဟယ်ရဲ့မိသားစုဆိုတာ ပန်းပဲဆရာတွေပဲလေ၊ ဒီအလှူငွေတွေကို သူ့ဆီပေးပြီး လှံထက်ထက်တစ်လက် ဖန်တီးပေးဖို့ ညီမခိုင်းလို့ရတာပဲ"

ရှန်းမင် အကြံပြုလိုက်သည်။ ​ရွာရှိအိမ်တိုင်းလိုလိုပင် ဦးလေးဟယ်၏မိသားစုထံမှ ဝယ်ယူထားသော လယ်ယာသုံး ကိရိယာများကို အသုံးပြုကြသည်။ ထိုအရာများမှာ အလွန်တရာအသုံးဝင်လှ၏။ ​ကျိုးထောင်ဟွား ခေါင်းယမ်းလိုက်သည်။

"ညီမ ဒယ်အိုးကြီးတစ်လုံးဝယ်လိုက်မယ်၊ ​ဒီအလှူငွေတွေကို အထဲထည့်လိုက်ရင် မီးလှံတစ်လက်ဖြစ်လာလိမ့်မယ်"

​ရှန်းမင်နှင့် ခူယားကောင်နတ်ဆိုးတို့ မှင်သက်သွားကြသည်။

‘​ဒီလောက်ရှည်တဲ့လှံကို ဘယ်လောက်ကြီးတဲ့ ဒယ်အိုးကြီးကဆန့်မှာလဲ’

​သို့သော် သူတို့ မည်သည်ကိုမှမပြောကြတော့ဘဲ ကျိုးထောင်ဟွားဒယ်အိုးဝယ်ရန် မြို့ပေါ်သွားရာတွင်သာ အတူလိုက်သွားပေးလိုက်၏။ ​ရှန်းမင်သည် ကျိုးထောင်ဟွားကို ရှောင်ဟေးပေါ်တင်ကာ ခေါ်ဆောင်သွားသည်။ ​သူတို့မြို့ပေါ်သို့သွားမည်ဖြစ်ရာ ခူယားကောင်နတ်ဆိုးလည်း လူအသွင်ပြောင်းပြီး လေထဲတွင်မပျံသန်းနိုင်တော့သဖြင့် ခူယားကောင်ငယ်လေးအဖြစ်ပြောင်းလဲကာ ကျိုးထောင်ဟွား၏ဆံထိုးထက်တွင် တွယ်ကပ်လိုက်ပါလာ၏။ ​သို့သော် ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ တစ်မြို့လုံးပတ်ရှာသော်လည်း ဆေးမီးဖိုတစ်လုံးမှပင်မတွေ့ရပေ။ ​အမွှေးတိုင်ထွန်းသည့်အိုးကြီးအား အစားထိုးဝယ်ယူရန် ကြိုးစားသောအခါ၌လည်း ရှာမတွေ့ခဲ့ချေ။

​"သခင်မ အဲဒီအမွှေးတိုင်အိုးကြီးတွေက ဘုန်းကြီးကျောင်းတွေအတွက် သီးသန့် အော်ဒါမှာပြီးမှ လုပ်ပေးရတာပါ၊ ​အဲဒါတွေက အရမ်းကြီးပြီးကျွမ်းကျင်မှုလည်း လိုအပ်တယ်၊ အိုးပေါ်ကပုံစံတွေဆိုတာလည်း နည်းနည်းလေးတောင် မှားလို့မရဘူးလေ၊ သခင်မပြောတဲ့ သုံးမီတာမြင့်တဲ့ အမွှေးတိုင်အိုးမျိုးဆိုရင် ကျွန်တော်တို့လုပ်ဖို့ နှစ်နှစ်လောက်အချိန်ယူရလိမ့်မယ်၊ သခင်မတစ်လုံးလောက်မှာချင်လို့လား"

အမွှေးတိုင်အိုးဆိုင်ပိုင်ရှင် မေးလိုက်သည်။

'နှစ်နှစ်တဲ့လား၊ အဲ့လောက်ဆို အရမ်း နောက်ကျနေပြီ၊ ​ကျိုးထောင်ဟွားအနေဖြင့် မည်သို့စောင့်နိုင်ပါမည်နည်း။’

​ကျိုးထောင်ဟွား၏မျက်နှာအမူအရာ မကောင်းသည်ကို မြင်သောအခါ ရှန်းမင်သည် သူမထိုအမွှေးတိုင်အိုးကို အသည်းအသန်လိုအပ်နေကြောင်း သိလိုက်သည်။ ​ဆိုင်ပိုင်ရှင်ထံ သူပြောလိုက်၏။

"မမှာတော့ပါဘူး ကျေးဇူးပါပဲ၊ ကျွန်တော်က အရေးတကြီးလိုအပ်နေတာမလို့ပါ"

​ထို့နောက် သူသည် ဆယ်ပြားကို ဆိုင်ပိုင်ရှင်၏လက်ထဲသို့ ထိုးထည့်ပေးကာမေးလိုက်သည်။

"ပိုနေတဲ့ အမွှေးတိုင်အိုးတစ်လုံးကို ဘယ်မှာဝယ်လို့ရနိုင်မလဲဆိုတာလေး ကျေးဇူးပြုပြီး စုံစမ်းပေးလို့ရမလား"

​ဆိုင်ပိုင်ရှင်သည် ငွေများကိုယူလိုက်ပြီး ပြန်ပြောလာသည်။

"ကျွန်တော် မကူညီချင်လို့မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ အမွှေးတိုင်အိုးမျိုးက ဘုန်းကြီးကျောင်းတွေမှာပဲ လိုအပ်တာလေ၊ တကယ်လို့ ဝယ်ချင်တယ်ဆိုရင် ဘုန်းကြီးကျောင်းတစ်ကျောင်း,ကျောင်းကို သွားမေးကြည့်ပါလား၊ ​ငါတို့မြို့နဲ့ အနီးဆုံးကတော့ ဖူထော်ဘုန်းကြီးကျောင်း ပဲရှိတယ်၊ အဲဒီကိုသွားပြီး သူတို့ဆီကနေ ဝယ်လို့ရမလားမေးကြည့်လိုက်လေ"

​ဆိုင်ပိုင်ရှင်မှာ တကယ်ပင် မည်သို့လုပ်ရမှန်းမသိဖြစ်နေသည်။ ဤသည်မှာ သူစဉ်းစား၍ရသည့် တစ်ခုတည်းသောနည်းလမ်းပင်။ သူတို့အမွှေးတိုင်အိုးကိုပြန်ရောင်းမည့် ဘုန်းကြီးကျောင်းကိုတော့ သူတစ်ခါမှမကြားဖူးခဲ့ပေ။

​…

​ဖူထော်ဘုန်းကြီးကျောင်းမှာ ချင်းရွှေမြို့ အပြင်ဘက်ရှိ တောင်ပေါ်တွင် တည်ရှိသည်။ ​ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ တောင်ပေါ်သို့ လမ်းလျှောက်တက်သွားစဉ် လမ်းတစ်လျှောက်၌ ဘုရားဖူးလာသူ များစွာမရှိသည်ကို သတိထားမိလိုက်ကြ၏။ ​အထဲသို့ဝင်သွားသောအခါ ကိုရင်ငယ်တစ်ပါး အမွှေးတိုင်နှင့် ဖယောင်းတိုင်များ စီတန်းထားသော စားပွဲပေါ်တွင် မှောက်အိပ်နေသည်ကို တွေ့လိုက်ရပြီး လူနှစ်ယောက်ဝင်လာသည်ကိုတောင် လုံးဝသတိမထားမိပေ။ ​ကျိုးထောင်ဟွား စားပွဲကိုခေါက်လိုက်မှသာ သူလန့်နိုးလာပြီး သွားရည်များကို သုတ်ကာမေးလိုက်လာ၏။

"ဂိုဏ်းတူအစ်ကို ညစာကျက်ပြီလား"

​ဧည့်သည်များဖြစ်မှန်း သိသွားပြီးနောက် ကိုရင်ငယ်မှာ ချက်ချင်းလက်အုပ်ချီလိုက်ပြီး ဆိုလာသည်။

"အော်မီတောဖော ဒကာနဲ့ ဒကာမတို့ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေဝယ်ချင်လို့လား"

​"ကိုရင်လေး ကျွန်မတို့က ကျောင်းထိုင်ဆရာတော်ကို လာရှာတာပါ"

ကျိုးထောင်ဟွား ထိုစကားပြောရင်း ကျောင်းဆောင်နှင့် မလှမ်းမကမ်းရှိ သုံးမီတာမြင့်သော အမွှေးတိုင်အိုးကြီးကို လှမ်းကြည့်လိုက်သည်။

​"ခဏလောက်စောင့်ပါဦး ဒကာတို့"

​ကိုရင်လေးသည် ကျောင်းထိုင်ဆရာတော်ကိုသွားခေါ်ရန် ကျောင်းဆောင်ထဲသို့ ချက်ချင်းပြေးဝင်သွားလေသည်။

​"ဆရာတော် မြန်မြန်ကြွခဲ့ပါဦး၊ တစ်ယောက်ယောက်က ဆရာတော်ကို သုတ္တန်ရွတ်ဖို့ပင့်ချင်လို့တဲ့"

ကိုရင်လေးတံခါးကိုတွန်းဖွင့်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ ​ဘုရားကျောင်း၏အလှူငွေများမှာ အလွန်တရာနည်းပါးလှပြီး လူတိုင်းကိုထောက်ပံ့ကျွေးမွေးနိုင်ရန် ဆရာတော်၏သုတ္တန်ရွတ်ခြင်းမှရရှိသော ဝင်ငွေအပေါ်တွင်သာ လုံးဝမှီခိုနေရ၏။ ​ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများစွာရှိပြီး တောင်ပေါ်၌ စိုက်ပျိုးထားသောစပါးနှင့် ဟင်းသီးဟင်းရွက်များမှာ လုံးဝမလုံလောက်ပေ။ ​ငွေချွေတာရန်အတွက် ဘုန်းကြီးကျောင်းသည် သူတို့အစားအစာများကို တစ်နေ့ သုံးနပ်မှ နှစ်နပ်သို့ လျှော့ချခဲ့ရသည်။

​ဆရာတော်သုတ္တန်ရွတ်ရာမှ ပြန်လာလျှင် ဘုန်းကြီးကျောင်း၏အစားအသောက်များမှာ ရက်အနည်းငယ်ခန့်ပိုကောင်းလာမည်မှာသေချာကြောင်း သူသိထားသည်။ ကျောင်းထိုင်ဆရာတော်မှာ ကိုရင်လေးစကားကိုကြားသော် အလှူရှင်နှစ်ဦးမှအကြာကြီးစောင့်ရမည်စိုးသဖြင့် အပြင်သို့ အလျင်အမြန်ထွက်လာခဲ့၏။ ​ကျိုးထောင်ဟွား ကျောင်းထိုင်ဆရာတော်ကို ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရသည်။ သူသည် နွေးထွေးပျူငှာပြီး သူ့အပြုံးမှာလည်း မေတ္တယျမြတ်ဘုရားရှင်၏အပြုံးနှင့်ဆင်တူလေ၏။

"အရိုအသေပြုပါတယ် ဆရာတော်၊ တကယ်တော့ တပည့်တော်မက ဖုန်းရွှေဆရာတစ်ယောက်ပါ၊ ဒီနေ့ ဆရာတော်တို့ ဘုန်းကြီးကျောင်းကို ပထမဆုံးအကြိမ်ရောက်ဖူးတယ်ဆိုပေမယ့် ဆရာတော်တို့ရဲ့ ဖူထော်ဘုန်းကြီးကျောင်းမှာ တစ်ခုခုမှားနေတာကို သတိထားမိလိုက်ပါတယ်၊ အဲဒါကြောင့် ဘုန်းကြီးကျောင်းရဲ့အလှူငွေတွေမပေါများတာပါ"

​ကျိုးထောင်ဟွား စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းထိုင်ဆရာတော်၏မျက်လုံးများထဲတွင် သတိထားစောင့်ကြည့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

‘​သူတို့က အလှူငွေလာလှူတာ မဟုတ်ဘဲ ဘုရားကျောင်းဆီကနေ ပိုက်ဆံလာရှာတာလား’

[T-N > ဘုန်းကြီးဆီဗေဒင်ဟောပြီးပိုက်ဆံလာရှာတယ်ထင်နေတာ 🤣]

All Chapters