← Chapters

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း (၁၆၇)

Vol. 17 Ch. 167

167

အရင်ငါးနှစ်ခန့်၌ ဘုန်းကြီးကျောင်း စည်ကားနေချိန်ကို ကျောင်းထိုင်ဆရာတော် ပြန်လည်အမှတ်ရသွားသည်။ ဖူထော်ဘုန်းကြီးကျောင်းသည် အနယ်နယ်အရပ်ရပ်တွင်းရှိ နာမည်ကြီးဘုန်းကြီးကျောင်းတစ်ခုဖြစ်ပြီး ကျောင်းရှိဘုန်းကြီးအရေအတွက်မှာလည်း အဆက်မပြတ် တိုးပွားနေခဲ့သည်။ ​ထိုစဉ်က ဖူထော်ဘုန်းကြီးကျောင်းမှာ တကယ်ကိုစည်ကားခဲ့၏။ ​မျှော်လင့်ချက်တစ်ဝက်ဖြင့် သူမေးလိုက်သည်။

"ဒကာမကြီး၊ ဒီနေရာရဲ့ဖုန်းရွှေကို ပြောင်းလဲဖို့ ကူညီပေးနိုင်မလား"

​"ရတာပေါ့"

ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်သည်။ ​ကျောင်းထိုင်ဆရာတော်မှာ သူမကို အတိုင်းအတာတစ်ခုထိ ယုံကြည်နေပြီဖြစ်ကြောင်း သူမသိလိုက်၏။

​"ပိုက်ဆံကုန်မှာလား"

ကျောင်းထိုင်ဆရာတော် ထပ်မေးလိုက်သည်။ ​ကျိုးထောင်ဟွား ချက်ချင်းခေါင်းခါလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။

​"ကောင်းမှုကုသိုလ် စုဆောင်းတာက တပည့်တော်မတို့ကျင့်ကြံသူတွေ လုပ်သင့်တဲ့အလုပ်ပါ၊ ဆရာတော်အနေနဲ့ တပည့်တော်မတို့ကို စေတနာရှိသလောက်လေးပဲ ချီးမြှင့်ပါ၊ ကုသိုလ်ပြုတယ်လို့ပဲ သဘောထားလိုက်ပေါ့"

​သူမစကားကိုကြားသောအခါ ကျောင်းထိုင်ဆရာတော်ခမျာ မေတ္တယျအရှင်မြတ်အလား ထပ်မံပြုံးရွှင်သွားပြီး ဘုန်းကြီးကျောင်းအတွင်း ဝင်စစ်ဆေးရန် ကျိုးထောင်ဟွားကို နွေးနွေးထွေးထွေးဖြင့် ဖိတ်ခေါ်လိုက်သည်။ ​သူသည် သူတို့နှစ်ဦးကို ဘုန်းကြီးကျောင်းအတွင်း လှည့်လည်ကြည့်ရှုရန် ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးပြီးနောက် မေးလိုက်၏။

​"ဒကာမကျိုး ဆရာတော်တို့ဘုန်းကြီးကျောင်းရဲ့ အလှူငွေတွေပြန်များလာအောင် ဖုန်းရွှေကိုဘယ်လိုပြောင်းလဲသင့်သလဲ"

​ကျိုးထောင်ဟွား ဝင်ဝင်ချင်းတွေ့ရသော အမွှေးတိုင်အိုးကြီးဆီသို့ လျှောက်သွားပြီးမေးလိုက်သည်။

​"ဒီအမွှေးတိုင်အိုးကြီးကို ဘုန်းကြီးကျောင်းမှာ နောက်မှထပ်ထည့်ထားတာလား၊ အဲဒါကို အစားထိုးပြီးနောက်ပိုင်းမှ ဘုန်းကြီးကျောင်းရဲ့အလှူငွေတွေ တဖြည်းဖြည်းကျဆင်းသွားတာလား"

​ကျောင်းထိုင်ဆရာတော် စဉ်းစားနေစဉ် ကိုရင်လေးမှ ဝင်ပြောလိုက်သည်၊

"ဟုတ်ပါတယ်"

​ထိုနှစ်က ဘုန်းကြီးကျောင်းသို့ သူဝင်ရောက်ကာစဖြစ်ပြီး အစားအသောက်များလည်း အကောင်းဆုံးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်မှ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာခဲ့ခြင်းပင်။

​"ဒကာမကျိုး ဘာကိုဆိုလိုတာလဲ"

ကျောင်းထိုင်ဆရာတော် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​"ဒီအမွှေးတိုင်အိုးကြီးက ဘုန်းကြီးကျောင်းရဲ့ အလှူငွေတွေကို ပိတ်ဆို့နေတာ၊ အဲဒါကိုဖယ်ပစ်ပြီး ဘုန်းကြီးကျောင်းထဲမှာ မထားသင့်တော့ဘူး၊ အဲ့လိုလုပ်လိုက်ရင် ဘုန်းကြီးကျောင်းရဲ့ အလှူငွေတွေလည်း အရင်လိုပြန်ဖြစ်သွားပါလိမ့်မယ်"

​ရှန်းမင်မှာ ကျိုးထောင်ဟွားတစ်ယောက် ကျောင်းထိုင်ဆရာတော်ကို ဖျောင်းဖျနေသည်အား နားထောင်နေခဲ့ပြီး နောက်ဆုံးတွင်တော့ တကယ်ကြီးအောင်မြင်သွားခဲ့သည်။ ကျောင်းထိုင်ဆရာတော်မှာ သူမထံစာအိတ်နီတစ်လုံးပင် ပေးလိုက်သေး၏။

​"ကျေးဇူးတင်ပါတယ် ဆရာတော်၊ ဆရာတော်တို့ရဲ့ ဒီအမွှေးတိုင်အိုးကြီးက တောင်အောက်မှာ ကြေးဟောင်းဈေးနဲ့ပဲရောင်းလို့ရမှာ၊ တပည့်တော်မ ကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ အဆုံးထိကူညီပြီး ရောင်းပေးပါ့မယ်၊ ဈေးကွက်ပေါက်ဈေးအတိုင်း ကျသင့်ငွေကို တပည့်တော်မ ပေးပါ့မယ်"

​ကျိုးထောင်ဟွား တေးခုနစ်ရာအား ကျောင်းထိုင်ဆရာတော်ထံ ထုတ်ပေးလိုက်သည်။

​"အော်မီတောဖော ကျေးဇူးအများကြီး တင်ပါတယ် ဒကာမကျိုး၊ ဒကာမက တကယ့်ကို သဘောကောင်းတဲ့သူပါပဲ"

ကျောင်းထိုင်ဆရာတော် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ ​တစ်ချိန်တည်းမှာပင် သူ့ရင်ထဲ၌ အပြစ်ရှိသကဲ့သို့ခံစားလိုက်ရ၏။ ခုနက ဒကာမကျိုးထံ သူပေးလိုက်သော စာအိတ်နီထဲတွင် ရှစ်တေးသာ ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ဤအမွှေးတိုင်အိုးသည် ကျင်းသုံးရာအလေးချိန်ရှိပြီး ကြေးပေါက်ဈေးအရဆိုလျှင် အများဆုံးတေးခြောက်ရာသာ တန်ဖိုးရှိ၏။ ဒကာမကျိုးမှ ပိုပေးခဲ့သည်မှာ သိသာလှသည်။

​ကျောင်းထိုင်ဆရာတော်မှာ ဘုန်းကြီးအချို့အား အမွှေးတိုင်အိုးကိုရထားလုံးပေါ်တင်ရာ၌ ကူညီခိုင်းလိုက်သည်။ ​အမွှေးတိုင်အိုးမှာ အလွန်မြင့်မားနေသဖြင့် ရထားလုံး၏ခေါင်မိုးကိုပင် ယာယီဖြုတ်ချကာ ကြိုးများဖြင့်‌သေသေချာချာတုပ်နှောင်ပြီးမှသာ သူတို့နှစ်ဦးကို နွေးထွေးစွာနှုတ်ဆက်၍ ပို့ဆောင်ပေးလိုက်ကြ၏။

​ကျိုးထောင်ဟွားဆံထိုးပေါ်ရှိ ခူယားကောင်နတ်ဆိုးလေးသည် ကျိုးထောင်ဟွား၏စေ့စပ်သေချာသောအကြံအစည်ကို စောင့်ကြည့်လေ့လာနေသည်။ ​ဖူထော်ဘုန်းကြီးကျောင်းထံမှ အမွှေးတိုင်အိုးကြီးတစ်လုံးကို အလွယ်တကူလှည့်စားရယူနိုင်ခဲ့သည်ပင်။ ယခင်က အမွှေးတိုင်အိုးဆိုင်တွင် ဤမျှကြီးမားသောအမွှေးတိုင်အိုးမျိုးကို တေးလေးထောင်ဖြင့် ရောင်းချမည်ဟု ဆိုင်ပိုင်ရှင်မှပြောခဲ့သည်ကို သူမကိုယ်တိုင်ကြားခဲ့ရသော်လည်း ယခုသူမသခင်မမှာတော့ တေးခုနစ်ရာဖြင့်ပင်ဝယ်ယူနိုင်ခဲ့လေပြီ။

​ညနေခင်း သူတို့နှစ်ဦးအိမ်ပြန်ရောက်သောအခါ မှောင်နေပြီဖြစ်ရာ ကျိုးထောင်ဟွား အမွှေးတိုင်အိုးဝယ်လာသည်ကို ရွာထဲရှိမည်သူမှ သတိမထားမိကြပေ။ ​၎င်းသည် ဘုရားကျောင်းမှ အမွှေးတိုင်အိုး ဖြစ်ပြီး ထိုနေရာတွင် ငါးနှစ်တိုင်တိုင်ရှိနေခဲ့သဖြင့် ကောင်းချီးပေးခံထားရပြီးသားပင်။ ​ဆေးမီးဖိုမဟုတ်သော်လည်း မှော်ပစ္စည်းတစ်ခုဖြစ်နေပါသေးသည်။ ​အမွှေးတိုင်ပြာအားလုံးကို ရှင်းလင်းလိုက်ပြီး ဂုန်နီအိတ်တစ်လုံးထဲထည့်ကာ စိုစွတ်မှုမရှိစေရန် သေသေချာချာသိမ်းဆည်းထားဖို့ ခူယားကောင်နတ်ဆိုးကို သူမအမိန့်ပေးလိုက်၏။ နောင်တစ်ချိန်တွင် ထိုအရာမှာ အလွန်တရာအသုံးဝင်လာမည်ဖြစ်သည်။

​ကျိုးထောင်ဟွားသည် မီးလှံကိုတစ်ခါမှ မဖန်တီးခဲ့ဖူးသဖြင့် ပထမဆုံးတစ်လက်အား အောင်မြင်စွာဖန်တီးနိုင်ရန် သုံးရက်တိတိအချိန်ယူခဲ့ရ၏။ ​ကျိုးထောင်ဟွား ဝမ်းသာအားရလက်ခုပ်တီးနေသည်ကိုမြင်သောအခါ ရှန်းမင်သည်လည်း မီးလှံ၏ပုံသဏ္ဍာန်ကို စူးစမ်းချင်စိတ်ဖြစ်ပေါ်လာတော့သည်။ ​ခူယားကောင်နတ်ဆိုးမှာ အမွှေးတိုင်အိုးထဲရှိမီးလှံကို ထုတ်ယူလိုက်ပြီး တုံ့ဆိုင်းစွာဖြင့်ပြောလာ၏။

​"သခင်မ သခင်မ နောက်တစ်ခါကျရှုံးသွားပြန်ပြီထင်တယ်၊ ဒါကလှံမှမဟုတ်တာ"

​"မဖြစ်နိုင်တာ ငါကိုယ်တိုင် ဘာဖန်တီးထားလဲဆိုတာ ငါသိတယ်၊ ငါ့ကိုပြစမ်း"

ကျိုးထောင်ဟွား တင်းခံ၍ပြောဆိုလိုက်သည်။ သုံးပေခြောက်လက်မခန့် ရှည်လျားသော ထိုမရင်းနှီးသည့်အရာဝတ္ထုကို ရှန်းမင်မြင်လိုက်ရသောအခါ သူ့စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွားရ၏။ ကျိုးထောင်ဟွားအားကြည့်၍ နှစ်သိမ့်ရန် ပြင်လိုက်စဉ် သူမမျက်နှာထက်တွင်တော့ ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေသည်ကိုတွေ့လိုက်ရသည်။

​"ငါ လုပ်နိုင်ပြီလို့ပြောသားပဲ၊ မှားစရာအကြောင်းမရှိပါဘူး"

​ကျိုးထောင်ဟွားမှာ သူမအလိုချင်ဆုံးဖြစ်သည့် မီးလှံကိုယူလိုက်သည်။ ကြေးဝါရောင်သေနတ်ဒင်၌ ခွေလိပ်နေသောနဂါးပုံစံကို ထွင်းထုထားပြီး နဂါး၏ပါးစပ်တွင် နေရာအတိအကျယူထားသော ပုလဲလုံးတစ်လုံးရှိနေ၏။ ​သေနတ်ပြောင်းဝမှာ ကြေးဝါရောင်တောက်ပနေပြီး ထိုအရာပေါ်တွင် မှိန်ဖျဖျစီးဆင်းနေသော မန္တန်စာလုံးများကိုမြင်တွေ့နိုင်သည်။ ​သေနတ်သည် အလေးချိန် ခုနစ်ပေါင်နှင့်နှစ်အောင်စခန့်ရှိသော်လည်း သူမလက်ထဲတွင်တော့ အလေးချိန်လုံးဝမရှိသကဲ့သို့ခံစားရ၏။ ၎င်းအားဖန်တီးစဉ်တွင် အမွေးအတောင်ကဲ့သို့ပေါ့ပါးစေသော အဆောင်လက်ဖွဲ့ကိုထည့်သွင်းထားသောကြောင့်ပင်။

​အဘွားယွဲ့ကျန်းကို မဆိုထားနှင့်။ သုံးနှစ်အရွယ်ကလေးတစ်ယောက်ပင် ၎င်းကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်သည်။ ​ကျိုးထောင်ဟွားတစ်ယောက် သူမဖန်တီးထားသော မီးလှံကိုသဘောကျနေစဉ် ရှန်းမင်နှင့် ခူယားကောင်နတ်ဆိုးတို့မှာတော့ အနည်းငယ်အံ့အားသင့်နေကြ၏။

‘​သူမပြောနေတဲ့ မီးလှံဆိုတာဒါလား’

​ကျိုးထောင်ဟွား သူတို့မျက်နှာအမူအရာများကို သတိပြုမိပြီးရှင်းပြလိုက်၏။

​"ကျွန်မတို့ တစ်ခုလိုနေသေးတယ်၊ အဲဒါသာ အဆင်သင့်ဖြစ်သွားရင် သူ့စွမ်းအားက ရှင်တို့မြင်ဖူးတဲ့လှံတွေထက် လျော့မှာမဟုတ်ဘူး"

​စိတ်ဝင်စားသွားသော ရှန်းမင်မှာ သူမထံမှသေနတ်ကို ယူလိုက်သည်။

​"ညီမထောင်ဟွား ဒါကို မီးလှံလို့ခေါ်တာလား"

​ရှန်းမင် ကျိုးထောင်ဟွား၏သေနတ်ကိုင်ဟန်ကို အတုခိုးလိုက်သည်။ သူ့မျက်လုံးများ ချိန်ကွင်းနှင့်ဆုံမိသောအခါ ခြေလှမ်းတစ်ရာ အကွာအဝေးအထိမြင်နိုင်လေ၏။

​"ဒါက အံ့ဩစရာပဲ"

​သေနတ်ပြောင်းဝအထက်တွင် မြှုပ်နှံထားသော ပွတ်တိုက်အရောင်တင်ထားသည့် သလင်းကျောက်ကို သူအံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ဤအရာဖြင့်သာ တောထဲ၌အမဲလိုက်ပါက လုံးဝ ပြိုင်ဘက်ကင်းပြီပင်။ ​ပြောင်းဝကို သူကိုင်တွယ်ရင်း မေးလိုက်သည်။

"ညီမထောင်ဟွား ဒီမှာ တစ်ခုခုလိုနေတာလား"

​သေနတ်ကိုင်တွယ်ပုံကို ရှန်းမင်မှဤမျှကောင်းစွာသိနေပုံပေါ်သဖြင့် ကျိုးထောင်ဟွား အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။

"အထဲမှာ ကျည်ဆန်တွေထည့်ရမှာ၊ မနက်ဖြန် မြို့စောင့်နတ်ကျောင်းကို သွားကြရမယ်လေ"

​ခူယားကောင်နတ်ဆိုး တစ်ခုခုကိုချက်ချင်းသဘောပေါက်သွား၏။

"သခင်မ အလှူခံပုံးထဲကကြေးဒင်္ဂါးတွေကို သွားယူမလို့လား"

အရင်အကြိမ်၌ ကျိုးထောင်ဟွားနှင့်အတူ မြေစောင့်နတ်ကျောင်းသို့ သွားခဲ့ဖူးသဖြင့် ခူယားကောင်နတ်ဆိုးမှာ သူမအတွေးများကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။

​"နင်က တော်တော်ပါးနပ်တာပဲ"

ကျိုးထောင်ဟွားမှ ရုတ်တရက်ချီးကျူးလိုက်ရာ ခူယားကောင်နတ်ဆိုးသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။ ​သို့သော် သူမ ကျိုးထောင်ဟွားကို လျှော့တွက်ထားဆဲပင်။ နောက်ရက်အနည်းငယ်အတွင်း သူမနှင့်အခြားခူယားကောင်နတ်ဆိုးများသည် ညတိုင်းဆိုသလိုဒေသခံမြေစောင့်နတ်ကျောင်းများနှင့် မြို့စောင့်နတ်ကျောင်းအမျိုးမျိုးသို့ စေလွှတ်ခံရပြီး သူတို့သခင်မမှ အလှူငွေများကို များများရလေ ကောင်းလေဟုတောင်းဆိုခဲ့သည်။

​ခူယားကောင်နတ်ဆိုးများမှာ ညတိုင်း ကြိုးကြိုးစားစား အလုပ်လုပ်ကြသဖြင့် ရှန်းမိသားစု၏ အနောက်ဘက်အခန်းသည် လက်နက်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။ ​ကျိုးထောင်ဟွား မီးလှံများကိုရေတွက်ကြည့်လိုက်ရာ ရွာတစ်ရွာလုံးရှိ လူတိုင်းအတွက်လုံလောက်နေပြီ ဖြစ်သည်။

​"အစ်ကိုရှန်းမင် ရွာလူကြီးအိမ်ကိုတစ်လက်ယူသွားပြီး အဘိုးရွာလူကြီးကို သွားပြကြရအောင်"

​ကျိုးထောင်ဟွား ရှန်းမင်လက်ကို ဆွဲကာ စိတ်အားထက်သန်စွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ သူတို့​အိမ်၌ မီးလှံများနှင့် ကျည်ဆန်များကို ဖန်တီးနေသည်မှာ တစ်လရှိပြီဆိုသော်ငြား သူမအနေဖြင့်တစ်ခါမှ သေနတ်မပစ်ဖူးခဲ့ပေ။ ​ကျိုးကျားရွာအပြင်ဘက်တွင် ထန်ရှန်းဟွေ့ခမျာ တစ်လတိတိအသက်လုကာ မြင်းစီးလာပြီးနောက် နောက်ဆုံးတော့ဤခေါင်ဖျားသောရွာလေးဆီ ရောက်ရှိလာခဲ့သည်။ သူ့ဘောင်းဘီများမှာ မြင်းကျောပြင်နှင့် ပွတ်တိုက်မိသဖြင့် ပေါက်ပြဲနေလေပြီ။

​ကျိုးကျားရွာကို လွှမ်းခြုံထားသော အကာအကွယ်အစီအရင်ကို မယုံကြည်နိုင်ဟန်ဖြင့် သူစိုက်ကြည့်နေမိသည်။ ​ဤမျှကြီးမားသော အကာအကွယ်အစီအရင်ကို ဖန်တီးနိုင်သူ မည်သူမဆို သာမန်လူ လုံးဝမဖြစ်နိုင်ပေ။

‘​ဒါပေမဲ့ သူနဲ့လာတိုးတာကတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ’

​ထန်ရှန်းဟွေ့ရင်ထဲတွင် လှောင်ပြုံးပြုံးလိုက်ပြီး ရှေ့သို့မြင်းဆက်စီးသွားလိုက်သည်။

​"ဟေး ခင်ဗျားဘယ်ကလာတာလဲ၊ ငါတို့ ကျိုးကျားရွာကို ဘာလာလုပ်တာလဲ"

All Chapters