← Chapters

အခန်း (၁၆၈)

Vol. 17 Ch. 168

အခန်း (၁၆၈)

Vol. 17 Ch. 168

168

[Warning ⚠️ ရွံ့ရှာဖွယ်အကြောင်းအရာများပါဝင်နေပါသည်]

ထန်ရှန်းဟွေ့ ကျိုးကျားရွာထဲသို့ ခြေလှမ်း‌လှမ်းတော့မည့်ဆဲဆဲတွင် အော်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။ အသံလာရာဘက်သို့ ကြည့်လိုက်ရာ ခွန်အားကြီးမားသော လူငယ်ရွာသား နှစ်ဦးကိုတွေ့လိုက်ရပြီး သူတို့တစ်ယောက်စီ၏ပခုံးပေါ်တွင် ဖားတစ်ကောင်စီရှိနေ၏။ ​ထိုဖားများမှာလည်း သာမန်ဖားများမဟုတ်ကြပေ။

‘သူတို့က ဖား‌ပေါက်စနတ်ဆိုးတွေလား’

​ထန်ရှန်းဟွေ့ ချက်ချင်းမှင်သက်သွားရသည်။

‘ဒါက ဘယ်လိုရွာမျိုးလဲ။ ဖားနတ်ဆိုးနှစ်ကောင်က သာမန်ရွာသားနှစ်ယောက်ရဲ့ စကားကို လိမ်လိမ်မာမာလေးနားထောင်နေကြတာလား။ ဒီရွာက သာမန်နေရာတော့ မဟုတ်ဘူးပဲ။ ​သူ သတိထားမှဖြစ်မယ်’

​ထန်ရှန်းဟွေ့ အားနာဟန်ဆောင်ကာ ထိုလူနှစ်ယောက်ထံပြောလိုက်သည်။

"မင်္ဂလာပါ ကျွန်တော်ခရီးသွားရင်း ဒီနားကို ဖြတ်လာတာပါ၊ ခင်ဗျားတို့ရွာက ကျွန်တော် လမ်းတစ်လျှောက်မြင်ဖူးခဲ့တဲ့ ရွာတွေနဲ့ အတော်လေးကွာခြားတာပဲ၊ အိမ်တွေက တကယ်ကိုလှတယ်၊ ​အားလုံးက သပ်ရပ်တဲ့အုတ်ပြာနဲ့ အုပ်ကြွပ်မိုး အိမ်တွေချည်းပဲ၊ နွားလှည်းတွေကလည်း နေရာတိုင်းမှာ ရှိတယ်၊ ပြီးတော့....."

​ထန်ရှန်းဟွေ့ တောင်ပေါ်သို့မော့ကြည့်လိုက်ရာ ရွာကိုပတ်လည်ဝိုင်းပြီး မြို့ရိုးတစ်ခုတည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။ မပိတ်ရသေးသော အပိုင်းအနည်းငယ်မှလွဲ၍ ကျန်အပိုင်းများ အားလုံး ပိတ်ဆို့ပြီးသွားပြီဖြစ်၏။

‘​ဒီရွာက ဘာတွေလုပ်နေတာလဲ’

​ကျိုးရှန့်တုန်းနှင့် ကျိုးရှန့်ကျူးတို့သည် ကျိုးကျားရွာကို သူချီးကျူးနေသည်အား ကြားသောအခါ ဂုဏ်ယူဝင့်ကြွားစွာပြုံးလိုက်ကြသည်။ သူတို့ကျိုးကျားရွာမှာ ရွာနီးစပ်ချုပ်ပတ်ဝန်းကျင်တစ်ဝိုက်တွင် အချမ်းသာဆုံးရွာဖြစ်သည်ပင်။

​"ကျွန်တော်အထဲဝင်ပြီး လေ့လာကြည့်လို့ ရမလား"

သူတို့နှစ်ဦးသတိလက်လွတ်ဖြစ်သွားသည့် အခွင့်အရေးကိုယူ၍ ထန်ရှန်းဟွေ့ မေးလိုက်သည်။ သို့သော်​ ကျိုးရှန့်တုန်းမှာ ပြတ်ပြတ်သားသားပြန်ဖြေလာ၏။

"မရဘူး"

ကျိုးရှန့်ကျူးမှာ ကျိုးရှန့်တုန်းနှင့်တိုင်ပင်လိုက်သည်။

"အစ်ကိုရှန့်တုန်း သူကခရီးသွားသက်သက်ပဲမလား၊ သူ့ကိုအထဲဝင်ပြီး ကြည့်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ၊ ကျွန်တော်တို့ သူ့ကိုစောင့်ကြည့်ထားလို့ရတာပဲလေ"

​သို့သော် ကျိုးရှန့်တုန်း အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။

"ရှန့်ကျူ အရင်တုန်းက ငါတို့ရွာမှာဓားပြတွေနဲ့ကြုံဖူးတာကို မင်းမေ့သွားပြီလား၊ တကယ်လို့ သူကကြိုတင်စူးစမ်းဖို့လာတာဆိုရင် ဘယ်လိုလုပ်မလဲ၊ ​ပြီးတော့ ဒီလူ့မျက်လုံးတွေက နည်းနည်းထူးဆန်းတယ်၊ ဟိုဟိုဒီဒီလိုက်ကြည့်နေတာ ကြည့်လိုက်"

​သူတို့နှစ်ဦးတီးတိုးတိုင်ပင်ဆွေးနွေးနေကြသည်ကို မြင်သောအခါ ထန်ရှန်းဟွေ့ သူ့မြင်းကို ရှေ့သို့ခြေနှစ်လှမ်းခန့် အသာတိုးသွားစေလိုက်သည်။ ​ရုတ်တရက် မြင်းဗိုက်ကို သူကန်လိုက်ရာ မြင်းချေးအပုံလိုက်ကျဆင်းလာပြီး အပုပ်နံ့ကြောင့် သူတို့နှစ်ဦးရပ်တန့်သွားကာ သူတို့ပခုံးပေါ်ရှိ ဖားနတ်ဆိုးများပင် အနံ့ကြောင့် အသက်ရှူကျပ်သွားရ၏။ ​ကျိုးရှန့်တုန်းမှာ အစကတည်းကပင် ဤလူကို ရွာထဲသို့ ပေးမဝင်ချင်ခဲ့ပေ။ ထန်ရှန်းဟွေ့၏မြင်းမှ ရွာအဝင်ဝတွင် ချေးပါနေဆဲဖြစ်သည်ကိုမြင်သောအခါ သူချက်ချင်းမောင်းထုတ်လိုက်သည်။

​"မင်း ထွက်သွားတော့ ခရီးသွားချင်ရင် တခြားနေရာသွား၊ ငါတို့ရွာကိုမလာနဲ့"

​ထန်ရှန်းဟွေ့ အကြိမ်ကြိမ်တောင်းဆိုလိုက်သည်။

"တောင်းပန်ပါတယ် ကျွန်တော့်မြင်းက ဒီနေ့မြက်တစ်မျိုးစားမိလို့ထင်တယ်၊ ​တကယ်ကို တောင်းပန်ပါတယ်၊ ကျွန်တော်တို့ အခုပဲထွက်သွားပါ့မယ်"

​ကျိုးရှန့်တုန်း နှာခေါင်းကိုပိတ်ထားလိုက်သည်။

"ငါ ဒီမြင်းချေးပုံကြီးကို သွားကော်ထုတ်ဖို့ ဂေါ်ပြားတစ်လက်သွားရှာလိုက်ဦးမယ်"

​ကျိုးရှန့်ကျူးမှာမူ နှာခေါင်းကိုပိတ်၍ ရွာအဝင်ဝတွင် ကင်းစောင့်နေခဲ့သည်။ နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ လေကွယ်သည့်နေရာတစ်ခုကို ရှာလိုက်ပြီး ထိုနေရာသို့လျှောက်သွား၍ သူကျိန်ဆဲလိုက်၏။

​"ကျစ် ဒီမြင်းက ဘာတွေစားထားလို့ သူ့ချေးက ဒီလောက်တောင်နံရတာလဲ"

​မြင်းချေးပုံကို ကျောခိုင်းလိုက်သည့် အခိုက်အတန့်တွင် ဖားနတ်ဆိုးမှာ မြင်းချေးပုံထဲမှ နတ်ဆိုးတစ်ကောင် ရုတ်တရက် တွားသွားထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ​၎င်း၏တစ်ကိုယ်လုံးသည် အညိုရင့်ရောင်ဖြစ်နေပြီး အသက်ရှူကျပ်စေသော အပုပ်နံ့များကို ထုတ်လွှတ်နေ၏။ ထိုနတ်ဆိုး၏ မျက်လုံးများသည် ပုပ်နေသောသစ်သီးနှစ်လုံးအလား နောက်ကျိပြီး အသက်ကင်းမဲ့နေကာ အဆုံးမရှိသော နတ်ဆိုးအငွေ့အသက်များနှင့် လောဘကြီးမှုများကို ထုတ်လွှတ်နေသည်။ ​၎င်း၏ပါးစပ်မှာ နားရွက်ထိပြဲလန်နေပြီး မညီမညာချွန်ထက်သည့်သွားများကို ပေါ်လွင်နေစေ၍ လျှာသည်လည်း ပုပ်နေသောအသားစတစ်စနှင့်တူနေလျက် ရွံရှာဖွယ်ရာချွဲကျိကျိအရည်များ စီးကျနေ၏။

​"အွတ် အွတ် အွတ်"

​ဖားနတ်ဆိုးမှာ ကျိုးရှန့်ကျူးကိုသတိပေးရန် အော်ဟစ်လိုက်သည်။ ​ကျိုးရှန့်ကျူး လှည့်ကြည့်ကာ ညည်းညူလိုက်၏။

"ဒီမြင်းချေးက ဘာလို့ပို,ပိုနံလာရတာလဲ"

​သို့သော် သူလှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူမြင်လိုက်ရသောအရာကြောင့် ထိတ်လန့်သွားရသည်။

​"ဒါ ဒါ ဒါကဘာကြီးလဲ"

​ကျိုးရှန့်ကျူး အလွန်တရာကြောက်လန့်သွားသဖြင့် မြေကြီးပေါ်သို့လဲကျသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားကာ လှုပ်ရှား၍မရတော့ပေ။ ​ကံကောင်းစွာဖြင့် ဖားနတ်ဆိုးသည် လူအသွင်ပြောင်းလဲနိုင်နေပြီဖြစ်ရာ ကျိုးရှန့်ကျူးကိုပခုံးပေါ်သို့ အမြန်တင်၍ထွက်ပြေးတော့သည်။ ​ဖား‌ပေါက်စနတ်ဆိုး အော်ဟစ်လိုက်သောကြောင့် ပတ်ဝန်းကျင်ရှိ အခြားဖားနတ်ဆိုးများ အပြေးအလွှားရောက်လာကြ၏။ ​ဖားနတ်ဆိုးနှစ်ဆယ် တစ်ပြိုင်နက်တည်း လူအသွင်ပြောင်းလဲလိုက်ကြပြီး ထိုနတ်ဆိုးကို တားဆီးရန် တံတိုင်းတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ​ရွာအဝင်ဝအနီးတွင် နေထိုင်သော ရွာသားများနှင့် ထိုနေရာတွင် အလုပ်လုပ်နေသူများ အားလုံးမှာ အပုပ်နံ့ကြောင့်ပျို့အန်ချင်လာကြ၏။

​"ဘယ်သူ ဝမ်းလျှောနေတာလဲ"

​"ထောင်ဟွားအိမ်က ဒူးရင်းသီးနတ်ဆိုးများလား"

​"မဟုတ်ဘူး ချေးနံ့ကြီးပဲကွ"

​"ဒူးရင်းသီးနတ်ဆိုးဆီက အနံ့က ချေးနံ့ပဲ မဟုတ်ဘူးလား"

​လူများမှာပြောရင်းဆိုရင်း ရွာအဝင်ဝသို့ စုံစမ်းရန်ထွက်လာခဲ့ကြသည်။ သို့သော် သူတို့ လုံးဝအံ့အားသင့်သွားရသည်မှာ အလွန်တရာရုပ်ဆိုးပြီး တွန့်လိမ်နေသော နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရခြင်းပင်။ ​၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပုပ်ဟောင်နေသော မစင်များနှင့် အော်ဂလီဆန်ဆန်ဖွဲ့စည်းထားပြီး တွားသွားနေသော လောက်ကောင်များနှင့် စေးကပ်သောအရည်များပါ ဖုံးလွှမ်းနေသည်။

​"ဝေါ့"

​ရွာသားများ ထိုမြင်ကွင်းကိုမြင်ပြီး မအန်ဘဲ မနေနိုင်အောင်ဖြစ်သွားကြသည်။

​"ပြေးကြတော့ နတ်ဆိုးကြီးဟေ့"

​သူတို့တစ်ယောက်ကိုတစ်ယောက်ဆွဲ၍ ရွာအဝင်ဝမှ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးကြသည်။ ​ဖားနတ်ဆိုးများမှာမူ ထွက်မသွားရဲဘဲ နတ်ဆိုးကိုရင်ဆိုင်ရန် ဆုံးဖြတ်ထားသဖြင့် ပျို့အန်ချင်စိတ်ကို အောင့်အည်း သည်းခံနေကြရ၏။ ​သို့သော် ဤနတ်ဆိုးမှာ အလွန်တရာအစွမ်းထက်ရုံသာမက ၎င်း၏သဘာဝအတိုင်း ညစ်ပတ်နေသောအသွင်အပြင်ကိုအသုံးပြု၍ သူတို့ကိုရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုက်ခိုက်မှုနှစ်မျိုးစလုံးပြုလုပ်နေသည်။ ​ရွာလူကြီးအိမ်တွင် ကျိုးထောင်ဟွားထိုင်လိုက်ပြီး မီးလှံကို ရွာလူကြီးထံသို့ကမ်းပေးလိုက်၏။

​"အဘိုးရွာလူကြီး၊ ဒါသမီး အခုလေးတင် ဖန်တီးထားတဲ့ လက်နက်ပဲ၊ မီးလှံလို့ ခေါ်တယ်၊ ​အစွမ်းထက်ပြီး ရိုးရှင်းတယ်၊ ပေါ့ပါးပြီးတော့ သင်ယူရလွယ်ကူတယ်၊ ​သမီးတို့ရွာကလူတိုင်း ဒါကိုဘယ်လိုသုံးရမလဲဆိုတာ သင်ယူစေချင်တယ်၊ ဒါမှလူတိုင်း တစ်လက်စီရှိနိုင်မှာလေ၊ ရွာကိုကာကွယ်ဖို့က လူတိုင်းရဲ့တာဝန်ပဲ”

​တစ်ခါမှမမြင်ဖူးခဲ့သော မီးလှံကိုကိုင်ထားရင်း ရွာလူကြီးမှာ လုံးဝဇဝေဇဝါ ဖြစ်နေပုံရသည်။ ‌အမွှေးအတောင်တစ်ခုအားကိုင်ထားရသကဲ့သို့ တကယ်ကိုပေါ့ပါးလှ၏။

​"ထောင်ဟွား ဒါကို ဘယ်လိုသုံးရတာလဲ"

​ကျိုးထောင်ဟွား၏လမ်းညွှန်မှုဖြင့် ရွာလူကြီးသည် မီးလှံကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ​သူ့မျက်လုံးများ သေနတ်ပြောင်းဝအထက်ရှိ သလင်းကျောက်နှင့်ဆုံမိသည်နှင့် ခြေလှမ်းတစ်ရာအကွာအဝေးတွင် မည်သည့်အရာများ ဖြစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရ၏။ ​ရွာအဝင်ဝမှ ရွာသားများ ဆေးပင်စိုက်ခင်းမှတက်လာနေကြသည်။ သူတို့၏နာကျင်ပြီး ပျို့အန်ချင်နေသော မျက်နှာအမူအရာများကို သလင်းကျောက်အောက်တွင် ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ ​ရွာလူကြီးမှာ ရွာသားများဦးတည်ရာအတိုင်း မီးလှံကိုရွှေ့လိုက်၏။ ​နောက်ဆုံးတွင် အလွန်တရာရွံရှာဖွယ်ကောင်းသော အရာတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

‘​ဒါက ဘာကြီးလဲ’

​"အား"

​ထိုစဉ်မှာပင် ရွာအဝင်ဝမှရွာသားများ အော်ဟစ်ပြီးထွက်ပြေးနေကြ၍ ကျိုးထောင်ဟွား ခြံဝင်းထဲမှထွက်လာရသည်။

"ရွာအဝင်ဝမှာ ဘာဖြစ်တာလဲ"

​"ထောင်ဟွား ငါတို့ရွာမှာ နောက်ထပ် နတ်ဆိုးတစ်ကောင် ပေါ်လာပြန်ပြီ၊ အရမ်းရွံစရာကောင်းတာပဲ"

​မီးလှံကြောင့် ရွာလူကြီးသည် အဝေးမှနေ၍ပင် ထိုအရာကိုသေချာမြင်တွေ့နေရသည်။ ​ကျိုးထောင်ဟွား တံခါးဝသို့ ရောက်ရှိလာချိန်တွင် အဝေးသို့လှမ်းကြည့်လိုက်ရာ ရွာလူကြီးဖော်ပြခဲ့သော မစင်နတ်ဆိုးကို ချက်ချင်း မြင်တွေ့လိုက်ရ၏။ လူအသွင်ပြောင်းလဲထားပြီးဖြစ်သော ဖားနတ်ဆိုးသုံးဆယ်မှ ၎င်း၏လမ်းကို ပိတ်ဆို့ထားသော်လည်း ထိုနတ်ဆိုး၏ပြိုင်ဘက် လုံးဝမဟုတ်ပေ။ ​ဖားနတ်ဆိုးများမှာ လူအသွင်ပြောင်းလဲထားသော်လည်း မစင်နတ်ဆိုးမှာတော့အလွန်တရာအစွမ်းထက်လွန်းနေဆဲပင်။

​"ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျိုးကျားရွာတစ်ရွာလုံးက နတ်ဆိုးတွေကိုရှင်းလင်းပြီး ရွာအတွက်အကာအကွယ် အစီအရင်တောင် တည်ဆောက်ထားတာလေ၊ ​အကာအကွယ်နှစ်ထပ်တောင်ရှိနေတာကို ဘယ်လိုလုပ်ပြီး ဒီလိုမစင်နတ်ဆိုးမျိုးပေါ်လာနိုင်သေးတာလဲ"

​ကျိုးထောင်ဟွား မယုံကြည်နိုင်ဟန်ဖြင့်မေးလိုက်သည်။

‘​ဒီမစင်နတ်ဆိုးက တုပ်ကွေးနတ်ဆိုးထက်တောင် ပိုအစွမ်းထက်သေးတယ်’

All Chapters