← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

169

‘ဒီလောက် အချိန်တိုအတွင်းမှာ ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးမျိုး ကျိုးကျားရွာမှာ ထပ်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ’

​ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားစဉ် ရှန်းမင်လည်း တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိသွားသည်။ ကျိုးထောင်ဟွားမှာ ရွာလူကြီး၏မီးလှံကိုငြိမ်နေအောင် ကူညီကိုင်တွယ်ပေးပြီး သေနတ်ပြောင်းဝကို အဝေးမှမစင်နတ်ဆိုးထံသို့ ချိန်ရွယ်ပေးလိုက်၏။

​"ရွာလူကြီး မစင်နတ်ဆိုးကိုချိန်မိပြီလား"

ကျိုးထောင်ဟွား သူ့အနောက်မှနေ၍မေးလိုက်သည်။ ​ရွာလူကြီးမှာ မစင်နတ်ဆိုးကြောင့် အနည်းငယ်ကြောက်လန့်နေသော်လည်း ကျိုးထောင်ဟွားအသံကို ကြားလိုက်ရသောအခါ အကြောင်းပြချက်မရှိဘဲ စိတ်အေးသွားရ၏။

​"ထောင်ဟွား ဟိုဖားနတ်ဆိုးတွေက ဒီမစင်နတ်ဆိုးကို မနိုင်ပုံရတယ်၊ သမီး နှိမ်နင်းနိုင်မလား"

ရွာလူကြီး မေးလိုက်သည်။ ​ရွာလူကြီးစိတ်ထဲတွင် ကျိုးထောင်ဟွားသည် အရာအားလုံးကို စွမ်းဆောင်နိုင်သူပင်။ ရွာထဲတွင်ပေါ်လာပြီး ဒုက္ခပေးသမျှနတ်ဆိုးအားလုံးကို သူမတစ်ယောက်ထဲပင် ရှင်းလင်းပစ်ခဲ့ခြင်းသာ။ ​ကျိုးထောင်ဟွား ရွာလူကြီး၏လက်ညှိုးကို ခလုတ်ပေါ်သို့တင်ရန် လမ်းညွှန်ပေးပြီးပြောလိုက်သည်။

"ရွာလူကြီးကိုယ်တိုင် အဲဒါကိုနှိမ်နင်းနိုင်မယ်လို့ ယုံကြည်လား ဒီလိုမျိုးလေ"

​"ဒိုင်း"

​သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ကျိုးကျားရွာတစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားကာ တောင်ပေါ်ရှိငှက်များပင် လန့်ဖျပ်ပြီးပျံသန်းသွားကြသည်။ ​ဖားနတ်ဆိုးများအားလုံးသည် မစင်နတ်ဆိုး၏တိုက်ခိုက်မှုကြောင့် မြေကြီးပေါ်သို့ လဲကျသွားကြ၏။ သူတို့မှာအသည်းအသန် ကြိုးစားကာကွယ်နေကြပြီး ဤနတ်ဆိုးရွာထဲဝင်ကာ ရွာသားများကို ဒုက္ခပေးမည်အားစိုးရိမ်နေကြစဉ် ရုတ်တရက် သေးငယ်သောအရာဝတ္ထုလေးတစ်ခု မစင်နတ်ဆိုးခေါင်းထဲ ပျံသန်းဝင်ရောက်သွားသည်ကို တွေ့လိုက်ကြသည်။ ​ထိုအခိုက်အတန့်တွင် ယခင်က ရက်စက်ကြမ်းကြုတ်နေသော မစင်နတ်ဆိုးသည် မြေကြီးပေါ်သို့လဲကျကာငြိမ်သက်သွားလေ၏။ ​ဖားနတ်ဆိုးအားလုံးထရပ်ပြီး ၎င်းကိုစစ်ဆေးကြည့်လိုက်ရာ အံ့ဩစရာကောင်းလောက်အောင်ပင် ထိုနတ်ဆိုးသေဆုံးသွားခဲ့လေပြီ။ ​ရွာလူကြီးမှာ မစင်နတ်ဆိုးလဲကျသွားသည်ကိုမြင်သောအခါ အံ့ဩဝမ်းသာ ဖြစ်သွားရသည်။ ကျိုးထောင်ဟွားအား သူမေးလိုက်၏။

"ထောင်ဟွား အဲ့နတ်ဆိုးကို အဘိုးသတ်လိုက်တာလား"

​"ဟုတ်ပါတယ်၊ အဘိုး ဒီမီးလှံနဲ့ကျည်ဆန်မှာ သမီးအစီအရင်တွေထည့်ထားတယ်၊ ဒီမီးလှံနဲ့သာဆိုရင် နောက်ကျတွေ့သမျှ နတ်ဆိုးတိုင်းကို သတ်လို့ရပြီ၊ နတ်ဆိုးတွေတင်မကဘူး၊ လူတွေအတွက်လည်း အရမ်းအသုံးချလို့ရတယ်"

​တကယ်တော့ လူသတ်ရသည်မှာ ပို၍ပင်လွယ်သေးသည်။ ​ဖားနတ်ဆိုးသုံးဆယ်ပင် မယှဉ်နိုင်သော မစင်နတ်ဆိုးကို သူကိုယ်တိုင်သတ်ပစ်လိုက်သည်ဟု ကြားရ‌သောအခါ ရွာလူကြီးအလွန်တရာ အံ့အားသင့်သွားရ၏။ ​ချက်ချင်းပင် သူ့ရင်ထဲတွင် အောင်မြင်မှုခံစားချက်များ ပြည့်လျှံလာသည်။ သူ့လက်ထဲရှိ မီးလှံကို ပွတ်သပ်ရင်း သူရေရွတ်လိုက်၏။

​"ဘုရားရေ ဒါကရတနာပဲ၊ နာမည်က ဘယ်လိုခေါ်တာပါလိမ့်၊ မီး မီးဘာဖြစ်တယ်၊ ဒီလောက်တိုတဲ့လှံမျိုး အဘိုး တစ်ခါမှမမြင်ဖူးဘူး၊ ဒါပေမဲ့အရမ်းကို အစွမ်းထက်တယ်"

​"အဘိုး ဒါကို မီးလှံလို့ခေါ်တယ်၊ အခုကစပြီး သမီးတို့ရွာကလူတိုင်းမှာ တစ်လက်စီ ရှိရမယ်၊ အဲ့အချိန်ကျရင် နတ်ဆိုးဝိညာဉ်တွေကို သမီးတို့ဘယ်တော့မှ ကြောက်နေစရာမလိုတော့ဘူး၊ ဒါပေမဲ့ ဒီမစင်နတ်ဆိုးက သမီးတို့ရွာမှာ အစကတည်းကရှိနေတဲ့အရာမဟုတ်တာတော့ သေချာတယ်"

​ကျိုးထောင်ဟွား၏မျက်နှာထား လေးနက်သွားသည်။ ​ဂေါ်ပြားကိုကိုင်ထားသော ကျိုးရှန့်တုန်းသည်လည်း မစင်နတ်ဆိုး၏ပုံပန်းသဏ္ဍာန်ကို မြင်တွေ့ခဲ့ရ၏။

​"ထောင်ဟွား အဲ့ဒါဟိုမြင်းချေးပုံကများလား၊ ခုနက သမီးအဲဒါကို မစင်နတ်ဆိုးလို့ပြောတယ်လေ၊ အစ်ကို ရွာအဝင်ဝမှာ ကင်းစောင့်နေတုန်း တခြားရွာကလူတစ်ယောက် မြင်းစီးပြီးဝင်လာတယ်၊ သူ့ကို တားလိုက်ပေမယ့် သူ့မြင်းကရွာအဝင်ဝမှာ မြင်းချေးတစ်ပုံပါချသွားတာ အရမ်းနံတာပဲ"

​ကျိုးထောင်ဟွား မျက်ခုံးပင့်လိုက်သည်။

‘မြင်းချေး’

​မြေကြီးပေါ်တွင်သေဆုံးနေသော မစင်နတ်ဆိုးကို မြင်သောအခါ ကျိုးရှန့်ကျူး နှာခေါင်းကိုပိတ်ထားပြီး ကျိန်ဆဲလိုက်သည်။

"အရမ်းနံတာပဲ၊ ဒီအကောင်က သေသွားတာတောင် ဘယ်လိုလုပ် ဒီလောက်အနံ့ဆိုးနေရသေးတာလဲ"

​ရွာလူကြီး လျှောက်လာသောအခါ လေးစားအားကျနေသော မျက်လုံးများဖြင့် ရွာသားများမှ သူ့ကိုချက်ချင်းဝိုင်းရံလိုက်ကြသည်။

​"ရွာလူကြီး လက်ထဲကဟာကဘာကြီးလဲ၊ အဲဒါနဲ့ မစင်နတ်ဆိုးကိုသတ်လိုက်တာလား"

​သူရဲကောင်းတစ်ဦးအဖြစ် ပထမဆုံးအကြိမ်အကြည့်ခံရသဖြင့် ရွာလူကြီး အလွနိရာ ကျေနပ်သွားသည်။

​"ဒါကိုမီးလှံလို့ခေါ်တယ်၊ ထောင်ဟွား ဖန်တီးထားတာလေ၊ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို သတ်နိုင်ရုံတင်မကဘူး၊ လူတွေကိုလည်း သတ်နိုင်တယ်"

​ရွာလူကြီးသည် မီးလှံအကြောင်း လူအုပ်ကြီးထံ မိတ်ဆက်ပြောပြပြီး ၎င်း၏လုပ်ဆောင်ချက်များကို ပြသလိုက်သည်။ ​ကျိုးထောင်ဟွား မြေကြီးပေါ်တွင်လဲကျနေသော မစင်နတ်ဆိုးကိုရွံရှာစွာကြည့်လိုက်ပြီး ကျိုးရှန့်တုန်းထံမှ ဂေါ်ပြားကိုငှားကာ နတ်ဆိုး၏ခန္ဓာကိုယ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်၏။ ​နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေကို မြင်တွေ့လိုက်ရသောအခါမှသာ သူမမျက်လုံးများတွင် အပြုံးတစ်ခုပေါ်လာလေသည်။ ​ထို့နောက် သူမလက်ဖဝါးမှနေ ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မစင်နတ်ဆိုး၏ခန္ဓာကိုယ်ကို ပြာဖြစ်သည်ထိ လောင်ကျွမ်းစေလိုက်၏။

​"အစ်ကိုရှန့်တုန်း ခုနကခရီးသွားပုံစံက ဘယ်လိုမျိုးလဲ"

ရှန်းမင် မေးလိုက်သည်။

​…

​သေနတ်သံထွက်ပေါ်လာချိန်တွင် မြို့သို့ သွားရာလမ်း တစ်ဝက်ခန့်ရောက်နေပြီဖြစ်သော ထန်ရှန်းဟွေ့လည်းကြားလိုက်ရသည်။ ထိုစဉ် မစင်နတ်ဆိုး သေသွားပြီဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်သွား၏။

​"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

'အဲဒီနတ်ဆိုးက သူကိုယ်တိုင်ပြုစုပျိုးထောင်ထားတဲ့ နှစ်တစ်ထောင်မစင်နတ်ဆိုးလေ၊ ဒီလောက်လွယ်လွယ်လေး အနိုင်ယူခံလိုက်ရတာလား’

​မူလက မစင်နတ်ဆိုးကို ကျိုးကျားရွာရှိအိမ်တိုင်း၏ရေအိမ်များကို အသုံးပြု၍ ပိုမိုအစွမ်းထက်လာစေရန်နှင့် ရွာကိုလွှမ်းမိုးကာ မိလ္လာကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် စဉ်းစားထားခဲ့ခြင်းပင်။ ​သူ့လက်တစ်ချောင်းမှ လှုပ်စရာမလိုဘဲ တစ်ရက် နှစ်ရက်ခန့်အတွင်း ဤကိစ္စအားအလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။ သူ လုံးဝထင်မထားခဲ့သည်မှာ သူ့နတ်ဆိုးသေသွားခဲ့ခြင်းပင်။ ထန်ရှန်းဟွေ့မျက်နှာပေါ်တွင် လူသတ်ချင်သောအငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဆရာက ငါ့ကိုဘာလို့ ဒီလွှတ်လိုက်တာလဲ ဆိုတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ၊ ဒါပေမဲ့ ကျိုးကျားရွာဆိုတာ ဘယ်လိုနေနေ နောက်တစ်ရက် နှစ်ရက်ထက်ပိုခံမှာ မဟုတ်ဘူး"

​"ဂွီ......"

​သူခြိမ်းခြောက်စကား ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထန်ရှန်းဟွေ့ဗိုက်ထဲမှ အသံမြည်လာသည်။ ကျိုးကျားရွာအားမနက်ဖြန်မှ ကိုင်တွယ်ရပေမည်။ မြို့ပေါ်သွားပြီး ဗိုက်ဖြည့်ရန်သာပိုအရေးကြီး၏။ ​ကျိုးကျားရွာအတွင်းတွင် ​ကျိုးထောင်ဟွား ရွာသားတိုင်းကို မီးလှံတစ်လက်စီ ဝေငှပေးလိုက်ပြီး လယ်ကွင်းများထဲ၌ မည်ကဲ့သို့ချိန်ရွယ်ပြီး ပစ်ခတ်ရမည်ကို လေ့ကျင့်ပေးနေသည်။ ​လူတိုင်းမှာ သုံးပေရှည်လျားပြီး အလွန်တရာပေါ့ပါးသော ကြေးဝါသေနတ်များကို ဆုပ်ကိုင်ထားကြကာ ခလုတ်ကိုဆွဲလိုက်ရုံဖြင့် နားကွဲမတတ် "ဒိုင်း"ကနဲ အသံထွက်လာလိမ့်မည်ကို ယုံကြည်ရန်ခက်ခဲနေကြ၏။

​ထို့ပြင် သူတို့၏စွမ်းအားမှာ အလွန် ကြီးမားလှသည်။ အကွာအဝေးမည်မျှပင် ဝေးစေကာမူ ပန်းကန်လုံးတစ်လုံး သို့မဟုတ် အိုးကြီးတစ်လုံးကို အပိုင်းပိုင်းအစစကြေမွသွား‌စေနိုင်သည်ထိ ပစ်ခွဲနိုင်လေ၏။ ​အဘိုးယွဲ့ကျန်းမှစ၍ အဘွားချူ ၏လေးနှစ်အရွယ်မြေးလေးအထိ လူတိုင်းတစ်ရက်တာ လေ့ကျင့်ပြီးနောက် မည်သို့ပစ်ခတ်ရမည်ကို တတ်မြောက်သွားကြသည်။ ​ရွာထဲတွင်သေနတ်သံများ တဖောက်ဖောက်ထွက်ပေါ်နေပြီး တောင်ပေါ်ရှိငှက်များမှာတော့ အချိန်ကြာမြင့်စွာကတည်းမှ အဝေးသို့ပျံသန်းသွားခဲ့ကြပြီပင်။

​တောင်ထိပ်ရှိဝံပုလွေများမှာမူ အောက်သို့ဆင်းမလာရဲဘဲ သူတို့နေရာတွင်သာကွေးကွေးလေးပုန်းအောင်းနေကြသည်။ ​ကျိုးရှန့်တုန်းနှင့် ကျိုးရှန့်ကျူးတို့၏ ဖော်ပြချက်များပေါ်အခြေခံ၍ ကျိုးထောင်ဟွားမှာ ထန်ရှန်းဟွေ့ပုံတူကိုရေးဆွဲလိုက်၏။ ​ဤလူမှ နောက်ထပ်နတ်ဆိုးများကို ရွာထဲသို့ထပ်မံခေါ်ဆောင်လာမည်အား ကာကွယ်ရန်အတွက် သူမသည်မြေပြင်ရှိ ဖားနတ်ဆိုးများကို အင်အားဖြည့်တင်းပေးရုံသာမက ကောင်းကင်‌ပေါ်ကင်းလှည့်ရန် ခူယားကောင်နတ်ဆိုးများကိုလည်း အမိန့်ပေးထားလိုက်သည်။

​သို့သော် ဤကဲ့သို့စီမံထားသော်လည်း နတ်ဆိုးများမှာ အခြားနည်းလမ်းများကို အသုံးပြု၍ ခိုးဝင်လာနိုင်သေးသည်။ ​ချက်ချင်းလုပ်ဆောင်ရမည့် ဦးစားပေးအလုပ်မှာ မြို့ရိုးတည်ဆောက်ရေးကို အရှိန်မြှင့်ပြီး တတ်နိုင်သမျှအမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ရန်ပင်။ ​မီးလှံတစ်ခုတည်းဖြင့် မလုံလောက်သေးချေ။

‘ကျည်ဆန်တစ်တောင့်က ပစ်မှတ်တစ်ခုကိုပဲထိနိုင်တာ၊ လက်ပစ်ဗုံးနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး’

​ရုတ်တရက် ကျိုးထောင်ဟွားအမြောက်များကို ပြန်စဉ်းစားမိသွားသည်။

‘သူတို့ရဲ့စွမ်းအားက အကြီးမားဆုံးပဲ’

​ကျိုးထောင်ဟွားစကားကိုကြားပြီးနောက် ထိုနေ့ မွန်းလွဲပိုင်းတွင် ရွာလူကြီးသည် မြို့ရိုးဆောက်ရာတွင်ကူညီရန် အခြားရွာများမှ အလုပ်သမားတစ်ထောင်ကျော်ကို ခေါ်ယူလာခဲ့သည်။ ​ထန်ရှန်းဟွေ့ ရွာထဲဝင်ရန် အခွင့်အရေးမရမည်ကိုစိုးရိမ်နေခဲ့သဖြင့် ကျိုးကျားရွာမှ လူလိုအပ်နေသည်ကိုသိသောအခါ စုတ်ပြဲနေသောအဝတ်အစားတစ်စုံကို အလွယ်တကူ ဝယ်ယူဝတ်ဆင်ပြီး ခိုးဝင်လာခဲ့၏။ ​ရွာလူကြီးမှာ စာရင်းစာအုပ်ထဲ၌ လူတိုင်းကိုမှတ်ပုံတင်နေစဉ် အနည်းငယ်ဖြူဖျော့သောအသားအရေနှင့် ဟန်ပန်အမူအရာမှာ သူဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် လုံးဝမလိုက်ဖက်နေသော ထန်ရှန်းဟွေ့ကိုသတိထားမိလိုက်သည်။

​"မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ကလာတာလဲ"

ရွာလူကြီး ပေါ့ပေါ့ပါးပါးပင်မေးလိုက်သည်။ ​ထန်ရှန်းဟွေ့သည် သူ့နာမည်အမှန်ကို အလိုလိုပြောထုတ်မိတော့မလိုဖြစ်သွားသော်လည်း သူ့လျှာအားပြန်ခေါက်ကာ စကားကိုအမြန်ပြောင်းလဲလိုက်၏။

​"ရွာလူကြီး ကျွန်တော့်နာမည်ကထန်ဟွေ့ ပါ၊ မီးအိမ်ရွာက လာတာပါ”

​ထိုစကားကိုကြားသောအခါ ရွာလူကြီးစိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်သော်လည်း မည်သို့မှမဖြစ်ခဲ့သည့်အတိုင်း ဟန်ဆောင်နေလိုက်သည်။ သူ့ဇနီးမှာ မီးအိမ်ရွာမှဖြစ်ပြီး ထိုရွာတွင်ဤကဲ့သို့ လူမျိုးလုံးဝမရှိခဲ့ပေ။ ​ထိုအခိုက်အတန့်တွင် ဤလူမှာမသင်္ကာစရာကောင်းကြောင်း ရွာလူကြီးသေချာသွားလေသည်။

​"ငါတို့ရွာမှာ နောက်ထပ်အလုပ်တစ်ခုရှိသေးတယ်၊ မင်းအဲဒီကိုသွားပြီးလုပ်ပေးလိုက်၊ ​မင်းက အတော်လေး စေ့စပ်သေချာမယ့်ပုံပဲ၊ ဒီတစ်ခါ အလုပ်က မင်းနဲ့တကယ်ကိုသင့်တော်တယ်"

All Chapters