← Chapters

ငါ့ကိုနိုင်မယ်များ ထင်နေတာလား

Vol. 9 Ch. 803

ငါ့ကိုနိုင်မယ်များ ထင်နေတာလား

Vol. 9 Ch. 803

သရဲကြီးဘုရင်က တိတ်ဆိတ်စွာ ထိုင်နေစဥ် ပိုင်ရှောင်ချန်းက အတတ်နိုင်ဆုံး တည်ငြိမ်ပြီး က္ကန္ဒြေရသည့်ပုံပေါ်အောင် ကြိုးစားရင်း ဟဲမင်နောက်မှ တော်ဝင်နန်းတော်ထံ လိုက်သွားလေသည်။

အမှန်တွင် သူ့အတွင်းစိတ်ထဲ၌ ကြောက်လန့်နေသည်အထိ စိုးရိမ်သောကရောက်နေလေပြီ။ သူက ဟာကွက်လုံးဝမရှိကြောင်း သေချာစေရန် သူ့အစီအစဥ်ကို ပြန်လည်သုံးသပ်လိုက်သည်။ သူ အမှားသေးသေးလေးလုပ်မိလျှင် ပြန်လာနိုင်စရာအကြောင်းမရှိတော့မည် မဟုတ်ပါလော။

" ငါ တစ်ခုခု ညှိုနှိုင်းမရခဲ့ရင် ဘယ်လိုလုပ်မလဲ။ အခုထက်ပိုကောင်းအောင်လဲ မပြင်ဆင်နိုင်တော့ဘူး "

သူက စေ့စေ့စပ်စပ် ဆန်းစစ်သုံးသပ်ပြီးနောက်တွင် အတန်ငယ်စိတ်သက်သာရာရသွားသော်လည်း မည်သည် ဖြစ်လိမ့်သည်၊ မဖြစ်လိမ့်မည်ကို သိချင်နေခြင်းအား ရပ်တန့်၍ မရပေ။

သို့နှင့် သူနှင့်ဟဲမင်သည် လမ်းတစ်လျှောက် နှုတ်ဆိတ်စွာ ဆက်သွားနေကြ၏။

ပိုင်ရှောင်ချန်းက မဟာကောင်းကင်သခင်နှင့် မတိုင်ပင်ဘဲ ကျိုးမျိုးနွယ်စုကို တဟုန်ထိုး သွားရောက်ခဲ့သည့် အခိုက်အတန့်ကတည်းက ၄င်းသည် ဆူညံမှုကြီးတစ်ခု ဖြစ်စေမည် ဖြစ်ကြောင်း သိထားခဲ့သည်။

သို့သော် သူ နောင်တလုံးဝမရ။ သူ မဟာကောင်းကင်သခင်ကို မယုံကြည်သည့်အပြင် ယခင်ကကဲ့သို့ မမှီခိုလိုပေ။ ပိုင်ဟောက်၏ လုံခြုံမှုက ပဓာနဖြစ်သည်။ စကားအနည်းငယ်ပေါက်ကြားသွားပြီး သူ့ရန်သူများကို သတိပေးလိုက်လျှင် အကျိုးဆက်များသည်ကား တွေး၍ပင်ရမည်မဟုတ်ချေ။

ထို့ပြင် သရဲကြီးဘုရင် တွက်ဆခဲ့သည့်အတိုင်း သူထိုသို့ပြုလုပ်ရဲသည့် အကြောင်းရင်းမှာ သူ့တွင် ထုတ်ပြရန် အဆင်သင့်ဖြစ်နေသည့် လျှို့ဝှက်လက်နက်တစ်ခု ရှိသောကြောင့်ပင်။

" ကောင်းကင်မြို့စားတွေ၊ နယ်စားတွေ အားလုံး ငါကို သေဒဏ်ပေးဖို့ တောင်းဆိုရအောင် ကောင်းကင်သခင်ခန်းမထဲ ရောက်နေကြမယ်ဆိုတာ ငါလောင်းရဲတယ် "

သူ့တွင် လျှို့ဝှက်လက်နက်ရှိသော်လည်း အတန်ငယ်မစိုးရိမ်မိဘဲ မနေပေ။ သို့သော် ထိုစိုးရိမ်သောကမှာ မျှော်လင့်ချက်များနှင့် ရောနှောနေသည်။

သူသည် နိုင်ငံတော်ထဲရှိ အရေးပါသောမင်းမှူထမ်းများအားလုံးအား သူ၏လျှို့ဝှက်လက်နက်ကို ဖော်ပြရန် မစောင့်နိုင်တော့ပေ။ ထို့ပြင် ထိုသို့ဖြစ်လာလျှင် ယခင်က သူတို့ သူ့ကို ရန်မူခဲ့ကြသည်နှင့်အမျှ သူတို့ကို ပါးချသည့်အသံများ ပို၍ကျယ်လောင်လာတော့မည်။

" အရင်က ငါ မင်းမျိုးနွယ်တွေကို တိုက်ခိုက်ဖို့ အမြဲ မဟာကောင်းကင်သခင်ရဲ့ အာဏာကို အားထားနေခဲ့ရတယ်။ ဒါပေမယ့် အခုတော့ ငါ့ကိုယ်ငါက လွဲပြီး ဘယ်သူ့ကိုမှ အားကိုးမှာ မဟုတ်တော့ဘူး။ ငါကိုယ်တိုင် သူတို့အားလုံးကို ဘယ်ပြန်ညာပြန် ပါးချပစ်မယ် “

" ကောင်းကင်မြို့စား ၈၉ ဦး၊ ကောင်းကင်နယ်စား ၁၀ဦး၊ အရေးကြီးတဲ့ မင်းမျိုးနွယ်အထက်တန်းလွှာအဖွဲ့ဝင် ၉၉ယောက်။ သူတို့ကို ပါးချရတာ ဘယ်လိုနေမလဲ သိချင်လိုက်တာ "

သူ ထိုအကြောင်း တွေးမိသည်နှင့်အမျှ သူ၏ မျှော်လင့်ချက်များ အားကောင်းလာပြီး အသက်ပင် ဖြောင်ဖြောင့်မရှူနိုင်တော့သည် အထိ ဖြစ်လာတော့သည်။

များမကြာမီ သူနှင့် ဟဲမင်တို့နှစ်ဦး တော်ဝင်နန်းတော်ထံရောက်သွားပြီး ကောင်းကင်သခင်ခန်းမထံ ဦးတည်လိုက်ကြသည်။ သူလမ်းလျှောက်နေစဥ် သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး သူ၏ စိတ်လှုပ်ရှားနေသော မျှော်လင့်ချက်များ ပို၍ပြင်းထန်လာတော့သည်။

တစ်နေရာအရောက် သူတို့က သွားလိုသည့်နေရာနှင့် အလွန်နီးကပ်နေစဥ် ဟဲမင်က ရုတ်တရက် တုံ့ခနဲ ရပ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ မည်သို့ဖြစ်မည်ကို တွေးရင်း နစ်မျောနေသည့်အတွက် လုံးလုံးလျားလျား လန့်သွားပြီး ဟဲမင်ကို ဝင်တိုက်မိတော့မတတ် ဖြစ်သွားလေသည်။

တခဏကြာသော် ဟဲမင်က ပြောသည်။

" မင်း မဆင်မခြင် လုပ်ခဲ့တာပဲ "

သူ့အသံသည် ခါတိုင်းကဲ့သို့ အေးစက်နေသော်လည်း သေသေချာချာ နားထောင်ကြည့်လျှင် အနည်းငယ်စိုးရိမ်နေသည်ကို တွေ့နိုင်သည်။

ထိုသည်ကို ပိုင်ရှောင်ချန်း သတိပြုမိသောအခါ အံသြသွားမိသည်။ ဟဲမင်က အမြဲတစေ အလွန်အေးစက်စွာ ပြုမူခဲ့ပြီး ခပ်ခွာခွာနေတတ်သောကြောင့် ယခုကဲ့သို့ ရုတ်တရက်စိုးရိမ်ပူပန်ခြင်းကို ထုတ်ဖော်ပြသလာမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ဟဲမင်က လှည့်မကြည့်ပေ။ သူက ပိုင်ရှောင်ချန်းကို ကျောပေးရင်း ပြောသည်။ " ကောင်းကင်မြို့စားတွေနဲ့ ကောင်းကင်နယ်စားတွေ အားလုံး အတူတူ ပူးပေါင်းနေကြတယ်။ မဟာကောင်းကင်သခင်က မင်းကို သူတို့ဆီက ကာကွယ်ပေးချင်ရင်တောင်မှ အရမ်းခက်လိမ့်မယ် "

မည်သူမှ မမြင်ကြသော်လည်း ရောထွေးနေသော ခံစားချက်များသည်ကား သူ့မျက်လုံးထဲတွင် နေရာယူထားသည်။

ကောင်းကင်သခင်ခန်းမတွင် ပိုင်ရှောင်ချန်းအတွက် ကပ်ဘေးကြီးဖြစ်နိုင်သော အနိဋ္ဌာရုံမုန်တိုင်းတစ်ခု အစပျိုးနေသည်ကို သူပြောနိုင်သည်။ထိုမျှသာမက စစ်ဆေးရေးအရာရှိမင်းအဖြစ်နှင့် ပိုင်ရှောင်ချန်း လုပ်ဆောင်ခဲ့သည့်အရာများစွာက ဟဲမင်အား ထိုရုံးကို အုပ်ချုပ်ခဲ့စဥ်က အချိန်ကို ပြန်တွေးမိသွားစေသည်။

ထို့ကြောင့် ဟဲမင်ထက် ပိုင်ရှောင်ချန်း မည်သို့ခံစားရသည်နှင့်ပတ်သက်၍ ကိုယ်ချင်းစာနိုင်သော အခြားလူတစ်ယောက်ကို ဗဟိုဧကရာဇ်နိုင်ငံတော်တွင် ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

သူတို့နှစ်ယောက်လုံးသည် စစ်ဆေးရေးအရာရှိမင်းများ ဖြစ်ခဲ့ကြ၏။ ယခုအချိန်တွင် ဖြစ်ပျက်နေခဲ့သော အဖြစ်အပျက်များသည် ဟဲမင်တာဝန်ယူစဥ်က ဖြစ်ပျက်ခဲ့သောအရာများနှင့် အလွန်ဆင်တူသည်။ အဓိက ကွဲပြားခြားနားမှုမှာ ဟဲမင်က မဟာကောင်းကင်သခင်နှင့် အလွန်ရင်းနှီးခဲ့သဖြင့် ကာကွယ်ပေးခံခဲ့ရလေသည်။ သူသည် ထိုသေဘေးမှ လွတ်မြောက်ခဲ့ပြီး ထိုအချိန်မှစ၍ မဟာကောင်းကင်သခင်ဘေးတွင် အရိပ်သဖွယ် မခွာစတမ်းကပ်နေခဲ့ခြင်း ဖြစ်သည်။

အရေးကြီးဆုံးအနေဖြင့် သူက ကောင်းကင်မြို့စားတစ်ယောက်ကို သတ်ခြင်းကဲ့သို့ ပြင်းထန်သည့် ပြစ်မှုတစ်ခုကို မကျူးလွန်ခဲ့ပေ။

ထို့ကြောင့် မည်သည့်နည်းနှင့်ဖြစ်စေ ပိုင်ရှောင်ချန်း၏ အခြေအနေသည်ကား သူ့လက်ထက်ကနှင့် ကွဲပြားသည်။

" မင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က မဟာကောင်းကင်သခင်ပဲ။ ပိုင်ဟောက်၊ မင်းဘာသာမင်း..... ကြည့်ရှင်းရတော့မယ် "

သူက သက်ပြင်းချရင်း ရှေ့ဆက်သွား၏။

ပိုင်ရှောင်ချန်းက ဟဲမင် လျှောက်ထွက်သွားသည်ကို ကြည့်ပြီး စိတ်ထဲတသိမ့်သိမ့်ခံစားလိုက်ရသည်။ သူက ဟဲမင်ကို အေးစက်ပြီး စိမ်းကားသည်ဟု အမြဲထင်ခဲ့သော််လည်း ယခု သူ အန္တရာယ်တွင်းထဲ ကျအံ့ဆဲဆဲဖြစ်နေချိန်တွင် နှစ်သိမ့်စကားများပြောသွားခဲ့သည်မှာ သူ့နှလုံးသားကို နွေးထွေးသွားစေသည်။

သူက ဟဲမင်၏ကျောပြင်ကို တခဏကြာစူးစိုက်ကြည့်နေပြီးနောက် ခပ်ဖွဖွခေါင်းညိတ်၍.....ကောင်းကင်သခင်ခန်းမထံ ဆက်သွားလိုက်သည်။

ခန်းမ၏ ပိတ်ထားသော တံခါးထံမှ မည်သည့်အသံမှ မကြားရပေ။ သို့သော် သူအနားရောက်သွားသည်နှင့် တစ်ပြိုင်နက် အတွင်းထဲတွင် ရှုပ်ထွေးပြင်းထန်နေသော အရှိန်အဝါများ ထကြွနေသည်ကို အာရုံရလိုက်၏။

ဟဲမင်က ပျောက်သွားပြီး ပိုင်ရှောင်ချန်းသာ ရပ်ကျန်ခဲ့လေသည်။ အချိန်အနည်းငယ်ကြာပြီးချိန်တွင် အတွင်းထဲမှ အသံတစ်သံ ပဲ့တင်ထပ်လာ၏။

" ဝင်ခဲ့ ပိုင်ဟောက်"

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး ဝင်လေကိုအကြာကြီးရှုသွင်းလိုက်သည်။ ပြပွဲစတော့မည်ဖြစ်ကြောင်း သူသိလိုက်ပြီး ထိုသည်က သူ့ကို စိုးရိမ်သွားစေသော်လည်း တချိန်တည်းမှာပင် ပို၍ စိတ်လှုပ်ရှားလာတော့သည်။

" အဓိပ္ပါယ်မရှိလိုက်တာ။ ငါက ဘာလို့ ကြောက်ရမှာတုန်း။ ငါ့ လျှို့ဝှက်လက်နက်က သိပ်အံ့သြစရာကောင်းလွန်းလို့ အဲဒီနယ်စားတွေ၊ မြို့စားတွေကို ဝက်တွေလို ရုပ်ဆိုးသွားတဲ့အထိ ပါးချပစ်ဦးမှာ။ သူတို့က ငါ သူတို့ကို ရိုက်မှာကို စောင့်နေကြတာလေ၊ ဟုတ်တယ်မလား။ သူတို့တောင် မကြောက်ရင် ငါက ဘာလို့ ကြောက်ရမှာလဲ။ အဟက်၊ ငါရှေ့တည့်တည့်မှာ မျက်နှာထိုးပေးပြီး စောင့်နေကြတာဆိုတော့ သူတို့ကို မရိုက်ရင် ရှက်စရာကြီး ဖြစ်နေလိမ့်မယ် "

သူက အံတင်းတင်းကြိတ်ရင်း ရှေ့လှမ်းကာ တံခါးကို ဖွင့်လိုက်သည်။

ချက်ချင်းပင် သူ့အပေါ်သို့ အကြည့်စူးစူးပေါင်းတစ်ရာကျော် ရောက်ချလာတော့သည်။

ထိုအကြည့်များထဲမှ အားအနည်းဆုံးက နတ်တစ်ပိုင်းအဆင့်ဖြစ်ပြီး အားပြင်းဆုံးက နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်သည်။ ဗဟိုဧကရာဇ်နိုင်ငံတော်၏ မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံးနှင့် အစွမ်းထက်ဆုံးပညာရှင်များအားလုံး ဤနေရာတွင် စုဝေးရောက်ရှိနေကြပြီး သူတို့၏ အကြည့်များ အတူတကွ ပေါင်းစပ်သွားသည်တွင် တစ်လောကလုံးကို လှုပ်ရမ်းပစ်နိုင်သည့် စွမ်းအားကြီးကို ဖန်တီးနေတော့သည်။ သူ၏ လျှို့ဝှက်လက်နက်နှင့်ပင်လျှင် ပိုင်ရှောင်ချန်းမှာ ထိုအကြည့်စူးစူးများ ကျေးဇူးကြောင့် ကြောက်စိတ်များ မွှန်ထူသွားလေသည်။

မဟာကောင်းကင်သခင်က ခန်းမ၏ ထိပ်တည့်တည့် ကောင်းကင်သခင်ပလ္လင်ပေါ်တွင် တင်းမာသော မျက်နှာထားဖြင့် ထိုင်နေသည်။ ကောင်းကင်နယ်စားများက ရေခဲတမျှအေးစက်သော အမူအရာများနှင့် သူ့အောက်တွင် ရပ်နေကြ၏။

ထို့နောက် ကောင်းကင်မြို့စား ၈၉ ဦး.... ယခုတွင် သူတို့သည် ဗဟိုဧကရာဇ်နိုင်ငံတော်တွင် ကျန်ရှိသောကောင်းကင်မြို့စားအားလုံး ဖြစ်ကြပြီး သူတို့အားလုံးက ပိုင်ရှောင်ချန်းကို အေးစက်စွာ ကြည့်နေကြသည်။ တချို့က အေးစက်စွာ ပြုံးနေကြပြီး အချို့က စူးစိုက်ကြည့်နေကာ တချို၏ မျက်လုံးများတွင်တော့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။

ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လာပြီး သူ့နဖူးပေါ်တွင် ဘူးသီးတမျှ ချွေးသီးများ ထွက်လာတော့သည်။ သူ့ဘဝတွင် ပထမဆုံးအနေဖြင့်..... အကြည့်ပြိုင်ပွဲတွင် အားနည်းရခြင်း ဖြစ်သည်။

သို့သော် သူလုပ်နိုင်သော အရာမရှိပေ။ သူက လူပေါင်းတစ်ရာကျော်ကို တစ်ယောက်တည်း ရင်ဆိုင်နေရသည် မဟုတ်ပါလော။

" အရှက်မရှိတဲ့ လူရမ်းကားတွေ "

သူက စိတ်ထဲတွင် တုန်လှုပ်နေလျက် တွေးလိုက်သည်။ သို့သော် တံခါးကို ဖြတ်၍ ဝင်လာပြီးနောက်မှ သူတို့ကြောင့် သူ၏ စိတ်ဓာတ်အားမာန်များကို ပြိုလဲခွင့်မပြုနိုင်ပေ။ အံတင်းတင်းကြိတ်ရင်း သူက သူ့ကို ကောက်ကျစ်စွာ စိုက်ကြည့်နေသော ကျောက်ရှောင်လင်းကို ရှာတွေ့သည့်တိုင်အောင် လူအုပ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။

" သူတို့ဘက်မှာ ဘယ်နှစ်ယောက်ရှိနေလဲ အရေးမကြီးဘူး"

သူက တွေးလိုက်သည်။

" ကိုယ်တော်ပိုင်က အနည်းဆုံး သူတို့ထဲကတစ်ယောက်ကိုတော့ အနိုင်ယူနိုင်တယ်ကွ။ အရှုံးမပေးဘူး "

ထို့နောက် သူက ကျောက်ရှောင်လင်းကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။

ကျောက်ရှောင်လင်းမှာ သိသာစွာ အံသြတုန်လှုပ်သွားပြီး သူတို့နှစ်ယောက်ကြားက အဆင်မပြေမှုများကို မတွေးမိဘဲ မနေနိုင်တော့ပေ။ ရုတ်တရက် သူ စိတ်မသက်မသာဖြစ်လာတော့သည်။

" သူ့ကို ဒီလောက်လူအများကြီး စိုက်ကြည့်နေကြတာတောင်" သူကတွေးသည်။

" ဘာလို့ ငါမှလဲကွာ။ ဒီကောင် ဘာလုပ်နေတာတုန်း "

သူက ချက်ချင်း ဒေါသထွက်သွား၏။ သို့သော် သူ့အတွက် ကံဆိုးစွာပင် သူ့မှာ ပိုင်ရှောင်ချန်းကဲ့သို့ အကြည့်ပြိုင်ပွဲများတွင် လုံးဝ ကျွမ်းကျင်မှုမရှိပေ။ ပိုင်ရှောင်ချန်း၏ အကြည့်က ဓားသွားပမာ စူးရှနေကာ သွေးချောင်းစီးစေသော လေမုန်တိုင်းကြီးတစ်ခုအလား ဖြစ်ပြီး ရန်သူကို သေသေကြေကြေ တိုက်ခိုက်တော့မည့်လူတစ်ယောက်သဖွယ် ရူးသွပ်မိုက်မဲခြင်းအရိပ်အယောင်များ ပါဝင်နေသည့် အကြည့်ဖြစ်ပေသည်။ ကျောက်ရှောင်လင်းမှာ တုန်လှုပ်သွားပြီး အနှီခွေးရူးက သူအပြင်ထွက်သည်နှင့် သူကို တစ်နည်းနည်းဖြင့် သတ်ရန် ကြိုးစားတော့မည်ဟုသာ ယူဆနိုင်တော့သည်။

ထို့နောက် သူက ပိုင်ရှောင်ချန်း လုပ်ဆောင်ခဲ့သည့် အံ့ဩထိတ်လန့်ဖွယ် အရာများအားလုံးနှင့် သူက ရန်သူများစွာကို တစ်နေရာတည်းမှာ ရင်ဆိုင်နေရသည့်တိုင် ဤသို့ ပြုမူနေသေးနိုင်သည်ကို စဥ်းစားတွေးတောလိုက်မိသည်။ များမကြာမီ ကျောက်ရှောင်လင်းသည် သူ၏စောစောက ယူဆချက်ကို တထစ်ချယုံကြည်သွားပြီး သူ့အတွက် မည်မျှအန္တရာယ်များကြောင်း တွေးတောမိကာ နောက်ဆုံးတွင် အကြည့်သာ လွှဲလိုက်လေသည်။

ကျောက်ရှောလင်းက သူ့အား မကြည့်ရဲသည်ကို မြင်သော် ပိုင်ရှောင်ချန်မှာ စိတ်ဓာတ်များ တက်ကြွလာတော့သည်။

" ငါ့ကို နိုင်မယ်များထင်နေတာလား" သူကတွေးလိုက်သည်။

" ငကြောက် "

သူ့ကိုယ်သူ အလွန် အထင်ကြီးသွားရင်း သူက ကောင်းကင်သခင် ခန်းမထဲ လက်နှစ်ဖက်ယှက်၍ ဝင်လိုက်ပြီး မဟာကောင်းကင်သခင်ကို အရိုအသေပေးလိုက်သည်။

" ကျွန်တော်မျိုး ပိုင်ဟောက် မဟာကောင်းကင်သခင်ကို အရိုအသေပေးပါတယ် "

All Chapters