← Chapters

ထူးဆန်းသော ပစ္စည်းများထားရှိရာ အခန်း

Vol. 11 Ch. 110

ထူးဆန်းသော ပစ္စည်းများထားရှိရာ အခန်း

Vol. 11 Ch. 110

ယန်ချင်းသည် သူ၏ အခန်းထဲတွင် ရှိနေပြီး၊ ကြမ်းပြင်ပေါ်တွင် ဝတ်ရုံများမှာ ရှုပ်ပွပြန့်ကျဲနေလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် သူသည် သူဆန္ဒရှိသော မည်သည့်ဝတ်ရုံအမျိုးအစား အဖြစ်သို့မဆို ပြောင်းလဲနိုင်သည့် အထူးစီမံထားသော သူ၏တရားသူကြီး ဝတ်ရုံကိုသာ အသုံးပြုလေ့ ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ထိုသို့ မလုပ်ချင်ပေ။

သူ၏အလုပ်ဝတ်စုံဖြင့် ပါတီပွဲသို့ သွားရမည်ကို သူ စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။

ဘာဝတ်ရမည်ကို စဉ်းစားခန်း ဝင်ပြီးနောက်၊ နောက်ဆုံးတွင် သူသည် အစိမ်းရောင်အပေါ်အင်္ကျီနှင့်အတူ အဖြူရောင်အတွင်းဝတ်ရုံကို ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

အမြဲတမ်း ဖြေချထားလေ့ရှိသော သူ၏ ဆံပင်များကိုပင် တစ်ဝက်ခန့် ဆံထုံးလေး တစ်ခု ထုံးလိုက်သေးသည်။

“အခု ဘာလက်ဆောင် ယူသွားရမလဲ... ပါတီပွဲမှာက သေချာပေါက် နယ်မြေအဆင့်က အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရှိနေမှာဆိုတော့ ငါ့ဆီမှာ ရှိတာတွေက သူတို့မျက်စိထဲ ဝင်မှာမဟုတ်ဘူး။”

မကြာမီမှာပင် နောက်ထပ်အကျပ်အတည်း တစ်ခု ပေါ်လာလေသည်။

သူ့ထံတွင် ရှိသော ကောင်းပေ့ဆိုသည့် အရာအားလုံးနီးပါးမှာ သူ၏ အစာအိမ်ထဲသို့ ရောက်သွားခြင်း၊ အလုပ်နှင့် ပတ်သက်သော ဒဏ်ကြေးများ ပေးဆောင်ရခြင်း၊ သို့မဟုတ် ကောင်းကင်ဘုံရက်ကန်းငှက်၏ ဧရာမအသိုက်ကြီး တည်ဆောက်ရေးစီမံကိန်းတွင် ကုန်ဆုံးသွားခြင်းတို့သာ ရှိလေသည်။

အကယ်၍ ထိုအရာများအတွက် မကုန်ဆုံးခဲ့လျှင်တောင်၊ အဖွဲ့အစည်း၏ ဌာနမှူးတစ်ဦးဖြစ်ပြီး သာမန် နယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦး မဟုတ်သော ကျူးလောင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ မျက်စိကျလောက်မည့် ရတနာမျိုး သူ့ထံတွင် ရှိမည်ဟု မထင်ပေ။

အနည်းဆုံးတော့ ဌာနမှူးတိုင်းသည် နယ်မြေအဆင့်၏ ၉ ဆင့်မြောက် ကျင့်ကြံခြင်းအဆင့် ရှိရမည်ဖြစ်ပြီး၊ တာအိုအပေါ် သူတို့၏ နားလည်သဘောပေါက်မှုမှာလည်း အခြားသူများထက် တစ်ပန်းသာနေရမည် ဖြစ်သည်။

ထို့အပြင် သူတို့သည် နယ်ပယ်ပေါင်းစုံတွင်လည်း ကျွမ်းကျင်မှု ရှိရမည် ဖြစ်သည်။

ဌာနမှူးကျူးလောင်၏ ကျွမ်းကျင်မှုမှာ ကျင့်စဉ်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နဂါးများ၊ ဖီးနစ်ငှက်များ၊ ခွန်ပန်များနှင့် အခြား ထိပ်တန်းဝိညာဉ်သားရဲများ အသုံးပြုသော ဝိညာဉ်သားရဲဘာသာစကားများ အပါအဝင် မတူညီသော ဘာသာစကားများကို လေ့လာခြင်းတို့ ဖြစ်သည်။

ဤဝိညာဉ်သားရဲများအတွက် သူတို့၏ စွမ်းအား တစ်စိတ်တစ်ပိုင်းမှာ သူတို့၏ လျှာတွင် ရှိလေသည်။

သူတို့သည် စူးရှသောအော်ဟစ်သံများဖြင့် သမုဒ္ဒရာများကို ရွှေ့လျားစေနိုင်ခြင်း၊ တောင်များကို နှစ်ခြမ်းခွဲနိုင်ခြင်းနှင့် ကြယ်မိုးများ ရွာကျစေနိုင်ခြင်းတို့ ပြုလုပ်နိုင်စွမ်း ရှိကြသည်။

ဌာနမှူးကျူးလောင်သည် သူတို့၏ ဘာသာစကားများကို သုတေသန ပြုလုပ်ရာမှ ရရှိလာသော ထိုးထွင်းသိမြင်မှုများကြောင့်၊ ဝိညာဉ်သားရဲများ၏ မွေးရာပါ စွမ်းရည်များနှင့် စွမ်းရည်အချို့ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး လူသားများ အသုံးပြုနိုင်သော ကျင့်စဉ်များအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ဗဟုသုတကျယ်ပြန့်မှုမှာ ပေ ၁၀၀ ကျယ်ဝန်းသော အမိုးခုံးစာကြည့်တိုက်တစ်ခုစာကိုပင် ဖုံးလွှမ်းနိုင်စွမ်း ရှိလေသည်။

ဤအချက်ကြောင့်ပင် ယန်ချင်းသည် မည်သည့်လက်ဆောင် ပေးရမည်ကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

တစ်ဖက်တွင် ဌာနမှူးကျူးလောင်မှာ နယ်မြေအဆင့်တွင်ရှိသော ကျွမ်းကျင်သူ တစ်ဦးဖြစ်သဖြင့်၊ အဖွဲ့အစည်းထံမှ သူရရှိသော အရင်းအမြစ်များမှာ အရေအတွက်ရော အရည်အသွေးပိုင်းမှာပါ မနည်းလှပေ။

ထို့အပြင် သူသည် ဌာနမှူးတစ်ဦးလည်း ဖြစ်သဖြင့် ရာထူးအရ ရရှိသော နောက်ထပ် အရင်းအမြစ်များလည်း ရှိသေးသည်။

ယန်ချင်းမှာမူ အမာခံတရားရုံး တရားသူကြီးတစ်ဦး၏ နည်းပါးလှသော လစာဖြင့် ရှင်သန်နေရသော လစာစား ဝန်ထမ်း တစ်ဦးသာ ဖြစ်ပြီး၊ အထူးသဖြင့် စရိတ်ကြီးလှသော ကောင်းကင်ဘုံရက်ကန်းငှက်ကြောင့် ဝင်ငွေနှင့် ထွက်ငွေ မမျှတဘဲ ဖြစ်နေရလေသည်။

“ငါ့ရဲ့ အမည်မသိ စုဆောင်းမှုတွေထဲက တစ်ခုခုကိုပဲ ရွေးရတော့မယ် ထင်တယ်”

ယန်ချင်းက သိုလှောင်ရုံတစ်ခုနှင့် တူသော အခန်းတစ်ခန်းဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

ထိုအခန်းမှာ ထူးဆန်းသော ပုံစံရှိသည့် ကျိုးပဲ့နေသော မှန်ကွဲများမှအစ၊ ကျောက်စရစ်ခဲများ၊ စာမျက်နှာ မပါဘဲ ထူးဆန်းသော သင်္ကေတများသာ ပါရှိသည့် စုတ်ပြဲနေသော စာအုပ်အဖုံးဟောင်းများ၊ ထူးဆန်းသော အခြောက်လှန်းထားသည့် အပင်များ၊ ဝိုင်ဘူးသီးခြောက် ပုံစံရှိသော စာလိပ်များ၊ ကျိုးပဲ့နေသော လက်နက်များ အစရှိသည့် ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေလေသည်။

ထိုအခန်းမှာ လူများက သူတို့ မလိုအပ်သောပစ္စည်းများ သို့မဟုတ် ပျက်စီးသွားသောပစ္စည်းများကို လာရောက် ပစ်ချထားသည့် နေရာတစ်ခုနှင့် ပိုတူလေသည်။

သို့သော် ယန်ချင်း၏ အမြင်တွင်မူ၊ အသက်မီးတောက်သစ်ပင်၊ ခရမ်းလျှပ်စီးဝါးရုံတောနှင့် နေကြတ်သစ်ပင်တို့မှလွဲ၍ သူ၏ နေအိမ်တွင် အဖိုးတန်ဆုံးသော အရာမှာ ဤသိုလှောင်ခန်းနှင့် အထဲရှိ ပစ္စည်းများပင် ဖြစ်သည်။

သူသည် ထိုအခန်းထဲရှိ ပစ္စည်းများကို ကာကွယ်ရန်အတွက် သူ၏ အကျိုးေဆာင်မှတ်အများစုကို အသုံးပြု၍ အဆင့်မြင့်အပြာရောင်အဆင့်အစီအရင်ဆယ်ခုကျော်ကိုပင် တပ်ဆင်ထားခဲ့သေးသည်။

ရှေးဟောင်းသုတေသနပညာရပ် အပေါ် သူ၏နက်ရှိုင်းသော စိတ်ဝင်စားမှုနှင့် ထိုနယ်ပယ်တွင် အလွန်အမင်း နစ်မြုပ်လေ့လာနေမှုတို့ကြောင့်၊ သူသည် တန်ဖိုး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ တွေ့သမျှ ထူးဆန်းသော အရာများကို စုဆောင်းတတ်သည့် အကျင့်တစ်ခု ရရှိသွားခဲ့ခြင်း ဖြစ်သည်။

သူ၏ မျက်စိကျသွားသမျှ အရာအားလုံးကို ဝယ်ယူလေ့ရှိသည်။

သူသည် လေလံရုံများနှင့် ကျင့်ကြံသူများက သူတို့၏ ပစ္စည်းများကို လာရောက် ရောင်းချတတ်သော လဟာပြင် ဈေးတန်းများသို့ အမြဲတမ်း သွားရောက်လေ့ ရှိသူ တစ်ဦး ဖြစ်သည်။

လေလံပွဲရှိ ရာဖြတ်ပညာရှင်များ၏ ကြိုးစားအားထုတ်မှုများကြောင့် မိမိ ဝယ်ယူနေသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်း အတိအကျ သိရှိနိုင်သဖြင့်၊ ကျင့်ကြံသူ အများစုမှာ လေလံရုံများသို့ သွားရောက်ရန် ပိုမို နှစ်သက်ကြသည်။

သို့သော် အပြန်အလှန်အားဖြင့် ကုန်ပစ္စည်းများ၏ စျေးနှုန်းမှာ မြင့်မားလေသည်။ လဟာပြင်ဈေးတန်း များတွင်မူ ထိုသို့ မဟုတ်ပေ။

ကုန်ပစ္စည်းများမှာ များစွာ ပိုမို ဈေးပေါသော်လည်း၊ မည်သည့် တန်ဖိုးဖြတ် မှတ်တမ်းမျှ မပါရှိပေ။

ထို့ကြောင့် များသောအားဖြင့် ဝယ်သူရော ရောင်းသူပါ ထိုပစ္စည်း၏ တကယ့် တန်ဖိုးကို မသိကြပေ။

အထူးသဖြင့် ထိုပစ္စည်းက ပိုမို ထူးဆန်းလေလေ ပို၍ပင် မသိနိုင်လေလေ ဖြစ်သည်။

အရောင်းအဝယ်ပြုလုပ်ရာတွင် တစ်ခါတစ်ရံ ရောင်းသူက အကျိုးအမြတ် အကြီးအကျယ် ရသွားတတ်ပြီး၊ ထူးဆန်းသော အသွင်အပြင်ရှိသည်မှလွဲ၍ ဘာအသုံးမှ မဝင်သော ပစ္စည်းတစ်ခုကို ဈေးကြီးကြီးဖြင့် ရောင်းချသွားနိုင်သလို၊ တစ်ခါတစ်ရံတွင်လည်း ဝယ်သူက ထူးဆန်းသော ပစ္စည်းများထဲတွင် ဖုံးကွယ်နေသည့် အဖိုးတန်မှော်လက်နက် တစ်ခု သို့မဟုတ် အဆင့်မြင့်ကျင့်စဉ်တစ်ခုကို ဈေးပေါပေါဖြင့် ဝယ်ယူသွားနိုင်လေသည်။

နှစ်ဖက်စလုံးအတွက် အမြဲတမ်း အခွင့်အရေး ရှိနေလေသည်။ယန်ချင်းသည် ထိုလဟာပြင်ဈေးတန်းများမှ အလွန်တန်သော ပစ္စည်းအချို့ကို ရရှိခဲ့ဖူးသည်။

သူသည် မပြည့်စုံသော အပြာရောင်အဆင့်ကျင့်စဉ် အချို့၊ ရှေ့ဟောင်းခေတ်ကာလတစ်ခု၏ ကျပန်းသမိုင်းမှတ်တမ်းများ၊ အချိန်ကြာလာသည်နှင့်အမျှ တိမ်ကောပျောက်ကွယ်သွားခဲ့သော အဂ္ဂိရတ်နည်းစနစ်များ ကဲ့သို့သော ထူးဆန်းသည့် နည်းစနစ်များ၊ သားရဲ မှတ်တမ်း၏ အစိတ်အပိုင်းများ စသည်တို့ကို အကြိမ်ကြိမ် တွေ့ရှိခဲ့ဖူးသလို၊ တစ်ခါတစ်ရံတွင်လည်း လုံးဝ အသုံးမဝင်သော အရာများကို ဝယ်မိတတ်လေသည်။

ကျိန်စာသင့်နေသောလက်နက်များ၊ အသွင်အပြင်သာထူးဆန်းနေပြီး သာမန်ပစ္စည်းများသာ ဖြစ်နေသောအရာများကို ဝယ်မိတတ်ပြီး၊ တစ်ခါကဆိုလျှင် ကောင်းကင်ဘုံ ကျောက်တုံးတစ်ခုဟု ထင်မှတ်၍ ဝယ်ယူခဲ့သော်လည်း၊ နောက်ဆုံးတွင် မစားသင့်သောအရာ တစ်ခုခုကို စားမိသွားသည့် မျိုးရိုးဗီဇ ပြောင်းလဲနေသော ဝိညာဉ်သားရဲ တစ်ကောင်၏မစင် ဖြစ်နေသည်ကိုပင် ကြုံတွေ့ခဲ့ရဖူးလေသည်။

ထို့အပြင် သူ၏ လက်ရှိ စွမ်းရည်၊ ဗဟုသုတများဖြင့် မူလအစကို မဖော်ထုတ်နိုင်သေးသော ပစ္စည်းများ သို့မဟုတ် တစ်ခုခုကို ဖော်ထုတ်ရန်အတွက် အလွန်အမင်း ပျက်စီးယိုယွင်းနေသော ပစ္စည်းများလည်း ရှိသေးသည်။

အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ချွင်းချက်မရှိ သူရရှိသမျှ ပစ္စည်းတိုင်းကို ဤနေရာတွင် သိမ်းဆည်းထားပြီး ထိုကောင်းကင်ဘုံမစင်ကိုပင် သိမ်းဆည်းထားလေသည်။

သူ၏ စုဆောင်းမှုများကို အားရကျေနပ်စွာ ကြည့်ရှုရင်း သူ၏ မျက်နှာပေါ်တွင် ပီတိဖြစ်နေသော အမူအရာတစ်ခု ရှိနေလေသည်။

ဤနေရာတွင် သိမ်းဆည်းထားသော ပစ္စည်းများ၏ တစ်ဝက်ခန့်မှာ သူတို့၏ တကယ့်မူလအစ သို့မဟုတ် တန်ဖိုးကို သူပင် မဖော်ထုတ်နိုင်သောအရာများ ဖြစ်ကြသည်။

ထိုအမည်မသိ ပစ္စည်းများထဲမှ တစ်ခုခုကို ရွေးချယ်၍ လက်ဆောင်အဖြစ် အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။

ဌာနမှူးကျူးလောင်မှာလည်း သူ့ကဲ့သို့ပင် ရှေးဟောင်းသုတေသနပညာရပ်ကို ရူးသွပ်သူ တစ်ဦး ဖြစ်သည်။

ယန်ချင်းသည် ထိုအမည်မသိ ပစ္စည်းများထဲမှ တစ်ခုခုက သူ၏ မျက်စိကျသွားနိုင်သည်ဟု တွေးကာ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့သာ ဖြစ်ခဲ့ပါက သူသည် စိတ်တူကိုယ်တူ ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် အဆက်အသွယ် ရသွားမည်ဖြစ်ပြီး၊ ထိုသူ့ထံမှ အခါအားလျော်စွာ မျက်နှာပြောင်တိုက်ပြီး အခမဲ့ အကြံဉာဏ်များ တောင်းခံနိုင်မည် ဖြစ်သည်။

ဌာနမှူးကျူးလောင်ကဲ့သို့သော ကျွမ်းကျင်သူ တစ်ဦးထံမှ အခမဲ့ တန်ဖိုးဖြတ်ပေးမှုများ ရရှိနိုင်မည့် အလားအလာကို တွေးမိသောအခါ ယန်ချင်းမှာ တခစ်ခစ် ရယ်မောမိလေသည်။

“မင်းကိုပဲ ရွေးရတော့မယ် ထင်တယ်”

ယန်ချင်းက ရွှံ့စေးကဲ့သို့သော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် အဝိုင်းသဏ္ဌာန် ကျောက်စာချပ်တစ်ခုကို ကောက်ယူရင်း ပြောလိုက်သည်။

ထိုကျောက်စာချပ်မှာ မီးခိုးရင့်ရောင် ဖြစ်ပြီး ညာဘက်အောက်ခြေ ထောင့်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေသဖြင့် အချိန်ကာလ၏ ရိုက်ခတ်မှု ဒဏ်များကို ခံထားရကြောင်း သိသာလေသည်။

ဟောင်းနွမ်းနေသော ထိုကျောက်စာချပ်ပေါ်တွင် ထူးဆန်းသော သင်္ကေတ စာလုံးများရှိလေသည်။

ယန်ချင်းက ၎င်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်္ကေတများမှာ အချင်းချင်း နေရာပြောင်းလဲသွားကြပြီး၊ လှိုင်းလုံးများ၊ သဲသောင်ပြင်များ၊ စီးဆင်းနေသောမြစ်များနှင့် ယန်ချင်း တစ်ခါမျှ မမြင်ဖူးသော ထူးဆန်းသည့် တိရစ္ဆာန်ပုံရိပ်များ အပါအဝင် အခြားသော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုထူးဆန်းသော ပြောင်းလဲမှုမှာ တစ်ခါတစ်ရံတွင် တစ်နေ့လျှင် တစ်ကြိမ် မတူညီသော အချိန်များတွင် ဖြစ်ပေါ်တတ်သဖြင့် အဆန်းတကြယ်တော့ မဟုတ်ပေ။

ပုံမှန်မဟုတ်သော အချိန်များတွင် ဖြစ်ပေါ်တတ်သဖြင့် ထိုသို့ ပြောင်းလဲသွားစေရန် မည်သည့်အရာက လှုံ့ဆော်ပေးသနည်း ဆိုသည်ကို ယန်ချင်းအနေဖြင့် သဲလွန်စရှာဖွေရန် ခက်ခဲလေသည်။

တစ်ခုတည်းသော ပုံမှန်ဖြစ်လေ့ရှိသည့် အရာမှာ ထိုပြောင်းလဲမှုများက တစ်နှစ်လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိခြင်း ဖြစ်သည်။

ရရှိနိုင်သော အရင်းအမြစ် အားလုံးကို အသုံးပြုခဲ့သော်လည်း၊ ထိုသင်္ကေတများက ဘာကို ဆိုလိုသည် သို့မဟုတ် ထိုကျောက်စာချပ်တွင် ဘာတွေ ပါဝင်နေသည်ကို သူ လုံးဝ မသိရှိသေးပေ။

ကျောက်စာချပ်ကို ပြုလုပ်ထားသော ပစ္စည်းမှာပင် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေလေသည်။

ထိုကျောက်စာချပ်မှာ သူ၏ စုဆောင်းမှုများထဲတွင် အထူးဆန်းဆုံးသော ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး၊ ၎င်း၏ လက်ရှိ အသွင်အပြင်ကို မကြည့်ဘဲ တွေးမည်ဆိုပါက ကြောက်စရာအကောင်းဆုံးသော ပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်လေသည်။

ယန်ချင်း ၎င်းကို ဝယ်ယူခဲ့စဉ်က၊ ရောင်းသူမှာ ထိုအရာကို ဖယ်ရှားပစ်လိုက်ရသဖြင့် သက်သာရာရသွားပုံ ပေါ်လေသည်။

ထိုအချိန်က ယန်ချင်းသည် သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း မည်သည့် အန္တရာယ်မျှ မတွေ့ရသဖြင့် အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို နားမလည်ခဲ့ပေ။

နောက်ပိုင်းမှ ထိုအရာနှင့် ကလိကြည့်ပြီးမှသာ၊ ရောင်းသူမှာ မိုးခေါင်ရေရှားမှုနှင့် မုန်တိုင်း တစ်ခုကို တစ်ပြိုင်နက်တည်း ကျော်ဖြတ်လာခဲ့ရသကဲ့သို့ အဘယ်ကြောင့် ပိန်ချုံးပြီး နွမ်းနယ်နေရကြောင်းကို သူ နားလည်သွားခဲ့လေသည်။

တစ်နှစ်လျှင် တစ်ကြိမ် လပြည့်နေ့တွင်၊ ထိုကျောက်စာချပ်မှ သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့သော အသံများ ထွက်ပေါ်လာတတ်ပြီး၊ ထိုလှိုင်းလုံးများထဲမှ အသံတစ်ခုမှာ တည်ငြိမ်သော လေပြည်လေး တစ်ခုကဲ့သို့ ညင်သာသလို၊ တစ်ခါတစ်ရံတွင်လည်း ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင် မိုးကြိုး တစ်ခုကဲ့သို့ ကြမ်းတမ်းလေသည်။

ယန်ချင်းအတွက် ကံကောင်းသည်မှာ၊ သူက ရောင်းသူထက် ပိုမို စွမ်းအားကြီးမားပြီး ကောင်းကင်ဘုံရက်ကန်းငှက်၏ အသိုက်ထဲတွင် အမြဲ အိပ်စက်လေ့ရှိသောကြောင့် ဖြစ်သည်။

ထို့အပြင် အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျောက်စာချပ်၏ စွမ်းအင်များ ကုန်ခမ်းသွားသောကြောင့် ဖြစ်စေ၊ ထိုအသံများက သူ့အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။

တစ်ခါတစ်ရံတွင် သူ ကောင်းကောင်း အိပ်ပျော်စေရန် ကူညီပေးသလို သူ၏ ဝိညာဉ်ကိုပင် လန်းဆန်းစေခဲ့လေသည်။

ကောင်းကင်ဘုံရက်ကန်းငှက်က ထိုအရာကို ခိုးယူပြီး အသိုက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပစ်မည်ကိုသာ မကြောက်ရလျှင်၊ သူသည် ထိုအရာကို အသိုက်ထဲသို့ ယူဆောင်သွားပြီး အတူတကွ အိပ်စက်မည်မှာ သေချာပေသည်။

သို့သော် ယန်ချင်းကို ထိုကျောက်စာချပ်နှင့် ပတ်သက်၍ သတိထားနေစေသော အချက်တစ်ခု ရှိလေသည်။

သူ ၎င်းကို ဝယ်ယူခဲ့စဉ်က ထိုသင်္ကေတ စာလုံးများ၏ အဓိပ္ပာယ်ကို လုံးဝ နားမလည်ခဲ့သဖြင့်၊ မည်သို့ တုံ့ပြန်မှုများ ဖြစ်လာမည်ကို ကြည့်ရန် သူ၏ ချီအချို့ကို ၎င်းထဲသို့ ထည့်သွင်းကြည့်ရန် ဆုံးဖြတ်ခဲ့လေသည်။

၎င်းမှာ ဆိုးရွားသော အတွေ့အကြုံတစ်ခု ဖြစ်သွားခဲ့ပြီး၊ ကျောက်စာချပ်က သူ၏ ချီအားလုံးကို စုပ်ယူသွားကာ၊ စုပ်ယူစရာ ချီမရှိတော့မှသာ ရပ်တန့်သွားခဲ့လေသည်။

ထိုအချိန်မှစ၍ သင်္ကေတများမှာ လှိုင်းလုံးများ၊ သဲသောင်ပြင်များစသည့် ပုံရိပ်များအဖြစ်သို့ စတင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ယန်ချင်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အလယ်အလတ် အဆင့်များတွင်သာ ရှိသေးသော်လည်း သူ၏ ချီပမာဏကို သူ ကောင်းကောင်း သိလေသည်။

သူ၏ ပြိုင်ဘက်ကင်းကျောက်စိမ်း ခန္ဓာကိုယ်နှင့်အတူ မွေးရာပါ အရည်အသွေး၊ ထို့အပြင် သူ၏ ကျင့်စဉ်တို့ကြောင့်၊ သူ၏ ချီပမာဏမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။

ထိုချီပမာဏမှာ အဆင့်မြင့်ကောင်းကင်အဆင့် အစီအရင်အချို့ကို စွမ်းအင်ပေးရန် လုံလောက်သော်လည်း၊ ထိုကျောက်စာချပ်နှင့် ပတ်သက်လာလျှင် တစ်နှစ်လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်သော သင်္ကေတများ ပြောင်းလဲသည့် လုပ်ငန်းစဉ်ကို စတင်ရန်သာ လုံလောက်ခဲ့လေသည်။

ယန်ချင်း နန်းတော်အဆင့်သို့ ရောက်ရှိသွားသောအခါ ကျောက်စာချပ်ထဲသို့ သူ၏ ချီကို ထည့်သွင်းရန် ကြိုးစားခဲ့သော်လည်း ယခင်ကဲ့သို့ပင် သူ့ထံမှ ချီအားလုံးကို စုပ်ယူသွားပြီး စုပ်ယူစရာ ချီမရှိတော့မှသာ ရပ်တန့်သွားခဲ့လေသည်။

ဤတစ်ကြိမ်တွင် ပြောင်းလဲသွားသော တစ်ခုတည်းသော အရာမှာ ကျောက်စာချပ်၏ အပေါ်ဘက်ထောင့်စွန်းပေါ်တွင် လင်းလက်နေသော အစက်အပြောက် သေးသေးလေး အနည်းငယ် ပေါ်လာခြင်း ဖြစ်သည်။

၎င်းတို့မှာ အလွန်သေးငယ်လွန်းသဖြင့် အလွယ်တကူ သတိမထားမိနိုင်ဘဲ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပုံ ရလေသည်။

သို့သော် အစက်အပြောက်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောက်စာချပ်မှ ထွက်ပေါ်နေသော သမုဒ္ဒရာရေလှိုင်းသံများမှာ ရပ်တန့်သွားလေသည်။

ယန်ချင်းသည် ထိုကျောက်စာချပ်ထံမှ တစ်ခုခုကို ရရှိနိုင်ရန်အတွက် အနည်းဆုံးတော့ နန်းတော်အဆင့်၏ နောက်ပိုင်းအဆင့်များ သို့မဟုတ် နယ်မြေအဆင့်သို့ ရောက်ရှိနေရမည်ဟု ခန့်မှန်းလိုက်သည်။

ထိုအဆင့်သို့ ရောက်ရန် အချိန်မည်မျှ ကြာမည်ကို မည်သူမှ မသိနိုင်သဖြင့်၊ ၎င်းကို ဌာနမှူးကျူးလောင်ထံသို့ ပေးအပ်ကာ မျက်နှာလုပ်ထားပြီး၊ သူ၏ အကူအညီဖြင့် ထိုကျောက်စာချပ်ထဲတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသည်ကို ရှာဖွေခြင်းက ပိုကောင်းပေမည်။

ထိုကျောက်စာချပ် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များမှာ ကြီးမားလိမ့်မည်ဟု သူ့စိတ်ထဲတွင် ထူးဆန်းစွာ ခံစားနေရပြီး၊ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက သူသည် မကြာမီ အကျိုးဆောင်များထဲတွင် ကူးခတ်နေရမည်ဖြစ်ပြီး၊ သူ၏ ကိုယ်ပိုင် အလုပ်ချိန်ကိုပင် သူကိုယ်တိုင် ဆုံးဖြတ်နိုင်ကောင်း ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ထိုအတွေးသို့ ရောက်သောအခါ ယန်ချင်းမှာ တခစ်ခစ် ရယ်မောလိုက်ပြီး၊ ကျောက်စာချပ်ကို ဂရုတစိုက် ကိုင်ဆောင်ကာ သူ၏ ခြံဝင်းထဲမှ ထွက်လာခဲ့လေတော့သည်။

All Chapters