← Chapters

အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၃)

Vol. 11 Ch. 101

အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၃)

Vol. 11 Ch. 101

ခန္ဓာကိုယ်အနှံ့အပြားတွင် နက်ရှိုင်းသော ဒဏ်ရာများ ရရှိထားသည့် မိကျောင်းကြီး တစ်ကောင်၏ပါးစပ်ထဲတွင် ကျောက်မျက်ရတနာတစ်ခုကဲ့သို့ ရှည်လျားသွယ်လျသော ခန္ဓာကိုယ်တစ်ခုကို ကိုက်ချီလာခဲ့သည်။

မိကျောင်းကြီး၏ မျက်လုံးတစ်ဖက်တွင် အပေါက်တစ်ခု ဖြစ်နေပြီး၊ အတွင်းကလီစာများနှင့် အရိုးများကိုပင် မြင်ရလောက်အောင် နက်ရှိုင်းသော အက်ကွဲဒဏ်ရာများ ရှိနေပြီး၊ ၎င်း၏ အမြီးတစ်ဝက်မှာလည်း ပြတ်တောက်နေသည်။

ထို့အပြင် အချို့ဒဏ်ရာများအပေါ်တွင် အဖြူရောင်ရေခဲအမှတ်အသားများ နက်ရှိုင်းစွာ စွဲထင်နေလေသည်။

ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင်မှာမူ၊ ၎င်း၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ ရေခဲများ ဖုံးလွှမ်းနေသည်။

ဦးခေါင်းတွင် တစ်စုံတစ်ရာက ပေါက်ကွဲသွားသကဲ့သို့ စုတ်ပြဲနေသော အပေါက်ကြီးတစ်ခု ရှိနေလေသည်။

ဝေါ့...

မိကျောင်းကြီးသည် သွေးအန်ချလိုက်ပြီးနောက်၊ ၎င်း၏ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။

“ငါ ဒဏ်ရာရထားပေမဲ့... ပုရွက်ဆိတ်လေး နည်းနည်းပါးပါးကိုတော့ ရှင်းပစ်နိုင်သေးတယ်”

“သေချင်ရင် လာခဲ့ကြစမ်း” ဟု မိကျောင်းကြီးက ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်သည်။

ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ်သားရဲ သုံးကောင်၏ရုတ်တရက် ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။

၎င်းတို့ထဲမှ တစ်ကောင်မှာ ခန္ဓာကိုယ် တစ်ခုလုံးတွင် အစိမ်းရောင်တောက်ပနေသော ဆူးများ ပါရှိသည့် ပုတ်သင်ညိုတစ်ကောင် ဖြစ်သည်။

အခြားတစ်ကောင်မှာ သွေးများဖြင့် စိမ်ထားသကဲ့သို့ အနီရောင်သန်းနေသော ဓားမကဲ့သို့ လက်မောင်းများ ပါရှိသည့် မီတာ ၃၀ ခန့် ရှည်လျားသော ပုစဉ်းရင်ကွဲ တစ်ကောင် ဖြစ်လေသည်။

နောက်ဆုံးတစ်ကောင်မှာ သူငယ်အိမ်များ မပါရှိသော မီးခိုးရောင် မျက်လုံးများဖြင့် ခေါင်းနှစ်လုံးပါ လင်းတတစ်ကောင် ဖြစ်လေသည်။

ကြိုတင်တိုင်ပင်ထားသကဲ့သို့ပင် ၎င်းတို့အားလုံးသည် မိကျောင်းကြီးထံသို့ မတူညီသော ဘက်အသီးသီးမှ ပြေးဝင်လာကြပြီး၊ မည်သည့် ဝိညာဉ်သားရဲကမျှ အခြားသူများထက် စော၍ ရောက်မလာစေရန် သူတို့၏ အရှိန်နှင့် အကွာအဝေးကို ညှိနှိုင်းထားကြလေသည်။

သို့သော် ၎င်းတို့အားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ မီတာအနည်းငယ် အကွာသို့ ရောက်ရှိလာချိန်တွင် မိကျောင်းကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနက်ရောင်ရေတံခွန် ကန့်လန့်ကာကြီး တစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသောကြောင့်ပင်။

ထိုအရာက သူတို့၏ ခန္ဓာကိုယ်များကို ထောပတ်အား ဓားဖြင့် လှီးဖြတ်သကဲ့သို့ ခုတ်ပိုင်းသွားလေသည်။

ဝိညာဉ်သားရဲ သုံးကောင်လုံးမှာ မြေပြင်ပေါ်သို့ မကျမီမှာပင် သေဆုံးသွားကြလေသည်။

“ဘယ်သူ ငါ့ကို စမ်းသပ်ချင်သေးလဲ”

မိကျောင်းကြီးက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

၎င်း ရရှိခဲ့သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ အေးစက်သော တိတ်ဆိတ်မှုသာ ဖြစ်သည်။

ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ သွယ်လျသော မြွေပွေးကို ပါးစပ်ဖြင့် ပြန်လည် ကိုက်ချီလိုက်ပြီးနောက်၊ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် ဆက်လက် လျှောက်လှမ်းသွားလေသည်။

ခြေလှမ်းအနည်းငယ်မျှသာ ဆက်လျှောက်နိုင်ပြီးနောက်၊ အသက်ရှူမဝဘဲ မောဟိုက်လာသဖြင့် လျှပ်စီးမြွေပွေးကို ပါးစပ်မှ အောက်သို့ ပြန်ချလိုက်ရလေသည်။

“လီလွန်း… မင်းက တကယ့်ကို ရက်စက်တဲ့ ကောင်ပဲ။”

“မင်းရဲ့ ၉ ဆင့်မြောက် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာတင် မကဘူး... မင်းရဲ့ ဉာဏ်အလင်းပုလဲကိုပါ ဖောက်ခွဲပစ်လိုက်သေးတယ်။”

“‘ဘုရင်တစ်ပိုင်း’အဆင့်တူ အချင်းချင်း ကူညီကြမယ်ဆိုတာ ဘယ်ရောက်သွားပြီလဲ” ဟု မိကျောင်းကြီးက ပြောလိုက်သည်။

(ဘုရင်တုအစား ဘုရင်တစ်ပိုင်းအဆင့်ဟု ပြောင်းလဲသုံးစွဲသွားပါမည်)

ဘုရင်တစ်ပိုင်းအဆင့်ဆိုသည့် စကားလုံးများကို ပြောလိုက်စဉ် သူ၏ လေသံထဲတွင် လှောင်ပြောင်သရော်မှုများကို ကြားနိုင်ပေသည်။

ဒေါသများဖြင့် ပြည့်နှက်နေသော သူ၏ သူငယ်အိမ်များ အတွင်း၌၊ မြွေပွေး၏ ရေခဲဖုံးလွှမ်းနေသော ဘက်ကို ကြည့်လိုက်သောအခါ ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တုန်လှုပ်သွားလေသည်။

“ဘယ်သူက ဒီလိုလုပ်သွားတာလဲ မသိဘူး။ သူတို့ကို ကျေးဇူးတင်ရမလား... မုန်းရမလားတောင် မသိတော့ဘူး။”

“အကယ်လို့ မင်းသာ ဒဏ်ရာရမထားခဲ့ဘူးဆိုရင် အခြေအနေတွေက ငါ လိုချင်တဲ့ အဆုံးသတ်မျိုး ဖြစ်ချင်မှ ဖြစ်မှာ...”

“ဒါပေမဲ့ ဒီလို ဒဏ်ရာမျိုးက ငါ့ရဲ့ ဝါးမျိုနိုင်စွမ်းနဲ့တောင် ဖြေရှင်းဖို့ ခက်ခဲတယ်။ အသား တစ်ဝက်လောက်က အဲဒီလိုနဲ့ပဲ အလဟဿ ဖြစ်သွားရတော့မယ် ထင်ပါရဲ့”

မဟူရာစကြဝဠာမိကျောင်းက အနည်းငယ် ကြောက်ရွံ့မှုနှင့် နောင်တရမှုတို့ ရောနှောကာ ပြောလိုက်သည်။

လျှပ်စီးမြွေပွေးမှာ ဒဏ်ရာရထားသော်ငြားလည်း၊ တိုက်ပွဲမှာ နောက်ဆုံးအချိန်အထိ အကြိတ်အနယ်တိုက်ခိုက်ခဲ့ပြီး၊ မိကျောင်းကြီးမှာ ကပ်သီလေးသာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်သားရဲများတွင် မြင့်မားသော သက်လုံနှင့် ပြန်လည်ကုသနိုင်စွမ်း ရှိသော်ငြားလည်း အနည်းဆုံး ဆယ်စုနှစ် အနည်းငယ်ကြာအောင် ကုသရမည့် ဒဏ်ရာများ ရရှိသွားခဲ့လေသည်။

လျှပ်စီးမြွေပွေးကြောင့် ရရှိခဲ့သော ဒဏ်ရာများအပြင်၊ မြွေပွေး၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများကို ဝါးမြိုရန် ကြိုးစားစဉ်ကလည်း ဒဏ်ရာအသစ်တစ်ခု ထပ်မံ ရရှိခဲ့လေသည်။

တိုက်ခိုက်မှုက ၎င်းထံသို့ တန်ပြန် ရိုက်ခတ်လာသဖြင့်၊ မြွေပွေးကဲ့သို့ သူပါ အေးခဲသွားမည့် အန္တရာယ်မှ ကင်းဝေးစေရန် ဝါးမြိုခြင်းကို အလျင်အမြန် ရပ်တန့်ခဲ့ရလေသည်။

“လီလွန်းက တားဆီးမထားတော့ဘူးဆိုရင်တောင်... သူ့ရဲ့ အလောင်းတစ်ခုလုံး ရေခဲတွေ ဖုံးသွားဖို့ နာရီအနည်းငယ်လောက်ပဲ အချိန်ကျန်တော့တယ်။”

“အဲဒီလိုသာ ဖြစ်သွားရင်... ငါ ဒီခရီးကို လာခဲ့ရတာ အလကား ဖြစ်သွားတော့မှာပဲ...”

“နာရီအနည်းငယ်ဆိုရင် ငါ့ဂူကို ရောက်ဖို့ လုံလောက်လောက်ပါတယ်။”

“လီလွန်း... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့ကို အထွတ်အထိပ်ကို ရောက်အောင် တွန်းပို့ပေးနိုင်မယ့် စွမ်းအင်တွေ အလုံအလောက် ရှိမယ်လို့ မျှော်လင့်ပါတယ်။”

“အဲဒီလိုဆိုရင် ဟိုမိကျောင်းမိုက်နဲ့ စာရင်းရှင်းဖို့ သိပ်နောက်ကျမှာ မဟုတ်ဘူး... ဒါမှမဟုတ် ငါ့ရဲ့ အခွင့်အရေး ပိုများလာအောင် ဟိုလိပ်ဆီကိုပဲ အရင် သွားရမလား။”

“ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ သွားရမယ့် နောက်ထပ် နေရာတစ်ခု ရှိသေးတယ်။”

“မြူနွံဂိုဏ်း... မင်းတို့ ငါ့ကို အကြွေးဆပ်ဖို့ ကျန်သေးတယ်။”

“အခု မင်းတို့ ဘယ်နားမှာ ရှိနေလဲဆိုတာ ငါ အကြမ်းဖျင်း သိနေပြီဆိုတော့... မင်းတို့ဆီကို ငါ အရင်ဆုံး လာခဲ့မယ်... ဇိဇိဇိဇိဇိ...”

“ငါ... လျောင်ယင်းက ဒီဒေသရဲ့ အစစ်အမှန် အရှင်သခင် ဖြစ်လာစေရမယ်”

မဟူရာစကြဝဠာမိကျောင်းက သူ၏ မျက်လုံးများထဲတွင် စွမ်းအားကို ရူးသွပ်စွာ တပ်မက်မှုများ တောက်ပနေရင်း ရက်စက်စွာ ပြောလိုက်သည်။

သူသည် လျှပ်စီးမြွေပွေးကို ကောက်ယူလိုက်ပြီးနောက်၊ အမှောင်ထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။

…..

မြူနွံတော့ဒေသ၏ အဋ္ဌမနယ်မြေရှိ နေရာတစ်နေရာတွင်...

“တုန်ခါမှုတွေ ရပ်သွားပြီ။ ကြည့်ရတာ ဟိုမာနကြီးတဲ့ကောင်လေး လျောင်ယင်း နိုင်သွားပုံပဲ။”

“အဲဒီ မြွေပွေးလေးမှာ အလားအလာ ရှိတယ်လို့ ငါ ထင်ခဲ့တာ... သူသေသွားတာ နှမြောစရာပဲ”

အပေါ်ယံတွင် အဝါရောင်သစ်ရွက်များ ပြည့်နှက်နေသဖြင့် အောက်ခြေတွင် မည်သည့်အရာ ရှိနေသည်ကို မြင်တွေ့ရန် ခက်ခဲသော ရေကန်ငယ်လေး တစ်ခုရှိသည့် နေရာမှ ရှေးကျပြီး နက်ရှိုင်းကာ နှေးကွေးသော အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထိုနေရာ တစ်ဝိုက်တွင် အစိမ်းရောင် မြူခိုးများ ဝန်းရံနေသော်လည်း၊ နေရောင်ခြည် အနည်းငယ် ကျဆင်းနေသဖြင့် ရေကန်လေးပေါ်တွင် အလင်းရောင် တစ်ခု ဖြစ်ပေါ်နေလေသည်။

ရေကန်ဘေးတွင် ၅၀၀ မီတာ ပတ်လည်ခန့် ကျယ်ဝန်းသော မြက်ခင်းပြင်မြေကွက်လပ်တစ်ခု ရှိသည်။

သို့သော် ထိုမြေကွက်လပ်အတွင်းတွင် ထင်ရှားနေသော အရာနှစ်ခု ရှိလေသည်။

၎င်းတို့အနက် တစ်ခုမှာ မီတာ ၅၀ ခန့် မြင့်သော တောင်ကုန်းငယ်တစ်ခု ဖြစ်သည်။

ထိုတောင်ကုန်းမှာ မီးခိုးရင့်ရောင် ဖြစ်သော်လည်း၊ တစ်ခါတစ်ရံတွင် သွေးခုန်နေသော သွေးကြောများနှင့် ထူးဆန်းသော မှော်စာလုံးများ ကဲ့သို့သော အနီရောင်စီးဆင်းနေသည့် မျဉ်းကြောင်းများ ပေါ်လာတတ်လေသည်။

ထိုထူးဆန်းသော တောင်ကုန်းငယ်ဘေးတွင် ဆင်တစ်ကောင်ခန့် တုတ်ခိုင်ပြီး မီတာ ၁၀၀ ခန့် မြင့်မားသော ဧရာမသစ်ပင်ကြီး တစ်ပင် ရှိလေသည်။

၎င်းမှာ ရေကန်ထဲတွင် ပြည့်နှက်နေသော အဝါရောင် သစ်ရွက်များ၏ အရင်းအမြစ်ပင် ဖြစ်သည်။

သို့သော် ၎င်းနှင့် ပတ်သက်၍ ထင်ရှားသောအရာမှာ ကြီးမားသောပင်စည် မဟုတ်ဘဲ၊ ၎င်း၏ အကိုင်းအခက်များမှ ဖြစ်ပေါ်နေသော အနီရောင်ပုလဲလုံးများ ဖြစ်လေသည်။

ထိုအနီရောင်ပုလဲလုံးများ အတွင်းတွင် သေးငယ်သော လိမ္မော်ရောင်မီးတောက်များ ကခုန်နေကြလေသည်။

အဂ္ဂိရတ်ပညာရပ်ကို နားလည်သော မည်သည့် အဂ္ဂိရတ်ဆရာမဆို ထိုသစ်ပင်သည် မည်သည့်သစ်ပင် ဖြစ်ကြောင်း သေချာပေါက် သိရှိပေလိမ့်မည်။

၎င်းမှာ ‘အနီရောင်ပုလဲသစ်ပင်’ပင် ဖြစ်သည်။

၎င်း၏ အမည်အတိုင်းပင်၊ အသီးများအစား အနီရောင်ပုလဲလုံးများကို ဖန်တီးပေးသော သစ်ပင် ဖြစ်သည်။

၎င်းကို စားသုံးရန်ပင် မလိုဘဲ၊ အနီရောင်ပုလဲလုံးများသည် မြေနွယ်သစ်သားကဲ့သို့ ဝိညာဉ်ကို ငြိမ်းချမ်းစေသော အကျိုးသက်ရောက်မှုများ ရှိလေသည်။

သို့သော် ထိုပုလဲလုံးများကို ဧကရာဇ်အဆင့်တွင် ရှိသော အနီရောင်ပုလဲသစ်ပင် တစ်ပင်ကသာ ထုတ်လုပ်ပေးနိုင်သောကြောင့် ၎င်းတို့မှာ အဆတစ်ရာခန့် ပိုမို ကောင်းမွန်လေသည်။

ဖြစ်ပေါ်လာသော အနီရောင်ပုလဲသစ်သီး အရေအတွက်က သစ်ပင်သည် ဧကရာဇ်အဆင့်၏ မည်မျှ မြင့်မားသော အဆင့်တွင် ရှိနေကြောင်းကို ပြသလေသည်။

ရေကန်ဘေးရှိ အနီရောင်ပုလဲသစ်ပင်တွင် ၎င်းတို့ အလုံးတစ်ရာခန့် ရှိနေသဖြင့် ၎င်းသည် အဆင့်မြင့်ဧကရာဇ်အဆင့် သစ်ပင်တစ်ပင် ဖြစ်ကြောင်း ပြသနေလေသည်။

ဤအဆင့်ရှိ သစ်ပင်တစ်ပင် နယ်မြေရှစ် တွင် ရှိနေခြင်းမှာ တစ်ခါမျှ မကြားဖူးသော ကိစ္စဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်အဆင့်၏ ထိပ်တန်းအဆင့်များတွင် ရှိသော သစ်ပင်များနှင့် အခြား ဆေးပင်များကို ပုံမှန်အားဖြင့် နယ်မြေခုနစ် သို့မဟုတ် ခြောက် နှင့် အထက်ရှိ ပိုမို နက်ရှိုင်းသော နေရာများတွင်သာ တွေ့ရလေ့ရှိသောကြောင့် ဖြစ်သည်။

သို့သော် ဤနေရာတွင် ထိုသစ်ပင်သည် ရှင်သန် တောက်ပနေပြီး သန့်ရှင်းမြင့်မြတ်သော ကျင့်ကြံရာနေရာတစ်ခုကို ဖန်တီးပေးထားလေသည်။

တည်ငြိမ်နေသော ရေကန်မှာ ကြီးမားသော ရေလှိုင်းကြီးမားဖြစ်ပေါ်လာပြီး အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ တုန်ခါပြီး ပုံပျက်လာလေသည်။

ရေပြင်အထက်တွင် ရွှေရောင် မျက်လုံး နှစ်လုံး ပေါ်လာပြီး၊ အောက်ဘက်တွင်မူ ရေကန်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်အောင် ကြီးမားသော အနက်ရောင်အရိပ်ကြီးတစ်ခု ရှိနေလေသည်။

ရွှေရောင်မျက်လုံးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ကုန်းမှာ တုန်ခါသွားပြီး ၎င်းထဲမှ ခေါင်းတစ်ခု ထွက်ပေါ်လာလေသည်။

နဖူးတွင် အနီရောင်ရေလှိုင်း သင်္ကေတများ ပြည့်နှက်နေသော လိပ်ခေါင်း တစ်ခု ဖြစ်သော်လည်း၊ မျက်လုံးများကို ဖွင့်လိုက်သောအခါ လေထုထဲတွင်ပင် သံချေးတက်နေသော သွေးနံ့များ ရလာသည်အထိ ၎င်း၏ သူငယ်အိမ်များ အတွင်း၌ သွေးမြစ်တစ်စင်း စီးဆင်းနေပုံ ရလေသည်။

“ဆုကန်း… သူ ဒီကိုလာရဲလောက်အောင် မိုက်မဲမယ်လို့ မင်း ထင်လား”

ရွှေရောင်မျက်လုံးများနှင့် သတ္တဝါကြီးထံမှ ကြီးကျယ်ခမ်းနားပြီး ရှေးကျသောအသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

၎င်းမှာ ညင်သာသော်ငြားလည်း၊ အနီရောင်ပုလဲများ အတွင်းရှိ မီးတောက်များမှာ သူတို့၏ ဘုရင်ကြီး ရောက်ရှိလာခြင်းအတွက် အောင်ပွဲခံနေသကဲ့သို့ ယိမ်းနွဲ့နေကြလေသည်။

“လာနိုင်တာပေါ့။ သူက ကောင်းကောင်း ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပေမဲ့၊ မင်း သူ့အသက်ကို ချမ်းသာပေးဖို့ ငိုယိုပြီး တောင်းပန်နေတဲ့ အချိန်မှာတောင် သူ့ရဲ့ ရည်မှန်းချက်ကြီးပြီး အငြိုးအတေးကြီးတဲ့ နှလုံးသားကို မြင်နေရသေးတာပဲ။”

“အဲဒီအချိန်ကစပြီး၊ အထူးသဖြင့် သူက ဘုရင်တစ်ပိုင်းအဆင့် အရှင်သခင်တစ်ပါး ဖြစ်လာတဲ့ အချိန်ကစပြီး အဲဒါက ပိုပြီး ကြီးထွားလာခဲ့မယ်လို့ပဲ ငါ ယူဆနိုင်တယ်။”

ဘယ်သူ သိမှာလဲ... သူ မြွေပွေးကို သန့်စင်ပြီးသွားရင် ငါကတောင် သူ့ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်လာနိုင်သေးတယ်”

ဆုကန်း အမည်ရသော တောင်ကုန်းအရွယ်အစားရှိ လိပ်ကြီးက ပြောလိုက်သည်။

“ငါ သူ့ကို အသက်ရှင်ခွင့် ပေးခဲ့တာက သူ့ရဲ့ အဲဒီလို ကိုယ်ရည်ကိုယ်သွေးကြောင့်ပဲ။”

“အဲဒီလို အကျင့်စရိုက်ရှိတဲ့ ကောင်က ဆူဆူညံညံ လုပ်နေမှ ငါ့ဆီကို အာရုံစိုက်မှု နည်းသွားမှာလေ။”

“ဒါပေမဲ့ သူက သူ့ရဲ့ အားနည်းတဲ့ အစွယ်တွေကို ထုတ်ပြဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့... အင်း... တော်တော်လေး အလုပ်ရှုပ်သွားပြီပေါ့။”

“ဆုကန်း... မင်းက ဘုရင်တပိုင်းအဆင့် အချင်းချင်းဆိုတော့ မင်းပဲ ရှင်းလိုက်ပါ”

ရွှေရောင်မျက်လုံးများနှင့် သတ္တဝါကြီးက ရယ်မောရင်း ပြောလိုက်ရာ၊ ရေကန်ပတ်လည်တွင် လှိုင်းဂယက်များ ထွက်ပေါ်သွားပြီး ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေသော ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

“အရှင်မင်းကြီးကလည်း နောက်နေပြန်ပါပြီ။”

“အဲဒီ ဘွဲ့ကို ရယူခဲ့တာက ဒီနယ်မြေထဲမှာ သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ဖို့ အကောင်းဆုံး နည်းလမ်းပဲလေ။”

“ကျုပ်က နာမည်ကျော်ကြားဖို့အတွက်နဲ့ ကလေးတွေနဲ့ အပြိုင်အဆိုင် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဆုကန်းက ရှက်ရွံ့စွာ ပြုံးရင်း ပြောလိုက်သည်။

“ငါက ဘုရင်တစ်ပါး မဟုတ်တော့ပါဘူး။ ဒီမှာတော့ ငါက ရန်ချန်ပဲ။”

“ဆဋ္ဌမနယ်မြေက အာဏာလုပွဲမှာ ရှုံးနိမ့်ပြီး ငါ့အသက်ကို ကာကွယ်ဖို့အတွက် ဒီအဋ္ဌမနယ်မြေအထိ အဝေးကြီး ထွက်ပြေးလာခဲ့ရတဲ့ ရှုံးနိမ့်သူ တစ်ယောက်ပါ”

ရွှေရောင်မျက်လုံးများနှင့် သတ္တဝါကြီးက ဝမ်းနည်းစွာ သက်ပြင်းချရင်း ပြောလိုက်သည်။

“အရှင်မင်းကြီး ရှုံးနိမ့်ခဲ့ရတာက...”

ဆုကန်းက စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် စကားစဖြတ်ခံလိုက်ရလေသည်။

“ရပါတယ် ဆုကန်းရယ်... ငါက အုပ်စုလိုက် ခြုံခိုတိုက်ခိုက်ခံခဲ့ရတာပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် ငါ ရှုံးနိမ့်ခဲ့တယ် ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။”

“စစ်ပွဲမှာ အားလုံးက တရားမျှတတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါတို့ ပိုင်ဆိုင်တဲ့ နေရာကို ငါတို့ မကြာခင် ပြန်သွားကြမှာပါ။”

“အနီရောင်ပုလဲသစ်ပင်နဲ့ ကြည်လင်တဲ့ ဝိညာဉ်သန့်စင် ရေကန်က ငါ့ရဲ့ ဉာဏ်အလင်းပုလဲကို ပြန်လည်ပြုပြင်တဲ့ နေရာမှာ အများကြီး ကူညီပေးခဲ့တယ်။”

“အပြည့်အဝ ပြန်ကောင်းလာဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။”

“လောလောဆယ်တော့ ကျန်တာတွေကို မင်းဆီမှာပဲ အပ်ထားခဲ့မယ်။”

“ငါ့မိတ်ဆွေဟောင်းကြီး... ငါ အောက်ဆုံးကို ရောက်သွားခဲ့တဲ့ အချိန်မှာတောင် ငါ့ဘေးမှာ ရပ်တည်ပေးခဲ့တဲ့ တစ်ဦးတည်းသော သူလေ”

ရွှေရောင်မျက်လုံးများနှင့် သတ္တဝါကြီးက ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့် ပြောလိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ ရေအောက်သို့ ပြန်လည်နစ်မြုပ်သွားလေသည်။

သူ၏ လေသံတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသော်ငြားလည်း၊တော်ဝင်ဆန်မှုနှင့် ကြီးကျယ်ခမ်းနားမှုများမှာမူ ကျန်ရှိနေဆဲပင်။

“အရှင်မင်းကြီးရဲ့ အလိုတော်အတိုင်းပါ”

ဆုကန်းက ပြောလိုက်ပြီးနောက်၊ သူ၏ ခေါင်းမှာလည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကာ ယခင်အတိုင်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။

……

မြူနွံတောဒေသ၏ ပိုမိုနက်ရှိုင်းသော နယ်မြေများအတွင်း တစ်နေရာတွင်...

လူငယ်တစ်ဦးနှင့် မိန်းမငယ်တစ်ဦးတို့သည် အချင်းချင်း ဘေးချင်းယှဉ်လျက် ထိုင်နေကြပြီး၊ မိန်းမငယ်လေးမှာ လူငယ်၏ ရင်ခွင်ထဲသို့ ခေါင်းမှီထားလေသည်။

သူတို့ နှစ်ဦးစလုံးမှာ တော်ဝင်ဆန်သောအလှတရား၏ ပြယုဂ်ပင် ဖြစ်ကြသည်။

လူငယ်တွင် ချောမွေ့စွာ ကျဆင်းနေသော ကြည်လင်သည့် ဆံကေသာ ရှိလေသည်။

သူသည် အင်းဆက်များ၏ တောင်ပံများနှင့် တူသော ပစ္စည်းဖြင့် ပြုလုပ်ထားပုံရသည့် သန့်စင်သော အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည်။

သူ၏ အသားအရေမှာ ဖြူဝင်းနေပြီး နှစ်လိုဖွယ်ကောင်းသော အပြုံးနှင့် တည်ငြိမ်သော အသွင်အပြင် ရှိလေသည်။

မိန်းမငယ်လေးမှာလည်း ရုပ်ရည်နှင့် အမူအကျင့်များတွင် သူနှင့် တစ်ထပ်တည်း တူညီနေသော်လည်း၊ သူမ၏ ညင်သာမှုမှာမူ မိခင်တစ်ဦးနှင့် ပိုတူနေလေသည်။

သူမတွင်လည်း တူညီသော ကြည်လင်သည့် ဆံကေသာ ရှိပြီး၊ အင်းဆက် တောင်ပံ တစ်ဝက်ခန့် တပ်ဆင်ထားပုံရသည့် ဆံထိုးတစ်ခုဖြင့် ဆံထုံး ထုံးထားလေသည်။

သူတို့၏ မျက်လုံးများမှာ အထင်ရှားဆုံး ဖြစ်ပြီး၊ မတူညီသော အရောင်များဖြင့် ဖွဲ့စည်းထားသော မျက်ဝန်းများ ရှိကြလေသည်။

အောက်ခြေပိုင်းမှာ အပြာရောင်အနည်းငယ် စွက်နေသော ခရမ်းရောင် ဖြစ်ပြီး၊ ဘေးဘက်များတွင် လိမ္မော်ရောင်အရိပ်အယောင်များ ရှိကာ၊ အပေါ်ပိုင်းမှာမူ ရေပြင်ကဲ့သို့ ကြည်လင်နေလေသည်။

သူတို့သည် ယခုအခါတွင် များစွာသောအထွတ်အမြတ်အဆင့် ဆေးပင်များဖြင့် ပြည့်နှက်နေသော ဥယျာဉ်တစ်ခုကို ငေးကြည့်နေကြသည်။

ဤဥယျာဉ်မှာ တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကိုပင် ရူးသွပ်သွားစေနိုင်လောက်ပေသည်။

ထိုဆေးပင်များအနက် အများစုမှာ အထွတ်အမြတ်အဆင့်၏ ထိပ်ဆုံးအဆင့်တွင် ရှိကြသည်။

ဥယျာဉ်၏ ဗဟိုတွင် ထင်ရှားသော ဆေးပင်နှစ်ပင် ရှိလေသည်။

အထွတ်အမြတ်အဆင့် ဆေးပင်များ အားလုံးက ထိုဆေးပင်များကို အရိုအသေ ပေးနေကြသကဲ့သို့ ထင်ရလေသည်။

၎င်းတို့အနက် တစ်ခုမှာ ခရမ်းရောင်ကြာပန်း ဖြစ်ပြီး၊ အခြားတစ်ခုမှာ ကြယ်ရောင်စက်လုံးတစ်ခုဖြင့် ဝန်းရံထားသော ၃ မီတာခန့် မြင့်သည့် အပြာရောင်ပန်းပွင့် ဖြစ်လေသည်။

“ငါတို့ရဲ့ သမီးမိုက်လေးက သူ့ဂူထဲကနေ ထွက်သွားပြီ ထင်တယ်။”

“သူမရဲ့ ဂူထဲမှာ ငါတို့ တပ်ဆင်ထားခဲ့တဲ့ ခြေရာခံအမှတ်အသားတွေ အသက်ဝင်မလာတာ တော်တော်လေး ကြာနေပြီ” လူငယ်က ညင်သာစွာ ပြောလိုက်သည်။

“သူမ ထွက်သွားဖို့ပဲ မျှော်လင့်ပါတယ်။ သူမ အဲဒီထဲမှာ တစ်ယောက်တည်း အချိန်ဖြုန်းနေတာ အရမ်းကြာနေပြီလေ။”

“ငါတောင် သူမကို ဒီခေါ်လာဖို့ အကြိမ်အနည်းငယ်လောက် စိတ်ကူးမိသေးတယ်”

မိန်းမငယ်လေးက စိုးရိမ်ပူပန်မှုနှင့် သက်သာရာရမှုတို့ ရောနှောနေသော လေသံဖြင့် ပြောလိုက်သည်။

“ငါတို့ အဲဒီလို လုပ်လို့မရဘူး ဆိုတာ မင်း သိပါတယ်”

လူငယ်က မိန်းမငယ်လေး၏ ပခုံးများကို ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။

“ငါ သိပါတယ်... ဒါပေမဲ့...”

မိန်းမငယ်လေးက သူမ၏ မျက်လုံးများထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားချက်များ ပြည့်နှက်နေရင်း ပြောလိုက်သည်။

“သူမ အဆင်ပြေမှာပါ။ သူမကို သွားခွင့်ပြုလိုက်ပါ၊ လောကကြီးကို မြင်ပါစေ။”

“အကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ငါတို့ သူမအပေါ်မှာ တပ်ဆင်ပေးထားခဲ့တဲ့ စည်းတံဆိပ်တွေ ရှိပါသေးတယ်။”

“အဲဒါတွေက ‘ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်’ အစောပိုင်းကျွမ်းကျင်သူ တစ်ယောက်ရဲ့ ရန်ကနေတောင် သူမကို ကာကွယ်ပေးနိုင်မှာပါ” ဟု လူငယ်က ပြောလိုက်သည်။

“ငါတို့ အဲဒီ ကလေးမလေး အပေါ်မှာ တာဝန်မကျေခဲ့ဘူး။သူမကို ငါတို့ ပေးထားတဲ့ နာမည်ကိုတောင် မပြောပြလိုက်ရဘူး”

“သူမကိုယ်တိုင် သဘောကျတဲ့ နာမည်တစ်ခုကို ရွေးချယ်တာက အကောင်းဆုံးလို့ ငါ ထင်တယ်။”

“အချိန်ကျလာရင် ငါတို့ကိုယ်တိုင် သွားပြီး သူမကိုမေးလို့ ရပါတယ်။”

“သူမ အပေါ်မှာ ငါတို့ တပ်ဆင်ထားခဲ့တဲ့ ခြေရာခံကိရိယာက အလုပ်လုပ်နေတုန်းပါပဲ။”

“ဒါပေမဲ့ အဲဒါက စွမ်းအားကြီးမားတဲ့ အတားအဆီး တစ်ခုနဲ့ ဖုံးကွယ်ခံထားရပုံပဲ။”

“သူမ တိုက်ကြီးရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေလဲဆိုတာလောက်ပဲ အကြမ်းဖျင်းပဲ ခန့်မှန်းလို့ရတော့တယ်”

“ငါတို့ရဲ့ အစောင့်တာဝန် ပြီးသွားလို့ အခြားအဖွဲ့က ငါတို့ကို လာရောက် အစားထိုးတဲ့ အချိန်ကျရင် သူမကို ငါတို့ သွားရှာလို့ ရပါတယ်”

လူငယ်က သူ၏ဘေးရှိ မိန်းမငယ်လေး၏ စိတ်ကို ပြေလျော့စေရန် ရည်ရွယ်၍ ပြောလိုက်သည်။

၎င်းက အလုပ်ဖြစ်ပုံရပြီး သူမမှာ အနည်းငယ် သက်တောင့်သက်သာ ရှိသွားပုံ ရလေသည်။

“ကောင်ပြီလေ...ရှင်ကတိတည်ရမယ်နော်” မိန်းမငယ်လေးက ပြောလိုက်လေသည်။

All Chapters