အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၅)
Vol. 11 Ch. 103
ဓားကို ဆွဲထုတ်ထားပြီးသားဖြစ်သော ချန်ယွမ်က သူ၏ ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အသေးစိတ် စတင်ရှာဖွေပြီးနောက်၊ သူ၏ မျက်နှာထားမှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမို တင်းမာလာလေသည်။
“ဒီအနားတစ်ဝိုက်မှာ ဘယ်သူ့ကိုမှ ငါ အာရုံခံလို့ မရဘူး... မင်းရော ဝမ်ချန်”
ချန်ယွမ်က အဖွဲ့၏ နေရာယူထားမှုကို ပိုမို ကျုံ့ဝင်သွားစေပြီး တင်းကျပ်စွာ စုစည်းလိုက်ရင်း အလျင်အမြန် မေးလိုက်သည်။
“ကျွန်... မ... လည်း... မ... ရ... ဘူး”
ဝမ်ချန်၏ အက်ကွဲနေသော အသံကြီး ထွက်ပေါ်လာလေသည်။
သူမသည် အဖွဲ့အစည်းမှ ထွက်ခွာလာစဉ်က သူတို့ ငှားရမ်းပေးထားသော အသံပို့ ဆက်သွယ်ရေးပုတီးစေ့ကို ပြန်ပေးခဲ့ရသဖြင့်၊ ဂိုဏ်းက သူမအတွက် ဝယ်ပေးထားသော ဈေးပေါသည့် အသံပို့ဆောင်ဆက်သွယ်ရေး ပုတီးစေ့ကိုသာ ပြန်လည် အသုံးပြုရလေသည်။
၎င်း၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် သူမ၏ အသံမှာ အသံအိုးထဲသို့ သဲခြောက်များ ထည့်ထားသကဲ့သို့ အက်ကွဲနေလေသည်။
ချန်ယွမ်က သူမ၏ အသံပို့ဆောင်ဆက်သွယ်ရေး ပုတီးစေ့ကို အဆင့်မြှင့်တင်ပေးရန် စိတ်ထဲမှ တိတ်တဆိတ် မှတ်သားထားလိုက်သည်။
၎င်းမှာ သူ တံခါးပိတ်ကျင့်ကြံခြင်း မပြုမီ မဖြစ်မနေ လုပ်ဆောင်ရမည့် ဦးစားပေး စာရင်းထဲတွင် ပါဝင်လေသည်။
သို့သော် ပထမဦးစွာ သူတို့သည် လက်ရှိအခြေအနေကို အရင်လေ့လာသုံးသပ်ရန် လိုအပ်နေသေးသည်။
“ဒီမြူခိုးတွေရဲ့ အလွန်မှာ တစ်ခုခုကို မင်း အာရုံခံလို့ ရလား”
ဖုန်ကျန်းက တစ်ချိန်က သူ၏ခန်းမဖြစ်ခဲ့သော နေရာကို ဖုံးလွှမ်းနေသည့် အဖြူရောင် မြူခိုးများကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ထိုမြူခိုးများမှာ သူ ပြုပြင်ဖန်တီးထားသော အဆိပ်မြူများဖြင့် မေ့မြောအောင် လုပ်ထားခဲ့သည့် ကျန်ဂိုဏ်းသားများ ရှိနေသော ခန်းမမှလွဲ၍ အခြား မည်သည့်နေရာသို့မျှ ပျံ့နှံ့နေခြင်း မရှိပေ။
သို့သော် ယခုအခါတွင်မူ ခန်းမ၏ လက်မတစ်စက်ကိုမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။
“ငါ ဘာမှ အာရုံခံလို့ မရဘူး။ အဲဒီမြူခိုးတွေ အပေါ်ကို ငါ့ရဲ့ ဝိညာဉ်အာရုံ အသုံးပြုဖို့ ကြိုးစားတိုင်း အဆုံးအစမရှိတဲ့ မြူခိုးတွေကိုပဲ အာရုံခံမိနေတယ်။”
“ပြီးတော့ ငါ့ရဲ့ ဝိညာဥ်အာရုံက မြူခိုးတွေနဲ့ ကြာကြာ ထိတွေ့နေလေ... အဲဒါက စွမ်းအင်တွေ စုပ်ယူခံနေရသလိုမျိုး ပိုပိုပြီး ဝေဝါးလာလေလေပဲ”
ချန်ယွမ်က သူ၏ ဝိညာဉ်အာရုံကို ပြန်လည် ရုပ်သိမ်းရင်း ပြောလိုက်သည်။
သူတို့က အခြားမည်သည့်နည်းလမ်းများကို အသုံးပြုရမည်ကို ဆွေးနွေးနေကြစဉ်မှာပင်၊ မြူခိုးများမှာ သူ့အလိုလို လွင့်စင်ပျောက်ကွယ်သွားပြီး၊ ဖုန်ကျန်း၏ ခန်းမနှင့် ယခုအခါ အပြင်ဘက်သို့ ရောက်ရှိနေကြပြီဖြစ်သော နိုးထနေသည့် ဂိုဏ်းသားတစ်ချို့ကို မြင်တွေ့လိုက်ရလေသည်။
အခြေအနေအရ ကြည့်ရလျှင် သူတို့သည် မြူခိုးများကို ဖောက်ထွက်ရန် ကြိုးစားနေခဲ့ကြပုံ ရလေသည်။
သူတို့၏ လက်နက်များကို ဆွဲထုတ်ထားကြပြီး နေရာအနှံ့အပြားတွင် တိုက်ခိုက်ထားသော အမှတ်အသားများလည်း ရှိနေလေသည်။
“ဂိုဏ်းချုပ်... ဒုဂိုဏ်းချုပ် ဖုန်... ရောက်လာကြပြီပဲ။ ဖုန်... အဲဒီမြူခိုးတွေက မင်း လုပ်ထားတာလား”
ရင်ဘတ်အထိ ရှည်လျားသော မုတ်ဆိတ်ဖြူများနှင့် ဆေးပင်ရနံ့များ သင်းပျံ့နေသော သက်ကြီးရွယ်အိုတစ်ဦးက ဖုန်ကျန်း၏ခန်းမထဲမှ ထွက်လာကာ လူအုပ်ထဲမှ အလျင်အမြန် ရှေ့ထွက်လာရင်း မေးလိုက်သည်။
“ဟူချိုး… မင်း အဆင်ပြေလို့ တော်သေးတာပေါ့။”
“အဲဒီ အဖြူရောင်မြူခိုးတွေကို မြင်လိုက်ရတုန်းက ငါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာ” ဟု ဖုန်ကျန်းက ပြောလိုက်သည်။
“ဒါဆို မင်း လုပ်ထားတာ မဟုတ်ဘူးပေါ့” ဟူချိုးက ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ကြည့်ရတာ တစ်ယောက်ယောက်က ဒီမှာ ယာယီကာကွယ်ရေးအစီအရင် တစ်ခု ချထားခဲ့ပုံရတယ်။”
“ပြီးတော့ အခြေအနေကို ကြည့်ရတာ ပါဝင်ပစ္စည်းတွေက တော်တော်လေး ဈေးကြီးမယ့်ပုံပဲ။”
“ ဒီအစီအရင် အလံလေးကတင် ကောင်းကင်အဆင့်ရဲ့ အဆင့်မြင့် ပစ္စည်းတွေနဲ့ လုပ်ထားတာ။”
“ပြီးတော့ အစီအရင်ကို စွမ်းအင်ပေးဖို့ သုံးထားတဲ့ ဝိညာဉ်ကျောက်တုံးက စွမ်းအင် ကုန်သွားလို့သာ အစီအရင်က သူ့အလိုလို ကျိုးပျက်သွားတာ” ဟု လူအုပ်ထဲမှ အခြား အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
သူ၏ လက်ထဲတွင် ရေခဲများဖြင့် ပြုလုပ်ထားသောသည့် အစီအရင်အလံငယ်လေး တစ်ခုကို ကိုင်ဆောင်ထားလေသည်။
သူသည် ထိုအလံကို အပေါ်မှ အောက်သို့ အကြိမ်ကြိမ် အခါခါ စူးစမ်းလေ့လာရင်း ရူးသွပ်နေသော အကြည့်ဖြင့် ကြည့်နေလေသည်။
“ဒါဆိုရင် စစ်ဆေးရေးမှူး ဖုန့်ရှင်း လုပ်သွားတာ ဖြစ်ရမယ်”
ထိုအကြီးအကဲ၏ ကောက်ချက်ချမှုကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်ကျန်းက အလျင်အမြန် ပြောလိုက်သည်။
ဂိုဏ်းသားများက ဖောက်ထွက်ရန် ကြိုးစားနေကြသော်လည်း အစီအရင်က သူတို့ကို ပြန်လည် တိုက်ခိုက်ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့်၊ ထိုအစီအရင်၏ရည်ရွယ်ချက်မှာ တိုက်ခိုက်ရန် မဟုတ်ဘဲ သီးခြားခွဲထားရန်နှင့် ကာကွယ်ပေးရန် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ထိုသဲလွန်စများ၊ အသုံးပြုထားသော ပစ္စည်းများ၏ အရည်အသွေးနှင့်၊ သူ တောင်ထွတ်မှ ထွက်ခွာလာပြီးနောက် ကြာမြင့်သော အချိန်များအပေါ် အခြေခံ၍ စဉ်းစားကြည့်လျှင်၊ သူ့တို့ကို ရှာဖွေရန် ဂိုဏ်းသို့ ဝင်ရောက်လာနိုင်သည့် ဖုန့်ရှင်း တစ်ဦးတည်းသာ ဤအခြေအနေနှင့် ကိုက်ညီနိုင်ပေသည်။
ဖုန်ကျန်းနှင့် ချန်ယွမ်တို့၏ မျက်နှာပေါ်တွင် သက်သာရာရသွားသော အမူအရာတစ်ခု ပေါ်လာလေသည်။
ယနေ့မှာ အတော်လေးအဆင်မပြေသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။
အထူးသဖြင့် ရန်သူဟောင်းများ ပြန်လည် ပေါ်ပေါက်လာပြီး သူတို့ကို လာရောက် ရန်ပြုနိုင်ချေ ရှိနေသောကြောင့် ဖြစ်သည်။
“ကြည့်ရတာ အားလုံး အဆင်ပြေသွားပုံရတယ်... ဟောင်ယဲ့ရော...”
ဟူချိုးက သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ဖြတ်ပြေးသွားရင်း မေးလိုက်သည်။
၎င်းမှာ စိတ်သက်သာရာရမှု၊ ဝမ်းနည်းမှုနှင့် နောင်တရမှုတို့ ရောနှောနေသော အကြည့်ဖြစ်သည်။
“သူနဲ့ ကျားထင်ဖုန်းက တုန်းယန်လင်လက်ချက်နဲ့ သေသွားပြီ။ ငါတို့ ပြောစရာတွေ အများကြီး ရှိတယ်... အချိန်ဆွဲနေလို့ မရဘူး”
ဖုန်ကျန်းက သဘောတူညီကြောင်း ခေါင်းညိတ်ပြသော ချန်ယွမ်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“အားလုံးပဲ... ကျေးဇူးပြုပြီး ကိုယ့်နေရာ ကိုယ် ပြန်ကြပါ။ ရက်အနည်းငယ် အတွင်းမှာ ဂိုဏ်းလုံးကျွတ် အစည်းအဝေး တစ်ခု ခေါ်မယ်။”
“အကြီးအကဲ ရှုယွင်… လောလောဆယ် ဂိုဏ်းကို တာဝန်ယူပေးပါ၊ ပြီးတော့ ဂိုဏ်းက သတိအပြည့်နဲ့ ရှိနေဖို့ သေချာပါစေ။”
“ဂိုဏ်းရဲ့ နယ်နိမိတ်တွေနဲ့ အဓိက ဝင်ပေါက်ကို သေချာ ကင်းလှည့်စောင့်ကြပ်ပေးပါ။”
“အနည်းငယ် ထူးခြားတာတွေ့ရင် အကူအညီတောင်း အဆောင်လက်ဖွဲ့ကို ချက်ချင်း သုံးဖို့မမေ့ပါနဲ့။”.
“အတွင်းစည်းအကြီးအကဲ၊ တပည့်ခေါင်းဆောင်တွေနဲ့ အပြင်စည်း အဓိကအကြီးအကဲတွေကို ခေါ်ပြီး မင်းနဲ့အတူ ကင်းလှည့်ပါ။”
“ဝမ်ချန်... ကျေးဇူးပြုပြီး သူမကို ကူညီပေးပါဦး။ မင်း သူမကို ကူညီပေးမယ်ဆိုရင် ငါ့စိတ် ပိုအေးရမှာမို့လို့ပါ”
ချန်ယွမ်က မြူနွံဂိုဏ်း၏ အကြီးအကဲများ ဝတ်ဆင်သော အစိမ်းနှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ပြောလိုက်သည်။
“အဓိကအကြီးအကဲ အားလုံး... အရေးပေါ် အစည်းအဝေးအတွက် ငါ့တောင်ထွတ်ကို အခုချက်ချင်း လိုက်ခဲ့ကြပါ။”
“ရှစ်ရုံ… မင်း သိထားသင့်တဲ့ ကိစ္စအနည်းငယ် ရှိနေလို့ မင်းလည်း လိုက်ခဲ့ရမယ်”
ချန်ယွမ်က ငွေရောင်ဆံပင်၊ အဝါရောင်မျက်လုံးများ၊ ပိန်သွယ်သော စာပေပညာရှင် ကိုယ်လုံးကိုယ်ပေါက်နှင့် ရိုးရှင်းသော ရုပ်ရည်ရှိသည့် လူငယ်လေးကို ရည်ရွယ်၍ ပြောလိုက်သည်။
…..
မိနစ်အနည်းငယ် အကြာ၊ ဂိုဏ်းချုပ်၏ အစည်းအဝေး ခန်းမတွင်...
ငွေဖြူရောင် ထင်းရှူးသားဖြင့် ပြုလုပ်ထားသော စားပွဲဝိုင်းကြီး တစ်ခုကို အလယ်တွင် ထားရှိကာ၊ လူ ၁၅ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့မှာ တင်ပျဉ်ခွေ ထိုင်နေကြလေသည်။
အဖွဲ့ဝင် ၁၅ ဦးအနက် အများစုမှာ အသက်အရွယ် ကြီးရင့်သော အကြီးအကဲများ ဖြစ်ကြပြီး၊ လူငယ်လေးဦးသာ ပါဝင်ကာ ရှစ်ရုံမှာ အငယ်ဆုံး ဖြစ်လေသည်။
သို့သော် ရောက်ရှိနေသော မည်သည့် အကြီးအကဲကမျှ အစည်းအဝေးတွင် ပါဝင်နေသည့် လူငယ်လေးဦးကို အထင်မသေးကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးမှာ အဓိကအကြီးအကဲများ ဖြစ်လာရန် အရည်အချင်း ပြည့်မီသူများ ဖြစ်ကြသောကြောင့်ပင်။
မြူနွံဂိုဏ်းတွင် အဓိကအကြီးအကဲ တစ်ဦး ဖြစ်လာရန် သတ်မှတ်ချက်မှာ အနည်းဆုံး အခြေတည်အဆင့် ၉ ဆင့်မြောက် ကျင့်ကြံခြင်းအဆင့် ရှိရမည် ဖြစ်သည်။
တစ်ခုတည်းသော ချွင်းချက်မှာ အခြေတည်အဆင့်၏ ဆဋ္ဌမအဆင့်တွင်သာ ရှိသေးသော ရှစ်ရုံပင် ဖြစ်သည်။
သို့သော် သူ၏ လက်ရှိအောင်မြင်မှုများက ကျန်သူများနှင့်အတူ ထိုင်ခွင့်ရရန် လုံလောက်သော အရည်အချင်းကို ရရှိစေခဲ့လေသည်။
သူသည် ယခုအခါ ဖုန်ကျန်းနှင့် ချန်ယွမ်တို့၏ အနောက်တွင် ထိုင်နေသော်လည်း၊ သူ့ကို ဖိတ်ကြားထားခြင်းမှာ နားထောင်ရန်အတွက်သာ ဖြစ်ကြောင်း သူ သိရှိထားလေသည်။
“အဓိကကိစ္စကို မပြောခင် သတင်းကောင်းတွေနဲ့ အရင် စလိုက်ရအောင်” ဟု ချန်ယွမ်က အစည်းအဝေးကို စတင်ရန် ပြောလိုက်သည်။
“ပထမအချက်... ဝမ်ချန်ရဲ့ လက်ရှိ အသွင်အပြင်ကို မင်းတို့အားလုံး သတိထားမိကြမှာပါ။”
“သူမရဲ့ ကျင့်ကြံခြင်းမှာ အရည်အသွေးပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အကြီးအကျယ် ရရှိခဲ့တယ်။”
“မြနို့ရည် တွေကို ထောက်ပံ့ပေးဖို့အတွက် ဂိုဏ်းနဲ့ ပူးပေါင်းဖို့ သူမ သဘောတူထားတယ်။”
“အကြီးအကဲ မော့ယင်း… မင်း သူမနဲ့ အလုပ်တွဲလုပ်ပြီး မြနို့ရည် ရောင်းရငွေတွေကို ငါတို့ရဲ့ အကြွေးတချို့ကို ရှင်းဖို့ သုံးပါ။”
“လူငယ် ကျင့်ကြံသူတွေဖို့ ပြုစုပျိုးထောင်ရေး အစီအစဉ်အတွက်လည်း အချို့ကို ချန်ထားပေးပါ။”
“ပြီးတော့ ငါတို့ကိုယ်တိုင်လည်း ကိုယ်ပိုင် စိုက်ပျိုးဖို့ ကြိုးစားနေစဉ်မှာပဲ၊ ရန်ပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ဝမ်ချန်အတွက် အဆင့်နိမ့်ကောင်းကင်အဆင့် ဆေးပင်တွေ ဝယ်ယူဖို့ အသုံးပြုပါ။”
“အကြီးအကဲဟူချိုး... ဆေးပင် စိုက်ပျိုးရေး ကိစ္စမှာ မင်းရဲ့ အကူအညီကို လိုအပ်လိမ့်မယ်။”
“ငါကိုယ်တိုင်လဲ အကျိုးအမြတ် အနည်းငယ် ရရှိခဲ့လို့ အချိန်တော်တော်ကြာ တံခါးပိတ် ကျင့်ကြံဖို့ ရှိတယ်။”
“ ငါ မရှိတဲ့ အချိန်မှာ ဖုန်ကျန်းက ဂိုဏ်းရဲ့ကိစ္စအဝဝကို ကိုင်တွယ်လိမ့်မယ်။ ဒါပေမဲ့ သူကလည်း တစ်ခါတလေ မရှိတတ်တော့...”
“ဟူချိုး... မင်းက ဂိုဏ်းရဲ့ ကိစ္စတွေကို တစ်ခါတလေ ကိုင်တွယ်ရမှာမို့လို့၊ မင်းရဲ့ အဂ္ဂိရတ်ဌာနက ကိစ္စတချို့ကို တခြားတစ်ယောက်ယောက်ဆီ လွှဲထားခဲ့ရလိမ့်မယ်”
ချန်ယွမ်က အလျင်အမြန် ပြောလိုက်ရာ၊ အဂ္ဂိရတ်ဌာန အကြီးအကဲဟူချိုးနှင့် ထောက်ပံ့ရေးဌာန အကြီးအကဲမော့ယင်းတို့ နှစ်ဦးစလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။
“အခု အဓိကကိစ္စကို ဆက်ရအောင်။ မြူနွယ်ပင်က ပုံစံပြောင်းလဲခြင်းနဲ့ အိပ်စက်ခြင်းလုပ်ငန်းစဉ်ကို ဖြတ်သန်းရတော့မှာမို့လို့၊ အချိန် အကန့်အသတ်မရှိ ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။”.
“ သူ့ရဲ့ အကာအကွယ်မရှိတော့တဲ့အတွက်၊ အဆိပ်ငွေ့ ယိုစိမ့်မှုတွေ ရှိမရှိ ဂိုဏ်းကို အမြဲတမ်း စောင့်ကြည့်နေရလိမ့်မယ်။”
“နောက်ထပ် ကိစ္စနှစ်ခုကတော့ အများကြီး ပိုပြီး လေးနက်တာမို့လို့ မင်းတို့ကိုယ်မင်းတို့ စိတ်ကိုကြိုတင် ပြင်ဆင်ထားဖို့ လိုမယ်”
ချန်ယွမ်က ရောက်ရှိနေသူ အားလုံးကို လိုက်လံ ကြည့်ရှုရင်း ခေတ္တရပ်ကာ ပြောလိုက်သည်။
အခန်းအတွင်းရှိ လေထုမှာ လေးလံသွားပြီး အကြီးအကဲအချို့၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာလေသည်။
“ငါတို့အားလုံး ဘုရင်တစ်ပိုင်းအဆင့် တွေထဲက တစ်ကောင်အဖြစ် သိထားကြတဲ့ မဟူရာစကြဝဠာမိကျောင်းက ဒီနယ်မြေထဲက အခြား စွမ်းအားကြီးတဲ့ ဝိညာဉ်သားရဲ တစ်ကောင်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။”
“ဘယ်သူ နိုင်သွားလဲဆိုတာတော့ မသိရပေမဲ့၊ အဲဒီကောင် အသက်ရှင်သွားပြီး နိုင်တောင် နိုင်သွားနိုင်တယ်လို့ ဖုန်နဲ့ ငါတို့နှစ်ယောက်လုံးက ယူဆထားတယ်။”
“အကယ်လို့ ငါတို့ ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့ရင်၊ ငါတို့ရဲ့ ဂျူနီယာညီမလေး ကန်မေ့ကို သူ စားခဲ့တုန်းက ရန်ငြိုးနဲ့၊ ယခင် ဂိုဏ်းချုပ်ဟောင်းဖြစ်တဲ့ ငါတို့ရဲ့ဆရာ ထန်ရှန်ယွမ်နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ငါတို့က သူ့ရဲ့ နောက်ထပ်ပစ်မှတ် ဖြစ်လာဖို့ အလားအလာ အများဆုံးပဲ။”
“ငါတို့ဆရာက သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမဲ့၊ ဆရာကိုယ်တိုင်လည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပြီး နောက်ဆုံးမှာ အဲဒီဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားခဲ့ရတယ်။”
“ငါတို့မှာ အချိန်ဘယ်လောက် ရမလဲတော့ ငါ မသိဘူး... ဒါပေမဲ့ သူက အချိန်မရွေး လာတိုက်ခိုက်နိုင်တယ် ဆိုတဲ့ အသိနဲ့ မင်းတို့အားလုံး ကြိုးစားဖို့လိုတယ်။”
“သူ့ကို ဖုန်နဲ့ ငါကပဲ ရင်ဆိုင်မှာဖြစ်ပေမဲ့ သူက အလွန် ပါးနပ်တဲ့အတွက် ဘယ်လို လှည့်ကွက်တွေ သုံးလာမလဲ ဆိုတာ မသိနိုင်ဘူး။”
“သူက တခြား ဝိညာဉ်သားရဲတွေကိုပါ ခေါ်လာနိုင်တယ်။”
“မင်းတို့အားလုံးက ကိုယ်ပိုင် ကျင့်ကြံမှုတွေကို ကျင့်ကြံနေရင်းနဲ့ပဲ မင်းတို့ လက်အောက်က လူငယ်တွေကို ပိုပြီး ပြင်းပြင်းထန်ထန် လမ်းညွှန်ပြသပေးဖို့ သေချာလုပ်ရမယ်။”
“ဘဏ္ဍာတိုက်ကို ဂိုဏ်းချုပ်ရဲ့ ကိုယ်ပိုင် သိုလှောင်ခန်း အပါအဝင် မင်းတို့အားလုံးအတွက် ဖွင့်ပေးထားမယ်။”
“အဲဒါရယ် မြန်ို့ရည်ရယ် ပေါင်းလိုက်ရင် ငါတို့ အလျင်အမြန် တိုးတက်လာဖို့ အကူအညီတစ်ချို့တော့ ဖြစ်မှာပါ”
ချန်ယွမ် စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဖုန်ကျန်းက ဝင်ပြောရန် လက်မြှောက်လိုက်သည်။
“ဂိုဏ်းချုပ်ပြောသွားတဲ့ အချက်တွေအပြင်၊ အကြီးအကဲတွေ အားလုံးကို အထူးတိုက်ခိုက်ရေး လေ့ကျင့်မှုတွေမှာ ငါကိုယ်တိုင် လမ်းညွှန်ပေးသွားမယ်။”
“ဒါကြောင့် ပြင်ဆင်ထားကြ... အဲဒီအထဲမှာ မင်းလည်းပါတယ် ရှစ်ရုံ” ဟု ဖုန်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အကြောင်းပြချက်တစ် ချို့ ကြောင့် အကြီးအကဲအားလုံးမှာ မဟူရာစကြဝဠာမိကျောင်း၏ တိုက်ခိုက်ခံရနိုင်ချေ ရှိသည့် သတင်းထက်၊ ဖုန်ကျန်း၏သတင်းကို ပို၍ ကြောက်ရွံ့သွားလေသည်။
“နောက်ဆုံးကိစ္စနဲ့ ပတ်သက်ပြီးတော့... ဖုန်ကျန်းက ရှင်းပြတာ ပိုကောင်းမယ်လို့ ငါထင်တယ်”
ချန်ယွမ်က ဖုန်ကျန်းကို စကားပြောခွင့် ပေးလိုက်ရင်း ပြောလိုက်လေသည်။