← Chapters

အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၆)

Vol. 11 Ch. 104

အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၆)

Vol. 11 Ch. 104

“ဟူချိုးက မင်းတို့ကို ဘယ်လောက်အထိ ပြောပြထားလဲတော့ ငါ မသိဘူး။”

“မင်းတို့ကို အဆိပ်ခတ်ခဲ့တဲ့ သူတစ်ယောက်က ဂိုဏ်းကို သစ္စာဖောက်တာနဲ့ တူညီတဲ့ အလုပ်မျိုးကို လုပ်ခဲ့ရက်နဲ့ ဘာလို့ ဒီနေရာမှာ မျက်နှာပြောင်တိုက်ပြီး လာထိုင်နေရတာလဲ ဆိုတာက တချို့အတွက်တော့ အံ့ဩစရာ ဖြစ်နေလောက်တယ်။”

“ပထမဦးဆုံးအနေနဲ့ မင်းတို့ကို အဆိပ်ခတ်ခဲ့မိတာရယ်၊ ကိစ္စတချို့ကို လျှို့ဝှက်ထားခဲ့မိတာရယ် အတွက် ငါ တောင်းပန်ပါတယ်”

ဖုန်ကျန်းက မတ်တတ်ရပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။

သူပြောသည်မှာ မှန်ပေသည်။

ရောက်ရှိနေသော အကြီးအကဲများအနက် အများစုမှာ အစည်းအဝေး တစ်လျှောက်လုံး ဖုန်ကျန်းဘက်သို့ ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့ထဲမှ အချို့ဆိုလျှင် ဂိုဏ်းချုပ်၏ စကားကို ဖြတ်ပြောရန်ပင် ကြိုးစားခဲ့ကြသော်လည်း၊ ကြားလိုက်ရသော သတင်းများက ကြီးမားလွန်းသဖြင့် ဖြတ်မပြောရဲဘဲ ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။

“မင်းတို့ တစ်ချိန်က တုန်းယန်လင်လို့ သိခဲ့တဲ့သူဟာ သွေးလက်တစ္ဆေလက်အဖွဲ့က အဖွဲ့ဝင် တစ်ယောက်ပဲ။”

“သူက ဂိုဏ်းထဲကို စိမ့်ဝင်ဖို့အတွက် ငါ့ကို အသုံးချပြီး ကူပိုးကောင်နဲ့ သွေးဝိညာဥ်ကျိန်စာကို သုံးခဲ့တယ်။”

“သူ့ရဲ့ အစစ်အမှန်ရည်ရွယ်ချက်က မြူနွယ်ပင်ကို ပစ်မှတ်ထားဖို့ပဲ။”

“သူက ငါ့လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတဲ့အတွက် ငါ မင်းတို့အားလုံးကို အသိပေးလို့ မရခဲ့ဘူး။”

“ဒီက ချန်ယွမ်၊ ကွေ့ နဲ့ ဟူချိုး တို့ကိုပဲ အသိပေးလို့ ရခဲ့တယ်။ လူနည်းလေ သူ ရိပ်မိဖို့ အခွင့်အလမ်း နည်းလေမို့လို့ပဲ။”

“ငါတို့ ဆုံးဖြတ်လိုက်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ သူ့ကို အပြင်ကို မျှားထုတ်ပြီး ဂိုဏ်းအပြင်ဘက်မှာ ရင်ဆိုင်ဖို့ပါပဲ။”

“ဝမ်ချန်နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာဆိုတာကလည်း လှည့်ကွက်တစ်ခု သက်သက်ပါပဲ။ ပြီးတော့ အဖွဲ့အစည်းကို ပါဝင်ပတ်သက်စေခဲ့တာကလည်း အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်လာခဲ့ရင်တောင် ဂိုဏ်းအတွက် ရှင်သန်နိုင်မယ့် လမ်းကြောင်းတစ်ခု ချန်ထားခဲ့ချင်လို့ပါ။”

“ဒါပေမယ့် အဲဒီအချိန်တုန်းက သူက သွေးလက်တစ္ဆေအဖွဲ့ဝင် တစ်ယောက်ဆိုတာကို ငါတို့ မသိခဲ့ဘူး။”

“နောက်ပိုင်း ကွေ့ ရယ်၊ ငါရယ်၊ မြူနွယ်ပင်ရယ် သူ့ကို ရင်ဆိုင်ရင်း သေလုနီးပါးဖြစ်ခဲ့ရတဲ့ အချိန်ကျမှပဲ အဲဒီ ကြောက်စရာကောင်းတဲ့ အမှန်တရားကို ငါတို့ သိခဲ့ရတာ။”

“ကျားထင်ဖုန်းနဲ့ ဟောင်ယဲ့တို့က သူ့လက်ချက်နဲ့ သေသွားပြီ။ ဒါပေမဲ့ သူတို့က ဂိုဏ်းထက် ကိုယ်ကျိုးကို ရှေ့တန်းတင်တဲ့ သစ္စာဖောက်တွေဆိုတော့ ဂိုဏ်းအတွက် ဘာမှ ဆုံးရှုံးမှု မရှိပါဘူး။”

“တုန်းယန်လင်က တစ်ယောက်တည်း အလုပ်လုပ်နေတာလား၊ ဒါမှမဟုတ် အမိန့်ပေးခံရလို့ လုပ်နေတာလား ဆိုတာတော့ ငါတို့ မသိဘူး။”

“သူ တစ်ယောက်တည်း အလုပ်လုပ်နေတာ ဖြစ်ပါစေလို့ပဲ ငါတို့ မျှော်လင့်ရမှာပဲ။”

“တကယ်လို့ ငါတွေးတာသာ မှန်ခဲ့မယ်ဆိုရင်... သွေးလက်တစ္ဆေလက်လို ဧရာမအဖွဲ့အစည်းကြီး တစ်ခုကသာ ငါတို့ကို ပစ်မှတ်ထားလာရင် ငါတို့ ဂိုဏ်းကို ပြောင်းရွှေ့ဖို့တောင် စဉ်းစားရလိမ့်မယ်” ဟု ဖုန်ကျန်းက လေးနက်စွာ ပြောလိုက်သည်။

အခန်းထဲရှိ လူတိုင်းမှာ သိသိသာသာ တုန်လှုပ်သွားကြလေသည်။

ဂိုဏ်းတည်ထောင်သူ၏ မှတ်တမ်းများအရ သွေးလက်တစ္ဆေအကြောင်းကို သူတို့ သိထားပြီးဖြစ်ကာ၊ ထိုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ရန်မှ လွတ်ကင်းရန် မြူနွံတောအထိ အဝေးကြီး ထွက်ပြေးလာခဲ့ရကြောင်းကိုလည်း သိထားကြသည်။

ထိုကိစ္စတစ်ခုလုံးက သူတို့အားလုံး၏ မျက်နှာများမှ သွေးရောင်များ ဖြူဖျော့သွားစေသည်အထိ ထိတ်လန့်သွားစေလေသည်။

ထိုအဖွဲ့မှာ မြေအောက်အဖွဲ့အစည်းများ ကြားတွင်ပင် ယုတ်မာကောက်ကျစ်သော နည်းလမ်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အဆင့် ၁ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

သူတို့က အဆင့် ၄ ဂိုဏ်းတစ်ခုသာ ဖြစ်ရာ၊ ထိုအဖွဲ့အစည်းမှ နှာတစ်ချက် ခြေလိုက်ရုံဖြင့် မြူနွံဂိုဏ်းမှာ လုံးဝ ပျောက်ကွယ်သွားရန် လုံလောက်ပေသည်။

“အခြေအနေတွေက ငါတို့ ထင်ထားသလောက် ဆိုးရွားချင်မှ ဆိုးရွားမှာပါ။”

“တစ်ချက်ကတော့ တုန်းယန်လင်ဟာ လုံးဝကို တစ်ကိုယ်ကောင်းဆန်တယ်၊ လောဘကြီးပြီး ရည်မှန်းချက်ကြီးတဲ့အတွက် သူ တစ်ယောက်တည်း လှုပ်ရှားနေတာ ဖြစ်နိုင်တယ်။”

“ သူ တစ်ယောက်တည်း မဟုတ်ဘူးဆိုရင်တောင်၊ အခု တုန်းယန်လင်က အဖွဲ့အစည်းရဲ့ ထိန်းသိမ်းမှုအောက်မှာ ရောက်နေပြီဆိုတော့ ဒီကိစ္စက အဖွဲ့အစည်းရဲ့ မျက်စိအောက်ကို ရောက်သွားပြီ”

ဖုန်ကျန်းက သူတို့၏ စိတ်ဓာတ်များကိုမြှင့်တင်ပေးရန် ကြိုးစားရင်း ပြောလိုက်သည်။

၎င်းက အလုပ်ဖြစ်ပုံရပြီး လူအုပ်ကြီးမှာ ထိတ်လန့်နေဆဲ ဖြစ်သော်လည်း သူတို့၏ အသားအရေများတွင် သွေးရောင် အနည်းငယ် ပြန်လည် ရောက်ရှိလာလေသည်။

“ကောင်းပြီ... ဒါပါပဲ။ နောက်သုံးရက် အကြာမှာ ဂိုဏ်းလုံးကျွတ် အစည်းအဝေး တစ်ခု ခေါ်မယ်။”

“အဲဒီနောက်မှာတော့ ငါ တံခါးပိတ် ကျင့်ကြံတော့မယ်” ချန်ယွမ်က အစည်းအဝေးကိုရုတ်သိမ်းကြောင်း ကြော်ငြာရင်း ပြောလိုက်သည်။

အကြီးအကဲများအားလုံး မတ်တတ်ရပ်ကာ ထွက်သွားကြပြီး၊ ဖုန်ကျန်း၊ အဂ္ဂိရတ်ဌာနမှ အကြီးအကဲဟူချိုးနှင့် ရှစ်ရုံတို့သာ ကျန်ရစ်ခဲ့လေသည်။

“ရှစ်ရုံ... ငါက တံခါးပိတ် ကျင့်ကြံမှာ ဖြစ်သလို၊ မြူနွယ်ပင်ကလည်း အိပ်စက်တော့မှာ ဆိုတော့ မင်း ဒီတောင်ထွတ်ပေါ်မှာ ဆက်ပြီး ကျင့်ကြံလို့ မရတော့ဘူး။”

“အဲဒီအစား မင်းက ဖုန်ကျန်းရဲ့ တောင်ထွတ်ကို ပြောင်းနေရမယ်။ ပြီးတော့ သူမရှိတဲ့ အချိန်တွေကျရင် မင်းက အဲဒီတောင်ထွတ်ရဲ့ ယာယီအရှင်သခင်လည်း ဖြစ်လာလိမ့်မယ်”

ချန်ယွမ်က သူ၏ ယခင် တင်းမာပြီးလေးနက်သော အကြည့်မှ ညင်သာသောအကြည့်သို့ ပြောင်းလဲကာ ပြောလိုက်သည်။

“ဆရာ့ အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်” ရှစ်ရုံက အရိုအသေပေးရင်း ပြောလိုက်သည်။

“သွားတော့လေ”

ချန်ယွမ်က ပြုံးရင်း ပြောလိုက်ပြီး၊ ဖုန်ကျန်းမှာလည်း သူတို့၏ မြေးလေး ထွက်သွားသည်ကို ကြည့်နေရသကဲ့သို့ ပျော့ပျောင်းသော အမူအရာကို ပြသနေလေသည်။

“အဲဒီ ကလေးက ဒီဂိုဏ်းအတွက် ကောင်းချီးတစ်ခုပဲ။”

“သူရဲ့ တကယ့်စွမ်းရည် အစစ်အမှန်တွေ ထွက်လာတဲ့အထိ ကူညီပေးနိုင်ဖို့ ဂိုဏ်းက ဆက်လက် ရပ်တည်နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့တာပဲ” ဟူချိုးက သက်ပြင်းချရင်း ပြောလိုက်သည်။

အင်း...

ချန်ယွမ်နှင့် ဖုန်ကျန်း နှစ်ဦးလုံးက သဘောတူညီကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“မင်းက တံခါးပိတ် ကျင့်ကြံတော့မှာ ဆိုတော့၊ ကိစ္စတွေလည်း ရှင်းလင်းသွားပြီမို့လို့ ဒါကို မင်း ပြန်ယူဖို့ လိုလိမ့်မယ်”

ဟူချိုးက အပေါ်တွင် မီးခိုးငွေ့မျှင်လေးများ လွင့်မျောနေပြီး လောကနှင့် မသက်ဆိုင်သော အငွေ့အသက်မျိုး ပေးစွမ်းသည့် ဖြူစင်သန့်ရှင်းသော အရည်များပါရှိသည့် ဖန်ပုလင်းငယ် တစ်ခုကို ထုတ်ယူရင်း ပြောလိုက်သည်။

“ငါတို့ တကယ်ပဲ သေမင်းရဲ့ နှုတ်ခမ်းဝကနေ သီသီလေး လွတ်လာခဲ့တာပဲ”

ချန်ယွမ်က ဖန်ပုလင်းကို ယူကာ ဖော့ဆို့ကို ဖွင့်လိုက်ရင်း ပြောလိုက်သည်။

အဖြူရောင်အရည်များမှာ အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ချန်ယွမ်၏ နှာခေါင်း၊ မျက်လုံးနှင့် နားများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့ဝင်ရောက်သွားလေသည်။

သေမင်း၏ တံခါးဝသို့ စိုက်ကြည့်နေရသော အိုမင်းရင့်ရော်နေသည့် အဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သော ချန်ယွမ်မှာ ယခုအခါ ရုတ်တရက် ပြောင်းလဲသွားလေသည်။

သူ၏ အသားအရေမှာ ပိုမို တင်းရင်းလာပြီး ပန်းရောင်သန်းလာကာ၊ ဖြူဖွေးနေသော ဆံပင်များမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး နားထင်နားတွင်သာ ဆံဖြူ အနည်းငယ် ကျန်ရစ်တော့သည်။

သူ၏ ခန္ဓာကိုယ်မှာ လှံတစ်ချောင်းကဲ့သို့ ပိုမို ခိုင်မာပြီး မတ်မတ်မတ်မတ် ဖြစ်လာလေသည်။

သူ၏ မျက်လုံးများမှာလည်း နောက်ကျိမနေတော့ဘဲ နက်မှောင် ကြည်လင်နေလေပြီ။

“ငါ့ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်ရလိုက်တော့ နေလို့ တော်တော် ကောင်းသွားတာပဲ...”

ချန်ယွမ်က စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အေးခဲသွားလေသည်။

“အော်... မင်းရဲ့ မှတ်ဉာဏ်တွေကို ပိတ်လှောင်ဖို့ မင်းသုံးခဲ့တဲ့ လှည့်ကွက်က အဲဒါကိုး... ဝိညာဉ်ခွဲခြမ်းတဲ့ ကျင့်စဉ် တစ်ခုပဲ”

ချန်ယွမ်၏ စိတ်ဝိညာဥ်ပင်လယ် အတွင်းမှ ပျင်းရိပြီး နောက်ပြောင်နေသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ မျက်လုံးနေရာတွင် လမင်းနှစ်စင်း ပါရှိသော ဧရာမပုံရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ယနေ့စောစောက ဝမ်ချန် ဒေါသပေါက်ကွဲမသွားမီ ယန်ချင်း ဝင်ရောက် ဟန့်တားခဲ့စဉ်က ဤပုံရိပ်ကြီးကို သူ မြင်တွေ့ခဲ့ဖူးသောကြောင့်၊ ချန်ယွမ်မှာ ၎င်းကို မြင်လိုက်ရသည်နှင့် တံတွေးမျိုချလိုက်မိလေသည်။

“မကောင်းဘူးနော် ဂိုဏ်းချုပ်ချန်ယွမ်... ဒါက အချိန်နှောင့်နှေးတဲ့ ကျင့်စဉ်ဖြစ်လို့ ငါ တိုတိုနဲ့ လိုရင်းပဲ ပြောမယ်။”

“ဂိုဏ်းချုပ်ချန်ယွမ်... မင်းက ဖွင့်ဟဝန်ခံခြင်း ဥပဒေကို မင်းဆန္ဒအလျောက်ရော၊ သိသိကြီးနဲ့ပါ ချိုးဖောက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ တရားသူကြီးယန်ချင်း ဖြစ်တဲ့ ငါက သတ်မှတ်လိုက်တယ်။”

“အဲဒီအတွက် မင်းရဲ့ ပြစ်ဒဏ်ကတော့... အင်း... ကြည့်ရအောင်... မြူနွံဂိုဏ်းက အဂ္ဂိရတ်ပညာမှာ ကျွမ်းကျင်တယ်၊ ပြီးတော့ ဖုန့်ရှင်း ပြောတာကတော့ အဲဒီဒေသမှာ ဆေးပင်မျိုးစုံနဲ့ ပြည့်နှက်နေတယ်တဲ့။”

“ကောင်းပြီ ချန်ယွမ်... မင်းက အဖွဲ့အစည်းကို မြူနွံတောဒေသအတွင်းမှာရှိတဲ့ အပင်တွေရဲ့ ရုက္ခဗေဒ မှတ်တမ်းတစ်ခုကို ပြုစုပေးရမယ်။”

“အဲဒီမှတ်တမ်းမှာ အပင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် အကျဉ်းချုပ်၊ ပေါက်ရောက်ရာ နေရာနဲ့ ဓာတုဗေဒဆိုင်ရာ လက္ခဏာရပ်တွေ ပါဝင်ရမယ်။”

“မင်းရဲ့ အစီရင်ခံစာတွေထဲမှာ ပါဝင်တဲ့ အပင်တွေရဲ့ အဆင့် သတ်မှတ်ချက်က သာမန်အဆင့်လား၊ မြေကမ္ဘာအဆင့်လား၊ ကောင်းကင်အဆင့်လား ဆိုတာကိုတော့ မင်းသဘောအတိုင်းပဲ ထားလိုက်မယ်။”

“ဒါပေမဲ့ မင်းကို အဆင့်သတ်မှတ် အကဲဖြတ်သွားမယ် ဆိုတာကိုတော့ မှတ်ထားပါ။”

“မင်းရဲ့ အဆင့်သတ်မှတ်ချက် ကောင်းလေလေ မင်းရဲ့ ပြစ်ဒဏ်က မြန်မြန် ပြီးလေလေပဲ။”

“မင်းရဲ့ ပြစ်ဒဏ်ကာလက အတိအကျ သတ်မှတ်မထားဘူး။”

“မင်းကို ကြီးကြပ်ဖို့ တာဝန်ယူထားတဲ့ စိစစ်ရေးကော်မတီက မင်းပေးတဲ့ ရလဒ်တွေဟာ ကျေနပ်လောက်တဲ့ အဆင့်မှာ ရှိတယ်လို့ ဆုံးဖြတ်တဲ့ အချိန်ကျမှပဲ အဆုံးသတ်လိမ့်မယ်။”

“စိတ်မပူပါနဲ့၊ မင်းရဲ့ တိုးတက်မှုကို မင်းကိုယ်တိုင် စောင့်ကြည့်နိုင်အောင် သူတို့ အသုံးပြုမယ့် အဆင့်သတ်မှတ် စနစ်ကို မင်းဆီ ပေးပါလိမ့်မယ်။”

“ထပ်လောင်းအနေနဲ့... မင်းတို့ နယ်မြေမှာဖြစ်ဖြစ်၊ မင်း သတင်းရနိုင်တဲ့ တခြား ဘယ်ဒေသမှာပဲဖြစ်ဖြစ်၊ ထူးဆန်းတာပဲဖြစ်ဖြစ်၊ ပုံမှန်ပဲဖြစ်ဖြစ် လက်ရှိ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း မင်း ပေးပို့နိုင်ပါတယ်။”

“ဒါကလည်း မင်းရဲ့ ပြစ်ဒဏ်ကို လျှော့ချပေးဖို့ အထောက်အကူ ပြုမှာမို့လို့၊ တတ်နိုင်သမျှ အသေးစိတ်ကျကျနဲ့ ပြည့်ပြည့်စုံစုံ ပေးပို့ပါ။”

“ဒါပါပဲ။ အစစအရာရာ အဆင်ပြေပါစေ ဂိုဏ်းချုပ်။”

“ အခု မင်းရဲ့ စိတ်ဝိညာဥ်ပင်လယ်ကို စည်းတံဆိပ် ဆယ်ခုနဲ့ ငါ ပိတ်လှောင်တော့မယ်။”

“မင်းရဲ့ ပြစ်ဒဏ်ကာလအတွင်းမှာ မင်းက မှတ်တမ်းတစ်ခု ဒါမှမဟုတ် ပစ်မှတ်တစ်ခုကို ပြည့်မီသွားတိုင်း စိစစ်ရေးကော်မတီက အဲဒီ တံဆိပ်တွေကို တစ်ခုချင်းစီ ပြန်ဖွင့်ပေးလိမ့်မယ်။”

“တာ့တာ”

ယန်ချင်း၏ ပုံရိပ်မှာ အလင်းတန်းလေးများ အဖြစ်သို့ ပေါက်ကွဲထွက်သွားပြီးနောက်၊ ရှေးဟောင်း စာလုံးအဖြူများဖြင့် ပြည့်နှက်နေသော ဧရာမသံကြိုးကြီးများ အဖြစ်သို့ ပြန်လည် စုစည်းသွားကာ ချန်ယွမ်၏ စိတ်ဝိညာဥ်ပင်လယ်ကို သော့ခတ်လိုက်လေသည်။

ထိုသံကြိုးကြီးများ၏ အထက်တွင် ဧရာမလမင်းကြီးနှင့် နေမင်းကြီး တစ်စင်း လွင့်မျောနေလေသည်။

ချန်ယွမ် သွေးအန်ချလိုက်ပြီး သူ၏ အသားအရည်မှာ ဖြူရော်သွားလေသည်။

“ချန်... ဘာဖြစ်တာလဲ”

ဖုန်ကျန်းနှင့် ဟူချိုးတို့ နှစ်ဦးစလုံးမှာ ချန်ယွမ် သွေးအန်သည်ကို မြင်သောအခါ သူ၏ဘေးသို့ အလျင်အမြန် ရောက်လာကြလေသည်။

“ဝိညာဉ် ပြန်ဆက်တဲ့ နေရာမှာ ပြဿနာ တက်သွားလို့လား။ အဲဒီလို မဖြစ်သင့်ပါဘူး” ဟူချိုးက ထိတ်လန့်တကြား ပြောလိုက်သည်။

“မအောင်မြင်တာ မဟုတ်ပါဘူး။ အဖွဲ့အစည်းက ငါတို့ရဲ့ လှည့်ကွက်လေးကို သိသွားလို့ အဲဒီအတွက် ငါ့ကို အပြစ်ပေးလိုက်တာပါ” ချန်ယွမ်က ဝမ်းနည်းစွာ ပြုံးရင်း ပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီး...” ဖုန်ကျန်းက အံ့ဩတကြီး မေးလိုက်သည်။

“တရားသူကြီးယန်ချင်းက အစကတည်းက သိနေခဲ့တာ။”

“သူက ငါ့အခြေအနေ ပြောင်းလဲသွားမှသာ အသက်ဝင်မယ့် အချိန်နှောင့်နှေးတဲ့ ကျင့်စဉ် တစ်မျိုးကို ငါ့အပေါ် ချထားခဲ့ပြီး ကြိုတင် ပြင်ဆင်ထားခဲ့ပုံပဲ”

ချန်ယွမ်က သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားရင်း ပြောလိုက်သည်။

သူ၏ စိတ်ဝိညာဥ်ပင်လယ် ပိတ်လှောင်ခံလိုက်ရသဖြင့်၊ တစ်ယောက်ယောက်က သူ၏ ခေါင်းနှင့် မျက်လုံးများကို တူကြီးဖြင့် ထုလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

စိတ်ဝိညာဥ်ပင်လယ် ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံကို ထိန်းချုပ်ပေးသော နေရာဖြစ်ပြီး၊ ၎င်းမရှိဘဲ သူတို့၏ ဝိညာဉ်အာရုံများကို အသုံးပြု၍ မရနိုင်ပေ။

ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံသည် ပတ်ဝန်းကျင်ကို အာရုံခံရာတွင် သူတို့၏ မျက်လုံး၊ နှာခေါင်း၊ နား သို့မဟုတ် အထိအတွေ့တို့ကို အသုံးပြုခြင်းထက် ပိုမို ယုံကြည်စိတ်ချရလေသည်။

နေ့ဖြစ်စေ၊ ညဖြစ်စေ ဝိညာဉ်အာရုံမှတစ်ဆင့် မြင်တွေ့နိုင်သော အသေးစိတ် အချက်အလက်များမှာ များစွာပိုမို မြင့်မားပြီး တိကျလေသည်။

ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံအတွက် ခွဲခြားမှု မရှိသလို၊ ကျင့်ကြံသူက ပိုမို စွမ်းအားကြီးမားလာလေလေ ဝိညာဉ်အာရုံ၏ အာရုံခံနိုင်စွမ်းက ပိုမို ကောင်းမွန်လာလေလေ ဖြစ်သည်။

၎င်းတို့သည် နန်းတော်အဆင့် ကဲ့သို့သော အဆင့်များတွင်ရှိသည့် နိုးကြားစ ဝိညာဉ်များကိုပင် ဝိညာဉ်အာရုံဖြင့် အာရုံခံနိုင်သည်အထိ စွမ်းဆောင်နိုင်လေသည်။

သူတို့သည် မှော်လက်နက်များနှင့် လက်နက်များ၏ နိုးထကာစ ဝိညာဉ်များကို အာရုံခံနိုင်ကြသည်။

ပိုမို စွမ်းအားကြီးမားလာလေလေ ဝိညာဉ်အာရုံ၏ အသုံးပြုမှုများက ပိုမို စုံလင်လာလေလေ ဖြစ်သည်။

၎င်းမှာ ကျင့်ကြံသူတစ်ဦးအတွက် အရေးပါဆုံးသော အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး၏ အလိုအလျောက် သိစိတ်ဟု အများစုက ခေါ်ဝေါ်ကြသောအရာမှာ များသောအားဖြင့် ဝိညာဉ်အာရုံမှ တည်ဆောက်ထားသည့် အလိုအလျောက် တုံ့ပြန်မှုသာ ဖြစ်သည်။

ချန်ယွမ်မှာ သူ၏ ဝိညာဉ်အာရုံ မရှိတော့သဖြင့် အဝတ်မပါဘဲ အကာအကွယ်မဲ့ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ၏ပတ်ဝန်းကျင် မီတာ ၂၀၀ အတွင်း ဝိညာဉ်အာရုံကို အမြဲတမ်း အသက်သွင်းထားလေ့ရှိသည်ကို သူ အလွန် အကျင့်ပါနေခဲ့သဖြင့်၊ ယခု ၎င်းမရှိတော့သောအခါ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီး လုံခြုံမှုမရှိဟု ခံစားရလေသည်။

သူ၏ စိတ်ဝိညာဥ်ပင်လယ် အတွင်းရှိ တံဆိပ်ခတ်နှိပ်မှု များ ပြန်ပွင့်မလာမီ အချိန်အထိ၊ သူသည် ရှင်သန်နိုင်ရန်အတွက် သူ၏ မျက်လုံးများနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုများကိုသာ အားကိုးရတော့မည် ဖြစ်သည်။

သူသည် တံခါးပိတ် ကျင့်ကြံရန် မဆုံးဖြတ်မီ သူ၏ ပြစ်ဒဏ်ချမှတ်ခံရမှု အကြောင်းကို ဖုန်ကျန်းနှင့် ဟူချိုးတို့အား အလျင်အမြန် အသိပေးလိုက်သည်။

သူ၏စိတ်ဝိညာဥ်ပင်လယ် သံကြိုးခတ် ခံလိုက်ရပြီဖြစ်ရာ၊ အထူးသဖြင့် မဟူရာစကြဝဠာမိကျောင်းထံမှ ခြိမ်းခြောက်မှုများ ကြီးထွားလာနေချိန်တွင် သူ အသက်ရှင်နိုင်မည့် အခွင့်အလမ်းများကို တိုးမြှင့်ရန်အတွက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လုံလောက်သော အဆင့်တစ်ခုအထိ မြှင့်တင်နိုင်ရန် တံခါးပိတ် ကျင့်ကြံရန်သာ ရှိတော့လေသည်။

All Chapters