အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၇)
Vol. 11 Ch. 105
ထိုအချိန် ယန်ချင်း၏ ခြံဝင်းထဲတွင်...
ယန်ချင်း၏ မျက်လုံးများသည် လရောင်ကဲ့သို့ ဖြူဖွေးသွားပြီး သူ၏ မျက်လုံးများသာမက ဆံပင်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးပါ အဖြူရောင်သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ၏ဖြစ်တည်မှု တစ်ခုလုံးနှင့် အမူအရာများပါ လမင်းကဲ့သို့သော ကောင်းကင်ဘုံကိုယ်ထည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ့ထံတွင် တည်ငြိမ်အေးချမ်းသော်လည်း အထီးကျန်ဆန်သော အငွေ့အသက်တစ်ခု ရှိနေသည်။
တရားသူကြီးများနှင့် စစ်ဆေးရေးမှူးများကဲ့သို့ ရောက်ရှိနေသူအချို့မှာ သူ၏ ဤပုံစံကို တစ်ကြိမ်ထက်မက မြင်ဖူးထားပြီးဖြစ်၍ ယခုအခြေအနေကို မြင်တွေ့ရသောအခါ အံ့အားသင့်ခြင်း မရှိကြပေ။
သို့သော် ချောင်ယင်းနှင့် သူ၏ သူငယ်ချင်းများမှာမူ ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ သူတို့၏ စိတ်များ ဗလာကျင်းသွားသည်ကိုသာ ခံစားလိုက်ကြရသည်။
ဘိုလင်းနှင့် ဟိုင်ရှီတို့မှာလည်း အနည်းငယ် မိန်းမောသွားကြသော်လည်း ချောင်ယင်းနှင့် သူ၏သူငယ်ချင်းများလောက်တော့ မဆိုးရွားပေ။
တစ်မိနစ်ခန့်အကြာတွင် ယန်ချင်း၏ အသွင်အပြင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး၊ ၎င်းနှင့်အတူ ယခင်အသွင်အပြင်ကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှု အားလုံးမှာ ပျောက်ကွယ်သွားလေသည်။
“အဲဒီအတွက် ဆောရီးပဲ”
အသိပြန်ဝင်လာပြီးနောက် သူတို့၏ နားမလည်နိုင်သော အကြည့်များကို သတိပြုမိသွားသောအခါ ယန်ချင်းက ချောင်ရင်းနှင့် အခြားသူများကို တောင်းပန်လိုက်သည်။
သူတို့သည် ယန်ချင်း၏ ဆံပင်အရောင်မှာ သူ၏ပုံမှန် အစိမ်းရောင်မှ သန့်စင်သော အဖြူရောင်အဖြစ်သို့ စတင်ပြောင်းလဲသွားသည်ကိုသာ မှတ်မိကြသည်။
ထို့နောက်တွင် သူတို့၏ စိတ်များ ဗလာကျင်းသွားခဲ့ခြင်း ဖြစ်သည်။
ဘိုလင်းနှင့် ဟိုင်ရှီတို့၏ စိတ်များမှာ ယန်ချင်း၏ မျက်လုံးများ လမင်းနှစ်စင်းအဖြစ် ပြောင်းလဲသွားပြီးနောက် စက္ကန့်အနည်းငယ်အကြာမှ ဗလာကျင်းသွားခဲ့ခြင်း ဖြစ်သည်။
ဘိုလင်းနှင့် ဟိုင်ရှီတို့မှာ သူတို့၏သခင်သစ်ကို ပြန်လည် အကဲဖြတ်ရန် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။
မြူနွံတောဒေသထဲတွင် သူတို့၏ အစောပိုင်း အတွေ့အကြုံအရ ဖုန့်ရှင်းမှာ သူတို့ တွေ့ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး ကျင့်ကြံသူဖြစ်သဖြင့်၊ လူအုပ်ထဲတွင်ပင် ဖုန့်ရှင်းကို အခြားသူများထက် ပိုမို ကြောက်ရွံ့ ရိုသေခဲ့ကြသည်။
နောက်ထပ်အကြောင်းရင်းတစ်ခုမှာ တစ်ချို့သော အကြောင်းပြချက်များကြောင့် ထိုနေရာတွင် ရှိနေသူတိုင်းက သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားကြသောကြောင့်ဖြစ်သည်။
အခြားအကြောင်းရင်းတစ်ခုမှာ ဟိုင်ရှီနှင့် ဘိုလင်းတို့မှာ အားနည်းလွန်းသဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကိုပင် အာရုံခံနိုင်စွမ်း မရှိသောကြောင့်ပင် ဖြစ်သည်။
ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးပြီး တကယ့်အန္တရာယ်တစ်ခုဟု သိထားသော အကြောက်တရားလောက် အမည်မသိ အရာတစ်ခုကို ကြောက်ရွံ့ရန် ခက်ခဲလှပေသည်။
ယန်ချင်းက ဖုန့်ရှင်း၏ အထက်လူကြီးဖြစ်ကြောင်း သူတို့ သိထားသော်လည်း၊ ဖုန့်ရှင်း၏ စွမ်းရည်အချို့ကို သူတို့ ကြုံတွေ့ဖူးသောကြောင့် ဖုန့်ရှင်းက ပိုမို ကြောက်စရာကောင်းနေပုံရပြီး ယန်ချင်းကမူ ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်နေတတ်သော လူငယ်တစ်ဦးနှင့် တူနေလေသည်။
သို့သော် ယခုအခါတွင်မူ သူတို့၏ ဤသခင်အသစ်ကို ပြန်လည် အကဲဖြတ်ရတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချောင်ယင်းနှင့် သူ၏ ကျောင်းနေဖက် သူငယ်ချင်းများမှာမူ မတူညီကွဲပြားသော တုံ့ပြန်မှုများ ရှိကြသည်။
ယန်ချင်းကို အလွန်အမင်းအံ့ဩလေးစားမှုများ ပြည့်နှက်နေသော တောက်ပသည့် မျက်လုံးများဖြင့် ကြည့်နေကြသဖြင့် ယန်ချင်းမှာ ရှက်ရွံ့စွာပင် နှာခေါင်းကို ပွတ်သပ်လိုက်မိလေသည်။
မော့ယွင်ရုနှင့် သူ၏ စစ်ဆေးရေးမှူးများကမူ မေးခွန်းထုတ်သည့် အကြည့်ဖြင့် သူ့ကို လှမ်းကြည့်လိုက်ကြသည်။
“ပထမအမှုမှာ မပြီးပြတ်ပဲ ကျန်နေသေးတဲ့ အစိတ်အပိုင်း တစ်ခု ရှိနေခဲ့လို့။ အခုတော့ အဲဒါကို တရားဝင် ပိတ်သိမ်းလိုက်ပြီလို့ သတ်မှတ်လို့ ရပါပြီ။”
“ ဂိုဏ်းချုပ်နဲ့ ပတ်သက်ပြီး ငါခန့်မှန်းတာ မှန်သွားတယ်။”
“တကယ်တော့ သူက အစီအစဉ် တစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်ပြီး ဖုန်ကျန်းက အကောင်အထည် ဖော်ပေးတဲ့သူ သက်သက်ပဲ”
ယန်ချင်းက သူ့ကိုယ်သူ အလွန် သဘောကျနေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။
“ခဏလောက် ခွင့်ပြုပါဦး... စိစစ်ရေးကော်မတီကို သတင်းလှမ်းပို့ပေးဖို့ လိုနေလို့”
ယန်ချင်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ စိစစ်ရေးကော်မတီသို့ ဆက်သွယ်လိုက်ရင်း ပြောလိုက်သည်။
တရားသူကြီးများက အမှုများအပေါ် သူတို့ချမှတ်ခဲ့သော ပြစ်ဒဏ်များကို ဆက်လက် စောင့်ကြည့်ရမည့် တာဝန်ရှိသူများ ဖြစ်ကြသည်။
ပြစ်ဒဏ်များကို ကြီးကြပ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အသက်ဝင်စေခြင်းတို့မှာ သူတို့၏ လုပ်ပိုင်ခွင့်အောက်တွင်သာ ရှိလေသည်။
…
အဖွဲ့အစည်း၏ ပင်မဌာနချုပ်အတွင်းရှိ အထူး နေရာတစ်ခုတွင်...
“ရပ်... ရပ်... ရပ်ကြပါတော့... ငါ ပြောပါ့မယ်”
ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသော တံစဉ်းများ ပါရှိသည့် ရွှေဖြူရောင် သံကြိုးများဖြင့် အခန်း၏ ကြမ်းပြင်တွင် ချည်နှောင်ခံထားရပြီး ဒူးထောက်နေရသော အနီရောင်ဆံပင်များနှင့် လူငယ်တစ်ဦးက နာကျင်စွာ ပြောလိုက်သည်။
သူ့ထံမှ တစ်စုံတစ်ရာကို သန့်စင်နေသကဲ့သို့ သူ၏ ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ ဆက်တိုက် ထွက်ပေါ်နေလေသည်။
အခန်းတစ်ခုလုံးမှာ အလှဆင်ထားခြင်း မရှိဘဲ လင်းလက် တောက်ပနေလေသည်။
“ရပ်ကြပါတော့... ငါ ပြောပါ့မယ်လို့... သွေးလက်တစ္ဆေအဖွဲ့အကြောင်း အကုန်လုံးကို ငါ ပြောပြပါ့မယ်”
အနီရောင်ဆံပင်နှင့် လူငယ်က သူ့ကို ဝန်းရံထားသော အဘိုးအိုသုံးဦးအနက်မှ တစ်ဦးက မျက်နှာပေါ်တွင် ကြင်နာသော အပြုံးဖြင့် လက်ကို မြှောက်လိုက်သည်ကို မြင်သောအခါ အလျင်အမြန် တောင်းပန်လိုက်သည်။
ဤလူငယ်မှာ အခြားသူမဟုတ်ဘဲ မြူနွယ်ပင်ကို ခိုးယူရန် ရည်ရွယ်ချက်ဖြင့် မြူနွံမြေဂိုဏ်းထဲသို့ စိမ့်ဝင်နိုင်ရန်အတွက် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သော တုန်းယန်လင်ပင် ဖြစ်သည်။
သို့သော် ဖုန်ကျန်းနှင့် အခြားသူများကို ခြေရာခံရန် ဖုန့်ရှင်းအသုံးပြုခဲ့သော အဆောင်လက်ဖွဲ့ တစ်ခုကြောင့် သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး သူ၏ အစီအစဉ်များလည်း ပျက်စီးသွားခဲ့ရလေသည်။
သို့သော် လွန်ခဲ့သော နာရီအနည်းငယ်က တရားခွင်တွင် သူ ဖုန်ကျန်းကို ပူးကပ်ခဲ့စဉ်က သွေးအတုံးအခဲကြီးတစ်ခု ဖြစ်နေခဲ့သည်နှင့် မတူဘဲ ယခုအခါ အပြည့်အဝဖွဲ့စည်းထားသော ခန္ဓာကိုယ်တစ်ခုဖြင့် ဤနေရာသို့ ရောက်ရှိနေလေပြီ။
သို့သော် သူသည် ခန္ဓာကိုယ် အသစ်ပြန်ရသည့်အတွက် ပျော်ရွှင်နေခြင်း လုံးဝ မရှိပေ။
ဤအရာများအားလုံးမှာ သူ့ကို ဝန်းရံထားသော အဘိုးအိုသုံးဦးကြောင့် ဖြစ်သည်။
သူတို့အားလုံးမှာ တစ်ယောက်တစ်မျိုးစီ မတူညီ ကွဲပြားခြားနားလေသည်။
တစ်ဦးမှာ ပုကွကွနှင့် လုံးဝန်းကာ ဇီးကွက်ကဲ့သို့ ငှက်မျက်လုံးများ ပါရှိပြီး၊ အခြားတစ်ဦးမှာ အလယ်အလတ် အရပ်အမောင်းရှိကာ ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖရိုဖရဲဖြစ်နေပြီး အရစ်ရစ်ဖြစ်နေသော ဝတ်ရုံများဖြင့် ဂရုမစိုက်ဘဲ သပ်ရပ်မှုမရှိသော အသွင်အပြင် ရှိပေသည်။
သို့သော် ထိုကဲ့သို့ ရုပ်ဆိုးဆိုး အသွင်အပြင်ကိုပင် ပြီးပြည့်စုံနေသကဲ့သို့ ထင်ရစေသည့် လောကနှင့် မသက်ဆိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေလေသည်။
နောက်ဆုံးတစ်ဦးမှာမူ ပိန်သွယ်ပြီး အရပ်ရှည်ကာ မျက်လုံးများကို မှိတ်ထားလေသည်။
သူ၏နဖူးပေါ်တွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သန့်စင်ပေးနေသကဲ့သို့ လည်ပတ်နေသော အဖြူရောင်ကြာပန်းသင်္ကေတ တစ်ခု ရှိလေသည်။
ထိုအဘိုးအိုများမှာ တစ်ဦးနှင့်တစ်ဦး အလွန် ကွာခြားပုံရသော်လည်း သူတို့တွင် တူညီသော အချက်တစ်ခု ရှိလေသည်။
၎င်းမှာ သူတို့ ဝတ်ဆင်ထားသော ဝတ်ရုံများပင် ဖြစ်သည်။
သူတို့သည် အနီရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး နောက်ကျောဘက်တွင် ‘အထူးစစ်ဆေးရေးမှူး’ ဟူသော စာလုံးများကို ရေးထိုးထားလေသည်။
သူတို့သည် ခုံများပေါ်တွင် ထိုင်ကာ တုန်းယန်လင်ကို ဝန်းရံထားကြသည်။
တုန်းယန်လင် ဤနေရာသို့ ရောက်ရှိလာသောအခါ၊ ဇီးကွက် မျက်လုံးများနှင့် ပုကွကွ အဘိုးအိုက သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းကာ ရှုပ်ထွေးသော တံဆိပ်အနည်းငယ်ကို ပြုလုပ်ပြီး၊ သူ တစ်ခါမျှ မမြင်ဖူးသော ဆေးပင် အနည်းငယ်ကို ရောစပ်ကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုအဘိုးအိုက သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည် ဖွဲ့စည်းပေးရန် သုံးနာရီသာ အချိန်ယူခဲ့ရသည်။
သို့သော် ခန္ဓာကိုယ် ပြန်လည်ရရှိသွားသည့်အတွက် ဖြစ်ပေါ်လာသော သူ၏ ပျော်ရွှင်မှုများမှာ သိပ်မကြာလိုက်ဘဲ ရပ်တန့်သွားခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် အောက်ပါကိစ္စရပ်များကို ဆက်တိုက်ဆိုသလို စစ်ဆေးမေးမြန်းခြင်း ခံလိုက်ရသောကြောင့်ပင်။
သူတို့က သူ၏ အဖွဲ့အစည်းအကြောင်းနှင့် ထိုအဖွဲ့အစည်းအတွင်း သူ၏ ရာထူးနေရာကို စတင်မေးမြန်းခဲ့ကြသည်။
ထို့အပြင် သူတို့၏ ဌာနခွဲများအကြောင်းနှင့် သူတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိထားသော အခြား အဖွဲ့အစည်းများအကြောင်းကိုပါ စစ်ဆေးခဲ့ကြသည်။
ထို့နောက် မြူနွံဂိုဏ်းကို သူ ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ‘သွေးလက်တစ္ဆေ’ အဖွဲ့၏ အစီအစဉ်တကျ လှုပ်ရှားမှုလား၊ သို့မဟုတ် သူ တစ်ယောက်တည်း သီးခြား လှုပ်ရှားခဲ့ခြင်းလား ဆိုသည်ကိုလည်း ဆက်လက် မေးမြန်းခဲ့သည်။
နောက်ဆုံးအနေဖြင့် အမြူတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လျက်နှင့် ရတနာများစွာ ပိုင်ဆိုင်ထားသည်ကို ထောက်ရှု၍ သူ၏ နောက်ကွယ်မှ ကျောထောက်နောက်ခံက မည်သူလဲ ဆိုသည်တို့ကိုပါ စစ်ဆေးမေးမြန်းခံရချိန်တွင်တော့ သူ၏ ပျော်ရွှင်မှုအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ရလေတော့သည်။
မြေအောက်အဖွဲ့ဝင်ပီပီ တုန်းယန်လင်သည် အလွယ်တကူ ထွက်ဆိုမည်မဟုတ်ပေ။
ထွက်မဆိုမီ ဖမ်းဆီးထားသူများကိုပင် အရင်လှောင်ပြောင်ပြီး 'သွေးလက်တစ္ဆေ' အဖွဲ့ကို မသိဘူးဟု ဘူးခံကာ ငြင်းခဲ့သေးသည်။
သို့သော် အဖွဲ့ဝင်မဟုတ်ဘူးဟု ငြင်းနေသည့်ကြားကပင် ထိုအဖွဲ့၏အရှိန်အဝါကိုသုံးကာ သူ့ကိုထိလျှင် အသေဆိုးနှင့်သေမည်ဟု အဘိုးအိုသုံးဦးကို ပြန်လည် ခြိမ်းခြောက်လိုက်သေးသည်။
အဘိုးအိုသုံးဦးအနက် နှစ်ဦးမှာ သူတို့၏ အချစ်ဆုံးမြေးလေး၏ ပြဇာတ်ကို ကြည့်နေရသကဲ့သို့ ကြင်နာစွာ ပြုံး၍သာ နေကြလေသည်။
တုန်းယန်လင်က သူတို့ မည်သို့ သေဆုံးရမည်ကို ဖန်တီးပြောဆိုနေမှုအပေါ် သူတို့က လက်ခုပ်ပင် အကြိမ်အနည်းငယ်တီးကာ အားပေးခဲ့ကြသေးသည်။
တုန်းယန်လင် လုံးဝ ပြောဆိုပြီးစီးသွားမှသာ အိပ်ပျော်နေသော နောက်ဆုံးအဘိုးအိုက စတင် လှုပ်ရှားလေတော့သည်။
သူက အိပ်ချင်မူးတူးဖြင့် သူ၏ နဖူးကို တစ်ချက် ပွတ်သပ်လိုက်ရာ ကြမ်းပြင်မှ သံကြိုးများ ထွက်ပေါ်လာပြီး တုန်းယန်လင်၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။
သံကြိုးများမှာ အန္တရာယ်ကင်းပုံပေါ်သော်လည်း တုန်းယန်လင်၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မီးတောင်ချော်ရည်များ လောင်းချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
နာကျင်မှုမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင်သာမက သူ၏ဝိညာဉ်အပေါ်တွင်ပါ သက်ရောက်လေသည်။
သူသည် ထိုညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည်မှာ နာရီဝက်ခန့် ရှိနေပြီ ဖြစ်သည်။
သံကြိုးများ စိုက်ဝင်ပြီး ဆယ်မိနစ်အကြာတွင် သူ အရှုံးပေးခဲ့သော်လည်း၊ အကြောင်းပြချက် တစ်ခုခုကြောင့် သူ၏အသံမှာ ပိတ်လှောင်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
မည်မျှပင် အော်ဟစ်ရန် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်ခဲ့သည်။ ယခုမှသာ နောက်ဆုံးတွင် စကားပြောခွင့် ရခဲ့ခြင်း ဖြစ်သည်။
“ဒီလောက် ငယ်ရွယ်တဲ့ ကလေးတစ်ယောက်မှာ အပြစ်မဲ့သူတွေရဲ့ နာကျည်းတစ္ဆေဝိညာဥ်တွေ ဒီလောက် အများကြီး ရှိနေလိမ့်မယ်လို့ ထင်တောင်မထားဘူး။”
“သွေးလက်တစ္ဆေအဖွဲ့က သူတို့ရဲ့ လူငယ်တွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ ဆိုတာ သေချာသိကြတာပဲ။”
“ကလေးလေး... မင်းရှေ့မှာ မြင်နေရတဲ့ အဲဒီ သံကြိုးတွေက အပြစ်မဲ့သူတွေကို မသတ်ဖြတ်ဖူးတဲ့ သူတွေအပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး။”
“ဒါပေမဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်ဖူးတဲ့ သူတွေအပေါ်မှာတော့ အခု မင်း ခံစားနေရသလိုမျိုး ညှဉ်းပန်းနှိပ်စက်တဲ့ အကျိုးသက်ရောက်မှုမျိုး ရှိတယ်။”
“ဒါက လက်စားချေခြင်းနဲ့ နောင်တတရားရဲ့ သံကြိုးတွေပဲ။”
“မင်းဆီက ထွက်နေတဲ့ မကျေနပ်ချက်တွေနဲ့ သတ်ဖြတ်လိုစိတ်တွေက မော့ယဲ့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်လိုက်လို့သာ သူက မင်းလို အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူလေးကို အရေးယူဖို့ ဆုံးဖြတ်လိုက်တာပဲ တုန်းယန်လင်။”
“ခွင့်လွှတ်ပါ... ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့တောင် မေ့သွားတယ်။”
“အိမ်ရှင်တစ်ယောက် အနေနဲ့ ဒါက တော်တော်လေး မသင့်တော်ဘူး ဖြစ်သွားတယ်။”
“ဟိုင်း... ငါ့နာမည်က ဖုန်လဲ့ပါ၊ ငါ့ဘယ်ဘက်က ရှုလင်ဖြစ်ပြီး၊ ညာဘက်က အခု အိပ်ပျော်နေတဲ့ သူနဲ့ မင်းကို သန့်ရှင်းရေး လုပ်ပေးနေတဲ့ သူက မော့ယဲ့ ပါ။”
“ငါတို့က အထူးစစ်ဆေးရေးမှူး တွေပါ။”
“ငါတို့ရဲ့ အလုပ်က မင်းတို့လို အထူးအဖွဲ့အစည်းတွေဆီက သတင်းအချက်အလက်တွေကို ရှာဖွေဖို့ပဲ ဖြစ်လို့၊ အခုကစပြီး မင်းက ငါတို့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိသွားပြီ။”
“တတ်နိုင်သမျှ အသေးစိတ်ကျကျ ပြောပြပေးပါ။ မော့ယဲ့... ရပ်လိုက်လို့ရပြီ”
ဖရိုဖရဲ ဝတ်ဆင်ထားသော အဘိုးအိုဖုန်လဲ့က ညင်သာစွာ ပြောလိုက်သည်။
အိပ်ပျော်နေသော မော့ယဲ့က သူ၏ လက်များကို ဝှေ့ယမ်းလိုက်ရာ ရွှေဖြူရောင်သံကြိုးများ ပျောက်ကွယ်သွားပြီး၊ သူ၏ နဖူးပေါ်တွင် လည်ပတ်နေသော အဖြူရောင်ကြာပန်းမှာလည်း ရပ်တန့်သွားလေသည်။
တုန်းယန်လင်မှာ သစ်တုံးတစ်တုံးကဲ့သို့ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အနည်းငယ် မီးလောင်ကျွမ်းခံနေရသကဲ့သို့ ခံစားနေရဆဲ ဖြစ်သော်လည်း သက်သာရာရမှု တစ်စိတ်တစ်ပိုင်းကို ခံစားလိုက်ရလေသည်။
“အခု ငါတို့ ဆက်လုပ်လို့ ရပြီ... ဒါပေမဲ့ အဲဒီမတိုင်ခင် အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုကို အရင်ရှင်းဖို့ လိုသေးတယ်။”
“မင်းတို့ သွေးလက်တစ္ဆေ အဖွဲ့ဝင်တွေက ကိုယ့်အဖွဲ့ဝင် အချင်းချင်း အပေါ်မှာတောင် တော်တော်ရက်စက်ကြတာပဲ”
ဖုန်လဲ့က သူ၏ ညာဘက်လက်ညှိုးကို တုန်းယန်လင်၏ နဖူးဆီသို့ ညွှန်ပြရင်း ပြောလိုက်သည်။
တုန်းယန်လင်မှာ တွန့်ဆုတ်သွားသော်လည်း သူ မျှော်လင့်ထားသော နာကျင်မှုကို မခံစားလိုက်ရပေ။
သူ ကြားလိုက်ရသည်မှာ သူ၏ စိတ်ဝိညာဥ်ပင်လယ်အတွင်းမှ တစ်စုံတစ်ရာ ကွဲကြေသွားသကဲ့သို့ ဂျောက်ကနဲ မြည်သံ တစ်ခုသာ ဖြစ်သည်။
သူ မသိလိုက်ဘဲ သူ၏နဖူးပေါ်တွင် သွေးတံဆိပ်တစ်ခု ပေါ်လာပြီး ပေါ်လာပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် ဖန်ကွဲစများကဲ့သို့ ကွဲကြေသွားခဲ့လေသည်။
“ကဲ တုန်းယန်လင်... ငါတို့ စလို့ ရပြီ”
ဖုန်လဲ့က သူ၏ ရှေ့တွင် ဂျင်ဆင်းလက်ဖက်ရည် တစ်အိုးနှင့် ဘီစကွတ်မုန့်များ ပေါ်လာစဉ် ပျော်ရွှင်စွာ ပြောလိုက်သည်။
…
အနီရောင်မှော်စာလုံးများ အနှံ့အပြားရေးဆွဲထားပြီး လွင့်မျောနေသော မီးခိုးရောင်ဖယောင်းတိုင်များဖြင့် ပြည့်နှက်နေသည့် မှောင်မိုက်သောဂူတစ်ခု အတွင်းတွင်၊ သွေးများဖြင့် ပြုလုပ်ထားသကဲ့သို့ ထင်ရသော အနီရင့်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဆံပင်ကို တစ်ဝက်ခန့် ဆံထုံးထုံးထားသော အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရှိလေသည်။ သူ့တွင် လက်တစ်ဖက် ပြတ်နေလေသည်။
“အဆောင်လက်ဖွဲ့တွေကြောင့်နဲ့တင် ငါ ဒီလောက် ဒဏ်ရာရသွားလိမ့်မယ်လို့ ထင်မထားဘူး... ပိုင်ရှင်သာ အဲဒီမှာ ရှိနေရင် ဘယ်လိုနေမလဲ...”
အမျိုးသားမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
သူသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ ရှေ့ရှိ အနက်ရောင်ရေကန်ငယ်လေး တစ်ခုကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးနောက် လက်ဟန်အနည်းငယ်ကို ပြုလုပ်လိုက်ရာ၊ တစ္ဆေများကဲ့သို့ လွင့်မျောနေသော ဖယောင်းတိုင်များက ၎င်းတို့ကို စုပ်ယူသွားပြီး အနက်ရောင်ရေကန်ထဲသို့ ထိုးဆင်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်အလင်းတန်းများ ပါရှိသည့် ရှုပ်ထွေးသော စက်ဝိုင်းပုံ စာလုံးများအဖြစ် ဖန်တီးလိုက်လေသည်။
“ကွေ့အာ… ဘာဖြစ်လို့လဲ။”
“‘အောင်းယင်ဓား’ပေါ်က ငါ့ရဲ့ ဝိညာဉ်အမှတ်အသား ပြတ်တောက်သွားတာက အဲဒါနဲ့ ပတ်သက်နေလို့လား”
အနက်ရောင်ရေကန်က အဘိုးအိုတစ်ဦး၏ မျက်နှာပုံစံအဖြစ် စုစည်းသွားစဉ် ရေကန်ထဲမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
မျက်နှာ၏ အသေးစိတ် အချက်အလက်များကို မမြင်ရဘဲ၊ အနက်ရောင်ကန်ထဲတွင် မျက်နှာ၏ ဝိုးတဝါးပုံရိပ်သာ ပေါ်လာခြင်း ဖြစ်သည်။
၎င်းမှာ သွယ်လျပြီး အောက်ဘက်သို့ ကတော့ပုံစံ ကျဉ်းသွားသော ရှည်လျားသည့် မုတ်ဆိတ်မွေးကြီး ပါရှိလေသည်။
“ဆရာ... တုန်းယန်လင်ရော ဆရာ့ရဲ့ အောင်းယင်ဓားပါ ပျောက်ဆုံးသွားတဲ့ အကြောင်းကို ဒီတပည့်မိုက်က ဝမ်းနည်းစွာနဲ့ အသိပေးပါရစေ”
ကွေ့ဟု ခေါ်သော အမျိုးသားက အလျင်အမြန် ဒူးထောက်လိုက်ပြီး အနက်ရောင်ကန်ထဲရှိ မျက်နှာကို စကားပြောစဉ် သူ၏ခေါင်းကို ကြမ်းပြင်နှင့် ထိသည်အထိ ညွှတ်ချလိုက်လေသည်။
သူ၏ ပခုံးများမှာ အနည်းငယ် တုန်ယင်နေလေသည်။
“ဘာဖြစ်ခဲ့တာလဲ”
အိုမင်းသော အသံက တည်ငြိမ်စွာ မေးလိုက်သည်။
အသံက ပိုမိုတည်ငြိမ်လေလေ၊ ကွေ့ဟု ခေါ်သော အမျိုးသားမှာ ပိုမိုကြောက်ရွံ့နေလေလေ ဖြစ်သည်။
“တုန်းယန်လင်ဟာ ဆရာ့ရဲ့ ဓားနဲ့အတူ အဖွဲ့အစည်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ကျွန်တော် ထင်ပါတယ်။”
“သူရော ဓားကိုပါ ပြန်ယူဖို့ ကျွန်တော် ကြိုးစားခဲ့ပေမဲ့ ကျွန်တော်က အရမ်း အားနည်းနေခဲ့တယ်။”
“စစ်ကူတွေ မရောက်လာခင်မှာပဲ ကျွန်တော် ထွက်ပြေးခဲ့ရတယ်။ ဒီတပည့်ရဲ့ အသုံးမကျမှုအတွက် ကျေးဇူးပြုပြီး အပြစ်ပေးပါ”
ကွေ့က သူ၏ ခေါင်းကို ပိုမို နှိမ့်ချလိုက်ရာ မြေပြင်ပေါ်တွင် အဝိုင်းငယ်လေး တစ်ခု ချိုင့်ဝင်သွားသည်အထိ ဖြစ်သွားလေသည်။
“ဘယ်သူက မင်းရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်နိုင်လောက်အောင် စွမ်းအားကြီးနေလဲလို့ ငါ တွေးနေတာ...။ ဒီတော့ အဖွဲ့အစည်းက ပါဝင်ပတ်သက်နေတာပေါ့။”
“အဖွဲ့အစည်းရဲ့ အာရုံစိုက်မှုကို ခံရလောက်အောင် ယန်လင်က ဘာတွေ လုပ်နေခဲ့တာလဲ” ဟု အဘိုးအိုက မေးမြန်းလိုက်သည်။
“သူက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်း လျှို့ဝှက်ထားတော့ ကျွန်တော် သေချာ မသိရပါဘူး။”
“ကျွန်တော်သိတာက သူ ပါဝင်ပတ်သက်နေတဲ့ ကိစ္စက မြူနွံတောဒေသနဲ့ ပတ်သက်နေတယ် ဆိုတာပဲ။”
“ကျွန်တော် လိုက်ရှာနေတဲ့ စစ်ဆေးရေးမှူးနဲ့အတူ လူအနည်းငယ်ကို ကျွန်တော် မြင်ခဲ့ရတယ်။ သူတို့က မြူနွယ်ပင်သင်္ကေတပါတဲ့ ဂိုဏ်းတစ်ခုခုက ဖြစ်ဖို့များပါတယ်။”
“ကျွန်တော့် ခန့်မှန်းချက်သာ မမှားရင် တုန်းယန်လင် ပါဝင်ပတ်သက်နေတဲ့ ကိစ္စက သူတို့နဲ့ တစ်ခုခု ပတ်သက်နေလိမ့်မယ်။”
“ကျွန်တော် ဒီမှာဆက်နေပြီး နောက်ထပ်သတင်းတွေ စုံစမ်းလို့ရပါတယ် ဆရာ” ဟု ကွေ့ က ပြောလိုက်သည်။
“မလိုတော့ဘူး။ တုန်းယန်လင်က သူတို့ လက်ထဲ ရောက်နေပြီဆိုတော့ မင်းအကြောင်းနဲ့ မင်းအခုသုံးနေတဲ့ ပုန်းခိုရာ နေရာတွေကို သူတို့ သိနေပြီလို့ မင်း မှတ်ယူထားရမယ်။”
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူတို့လက်ထဲ ရောက်သွားတဲ့ ဌာနခွဲတွေနဲ့ အဖွဲ့ဝင် အရေအတွက်ကို ကြည့်ရင်၊ အဖွဲ့အစည်းက လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် အဖွဲ့ဝင်တိုင်းရဲ့ စိတ်ဝိညာဥ်ပင်လယ်ထဲမှာ ငါတို့ ချထားတဲ့ တံဆိပ်တွေကို ချိုးဖျက်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားပုံရတယ်။”
“ကံကောင်းတာက အဲဒီ ကလေးမိုက်က သိပ်အများကြီး မသိထားဘူး။ နှမြောစရာပဲ... သူက အလားအလာရှိတဲ့ ကလေး တစ်ယောက်ပါ။”
“ကွေ့အာ... မင်းရဲ့ နောက်ထပ် လက္ခဏာတစ်ခုကို ကာကွယ်ဖို့အတွက် လှုပ်ရှားမှုအားလုံးကို ရပ်တန့်ပြီး ခနလောက်ငြိမ်ငြိမ်လေး နေဖို့ လိုလိမ့်မယ်။”
“အဲဒါကို ဖန်တီးဖို့ ငါတို့ အားထုတ်မှုတွေ အများကြီး သုံးခဲ့ရတာ။ မင်းရဲ့ နေရာကိုပြန်သွားပြီး တခြားကိစ္စတွေ အားလုံးကို မေ့ထားလိုက်တော့။”
“မင်းရဲ့ စီနီယာအစ်မကလွဲပြီး ကျန်တဲ့ သိထားသမျှ သွေးလက်တစ္ဆေအဖွဲ့ဝင်တွေ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ထားရမယ်။”
“ အခုကစပြီး သူမက ငါတို့နဲ့ မင်းကို ဆက်သွယ်ပေးမယ့် တစ်ဦးတည်းသော သူ ဖြစ်လာလိမ့်မယ်။”
“လိုအပ်တဲ့ သတင်းအချက်အလက် အားလုံးကို သူမကတစ်ဆင့် မင်းဆီကို ပို့ပေးလိမ့်မယ်၊ မင်းဆီက သတင်းတွေကိုလည်း သူမကတစ်ဆင့်ပဲ ပို့ရမယ်။”
“တုန်းယန်လင်နဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်တော့။”
“ အဖွဲ့အစည်းက ငါတို့ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စကိုမဆို သေချာပေါက်သတိကြီးကြီး ထားနေလိမ့်မယ်။”
“လောလောဆယ်တော့ ငါတို့က သူတို့နဲ့ ရင်ဆိုင်ဖို့ အသင့်အနေအထားမှာ မရှိသေးဘူး... ဒါပေမဲ့ အဲဒီ အမြင်ကပ်စရာ ကောင်တွေက သိပ်ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။”
“အသင်္ချေသားရဲဂိုဏ်းလိုမျိုး ထပ်ဖြစ်ဖို့က သိပ်မဝေးတော့ပါဘူး ဟဲဟဲဟဲဟဲ...”
အဘိုးအိုက ရယ်မောလိုက်ပြီး သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။
ထိုနောက်ဆုံး စကားကြောင့် ကွေ့၏ ကျောပြင်မှာ တွန့်ဆုတ်သွားလေသည်။ သူသည် ၅ မိနစ်ခန့် ကြာသည်အထိ စောင့်ဆိုင်းပြီးမှ နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်လေသည်။
“ငါ့ဂိုဏ်းကို ပြန်ရမယ့် အချိန်ရောက်ပြီ ထင်တယ်”
ကွေ့က ပြောလိုက်ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်မှာ အရည်အဖြစ် ပျော်ဝင်သွားကာ တည်ကြည်မျက်နှာထားနှင့် ပိန်သွယ်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အဖြစ် နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းသွားလေသည်။
ဆံပင်ကို တစ်ဝက်ခန့်ဆံထုံး ထုံးထားသော ပုံစံမှာ ယခင်အတိုင်း ရှိနေသော်လည်း၊ သူ၏ နားသယ်စပ်တွင် အဖြူရောင် ဆံပင်များ ပါရှိနေသဖြင့် ရင့်ကျက်သောဆွဲဆောင်မှု တစ်ခုကို ဖြစ်ပေါ်စေလေသည်။
သွေးနီရောင်တိမ်တိုက်များ ပါရှိသော အနက်ရောင်ဓားအိမ်နှင့် အနီရောင်ဖြစ်နေသော သူ၏ ဓားများမှာ၊ ကောင်းကင်ပြာရောင် ဓားအိမ်အဖြစ် ပြောင်းလဲသွားလေသည်။
သူ၏ အနီရင့်ရောင်ဝတ်ရုံများမှာ ယခုအခါ ကောင်းကင်ပြာရောင်ဖြစ်သွားပြီး၊ အလယ်တွင် သေးငယ်သော အမွေးအတောင် သင်္ကေတတစ်ခုနှင့်အတူ အဖြူရောင်တိမ်တိုက်ပုံစံများ ရေးဆွဲထားလေသည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ တိုကင်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ ‘အိုက်’ ဟူသော အမည်ကို ထွင်းထုထားသည့် ဓားတစ်လက်နှင့် တူလေသည်။
သူက ၎င်းကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက်၊ သူ၏ အမြွှာဓား နှစ်လက်အနက် တစ်လက်ကို ပျံသန်းသည့် ဓားအဖြစ် အသုံးပြုကာ ဂူထဲမှ ပျံသန်းထွက်ခွာသွားလေသည်။
သူ မီတာအနည်းငယ် အကွာသို့ ရောက်ရှိသွားသောအခါ၊ ဂူမှာ အနက်ရောင် အရည်အိုင် အဖြစ်သို့ ပျော်ဝင်သွားပြီးနောက် အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားလေသည်။
ထိုနေရာတွင် အနည်းငယ် ပုပ်သိုးနေသော အနံ့ရှိသည့် ဗလာကျင်းနေသော မြေပြင်သာ ကျန်ရစ်ခဲ့လေတော့သည်။