စွဲချက်တင်ခြင်း
Vol. 9 Ch. 804
မဟာကောင်းကင်သခင်မှာ မျက်နှာထားတင်းမာခက်ထန်နေပြီး အလွန်စိတ်တိုနေလေသည်။ အထူးသဖြင့် ဘုံဝါဒ၏ အရေးအကြီးဆုံး အခိုက်အတန့်တွင်မှ ဖြစ်ပျက်သွားခဲ့ရာ ပိုင်ရှောင်ချန်း၏လုပ်ရပ်အပေါ် သူ အလွန်အမင်းဒေါသထွက်နေတော့သည်။
အရာအားလုံးက သူစီစဥ်ထားသည့်အတိုင်း ကောင်းမွန်စွာ ဖြစ်ပျက်လာခဲ့သည်။ ဗဟိုဧကရာဇ်နိုင်ငံတော်ရှိ အရေးပါသော မျိုးနွယ်စုများ ပြိုလဲစပြုလာလေပြီ။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်း၏ကျေးဇူးကြောင့် မင်းမျိုးနွယ်အထက်တန်းလွှာများသည် ယခင်ကထက်ပို၍ စည်းလုံးသွားတော့သည်။
စောစောက တွေ့ဆုံဆွေးနွေးပွဲတွင် သူတို့က ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း ပိုင်ရှောင်ချန်း မသေလျှင် ဘုံဝါဒအား ငြင်းပယ်ကြမည်ကို သွယ်ဝိုက်၍ ပြောဆိုသွားခဲ့သည်။
မဟာကောင်းကင်သခင်သည် ထိုသို့သော တောင်းဆိုချက်တစ်ခုကို ပုံမှန်အားဖြင့် သဘောတူမည့်လူစားမျိုးဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ ရက်စက်ကြမ်းကြုတ်သော အကြံနှစ်ခုက သူ့ကို အကျိုးအမြတ်များစွာရစေခဲ့သည့် အဖြစ်ကြောင့် ချီတုံချတုံဖြစ်နေတော့သည်။
တခဏကြာပြီးနောက် မဟာကောင်းကင်သခင်က ဆို၏။
“ ပိုင်ဟောက် ၊ ဒီနေ့ ငါမင်းကို ခေါ်လိုက်တာက ကျိုးဝူတောက်ကိစ္စနဲ့ပတ်သတ်ပြီး ရှင်းပြချက်ပေးဖို့ပဲ။ ကဲ အခြေအနေကိုရှင်းပြပါဦး "
သိသာစွာပင် သူက သူကိုယ်တိုင် ဝင်ပါရခြင်းနှင့် ဒေါသထွက်ခြင်းမှ သက်သာစေရန်အလို့ငှာ ပိုင်ရှောင်ချန်းကို သူ့ဘာသာသူ အခြေအနေကို ဖြေရှင်းရန် အခွင့်အရေးတစ်ခုပေးလိုက်ခြင်း ဖြစ်သည်။
" မဟာကောင်းကင်သခင် " ပိုင်ရှောင်ချန်းက စသည်။
" ကျွန်တော်မျိုး..."
သူ ထို့ထက်ပို၍ မပြောနိုင်မီ ကောင်းကင်မြို့စားများထဲမှ တစ်ယောက်က အေးတိအေးစက်ရယ်မောလိုက်ပြီးနောက် သူ့ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ထိုလူက ရှေ့တက်ရင်း မဟာကောင်းကင်သခင်ထံ လေးစားစွာ လက်ယှက်လိုက်သည်။
" ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးစားနေစရာ မလိုဘူး၊ ပိုင်ဟောက် " သူက ပြောသည်။
" လူသတ်မှုအတွက် အပြစ်ဒဏ်က သေဒဏ်ပဲ။ ဒါက မိုးကောင်းကင်ရဲ့ စည်းမျဥ်းပဲ။ မဟာကောင်းကင်သခင်ခင်ဗျား၊ ကျွန်တော်မျိုး တရားဝင်အဆိုတစ်ခု တင်သွင်းချင်ပါတယ်။ ပိုင်ဟောက်ကို စစ်ဆေးရေးအရာရှိမင်းရာထူး ရုတ်သိမ်းပြီး ချက်ချင်း သေဒဏ်ပေးသင့်ပါတယ် ခင်ဗျာ။ အဲဒါမှသာ ကောင်းကင်မြို့စားကျောက်ရဲ့ ဝိညာဥ် ကကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူနိုင်မှာပါ "
ပိုင်ရှောင်ချန်းက ထိုလူကို စူးစိုက်ကြည့်လိုက်သည့်တိုင် မည်သို့မျှ ဆက်မဖြစ်လာမီ နောက်ထပ် ကောင်းကင်မြို့စားတစ်ယောက် ရှေ့တက်လာ၏။
" ကျုပ်လဲ လုံးဝ သဘောတူပါတယ်။ မဟာကောင်းကင်သခင်ခင်ဗျား ၊ ဒီကောင် ပိုင်ဟောက်က တရားဝင်ခွင့်ပြုမိန့်မရှိဘဲ ကျွန်ုပ်တို့ မဟာတော်ဝင်နိုင်ငံတော်ကြီးရဲ့ ကောင်းကင်မြို့စားတစ်ယောက်ကို သတ်ခဲ့ပါတယ်။ ဒါက မိုက်ရူးရဲဆန်ပြီး ဥပဒေကိုချိုးဖောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် သေဒဏ်ပေးသင့်ပါတယ် "
" မဟာကောင်းကင်သခင်ခင်ဗျား ၊ ပိုင်ဟောက်ကို သေဒဏ်ပေးသင့်ပါတယ်လို့ ကျွန်ုပ် တရားဝင်အဆို တင်သွင်းချင်ပါတယ်"
" မဟာကောင်းကင်သခင်ခင်ဗျား ၊ ကျွန်ုပ်လည်း ပိုင်ဟောက်ကို အခုချက်ချင်း သေဒဏ်ပေးသင့်တယ်လို့ တရားဝင်အဆိုတစ်ခု တင်သွင်းချင်ပါတယ်"
ကောင်းကင်မြို့စားများသည် အသိုက်အဖျက်ခံလိုက်သည့် ပျားများကဲ့သို့ ပြုမူနေတော့သည်။ အချိန်တိုလေးအတွင်းမှာပင် သူတို့အထဲက ရှစ်ဦးသည် ကျိုးဝူတောက်မတော်တဆမှုကို အသုံးချ၍ ပိုင်ရှောင်ချန်းကိုအပြစ်ပေးရန် ရင့်သီးသောစကားလုံးများဖြင့် ရှေ့တက်လာကြလေသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တောက်လျှောက် စိန်းစိန်းဝါးဝါးကြည့်နေရသောကြောင့် ပင်ပန်းနွမ်းနယ်လာပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူက သူတို့ တောင်းဆိုချက်များတင်ပြနေသည်ကိုသာ စောင့်နေလိုက်တော့သည်။ တချိန်လုံး သူ၏ဒေါသများ တဟုန်းဟုန်းတောက်လောင်လာတော့သည်။
သူက အံတင်းတင်းကြိတ်ရင်း တစ်ယောက်တည်း ပြောလိုက်သည်။
" ဟောက်အာကိုကယ်ဖို့ြကိုးစားနေတဲ့ အချိန်အတွင်း မျိုးနွယ်စုတော်တော်များများဆီ ငါ မသွားမိခဲ့တဲ့ပုံပဲ။ အမှန်ဆို ငါ ထပ်သွားခဲ့သင့်တာ "
မဟာကောင်းကင်သခင်က တိတ်ဆိတ်စွာ ထိုင်နေပြီး ကောင်းကင်နယ်စားများဖြစ်သည့် ကောက်ကျစ်သော မြေခွေးအိုကြီးများက တစ်ခွန်းမှ ဝင်မပြောပေ။ တခဏကြာသော် ကောင်းကင်မြို့စားများ ပိုမိုများပြားလာကာ ရှေ့တက်တောင်းဆိုလာကြသည်။ သူတို့ထဲက တစ်ယောက်သည်ကား လျှိုယုံဟု ခေါ်သည်။
" မဟာကောင်းကင်သခင်ခင်ဗျား" သူက ဆို၏။
" ကျွန်တော်ရဲ့ တွက်ချက်မှုတွေအရ ဒီကောင်ပိုင်ဟောက်က ပြင်းထန်တဲ့ပြစ်မှု တစ်ရာကျော် ကျူးလွန်ခဲ့ပါတယ်။ ဒီအခွင့်အရေးကို ယူပြီး ဒီနေ့လာရောက်တဲ့ မင်းမှုထမ်းအရာရှိမင်းအားလုံးရဲ့ အရှေ့မှာ အဲဒီစာရင်းကို ရွတ်ပြချင်ပါတယ် "
သူ၏ အစ စကားလုံးများကို ကြားသောအခါ လူတိုင်း ပင့်သက်ရှိုက်သွားကြ၏။ ကောင်းကင်မြို့စား လျှိုယုံသည် အမှန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံအရ ကောင်းကင်မြို့စားများထဲတွင် အလယ်အလတ်အဆင့် ရှိပြီး အကြမ်းအားဖြင့် ကျိုးဝူတောက်နှင့် အဆင့်တူသည်။ သို့သော် သူက အပေါင်းအသင်းဆန့်သော လူတစ်ယောက်ဖြစ်ပြီး မင်းမျိုးနွယ်အထက်တန်းလွှာများ၏ ကြုံတောင့်ကြုံခဲ ပူးပေါင်းခြင်းတွင် ပါဝင်ရသည်ကို အလွန် စိတ်လှုပ်ရှားနေသည်။
ထို့ကြောင့် သူက ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဆူညံပွက်လောရိုက်သွားစေရန် မျှော်လင့်နေပြီး ကံကောင်းထောက်မစွာ လေးစားမှုအနည်းငယ်ရနိုင်သည်။
ယခုအခါ ကောင်းကင်နယ်စားများပင် သူ့ကို အာရုံစိုက်နေသည်။ မဟာကောင်းကင်သခင်မှာမူ ပြစ်မှု ၁၀၀လုံး စာရင်းပြုစုထားသည်ကို ကြားလိုက်သဖြင့် စိတ်ဝင်စားသွားခြင်းနှင့်အတူ တအံ့တသြဖြစ်လျက် သူ့ကို လှမ်းကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ မှင်သက်သွားပြီး အနည်းငယ်မျှ ပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။ သူက လျှိုယုံကို လှမ်းကြည့်ရင်း ရင်းနှီးနေကြောင်း သတိထားမိလိုက်သည်။ သို့စေကာမူ သူ့မျက်နှာကို ပုံဖော်၍မရဖြစ်နေပြီး သူက မှတ်ထားသော ပြစ်မှုတစ်ရာကို ထုတ်ဖော်မည်ဟု ကြားလိုက်သောအခါ အလွန်အမင်းအံအားသင့်သွားလေသည်။
ယခုတွင် လျှိုယုံမှာ လူအများအာရုံစိုက်ရာဖြစ်နေသည်ကို မြင်သောအခါ လွန်စွာသဘောခွေ့လျက် ရှေ့သိုအနည်းငယ် လှမ်းလာ၏။
" ဒီလူ ပိုင်ဟောက်က သူ့မျိုးနွယ်စုဝင်တွေကို သတ်ခဲ့တယ် " သူက ကျယ်လောင်စွာ ထုတ်ဖော်ပြောသည်။
" ပြီးတော့ လူမှုရေးရာသတ်မှတ်ချက်တွေကို အေးအေးဆေးဆေး ဖောက်ဖျက်ခဲ့တယ်။ ဒါက မျိုးနွယ်စုပုန်ကန်မှု “
" သရဲကြီးမြို့တော်မှာတုန်းက သူ့ကို အသိတရား လုံးဝခေါင်းပါးတဲ့ မယားခိုးသမားလို့ လူသိများတယ်။ ဒါက သည်းခံလို့မရတဲ့ လုယက်မှုပါ “
" သူက ချိုင်မျိုးနွယ်စုရဲ့ ဝိညာဥ်မြေကွက်တွေကို အတင်းအဓမ္မ ယူဆောင်ခဲ့တယ်။ ဒါက ခိုးမှုပါ “
" သူက ချန်မျိုးနွယ်စုရဲ့ ရတနာပစ္စည်းတွေကို အတင်းအကြပ်လုယက်ခဲ့ပြီး ဆိုးဆိုးရွားရွား ဆုံးရှုံးမှုတွေကို ခံရစေခဲ့တယ်။ ဒါက ဖောက်ထွင်းမှုပါ “
လျှိုယုံက တစ်စက်လေးမနားဘဲ အမြန်ဆုံးအရှိန်ဖြင့် ပြောနေလေသည်။ သူ၏ စကားသံများက လူတိုင်း၏ မျက်လုံးများ တဖြည်းဖြည်း ကြောင်တောင်တောင် ဖြစ်လာသည်ထိတိုင်အောင် မဟာကောင်းကင်သခင်ခန်းမတွင် ပြည့်နှက်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ နားထောင်နေရသည်နှင့်အမျှ ရင်ခုန်သံမြန်လာပြီး အံတင်းတင်းကြိတ်လျက် လျှိုယုံကို စိန်းစိန်းဝါးဝါးကြည့်လာတော့သည်။ လျှိုယုံကား ယခုအခိုက်အတန့်အတွက် စုံစမ်းစစ်ဆေးမှုများစွာ လုပ်ခဲ့သည်မှာ သိသာထင်ရှားသည်။ ထိုသို့မဟုတ်လျှင် ထိုပြစ်မှုများအားလုံးကိုအလွန်လျင်မြန်စွာ စာရင်းပြုစုနိုင်မည် မဟုတ်ပေ။
" ဝိညာဥ်ရေနွေးအိုးထဲမှာ သူက မိစ္ဆာကျင့်စဥ်နဲ့ လက်ရွေးစင်တစ်ဖွဲ့လုံးရဲ့ သက်စောင့်အားတွေကို စုပ်ယူခဲ့တယ်။ ဒါက တားမြစ်ထားတဲ့ကျင့်ကြံခြင်းပြစ်မှုပါ “
" ဒါ့အပြင် ဗဟိုဧကရာဇ်မြို့တော်ကို ရောက်လာပြီးနောက် သရဲကြီးတပ်ဖွဲ့ကို ပရမ်းပတာဖြစ်သွားစေပြီး တစ်နေရာလုံးကို မီးလောင်တိုက်သွင်းခဲ့တယ်။ ဒါက မီးရှို့မှုပါ “
လျှိုယုံမှာ စိတ်လှုပ်ရှားလာသည်နှင့်အမျှ အသံ ပိုကျယ်လာတော့သည်။ အမှန်တွင် သူ ဝေ့ဝိုက်ကြည့်လိုက်ရာ အခြားကောင်းကင်မြိုစားများနှင့် နယ်စားများက လုံးဝတိတ်ဆိတ်စွာ ကြည့်နေကြသည်ကို မြင်သောအခါ ယုံကြည်ချက်များ ပိုမိုတိုးပွားလာပြီး သူ့အသံ ပို၍ကျယ်လောင်လာတော့သည်။
" စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်မှာ သူက ဝိညာဥ်ဆေးနဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတွေအတွက် သာမန်ထက်များတဲ့ နှုန်းတွေ ကောက်ခံခဲ့တယ်။ ဒါက ငွေညှစ်မှုပါ “
" စစ်ဆေးရေးအရာရှိမင်း ဖြစ်ပြီးနောက် သူက မျိုးနွယ်စုတွေဆီကနေ ပစ္စည်းဥစ္စာတွေ လုယက်ခဲ့ပြီး သူ့အိပ်ကပ်ထဲ ထည့်ခဲ့ပါတယ်။ ဒါက ငွေကြေးအလွဲသုံးစားလုပ်မှုပါ “
လျှိုယုံက ပြစ်မှုတစ်ခုပြီးတစ်ခု ထုတ်ဖော်နေစဥ် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်မျှ ကုန်လွန်သွားသည့်တိုင် သူက မပြီးသေး။ ထိုမျှသာမက သူက ပို၍မြန်ဆန်စွာ ပြောလာတော့သည်။
လူတိုင်းမှာ အံသြသွားကြပြီး ပိုင်ရှောင်ချန်းမှာ မှင်သက်နေတော့သည်။ တကယ်တမ်းပြောရလျှင် သူက လျှိုယုံကို အနည်းငယ်ပင် လေးစားလာတော့သည်။
မဟာကောင်းကင်သခင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာပြီး လျှိုယုံ၏ သတင်းများတူးဖော်ပြီး စုဆောင်းနိုင်စွမ်းမှာ သာမန်ထက်ကျော်လွန်ကြောင်း သူ ဝန်ခံလိုက်ရတော့သည်။
" .... ဒါက တာဝန်မဲ့မှု “
".... ဒါက အာဏာအလွဲသုံးစားလုပ်မှု “
" ....ဒါက လာဘ်ယူမှု “
" ပြီးတော့ နောက်ဆုံး အပြစ်မရှိတဲ့ ကောင်းကင်နယ်စားတစ်ယောက်ကို လုံးဝခက်မခံနိုင်စရာကောင်းလောက်အောင် အရက်စက်ဆုံးပုံစံနဲ့ သတ်ဖြတ်ခဲ့တယ်။ ဒါက လူသတ်မှုပါ "
နောက်ထပ် အမွှေးတိုင်လောင်ကျွမ်းချိန်ကုန်လွန်သွားပြီး နောက်ဆုံး လျှိုယုံ ပြောပြီးသွားလေပြီ။ အသက်ဝဝရှူလိုက်ပြီးနောက် သူက ဘေးဘီဝဲယာကို ဂုဏ်ယူဝင့်ကြွားစွာကြည့်ပြီးနောက် မဟာကောင်းကင်သခင်ထံ လက်ယှက်လိုက်သည်။
" မဟာကောင်းကင်သခင်ခင်ဗျား၊ ဒါက ကျွန်တော်မျိုးတင်ပြချက် နိဂုံးချုပ်ပါပဲ။ ပိုင်ဟောက်က မိစ္ဆာမကောင်းဆိုးဝါးအမျိုးအစားအစုံရောထားတဲ့လူတစ်ယောက်ပါ။ ဒီ အမှုတစ်ရာထဲက တစ်ခုနဲ့တင် သူ့ကို သေဒဏ်ပေးလို့ရပါတယ်။ ဒါကြောင့် ဒီ လူယုတ်မာ လူဆိုးလူမိုက် ပိုင်ဟောက်ကို ချက်ချင်း သေဒဏ်ပေးပါလို့ ကျွန်တော်မျိုး တရားဝင်အဆို တင်သွင်းလိုပါတယ်။ သူ့ရဲ့စက်ဆုပ်ဖွယ် ခြေရာတွေကို ဘယ်သူမှ လိုက်မနင်းနိုင်အောင် သတိပေးတဲ့အနေနဲ့ သူ့ကို အတုံးလိုက်အတစ်လိုက် ခုတ်ထစ်ပစ်သင့်ကြောင်းပါခင်ဗျား "
လူတိုင်းမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြလေသည်။ အများစုအတွက် ယခုချက်ချင်း ကမ္ဘာတစ်ခု ပွင့်လာခဲ့ပြီး လျှိုယုံကို ပထမဆုံးကြိမ် သိလိုက်ရသည်အလား ခံစားလိုက်ရတော့သည်။ တခဏကြာသော် ပို၍ များပြားသော လူများ ရှေ့တက်လာပြီး မဟာကောင်းကင်သခင်ထံ လက်ယှက်လိုက်ကြသည်။
" ကျွန်ုပ်လဲ တောင်းဆိုပါတယ်"
“ ကျွန်ုပ်လဲ တရားခွင်ကို အဆိုတင်သွင်းချင်ပါတယ်"
" ကောင်းကင်မြို့စား လျှိုယုံ စာရင်းပြုစုထားတဲ့ ဒီပြစ်မှု ၁၀၀က သိသာလွန်းတဲ့ သက်သေပါပဲ။ ကျွန်ုပ်လည်း တောင်းဆိုပါတယ်"
အခြားလူများမှာမူ အကြည့်များ ဖလှယ်လိုက်ကြပြီး လက်များယှက်၍ တစ်ညီတစ်ညွတ်တည်း ပြောဆိုလိုက်ကြသည်။
" ကျံန်ုပ်တို့ အားလုံးတောင်းဆိုပါတယ်။ ပိုင်ဟောက်ကို သေဒဏ်ပေးပါ"
သူတို့၏ အသံများသည် အရပ်မျက်နှာတစ်ခွင် ဟိုဟိုသည်သည်ပဲ့တင်ထပ်နေသည့် အသံလှိုင်းကြီးတစ်လှိုင်းအလား ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းက အဖွဲ့ကြီးကို ဝေ့ကြည့်လိုက်ပြီး အထူးသဖြင့် လျှိုယုံကို ကြည့်ပြီးနောက် ရုတ်တရက် သူ့ကိုယ်ထဲတွင် အကြောက်တရားများ ကိန်းအောင်းလာသည်ကို ခံစားလိုက်ရတော့သည်။
" ဒီလူ ကြွက်အသွင် ပြောင်းခဲ့တာများလား။ သူ ဟိုဟိုသည်သည် ပြေးလွှားပြီး ငါ့အကြောင်းအကုန်တူးဖော်ထားတာ ယုံတောင်မယုံနိုင်ဘူး "
ပိုင်ရှောင်ချန်းက ထိုလျှိုယုံကို မေ့၍ မဖြစ်ဘဲ သင်ခန်းစာကောင်းကောင်း ပေးကိုပေးရမည်ဟု ချက်ချင်း ဆုံးဖြတ်လိုက်သည်။
မဟာကောင်းကင်သခင် မျက်မှောင်ကြုတ်သွား၏။ မင်းမျိုးနွယ်အထက်တန်းလွှာတစ်စုလုံး စုပေါင်းပြီး လူတစ်ယောက်တည်းကို ဆန့်ကျင်နေကြလေသည်။ ထိုမတိုင်မီက သူသည် အခြေအနေကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဥ်းစားလျှင် စဥ်းစားနိုင်ပေဦးမည်။ ပိုင်ရှောင်ချန်းက တစ်ယောက်တည်းဖြစ်နေသည့်အတွက် မဟာကောင်းကင်သခင်သာ သူ့ကို ကယ်နိုင်ခဲ့လျှင် ထာဝရသစ္စာစောင့်သိမှုကို ရရှိမည် မဟုတ်ပါလော။
သို့သော် ယခုတွင် ဘုံဝါဒသည် အရေးကြီးဆုံး စဥ်းစားစရာ ဖြစ်သည်။ အမှန်စင်စစ် နိုင်ငံတော်သာ မငြိမ်မသက်ဖြစ်လာလျှင် မဟာကောင်းကင်သခင်အပေါ် သက်ရောက်မှုကြီးမားမည် ဖြစ်သည်။ မကျော်လွှားနိုင်သော အခြေအနေတစ်ခုဖြစ်လာမှတော့ သူပိုင်ရှောင်ချန်းကို ကယ်နိုင်ပါတော့မည်လော။ ပိုင်ရှောင်ချန်းက သူ၏ မွေးစားသားဖြစ်နေလျှင်တောင်မှ သူ့ကို ကာကွယ်ရန် ခက်ခဲဦးမည် ဖြစ်သည်။
စိတ်ထဲတွင် သူက သက်ပြင်းချနေပြီး ပိုင်ရှောင်ချန်းကို ဤအခြေအနေရောက်အောင် သူ့ဘာသာသူ လုပ်ခဲ့သည့်အတွက် ဆဲဆိုနေလေသည်။ ထိုမျှသာမက သူက မည်သို့လုပ်ရန် ချီတုံချတုံနှင့် ဝေခွဲမရဖြစ်လာတော့သည်။
သို့သော် ဤမျှနှင့် မပြီးသေး။ ကောင်းကင်မြို့စားများ စကားပြောပြီးနောက် ချန်ဟောက်စုန့်၏ မျက်လုံးများက မဟာကောင်းကင်သခင်တွေဝေနေသည်ကို မြင်ရသည်တွင် တဖျပ်ဖျပ်တောက်ပသွား၏။ သူက ရှေ့တက်ရင်း လေးစားစွာ လက်ယှက်လိုက်သည်။
" ကောင်းကင်မြို့စား လျှို စောစောက ပြောသွားခဲ့တာကို ကြားရတော့ ကျွန်တော်မျိုး မှင်သက်သွားမိတယ်။ ကျွန်တော်မျိုးတို့ရဲ့ ဗဟိုဧကရာဇ်နိုင်ငံတော်ဟာ ခေတ်အဆက်ဆက် အဓွန့်ရှည်တည်တံ့ခဲ့ပြီး ဘယ်ခေတ်မှာမဆို ပြစ်မှုတစ်ရာ ကျူးလွန်တဲ့ လူတစ်ယောက်ဟာ မျိုးနွယ်စုလိုက်သုတ်သင်ခံရခြင်းဆိုတဲ့ ပြစ်ဒဏ်ကို သေချာပေါက်ခံစားရမှာပါ။ ဒါကြောင့် ကျွန်တော်မျိုးလဲ ပိုင်ဟောက်ကို သေဒဏ်ပေးဖို့ တရားဝင်တောင်းဆိုချင်ပါတယ် "
မုတ်ဆိတ်ကောင်းကင်နယ်စားနှင့်အတူ အခြားနယ်စားရှစ်ဦးလည်း ရှေ့တက်လာကြပြီး လက်ယှက်လိုက်ကြသည်။ သူတို့က တစ်ခွန်းမှမပြောသော်လည်း သူတို့က အပြုအမူနှင့်ပင် သူတို့၏လုပ်ရပ်ကို ဖော်ပြနေလေပြီ။
မဟာကောင်းကင်သခင်၏ မျက်လုံးဝင်းလက်သွားပြီး တုံ့ဆိုင်းနေခြင်းများ ပျောက်သွား၏။ သူ၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရန် ပြင််လိုက်အံ့ဆဲဆဲ....ပိုင်ရှောင်ချန်း၏ အသံထွက်ပေါ်လာတော့သည်။
" ကဲ ခင်ဗျားတို့ ဖျော်ဖြေလို့ပြီးပြီလား။ အခု ကျုပ်အလှည့်ပေါ့ "
သူမြင်တွေ့နေရသည်များကြောင့် သူက စိုးရိမ်ပူပန်နေဟန်မရှိဘဲ သူ့မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်စသာ ရှိနေပေသည်။