ဘလိုင်းဒိတ်
Vol. 5 Ch. 236
လေကျောင်းတော်ရဲ့အယ်ဒါ လေပြင်းသခင်မ ရှားလော့ခ်က ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာရပ်ပြီး သူ့ကိုယ်သူကြည့်နေတယ်။ ဝတ်ဆင်ထားတဲ့ ပုံစံက အနက်ရောင်ညနေခင်းဂါဝန်ရှည်ကိုမှ ချိုင်းပြတ် ဖြစ်ပါတယ်။ လက်မှာတော့ လက်ချောင်းတွေ မဖုံးတဲ့ အလှအိတ်လက်အိတ်ရှည်ဝတ်ထားပြီး ဂါဝန်အခွဲနေရာက ပေါင်တံရှည်ကို တစ်ချက် တစ်ခါဖော်ပြပေးနေတဲ့အတွက် အလှဂုဏ် မောက်နေတော့တာပေါ့။
“ဒါပေမဲ့လေ... ငါသွားရင်ကောင်းမလား... မသွားရင်ကောင်းမလား....”
မိတ်ကပ်တွေဘာတွေလိမ်း နှုတ်ခမ်းနီတောင် ဆိုးထားပြီးပြီဆိုပေမဲ့ ရှားလော့ခ်ဟာ နာတာရှာ ပေးထားတဲ့ ဘလိုင်းဒိတ်လက်မှတ်ကို ကြည့်ပြန်တယ်။
အခုက ညနေလေးနာရီထိုးပြီ။ ဒိတ်က ငါးနာရီဖြစ်ပြီး ဖွန်တီနာမြို့လေးထဲမှာ ညစာနဲ့ပတ်သက်လို့ နာမည်အကြီးဆုံး စားသောက်ဆိုင်မှာတဲ့။
“ငါမသွားဘဲနေလိုက်ရင် ငါနဲ့ဒိတ်မယ့်သူက တစ်ယောက်တည်း ဆိုင်မှာ ထိုင်စောင့်နေရမှာ။ အားနာစရာကောင်းတယ်မဟုတ်လား။”
ကြင်ဖက်လာတွေဖို့လာခဲ့ပေမဲ့ စားသောက်ဆိုင်မှာ တစ်ယောက်တည်း အထီးကျန်နေတော့မယ့် အမည်မသိအမျိုးသားတစ်ယောက်ကို စိတ်ကူး ပုံဖော်ကြည့်ပြီးတဲ့နောက် ရှားလော့ခ် သနားသွားတယ်။
ရိုဝင်သေပြီးကတည်းက အချစ်ရေးအချစ်ရာတွေ စိတ်မဝင်စားတော့ဘဲ တပည့်တွေကို ပညာသင်ပေးတဲ့နေရာမှာပဲ အာရုံစိုက်ထားခဲ့မိတဲ့ ရှားလော့ခ်ဟာ အခုဆိုရင် အပျိုဟိုင်းကြီး ဖြစ်လာပြီ။ အစကတော့ နောက်ကျသွားပြီမလို့ တစ်သက်လုံး တစ်ယောက်တည်း အရိုးထုပ်တော့မယ် တွေးထားပေမဲ့...
“မနာလိုစရာကောင်းလိုက်တာ...” ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့ ညအရှင်အကြောင်း တွေးမိတော့ အလိုလိုကျိန်ဆဲမိတော့တာပဲ။
“ကဲ... သွားစရာရှိတော့လည်း သွားရမှာပေါ့။ ဘယ်တတ်နိုင်မလဲ၊ နောက်ကျနေတော့မယ်။”
မိတ်ကပ်အဆင်ပြေမပြေ မှန်ထဲနောက်ဆုံးအဖြစ် ကြည့်ပြီးတဲ့အခါ ရှားလော့ခ်က လက်ဆွဲအိတ်ကို လွယ်ပြီးတော့ အိမ်အပြင်ထွက်လိုက်တယ်။
....
“ငါ... ငါဆန္ဒတွေ အရမ်းစောသွားတာလား။” ရှားလော့ခ် မျက်နှာတစ်ခုလုံး ထူပူသွားတယ်။
စားသောက်ဆိုင်ကိုရောက်တော့ ညစာအတွက် ဆိုင်က မပြင်ဆင်ရသေးတာ သိလိုက်ရရော။ ညနေ လေးနာရီခွဲပဲရှိသေးတာဖြစ်ပြီး ဒင်နာက ငါးနာရီမှတည်ခင်းမှာဖြစ်လို့ စားဖိုမှူးတွေတောင် နားချိန်မပြီးသေးဘူး။
ဒါကြောင့် ဘိုင်ကင်ယူထားပြီးသား စားပွဲမှာထိုင် နာရီဝက်လောက် စောင့်နေခဲ့ရတော့တာပေါ့။
ညှောင်...
ငါးနာရီထိုးတော့ ကြောင်ပေါက်လေးနှစ်ကောင်ကို တိရစ္ဆာန်လှောင်အိမ်လေးထဲထည့်ဆွဲလာတဲ့ သက်လတ်ပိုင်း လူကြီးလူကောင်းတစ်ယောက်ကို ရှားလော့ခ်မြင်လိုက်ရတယ်။
စားပွဲထိုးက အဲဒီလူအနားလာပြီး “လူကြီးမင်းခင်ဗျ၊ ကျွန်တော်တို့ဆိုင်ကို အိမ်မွေးတိရစ္ဆာန်တွေ ခေါ်လာလို့မရပါဘူး။” ပြောတော့ လူကြီးက သက်ပြင်းချတယ်။
“ငါ့ကလေးတွေကို အပြင်မထုတ်ပါဘူးကွာ။ ကာကွယ်ဆေးသွားထိုးပြီး ပြန်လာတုန်းမလို့ပါ။ ကားပေါ်ကျ မထားခဲ့ချင်ဘူး။”
“ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်မှာ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ရှိတယ်ဗျ။ ခဏလောက်ထားဖို့ မေးကြည့်ပါလား။”
“အေးအေး...”
သက်လတ်ပိုင်းလူကြီးက စားပွဲထိုးကို ထပ်ပြီး အနှောင့်အယှက်မပေးတော့ဘဲ တိဆိုင်ကိုသွား ကလေးတွေအပ်ထားပြီးမှ ပြန်လာပါတယ်။ အဲဒီနောက်အချိန်းအချက်လုပ်ထားတဲ့စားပွဲကို ရှာပြီး ရှားလော့ခ်ကို ပြောလိုက်တယ်။
“စိတ်မရှိပါနဲ့... ဒီကမိန်းကလေးက ဘလိုင်းဒိတ်ကို ရောက်လာတာများလား။”
သူတို့ရထားတဲ့ အောင်သွယ်တော်ကုမ္ပဏီရဲ့ လုပ်ပုံကိုင်ပုံကထူးခြားတယ်လေ။ ဝန်ဆောင်မှု ရယူထားသူနှစ်ယောက်ကို တစ်ယောက်အကြောင်း တစ်ယောက်ပေးမသိဘဲ ဆုံရမယ့်နေရာရယ် စားပွဲခုံအမှတ်ရယ်ပဲ ပြောပြခဲ့တာ။
“ဟုတ်... ဟုတ်ပါတယ်....” ရှားလော့ခ်မျက်နှာက နီရဲသွားပြီး ပြန်ဖြေလိုက်တယ်။
ဒီလူက ရောက်လာတာမကြာသေးပေမဲ့ ရှားလော့ဆီက အမြင်ကောင်းကိုရနှင့်ပြီးပြီ။ တိရစ္ဆာန်လေးတွေကိုချစ်တတ်တယ်။ ယဥ်ကျေးပြီး စားပွဲထိုးကိုတောင်မှ လေးလေးစားစား ဆက်ဆံတယ်။ လူကြီးလူကောင်းဆိုတာ ဒါမျိုး။
“အကြာကြီးစောင့်လိုက်ရတာလား... ဒါနဲ့ဒီက မိန်းကလေးကို ဘယ်လိုခေါ်ရမလဲ။”
“ရှားလော့ခ်ပါ... ကျွန်မကို ရှားလော့ခ်လို့ပဲခေါ်ရင် အဆင်ပြေပါတယ်။ တကယ်တော့ ကျွန်မက နာရီမကြည့်ဘဲ အစောကြီးရောက်လာတာ။ ရှင်နောက်မကျပါဘူး။”
ရှားလော့ခ်က လတ်ပတ်နာရီကိုငုံကြည့်တယ်။ ငါးနာရီထိုးပြီးလို့ သုံးမိနစ်တောင် မပြည့်သေး။ ဒီတော့မှ ဟိုလူကြီးလူကောင်းကလည်း ရှားလော့ခ်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်တယ်။
“ကျုပ်နာမည်က လူကာပါ။ လူကာလိုပဲ ခေါ်ပါ။ ရပါတယ်။”
တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးနောက် ဘလိုင်းဒိတ်တို့ထုံးစံအတိုင်း ရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။စားစရာတွေမှာထားပေမဲ့ ဘယ်သူမှ စားဖို့သောက်ဖို့အလျင်လိုမနေပါဘူး။ ဟင်းပွဲတွေ လာမချသေးတာကိုအခွင့်ကောင်းယူ ရှားလော့ခ်က တစ်ဖက်လူအကြောင်းသိဖို့ ပိုကြိုးစားတယ်။
“စကားမစပ်၊ ရှင်က ဘာလုပ်တာလဲဟင်။”
“စီနီယာဂရက်ဖစ်ဒီဇိုင်နာပါ၊ အရင်ကတော့ ကုမ္ပဏီတွေမှာလုပ်တယ်ဆိုပေမဲ့ အခုတော့ အနားယူလိုက်တာကြာပြီ။ ကိုယ်ပိုင်ပရောဂျက် နည်းနည်းပါးပါးလုပ်တယ်။”
“အာ့ရာ... စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ပဲ။”
“အဲဒီလိုပဲဆိုပါတော့။” လူကာက ပြန်ဖြေတယ်။ ယောက်ျားတစ်ယောက်ရဲ့အလုပ်ကိုမေးတာက နည်းနည်းကျူးကျော်ရာရောက်ပေမဲ့လို့ လူကာက စိတ်မရှိဘူး။ ဒါကြောင့်ပဲ ရှားလော့ခ်က လူကာကို ပိုပြီးစိတ်ဝင်စားလာရော။
‘သူ့ကိုကြည့်ရတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အတော်ရှိပုံပဲ။' ရှားလော့ခ်က ပြုံးလိုက်လေရော။ အဲဒီနောက်တော့ လူကာမမေးပေမဲ့သူ့အကြောင်း ပြောပြတယ်။
“ကျွန်မကတော့ မိဘတွေဆီက အမွေရထားတဲ့ ဝိုင်ချက်စက်ရုံလေးတစ်ခုရှိတယ်။ ဝိုင်တွေကို ကျွန်မ စိတ်ဝင်စားတယ်။ ချိုမြပေမဲ့ ပြင်းရှတယ် မဟုတ်လား။”
လူကာကလည်း ပြုံးလိုက်ပြီး ချီးကျူးလိုက်လေရဲ့။ “အဲဒီဝေါဟာရက မစ်ရှားလော့ခ်ရဲ့အလှကို ဖော်ကျူး ထားသလိုပါပဲ။”
“တတ်လိုက်တဲ့စကား....” ရှားလော့ခ်က ခေါက်ယပ်တောင်ကိုဖြန့် ရယ်နေတာသွားမပေါ်အောင် ဖုံးလိုက်ရင်း ပြန်ပက်လိုက်တာပေါ့။
“ဒါပေမဲ့လေ... ရှင့်ကိုကြည့်ရတာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမယ့်သူမျိုးလို့ ကျွန်မထင်တာပဲ။ ဘယ်လိုလုပ်ပြီး အခုလိုဘလိုင်းဒိတ်ရတဲ့အဆင့် ရောက်သွားတာတုန်း။”
သူတို့လိုသက်လတ်ပိုင်းအရွယ်တွေ ဘလိုင်းဒိတ်တဲ့ အစီအစဥ်သုံးရတယ်ဆိုတာက များသောအားဖြင့် ဒီအတိုင်းနေရင် အိမ်ထောင်မကျမှာ စိုးရိမ်လို့လေ။ ဦးလေးလူကာက ဒီလောက်ပြီးပြည့်စုံတဲ့ယောက်ျားမျိုး ဖြစ်နေတာကိုတောင် ဘယ်လိုလုပ် ဂေါ်မစွံလူပျိုကြီး ဖြစ်သွားရတာလဲဆိုတာ ရှားလော့ခ် တကယ်သိချင်မိတယ်။
“အဲ.... ပြောရမှာတော့ ရှက်စရာကြီးဆိုပေမဲ့ ကျုပ်အမေရိကမှာ အလုပ်လုပ်တုန်းက အတူဒိတ်ဖို့ မေးတဲ့ကောင်မလေးတွေအများကြီး ရှိဖူးတယ်။ ဒါပေမဲ့ အလုပ်ပဲ ဖိလုပ်နေခဲ့တာဆိုတော့ အိမ်ထောင်မကျဘဲ ကြောင်မွေးနေရတဲ့လူပျိုကြီး ဖြစ်သွားတော့တာပဲ။”
အိုးဟိုးဟိုး...
ရှားလော့ခ်လည်း မနေနိုင်ဘဲ ရယ်မောလိုက်တာပေါ့။ သူတို့နှစ်ယောက်က အတော်လေး အဖြစ်တူကြတယ် မဟုတ်လား။
“ကျွန်မလည်း အဲဒီလိုပါပဲ။ တစ်ချိန်လုံး မိသားစု လုပ်ငန်းတွေကို ဦးစီးနေခဲ့ရတာရယ်၊ စေ့စပ်ထားတဲ့ အမျိုးသားက စောစောစီးစီး ဆုံးသွားတာရယ်နဲ့ အဲဒီအကြောင်း မတွေးဖြစ်တော့တာကြာပြီ။ တိုက်ဆိုင်လို့မဟုတ်ရင် ဒီကိုရောက်လာမယ်မထင်ဘူး။”
ဦးလေးလူကာလည်း ရှားလော့ခ်ပြောစကားကို နားထောင်ပြီးတော့ သက်ပြင်းချလိုက်လေရဲ့။
“ဒီအကြောင်းကြားရတဲ့အတွက် စိတ်မကောင်း ပါဘူးဗျာ။ ကျုပ်ကတော့ အထီးကျန်လာတယ်ပဲ ဆိုရမလား။ အိမ်မှာနေနေရင်း မိန်းကလေးတစ်ယောက် ကျွန်တော်နဲ့အတူရှိဖူးသလိုလို အမြဲခံစားနေရတာနဲ့ စိတ်ရောဂါကုဆရာဝန်ကို သွားပြမိတယ်လေ။ သူက ခရီးထွက်ခိုင်းရုံတင်မက ကြင်ဖက်တွေ့ဖို့ပါ အကြံပေးလိုက်တာ။”
တကယ့်တကယ်တမ်းပြောရရင် အခုနောက်ပိုင်း ဦးလေးလူကာရဲ့စိတ်အခြေအနေက ကောင်းတာ မဟုတ်ဘူးရယ်။ ညတိုင်းလန့်နိုးလာတတ်ပြီး ဘေးနားမှာ အိပ်နေတဲ့မိန်းကလေးကို လှမ်းဖက်ဖို့ကြိုးစားပေမဲ့ ဖက်လုံးကြီးဖြစ်နေတာမျိုး။ မနက်စာချက်ရင်လည်း တစ်ယောက်စာပိုချက်မိပြီး အိမ်မှာသူနဲ့ကြောင်တွေပဲ ရှိမှန်း နောက်မှသတိထားသလိုမျိုးပေါ့။ အဲဒီလိုနဲ့ပဲ ပြင်သစ်ကို အပန်းဖြေခရီးထွက်လာတာ။
“သုံးဆောင်ပါခင်ဗျ...” သူတို့စကားစပြတ်သွားတဲ့ အချိန်မှာပဲ စားပွဲထိုးက စားစရာတွေလာချပေးတယ်။ တခြားပြောစရာလည်းသိပ်မရှိတာနဲ့ စားရင်းသောက်ရင်း ဖွန်တီနာမြို့ရဲ့နေဝင်ချိန်အလှကိုသာ အတူခံစားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြလေရဲ့။
....
“ဒီလောက်ဆို လုံလောက်ပြီထင်တာပဲ။”
အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ရှော့ပင်ထွက်နေတဲ့ အယ်မာက အဝတ်အစားဆိုင်တစ်ဆိုင်ထဲကနေပြီး အပြင်ထွက်လာတယ်။ ဖွန်တီနာမြို့လေးက သေးပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိနေသေးတာ တော်သေးတယ်။
“မေ့မေ့သားလေးက အတော်ထွားလာတာပဲ။” အယ်မာက လေးလဝင် ငါးလဖြစ်လုနီးပါးဝမ်းဗိုက်ကိုငုံကြည့်ပြီး ပြောလိုက်တယ်။
ဒီနေ့ဝယ်တဲ့အထဲမှာ အဓိကက အဝတ်အစားတွေ။ ဒုတိယအပိုင်းအခြားကာလထဲရောက်လာပြီဖြစ်လို့ အရင်ဝတ်နေကျအဝတ်အစားတွေက သူနဲ့ကျပ်နေပြီ။ ဗိုက်ဖုံးအင်္ကျီဝတ်ရလောက်အောင်တော့မဟုတ်သေးပေမဲ့ ပွပွချောင်ချောင်အဝတ်တွေဝတ်ရတော့မယ်။
အယ်မာက ပျော်ရွှင်စွာနဲ့ အထုပ်အပိုးတွေကိုသယ်ယူရင်း ကားပါကင်ထိုးထားတဲ့နေရာကိုသွားလိုက်တယ်။ ပါကင်နားမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိနေပြီးတော့ မွှေးပျံတဲ့ စားဖွယ်စုံရနံတွေ သင်းပျံနေတော့တာပေါ့။
ဘုတ်...
အယ်မာရဲ့လက်ထဲက အဝတ်အစားအိတ်ကြီး မြေပေါ် ပြုတ်ကျသွားတယ်။ မတော်တဆပြုတ်ကျတာမဟုတ်ဘဲ လန့်လွန်းလို့ ပစ်ချလိုက်မိတာ။
သူ့မျက်စိရှေ့က မြင်ကွင်းက မယုံနိုင်စရာကောင်းလွန်း နေခဲ့တယ်မဟုတ်လား။ သူ့ရဲ့ချစ်ရပါသော လူကာက စပ်ဖြီးဖြီးနဲ့ တခြားမိန်းမလှလေးတစ်ယောက်နဲ့အတူတူ စားသောက်ဆိုင်စားပွဲမှာထိုင်နေပြီး ဝိုင်တောင်ငှဲ့ပေး နေပါသေးတယ်။
ဟိုမိန်းကလေးကလည်း လှမှလှ၊ ငွေကြေးတတ်နိုင်တဲ့ အထက်တန်းလွှာအမျိုးသမီးမျိုးဖြစ်ပြီး လူကာကို ယပ်တောင်နောက်ကနေ ခိုးခိုးကြည့်ပြီး ဆယ်ကျော်သက် သမီးပျိုလေးလိုမျိုး ရှက်သွေးဖြာနေသေးတာ။
“သင်း... သင်း... ငါနဲ့တွေ့မယ်။” အယ်မာက မြေပြင်ကို ခြေဆောင့်လိုက်တယ်။ အိစက်စက်တင်ပါးတွေလည်း လှုပ်ခါသွားတော့တာပေါ့။
အဲဒီနောက်တော့ စိတ်ဆိုးမာန်ဆိုးနဲ့စားသောက်ဆိုင် အပြင်ဘက်ခြံဝင်းထဲမှာထိုင်နေတဲ့ စုံတွဲဆီကို ချီတက် သွားလေရဲ့။ ကံမကောင်းတာကတော့ ခေါင်းတွေ ထူပူနေတဲ့အယ်မာဟာ အရေးကြီးတဲ့အရာတစ်ခုကို လုံးဝမေ့သွားတာပါပဲ။
“ကိုလူကာ၊ ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ်လို့ထင်လဲ။”
အယ်မာက လူကာနဲ့ရှားလော့ခ်တို့နှစ်ယောက်ရှိနေတဲ့ စားပွဲခုံနားမှာရပ်ပြီး ဦးလူကာရဲ့မရှိမဲ့ရှိမဲ့ နားထင်မွှေးကို ဆွဲလိုက်ရော....
“အောင်မလေး... သေပါပြီဗျ...”
ရုတ်တရက်ကြီး နှိပ်စက်ခံရတဲ့အတွက် လူကာလည်း အယ်မာကိုမော့ကြည့်လိုက်တာပေါ့။ လှတယ်ဆိုတဲ့ ခံစားချက်ကိုရနေပေမဲ့ ရုတ်တရက်ကြီး ကြောက်သလို ရှက်သလိုစိတ်ကလည်း သူ့ရင်ထဲဝင်လာတယ်။
“မိုင်... မိုင်လေဒီ... ကျုပ်နဲ့ခင်ဗျားနဲ့သိလို့လား...” လူကာက မေးလိုက်ပေမဲ့ စိတ်ဆိုးနေတဲ့ အယ်မာက မကြားချင်ယောင်ဆောင်ပြီး စားပွဲပေါ်ကရေခွက်ကို ဆွဲယူ ရှားလော့ခ်ခေါင်းပေါ် လောင်းချလိုက်ပါလေရော။
“ဟဲ့၊ အယ်မာ... နင်ဒါဘာလုပ်တာလဲ။” ရိုမန့်တစ်ဆန်တဲ့ ညနေခင်းလေး ဖျက်ဆီးခံလိုက်ရတဲ့ရှားလော့ခ်လည်း ပြန်ရန်တွေ့တော့တာပေါ့။
“အဲဒါက ရှင့်ကိုမေးရမှာ လေပြင်းအရှင်မရယ်။ ဘယ်နဲ့လုပ် လူရှေ့သူရှေ့မှာ လူများလင်ကို ကြောင်တောင်နှိုက်ရဲရတာလဲ။”
“ဘယ်လိုဘယ်လို... လူကာ၊ ရှင်ပြောတော့ လူပျိုကြီးပါဆို။”
ရှားလော့ခ်လည်း အခြေအနေကို ချက်ချင်းရိပ်မိပြီး လူကာကို ဒေါသနဲ့ကြည့်လိုက်တယ်။ လူကာကတော့ သူ့ရှေ့က နားမလည်နိုင်တဲ့ဖြစ်ရပ်တွေကြောင့် တဆတ်ဆတ်တုန်နေပြီ။
“ကျုပ်တကယ် အိမ်ထောင်မရှိတာပါဗျာ။ ဘုရားစူးရစေရဲ့။ ဒီကမိန်းကလေးကိုလည်း ကျုပ်မသိပါဘူး။”
“ဘာမသိရမှာလည်း... ကျွန်မမှာ ရှင်နဲ့ရတဲ့ ကလေးတောင် ရှိနေပြီ။”
အယ်မာက သူ့ဗိုက်ကိုမြင်သာအောင်ပြလိုက်တော့ လူကာတစ်ယောက် ထိုင်ခုံပေါ် ပက်လက်လန်သွားလေရဲ့။
“ဘုရားသခင်... ကျွန်တော်မျိုးမှာ ဘာအပြစ်ရှိလို့ ဒီဂြိုဟ်ဆိုးကြီးဝင်လာရတာတုန်း...” လူကာတစ်ယောက် ငိုမိတော့တယ်။ ကြင်ဖက်လာတွေ့ရာကနေပြီး သူတစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီးက ‘ ဒီမှာ၊ ရှင်နဲ့ရတဲ့ကိုယ်ဝန် ကျွန်မမှာရှိနေပြီ။'ဆိုပြီး အပြောခံရမယ်လို့ကို ထင်မထားတာ။
“အယ်မာ.... ရှင်ကျွန်မကို ယောကျ်ားမရအောင်လို့ တမင်လာနှောင့်ယှက်နေတာတော့ မဟုတ်ပါဘူးနော်။ ဟိုက ရှင့်ကိုမသိဘူးလို့ ပြောနေပြီလေ။”
လူကာရဲ့ပုံစံက လိမ်နေပုံမရတော့ ရှားလော့ခ်က လူကာကိုယုံဖို့ရွေးချယ်လိုက်ပြီ။ ဒီတော့မှပဲ အယ်မာ သူမေ့နေတဲ့အချက်ကို သတိထားမိတာ။
‘ဟုတ်သားပဲ။ ငါသူ့မှတ်ဉာဏ်တွေဖျောက်ထားတာ၊ သူငါ့ကို ဘယ်လိုလုပ်မှတ်မိမှာလဲ။’ ဆိုပြီး တွေးလိုက်မိပေမဲ့ ဝင်ပါမိပြီဆိုမှတော့ နောက်ကျသွားပြီ။ ပြီးတော့လူကာ သူ့ကိုသိသိမသိသိ ရှားလော့ခ်နောက် ထည့်ပေးစရာအကြောင်းမရှိဘူးလေ။
“ဘာပဲဖြစ်ဖြစ် နင် သူနဲ့ဝေးဝေးနေရမယ်၊ ဒါပဲ။”
အယ်မာက ရှားလော့ခ်ကို စားသောက်ဆိုင်ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားတယ်။ ရှားလော့ခ်ကလည်း အပြင်းအထန်ခုခံတယ်။ မကြာခင်မှာပဲ အခြေအနေက ပိုပြင်းထန်လာပြီး ရင့်ကျက်တဲ့ အမျိုးသမီးနှစ်ယောက်က လူချင်းကပ် ရင်ချင်းထပ် နပန်းလုံးလုနီးပါးဖြစ်နေပြီ။
ပတ်ဝန်းကျင်ကလူတွေကလည်း ဒါကိုသတိထားမိပြီး ဝိုင်းကြည့်နေကြပြီ။
“သွားပြီ... သွားပြီ... ငါတော့ ဒီတစ်သက် မိန်းမရတော့မှာ မဟုတ်ဘူး။” လူကာတစ်ယောက် သူ့မျက်နှာသူအုပ်ပြီး ဆိုင်ထဲကနေ ထွက်ပြေးတော့တာပဲ။
ဒီစားသောက်ဆိုင်ထဲမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို တစ်ယောက်ယောက်က လိုင်းပေါ်တင်လိုက်လို့ အင်တာနက်ပေါ်မှာ နာမည်ကြီးသွားပြီဆိုရင် သူ့မျက်နှာ ဘယ်ထားရမှာလဲ။ လူကာဆိုတဲ့ လူ့အမှိုက်ကောင်က ကိုယ်ဝန်ရှိနေတဲ့မိန်းမကို အိမ်မှာထားခဲ့ပြီးတော့ ဖောက်ပြန်နေတဲ့ကောင်လို့ အကုန်လုံးကထင်ကြမှာ။ ရှင်းပြရင်တောင် ယောကျ်ားကြီးတန်မဲ့ ဆင်ခြေဆင်လက် များတယ်ထင်ဦးမှာ။
စားသောက်ဆိုင်ထဲက အမျိုးသမီးနှစ်ယောက်ရဲ့ ရန်ပွဲကတော့ ရဲတွေရောက်လာမှပြီးတော့တယ်။