← Chapters

ခန်းမထဲ မီးတောက် ဖန်တီးခြင်း

Vol. 9 Ch. 805

ခန်းမထဲ မီးတောက် ဖန်တီးခြင်း

Vol. 9 Ch. 805

ပိုင်ရှောင်ချန်း၏ စကားလုံးများက ပွပ်ပွက်ဆူနေသော ဆီပူထဲသို့ ရေတစ်ခွက်လောင်းထည့်လိုက််သည့် အလား ကောင်းကင်မြို့စားများအားလုံး အကြီးအကျယ်ဒေါသထွက်ကုန်တော့သည်။

" အတင့်ရဲလိုက်တာ ပိုင်ဟောက် "

" မင်း ပြစ်မှု ၁၀၀ကို ကျူးလွန်ခဲ့တာ။ ဒါတောင် ကောင်းကင်သခင်ခန်းမမှာ အရှက်မရှိပြုမူနေတာပါလား "

အထူးသဖြင့် လျှိုယုံ၏ မျက်လုံးများကား တောက်ပလင်းလက်နေတော့သည်။ သူက ပိုင်ရှောင်ချန်းအား အနိုင်မရှိတော့သည့်အခြေအနေထဲသို့ တွန်းပို့ခဲ့ကြောင်း စဥ်းစားတွေးတောကာ သူ့ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး အော်ဟစ်လိုက်သည်။

" ပိုင်ဟောက်၊ မင်းက အကြီးအကဲနဲ့ အထက်လူကြီးတွေအပေါ် လေးစားမှုမရှိပါလား။ ဒီ ခန်းမထဲမှာ ငါတို့တရားသဖြင့်ပြောဆိုနေတာတွေက မင်းအတွက် ဖျော်ဖြေရေးလုပ်နေတာပေါ့လေ။ ဒါဟာ အသေရဖျက်မှု၊ လိမ်လည်မှု၊ ပွင့်လင်းမြင်သာစွာကဲ့ရဲ့မှု ဆိုတဲ့ ပြစ်မှုမြောက်တယ်။ အခု မင်းရဲ့ ပြစ်မှုတွေက ၁၀၀ တောင်မဟုတ်ဘူး၊ ၁၀၃ခု ရှိသွားပြီ "

ခန်းမထဲရှိ လူတိုင်းမှာ သူတို့ကြားနေရသောအရာကြောင့် တက်တက်ကြွကြွဖြစ်သွားပြီး လျှိုယုံသည် သူတို့၏ မပြောပလောက်သော မဟာမိတ်အဖွဲ့ထဲတွင် နတ်ဘုရားတစ်ပါးအလား ဖြစ်နေတော့သည်။

လူတိုင်းက အတူတကွပူးပေါင်း၍ အော်ဟစ်လာကြပြီး မကျေနပ်ချက်များအား ဆူဆူညံညံတောင်းဆိုလာကြ၏။

ပိုင်ရှောင်ချန်းက အေးစက်စွာ နှာမှုတ်ရင်း ဒေါသူပုန်ထနေသော ကောင်းကင်မြို့စားများကို လျစ်လျူရှုလိုက်ပြီး မဟာကောင်းကင်သခင်ထံ လက်ယှက်၍ အရိုအသေပေးလိုက်သည်။

" မဟာကောင်းကင်သခင်ခင်ဗျား၊ မဟာကောင်းကင်သခင်ကို ကျွန်တော်မျိုး ပေးစရာ တစ်ခုရှိပါတယ်"

ခန်းမထဲရှိလူတိုင်းက အေးစက်စွာ ခပ်တိုးတိုးရယ်မောလိုက်ကြပြီး လူအများစုက အကြောင်းအရာတစ်ခုတည်းကို တွေးနေကြသည်။

“ ဘာတုံး။ ကျိုးဝူတောက်က သစ္စာဖောက်ဆိုတာ ဒီကောင် ထုတ်ပြောမလို့လား။ သူပြောလိုက်ရင်တောင်မှ သေဒဏ်ကျခံရမှာပဲ "

ထို့ပြင် ပိုင်ရှောင်ချန်းက ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် ချမည့်သူ မဟုတ်ပေ။

မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို ကြည့်လိုက်စဥ် သူ့မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူက ပိုင်ရှောင်ချန်းကို တချိန်လုံးစောင့်ကြည့်နေခဲ့ပြီး သူက စိတ်လှုပ်ရှားနေပုံပေါ်သည့်တိုင် သူ့မျက်လုံးများထဲတွင် စိတ်ပျက်လက်လျှော့ခြင်းများ မတွေ့ရသည်ကို သတိထားမိခဲ့သည်။ ထိုသည်က မဟာကောင်းကင်သခင် ခန့်မှန်းထားသည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေရာ ပိုင်ရှောင်ချန်းက မည်သည့်အရာပေးရန် ကြံစည်နေသည်ကို သိချင်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။

မဟာကောင်းကင်သခင်ထံမှ ခွင့်ပြုချက်ရသည်နှင့် ပိုင်ရှောင်ချန်းက သူ့၏အိတ်ကို ပုတ်လိုက်ကာ ဝိညာဥ်ဆေးတစ်လုံးကို ထုတ်လိုက်သည်။ ၄င်းသည် မျက်လံုးများမူးဝေသွားလုမတတ် ရောင်စုံလင်းလက်နေပြီး မဟာကောင်းကင်သခင်ခန်းတစ်ခုလုံး ချက်ချင်း လင်းထိန်သွားသည်။ ၄င်းက အထွတ်အထိပ်အဆင့် ဝိညာဥ် စွမ်းအားအခိုးအငွေ့များထုတ်လွှတ်နေသော အဖိုးထိုက်ကျောက်မျက်ရတနာတစ်ပါးအလား။

၎င်းသည်ကား ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှ ပြုလုပ်ထားသော အထွတ်အထိပ်အဆင့် ဝိညာဥ်ဆေးလုံးမှ လွဲ၍ တခြားမဟုတ်ပေ။

ဝိညာဥ်ဆေးကို မြင်သည်နှင့်တစ်ပြိုင်နက် မဟာကောင်းကင်သခင်၏ မျက်လုံးများ စူးရှတောက်ပလာတော့သည်။ သူ တစ်ယောက်သာလျှင် ထိုသို့ တုံ့ပြန်ခြင်းမဟုတ်။ ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စားများအားလုံး တအံ့တသြကြည့်လိုက်ကြပြီး ကောင်းကင်မြို့စားများ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ကောင်းကင်မြို့စားများက ရုတ်ခြည်း အံသြတုန်လှုပ်လျက် ကျယ်လောင်စွာ အော်လိုက်လေသည်။

" အထွတ်အထိပ်အဆင့်ဝိညာဥ်ဆေး"

" အဲဒါဖော်စပ်ဖို့ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်လိုမှာလေ။ ဒါ အထွတ်အထိပ်အဆင့် ဝိညာဥ်ဆေးပဲ "

" အထွတ်အထိပ်အဆင့်ဝိညာဥ်ဆေးကို လောကဓာတ်ဝိညာဥ်ဆေးလို့လဲ ခေါ်တယ်။ အဲဒါရဲ့ အပိုင်းအစလေးသေးလေးတောင်မှ တော်တော့်ကို ရှားတာ။ ဒါပေမဲ့ ပိုင်ဟောက်မှာ တစ်လုံးရှိနေတာပဲ "

သို့သော် ချက်ချင်းပင် သူတို့က တူညီသောအရာတစ်ခုကို သိချင်လာကြသည်။

" ဒီလောကဓာတ်ဝိညာဥ်ဆေးလုံးနဲ့ ကျိုးဝူတောက်သေတာနဲ့ ဘာဆိုင်လို့တုံး "

ထိုအချိန်တွင် လျှိုယုံက အေးစက်စက်မျက်နှာထားဖြင့် ကျယ်လောင်စွာ ဆိုလိုက်သည်။

" ဝိညာဥ်ဆေးပေးတာက အပြစ် ၁၀၀ကို ဖြေရှင်းဖို့ မလုံလောက်ဘူး ။ မင်း ဘာပြောချင်နေတာလဲ ပိုင်ဟောက်။ မင်း အဲဒါကို ဖော်စပ်ခဲ့တာလို့တော့ မပြောစမ်းနဲ့"

သူ့စကားလုံးများကြောင့် ကောင်းကင်မြို့စားများ၏ မျက်နှာများ ဝင်းလက်သွား၏။ ထို့နောက် ဒေါသထွက်သောအမူအရာများနှင့်အတူ ကောင်းကင်သခင်ခန်းမထဲတွင် အံသြတုန်လှုပ်သော စကားသံပေါင်း သောင်းခြောက်ထောင်ကို ကြားလာရတော့သည်။

" အရင်က သူ ခပ်မှိန်မှိန် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို လုပ်ခဲ့သေးတယ်လေ "

" မဖြစ်နိုင်ဘူး။ လောကဓာတ်အောက်လမ်းဆရာတွေဆိုတာ ဘွားခနဲ ပေါ်လာတာမျိုးမှ မဟုတ်ပဲ "

" လိမ်ဖို့မစဥ်းစားနဲ့ ပိုင်ဟောက်။ ဝိညာဥ်ဆေးလုံးလေးထုတ်ပြတာနဲ ငါတို့က မင်း လောကဓာတ်အောက်လမ်းဆရာဆိုတာ ယုံမယ်လို့ ထင်နေလား။ ရယ်စရာကောင်းလိုက်တာ "

ဤအချိန်တွင် ပိုင်ရှောင်ချန်းက ရှေ့နောက်စဥ်းစားမနေတော့ဘဲ အော်ဟစ်လိုက်တော့၏။

" ခင်ဗျားတို့အားလုံးရဲ့ သောက်ပါးစပ်ပေါက်တွေ ပိတ်ထား "

သူ၏ရုတ်တရက် ပေါက်ကွဲမှုက လူများစွာအား သူ့ကို တအံ့တသြ ကြည့်သွားစေသည်။

သူ၏အစီအစဥ်က သူ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ကြောင်း လူအများ ယုံကြည်လက်ခံလာေစရန် ဝိညာဥ်ဆေးလုံးတစ်လုံးကို ပြလိုက်ခြင်း မဟုတ်ပေ။ သူတို့က သူ့ကို မေးခွန်းထုတ်ကာ စွပ်စွဲစေချင်သည်။ ထိုနည်းအားဖြင့် အမှန်တရားပေါ်ထွက်လာပြီး သူတို့ကို ပါးချရသောအခါ ပို၍ စိတ်လှုပ်ရှားစရာကောင်းလိမ့်မည်။

သူ၏ လျှို့ဝှက်လက်နက်သည်ကား လောကဓာတ်အောက်လမ်းဆရာအဆင့်မှ လွဲ၍ တခြားမဟုတ်ပေ။

ဤလူများက ဗဟိုဧကရာဇ်နိုင်ငံတော်၏ ဥပဒေများကို အသုံးပြု၍ သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေသည့်အတွက် သူတို့ကို ပြန်လည်ချေပကာ ထိုဥပဒေများဖြင့် ပြန်လည်ရိုက်နှက်ရလိမ့်မည်။ လက်ရှိခေတ်တွင် ဗဟိုဧကရာဇ်မင်းဆက်တစ်ခုလုံး၌ လောကဓာတ်အောက်လမ်းဆရာ သုံးဦးသာ ရှိသည်။ အမှန်တကယ်ဆိုရလျှင် မြေရိုင်းဒေသထဲသို့ ပြောင်းရွှေ့လာခဲ့သော အစောပိုင်းကာလများမှာပင် ငါးဦးသာရှိခဲ့သည်။

လောကဓာတ်အောက်လမ်းဆရာများ သိမ်းပိုက်ထားသည့် ရာထူးအဆင့်အတန်းကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပြီး ဗဟိုဧကရာဇ်နိုင်ငံတော်၏ ပြဌာန်းထားသော ဥပဒေများတွင် လောကဓာတ်အောက်လမ်းဆရာများက နိုင်ငံတော်ကို သစ္စာမဖောက်သရွေ့ သူတို့လုပ်ချင်သည့်အရာ မှန်သမျှလုပ်နိုင်သော အာဏာရှိသည်ဟု ဖော်ပြထားသည်။

ဤသည်က ပိုင်ရှောင်ချန်း အားထားနေသည့် လောကဓာတ်အောက်လမ်းဆရာတစ်ယောက်၏ လုပ်ပိုင်ခွင့် အာဏာ ဖြစ်သည်။

" ဒီဝိညာဥ်ဆေးလုံးကို ကျုပ် လုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ မယုံမှတော့ ဒီ ကောင်းကင်သခင်ခန်းမ ၊ ဒီမှာရှိနေတဲ့ လူအားလုံးရဲ့ရှေ့မှောက်မှာ..... ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ကျုပ် ဖန်တီးပြမယ်။ "

သူက သူ့စကားလုံးများလေးနက်စေရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထည့်သွင်းလိုက်ပြီး အင်္ကျီလက်စကိုလည်း ဂုဏ်ယူစွာခါယမ်းလိုက်သည်။ ထို့ကြောင့် ဆူဆူညံညံဖြစ်နေသော ကောင်းကင်မြို့စားများ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

မဟာကောင်းကင်သခင်၏ မျက်လုံးများ တဖျပ်ဖျပ်လင်းလက်လာလေသည်။ ကောင်းကင်နယ်စားဆယ်ဦးနှင့် ချန်ဟောက်စုန့်မှာ တဒင်္ဂကြာသည်အထိ အသက်ရှူရပ်သွားတော့သည်။ ဤပိုင်ရှောင်ချန်းက လောကဓာတ်အောက်လမ်းဆရာတစ်ဦးဖြစ်ကြောင်း သူတို့ ယုံရခက်နေသည်။

" ကြောက်လန့်နေတဲ့သားရဲတောင် ကမှူးရှူးထိုး တိုက်ခိုက်တတ်သေးတာပဲ "

ချန်ဟောက်စုန့်၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပြောသည်။

" မင်းလျှောက်ရွှီးနေတာ "

အခြားကောင်းကင်နယ်စားများသည်လည်း ချန်ဟောက်စုန့် မှန်သည်ဟု ထင်မြင်လာကြသည်။ ကောင်းကင်မြို့စားများမှာမူ တုန်လှုပ်နေသည့်တိုင် အံတင်းတင်းကြိတ်ပြီး ဒေါသတကြီး ပြောလာကြတော့သည်။

" အပြောကြီးလိုက်တာ ပိုင်ဟောက်။ မင်းသာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို တကယ်ဖန်တီးနိုင်ရင် ငါ ကျောက်ရှောင်လင်း၊ မင်းကို ဒူးထောက်အရိုအသေပေးမယ်"

" ဟုတ်တယ်။ မင်းဘာသာ သေတွင်းထဲ ရုန်းကန်လေ။ လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး "

" မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ"

ဤသည်မှာ ပိုင်ရှောင်ချန်းအတွက် လမ်းဆုံးဖြစ်ကြောင်း သူတို့ လုံးဝယုံကြည်လာသည်။

ပိုင်ရှောင်ချန်းက ထိုအဖွဲ့ကို လှမ်းကြည့်ပြီး ကျောက်ရှောင်လင်းအပေါ်တွင် သူ့အကြည့်ကို စူးစိုက်ထားလျက် အေးတိအေးစက် ရယ်မောလိုက်သည်။ ထို့နောက် သူက သူတို့ကို ဥပေက္ခါပြုလိုက်ပြီး သူ့အိတ်ကို ပုတ်ကာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဆယ်ခု ထုတ်လိုက်သည်။

ထိုမီးတောက်ဆယ့်ခုနစ်ခုကို ပိုင်ရှောင်ချန်း ပိုင်ဟောက်အား ရှာနေစဥ် ကျိုးရီရှင်းက မြို့တော်ထဲရှိ မျိုးမစစ်ကလေးများစွာ၏ အကူအညီဖြင့် ရှာထားခဲ့ခြင်းဖြစ်သည်။

တကယ်တမ်းဆိုရလျှင် ဤသည်က သူ့မှာရှိသော လျှို့ဝှက်ရတနာများအနက်တစ်ခုသာ ဖြစ်သည်။ သူ၏ လျှို့ဝှက်လက်နက်ကို ဖော်ပြရာတွင် ယုံကြည်ချက်အပြည့်အဝရှိရန်အလို့ငှာ သူသည် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းအားလုံးကို စုဆောင်းထားခဲ့သည်။ ဤနည်းအားဖြင့် မတော်တဆတစ်ခုဖြစ်လာလျှင်တောင်မှ အောင်မြင်ရာတွင် သူယုံကြည်ချက် ရှိနိုင်လိမ့်မည်။ ထို့နောက် သူက တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက် ဆယ်ခုလုံးကို ပျံသွားစေလိုက်သည်။ သူက ကျောက်ရှောင်လင်း၊ လျှိုယုံနှင့် သူ့ကို အော်ကြီးဟစ်ကျယ်ပြောခဲ့သော လူအချို့ထံ အန္တရာယ်ဖြစ်စေနိုင်လောက်အောင် မီးတောက်များ ပို့လွှတ်လိုက်သည်။

လူတိုင်းသာမက ကောင်းကင်နယ်စားများပင်လျှင် နောက်ဆုတ်လိုက်ကြသည်။ မဟာကောင်းကင်သခင်သာ မလှုပ်မယှက် ကျန်ခဲ့ပြီး တကယ်တမ်းဆိုရလျှင် သူက မျက်လုံးများတဖျပ်ဖျပ်တောက်ပနေလျက် ရှေ့ပင် ကုန်းလိုက်သေးသည်။

" သူသာ တကယ် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ရင် " သူက တွေးသည်။

" လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်လာမယ်။ ဒါဆိုရင် သူရင်ဆိုင်နေရတဲ့ ဒီဆင်းရဲဒုက္ခကြီးလဲ ပျောက်ပျက်သွားလိမ့်မယ်"

မဟာကောင်းကင်သခင်က မျက်လုံးများကျဥ်းမြောင်းလျက် သေချာ အာရုံစိုက်လိုက်သည်။

ပိုင်ရှောင်ချန်းသည် ၄င်းက အရေးအကြီးဆုံးအခိုက်အတန့်တစ်ခုဖြစ်ပြီး ဘယ်သူမှ သူ့ကို ဝင်ရောက်နှောင့်ယှက်ဝံ့မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။ ဤသည်က ကောင်းကင်သခင်ခန်းမဖြစ်ပြီး သူက လောကဓာတ်အောက်လမ်းဆရာအဆင့်တက်ရန် ကြိုးစားနေသည် မဟုတ်ပါလော။

" ကျုပ် ခင်ဗျားတို့ကို ပါးစပ်အဟောင်းသားဖြစ်အောင် ဘယ်လိုလုပ်ပြမလဲဆိုတာ စောင့်သာကြည့်လိုက်။ ခင်ဗျားတိုြ ပါးစပ်ပေါက်တွေ ပိတ်သွားစေရမယ်။ ခင်ဗျားတို့ ဦးခေါင်းခွံတွေထဲကနေ မျက်လုံးတွေတောင် ထွက်ကျလာနိုင်တယ် "

ယခုအခိုက်အတန့်တွင် သူက လွန်စွာ စိတ်အားထက်သန်နေတော့သည်။

ဤကဲ့သို့ လူအများအာရုံစိုက်ခံရသည်ကို သူ နှစ်သက်သဘောကျသည် မဟုတ်ပါလော။

တချိန်တည်းမှာပင် သူက အမှားတစ်စုံတရာ လုပ်၍မရသော်လည်း အတော်အသင့် အန္တရာယ်ကင်းသောနေရာတွင် ရှိနေကြောင်း သိထားသည်။

ထို့ကြောင့် သူက မီးတောက်အတွက်မှလွဲ၍ ကျန်အရာအားလုံးကို ခေါင်းထဲမှ မောင်းထုတ်လိုက်သည်။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ရင်း မီးတောက်များကို ကြည့်ပြီးနောက် သူ့လက်များကို ဖိချလိုက်သည်။

ချက်ချင်းပင် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များ အတူတကွ ပေါင်းစပ်လာလေသည်။ ယခုထက်ပို၍ ပိုင်ရှောင်ချန်းအာရုံစိုက်သည့်အချိန် ရှိနိုင်အံ့မထင်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီးချိန်ကြာသည့် အတောအတွင်း ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များသည် ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်ဖြစ်သွားတော့သည်။

ယခုအခိုက်အတန့်တွင် သူ၏မျက်နှာထားသည် အလွန်လေးနက်တည်ကြည်နေပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အဆက်မပြတ်ဖော်နေသည့်အတွက် သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားထွက်ပေါ်လာတော့သည်။ သူက ဖန်တီးခြင်း၏ နောက်တစ်ဆင့်.... မီးတောက် ဖိနှိပ်ခြင်းသို့ ကူးပြောင်းလိုက်သည်။

ဝုန်းးး

ကောင်းကင်သခင်ခန်းမထဲတွင် ပြင်းထန်သော ထစ်ခြုန်းမြည်သံများ ပြည့်နှက်နေတော့သည်။ ခန့်ညားထည်ဝါသော ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်က ၄င်းကို ကြည့်လိုက်သည့် လူတိုင်းအား အံသြတုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားစေမည် ဖြစ်သည်။ သို့စေကာမူ ပိုင်ရှောင်ချန်းက လောကဓာတ်အောက်လမ်းဆရာတစ်ယောက် အမှန်တကယ် ဖြစ်လိမ့်မည်ဟု ယခုအချိန်ထိ မည်သူမှ မယုံကြည်နိုင်သေးပေ။

အမှန်တကယ်တော့ သူတို့မှာ ယုံကြည်နေသည့်စိတ်ကို လက်မခံနိုင်ဖြစ်နေခြင်းသာ။

သို့သော် နောက်ထပ်ဖြစ်လာသော အရာက ရှိသမျှလူများ၊ အထူးသဖြင့် ကျောက်ရှောင်လင်းနှင့် လျှိုယုံ၏ မျက်နှာများအပေါ်တွင် အရုပ်ဆိုးသော အမူအရာများ ပေါ်သွားစေတော့သည်။ ပင့်သက်ရှိုက်သံများ ၊ ကျိန်ဆဲသံများ လေထဲ ပြည့်နှက်သွားတော့သည်။

ထိုကျိန်ဆဲခြင်းများက မည်သို့မျှမထူးခြားပေ။ ပိုင်ရှောင်ချန်းက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးခြင်းကို တစ်ကြိမ်အောင်မြင်ထားခဲ့သည် မဟုတ်ပါလော။ ထိုအခြင်းအရာကြောင့် ဖြစ်လိမ့်မည် သို့မဟုတ် သူ့အသက်က ချောက်ကမ်းပါးအစွန်းတွင် ရောက်နေသည်ကို သိသည်ကြောင့် ဖြစ်လိမ့်မည်။ မည်သည့်အရာကြောင့်ဖြစ်စေ သူ၏မီးတောက်ဖန်တီးမှုက နောက်ဆုံးအခေါက်ကထက်ပို၍ အဆင်ပြေချောမွေ့လာသည်။

မီးပင်လယ်ကို ဖိနှိပ်နေသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများ လေထဲ ပြည့်နှက်နေလေသည်။ ထို့နောက် နောက်ဆုံး ၄င်းက မီတာ ၉၀ အရွယ်အစားကို ရောက်သွားပြီး ဆက်လက် ကျုံ့နေဆဲပင်။

၈၄ မီတာ။ ၇၈ မီတာ။ ၇၂ မီတာ။

လူတိုင်း မယုံသင်္ကာမှုများ၊ သံသယများဖြင့် စောင့်ကြည့်နေကြချိန် မီးပင်လယ်၏ အရွယ်အစားသည် မီတာ ၆၀ သို့ရောက်သွားလေပြီ။

All Chapters