← Chapters

ကောင်းကင်မြို့စားများနှင့် နယ်စားများ ထိတ်လန့်တုန်လှုပ်သွားခြင်း

Vol. 9 Ch. 806

ကောင်းကင်မြို့စားများနှင့် နယ်စားများ ထိတ်လန့်တုန်လှုပ်သွားခြင်း

Vol. 9 Ch. 806

ထိုမီးပင်လယ်ကြီးမှာ အချုံ့ခံလိုက်ရသောအခါ အရူးအမူး ယိမ်းထိုးနေတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ လက်များတွင် ရှိရှိသမျှ အရာတိုင်းကို ချုပ်နှောင်နိုင်သည့် စွမ်းအားရှိနေသဖြင့် ထိုမီးတောက် ယခုထက်ပို၍ အားပြင်းစွာရုန်းကန်လျှင်တောင် သူ ထိန်းချုပ်နိုင်ဦးမည်သာဖြစ်သည်။

ထို မီးပင်လယ်ကြီးမှာ ငါးဆယ့်တစ်မီတာအထိ ကျုံ့သွားပြီး တဂျုန်းဂျုန်းမြည်သံများမှာလည်း အဆက်မပြတ်မြည်ဟည်းနေဆဲ။ ထို့နောက် ၎င်းမှာ လေးဆယ့်ငါးမီတာ၊ သုံးဆယ့်ကိုးမီတာအထိ ဆက်၍ ကျုံ့သွားပြန်သည်။ ပိုင်ရှောင်ချန်းမှာ အသံကုန်အော်ဟစ်ရင်း ထိုမီးပင်လယ်ကို သေးသထက်သေးငယ်အောင် ဖိအားများပေး၍ ချုပ်နှောင်နေသည်။ ထိုမီးပင်လယ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းစွာ အင်အားအပြည့်ဖြင့် ပြန်၍ရုန်းကန်နေပါသော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းသည် မီးများကိုအစိုးရသူ ဖြစ်နေပြီဖြစ်သည်။ သူ၏ထိန်းချုပ်မှုအောက်တွင် မီးတောက်၏အစွမ်းမှာ အပြင်သို့ ထွက်မလာနိုင်ပဲ အတွင်းသို့သာပြန်ဝင်သွားရပြီး တဖြည်းဖြည်း ကျုံ့သွားရသည်။

တစ်ခဏလေးအတွင်း ၎င်းမှာ သုံးဆယ့်ကိုးမီတာမှ နှစ်ဆယ့်လေးမီတာအထိ ကျုံ့ဝင်သွားတော့သည်။

မကြာမီတွင် ၎င်းမှာ တစ်ဆယ့်ငါးမီတာအထိ ရောက်သွားတော့မည်မှာ အသေအချာပင်။

ထိုမီးတောက် ကျုံ့ဝင်သွားနေစဥ် ဆယ့်ရှစ်ရောင်မြောက် အရောင်မှာ တလက်လက်နှင့် ပေါ်စပြုလာတော့သည်။

ကောင်းကင်သခင်ခန်းမထဲရှိ လူတိုင်းမှာ အသက်ပင် ရဲရဲမရှူနိုင်ပဲ မည်သို့ဆက်၍ဖြစ်ပျက်မည်ကို စောင့်ဆိုင်းကြည့်ရှုနေကြသည်။ ကောင်းကင်မြို့စားများမှာ မီးတောက်အတွင်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိကြသော်လည်း ကောင်းကင်နယ်စားများနှင့် မဟာကောင်းကင်သခင်တို့မှာမူ သေချာပေါက် သိကြမည်သာဖြစ်သည်။

မည်သူ့ထံမှစ၍ ထွက်လာမှန်းမသိသော တအံ့တသြဖြစ်နေသည့် တရှူးရှူး တရှဲရှဲအသံများကို ခဏအကြာတွင်ကြားလိုက်ရတော့သည်။

ကောင်းကင်မြို့စားများမှာ ထိုအသံများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြပြီး ကောင်းကင်နယ်စားများကို လှမ်းကြည့်လိုက်ကြတော့သည်။ ခဏအကြာတွင် ထိုကောင်းကင်နယ်စား ဆယ်ယောက်စလုံး၏အမူအရာမှာ ယခင်ကနှင့် မတူလောက်အောင် တည်ကြည်နေသည်ကို မြင်လိုက်ရသည်။ ချန်ဟောက်စုန့်ဆိုလျှင် လက်သီးများကိုပင် တင်းကြပ်စွာ ဆုပ်ထားပြီး သူ၏လက်ဖျံရိုးပေါ်တွင် သွေးကြောကြီးများ ထောင်ထနေသည်။

ကောင်းကင်မြို့စားများမှာ မျက်လုံးပြူးသွားကြပြီး ထိုအမူအရာများ၏ အဓိပ္ပါယ်ကို မတွေးတောနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက အသံကုန်အော်ဟစ်လိုက်တော့သည်။

" ကျုံ့ဝင်စေ "

သူ၏မျက်ဝန်းများမှာ အလွန်အမင်း နီမြန်းနေပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများမှာလည်း ပေါ်ထွက်လာတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုမီးတောက်ကို ထပ်၍ ဖိနှိပ်လိုက်ကာ တစ်ဆယ့်ငါးမီတာအထိ ကျုံ့ဝင်သွားစေတော့သည်။

တစ်ဆယ့်ငါးမီတာအရွယ်အစား ကို နယ်နိမိတ်အပိုင်းအခြားတစ်ခုဟု သတ်မှတ်နိုင်သည်။ ဤအပိုင်းအခြား၏ အကျော်တွင် အရောင်အသစ်တစ်ခုကို ရှာတွေ့သည့်အခါ သူ၏ နတ်ဘုရားအာရုံနှင့် ၎င်းအရောင်ကို ချုပ်နှောင်လိုက်ပါက ဆယ့်ရှစ်ရောင်မြောက် အရောင်မှာ အပြည့်အဝပေါ်ထွက်လာမည်ဖြစ်ပြီး ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှာလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။

ယခုတွင် ထို တစ်ဆယ့်ငါးမီတာအကျယ်ရှိသော မီးပင်လယ်ထဲတွင် ထို ဆယ့်ရှစ်ရောင်မြောက်အရောင်ကို တွေ့နေရပြီဖြစ်သည်။ လူတိုင်းလူတိုင်းမှာ စိတ်ကူးနှင့်ပင် ပုံဖော်ပြသ၍ မရနိုင်လောက်သည့် ထိုအရောင်အသစ်ကို မြင်နေရပြီဖြစ်သည်။

၎င်းမှာ တစ်ခဏလေးမျှသာ ပေါ်လာသည်ဖြစ်သော်လည်း ထိုတစ်ခဏလေးမှာ ကောင်းကင်မြို့စားများအား ဖြစ်ပျက်နေသည်များကိုသိရှိသွားစေပြီး သူတို့၏ အတွေးများကို ဂယောက်ခြောက်ခြားဖြစ်သွားအောင် ပြုလုပ်ရန် လုံလောက်ပေသည်။

" ဒါ ဒါ "

" မအောင်မြင်ပါစေနဲ့။ သူကျရှုံးမှရမယ် "

" သူ သေချာပေါက် ကျရှုံးမှဖြစ်မယ် " ကောင်းကင်နယ်စားများမှာ အလွန်စိုးရိမ်ထိတ်လန့်စပြုနေပြီဖြစ်သည်။ ယနေ့သည် သူတို့အားလုံး ပူးပေါင်းကာ အတူတကွ ကြံစည်ခဲ့ကြသည့် ပထမဆုံးနေ့ရက်ဖြစ်သော်လည်း သူတို့လုံးဝမတွေးထားနိုင်သော အရာတစ်ခု ဖြစ်ပျက်နေပြီဖြစ်သည်။ သူတို့အားလုံးမှာ အထိန်းအကွပ်မဲ့သွားသည့်အလား မဖြစ်သွားသော်လည်း အများစုမှာမူ မထိန်းနိုင်တော့ပဲ အလန့်တကြား အော်ဟစ်ကုန်ကြသည်။

ဟဲမင်သည် မည်သည့်အချိန်ကမှန်းမသိ မဟာကောင်းကင်သခင်၏အနားတွင် မတ်တတ်ရပ်လျက်သားဖြစ်နေသည်။ လူတိုင်းမှာ စကားပြောဆိုနေကြသည်ကို သူကြားလိုက်ရသောအခါ သူ၏လက်ကို လေထဲတွင် လျင်မြန်စွာ ဝှေ့ယမ်းလိုက်သဖြင့် ဗလုံးထွေးပြောနေဆိုနေကြသော ကောင်းကင်မြို့စားများမှာ တုန်ရီသွားပြီး ပါးစပ်ပိတ်သွားကြတော့သည်။

မဟာကောင်းကင်သခင်မှာ ဟဲမင်ကို လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ ခဏအကြာတွင် သူ၏အကြည့်သည် ပိုင်ရှောင်ချန်းအပေါ်သို့ ပြန်ရောက်လာပြီး သူ၏ မျက်ဝန်းထဲရှိ ထူးဆန်းသောအလင်းရောင်မှာလည်း အချိန်နှင့်အမျှ ပို၍ တောက်ပလာသည်။ ကောင်းကင်နယ်စား ဆယ်ယောက်မှာမူ အသက်ပင်မှန်မှန် မရှူနိုင်ပဲ မည်သို့ဆက်၍ ဖြစ်ပျက်သွားမည်ကို စောင့်ဆိုင်းနေကြတော့သည်။

လူတိုင်းမှာ အာရုံအပြည့်ဖြင့် စူးစိုက်ကြည့်ရှုနေကြစဥ် ပိုင်ရှောင်ချန်းမှာမူ ချွေးများဖြင့် ရွှဲနေပြီး ထိုတစ်ဆယ့်ငါးမီတာအကျယ်ရှိသော မီးပင်လယ်ထဲသို့ စိုက်ကြည့်လိုက်လေသည်။ အသက်ရှူကြိမ်အနည်းငယ် ကုန်သွားသော်လည်း သူသည် ဆယ့်ရှစ်ရောင်မြောက်အရောင်ကို ဖမ်းဆုပ်ရာတွင် မအောင်မြင်သေးသောကြောင့် အချိန်ဖြုန်းနေရန်မလိုကြောင်း ဆုံးဖြတ်လိုက်တော့သည်။ သူက လုံးဝ တွေဝေမနေပဲ အားတင်းလိုက်ပြီး ထိုမီးပင်လယ်ကို ကိုးမီတာအထိရောက်အောင် ထပ်၍ ချုံ့လိုက်တော့သည်။

ထိုမီးပင်လယ်မှာလည်း ရပ်တန့်မနေပဲ ကိုးမီတာ အရွယ်အစားအထိ ကျုံ့ဝင်သွားတော့သည်။

ထိုကိုးမီတာ အရွယ်အစား ရှိသော မီးပင်လယ်မှာ အင်အားအပြည့်ဖြင့် ကြမ်းတမ်းစွာ ရုန်းကန်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ တဂျုန်းဂျုန်းမြည်ဟည်းနေတော့သည်။ မီးတောက်များ၏ တဖျတ်ဖျတ် လင်းလက်နေမှုများမှာ အရှိန်နှေးလာသဖြင့် လူများမှာ ထိုမီးတောက်ကို ပို၍ရှင်းရှင်းလင်းလင်း မြင်လာရတော့သည်။ ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာမူ ပျော်ရွှင်မှုများဖြင့် တောက်ပသွားပြီး သူ၏နတ်ဘုရားအာရုံကို ထိုမီးထဲသို့ စေလွှတ်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏နတ်ဘုရားအာရုံမှာ ထိုမီးတောက်အတွင်းထဲထိ ဝင်ရောက်သွားပြီး... ဆယ့်ရှစ်ရောင်မြောက်အရောင်ကို ချုပ်နှောင်လိုက်တော့သည်။

နားစည်များပင် ကွဲသွားနိုင်လောက်သည့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး အရာရာတိုင်း တုန်ခါသွားတော့သည်။ ထို ဆယ့်ရှစ်ရောင်မြောက်အရောင်မှာ မကြာသေးမီက အားအင်ချည့်နဲ့နေသည့်ပုံ ပေါ်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက ၎င်းအတွင်းသို့ ဝင်ရောက်သွားသောအခါတွင် ထိုအရောင်မှာ မျက်စိကျိန်းစရာ ကောင်းသော အရောင်များဖြင့် တောက်ပလာ၏။ ထိုအရောင်မှာ အခြားအရောင် ဆယ့်ခုနစ်ရောင် မည်သို့မည်ဖုံပင် တွေးတောနေစေကာမူ သူသည် ထိပ်ဆုံးအဆင့်ထိ တက်လှမ်းလိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည့်အလား။

ထိုမြင်ကွင်းမှာ မီးရှူးမီးပန်းများနှင့်ပင် ဆင်တူ၏။ ကိုးမီတာအကျယ်ရှိသော မီးပင်လယ်ထဲတွင် ထိုဆယ့်ရှစ်ရောင်မြောက်အရောင်မှာ ပို၍အားကောင်းကာ တည်ငြိမ်လာပြီး အခြားသော ဆယ့်ခုနစ်ရောင်နှင့်အတူ မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များနှင့် တောက်ပလာသောအခါ ပိုင်ရှောင်ချန်းမှာ ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။

ထိုအချိန်မှာပင် ကောင်းကင်သခင် ခန်းမ၏ အထက်ရှိ ကောင်းကင်ရှိ တိမ်တိုက်များမှာ ဝဲဂယက်ထလာပြီး မရေမတွက်နိုင်သော လျှပ်စီးများ တဖျတ်ဖျတ် လင်းလက်စ ပြုလာတော့သည်။

မိုးခြိမ်းသံများမှာလည်း တအုန်းအုန်းနှင့် မြည်ဟည်းနေသဖြင့် တော်ဝင်နန်းတော် တစ်ခုလုံး တုန်ခါနေရသည်။ တိမ်တိုက်များအကြားရှိ ရွှေရောင်နဂါးကြီးပင်လျှင် အံ့အားသင့်သွားရပြီး ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားတော့သည်။

ထို တအုန်းအုန်း မြည်ဟည်းနေသော မိုးခြိမ်းသံများမှာ ကောင်းကင်သခင်ခန်းမအထိ ဝင်ရောက်လာတော့သည်။ သို့သော်လည်း မည်သူမှ ထိုအသံများကို ဂရုမစိုက်ကြပေ။ သူတို့မှာ နားများပင်းနေသည့်အလား ဖြစ်နေသည်။ အံ့သြမှုလှိုင်းများ၏ အဆက်မပြတ် ရိုက်ခတ်ခြင်းကို လူတိုင်း ခံနေရပြီး ပြင်ပလောကရှိ အရာအားလုံးကို လျစ်လျူရှု၍ ပိုင်ရှောင်ချန်းတစ်ယောက်ထဲကိုသာ အာရုံစိုက်နေကြသည်။

ပိုင်ရှောင်ချန်းမှာလည်း အလွန်စိတ်လှုပ်ရှားနေသည်။ သူကိုယ်တိုင်ပင်လျှင် ကိစ္စအဝဝမှာ ယခုကဲ့သို့ချောမွေ့နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် သူ၏မျက်နှာဖုံးကိုသုံးကာ အကျိုးသက်ရောက်မှုများကို မဖုံးကွယ်ထားသဖြင့် အရာရာတိုင်းမှာ လူတိုင်းထင်ထားသည်ထက်ပင် များစွာပို၍ တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။ သူလိုချင်သည်မှာလည်း ထိုသို့ပင်ဖြစ်သည်။

သူက အသက်ရှူသံကို ကြိုးစား၍ ထိန်းချုပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ထိုဆယ့်ရှစ်ရောင်ခြယ်မီးပင်လယ်ကို ဖြည်းညင်းစွာ တည်ငြိမ်သွားစေလိုက်သည်။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ထိုကိုးမီတာ မီးပင်လယ်ရှိရာသို့ လက်ကိုဆန့်ထုတ်လိုက်ပြီး ဖမ်းဆုပ်သည့် ပုံစံလုပ်လိုက်သည်။

" စုစည်းစေ "

သူက အမိန့်ပေးလိုက်သည်။ ထိုအခါ မီးပင်လယ်ကြီးမှာ သူ၏လက်ဆီသို့ပြေးလာပြီး ကောင်းကင်သခင်ခန်းမအပြင်ဘက်ရှိ မိုးခြိမ်းသံများမှာ ပို၍ ကျယ်လောင်လာတော့သည်။ ခန်းမထဲရှိ လူတိုင်းမှာမူ တွေးတောနိုင်စွမ်းများပင် ဆုံးရှုံးသွားသည့်အလား ဖြစ်သွားကြပြီး ပိုင်ရှောင်ချန်းတစ်ယောက် မီးပင်လယ်ကြီးကို စုစည်းယူနေသည်ကို ဆွံ့အစွာဖြင့် ငေးကြည့်နေကြတော့သည်။

ထိုမီးပင်လယ်ကြီးမှာ ကိုးမီတာမှစ၍ ဝဲဂယက်တစ်ခုကဲ့သို့ လည်ပတ်ရင်းလည်ပတ်ရင်း ခြောက်မီတာ၊ သုံးမီတာ၊ နှစ်မီတာ၊ တစ်မီတာ... မီတာဝက်အထိ ရောက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အသံကုန်အော်ဟစ်လိုက်ပြီး မီးပင်လယ် ပတ်ပတ်လည်တွင် သူ၏လက်ချောင်းများကို ဖြည်းညင်းစွာ ဆုပ်လိုက်တော့သည်။

" ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် အချိန်ကျပြီ "

သူက ခန်းမကြီးတစ်ခုလုံးကို တုန်ခါနေစေသည့် မိုးခြိမ်းသံကြီးထက်ပင် ပို၍ကျယ်လောင်သည့် အသံဖြင့် အော်ပြောလိုက်သည်။ တချိန်ထဲမှာပင် ထိုမီးမှာ သူ၏လက်သီးဆုပ်အတွင်း ပျောက်ကွယ်သွားတော့သည်။

သူ ထိုမီး၏ပတ်ပတ်လည်တွင် လက်သီးဆုပ်လိုက်သည့် အချိန်တစ်ခဏမှာ ကောင်းကင်သခင်ခန်းမအတွင်းရှိ လူတိုင်းအတွက် စိုးရိမ်ထိတ်လန့်စရာအကောင်းဆုံး အချိန်ဖြစ်နေခဲ့သည်။ သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်မှာ မီးမဟုတ်ပဲ ကောင်းကင်မြို့စား ရှစ်ဆယ့်ကိုးယောက်တို့၏ နှလုံးသားများ၊ ကောင်းကင်နယ်စား ဆယ်ယောက်၏နှလုံးသားများ နှင့် မဟာကောင်းကင်သခင်၏ နှလုံးသား ဖြစ်နေသည့်အလား။

မျက်လုံးများအားလုံးမှာ သူ၏လက်အပေါ်သို့ရောက်နေကြပြီး အသံတစ်သံမျှပင် မကြားရပေ။ မိုးခြိမ်းသံများမှလွဲ၍ မဟာခန်းမကြီးမှာ လုံးဝတိတ်ဆိတ်နေသည်။ ထိုခန်းမကြီးမှာ အချိန်စီးကြောင်း၏ အပြင်ဘက်သို့ ရောက်နေသည့်ပမာ ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်း၏အတွေးထဲတွင် စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်မှုများဖြင့် ဆူညံနေပြီး သူ၏နီမြန်းနေသော မျက်ဝန်းများမှာ ပျော်ရွှင်မှုများနှင့် အသက်ဝင်နေသည့်အလား။

လူတိုင်းမှာ သူ၏ညာလက်ကို ငေးကြည့်နေသည့်အချက်ကြောင့် ပို၍ပင် ပျော်ရွှင်နေရသည်။ ချန်ဟောက်စုန့်နှင့် အခြားသော နယ်စားများ၏ မျက်ဝန်းများထဲရှိ စိုးရိမ်ပူပန်နေသည့် အကြည့်များအပြင် ကျောက်ရှောင်လင်းနှင့် အခြားမြို့စားများ၏ စိုးရိမ်ထိတ်လန့်နေမှုများကို သူက အတိုင်းသားမြင်နေရသည်။ ယခုအချိန်တွင် ပိုင်ရှောင်ချန်းခံစားနေရသည့် ဂုဏ်ယူမှုကို စကားလုံးများနှင့် ဖော်ပြ၍ရနိုင်မည်မဟုတ်ပေ။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ အသေးစိတ်ကြည့်နေကြသော မှူးမျိုးမတ်နွယ်များ၏ မျက်ဝန်းများ အောက်တွင် သူ၏လက်ချောင်းများကို အလွန့်အလွန်ဖြည်းညင်းစွာ ဖြန့်လိုက်လေသည်။ သို့သော် ထိုသို့သော လှုပ်ရှားမှု အသေးစားလေးကြောင့်ပင် အတွင်းမှ မီးတောက်အချို့ ပေါ်ထွက်လာသဖြင့် လူအများမှာ ပင့်သက်ရှိုက်ကုန်ကြသည်။

ထိုအသံများကြောင့် ပိုင်ရှောင်ချန်းမှာ များစွာထပ်၍ ပျော်ရွှင်ကျေနပ်နေရပြန်သည်။သူသည် ရင်တဒိန်းဒိန်းခုန်လျက် အလွန့်အလွန်ဖြည်းညင်းစွာ သူ၏လက်ချောင်းများကို ဖွင့်လိုက်သောအခါ မီးတောက်မှာ ပို၍ပေါ်ထွက်လာပြီး ပင့်သက်ရှိုက်သံများမှာလည်း ထပ်မံပေါ်လာကြတော့သည်။

သူသည် ယခုထက်ပိုသော ပင့်သက်ရှိုက်သံ များကို မျှော်လင့်နေပါသော်လည်း သူ၏လက်ချောင်းများကို ဖြည်းဖြည်းသာ ဖြန့်နိုင်သည်။ အဆုံးတွင် မီးတောက်တစ်ခုလုံး ပေါ်ထွက်လာပြီး သူ၏လက်ဖဝါးအပေါ်တွင် ရစ်ဝဲနေတော့သည်။

သူက အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။

“ မီးတောက်ထဲမှာ အရောင်ဘယ်နှစ်ခုပါသလဲဆိုတာ ဘယ်သူပြောပြနိုင်လဲ "

ထိုစကားလုံးများကို သူသည် ယုံကြည်မှုအပြည့်ရှိကာ အထက်စီးဆန်သော လေသံဖြင့် ဆိုလိုက်သည်။ ထိုစကားများထဲတွင် ၎င်းကို မည်သူမှ မထီမဲ့မြင်မပြုနိုင်လောက်အောင် မောက်မာဝင့်ကြွားမှုများအပြည့်ပါဝင်နေသည်။

သူ၏လက်ထဲရှိမီးတောက်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း ပြည့်ပြည့်ဝဝ မြင်နေနိုင်ပြီဖြစ်သည်။

သူ၏မျက်ဝန်းအိမ်များထဲတွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်၏ ပုံရိပ်မှာ ထင်ရှားလှပစွာ ရောင်ပြန်ဟပ်နေတော့သည်။

All Chapters