မိုးကြိုးပြစ်ဒဏ်
Vol. 9 Ch. 807
ခန်းမကြီးတစ်ခုလုံးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်နေသည်။ ပိုင်ရှောင်ချန်း၏ စကားသံများနှင့် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တို့မှာ လူတိုင်းကို ဖော်ပြ၍မရနိုင်လောက်အောင် အံ့အားသင့်နေစေပြီး သူတို့၏ နှလုံးသားများကို တဒိန်းဒိန်းခုန်နေစေတော့သည်။
ကောင်းကင်နယ်စားကြီးများနှင့် မြို့စားများမှာ မိုးကြိုးအချက်ပေါင်း တစ်သိန်းခန့် ပစ်ခံထားရသည့်အလား ဆွံ့အနေကြတော့သည်။
ရှိရှိသမျှ လူတိုင်းမှာ သူတို့၏ မျက်နှာကို ဧရာမလက်ဝါးကြီးတစ်ခုက ရိုက်နှက်လိုက်သည့်အလား ခံစားနေရသည်။
ခဏအကြာတွင် ထိုတိတ်ဆိတ်မှုကြီး ပျောက်ကွယ်သွားပြီး တအံ့တသြဖြစ်နေကြသည့် အာမေဋိတ်အသံများ ပေါ်ထွက်လာတော့သည်။
" မဖြစ်နိုင်ဘူး။ ဒါ...ဒါ... မဖြစ်နိုင်ဘူး။ "
" ဆယ့်...ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ပါလား "
" သူက လောကဓာတ်အောက်လမ်းဆရာပေါ့ "
" ကောင်းကင်ကြီးက မျက်လုံးမပါဘူးပဲ။ ဒီလိုဖြစ်လာစရာအကြောင်း လုံးဝမရှိဘူးလေ "
ခန်းမထဲတွင် ပထမဆုံးထွက်လာသည့်အသံမှာ ဆီပူများထည့်ထားသော အိုးကြီးထဲသို့ ပစ်ထည့်လိုက်သည့် ရေခဲတုံးတစ်လုံးအလား။ ချက်ချင်းပင် ခန်းမထဲတွင် အော်ဟစ်သံများမှာ ကျွက်ကျွက်ညံသွားတော့သည်။ ကောင်းကင်မြို့စားများ၏ မျက်နှာများမှာ အသက်မရှိတော့သည့်အလား ဖြူဆုတ်သွားကြပြီး သူတို့၏ အမူအရာများမှာ လုံးဝမယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။
" ဒါ အမှန်မဟုတ်နိုင်ဘူး "
" သောက်ကျိုးနည်း၊ သောက်ကျိုးနည်း၊ သောက်ကျိုးတွေနည်းပြီဟေ့။ သူ လောကဓာတ်အောက်လမ်းဆရာ တစ်ယောက်ဖြစ်သွားတာ ငါ့ဖြင့်မယုံနိုင်ဘူး “
" ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ သူက ချောင်ပိတ်မိနေပြီး အသက်အန္တရာယ်နဲ့ကြုံနေရတာတောင် အသာစီးရသွားတုံးပဲလား။ ကောင်းကင်ရဲ့ ဥပဒေသတွေ ဘယ်ရောက်ကုန်ပြီလဲ။ မြင့်မြတ်လှတဲ့ တာအိုရဲ့ သစ္စာတရားတွေကရော ဘယ်ရောက်ကုန်ပြီလဲ "
ကောင်းကင်မြို့စားများမှာ သူတို့၏ စိတ်ဝိညာဥ်များကို တောင်စဥ်တန်းကြီးတစ်ခုလုံးက ဝင်တိုက်လိုက်သည့်အလား ခံစားလိုက်ရပြီး အချို့မှာ စိတ်အခြေအနေပင် မူမမှန်ကြတော့ပေ။
သူတို့သည် စိတ်တန်ခိုးမရှိခြင်းမဟုတ်သလို အသိဉာဏ်မဲ့နေကြသည်လည်း မဟုတ်ပေ။ ပိုင်ရှောင်ချန်းမှာ လုံးဝမျှော်လင့်မထားသည့် ကောင်းကင်ကချီးမြှင့်ပေးသော အရာကြီးတစ်ခုကို လုပ်ပြနိုင်လိုက်ခြင်းသာဖြစ်သည်။ သူသည် လက်ရှိအခြေအနေကို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနှင့် ပြောင်မြောက်စွာ စွမ်းဆောင်ကာ ပြောင်းလဲသွားသည့်အချက်ကို သူတို့မှာ လုံးဝလက်မခံနိုင်လောက်အောင်ဖြစ်နေရသည်။
မကြာသေးမီကပင် ပိုင်ရှောင်ချန်းမှာ သေချာပေါက်သေတော့မည်ဖြစ်ကြောင်း သူတို့အားလုံး လုံးဝ ယုံကြည်သေချာနေခဲ့ကြသည်။ ထို့နောက် တစ်ခဏအကြာတွင် ထိုကြီးမားလှသော ယုံကြည်ချက်များမှာ အစအနပင် မကျန်လောက်အောင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
ကျောက်ရှောင်လင်းဆိုလျှင် အသားများ တဆတ်ဆတ်တုန်ရီကာ ဂနာမငြိမ် ဖြစ်နေပြီး သူ၏မျက်ဝန်းများမှာလည်း ကြက်သွေးရောင်အလား နီမြန်းနေသည်။ ပိုင်ရှောင်ချန်း ယခုလေးတင်လုပ်ပြလိုက်သည့် အရာကြီးကို သူ၏နှလုံးသားမှာ လုံးဝမယုံကြည်နိုင်သည့်သဖြင့် သူသည် ရူးသွပ်နေပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ပူးကပ်ခြင်းကို ခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။
ထို့နောက် သူသည် ဖျတ်ခနဲ အကြံတစ်ခုရသွားပြီး အော်ဟစ်လိုက်တော့သည်။
" မင်းက အရင်ထဲက လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်နေခဲ့တာပဲ ပိုင်ဟောက်။ မင်းအခုလို တမင်ဖြစ်အောင်လုပ်ခဲ့တာ။ ကျိုးဝူတောက်ကို မသတ်ခင်ထဲက မင်းက ဆယ့်ရှစ်ရောင်ခြယ်မီးတောင်ကို ဖန်တီးနိုင်နေပြီဆိုတာ မင်းကိုယ်မင်း သိနေတာပဲ။ အဲဒါကြောင့် မင်းဒီလို ယုံကြည်မှု အပြည့်ရှိနေတာ။ မင်းတမင်လုပ်ခဲ့တာပဲ။ သောက်ကျိုးနည်းကွာ၊ မင်းကငါတို့အားလုံးက နှစ်ပေါက်တစ်ပေါက် ရိုက်သွားတာပဲ "
လျှိုယုံမှာလည်း ဤအခြေနေကို လုံးဝလက်ခံလိုစိတ်မရှိပေ။
" အရှက်မရှိလိုက်တာ။ ရွံဖို့ကောင်းလိုက်တာ "
သူက အော်ဟစ်နေတော့သည်။ သူ၏ နှလုံးသားထဲတွင်မူ အကြောက်တရားများက စိုးမိုးနေစပြုနေပြီဖြစ်သည်။ သူသည် ဂုဏ်အရှိန်အဝါကို လိုချင်တပ်မက်ခဲ့သည့်အတွက် ပိုင်ရှောင်ချန်းကို အခြားလူများအားလုံးထက် ပို၍စော်ကားပြောဆိုခဲ့သည် မဟုတ်ပါလော။
ကောင်းကင်မြို့စားအကုန်လုံး အလွန်အမင်း အံ့အားသင့်နေကြသည်မဟုတ်သော်လည်း အများစုမှမူ အံ့သြနေကြသည်။ သူတို့မှာ ထိုသို့အော်ဟစ်နေစဥ် ပိုင်ရှောင်ချန်းမှာ ဝင့်ကြွားစွာဖြင့် မတ်တတ်ရပ်ကာ လူတိုင်း ရူးသွပ်လုမတတ်ဖြစ်နေကြသည့် မြင်ကွင်းကိုကြည့်နေလိုက်တော့သည်။ ထို့နောက် ထိုသူများမှာ သူ့အား မည်သို့သောဒုက္ခများပေးခဲ့ကြောင်းနှင့် သူ့အားကွပ်မျက်ရန်အတွက် မည်သို့အစွမ်းကုန်ကြိုးစားခဲ့ကြောင်းကို ပြန်မှတ်မိသွားသောအခါ သူက ပို၍ပင်ကျေနပ်သွားတော့သည်။
" အခုတော့ ခပ်နာနာ အရိုက်ခံရတဲ့အရသာကို ခင်ဗျားတို့သိပြီမလား "
သူက မိုးခြိမ်းသံကဲ့သို့သောအသံကြီးဖြင့် ချောင်းဟန့်ကာ ဆိုလိုက်သည်။
" ခင်ဗျားတို့က ကျုပ်နဲ့ယှဥ်နိုင်မယ်ထင်နေတာလား။ ကျုပ်ရဲ့ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်က အတုပါလို့ ခင်ဗျားတို့ကပြောလို့ရမယ် ထင်နေတုံးလား။ ခင်ဗျားတို့အရူးတွေအကုန် ပါးစပ်ပိတ်နေလိုက်တော့ " သူ၏ အသံမှာ ထိုနေရာတစ်ဝိုက်တွင် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသဖြင့် အော်ဟစ်မြည်တမ်းနေကြသည့် ကောင်းကင်မြို့စားများမှာ ရုတ်တရက် ပါးစပ်များပိတ်သွားကြတော့သည်။
" ပိုင်ရှောင်ချန်းဆိုတဲ့ ကျုပ်လက်ဖျောက်တစ်ချက် တီးလိုက်တာနဲ့ ခင်ဗျားတို့အားလုံး ပြာကျသွားစေရမယ် " သူသည် ထိုစကားများကိုမူ စိတ်ထဲတွင်သာ ရေရွတ်လိုက်သည်။ သို့သော်လည်း ထိုပါးစပ်က မပြောလိုက်သည့်စကားများကို သိသာစေရန် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်လေသည်။
သူသည် အလွန်အမင်း ကျေနပ်နေသည့်အတွက် သူ၏အရေပြားများပင် စပ်ဖျဥ်းစပ်ဖျဥ်း ဖြစ်နေရသည်။ ယခုတွင်မူ သူသည် ကောင်းကင်တံတားမြစ်ဒေသတွင် ရှိခဲ့စဥ်ကပင် မရရှိခဲ့သော လွတ်လပ်မှုမျိုးနှင့် ပွင့်လင်းစွာနေထိုင်နိုင်မှုတို့ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။
သူ၏အတွေးထဲတွင် ထိုအတွေးများ ပြေးနေသဖြင့် သူသည် ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ ထိုရယ်သံကြီးမှာ ရှိသမျှ လူတိုင်း၏နှလုံးသားများထဲသို့ အပ်ချောင်းများဖြင့် ထိုးစိုက်နေသည့်အလား ဖြစ်နေသောကြောင့် သူတို့အားလုံးမှာ မမျိုသိပ်ထားနိုင်လောက်အောင် အစော်ကားခံလိုက်ရသလို ဖြစ်နေကြတော့သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သူတို့မည်မျှပင် ဒေါသထွက်နေစေကာမူ ဂရုမစိုက်ပေ။ သူသည် သူတို့အားထိုသို့ ခံစားစေချင်သည်သာဖြစ်သည်။ သူသည် ယခုထက်ပင် ပို၍ကျေနပ်နေသင့်သည်ဟုပင် သူ့ကိုယ်သူတွေးနေတော့သည်။ ထို့နောက် ဆက်လက်ရယ်မောကာ ရုတ်တရက်ဆိုသလို ကျောက်ရှောင်လင်းအား လက်ညှိုးထိုးလိုက်သည်။
" ကောင်းကင်မြို့စားကျောက်ရေ။ ကျုပ် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနိုင်ရင် ခင်ဗျားဘာလုပ်မယ်လို့ ပြောထားသလဲ။ လာလာ၊ ဒီကိုလာပြီး ဒူးထောက်အရိုအသေပေးပါဦး "
ထိုအခါတွင် ကျောက်ရှောင်လင်း၏ မျက်နှာမှာ နီမြန်းကာ ခရမ်းရင့်ရောင်ပင် ယှက်သန်းလာပြီး သွားများကြေမွတော့မည့်အလား အားပါပါနှင့် အံကြိတ်နေတော့သည်။ ယခုတွင်မူ သူသည် ကျုံ့ဝင်ကာ ပျောက်ကွယ်သွားနိုင်မည့် အက်ကွဲကြောင်းများ မြေကြီးပေါ်တွင်ပေါ်လာစေရန် ဆုတောင်းနေမိတော့သည်။
ကောင်းကင်မြို့စားများပင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကြောင့် အသိစိတ်လွတ်လုမတတ်ဖြစ်သွားကြသည်မဟုတ်ပေ။ ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စားများမှာလည်း တုန်လှုပ်လွန်း၍ အသက်ရှူသံများ မြန်နေတော့သည်။ အချို့သောနယ်စားများဆိုလျှင် ပိုင်ရှောင်ချန်းအား ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသော အကြည့်များဖြင့်ကြည့်နေကြသည်။
သူတို့မှာ ပိုင်ရှောင်ချန်းနှင့် သဘောထားကွဲလွဲမှုအသီးသီး ရှိကြသော်လည်း ယခုတွင်မူ သူ၏လုပ်ရပ်ကို မကြောက်ရွံ့မလေးစားပဲ မနေနိုင်တော့ပေ။
သူတို့ပင်လျှင် ပိုင်ရှောင်ချန်းမှာ ဤအခြေအနေထဲမှ အသက်ရှင်လျက်ထွက်သွားနိုင်မည်ဟု မတွေးထားသော်လည်း သူက အံ့အားသင့်ဖွယ်ကောင်းစွာ ထွက်ပြသွားသည်။ ယခုတွင် သူတို့ထက်ပို၍ တန်ခိုးအာဏာကြီးမားသူများကိုသာ ပေးလေ့ရှိသည့် လေးစားမှုမျိုးကို ပိုင်ရှောင်ချန်းက ရသွားပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ဤအဖြစ်အပျက်အားလုံးမတိုင်ခင် ယခင်ထဲက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနိုင်စွမ်းရှိနေခဲ့သည့်အချက်မှာ မှန်နေပင်လျှင် သူတို့အတွက် အရေးမပါတော့ပေ။ ၎င်းအချက်မှာ သူမည်မျှကြောက်မယ်ဖွယ်ကောင်းသည်ကိုပင် ဖော်ပြနေသည်မဟုတ်ပါလော။
ကောင်းကင်နယ်စားတိုင်း ထိုသို့တွေးတောခံစားနေသည်တော့မဟုတ်။ အချို့၏အမူအရာများမှာ အလွန်တင်းမာနေပြီး အထူးသဖြင့် မုတ်ဆိတ်ရှည် နယ်စားကြီးနှင့် ချန်ဟောက်စုန့်တို့မှာ အဆိုးဆုံးပင်။ ချန်ဟောက်စုန့်မှာ အံကိုကြိတ်ကာ စကားမပြောမိစေရန် ထိန်းနေရုံမှတစ်ပါး အခြားမလုပ်နိုင်တော့ပေ။
သူခံစားနေရသော ခံပြင်းမှုများကြောင့် ရူးသွပ်လုမတတ်ဖြစ်နေတော့သည်။ သူသည် နတ်အဆင့်မဟာစက်ဝန်းတွင် ရှိနေသော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူသည် ဗဟိုဧကရာဇ်မင်းဆက်၏ ကောင်းကင်နယ်စားတစ်ယောက်ဖြစ်ပြီး ရာထူးအမြင့်ဆုံးများထဲမှ တစ်ယောက်လည်းဖြစ်သည်။ သို့သော်လည်း သူသည် ပိုင်ရှောင်ချန်း၏ ကန့်လန့်ကန့်လန့် လုပ်မှုများကို အကြိမ်ကြိမ်ခံခဲ့ရသည်ဖြစ်ပြီး ယခု သူသေတော့မည်ဟု သေချာပေါက်တွက်ထားသောအချိန်မှာလည်း ယခုကဲ့သို့ ဖြစ်သွားရပြန်သည်။ သူမည်မျှပင် စိတ်ပျက်လက်ပျက်ဖြစ်ကာ အရှုံးများအား ခံစားနေရမည်ကို တွေးကြည့်နိုင်ပေသည်။
" ဒီကလေးက ငါ့ကို အနိုင်ယူသွားတာ မယုံနိုင်ဘူး " သူက နာကျည်းစွာတွေးနေတော့သည်။ ယခုတွင် သူသည် ပိုင်ရှောင်ချန်းကို အလွယ်တကူ မကောင်းကြံစည်၍ ရတော့မည်မဟုတ်ကြောင်း သိလိုက်လေသည်။ သူသည် ကောင်းကင်နယ်စားတစ်ယောက်ကိုသာ သတ်ခဲ့သည် မဟုတ်ပါလော။ လူအများစုမှာ ထိုသို့သောလုပ်ရပ်မျိုးကြောင့် ပြစ်ဒဏ်ကြီးကြီးမားမား အချခံရမည်ဖြစ်သော်လည်း လောကဓာတ်အောက်လမ်းဆရာတစ်ယောက်မှာမူ မလိုပေ။ သူသည် ပြစ်ဒဏ်အနည်းငယ် ခံရမည်ဖြစ်သော်လည်း သူ၏အသက်မသေမှာတော့ အမှန်ပင်။
လောကဓာတ်အောက်လမ်းဆရာ တစ်ယောက်ဖြစ်သွားပါက မည်သူမှ ပြန်၍မတွန်းလှန်နိုင်သည့် ကြောက်မက်ဖွယ် ကာကွယ်မှုအဆင့်အတန်းတစ်ခုကို ရသွားမည်ဖြစ်သည်။
မဟာကောင်းကင်သခင်ပင် လျှို့ဝှက်သောနည်းဖြင့်မဟုတ်ပါက ပိုင်ရှောင်ချန်းအား သတ်နိုင်တော့မည်မဟုတ်ပေ။ သူသာ ပေါ်ပေါ်ထင်ထင် သတ်လိုက်ပါက ဗဟိုဧကရာဇ်မင်းဆက်ထဲရှိ လူများအားလုံး အပြင်းအထန်ပုန်ကန်ကြမည်သာဖြစ်သည်။
ဗဟိုဧကရာဇ်မင်းဆက်ထဲတွင် လောကဓာတ်အောက်လမ်းဆရာများမှာ ကျောက်မျက်ရတနာများကဲ့သို့ ရှားပါးကာ တန်ဖိုးကြီးမားလှသည်မဟုတ်ပါလော။
ယခုတွင် မြေရိုင်းဒေသ၌ လောကဓာတ်အောက်လမ်းဆရာ သုံးယောက်သာ ရှိကြသည်။ သူတို့သည် ရံဖန်ရံခါမှသာ အဝေးမှနေ၍ ငေးကြည့်နိုင်သော နတ်နဂါးများကဲ့သို့ဖြစ်နေသည့် လူများဖြစ်ပြီး အောက်လမ်းအတတ်၏ နောက်တစ်ဆင့်သို့ဖောက်ထွက်နိုင်ရန် အမြဲတစေ အပတ်တကုတ်ကြိုးစားနေတတ်သော နယ်လှည့်သွားလာသူများ ဖြစ်ကြသည်။ သူတို့သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဗဟိုဧကရာဇ်မင်းဆက် ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့စဥ်ထဲက မအောင်မြင်နိုင်သေးသည့်အရာကြီးတစ်ခုကို သူတို့မှာ အာရုံအပြည့်စိုက်၍ ကြိုးစားဆောင်ရွက်နေကြသည်။ ၎င်းမှာ အာကာသအောက်လမ်းဆရာအဆင့်သို့ ဖောက်ထွက်ရန်ဖြစ်သည်။
လောကဓာတ်အောက်လမ်းဆရာ တစ်ယောက် ပေါ်ထွက်လာပါက ကောင်းကင်နယ်စားများမှာ ထိုလူအား ရိုသေလေးစားမှုအပြည့်ဖြင့် ဆက်ဆံရမည်ဖြစ်သည်။ မဟာကောင်းကင်သခင်လည်း ထိုနည်းတူပင်။ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ကို သတ်ရဲသောသူသည် မြေရိုင်းဒေသ၏ အဓိက အုတ်မြစ်ကြီးကို နှောင့်ယှက်နေသကဲ့သို့ဖြစ်နေမည်လည်းဖြစ်သည်။
ထိုအတွေးများမှာ ကောင်းကင်မြို့စားများ၊ နယ်စားများနှင့် မဟာကောင်းကင်သခင်တို့၏ ခေါင်းထဲတွင် ပြေးနေကြပြီဖြစ်သည်။ မဟာကောင်းကင်သခင်မှာ ပိုင်ရှောင်ချန်းကိုကြည့်လိုက်ပြီး သူယခင်က ထမ်းရွက်ပေးခဲ့သည့် ကြီးမားသော ကိစ္စကြီးနှစ်ခုကိုပြန်တွေး၍ အလွန်စိတ်နှလုံးလှုပ်ရှားကာ ကျေးဇူးများတင်နေတော့သည်။
" လုံးဝကို ရင်သက်ရှုမောဖွယ်ပါပဲ "
သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ အလွန့်အလွန်ကျေနပ်နေသည်။ ယခုသည် မြေရိုင်းဒေသထဲတွင် သူ၏ ဂုဏ်ယူစရာအကောင်းဆုံး အချိန်ဖြစ်ပြီး သူသည် လူအုပ်ကြီးကို ပို၍ စိတ်အနှောင့်အယှက်ဖြစ်သွားအောင် လုပ်ရန်ပြင်လိုက်စဥ် ရုတ်တရက်ဆိုသလို နားစည်များပင် ကွဲသွားနိုင်သည့် အုန်းခနဲ မြည်သံကြီးတစ်သံ ပေါ်ထွက်လာသည်။
ထိုအသံမှာ ကျယ်လွန်းလှသဖြင့် တော်ဝင်နန်းတော် တစ်ခုလုံး တုန်ရီသွားရပြီး တုန်လှုပ်ဖွယ်ကောင်းလွန်းလှသဖြင့်ကောင်းကင်သခင် ခန်းမထဲရှိ လူတိုင်းမှာ အပေါ်သို့မော့ကြည့်လိုက်ကြပြီး မျက်နှာကျက်ကို ဖောက်ထွင်းကြည့်ကာ အထက်ရှိ ကောင်းကင်ယံကို အကဲခတ်လိုက်ကြသည်။
သူတို့အားလုံးမှာ မြင်လိုက်ရသောအရာကြီးကြောင့် မျက်နှာပျက်သွားရသည်။
ပိုင်ရှောင်ချန်းမှာမူ တော်ဝင်နန်းတော် အထက်ရှိ ကောင်းကင်ယံတွင် အလွန်ထူးဆန်းေသာ ဖြစ်ရပ်တစ်ခုဖြစ်နေပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်သည်။
" မိုးကြိုးအပြစ်ဒဏ် "
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
" ဒါ၊ ဒါ လောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ်ပဲ "
" ဟေးး ခဏနေပါဦး။ ပိုင်ဟောက်က လောကဓာတ်အောက်လမ်းဆရာ တကယ်မဖြစ်သေးဘူးလေ။ လောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ်ကို ကျော်လွှားပြီးမှ လောကဓာတ်အောက်လမ်းဆရာ ဖြစ်မှာ "
" ဟားဟား။ ငါတို့ဆီမှာ အခွင့်အရေး ရှိသေးတယ်ဟေ့ "
ခဏအကြာတွင် ကျောက်ရှောင်လင်းနှင့် ကောင်းကင်မြို့စားများစွာမှာ ပျော်ရွှင်လွန်းလှ၍ အော်ဟစ်နေကြတော့သည်။