← Chapters

လာစမ်းပါ

Vol. 9 Ch. 808

လာစမ်းပါ

Vol. 9 Ch. 808

ပိုင်ရှောင်ချန်း လူအများပြောနေသည်ကို ကြားသောအခါ စိတ်တိုတိုနှင့် အော်ငေါက်လိုက်သည်။

" ချီးမလို့ အခွင့်အရေးရှိမှာလား"

သူက စိတ်လှုပ်ရှားနေပုံပေါ်နေသည့် ကောင်းကင်မြို့စားများအားလုံး၏ မျက်နှာများကို မှတ်ထားလိုက်ပြီးနောက် ကျောက်ရှောင်လင်းကို အချိန်အနည်းငယ်ကြာသည်အထိ ဒေါသတကြီး စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

ကျောက်ရှောင်လင်း မည်မျှ ယုတ်မာကြောင်း စဥ်းစားလိုက်ရင်း သူက ယခုအချိန်မှစပြီး သူ့ကို တွေ့သည့်အချိန်တိုင်း ဒူးထောက်အရိုအသေပေးခိုင်းမည်ဟု ချက်ချင်း သန္နိဋ္ဌာန်ချလိုက်သည်။

သို့သော် ယခုအချိန်သည် ကျောက်ရှောင်လင်းနှင့်ပတ်သက်၍ အထူးစိုးရိမ်နေရမည့် အချိန်မဟုတ်ပေ။ ကောင်းကင်ထက်ရှိ တိမ်တိုက်များ ပျောက်ကွယ်သွားခဲ့ပြီး မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ဝင်ရောက်လာပြီ ဖြစ်သည်။

၎င်းတို့သည် ဒေါသထွက်နေသော မြွေနဂါးကြီးများနှင့်တူပြီး မိုးကောင်းကင်တွင် နားကွဲလုမတတ် ထစ်ခြုန်းသံကြီးများ ပြည့်နှက်နေတော့သည်။

မိုးကောင်းကင်သည် မိုးကြိုးပင်လယ်ကြီးတစ်ခုအလား ဗဟိုဧကရာဇ်မြို့တော်ကို လွှမ်းမိုးနေသဖြင့် မြို့သူမြို့သားအပေါင်း သတိထားမိသွားကြလေသည်။

" ဘာတွေ ဖြစ်နေတာလဲ "

" ဘုရားရေ၊ အဲဒါဘာကြီးတုန်း "

"ဘာလို့၊ ဘာလို့.... ဒဏ္ဍာရီလို ဖြစ်...ဖြစ်နေတာလဲ"

မြို့တော်ရှိ သက်ကြီးရွယ်အို အောက်လမ်းဆရာတစ်ယောက်မှာ ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ရီလာပြီးနောက် မယုံနိုင်မှုများ၊ စိုးရိမ်သောကများဖြင့် အော်လိုက်တော့သည်။

" လောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ် "

မြို့တော်မှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။ အောက်လမ်းဆရာများအားလုံး၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေလျက် ဖြစ်ပေါ်နေသော လောကဓာတ်ဝိညာဥ်မီးတောက်အပြစ်ဒဏ်ကို မော့ကြည့်လိုက်ကြသည်။

" ဘုရားရေ။ အဲဒါက တကယ်ပဲ လောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ်ပဲ။ လူတစ်ယောက် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ပထမဆုံးအကြိမ် ဖန်တီးပြီး လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်သွားတဲ့အချိန်မှပဲ လောကဓာတ် ဝိညာဥ်မီးတောက်အပြစ်ဒဏ် ပေါ်လာတာလေ "

" ဒီလို အပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်တဲ့ ဘယ်သူမဆို နောက်တစ်ကြိမ် အပြစ်ဒဏ်ကို ခံယူစရာမလိုဘဲ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်လိမ့်မယ် "

" ဘယ်သူလဲ။ ဘယ်မဟာအကြီးအကဲ.... လောကဓာတ်အဆင့််ကို တက်လှမ်းနေတာလဲ"

" ဖြစ်တော့မယ်။ ဖြစ်ကိုဖြစ်ရမယ်။ ဒါမှ... ကျုပ်တို့ ဗဟိုဧကရာဇ်နိုင်ငံတော်ကြီးမှာ လေးယောက်မြောက် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ရှိလာမှာ "

ဆူညံပွက်လောရိုက်မှုများက မြို့တော်တစ်ခုလုံးသို့ အသံလှိုင်းတစ်လှိုင်းတစ်လား ပျံ့နှံ့သွားသည်။ ထို့နောက် မကြာမီ သတင်းများသည် ကျန်ရှိသော မြေရိုင်းဒေသများသို့လည်း ပျံ့နှံ့လာရာ တခြားနေရာများတွင် တူညီသော မြင်ကွင်းများ ဖြစ်ပျက်သွားတော့သည်။

စွန်းယီဖန်နှင့် စီမာတာအိုတို့က ထိုအကြောင်းကိုကြားသောအခါ အပြင်သို့ အလောတကြီးထွက်လာကြပြီး အနီးဆုံး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များထံ ဦးတည်လိုက်ကြသည်။ တကယ်တမ်းဆိုရလျှင် သူတို့က အခြားလူတကာထက် ပို၍ စိတ်လှုပ်ရှားနေသည်။

" ဒါက သေချာပေါက် မဟာအကြီးအကဲ ပိုင်ပဲ "

" သူပဲဖြစ်ရမယ် "

မြေရိုင်းဒေသတစ်ဝှမ်းရှိ ကောင်းကင်အောက်လမ်းဆရာများအားလုံး ဗဟိုဧကရာဇ်မြို့တော်ဆီ သွားရန် တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်များထံ အသည်းအသန်ပြေးသွားနေကြသည်။ ဤသည်မှာ ခမ်းနားကြီးသော ဂါဝရပြုပွဲတစ်ခု စတင်နေသည့်အလား။

လောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ကြုံနိုင်ခြင်းသည် သူတို့အတွက် များစွာအကျိုးထူးမည်ဖြစ်သည်။

မြေရိုင်းဒေသတစ်ခွင်လုံး တသိမ့်သိမ့်တုန်လှုပ်နေစဥ် ပိုင်ရှောင်ချန်း၏မျက်နှာထားသည် အလွန်လေးနက်တည်ကြည်နေ၏။ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်က မိုးကြိုးအပြစ်ဒဏ်ကို လှုံ့ဆော်မည်ဖြစ်ကြောင်း သူ သိထားခဲ့သော်လည်း အလွန့်အလွန် အံ့သြတုန်လှုပ်ဖွယ်ကောင်းလိမ့်မည်ဟု..... ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

" ငါသာ ဒီအပြစ်ဒဏ်မှာ ကျရှုံးခဲ့ရင် သေချာပေါက် ကိစ္စတုံးပြီပဲ "

ထိုအတွေးက သူ့နှလုံးသားကို ပူပင်ကြောင့်ကြမှုများ ဖြစ်ပေါ်သွားစေကာ ချက်ချင်းတုန်လှုပ်သွားစေသည်။

လက်ဖျားခါလောက်သော အလှည့်အပြောင်းကို ယခုလေးတင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ခန်းမထဲရှိ အခြားသူများအားလုံးမှာမူ မျှော်လင့်ချက်မဲ့နေသောအခြေအနေမှ မျှော်လင့်ချက်ရှိလာသောအခြေအနေသို့ ကူးပြောင်းသွားတော့သည်။

ပိုင်ရှောင်ချန်းက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ကြမ္မာ ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ထိပ်ဆုံးအထိ မြှင့်တင်လိုက်ရင်း ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

" ဒီ လောကဓာတ်ဝိညာဥ်မီးတောက်အပြစ်ဒဏ်က ငါ့ကို ဒဏ်ရာရစေနိုင်တယ်ဆိုတာ မယုံနိုင်ဘူး “

သူက ယုံကြည်ချက်ရှိနေသည်။ သို့သော် သူ့ကိုယ်သူတော့ မဟုတ်..... အကြောင်းပြချက်မှာ ကောင်းကင်သခင်ခန်းမထဲတွင် ရှိနေသောကြောင့်ပင်။

ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှ လှုံ့ဆော်လိုက်သော ကောင်းကင်ဘုံအပြစ်ဒဏ်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော အမျိုးအစားဖြစ်သည်။ မြောင်မျိုးနွယ်စုကကဲ့သို့ ရှားပါးသောကောင်းကင်အောက်လမ်းဆရာအနည်းစုသာ ထိုသို့ အပြစ်ဒဏ်မျိုးနှင့် ရင်ဆိုင်ရန် ဘိုးဘေးအမွေအနှစ်များ ရှိကြသည်။ သို့သော် ကောင်းကင်အောက်လမ်းဆရာအများစုသည် သူတို့ အန္တရာယ်ကင်းစေရန်အတွက် မန္တန်ဝင်္ကပါများ၊ အနီးနားတွင် ယုံကြည်ရသောလုပ်ဖော်ကိုင်ဖက်များနှင့် တံခါးပိတ်ကျင့်ကြံရာအဆောင်တွင်သာ ပထမဆုံးဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် ကြိုးစားကြသည်။

ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် ကြံရွယ်ထားသည့် အောက်လမ်းဆရာတစ်ယောက်အတွက် ကူညီပေးမည့် ယုံကြည်ရသောလူများရရန်မှာ လွယ်ကူသော ကိစ္စဖြစ်သည်။ ထို့ပြင် စွမ်းအားကြီးသော ပညာရှင်များစွာသည် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ထိုသို့လုပ်ပေးလိုစိတ်ရှိကြသည်။

ဗဟိုဧကရာဇ်နိုင်ငံတော် နေရာပြောင်းရွှေ့ခဲ့သည့် အချိန်မှစ၍ ယနေ့ခေတ်တိုင်အောင် လောကဓာတ်အဆင့်ကိုရောက်ခဲ့သည့် မည်သည့်အောက်လမ်းဆရာမဆို ပိုင်ရှောင်ချန်း ရင်ဆိုင်နေရသည့်နည်းတူ အပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရလေသည်။

အမှန်တကယ်တော့ သူက ကောင်းကင်သခင်ခန်းမကို သူ၏ အဓိကအကာအကွယ်အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။

သူက ဗဟိုဧကရာဇ်မြို့တော်အပေါ်ရှိ ကောင်းကင်ယံတွင် ပြည့်နှက်နေသော လျှပ်စီးပင်လယ်ကို မော့ကြည့်လိုက်ချိန်တွင် ၄င်းက သက်ဝင်လှုပ်ရှားလာပြီးနောက် တဖြေးဖြေးကျုံ့လာလေသည်။

၄င်းကျုံ့လာစဥ် မြွေနဂါးသဖွယ် လျှပ်စီးမိုးကြိုးများသည် အတူတကွ ပေါင်းစည်းသွားပြီး တဖြည်းဖြည်း ရေပုံးတစ်ပုံးမျှ ထူထဲသော ဧရာမလျှပ်စီးမိုးကြိုးကြီးတစ်ခု ဖြစ်လာလေသည်။ ထို့နောက် ထိုလျှပ်စီးမိုးကြိုးသည် ကောင်းကင်သခင်ခန်းမထံသို့ နိမ့်ဆင်းလာတော့သည်။

ဤသည်ကား.....စစ်မှန်သော လောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ်ပင်။

ဧရာမလျှပ်စီးမိုးကြိုးကြီးက အံသြတုန်လှုပ်ဖွယ်စွမ်းအားဖြင့် ထစ်ခြုန်းမြည်ဟည်းနေပြီး ၄င်းက ကောင်းကင်သခင်ခန်းမကို ဝုန်းခနဲ ပစ်ခတ်လိုက်ရာ တစ်နေရာလုံး တသိမ့်သိမ့်တုန်သွားပြီးနောက် အံသြဖွယ်ထူးကဲသော ရောင်စုံအလင်းများ တောက်ပလာတော့သည်။

ထိုအလင်းသည် ကောင်းကင်မိုးကြိုးကို တန်ပြန်တိုက်ခိုက်သည့် စွမ်းအားကြီးသော အကာအကွယ်ယန္တရားတစ်ခုဖြစ်သည်။

ကောင်းကင်သခင်ခန်းမ လုံးဝမထိခိုက်သည့်အပြင် ကောင်းကင်မိုးကြိုးကြီးမှာမူ မရေမတွက်နိုင်သော ငွေရောင်မီးပွားလေးများအသွင်ပြောင်းသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် သူ၏ပလ္လင်ပေါ်တွင် ထိုင်နေသည့် ခပ်ယဲ့ယဲ့ပြုံးနေသော မဟာကောင်းကင်သခင်ကို လှမ်းကြည့်လိုက်သည်။ ဘေးပတ်ပတ်လည်ရှိ ကောင်းကင်မြို့စားများအားလုံးမှာ တအံ့တဩဖြစ်နေတော့သည်။ အထူးသဖြင့် စက္ကူတစ်ရွက်အလား ဖြူဆွတ်နေသော ကျောက်ရှောင်လင်းဖြစ်သည်။ သူတို့အားလုံးက ကျိန်ဆဲနေကြသော်လည်း စိတ်ထဲတွင်သာ ဖြစ်သည်။ တစ်ယောက်မှ စကားတစ်ခွန်းပင် မပြောရဲကြပေ။

" ခွေးကောင် "

ချန်ဟောက်စုန့်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။ အခြေအနေမှန်ကို သဘောပေါက်ရန် သိပ်စဥ်းစားစရာမလိုပေ။ မဟာကောင်းကင်သခင်သည် မြေရိုင်းဒေသတွင် နောက်ထပ် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ပေါ်ထွက်လာမည့်အတွက် သေချာပေါက် ဝမ်းမြောက်နေမည်ဖြစ်ပြီး ထိုပုဂ္ဂိုလ်ကို ထောက်ပံ့ပေးမည်မှာ သာမန်သာဖြစ်သည်။

ထိုကဲ့သို့ ထောက်ပံ့မှုသည် ဤကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်တွင် အလွန်အရေးကြီးသည်။

ပိုင်ရှောင်ချန်းသည်လည်း ထိုသည်ကို နားလည်၍ စိတ်လှုပ်ရှားသွားသည်။ သူက မဟာကောင်းကင်သခင်ဘက်သို့လှည့်ကာ လက်ယှက်၍ အရိုအသေပေးလိုက်သည်။ ယခုတွင် သူစောစောက ခံစားနေခဲ့ရသော မာနများနှင့် အားရပျော်ရွှင်မှုများ ပျောက်ကွယ်သွားလေပြီ။ ပိုင်ဟောက်နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အရာများက သူ့ကို အတန်ငယ် ရင့်ကျက်လာစေခဲ့သည်။ ယခုတွင် သူက မဟာကောင်းကင်သခင်အတွက် အလွန်အရေးကြီးကြောင်းလည်း သိလိုက်သည်။

သို့သော် လူတိုင်း ကောင်းကင်ဘုံအပြစ်ဒဏ် ပြီးဆုံးပြီဟု ယူဆလိုက်သည့်အချိန်မှာပင် အပေါ်ထက်ရှိ မိုးကြိိုးသည် တပွက်ပွက်ထလာပြီး ပို၍ ပြင်းထန်လာတော့သည်။

ထို့နောက် ၄င်းက ထပ်မံကျုံ့သွားပြီး ဗဟိုဧကရာဇ်တစ်မြို့တော်လုံးမဟုတ်ဘဲ အင်ပါယာနန်းတော်ကိုသာ ဖုံးလွှမ်းနေတော့သည်။

လူတိုင်းမှာ အသက်ပင်မရှုနိုင်တော့ပေ။ ဤအသစ်ဖြစ်ပေါ်နေသော လျှပ်စီးမိုးကြိုးသည် မူလတစ်ခုနှင့် မိုးနှင့်မြေကဲ့သို့ ကွာခြားကြောင်း သိသာသည်။ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများက အလုံးတစ်လုံးပမာ အတူတကွ ပေါင်းစည်းလာသဖြင့် တဂျိန်းဂျိန်းြမည်ဟည်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

လျှပ်စီးလုံးကြီးဖြစ်ပေါ်လာပြီး မိုးကြိုးအမျိုးမျိုး အတူတကွ ပေါင်းစည်းသွားကာ အနက်ရောင်ပြောင်းသွားလေသည်။

အနက်ရောင်ကောင်းကင်မိုးကြိုးမှ သက်ရောက်လာသော အစောပိုင်းနတ်အဆင့်နှင့် ဆင်တူသော စွမ်းအားတစ်ခုက မဟာစက်ဝန်းအဆင့်သို့ ရောက်သည်အထိ တဖြည်းဖြည်း အားကောင်းလာတော့သည်။

၄င်းကို မြင်နေကြရသော ဗဟိုဧကရာဇ်မြို့တော်ရှိ လူတိုင်းမှာ တအံ့တသြပင့်သက်ရှိုက်လိုက်ကြသည်။

" ဒီလောကဓာတ်ဝိညာဥ်မီးတောက် အပြစ်ဒဏ် က မှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ ပုံနဲ့ မတူသလိုပဲ "

" ဘုရားရေ အရင်လောကဓာတ်အောက်လမ်းဆရာတွေ ဒီလို အပြစ်ဒဏ်မျိုးကို ဘယ်လို ရင်ဆိုင်ခဲ့ပါလိမ့် "

ပိုင်ရှောင်ချန်းမှာ ကြက်သေသေနေသော်လည်း သိပ်မစိုးရိမ်ပေ။ သူ့ကို ကာကွယ်ပေးမည် ကောင်းကင်သခင်ခန်းမနှင့်ဆိုလျှင် သူအဆင်ပြေလိမ့်မည်ဟု ယူဆထားလေသည်။ သူက သတိကြီးကြီးထားနေပြီး လျှပ်စီးမိုးကြိုး နိမ့်ဆင်းလာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်းအခြေခံကို ပြင်းထန်စွာ လည်ပတ်စေလိုက်သည်။

အနက်ရောင်မိုးကြိုးကြီး ချဥ်းကပ်လာသည်နှင့်အမျှ ကောင်းကင်သခင်ခန်းမကို ဝိုင်းရံထားသည့် အလင်းသည် ဒိုင်းအဖြစ်သာ မပြုမူတော့ဘဲ လာနေသော ကောင်းကင်မိုးကြိုးကို တိုက်ခိုက်ရန် ပေါက်ကွဲလျက် ထွက်ပေါ်လာသည်။

၎င်းတို့နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသောအခါ ဗဟိုဧကရာဇ်မြို့တော်တွင် နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ပြည့်နှက်သွားတော့သည်။

ကောင်းကင်သခင်ခန်းမ၏ ဒိုင်းကြီး လိမ်ဖယ်ရှုံ့ တွသွားပြီး သိသာစွာ အောက်သို့ပင် တွန်းထုတ်ခံလိုက်ရ၏။ သို့သော် ကောင်းကင်မိုးကြိုးသည်လည်း သိသိသာသာ ပြင်းထန်သော တန်ပြန်သက်ရောက်မှုဒဏ် ခံလိုက်ရပြီး မကြာမီ မရေမတွက်နိုင်သော လျှပ်စီးမီးပွင့်လေးများအဖြစ် ကြေမွသွားပြီးနောက် တော်ဝင်နန်းတော်ပေါ် တဖွဲဖွဲကျလာတော့သည်။

ဤအချိန်တွင် လျှပ်စီးပင်လယ်မှာ မကြာမီ ပျင်စီးတော့မည့် လက္ခဏာများပြလာသဖြင့် အတန်ငယ်ဟိတ်ဟန်ထုတ်ရန် အချိန်ကောင်းဖြစ်ကြောင်း ပိုင်ရှောင်ချန်း တွေးလိုက်သည်။ ထို့နောက် သူက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့ရင်း ကောင်းကင်ကို လက်ညှိုးထိုးကာ အော်လိုက်သည်။

" ဟေးးး ဒါလေးပဲလား လာစမ်းပါ"

All Chapters