ငါတို့နှစ်ယောက်လုံးက အဆင့်တူ ဆရာကြီးတွေပဲ
Vol. 9 Ch. 809
ပိုင်ရှောင်ချန်း၏ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့် အခိုက်အတန့်တွင် အပေါ်ထက်ရှိ လျှပ်စီးပင်လယ်မှ ရုတ်တရက် ပြင်းထန်သော ထစ်ခြုန်းသံများ ထွက်ပေါ်လာပြီး အလျင်အမြန် လည်ပတ်လာတော့သည်။
တချိန်တည်းမှာပင် ၄င်းက ကျုံလာတော့သည်။ ထိုမျှသာမက ၄င်း၏အလယ်တည့်တည့်က တွင်းနက်ကြီးအလား ဖြစ်လာသည်။
တွင်းနက်ကြီးသည် ကောင်းကင်သခင်ခန်းမရှိ ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေသည့် မျက်လုံးကြီးတစ်လုံးအလား။
ထိုအချိန်တွင် ထွက်ပေါ်လာသည့် အခိုးအငွေ့များသည် နတ်အဆင့်၏ မဟာစက်ဝန်းထက်ပင် ကျော်လွန်သွားလေပြီ။
သိသာစွာပင် လျှပ်စီးက အမှန်တကယ် လာပေတော့မည်။
မဟာကောင်းကင်သခင်ပင်လျှင် အတန်ငယ် မျက်ေမှာင်ကြုတ်လျက် အလွန်လေးနက်သော မျက်နှာထားဖြင့် ပလ္လင်ပေါ်တွင် ထိုင်နေ၏။
ပိုင်ရှောင်ချန်းမှာမူ ကျုံ့နေသော မိုးကြိုးနှင့်တွင်းနက်ကြီးကို မော့ကြည့်လိုက်ပြီး ကြောက်လန့်တုန်ရီလျက် ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" ငါရယ် ဒီသောက်ပါးစပ်ကြီးရယ်ကတော့ကွာ။ အမယ်လေး ဘုရား ဘုရား၊ ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူးဗျာ။ ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့တော့။ ဘာမှ မလုပ်ပါနဲ့တော့ဗျာ "
ယခင်လောကဓာတ်အောက်လမ်းဆရာများ ယခုလို မိုးကြိုးအပြစ်ဒဏ်အား မည်ကဲ့သို့ အောင်မြင်စွာ ပြန်လည်တိုက်ခိုက်ခဲ့သည်ကို မတွေးတတ်တော့ပေ။ ဤအခိုက်အတန့်တွင် ပထမမိုးကြိုးက ရိုးရှင်းပြီး ဒုတိယမိုးကြိုးက သူ ဘာမှ မကိုင်ဆောင်ထားလျှင်ပင် သူ့ကိုယ်သူကာကွယ်နိုင်လောက်သည့် အမျိုးအစားဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် ထိုလုပ်ရပ်က သူ့ကို အလွန်အားနည်းသွားစေမည်ဖြစ်ပြီး တတိယလျှပ်စီးမိုးကြိုးကိုမူ ......သူ ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုမြင်ကွင်းကြောင့် ရင်ထဲ အေးခနဲ ဖြစ်သွားလိမ့်မည်။
" ငါတော့ ဒုက္ခပဲ။ တကယ် ဒုက္ခရောက်ပြီ " ယခုအခိုက်အတန့်တွင် သူက ကောင်းကင်ဘုံကို မခံချင်အောင်မပြောခဲ့သင့်ကြောင်း သဘောပေါက်လိုက်မိသည်။ ၄င်းက အလွန်အန္တရာယ်များလွန်းပေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာရှိစဥ်က ဓားတစ်ချောင်းအပေါ်တွင် ပျံသန်းနေစဥ် မိုးကြိုးများ အပစ်ခံခဲ့ရသည့်အချိန်ကို ရုတ်ချည်း သူ ပြန်တွေးမိလိုက်သည်။
ခန်းမထဲရှိ လူတိုင်းမှာ ပင့်သက်ရှိုက်နေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ထွက်ပေါ်နေသည်။ သူတို့တွေးကြည့်ရသလောက် ပိုင်ရှောင်ချန်းက လွန်စွာ အပြောကြီးသူတစ်ယောက်ဖြစ်ပေသည်။ မိုးကြိုးအပြစ်ဒဏ်က ပျောက်ကွယ်တော့မည့် ဆဲဆဲတွင် သူက နောက်ထပ်ပစ်ခတ်ရန် ဖိတ်ခေါ်လိုက်ပေသည်။
ကောင်းကင်မြို့စားအများစုမှာ အတော်လေး ကျေနပ်နေတော့သည်။ သို့သော် ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စားများမှာမူ ပိုင်ရှောင်ချန်းက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးခဲ့သည့်အချိန်ထက်ပင် ပို၍ အံ့သြတုန်လှုပ်နေတော့သည်။
" ဘယ်လိုတောင် ဖြစ်နိုင်တာလဲ "
" သူက တစ်ခွန်းပဲ ပြောသေးတယ်။ ကောင်းကင်ဘုံ အပြစ်ဒဏ်က သူ့ဆီ ပြန်လာတယ်တဲ့လား။ ဒါက.. ဘယ်....ဘယ်လို ကောင်းကင်ဘုံ အပြစ်ဒဏ် မျိုးလဲ။ စနောက်နေသလိုကြီး "
" ဒီကောင် ပိုင်ဟောက်မှာ တခြားလျှို့ဝှက်ချက်တွေ ရှိတယ်ဟ။ မယုံနိုင်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ။ တစ်ခုခု ထူးဆန်းတာ ဖြစ်နေပြီ "
ကောင်းကင်နယ်စားများ ထိုကိစ္စကို စဥ်းစားနေစဥ် အပေါ်ထက်ရှိ လျှပ်စီးပင်လယ်သည် တွင်းနက်ကြီးထဲ ကျုံ့ဝင်သွား၏။ ထို့နောက် ရွှေခရမ်းရောင်မိုးကြိုးကြီးတစ်ခု ပေါ်လာြပီး ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီသွားတော့သည်။
အခြားလျှပ်စီးမိုးကြိုးနှစ်ခုကဲ့သို့ မကြီးမားဘဲ ရိုးရှင်းသည်။ သို့သော် ဗဟိုဧကရာဇ်မြို့တော်ရှိ ဝိညာဥ်ကျင့်ကြံသူများမှာ ၄င်းကို ြကည့်လိုက်မိသည်နှင့် တစ်ပြိုင်နက် ခေါင်းများ ချာချာလည်လာတော့သည်။
ကောင်းကင်မြို့စားများအားလုံး ပင့်သက်ရှိုက်သွားကြပြီး ကောင်းကင်နယ်စားများ၏ မျက်နှာများပင်လျှင် ကွက်ခနဲ ပျက်သွားသည်။
" နတ်ဘုရားတစ်ပိုင်းအဆင့် မိုးကြိုးအပြစ်ဒဏ် " မဟာကောင်းကင်သခင်သာ စကားပြောလိုက်သည့် တစ်ဦးတည်းသော သူဖြစ်သည်။ ထို့နောက် သူက ထရပ်လိုက်ရာ ပျောက်ကွယ်သွားပြီး ကောင်းကင်သခင်ခန်းမ၏ အပြင်ဘက်တွင် ပြန်ပေါ်လာတော့သည်။
ထိုအခိုက်အတန့်တွင် ခပ်ဝေးဝေးသို့ ပျံထွက်သွားခဲ့သော ရွှေရောင်နဂါးကြီးက ဟိန်းဟောက်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် မဟာကောင်းကင်သခင်ထံ ပြေးဝင်လာ၏။ ၎င်းက နီးကပ်လာသည်နှင့် ကျုံ့သွားပြီး ရွှေရောင်မှိန်းတစ်လက်အသွင် ပြောင်းလဲသွားကာ မဟာကောင်းကင်သခင်က ဖမ်းယူလိုက်လေသည်။
ထိုအရာများ ဖြစ်ပျက်နေချိန် အပေါ်ထက်ရှိ ရွှေခရမ်းရောင်လျှပ်စီးမိုးကြိုးကြီးက ကောင်းကင်သခင်ခန်းမထံ ပြေးဝင်လာတော့သည်။
၄င်းပြေးဝင်လာသဖြင့် ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာပြီး လျှပ်စီးမိုးကြိုး၏ ပတ်လည်ရှိအရာအားလံုး ပျက်စီးသွားလေသည်။
မဟာကောင်းကင်သခင်၏ မျက်လုံးများ ကျဥ်းမြောင်းသွား၏။ ရွှေရောင်မှိန်းကိုပင့်ရင်း သူက လျှပ်စီးမိုးကြိုးထံ တဟုန်ထိုး ဦးတည်သွားလေသည်။
ဝုန်း
ဝုန်းခနဲ ပေါက်ကွဲသံကြီးက အရပ်မျက်နှာအနှံ့ တလိပ်လိပ်ပျံ့နှံ့သွား၏။ တချိန်တည်းမှာပင် မဟာကောင်းကင်သခင်၏နောက်တွင် ဧရာမပုံရိပ်ယောင်မှိန်းကြီး၏ ပုံရိပ် ပေါ်လာလေသည်။ မီတာ ၃၀၀၀၀ တိတိမြင့်ပြီး တစ်လောကလုံးကို ပြည့်နှက်သွားရန် လုံလောက်သည်အထိ ကြီးမားဟန်တူကာ ရွှေခရမ်းရောင် လျှပ်စီးမိုးကြိုးကို ရိုက်ချလိုက်လေသည်။
ဝုန်းး
ဗဟိုဧကရာဇ်မြို့တော်မှာ ပြင်းထန်သော ထစ်ခြုန်းသံများကြောင့် တုန်ခါသွားကာ ရွှေခရမ်းရောင်လျှပ်စီးမိုးကြိုးကြီး တဖြည်းဖြည်း အက်ကွဲလာ၏။ မကြာမီ ၄င်းက ပျောက်ကွယ်သွားပြီး မဟာကောင်းကင်သခင်မှာ အနည်းငယ်မျှ မထိခိုက်ဘဲ မလှုပ်မယှက် ကျန်ခဲ့လေသည်။
သို့သော် လျှပ်စီးမိုးကြိုး ပျောက်ကွယ်သွားစဥ် ဧရာမမိုးသက်မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်လာတော့သည်။
ဤအချိန်တွင် ကောင်းကင်နယ်စားများမှာ မကူညီချင်သည့်တိုင် ရွေးချယ်စရာမရှိကြောင်း သဘောပေါက်လိုက်သည်။ သူတို့အားလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်သခင်ခန်းမ၏ နေရာအမျိုးမျိုးတွင် ပြန်ပေါ်လာလေသည်။ ထိုနေရာတွင် သူတို့က လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် လေမုန်တိုင်း၏ ပြင်းအား လျော့နည်းစေရန် ပြင်းထန်သော တိုက်ကွက်များ ထုတ်လွှတ်လိုက်သည်။
ယခုအခါ ကောင်းကင်ယံတွင် လျှပ်စီးအနည်းငယ်ပင် မမြင်ရတော့ပေ။ အရာအားလုံး ပုံမှန်ပြန် ဖြစ်သွားလေပြီ။
ကောင်းကင်သခင်ခန်းမတွင် ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ကောင်းကင်ဘံုအား ထပ်မံရန်မစရဲတော့ပေ။ သူက မဟာကောင်းကင်သခင်နှင့် ကောင်းကင်နယ်စားဆယ်ဦးပြန်လာသည်ကိုသာ ကြည့်နေလိုက်သည်။
ပိုင်ရှောင်ချန်းက ရှေ့သို့ အပြေးအလွှားသွား၍ လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
" ကျေးဇူးအများကြီးတင်ပါတယ် မဟာကောင်းကင်သခင်ခင်ဗျား။ မဟာကောင်းကင်သခင်က တကယ့်ကို ကြီးမြတ်ခမ်းနားလှပါတယ် "
ဤအချိန်တွင် သူက ထပ်မြှောက်သင့်၊ မမြှောက်သင့် စဥ်းစားလိုက်သော်လည်း မဟာကောင်းကင်သခင်က လက်ကိုဝှေ့ယမ်းကာ သူ့ကို တားလိုက်သည်။
" လောကဓာတ်အဆင့်ရောက်သွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ် မဟာအကြီးအကဲပိုင် "
ယခင်ကအတိုင်းမဟုတ်ဘဲ ယဥ်ကျေးသော လေသံနှင့် သူက ပြောလိုက်သည်။
" အခုအချိန်မှာ စစ်ဆေးရေးအရာရှိမင်းရာထူးက မဟာအကြီးအကဲပိုင်နဲ့ မသင့်တော်တော့ဘူး။ ဗဟိုဧကရာဇ်နိုင်ငံတော်ရဲ့ တားမြစ်နေရာ ငါးခုထဲက တစ်ခုဆီ သွားပြီး ကျင့်ကြံအားထုတ်ရင် ပိုကောင်းပါလိမ့်မယ်။ အဲဒီနေရာတွေအားလုံးက နောက်ထပ်ဥာဏ်အလင်းပွင့်ဖို့ အကောင်းဆုံးနေရာတွေပါပဲ “
" မဟာအကြီးအကဲပိုင်သာ မြေအောက်ကမ္ဘာမြစ်တားမြစ်နယ်မြေကို သွားရင် တော်တော်အံသြစရာကောင်းမယ်ထင်တယ်။ ဘယ်လိုသဘောရလဲ "
ယခုတွင် ပိုင်ရှောင်ချန်းသည် လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်ပြီး ကျိုးဝူတောက်ကိစ္စကြောင့် သေဒဏ်ပေးခံရမည်မဟုတ်သော်လည်း အနည်းငယ်တော့ အပြစ်ဒဏ်ခံရဦးမည် ဖြစ်သည်။
လောကဓာတ်အောက်လမ်းဆရာများအတွက် သေဒဏ်မရှိဘဲ စစ်ဆေးရေးအရာရှိမင်းအဖြစ် သူ ဆက်နေရန်မှာလည်း အဓိပ္ပါယ်မရှိပေ။ သူ့ကို မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာထံ ပို့လိုက်ခြင်းသည် သူ့နှင့်ပတ်သက်၍ အလွန်ဒေါသထွက်နေသော လူပေါင်းများစွာ၏ ပြဿနာကို ဖြေရှင်းပေးမည် ဖြစ်ပြီး လျှို့ဝှက်ကြံစည်ခြင်း ဝဲဂယက်ကြီးထဲမှ သူ့ကို လွတ်မြောက်စေမည် ဖြစ်သည်။
သို့သော် မဟာကောင်းကင်သခင်သည် ပိုင်ရှောင်ချန်းက ဤသည်ကို ကောင်းမွန်သောသဘောထားတစ်ခုအဖြစ် မမြင်မည်ကို စိုးရိမ်လေသည်။ မင်းမျိုးနွယ်အထက်တန်းလွှာများကို လုံးဝဖယ်ရှားရင်း သူက ပိုင်ရှောင်ချန်းထံသို့ စာတစ်စောင် တိုက်ရိုက်ပို့လိုက်သည်။
" ပိုင်ဟောက်၊ မြေအောက်ကမ္ဘာမြစ် တားမြစ်နေရာထဲမှာ စုစုပေါင်း လူ ၃၀၀၀ရှိတဲ့ ကိုယ်ရံတော်တပ်ခွဲ ရှိတယ်။ ငါမင်းကို အုပ်ချုပ်ခွင့်ပေးမယ်။ ငါ မင်းကို မခေါ်မချင်း သိုသိုသိပ်သပ်နေ။ အကုန်လုံးစီစဥ်ပြီးရင် မင်း ပြန်လာနိုင်တယ် "
ပိုင်ရှောင်ချန်းက မကျေမနပ်ဖြစ်လျက် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်လာပြီး ထင်ပေါ်ကျော်ကြားမှုအမြင့်ကို ရောက်ရောက်ချင်း ထွက်သွားရန်မှာ မှန်ကန်လှသည်ဟု မထင်ပေ။
သို့သော် မဟာကောင်းကင်သခင်ပြောခဲ့သည့် အရာက ကျိုးကြောင်းဆီလျော်လေသည်။ ထိုမျှသာမက သူက သူ၏လျှို့ဝှက်လက်နက်ကို အသုံးပြုပြီးသွားလေပြီ။ “ ရှေ့မှလာသော လှံကို ရှောင်နိုင်မည်ဖြစ်သော်လည်း နောက်ကျော ဓားထိုးလာသည်ကိုတော့ ရှောင်ရခက်သည် “ ဆိုသော ဆိုရိုးစကားလည်း ရှိသည် မဟုတ်ပါလော။ သူ့အနေဖြင့် ပူးပေါင်းကြံစည်မှုတိုင်းအပေါ် အဆက်မပြတ် သတိရှိနေနိုင်မည် မဟုတ်ပေ။
ဗဟိုဧကရာဇ် မြို့တော်မှ ထွက်ခွာခြင်းက သူ့ကို အတန်ငယ် ဂုဏ်သိက္ခါကျစေမည်ဖြစ်သော်လည်း အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သူ၏အတွေးစများ ထိုနေရာသို့ရောက်သော် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး မဟာကောင်းကင်သခင်ကို လက်ယှက်၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။
" မဟာကောင်းကင်သခင်ရဲ့ ဘယ်စီရင်ချက်ကိုမဆို ကျွန်တော် လိုက်နာပါ့မယ်"
မဟာကောင်းကင်သခင်က ပြုံးလိုက်ပြီးနောက် ကောင်းကင်နယ်စားများ၊ မြို့စားများကို လှမ်းကြည့်လိုက်သည်။
" မင်းတို့ကော ဘယ်လိုသဘောရလဲ "
သူက သူတို့ကို မေးလိုက်သည်။
ချန်ဟောက်စုန့်နှင့် ကောင်းကင်နယ်စားများမှာမူ စိတ်ထဲတွင် သက်ပြင်းချနေကြသော်လည်း တစ်ယောက်တစ်လေမှ တခဏလေးပင် တုံ့ဆိုင်းမနေဘဲ လက်များ ယှက်၍ ပြောလိုက်ကြသည်။
" မဟာကောင်းကင်သခင် ဖြစ်စေချင်တဲ့ ဘယ်စီရင်ချက်ကိုမဆို ကျွန်တော်မျိုးတို့ လိုက်နာပါ့မယ်"
ကောင်းကင်နယ်စားများ သဘောတူပြီးသည်ကို ထည့်တွက်လိုက်လျှင် ကောင်းကင်မြို့စားများက မည်သည့်နည်းနှင့်မျှ မကျေမနပ်ပြောရဲကြမည် မဟုတ်ပေ။ သူတို့က ဦးညွှတ်အရိုအသေပေးရင်း သဘောတူလိုက်ကြသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း သေစေရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုကား လုံးဝအရေးနိမ့်သွားလေပြီ။ လူတိုင်း ကောင်းကင်သခင်ခန်းမမှ ထွက်ခွာသွားကြစဥ် ပိုင်ရှောင်ချန်းက မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး ယခင်ကထက်ပို၍ လွတ်လပ်သွားသည်ဟု ခံစားလိုက်ရလေသည်။
သူသည် အနိုင်ရရှိခဲ့သည်သာမက လက်ဖျားခါလောက်အောင် လှပသောအကွက်ကို အသုံးပြုသွားခဲ့သည်။
သူက ကောင်းကင်သခင်ခန်းမကို မရေမတွက်နိုင်သော လူပေါင်းများစွာ ကြောက်ရသည့် စစ်ဆေးရေးအရာရှိမင်းအဖြစ် ဝင်ရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာသောအခါတွင် မြေရိုင်းဒေသရှိ လူတိုင်းက ပြင်းထန်သော စိတ်အားထက်သန်မှုများဖြင့် ထောက်ပံ့ပေးမည့် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် အဖြစ် ထွက်ခွာလာခဲ့ပေသည်။
" ဟမ့်၊ မဟာကောင်းကင်သခင်က ငါ့ကို မဟာအကြီးအကဲလို့ခေါ်တယ်။ ငါတို့နှစ်ယောက်လုံးက အဆင့်တူ ဆရာကြီးတွေပဲ "
ယခင်ထက်ပို၍ ကျေနပ်အားရနေရင်း သူက ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို သတိရလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ သူမမြင်အောင် ပုန်းရန် ကြိုးစားနေပြီး ကောင်းကင်သခင်ခန်းမထဲတွင် ရှိနေဆဲဖြစ်သော ကျောက်ရှောင်လင်းကို မြင်လိုက်ရလေသည်။ ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းကာ သူရောက်နေရာဖြစ်သော တံခါးပေါက်ဝမှာ ပိတ်ရပ်နေရန် ဆုံးဖြတ်လိုက်လေသည်။