← Chapters

မင်းတို့အားလုံးကို ငါလွမ်းနေမှာပါ

Vol. 9 Ch. 810

မင်းတို့အားလုံးကို ငါလွမ်းနေမှာပါ

Vol. 9 Ch. 810

ကျောက်ရှောင်လင်းမှာ အလွန်ခံပြင်းနေသည့်အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ထို့နောက် ပိုင်ရှောင်ချန်းက တံခါးဝအား ပိတ်ထားကြောင်း သဘောပေါက်လိုက်သောအခါ သူ့ရင်ထဲတွင် ကျိန်ဆဲသံများဖြင့် ဗလောင်ဆူသွားပြီး သူမျက်နှာမှာ အနီရောင်သမ်းသွားတော့သည်။ သိသာစွာပင် နေလို့လည်းမရ ၊ ထွက်လို့လည်း ရမည် မဟုတ်ပေ။

နောက်ဆုံးတွင် မဟာကောင်းကင်သခင်မှာ ထိုအခြေအနေကို စိတ်ကုန်လာတော့သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း ကျောက်ရှောင်လင်းကို ကောင်းကင်သခင်ခန်းမနှင့် တော်ဝင်နန်းတော်ထဲမှ လွင့်ထွက်သွားစေလိုက်သည်။

ပိုင်ရှောင်ချန်းက မကျေမနပ်ငြီးတွားလိုက်ပြီးနောက် တံခါးဝမှ လမ်းလျှောက်ထွက်လိုက်သည်။ သို့သော် ကျောက်ရှောင်လင်းကို လွယ်လွယ် အလွတ်ပေးမည်မဟုတ်ဟု သူ ဆုံးဖြတ်ထား၏။

" ဟိုကောင် လျှိုယုံရှိသေးတယ်။ သူ့ကို မှီတဲ့အထိ နေနှင့်ဦးပေါ့ကွာ "

သူက ဟွန့်ခနဲ နှာမှုတ်ရင်း သုတ်ချေတင်လိုက်သည်။

ကျောက်ရှောင်လင်းက ေတာ်ဝင်နန်းတော် အပြင်ဘက်တွင် ပေါ်လာသောအခါ နောက်ဆုံးအချိန်မှ ကပ်သီလေးလွတ်ခဲ့သဖြင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။ တတ်နိုင်သမျှ အရှိန်ကုန်ထုတ်ကာ သူ့ဘဝတစ်ခုလုံးတွင် ခံစားခဲ့ရမျှထက် သာလွန်သော ခံပြင်းစိတ်ပျက်ခြင်းများဖြင့် သူ၏ မျိုးနွယ်စုထံ အလောသုံးဆယ် ပြန်လိုက်လေသည်။ မင်းမျိုးနွယ်အထက်တန်းလွှာအားလုံး၏ ရှေ့မှောက်တွင် ပိုင်ရှောင်ချန်းသာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးခဲ့လျှင် ဒူးထောက်အရိုအသေပေးမည်ဟု သူမည်မျှ ကျယ်လောင်စွာ ကြေညာခဲ့ကြောင်း တွေးမိလိုက်သည်တွင် ပါးရိုက်ခံလိုက်ရသည့်အလား ခံစားနေရတော့သည်။

ကျောက်ရှောင်လင်းက သူ၏မျိုးနွယ်စုသို့ ပြန်ရောက်လာစဥ် ပိုင်ရှောင်ချန်းက လောကဓာတ်အောက်လမ်းဆရာ ဖြစ်သွားပြီဆိုသော သတင်းမှာ ဗဟိုဧကရာဇ်မြို့တော်တခွင် ပျံ့နှံနေပြီဖြစ်သည်။

အချိန်တိုအတွင်း ထိုအကြောင်းကို လူတိုင်း ပြောနေကြတော့၏။

" ငါတို့ မြေရိုင်းဒေသမှာ နောက်ဆုံးတော့ လေးယောက်မြောက် လောကဓာတ်အောက်လမ်းဆရာရှိပြီပေါ့ကွာ"

" လေးယောက်မြောက်။ ရွှေရောင်လွှမ်းတဲ့ခေတ်မှာတောင် ငါးယောက်ထဲ ရှိခဲ့တာကွ "

" ပိုင်ဟောက်။ မဟာအကြီးအကဲ ပိုင်။ ခပ်မှိန်မှိန် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို သူ ဖန်းတီးခဲ့ကတည်းက လောကဓာတ်အဆင့်ရောက်မယ်ဆိုတာ သိသာတယ် "

ဗဟိုဧကရာဇ်မြို့တော်သာလျှင် တုန်လှုပ်သွားသည် မဟုတ်။ သတင်းများပျံ့နှံ့လာသည်နှင့်အမျှ မြေရိုင်းဒေသတစ်ခွင် အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။ အထူးသဖြင့် အောက်လမ်းဆရာများတွင် ဖြစ်ပေသည်။ အောက်လမ်းဆရာများအားလုံးနီးပါးမှာ လောကဓာတ်အောက်လမ်းဆရာအသစ်ထံ ရောက်ရှိလာကြပြီး ဆက်ဆံရေး တည်ဆောက်ရန် သူတို့အစွမ်းရှိသမျှ အကုန်လုပ်ဆောင်လာကြသည်။

သတင်းက ကောင်းကင်တံတားမြစ်ဒေသကိုပင် ရောက်ရှိသွားပြီး လူများစွာကို မှင်သက်သွားစေတော့သည်။ မြစ်ဝဂိုဏ်းကြီးလေးဂိုဏ်းလုံး ပိုင်ဟောက်နာမည်ကို သေမိန့်ကျစာရင်းပေါ်တွင် သွတ်သွင်းလိုက်ကြလေပြီ။

သူ့ခေါင်းအတွက် ဆုကြေးကား မယုံနိုင်စရာပင်။ သူသာလျှင် အသက်ရှိနေသည့် ..... လောကဓာတ်အောက်လမ်းဆရာများထဲက တစ်ယောက်ဖြစ်သည် မဟုတ်ပါလော။ မြစ်ဝဂိုဏ်းကြီးလေးဂိုဏ်းအတွက် လူငယ်လေးတစ်ယောက်က ထိုကဲ့သို့မြင့်မားေသာ အဆင့်အတန်းသို့ ရောက်ခဲ့သည့်အချက်ကြောင့် သူသေမှဖြစ်မည်ဟု ခံစားနေကြသည်။

ကံဆိုးစွာပင် သူက သူတို့နှင့် အလွန့်အလွန် အလှမ်းဝေးကွာလွန်းသဖြင့် စိတ်မချမ်းမြေ့စွာ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိပေ။

ကောင်းကင်တံတားဒေသရှိ လူများပင် သတင်းအနံ့ရလျှင် ကျိုးရီရှင်း၏ မျိုးနွယ်စုကို ပြောစရာပင် မလိုတော့ပေ။ သူတို့က ဗဟိုဧကရာဇ်မြို့တော်ထံမှ အလွန့်အလွန်ဝေးကွာသော နေရာတွင် ရှိသော်လည်း ထိုအကြောင်းကြားပြီး ကျိုးရီရှင်းက ပိုင်ဟောက်၏ နောက်လိုက်တစ်ယောက်ဖြစ်ကြောင်း သိသောအခါ အားရကျေနပ်သွားလေသည်။ အမှန်တွင် မျိုးနွယ်စုခေါင်းဆောင်က ကျိုးရီရှင်းကို အိမ်ရှေ့မင်းသားအဖြစ် တိုးမြှင့်ပေးရန် အမိန့်များချက်ချင်း ထုတ်ပြန်ကြေညာလိုက်သည်။

မျိုးနွယ်စုအကြီးအကဲများက သူ၏ဆုံးဖြတ်ချက်ကို သဘောတူကြပြီး ကျိုးရီရှင်း၏ ညီအစ်ကိုမောင်နှမများ မည်မျှ မကျေမနပ်ဖြစ်စေကာမူ အရေးမကြီးတော့ပေ။ အောက်လမ်းဆရာများ၏လောကတွင် လောကဓာတ်အောက်လမ်းဆရာတစ်ယောက်၏ ငယ်သားဖြစ်ခြင်းသည် အလွန်အရေးကြီးသောဂုဏ်ပုဒ်တစ်ခု ဖြစ်ပေသည်။

ထိုမျှသာမက ပိုင်ရှောင်ချန်း၏ အကူအညီဖြင့် ကျိုးရီရှင်း၏ အောက်လမ်းပညာက တဟုန်ထိုး တိုးတက်ခဲ့လေသည်။ သူသည် ယခုတွင် ကောင်းကင်အောက်လမ်းဆရာအဆင့်နှင့် ဆံခြည်မျှင်တစ်မျှင်လေးသာ ကွာဝေးတော့သည်။

အမှန်တကယ်ဆိုရလျှင် ဘုံဝါဒကို မဖျက်သိမ်းခဲ့ပေ။ သို့စေကာမူ ကျိုးရီရှင်း၌ မျိုးနွယ်စုရှိ သူ၏ဆွေမျိုးများထံမှ တုံ့ပြန်မှုကိုသော်လည်းကောင်း၊ တိုက်ခိုက်ခြင်းများကိုသော်လည်းကောင်း မဖြစ်စေရန် လုံလောက်သည့် အာဏာရှိသည်။ ဤပိုင်ဟောက်သည် ဘုံဝါဒကြေညာချက်နောက်ကွယ်မှ လူဖြစ်ကြောင်းလည်း မြေရိုင်းဒေသရှိ လူတိုင်းသိသည်... မဟုတ်ပါလော။

ကျိုးရီရှင်းသည် သူ့မျိုးနွယ်စုတွင်သာ တဟုန်ထိုးကျော်ကြားလာသည်မဟုတ်။ ဗဟိုဧကရာဇ်မြို့တော်တွင် သူ မည်သည့်နေရာသွားသည်ဖြစ်စေ လူအများက လက်ယှက်နှုတ်ဆက်ကြသည်ဖြစ်ရာ သူ အလွန်တရာကျေနပ်နေတော့သည်။ ယခုတွင် သူသည် ပိုင်ရှောင်ချန်းဘေးမှာ ရပ်တည်ရန်ဟူသော သူ၏မူလဆုံးဖြတ်ချက်သည် အကောင်းဆုံးတစ်ခုဖြစ်ကြောင်း လုံးဝအသေအချာ ယုံကြည်သွားလေသည်။

ကျိုးရီရှင်းပင် ထင်ပေါ်ကျော်ကြားသည့်အရသာအပေါ် ယစ်မူးနေသည်ဆိုပါက ပိုင်ရှောင်ချန်းကိုမူ ပြောစရာပင် မလိုတော့ပေ။ သူက မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာသို့ သွားရမည်ဖြစ်သော်လည်း အချိန်များစွာယူ၍ မြို့တော်တစ်လျှောက် လမ်းလျှောက်ထွက်ပြီး လူအများက သူရှိရာသို့ လေးစားကြည်ညိုသောအကြည့်များဖြင့် ကြည့်သည်ကို အရသာခံရင်း အချိန်ဆွဲနေလေသည်။ ထိုမျှသာမက သူသည် ဂုဏ်ပြုလက်ဆောင်များ ပေးကြသည့် အောက်လမ်းဆရာများဆီသို့ အဆက်မပြတ်အလည်အပတ်သွားခြင်းကို သဘောကျနှစ်ခြိုက်နေတတ်သည်။ ဖြစ်ပျက်လာသည့်အခြေအနေများနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းမှာ အလွန့်အလွန် ပဝမ်းမြောက်ပီတိဖြာနေတော့သည်။

သူက သူ၏စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင် ရှိခဲ့သည့် လမ်းကိုလည်း သွားရောက်လည်ပတ်ရာ ချစ်ခင်မြတ်နိုးခြင်း၊ ကြည်ညိုလေးစားခြင်းများစွာ ခံယူရရှိခဲ့လေသည်။ နောက်ဆုံးတွင် သူသည် ဗဟိုဧကရာဇ်မြို့တော်ရှိ အရေးကြီးသောနေရာများအားလုံးနီးပါးကို သွားရောက်လည်ပတ်ပြီးသောအခါ ကျောက်ရှောင်လင်းနှင့် လျှိုယုံကို ပြန်တွေးမိလိုက်လေသည်။

ကံဆိုးစွာပင် လျှိုယုံကား ဉာဏ်နီဉာဏ်နက်များလှသည်။ ပိုင်ရှောင်ချန်းက လက်စားချေရန် ကြိုးစားလိမ့်မည်ကို ကောင်းကောင်းသိသဖြင့် သူက အချိန်အတော်ကြာကတည်းက ဗဟိုဧကရာဇ်မြို့တော်မှ ထွက်ခွာပြီး မဟာတံတိုင်းကိုတိုက်ခိုက်နေသည့် စစ်တပ်တွင် သွားရောက်အမှုထမ်းလေသည်။ ပိုင်ရှောင်ချန်းက ထိုသည်နှင့်ပတ်သက်၍ အံ့အားသင့်သွားသော်လည်း ၄င်းက လျှိုယုံသည် အလွန်ပြတ်သားသောလူတစ်ယောက်ဟု သက်သေပြနေကြောင်း ဝန်ခံရပေမည်။

ကျောက်ရှောင်လင်းကတော့ မပြတ်သားပေ။ သူက တံခါးပိတ်ကျင့်ကြံခြင်းသာ ဝင်ရောက်ခဲ့ပြီး ပိုင်ရှောင်ချန်းက သူ့ကို မေ့သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ ဇွဲကို သူ လျှော့တွက်ခဲ့မိလေသည်။ ပိုင်ရှောင်ချန်းက ကျောက်မျိုးနွယ်စုထံ နေ့စဥ်နေ့တိုင်းလာရောက်လေရာ လူတိုင်းအတွက် ဒုက္ခရောက်စေသော်လည်း မျိုးမစစ်ကလေးများမှာမူ ဝမ်းမြောက်နေကြလေသည်။

သူ၏ ရာထူးအသစ်ကို စဥ်းစားလိုက်လျှင် သူသည် သူသွားသည့်နေရာတိုင်း၌ လူအများအာရုံစိုက်ရာ ဖြစ်နေသည်။ သင်းကွဲကျင့်ကြံသူများအားလုံး သူ၏နောက်လိုက်များဖြစ်ချင်နေကြ၏။ အရေးအကြီးဆုံးအနေဖြင့် သူနှင့် မင်းမျိုးနွယ်အထက်တန်းလွှာများကြားရှိ ပဋိပက္ခများက သူလောကဓာတ်အောက်လမ်းဆရာအဆင့်တက်သွားပြီးနောက် ချက်ချင်း ပျံ့နှံ့လာလေသည်။ ထိုအချိန်မှစ၍ ဗဟိုဧကရာဇ်မြို့တော်တွင် ဆိုးဆိုးဝါးဝါးအရာများဖြစ်တိုင်း လူတိုင်းသည် မင်းမျိုးနွယ်အထက်တန်းလွှာများကို စွပ်စွပ်စွဲစွဲ လက်ညှိုးထိုးကြလေသည်။

သူသည် မြေရိုင်းသားအောက်လမ်းဆရာများအားလုံး၏ အတိုင်းထက်အလွန် ကြည်ညိုလေးစားခံရသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သောကြောင့် သူနှင့် ပြဿနာများရှိသည့် ကောင်းကင်နယ်စားများပင်လျှင် မတတ်သာဘဲ သည်းခံနေရလေသည်။

ယခုအခါ သူသည် ယခင်ကထက် ပို၍ လုံခြုံသော နေရာတွင် ရှိနေသည်ဖြစ်ရာ ကျောက်ရှောင်လင်းကို လက်မလျှော့လိုပေ။ ကံဆိုးစွာပင် ထိုလူမှာ အခွံထဲ ခေါင်းဝှက်ထားသည် လိပ်တစ်ကောင်အလား။ သူက ကောင်းကင်မြို့စားစေတီထဲတွင်သာ နေပြီး ပိုင်ရှောင်ချန်း မည်သို့ပြောသည်ဖြစ်စေ ထွက်လာမည် မဟုတ်ပေ။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်း ဒေါသထွက်လာတော့သည်။

" ကောင်းပြီလေ ငကြောက်။ ကိုယ်တော်ပိုင်က မင်းကို ဒီအတိုင်းပုန်းနေခွင့်ပေးမယ်လို့ တကယ်ထင်နေတာလား "

ပိုင်ရှောင်ချန်းသည် ကျောက်ရှောင်လင်းက မည်မျှ ရယ်ချင်စဖွယ်ပြုမူနေသည်ကို တွေးကာ မြည်တွန်တောက်တီးရင်း ကောင်းကင်မြို့စားစေတီကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ကျောက်ရှောင်လင်းသည်ကား သိသာစွာ ရှုံးနိမ့်သွားခဲ့သည်တိုင် အရှက်မရှိ ဆက်လက်ပြုမူနေသေးသည်။

" မင်းသာ ယောက်ျားစစ်စစ်ဆို လျှိုယုံလိုမျိုး မဟာတံတိုင်းစစ်ပွဲက ရှေ့တန်းမှာ သွားပုန်းနေ။ ဒါဆို အနည်းဆုံးတော့ ငါလေးစားတာ ခံရဦးမယ်။ အဲဒီအစား မင်းက ပျော့တိပျောညံ့ ကောင်းကင်မြို့စားစေတီထဲမှာ ပုန်းနေတယ်။ ကောင်းပြီလေ၊ မင်းထွက်လာအောင် ဘယ်လိုလုပ်မလဲ စောင့်သာကြည့်လိုက် "

သူက အင်္ကျီလက်စကို ခါယမ်းရင်း နောက်ထပ် ကောင်းကင်မြို့စားမျိုးနွယ်စုထံ ဆက်သွားလိုက်သည်။ ကောင်းကင်မြို့စားတစ်ယောက်နှင့်ပက်ပင်းတိုးတိုင်း သူက ခြိမ်းခြောက်ကြိမ်းမောင်းပြီး မအီမသာဖြစ်စေလိုက်သည်။ ထိုမျှသာမက ကျောက်ရှောက်လင်း ထွက်လာပြီး သူကို ဒူးထောက် အရိုအသေမပေးသရွေ့ ဗဟိုဧကရာဇ်မြို့တော်တွင် နေဦးမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားလေသည်။ တဖြည်းဖြည်းနှင့် ကောင်းကင်မြို့စားများမှာ ကျောက်ရှောင်လင်းကို အလွန်တရာ စိတ်ဆိုးဒေါသထွက်လာတော့သည်။

ပိုင်ရှောင်ချန်းက ကောင်းကင်မြို့စားများအားလုံးနီးပါးကို ခြိမ်းခြောက်ပြီးနောက် အဆုံးသတ်တွင် ချန်ဟောက်စုန့်က သက်ပြင်းချလိုက်ပြီး ကျောက်ရှောင်လင်းကို အရှုံးသာ ပေးလိုက်ရန် တိုက်တွန်းသော စာတစ်စောင်ပို့လိုက်သည်။ သူသည် နောင်တများရကာ သတ္တိများပျောက်ဆုံးနေရာမှ သူ့ကိုယ်သူအားတင်း၍ ပိုင်ရှောင်ချန်းကို သွားရှာကာ ခမ်းနားကြီးကျယ်သောပုံစံဖြင့် ဒူးထောက်အရိုအသေပေးလိုက်သည်။

ပိုင်ရှာင်ချန်းမှာ သူမြင်ရသည့်အရာအတွက် အလွန်ပျော်ရွှင်မြူးထူးနေတော့သည်။ ထို့နောက် သူက အခြားကောင်းကင်မြို့စားများကို အလွတ်ပေးရန် ဆုံးဖြတ်လိုက်၏။ သူ၏ အင်္ကျီလက်စကိုခါယမ်းရင်း ကျိုးရီရှင်းကို ခေါ်ကာ မြို့တော်မှ ထွက်သွားလေသည်။ သူတို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ မသွားဘဲ ထိုအစား မဟာကောင်းကင်သခင်၏ ကိုယ်ရံတော်တပ်ဖွဲ့ခြံရံလျက် ဗဟိုဧကရာဇ်မြို့တော်၏ ကောင်းကင်လေသင်္ဘောကို အသုံးပြုကာ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာကို ဦးတည်လိုက်ကြသည်။

အောက်လမ်းဆရာပေါင်းများစွာ ပိုင်ရှောင်ချန်းကို လိုက်လံပို့ဆောင်ကြ၏။ ကောင်းကင်မြို့စားများအားလုံးမှာမူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြပြီး သူထွက်သွားပြီးနောက် ဘယ်တော့မှ ပြန်မလာနိုင်စေရန် ဆုတောင်းလိုက်ကြသည်။

ကျောက်ရှောင်လင်းမှာ သူ၏စိတ်လှုပ်ရှားမှုများကို ဖော်ပြရန် ဗုံများ၊ မောင်းများ တီးမှုတ်ခြင်း မပြုမိစေရန် အောင့်အီးနေရသည်။

ဗဟိုဧကရာဇ်မြို့တော်အတွင်းမှာ တုံ့ပြန်ချက်မျိုးစုံ ဖြစ်ပေါ်နေသည်။ ပိုင်ရှောင်ချန်းမှာမူ ထွက်ခွာလာစဥ် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးမိလိုက်ပြီး သက်ပြင်းချလိုက်၏။

" ငါ မင်းတို့ အားလုံးကို သတိရနေမှာပါ "

သူဗဟိုဧကရာဇ်မြို့တော်ကို လာသည့်အချိန်တွင် သရဲကြီးမြို့တော်မှ အမည်မရှိလူတစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခုတွင် သူက အမည်မရှိလူတစ်ယောက်နှင့် ဆန့်ကျင်ဘက် မြေရိုင်းဒေသတစ်ခွင် အရေးအကြီးဆုံးလူတစ်ယောက် ဖြစ်နေလေပြီ။

မြို့တော်ရှိ အခြားလူများသည်လည်း တူညီသောအရာတစ်ခုကို တွေးတောနေကြပြီး ယင်းက သူတို့ကို သက်ပြင်းချမိသွားစေသည်။

" သူက မင်းတို့ မုန်းရင်မုန်းလောက်တဲ့ လူစားမျိုး ဆိုပေမဲ့ လေးစားစရာေကာင်းတဲ့လူတစ်ယောက်ဆိုတာကို ငြင်းလို့မရဘူး "

ချန်ဟောက်စုန့်က သက်ပြင်းချလျက် ပြောသည်။

" သူက ဗဟိုဧကရာဇ်နိုင်ငံတော်မှာ တစ်ခါတရံမှသာ ပေါ်ထွက်လာနိုင်တဲ့ လူစားမျိုးပဲ။ သူက ရောက်သွားတဲ့နေရာတိုင်းကို ဂယက်ရိုက်စေတဲ့ လူတစ်ယောက်ဖြစ်တယ်။ အမြင့်ဆုံးအထွတ်အထိပ်ကို ရောက်သွားတဲ့လူတစ်ယောက်ဆိုရင်လဲ ဟုတ်တယ်။ ဘယ်သူမှ သူ့ကို မလေးမစားမလုပ်ရဲဘူး " ကောင်းကင်မြို့စားအားလုံး သက်ပြင်းရှည်ကြီးများ ချလိုက်ကြသည်။

သူသည် သရဲကြီးမြို့တော်၏ ကောင်းကင်ဘုရင်ကို ပြန်ပေးဆွဲခဲ့ပြီး ဝိညာဥ်ရေနွေးအိုးထဲတွင် လက်ရွေးစင်အုပ်လိုက်ကြီးကို ဖမ်းဆီးခဲ့သည်။ သူက ကောင်းကင်အဆင့်အောက်လမ်းဆရာများနှင့် ယှဥ်ပြိုင်ခဲ့ပြီး စစ်ဆေးရေးအရာရှိမင်းသက်တမ်းတွင် စွမ်းအားအကြီးဆုံး မျိုးနွယ်စုများမှ ပစ္စည်းဥစ္စာများကို သိမ်းပိုက်ခဲ့သည်။

သူက ဘိုးဘေးပူေဇာ်ပွဲအတောအတွင်း သက်ရှိသက်မဲ့များအားလုံးကို ဆူညံပွက်လောရိုက်သွားပြီး ကောင်းကင်မြို့စားများ၏ ဒေါသများကို လှုံ့ဆော်ခဲ့ကာ ဘုံဝါဒကြောင့် မင်းမျိုးနွယ်အထက်တန်းလွှာတစ်စုလုံးနှင့် မဟာရန်သူကြီးဖြစ်ခဲ့ပြီးနောက် အံသြတုန်လှုပ်ဖွယ် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်လာခဲ့လေသည်။

ထိုဇာတ်လမ်းများအားလုံးသည် ပိုင်ရှောင်ချန်း ဗဟိုဧကရာဇ်မြို့တော်မှ ထွက်ခွာသွားသည့်တိုင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ အမှန်ဆိုရလျှင် သူတို့က ပို၍ပင် စိတ်အားထက်သန်စွာဖြင့် ဆက်လက်ပြောဆိုလာကြတော့သည်။ သူထွက်သွားစဥ် မဟာကောင်းကင်သခင်က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ ငါတကယ် သိချင်မိတယ်။ ဘာကြောင့်များ ငရဲဧကရာဇ်က သူ့ကိုရွေးခဲ့တာလဲ "

သူ့ဘေးတွင် ရပ်နေသော ဟဲမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

" ကျွန်တော်မျိုးလဲ မသိဘူး "

All Chapters