အိမ်မွေးတိရစ္ဆာန်
Vol. 9 Ch. 811
မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာသည် မြေရိုင်းဒေသရှိ တားမြစ်နေရာအနည်းစုထဲက တစ်ခုဖြစ်သည်။ ထိုကဲ့သို့ နေရာများအား ' တားမြစ်'ဟု ခေါ်ရသည့် အကြောင်းရင်းမှာ သာမန် ဝိညာဥ်ကျင့်ကြံသူများအတွက် အထဲဝင်ရန်ပင် ခက်ခဲမည် ဖြစ်ပြီး ထိုသို့အားထုတ်ရာတွင် အောင်မြင်ပါက ရလဒ်အနေနှင့် သေလုနီးပါး ဖြစ်သွားလိမ့်ပေမည်။ ထိုနေရာများအား အန္တရာယ်ကင်းကင်း ကျော်ဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အထူးအမိန့်တံဆိပ်ပြားများနှင့်သာ ဖြစ်သည်။
မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာတွင် မြစ်တစ်စင်း ရှိနေသည်မှာ အံသြဖွယ်ရာမရှိပေ။ နေ့အချိန်တွင် ၄င်းသည် ခမ်းခြောက်နေသော မြစ်ကြမ်းပြင်တစ်ခုသာ ဖြစ်သည်။ သို့သော် သန်းခေါင်ယံကျော်ပြီးနောက်တွင် မြေအောက်ကမ္ဘာမြစ်သည် တသွင်သွင်စီးဆင်းရင်း သိသာထင်ရှားလာကာ ညအမှောင်ထုပျောက်ကွယ်သွားသည်နှင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ထို့ကြောင့် ထိုနေရာသည် တားမြစ်နေရာတစ်ခုဖြစ်လာ၏။ မြေအောက်ကမ္ဘာမြစ်သည် ပုံမှန်အားဖြင့် ပုံရိပ်ယောင်ဖြစ်ပြီး အထူးအခြေအနေအချိန်အခါများ သို့မဟုတ် အထူးနည်းလမ်းများ သုံးခြင်းဖြင့်သာ လူသားကမ္ဘာတွင် ပေါ်ပေါက်လာတတ်သည်။
သို့သော် ဤနေရာတွင် မြေအောက်ကမ္ဘာမြစ်သည် ပုံမှန်အားဖြင့် သန်းခေါင်ယံအကျော် ညတိုင်း ပေါ်လာတတ်သည်။
အမှန်တကယ်တော့ မြေရိုင်းဒေသ၏ တားမြစ်နေရာများအားလုံး၌ မြေအောက်မြစ် ပေါ်လာစေနိုင်သော ပြိုင်ဘက်ကင်းပစ္စည်းများ ရှိလေသည်။ ထိုပစ္စည်းများကို ဗဟိုဧကရာဇ်နိုင်ငံတော်တွင် ကျင့်ကြံခြင်းဆိုင်ရာအတွက်သာမက ဗဟိုဧကရာဇ်မြို့တော်ဖြစ်သည့် ဧရာမမှော်ပစ္စည်းကြီးကို ပြုပြင်ရန်အတွက်လည်း အသုံးပြုလေသည်။
ဥပမာဆိုရလျှင် မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာတွင် ညအခါ မြစ်အပေါ်၌ မြေအောက်ကမ္ဘာသက်တန့်များ ပေါ်လာတတ်သည်။ ၎င်းတို့သည် ပုံရိပ်ယောင်များဖြစ်ပြီး ခေတ္တသာကြာသော်လည်း အထူးနည်းလမ်းများကို သုံးခြင်းအားဖြင့် ရယူနိုင်သည်။
ထိုသို့ေသာအကြောင်းအရာများကြောင့် တားမြစ်နေရာများကို ဗဟိုဧကရာဇ်မြို့တော်မှာ စစ်တပ်များက နှစ်ပတ်လည် စခန်းချထားလေသည်။ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာအတွက်မူ လူ ၃၀၀၀ တပ်ဖွဲ့တစ်ဖွဲ့ စခန်းချကာကွယ်ထားသည်။
တပ်သားများအထဲ စွမ်းအားအကြီးဆုံးက ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းတွင် ရှိသည်။ သူသည် ကောင်းကင်မြို့စားမဟုတ်သော်လည်း မဟာကောင်းကင်သခင်၏ ကိုယ်ရုံတော်အစောင့်များထဲက တစ်ယောက် ဖြစ်သည်။ ဝိညာဥ်ကျင့်ကြံသူအများစုသည် အမြုတေအဆင့်တွင် ရှိ၏။
ထို တပ်သား ၃၀၀၀က ပိုင်ရှောင်ချန်းကို ကာကွယ်နိုင်မည်ဟု ပြောဆိုလျှင် အလွန်အကျူးအမွှန်းတင်နေသလိုဖြစ်မည်ဖြစ်သော်လည်း အမှန်တကယ်တော့ သူတို့က မဟာကောင်းကင်သခင်ထံ တိုက်ရိုက်အစီရင်ခံကတည်းက သူတို့သည် ရှိရင်းစွဲကျင့်ကြံခြင်းအခြေခံအဆင့်ထက် ပို၍ စွမ်းအားကြီးကြသည်။ ပိုင်ရှောင်ချန်းကို လျှို့ဝှက်စွာတိုက်ခိုက်လာမည့် အထက်တန်းလွှာမင်းမျိုးနွယ်စုဝင်များ ရှိလာနိုင်သော်လည်း ကောင်းကင်ဘုရင်လေးဦးပင် မဟာကောင်းကင်သခင်ကို ခပ်လွယ်လွယ်သဘောထားကာ မဆန့်ကျင်ရဲပေ။
ထိုတပ်ဖွဲ့ကို သုတ်သင်လိုက်ခြင်းသည် မဟာကောင်းကင်သခင်ကို စစ်ကြေညာလိုက်သလို ဖြစ်သွားလိမ့်မည်။
စစ်တပ်၏ ယေဘုယျတာဝန်မှာ မြေအောက်ကမ္ဘာသက်တန့်များကို သိမ်းပိုက်ရန်ဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့် ကျိုးရီရှင်းတို့ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာသို့ ခရီးနှင်လာခဲ့ကြသည်မှာ ရက်အနည်းငယ်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ပိုင်ရှောင်ချန်းက အလျင်လိုခြင်းမရှိဘဲ ကောင်းကင်လေသင်္ဘောနှင့် ပုံမှန်အတိုင်း ဆက်သွားနေသည်။ မြေရိုင်းဒေသထဲရှိ ရှုခင်းများသည် လွင်တီးခေါင်ဖြစ်သော်လည်း ထိုသည်က ပိုင်ရှောင်ချန်း၏စိတ်အားထက်သန်မှုကို အနည်းငယ်မျှ လျော့ကျမသွားစေခဲ့ပေ။ အမှန်တွင် သူက အချိန်ယူ၍ လမ်းတစ်လျှောက်ရှိ အောက်လမ်းဆရာမျိုးနွယ်စုများစွာကို အလည်အပတ်သွားခဲ့လေရာ သူတို့က သူ့ကို လက်ဆောင်ပဏ္ဍာများ တပုံတခေါင်းပေးကြသည်။ ခြုံကြည့်လိုက်လျှင် သူ့အတွက် ပျော်ရွှင်စရာခရီးစဥ်တစ်ခု ဖြစ်နေတော့သည်။
နောက်ဆုံး မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာသို့ သူတို့ ရောက်သောအခါ ညနေစောင်းနေလေပြီ။ ထိုနေရာတွင် တပ်ချထားသည့် တပ်သား ၃၀၀၀သည် သူလာရောက်မည်ကို အကြောင်းကြားခံထားရပြီးဖြစ်သည့်အတွက် တန်းစီလျက် စောင့်နေကြလေသည်။
တပ်ဖွဲ့၏ ရှေ့တွင် လူငါးယောက်ရပ်နေပြီး အားလုံးသည် ယင်ယန်ဝိညာဥ် ကျင့်ကြံသူများ ဖြစ်သည်။ သူတို့ထဲက တစ်ယောက်က သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး တပ်ဖွဲ့ကို အမိန့်ပေးရသော တပ်မှူးကြီးမှလွဲ၍ တခြားသူမဟုတ်ပေ။ သူ့နောက် တစ်လှမ်းအကွာတွင် ယင်ယန်ဝိညာဥ် ကျင့်ကြံသူလေးဦး ရပ်နေသည်။ သူတို့ထဲက နှစ်ယောက်သည် နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီး အခြားနှစ်ယောက်က အလယ်ပိုင်းအဆင့်သို့ ေရာက်နေသည်။
သူတို့က ပိုင်ရှောင်ချန်း မည်သူမည်ဝါဖြစ်ကြောင်း ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ သူက လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်သာမက ခြေတစ်ချက်လေးဆောင့်နင်းလိုက်ရုံနှင့် မြေရိုင်းဒေသတစ်ခွင်လုံး တုန်လှုပ်သွားစေနိုင်သည့် လူစားမျိုးဖြစ်ကြောင်းလည်း သူတို့ သိသည်။
ထိုမျှသာမက သူတို့သည် မဟာကောင်းကင်သခင်၏ ကိုယ်ရံတော်တပ်ဖွဲ့မှ ဖြစ်ပြီး ပိုင်ရှောင်ချန်းပြောသည့် မည်သည့်အရာကိုဆို လုပ်ပေးရန် အထူးအမိန့်များ ရရှိခဲ့သောကြောင့် သူ့လိုအင်ကို လေးစားစွာ ဖြည့်ဆည်းပေးရန် တခဏလေးပင် တုံ့ဆိုင်းနေမည့်လူများ မဟုတ်ပေ။
ထိုတပ်ဖွဲ့စောင့်နေစဥ် အတန်ငယ်ဝေးသောနေရာမှ ပိုင်ရှောင်ချန်း၏ ကောင်းကင်လေသင်္ဘောသည် လေဟုန်ခွင်း၍ သူတို့ထံ ရောက်လာလေသည်။ ၄င်း ရပ်လိုက်ချိန်တွင် ကျိုးရီရှင်း ပျံထွက်လာပြီး မြေပေါ်ဆင်းတက်လိုက်ပြီးနောက် သစ္စာရှိ လူယုံတော်အသွင်ဖြင့် သတိကြီးကြီးထားကာ ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က လူ ၃၀၀၀အပေါ်ရောက်သွားသောအခါ အံသြတုန်လှုပ်သွားဟန်တူသည်။
မည်သည့် လျှို့ဝှက်အန္တရာယ်မှ မရှိစေရန် အခြေအနေကို ပို၍နီးကပ်စွာ သေသေချာချာလေ့လာပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးနောက် ကောင်းကင်လေသင်္ဘောထံ လှည့်လိုက်ပြီး လက်ယှက်လိုက်သည်။
" မဟာအကြီးအကဲပိုင် အခစားခွင့်ပြုပါခင်ဗျား "
သူက အသံကျယ်ကြီးနှင့် ပြောလိုက်သည်။ ထို့နောက် စစ်တပ်၏ တပ်မှူးကြီးက လက်ယှက်၍ တူညီသော ပုံစံဖြင့် ဆင့်ခေါ်လိုက်သည်။ ထို့နောက် စစ်တပ်တစ်တပ်လုံး တူညီသော စကားလုံးများ တညီတညွှတ်တည်း ဟစ်အော်လိုက်ကြသည်။
" မဟာအကြီးအကဲပိုင် အခစားခွင့်ပြုပါခင်ဗျား "
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ကျောနောက်လက်ပစ်ရင်း ကောင်းကင်သင်္ဘော ကုန်းပတ်၏ အပေါ်ထက်တွင် ပေါ်လာ၏။ ကျိုးရီရင်းကို အသိအမှတ်ပြုသည့်အကြည့်ပေးပြီးနောက် သူက ပျံထွက်လာပြီး လူ ၃၀၀၀ တပ်ဖွဲ့ရှေ့တွင် ရပ်လိုက်သည်။
" ကျွန်တော်မျိုးက ဝူတောက်ပါ " တပ်မှူးကြီးက ပြောသည်။
" မဟာအကြီးအကဲပိုင်အား အရိုအသေပေးပါတယ်။ မဟာအကြီးအကဲပိုင် တောင်းဆိုတာမှန်သမျှ ကျွန်တော်မျိုး ဘာမဆို ဖြည်ဆည်းပေးပါ့မယ်" ထို့နောက် ဝူတောက်က လက်ယှက်ပြီးနောက် ယခင်ကထက်ပို၍ လေးနက်စွာပင် အရိုအသေပေးလိုက်သည်။
ပိုင်ရှောင်ချန်းက ဖြစ်ပျက်လာသည်များနှင့်ပတ်သက်၍ အလွန့်အလွန် ပျော်ရွှင်ကျေနပ်နေတော့သည်။ သူက အားပါးတရရယ်မောလိုက်ရင်း အပြေးအလွှားသွား၍ တပ်မှူးကြီးကို အရိုအသေပေးနေရာမှ ဆွဲထူလိုက်သည်။
" ဒီလို လုပ်စရာမလိုပါဘူး တာအိုရောင်ရင်း ဝူရယ် " သူက ရိုးသားသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "တကယ်ဆိုရင် ကျုပ်က ကျင့်ကြံခြင်းအခြေခံမှာ အက်မတန် နိမ့်ကျနေပါသေးတယ်။ မဟာကောင်းကင်သခင်က အောက်လမ်းပညာမှာ ပိုအားစိုက်ထုတ်နိုင်အောင်လို့ ကျုပ်ကို ဒီနေရာ လွှတ်လိုက်တာ။ လာမယ့်ေန့ရက်တွေမှာ ခင်ဗျားဆီက အကူအညီများများရမယ်လို့ ကျုပ်ထင်ပါတယ် "
ဤသည်ကား ပိုင်ရှောင်ချန်းပင်။ လူအများက သူ့ကို ယဥ်ကျေးပျူငှာစွာ ဆက်ဆံလာသောအခါ သူက သူတို့ကို ပို၍ပင် ယဥ်ကျေးပျူငှာစွာ ဆက်ဆံတတ်သူ ဖြစ်သည်။
အမှန်တကယ်ဆိုရလျှင် ဝူတောက်မှာ စောစောကထက်ပို၍ လေးစားကြည်ညိုသွားတော့သည်။ သူ့စိတ်ထဲတွင် အနှီ မဟာအကြီးအကဲပိုင်ဆိုသူကို အတော်လေး အထင်ကြီးသွားသည်။ သူက လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်သည့်တိုင် မာနမကြီးပေ။ သူက သူ၏အားနည်းချက်ကို ဦးစွာ ဖော်ပြခဲ့ပြီးနောက် မဟာကောင်းကင်၏စေလွှတ်ချက်အရ ဤနေရာတွင် ရေရှည်နေရန် မဟုတ်ဘဲ အောက်လမ်းပညာရပ်ကို လေ့လာဖို့လာခြင်းဖြစ်ကြောင်း သွယ်ဝိုက်ပြောဆိုသွားခဲ့သည်။ ထိုသည်က သူသည် တပ်မှူးကြီး၏ ရာထူးကိုသော်လည်းကောင်း၊ နေရာကိုသော်လည်းကောင်း လုယူရန် စိတ်မဝင်စားကြောင်း ဖော်ပြနေသည်။
အမှန်မှာ ဝူတောက်ကိုယ်တိုင်က သူအုပ်ချုပ်သည့် တပ်ဖွဲ့သည်ပင် ကြီးကျယ်သည်ဟု မခံစားရသောကြောင့် ဤကဲ့သို့ ဆက်ဆံခံရသည့်အပေါ် အလွန်ကျေနပ်နေသည်။
ပိုင်ရှောင်ချန်းသည် ပထမဆုံးတွေ့ဆုံခြင်းမှာပင် ကောင်းမွန်စွာ အောင်မြင်သွားလေပြီ။ တပ်သားများက သူ့ပတ်လည်တွင် အလျင်အမြန်ဝိုင်းရံလိုက်ကြပြီး မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာရှိ စစ်ဌာနချုပ်ထံ ဦးဆောင်ခေါ်သွားလိုက်သည်။
လုပ်ရိုးလုပ်စဥ်အခမ်းအနားများလုပ်ဆောင်ပြီးနောက် ဝူတောက်က ပိုင်ရှောင်ချန်းကို အကောင်းဆုံးနေရာပေးပြီး မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာနှင့်ပတ်သက်သည့် အရာများအားလုံးအား အသေးစိတ်ရှင်းပြလေသည်။ နောက်ဆုံးတွင် ညနေခင်းရောက်သော် သူက အမိန့်တံဆိပ်ပြားနှစ်ခုကို ပေးအပ်လိုက်ပြီးနောက် ထွက်ခွာသွားလေသည်။
ပိုင်ရှောင်ချန်း၏ နေအိမ်က ကွင်းပြင်ကျယ်မှာ တည်ရှိခြင်းမဟုတ်ဘဲ ၎င်းကို တံတိုင်းမြင့်ကြီးများဖြင့် ကာရံထား၏။ထိုသည်နှင့် စစ်ဌာနချုပ်၏ အလယ်တွင် ရှိသည်ဟူသောအချက်ကို ပေါင်းစပ်လိုက်သည်တွင် ၎င်းက အလွန့်အလွန် လုံခြုံစိတ်ချဟန်ရှိသည်။
ထိုမျှသာမက ၄င်းတွင် အခန်းတစ်ခန်းသာ ပါသည်မဟုတ်။ ပင်မအခန်းနှင့် အရန်အခန်းနှစ်ခန်းရှိသည်။
ပိုင်ရှောင်ချန်း အလွန်ကျေနပ်သွား၏။ ဝူတောက် ထွက်သွားပြီးနောက် ကျိုးရီရှင်းက ပတ်ဝန်းကျင်ကို လုံခြုံစေရန် မန္တန်ဝင်္ကပါအနည်းငယ် နေရာချလိုက်၏။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို အစီရင်ခံလိုက်သည်။
" ဝူတောက်က အမှန်အတိုင်း ပြောနေတာ သခင်လေး " သူက အသံကိုနှိမ့်ရင်း ပြောလိုက်သည်။
" ညသန်းခေါင်ယံအချိန်တိုင်း ဒီနေရာမှာ မြေအောက်ကမ္ဘာမြစ်ပေါ်လာတယ်။ အဲဒီလိုပေါ်လာရင် အမိန့်တံဆိပ်ပြားရှိမှပဲ မြစ်နားကပ်လို့ရမှာ “
" ဒီနေရာက မြေအောက်ကမ္ဘာမြစ်အစတော့ မဟုတ်တဲ့ပုံပဲ။ ဒါပေမယ့် ဒါက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက စွမ်းအားကြီးတဲ့ ဆုံမှတ်တစ်ခု ဖြစ်နေသေးတယ်။ ဒါကြောင့် ဒီနေရာမှာ မြေအောက်ကမ္ဘာမြစ်ပေါ်လာတာပဲ။ အမှန်က ဒါက မြေရိုင်းဒေသတစ်ခွင် မြစ်က သဘာဝအတိုင်း ပေါ်လာတဲ့ တစ်ခုတည်းသော နေရာပဲ “
" ထူးခြားတဲ့ ဂုဏ်သတ္တိတွေကြောင့် ဒီနေရာက အောက်လမ်းဆရာတွေ ဉာဏ်အလင်းရဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ။ မြေအောက်ကမ္ဘာမြစ်ပေါ်လာတဲ့ နေရာတိုင်းမှာ မရေမတွက်နိုင်တဲ့ ဝိညာဥ်တွေ ပေါ်လာတတ်တယ်။ အဲဒီဝိညာဥ်တွေကို လျှို့ဝှက်နည်းလမ်းတွေသုံးပြီး ရယူနိုင်ပါတယ်။ တကယ်တော့ အန္တရာယ်တွေလဲ ရှိပါတယ် "
ထိုအကြောင်းအရာများအားလုံးကို ဝူတောက်က ပိုင်ရှောင်ချန်းအား ပြောသွားခဲ့ပြီးလေပြီ။ သို့သော် ပြောကြားသွားသည်မှာ အမှန်ဖြစ်ကြောင်း သေချာစေရန် ကျိုးရီရှင်းက အတည်ပြုလိုက်ခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းက ခေါင်းညိတ်လိုက်၏။ သူသည် ယခုတွင် ဗဟိုဧကရာဇ်မြို့တော်ဝဲဂယက်ကြီးမှ ဝေးဝေးရောက်လာသည့်အတွက် ပို၍ စိတ်သက်သာရာရသွားလေပြီ။ မင်းမျိုးနွယ်အထက်တန်းလွှာများနှင့် မည်သို့ရင်ဆိုင်ရမည်နည်းဟု အမြဲတွေးတောနေစရာ မလိုတော့သည်သာမက အချိန်ပြည့်သတိရှိရန်လည်း မလိုတော့ပေ။ သူ့မှာ အားထားရန် အလောင်းတပ်သားများ မရှိသော်လည်း စိတ်ဓာတ်အားမာန်တက်ကြွနေဆဲပင်။
တခဏကြာပြီးနောက် ကျိုးရီရှင်းက အသံကို နှိမ့်၍ ပြောလိုက်သည်။
" သခင်လေး ဟို စုန့်ချွဲကကော..."
ပိုင်ရှောင်ချန်းမှာ စုန့်ချွဲကို နောက်တစ်ကြိမ်ထပ်မေ့သွားကြောင်း သတိရလိုက်သဖြင့် သူ့နဖူးသူပြန်ရိုက်လိုက်သည်။ မြို့တော်မှ သူတို့ ထွက်လာခဲ့စဥ်က ကျိုးရီရှင်းကို အိတ်ထဲထည့်လာရန် ညွှန်ကြားခဲ့သော်လည်း ထိုကတည်းက လပေါင်းများစွာ ကြာသည့်တိုင်အောင် အပြင်သို့တစ်ခါလေးပင် မထုတ်ခဲ့ရသေးပေ။
" တော်တော်ဆိုးတဲ့ ဦးလေးပါလား "
သူက မလုံမလဲ တွေးလိုက်သည်။ သူက အိတ်ထဲမှ စုန့်ချွဲကိုထုတ်ရန် ကျိုးရီရှင်းကို ချက်ချင်းပြောလိုက်သည်။ စုန့်ချွဲ အပြင်ရောက်လာသောအခါ အတန်ငယ် ဖြူဖျော့နေပြီး ခဲယဥ်းစွာ အသက်ရှူနေရလေသည်။ အိတ်ထဲတွင် လပေါင်းများစွာ အပိတ်ခံထားရခြင်းက သူ့ကို မွန်းကြပ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ ယခင်အတိုင်းပြန်ဖြစ်သွားပြီးနောက် သူက ပိုင်ရှောင်ချန်းကို မကျေမချမ်း စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
ထို့ကြောင့် ပိုင်ရှောင်ချန်းက ရှက်ရှက်နှင့် ချောင်းဟန့်လိုက်ပြီးနောက် စုန့်ချွဲ၏ဆံပင်ကို လှမ်းဖွလိုက်သည်။ ဤသည်က စုန့်ချွဲအတွက် ထူးထူးဆန်းဆန်းကြီး ခံစားသွားစေရသော်လည်း သူ မရှောင်တိမ်းဝံ့ပေ။
အမှန်တွင် သူ စစ်ဆေးရေးစံအိမ်ကို ရောက်ခဲ့သည့် အခိုက်အတန့်ကတည်းက ဤပိုင်ဟောက်သည် သူ့ကို အတော်လေး ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်း သတိထားမိခဲ့သည်။ သူသည် သူ့ကို အတိုင်းအတာတစ်ခုထိ လုံခြုံမှုနှင့်အတူ ကျင့်ကြံခြင်းအခြေခံရင်းမြစ်များ ပေးခဲ့သည်သာမက အတန်ငယ် လွတ်လွတ်လပ်လပ် နေခွင့်ပြုသည်။
အချိန်များစွာ ကုန်လွန်လာခဲ့ပြီးနောက် သူက ဒဏ်ရာဟောင်းများမှ ပြန်လည်သက်သာလုနီးပါးဖြစ်လာခဲ့သည်။ အမှန်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံပင် အတန်အသင့် တိုးတက်လာခဲ့၏။ သူသည် ပိုင်ရှောင်ချန်းကို မကျော်နိုင်သေးသည့်တိုင် ဤပိုင်ဟောက် နောက်သို့ ဆက်လိုက်ပြီး သူပေးကမ်းသည် ကျင့်ကြံခြင်းဆိုင်ရာရင်းမြစ်များမှ အကျိုးအမြတ်ရနေသရွေ့ မကြာမီ သူကျော်နိုင်တော့မည်ဟု ယုံကြည်ထားသည်။
" ဟမ့်၊ ငါ ပိုင်ရှောင်ချန်းကို ချက်ချင်း မကျော်နိုင်ရင်တောင်မှ ငါက သူ့ထက်ကောင်းတဲ့ နေရာ ရောက်နေတာ။ သူက နာမည်ကြီးပေမဲ့ ကြွက်ကလေးလို ထွက်ပြေးနေရပြီး မျက်နှာတောင် မပြရဲအောင် ကြောက်နေရတယ်လေ။ သူ့ မျက်နှာသာပြလိုက်ရင် မျက်စိတစ်မှိတ်အတွင်း သေချာပေါက် အသတ်ခံရမှာပဲ "
ရုတ်တရက် စုန့်ချွဲသည် ပိုင်ဟောက်ကို တွေဆုံရခြင်းက ကံကြမ္မာ၏ဖေးမခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ သူ့ကို အိမ်မွေးတိရစ္ဆာန်သဖွယ် ဆက်ဆံလျှင်တောင်မှ ထိုက်တန်ပြီး ပိုင်ဟောက်ကို မလွှတ်စတမ်းတွယ်ကပ်နေရန် မည်သည့်အရာကိုမဆို လုပ်ရလိမ့်မည်။
" အိမ်မွေးတိရစ္ဆာန်လား၊ အဲဒီတော့ ဘာဖြစ်တုံး။ ဒါက မြေရိုင်းဒေသလေ၊ ဘယ်ကောင်မှ ငါ့ကိုသိမှာမဟုတ်ဘူး။ ဟမ့် ငါက အိမ်မွေးတိရစ္ဆာန်ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန်ေလ။ အခု ပိုင်ရှောင်ချန်းက အိမ်မွေးတိရစ္ဆာန်ဖြစ်ချင်ရင်တောင် အရည်အချင်းမီမှာ မဟုတ်ဘူး “
ထိုနည်းအားဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရင်း ပိုင်ရှောင်ချန်းက သူ့ခေါင်းကို ပို၍ထိုးဖွနိုင်ရန် ခေါင်းထိုးပေးလိုက်လေသည်။