← Chapters

ဟိုမှာ လူတစ်ယောက်ရှိနေတယ်

Vol. 9 Ch. 812

ဟိုမှာ လူတစ်ယောက်ရှိနေတယ်

Vol. 9 Ch. 812

အမှန်တကယ်တော့ စုန့်ချွဲ မည်သို့တွေးနေသည်ကို ပိုင်ရှောင်ချန်း ချက်ချင်း ပြောနိုင်သည်။

" ဒီကောင် ငါ့ကို သူ့ခြေထောက်အောက် နင်းခြေဖို့ တကယ်ကြီးတွေးနေတာလား "

အခြေအနေမှာ လွန်စွာ ရယ်စရာကောင်းနေခြင်းကြောင့် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း အမှန်စင်စစ် သူသာ မည်သူဖြစ်သည်ကို စုန့်ချွဲသိသွားလျှင် မည်သို့ဖြစ်မည်ကို စဥ်းစားလိုက်သည်။ သူ့မျက်နှာထား မည်သို့ဖြစ်သွားမည်နည်း။

သို့သော် ပိုင်ရှောင်ချန်းက ထိုသည်မှာ ရက်စက်ရာကျလွန်းမည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

" အာ ဘာပဲဖြစ်ဖြစ် ငါက သူ့ဦးလေး။ အင်မတန် ဖြူစင်တဲ့ လူစားမျိုးလေ။ အခုချက်ချင်း သူ့ကို ရက်စက်တဲ့ အမှန်တရားကို မပြောနိုင်သေးဘူး "

သူက သက်ပြင်းချရင်း သူမည်မျှအံသြဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်းနှင့် စုန့်ကျင်းဝမ်အား မည်မျှသစ္စာရှိစွာချစ်ခင်မြတ်နိုးကြောင်းကိုလည်း စဥ်းစားနေလိုက်သည်။ အဆုံးသတ်ရသော် “ ကျွန်ုပ်ကို ချစ်လျှင် ကျွန်ုပ်၏ခွေးကိုလည်း ချစ်ရမည် “ ဟူသည့် ရှေးဆိုးရိုးစကားအတိုင်း ဖြစ်နေပေသည်။

" သိပ်ကောင်းတယ်။ အခု မင်းဒီမှာ နေရမယ်။ မင်းရဲ့ ကျင့်ကြံခြင်းအပေါ်မှာ ကောင်းကောင်းအာရုံစိုက်ထား "

အကြံပေးစကား နည်းနည်းပါးပါးပြောပြီးနောက် သူက ကျိုးရီရှင်းကို စုန့်ချွဲအား ဝိညာဥ်အစေခံအဖြစ် လုပ်ဆောင်ရန်အတွက် စီစဥ်ခိုင်းလိုက်သည်။

စုန့်ချွဲက အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ သူ သက်ပြင်းချရင်း ပိုင်ဟောက်နား တောက်တဲ့ပမာ တွယ်ကပ်နေသရွေ့ ပိုင်ရှောင်ချန်းက ဘာမှမဟုတ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။

ပိုင်ဟောက်ဘေးတွင် အမှန်တကယ်ရှိနေသည့် သူ့အနေအထားကို ထည့်မတွက်သော်လည်း ယခုအချိန်တွင် သူအသက်ရှင်ရန် မည်သည့်အရာမဆို လုပ်ရမည်ဖြစ်ကြောင်း သိသည်။

စုန့်ချွဲကို လွှတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ပင်မခြံဝင်းကို လှည့်ပတ်ကြည့်လိုက်၏။ ညအမှောင်ထု နက်ရှိုင်းလာသည်နှင့်အမျှ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းများ လျင်မြန်စွာ ကြီးစိုးလာတော့သည်။

ဗဟိုဧကရာဇ်မြို့တော်မှာရှိစဥ်က ညအချိန်တွင် စည်ကားသိုက်မြိုက်နေဦးမည် ဖြစ်သည်။ စစ်ဆေးရေးစံအိမ် တစ်ခုတည်းသာဆိုလျှင် တိတ်ဆိတ်မည်ဖြစ်သော်လည်း ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကြောင့် သက်ဝင်နိုးကြားလျက်ရှိမည် ဖြစ်သည်။

သို့သော် ဤနေရာတွင် အရာအားလုံးက သုသာန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ ပိုင်ရှောင်ချန်းက ထိုအရာမျိုးနှင့် အသားမကျသည်ဖြစ်ရာ သူ့အိတ်ကိုပုတ်၍ ဝိညာဥ်သိုလှောင်စေတီကိုထုတ်လိုက်ပြီး အထဲမှ ပိုင်ဟောက် ပျံထွက်လာတော့သည်။

ဤနေရာသည် အလွန်တမူထူးခြားမှန်း ပိုင်ဟောက် သိလိုက်သည်။ သူက လှည့်ပတ်ကြည့်ပြီးနောက် အသံကို နှိမ့်၍ ပြောသည်။

" ဆရာ ဒီမြေအောက်ကမ္ဘာမြစ်တားမြစ်နေရာက ဝိညာဥ်ရေနွေးအိုးနဲ့ တော်တော်လေးဆင်တူတယ်။ အရှိန်အဝါက..... သေဆုံးခြင်းနဲ့ရှင်သန်ခြင်း တချိန်တည်း ရှိနေသလိုပဲ။ အရမ်းထူးဆန်းတယ်။ ပြီးတော့ ဝိညာဥ်တွေအတွက် အရမ်း အားပြည့်စေတယ် "

" အားပြည့်စေတယ် "

ပိုင်ရှောင်ချန်းက ပြောရင်း ပိုင်ဟောက်ကို လှမ်းကြည့်လိုက်ရာ သူသည် ရှိရင်းစွဲအနေအထားထက် အကောင်အထည်ဒြပ်ရှိလာပုံပေါက်လာသည်ကို သတိထားမိလိုက်သည်။

သူ့ကိုယ်သူ အံ့သြနေရင်း ပိုင်ဟောက်က ခေါင်းညိတ်လိုက်ပြီးနောက် တင်ပျဥ်ခွေထိုင်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်း သတိမမူမိသော နေရာရှိ စွမ်းအင်အမျိုးအစားတစ်ခုခုကို အာရုံရလိုက်ကာ ၄င်းက သူ၏ဝိညာဥ်ကိုယ်ထဲသို့ အလျင်အမြန် စီးဝင်လာလေသည်။

ပိုင်ရှောင်ချန်းက ထိုသည်နှင့် ပတ်သက်၍ အလွန်ပျော်ရွှင်နေတော့သည်။ ဤ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာတစ်ခုလုံးသည် အလွန်ငြီးငွေ့ဖွယ်ကောင်းသော နေရာတစ်ခုနှင့် ဆင်တူသော်လည်း ဟောက်အာအတွက် အကူအညီဖြစ်လျှင်တော့ အနည်းငယ်ပို၍ သည်းခံနိုင်မည် ဖြစ်သည်။

ပိုင်ဟောက်က ဆက်လက်ကျင့်ကြံနေစဥ် ပိုင်ရှောင်ချန်းက နတ်ဘုရားအာရုံများကို မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာတခွင် စေလွှတ်လိုက်သည်။ ၄င်းသည် တကယ်တမ်းဆိုလျှင် လွန်စွာကျယ်ပြန့်သော နေရာတစ်ခု မဟုတ်ပေ။ မြစ်ကမ်းနဖူးတွင် စစ်ဌာနချုပ်တည်ရှိပြီး စစ်ဌာနချုပ်မှ မြေပြင်သည် တဖြည်းဖြည်းနိမ့်ဆင်းလာပြီးနောက် ခြောက်သွေ့နေသော မြစ်ကြမ်းပြင်တစ်ခု ဖြစ်တည်လာသည်။

သန်းခေါင်ယံကျော်လျှင် ထိုမြစ်ကြမ်းပြင်သည် မြေအောက်ကမ္ဘာမြစ် ပေါ်လာမည့်နေရာ ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံများကို ပြန်လည်သိမ်းဆည်းလိုက်ရင်း ပိုင်ရှောင်ချန်းက သူ့တပည့်ဘေးတွင် စောင့်ရှောက်ပေးရန် တင်ပျဥ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးရန် လိုအပ်သည့်အဆင့်များကို ပြန်လည်ဆန်းစစ်လိုက်ပြီး ထိုလုပ်ငန်းနှင့် ပို၍ကျွမ်းဝင်မှုရှိလာစေရန် စိတ်ထဲမှနေ၍ လေ့ကျင့်လိုက်သည်။

အချိန်များ ကုန်လွန်သွား၏။ များမကြာမီ သန်းခေါင်ယံသို့ ချဥ်းကပ်လာတော့သည်။ စောစောက ကျိုးရီရှင်းသည် စစ်ဌာနချုပ်၏ အကာကွယ်များနှင့် သက်ဆိုက်သည့် အကြောင်းအရာအနည်းငယ်နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးရန် ဝူတောက်ဆီသို့ ထွက်သွားခဲ့သည်။ ပြန်ရောက်သောခါ ပိုင်ရှောင်ချန်းက စောင့်ကြပ်ပေးနေကာ ပိုင်ဟောက်နှင့်အတူ တင်ပျဥ်ခွေထိုင်နေသည်ကို မြင်လိုက်ရ၏။

ညသည် ကြယ်နှင့်လတို့၏ရောင်ခြည်များကိုသာ မြင်ရတော့သည်အထိ နက်ရှိုင်းလာသည်။ ထိုအချိန်တွင် တံခါးကို ခေါက်သံတစ်သံကြားလိုက်ရ၏။ ပိုင်ရှောင်ချန်းက မျက်လုံးများ ဖွင့်လိုက်ပြီး ကျိုးရီရှင်း တံခါးသွားဖွင့်သည်ကို စောင့်ကြည့်လိုက်သည်။ ထို့နောက် ဝူတောက် ဝင်လာပြီး သူက ပိုင်ရှောင်ချန်းဘက် လက်ယှက်လိုက်သည်။

" မဟာအကြီးအကဲပိုင် မြေအောက်ကမ္ဘာမြစ်ကို မကြာခင် မြင်ရပါတော့မယ်။ နေ့တိုင်း ပေါ်ထွက်လာတာဆိုတော့ ကျုပ်တို့ တပ်သားတွေအတွက် ပုံမှန်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါက မဟာအကြီးအကဲပိုင်အတွက် ပထမဆုံးအကြိမ်ဆိုတော့.. လက်မလွှတ်သင့်ဘူးလို့ ကျုပ်အကြံပြုချင်ပါတယ် "

" မှန်လိုက်လေ တာအိုရောင်ရင်းဝူရေ " ပိုင်ရှောင်ချန်းက ပြန်ပြောလိုက်၏။

“ ကျုပ် အရင်က တစ်ခါမှ မမြင်ဘူးတော့ သွားကြည့်သင့်တာပေါ့။ ခင်ဗျားရော ဒီမှာနေမှာမလား။ ကျုပ်တို့ အတူတူကြည့်နိုင်တာပေါ့ "

ပိုင်ရှောင်ချန်း၏ ဖော်ရွေသော ဖိတ်ခေါ်ချက်ကြောင့် ဝူတောက်က သူ့ဘေးတွင် ထိုင်ချလိုက်ပြီး ထပ်ရှင်းပြလေသည်။

" ကျုပ် မြေအောက်ကမ္ဘာမြစ်ကို ပထမဆုံးမြင်တုန်းက လုံးဝတုန်လှုပ်သွားတာ "

သူ့မျက်လုံးများထဲတွင် စူးရှေသာအလင်းများ တောက်ပနေလျက် ပြောသည်။

" ကျုပ်မျက်စိရှေ့မှာ မိုးကောင်းကင်နှင့် မြေကြီး ပွင့်ထွက်လာတဲ့ အတိုင်းပဲ "

သူက ထပ်မံပြောရန် ပြင်လိုက်စဥ် ကောင်းကင်ယံမှ ထစ်ခြုန်းသံများ ကြားလိုက်ရလေသည်။

၄င်းသည် မိုးကြိုးပစ်သံနှင့်ဆင်တူ၍ ပိုင်ရှောင်ချန်းနှင့် ကျိုးရီရှင်းတို့က ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ ဝူတောက်တစ်ယောက်တည်းသာလျှင် အမူအရာပြောင်းလဲမရှိပေ။

" အာ၊ သန်းခေါင်တောင်ရောက်ပြီ။ မြေအောက်ကမ္ဘာမြစ် ပွင့်လာတော့မှာ"

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် နောက်ထပ်ပြင်းထန်သောထစ်ခြုန်းသံများ လေထုထဲ ပြည့်နှက်သွားတော့သည်။ ကောင်းကင်ကြီး ပုံပျက်ရှံု့တွလာကာ အရပ်မျက်နှာတစ်ခွင်တွင် မီတာတစ်သောင်းမျှ ဂယက်များ ရိုက်ခတ်သွားပြီး ကောင်းကင်တစ်ဝက်နီးပါး ပြည့်သွားလေသည်။

ဝုန်း ဝုန်း ဝုန်း

ရေလှိုင်းရိုက်ခတ်သည့်အလား အသံများ ကြားလိုက်ရကာ ထိုအသံများက ရုတ်ချည်း ကျယ်လောင်ကာ ကြည်လင်ပြတ်သားလာတော့သည်။ တချိန်တည်းမှာပင် မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာတွင် မြူထုတစ်ခု ပြည့်နှက်လာသည်။ မြူထုက ၄င်းသွားသည့်နေရာတိုင်းတွင် ဆီနှင်းခဲများ ပေါ်ပေါက်စေနိုင်သည့် သေမင်းအငွေ့အသက်တစ်ခုဖြင့် ပြည့်နှက်နေသည့်အလား။

အမှန်တွင် အလွန်အေးစိမ့်လာကြောင့် လူတိုင်း ရှူထုတ်လိုက်သည် မသန့်စင်သော အခိုးအငွေ့များက အဖြူရောင်တိမ်တိုက်များအသွင်ပြောင်းသွားပြီး လေထဲ မျောလွင့်သွားလေသည်။

ပတ်ဝန်းကျင်ရှိ သေမင်းအငွေ့အသက်မှာ အံဖွယ်လွန်ကဲစွာ အားကောင်းလာကြောင်း ပိုင်ရှောင်ချန်း ချက်ချင်း သိလိုက်သည်။ အခြားမည်သည့်နေရာတွင်မဆို ထိုကဲ့သို့သေမင်း အငွေ့အသက်များက အမုန်းဝိညာဥ်ရိုင်းများစွာ တည်ရှိနေသည်ဟု ဖော်ပြသည်။

သို့သော် ယခုအခိုက်အတန့်တွင် ပိုင်ဟောက်သည်သာလျှင် မြင်ရသော ဝိညာဥ်ကိုယ်ဖြစ်သည်။

ပိုင်ရှောင်ချန်းက စပ်စပ်စုစု ဝေ့ကြည့်လိုက်စဥ် တဟုန်ထိုးပြေးလာသော ရေလှိုင်းခတ်သံများက ပို၍ အားကောင်းလာပြီး ကောင်းကင်ရှိ လှိုင်းဂယက်များသည် အချိန်နှင့် နေရာ တွန့်ခေါက်သွားသည့်အလား ပို၍ ပြင်းထန်လာတော့သည်။ လှိုင်းဂယက်များက ခြောက်သွေ့နေသော မြစ်ကြမ်းပြင်ကို ရောက်ရှိလာပြီးနောက် ရုတ်တရက် မည်သည့်နေရာမသိ မြစ်ရေများ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။

ကြီးကျယ်မြင့်မြတ်သော မြစ်တစ်စင်း ထို ခြောက်သွေ့နေသော မြစ်ကြမ်းပြင်တွင် ဖြစ်တည်လာသဖြင့် ပြင်းထန်သော ထစ်ခြုန်းသံများ ပဲ့တင်ထပ်နေတော့သည်။ လှိုင်းလှုံးကြီးများ နိန်ချည်မြင့်ချည်နှင့် အဝေးသို့ စီးဆင်းသွားတော့သည်။

မြစ်သည် ကြည်လင်နေမည့်အစား အမည်းရောင်ဖြစ်သည်။ ၄င်းထွက်ပေါ်လာစဥ် တားမြစ်နေရာတွင် ပို၍ပင် ပြင်းထန်သော သေခြင်းအငွေ့အသက်တစ်ခု ပြည့်နှက်သွားပြီး မြူများ ပိုမို သိပ်သည်းလာသည်။ သို့သော် ကမ်းနဖူးေပါ်ရှိ စစ်ဌာနချုပ်က သက်ရောက်ခြင်းမခံရသည့် အတွက် ပိုင်ရှောင်ချန်းနှင့် ရှိသမျှလူတိုင်း ဖြစ်ပျက်နေသည်များကို ရှင်လင်းပြတ်သားစွာ မြင်နေရ၏။

ယခုအချိန်တွင် အံသြတုန်လှုပ်ဖွယ်ကောင်းစွာ အမုန်းဝိညာဥ်ပေါင်းများစွာအား ရေထဲမှာ မြင်လာရလေသည်။ တချို့က စူးစူးဝါးဝါးအော်ဟစ်နေပြီး တချို့က အိပ်ပျော်နေကြသည်။ အချို့က ပြင်းပြင်းထန်ထန်ရုန်းကန်နေပြီး အချို့က ရယ်မောနေသည်။ သို့သော် သူတို့အားလုံးက မြစ်ရေစီးကြောင်းနှင့်အတူ အဝေးသို့ ရွေ့လျား ပျောက်ကွယ်သွားလေသည်။

ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားပြီး ပိုင်ဟောက်ပင်လျှင် တအံ့တသြဖြစ်ကာ မျက်လုံးများ ပြူးကျယ်နေ၏။

ကျိုးရီရှင်းမှာ ခပ်ပြင်းပြင်း ပင့်သက်ရှိုက်လိုက်သည်။ သို့သော် ဝူတောက်ကား ထိုမြင်ကွင်းကို မြင်သားကျနေလေပြီ။ သူက ဖြစ်ရိုးဖြစ်စဥ်တစ်ခုအလား ပြုံး၍ ပြောသည်။

" ကျုပ်တို့ မြစ်ရဲ့ အဆုံးထိ လိုက်သွားဖူးတယ်။ ကီလိုမီတာ ဒါဇင်နည်းနည်းလောက် ဝေးတယ်ဗျ။ အဲဒီမှာ မြစ်ရေ စီးဆင်းဝင်ရောက်ပျောက်ကွယ်သွားတဲ့ သာမန်တောင်တစ်လုံးရှိတယ်။ ဒါက ညတိုင်းဖြစ်တာပဲ။ ရောင်နီမလာခင်အထိ ဒီအတိုင်း ဖြစ်နေတာ "

မြစ်အပေါ် အာရုံစူးစိုက်ရင်း ပိုင်ရှောင်ချန်းက ထရပ်လိုက်သည်။ သူသည် ထိုကိစ္စနှင့် ပတ်သက်၍ သိချင်စိတ် အလွန်ပြင်းပြနေပြီ ဖြစ်သည်။ သူသည် မြေရိုင်းဒေသသို့ လာခဲ့စဥ်ကတည်းက မြေအောက်ကမ္ဘာမြစ်နှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ကြားခဲ့ရသော်လည်း ထိုကဲ့သို့ အခြင်းအရာကို ကြားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

" ဒဏ္ဍာရီတွေအရ " ကျိုးရီရှင်းက ပြောသည်။

" မြေအောက်ကမ္ဘာမြစ်ရဲ့ အဆုံးသတ်အစစ်အမှန်က.... ငရဲဧကရာဇ်နန်းတော်တဲ့။ အဲဒီထဲမှာ မြေရိုင်းဒေသက လူတိုင်း ကြည်ညိုလေးစားရတဲ့ လူ..... ငရဲဧကရာဇ်ရှိတယ် "

ပိုင်ရှောင်ချန်းသည်လည်း ငရဲဧကရာဇ်အကြောင်းကို တွေးတောမိပြီး မနေနိုင်တော့ဘဲ မြေအောက်ကမ္ဘာမြစ်ရှိ မြူများကို အားစိုက်ကြည့်လိုက်သည်။

ထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး တုန်တက်သွားပြီး မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။ မြစ်ကို လက်ညိုးထိုးပြရင်း သူက ပင့်သက်ရှိုက်ကာ ပြောသည်။

" ဟိုမှာ.... လူတစ်ယောက် ရှိနေတယ် "

ကျိုးရီရှင်းနှင့် ဝူတောက်တို့နှစ်ယောက်လုံး အံသြတုန်လှုပ်သွားပြီး မြစ်ကမ်းပါးနှစ်ဖက်လုံးကို ကြည့်လိုက်ကြသည်။ သို့သော် မည်သူမျှ လူတစ်ယောက်တလေကိုပင် မမြင်ရပေ။

" ကျွန်တော် တစ်ယောက်မှ မမြင်ပါဘူး "

ကျိုးရီရှင်းက ပြောသည်။

" မင်းတို့ မမြင်ရဘူးလား။ ကြည့် ဟိုနေရာမှာလေကွာ။ အဘိုးကြီးတစ်ယောက်၊ အနက်ရောင်ဝတ်ရုံဝတ်ထားတယ်။ ဟိုနားလေးမှာ ထိုင်နေတယ်လေ “

ပိုင်ရှောင်ချန်းက မျက်လုံးများ ခဏပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ မြစ်ကမ်းနဖူးထက်တွင် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက်က သူတို့ကို ကျောပေးထားလျက် ထိုင်နေသည်မှာ သေချာသည်။ ထိုအဘိုးကြီးကို ကြည့်ရသည်မှာ ငါးမျှားနေဟန်တူသည်။

All Chapters