← Chapters

သင်္ချိုင်းစောင့် ဘိုးဘိုးကြီး

Vol. 9 Ch. 813

သင်္ချိုင်းစောင့် ဘိုးဘိုးကြီး

Vol. 9 Ch. 813

ပိုင်ရှောင်ချန်းမှာ သူတို့ကိုခြောက်လှန့်နေသည်မဟုတ်ကြောင်း ကျိုးရီရှင်းက ယုံကြည်သွားသဖြင့် အလွန်အမင်း တုန်လှုပ်သွားတော့သည်။ သို့သော်လည်း သူမည်မျှပင် ရှာကြည့်စေကာမူ မြစ်ကမ်းပါးတစ်လျှောက်တွင် မည်သည်ကိုမှ မတွေ့ပေ။

ဝူတောက်၏ အမူအရာမှာ ပြောင်းလဲသွားပြီး တစ်ခဏမျှ တွေဝေသွားကာ အနည်းငယ် ထပ်မံစစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။

" မဟာသခင်ပိုင်ရေ၊ အမ်.... အဲဒီနေရာမှာ ဘယ်သူမှမရှိဘူးဗျ "

ပိုင်ရှောင်ချန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရပြီး သေချာစေရန် ကျိုးရီရှင်းကို လှမ်းကြည့်လိုက်သည့်အခါ သူကလည်း ပြုံးပြ၍ ခေါင်းညိတ်ပြလိုက်လေသည်။ ပိုင်ရှောင်ချန်းမှာမူ ရင်တဒိန်းဒိန်းခုန်လာပြီး ထိုနေရာသို့ ပြန်ကြည့်လိုက်တော့သည်။ အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ ထိုနေရာတွင် ယခင်ကအတိုင်း ထိုင်နေဆဲပင်။ ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ထိုလူကြီးကို တစ်နည်းနည်းနှင့် ရင်းနှီးနေကြောင်း ခံစားလိုက်ရသည်။

" ငါတစ်ယောက်ပဲ သူ့ကိုမြင်ရတာလား "

သူ၏ ဦးရေခွံများထုံကျဥ်လာပြီး သူ့မျက်နှာသည်လည်း သွေးဆုတ်ဖြူရော်လာကာ သူ ရေရွတ်လိုက်တော့သည်။ ထိုအချိန်တွင် ပိုင်ဟောက်၏ စိုးရိမ်ထိတ်လန့်နေသော စကားသံမှာ သူ၏အတွေးထဲသို့ ဝင်ရောက်လာတော့သည်။

" ဆရာရေ၊ ကျွန်...ကျွန်တော်လည်း သူ့ကိုမြင်ရတယ်။ အဘိုးကြီးတစ်ယောက် ငါးမျှားနေတာ "

တစ်ခဏကြာသော် ဝူတောက်မှာ အရာရာတိုင်းကို မင်္သကာဖြစ်နေသေးသော်လည်း ထွက်ခွာသွားသည်။ သူ၏ လက်ပါးစေအချို့ကိုပင် မြေအောက်မြစ်ကမ်းပါးဆီသို့ ခေါ်ဆောင်သွားပြီး နေရာအနှံ့ ရှာဖွေခဲ့ပါသော်လည်း မည်သူမှ တစ်စုံတစ်ရာကိုပင် မတွေ့ခဲ့ကြပေ။

ပိုင်ရှောင်ချန်းမှာမူ မြစ်ကမ်းပါးပေါ်ရှိ ဝူတောက်ရပ်နေသောနေရာ၏ ဘေးတွင် အဘိုးကြီးတစ်ယောက် ထိုင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါသော်လည်း ဝူတောက်မှာမူ ထိုအဘိုးကြီးကို လုံးဝမြင်ဟန်မတူပေ။

ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်ထိတ်လန့်သွားပြီး ထိုအဘိုးကြီးအား တစ်ညလုံးစောင့်ကြည့်နေတော့သည်။ သူသည် ထိုနေရာတွင် ထိုင်ကာ အာရုဏ်တက်ချိန်အထိ ငါးမျှားနေပြီး မနက်လင်းသောအခါ မြေအောက်မြစ်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

နောက်နေ့တွင် ပိုင်ရှောင်ချန်းမှာ ထခုန်လုမတတ်ပင် ကြောက်လန့်နေပြီး သူ၏အိတ်ထဲရှိ စက္ကူလက်ဖွဲ့အဆောင် အချို့ကိုပင် သူ့ကိုယ်သူ ကပ်နေတော့သည်။ သို့သော်လည်း သူ ရတတ်မအေးနိုင်သေးပေ။

သူ၏ဆရာ အလွန်စိုးရိမ်နေသည်ကို မြင်လိုက်ရသောအခါ ပိုင်ဟောက်သည် တစ်ခဏမျှတွေဝေသွားပြီး အကြံပေးလိုက်သည်။

" ဆရာ၊ ကျွန်တော်တို့ ဒီည အနီးကပ်သွားကြည့်ရအောင်လား။ ကျွန်တော့်အမြင်မှာ သူက ကျွန်တော့်ကိုခေါ်နေတဲ့အတိုင်းပဲဗျ "

" မင်းက တကယ်ပဲ အနီးကပ်သွားကြည့်ရဲတယ်ပေါ့ " ပိုင်ရှောင်ချန်းမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် ပြန်မေးလိုက်သည်။

" ဟောက်အာရာ။ ငါပြောတာနားထောင်။ အဲဒီလူက ဝိညာဥ်မဟုတ်ဘူး။ သရဲကွ။ ဝိညာဥ်တွေက ဘာမှကြောက်စရာမရှိဘူး။ ငါ့အောက်လမ်းပညာရပ်တွေထဲမှာ ဝိညာဥ်တွေအများကြီးသုံးခဲ့ရတာပဲကို။ အဲဒါ သရဲပဲ၊ သေချာတယ်။ မင်း အပြုစားမခံလိုက်နဲ့။ ဒီသရဲအိုကြီးပေါ်လာပြီဆိုတော့ ငါတို့ဒီကနေထွက်သွားဖို့တောင် လိုလာပြီ။ ဒီနေရာက အန္တရာယ်များလွန်းတယ် "

" ဟောက်အာရေ။ မင်းဆရာ မြေခဓားချောက်ထဲမှာတုံးက သရဲကလေးမလေး တစ်ကောင်ကို မြင်ခဲ့ရတာ။ အဲဒီအကြောင်းကို တွေးမိလိုက်တိုင်း ကျောချမ်းလာရတုံးပဲ... "

ထိုအကြောင်းကို အမှတ်ရသွားသောအခါ သူ သရဲများကို အလွန်အမင်းကြောက်နေရသည့်အဓိကအကြောင်းအရင်းတစ်ချက်မှာ မြေခဓားချောက်ထဲမှ ထိုကလေးမလေးကြောင့် ဖြစ်မည်ဖြစ်ကြောင်း ရိပ်မိသွားတော့သည်။

ထို့နောက် ထိုကလေးမလေးမှာ ကုန်းစွန်းဝမ်အာအား ဝင်ပူး၍ ဝင်္ကပါထဲတွင် သူမ လုပ်ခဲ့သည့် ထူးဆန်းသောအရာအားလုံးကို ပြန်တွေးမိလိုက်သောအခါ သူ၏နှလုံးသားမှာ ယခင်ကထက်ပို၍ ကြောက်လန့်စွာ တုန်ရီနေရတော့သည်။

ပိုင်ဟောက်မှာ တစ်ခဏမျှတွေဝေသွားပြီးနောက် ပြန်ပြောလိုက်လေသည်။

" ဒါပေမဲ့ ကျွန်တော်ကလည်း သရဲတစ်ကောင်ပဲလေဗျာ "

" မင်းကမတူဘူးကွ။ အဲဒါကြီးက သရဲအိုကြီး။ အဲဒီလိုမျိုး နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ သရဲအိုကြီးတွေက အရမ်းရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းတာ "

သူသည် ထိုသို့ပြောဆိုရင်း သူ၏ခန္ဓာကိုယ်ပေါ်သို့ စက္ကူလက်ဖွဲ့အဆောင်အနည်းငယ်ကို ထပ်၍ ကပ်နေတော့သည်။

ပိုင်ဟောက်မှာ မျက်တောင်တဖျတ်ဖျတ် ခတ်နေသော်လည်း ပိုင်ရှောင်ချန်းကို ထပ်၍နားမချတော့ပေ။ ထို့ကြောင့် ထိုတစ်နေ့တာမှာ ပိုင်ရှောင်ချန်းအတွက် မချိမဆံ့ကုန်ဆုံးသွားရသည်။ အဆုံးတွင် သန်းခေါင်ယံအချိန်သို့ရောက်လာပြီး ကောင်းကင်ယံတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်လာတော့သည်။ ကောင်းကင်ကြီးမှာ ဂယက်ထနေပြီး မြေအောက်မြစ်မှာ မြစ်ကြမ်းပြင်ကိုဖြတ်၍ စီးဆင်းလာပြန်သည်။ ထို့နောက် မြစ်ကမ်းပါးပေါ်တွင် ထိုင်နေသည့် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးကို ပိုင်ရှောင်ချန်း ထပ်မံမြင်လိုက်ရပြန်သည်။

" သူပေါ်လာပြန်ပြီ "

သူက မျက်နှာပျက်ကာ မှင်တက်နေတော့သည်။ ထို့နောက် ဤနေရာတွင် သရဲခြောက်နေသည်မှာ လုံးဝသေချာနေသဖြင့် ဆက်၍မနေသင့်တော့ကြောင်း ဆုံးဖြတ်လိုက်ပြီး သူသည် နောက်သိုလှည့်ကာ ကျိုးရီရှင်းကို လှမ်းခေါ်လိုက်တော့သည်။

" ငါက လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ကွ။ ငါ့ရှေ့မှာပေါ်လာရဲတဲ့ သရဲဆိုတာ တော်တော်ကို စွမ်းအားကြီးတဲ့ သရဲပဲဖြစ်ရမယ် "

ထိုသို့တွေးကာ သူသည် ချက်ချင်းပင် ကျိုးရီရှင်းနှင့် စုန့်ချွဲတို့အား အထုတ်အပိုးများ ပြင်စေလိုက်ပြီး ထွက်ခွာရန်အဆင်သင့်ပြင်ထားခိုင်းလိုက်သည်။ သို့သော် အနည်းငယ်ကြာသောအခါ သူတို့၏ အုပ်စုအသေးလေးထဲတွင် တစ်စုံတစ်ယောက် ပျောက်နေကြောင်း သတိထားမိလိုက်တော့သည်။

" ဟောက်အာ ဘယ်မှာလဲ "

သူက နှုတ်မှလွှတ်ခနဲ မေးလိုက်သည်။ ထို့နောက် ပိုင်ဟောက်မှာမိန်းမောတွေဝေနေသည့် ပုံစံဖြင့် မြေအောက်မြစ်ဆီသို့ လွင့်မျောသွားနေသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများပြူးကာ ချာချာလည်သွားတော့သည်။

သူသည် ကမ်းပါးနားသို့ တစ်ဝက်တိတိရောက်နေပြီဖြစ်ပြီး ထိုအနက်ရောင် ဝတ်ရုံဆင်မြန်းထားသည့် အဘိုးကြီးနှင့် မီတာရာဂဏန်းအနည်းငယ်သာ ဝေးကွာတော့သည်။

" ဒါ သက်သက်မဲ့ အနိုင်ကျင့်တာပဲ သရဲအိုကြီး " ပိုင်ရှောင်ချန်းမှာ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ သူသည် ကြောက်ရွံ့နေပါသော်လည်း ထိုသရဲအိုကြီးမှာ သူ၏တပည့်ကို ပြုစားနေသဖြင့် ထွက်ပေါ်လာရသည့် ဒေါသများကြောင့် သူ၏အသားများမှာ တဆတ်ဆတ် တုန်ယင်နေရသည်။ သူက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး မြေအောက်မြစ်ဆီသို့ ပြေးသွားတော့သည်။

သူသည် ထိုသို့ပြေးနေရင်း သူ၏အိတ်ကို ပုတ်လိုက်ပြီး စက္ကူလက်ဖွဲ့အဆောင် အများအပြားကိုထုတ်၍ သူ၏ ခန္ဓာကိုယ် အနှံ့တွင်ကပ်လိုက်တော့သည်။

" ကျုပ်တပည့်ကို လွှတ်ပေးစမ်း သရဲအိုကြီး "

သူသည့် လျင်မြန်စွာ ရွေ့လျားနေပါသော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအတတ် တစ်ခုတစ်လေပင် မသုံးနိုင်သဖြင့် အံ့အားသင့်နေရသည်။ သို့သော်လည်း သူသည် အလင်းတန်းတစ်တန်းအသွင်ဖြင့် အဘိုးကြီးထံမှ မီတာသုံးရာအကွာအထိ ရောက်နေပြီဖြစ်သော ပိုင်ဟောက်ထံသို့ ပြေးသွားတော့သည်။ သူ၏အနီးသို့ ရောက်သောအခါ ပိုင်ရှောင်ချန်းသည် လက်ကိုဆန့်ထုတ်၍ သူ့အား ဖမ်းဆုပ်လိုက်တော့သည်။

ထိုအခါ ပိုင်ဟောက်မှာ အသိစိတ်ဝင်လာပြီး အသားများတုန်ရီသွားတော့သည်။ ထို့နောက် သူ မျက်နှာပျက်သွားရတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ပိုင်ဟောက်သတိပြန်လည်လာသည့်အချက်ကြောင့် စိတ်အေးသွားပါသော်လည်း ခဏအကြာတွင် ထိုအဘိုးကြီးမှာ သူ့အားသတိထားမိသွားပြီဖြစ်ကြောင်းကို သိလိုက်ရ၍ အလွန်အမင်း ထိတ်လန့်သွားရတော့သည်။ ထိုလူကြီးမှာ ဖြည်းညင်းစွာ နောက်သို့လှည့်လာတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ရင်ထဲ စကားနှင့်ပင်ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်စရာကောင်းသည့် ခံစားချက်ကြီး လွှမ်းမိုးသွားတော့သည်။ သူက ပိုင်ဟောက်ကို ဆုပ်ကိုင်ရင်း စူးရှစွာအော်ဟစ်လိုက်ပြီး ထွက်ပြေးရန်ပြင်လိုက်လေသည်။

သို့သော် ထိုအချိန်တွင် အဘိုးကြီး၏ မျက်နှာ ပေါ်လာတော့သည်။ သူ၏အမူအရာမှာ အေးစက်နေပြီး ကြောက်မက်ဖွယ် ကောင်းနေပါသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုလူကြီး၏ ပုံပန်းသွင်ပြင်များကို မြင်လိုက်ရသည်နှင့် သူ၏အော်သံမှာ တိတ်ဆိတ်သွားပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် မတ်တတ်ရပ်နေတော့သည်။

" သင်္ချိုင်းစောင့်ဘိုးဘိုးကြီး "

သူ၏နှုတ်မှ လွှတ်ခနဲ ထွက်သွားတော့သည်။

ထိုအဘိုးကြီးမှာ သူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားက သူ့အားကယ်တင်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံနှင့် လူကြီးပင်ဖြစ်သည်။ အမည်မဲ့တောင်တန်းများအကြားရှိ တိုက်ပွဲတွင် သူသည် လောချိန်မျိုးနွယ်စုဝင်၏ လက်ရွေးစင်တစ်ယောက်ကြောင့် သေလုမျောပါးဒဏ်ရာရသွားခဲ့ရပြီးနောက် ထိုအနက်ရောင်ဝတ်ရုံ အဘိုးကြီးနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

ထိုအဘိုးကြီးမှာ သူ၏အသက်ကိုကယ်တင်ခဲ့ရုံသာမက ထာဝရအပိုင်း အပြည့်အစုံကိုပါ ပေးအပ်ခဲ့သည်။

ဤကဲ့သို့ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှသူ၏ကျေးဇူးရှင်ကို ဤမြေအောက်မြစ်ကမ်းပါးပေါ်တွင် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူကလုံးဝမထင်ထားပေ။

သူ၏အကြောက်တရားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများက အစားထိုးဝင်ရောက်လာတော့သည်။ ထိုစဥ် သင်္ချိုင်းစောင့် အဘိုးကြီးမှာ သူ့အားတည်ကြည်စွာ တစ်ခဏမျှကြည့်လိုက်ပြီး မြစ်ဘက်သို့ပြန်ကြည့်ကာ ငါးထပ်မျှားနေတော့သည်။

" ဆ.. ဆရာက သူ့ကိုသိတယ်လား "

ပိုင်ဟောက်မှာ အနှီအဘိုးကြီးကို ကြည့်လိုက်ရုံနှင့် အလွန်တရာ ထိတ်လန့်နေသည်။ သူ၏ဆရာသာ လာမကယ်ပါက သူမိန်းမောတွေဝေကာ သတိမေ့မျောခဲ့သည့်အတွက် မြေအောက်မြစ်ထဲသို့ ကျဆင်းသွားမည်မှာ အမှန်ပင်။

" သိပ်သိတာပေါ့ကွ။ ဒါ ဆရာ မင်းကို ခဏခဏပြောပြဖူးတဲ့ ဆရာ့ကျေးဇူးရှင် ဆိုတာပဲ " ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ တောက်ပနေပြီဖြစ်သည်။ အနှီသင်္ချိုင်းစောင့်ကြီးမှာ အလွန်တမူထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း သူကယုံကြည်ထားသည်။ ပိုင်ရှောင်ချန်းကို သေခါနီးဆဲဆဲအခြေအနေမှ သူက ဆွဲထုတ်ကာ ကယ်တင်ပေးနိုင်ခဲ့သည်မဟုတ်ပါလော။

ထိုနှစ်က သူပိုင်ဆိုင်ခဲ့သော ကျင့်ကြံခြင်းအခြေခံအဆင့်ထက် ယခုသူ၏ကျင့်ကြံခြင်းအခြေခံအဆင့်မှာ အလွန်တရာမြင့်မားနေပြီဖြစ်ပါသော်လည်း ထိုသင်္ချိုင်းစောင့်ကြီး၏ အဆင့်ကို ခန့်မှန်းစိစစ်၍မရသေးပေ။

ပိုင်ရှောင်ချန်းမှာ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများနှင့်ပင် ယခင်ကဆုံဖူးသည်ဖြစ်၍ ထိုသို့ မခန့်မှန်းနိုင်သည်မှာ အလွန်ထူးဆန်းနေသည်ဖြစ်သည်။ သို့သော်လည်း သင်္ချိုင်းစောင့်ကြီးထံမှ သူအာရုံခံမိနေသည့် ခံစားချက်ကြီးမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ထင်ပင် သာလွန်နေသည်။

" နတ်ဘုရားတစ်ပိုင်းအဆင့်ထက်တောင် ပိုပြီးစွမ်းအားကြီးနေပါလား၊ ဘုရားရေ။ သင်္ချိုင်းစောင့်ဘိုးဘိုးကြီးမှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံအဆင့်မျိုး ရှိနေတာပါလိမ့် "

သူသည် စိတ်အားထက်သန်စွာနှင့် သင်္ချိုင်းစောင့်ကြီး၏ ဘေးသို့ ပြေးသွားလိုက်သည်။

" သင်္ချိုင်းစောင့်ဘိုးဘိုးကြီးရေ " သူက ခေါ်လိုက်သည်။ " ကျွန်တော်ပါ။ ပိုင်ရှောင်ချန်းလေ။ အမ်... ကျွန်တော်က မျက်နှာဖုံးတပ်ထားတာဆိုတော့ ကျွန်တော့်ရဲ့ မျက်နှာအစစ်အမှန်ကို မြင်ရမှာမဟုတ်ဘူး။ တောင်တန်းတွေကြားထဲက ဖြစ်ရပ်ကို ပြန်မိသေးလားခင်ဗျ "

သင်္ချိုင်းစောင့်ကြီးမှာမူ သူ၏စကားကို မကြားဟန်ရှိပြီး ငါးသာ ဆက်၍မျှားနေသည်။

ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေပါသော်လည်း ယခုကဲ့သို့ ရှားပါးသောအခွင့်အရေးကို အမိအရအသုံးချရမည်ဖြစ်ကြောင်း သိသည်။ အနည်းငယ်မျှ တွေဝေသွားပြီးနောက် သူက ထပ်ပြောလိုက်ပြန်သည်။

" အမ်၊ သင်္ချိုင်းစောင့်ဘိုးဘိုးကြီးရေ၊ ကျွန်တော့်ကို ဒီနေရာကနေထွက်သွားနိုင်အောင် ကူညီပါလားဗျ။ ကောင်းကင်တံတားမြစ်ဆီကို ပြန်ပို့ပေးလေနော်။ ဘယ်လိုလဲ "

သို့သော်လည်း သင်္ချိုင်းစောင့်ကြီးမှာ သူ့ကိုနားထောင်နေသည့်ပုံစံ မပေါ်ပေ။ ပိုင်ရှောင်ချန်း မည်သည့်စကားပြောသည်ဖြစ်စေ သူက ပြန်၍မတုံ့ပြန်ပေ။ ပိုင်ရှောင်ချန်းမှာ အာခေါင်များခြောက်ကပ်လာသည်အထိ ပြောရင်း အာရုဏ်တက်ချိန် ရောက်လာတော့သည်။ သို့သော်လည်း သင်္ချိုင်းစောင့်ကြီးမှာ တချိန်လုံး သူ့ကို လုံးဝ မကြည့်ပေ။ အဆုံးတွင် မြေအောက်မြစ်နှင့်အတူ သူ ပျောက်ကွယ်သွားတော့သည်။

" ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ ဆရာ " ပိုင်ဟောက်က မေးလိုက်သည်။ သူ့ဆရာက မရေမတွက်နိုင်သော စကားများကို တတွတ်တွတ် ပြောနေခဲ့သည့်တချိန်လုံး သူက မတ်တတ်ရပ်ကြည့်နေခဲ့သည်။

ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး သူ၏လက်ကို နှိမ့်ချသည့်အမူအရာဖြင့် ဝှေ့ယမ်းလိုက်သည်။

" ဆရာမင်းကို ဒီနေ့ သင်ခန်းစာတစ်ခုပေးမယ် တပည့်ရေ။ သင်ခန်းစာနာမည်က

' ကြိုးစားက ဘုရားပင်ဖြစ်နိုင်၏ ' လို့ခေါ်တယ် "

နောက်လဝက်တစ်ခုလုံးအတောအတွင်း ပိုင်ဟောက်မှာ သူ့ဆရာ၏ အာရုံစူးစိုက်နိုင်နှုန်းကို အပြည့်အဝနားလည်သွားတော့သည်။ ညတိုင်း၏ သန်းခေါင်ယံချိန်တွင် သူသည် သင်္ချိုင်းစောင့်ကြီးကိုသွားရှာပြီး ပထမဆုံးညကအတိုင်း မရမကတောင်းပန်နေခဲ့သည်။

ထိုအရာများကြောင့် ကျိုးရီရှင်းနှင့် ဝူတောက်တို့မှာ အလွန်အမင်း အံ့အားသင့်နေကြတော့သည်။ သူတို့မြင်ရသည်မှာကား ပိုင်ရှောင်ချန်းသည် မြစ်ကမ်းပါးတွင်ရပ်ကာ အရူးတစ်ယောက်လို သူ့ကိုယ်သူ စကားပြောနေသည်ကိုသာ မြင်နိုင်သည်။ သူပြောနေသည့်စကားများကို သူတို့က မကြားနိုင်သဖြင့် ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ပို၍ပင်ထူးဆန်းနေရတော့သည်။

တစ်ခါတွင် မြေအောက်သက်တံ့တစ်ခု ပိုင်ရှောင်ချန်းအနားတွင် ပေါ်ထွက်လာသဖြင့် ဝူတောက်နှင့် အခြားလူများမှာ ၎င်းကို ခူးဆွတ်ရန် သွားလိုက်ကြသောအခါ တစ်ယောက်ထဲ စကားတတွတ်တွတ်ပြောနေသည်ကို အနီးကပ်မြင်လိုက်ရလေသည်။ ထိုအချင်းအရာမှာ အလွန်တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် သူတို့မှာ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။

ဘာသာပြန်သူ၏မှတ်စု...သင်္ချိုင်းစောင့်ကြီးနှင့် တွေ့ဆုံသည့်အခန်းကို ပြန်လည်ဖတ်ရှုလိုပါက အခန်း ( ၆၅ ) ကို ဖတ်ကြည့်နိုင်ပါသည်။

All Chapters