တစ်ခုခု မေးချင်တာများ ရှိလာခဲ့သော်
Vol. 9 Ch. 814
ပိုင်ရှောင်ချန်းကမူ သူ့အားကြည့်နေကြသည့် အကြည့်များကို လျစ်လျှူရှုထားသည်။ သင်္ချိုင်းစောင့်ကြီး၏ ပြောင်မြောက်သော စွမ်းအားများကြောင့် မဟာကောင်းကင်သခင်ထက်ပင် ပို၍ စွမ်းအားကြီးနေမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းကသိသည်။
သို့သော် လတစ်ဝက်တိတိ ဖားယားနေခဲ့ပါသော်လည်း သင်္ချိုင်းစောင့်ကြီးမှာ သူ့အားအရေးပင်မလုပ်ချေ။ ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ တဖောက်ဖောက်အသံများမြည်ကာ မီးငြိမ်းတော့မည့် မီးလုံးတစ်လုံးကဲ့သို့ဖြစ်နေပြီဖြစ်သည်။
သူနှင့် ပိုင်ဟောက်တို့သာ ထိုင်ကာငါးမျှားနေသော သင်္ချိုင်းစောင့်ကြီးကိုမြင်နိုင်သည့်အချက်မှာ သေချာနေသည်။ သူမျှားနေသည်မှာကား ငါးများမဟုတ်ပဲ အမုန်းဝိညာဥ်များသာ ဖြစ်သည်။
ထိုအမုန်းဝိညာဥ်များမှာ အပြိုင်အဆိုင် အပြင်းအထန် ရုန်းကန်ကာ ငါးစာကို လုနေကြပါသော်လည်း သင်္ချိုင်းစောင့်ကြီးမှာမူ တစ်ရက်တွင် အမုန်းဝိညာဥ်တစ်ကောင်ကိုသာ ဖမ်းယူနေသည်။
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချကာ သင်္ချိုင်းစောင့်ကြီးအား ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မြေအောက်မြစ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏ဘေးနားရှိ ပိုင်ဟောက်မှာမူ သူ၏ဆရာ တစ်လတိတိကြိုးစားနေခဲ့ပါသော်လည်း မည်သည့်ရလဒ်မှပေါ်မလာခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
သူက အသံတိုးတိုးနှင့် မေးလိုက်လေသည်။
" ဆရာရေ... ဒီ ဆရာကြီးက သာမန်တော့မဟုတ်နိုင်ဘူးဗျ။ စိတ်ဓာတ်မကျနဲ့ "
" ငါသိတယ် "
ပိုင်ရှောင်ချန်းက အံကြိတ်၍ ပြန်ဖြေလိုက်သည်။
" ဒီလူက သာမန်မဟုတ်တာ အသေအချာပဲ။ ဒါပေမဲ့ မင်းစိတ်ပူစရာ မလိုပါဘူး။ ဒီလိုအဘိုးကြီးတွေကို ဆက်ဆံတဲ့နေရာမှာ ဆရာက အတွေ့အကြုံရှိပြီးသား " ပိုင်ရှောင်ချန်းမှာ သူ၏ယူဆပုံ မှားယွင်းနေသည်ဟုသာ ယုံကြည်နေသည်။ ထို့ကြောင့် နောက်နေ့၏ ညအချိန်တွင် သူသည် ငါးမျှားတံတစ်ချောင်းကိုရှာ၍ သင်္ချိုင်းစောင့်ကြီး၏ ဘေးတွင်ဝင်ထိုင်ကာ သူနှင့်အတူ ငါးလိုက်မျှားနေတော့သည်။
" လူတစ်ယောက်နဲ့ စိတ်သဘောထားချင်း တိုင်ဆိုင်သွားပြီဆိုရင် အံ့သြဖွယ်ရာတွေ ဖြစ်နိုင်တယ်ကွ "
သူက ယုံကြည်ချည်ချက်အပြည့်ဖြင့် သင်္ချိုင်းစောင့်ကြီးနှင့်အတူထိုင်ကာ နောက်ထပ် လဝက်တိတိ ငါးထိုင်မျှားနေစဥ် ပိုင်ဟောက်မှာမူ မည်သို့ပြုမူရမည်မှန်းမသိပဲ စောင့်သာကြည့်နေတော့သည်။
ယခုတွင်မူ တစ်လတိတိ ကုန်လွန်သွားပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်း မည်သည့်အရာပင်လုပ်စေကာမူ သင်္ချိုင်းစောင့်ကြီးမှာ သူ့ကို လုံးဝ ဂရုမစိုက်ပေ။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး လက်လျှော့ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် သူက စူပုတ်ပုတ်ဖြင့် ဆိုလိုက်လေသည်။
" ဟောက်အာရေ... အခု ဆရာ့ရဲ့လုပ်ရပ်တွေကနေတစ်ဆင့် မင်းကိုအရေးကြီးတဲ့ သင်ခန်းစာတစ်ခုပေးမယ်ကွာ။ ကြိုးစားက ဘုရားပင်ဖြစ်နိုင်၏ ဆိုတဲ့စကားကမှန်ပေမဲ့ တစ်ခါတရံကျရင်တော့ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဆိုတဲ့စကားအတိုင်း အချိန်တွေ ဖြုန်းနေသလို ဖြစ်နေတတ်တယ်ကွ "
ပိုင်ဟောက်မှာမူ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး စကားမပြောမိစေရန်ထိန်းကာ ခေါင်းညိတ်ပြလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ လက်လျှော့ရန်အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်ထားသော်လည်း အမှန်တကယ်တွင်မူ စိတ်ပိုင်းမပြတ်နိုင်ပေ။ သူသည် ယခုအကြိမ်တွင်မူ အချိန်မဖြုန်းလိုတော့သဖြင့် ဆယ့်ကိုးရောင်ခြယ်မီးတောက်ကိုသာ လေ့ကျင့်ရန်ဆုံးဖြတ်လိုက်တော့သည်။
" အေးကွာ၊ တစ်ခါတလေကျရင်လည်း ကိုယ်ကိုယ်တိုင် ထလုပ်မှ အလုပ်ဆိုတာပြီးတာကွ။ ဒီအဘိုးကြီးက ခေါင်းမာပြီးမကူညီဘူးလုပ်နေတော့လည်း ငါ့ရဲ့ မီးတောက်ဖန်တီးခြင်းစွမ်းရည်ကို တိုးတက်အောင်လုပ်ပြီး ကျင့်ကြံခြင်းအခြေခံအဆင့်တက်အောင်လုပ်ဖို့ပဲ ကျန်တော့တာပေါ့။ ငါ နတ်အဆင့်ကိုရောက်ပြီဆိုတာနဲ့ ငါ့ဟာငါ မြေရိုင်းဒေသကို အလွယ်တကူ ဖြတ်လို့ရပြီ " သူက စိတ်ထဲတွင် သက်ပြင်းချနေတော့သည်။ ဆယ့်ကိုးရောင်ခြယ်မီးတောက်များကို လောကဓာတ်အောက်လမ်းဆရာများသာ ဖန်တီးနိုင်သည် ဖြစ်သော်လည်း ပိုင်ဟောက်၏ ဖန်တီးနည်းမှာ မပြီးမြောက်သေးပေ။
နောက်ရက်အနည်းငယ်အတွင်း ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့မှာ မြေအောက်မြစ်နှင့် သင်္ချိုင်းစောင့်ကြီး၏ ဘေးနားတွင် မီးတောက်ဖန်တီးခြင်းနှင့် ဆယ့်ကိုးရောင်ခြယ်မီးတောက်များအကြောင်းကို ဆွေးနွေးနေကြတော့သည်။ သူတို့၏ အတွေးထဲတွင် သင်္ချိုင်းစောင့်ကြီးမှာ ထိုနေရာတွင် မရှိနေသည့်အလား။
ပိုင်ဟောက်မှာ သူ၏ကိုယ်ပိုင် ယူဆချက်များရှိနေပြီး ပိုင်ရှောင်ချန်းက အတွေ့အကြုံများကို ပိုင်ဆိုင်ထားသည်။ သူတို့က အတူတကွ အလုပ်လုပ်နေသဖြင့် များစွာတိုးတက်လာတော့သည်။ ထိုတိုးတက်မှုနှုန်းမှာ မြန်လည်းမမြန်သလို နှေးလည်းမနှေးပေ။
သို့သော်လည်း သူတို့နှစ်ယောက်မှာ မည်မျှပင် မတူညီသော ရှုထောင့်များမှ ချဥ်းကပ်တွေးတောစေကာမူ သူတို့ကိုဟန့်တားနေသည့် မကျော်ဖြတ်နိုင်လောက်အောင်ဖြစ်နေရသော နေရာအချို့ရှိနေဆဲပင်။
" ဒီအတိုင်းဆို အဆင်မပြေဘူး။ "
ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။
“ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးခဲ့တုံးက ကိုးမီတာအကျယ်အဝန်းရှိတဲ့အခြေအနေမှာပဲ မပျက်စီးနိုင်အောင် ထားနိုင်တာ။ ဒါပေမဲ့ ဆယ့်ကိုးရောင်ခြယ်မီးတောက်ကိုသာ ဒီနည်းအတိုင်းသုံးမယ်ဆိုရင် သုံးမီတာလောက်ပဲ အကျယ်အဝန်းရှိမှ အလုပ်ဖြစ်မယ်ထင်တယ်။ အရောင်အသစ်တစ်ခု ရှာတွေ့ဖို့က အဲဒီနည်းလမ်းပဲရှိတာ။ ပြီးတော့ အဲဒီလိုလုပ်ဖို့ကလည်း မဖြစ်နိုင်လောက်အောင်ကိုခက်နေတာ "
ပိုင်ရှောင်ချန်းမှာ အားမလိုအားမရဖြစ်နေပြီး ပိုင်ဟောက်မှာမူ အတွေးများထဲတွင် နစ်မျောနေတော့သည်။
" ဒီအရောင်တွေ အရမ်းအမြန်ကြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကိုသာ ရပ်အောင်လုပ်လို့ရမဲ့ နည်းလမ်းရှိရင်ကွာ " ပိုင်ဟောက်မှာ တတွတ်တွတ် ရွတ်နေတော့သည်။
" ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ဆိုရင် အပြင်အားတွေ အများကြီးလိုနေမှာ "
သူ၏မျက်ဝန်းထဲတွင် နိမိတ်ဖတ်ခြင်းအတတ်၏ အလင်းရောင်များဖြင့် တလက်လက်ဖြစ်နေပါသော်လည်း အချိန်အတော်အတန် ကြာပြီးသည့်တိုင်အောင် မည်သည့်အကြံမှထွက်မလာပေ။ ပိုင်ရှောင်ချန်းမှာလည်း ဦးနှောက်ကို အိတ်သွန်ဖာမှောက် စဥ်းစာတွေးတောနေပါသော်လည်း အကျိုးမထူးပေ။
နောက်ထပ်ခုနစ်ရက်တိတိ ထပ်၍ကုန်ဆုံးသွားပြီး ထိုတချိန်လုံး သူတို့သည် တစ်နေရာထဲမှာ ပိတ်မိနေဆဲ။ ထိုညတွင် ပိုင်ရှောင်ချန်းမှာ ဆယ့်ကိုးရောင်ခြယ်မီးတောက်နှင့်ပတ်သတ်၍ ဆက်မကြိုးစားတော့ရန် ဆုံးဖြတ်လိုက်ပြီး အချိန်နှင့်အမျှ အလိုလိုပေါ်လာနိုင်သည့် အကြံများကိုသာ စောင့်ဆိုင်းရန် တွေးလိုက်သည်။ သို့သော် ထိုအချိန်တွင် ရက်သတ္တပတ်များစွာ စကားတစ်ခွန်းမှမပြောပဲ နေခဲ့သည့် သင်္ချိုင်းစောင့်ကြီးမှာ အက်ကွဲသောအသံဖြင့် ရုတ်တရက်ပြောလိုက်လေသည်။
" မင်းတို့ကဘာလို့ မီးတောက် အရောင်လက်တာကို ပိုနှေးအောင်လုပ်ဖို့ ကြိုးစားနေကြတာလဲ။ အရောင်အသစ်ကို အစိတ်အပိုင်းအများကြီးဖြစ်အောင် ခွဲကြည့်လေ။ အဲဒါဆိုရင် အရောင်အသစ်ကိုတွေ့နိုင်ချေ ပိုများလာမှာပေါ့ကွ "
သူ၏ စကားလုံးများမှာ ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့ကို လျှပ်စီးများအလား ရိုက်ခတ်သွားတော့သည်။ ဆရာတပည့် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တောက်ပနေသည့်မျက်ဝန်းများဖြင့် ငေးကြည့်နေကြတော့သည်။
ထိုအချက်မှာ အဓိပ္ပါယ် အပြည့်ရှိသည်။ ပိုင်ရှောင်ချန်း ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် ကြိုးပမ်းခဲ့စဥ်က အရောင်အသစ်၏ အပိုင်းအစတစ်ခုထဲနှင့်သာ အလုပ်လုပ်ခဲ့သည်။ သို့သော် အရောင်အပိုင်းအစများ အခုတစ်ရာ သို့မဟုတ် ဆယ်ခုမျှသာ ရှိနေခဲ့လျှင် အရောင်များမှာ ယခုထက်ပို၍လျင်မြန်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့်တိုင် ကံကောင်းနိုင်ချေ အများကြီးရှိပြီး အရောင်သစ်တစ်ရောင်ကို ဆွဲ၍ဖမ်းယူနိုင်မည်ဖြစ်သည်။
" ဟုတ်တယ်ဗျ။ လုံးဝအဓိပ္ပါယ်ရှိတယ်။ ဆရာရေ၊ ဆယ့်ငါးရောင်ခြယ်မီးတောက်ကနေစပြီး 'တစ်' ကနေ ပြန်စလုပ်ကြည့်ရအောင်။ အဲဒါဆို ကျွန်တော်တို့ ဆယ့်ကိုးရောင်ခြယ်မီးတောက်အထိ ရောက်ပြီဆိုရင် ရွေးချယ်နိုင်မဲ့ အရောင်အသစ်တွေ အများကြီးရှိနေလောက်ပြီ။ "
ပိုင်ဟောက်မှာ ကျေနပ်နေသဖြင့် သူ၏မျက်ဝန်းများထဲတွင် နိမိတ်ဖတ်ခြင်းအတတ်၏ အလင်းရောင်များဖြင့် ပို၍တောက်ပနေတော့သည်။ သူ အလွန်စိတ်လှုပ်ရှားနေသည်မှာ သိသာသည်။
ပိုင်ရှောင်ချန်းမှာလည်း သူ့နည်းတူ စိတ်လှုပ်ရှားနေရသည်။ ထိုအကြံမှာ ရိုးရှင်းလွန်းလှပြီး တစ်ခေါက်လောက်ကြားဖူးရုံနှင့် လူတိုင်းနားလည်နိုင်သည့် အကြံမျိုးလည်းဖြစ်သည်။ သို့သော် သူတို့မှာ တစ်နေရာထဲတွင် လှုပ်မရအောင်ပိတ်မိနေခဲ့သည့်အတွက် သူတို့အား ဘေးမှနေ၍ ထောက်ပြမည့် လူတစ်ယောက်မရှိပါက သူတို့ကိုယ်ပိုင်နည်းဖြင့် အဖြေရှာတွေ့ရန်အတွက် အချိန်များစွာ ဖြုန်းတီးလိုက်ရမည်သာဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သင်္ချိုင်းစောင့်အဘိုးကြီးအား လက်ယှက်အရိုအသေပေးလိုက်တော့သည်။ သို့သော်လည်း သင်္ချိုင်းစောင့်ကြီးမှာ စကားထပ်ပြောစရာ မကျန်တော့သဖြင့် ငါးသာဆက်မျှားနေတော့သည်။
ထိုအခါတွင် ပိုင်ရှောင်ချန်းမှာ သင်္ချိုင်းစောင့်ကြီးအကြောင်း တွေးတောနေရန် အချိန်မရှိတော့ပေ။ သူသည် ထိုအချင်းအရာကို ဆက်၍ဆင်ခြင်သုံးသပ်နေပြီး ပိုင်ဟောက်မှာ နိမိတ်ဖတ်ခြင်းများ ဆက်၍လုပ်ဆောင်နေတော့သည်။ ရက်များစွာ ကြာပြီးနောက် သူတို့မှာ ထိုပြဿနာကို ဖြေရှင်းနိုင်လိုက်တော့သည်။ သို့သော် ထိုမျှလောက်နှင့် ပိုင်ရှောင်ချန်းမှာ ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို စတင်ဖန်တီးရန် အဆင်သင့်ဖြစ်သွားပြီဟု မဆိုနိုင်ပေ။ သို့သော်လည်း သူ၏ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သော စွမ်းရည်များ အမြောက်အမြား တိုးတက်သွားသည်။
သူ၏ အောင်မြင်နှုန်းကိုပင် ချက်ချင်း မြှင့်တင်ပေးလိုက်သည်။ ယခုတွင် သူရင်ဆိုင်နေရသည့် တစ်ခုထဲသော ကန့်သတ်ချက်မှာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခုဖန်တီးရန် လိုအပ်သော ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များကို ရှာရန်ပင်ဖြစ်သည်။ ယခုမှစ၍ သူကိုယ်တိုင် ဖန်တီးထားသော မီးတောက်များမှလွဲ၍ အခြားသော ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များကို သုံးနိုင်တော့မည်မဟုတ်ပေ။
ပုံမှန်ဆိုလျှင် ထိုနည်းလမ်းတစ်ခုလုံးကို ဆယ့်ငါးရောင်ခြယ်မီးတောက်မှ ပြန်စရသည်။ သို့သော် ၎င်းမှာ ပိုင်ရှောင်ချန်းအတွက် ပြဿနာကြီးတစ်ခု မဟုတ်ပေ။ သူသည် ယခုမှ ဤအကြံအသစ်တစ်ခုကို ရှာတွေ့ခဲ့သည်ဖြစ်သော်လည်း ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးရာတွင် ၎င်းအကြံမှာ အကူအညီအမြောက်အမြားပေးသဖြင့် တန်သည်ဟု ဆိုနိုင်သည်။
ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခု မအောင်မြင်တိုင်း အကုန်အကျမှာ အလွန့်အလွန် ကြီးမားနေသည် မဟုတ်ပါလော။
သင်္ချိုင်းစောင့်ကြီး၏ စကားအနည်းငယ်ကြောင့် ဆရာတပည့်နှစ်ယောက်ရင်ဆိုင်နေရသည့် ပြဿနာကြီးတစ်ရပ်မှာ ပြေလည်သွားရတော့သည်။ ထို့ကြောင့် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဆယ့်ကိုးရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သောအကြောင်းအမျိုးမျိုးကို သင်္ချိုင်းစောင့်ကြီး၏ရှေ့တွင် ဆွေးနွေးလိုက်ကြတော့သည်။
" ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဆယ်ခုကိုယူပြီး ပေါင်းလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ မငြိမ်မသက်မှုတွေ၊ မတည်မငြိမ်မှုတွေကြောင့် အဲဒီမီးတောက်တွေ ပေါင်းစည်းသွားဖို့က ခက်မှာ "
" ပေါင်းစပ်ပြီးလို့ ထွက်လာတဲ့ ဖိအားနဲ့ အဲဒီမီးတောက်တွေ ကျုံ့ဝင်သွားတဲ့ပုံစံ နှစ်ခုစလုံးက ပြဿနာအကြီးစားတွေပဲ။ ငါတို့က ဘာလုပ်ရတော့မှာလဲ။ ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ခက်နေမှာ "
" ပြီးတော့ ဆယ့်ကိုးရောင်ခြယ်မီးတောက် ပေါ်လာရင် မိုးကြိုးအပြစ်ဒဏ်ပါ ပေါ်လာမှာလားမသိဘူး "
သူတို့၏ နှုတ်မှ မေးခွန်းအမျိုးမျိုး အဆက်မပြတ်ထွက်လာပြီး မေးခွန်းတစ်ခုပြီးတိုင်း သူတို့က သင်္ချိုင်းစောင့်ကြီးကို မျက်စောင်းထိုး၍ ကြည့်လိုက်ကြသည်။ သူစကားတစ်ခွန်းမှ မပြောသ၍ သူတို့မှာ ထိုကိစ္စနှင့်ပတ်သတ်သော အကြောင်းအရာများကို ဆက်၍ ဆွေးနွေးနေလိုက်ကြတော့သည်။
အဆုံးတွင် သင်္ချိုင်းစောင့်ကြီးမှာ တွန့်တိုသော အမူအရာဖြင့် အကြံဉာဏ်အချို့ထပ်ပေးလိုက်ပြန်သည်။ သူအကြံပေးလိုက်တိုင်း ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့မှာ ရင်ထဲတွင် လှိုက်ဖိုသွားရစမြဲပင်။ သူတို့၏ ပြဿနာအားလုံးမှာ တဖြည်းဖြည်း ပြေလည်သွားတော့သည်။
သင်္ချိုင်းစောင့်ကြီး၏ အကူအညီဖြင့် ပိုင်ရှောင်ချန်း၏ မီးတောက်ဖန်တီးခြင်းစွမ်းရည်မှာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ပိုင်ဟောက်၏ ယူဆချက်များအပေါ် နားလည်မှုများမှာလည်း ပို၍မြင့်မားလာတော့သည်။ ပိုင်ဟောက်မှာ ပိုင်ရှောင်ချန်းထက်ပင် ပို၍ အကျိုးဖြစ်ထွန်းနေသည်။ သင်္ချိုင်းစောင့်ကြီး ပြောသမျှစကားတိုင်းမှာ သူ့အား လျှပ်စီးကဲ့သို့ ရိုက်ခတ်နေသဖြင့် သူ့ကိုယ်သူယုံကြည်မှုများ ပို၍ပြင်းထန်လာနေပြီး သူ၏ဖန်တီးနည်းများမှာလည်း ပို၍ပြည့်စုံလာတော့သည်။
အဆုံးတွင် သူလုပ်နေသည့်အရာမှာ တမူထူးခြားပြီး အများနှင့်မတူကြောင်း သတိထားမိလိုက်တော့သည်။ သူ၏ ဖန်တီးနည်းများမှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ၊ နတ်ဘုရားအာရုံနှင့် သူ၏ကိုယ်ပိုင်အားသာချက်များအပေါ်တွင် အခြေခံထားသည်။
မြေရိုင်းဒေသတစ်ခွင် ထိုဖန်တီးနည်းကို ပိုင်ရှောင်ချန်းတစ်ယောက်သာသုံးနိုင်ပြီး မီးတောက်ဖန်တီးနိုင်မည်ဖြစ်သည်။
နောက်ထပ်လအနည်းငယ် ကုန်ဆုံးသွားပြန်သည်။ ပိုင်ရှောင်ချန်းမှာ သူ၏မီးတောက်ဖန်တီးခြင်း စမ်းသပ်မှုထဲတွင် နစ်မျောနေပြီး ပိုင်ဟောက်မှာလည်း ထိုနည်းတူပင်။ သူတို့သည် လိုအပ်လျှင် အနားယူသော်လည်း အလွန်အမင်းကြိုးစားနေကြသဖြင့် ပိုင်ရှောင်ချန်း၏ ကျွမ်းကျင်မှုများမှာ နေ့စဥ်နှင့်အမျှ တိုးတက်နေတော့သည်။
ဆရာတပည့် နှစ်ယောက်စလုံးမှာ အချိန်တိုလေးအတွင်း များစွာတိုးတက်နေတော့သည်။ သူတို့ မည်မျှပင် အကျိုးဖြစ်ထွန်းနေသည်ကို ဖော်ပြရန်ပင်မဖြစ်နိုင်ပေ။ သင်္ချိုင်းစောင့်ကြီး၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာကိုမှ မမြင်နိုင်သော်လည်း သူ၏မျက်ဝန်းများထဲတွင် ပြုံးနေသည့် အရိပ်အယောင်များကို မြင်နိုင်သည်။ သူသည် ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့ကို လျစ်လျူရှုနေသည့်ပုံစံပေါ်နေပါသော်လည်း အမှန်တွင် သူ၏ငါးမျှားခြင်းအလုပ်ထက်ပင် သူတို့ကိုပို၍ အာရုံစိုက်နေသည်။
ဆရာတပည့်နှစ်ယောက်မှာ ကိစ္စအဝဝကို ဆွေးနွေးနေကြစဥ် ပိုင်ဟောက်မှာ သူ၏ မျက်ဝန်းထဲရှိ ရိုသေလေးစားကြောက်ရွံ့မှုများနှင့် ချစ်ခြင်းမေတ္တာများကို မဖုံးကွယ်နိုင်တော့ပေ။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းသည်လည်း သူ၏တပည့်အား အလွန့်အလွန် ဂရုစိုက်နေသည့်အချက်ကို ဖုံးကွယ်၍မထားနိုင်ပေ။ သင်္ချိုင်းစောင့်ကြီးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းထဲရှိ အပြုံးမှာ ပိုမိုသိသာထင်ရှားလာတော့သည်။