တဟုန်ထိုး တိုးတက်လာခြင်း
Vol. 9 Ch. 815
အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး လပေါင်းများစွာ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ပိုင်ရှောင်ချန်း မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာကို လာသည့်အချိန်မှစ၍ ရေတွက်လျှင် ယခုအခါ နှစ်တစ်နှစ်၏ အကောင်းဆုံး အချိန်အပိုင်းအခြားကို ကျော်လွန်သွားခဲ့ပြီး ထိုကုန်ဆုံးသွားခဲ့သော အချိန်အများစု၌ သူနှင့် သူ့တပည့်က မီးတောက်ဖန်တီးခြင်းတွင် လုံးလုံးနစ်မြုပ်နေသည်။ အမှန်တကယ်ဆိုရလျှင် အချိန်မည်မျှကုန်လွန်သွားသည်ကိုပင် သူတို့ မသိကြတော့ပေ။
နေ့အချိန်များတွင် သူတို့က ဆယ့်ကိုးရောင်ခြယ်မီးတောက်အကြောင်း ဆွေးနွေးကြပြီး ညနေခင်းတွင် မြေအောက်ကမ္ဘာမြစ်ကမ်းပါးထံ အပြေးအလွှားသွားကာ သချိုင်းစောင့်ကြီးနားတွင် သူတို့မဖြေရှင်းနိုင်သည့် ခက်ခဲသော နေရာများကို အသံမြှင့်၍ ဆွေးနွေးကြလေသည်။
တစ်ခါတရံ သင်္ချိုင်းစောင့်ကြီးက မဖြေကြားလျှင် သူတို့က ထိုကိစ္စကို သင်္ချိုင်းစောင့်ကြီးလက်မြှောက်၍ အကြံအနည်းငယ်ပေးရသည်အထိတိုင်အောင် ဆက်လက်ဆွေးနွေးလေသည်။
ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့နှစ်ယောက်လုံးမှာ မီးတောက်ဖန်တီးရာတွင် တိုးတက်လာခဲ့ပြီး ဆယ့်ကိုးရောင်ခြယ်မီးတောက်နှင့်ပတ်သက်၍ ပိုမို ယုံကြည်မှုရှိလာတော့သည်။ ပိုင်ဟောက်ဆိုလျှင် ဖန်တီးနည်းကိုပင် ပြုလုပ်နိုင်တော့မည် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာမူ ထိုအလုပ်တွင် စိတ်ရောကိုယ်ပါအလွန်နစ်မြုပ်နေသည့်အတွက် ဖန်တီးနည်းပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ချက်ချင်း ဖန်တီးနိုင်တော့မည် ဖြစ်သည်။
ယခင်က ပိုင်ရှောင်ချန်းမှာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ကျွမ်းကျင်ပြီးနောက် ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ချက်ချင်း ဖန်တီးနိုင်သည့် အဆင့်ထိ ရောက်လိမ့်မည်ဟု တစ်ခါမှ စိတ်ကူးပင်မယဥ်ခဲ့ဖူးပေ။ ပိုင်ဟောက်အပေါ် အလွန်အမင်း ယုံကြည်သည့်တိုင် ထိုကိစ္စက နှစ်များစွာ ကြာမည်ဟု သူ ယူဆထားခဲ့၏။
ဆယ့်ကိုးရောင်ခြယ်မီးတောက်သည် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ထက် ပို၍ ရှားပေသည်။ အချက်ကျကျပြောရလျှင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို မြေရိုင်းဒေသရှိ လေလံပွဲများတွင် ရံဖန်ရံခါတွေ့နိုင်သော်လည်း ဆယ့်ကိုးရောင်ခြယ်မီးတောက်မှာမူ နှစ်တစ်ရာကြာမှ တစ်ကြိမ်သာ ပေါ်လာတတ်သည်။
အထူးသဖြင့် ဆယ့်ကိုးရောင်ခြယ်မီးတောက်သည် ရှေးကတည်ရှိခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် ရှိနေသော ဆယ့်ကိုးရောင်ခြယ်မီးတောက်များမှာ ယခင်မျိုးဆက် လောကဓာတ်အောက်လမ်းဆရာများက ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး လျှို့ဝှက်ရတနာကဲ့သို့ သိုဝှက်ထားကြသည်။
ယခုအချိန် မြေရိုင်းဒေသထဲ၌ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနိုင်သည့် လူသုံးဦးသာ ရှိသည်။အမှန်တကယ်တော့ ထိုသုံးဦးအနက် နှစ်ဦးက ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနိုင်သည့်အဆင့်မှာသာ ရပ်တန့်နေပြီး တစ်ယောက်သာလျှင် ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို အောင်မြင်ဖူးလေသည်။
ထိုအခြင်းအရာအရ ဆယ့်ကိုးရောင်ခြယ်မီးတောက်များက မည်မျှ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ရှားပါးကြောင်း မြင်နိုင်ပေသည်။
ပိုင်ရှောင်ချန်းသာ အောင်မြင်သွားခဲ့ပြီး မြေရိုင်းဒေသတစ်ခွင် ပျံ့နှံ့သွားခဲ့လျှင် အကြီးအကျယ် ဆူညံပွက်လောရိုက်သွားလိမ့်မည်။ အမှန်တကယ်တော့ သူ လောကဓာတ်အောက်လမ်းဆရာအဆင့် ရောက်ခဲ့စဥ်ကထက်ပင် ပို၍ ဆူဆူညံညံ ဖြစ်သွားလိမ့်မည်။ သူက ထိုအကြောင်းကို တွေးလိုက်ရုံနှင့်ပင် ယခင်ကထက် ပို၍ စိတ်လှုပ်ရှားလာတော့သည်။
သမိုင်းကြောင်းအစဥ်အလာအရ ယခုလက်ရှိ ပိုင်ရှောင်ချန်းကဲ့သို့ အလျင်အမြန်အဆင့်တက်နိုင်သည့် လောကဓာတ်အောက်လမ်းဆရာ တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးပေ။
သို့သော် ယခုအချိန်တွင် သူက ထိုကဲ့သို့ အရာများကို တွေးတောမနေသလို သူ့ကိုယ်သူ ကျေနပ်နေရန်လည်း အချိန်မရှိပေ။ သူက အခြားသော အရာများအားလုံးနီးပါး ခေါင်းထဲမှထုတ်ထားသည်အထိ ဆယ့်ကိုးရောင်ခြယ်မီးတောက်အပေါ် လုံးဝအာရုံစိုက်ထားလေသည်။
ယခုအခါ ကျိုးရီရှင်း၊ ဝူတောက်နှင့် ရှိသမျှ လူတိုင်းမှာ ပိုင်ရှောင်ချန်းက မြေအောက်ကမ္ဘာမြစ်ကမ်းပါးထက်တွင် တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေသည်ကို မြင်သားကျလာသည်။ ရံဖန်ရံခါ လူအများစုသည် သွား၍ ခိုးနားထောင်ကြပါသော်လည်း သူတို့ကြားရသမျှမှာ ဆယ့်ကိုးရောင်ခြယ်မီးတောက်အကြောင်းပင် ဖြစ်သည်။ ကျိုးရီရှင်းကဲ့သို့ အောက်လမ်းဆရာများပင် အကြောင်းအရာအများစုကို မသိပေ။
ပိုင်ရှောင်ချန်း မျက်နှာဖုံး၏ ကျေးဇူးကြောင့် ဝူတောက်သည် ပိုင်ဟောက်ကို သတိပင်မထားမိပေ။ နှစ်တစ်နှစ်၏ အကောင်းဆုံး အချိန်အပိုင်းအခြား ကုန်လွန်သွားခဲ့ပြီး ဗဟိုဧကရာဇ်မြို့တော်အတွင်းရှိ ပိုင်ရှောင်ချန်း၏ သည်းထိတ်ရင်ဖိုစွန့်စားခန်းများအကြောင်း ပြောသံများ ငြိမ်ကျသွားလေပြီ။
အမှန်တကယ်တော့ အောက်လမ်းဆရာများ၊ သို့မဟုတ် ကောင်းကင်မြို့စားများနှင့်နယ်စားများကို “ ပိုင်ဟောက် “ ဆိုသော နာမည်သာ ထုတ်ပြောလိုက်လျှင် မြို့တော်ကို မည်မျှအထိ တုန်လှုပ်စေခဲ့သူဖြစ်ကြောင်း အလွယ်တကူ ပြေးမြင်ကြသည်သာဖြစ်သည်။
ကုန်လွန်သွားသည့် အချိန်များ အတောအတွင်း ဗဟိုဧကရာဇ်မြို့တော်တွင် သူ့ကို လျှို့ဝှက်ကြံစည်နေဆဲဖြစ်သည့် လူများ ရှိသေးသည်။ သူ့အပေါ် သူတို့၏ မုန်းတီးနာကျည်းခြင်းများသည် အချိန်အနည်းငယ် ကုန်ဆုံးသွားသည်နှင့်အမျှ အလွန်တကူပျောက်ကွယ်သွားမည့် အရာမဟုတ်သည် မဟုတ်ပါလော။
အထူးသဖြင့် မဟာကောင်းကင်သခင်က မြေရိုင်းဒေသတစ်ခွင်လုံးတွင် ဘုံဝါဒကို အတင်းအကြပ် ဆက်လက်ေဖာ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ အခြေအနေများ တဖြည်းဖြည်း တည်ငြိမ်လာလေသည်။ အလွန်ပြင်းထန်သော ကိစ္စတစ်ခု မဖြစ်သရွေ့ ဗဟိုဧကရာဇ်နိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံ လုံးဝပြောင်းလဲသွားရန် နှစ်အနည်းငယ်သာ ကြာပေတော့မည်။
ထိုအပြောင်းအလဲက နိုင်ငံတော်အတွက် ကောင်းမည်၊ ဆိုးမည်ကို မည်သူမှ တပ်အပ်မပြောနိုင်ပေ။ တန်ခိုးအာဏာကြီးမားသော မျိုးနွယ်စုများ အပိုင်းပိုင်း ကွဲသွားဟန်ရှိသော်လည်း မျိုးမစစ်ကလေးများနှင့် သာမန်လူများ၏ မပြောင်းလဲသောရုန်းကန်မှုများအရ
မြေရိုင်းဒေသ၏ အတိုက်အခိုက်စွမ်းရည်သည် ယခင်ကအတိုင်း ခမ်းနားသေးကြောင်း ဖော်ပြနေသည်။
ပိုင်ရှောင်ချန်းကို တစ်ခုခုလုပ်ရန် ပိုမိုစိတ်အားထက်သန်လာသည့် အရေးပါသော မျိူးနွယ်စုမှ တိုက်ရိုက်သွေးမျိုးဆက်တချို့လည်း ရှိသည်။ သို့သော် သူတို့က မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာထံ လူများကို စေလွှတ်လိုက်တိုင်း ထိုလူများ ပျောက်ကွယ်သွားသည်။
ဝူတောက်နှင့် သူ့လူများပင် ထိုအကြောင်းကို သတိမထားမိကြပေ။ သူတို့က ကျူးကျော်ဝင်ရောက်သူများ ရှိသည်ကိုပင် မသိကြချေ။ သူတို့ပင် မသိလျှင် ကျိုးရီရှင်းနှင့် ပိုင်ရှောင်ချန်းကို ပြောစရာပင်မလိုတော့ချေ။ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာထံ လူများရောက်လာခဲ့ပြီး ပျောက်သာသွားကြသည်ကို မည်သူမျှ မသိကြပေ။
ထိုအခြင်းအရာက ပိုင်ရှောင်ချန်းကို မကောင်းကြံနေသည့် လူများအတွက် အတော်လေးတုန်လှုပ်စရာပင်။ မကြာမီ တစ်ယောက်မှ ထို့ထက်ပို၍ မလုပ်ဝံ့ကြတော့ပေ။
ပိုင်ရှောင်ချန်းက မီးတောက်ဖန်တီးနေစဥ် ဘယ်သူမှ မနှောင့်ယှက်ကြပေ။ လပေါင်းများစွာ ထပ်မံကုန်ဆုံးသွားပြန်၏။ တစ်ညတွင် ပိုင်ဟောက်၏ မျက်နှာသည် စိတ်လှုပ်ရှားသောအရိပ်အယောင်များဖြင့် ဝင်းပသွားသည်။
ပိုင်ရှောင်ချန်းသည်လည်း စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေတော့သည်။
" အလုပ်ဖြစ်ပြီ ဆရာ။ ကျွန်တော်တို့ လုပ်နိုင်သွားပြီ။ ကျွန်တော် ဆယ့်ကိုးရောင်ခြယ်မီးတောက်ဖန်တီးနည်းကို လုပ်နိုင်သွားပြီ။ ဒီဖန်တီးနည်းက ဆရာပိုင်တယ်။ ဆရာတစ်ယောက်တည်းပဲ နော်ဆရာ။ ဒီဖန်တီးနည်းနဲ့တောင် ဘယ်သူမှ ဒီလိုဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဒါက ဆရာ့အပိုင်ပဲ ဆရာရေ "
ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားနေသည်သာမက လွန်ခဲ့သောနှစ်က မီးတောက်ဖန်တီးခြင်းပညာရပ်တွင် သူ ထိထိရောက်ရောက်တိုးတက်ခဲ့သော နှစ်ဖြစ်ကြောင်းလည်း သိသည်။ အမှန်တကယ်တော့ ထိုအားလုံး၏ အဓိကအကြောင်းရင်းက သင်္ချိုင်းစောင့်ကြီး၏ အကူအညီကြောင့်ပင် ဖြစ်သည်။
" ကျေးဇူးအများကြီးတင်ပါတယ် သင်္ချိုင်းစောင့်ဘိုးဘိုးကြီးခင်ဗျား "
သူက လေးလေးနက်နက် အရိုအသေပေးရင်း ပြောလိုက်သည်။ ပိုင်ဟောက်သည်လည်း စိတ်လှုပ်ရှားစွာ လက်ယှက်ပြီး သင်္ချိုင်းစောင့်ကြီးကို အရိုအသေပေးလိုက်၏။
သင်္ချိုင်းစောင့်ကြီးက မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့် ငါးဆက်မျှားရင်း ထိုင်နေလေသည်။
ထိုအခြင်းအရာနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်မှာ အသားကျနေလေပြီ။ သူတို့က လွန်စွာ စိတ်လှုပ်ရှားလျက် ဆယ့်ကိုးရောင်ခြယ်မီးတောက်အကြောင်းကို ပို၍အသေးစိတ် ဆွေးနွေးလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီ မြေအောက်ကမ္ဘာမြစ်ကမ်းပါးတွင် ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ဖန်တီးရန် ပြင်ဆင်လိုက်သည်။
ဆယ့်ကိုးရောင်ခြယ်မီးတောက်နှင့် ပတ်သက်လျှင် မည်သည့်မိုးကြိုးပြစ်ဒဏ်မှ မရှိပေ။
ထိုသည်က မကြာသေးမီကမှ သင်္ချိုင်းစောင့်ကြီး ရှင်းပြခဲ့သည့်အရာဖြစ်သောကြောင့် ပိုင်ရှောင်ချန်း လုံးဝသံသယမရှိပေ။ ထို့ပြင် ပြစ်ဒဏ်တစ်ခုခုလာခဲ့လျှင်တောင်မှ ဤနေရာရှိ သင်္ချိုင်းစောင့်ကြီးရှိေနသည်ဖြစ်ရာ ထည့်တွက်စရာပင် လိုမည်မဟုတ်ပေ။
ပိုင်ရှောင်ချန်းက အလွန်အမင်း ယုံကြည်ချက်ရှိစွာဖြင့် ဆယ့်ကိုးရောင်ခြယ်မီးတောက် ဖန်တီးရန် ြပင်ဆင်လိုက်သည်။ သူ့မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်ဖော်လိုက်ကာ ဆယ့်ငါးရောင်ခြယ်မီးတောက်များ ထုတ်လိုက်သည်။
ဤမီးတောက်များသည် စမ်းသပ်မှုများြပုလုပ်နေစဥ် အတောအတွင်း သူ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကုန်လွန်ခဲ့သော နှစ်အတောအတွင်း ပိုင်ဟောက်နှင့်အတူ လေ့လာခဲ့လေသည်။ အခြားလိုအပ်သော ပါဝင်ပစ္စည်းများအကြောင်းပြောရလျှင် သူ လောကဓာတ် အောက်လမ်းဆရာ ဖြစ်ပြီးနောက် စစ်ဆေးရေးအရာရှိမင်းအဖြစ်မှ နုတ်ထွက်ခဲ့သောကြောင့် ခြိမ်းခြောက်ငွေညှစ်၍မရခဲ့သော်လည်း ဆုမွန်ကောင်းတောင်းပေးသူများထံမှ လက်ဆောင်ပဏ္ဍာများ ရရှိခဲ့ခြင်းဖြစ်သည်။
စီမာတာအိုမှအစ စွန်းယိဖန်အထိ လူတိုင်းသာမက အခြား ဂုဏ်အရှိန်အဝါကြီးမားသောလူများလည်း သူ့ဆီ လာရောက်ခဲ့သည်။ ထို့ကြောင့် ဗဟိုဧကရာဇ်မ်ြို့တော်မှ ထွက်ခွာရန် အချိန်ရောက်လာသောအခါ သူ၏ ချမ်းသာကြွယ်ဝမှုသည် မျိုးနွယ်စုများကို ငွေညှစ်သိမ်းပိုက်ခဲ့စဥ်ကထက် မလျော့ခဲ့ပေ။
ထို့ထက်ပိုသည်က ကောင်းကင်လေသင်္ဘောဖြင့် ခရီးသွားနေချိန် သူအလည်အပတ်သွားရောက်ခဲ့သော မျိုးနွယ်စုများမှ သူ့ကို ပေးခဲ့သည့် လက်ဆောင်များပင်။ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာကို မရောက်ခင် သူမည်မျှစုဆောင်းရခဲ့လဲဆိုသည်ကို ရေတွက်၍ပင်မရပေ။
ထို့သည်က သူ ဆယ့်ကိုးရောင်ခြယ်မီးတောက်ဖန်တီးရန် အားထားရမည့်အရာများပင်။ သူက သူ၏ချီများကို တည်ငြိမ်စေလိုက်ပြီး စိတ်ကိုရှင်းလိုက်ပြီးနောက် ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့် တဖြည်းဖြည်း အလုပ်စတင်တော့သည်။
သူ၏ဖန်တီးနည်းက လုံးဝ ဆန်းသစ်နေသည်။ ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ဖန်တီးရာတွင် လမ်းစဥ်အသစ်အတိုင်း သူ လျှောက်လှမ်းလိုက်ပြီး ဆယ့်ခြောက်ရောင်ခြယ်နှင့် ဆယ့်ခုနစ်ရောက်ခြယ် မီးတောက် ဖန်တီးစဥ်မှာပင် နည်းအသစ်များ အသုံးပြုလိုက်လေသည်။ များမကြာမီ သူ့ပတ်ပတ်လည်တွင် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဆယ်ခု ဝန်းရံလာပြီးနောက် ဖိနှိပ်ရန် စတင်လိုက်သည်။
သူက မီးတောက်များအား အတူတကွ ပေါင်းစည်းလိုက်သောအခါ မီးပင်လယ်ကြီး ဖြစ်ပေါ်လာပြီး သူ့အပေါ်သို့ ပြင်းထန်သောဖိအားများ သက်ရောက်လာ၏။ သို့သော် သူ မည်သို့ပြုလုပ်နေသည်ကို ကောင်းစွာသိသည်။ မီးတောက်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည့်တိုင် ထိုသည်က သူမျှော်လင့်ထားသော အရာဖြစ်သည်။ ထိုမျှသာမက.... ထိုမီးများ၏ ရှစ်ဆယ်ရာခိုင်နှုန်းက ဆယ့်ရှစ်ရောင်မြောက်အရောင်ပင် ဖြစ်နေလေပြီ။
သူ့အတွက် ၎င်းတို့ကို ကြည့်ရန် မလိုအပ်လုနီးပါးပင်။ သူက နတ်ဘုရားအာရုံအနည်းငယ်ကို ထုတ်လွှတ်လိုက်သည့်တိုင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးတောက်များက သူ့ကို လုံးဝစိတ်အနှောင့်အယှက်မဖြစ်တော့ပေ။
မီးပင်လယ်က သူ့လက်ဝါးပေါ်တွင် ကျုံလာပြီးနောက် သူက လက်ကိုဖွင့်လိုက်သည်တွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ပေါ်လာတော့သည်။
သူက စိတ်သက်သာရကာ သက်ပြင်းချလိုက်ပြီးနောက် မည်မျှ အဆင်ပြေပြေ ဖြစ်ခဲ့ကြောင်း တွေးတောကာ ခေါင်းနောက်လှန်၍ အားပါးတရ ရယ်မောလိုက်သည်။ ယခုအခါ သူက ဆယ့်ကိုးရောင်ခြယ်မီးတောက် ဖန်တီးခြင်းနှင့် ပတ်သက်လျှင် ယခင်ကထက် ပို၍ ယုံကြည်ချက်ရှိလာတော့သည်။