အခန်း (၃၆၁-၃၆၂)
Vol. 19 Ch. 361-362
အပိုင်း(၃၆၁) ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို နှိမ်နင်းခြင်း
မိုးပေါက်ကြီးများက ပိုးစာသီးများပေါ်သို့ ကျဆင်းလာပြီး အလင်းယိုင်သွားမှုအောက်တွင် ထိုအသီးများသည် တလက်လက် တောက်ပနေသော အရောင်အသွေးစစ်စစ် သလင်းကျောက်များကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်က ထိုဧရာမသစ်ပင်ကြီးနှင့် ပေ ၃၀ ခန့် ကွာဝေးနေသော်လည်း အပင်ပေါ်ရှိ အသီးများ၏ မွှေးပျံ့သော ရနံ့နှင့် ပြင်းထန်လှသော သန္ဓေပြောင်းစွမ်းအင် အငွေ့အသက်တို့ကို ခံစားမိနေဆဲ ဖြစ်သည်။
သူက ထိုအငွေ့အသက်များ အားလုံးကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူပစ်တော့မည့်အလား လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။
သူ့ဘေးရှိ တုံယန်ပင်လျှင် မနေနိုင်ဘဲ ပြောလိုက်သည်။ "အရမ်းမွှေးပြီး ချိုမြိန်တဲ့ ရနံ့ပဲ"
ကောကျဲကလည်း ပြောလာသည်။ "ဒါက သန္ဓေပြောင်း ပိုးစာသီးတွေပဲ... ဟိုအပင်ပေါ်က ဒုတိယမြောက် အခက်ကြီးကို ကြည့်လိုက်ဦး"
လင်းယွမ်နှင့် တုံယန်တို့က သူမ လက်ညှိုးညွှန်ပြရာဘက်သို့ လိုက်ကြည့်လိုက်ကြသည်။
ဧရာမ ပိုးစာပင်ကြီး၏ ဒုတိယမြောက် အခက်ကြီးအထက်တွင် ကြီးမားလှသော အမည်းရောင် အသိုက်ကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအမည်းရောင် အသိုက်ကြီးကို ရွှံ့စေးများဖြင့် မြုံပြီး တည်ဆောက်ထားကာ အတွင်းဘက်တွင် သစ်ကိုင်းများကို ဒေါက်တိုင်များသဖွယ် အသုံးပြုထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အကျယ်ရော အမြင့်ပါ ၁၀ ပေ မှ ၁၃ ပေခန့် ရှိမည်ဟု ခန့်မှန်းရသည်။
မှောင်မည်းနေသော အပေါက်ဝတွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသည့် အမည်းရောင် ပုရွက်ဆိတ်များက အလျင်စလို ဝင်ထွက်သွားလာနေကြသည်။
"ကျောက်နက်ပုရွက်ဆိတ် အသိုက်လား" ဟု လင်းယွမ်က မေးလိုက်သည်။
ကောကျဲက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ "ဟုတ်တယ်... ဒါက ကျောက်နက်ပုရွက်ဆိတ် အသိုက်ပဲ... တွက်ထားတဲ့အတိုင်းဆိုရင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက အဲဒီအထဲမှာ ရှိနေလောက်တယ်"
"ဒီဘက်က ကျောက်နက်ပုရွက်ဆိတ် လုပ်သားတွေက နေရာအနှံ့ အစာရှာဖွေပြီးရင် တန်းစီပြီး ဒီကိုလာပို့ကြတာကို ကျွန်မတို့ သတိထားမိတာ ကြာပြီ... အဲဒီအသိုက်ထဲကို အစာကျွေးနေကြတာ"
"ကျောက်နက်ပုရွက်ဆိတ်ဘုရင်မသာ မဟုတ်ရင်... တစ်အုပ်စုလုံး သူ့အတွက် အလုပ်လုပ်ပေးအောင် ခိုင်းစေနိုင်တဲ့ အစွမ်းမျိုး ရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "နင်တို့နှစ်ယောက် ဒီမှာပဲ နေခဲ့... ငါ သွားကြည့်လိုက်မယ်"
"အစ်ကိုလင်းယွမ်... သတိထားနော်"
တုံယန်က ကမန်းကတမ်း လှမ်းပြောလိုက်သည်။
လင်းယွမ်က လက်ကာပြလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ဧရာမ ပိုးစာပင်ကြီးပေါ်သို့ ခုန်တက်သွားသည်။
သူ၏ လှုပ်ရှားမှုက လေပြေလေညင်းလေးလို ပေါ့ပါးသွက်လက်နေပြီး သစ်ပင်ပေါ်သို့ ကျဆင်းသွားချိန်တွင် မည်သည့် အသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။
လင်းယွမ်က စိတ်စွမ်းအင်များကို ဖြန့်ကျက်လိုက်ပြီး ထိုမှောင်မည်းနေသော ရွှံ့အသိုက်ထဲသို့ အလျင်အမြန် စူးစမ်းရှာဖွေလိုက်သည်။
ရွှံ့အသိုက်ထဲတွင် အမှောင်ထုက ကြီးစိုးနေပြီး စိတ်စွမ်းအင်များ ထိုးဖောက်ဝင်ရောက်သွားသော်လည်း မည်သည့်အရာကိုမျှ မမြင်ရချေ။
ထိုအခြေအနေကြောင့် လင်းယွမ်က မျက်လုံးများကို အနည်းငယ် မှေးစင်းသွားစေသည်။ "ဒီရွှံ့တွေနဲ့ ဆောက်ထားတဲ့ ပုရွက်ဆိတ်အသိုက်က... စိတ်စွမ်းအင်နဲ့ အာရုံခံတာကိုပါ ကာကွယ်နိုင်တဲ့ အာနိသင် ရှိနေတာလား"
သူ အနည်းငယ် အံ့အားသင့်သွားသည်။ ဤကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ထိုမျှလောက် အစွမ်းထက်နေသည်လား။
သို့မဟုတ် ထိုရွှံ့များတွင် တစ်ခုခု ထူးခြားချက် ရှိနေသလား။
သူ့ခန္ဓာကိုယ်က တစ်ချက် လှုပ်ခါသွားပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းလာကာ တုံယန်နှင့် ကောကျဲတို့ကို ပြောလိုက်သည်။ "နင်တို့ ဒီနားကနေ နောက်ဆုတ်နေကြ... အဲဒီကောင်ကို အပြင်ထွက်လာအောင် ငါ မျှားခေါ်လိုက်မယ်"
ထိုစကားကို ကြားသောအခါ သူတို့နှစ်ယောက်စလုံး လင်းယွမ် လှုပ်ရှားတော့မည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
ထို့ကြောင့် နှစ်ယောက်သား ကပျာကယာ နောက်ဆုတ်လိုက်ကြပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားကြသည်။
သူတို့နှစ်ယောက် ဆုတ်ခွာသွားပြီးနောက် လင်းယွမ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ စိတ်စွမ်းအင်များက လက်ဝါးနှစ်ဖက်အသွင် ပြောင်းလဲသွားပြီး တောက်ပနေသော အမည်းရောင် ပိုးစာသီး နှစ်လုံးကို လှမ်းဆွဲလိုက်သည်။
"ဝုန်း... ဝုန်း"
ပိုးစာသီး နှစ်လုံးက အပြင်းအထန် တုန်ခါသွားပြီး လင်းယွမ်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် ပြုတ်ထွက်လာခဲ့သည်။
"ခွီး"
အမည်းရောင် ရွှံ့အသိုက်ထဲမှ ဒေါသတကြီး အော်ဟစ်လိုက်သော ပြင်းထန်သည့် အသံလှိုင်းနှစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အမည်းရောင် အရိပ်တစ်ခုက ပုရွက်ဆိတ်အသိုက်ထဲမှ ထွက်ပေါ်လာသည်။
ထိုအသံလှိုင်းနှင့်အတူ ပြင်းထန်လှသော စိတ်စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး လင်းယွမ်၏ စိတ်စွမ်းအင်ကို အပြင်းအထန် ဝင်တိုက်လိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ စိတ်စွမ်းအင် နှစ်ခု ရိုက်ခတ်သွားပြီး လင်းယွမ်က ပိုးစာသီးများအပေါ် ထိန်းချုပ်နိုင်စွမ်းကို ချက်ချင်း လက်လွတ်ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
သူ၏ စိတ်စွမ်းအင်များ အနည်းငယ် ယိမ်းယိုင်သွားပြီး စိတ်ပင်လယ်အပြင်ဘက်တွင် စိမ်းသက်နေသော စိတ်စွမ်းအင်တစ်ခုက လင်းယွမ်၏ စိတ်ပင်လယ်ကို ရူးသွပ်စွာ ဝင်တိုက်နေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်ခွံစွမ်းအင်အကာအကွယ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
လင်းယွမ်က ခေါင်းမော့ကာ သစ်ပင်ပေါ်ရှိ ပုရွက်ဆိတ်အသိုက်ကို လှမ်းကြည့်လိုက်သည်။
အသိုက်ထဲမှ မည်းနက်ပြီး ကြီးမားလှသော ခေါင်းကြီးတစ်ခု ထွက်ပေါ်လာကာ အာရုံခံဥမှင်တိုင် နှစ်ချောင်းက ယိမ်းခါနေပြီး မည်းနက်နေသော မျက်လုံးများဖြင့် လင်းယွမ်ကို စူးစိုက်ကြည့်နေသည်။
လင်းယွမ်က ဒေါသထွက်နေသည့် ခံစားချက်တစ်ခု ကူးစက်လာသည်ကို သဲ့သဲ့လေး ခံစားလိုက်ရသည်။
ဒီကျောက်နက်ပုရွက်ဆိတ်ဘုရင်မမှာ တကယ်ပဲ အသိဉာဏ် အတိုင်းအတာတစ်ခုအထိ ရှိနေတာပဲ။
"ခွီး"
ထူးဆန်းသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် မြေကြီးက အနည်းငယ် တုန်ခါသွားကာ မြေပြင်ပေါ်တွင် မည်းနက်နေသော ပုရွက်ဆိတ်အုပ်ကြီး အလျင်အမြန် ပေါ်ထွက်လာသည်။
ထိုပုရွက်ဆိတ်များ၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတိုင်းက သန်မာထွားကြိုင်းနေပြီး ကြံ့ခိုင်သော ကြွက်သားများဖြင့် ပြည့်နှက်နေသည့်အလား ပုံပေါက်နေသည်။
အကောင်တိုင်းက ဘော်လီဘောလုံး အရွယ်အစားခန့်ရှိပြီး ယခုအခါ ပြည့်နှက်နေကာ လင်းယွမ်ဆီသို့ ပျားပန်းခပ် ပြေးဝင်လာကြသည်။
ဤပုရွက်ဆိတ်များက လင်းယွမ် အစောပိုင်းက သစ်ပင်ပေါ်တွင် မြင်ခဲ့ရသည့် လက်သီးဆုပ်အရွယ်အစား ပုရွက်ဆိတ်များနှင့် လုံးဝကွာခြားနေပြီး သိသိသာသာကို ပိုကြီးမားနေသည်။
ထို့ပြင် ဤပုရွက်ဆိတ်များ၏ အပေါ်မေးရိုးနှင့် အင်္ဂါများက ပိုမို ကြီးထွားသန်စွမ်းနေသည်။
"တပ်သားပုရွက်ဆိတ်တွေလား"
လင်းယွမ်က ခန့်မှန်းလိုက်သည်။ ပုရွက်ဆိတ်အုပ်စုများတွင် အလုပ်ခွဲဝေမှုများ ရှိတတ်သည်ကို သူ မှတ်မိနေသည်။
ရင့်ကျက်သော ပုရွက်ဆိတ်အုပ်စုတစ်ခုတွင် ပုရွက်ဆိတ်ဘုရင်မ ရှိပြီဆိုလျှင် လုပ်သားပုရွက်ဆိတ်များနှင့် တပ်သားပုရွက်ဆိတ်များ သေချာပေါက် ရှိရမည်ဖြစ်သည်။
လုပ်သားပုရွက်ဆိတ်များသည် ပုရွက်ဆိတ်အုပ်စုထဲတွင် အငယ်ဆုံးကောင်များ ဖြစ်လေ့ရှိသော်လည်း အရေအတွက် အများဆုံးဖြစ်ကာ ပြေးလွှားသွားလာရာတွင် ကျွမ်းကျင်ပြီး မျိုးပွားနိုင်စွမ်း မရှိကြပေ။
၎င်းတို့၏ အဓိက တာဝန်များမှာ အသိုက်များ တည်ဆောက်ခြင်းနှင့် ချဲ့ထွင်ခြင်း၊ အစာရှာဖွေခြင်း၊ သားလောင်းများနှင့် ပုရွက်ဆိတ်ဘုရင်မကို အစာကျွေးခြင်း စသည်တို့ ဖြစ်သည်။
တပ်သားပုရွက်ဆိတ်များကမူ ကွဲပြားသည်။ "တပ်သားပုရွက်ဆိတ်" ဟူသည်မှာ အချို့သော ပုရွက်ဆိတ်အမျိုးအစားများမှ လုပ်သားပုရွက်ဆိတ်ကြီးများကို ခေါ်ဆိုသော အမည်ဖြစ်ပြီး မျိုးပွားနိုင်စွမ်းမရှိသည့် အမပုရွက်ဆိတ်များ ဖြစ်ကြသည်။
၎င်းတို့သည် ခေါင်းကြီးကာ အပေါ်မေးရိုး သန်စွမ်းပြီး မာကျောသော အစားအစာများကို ကြေမွသွားအောင် ကိုက်ခွဲနိုင်စွမ်းရှိသဖြင့် အုပ်စုကို ကာကွယ်ရာတွင် တိုက်ခိုက်ရေးလက်နက်များ ဖြစ်လာကြသည်။
ယခုအချိန်တွင် ပြည့်နှက်စွာ ပြေးဝင်လာကြသည့် ဤဧရာမ ပုရွက်ဆိတ်ကြီးများက တပ်သားပုရွက်ဆိတ်များ ဖြစ်သည်မှာ သေချာနေပေသည်။
လင်းယွမ်က အကြမ်းဖျင်း ဝေ့ကြည့်လိုက်ရာ ထိုတပ်သားပုရွက်ဆိတ် အရေအတွက်က ရာဂဏန်းမက ရှိနေသည်။
ကင်းလှည့်အဖွဲ့သားများ ဤနေရာကို ဝင်မတိုက်နိုင်သည်မှာလည်း အံ့သြစရာ မဟုတ်ပေ။ ဤမျှ များပြားလှသော တပ်သားပုရွက်ဆိတ်များက လူအင်အား သုံး၍ တိုက်ခိုက်မည်ဆိုလျှင် မည်သည့် ရန်သူကိုမဆို မောင်းထုတ်ပစ်နိုင်စွမ်း ရှိသည်။
လင်းယွမ်၏ ခန္ဓာကိုယ်က တစ်ချက် ခုန်တက်သွားပြီး တပ်သားပုရွက်ဆိတ်များ၏ ဝိုင်းရံထားမှုထဲမှ အလျင်အမြန် ခုန်ထွက်သွားကာ လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်ရာ မီးတောက်နှစ်ခုက ဝုန်းခနဲ လောင်ကျွမ်းလာသည်။
သို့သော် ထိုတပ်သားပုရွက်ဆိတ်များက သေရမည်ကို မကြောက်မရွံ့ဘဲ ထပ်မံ၍ ဝိုင်းရံပိတ်ဆို့လာကြသည်ကို မြင်လိုက်ရသည်။
ခဏအတွင်း အရပ်မျက်နှာ အသီးသီးမှ မည်းနက်နေသော ပုရွက်ဆိတ်များ ပြည့်နှက်နေပြီး မြင်ရသူအဖို့ ကြက်သီးထစရာ ကောင်းလှသည်။
လင်းယွမ်က အပိုစကားမဆိုတော့ဘဲ မီးနဂါးအကကို အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် မီးတောက်များ တဟုန်းဟုန်း လောင်ကျွမ်းသွားသည်။
မီးနဂါး လွှမ်းခြုံသွားမှုအောက်တွင် ပတ်ဝန်းကျင်ရှိ ပုရွက်ဆိတ်များမှာ အပူချိန်ပြင်းပြင်းဖြင့် လောင်ကျွမ်းသွားကြသည်။
ပြင်းထန်လှသော တူးခြစ်ခြစ် အနံ့ကြီး ထွက်ပေါ်လာပြီး ပေါက်ကွဲလောင်ကျွမ်းသံများလည်း ဆက်တိုက် ထွက်ပေါ်လာသည်။
လင်းယွမ်၏ မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး မီးပင်လယ်ထဲရှိ ပုရွက်ဆိတ်အုပ်ကြီးကို စူးစိုက်ကြည့်နေသည်။
ဤပုရွက်ဆိတ်များ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုက အလွန် အံ့မခန်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မီးဒဏ်ကို ခံနိုင်ရည်ကတော့ သိပ်မမြင့်မားလှပေ။
အပူချိန်ပြင်းပြင်းဖြင့် လောင်ကျွမ်းမှုအောက်တွင် အလျင်အမြန်ပင် တူးခြစ်သွားကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ သူငယ်အိမ်က ကျုံ့ဝင်သွားသည်။
မီးတောက်များကြားတွင် တပ်သားပုရွက်ဆိတ် အားလုံးက အလျင်အမြန် နီးကပ်လာပြီးနောက် တစ်စုတစ်စည်းတည်း စုပေါင်းသွားကြသည်ကို မြင်လိုက်ရသည်။
ထပ်ခါတလဲလဲ စုပေါင်းသွားကြပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဧရာမ အမည်းရောင် ဘောလုံးကြီးတစ်ခု အသွင် ပြောင်းလဲသွားကြသည်။
ထို့နောက် အမည်းရောင် ဘောလုံးကြီးက မီးနဂါးအက၏ အပူချိန်ပြင်းပြင်း မီးတောက်များကို အံတုလျက် မီးပင်လယ်ထဲတွင် အလွန်လျင်မြန်စွာ လိမ့်ဆင်းလာသည်။
အပူချိန်ပြင်းပြင်းဖြင့် အကင်ခံရမှုအောက်တွင် အပြင်ဘက်အလွှာရှိ ကျောက်နက်ပုရွက်ဆိတ်များထံမှ ပေါက်ကွဲလောင်ကျွမ်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
သို့သော် ၎င်းတို့က ထိုအတိုင်း ကွဲကွာကျဆင်းမသွားဘဲ အလောင်းများက အပြင်ဘက်ဆုံးအလွှာတွင် တင်းကြပ်စွာ ကပ်တွယ်နေပြီး မည်းနက်နေသော အကာအကွယ်တစ်ခုကို ဖြစ်ပေါ်စေကာ အတွင်းပိုင်းရှိ ပုရွက်ဆိတ်များအတွက် အပူကာ အလွှာတစ်ခုအဖြစ် လုပ်ဆောင်ပေးနေသည်။
ထိုမြင်ကွင်းကြောင့် လင်းယွမ် အလွန်အမင်း အံ့အားသင့်သွားရသည်။
"ဒီပုရွက်ဆိတ်အုပ်စုရဲ့ ဉာဏ်ရည်အဆင့်က တော်တော်မြင့်တာပဲ"
သူ ရင်ထဲမှ အံ့သြချီးကျူးမိသွားသည်။ ယခုအချိန်တွင် ရာနှင့်ချီသော ပုရွက်ဆိတ်များက အမည်းရောင် ဘောလုံးကြီး သုံးခု ဖန်တီးကာ မီးပင်လယ်ထဲမှ ထွက်လာပြီး လင်းယွမ်ဆီသို့ ရူးသွပ်စွာ လိမ့်ဝင်လာကြသည်။
လင်းယွမ်က အလျင်အမြန် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ထိုအထဲမှ ဘောလုံးတစ်လုံးကို ထိုးချလိုက်သည်။
"ဝုန်း"
ဧရာမ ခွန်အားကြီးက လေထုကို တိုက်ရိုက် ခွဲထုတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းပေါက်ကွဲမှုကြီးကို ထွက်ပေါ်စေသည်။
တူးခြစ်နေသော အမည်းရောင် ဘောလုံးကြီးက အပြင်းအထန် ပေါက်ကွဲထွက်သွားသော်လည်း မည်သည့် ထိခိုက်သေဆုံးမှုမျှ မဖြစ်ပေါ်ခဲ့ပေ။
ထိုပုရွက်ဆိတ်အုပ်စုက မူလကတည်းက တင်းကျပ်မှု မရှိဘဲ လင်းယွမ်၏ ရိုက်ခွဲမှုကြောင့် အမည်းရောင် လှိုင်းလုံးကြီးအသွင် ပြောင်းလဲသွားကာ လင်းယွမ်ဆီသို့ အလွန်လျင်မြန်စွာ လွှမ်းမိုးလာကြသည်။
လင်းယွမ် ခန္ဓာကိုယ်ပေါ်တွင် လိပ်ခွံစွမ်းအင်အကာအကွယ် လင်းလက်လာပြီး ရေတွက်၍မရနိုင်သော ပုရွက်ဆိတ်များက အရူးအမူး ကိုက်ဖြတ်ကြသည်။
လိပ်ခွံစွမ်းအင်အကာအကွယ်ထံမှ ကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်လာပြီး လင်းယွမ်က သူ၏ စိတ်စွမ်းအင်များ အလွန်လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားလိုက်ရသည်။
"စိတ်စွမ်းအင်ကိုတောင် စားသုံးနိုင်တာလား"
လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ဤကျောက်နက်ပုရွက်ဆိတ်များက တကယ်ကို ရင်ဆိုင်ရခက်ခဲပေသည်။ တစ်ကောင်စ နှစ်ကောင်စ ဆိုလျှင် တော်သေးသည်ဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့ ရာနှင့်ချီ ထောင်နှင့်ချီ၍ ပြေးဝင်လာပါက တစ်ယောက်တည်း ရင်ဆိုင်ရန် တကယ်ကို ခက်ခဲလှသည်။
လိပ်ခွံစွမ်းအင်အကာအကွယ်အတွင်းရှိ လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် မြေဝါရောင် အလင်းရောင်တစ်ခု တောက်ပလာပြီး နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်က ရွှံ့မြေထဲသို့ ရုတ်တရက် နစ်ဝင်သွားသည်။
လိပ်ခွံစွမ်းအင်အကာအကွယ်လည်း ပေါက်ကွဲထွက်သွားပြီး တပ်သားပုရွက်ဆိတ်များက ထိုနေရာတွင် ရူးသွပ်စွာ လှည့်လည်ကာ လင်းယွမ်ကို ရှာဖွေနေကြသည်။
ရုတ်တရက် သစ်ပင်ပေါ်ရှိ ထိုပုရွက်ဆိတ်ဘုရင်မထံမှ ထူးဆန်းသော အော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုတပ်သားပုရွက်ဆိတ်များက ညွှန်ကြားချက် ရရှိသွားပုံရကာ မြေပြင်ကို စတင် တူးဆွလာကြသည်။
မြေလျှိုးအစွမ်းကို အသုံးပြု၍ မြေအောက်တွင် ပုန်းအောင်းနေသော လင်းယွမ်သည် ဤအခိုက်အတန့်တွင် တကယ်ကို လန့်ဖြန့်သွားရသည်။
"မြေအောက်မှာ ပုန်းနေတာကိုတောင် သိသွားတာလား"
"ဟုတ်သားပဲ... ဒီပုရွက်ဆိတ်တွေက အစကတည်းက ရွှံ့မြေထဲမှာ အသိုက်ဖွဲ့ နေထိုင်လေ့ရှိတာကိုး"
လင်းယွမ်က မြေလျှိုးအစွမ်းဖြင့် မြေအောက်မှ အလျင်အမြန် ထွက်ခွာသွားသည်။
ထိုပုရွက်ဆိတ်များ၏ မြေတူးနှုန်းက မည်မျှပင် မြန်ဆန်စေကာမူ သူ၏ မြေလျှိုးအလျင်ကိုတော့ မီနိုင်စရာ အကြောင်းမရှိပေ။
ပေတစ်ရာကျော်အကွာတွင် လင်းယွမ်က မြေအောက်မှ ခုန်ထွက်လာပြီး ခေါင်းမော့ကာ သစ်ပင်ပေါ်ရှိ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို လှမ်းကြည့်လိုက်သည်။
"ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရတာ ဒီတပ်သားပုရွက်ဆိတ်တွေက တကယ်တော့ ပုရွက်ဆိတ်ဘုရင်မရဲ့ အော်သံနဲ့ ထိန်းချုပ်ခံထားရတာပဲ"
"လူဆိုးဖမ်းရင် ခေါင်းဆောင်ကို အရင်ဖမ်းရတယ်... ငါ ဒီတပ်သားပုရွက်ဆိတ်တွေကို အကုန် မီးရှို့ပစ်လိုက်ရင်တောင် အလကားပဲ... ဘုရင်မက အချိန်မရွေး နောက်ထပ် တပ်သားပုရွက်ဆိတ်တွေ အများကြီး ထပ်မွေးထုတ်ပေးနိုင်တယ်"
"ပုရွက်ဆိတ်ဘုရင်မကို အရင်ဖမ်းမယ်"
လင်းယွမ်၏ မျက်လုံးများက တစ်ချက် လက်ခနဲ ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်က ခုန်တက်သွားကာ ခြေဖဝါးအောက်တွင် မီးစင်္ကြာများ ပေါက်ကွဲထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်း သူ၏ ခန္ဓာကိုယ်က လေထဲတွင် မီးစွယ်တစ်ခုအလား ဖြတ်သန်းသွားပြီး သစ်ကိုင်းခွပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။
ထို့နောက် လင်းယွမ်က လက်သီးနှစ်ဖက်ကို ပြင်းပြင်းထန်ထန် ပစ်သွင်းလိုက်ရာ မီးနဂါးနှစ်ကောင်က ကျောက်နက်ပုရွက်ဆိတ်ဘုရင်မဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး အမည်းရောင် ပုရွက်ဆိတ်အသိုက်ထဲသို့ အလျင်အမြန် ဆုတ်ခွာသွားသည်။
မီးတောက်များက ပုရွက်ဆိတ်အသိုက်ကို ချက်ချင်း လောင်ကျွမ်းသွားပြီး အမည်းရောင် ရွှံ့များထံမှ မီးခိုးမည်းများ တထောင်းထောင်း ထွက်ပေါ်လာသည်။
မြက်ခင်းပြင်ပေါ်ရှိ တပ်သားပုရွက်ဆိတ်များက ချက်ချင်း ဆူညံစွာ အော်ဟစ်လိုက်ကြပြီး ပိုးစာပင်ပေါ်သို့ တက်လာကာ လင်းယွမ်ဆီသို့ ပြေးဝင်လာကြသည်။
လင်းယွမ်က လျင်မြန်သော ခြေလှမ်းများဖြင့် ပြေးထွက်သွားပြီး ရွှံ့မည်းများဖြင့် တည်ဆောက်ထားသော ပုရွက်ဆိတ်အသိုက်ကို ခြေထောက်ဖြင့် တစ်ချက် ကန်ချလိုက်သည်။
သူ၏ ခွန်အားက ကြီးမားလှသဖြင့် ဤကန်ချက်က ဟိန်းဟောက်နေသော အသံလှိုင်းပေါက်ကွဲမှုကိုပင် ထွက်ပေါ်စေသည်။
"ဝုန်း"
မည်းနက်နေသော ပုရွက်ဆိတ်အသိုက်ကြီးက အပြင်းအထန် ပေါက်ကွဲထွက်သွားပြီး အတွင်းထဲမှ မည်းနက်နေသော ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို မြင်တွေ့လိုက်ရသည်။
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက မျက်လုံးများကို မော့ကြည့်လိုက်ပြီး ကြီးမားလှသော အမည်းရောင် အပေါ်မေးရိုးနှင့် အစွယ်နှစ်ခုက လင်းယွမ်ဆီသို့ ရုတ်တရက် ကိုက်ချလာသည်။
လင်းယွမ်က အပေါ်သို့ တစ်ချက် ကန်တင်လိုက်ပြီး ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ အပေါ်မေးရိုးနှင့် အစွယ်နှစ်ခုကို ရက်ရက်စက်စက် ကန်ချလိုက်သည်။
"ဝုန်း"
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်က ရွှံ့အသိုက်ထဲမှ ချက်ချင်း ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လင်းယွမ်ကလည်း လေထဲတွင် ခြေလှမ်းလှမ်းလိုက်ပြီး ထိုကျောက်နက်ပုရွက်ဆိတ်ဘုရင်မဆီသို့ အလွန်လျင်မြန်စွာ ပြုတ်ကျသွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးထောင့်စွန်းမှ မိမိ၏ ခြေဖဝါးကို လှမ်းကြည့်လိုက်သည်။
သူ၏ ခြေဖဝါးပေါ်ရှိ အဝါရောင် အကြေးခွံများက ပေါက်ကွဲထွက်နေပြီး ကျောက်အကြေးခွံအကာအကွယ်တွင် အက်ကွဲကြောင်းများပင် ပေါ်လာနေပြီ ဖြစ်သည်။
လင်းယွမ် ရင်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားသည်။ "တော်တော် ထက်တဲ့ အစွယ်တွေပဲ"
မိမိ၏ ကျောက်အကြေးခွံအကာအကွယ်နှင့် တစ်ဖက်လူ၏ အစွယ်နှစ်ခု ရိုက်ခတ်မိရာတွင် ကာကွယ်နိုင်စွမ်းကိုပင် မနည်း ထိန်းထားရသည်။
သူ့ရင်ထဲတွင် တုန်လှုပ်သွားသည်မှာ သဘာဝပင် ဖြစ်သည်။ ဤကျောက်နက်ပုရွက်ဆိတ်ဘုရင်မက မျှော်လင့်ထားသည်ထက် ပို၍ အစွမ်းထက်နေသည်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ထိုကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို မီတော့မည့်ဆဲဆဲတွင် ရုတ်တရက် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ထူးဆန်းစွာ အော်ဟစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင်ရှိ တပ်သားပုရွက်ဆိတ်များက ဒီရေအလား အလွန်လျင်မြန်စွာ လွှမ်းမိုးသွားကြသည်။
ခဏအတွင်း ထိုတပ်သားပုရွက်ဆိတ်များက ဘောလုံးတစ်လုံးကို ထပ်မံ ဖန်တီးလိုက်ပြီး ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို အလယ်တွင် ရစ်ပတ်ထားလိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်၏ မျက်လုံးများတွင် ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီး ညာဘက်ခြေထောက်ကို ရှေ့သို့ လှမ်းကာ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။
ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများက ဆူပွက်ဟိန်းဟောက်လာကာ အကြောများ ထောင်ထလာပြီး ကြွက်သားများက ဖောင်းကြွလာသည်။
"ဖယ်ကြစမ်း"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ လင်းယွမ်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း လေထုက ဟိန်းဟောက်မြည်ဟည်းသွားပြီး လေလှိုင်းများက အထပ်ထပ် ဖြစ်ပေါ်လာကာ လင်းယွမ်၏ လက်သီးလေပြင်း ဘယ်ညာမှ ပျံ့နှံ့ထွက်ပေါ်လာပြီး လိမ့်ဆင်းလာသော လေဖိအားအမြောက် ပေါက်ကွဲမှုကြီး နှစ်ခုကို ဖြစ်ပေါ်စေသည်။
ဤလက်သီးတွင် ခွန်အားအမျိုးအစား အစွမ်းနှစ်မျိုး ပေါင်းစပ်ပါဝင်နေသည်။
ကြွက်သားပေါက်ကွဲအစွမ်း + ပေါက်ကွဲလေဓာတ်
လင်းယွမ်၏ ခွန်အား အရည်အသွေးက ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ၅၀ မှတ်အထိပင် ရှိနေပြီဖြစ်သည်။
သို့သော် ကြွက်သားပေါက်ကွဲအစွမ်း ၏ ယာယီ တိုးမြှင့်မှုက ခွန်အားကို မျက်စိတစ်မှိတ်အတွင်း နှစ်ဆ တိုးသွားစေနိုင်ပြီး ခန္ဓာကိုယ်၏ အကန့်အသတ်ကို တိုက်ရိုက် ချိုးဖျက်ကာ မိမိ၏ ခွန်အားကို နှစ်ဆ တိုးသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအား ၁၀၀ မှတ်အထိ မြှင့်တင်ပေးလိုက်သည်။
၎င်းမှာ မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲအားဖြစ်ပြီး အချိန်ကြာရှည် မခံပေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား ခွန်အား ၁၀၀ မှတ်ဖြင့် ထိုးချလိုက်ပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။
လင်းယွမ်က လက်သီးမျက်နှာပြင်ပေါ်တွင် သူ၏ လက်သီးအလျင်ကို ပြင်းထန်စွာ ဟန့်တားနေသည့် လေတိုက်ခတ်မှု ရှိနေသည်ကို သဲ့သဲ့လေး ခံစားလိုက်ရသည်။
သူက လက်သီးတစ်ချက်တည်းဖြင့် ဤဟင်းလင်းပြင်ကို ရိုက်ခွဲပစ်နိုင်မည်ဟုပင် ခံစားနေရသည်။
သေချာသည်ကတော့ ၎င်းမှာ အထင်အမြင်လွဲမှားမှုတစ်ခုသာ ဖြစ်သည်။
ဟင်းလင်းပြင် အကာအကွယ်က မည်မျှ သန်မာသနည်းဆိုသည်ကို ဟင်းလင်းပြင် အစွမ်းပိုင်ရှင်များမှလွဲ၍ အခြားသူများက ဟင်းလင်းပြင်ထဲတွင် ဆက်စပ်အမှတ်များကို ရှာဖွေနိုင်ပြီး လွယ်ကူစွာ ချိုးဖျက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
လင်းယွမ် ရိုက်ခွဲနိုင်စွမ်းရှိသည်မှာ လီချင်းဟွာ ဖန်တီးထားသည့် ရိုးရှင်းသော ဟင်းလင်းပြင်မျိုးသာ ဖြစ်သည်။
အမှန်တကယ် ကမ္ဘာကြီး၏ ဟင်းလင်းပြင် အကာအကွယ်ကိုတော့ သူ လက်ရှိအချိန်တွင် ချိုးဖျက်နိုင်စွမ်း လုံးဝမရှိသေးပေ။
ပေါက်ကွဲလေဓာတ် အစွမ်းကလည်း ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်များ၏ အစွမ်းတစ်ခု ဖြစ်သည်။
ဤအစွမ်းသည် သင်္ကေတအရိုးမှ ဆင်းသက်လာခြင်းဖြစ်ပြီး သွေးကြောများကို လှုပ်ရှားစေကာ လေဖိအားအမြောက် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
၎င်းကလည်း မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲအားနှင့် အလျင်ကို မြှင့်တင်ပေးနိုင်သည်။
ထို့ပြင် ပေါက်ကွဲလေဓာတ်သည် အဆက်မပြတ် ပေါက်ကွဲမှုအမျိုးအစားတွင် ပါဝင်ပြီး သွေးကြောများ ပြည့်ဝနေပါက ဆက်တိုက် ပေါက်ကွဲနေနိုင်မည်ဖြစ်သည်။
ထိုအစွမ်းနှစ်မျိုး ပေါင်းစပ်လိုက်ခြင်းက တစ်နှင့်တစ်ပေါင်း နှစ်ဆိုသည့် ရိုးရှင်းသော တွက်ချက်မှုမျိုး မဟုတ်ပေ။
လင်းယွမ်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ လက်သီး မရောက်လာမီမှာပင် လက်သီးလေပြင်းက လွှမ်းမိုးဖိနှိပ်လာခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း အရှေ့ဘက်ရှိ ဧရာမ ပုရွက်ဆိတ်ဘောလုံးကြီးက မရေမတွက်နိုင်သော အမှုန့်များအဖြစ် ဟိန်းဟောက်ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ခွန်အားအောက်တွင် လက်သီးလေပြင်းပင်လျှင် ကျောက်နက်ပုရွက်ဆိတ် တပ်သားများကို မျက်စိတစ်မှိတ်အတွင်း ဖိနှိပ်စုတ်ဖြဲပစ်နိုင်စွမ်း ရှိနေသည်။
ဤလက်သီးချက်အောက်တွင် အပြင်ဘက်အလွှာရှိ ကျောက်နက်ပုရွက်ဆိတ်များမှာ အမှုန့်များ မြေမှုန့်များအဖြစ် ရိုက်ချိုးခံလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက ဘောလုံးကို ဖောက်ထွင်းသွားပြီး အတွင်းပိုင်းရှိ ကျောက်နက်ပုရွက်ဆိတ်များက အထပ်ထပ် ပေါက်ကွဲထွက်သွားကြသည်။
ထိုခွန်အားက အလယ်ဗဟို အကျဆုံးနေရာရှိ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်သွားသည်။
"ဝုန်း"
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက အမည်းရောင် ကျောက်တုံးကြီးတစ်တုံးအလား ဘောလုံးထဲမှ အပြင်းအထန် ရိုက်ထုတ်ခံလိုက်ရသည်။
ပုရွက်ဆိတ်ဘောလုံးကြီး တစ်ခုလုံး ဟိန်းဟောက်သံနှင့်အတူ တစ်စစီ ကြေမွသွားသည်။
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်က ဝုန်းခနဲ အသံနှင့်အတူ ပိုးစာပင် တစ်ပင်ကို ရိုက်ချိုးသွားပြီးနောက် ဗုန်းခနဲ အသံနှင့်အတူ ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
လင်းယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ ခန္ဓာကိုယ်က ခြေလှမ်းလှမ်းကာ ထွက်လာခဲ့သည်။
တွင်းကြီးထဲရှိ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် လက်ငါးချောင်းက ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခေါင်းထိပ်ကို ဖိထားလိုက်သည်။
သူ၏ မျက်လုံးများတွင် မှိုင်းညို့ညို့ အလင်းရောင်တစ်ခု ပေါ်လာပြီး စိတ်စွမ်းအင်များက ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ စိတ်ပင်လယ်ကို ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်လိုက်သည်။
"ဝုန်း... ဝုန်း"
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ တစ်ကိုယ်လုံးတွင် အမည်းရောင် အလင်းတန်းများ တောက်ပလာပြီး လင်းယွမ်၏ စိတ်စွမ်းအင် ကျူးကျော်ဝင်ရောက်မှုကို အသက်လုကာ ခုခံနေသည်။
"ခုခံရဲသေးတယ်ပေါ့"
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ဝါးတစ်ဖက်ကို မြှောက်ကာ ဧရာမ ခွန်အားကို ပေါက်ကွဲစေပြီး ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခေါင်းကို အပြင်းအထန် ရိုက်ချလိုက်သည်။
"ဖုန်း"
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခေါင်းတစ်လုံးလုံးက ဖုန်းခနဲ အသံနှင့်အတူ ရွှံ့တွင်းထဲသို့ ထိုးစိုက်သွားသည်။
ပတ်ဝန်းကျင်ရှိ ရွှံ့တွင်းက ပင့်ကူအိမ်အလား လျင်မြန်စွာ အက်ကွဲပျံ့နှံ့သွားသည်။
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ဦးနှောက်က ချက်ချင်း ရှုပ်ထွေးသွားပြီး ထိရောက်သော ခုခံမှုတစ်ခုကို ဖန်တီးနိုင်စွမ်း လုံးဝမရှိတော့ပေ။
ထိုအခွင့်အရေးကို အသုံးချကာ လင်းယွမ်၏ စိတ်စွမ်းအင်များက တစ်ဖက်လူ၏ စိတ်ပင်လယ်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။
ရုပ်သေးကြိုးမျှင် အစွမ်းကို အသက်သွင်းလိုက်သည်။
စိတ်စွမ်းအင်များက ရေတွက်၍မရနိုင်သော လက်တံများအလား ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ အာရုံကြောကွန်ရက်ကို အလျင်အမြန် ချိတ်ဆက်လိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။
ဤနေရာတွင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ အပြီးတိုင် ရှုံးနိမ့်သွားတော့သည်။
လင်းယွမ်က ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်ပေါ်တွင် မတ်တတ်ရပ်ကာ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ရွှံ့တွင်းထဲမှ တွားသွားတက်လာစေရန် ထိန်းချုပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ တပ်သားပုရွက်ဆိတ်များက ထပ်မံ ပြေးဝင်လာရန် ဟန်ပြင်နေကြသည်။
ထို့နောက် လင်းယွမ်က ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ထိန်းချုပ်ကာ စိတ်စွမ်းအင်လှိုင်း အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။
ချက်ချင်းပင် တပ်သားပုရွက်ဆိတ် အားလုံးက ရပ်တန့်သွားကြပြီး ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ကြောင်တောင်တောင် လှမ်းကြည့်နေကြသည်။
လင်းယွမ်က ထပ်ပြောလိုက်သည်။ "ပြန်ဆုတ်ကြ"
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက စိတ်စွမ်းအင်လှိုင်း အမိန့်တစ်ခုကို ထပ်မံ ထုတ်ပြန်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း တပ်သားပုရွက်ဆိတ်များက ဒီရေအလား တရုန်းရုန်း ဆုတ်ခွာသွားကြပြီး ခဏအတွင်း ပျောက်ကွယ်သွားကြတော့သည်။
အဝေးတွင် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့သော ကောကျဲနှင့် တုံယန်တို့က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နှစ်ယောက်သား တိုက်ဆိုင်စွာပင် သက်ပြင်းချလိုက်မိကြသည်။
တုံယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အစ်ကိုလင်းယွမ် သေချာပေါက် နိုင်မယ်ဆိုတာ ကျွန်မ သိသားပဲ"
ကောကျဲကလည်း လေးစားအားကျသော အမူအရာကို ပြသကာ ပြောလာသည်။ "ကိုလင်းယွမ်က တကယ်ကို အရမ်းစွမ်းတာပဲ... အရင်တုန်းက ကျွန်မတို့ အဖွဲ့ခေါင်းဆောင်တွေက လူဆယ်ဂဏန်းလောက် ခေါ်လာတာတောင် ဒီကျောက်နက်ပုရွက်ဆိတ်ဘုရင်မဆီမှာ အသက်ပျောက်မလို့ ဖြစ်သွားခဲ့သေးတာ"
"ကိုလင်းယွမ်က တစ်ယောက်တည်းနဲ့ ဒီကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို နှိမ်နင်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
သူမက အံ့သြချီးကျူးနေရင်း မနေနိုင်ဘဲ မျက်နှာအပြည့် အားကျနေသော အမူအရာဖြင့် ပြောလိုက်သည်။ "ကိုလင်းယွမ်လို ဘယ်တော့လောက်မှ ကျွန်မ အစွမ်းထက်လာမလဲ မသိဘူး"
တုံယန်က ပြုံးကာ ပြောလိုက်သည်။ "နောက်ကျရင် သေချာပေါက် ဖြစ်လာမှာပါ... လာ... ကျွန်မတို့ သွားကြရအောင်"
သူတို့နှစ်ယောက်က ပိုးစာတောထဲသို့ ချက်ချင်း အလျင်အမြန် ဝင်ရောက်သွားကြပြီး လင်းယွမ် ရှိရာဘက်သို့ မကြာမီ နီးကပ်လာခဲ့သည်။
လင်းယွမ်က ယခုအချိန်တွင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ထိန်းချုပ်ကာ ၎င်း၏ စိတ်ပင်လယ်ကို ဖွင့်လှစ်လိုက်ပြီးနောက် စိတ်စွမ်းအင်များကို စုစည်းကာ ကပ်ပါးမျိုးစေ့ တစ်ခုအဖြစ် ဖန်တီးလိုက်ပြီး ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် စိုက်ပျိုးလိုက်သည်။
ထိုအရာများ အားလုံး လုပ်ဆောင်ပြီးနောက် လင်းယွမ်က ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းလာပြီး ရုပ်သေးကြိုးမျှင် အစွမ်းကို တိုက်ရိုက် ရုပ်သိမ်းလိုက်သည်။
ချက်ချင်းပင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ဒေါသတကြီး တွားသွားထလာပြီး လင်းယွမ်ဆီသို့ ဟိန်းဟောက်လိုက်သည်။
"ဝုန်း"
အသံလှိုင်း လှုပ်ခါသွားပြီး လေပြင်းများအသွင် ပြောင်းလဲ တိုက်ခတ်လာကာ မိုးရေပေါက်များကို လွင့်စဉ်သွားစေပြီး လင်းယွမ်၏ အင်္ကျီစများက တဖျပ်ဖျပ် မြည်သွားသည်။
သို့သော် လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ "သေချင်နေတာလား"
သူ၏ စိတ်ဆန္ဒဖြင့် ကပ်ပါးမျိုးစေ့ကို လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ဦးနှောက်ထဲတွင် ပြင်းထန်သော နာကျင်မှုကြီး ဖြစ်ပေါ်လာပြီး သူမ၏ ဦးနှောက်ထဲမှ တစ်ခုခု ထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။
ချက်ချင်းပင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက "ဝူး ဝူး" ဟု တောင်းပန်သံများ ပြုလုပ်လာပြီး မြေပြင်ပေါ်တွင် အသက်လုကာ လူးလှိမ့်နေတော့သည်။
လင်းယွမ်က ထိုအခါမှသာ ရပ်တန့်လိုက်ပြီး တုံယန်ကို လက်ယပ်ခေါ်ကာ ပြောလိုက်သည်။ "ယန်ယန်... သူ့ရဲ့ စိတ်ဝိညာဉ်ကို ချိတ်ဆက်ပေးပါဦး... ငါ သူနဲ့ သေချာ စကားပြောချင်လို့"
တုံယန်က ကမန်းကတမ်း ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ အစ်ကိုလင်းယွမ်"
သူမက လက်ညှိုးနှစ်ဖက်ကို နားထင်တွင် တေ့ထားလိုက်ရာ မျက်စိတစ်မှိတ်အတွင်း စိတ်စွမ်းအင် ချိတ်ဆက်မှု ကမ္ဘာတစ်ခုကို တည်ဆောက်လိုက်သည်။
စိတ်စွမ်းအင် ကမ္ဘာထဲတွင် လင်းယွမ်နှင့် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မတို့ အတူတကွ ပေါ်လာကြသည်။
"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ"
ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ စိတ်ဆန္ဒက တောင်းပန်နေသည့် အဓိပ္ပာယ်ကို ပေးပို့လာသည်။ ၎င်းတွင် ဉာဏ်ရည်ဉာဏ်သွေး အတိုင်းအတာတစ်ခုအထိ ရှိနေပြီး သူမ၏ ဆန္ဒကို ဖော်ပြနိုင်စွမ်း ရှိသည်။
သို့သော် ၎င်းက လူသားများကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး မရှိပေ။ မိမိ၏ စိတ်ဆန္ဒကို မနည်းဖော်ပြနိုင်စွမ်း ရှိနေခြင်းကပင် ရှားပါးလှပြီး ပြီးပြည့်စုံကာ ယုတ္တိကျသော ဖော်ပြမှုမျိုး ရရှိရန်မှာတော့ မဖြစ်နိုင်ပေ။
လင်းယွမ်က စိတ်ဆန္ဒကို ပေးပို့လိုက်သည်။ "အခုကစပြီး ငါနဲ့ သူ့စကားကို နားထောင်ရမယ်... ငါ့အတွက် ဒီပိုးစာတောကို စောင့်ကြပ်ပေးရမယ်... ငါနဲ့ သူ လူတွေ ခေါ်လာတာကလွဲရင် ဘယ်သူမှ ဒီကို ခွင့်ပြုချက်မရှိဘဲ ဝင်လာလို့ မရဘူး... နားလည်လား"
"နား... နားလည်ပါပြီ" ဟူသော စိတ်ဆန္ဒတစ်ခု တုံ့ပြန်လာသည်။
လင်းယွမ်က ၎င်းအား အမိန့်အချို့ကို ထပ်မံ ပေးအပ်လိုက်ရာ ဤကျောက်နက်ပုရွက်ဆိတ်ဘုရင်မက လင်းယွမ်၏ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားတော့သည်။
တုံယန်ကလည်း ကျောက်နက်ပုရွက်ဆိတ်ဘုရင်မနှင့် စကားအနည်းငယ် ဆက်သွယ်ရန် ကြိုးစားကြည့်ရာ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ထူးထူးခြားခြား လိမ္မာရေးခြားရှိသည့် အသွင်ကို ပြသလာသည်။
၎င်းက ပုရွက်ဆိတ်ဘုရင်မ ဖြစ်သည့်အလျောက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လှပြီး ရွှေနက်မျောက်ဝံကြီးနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိနေသည်။
တုံယန်က အတိုင်းမသိ ဝမ်းသာသွားပြီး လင်းယွမ်ကို ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... သူက ရှောင်ဟိုင် လိုပဲ လိမ္မာတယ်နော်... နောက်ကျရင် သူ ပိုးစာတောကို စောင့်ကြပ်ပေးရင် ဒီနေရာက ကျွန်မတို့ပိုင်တဲ့ နေရာ လုံးလုံး ဖြစ်သွားပြီပေါ့"
လင်းယွမ်ကလည်း ပြုံးလိုက်ပြီး ပြောလိုက်သည်။ "နောက်လာမယ့် အချိန်တွေမှာ ငါ နေ့တိုင်း အချိန်လုပြီး နင်နဲ့အတူ သူ့ကို လေ့ကျင့်ပေးမယ်...နင် သူနဲ့ မြန်မြန် ရင်းနှီးသွားအောင် လုပ်ပေးမယ်"
"ကျောက်နက်ပုရွက်ဆိတ်ဘုရင်မနဲ့ ရွှေနက်မျောက်ဝံလေး ရှိနေမှတော့ နင့်ရဲ့ လုံခြုံရေးအတွက် နောက်ဆို စိတ်ပူစရာ မလိုတော့ဘူး"
ဆက်ရန်...
အပိုင်း (၃၆၂) မီးဝါးပိုးဘုရင်မ
လင်းယွမ်၏ ဤစကားများက တုံယန်ကို အလွန် ဝမ်းသာသွားစေသည်။
သူမ၏ စိတ်ဝိညာဉ် ချိတ်ဆက်ခြင်း အစွမ်းက အမှန်တကယ်တော့ အထောက်အကူပြု အစွမ်းသက်သက်သာ ဖြစ်ပြီး တိုက်ပွဲထဲတွင် ပါဝင်ရန် အလွန် ခက်ခဲလှသည်။
ထို့ကြောင့် ခိုလှုံရေးစခန်း၏ အကာအကွယ်မှ ထွက်ခွာသွားသည်နှင့် တုံယန်အနေဖြင့် တစ်ယောက်တည်း အသက်ရှင်သန်ရန် အလွန် ခက်ခဲပေမည်။
သို့သော် ယခုအခါ လင်းယွမ်က သူမအတွက် အဆင့်မြင့် သန္ဓေပြောင်း သတ္တဝါနှစ်ကောင်ကို သက်တော်စောင့်အဖြစ် ရှာဖွေပေးခဲ့ရာ သူမ၏ လုံခြုံရေးက အလွန်တရာ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
သေချာသည်မှာ ရွှေနက်မျောက်ဝံကြီးလေးက တုံယန်နှင့် လုံးဝ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်နေကြပြီ ဖြစ်သော်လည်း ဤအကောင်ကိုတော့ နောင်တွင် လေ့ကျင့်မှုများစွာ လုပ်ပေးရန် လိုအပ်သေးသည်။
လင်းယွမ်က ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ကပ်ပါးမျိုးစေ့ကို ထည့်သွင်းထားပြီး ဖြစ်ရာ နောက်ထပ် လုပ်ရမည့်အရာမှာ ဤ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို အကြိမ်ကြိမ် လေ့ကျင့်ပေးရန်သာ ဖြစ်ပြီး ၎င်းကို တဖြည်းဖြည်း အလိုအလျောက် တုံ့ပြန်တတ်သည့် အလေ့အကျင့် ဖြစ်လာစေရန် လုပ်ဆောင်ပါက သဘာဝအတိုင်း ယဉ်ပါးလာပေလိမ့်မည်။
ရွှေနက်မျောက်ဝံကြီးကဲ့သို့ပင် ယခုလက်ရှိ ရွှေနက်မျောက်ဝံကြီးသည်လည်း လုံးဝ ယဉ်ပါးနေပြီ ဖြစ်သည်။
လင်းယွမ်၏ စကားကို နားထောင်ရုံသာမက ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများကိုလည်း အရင်စတင် တိုက်ခိုက်ခြင်းမျိုး ပြုလုပ်တော့မည် မဟုတ်ပေ။
သေချာသည်မှာ မည်သူကများ ၎င်းကို ရန်စရဲပါက ရွှေနက်မျောက်ဝံကြီးက မျက်နှာသာပေးနေမည် မဟုတ်ပေ။
လင်းယွမ်မှလွဲ၍ ၎င်း၏ရှေ့တွင် မကြာခဏ ပေါ်လာတတ်သည့် တုံယန်၊ ရန်မေနှင့် တင်းယန်တို့ အနည်းငယ်၏ စကားကိုသာ ၎င်းက နာခံနိုင်ပေသည်။
ကောကျဲက တုံယန်ကို အားကျစွာ ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ "ကိုလင်းယွမ်... နောက်ဆိုရင် ကျွန်မတို့ ဒီအနီးအနားမှာ စခန်းချလို့ ရပြီလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်... စခန်းချဖို့တင် မကဘူး... ပိုးစာပင် ဈေးကွက်ကိုပါ တည်ဆောက်ရမယ်... ပိုးစာပင်တွေရဲ့ တန်ဖိုးကို အပြည့်အဝ အသုံးချဖို့ တာဝန်ယူရမယ်"
"ဒါပေမဲ့ ပမာဏကိုတော့ သတိထားရမယ်... ဂေဟစနစ် မျှတမှုကို မဖျက်ဆီးမိစေနဲ့... ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်"
"ဒါ့အပြင် ဒီ ကျောက်နက်ပုရွက်ဆိတ်တွေကို မွေးမြူဖို့လည်း ပြင်ဆင်ရဦးမယ်... သူတို့က ဒီပိုးစာပင်တောရဲ့ အစောင့်အရှောက်တွေ ဖြစ်လာလိမ့်မယ်"
ကောကျဲက ကြားပြီးနောက် အလွန် စိတ်လှုပ်ရှားသွားကာ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... ဒီကိစ္စကို ဘယ်သူ့ကို တာဝန်ယူခိုင်းရမလဲ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်သည်၊ သူ၏ ဘေးနားရှိ ရန်မေက ထိုက်ယန်တောင် ဘက်စုံသုံး အဆောက်အအုံ ကိစ္စရပ်များကို တာဝန်ယူထားပြီး တင်းယန်နှင့် ကျောက်ခိုင်တို့က ကင်းလှည့်တပ်ဖွဲ့ လက်နက်ကိုင် အင်အားစုများကို တာဝန်ယူထားကာ ဦးလေးမာကတော့ ဆောက်လုပ်ရေး လုပ်ငန်းများဘက်တွင် အဓိက အာရုံစိုက်ထားသည်။
ရန်ဆန်းမင်၊ အဒေါ်ကြီးလီ၊ ချိုင်ကြည် စသည်တို့ကလည်း တာဝန်များ ရှိနေပြီ ဖြစ်သည်။
တစ်ခဏမျှ သူက သင့်လျော်သော လူကို ရှာမတွေ့နိုင် ဖြစ်နေသည်။
ကောကျဲက လင်းယွမ် စကားမပြောသည်ကို မြင်သောအခါ မနေနိုင်ဘဲ စမ်းသပ်မေးမြန်းလိုက်သည်။ "ဆရာလင်းယွမ်... တကယ်တော့ ကျွန်မ ထင်တာက အမကျွမ်းက အရမ်း အရည်အချင်းရှိတယ်လို့ ထင်တယ်... အရင်တုန်းက သိုင်းဘုရင်ဂေဟာကို စတည်ဆောက်တုန်းက နာမည်ခံအနေနဲ့ကတော့ ဝူမုန့်က စီမံခန့်ခွဲတာပေါ့"
"ဒါပေမဲ့ တကယ်တမ်းကျတော့ အမကျွမ်းကပဲ အားလုံးကို စီမံခန့်ခွဲခဲ့တာပါ... သူက ရေကြီးတဲ့ကပ်ဘေး မတိုင်ခင်ကလည်း အစိုးရအဖွဲ့အစည်းမှာ စီမံခန့်ခွဲရေးမှူး လုပ်ခဲ့ဖူးတယ်"
"တကယ်လို့ ကိုလင်းယွမ်အနေနဲ့ သင့်တော်တဲ့သူ မရှိဘူးလို့ ထင်ရင်"
သူမက ဤနေရာသို့ ရောက်သောအခါ တုံယန်၏ ဒေါသတကြီး စိုက်ကြည့်နေသော အကြည့်ကို ရုတ်တရက် သတိပြုမိသွားသည်။
ချက်ချင်းပင် ကောကျဲ၏ ရင်ထဲတွင် ထိတ်လန့်သွားကာ အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။
သူမက ဒုက္ခပဲဟု စိတ်ထဲမှ ရေရွတ်လိုက်သည်၊ ဤကောင်မလေးနှင့် အမကျွမ်းတို့က မတည့်ကြဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ။
လင်းယွမ်က ကောကျဲ ပြောသည်ကို ကြားပြီးနောက် မနေနိုင်ဘဲ ပြုံးလိုက်ကာ ခေါင်းအနည်းငယ် ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ "ကျွမ်းရှုယွမ်ရဲ့ အရည်အချင်းက ကြီးကြပ်ရေးအဖွဲ့နဲ့ ပိုသင့်တော်တယ်... ဒီကိုလာဖို့ မသင့်တော်ဘူး"
သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "လင်းယွင်တောင်စောင်းရဲ့ ပတ်ဝန်းကျင်က ရှုပ်ထွေးတယ်... တိုက်ခိုက်ရေးစွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိတဲ့သူတစ်ယောက် လာပြီး ကြီးကြပ်ဖို့ လိုအပ်တယ်"
"ဝူယင်ကို လာခိုင်းလိုက်ပါ"
လင်းယွမ်က နောက်ဆုံးတွင် ပြောလိုက်သည်။
ဝူယင်၏ အစွမ်းက အလွန် မြင့်မားသော ကိုယ်ပျောက်နိုင်စွမ်း ရှိပြီး မိမိကိုယ်ကိုယ် ထိရောက်စွာ ကာကွယ်နိုင်ပေသည်။
ဤဘက်တွင် အကယ်၍ အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်ပေါ်လာပါက ဝူယင်က အချိန်မီ ပြန်ပြေးလာပြီး အကူအညီ တောင်းနိုင်မည်မှာ သေချာသည်။
ထို့ပြင် သူက အချိန်မီ ပြန်လာပြီး သတင်းပို့နိုင်ပါက ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ စွမ်းရည်ဖြင့် ရန်သူများကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆွဲထားနိုင်မည်မှာ သေချာပေါက် ပြဿနာမရှိပေ။
ထိုအချိန်ကျလျှင် ထိုက်ယန်တောင်က သေချာပေါက် တုံ့ပြန်နိုင်မည်ဖြစ်ပြီး အလျင်အမြန် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။
ကောကျဲက ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားသည်၊ မည်သို့ပင်ဆိုစေ ကြီးကြပ်ရေးအဖွဲ့နှင့် နှိုင်းယှဉ်ပါက လင်းယွင်တောင်စောင်းဘက်ရှိ ခေါင်းဆောင်နေရာက သေချာပေါက် အဆင့်အတန်းနှင့် အာဏာ ပိုကြီးပေသည်။
သို့သော် သူမသည်လည်း ဤဘက်တွင် တိုက်ခိုက်ရေးစွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိသော လူတစ်ယောက် လာရောက် ကြီးကြပ်ရန် အမှန်တကယ် လိုအပ်ကြောင်းကို သိထားသည်။
အမကျွမ်းက စီမံခန့်ခွဲမှုဘက်တွင် ကျွမ်းကျင်သော်လည်း တိုက်ခိုက်ရေးဘက်တွင်မူ မကျွမ်းကျင်ပေ။
ဖြစ်နိုင်သည်မှာ ကြီးကြပ်ရေးအဖွဲ့ နေရာကသာ အမကျွမ်းနှင့် ပို၍ သင့်တော်ပေလိမ့်မည်။
"ဟုတ်ပြီ... ကျောက်နက်ပုရွက်ဆိတ်ဘုရင်မဘက်က ကိစ္စတွေကို နောက်ပိုင်း ဝူယင်ဆီ လွှဲပေးလိုက်မယ်... ကောကျဲ... မင်း မီးဝါးပိုးဘုရင်မကို တွေ့တဲ့နေရာဆီ ငါ့ကို လိုက်ပြပေး"
ကောကျဲက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ကိုလင်းယွမ်... ကျွန်မနောက်က လိုက်ခဲ့ပါ"
ထို့နောက် လင်းယွမ်က သန္ဓေပြောင်း ပိုးစာသီးများ အားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် တုံယန်ကို ခေါ်ကာ ပိုးစာပင်တောမှ ထွက်ခွာလာခဲ့သည်။
သူတို့သုံးယောက်က တောင်ပေါ်တွင် လမ်းလျှောက်လာပြီး အပြင်ဘက်ရှိ ကင်းလှည့်တပ်ဖွဲ့နှင့် ပူးပေါင်းပြီးနောက် မကြာမီမှာပင် လင်းယွင်တောင်စောင်း၏ မြောက်ဘက်သို့ ရောက်ရှိလာကြသည်။
ဤနေရာတွင် အလွန် ကြီးမားသော မီးဝါးတောကြီးက စိမ်းလန်းစိုပြည်နေပြီး အချို့သော မီးဝါးအိုများက နေဝင်ဆည်းဆာကဲ့သို့ နီရဲနေကာ တောင်ကုန်းတစ်ခုလုံးကို အနီရောင်အဖြစ် ဆိုးသွင်းထားသကဲ့သို့ ဖြစ်နေသည်။
"ကိုလင်းယွမ်... အဲဒီ မီးဝါးပိုးဘုရင်မက ဒီမီးဝါးတောထဲမှာ နေတာ... ဒါပေမဲ့ သူက ပုံဖျက်ကျွမ်းကျင်တဲ့သူ ဖြစ်နေတော့ ကျွန်မတို့အနေနဲ့ ချက်ချင်း ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်... အချိန်တော့ နည်းနည်း ယူရမယ်"
လင်းယွမ်က ဤ ကြီးမားလှသော မီးဝါးတောကြီးကို ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "လောစရာ မလိုပါဘူး... ဖြည်းဖြည်းချင်း သွားကြတာပေါ့"
တုံယန်က ထို မီးဝါးတောကို ကြည့်ကာ မနေနိုင်ဘဲ အော်ပြောလိုက်သည်။ "ဒီမီးဝါးတောကြီးက အရမ်း ကြီးတာပဲ... ထိုက်ယန်တောင်ဘက်က မီးဝါးတောထက်တောင် အများကြီး ပိုကျယ်သေးတယ်"
ကောကျဲက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်... ဒီက မီးဝါးတောက အကျယ်အဝန်း တင် မဟုတ်ဘူး... မီးဝါးပင်တွေရဲ့ သက်တမ်းကလည်း ထိုက်ယန်တောင်ဘက်ထက် ပိုရင့်တယ်... မီးဝါးရဲ့ အရည်အသွေးကလည်း ထိုက်ယန်တောင်ထက် ပိုကောင်းတယ်"
"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ" တုံယန်က ထူးဆန်းစွာဖြင့် မေးလိုက်သည်။
ကောကျဲက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မတို့ ခန့်မှန်းရသလောက်တော့ ထိုက်ယန်တောင်ဘက်က အရင်တုန်းက စီးပွားရေး ဇုန် ဖြစ်ခဲ့ဖူးတော့ အထဲက မီးဝါးတွေကို ကမ္ဘာပျက်ကပ် မတိုင်ခင်က လူတွေ ရှင်းလင်းထားခဲ့လို့လား မသိဘူး"
လင်းယွမ်က အသံမထွက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ ဤအဆိုကို လက်မခံပေ။
ဤနေရာရှိ မီးဝါးများက ဤမျှ အားကောင်းမောင်းသန် ကြီးထွားနေခြင်းမှာ လင်းယွင်တောင်စောင်း၏ တောင်နံရံများထဲတွင် သန့်စင်သော မီးဓာတ် သတ္တုကြောများ ပါဝင်နေသောကြောင့် ဖြစ်နိုင်ခြေ ပိုများပေသည်။
ဤအချက်ကို သူက စောစောစီးစီးကတည်းက အတည်ပြုပြီးသား ဖြစ်သည်။
သတ္တုကြော သန့်စင်သော နေရာများတွင်ပင် များပြားလှသော သန္ဓေပြောင်း မှိုများ ပေါက်ရောက်နေပြီး သူက ယခင်က တစ်သုတ်ကို ပြန်သယ်သွားကာ စိုက်ခင်းဘက်တွင် စိုက်ပျိုးရန် ပေးအပ်ခဲ့သေးသည်။
ယခုတစ်ခေါက် ပြန်လာချိန်တွင် မိသားစု အတော်များများက ထို သန္ဓေပြောင်း မှိုများကို နေအိမ်များတွင် စိုက်ပျိုးကာ မီးလင်းရေး ပစ္စည်းများအဖြစ် အသုံးပြုနေကြသည်ကို သူ တွေ့ခဲ့ရပြီး ဖြစ်သည်။
"ကောကျဲ... အဖွဲ့သားတွေကို ကိုယ့်လုံခြုံရေးကို ဂရုစိုက်ဖို့ ပြောလိုက်... တစ်ခုခု တွေ့တာနဲ့ အတင်း မတိုက်ခိုက်နဲ့... ချက်ချင်း အချက်ပြဖို့ ပြောထား"
"နားလည်ပါပြီ"
ချက်ချင်းပင် ကောကျဲက ကင်းလှည့်တပ်ဖွဲ့ကို ဦးဆောင်ကာ မီးဝါးပိုးဘုရင်မ၏ ခြေရာခံရန် ဝါးတောထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
သူတို့က သုံးယောက်တစ်ဖွဲ့ဖြင့် သတိထားကာ ရှေ့ဆက်သွားနေကြသည်၊ ကြည့်ရသည်မှာ ဤတပ်ဖွဲ့က အစောကြီးကတည်းက လေ့ကျင့်မှုများစွာ လုပ်ထားခဲ့ပြီး ဤကဲ့သို့သော သန္ဓေပြောင်း သတ္တဝါများကို ရှာဖွေရသည့် အလုပ်နှင့် အလွန် ရင်းနှီးကျွမ်းဝင်နေပုံ ရသည်။
လင်းယွမ်နှင့် တုံယန်တို့က ထိုနေရာတွင်ပင် ထိုင်ချလိုက်ပြီး ကင်းလှည့်တပ်ဖွဲ့၏ စုံစမ်းထောက်လှမ်းမှု ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
သို့သော် ဤစောင့်ဆိုင်းမှုက သုံးရက်တိုင်တိုင် ကြာမြင့်သွားခဲ့သည်။
သုံးရက်အချိန်အတွင်း မီးဝါးတောထဲသို့ ဝင်ရောက်သွားသော ကင်းလှည့်တပ်ဖွဲ့က ထို မီးဝါးပိုးဘုရင်မ၏ သဲလွန်စကို လုံးဝ ရှာမတွေ့ခဲ့ပေ။
လင်းယွမ်က မလောသော်လည်း တစ်ခုခု မှားယွင်းနေကြောင်းကိုတော့ ခံစားမိနေသည်။
သူက ကောကျဲကို ခေါ်လိုက်သည်။ "အရင်တုန်းကရော ဒီလိုမျိုး ဖြစ်ဖူးလား"
ကောကျဲက ခေါင်းယမ်းလိုက်သည်။ "ဒီမီးဝါးတောက မီးဝါးပိုးဘုရင်မရဲ့ နယ်မြေပါ... ဘယ် ပြင်ပသတ္တဝါပဲ ဝင်လာဝင်လာ သူက တိုက်ခိုက်မှာပဲ"
"အရင်က ကျွန်မတို့ အဖွဲ့တွေလည်း အကြိမ်ကြိမ် ဝင်ဖူးတယ်... ဝင်သွားတိုင်း မီးဝါးပိုးဘုရင်မရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံရတာချည်းပဲ"
"ဒီတစ်ခေါက် ဘယ်လို ဖြစ်တာလဲ မသိဘူး... သူက အခုထိကို ဘာလှုပ်ရှားမှုမှ မရှိဘူး"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "သူက အန္တရာယ်ကို ခံစားမိပြီး အမှောင်ထဲကနေ စောင့်ကြည့်နေတာမျိုးရော မဖြစ်နိုင်ဘူးလား"
ကောကျဲက မတတ်နိုင်စွာဖြင့် ပြောလိုက်သည်။ "အဲဒါကိုတော့ ကျွန်မ အတည်မပြုနိုင်ဘူး ကိုလင်းယွမ်... ဒါမှမဟုတ် ဆရာလီကို လာခိုင်းလိုက်ရမလား"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းတာပေါ့... ဒီလိုလုပ်... မင်း တခြားသူတွေကို အပြင်ထွက်ခိုင်းလိုက်... ပြီးတော့ လီယွဲ့ကျင်းကို လာခဲ့ဖို့ လူလွှတ်ပြီး အကြောင်းကြားလိုက်"
လီယွဲ့ကျင်း၏ အစွမ်းက စိတ်ဝိညာဉ်အမှတ်အသား ဖြစ်ပြီး ပစ်မှတ်အပေါ်တွင် စိတ်ဝိညာဉ် အမှတ်အသား ရိုက်နှိပ်ထားနိုင်ကာ ထို့နောက် ပစ်မှတ်က သူ၏ အနီးတစ်ဝိုက်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း ခံစားသိရှိနိုင်ပေသည်။
"ဟုတ်ကဲ့ပါ ကိုလင်းယွမ်"
ကောကျဲက လီယွဲ့ကျင်းကို လာခဲ့ရန် လူလွှတ်၍ အလျင်အမြန် အကြောင်းကြားလိုက်သည်။
တစ်ချိန်တည်းမှာပင် တခြားသူများကိုလည်း မီးဝါးတောထဲမှ ဆုတ်ခွာခိုင်းလိုက်သည်။
မကြာမီမှာပင် လီယွဲ့ကျင်းကို ကင်းလှည့်တပ်ဖွဲ့က သွားကြိုလာခဲ့ပြီးနောက် လင်းယွမ်၏ စီစဉ်မှုအောက်တွင် လီယွဲ့ကျင်းနှင့် ကင်းလှည့်တပ်ဖွဲ့ဝင် အနည်းငယ်က မီးဝါးတောထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားကြသည်။
ကောင်းကင်ထက်တွင် ထူလုံက လင်းယုန်ငှက်အဖြစ် ပြောင်းလဲကာ အချိန်မရွေး ကူညီပေးနိုင်ရန် လေထဲတွင် ဝဲပျံနေသည်။
ဖြစ်နိုင်သည်မှာ ဤတစ်ခေါက် တောထဲသို့ ဝင်ရောက်သွားသော လူအရေအတွက် နည်းပါးသွားသောကြောင့် ထို မီးဝါးပိုးဘုရင်မက သတိလက်လွတ် ဖြစ်သွားပုံရကာ နောက်ဆုံးတွင် နေ့ဝက်အကြာ၌ ခြေရာခံစရာ ထွက်ပေါ်လာခဲ့သည်။
မီးဝါးတောထဲတွင် မြေပြင်ပေါ်၌ အနီရောင်နှင့် အစိမ်းရောင် ဝါးရွက်များ ပြည့်နှက်နေသည်။
နီရဲနေသော မီးဝါးပင်များက တန်းစီပေါက်ရောက်နေပြီး အဖွဲ့ဝင်အချို့က ၎င်းတို့ကြားတွင် ဖြတ်သန်းသွားလာနေကြကာ လမ်းဖောက်ရန်အတွက် မကြာခဏဆိုသလို မီးဝါးအချို့ကို ခုတ်ထစ်နေရသည်။
"ဒုတ်"
နောက်ထပ် မီးဝါးတစ်ပင်ကို ခုတ်ဖြတ်လိုက်ရာ ကင်းလှည့်တပ်ဖွဲ့ဝင် တစ်ယောက်၏ လက်ထဲရှိ အရိုးဓားက ဂွပ်ခနဲ အသံမည်သွားကာ အရိုးကျိုးအက်သွားသည့် အသံ ထွက်ပေါ်လာခဲ့သည်။
လူအများက လှမ်းကြည့်လိုက်ကြရာ လီယွဲ့ကျင်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "ရှောင်လီ... မင်း အရိုးဓားက လဲသင့်နေပြီ"
ရှောင်လီဟု ခေါ်သော ကင်းလှည့်တပ်ဖွဲ့ဝင်က ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။ "အရင်က ကုန်တိုက် လက်နက်တိုက်ဘက်က သန္ဓေပြောင်း လက်နက်သစ်တွေ ထွက်လာတော့မယ်လို့ ကြားထားလို့လေ... အဲ့ဒါကြောင့် ဒီဓားကိုပဲ အဆင်ပြေသလို ဆက်သုံးနေတာ... လက်နက်သစ်တွေ ရောင်းတဲ့အခါကျမှ လဲမလို့ စောင့်နေတာ"
"သန္ဓေပြောင်း လက်နက်သစ်တွေဟုတ်လား" လူတစ်ယောက်က အံ့သြစွာဖြင့် မေးလိုက်သည်။
ရှောင်လီက ပြောလိုက်သည်။ "ခင်ဗျား မသိဘူးလား... ဆရာလင်းယွမ်တို့ ဒီတစ်ခေါက် ပြန်လာတော့ သန္ဓေပြောင်း လက်နက်ထုတ်လုပ်တဲ့ ကျွမ်းကျင်သူ တချို့ကိုပါ ခေါ်လာခဲ့တယ်လေ"
"သူတို့က သန္ဓေပြောင်း လက်နက်သစ်တွေကို အတူတူ သုတေသနလုပ်ပြီး ထုတ်လုပ်ထားတာ... သင်္ကေတပညာရပ်နဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးပစ္စည်းတွေကို ပေါင်းစပ်ထားတယ်လို့ ကြားတာပဲ"
လူအများက ချက်ချင်း စိတ်ဝင်စားသွားကြကာ အသီးသီး မေးမြန်းလာကြသည်။
အရင်တုန်းက ခိုလှုံရေးစခန်း၏ သန္ဓေပြောင်း လက်နက်များက အမှန်တကယ်တော့ အများစုမှာ ရန်ဆန်းမင်၏ ထက်မြက်ခြင်း အစွမ်းကို အားကိုးကာ အရိုးလက်နက်များကို အသွားသွေးပြီး ထက်မြက်မှု တိုးစေရန် လုပ်ဆောင်ထားခြင်းသာ ဖြစ်သည်။
နောက်ပိုင်းတွင် ဦးလေးရန်တို့က သင်္ကေတကျောက်တုံးနှင့် အရိုးလက်နက်များကို ပေါင်းစပ်ရန် နည်းလမ်း ရှာဖွေခဲ့ကြရာ မဆိုးလှသော လက်နက်အချို့ကို ဖန်တီးနိုင်ခဲ့ကြသည်။
သို့သော် ၎င်းတို့မှာ ဖုချီပေါ်၊ ရမ်ကျဲစသူတို့ သုတေသန ပြုလုပ်ထားသည့် သန္ဓေပြောင်း သတ္တဝါများ၏ အရိုးပေါ်တွင် သင်္ကေတပညာရပ်များကို တိုက်ရိုက် ရေးဆွဲထားခြင်းနှင့် နှိုင်းယှဉ်ပါက အများကြီး အားနည်းနေသေးသည်။
ကောက်လီတို့ ဤတစ်ခေါက် ပြန်လာသည်နှင့်အမျှ ထုတ်ဖော်ပြသလိုက်သော လက်နက်သစ်များက အတိုင်းအတာတစ်ခုအထိ ချက်ချင်း ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
လူအတော်များများက ခိုလှုံရေးစခန်းတွင် လက်နက်သစ်များ မကြာမီ ရောင်းချတော့မည်ကို သိရှိသွားကြပြီး မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
လီယွဲ့ကျင်းကလည်း ဤသတင်းကို သိထားပြီးသား ဖြစ်ရာ သူက အနည်းငယ် ပြုံးလိုက်သည်၊ လက်နက်သစ်များနှင့် ပတ်သက်၍ သူက တခြားသူများထက် ပိုသိထားပေသည်။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် ပါဝင်ထားပြီး လတ်တလောတွင် ဦးလေးရန်၊ ပါမောက္ခ လီဟန်ကျုံးတို့နှင့်အတူ လက်နက်သစ်များ သုတေသနပြုလုပ်သည့် အလုပ်တွင် ပါဝင်နေသောကြောင့် ဖြစ်သည်။
ချက်ချင်းပင် အဖွဲ့ဝင်အချို့ စကားစမြည် ပြောနေသည်ကို ကြားသောအခါ သူက နှုတ်ဟလိုက်သည်။ "ရှောင်လီရဲ့ သတင်းတွေက တော်တော် မြန်တာပဲ... မင်းတို့ စောင့်နိုင်မယ်ဆိုရင် ဆက်စောင့်ကြည့်ကြ... ခန့်မှန်းရသလောက် ပင်လယ်ဒီရေလှိုင်း မတိုင်ခင် လက်နက်သစ်တွေ ရောင်းချလိမ့်မယ်"
"ဒီလက်နက်သစ် အသုတ်ထဲမှာ သုံးလို့ကောင်းတဲ့ဟာတွေ အတော်များများ ပါတယ်... အကာအကွယ် ပစ္စည်းတွေ၊ လက်နက်တွေ၊ အထောက်အကူပြု လက်နက် အမျိုးအစားတွေ အားလုံး ရှိတယ်"
လူအများက ကြားသည်နှင့် တစ်ပြိုင်နက် အလွန် စိတ်ဝင်စားသွားကြကာ နောက်ထပ် အကြောင်းအရာများကို အသီးသီး မေးမြန်းချင်လာကြသည်။
ရုတ်တရက် ထိုအချိန်တွင် လေထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကင်းလှည့်တပ်ဖွဲ့ဝင် အချို့၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားကာ အလျင်အမြန် အော်ပြောလိုက်ကြသည်။ "သေစမ်း... ပိုးဘုရင်မ လာနေပြီ"
တခြားသူများကလည်း ဘာမှ ထပ်မပြောတော့ဘဲ ရင်ဘတ်ပေါ်ရှိ အကာအကွယ် သင်္ကေတကျောက်တုံးကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။
မြေညိုရောင် အကြေးခွံများက ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလျင်အမြန် ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာပင် ကြည်လင်နေသော လိပ်ခွံပုံသဏ္ဌာန် စိတ်စွမ်းအင် အကာအကွယ် အလွှာတစ်ခုပါ ပွင့်လာခဲ့သည်။
လိပ်ခွံစွမ်းအင်အကာအကွယ်နှင့် ကျောက်အကြေးခွံ အကာအကွယ်။
ကင်းလှည့်တပ်ဖွဲ့ဝင်များ၏ ခံစားခွင့်များက အလွန် ကောင်းမွန်လှပြီး သူတို့ အယောက်စီတိုင်း၏ လက်ထဲတွင် အခြေခံအားဖြင့် ဤအကာအကွယ် သင်္ကေတကျောက်တုံး နှစ်မျိုးကို ပြင်ဆင်ပေးထားသည်။
ဤ သင်္ကေတကျောက်တုံး နှစ်မျိုးက ကုန်တိုက်တွင်သာ ရောင်းချပြီး ၎င်းတို့ကို လင်းယွမ် ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။
"ဖုန်း... ဖုန်း... ဖုန်း"
ရုတ်တရက် တုံးတိတိအသံ သုံးသံ ထွက်ပေါ်လာကာ လူအများထဲမှ လူသုံးယောက်က တိုက်မိပြီး လွင့်ထွက်သွားကြသည်။
သို့သော် လိပ်ခွံစွမ်းအင်အကာအကွယ်က ကိုယ်ကို ကာကွယ်ထားပြီး အတွင်းဘက်တွင် ကျောက်အကြေးခွံ အကာအကွယ်ကို ဝတ်ဆင်ထားသော ကင်းလှည့်တပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာ ရခြင်း မရှိပေ။
ရှောင်လီက ခေါင်းမော့ကြည့်လိုက်ရာ လေထဲတွင် အစိမ်းရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သွားသည်ကို တွေ့လိုက်ရပြီးနောက် ဝါးတောထဲတွင် ပျောက်ကွယ်သွားသည်။
လူအနည်းငယ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ အသီးသီး အော်ဟစ်လိုက်ကြသည်။
"ပိုးဘုရင်မ"
"မီးဝါးပိုးဘုရင်မ"
"မြန်မြန်... ဆရာလင်းယွမ်ကို မြန်မြန် အကြောင်းကြား"
အမှန်တကယ်တော့ သူတို့ အကြောင်းကြားရန် လုံးဝ မလိုအပ်ပေ၊ လီယွဲ့ကျင်းက စောစောစီးစီးကတည်းက စိတ်ဝိညာဉ်အမှတ်အသားကို ရိုက်နှိပ်ထားပြီး ဖြစ်သည်။
ထို အစိမ်းရောင် အရိပ်က ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော ဝါးတောထဲတွင် ပုန်းကွယ်သွားသော်လည်း သူ၏ စိတ်စွမ်းအင်က တစ်ဖက်လူကို အမြဲတမ်း ခံစားသိရှိနေနိုင်သည်။
"ဖုန်း"
ပေါက်ကွဲမြှား တစ်စင်း ပစ်ထွက်သွားကာ မီးတောက်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားသည်။
မီးဝါးတော အပြင်ဘက်တွင် လင်းယွမ်က မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။
"တွေ့ပြီ"
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားကာ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ထိုအခါမှသာ တုံယန်နှင့် ကောကျဲတို့က သတိဝင်လာကာ အလျင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။
"ထွက်လာပြီ" ကောကျဲက ချက်ချင်း ပြောလိုက်သည်။
"ငါတို့ ဝင်သွားကြမလား" တုံယန်က အလျင်အမြန် မေးလိုက်သည်။
ကောကျဲက ခေါင်းယမ်းလိုက်သည်။ "မဝင်တာ ကောင်းမယ်... ကျွန်မတို့ ဝင်သွားရင် ကိုလင်းယွမ်ကို ဒုက္ခပေးသလိုပဲ ဖြစ်လိမ့်မယ်"
"ကိုလင်းယွမ်က အဲ့ဒီ မီးဝါးပိုးဘုရင်မကို ဖမ်းမိသွားတဲ့အချိန်ကျမှ လိုက်ဝင်လည်း မနောက်ကျသေးပါဘူး"
တုံယန်က ထိုစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ယခုအချိန်တွင် မီးဝါးတောထဲ၌ လင်းယွမ်က လျှပ်တစ်ပြက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူက ထိုနေရာရှိ လူအများကို အကဲခတ်ကြည့်လိုက်ရာ မည်သူမျှ ထိခိုက်ဒဏ်ရာ ရထားခြင်း မရှိသည်ကို မြင်သောအခါ လီယွဲ့ကျင်းကို ကြည့်ကာ မေးလိုက်သည်။
"မီးဝါးပိုးဘုရင်မရော"
လီယွဲ့ကျင်းက အလျင်အမြန် ပြောလိုက်သည်။ "ဝါးတောထဲကို ထွက်ပြေးသွားပြီ... ဒါပေမဲ့ ကျွန်တော် သူ့ကို ခံစားမိတယ်"
လင်းယွမ်က ချက်ချင်းပင် လီယွဲ့ကျင်းကို ဆွဲမလိုက်ပြီး ပြောလိုက်သည်။ "မင်း လမ်းပြ... ငါ လိုက်ခဲ့မယ်"
လီယွဲ့ကျင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဦးတည်ရာ တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုဘက်မှာ"
"ဝှစ်... ဝှစ်... ဝှစ်"
လင်းယွမ်၏ ခန္ဓာကိုယ်က အကြိမ်အနည်းငယ် လျှပ်တစ်ပြက် လှုပ်ရှားသွားကာ မီးဝါးတောထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
ပေရာဂဏန်းလောက် အရောက်မှာ လီယွဲ့ကျင်းက ချက်ချင်း ပြောလိုက်သည်။ "ဒီနားတင်ပဲ... ဟိုဘက်မှာ"
သူက တစ်ပတ် လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အစိမ်းရောင် မီးဝါးတစ်ပင်ကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
လင်းယွမ်က အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရာ ထို မီးဝါးပင် တစ်ခုလုံးက အစိမ်းပုပ်ရောင် ဖြစ်နေပြီး ထိပ်ပိုင်းတွင်တော့ အနည်းငယ် နီမြန်းသော အရောင်လေး သန်းနေပြီ ဖြစ်သည်။
လင်းယွမ်က ပထမဆုံး အကြည့်တစ်ချက် ကြည့်လိုက်ချိန်တွင် မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရပေ။
သို့သော် နောက်တစ်စက္ကန့်တွင် သူက တစ်ခုခု ထူးခြားနေသည်ကို ချက်ချင်း ခံစားသိရှိသွားသည်။
သူ၏ စိတ်စွမ်းအင်က အလျင်အမြန် ထွက်ပေါ်လာကာ ထို မီးဝါးပင်ဆီသို့ လွှမ်းခြုံသွားသည်။
ထို့နောက် စိတ်စွမ်းအင် ခံစားသိရှိမှုအောက်တွင် မီးဝါးပင် ထိပ်ပိုင်းရှိ ဝါးကိုင်းတစ်ကိုင်းက သိသိသာသာ ပုံမှန် မဟုတ်ကြောင်းကို ချက်ချင်း တွေ့ရှိသွားသည်။
ဤ ဝါးကိုင်းပေါ်တွင် ပြင်းထန်သော စိတ်စွမ်းအင် လှိုင်းဂယက်များ ရှိနေသည်။
"တွေ့ပြီ"
လင်းယွမ်၏ အကြည့်က စူးရှသွားသည်၊ ဤ ဝါးကိုင်း တစ်ခုလုံးကလည်း အစိမ်းပုပ်ရောင် ဖြစ်နေသည်ကို သူ တွေ့လိုက်ရပြီး အကိုင်းအခက် အဖျားပိုင်းများတွင် နီမြန်းနေမည့် အရိပ်အယောင်လေးများပင် ရှိနေသည်။
ရုတ်တရက် ကြည့်လိုက်ပါက ဤနေရာရှိ ဝါးကိုင်းများနှင့် အတိအကျ တူညီနေသလောက်ပင် ဖြစ်ပြီး မျက်နှာပြင်ပေါ်ရှိ အကြောအစင်းများပင်လျှင် ခပ်ဆင်ဆင် တူနေသေးသည်။
လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အရောင်အဝါများ တလက်လက် တောက်ပသွားသည်။
"တကယ့် ပုံဖျက်ကျွမ်းကျင်သူပဲ"
"ဝုန်း"
လင်းယွမ်က ဘာမှ ထပ်မပြောတော့ဘဲ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ဝုန်းခနဲ မြည်သံတစ်သံနှင့်အတူ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကိုယ်သူ အလွန် ပါးနပ်စွာ ပုန်းကွယ်နေသည်ဟု ထင်မှတ်ထားသော မီးဝါးပိုးဘုရင်မ၏ ခေါင်းက ချက်ချင်း တုန်ခါသွားကာ မူးဝေ နာကျင်သွားသည်။
၎င်းက ဆက်လက်၍ ပုန်းကွယ်မနေနိုင်တော့ဘဲ ချက်ချင်း တောင်ပံခတ်ကာ အလျင်အမြန် ထွက်ပြေးတော့သည်။
သို့သော် ၎င်းက တောင်ပံခတ်ကာ ပျံတက်လိုက်သည်နှင့် တစ်ပြိုင်နက် အရိပ်တစ်ခုက ၎င်း၏ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ကြီးမားသော လက်တစ်ဖက်က ၎င်း၏ နောက်ခြေထောက် တစ်ဖက်ကို အားကုန် ဖမ်းဆုပ်လိုက်သည်။
ဤကောင်၏ ခန္ဓာကိုယ် တစ်ခုလုံးက မာကျောတောင့်တင်းနေပြီး တကယ့်ကို မီးဝါးပင်နှင့် တူညီကာ တစ်ဆစ်ပြီးတစ်ဆစ် ဖြစ်နေသည်။
၎င်း၏ တောင်ပံနှစ်ဖက်က နီရဲနေကာ အနည်းငယ် ကြည်လင်နေပြီး မရပ်မနား တောင်ပံခတ်နေချိန်တွင် မီးတောက်နှစ်ခုနှင့် တူနေပေသည်။
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်၊ သူ၏ မျက်လုံးများထဲတွင် မှိုင်းညို့ညို့ အရောင်များ တောက်ပသွားကာ စိတ်စွမ်းအင်များက မရေမတွက်နိုင်သော လက်တံများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ၎င်း၏ အာရုံကြောကွန်ရက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ရုပ်သေးကြိုးမျှင်များက တစ်ဖက်လူကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လက်ဖဝါးထဲရှိ ကပ်ပါးမျိုးစေ့ တစ်စေ့က ဤ မီးဝါးပိုးဘုရင်မ၏ စိတ်ပင်လယ်ထဲသို့ အသံတိတ် ဝင်ရောက်သွားသည်။
ဆက်တိုက် လုပ်ဆောင်မှုများအပြီးတွင် ဤ မီးဝါးပိုးဘုရင်မက ချက်ချင်းပင် ခုခံနိုင်စွမ်း ကင်းမဲ့သွားတော့သည်။
တုန်ခါနေသော တောင်ပံနှစ်ဖက်ကလည်း ရပ်တန့်သွားကာ လင်းယွမ်၏ ဘေးနားသို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့သည်။
လင်းယွမ်က တစ်ချက် ကြည့်လိုက်ရာ ဤ မီးဝါးပိုးဘုရင်မက မြေပြင်ပေါ်တွင် ဝပ်နေပြီး လဲကျနေသော မီးဝါးတစ်ပင်နှင့် တူနေပေသည်။
၎င်း၏ တစ်ကိုယ်လုံးက အလွန် ရှည်လျားလှပြီး ခြောက်ပေကျော်လောက် ရှိနိုင်ကာ ကိုယ်ထည်က သာမန် မီးဝါးပင်နှင့် အလုံးအပတ် ဆင်တူပြီး ခြေတံများက ဝါးကိုင်းသေးသေးလေးများနှင့် ဆင်တူသည်။
တကယ့်ကို ပုံဖျက်ကျွမ်းကျင်သူဆိုသည့် နာမည်နှင့် လိုက်ဖက်လှပေသည်။
ဆက်ရန်...