အခန်း (၃၆၃-၃၆၄)
Vol. 19 Ch. 363-364
အပိုင်း(၃၆၃) ဦးလေးမာ အစွမ်းနိုးထလာခြင်း
"ဆရာလင်း"
"ဆရာလင်း... ဘာဖြစ်သွားသေးလဲ"
ထိုအချိန်တွင် ကင်းလှည့်အဖွဲ့ဝင်များက ကမန်းကတန်း ရောက်ရှိလာကြပြီး လင်းယွမ်၏အနီးတွင် ဝပ်နေသော ဧရာမ မီးဝါးပိုးဘုရင်မကြီးကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် သတိထားကာ အော်ဟစ်လိုက်ကြသည်။
လင်းယွမ်က လက်ကာပြလိုက်ရင်း "ဘာမှမဖြစ်တော့ဘူး... ဒီမီးဝါးပိုးဘုရင်မကို ကျွန်တော် ထိန်းချုပ်လိုက်ပြီ"
လီယွဲ့ကျင်းမှာလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူ၏ရင်ထဲ၌ အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
အစမှအဆုံးတိုင်အောင် သူက ဘာတွေဖြစ်ပျက်သွားမှန်းပင် သေသေချာချာ မမြင်လိုက်ရချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမီးဝါးပိုးဘုရင်မကြီးက လင်းယွမ်၏အနီးတွင် လိမ္မာယဉ်ကျေးစွာ ဝပ်တွားနေခဲ့ပြီ ဖြစ်သည်။
ဤမျှ မြန်ဆန်လှသော လုပ်ဆောင်နိုင်စွမ်းက လူကို ကြက်သီးထစေလောက်အောင်ပင် အံ့မခန်း ဖြစ်နေသည်။
ကင်းလှည့်အဖွဲ့ဝင်များ အားလုံးကလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ကို အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သော မီးဝါးပိုးဘုရင်မကြီးကို ဆရာလင်းက စက္ကန့်ပိုင်းလေးအတွင်း ဖြေရှင်းလိုက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ဒါက... ကွာခြားချက် အရမ်းကြီးလွန်းနေတာပဲ...
ဆရာလင်းက အစမှအဆုံးတိုင်အောင် ဤမီးဝါးပိုးဘုရင်မကြီးကို ရှာဖွေရာတွင်သာ အချိန်အတော်ကြာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်လျှင် ဤမျှကြာအောင် အချိန်ယူနေစရာ အကြောင်းမရှိပေ။
လင်းယွမ်က အံ့သြမှင်သက်နေကြသော လူများကို ဂရုမစိုက်တော့ဘဲ "တုံယန်ကို သွားခေါ်လိုက်" ဟုသာ ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ... ဆရာလင်း"
မကြာမီမှာပင် သတင်းရရှိသွားသော တုံယန်နှင့် ကောကျဲတို့က အလျင်အမြန် ပြေးလာကြသည်။
တုံယန်က မြေပြင်ပေါ်ရှိ မီးဝါးပိုးဘုရင်မကြီးကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်ဖြစ်သွားသည်။
"ဒါက မီးဝါးပိုးဘုရင်မလား"
ကောကျဲကလည်း မီးဝါးပိုးဘုရင်မ၏ အစစ်အမှန်ပုံစံကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ယခင်က မီးဝါးပိုးဘုရင်မနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရဖူးသော်လည်း တကယ်တမ်းတွင် အစမှအဆုံးထိ သူတို့ကသာ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
သူတို့က ဤမီးဝါးပိုးဘုရင်မ၏ ပုံပန်းသဏ္ဍာန်ကို လုံးဝ မမြင်တွေ့ခဲ့ရဖူးချေ။
လင်းယွမ်က ပြုံးလိုက်ကာ "ယန်ယန်... ဒီမီးဝါးပိုးဘုရင်မကို ငါ ထိန်းချုပ်လိုက်ပြီ... နင် သူနဲ့ စိတ်ချင်း ချိတ်ဆက်မှု လုပ်ကြည့်လိုက်... နောက်ပိုင်းကျရင် သူ့ကို ယဉ်ပါးအောင် နင်ပဲ ဆက်လုပ်ပေးလိုက်တော့"
တုံယန်က ထိုစကားကို ကြားသောအခါ အပြုံးတစ်ပွင့် ပေါ်လာကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ အစ်ကိုလင်း... အားလုံးကို ညီမဆီသာ လွှဲထားလိုက်ပါ... နောက်ဆိုရင် ညီမ ရှောင်ဟိုင်ကိုပါ ခေါ်လာခဲ့ပြီးတော့ သူရယ် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မရယ်နဲ့ အပြန်အလှန် ဆက်သွယ်ခိုင်းပြီး သူငယ်ချင်းတွေ ဖြစ်သွားအောင် လုပ်ပေးမယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး "ကောင်းတယ်"
ထို့နောက် ဆက်သွယ်မှု လုပ်ငန်းစဉ်က ကျောက်နက်ပုရွက်ဆိတ်ဘုရင်မနှင့် အခြေခံအားဖြင့် ဆင်တူလှသည်။
ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသွားသောအခါ ကောကျဲတို့အဖွဲ့လည်း သက်ပြင်းချနိုင်သွားကြသည်။
ယခုအချိန်မှစ၍ လင်းယွင်တောင်စောင်းတွင် လူတိုင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိသော အစွမ်းထက် သန္ဓေပြောင်း သတ္တဝါများ မရှိတော့ပေ။
ဤနေရာက နောင်တွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အမဲလိုက်ကွင်း ဖြစ်လာတော့မည် ဖြစ်သည်။
သန္ဓေပြောင်း သတ္တဝါနှစ်ကောင်ကို ဖြေရှင်းပြီးသွားသောအခါ လင်းယွမ်က ဈေးဝယ်စင်တာသို့ ပြန်လာခဲ့ပြီး ဝူယင်နှင့် ဦးလေးမာတို့ကို ခေါ်လိုက်သည်။
"ဆရာလင်း... ကျွန်တော့်ကို ခေါ်တယ်ဆို" ဝူယင်က အလွန်မြန်ဆန်စွာ ရောက်ရှိလာသည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး "ခုတလော ဘာတွေ အလုပ်များနေလဲ" ဟု မေးလိုက်သည်။
"အာ... ဘာမှတော့ သိပ်မရှိပါဘူး... အဓိကကတော့ ထိုက်ယန်တောင်နဲ့ မီးကျောက်မြို့လေးဘက်ကို အလှည့်ကျ ကင်းလှည့်နေတာပါပဲ" ဝူယင်က ခေါင်းကုတ်ရင်း ပြန်ဖြေသည်။
လင်းယွမ်က ပြုံးလိုက်ကာ "မင်းကို လင်းယွင်တောင်စောင်းဘက် သွားပြီး အဲဒီမှာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ စခန်းခွဲတစ်ခု တည်ဆောက်ဖို့ တာဝန်ယူခိုင်းမလို့ စဉ်းစားထားတယ်"
ဝူယင်မှာ ချက်ချင်းပင် စိတ်အားထက်သန်သွားပြီး မျက်နှာပေါ်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာကာ "ဗျာ... ကျွန်တော့်ကိုလား"
သူက အနည်းငယ် ကြောင်အမ်းသွားပြီး မယုံကြည်နိုင်ဖြစ်နေမိသည်။
အစပိုင်းက မိန်တုဥယျာဉ်တွင် ရှိနေခဲ့စဉ်က သူသည် လင်းယွမ်၏ အဓိကအဖွဲ့ဝင်စာရင်းထဲတွင်ပင် မပါဝင်ခဲ့ပေ။
ဟိုတစ်စဒီတစ်စ ကောက်ရသည်များနှင့် ကိုယ်တိုင် သွားရောက် ပေးကမ်းမှုများကြောင့်သာ လင်းယွမ်၏ ယုံကြည်မှုနှင့် အရေးပေးမှုကို ရရှိခဲ့ပြီး တိုက် (၇၆) ၏ ကင်းလှည့်အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူက ရဲရင့်မှုတစ်ခုအပေါ် အားကိုးကာ လိပ်ကျွန်းပေါ်သို့ တက်ရောက်ခဲ့ပြီး အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့ကာ အရိပ်အစွမ်း နိုးထလာခဲ့သည်။
ထို့နောက် ထိုက်ယန်တောင်ကို သိမ်းပိုက်သည့် တိုက်ပွဲတွင်လည်း သူက အကြိမ်ကြိမ် စွမ်းဆောင်နိုင်ခဲ့ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အဆင့်မြင့်အရာရှိများထဲမှ တစ်ဦး တဖြည်းဖြည်း ဖြစ်လာခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ တစ်နေ့တွင် လင်းယွမ်က သူ့ကို ဤမျှလောက် အရေးပေးလာပြီး တောင်ကုန်းတစ်ခုကို တာဝန်ယူခိုင်းကာ စခန်းအခွဲကို တိုက်ရိုက် တည်ဆောက်ခိုင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ဤမတိုင်မီက လင်းယွမ်၏ အရေးပေးခြင်းကို ခံရသူမှာ ကျောက်ခိုင် ဖြစ်ကြောင်း သိထားရမည်။
မိန်တောင်တွင် အသစ်တည်ဆောက်ထားသော ခိုလှုံရေးစခန်းကို အစမှအဆုံးတိုင်အောင် ကျောက်ခိုင်ကသာ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က ကျောက်ခိုင်ကို အလွန်ကြီးမားသော အာဏာကို ပေးအပ်ထားသည်။
ယခုအခါ လင်းယွမ်က သူ့ကို ဤမျှကြီးမားသော အာဏာမျိုးကို ပေးအပ်ရန် ကြံရွယ်နေသည်။
ဤအရာက သူ့ကို မည်သို့ စိတ်မလှုပ်ရှားစေဘဲ နေနိုင်မည်နည်း။
ဝူယင်က ရင်ထဲမှ အံ့သြဝမ်းသာမှုကို အတင်းဖိနှိပ်ထားလိုက်ပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာနှင့် စိုးရိမ်တကြီးဖြင့် "ဆရာလင်း... ကျွန်တော်... ကျွန်တော် သေချာ မလုပ်နိုင်မှာကို စိုးရိမ်မိတယ်"
သူက ထိုဝမ်းသာပီတိဖြစ်မှုကြောင့် စိတ်လွတ်မသွားခဲ့ဘဲ သူ့ကိုယ်သူ သိမြင်မှုရှိကာ သူ ကောင်းကောင်း မလုပ်နိုင်မည်ကို စိုးရိမ်နေမိသည်။
လင်းယွမ်က ပြုံးလိုက်ကာ "ငါက မင်း လုပ်နိုင်တယ်လို့ ပြောရင် မင်း လုပ်နိုင်လို့ပဲပေါ့"
"လင်းယွင်တောင်စောင်းက မိန်တောင်နဲ့ မတူဘူး... အဲဒီလောက် ဧရိယာကျယ်တဲ့ နေရာမဟုတ်လို့ တည်ဆောက်စရာတွေ သိပ်မရှိဘူး"
"အဓိကက ပိုးစာတောနဲ့ မီးဝါးတောတစ်ဝိုက်မှာ ဆောက်လုပ်ရေးတွေ လုပ်ဖို့ လိုအပ်တယ်"
"နေရာက သိပ်အကျယ်ကြီး မလိုဘူး... အချိန်ကျရင် ဘယ်နယ်မြေမှာ တည်ဆောက်ရမလဲဆိုတာ ငါ ပြောပြမယ်... အဲဒီအခါကျရင် လင်းယွင်တောင်စောင်း သတ္တုတွင်းနယ်မြေကိုပါ တည်ဆောက်ဖို့ လိုကောင်းလိုလာလိမ့်မယ်"
ဝူယင်က ထိုစကားကို ကြားသောအခါ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး လေးနက်စွာဖြင့် "ဆရာလင်း... ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ဒီကိစ္စကို အကောင်းဆုံး ဖြစ်အောင် လုပ်ပါ့မယ်"
လင်းယွမ်က ပြုံးလိုက်ပြီး "လူအင်အားပဲဖြစ်ဖြစ် ပစ္စည်းတွေပဲဖြစ်ဖြစ် လိုအပ်တာမှန်သမျှ ရန်မေနဲ့ တင်းယန်တို့ကို ပြောလိုက်... ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းစဉ်မှာ နားမလည်တာ ရှိရင်လည်း ကျောက်ခိုင်ကို သွားမေးလိုက်... သူက မိန်တောင်ကို တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံ ရှိပြီးသား"
"ဆောက်လုပ်ရေး အပိုင်းအတွက်တော့ ငါ ဦးလေးမာကို အကြောင်းကြားထားလိုက်မယ်... အချိန်ကျရင် ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့က သွားပြီး မင်းနဲ့ ပူးပေါင်းလုပ်ဆောင်ပေးလိမ့်မယ်"
တိုက်ဆိုင်စွာပင် ပြောရင်းဆိုရင်းနဲ့ လူက ရောက်လာခဲ့သည်။
လင်းယွမ်က ဦးလေးမာ၏ အကြောင်းကို ပြောရုံရှိသေးသည်၊ မာကောချိုင်က တံခါးခေါက်ပြီး ဝင်လာခဲ့သည်။
"ရှောင်လင်း... မင်း ငါ့ကို ခေါ်တယ်ဆို"
တစ်ခုလုံးသော ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် ယခုအချိန်ထိ လင်းယွမ်အား "ရှောင်လင်း" ဟု ခေါ်ဝံ့သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှသည်။
မာကောချိုင်က အတိအကျပင် ထိုအထဲမှ တစ်ဦး ဖြစ်သည်။
သူတို့က အစောပိုင်း အဖွဲ့အစည်းမှစတင်၍ ဤကဲ့သို့ အချင်းချင်း ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှလည်း ပြောင်းလဲခြင်း မရှိခဲ့ချေ။
လင်းယွမ်က ပြုံးလိုက်ကာ "ဦးလေးမာ... ရောက်လာတာ အတော်ပဲ... ကျွန်တော် လင်းယွင်တောင်စောင်းကို တည်ဆောက်ဖို့ စဉ်းစားထားတယ်... အဲဒီမှာ ခိုလှုံရေးစခန်းရဲ့ စခန်းအခွဲတစ်ခု တည်ဆောက်ဖို့ လိုနေတယ်"
"မိန်တောင်ဘက်က ဆောက်လုပ်ရေးတွေကရော ဘယ်လိုနေပြီလဲ... ဒီဘက်ကို လူအင်အား ခွဲပေးနိုင်တာ ရှိလား"
ဦးလေးမာကို မတွေ့ရသည်မှာ အချိန်အတန်ကြာပြီဖြစ်ကာ ဦးလေးမာ၏ ခန္ဓာကိုယ်မှာ အတော်လေး ပိန်ကျသွားပြီး အသားအရေလည်း အနည်းငယ် မည်းညစ်သွားကာ ခေါင်းပေါ်ရှိ ဆံပင်ဖြူများလည်း အတော်လေး များပြားလာသည်။
သူက ဤကာလအတွင်း အတော်လေး ပင်ပန်းဆင်းရဲခဲ့ရကြောင်း သိသာထင်ရှားနေသည်။
လင်းယွမ်၏ အမေးကို ကြားသောအခါ မာကောချိုင်က ပြုံးလိုက်ပြီး "မိန်တောင်ဘက်က ဆောက်လုပ်ရေး လုပ်ငန်းတွေက အခြေခံအားဖြင့် အားလုံး ပြီးသွားပြီ"
"အခု အားလုံးက လက်စသတ်တဲ့ အလုပ်တွေပဲ ကျန်တော့တယ်... နောက်ပိုင်း အိမ်တွေ ဘာတွေ ထပ်ဆောက်ဖို့ လိုလာရင်တောင် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် နည်းနည်းလောက် ရှာလိုက်ရင် ရပြီ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြုံးကာ "ဒီကာလအတွင်း ဦးလေးတို့ တော်တော်လေး ပင်ပန်းသွားကြပြီ... နောက်ဆိုရင် ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့က အဖွဲ့ဝင်တွေကို တစ်ချက်လောက် ပြောပြလိုက်ပါဦး... ဆုကြေးအနေနဲ့ တစ်ယောက်ချင်းစီကို အမှတ်တွေ ထပ်တိုးပေးမယ်လို့"
မာကောချိုင်မှာ ချက်ချင်းပင် ဝမ်းသာသွားပြီး အလျင်အမြန် "မင်းရဲ့ ဒီစကားသာ ကြားရင်... သူတို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ဝမ်းသာကြမှာ အသေအချာပဲ"
လင်းယွမ်က ပြုံးလိုက်ကာ "စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲတွေ ရှိသေးလား"
မာကောချိုင်၏ အပြုံးက ရပ်တန့်သွားပြီး ချက်ချင်းပင် ခေါင်းအနည်းငယ် ရမ်းလိုက်ကာ "ခက်ခဲတာ ဘာမှမရှိပါဘူး... မင်းလည်း သိတဲ့အတိုင်း ငါက အရင်က ရပ်ကွက်ရုံးကဆိုတော့ စီမံခန့်ခွဲတဲ့နေရာမှာ ဘာပြဿနာရှိနိုင်မှာလဲ"
သူက ဤအကြောင်းကို ပြောလိုက်သောအခါ ဘေးတွင်ရှိနေသော ဝူယင်က မနေနိုင်တော့ဘဲ "ဦးလေးမာ... ပြီးခဲ့တဲ့တစ်ခေါက်ကတောင် ခင်ဗျားတို့ ဆောက်လုပ်ရေးအဖွဲ့မှာ ပြဿနာကောင် နည်းနည်း ရှိနေတယ်လို့ ကျွန်တော် ကြားလိုက်သေးတယ်"
မာကောချိုင်က လက်ကို ဆက်တိုက် ကာပြလိုက်ပြီး "အဲဒါတွေက လူငယ်တွေပါကွာ... ဒေါသ နည်းနည်း ကြီးသွားရုံပါ... ဘာမှမဖြစ်ပါဘူး"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ဝူယင်... ဘာတွေဖြစ်နေတာလဲ"
ဝူယင်က အလျင်အမြန်ပင် "ဆရာလင်း... ဆရာ မသိလို့ပါ... ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့မှာ အဖွဲ့ကို ဦးဆောင်တဲ့သူ တော်တော်များများက အစွမ်းပိုင်ရှင်တွေချည်းပဲ... အဲဒီအထဲမှာ ယွမ်ရွေ့တို့ လူတစ်စုကို ခေါင်းဆောင်လုပ်ထားပြီး ဦးလေးမာက ဆောက်လုပ်ရေးအဖွဲ့ကို စီမံအုပ်ချုပ်နေတဲ့အပေါ် သူတို့က သဘောထားကွဲလွဲမှု နည်းနည်း ရှိနေကြတယ်"
"ဘာသဘောထားကွဲလွဲမှုလဲ" လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် တင်းမာသွားပြီး အေးစက်သောအသံဖြင့် မေးလိုက်သည်။
"ဘာရှိရမှာလဲ... ဦးလေးမာက အစွမ်းပိုင်ရှင် မဟုတ်လို့လေ... သာမန်လူတစ်ယောက်က ဒီအစွမ်းပိုင်ရှင်တွေကို အုပ်ချုပ်နေတာကို သူတို့က မကျေမနပ် ဖြစ်နေကြတာပေါ့" ဝူယင်က ပြောလိုက်သည်။
ဦးလေးမာမှာ အနည်းငယ် အနေရခက်သွားသော်လည်း ဘာမှ ပြန်မပြောခဲ့ချေ။
ကြည့်ရသည်မှာ ဤကိစ္စက အမှန်တကယ် ဖြစ်ပုံရသည်။
လင်းယွမ်က အတိတ်ကို ပြန်လည် စဉ်းစားလိုက်သည်။ ယွမ်ရွေ့ ဆိုသည့်လူက တစ်ချိန်က သိုင်းဘုရင်ဂေဟာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ပါးစပ်သရမ်းသည့် မြေဓာတ် အစွမ်းပိုင်ရှင်ဖြစ်ကာ မြေလျှိုးအစွမ်းကို ကျွမ်းကျင်သည်။
အစပိုင်းက သူ မီးဝါးတောကို စတင် သိမ်းပိုက်ပြီးစအချိန်တွင် ဝူမုန့်က လူတစ်စုကို ဦးဆောင်ကာ သူ့ကို လာရောက် ပြဿနာရှာစဉ်က ထိုအထဲတွင် ဤယွမ်ရွေ့လည်း ပါဝင်ခဲ့သည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "အစွမ်းပိုင်ရှင်တွေက သာမန်လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တကယ်လည်း မာန နည်းနည်းတော့ ရှိတတ်ကြတာပါပဲ"
"အထူးသဖြင့် လူငယ်တွေကြားမှာ အစွမ်းအစ နည်းနည်းလေး ရှိလာတာနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ကြတာက ပုံမှန်ပါပဲ"
ဦးလေးမာ၏ မျက်နှာက အနည်းငယ် မှိုင်းညှို့သွားကာ သက်ပြင်းချလိုက်ပြီး "ဒါကလည်း တတ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ... အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် အစွမ်းပိုင်ရှင်တွေအတွက်ပဲ ဖြစ်လာမှာပဲလေ"
"သာမန်လူတွေ အသက်ရှင်ကျန်ရစ်နိုင်တာကလည်း အစွမ်းပိုင်ရှင်တွေက လူတိုင်းကို ကာကွယ်ပေးထားလို့ပဲလေ... သူတို့ ဒေါသကြီးကြတာကို ငါ နားလည်ပေးနိုင်ပါတယ်... စိတ်ချပါ ရှောင်လင်းရာ"
လင်းယွမ်က ခေါင်းအနည်းငယ် ရမ်းလိုက်ပြီး "ဦးလေးမာ... ကျွန်တော် ဆိုလိုတာ အဲ့ဒီသဘော မဟုတ်ဘူး... ကျွန်တော် ဆိုလိုတာက ဦးလေး သူတို့ကို အုပ်ချုပ်ချင်တယ်ဆိုရင် သာမန်လူ အဆင့်အတန်းနဲ့တော့ ဆက်နေလို့ မရတော့ဘူး"
"ဒါက"
ဦးလေးမာက ကြောင်အမ်းသွားပြီး ချက်ချင်းပင် ခါးသီးစွာ ပြုံးလိုက်ကာ "ရှောင်လင်းရာ... အစွမ်းနိုးထလာတယ်ဆိုတာ တစ်မနက် တစ်ညတည်းနဲ့ ဖြစ်လာနိုင်မယ့် ကိစ္စမှ မဟုတ်တာ"
"ပြီးတော့ ငါက ဒီလောက်တောင် အသက်ကြီးနေပြီ... နောက်ထပ် ဘယ်နှစ်နှစ်လောက် အသက်ရှင်နိုင်ဦးမလဲတောင် မသိရသေးဘူး... သေခါနီးအချိန်အထိတောင် အစွမ်းနိုးထလာနိုင်ပါ့မလားလို့ စိုးရိမ်တယ်"
လင်းယွမ်က ပြုံးလိုက်ကာ သူ၏စကားကို ဖြတ်ပြောလိုက်ပြီး "ဒါကြောင့် ကျွန်တော် ဦးလေးအတွက် ဒါလေး ပြင်ဆင်ထားတယ်"
ပြောရင်းဖြင့် သူက လက်ဝါးကို လှန်လိုက်ရာ သူ၏လက်ဖဝါးထဲတွင် မီးတောက်လို နီရဲနေသော တည်သီးငယ်လေး တစ်လုံး ပေါ်လာခဲ့သည်။
ထိုတည်သီးက မီးအိမ်ငယ်လေး တစ်လုံးနှင့် ပုံစံတူပြီး မီးတောက်ကဲ့သို့ တောက်ပနေကာ အလင်းရောင်များ ယိုဖိတ်နေသည်။
၎င်းမှာ အစောပိုင်းက လင်းယွမ် မိန်တောင်ပေါ်မှ ရရှိခဲ့သော မီးအိမ်တည်သီးပင် ဖြစ်သည်။
"သန္ဓေပြောင်း အသီးပဲ" ဘေးတွင်ရှိနေသော ဝူယင်က ချက်ချင်းပင် အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။
ဦးလေးမာက ထိုမီးအိမ်တည်သီးကို ကြည့်လိုက်ရာ ချက်ချင်းပင် အသက်ရှူနှုန်းများ မြန်ဆန်လာပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည်။
လင်းယွမ်က ပြုံးလိုက်ကာ "ဦးလေးမာ... ဘာတွေ ကြောင်ကြည့်နေတာလဲ... ယူလိုက်လေ"
မာကောချိုင်မှာ ရုတ်တရက် သတိပြန်ဝင်လာပြီး အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ ကြီးမားလှသော စိတ်ပိုင်းဖြတ်မှုဖြင့် "ရှောင်လင်း... မင်း... မင်း ဒီလိုလုပ်စရာ မလိုပါဘူး... ဒီသန္ဓေပြောင်း အသီးက အရမ်းကို အဖိုးတန်လွန်းတယ်... ငါ့ကို ပေးလိုက်တာက... အရမ်း နှမြောဖို့ ကောင်းလွန်းပါတယ်"
"ငါက ဒီလောက် အသက်ကြီးနေပြီ... ဘယ်နှစ်နှစ်လောက်များ အသက်ရှင်နိုင်ဦးမှာမို့လို့လဲ"
"မင်း အဲ့ဒါကို လူငယ်တွေကို ချန်ထားပေးပြီး သူတို့ကို အခွင့်အရေး ပေးလိုက်တာကမှ ပိုကောင်းဦးမယ်"
လင်းယွမ်၏ ရင်ထဲတွင် ဦးလေးမာအပေါ် ပို၍ပင် အထင်ကြီးသွားမိပြီး အသာအယာပြုံးလိုက်ကာ "ဦးလေးမာ... ကျွန်တော်တို့တွေ မိန်တုဥယျာဉ်မှာ ရှိနေကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြတာလေ"
"အစပိုင်း ကျွန်တော် အစွမ်းမနိုးထလာသေးခင် အချိန်တုန်းကတည်းက... ကျွန်တော်တို့တွေက အဖွဲ့တစ်ခုတည်းက မိတ်ဆွေကောင်းတွေ ဖြစ်နေခဲ့ကြတာပဲ"
"အခုဆိုရင် အမမေ၊ တင်းယန်၊ ကျောက်ခိုင်တို့တောင် တစ်ယောက်ပြီးတစ်ယောက် အစွမ်းတွေ နိုးထလာကြပြီ... အဒေါ်ကြီးလီတောင် အစွမ်းနိုးထလာပြီပဲ"
"တကယ်လို့ ဒီသန္ဓေပြောင်း အသီးသာ မရှိဘူးဆိုရင်တော့ တစ်မျိုးပေါ့"
"ဒါပေမဲ့ ကျွန်တော့်ဆီမှာ ရှိနေမှတော့... ဦးလေး အစွမ်းမနိုးထလာနိုင်တာကို ကျွန်တော်က ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ"
သူက မတ်တပ်ရပ်လိုက်ပြီး ဦးလေးမာ၏ အရှေ့သို့ လျှောက်သွားကာ သန္ဓေပြောင်း တည်သီးကို လှမ်းပေးလိုက်ပြီး "စားလိုက်ပါ... အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာပြီး ကျွန်တော်တို့ အားလုံးနဲ့အတူတူ ကျွန်တော်တို့ရဲ့ အိမ်ကို ကာကွယ်ပေးပါ"
ဦးလေးမာမှာ ချက်ချင်းပင် မျက်ဝန်းများ အနည်းငယ် နီရဲလာပြီး လင်းယွမ်ကို ကြည့်လိုက်ရာ သူ၏အကြည့်များက နူးညံ့နေပြီး မျှော်လင့်ချက်များ ပါဝင်နေသည်ကို မြင်လိုက်ရသည်။
သူက နောက်ဆုံးတွင် မီးအိမ်တည်သီးကို လှမ်းယူလိုက်ပြီး "ရှောင်လင်း... ကျေးဇူးတင်ပါတယ်ကွာ"
"ဒီလို သူစိမ်းဆန်တဲ့ စကားတွေ ပြောမနေပါနဲ့တော့... မြန်မြန် စားလိုက်... ခဏနေ အစွမ်းနိုးထလာရင် အဒေါ်ကြီးလီကို ပြန်သွားပြီး အံ့သြသွားအောင် လုပ်လိုက်" လင်းယွမ်က ပြုံးရင်း ပြောလိုက်သည်။
ဦးလေးမာကလည်း ချက်ချင်းပင် ရယ်မောလိုက်ပြီးနောက် ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ လင်းယွမ်၏ မျက်စေ့ရှေ့မှာပင် ပါးစပ်ဟကာ ထိုတည်သီးကို စားလိုက်တော့သည်။
သန္ဓေပြောင်း တည်သီးကို ဗိုက်ထဲသို့ မြိုချလိုက်သည်နှင့် တစ်ပြိုင်နက် ဦးလေးမာ၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ခါသွားသည်။
သူ၏ဝမ်းဗိုက်ထဲမှ အစွမ်း စွမ်းအင်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူ၏ စိတ်ပင်လယ်ကို သက်ရောက်မှု ဖြစ်စေသည်။
စိတ်စွမ်းအင်များက တဖြည်းဖြည်း အသွင်ပြောင်းလဲသွားပြီး ဦးလေးမာက မျက်လုံးများကို ပြူးကျယ်ထားလိုက်သည်။
လင်းယွမ်၏ အသံ ထွက်ပေါ်လာသည်။ "မစိုးရိမ်နဲ့... သန္ဓေပြောင်း အသီးကို စားတာက စိတ်ပိုင်းဆိုင်ရာ အန္တရာယ် မဖြစ်စေနိုင်ဘူး"
စကားသံ အဆုံးတွင် ဦးလေးမာ၏ စိတ်စွမ်းအင်များက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်ကို မြင်လိုက်ရသည်။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ မြေဝါရောင် အလင်းစက်ဝန်းတစ်ခု ဖြာထွက်လာသည်။
ဘေးတွင်ရှိနေသော ဝူယင်က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် "မြေဓာတ်ပဲ"
လင်းယွမ်ကလည်း အပြုံးတစ်ခုကို ပြသလိုက်ကာ "အမှန်ပဲ"
ခေတ္တအကြာတွင် ဦးလေးမာမှာ မြေဝါရောင် အစွမ်းအလင်းတန်းများဖြင့် အပြည့်အဝ ဖုံးလွှမ်းခံလိုက်ရသည်။
သို့သော် အသက်ရှူအကြိမ် အနည်းငယ်မျှ အချိန်အတွင်းမှာပင် အလင်းရောင်များက ပျံ့နှံ့ပျောက်ကွယ်သွားပြီး ဦးလေးမာက မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏မျက်ဝန်းများထဲတွင် မြေဝါရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
ချက်ချင်းပင် သူက ခေါင်းငုံ့ကာ သူ၏လက်ဖဝါးနှင့် ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
ဤအချိန်တွင် သူက အသက်နှစ်ဆယ်မက ပို၍ ငယ်ရွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ကိုယ်လုံးရှိ အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်နေသော ရောဂါများအားလုံးကလည်း အကုန်လုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လက်နှင့် ခြေထောက်ရှိ အဆစ်အမြစ်များကလည်း မနာကျင်တော့ဘဲ မီးခိုးရောင်နှင့် အဖြူရောင် ရောနေသော ဆံပင်များကလည်း အတော်လေး မည်းနက်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ခွန်အားများနှင့် တက်ကြွမှုများ ပြည့်နှက်နေသည်ကို သူ ခံစားလိုက်ရသည်။
တစ်ခဏမျှ သူက သူ့ကိုယ်သူ လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားပြီဟုပင် ထင်မှတ်လိုက်မိသည်။
"ဒါ... ဒါက အစွမ်းလား"
"ငါ အခု အစွမ်းနိုးထလာပြီလား"
ဦးလေးမာက သူ၏လက်ဖဝါးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကာ တီးတိုးရေရွတ်လိုက်ပြီး မယုံကြည်နိုင်သေးပုံ ပေါ်နေသည်။
လင်းယွမ်က ရယ်မောလိုက်ပြီး ဦးလေးမာ၏ ပခုံးကို ပုတ်ကာ "ဦးလေးမာ... ကြောင်မနေပါနဲ့တော့... ဦးလေးရဲ့ အစွမ်းက ဘာအာနိသင်တွေ ရှိလဲဆိုတာ စမ်းကြည့်လိုက်ဦး" ဟု မေးလိုက်သည်။
ဘေးတွင်ရှိနေသော ဝူယင်ကလည်း စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ် ဦးလေးမာ... ဦးလေးရဲ့ ဒီမြေဓာတ်အစွမ်းက ဘာအသုံးဝင်တာလဲ"
ဦးလေးမာမှာ ချက်ချင်းပင် သတိပြန်ဝင်လာပြီး သူ၏အစွမ်းကို တစ်ချက် ခံစားကြည့်လိုက်သည်။
"ငါ စမ်းကြည့်မယ်... ငါ့ခံစားချက်အရ ငါက ရွှံ့မြေတွေကို ထိန်းချုပ်နိုင်တဲ့ပုံပဲ"
ပြောရင်းဖြင့် သူက လက်ကို ဆန့်ထုတ်ကာ မြေပြင်ပေါ်သို့ ဖွဖွလေး ဖိချလိုက်ရာ ချက်ချင်းပင် မူလက မာကျောနေသော မြေပြင်က ရေလှိုင်းများကဲ့သို့ ပြောင်းလဲသွားပြီး ဖြည်းညင်းစွာ လှိုင်းထလာသည်။
ထို့နောက် ဦးလေးမာက စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ ချက်ချင်းပင် မြေပြင်ပေါ်ရှိ ရွှံ့မြေများက အလျင်အမြန် မြင့်တက်လာပြီး သူ၏စိတ်စွမ်းအင်အရ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲသွားသည်။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်ခုံးပင့်သွားမိပြီး "ရွှံ့မြေတွေကို ထိန်းချုပ်တာလား"
"ဦးလေးမာ... ခင်ဗျား မြေလျှိုးနိုင်လား" ဝူယင်က မနေနိုင်ဘဲ မေးလိုက်သည်။
ဦးလေးမာက ထိုစကားကို ကြားသောအခါ တစ်ချက် ခံစားကြည့်လိုက်ပြီးနောက် လက်ကို ဆန့်ထုတ်ကာ ရွှံ့မြေများဆီသို့ ဖိချလိုက်သည်။
ချက်ချင်းပင် ထိုရေလှိုင်းကဲ့သို့သော ရွှံ့မြေများက တကယ်ပင် မှန်ထဲမှပန်းနှင့် ရေထဲမှလကဲ့သို့ ဖြစ်သွားကာ သူက အလွယ်တကူပင် ထိုးဖောက်ဖြတ်သန်းသွားနိုင်ခဲ့သည်။
ဦးလေးမာက မျက်လုံးများကို ဖွင့်လိုက်ပြီး အံ့သြဝမ်းသာစွာဖြင့် "ရတယ်... ဒါပေမဲ့ ငါ့ရဲ့ စိတ်စွမ်းအင် ဖုံးလွှမ်းနိုင်တဲ့ အတိုင်းအတာထဲမှာပဲ မြေလျှိုးတဲ့ အာနိသင်ကို ရနိုင်တာ"
လင်းယွမ်က "တခြား စွမ်းရည်တွေရော ရှိသေးလား" ဟု မေးလိုက်သည်။
ဦးလေးမာက ထိုစကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုရွှံ့မြေများဆီသို့ ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
ချက်ချင်းပင် ရွှံ့မြေများက ဝုန်းကနဲ မြည်သံနှင့်အတူ ချက်ချင်းပင် ကျစ်လျစ်သွားကာ မြေနံရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သံနံရံတစ်ခုကဲ့သို့ မာကျောသွားသည်။
ဦးလေးမာက "ဒါကရော အကျုံးဝင်လား"
လင်းယွမ်က ရှေ့သို့ တိုးသွားကာ မြေနံရံကို ပုတ်ကြည့်လိုက်ရာ ချက်ချင်းပင် ဒုန်းဒုန်း ဆိုသည့် အသံများ ထွက်ပေါ်လာသည်။
သူက "မြေနံရံရဲ့ သိပ်သည်းဆက ပိုများသွားတာလား"
ဦးလေးမာက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်... ငါက ရွှံ့မြေရဲ့ သိပ်သည်းဆကို ပြောင်းလဲပေးနိုင်တယ်... အစက ပွယောင်းနေတဲ့ ရွှံ့မြေတွေကို သိပ်သည်းဆများတဲ့ မြေတုံးတွေ ဖြစ်သွားအောင် လုပ်နိုင်တယ်"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ချက်ချင်းပင် မြေဝါရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
ထို့နောက် လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ဤထူထဲသော မြေနံရံဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
လက်မောင်းက မြေနံရံထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူက ထူးခြားမှုကို ခံစားလိုက်ရသည်။
သူ၏ မြေလျှိုးအစွမ်းဖြင့် မြေနံရံကို ဖြတ်သန်းသွားရာတွင် ထူးထူးခြားခြားပင် စိတ်စွမ်းအင်များ ပိုမို ကုန်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်မှာ ချက်ချင်းပင် နားလည်သွားသည်။ ဦးလေးမာ၏ ဤနည်းစနစ်က မြေလျှိုးအစွမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
တစ်ချိန်တည်းမှာပင် သူက မြေလျှိုးအစွမ်းကို အသုံးပြုရသည့် လုပ်ငန်းစဉ်ကို ချက်ချင်း ဆက်စပ်တွေးတောမိသွားသည်။
မြေလျှိုးအစွမ်း၏ အခြေခံ သဘောတရားမှာ မြေဓာတ်များကို ပါးလွှာသွားစေခြင်းဖြင့် ရွှံ့မြေများ၏ အခြေအနေကို ပြောင်းလဲကာ ရွှံ့မြေများကို ရေစီးကြောင်းများကဲ့သို့ ဖြစ်သွားစေပြီး အလွယ်တကူ ဖြတ်သန်းသွားနိုင်ခြင်း ဖြစ်သည်။
သို့သော် ဦးလေးမာ၏ ဤနည်းစနစ်က မူလက ရေစီးကြောင်းကဲ့သို့ ဖြစ်နေသော ရွှံ့မြေများကို မာကျောသော ရွှံ့မြေများဖြစ်အောင် အတင်းအကျပ် ဖိသိပ်လိုက်ခြင်းနှင့် တူညီသည်။
ဤအရာက မြေလျှိုးအစွမ်း၏ ခက်ခဲမှုကို များစွာ တိုးပွားသွားစေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
လင်းယွမ်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး ခေါင်းလှည့်ကာ ဦးလေးမာကို ကြည့်လိုက်ရင်း "ဂုဏ်ယူပါတယ် ဦးလေးမာ... ဦးလေးရဲ့ ဒီစွမ်းရည်နဲ့ဆိုရင် နောက်ပိုင်း ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့မှာ ဘယ်သူကမှ ဦးလေးရှေ့မှာ ပြဿနာရှာရဲတော့မှာ မဟုတ်ဘူး"
ဦးလေးမာကလည်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"ရှောင်လင်း... ငါထင်တာ ငါ့ရဲ့ ဒီအစွမ်းက လူတွေနဲ့ ရန်ဖြစ်ဖို့ သီးသန့် အသုံးချစရာ မလိုပါဘူး... တကယ်တမ်း ခြံစည်းရိုးတွေ ဘာတွေ ဆောက်တဲ့နေရာမှာ သုံးရင် ပိုမကောင်းဘူးလား"
"ဒီအစွမ်း ရှိလာတော့ နောက်ပိုင်း အိမ်တွေဆောက်တာ၊ မြို့ရိုးတွေဆောက်တာက ပိုပြီး လွယ်ကူသွားတော့မှာပေါ့"
ဘေးတွင်ရှိနေသော ဝူယင်က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်းပင် "ဦးလေးမာ... ဒါဆို ဒီတစ်ခေါက် လင်းယွင်တောင်စောင်းကို သွားတဲ့အခါ ဦးလေးရဲ့ အဲ့အစွမ်းကို သုံးပြီး စခန်းဆောက်ဖို့ ကျွန်တော့်ကို ကူညီပေးပါလား"
ဦးလေးမာက ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် "ရတာပေါ့... ငါ့လည်း စမ်းသတ်ချင်နေတဲ့ စိတ်ကူးတစ်ခု ရှိနေတာ အတော်ပဲ... လက်တွေ့ အသုံးချကြည့်လို့ ရတာပေါ့"
လင်းယွမ်နှင့် ဝူယင်တို့က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ဦးလေးမာကို ကြည့်လိုက်ကြပြီး အနည်းငယ် သိချင်စိတ် ပြင်းပြသွားကြသည်။
"ဦးလေးမာ... ခင်ဗျားမှာ ဘာစိတ်ကူးအသစ်တွေ ရှိလို့လဲ" ဝူယင်က အလျင်အမြန် မေးလိုက်သည်။
ဦးလေးမာက သူ၏လက်ကို ကြည့်ရင်း "ငါ တွေးနေတာက... ရေဘေးကြီးမတိုင်ခင်တုန်းက ငါတို့တွေ ဘိလပ်မြေကို တီထွင်နိုင်ခဲ့ကြတယ်မလား"
"အခုရော ဘာလို့ အစွမ်းတွေကို သုံးပြီး ပို ခိုင်ခံ့တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို မတီထွင်နိုင်ရမှာလဲ"
ဆက်ရန်...
အပိုင်း (၃၆၄) စာသင်ကျောင်း ဖွင့်လှစ်ခြင်း
ပိုမို ခိုင်ခံ့သော ဆောက်လုပ်ရေး ပစ္စည်းတွေ။
ထိုအတွေးကြောင့် လင်းယွမ်နှင့် ဝူယင်တို့ နှစ်ယောက်စလုံးက ကြက်သေသေသွားကြသည်။
ဦးလေးမာက စိတ်လှုပ်ရှားစွာဖြင့် "သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးတွေက သိပ်ကို မာကျောတာပဲ... အဲဒါတွေကို အမှုန့်ကြိတ်ပြီး ရွှံ့စေးတွေနဲ့ ရောနယ်မယ်... ပြီးတော့ ပင်လယ်မျှော့ ကော်စေးတွေပါ ရောထည့်လိုက်မယ် ဆိုရင် အလွန်ခိုင်ခံ့တဲ့ အုတ်ခဲတွေ ထုတ်လုပ်လို့ ရနိုင်မလားလို့ ငါ တွေးနေတာ" ဟု ပြောလိုက်သည်။
"ပင်လယ်မျှော့ ကော်စေးရဲ့ အစွမ်းထက်တဲ့ စေးကပ်မှုကြောင့်... ထုတ်လုပ်လိုက်တဲ့ အုတ်ခဲတွေက တစ်ကြိမ် ခြောက်သွေ့သွားပြီဆိုတာနဲ့ ဖျက်ဆီးဖို့ ခဲယဉ်းသွားပြီ"
"ဒီလို အုတ်ခဲမျိုးတွေကို အသုံးပြုပြီး ခံတပ်ရိုးတွေ တည်ဆောက်မယ် ဆိုရင်... သေချာပေါက် အလွန် ခိုင်ခံ့မှာပဲ"
ဦးလေးမာက သူ၏ အတွေးများကို လက်ဟန်ခြေဟန်ဖြင့် စိတ်လှုပ်ရှားစွာ စတင် ပြောပြနေ၏။
လင်းယွမ်က သူ၏ ထူးဆန်းအံ့သြဖွယ်ကောင်းသော တွေးခေါ်မှုကြောင့် အံ့အားသင့်သွားရသည်။
ဆောက်လုပ်ရေး ပစ္စည်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းလား။
ဤအရာက သူ တစ်ခါမှ စိတ်ကူးမယဉ်ဖူးသော ကိစ္စရပ်ပင် ဖြစ်သည်။
သူ၏ အာရုံစိုက်မှုက သန္ဓေပြောင်းစွမ်းအင် အပေါ်တွင်သာ အမြဲတမ်း ရှိနေခဲ့သည်။
တကယ်ပင် လူတစ်ဦးစီ၌ ကျွမ်းကျင်ရာ သက်မွေးဝမ်းကျောင်းပညာဟူသည် ရှိကြသည်ကိုး။
ဦးလေးမာက အချိန်ကြာမြင့်စွာကတည်းက ဆောက်လုပ်ရေးဌာန၏ ကိစ္စရပ်များကို တာဝန်ယူလာခဲ့သူ ဖြစ်သည်။
ယခု သူ နိုးထလာခဲ့သော အစွမ်းကလည်း ဆောက်လုပ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် မြေဓာတ် အစွမ်းပင် ဖြစ်နေသည်။
ယခု ဖန်တီးနိုင်စွမ်းရှိသော အတွေးများကလည်း ထိုဘက်သို့သာ ယိမ်းယိုင်နေပေသည်။
ဤအရာက လူတစ်ဦးတစ်ယောက်၏ တွေးခေါ်နိုင်စွမ်းသည် အဆုံးတွင် ကန့်သတ်ချက် ရှိနေကြောင်းကို လင်းယွမ်အား နောက်တစ်ကြိမ် နားလည်သဘောပေါက်သွားစေသည်။
လူအင်အား များပြားမှသာလျှင် အမျိုးမျိုးသော ထူးဆန်းအံ့သြဖွယ် အတွေးအခေါ်များ ပေါ်ထွက်လာနိုင်ပြီး တစ်ခုလုံးသော ခိုလှုံရေးစခန်းကို ပိုမို ကြီးပွားတိုးတက်လာစေရန် တည်ဆောက်နိုင်မည် ဖြစ်သည်။
သူက ပြုံးလိုက်မိပြီး မာကောချိုင်၏ ပခုံးကို ပုတ်ကာ "ဦးလေးမာ... ဦးလေး စိတ်ကြိုက်သာ လုပ်ကြည့်လိုက်ပါ... ဦးလေးရဲ့ တီထွင်ဖန်တီးမှု ရလဒ်တွေကို ကျွန်တော် အများကြီး မျှော်လင့်နေပါတယ်" ဟု ပြောလိုက်သည်။
ဦးလေးမာကလည်း မျက်နှာတစ်ခုလုံး ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။
နောက်ထပ် ခဏခန့် စကားစမြည် ပြောဆိုပြီးနောက် ထိုနှစ်ယောက်က လင်းယွမ်ကို နှုတ်ဆက် ထွက်ခွာသွားကြသည်။
လင်းယွမ်က ပြတင်းပေါက်နားသို့ လျှောက်သွားပြီး နေရာတိုင်းတွင် အလုပ်များနေကြသော ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ကြည့်လိုက်သည်။
သူက ခိုလှုံရေးစခန်း၏ ရှင်သန်တက်ကြွနေသော အသက်ဝင်မှုကို ရင်ထဲမှနေ၍ ခံစားလိုက်ရသည်။
လူတိုင်းက ကြိုးစားပမ်းစား လုပ်ဆောင်နေကြသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းက သေချာပေါက် ပိုပိုပြီး ကောင်းမွန်လာပေလိမ့်မည်။
ထို့နောက်တွင်တော့ ငြိမ်းချမ်းသော နေ့ရက်တစ်ချို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး နေ့စဉ်နှင့်အမျှ တက်ကြွလှုပ်ရှားနေသည်။
လင်းယွင်တောင်စောင်း၏ ဖွံ့ဖြိုးရေး တည်ဆောက်မှုများကို စတင်နေပြီ ဖြစ်ပြီး လူအင်အားနှင့် ပစ္စည်းအင်အား အများအပြားကို ထိုနေရာသို့ ရင်းနှီးမြှုပ်နှံထားသည်။
ထိုက်ယန်တောင်ဘက်တွင်လည်း အစွမ်းဆိုင်ရာ စာသင်ကျောင်းကို တည်ဆောက်ထားပြီး ကျောင်းနေအရွယ် ကလေးများအားလုံးကို ပညာသင်ကြားရန် ပို့ဆောင်ပေးမည် ဖြစ်သည်။
ဤအရာက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ နေထိုင်သူများကို မျိုးဆက်သစ်များအတွက် မျှော်လင့်ချက်ကို မြင်တွေ့သွားစေသည်။
လူတိုင်း၏ မျက်လုံးများထဲတွင် အပြုံးများ လွှမ်းခြုံနေသည်။
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သော်လည်း သန္ဓေပြောင်း နေကြာပန်းများ ရှိနေခြင်းကြောင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ကျယ်ပြန့်သော နေရောင်ခြည်ရရှိသည့် ဇုန်တစ်ခုကို လူကိုယ်တိုင် ဖန်တီးနိုင်ခဲ့သည်။
ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့က သန္ဓေပြောင်း နေကြာပန်းများကို အစွမ်းကုန် စိုက်ပျိုး ပြုစုပျိုးထောင်ပေးမှုကြောင့်...
မျိုးဆက်သစ် သန္ဓေပြောင်း နေကြာပန်းများကလည်း ကြီးထွားရှင်သန်လာခဲ့ပြီ ဖြစ်သည်။
သိထားရမည်မှာ ရေဘေးကြီး မတိုင်မီက နေကြာပန်းတစ်ပွင့်သည် နေကြာစေ့ တစ်ထောင်မှ နှစ်ထောင်အထိ သီးပွင့်နိုင်စွမ်း ရှိခဲ့သည်။
လင်းယွမ် မဲနှိုက်ရရှိထားသော သန္ဓေပြောင်း နေကြာပန်းများကတော့ အထွက်နှုန်း ပိုများပြီး တစ်ပင်လျှင် နေကြာစေ့ ငါးထောင်နီးပါးခန့် ထုတ်လုပ်ပေးနိုင်သည်။
လင်းယွမ်က နေကြာပန်း အပင်တစ်ရာခန့် စိုက်ပျိုးထားခဲ့ရာ ယခုအကြိမ် အထွက်နှုန်းက နေကြာစေ့ ငါးသိန်းအထိ ပြည့်ပြည့်ဝဝ ရရှိခဲ့သည်။
ထိုမျိုးစေ့များကို အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့က စုပေါင်း ပြုစုပျိုးထောင်ပေးကြပြီး ပန်းပွင့်လာသည့် အချိန်ရောက်မှသာ ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်း ဟူသော နေရာသုံးခုသို့ ခွဲခြား ပြောင်းရွှေ့စိုက်ပျိုးမည် ဖြစ်သည်။
ယခုဆိုလျှင် တောင်သုံးလုံးစလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် နေရောင်ခြည်ဇုန်များ ရှိနေပြီ ဖြစ်ကာ နေရောင်ခြည်ဇုန်၏ နယ်ပယ်ကလည်း အလွန် ကျယ်ပြန့်လာခဲ့သည်။
၎င်းသာမက နောင်တစ်ချိန်တွင် ဤနေကြာပန်းများ ပိုပိုပြီး များပြားလာပါက ဆီကြိတ်ရာတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ နေထိုင်သူများကလည်း ဆီကို လွတ်လပ်စွာ အသုံးပြုနိုင်မည့် အခွင့်အရေးကို ရရှိတော့မည် ဖြစ်သည်။
ထိုက်ယန်တောင် စာသင်ကျောင်း ဖွင့်လှစ်မှုနှင့်အတူ ထိုက်ယန်တောင် မျိုးရိုးဗီဇကျင့်စဉ် သတင်းကလည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွင်း ပျံ့နှံ့သွားခဲ့သည်။
"အမေ... အမေ... သား ကျောင်းတက်ရတော့မယ်... သား ကျောင်းသွားတက်ရတော့မယ်"
ဈေးဝယ်စင်တာ ပထမထပ် စားသောက်ဆိုင်တန်းရှိ ဟူမိသားစု ပေါက်စီဆိုင်ရှေ့တွင် ဖြစ်သည်။
ဟူတုတုက လေပွေတစ်ခုလို ပြေးဝင်လာပြီး ပေါက်စီဆိုင်ထဲသို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဆိုင်ထဲတွင် အလုပ်ရှုပ်နေကြသော ဟူဝေမင်နှင့် သူ၏ မိန်းမ လျှိုရှုချင်းတို့က ပေါက်စီများ လုပ်နေကြသည်။
သားဖြစ်သူ ဟူတုတု၏ ထိုအော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် နှစ်ယောက်စလုံး ကြက်သေသေသွားကြသည်။
ဟူဝေမင်က မနေနိုင်ဘဲ "ဒီကလေးတော့လေ... အခု ဘယ်အချိန် ရှိနေပြီလဲ... မင်းကို တက်ခိုင်းစရာ ကျောင်းက ဘယ်မှာ ရှိတော့မှာလဲ" ဟု ပြောလိုက်သည်။
လျှိုရှုချင်းကလည်း အခန်းထဲမှ ထွက်လာပြီး ရွှံ့တွေ ပေကျံနေသော သားဖြစ်သူကို ကြည့်ကာ "နင်ဘယ်မှာ သွားဆော့လာပြန်ပြီလဲ... မြန်မြန် ဝင်ခဲ့... ခဏနေရင် နေရောင်ခြည်ခန်းဘက်က ရေချိုးခန်းမှာ သွားပြီး ရေဆေးရမယ်" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
ဟူတုတုက လျှိုရှုချင်း၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားပြီး "အမေ... နေရောင်ခြည်ဇုန်ဘက်မှာ ကျောင်းအသစ် တစ်ကျောင်း ဆောက်ထားတယ်... ခုနက အစ်မတုံယန် ပြောတာ သား ကြားလိုက်တယ်... အဲဒီမှာ နောက်ဆိုရင် ကျောင်းဖွင့်တော့မှာတဲ့... နောက်ဆိုရင် သားလည်း ကျောင်းတက်ရတော့မယ်" ဟု အော်ပြောလိုက်သည်။
လျှိုရှုချင်းက အလွန် အံ့အားသင့်သွားပြီး "ဘာ... ဟိုဘက်မှာ ဆောက်ထားတဲ့ အဆောက်အအုံက ကျောင်းလား" ဟု မေးလိုက်သည်။
ဟူဝေမင်ကလည်း ထိုအသံကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ပြေးထွက်လာကာ "ဘာ... ဘာကျောင်းလဲ... တုတု... မင်း ငါတို့ကို လာမလိမ်နဲ့နော်" ဟု အမြန် မေးလိုက်သည်။
ဟူတုတုက စိုးရိမ်တကြီး ခြေဆောင့်ကာ "တကယ်ပြောတာပါဆို... အစ်မဖိန်ဖိန်လည်း အဲဒီမှာ ရှိနေတယ်... ခုနက သူတို့ပြောနေတာကို သား ကြားခဲ့တာ"
"သူတို့က ပြောသေးတယ်... အဲဒီကျောင်းက ကျွန်တော်တို့ကို စာသင်ပေးရုံတင် မကဘူး... အစွမ်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုပါ သင်ပေးမှာတဲ့"
"သင်္ကေတပညာ နည်းပညာတွေ၊ အစွမ်း အမျိုးအစား ခွဲခြားတာတွေ၊ သန္ဓေပြောင်း သတ္တဝါတွေရဲ့ မျိုးစိတ်တွေကို ခွဲခြားသိမြင်တာတွေ ပါတယ်... အော် ဟုတ်သားပဲ... အစ်မတုံယန်က ကျောင်းမှာ သန္ဓေပြောင်းစွမ်းအင်တွေကို စုပ်ယူတဲ့ နည်းလမ်းတွေကိုပါ သင်ပေးမယ်လို့ ပြောတယ်"
"သူက ပြောသေးတယ်... အဲဒီအချိန်ကျရင် ကျွန်တော်တို့ ကလေးတွေတင် သင်ရမှာ မဟုတ်ဘူး... အဖေတို့ လူကြီးတွေလည်း သွားသင်လို့ ရတယ်တဲ့"
ဟူဝေမင်နှင့် သူ၏ မိန်းမ လျှိုရှုချင်းတို့က ချက်ချင်း မျက်လုံးပြူးသွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။
"အစ်ကိုဟူ... ဒါ... ဒါက တကယ်ကြီးလား"
ဟူဝေမင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး "မင်း ဆိုင်ကို ကြည့်ထားလိုက်... ငါ သွားပြီး တစ်ချက်လောက် စုံစမ်းကြည့်လိုက်ဦးမယ်" ဟု ချက်ချင်း ပြောလိုက်သည်။
"မြန်မြန် သွား... မြန်မြန် သွားလေ" လျှိုရှုချင်းက သူ့ကို တွန်းကာ သွားမေးရန် အလျင်စလို တိုက်တွန်းလိုက်သည်။
ဟူဝေမင်က ဘားဘက်သို့ အမြန် ပြေးသွားလိုက်ရာ ထိုနေရာသို့ ရောက်သည်နှင့် ဘားပေါက်ဝတွင် လူအုပ်ကြီး စုရုံးနေသည်ကို မြင်လိုက်ရသည်။
တံခါးဝရှိ ဆိုင်းဘုတ်ပေါ်တွင် ကြေညာစာများ ကပ်ထားပြီး ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူများကလည်း ဆွေးနွေးပြောဆိုနေကြသည်။
"ဘုရားရေ... ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ဟုတ်လား... အဲဒါက ဘာကြီးလဲ"
"နေပါဦး... ဒီမျိုးရိုးဗီဇ နိုးထခြင်းကျင့်စဉ်ဆိုတာက ငါတို့ကို အစွမ်းတွေ အမြန် နိုးထလာအောင် လုပ်ပေးနိုင်တာလား"
"ဒါလိမ်နေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မင်းမေလင်ကို လိမ်ရမှာလား... ဒါက ဆရာလင်းယွမ်ကိုယ်တိုင် သုတေသန လုပ်ပြီး ရှာဖွေတွေ့ရှိထားတာကွ... မင်းက ဆရာလင်းယွမ်ကို လိမ်နေတယ်လို့ ပြောရဲတာလား"
"ဒီလိုဆိုရင် ငါတို့အားလုံးလည်း အစွမ်းတွေကို နိုးထနိုင်ပြီပေါ့"
"ဒီကျောင်းက အခကြေးငွေ ယူမှာလား"
"မယူဘူးတဲ့... အခမဲ့တဲ့လား... လခွမ်းပဲ"
"ဟီးဟီး... ငါလည်း ကျောင်းသွားတက်ချင်တယ်... ငါလည်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာနိုင်ပြီလား"
"မြတ်စွာဘုရား... ဆရာလင်းယွမ်က တကယ့်ကို သက်ရှိထင်ရှား သူတော်စင်တစ်ပါးပဲ"
......
ပတ်ဝန်းကျင်မှ ရှုပ်ထွေးဆူညံနေသော အသံများက မျိုးရိုးဗီဇကျင့်စဉ်နှင့် စာသင်ကျောင်း ဖွင့်လှစ်မည့် ကိစ္စများကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ဟူဝေမင်၏ ဦးနှောက်ထဲတွင် တစ်ချက်ချင်း တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှု၊ အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုနှင့် မယုံကြည်နိုင်မှုများ ရောယှက်နေသည်။
ခံစားချက် အမျိုးမျိုး ဝင်ရောက်လာပြီးနောက် သူက ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကာ လူအုပ်ထဲသို့ တိုးဝင်သွားပြီး ကြေညာသင်ပုန်းရှေ့သို့ ရောက်သွားသည်။
ထို့နောက်တွင်တော့ ကြေညာသင်ပုန်းပေါ်ရှိ ထိုက်ယန်တောင် အစွမ်းဆိုင်ရာ စာသင်ကျောင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်သည့် ကြေညာချက် အစီအရီကို မြင်တွေ့လိုက်ရသည်။
တစ်ခဏမျှ သူက ထိုနေရာတွင် ငေးမောစွာ ရပ်နေမိသည်။
"တကယ်ကြီးပဲ... တကယ်ကြီး ဖြစ်နေတာပဲ"
"ခိုလှုံရေးစခန်းက တကယ်ပဲ စာသင်ကျောင်း ဖွင့်တော့မှာပါလား"
"အဲဒါကလည်း အစွမ်းတွေနဲ့ ပတ်သက်တဲ့ စာသင်ကျောင်းတဲ့"
"ဟားဟားဟား... ငါ့သားလေး ကျောင်းတက်ရတော့မယ်... သူ့မှာလည်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရှိသွားပြီ"
ဟူဝေမင်က ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ဘေးနားရှိ လူကို ဆွဲကာ အားရပါးရ ပြောလိုက်သည်။
ဘေးနားရှိ လူကလည်း ထိုနည်းတူ ဝမ်းသာနေပြီး "သူဌေးဟူ... ခင်ဗျားသား တစ်ယောက်တည်း မဟုတ်ဘူးဗျ... လူတိုင်းက ဒီမျိုးရိုးဗီဇကျင့်စဉ်ကို သင်ယူဖို့ အခွင့်အရေး ရှိတာဗျ" ဟု ဆက်တိုက် ပြောလိုက်သည်။
"ကျွန်တော်တို့အားလုံး အစွမ်းတွေ နိုးထလာဖို့ အခွင့်အရေး ရသွားကြပြီလေ"
"ဆရာလင်းယွမ်က တကယ့်ကို တော်လွန်းပါတယ်... ဒီလို မျိုးရိုးဗီဇကျင့်စဉ်မျိုးကိုတောင် ဖန်တီးနိုင်တယ် ဆိုတော့လေ"
လူတိုင်းက အလွန် စိတ်လှုပ်ရှားနေကြပြီး အထူးသဖြင့် မိဘဖြစ်သူများက ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။
သူတို့ကိုယ်တိုင်က သာမန်လူတွေ ဖြစ်နိုင်ပြီး တိုးတက်မှု မရှိဘဲ နေနိုင်သော်လည်း သူတို့၏ မျိုးဆက်သစ်များကတော့ သာမန်လူတွေ အဖြစ် ဆက်လက် ရပ်တည်နေရသည်ကို သူတို့ မမြင်တွေ့လိုကြပေ။
ယခု လင်းယွမ်က သူတို့ကို မျှော်လင့်ချက် ပေးခဲ့ပြီ ဖြစ်ကာ သူတို့၏ မျိုးဆက်သစ်များကလည်း ပညာရေးကို သင်ကြားနိုင်မည် ဖြစ်ပြီး အစွမ်းများကို မည်သို့ နိုးထလာစေရမည်ဆိုသည်ကိုပါ သင်ယူနိုင်တော့မည် ဖြစ်သည်။
၎င်းသာမက ကြေညာသင်ပုန်းပေါ်တွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများကို ခေါ်ယူမည့် အကြောင်း ရှင်းလင်းစွာ ရေးသားထားပြီး ယခင်က ကျောင်းဆရာ အတွေ့အကြုံ ရှိခဲ့ဖူးသူတိုင်း လျှောက်ထားနိုင်သည်ဟု ဆိုထားသည်။
ထို့အပြင် ထိုက်ယန်တောင် ဈေးဝယ်စင်တာ စတုတ္ထထပ်ရှိ အပန်းဖြေခန်းတွင်လည်း အခန်းအချို့ကို သီးသန့် ဖွင့်လှစ်ပေးမည် ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် စာသင်ကြားရန် အသုံးပြုမည် ဖြစ်သည်။
မှန်ပေသည်... လင်းယွမ် စုဆောင်းလာခဲ့သော ကွန်ပျူတာများထဲတွင် အွန်လိုင်းသင်ခန်းစာ အချို့ ပါဝင်နေခဲ့သဖြင့် ကလေးများအား သင်ကြားပေးရန်အတွက် အဆင်ပြေစွာ ထုတ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။
သေချာပေါက် ကျောင်းလခကိုတော့ ပေးဆောင်ရမည် ဖြစ်သည်။ ပညာရေးကို အခမဲ့ ပေးနိုင်သော်လည်း ဆရာများ၏ လစာကိုတော့ ကင်းလွတ်ခွင့် မပေးနိုင်ပေ။
ကံကောင်းသည်မှာ လင်းယွမ် သတ်မှတ်ထားသော ကျောင်းလခက သိပ်မများလှပေ။
ထိုကျောင်းလခ အနည်းငယ်နှင့် နှိုင်းယှဉ်ပါက စာသင်ကျောင်းမှ ပံ့ပိုးပေးမည့် အစွမ်းဆိုင်ရာ ဗဟုသုတများက အများကြီး ပို၍ တန်ဖိုးရှိပေသည်။
သန္ဓေပြောင်းစွမ်းအင်များကို စုပ်ယူနိုင်သည့် မျိုးရိုးဗီဇကျင့်စဉ် တစ်ခုတည်းကပင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ နေထိုင်သူများအားလုံးကို အလွန် တန်သည်ဟု ခံစားရစေသည်။
ဤမျိုးရိုးဗီဇကျင့်စဉ်၏ တန်ဖိုးကြီးမားမှုနှင့် နှိုင်းယှဉ်လိုက်ပါက ဤကျောင်းလခ အနည်းငယ်က အခမဲ့ သင်ကြားရသည်နှင့် ဘာမှ မကွာခြားလှပေ။
ထို့ကြောင့် နောက်ပိုင်းကာလများတွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၌ ပညာသင်ယူမှု လှိုင်းတံပိုးကြီး တစ်ခု ရိုက်ခတ်လာခဲ့သည်။
အသက်အရွယ်ကြီးရင့်သူများမှအစ ကလေးငယ်များအထိ မျိုးရိုးဗီဇကျင့်စဉ် သင်ခန်းစာကို သင်ယူရန် စာရင်းသွင်းခဲ့ကြသည်။
ထိုသင်ခန်းစာအတွက် တစ်ဦးတည်းသော ဆရာမကတော့ လုယွီယန်ပင် ဖြစ်သည်။
ကံကောင်းသည်မှာ ဤသည်က အစပျိုးရုံမျှသာ ရှိသေးသည်။
လုယွီယန်က ပထမမျိုးဆက် ကျောင်းသားများကို ပြုစုပျိုးထောင်ပေးပြီးနောက် ဤမျိုးရိုးဗီဇကျင့်စဉ်ကို တတ်ကျွမ်းသူများ တစ်ယောက်ပြီး တစ်ယောက် ပိုမို များပြားလာပေလိမ့်မည်။
ထိုက်ယန်တောင်၏ ပညာသင်ယူမှု လှိုင်းတံပိုးက မိန်တောင်ဘက်ရှိ နေထိုင်သူများအပေါ်တွင်လည်း သက်ရောက်မှု ရှိခဲ့သည်။
အချို့သူများက မိုးလေဝသကို ဂရုမစိုက်ဘဲ မနက်စောစောကတည်းက မိန်တောင်မှ ထိုက်ယန်တောင် စာသင်ကျောင်းသို့ အလျင်စလို လာရောက်ကာ ပညာသင်ယူကြသည်။
သို့သော် လမ်းခရီး ဝေးကွာပြီး တောင်တက်တောင်ဆင်း ပြုလုပ်ရသည်မှာ သိပ်အဆင်မပြေမည်ကို စိုးရိမ်ရသည်။
ကျောက်ခိုင်က လင်းယွမ်ကို လာရောက် ရှာဖွေကာ တိုင်ပင်ဆွေးနွေးခဲ့ပြီး မိန်တောင်ဘက်ရှိ ကျဲ့ဆစ် စာသင်ကျောင်းတွင် ထိုက်ယန်တောင် စာသင်ကျောင်း၏ ကျောင်းခွဲ တစ်ခုကို တည်ထောင်ရန် စီစဉ်ခဲ့သည်။
လင်းယွမ်ကလည်း ချက်ချင်း ခွင့်ပြုပေးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပတ် အချိန် ကုန်လွန်သွားခဲ့သည်။
ဤနေ့တွင် ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်း ဟူသော တောင်ကြီးသုံးလုံးပေါ်တွင် လူတိုင်းက အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့က တစ်လလျှင် တစ်ကြိမ် ကျရောက်တတ်သော ဒီရေတက်မည့် အချိန် ဖြစ်နေသောကြောင့်တည်း။
ရေလှိုင်းများ လိမ့်တက်လာသည်နှင့်အမျှ ရေမျက်နှာပြင်ကလည်း မြင့်တက်လာသည်။
သန္ဓေပြောင်း ငါးအမြောက်အမြားက ကမ်းစပ်တွင် ပိတ်မိနေမည် ဖြစ်ပြီး သန္ဓေပြောင်း ဂဏန်းများနှင့် သန္ဓေပြောင်း ပုစွန်မိစ္ဆာများစွာကလည်း ကုန်းပေါ်သို့ အဆက်မပြတ် တက်လာကြမည် ဖြစ်သည်။
ထို့အပြင် ကုန်းနေရေနေ သတ္တဝါ အမျိုးမျိုး ဖြစ်ကြသော သန္ဓေပြောင်း မိစ္ဆာများကလည်း ကုန်းပေါ်သို့ တက်လာကာ အစာရှာကြမည် ဖြစ်သည်။
တောင်ပေါ် တောအုပ်များထဲရှိ ထိုသန္ဓေပြောင်း သတ္တဝါများကလည်း ထွက်လာကာ အမဲလိုက်ကြပေလိမ့်မည်။
သို့သော် လင်းယွမ်ကို အလေးထားဆုံး ဖြစ်စေခဲ့သည်မှာ ထိုအရာများ မဟုတ်ပေ။
လင်းယွမ် ပို၍ ဂရုစိုက်နေသည်က တိမ်လွှာများကြားထဲမှ ဆင်းသက်လာနိုင်သည့် သန္ဓေပြောင်း ငှက်အုပ်များပင် ဖြစ်သည်။
"ဆရာလင်းယွမ်... အားလုံး အဆင်သင့် ဖြစ်ပါပြီ"
ထူလုံက လင်းယွမ်၏ အနီးသို့ ရောက်လာပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် သန္ဓေပြောင်း ငှက်အုပ်တစ်အုပ်ကို ဖမ်းမိဖို့ လိုတယ်" ဟု ပြောလိုက်သည်။
ထူလုံက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး "ဒီတစ်ခေါက် ကင်းလှည့်အဖွဲ့တိုင်းကို အနည်းဆုံး သန္ဓေပြောင်း ငှက် နှစ်ကောင် ဒါမှမဟုတ် သုံးကောင်တော့ ဖမ်းမိရမယ် လို့ ကျွန်တော် တောင်းဆိုထားတယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ကာ "အဲဒီလောက်ကြီးလည်း အတင်းအကျပ် တောင်းဆိုနေစရာ မလိုပါဘူး... အတတ်နိုင်ဆုံး ကြိုးစားရင် ရပါပြီ"
ဤတစ်ကြိမ် သန္ဓေပြောင်း ငှက်များကို အမဲလိုက်ရခြင်း၏ လင်းယွမ်၏ ရည်ရွယ်ချက်မှာ ထိုသန္ဓေပြောင်း ငှက်များ၏ အမွေးအတောင်များကို စုဆောင်းလို၍ ဖြစ်သည်။
ဗို့အားမြင့် လျှပ်စစ်စီးဆင်းမှုကို ကာကွယ်ပေးနိုင်သည့် လျှပ်ကာ အမွေးအတောင် အင်္ကျီတစ်ထည် ပြုလုပ်နိုင်မည်လား ဆိုသည်ကို ကြည့်ရှုလို၍ ဖြစ်သည်။
အကယ်၍ ထိုသို့သော လျှပ်ကာ အမွေးအတောင် အင်္ကျီတစ်ထည်ကိုသာ ပြုလုပ်နိုင်ခဲ့လျှင် သူကိုယ်တိုင်လည်း ထိုသန္ဓေပြောင်း ငှက်များကဲ့သို့ပင် တိမ်လွှာများကို ဖြတ်သန်းသွားလာနိုင်ပြီး ဤကောင်းကင်ယံအထက်တွင် အတိအကျ ဘာတွေ ရှိနေသလဲ ဆိုတာကို မြင်တွေ့နိုင်မည် ဖြစ်သည်။
ဆက်ရန်...