အခန်း (၃၇၃-၃၇၄)
Vol. 19 Ch. 373-374
အပိုင်း(၃၇၃) လင်းယွမ်ကို လှည့်စားခြင်း
သင်္ကေတအစီအရင်အကြောင်း တွေးတောနေမှုကို ခေတ္တဘေးဖယ်ထားလိုက်ကာ လင်းယွမ်က သင်္ဘောပေါ်တက်၍ စူးစမ်းရန် ပြင်ဆင်ရင်း ဤသင်္ဘောအား အကဲခတ်လိုက်သည်။
ရုတ်တရက် ရေပြင်ထက်မှ ဗွမ်းခနဲ အသံများ ထွက်ပေါ်လာသည်။
လင်းယွမ်က မော့ကြည့်လိုက်ရာ ရေပြင်ပေါ်မှ အရိပ်အနည်းငယ် ရေအောက်သို့ ခုန်ဆင်းလာသည်ကို မြင်လိုက်ရသည်။
ထိုအရိပ်များ ရေထဲသို့ ရောက်ရှိသွားပြီးနောက် ၎င်းတို့အား ရေလုံးများက အထပ်ထပ် လွှမ်းခြုံသွားလေသည်။
ရေလုံးများက အဆက်မပြတ် လည်ပတ်နေပြီး အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားရာ မြင်ရုံဖြင့် ၎င်းတို့သည် ရေဓာတ်အစွမ်းပိုင်ရှင်များ ဖြစ်ကြောင်း သိသာလှသည်။
လူအနည်းငယ်က လက်ထဲတွင် ရေသေနတ်များ ကိုင်ဆောင်ထားပြီး သင်္ဘောကိုယ်ထည်တစ်ဝိုက်ကို လျင်မြန်စွာ လှည့်လည်စစ်ဆေးနေကြသည်။
လင်းယွမ်၏ စိတ်စွမ်းအင်က သူတို့ကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
"ခုနက သင်္ဘောကိုယ်ထည်ကို ငါတိုက်ခိုက်လိုက်တဲ့ အသံကြောင့် သူတို့ သတိထားမိသွားတာလား"
သူ၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး ခန္ဓာကိုယ်ကို ချက်ချင်း လျင်မြန်စွာ နစ်မြုပ်စေကာ ရေအောက်သို့ ကူးခတ်သွားလေသည်။
ရေအောက်ရှိ အလင်းရောင်က အလွန် မှိန်ဖျော့နေပြီး အောက်သို့ ရောက်လေလေ ပို၍ မှောင်မိုက်လေလေ ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်က ပေသုံးဆယ်ကျော်ခန့် ငုပ်ဆင်းသွားရုံဖြင့် တစ်ဆယ့်ရှစ်ထပ် အမြင့်ရှိသော အဆောက်အအုံတစ်လုံးကို မြင်တွေ့လိုက်ရသည်။
သူက စကားတစ်ခွန်းမျှ မဟတော့ဘဲ ထိုအဆောက်အအုံအတွင်းသို့ လျင်မြန်စွာ ပုန်းအောင်းလိုက်သည်။
ထိုရေဓာတ်အစွမ်းပိုင်ရှင်များက သစ်သားသင်္ဘောအောက်တွင် အကြိမ်အနည်းငယ် ကူးခတ်လှည့်လည်နေကြပြီး ရေလှိုင်းများ လှုပ်ခတ်နေသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ကြချေ။
သူတို့ထဲမှ တစ်ယောက်က ရေအောက်သို့ ပေသုံးဆယ်ခန့်အထိပင် ဆင်း၍ ကူးခတ်သွားသော်လည်း မည်သည့်အရာကိုမျှ မမြင်တွေ့ရသေးပေ။
သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နောက်ပြန်လှည့်ရန် ပြင်လိုက်သည်။
ရုတ်တရက် ရေအောက်မှ အစွမ်းထက်သော စိတ်စွမ်းအင်တစ်ခုက သူ၏ ဦးနှောက်ထဲသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ထိုရေဓာတ်အစွမ်းပိုင်ရှင်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး ချက်ချင်းပင် မျက်လုံးများက လျင်မြန်စွာ တုန်ယင်လာလေသည်။
နောက်တစ်စက္ကန့်တွင် သူက အနည်းငယ် ရုန်းကန်လိုက်ပြီးနောက် အဝေးသို့ ထူးဆန်းစွာ ကူးခတ်သွားလေသည်။
သစ်သားသင်္ဘောပေါ်မှ ဆင်းလာသော အခြားအစွမ်းပိုင်ရှင်များက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သံသယဖြစ်သွားကြသည်။
ရေထဲတွင် အော်ဟစ်၍ မရနိုင်သဖြင့် သူတို့ထဲမှ တစ်ယောက်က အခြားနှစ်ယောက်ကို လက်ညှိုးထိုးပြကာ နောက်သို့ လိုက်ရန် အချက်ပြလိုက်သည်။
အခြားနှစ်ယောက်က လျင်မြန်စွာ လိုက်သွားကြပြီး ကျန်သောသူများကတော့ ရေပြင်ပေါ်သို့ ကူးခတ်သွားကြလေသည်။
နောက်မှ လိုက်လာသော ထိုနှစ်ယောက်က လင်းယွမ်၏ ခေါင်းပေါ်မှ ဖြတ်ကူးသွားစဉ် ရုတ်တရက် တန့်သွားကြပြန်သည်။
နောက်တစ်စက္ကန့်တွင် လက်နှင့်ခြေထောက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် ယခင်လူ၏နောက်သို့ ဆက်လက် လိုက်သွားကြလေသည်။
ထိုအခါမှသာ လင်းယွမ်က ရေအောက်အဆောက်အအုံထဲမှ ထွက်လာပြီး ထိုသုံးယောက်နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။
မကြာမီတွင် ထိုသုံးယောက်က လင်းယွမ်နှင့် လာရောက် ပူးပေါင်းသွားကြသည်။
ထူးဆန်းသည်မှာ ထိုသုံးယောက်က လင်းယွမ်ကို သိကျွမ်းနေသည့်အလား လင်းယွမ်နောက်မှ လိမ္မာရေးခြားရှိစွာဖြင့် ကူးခတ်လိုက်ပါလာခြင်း ဖြစ်သည်။
မကြာမီမှာပင် လင်းယွမ်က ထိုသုံးယောက်ကို ခေါ်ဆောင်ကာ အဆောက်အအုံတစ်ခုရှေ့သို့ ကူးခတ်ရောက်ရှိလာပြီးနောက် လျင်မြန်စွာ အပေါ်သို့ တက်လာကာ စင်္ကြံလမ်းထဲမှ ထွက်လာခဲ့သည်။
အနောက်မှ သုံးယောက်ကလည်း ခံစားချက်မဲ့နေသော မျက်နှာများဖြင့် လင်းယွမ်နောက်မှ လိုက်လာကာ စင်္ကြံလမ်းထဲမှ ထွက်လာကြသည်။
ရေပြင်မှ ထွက်လာပြီးနောက် လင်းယွမ်က လူမရှိသော အခန်းတစ်ခန်းကို ကျပန်းရွေးချယ်လိုက်ပြီး အခန်းတံခါးကို နောက်ပြန် ပိတ်လိုက်လေသည်။
သူက ရုပ်သေးကြိုးမျှင် ဖြင့် ထိန်းချုပ်ထားသော ထိုသုံးယောက်ကို လှည့်ကြည့်လိုက်သည်။
မှန်ပေသည်... ထိုသုံးယောက်က လင်းယွမ်အား လာရောက် စူးစမ်းချိန်တွင် လင်းယွမ်၏ စိတ်စွမ်းအင် လွှမ်းခြုံထားသော နယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လင်းယွမ်၏ ရုပ်သေးကြိုးမျှင် ဖြင့် တိုက်ရိုက် ထိန်းချုပ်ခံလိုက်ရခြင်း ဖြစ်သည်။
ရုပ်သေးကြိုးမျှင်က လင်းယွမ်လက်ထဲတွင် ရှိသော အစိမ်းရောင်အဆင့် ပညာရပ်နှစ်ခုထဲမှ တစ်ခုဖြစ်ပြီး အရည်အသွေး အလွန်ကောင်းမွန်သည်။
ထို့အပြင် လင်းယွမ်၏ စိတ်စွမ်းအင်ကလည်း အလွန် အစွမ်းထက်လှရာ ဤလူအနည်းငယ်၏ စိတ်စွမ်းအင်က မအားနည်းသော်လည်း ချက်ချင်းပင် ထိန်းချုပ်ခံလိုက်ရခြင်း ဖြစ်သည်။
မျက်စိရှေ့ရှိ ဤရေဓာတ်အစွမ်းပိုင်ရှင် သုံးယောက်၏ စိတ်စွမ်းအင်က သာမန်အစွမ်းပိုင်ရှင်များထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ သိသာလှသည်။
လင်းယွမ်က သူတို့၏ စိတ်စွမ်းအင်သည် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ ခုံရှန်း၊ မုန့်ကောင်းလီ စသူတို့ထက် မညံ့ကြောင်း ခံစားမိလေသည်။
ဟန်ရှန်းမန်၊ ထူလုံတို့နှင့် ယှဉ်လျှင် အနည်းငယ် လိုအပ်နေသေးသော်လည်း သူတို့အားလုံး၏ စိတ်စွမ်းအင် အရည်အသွေးက ၃၀ မှတ်ကျော်နေပြီ ဖြစ်ရမည်။
ဤအချက်က လင်းယွမ်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
"သင်္ဘောပေါ်ကနေ ရေအောက်အခြေအနေကို လာစစ်ဆေးတဲ့ သင်္ဘောသားအနည်းငယ်ကတောင် စိတ်စွမ်းအင် အရည်အသွေး ၃၀ မှတ်ကျော် ရှိနေတယ်ဆိုရင်... ဒီသင်္ဘောပေါ်က အစွမ်းထက်တဲ့သူတွေက ဘယ်လောက်တောင် စွမ်းကြမလဲ"
သေးငယ်သောအရာကို ကြည့်၍ ကြီးမားသောအရာကို သိနိုင်သကဲ့သို့ ဤလူအနည်းငယ်၏ စွမ်းရည်မှတစ်ဆင့် လင်းယွမ်က ဤသင်္ဘောပေါ်ရှိ ထိပ်တန်းခေါင်းဆောင်များ၏ စွမ်းရည်မှာ လုံးဝ မရိုးရှင်းကြောင်း ခန့်မှန်းသိရှိနိုင်လေသည်။
လင်းယွမ်က ဤသုံးယောက်ကို ကြည့်လိုက်သည်။ ထိုသုံးယောက်ထဲတွင် အလယ်လူက အမြင့်ဆုံးဖြစ်ပြီး အရပ်ခြောက်ပေခန့် ရှိသည်။
ဘယ်ဘက်မှလူက အနည်းငယ် ဝဖြိုးပြီး အရပ်အမောင်း အလယ်အလတ်ရှိကာ ညာဘက်လက်မောင်းတွင် အလွန် ရှည်လျားသော အမာရွတ်တစ်ခု ရှိသည်။
ညာဘက်မှလူကတော့ အပိန်ဆုံးဖြစ်ပြီး အရပ်အပုဆုံးလည်း ဖြစ်ကာ နံရိုးများကဲ့သို့ သေးသွယ်နေသည်။
လင်းယွမ်က အရပ်အမြင့်ဆုံး လူကို အရင်ဆုံး ကြည့်လိုက်ပြီး သူ၏ ဦးခေါင်းကို ထိန်းချုပ်ထားသော "ရုပ်သေးကြိုးမျှင်" ကို အနည်းငယ် လျှော့ပေးလိုက်ရာ ထိုသူ၏ ဦးခေါင်းအထက်ပိုင်း လွတ်လပ်ခွင့်ကို ပြန်လည်ရရှိသွားစေသည်။
"မင်းက ဘယ်သူလဲ"
ထိုသူက ပုံမှန်အသိ ပြန်ရလာပြီးနောက် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သော အမူအရာဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
လင်းယွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ "မင်း အခြေအနေကို သေသေချာချာ နားလည်ထားတာ ပိုကောင်းမယ်... မင်းမှာ မေးခွန်းမေးခွင့် မရှိဘူး"
အရပ်ရှည်ရှည် လူ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် သူ၏ ဘေးရှိ လူနှစ်ယောက်ကို လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာက ခံစားချက်မဲ့နေသော်လည်း မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
သူ၏ အဖော်နှစ်ယောက်လည်း တစ်ဖက်လူ၏ ထိန်းချုပ်မှုကို ခံထားရကြောင်းကို သူ ချက်ချင်း နားလည်သွားလေသည်။
"ခင်ဗျားက တော်တော်စွမ်းတာပဲ... ဒါပေမယ့် ခင်ဗျား ကျုပ်တို့ကို ပြန်လွှတ်ပေးတာ ပိုကောင်းလိမ့်မယ်လို့ အကြံပေးချင်တယ်... ကျုပ်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက ခင်ဗျား ရန်စလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဝိညာဉ်စွမ်းအင်ဂိုဏ်း... စိတ်ဝင်စားစရာပဲ... ဒီလိုဂိုဏ်းမျိုး အခုမှ ပထမဆုံးကြားဖူးတာ... မင်းတို့ ဘယ်ကလာတာလဲ"
အရပ်ရှည်ရှည် လူ၏ မျက်နှာက အေးစက်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ကျုပ်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို မကြားဖူးဘဲနဲ့ ကျုပ်တို့ကို ရန်စရဲတယ်ပေါ့လေ... ခင်ဗျား သေသေချာချာ နားထောင်စမ်းပါ... ကျုပ်တို့က ကွမ်ဖူ မီသွေ့တောင်၊ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေပဲ"
"ရေလွှမ်းမိုးကပ်ဘေးက ကမ္ဘာကြီးကို ဖျက်ဆီးတယ်... အဲ့တာကိုရင်ဆိုင်ဖို့ ကောင်းကင်ကနေ တန်ခိုးစွမ်းအင်တွေ ကျဆင်းလာပြီး ကျုပ်တို့ကို အတုမရှိတဲ့ ခွန်အားတွေ ပေးသနားထားတယ်"
"အစွမ်းထက်တဲ့သူတွေကို ယုံကြည်ကိုးကွယ်ပြီး ကျုပ်တို့ဂိုဏ်းနောက်ကို လိုက်မှသာ ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်နိုင်ပြီး ဒီကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်လိမ့်မယ်"
"ခင်ဗျားကို ကြည့်ရတာလည်း အစွမ်းတွေ ရထားတဲ့ ကံကောင်းသူတစ်ယောက်ပဲ... ဘာလို့ ကျုပ်တို့နဲ့ မပူးပေါင်းတာလဲ... ကျုပ်တို့နဲ့အတူ ဒီကမ္ဘာကြီးကို ကယ်တင်ကြရအောင်လေ"
ဝိညာဉ်စွမ်းအင်ဂိုဏ်းအကြောင်း ပြောရာတွင် ထိုသူ၏ မျက်နှာပေါ်၌ ရူးသွပ်မှုများ ပေါ်လွင်လာလေသည်။
ယခုအချိန်တွင် သူ၏ ဦးခေါင်းသာ လှုပ်ရှားနိုင်သော်လည်း သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး အလွန် ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာများ ပေါ်လွင်နေလေသည်။
ထိုသူ၏ စကားများကို ကြားပြီးနောက် လင်းယွမ်က ချက်ချင်းပင် နားလည်သွားခဲ့သည်။ ဤသည်မှာ လူအချို့က ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးကို အခွင့်ကောင်းယူ၍ တည်ထောင်ထားသော ဂိုဏ်းတစ်ခု ဖြစ်ပေမည်။
လင်းယွမ်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ကွမ်ဖူ မီသွေ့တောင်... မီသွေ့တောင်က ဒီကနေဆိုရင် မိုင်နှစ်ဆယ်ကျော် လောက် ဝေးတယ်လို့ ငါမှတ်မိတယ်... မင်းတို့က ဘာလို့ ဒီကို ရောက်လာတာလဲ"
အရပ်ရှည်ရှည် လူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အစွမ်းတွေ ရရှိထားတဲ့ ကံကောင်းသူတွေကို ပိုရှာဖွေဖို့ပေါ့ဗျာ"
"ခင်ဗျားလည်း အစွမ်းတွေ ရရှိထားတာဆိုတော့ သေချာပေါက် ကံကောင်းမှုတွေ ပါလာမှာပဲ... ကျုပ်တို့နဲ့ ပူးပေါင်းလိုက်ပါ... ကျုပ်တို့ သင်္ဘောကပ္ပတိန်နဲ့ မိတ်ဆက်ပေးပါ့မယ်"
လင်းယွမ်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာပြီး မေးလိုက်သည်။ "ငါ မင်းတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို မကြားဖူးသေးဘူး... မင်းတို့က မီသွေ့တောင်မှာ အခြေစိုက်စခန်း ရှိနေတာကို ဘာလို့ ဒီအထိ လာပြီး အစွမ်းပိုင်ရှင်တွေကို လာစုဆောင်းနေရတာလဲ"
လင်းယွမ် စိတ်ဝင်စားသွားသည်ကို မြင်လိုက်ရသောအခါ ထိုအရပ်ရှည်ရှည် လူ၏ မျက်လုံးထဲတွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လျင်မြန်စွာ မိတ်ဆက်လိုက်သည်။
"ကျုပ်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက ကွမ်ဖူက ဂိုဏ်းကြီးသုံးခုထဲက တစ်ခုပဲ... ကွမ်ဖူ တစ်ခွင်လုံးမှာ ကျုပ်တို့လူတွေ အပြည့်ပဲ... ကျုပ်တို့နဲ့ ပူးပေါင်းရင် စွမ်းအင်ကျင့်စဉ်ကို ရနိုင်တယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ၏ အကြည့်များက ချက်ချင်း စူးရှသွားပြီး အလျင်စလို မေးလိုက်သည်။ "စွမ်းအင်ကျင့်စဉ်... အဲဒါက ဘာလဲ"
အရပ်ရှည်ရှည် လူက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ "ခင်ဗျားတို့ အစွမ်းတွေ နိုးထလာတာ အဲဒီ အစွမ်းတွေရဲ့ စွမ်းအင်အရင်းအမြစ်က ဘယ်ကလာသလဲ ဆိုတာ ခင်ဗျား သိလား"
လင်းယွမ်က မျက်လုံးကို မှေးလိုက်ပြီး မေးလိုက်သည်။ "မင်းတို့က သိတယ်ပေါ့"
"သေချာတာပေါ့... ဒီအစွမ်းတွေရဲ့ စွမ်းအင်က ကောင်းကင်နဲ့ မြေကြီးရဲ့ နာမ်စွမ်းအင်တွေပဲ... ကမ္ဘာကြီးက နှစ်ထောင်ပေါင်းများစွာအတွင်း မကြုံစဖူး ကြီးမားတဲ့ အပြောင်းအလဲနဲ့ ကြုံတွေ့နေရတာ... ကောင်းကင်နဲ့ မြေကြီးက လမ်းကြောင်းတစ်ခုတည်း ဖြစ်သွားပြီး နာမ်စွမ်းအင်တွေ ပြန်လည် ပေါ်ထွက်လာတာပဲ"
"ရှေးခေတ်က နတ်ဘုရားတွေ ခရမ်းရောင်စွမ်းအင်ကို စုပ်ယူတယ်ဆိုတာ တကယ်တော့ ဒီနာမ်စွမ်းအင်တွေကို စုပ်ယူတာပဲ"
"ကျုပ်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး တုန်ဖန်းက... ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ခံရပြီး ရှေးဟောင်း နာမ်စွမ်းအင်စုပ်ယူတဲ့ ကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့တယ်... သူက ကောင်းကင်နဲ့ မြေကြီးရဲ့ နာမ်စွမ်းအင်တွေကို စုပ်ယူပြီး ကျင့်ကြံတာလေ"
"ဂိုဏ်းချုပ်ကြီးက သတ္တဝါတွေအပေါ် မေတ္တာထားပြီး... အဲ့နာမ်စွမ်းအင်စုပ်ယူတဲ့ ကျင့်စဉ်ကို အခြေခံပြီး စွမ်းအင်ကျင့်စဉ်ကို ဖန်တီးခဲ့တာ... ကျုပ်တို့ ဂိုဏ်းထဲကို ဝင်လာတဲ့ ဘယ်သူမဆို ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်တယ်"
"ဒီစွမ်းအင်ကျင့်စဉ်သာ ရှိရင် သာမန်လူတွေတောင်မှ ဇွဲရှိရှိ ကျင့်ကြံပြီး စွမ်းအင်သွင်းတာကို ခံယူမယ်ဆိုရင် အစွမ်းတွေ နိုးထလာနိုင်တယ်"
"အစွမ်း နိုးထပြီးသား အစွမ်းပိုင်ရှင်တွေ ဆိုရင်တောင်မှ ကျင့်ကြံပြီးတဲ့အခါ ကောင်းကင်နဲ့ မြေကြီးရဲ့ နာမ်စွမ်းအင်တွေကို အလျင်အမြန် စုပ်ယူနိုင်ပြီး သန္ဓေပြောင်းလဲမှု အဆင့်ကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်"
"ဒါတင်မကသေးဘူး... ကျုပ်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းထဲကို ဝင်ရင် မျိုးရိုးဗီဇမျိုးစေ့ နိုးထတဲ့ ကျင့်စဉ်ကိုလည်း ရနိုင်တဲ့ အခွင့်အရေး ရှိသေးတယ်... မျိုးရိုးဗီဇ သော့ကို ချိုးဖျက်ပြီး မျိုးရိုးဗီဇမြေပုံကို အသစ်ပြန်ရေးဆွဲနိုင်တယ်"
ထိုသူက စာဆန်ဆန် စကားလုံးများဖြင့် သူ၏ဂိုဏ်းအကြောင်းကို စတင် ဟောပြောနေသည်ကို ကြားလိုက်ရသောအခါ လင်းယွမ်၏ စိတ်ထဲတွင် အစပိုင်း၌ အထင်သေးသွားမိသည်။
သို့သော် သူက မျိုးရိုးဗီဇမျိုးစေ့ နိုးထသည့် နည်းလမ်းနှင့် မျိုးရိုးဗီဇမြေပုံ အသစ်ပြန်ရေးဆွဲခြင်း ဆိုသည့် စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏ ရင်ထဲတွင် ရုတ်တရက် ဒိတ်ကနဲ ဖြစ်သွားလေသည်။
မျိုးရိုးဗီဇမျိုးစေ့ နိုးထသည့် နည်းလမ်းဖြစ်စေ၊ မျိုးရိုးဗီဇမြေပုံ ဖြစ်စေ အရည်အသွေးမှတ် ၅၀ ကန့်သတ်ချက်သို့ ရောက်ရှိပြီးမှသာ သိရှိပိုင်ခွင့်ရှိသည့် အရာများ ဖြစ်သည်။
ဤအချက်ကို ထောက်ရှုကြည့်လျှင် ဤဝိညာဉ်စွမ်းအင်ဂိုဏ်း ဆိုသည်မှာ ဤအဆင့်ရှိ စွမ်းအားများကို ထိတွေ့ဖူးသူ သေချာပေါက် ရှိနေမည် ဖြစ်သည်။
သို့မဟုတ်ပါက ဤအကြောင်းအရာများကို သိရှိနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
ဤအချက်က ဝိညာဉ်စွမ်းအင်ဂိုဏ်းသည် သာမန်ဘာသာရေးဂိုဏ်းတစ်ခု မဟုတ်နိုင်ကြောင်း လင်းယွမ်အား ချက်ချင်း သဘောပေါက်သွားစေသည်။
တကယ့် အစွမ်းထက်တဲ့သူတွေ ရှိနေနိုင်တယ်...
တစ်ဖက်လူ ပြောသည့် စွမ်းအင်သွင်း ကျင့်စဉ် ဆိုသည်ကိုလည်း လင်းယွမ်က မည်သို့သော အရာဖြစ်ကြောင်း ရိပ်မိနေပြီ ဖြစ်သည်။
သူ ကိုယ်တိုင် နားလည်သဘောပေါက်ခဲ့သည့် မျိုးရိုးဗီဇ နိုးထခြင်း နည်းလမ်းနှင့် ဆင်တူနိုင်ခြေ အလွန်များသည်။
ဤအချက်အတွက်တော့ သူ သိပ်ပြီး အံ့သြမနေခဲ့ပေ။
သူ ကိုယ်တိုင်ပင် သန္ဓေပြောင်းပေတံထဲမှ မျိုးရိုးဗီဇ နိုးထခြင်း နည်းလမ်းကို နားလည်သဘောပေါက်နိုင်ခဲ့သေးသည်။
အခြားသူများကလည်း အခြားသော သန္ဓေပြောင်းပစ္စည်းအချို့မှ သက်ဆိုင်ရာ ကျင့်စဉ်များကို နားလည်သဘောပေါက်နိုင်သည်မှာ သဘာဝပင် ဖြစ်သည်။
လင်းယွမ်က သူ့ကိုယ်သူ အထူးအဆန်းဟု မထင်ခဲ့ပေ။
ထိုသန္ဓေပြောင်းပေတံကဲ့သို့သော အစွမ်းလက်နက်မျိုး လောကကြီးထဲတွင် တစ်ခုတည်း ရှိနေရန် မဖြစ်နိုင်ချေ။
လီရှန်ယန်က မတော်တဆ တစ်ခု ရရှိနိုင်သကဲ့သို့ အခြားသူများလည်း ရရှိနိုင်သည်။
ဉာဏ်ကောင်းသော သူများစွာ ရှိကြောင်းကို လင်းယွမ်က စောစောစီးစီးပင် သတိပြုမိထားပြီး ဖြစ်သည်။
ဤကဲ့သို့သော မျိုးရိုးဗီဇ နိုးထခြင်း နည်းလမ်းများ အနာဂတ်တွင် နည်းပါးနေမည် မဟုတ်ချေ။
သေချာသည်မှာ လက်ရှိအဆင့်တွင်တော့ များများစားစား မရှိနိုင်သေးဘဲ အထူးသဖြင့် ထိုက်ယန်တောင် တစ်ဝိုက်တွင် ပို၍ ရှားပါးပေမည်။
များသောအားဖြင့် လူများစုဝေးရာ နေရာများတွင်သာ ပါရမီရှင်များ ပေါ်ထွက်လာလေ့ ရှိသည်။
လင်းယွမ်က သူကိုယ်တိုင်လည်း ထိုက်ယန်တောင် မျိုးရိုးဗီဇ နိုးထခြင်း နည်းလမ်းကို အနည်းငယ် ပြင်ဆင်မွမ်းမံလိုက်မည် ဆိုလျှင် ဂိုဏ်းတစ်ခု တည်ထောင်နိုင်လောက်မည်ဟု ခံစားမိလေသည်။
မျက်စိရှေ့ရှိ ဤသူက မျိုးရိုးဗီဇ နိုးထခြင်း နည်းလမ်းကို ရှေးဟောင်း နတ်ဘုရားများ၏ စွမ်းအင်စုပ်ယူသည့် ကျင့်စဉ်အဖြစ် အမည်တပ်ကာ အခြားသူများကို လှည့်စားနိုင်သော်လည်း သူ့ကိုတော့ လှည့်စား၍ မရနိုင်ချေ။
ဆက်ရန်...
အပိုင်း(၃၇၄) သွေးကျိုင်းကောင်နှင့် သတင်းအချက်အလက်များ
"မင်းပြောတာ အမှန်လား အမှားလားဆိုတာ ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ"
လင်းယွမ်က မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး တိုက်ရိုက်ပင် သံသယဝင်စွာ မေးခွန်းထုတ်လိုက်သည်။
အရပ်ရှည်ရှည်နှင့်လူက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဆိုလာသည်။
"တကယ်လို့ ခင်ဗျားသာ ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို ဝင်မယ်လို့ ကျိန်ဆိုမယ်ဆိုရင်... စွမ်းအင်သွင်း ကျင့်စဉ်ကို အခုချက်ချင်း သင်ပေးပါ့မယ်"
လင်းယွမ်က နှုတ်ခမ်းတစ်ချက် တွန့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ... ဒါဆို ငါ ဝင်မယ်... မင်း ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသာ ပြောလိုက်"
အရပ်ရှည်ရှည်နှင့်လူက ချက်ချင်း ခေါင်းခါပြလိုက်သည်။ "ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို ဝင်ဖို့ဆိုတာ ပါးစပ်ကနေ အလွယ်တကူ သဘောတူလိုက်ရုံနဲ့ မရဘူးဗျ"
"ဟမ်... ဒါဆို ဘယ်လို လုပ်ရမှာလဲ"
"ကျွန်တော့် ရင်ဘတ်ထဲမှာ ပုလင်းလေး တစ်လုံးရှိတယ်... အဲ့ဒီပုလင်းထဲကို ခင်ဗျားရဲ့ သွေးတစ်စက် ချပြီးရင် ပုလင်းကိုကြည့်ပြီး ကျိန်ဆိုရမယ်... အဲ့ဒီလို လုပ်မှသာ ခင်ဗျားက ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို တကယ် ဝင်ချင်တယ်လို့ ကျွန်တော် ယုံကြည်နိုင်မယ်" အရပ်ရှည်ရှည်နှင့်လူက မျက်လုံးအနည်းငယ် အရောင်လက်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး တစ်ဖက်လူ၏ အင်္ကျီထဲသို့ လက်နှိုက်ကာ စမ်းသပ် ရှာဖွေလိုက်သည်။
ထိုသို့ ရှာဖွေလိုက်ရာ အရိုးဖြင့် ပြုလုပ်ထားသော ပုလင်းတစ်လုံးကိုသာမက အိမ်မြှောင်တစ်ခု၊ စွမ်းအင်ကျောက်တုံး အချို့နှင့် သင်္ကေတအရိုး အစရှိသည်တို့ကိုပါ ရှာဖွေ တွေ့ရှိသွားခဲ့သည်။
လင်းယွမ်က ပုလင်းကို ထုတ်ယူလိုက်သောအခါ အရပ်ရှည်ရှည်နှင့်လူက လှမ်းပြောလိုက်သည်။
"မှန်တယ်... အဲ့ဒီပုလင်းပဲ... ခင်ဗျား အဲ့ဒါကို ဖွင့်ပြီး အထဲကို သွေးတစ်စက် ချလိုက်... ပြီးရင် ပုလင်းကိုကြည့်ပြီး ကျိန်ဆိုလိုက်... ဒါဆိုရင် ခင်ဗျားကို ကျွန်တော် ယုံပြီ"
လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ ထိုပုလင်းကိုသာ အကဲခတ် ကြည့်ရှုနေလိုက်သည်။
ဤပုလင်းကို တစ်စုံတစ်ရာသော သန္ဓေပြောင်း သတ္တဝါ၏ အရိုးဖြင့် ပြုလုပ်ထားပုံရပြီး ပုလင်းဝကို သစ်သားဆို့ဖြင့် ပိတ်ဆို့ထားကာ ဖြူရော်နေသော ပုလင်းကိုယ်ထည်ပေါ်တွင် သွေးရောင် အရေးအကြောင်းများကို ရေးဆွဲထားသည်။
အထူး သင်္ကေတ တစ်မျိုးမျိုး ဖြစ်ဟန်တူသော်လည်း မည်သည့် အကျိုးသက်ရောက်မှု ရှိသည်ကိုတော့ မသိရပေ။
လင်းယွမ်က စိတ်စွမ်းအင်ဖြင့် အတွင်းဘက်သို့ စူးစမ်းကြည့်လိုက်ရာ ဤပုလင်းသည် စိတ်စွမ်းအင်၏ စူးစမ်းမှုကို တားဆီးနိုင်စွမ်း ရှိနေကြောင်း မထင်မှတ်ဘဲ တွေ့ရှိလိုက်ရသည်။
လင်းယွမ်က ပုလင်းအဆို့ကို အလျင်စလို မဖွင့်သေးဘဲ ဖြည်းညင်းစွာ လှုပ်ရမ်း ကြည့်လိုက်သည်။
အထဲမှ အရည်များ လှုပ်ရှားသွားသော အသံကို ကြားလိုက်ရသည်။
"ဒီအထဲမှာ ဘာတွေလဲ"
အရပ်ရှည်ရှည်နှင့်လူက မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြန်ဖြေသည်။ "အထဲမှာက ဒီအတောအတွင်း ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို ဝင်ရောက်လာတဲ့ ဂိုဏ်းဝင်တွေရဲ့ သွေးစက်တွေပါ"
လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့ သွေးစက်ချပြီး အဆိပ်ပြင်းတဲ့ ကျိန်စာတိုက်ရုံနဲ့ မင်းက ယုံကြည်သွားရတာလဲ"
အရပ်ရှည်ရှည်နှင့်လူက ပြောလာသည်။ "တကယ်လို့ ခင်ဗျားက တကယ် ဝင်ချင်တယ်ဆိုရင် သွေးစက်သာ ချလိုက်ပါ... တခြားဟာတွေ ပိုမမေးပါနဲ့"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးတောကာ ဘေးဘက်ရှိ အရပ်အမောင်း အလယ်အလတ်ရှိသော လူဝကြီးထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
"မင်း ပြောစမ်း"
လင်းယွမ်က လူဝကြီးအား ထိန်းချုပ်ထားသော ရုပ်သေးကြိုးမျှင်များကို ဖြေလျှော့ပေးလိုက်ရာ သူ၏ ခေါင်းအထက်ပိုင်းကို လှုပ်ရှားခွင့် ရသွားစေသည်။
လူဝကြီး၏ မျက်နှာပေါ်တွင် အကြောက်တရားများ အထင်အရှား ပေါ်လွင်နေပြီး သူက ကပျာကယာ ပြန်ဖြေသည်။ "မိတ်ဆွေ... အစ်ကိုချင်က မိတ်ဆွေကို မလိမ်ပါဘူး... မိတ်ဆွေက ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို ဝင်ချင်တယ်ဆိုရင် သွေးစက်ချပြီး ကျိန်ဆိုရပါလိမ့်မယ်"
လင်းယွမ်က ပြုံးလိုက်သည်။ "ငါမေးတာကိုသာ ဖြေပါ... အပိုစကားတွေ မပြောနဲ့"
ထိုသို့ပြောရင်း သူက သံမှိုတစ်ချောင်းကို ထုတ်ယူလိုက်ကာ လူဝကြီး၏ ခန္ဓာကိုယ်ဆီသို့ ချိန်ရွယ်လျက် ပြောလိုက်သည်။
"မင်းဖြေတဲ့အဖြေကို ငါအလိုမကျရင် ဒီသံမှိုကို မင်းဆီ လက်ဆောင်ပေးလိုက်မယ်"
လူဝကြီးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကပျာကယာ ပြောလာသည်။
"ကျွန်တော် ပြောလို့ မရဘူး... ကျွန်တော် တကယ် ပြောလို့ မရပါဘူး... သွေးပုလင်းကိုကြည့်ပြီး ကျွန်တော် ကျိန်ဆိုထားလို့ပါ... အား..."
လင်းယွမ်က လက်ဝါးဖြင့် တစ်ချက်တည်း ရိုက်ချလိုက်ကာ ထိုသံမှိုကို သူ၏ အရိုးအဆစ်ကြားထဲသို့ ရိုက်သွင်းလိုက်သည်။
လူဝကြီးထံမှ ချက်ချင်းပင် စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လင်းယွမ်က နောက်ထပ် သံမှိုတစ်ချောင်းကို ထပ်ထုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ပြောမှာလား... ငါ့မှာ သံမှိုတွေ အများကြီး ကျန်သေးတယ်နော်"
လူဝကြီးမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိမည့်သူ မဟုတ်ကြောင်း သိသာလှသည်။
သူက ပါးစပ်ဟကာ ငိုယိုအော်ဟစ်လာသည်။ "ကျွန်တော့်ကို ချမ်းသာပေးပါ... ကျွန်တော် တကယ် ပြောလို့ မရလို့ပါ... တကယ်လို့ပြောလိုက်မယ်ဆိုရင် ချက်ချင်းပဲ သွေးမီးလျှံ လောင်ကျွမ်းပြီး သေရပါလိမ့်မယ်"
လင်းယွမ်က ဂရုမစိုက်ဘဲ ဆက်လက်၍ ညှဉ်းပန်းနှိပ်စက်ကာ အတင်းအကျပ် စစ်ဆေးမေးမြန်းနေလိုက်သည်။
နောက်ဆုံးတွင် ထိုလူဝကြီးသည် ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
"ကျွန်တော် ပြောပါ့မယ်... ကျွန်တော် ပြောပါ့မယ်... အဲ့ဒါက ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ သွေးပုလင်းပါ... အဲ့ဒီပုလင်းထဲမှာ သွေးကျိုင်းကောင် တစ်ကောင်ကို မွေးထားတာပါ... အား..."
ဤလူဝကြီး စကားပြော၍ပင် မဆုံးသေးခင် မျက်စိတစ်မှိတ်အတွင်း၌ သွေးရောင်မီးလျှံ တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် လောင်ကျွမ်း ထွက်ပေါ်လာသည်။
ဝုန်းခနဲ အသံနှင့်အတူ သွေးရောင်မီးလျှံက အလျင်အမြန် လောင်ကျွမ်းသွားပြီး လူဝကြီး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် လောင်စာဆီများပမာ တဖျစ်ဖျစ် မြည်ကာ ပေါက်ကွဲထွက်သွားပြီး သွေးသားများ ခန်းခြောက်ကာ လျင်မြန်စွာ ပိန်လှီ ကျုံ့ဝင်သွားသည်။
လူဝကြီးမှာ အဆက်မပြတ် အော်ဟစ်နေပြီး တိုတောင်းလှသော အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် လုံးဝ မီးလောင်ကျွမ်းနေသော အလောင်းခြောက်ကြီး တစ်လောင်းအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
လင်းယွမ်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး အလျင်အမြန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ ထိုသွေးပုလင်းကို ကြည့်လျက် အနည်းငယ် အံ့ဩသံသယ ဖြစ်သွားသည်။
စောစောက သူ၏ စိတ်စွမ်းအင်သည် ဤသွေးပုလင်းနှင့် ဤလူဝကြီးကို အမြဲတစေ သတိထား စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဖြစ်စဉ် တစ်ခုလုံးတွင် လင်းယွမ်က မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မခံစားလိုက်ရချေ။
ထိုသွေးရောင် မီးလျှံသည် သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည့်အလားပင်။
ထိုသွေးပုလင်းပေါ်ရှိ သွေးရောင် အရေးအကြောင်းများပင်လျှင် မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
"ဒီလိုဖြစ်အောင် ဘယ်လိုများ လုပ်လိုက်တာလဲ"
လင်းယွမ်က အံ့ဩသံသယ ဖြစ်လာပြီး လူဝကြီး၏ အလောင်းကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
ဒီလူဝကြီးရဲ့ အလောင်းထဲမှာ အဆိပ်များ ခတ်ထားတာလား။
စောစောက စကားပြောနေရင်းနဲ့များ တစ်စုံတစ်ရာသော အဆိပ်ကို သွားပြီး လှုံ့ဆော်မိသွားတာလား။
ဒါကြောင့်မို့ သူ့အလိုလို မီးလောင်ပြီး သေသွားရတာလား။
မသိရသော စွမ်းအားသည် လူကို အကြောက်လန့်ဆုံး ဖြစ်စေသည်။
လင်းယွမ်ပင်လျှင် စိတ်ထဲတွင် အံ့ဩသံသယ အနည်းငယ် ဖြစ်ပေါ်လာသည်။
သူ၏ စိတ်စွမ်းအင်က ထိုလူဝကြီး၏ ခန်းခြောက်နေသော အလောင်းကို အလျင်အမြန် စူးစမ်း ရှာဖွေလိုက်သည်။
စိတ်စွမ်းအင်က တစ်ဖက်လူ၏ အလောင်းကို ဖြတ်သန်း စစ်ဆေးသွားသောအခါ ဤအလောင်းတွင် မည်သည့် သွေးမျှ မကျန်ရှိတော့ဘဲ အားလုံး အလောင်ကျွမ်းခံလိုက်ရသည့်အလား ဖြစ်နေကြောင်း လင်းယွမ်က ချက်ချင်း တွေ့ရှိသွားသည်။
၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ ကလီစာ ငါးပါးလုံးသည်လည်း လုံးဝ ကျုံ့ဝင် ခန်းခြောက်နေပြီ ဖြစ်သည်။
သို့သော် လင်းယွမ်က မည်သည့် အဆိပ်မိသည့် လက္ခဏာကိုမျှ မတွေ့ရှိရပေ။
သူ၏ မျက်နှာအမူအရာက အနည်းငယ် မှုန်ကုပ်သွားပြီး ထိုအရိုးဖြင့် ပြုလုပ်ထားသော သွေးပုလင်းဆီသို့ အကြည့်များ ထပ်မံ ရောက်ရှိသွားသည်။
အနည်းငယ် စဉ်းစား တွေးတောလိုက်ပြီးနောက် လင်းယွမ်က ရုတ်တရက် လက်ချောင်းကို မြှောက်ကာ ခပ်ဖွဖွ တစ်ချက် တောက်လိုက်သည်။
"ဖုန်း"
လက်ချောင်းလေလှိုင်း တစ်ခုက မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်သကဲ့သို့ ပြင်းထန်စွာ ပစ်ခတ်သွားသည်။
လေလှိုင်းများ မြည်ဟည်းသွားပြီး အရိုးသွေးပုလင်းကို ချက်ချင်းဆိုသလို ကြိတ်ချေ ပေါက်ကွဲသွားစေသည်။
ချက်ချင်းပင် ဖုန်းခနဲ အသံနှင့်အတူ သွေးပုလင်း ပေါက်ကွဲသွားပြီး သွေးများ ချက်ချင်း လွင့်စင် ထွက်ကျလာသည်။
အထဲတွင် ထည့်ထားသော သွေးများကြား၌ လက်သန်းလောက် အရွယ်အစားရှိသည့် ကိုယ်ထည်ပျော့ပျောင်းသော ပိုးကောင် တစ်ကောင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ အာရုံစိုက်မှုက ပိုးကောင်ဆီသို့ ချက်ချင်း ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
ထိုပိုးကောင်သည် တစ်ကိုယ်လုံး သွေးရောင် ရှိပြီး ခန္ဓာကိုယ် ပျော့ပျောင်းကာ သွေးများကြားတွင် တွန့်လိမ် တွားသွားနေသည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အကွင်းလိုက် အရေးအကြောင်းများ ရှိနေပြီး ထူးဆန်းသော အရောင်အဝါများ တလက်လက် တောက်ပနေသည်။
လင်းယွမ်က သေချာ ရေတွက်ကြည့်လိုက်ရာ ရွှေရောင် အကွင်းလိုက် အရေးအကြောင်း စုစုပေါင်း ခုနစ်ခု ရှိသည်။
သူ၏ စိတ်စွမ်းအင်က ထိုပိုးကောင်အနီးသို့ အလျင်အမြန် ချဉ်းကပ်သွားရာ ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအင်မှာ အားနည်းနေပြီး သိပ်မပြင်းထန်ကြောင်းကိုသာ ခံစားလိုက်ရသည်။
၎င်း၏ စိတ်စွမ်းအင်သည်ပင် သာမန် သန္ဓေပြောင်းငါး တစ်ကောင်၏ စွမ်းအားလောက်သာ ရှိသည်။
ခဏအကြာတွင် လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ဤအရာကို ဤဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများက အဘယ်ကြောင့် ဤမျှ အရေးတယူ လုပ်နေကြသည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်သွားသည်။
ထိုအခါ သူက စိတ်စွမ်းအင်ကို အသုံးပြု၍ ရုပ်သေးကြိုးမျှင် ကို ဖြာထွက်စေရန် ကြိုးစားလိုက်ပြီး ဤထူးဆန်းသော ကိုယ်ပျော့တွားသွားသတ္တဝါကို အလျင်အမြန် ထိန်းချုပ်ရန် လုပ်ဆောင်လိုက်သည်။
ဖြစ်စဉ် တစ်ခုလုံးသည် အလွန် လွယ်ကူ ရိုးရှင်းလှသည်။
ဤကိုယ်ပျော့ သတ္တဝါသည် လင်းယွမ်၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ထိုသို့ဖြစ်လင့်ကစား လင်းယွမ်က ၎င်းထံတွင် မည်သည့် ထူးခြားချက်မျှ ရှိနေကြောင်းကို မခံစားရသေးပေ။
လင်းယွမ်က မျက်မှောင်ကို တင်းကျပ်စွာ ကုပ်လိုက်ပြီး အသက်ရှင်လျက် ကျန်ရှိနေသေးသော လူနှစ်ယောက်ကို မော့ကြည့်လိုက်သည်။
သူ၏ အကြည့်များက အရပ်ရှည်ရှည်နှင့်လူ၏ အပေါ်သို့ ကျရောက်သွားပြီး သူ၏ ဦးခေါင်းပိုင်း ထိန်းချုပ်မှုကို ပြန်လည် ဖြေလျှော့ပေးကာ အေးစက်သောအသံဖြင့် မေးလိုက်သည်။
"ဒါက ဘာလဲ"
အရပ်ရှည်ရှည်နှင့်လူ၏ မျက်နှာပေါ်တွင် ယခင်ကလို အစွန်းရောက် ယုံကြည်မှုမျိုး မရှိတော့ဘဲ အဆုံးအစမရှိသော ထိတ်လန့် ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။
"ကျွန်တော်... ကျွန်တော် ပြောလို့ မရဘူး... ကျွန်တော် ပြောလိုက်ရင် သေသွားလိမ့်မယ်... သေသွားလိမ့်မယ်"
လင်းယွမ်၏ မျက်လုံးများက အေးစက်သွားပြီး မေးလိုက်သည်။
"ကောင်းပြီ... မင်း ပြောစရာ မလိုဘူး... ငါ မေးမယ်... သူက သွေးစက်ချထားတဲ့ လူရဲ့ သေခြင်း ရှင်ခြင်းကို ထိန်းချုပ်နိုင်တာ မဟုတ်လား"
"ဟုတ်ပါတယ်..."
အရပ်ရှည်ရှည်နှင့်လူက ခေါင်းညိတ်လိုက်သည်။ ဤမေးခွန်းမှာ သူ ကျိန်ဆိုထားသော ကန့်သတ်ချက်များအတွင်းတွင် အကျုံးမဝင်သည့်ပုံပေါ်သည်။
"မင်းက သူ့ဆီမှာ သွေးစက်ချဖို့ ငါ့ကို လိမ်ပြီး ငါ့ကိုပါ ထိန်းချုပ်ခိုင်းချင်နေတာလား"
"ကျွန်တော်... ကျွန်တော် မှားသွားပါတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ကျွန်တော့်ကို ချမ်းသာပေးပါ..." အရပ်ရှည်ရှည်နှင့်လူက အလျင်အမြန် တောင်းပန်လေသည်။
လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး နောက်ထပ် မေးခွန်းအချို့ကို ဆက်မေးလိုက်သည်။
ဤအရာက ဘာလဲ သို့မဟုတ် မည်သို့ တိုက်ခိုက်သလဲ စသည့် မေးခွန်းများနှင့် ပတ်သက်လာပါက အရပ်ရှည်ရှည်နှင့်လူသည် မပြောရဲပေ။
လင်းယွမ်က တစ်ပတ်လှည့်ကာ မေးမြန်းကြည့်လိုက်ရာ ၎င်းကို သွေးကျိုင်းကောင် ဟု ခေါ်ကြောင်း၊ သွေးစက်ချသူ၏ သွေးများကို မျိုချခြင်းအားဖြင့် သွေးစက်ချသူအပေါ် ကန့်သတ် ချုပ်ချယ်မှုများ ပြုလုပ်နိုင်ကြောင်းကိုသာ အတည်ပြုနိုင်ခဲ့သည်။
အတိအကျ မည်သို့ လုပ်ဆောင်သလဲ ဆိုတာကိုတော့ လင်းယွမ်က ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေ။
ထို့အပြင် သွေးစက်ချစဉ်က ပြုလုပ်ခဲ့သော ကျိန်ဆိုမှုများနှင့်လည်း ပတ်သက်ဆက်နွှယ်နေပုံရသည်။
လင်းယွမ်အတွက် ဤမျှ ထူးဆန်းသော သန္ဓေပြောင်း သတ္တဝါကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ဤဝိညာဉ်စွမ်းအင်ဂိုဏ်းက တကယ်ကို တစ်ခုခုတော့ ရှိနေပုံရသည်။
ထို့နောက် လင်းယွမ်က သူတို့ထံမှ ရှာဖွေတွေ့ရှိထားသော ပစ္စည်းများကို တစ်ချက် မွှေနှောက်ကြည့်လိုက်သည်။
ထိုအထဲမှ သံလိုက်အိမ်မြှောင်နှင့်တူသော အရာက လင်းယွမ်၏ အာရုံကို ဆွဲဆောင်သွားသည်။
သူက မေးမြန်းလိုက်သည်။ "ဒါက ဘာလဲ"
အရပ်ရှည်ရှည်နှင့်လူက ကပျာကယာ ပြန်မေးသည်။ "ပြောပြရင် ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးမှာလား"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "မင်းက ငါ့ကို စည်းကမ်းချက်တွေ လာလုပ်နေတာလား"
"မဟုတ်... မဟုတ်ပါဘူး... ကျွန်တော် အသက်ဆက်ရှင်ချင်ရုံလေးပါ... ကျွန်တော်က ခဲခဲယဉ်းယဉ်းနဲ့မှ အစွမ်းတွေကို နိုးထလာခဲ့တာပါ... ကျွန်တော် တကယ် မသေချင်သေးဘူး... ကျွန်တော်..."
လင်းယွမ်က သွေးပုလင်းကို ခွဲပစ်လိုက်သည်ကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်းအပေါ် မည်သည့် ကြောက်ရွံ့ လေးစားမှုမျှ မရှိသည်ကို သိလိုက်ရသည်။
ဤအရပ်ရှည်ရှည်နှင့်လူသည် လင်းယွမ်ကို လှည့်စားရန် အကြံအစည်များကို လုံးဝ စွန့်လွှတ်လိုက်ပြီး အဆက်မပြတ် တောင်းပန်နေတော့သည်။
လင်းယွမ်က ကြိမ်းမောင်းလိုက်သည်။ "မသေချင်ရင် ငါမေးတဲ့ မေးခွန်းတွေကို ရိုးရိုးသားသား ဖြေစမ်း"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ဒါက ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင်ပါ... အသုံးဝင်ပုံကတော့ ဝိညာဉ်စွမ်းအင်ရဲ့ ပြင်းအားကို ထောက်လှမ်းဖို့ပါ... သူ့အနောက်ဘက်မှာ သင်္ကေတ တစ်ခု ပါတယ်... အဲ့ဒါက ထောက်လှမ်းရေး သင်္ကေတပါ"
"ထောက်လှမ်းရေး သင်္ကေတ ဟုတ်လား"
လင်းယွမ်က ဤအိမ်မြှောင်၏ ကျောဘက်ကို အလျင်အမြန် လှန်ကြည့်လိုက်ရာ အိမ်မြှောင်၏ ကျောဘက်တွင် တကယ်ပင် သင်္ကေတတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤသင်္ကေတ၏ ပုံသဏ္ဌာန်မှာ စက်ဝိုင်းပုံစံ ဖြစ်ပြီး အတွင်းပိုင်း သင်္ကေတ၏ အသွားအလာမှာ ရှုပ်ထွေးမှု မရှိပေ။
"ထောက်လှမ်းရေး သင်္ကေတက ကွမ်ဖူဘက်မှာ အသုံးပြုမှု အရမ်း ကျယ်ပြန့်ပါတယ်... ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင်မှာ အသုံးပြုရုံတင်မကဘဲ စွမ်းအင်တိုင်း မျက်မှန်တွေမှာလည်း အသုံးပြုကြပါတယ်"
"စွမ်းအင်တိုင်းမျက်မှန်က လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအင် ပြင်းအားကို စူးစမ်း ကြည့်ရှုပေးနိုင်ပါတယ်... အော်... ခင်ဗျားတို့ ပြောတဲ့ သန္ဓပြောင်းအစွမ်းရဲ့ ပြင်းအားကို ပြောတာပါ... အဲ့ဒီကနေတစ်ဆင့် လူတစ်ယောက်ရဲ့ ယေဘုယျ စွမ်းရည်ကို သိနိုင်ပါတယ်"
"ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင်ကကျတော့ သတ်မှတ်ထားတဲ့ နယ်ပယ်တစ်ခု အတွင်းက ဝိညာဉ်စွမ်းအင် ပြင်းအားကို ထောက်လှမ်းပေးနိုင်ပါတယ်"
"ဒါ့အပြင် ကွမ်ဖူ စစ်တပ်က ထောက်လှမ်းရေး သင်္ကေတရဲ့ လက္ခဏာရပ်တွေကို အခြေခံပြီး... ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေး ရေဒါကို တီထွင်ထားသေးတယ်... စစ်ဆေးနိုင်တဲ့ နယ်ပယ်က ပိုကျယ်ပြန့်ပါတယ်"
အရပ်ရှည်ရှည်နှင့်လူက သူ သိထားသမျှ အရာများကို အလျင်အမြန် ရှင်းပြလိုက်သည်။
လင်းယွမ်က ထိုစကားများကို ကြားသောအခါ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။
ထောက်လှမ်းရေး သင်္ကေတကို အသုံးပြုမှု နယ်ပယ်က ဤမျှ ကျယ်ပြန့်နေသော်လည်း စစ်တပ်၏ ရေဒီယို အသံလွှင့်ချက်ထဲတွင် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။
ကြည့်ရသည်မှာ ၎င်းကို စစ်တပ်က အဓိက သင်္ကေတ နည်းပညာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားပုံရသည်။
လင်းယွမ်က ပြဿနာတစ်ခုကို အလျင်အမြန် စဉ်းစားမိသွားသည်။ ဤထောက်လှမ်းရေး သင်္ကေတ နည်းပညာကို နယ်ပယ် အသီးသီးတွင် အသုံးပြုကာ နေရာအနှံ့အပြားရှိ ဝိညာဉ်စွမ်းအင် ပြင်းအားများကို စစ်ဆေးနိုင်စွမ်း ရှိသည်။
ဤဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများ ဤမျှ ဝေးကွာသော နေရာအထိ လာကြသည်မှာ ဒီနေရာက ဝိညာဉ်စွမ်းအင် ပြင်းအား ပြဿနာ ရှိနေတာကို ထောက်လှမ်းမိသွားလို့များလား။
"မင်းတို့က ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင် ပြင်းအားမှာ ပြဿနာ ရှိနေတာကို ထောက်လှမ်းမိသွားလို့... ကွမ်ဖူကနေ အလျင်စလို လာခဲ့ကြတာလား" သူက ချက်ချင်း ကြိမ်းမောင်း မေးလိုက်သည်။
အရပ်ရှည်ရှည်နှင့်လူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကပျာကယာ ပြန်ဖြေသည်။
"အကုန်လုံးတော့ မဟုတ်ပါဘူး... အရင်က ကွမ်ဖူက ဂိုဏ်းကြီး သုံးဂိုဏ်းကို စစ်တပ်က မျက်စိကျလာပြီး တိုက်ပွဲကြီးတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့လို့ သေကျေဒဏ်ရာရတာတွေ အများကြီး ရှိခဲ့ပါတယ်"
"ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက တစ်ဖက်မှာ အပြင်ဘက်က အရည်အချင်းရှိတဲ့ သူတွေကို ရှာဖွေဖို့နဲ့ စွမ်းအင်ကျောက်တုံးတွေကို စုဆောင်းဖို့ လာတာဖြစ်သလို တစ်ဖက်မှာလည်း ခိုလှုံစရာ နေရာ ရှာဖွေဖို့ပါ"
"ဒါဆို ဘာလို့ ဒီနေရာအထိ ရောက်လာရတာလဲ" လင်းယွမ်က သူ၏ လှည့်စားမှုကို မခံဘဲ အဓိက ပြဿနာကို ချက်ချင်း မေးလိုက်သည်။
အရပ်ရှည်ရှည်နှင့်လူက ခဏမျှ တုံ့ဆိုင်းသွားသော်လည်း လင်းယွမ်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ လန့်ဖြန့်သွားပြီး ကပျာကယာ ပြောလိုက်သည်။
"ကျွန်တော်က သာမန် ဂိုဏ်းဝင် တစ်ယောက်ပါ... သိတဲ့အရာတွေ သိပ်မများပါဘူး"
"ကျွန်တော် ကြားတာတော့ သင်္ဘောကပ္ပတိန်တို့က ဝိညာဉ်စွမ်းအင် ပြင်းအား အရမ်းမြင့်တဲ့ နေရာတစ်ခုကို ရှာတွေ့ထားတယ်တဲ့... အဲ့ဒါက ဒီအနီးအနားမှာပဲမို့လို့ ကျွန်တော်တို့ လာခဲ့ကြတာပါ"
"နောက်တော့ ဒီအိမ်ရာမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတာကို မထင်မှတ်ဘဲ တွေ့လိုက်ရလို့ လူအင်အား ဖြည့်တင်းဖို့အတွက် အရင် ဝင်ဖမ်းတာပါ"
လင်းယွမ်၏ မျက်လုံးများက တစ်ချက် လက်သွားပြီး ချက်ချင်း မေးလိုက်သည်။ "ဝိညာဉ်စွမ်းအင် ပြင်းအား အရမ်းမြင့်တဲ့ နေရာ ဟုတ်လား... ဘယ်မှာလဲ"
"ကျွန်တော် မသိဘူး... ကျွန်တော် တကယ် မသိပါဘူးဗျာ" အရပ်ရှည်ရှည်နှင့်လူက ကပျာကယာ ခေါင်းခါပြလေသည်။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးခွန်းတစ်ခု ပြောင်းမေးလိုက်သည်။ "ဘယ်လို နေရာမျိုးတွေက ဝိညာဉ်စွမ်းအင် ပြင်းအား မြင့်မားတတ်သလဲ"
"စွမ်းအင်ကျောက်တုံး သတ္တုတွင်းတွေ ပေါကြွယ်ဝတဲ့ နေရာ၊ ဒါမှမဟုတ် အစွမ်းပိုင်ရှင် အများအပြား စုဝေးနေတဲ့ နေရာတွေမှာ ဝိညာဉ်စွမ်းအင် ပြင်းအားက အရမ်း မြင့်မားတတ်ပါတယ်"
"ဘာကြောင့်လဲဆိုတော့ ဝိညာဉ်စွမ်းအင် ပြင်းအား မြင့်မားတဲ့ နေရာတွေမှာမှ စွမ်းအင်ကျောက်တုံး သတ္တုကြောတွေ ဖြစ်ပေါ်လာတတ်လို့ပါ"
"ဒါ့အပြင် ကျွန်တော် သင်္ဘောပေါ်က လူတွေ ပြောတာ ကြားဖူးတာကတော့ ရေပေါ်ကျွန်းတွေမှာလည်း ယေဘုယျအားဖြင့် အလွန် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိတတ်တယ်လို့ ဆိုပါတယ်"
"ရေပေါ်ကျွန်း..."
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ ပြောလိုက်သော ဤစကားလုံးကို ချက်ချင်း သတိထားမိသွားသည်။
"ဟုတ်ပါတယ်... ရေပေါ်ကျွန်းပါ... ရေပေါ်ကျွန်းတွေက ဘယ်ကနေ ရောက်လာလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး... ကြားဖူးတာကတော့ ဒီရေပေါ်ကျွန်းတွေက သတ်မှတ်ထားတဲ့ နေရာတစ်ခုတည်းမှာ ရှိမနေပါဘူးတဲ့"
"သူတို့က ရေလှိုင်းတွေနဲ့အတူ မျောပါနေတတ်တယ်... ကျွန်းရဲ့ အရွယ်အစားက အကြီးအသေး အမျိုးမျိုး ရှိတယ်... ကြီးတဲ့ကျွန်းတွေဆိုရင် မိုင်ဆယ်ချီလောက်အထိ ရှည်လျားနိုင်ပြီး သေးတဲ့ကျွန်းတွေကတော့ စတုရန်းပေ တစ်ရာ နှစ်ရာလောက်ပဲ ရှိနိုင်ပါတယ်"
"တချို့က ပြောကြတယ်... ရေပေါ်ကျွန်းကို ရှာတွေ့ရင် ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးထဲမှာ ဆက်လက် အသက်ရှင် နေထိုင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်တဲ့"
ဆက်ရန်...