← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 19 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 19 Ch. 377-378

အပိုင်း(၃၇၇) ချိုးရင်ယွဲ့ကို ကယ်တင်ခြင်း

"ဒီငတုံးကောင်တွေ... ရန်သူက ငါ့ဆီအထိ ခိုးဝင်လာတာတောင် မင်းတို့က မသိကြသေးဘူးလား"

အနောက်မြောက်ဘက်ရှိ အခန်းတံခါး ပွင့်သွားပြီး မျက်မှန်တပ်ထားကာ ရည်မွန်သည့်ရုပ်ရည်ရှိသော လူငယ်တစ်ဦး ထွက်လာခဲ့သည်။

သူက အပေါ်ပိုင်း ဗလာကျင်းနေပြီး ကိုယ်ပေါ်တွင် ဘောင်းဘီတို တစ်ထည်သာ ဝတ်ဆင်ထား၏။

ယခုအချိန်တွင် သူ၏ မျက်နှာက အုံ့မှိုင်းနေပြီး လူသတ်ချင်နေသည့် အရိပ်အယောင်များ အပြည့်ဖြင့် စိတ်စွမ်းအင် ကွန်ရက်ကြီးဖုံးလွှမ်းခြင်း ခံထားရသော လင်းယွမ်ကို စိုက်ကြည့်နေသည်။

ထို့နောက် သူက စကားစလိုက်သည်။ "ဒီအထိတောင် ခိုးဝင်လာနိုင်တယ်ဆိုတော့... ဘယ်ဆိုးလို့လဲ"

သူက မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေသည့် လူ၄ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

လင်းယွမ်က ထိုသူ၏ ဟန်ပန်ကို ဂရုမစိုက်ဘဲ မိမိကိုယ်ကို ဖုံးလွှမ်းထားသည့် စိတ်စွမ်းအင် ကွန်ရက်ကြီးကိုသာ အာရုံခံနေလိုက်သည်။

ဤစိတ်စွမ်းအင် ကွန်ရက်ကြီး၏ ပြင်းအားကို ခန့်မှန်းကြည့်ပြီးနောက် လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ဒီလောက်လေးပဲလား"

ဟော့ယွမ်တု၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများက ရုတ်တရက် လက်ကနဲ ဖြစ်သွားကာ လက်ချောင်းကို အနည်းငယ် ကွေးလိုက်သည်။

"ဝှစ်"

အခန်းတွင်းရှိ စားပွဲပေါ်မှ သစ်သီးလှီးဓားတစ်ချောင်းက ချက်ချင်း ပျံသန်းလာပြီး လင်းယွမ်ထံသို့ အရှိန်ပြင်းပြင်းဖြင့် စိုက်ဝင်လာခဲ့သည်။

"ဘန်း"

သစ်သီးလှီးဓားက လင်းယွမ်၏ အရှေ့သို့ မရောက်မီမှာပင် မျက်စိဖြင့် မမြင်နိုင်သော အကာအကွယ်နံရံတစ်ခုနှင့် ရုတ်တရက် ဝင်တိုက်မိသွား၏။

"စိတ်အဝေးထိန်း အစွမ်းပဲ"

ဟော့ယွမ်တု၏ မျက်နှာက ပျက်ယွင်းသွားပြီး နံရံတွင် ချိတ်ဆွဲထားသော ဒူးလေးတစ်လက်ကို အမြန်လှမ်းယူလိုက်သည်။

"ဝှီး"

ထို သစ်သီးလှီးဓားက ချက်ချင်းပင် နောက်သို့ ပြန်လည် လွင့်စင်သွားခဲ့သည်။

"ဝှစ်"

သစ်သီးလှီးဓားက ဟော့ယွမ်တု လှမ်းလိုက်သည့် လက်မောင်းပေါ်သို့ ချက်ချင်း စိုက်ဝင်သွား၏။

ဒုတ်ကနဲ အသံတစ်သံနှင့်အတူ ဟော့ယွမ်တု၏ လက်မောင်းမှာ သစ်သီးလှီးဓားဖြင့် သစ်သားပြားပေါ်သို့ သံမှိုရိုက်ခံလိုက်ရသကဲ့သို့ စိုက်ဝင်သွားခဲ့သည်။

"အား"

ဟော့ယွမ်တု၏ ပါးစပ်မှ အော်ဟစ်သံထွက်ပေါ်လာပြီး သူက မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်ကာ အလန့်တကြား အော်လိုက်သည်။

"မဖြစ်နိုင်ဘူး... မင်းရဲ့ စိတ်စွမ်းအင်က ငါ့ရဲ့ စိတ်စွမ်းအင် ကွန်ရက်ကြီးကို ဘယ်လိုလုပ် ဖောက်ထွက်နိုင်တာလဲ"

လင်းယွမ်က ဂရုမစိုက်ပေ။ သူ၏ စိတ်စွမ်းအင်များက အပြင်းအထန် ပေါက်ကွဲထွက်လာခဲ့သည်။

"ဝုန်း"

စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤစိတ်စွမ်းအင် ကွန်ရက်ကြီးက တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရပြီး ပေါက်ကွဲသွားခဲ့သည်။

လင်းယွမ်က စိတ်စွမ်းအင် ကွန်ရက်ကြီးထဲမှ ပေါ့ပေါ့ပါးပါး ထွက်လာခဲ့သည်။

သူက အေးတိအေးစက် ပြောလိုက်သည်။

"မင်းရဲ့ စိတ်စွမ်းအင်က တကယ်ကို မနိမ့်ဘူး... ၄၅ မှတ် အထက်ကိုတောင် ရောက်နေပြီ မဟုတ်လား"

"ဟက်ဟက်... နှမြောစရာကောင်းတာက ဒီလိုအဆင့်လောက်ရှိတဲ့ စိတ်စွမ်းအင်နဲ့ ဒီလောက်ကြီးမားတဲ့ စိတ်စွမ်းအင် ကွန်ရက်ကြီးကို ခင်းကျင်းထားတာက မင်းထက် စိတ်စွမ်းအင် နိမ့်တဲ့သူတွေကို ဖမ်းဆီးဖို့ဆိုရင်တော့ သေချာပေါက် လွယ်ကူမှာပေါ့"

"ဒါပေမဲ့ မင်းထက် စိတ်စွမ်းအင် ကြီးမားတဲ့သူနဲ့ တွေ့တဲ့အခါကျရင်တော့ ဘာအသုံးမှ ဝင်မှာ မဟုတ်ဘူး"

"မင်းက ဘယ်သူလဲ... မင်းက ဘယ်သူလဲကွ"

ဟော့ယွမ်တုက ထိတ်လန့်ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။

လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ လက်လှမ်းကာ သူ၏ နဖူးပေါ်သို့ ဖိချလိုက်၏။

ကပ်ပါးမျိုးစေ့ တစ်ခုက တစ်ဖက်လူ၏ ဦးနှောက်ထဲသို့ အသံတိတ် ဝင်ရောက်သွားခဲ့သည်။

ဟော့ယွမ်တုက သူ၏ စိတ်စွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်ကာ စိတ်ပင်လယ်ထဲတွင် အသေအလဲ ကာကွယ်ရန် ကြိုးစားသော်လည်း လင်းယွမ်၏ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းအောက်တွင် ထိုသို့သော ခုခံမှုက ချက်ချင်းပင် ပြိုကွဲသွားခဲ့ရသည်။

ကပ်ပါးမျိုးစေ့က တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားပြီးနောက် လင်းယွမ်က လက်ကို ပြန်ရုပ်လိုက်သည်။

ဟော့ယွမ်တု၏ မျက်နှာက ဖြူလျော့သွားသည်။ "မင်း... မင်း ဘာလုပ်လိုက်တာလဲ... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

လင်းယွမ်က ပြုံးလိုက်သည်။ "မင်းကို ထိန်းချုပ်မယ့် နည်းလမ်းလေး တစ်ခုပါပဲ... ဉာဏ်နီဉာဏ်နက်တွေ သုံးဖို့ မစဉ်းစားနဲ့... မင်းရဲ့ ခေါင်းထဲမှာ ငါ ချန်ထားခဲ့တဲ့ ကပ်ပါးမျိုးစေ့က ငါ့ရဲ့ ထိန်းချုပ်မှု ကင်းလွတ်သွားတာနဲ့ တစ်ပြိုင်နက် အရူးအမူး ကြီးထွားလာလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းရဲ့ ခေါင်းကို အရှင်လတ်လတ် ပေါက်ကွဲထွက်သွားစေလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက် လင်းယွမ်က နံရံပေါ်မှ ဒူးလေးကို လှမ်းယူလိုက်သည်။

ဤဒူးလေး၏ ပုံစံက ရိုးရှင်းပြီး အလွန် ရှေးကျသော ရှေးဟောင်း ဒူးလေးတစ်လက်သာ ဖြစ်သည်။

သို့သော် ၎င်း၏ ပါဝင်ပစ္စည်းများက မရိုးရှင်းဘဲ တစ်စုံတစ်ခုသော အရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ၎င်းပေါ်တွင် ထူးခြားသော အစင်းကြောင်းများပင် ပြည့်နှက်နေ၏။

၎င်းပေါ်တွင် မြှားတစ်တန်းကို တပ်ဆင်ထားပြီး အလိုအလျောက် ဖြည့်တင်းပေးသည့် ကိရိယာဖြစ်ပုံရသည်။

လင်းယွမ်က ထိုမြှားများကို တစ်ချက် ကြည့်လိုက်ရာ မြှားတစ်ချောင်းစီ၏ အပေါ်တွင် သင်္ကေတများ အများအပြား ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

မြှား၏ ထိပ်ပိုင်းက အရိုးဖြင့် ပြုလုပ်ထားသော မြှားခေါင်းဖြစ်ပြီး အတွင်းဘက်တွင် ပန်းရောင် စွမ်းအင်ကျောက်တုံး တစ်တုံးကို မြှုပ်နှံထားသည်။

ဒါက လင်းယွမ် ပန်းရောင် စွမ်းအင်ကျောက်တုံးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။

သူက စိတ်ထဲတွင် အံ့သြသွားပြီး ဤဒူးလေးကို မတင်ကာ အရှေ့ရှိ ဟော့ယွမ်တုကို ချိန်ရွယ်လိုက်ရင်း ပြောလိုက်သည်။ "ဒီဒူးလေးက ဘာအသုံးဝင်တာလဲ"

ဟော့ယွမ်တုက ချက်ချင်းပင် စိုးရိမ်ပူပန်နေသည့် အမူအရာ ပေါ်လာပြီး အမြန် ပြောလိုက်သည်။ "မ... မလုပ်ပါနဲ့... မင်း ဘာလိုချင်လို့လဲ... ငါတို့ တိုင်ပင်လို့ ရပါတယ်"

"ဒါက ဘာလဲလို့ ငါမေးနေတယ်"

"ချိတ်ပိတ်မြှား... ဒါက ချိတ်ပိတ်မြှားပါ... မြှားပေါ်က သင်္ကေတက ချိတ်ပိတ် သင်္ကေတဖြစ်ပြီး မြှားနဲ့ အပစ်ခံရတာနဲ့ တစ်ပြိုင်နက် မြှားထဲက စွမ်းအင်ကျောက်တုံးထဲမှာရှိတဲ့ စွမ်းအင်တွေ ကုန်ဆုံးမသွားခင်အချိန်အထိ ပစ်မှတ်ရဲ့ အစွမ်းတွေကို ပိတ်လှောင်ထားနိုင်ပါတယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်က အလွန် အံ့သြသွားသည်။

ဒီလို သင်္ကေတမျိုး တကယ် ရှိနေတာလား။

သူက လှည့်ကာ သတိလစ်နေသည့် လူလေးယောက်ထဲမှ အစ်ကိုဟွာကို တိုက်ရိုက် ချိန်ရွယ်ပြီး မြှားတစ်ချောင်း ပစ်လွှတ်လိုက်သည်။

"ရွှစ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် မြှားက လေထုကို ခွင်းကာ ပျံသန်းသွားခဲ့သည်။

ရွှစ်ကနဲ အသံတစ်သံနှင့်အတူ မြှားက သတိလစ်နေသော အစ်ကိုဟွာကို တိုက်ရိုက် စိုက်ဝင်သွားခဲ့၏။

အစ်ကိုဟွာ၏ ရင်ဘတ်တွင် မြှားစိုက်ဝင်သွားသည့် နေရာ၌ စွမ်းအင် အကာအကွယ်အလွှာက တစ်ချက် လင်းလက်သွားသည်။

သို့သော် မြှားနှင့် ထိတွေ့မိသည့် အခိုက်အတန့်တွင် မြှားပေါ်ရှိ အလင်းရောင်များက လင်းလက်လာခဲ့သည်။

ချက်ချင်းပင် ထိုစွမ်းအင် အကာအကွယ်အလွှာက မှေးမှိန်သွားပြီး မြှားက သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စိုက်ဝင်သွားကာ တိုက်ရိုက် ဖောက်ထွက်သွားခဲ့သည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤမြှားက စွမ်းအင် အကာအကွယ်အလွှာနှင့် တွေ့ဆုံသည့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစွမ်းအင် အကာအကွယ်အလွှာက ချက်ချင်း အရည်ပျော်သွားပြီး မည်သည့် တားဆီးမှုမျှမရှိဘဲ ဖျက်ဆီးခံလိုက်ရ၏။

"ကောင်းလိုက်တဲ့ ချိတ်ပိတ်မြှားပဲ"

လင်းယွမ်က တိတ်တဆိတ် အံ့အားသင့်သွားသည်။ ဤချိတ်ပိတ်မြှားပေါ်ရှိ သင်္ကေတက အစွမ်းပိုင်ရှင်များ၏ ရန်သူတော်ကြီး မဟုတ်ပါလား။

သူက စွမ်းအင်ပိတ် ဒူးလေးကို ကိုင်ထားရင်း ဟော့ယွမ်တုကို ကန်ထုတ်လိုက်ပြီးနောက် သင်္ဘောကပ္ပတိန် အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။

အထဲသို့ ကြည့်လိုက်သည့်အခါ လင်းယွမ်က အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

အခန်းတွင်းရှိ ခမ်းနားထည်ဝါသော ကုတင်တစ်လုံးပေါ်တွင် အချိုးအစားကျနသည့် ခန္ဓာကိုယ်ရှိသော အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။

သူမ၏ အပေါ်ပိုင်းက အဝတ်အစားများ ချွတ်ခံထားရပြီး အောက်ပိုင်းရှိ ဘောင်းဘီမှာလည်း ဒူးခေါက်ကွေးအထိ လျှောကျနေ၏။

သူမက သတိလစ်နေခြင်း မဟုတ်ဘဲ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းစွာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေကာ လည်ပင်းတွင် အရိုးဖြင့် ပြုလုပ်ထားသော လည်ပတ်တစ်ခုကို ဝတ်ဆင်ထားသည်။

ထိုလည်ပတ်ထဲတွင် ပန်းရောင် စွမ်းအင်ကျောက်တုံး တစ်တုံးကို မြှုပ်နှံထားပြီး ထူးဆန်းသော အလင်းရောင်များ တလက်လက် တောက်ပနေသည်။

အမျိုးသမီး၏ လက်နှစ်ဖက်ကို ကုတင်ခေါင်းရင်းတွင် ချည်နှောင်ထားသောကြောင့် သူမက ရုန်းကန်နေသော်လည်း လုံးဝ ရုန်းထွက်၍ မရနိုင်ပေ။

သူမ၏ ရုန်းကန်မှုနှင့်အတူ ပြည့်ဖြိုးသော ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေသဖြင့် လူများ၏ အကြည့်က အလိုအလျောက် ရွှေ့လျားသွားစေသည်။

လင်းယွမ်က ဤဖြူဖွေးနေသော ခန္ဓာကိုယ်ကို အလျင်အမြန် အကြည့်လွှဲလိုက်ပြီးနောက် သူမ၏ မျက်နှာကို ကြည့်လိုက်ရာ ချက်ချင်းပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

"မင်းပဲ"

ကုတင်ပေါ်ရှိ အမျိုးသမီးက အသံကို ကြားသောအခါ လင်းယွမ်ကို အမြန် ကြည့်လိုက်သည်။

မျက်ရည်များဖြင့် ပြည့်နှက်နေသော ထိုမျက်နှာပေါ်တွင် ချက်ချင်းပင် အလွန် ဝမ်းသာသွားသည့် အမူအရာ ပေါ်လာပြီး အုအုဖြင့် အမြန် အော်ဟစ်လိုက်သည်။

သူမ၏ ပါးစပ်ထဲတွင် အတွင်းခံဘောင်းဘီတစ်ထည် ဆို့ခံထားရသဖြင့် အသံထွက်မလာနိုင်သော်လည်း လည်ချောင်းထဲမှတော့ လှုပ်ရှားမှုအသံများကို ထုတ်လွှတ်နိုင်သေးသည်။

ဤအမျိုးသမီးက အခြားသူမဟုတ်ဘဲ ချိုးရင်ယွဲ့ပင် ဖြစ်သည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်သွားသည်။

ချိုးရင်ယွဲ့က အလွန် လှပသောကြောင့် ဖမ်းဆီးခံရပြီးနောက် သင်္ဘောခန်းထဲတွင် အကျဉ်းချမခံရဘဲ ဟော့ယွမ်တုဟုခေါ်သော ဤသင်္ဘောကပ္ပတိန်၏ အခန်းထဲသို့ ခေါ်ဆောင်ခံရကာ ပျော်ပါးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သို့သော် မိမိ ရောက်လာသည်က အချိန်မီသွားပုံရပြီး ဤလူ့ အကြံမအောင်သေးပေ။

လင်းယွမ်က ချက်ချင်းပင် အခန်းထဲသို့ ဝင်သွားပြီး ချိုးရင်ယွဲ့၏ ပါးစပ်ထဲရှိ အတွင်းခံဘောင်းဘီကို ယူဖယ်ပေးလိုက်သည်။

ချိုးရင်ယွဲ့က ယခုလက်ရှိ ရှက်စရာကောင်းသော အခြေအနေကို အတင်းအောင့်အည်းထားရင်း တောင်းဆိုလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မကို ဒီလည်ပတ်လေး ဖြုတ်ပေးဖို့ တောင်းဆိုပါတယ်"

လင်းယွမ်၏ အကြည့်က သူမ၏ လည်ပတ်ဆီသို့ ရောက်သွားပြီး လည်ပတ်ကို လှမ်းကိုင်ကာ အားကုန်သုံး၍ ညှစ်လိုက်သည်။

ဂျွတ်ခနဲ အသံတစ်သံနှင့်အတူ လည်ပတ်က ချက်ချင်း ကွဲအက်သွားခဲ့သည်။

ချိုးရင်ယွဲ့ထံမှ နာကျင်စွာ ညည်းညူသံ ထွက်ပေါ်လာသည်။

လင်းယွမ်က လည်ပတ်ကို ဖြုတ်ယူလိုက်ပြီးမှသာ အတွင်းဘက်တွင် မြှုပ်နှံထားသော အပ်တိုနှစ်ချောင်းရှိနေပြီး သူမ၏ လည်ပင်းထဲသို့ စိုက်ဝင်နေသည်ကို သတိထားမိလိုက်သည်။

လည်ပတ်ကို ဖြုတ်ယူလိုက်သည်နှင့်အမျှ ထိုလည်ပတ်ပေါ်ရှိ ပန်းရောင် စွမ်းအင်ကျောက်တုံးကလည်း ချက်ချင်း မှေးမှိန်သွားပြီး ဆက်လက် မတောက်ပတော့ပေ။

ချိုးရင်ယွဲ့၏ ခန္ဓာကိုယ်အတွင်းမှ သန္ဓေပြောင်းစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး မျက်လုံးများထဲတွင် မိုးကြိုးလျှပ်စီးများ တလက်လက် တောက်ပလာခဲ့သည်။

သူမက ရုတ်တရက် ထိုင်လိုက်ရာ ဖြောင်းဖြောင်းဟူသော အသံနှစ်သံနှင့်အတူ သူမကို ချည်နှောင်ထားသည့် ကြိုးနှစ်ချောင်းက ချက်ချင်းပင် ဆွဲဖြတ်ခံလိုက်ရ၏။

သူမက ဒေါသတကြီးဖြင့် စောင်ကို ကောက်ကိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အလျင်အမြန် ရစ်ပတ်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများ လင်းလက်သွားကာ ရွှမ်းကနဲ အသံနှင့်အတူ ကုတင်ခေါင်းရင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"အား"

တံခါးဝတွင် ဟော့ယွမ်တုက စူးရှစွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် သူ၏ ရင်ဘတ်က မိုးကြိုးလက်သီးဖြင့် ပြင်းထန်စွာ ထိုးခွဲခံလိုက်ရသည်။

ချိုးရင်ယွဲ့က လက်တစ်ဖက်ဖြင့် ရင်ဘတ်ရှိ စောင်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က တစ်ဖက်လူ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။

ညာဘက်လက်မောင်းကို အားကုန်သုံး၍ မလိုက်ကာ ဟော့ယွမ်တုကို ကြမ်းတမ်းစွာ ဆွဲမလိုက်ပြီး သူမက မျက်လုံးများ နီရဲလျက် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"တိရစ္ဆာန်ကောင်... နင့်ကို ငါသတ်မယ်"

ဟော့ယွမ်တု၏ နှလုံးက မိုးကြိုးလက်သီးဖြင့် ထိုးခွဲခံလိုက်ရကာ သွေးများ အဆက်မပြတ် အန်ထွက်လာပြီး အသက်ရှူသံများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လင်းယွမ်က သူမကို မတားဆီးပေ။ သူ သိချင်သော သတင်းများကို အခြေခံအားဖြင့် သူ သိပြီးသွားပြီ ဖြစ်သည်။

ဟော့ယွမ်တုက သင်္ဘောကပ္ပတိန် တစ်ယောက်အနေဖြင့် မန်ချင်ထက် ပိုသိနိုင်သော်လည်း ခန့်မှန်းရသလောက် ကန့်သတ်ချက် ရှိနိုင်သေးသည်။

အထူးသဖြင့် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ မျိုးရိုးဗီဇမျိုးစေ့ လျှို့ဝှက်ချက်များနှင့် ပတ်သက်လာလျှင် ဟော့ယွမ်တုကလည်း အနည်းငယ်မျှပင် ထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ပေ။

မန်ချင်တောင်မှ သွေးပုလင်းဖြင့် ထိန်းချုပ်ခံထားရသည်ဆိုလျှင် ဟော့ယွမ်တုကရော ဘယ်လိုလုပ် သွေးပုလင်းဖြင့် ထိန်းချုပ်မခံရဘဲ နေမည်နည်း။

လင်းယွမ်က အခန်းထဲတွင် အလျင်အမြန် ရှာဖွေလိုက်ရာ မကြာမီမှာပင် ဟော့ယွမ်တု၏ သွေးပုလင်းကို ရှာတွေ့သွားခဲ့သည်။

ထို့နောက် ထပ်မံ ရှာဖွေလိုက်ရာ သင်္ကေတလက်နက်များ၊ သင်္ကေတလည်ပတ်များ၊ ထောက်လှမ်းရေး သင်္ကေတမျက်မှန်များနှင့် ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင် စသည်တို့ကို အများအပြား ရှာတွေ့ခဲ့သည်။

ထို့အပြင် သူက ကုတင်အောက်ရှိ သေတ္တာထဲတွင်လည်း စွမ်းအင်ကျောက်တုံး အမြောက်အမြားကို ရှာတွေ့ခဲ့သေး၏။

ထိုအထဲတွင် ပန်းရောင် စွမ်းအင်ကျောက်တုံးများက အဓိကဖြစ်ပြီး အခြားသော အရောင်အမျိုးမျိုးရှိသည့် စွမ်းအင်ကျောက်တုံးများအထဲတွင် သဘာဝဓာတ် အမျိုးမျိုးရှိသော စွမ်းအင်ကျောက်တုံးများ ပါဝင်သည်။

လင်းယွမ်က အားနာခြင်း အလျဉ်းမရှိဘဲ အားလုံးကို သိမ်းဆည်းလိုက်သည်။

အပြင်ဘက်ရှိ ချိုးရင်ယွဲ့မှာမူ ရူးသွပ်နေသည့်အလား ဟော့ယွမ်တုကို သတ်ဖြတ်ပြီးနောက် အခန်းတွင်းရှိ သတိလစ်နေသော လူသုံးယောက်ကိုပါ သတ်ဖြတ်လိုက်သည်။

ထို့နောက် သူမက မန်ချင်ကို သတ်ရန် အပြင်သို့ ထွက်သွားချင်သော်လည်း ကြောက်လန့်တကြား ဖြစ်နေသော မန်ချင်က အလျင်စလို ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

ချိုးရင်ယွဲ့က နောက်မှ လိုက်သွားချင်သော်လည်း ရုတ်တရက် ရပ်တန့်သွားကာ အခန်းထဲသို့ အလျင်အမြန် ပြန်ဝင်လာပြီး စောင်ကို ပစ်ချလိုက်ကာ လင်းယွမ်၏ အရှေ့တွင်ပင် သူမ၏ အဝတ်အစားများကို အလျင်အမြန် ရှာဖွေဝတ်ဆင်လိုက်သည်။

လင်းယွမ်က ထိုအချိန်တွင် ရှာဖွေရေး ပြီးစီးသွားပြီဖြစ်ကာ သားရေအင်္ကျီနှင့် သားရေဘောင်းဘီကို ဝတ်ဆင်ထားသော ချိုးရင်ယွဲ့ကို လှည့်ကြည့်လိုက်သည်။

သူမ၏ မျက်နှာက အုံ့မှိုင်းနေပြီး လူသတ်ချင်စိတ်များ လွှမ်းခြုံနေကာ ပြောလိုက်သည်။ "ကိုလင်းယွမ်... ဒီဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေကို ချန်ထားလို့ မဖြစ်ဘူး... အားလုံးကို သတ်ပစ်မှ ရမယ်"

လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"မင်း သဘောပဲ"

ထိုစကားကို ပြောပြီးနောက် လင်းယွမ်က ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ချိုးရင်ယွဲ့က ကြောင်အမ်းအမ်း ဖြစ်သွားပြီး အမြန် မေးလိုက်သည်။

"ကိုလင်းယွမ်... ကျွန်မ ရှင့်ရဲ့ အကူအညီကို လိုအပ်တယ်... ဒီလူတွေဆီမှာ အစွမ်းထက်တဲ့ လက်နက်တွေ အများကြီး ရှိတယ်... ကျွန်မ တစ်ယောက်တည်းဆိုရင် အင်အားနည်းနေတယ်"

လင်းယွမ်၏ ခြေလှမ်းများက တန့်သွားပြီး သူမကို တစ်ချက် ကြည့်လိုက်ကာ ပြောလိုက်သည်။

"ငါက ဘာလို့ မင်းကို ကူညီရမှာလဲ"

ချိုးရင်ယွဲ့က ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်က ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် အမြန် ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို မြူခိုးမြို့တော်ဆီ ခေါ်သွားပေးနိုင်တယ်... မြူခိုးမြို့တော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အများကြီးကို ကျွန်မ သိထားတယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ဟင့်အင်း... မင်း မသိပါဘူး"

ချိုးရင်ယွဲ့က အံ့သြသွားပြီး အမြန် ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်မရဲ့ အဖေက မြူခိုးမြို့တော်မှာ ရှိနေတာ..."

လင်းယွမ်က သူမ၏ စကားကို ဖြတ်ပြောလိုက်ရင်း မေးလိုက်သည်။

"မင်းတို့က စာနဲ့ပဲ အဆက်အသွယ် ရှိကြတာလေ... မင်း အဖေကို တကယ် မြင်ဖူးလို့လား"

"ပြီးတော့ အဲဒီစာထဲက အကြောင်းအရာတွေက အစစ်လား အတုလားဆိုတာ မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ"

"ဒါ့အပြင် အခု ငါ မြူခိုးမြို့တော်ကို ဘယ်လိုရှာရမလဲဆိုတာ သိနေပြီ... မင်း ငါ့ကို ခေါ်သွားပေးဖို့ မလိုတော့ဘူးလို့ ထင်တယ်"

ချိုးရင်ယွဲ့၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်၏ နောက်သို့ အလျင်အမြန် လိုက်သွားကာ ပြောလိုက်သည်။

"ရှင် ကျွန်မကို ကူညီပေးဖို့ ဘာလုပ်ပေးရမလဲ"

လင်းယွမ်က ဤသင်္ဘောနှင့် သင်္ဘောပေါ်တွင် ဖမ်းဆီးခံထားရသော အစွမ်းပိုင်ရှင်များကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

"ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေကို ရှင်းလင်းပြီးသွားရင် ဒီသင်္ဘောနဲ့ သင်္ဘောပေါ်မှာ ရှိတဲ့ ပစ္စည်းအားလုံး ငါ့ကို ပေးရမယ်"

ထိုသို့ပြောရင်း သူက ချိုးရင်ယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကန့်ကွက်ချင်တာရှိလား"

ချိုးရင်ယွဲ့က အံကို ကြိတ်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... ဒါပေမဲ့ ကျွန်မဘက်ကလည်း တောင်းဆိုစရာ ရှိတယ်"

"မြူခိုးမြို့တော်ကို ရှာဖို့အတွက် ကျွန်မ ဒီသင်္ဘောကို စီးသွားချင်တယ်"

လင်းယွမ်က ချက်ချင်းပင် ရယ်မောလိုက်သည်။

"သဘောတူတယ်"

ဆက်ရန်...

အပိုင်း(၃၇၈) စစ်သင်္ဘောပေါ်မှ ပြင်းထန်သော တိုက်ပွဲ

အမှန်အတိုင်း ပြောရလျှင် လင်းယွမ်၏ စွမ်းဆောင်ရည်နှင့်ဆိုပါက ဤရွှေရောင်ချပ်ဝတ် စစ်သင်္ဘောကြီးကို အတင်းအဓမ္မ သိမ်းပိုက်လိုက်ရန်မှာ ပြဿနာ တစ်ရပ် မဟုတ်ပေ။

သို့သော် လင်းယွမ်က ချိုးရင်ယွဲ့၏ အကူအညီကို လိုအပ်နေသေးသောကြောင့် ဤသင်္ဘောကို အကြမ်းဖက်သည့် နည်းလမ်းဖြင့် မသိမ်းပိုက်ချင်ခြင်း ဖြစ်သည်။

အကယ်၍ အလဲအလှယ် ပြုလုပ်သည့် နည်းလမ်းဖြင့် ရရှိနိုင်ပါက ပို၍ ကောင်းမွန်မည် သေချာသည်။

ချိုးရင်ယွဲ့၏ အစွမ်းအစက မဆိုးလှသော်လည်း သင်္ဘောပေါ်ရှိ ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ သိုင်းပညာရှင် အများအပြားနှင့် ရင်ဆိုင်ရချိန်တွင် သူမ တစ်ယောက်တည်းဖြင့် အားလုံးကို မယှဉ်နိုင်သည်မှာ သဘာဝပင် ဖြစ်သည်။

ထို့အပြင် လင်းယွမ်ကလည်း ချိတ်ပိတ် မြှားကဲ့သို့သော သင်္ကေတလက်နက်များကို စိုးရိမ်နေမိသဖြင့် အကူအညီ လိုအပ်နေသည်သာ ဖြစ်သည်။

လက်ရှိတွင် သူတို့နှစ်ဦး ပူးပေါင်းလိုက်ပြီး သင်္ဘောကပ္ပတိန် အခန်းတံခါးကို အလျင်အမြန် ပိတ်ချလိုက်ကြသည်။

ထို့နောက် လင်းယွမ်က မန်ချင်ထံသို့ သွားလိုက်ပြီး သင်္ဘောခန်းအတွင်း ပိတ်လှောင်ခံထားရသော အစွမ်းပိုင်ရှင်များကို တိတ်တဆိတ် သွားရောက်လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။

သို့သော် မန်ချင်က ခါးသီးစွာ ပြုံးရင်း ခေါင်းယမ်းလိုက်သည်။

"ဆရာလင်း... ကျွန်တော် မကူညီချင်လို့ မဟုတ်ပါဘူး... သင်္ဘောခန်းအောက်မှာလည်း ချိတ်ပိတ် သင်္ကေတတွေ ရေးဆွဲထားပါတယ်... အဲဒီလူတွေ သင်္ဘောခန်းထဲမှာ ပိတ်လှောင်ခံထားရသရွေ့ သူတို့ရဲ့ အစွမ်းတွေ ဆုံးရှုံးသွားသလို ဖြစ်နေလို့ သာမန်လူတွေနဲ့ ဘာမှမကွာတော့ပါဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မေးလိုက်သည်။

"ချိတ်ပိတ် သင်္ကေတက အဲဒီလောက်တောင် စွမ်းတာလား... ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးလား"

"ရှိပါတယ်... ချိတ်ပိတ် သင်္ကေတတွေကလည်း အမျိုးအစား ခွဲခြားထားပါတယ်... သာမန် ချိတ်ပိတ် သင်္ကေတတွေက သွေးနဲ့ထိမှသာ စွမ်းအင်ကို ပိတ်ဆို့နိုင်ပေမယ့် လက်နက်အနေနဲ့ အသုံးပြုတဲ့ ချိတ်ပိတ် သင်္ကေတတွေကတော့ သန္ဓေပြောင်းစွမ်းအင်ကို တိုက်ရိုက် ပိတ်ဆို့နိုင်လေ့ရှိပါတယ်"

"အဲဒီ အစွမ်းပိုင်ရှင်တွေကို လက်ထိတ်ခတ်လိုက်ပြီးတဲ့နောက်မှာ... လက်ထိတ်တွေရဲ့ အတွင်းဘက်မှာ သံဆူးလေးတွေ ပါပါတယ်... အဲ့တာတွေကသူတို့ရဲ့ လက်ကောက်ဝတ်ကို စူးဝင် သွေးထွက်စေပြီး သန္ဓေပြောင်းစွမ်းအင်ကို ပိတ်ဆို့ပစ်လိုက်တာပါ"

"ဒီလို ချိတ်ပိတ် သင်္ကေတမျိုးက အဆင့်နိမ့်ပေမယ့်... စွမ်းအင်ကျောက်တုံး သိပ်မကုန်ပါဘူး"

"ဒါပေမယ့် လက်နက်အနေနဲ့ အသုံးပြုတဲ့ ချိတ်ပိတ် သင်္ကေတကတော့... စွမ်းအင်ကျောက်တုံး ကုန်ကျမှု အလွန်ကြီးမားပါတယ်"

"တကယ်လို့ အစွမ်းအစ လုံလောက်အောင် မြင့်မားတဲ့ အစွမ်းပိုင်ရှင်တွေ ဆိုရင်တော့... ဒီလို ချိတ်ပိတ် လက်နက်တွေရဲ့ တိုက်ခိုက်မှုကို လုံးဝ ကာကွယ်နိုင်ပါတယ်"

"အစွမ်းအစ သိပ်မမြင့်မားတဲ့ သူတွေကလည်း... ချပ်ဝတ်အကာအကွယ်တွေကို သုံးပြီး ကာကွယ်နိုင်ပါတယ်"

"ကျွန်တော် ပြောတာက စွမ်းအင်ဒိုင်းကာ အမျိုးအစား ချပ်ဝတ်တန်ဆာတွေကို ဆိုလိုတာ မဟုတ်ဘူး... တကယ့် အစစ်အမှန် ချပ်ဝတ်အင်္ကျီတွေကို ပြောတာပါ"

"ကျည်ကာအင်္ကျီ ဆိုရင်တောင် ရပါတယ်"

"ဒါပေမယ့် ကွမ်ဖူဘက်ကတော့ ရုပ်ပိုင်းဆိုင်ရာ အကာအကာတွေကို ထိုးဖောက်နိုင်တဲ့... ချိတ်ပိတ် လက်နက်တွေကို စောစောစီးစီးကတည်းက သုတေသနပြုလုပ်ပြီး ရှာဖွေတွေ့ရှိထားပါတယ်... ဥပမာအနေနဲ့... ချိတ်ပိတ် သင်္ကေတနဲ့ ပေါက်ကွဲအားကောင်းတဲ့ သင်္ကေတတွေကို ပေါင်းစပ် အသုံးပြုထားတာမျိုးပေါ့"

"ကျွန်တော်တို့ ကပ္ပတိန် လက်ထဲက ဒူးလေးမြှားက အဲဒီလိုပါပဲ... ဒူးလေးပေါ်မှာ အလျင်မြှင့်တင်ရေး သင်္ကေတ ရေးဆွဲထားတဲ့အတွက်... ပစ်လွှတ်လိုက်တဲ့ ဒူးလေးမြှားရဲ့ အမြန်နှုန်းက အရမ်းမြန်လို့ ရုပ်ပိုင်းဆိုင်ရာ ချပ်ဝတ်တန်ဆာတွေကို ချက်ချင်း ထိုးဖောက်နိုင်ပြီး... ချိတ်ပိတ်မြှားက ရန်သူရဲ့သွေးနဲ့ တန်းထိစေဖို့ အခွင့်အရေးပိုများပါတယ်"

လင်းယွမ်က ထိုစကားများကို နားထောင်ပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။ ချိတ်ပိတ် သင်္ကေတများသည် အစွမ်းပိုင်ရှင်များ၏ သန္ဓေပြောင်းစွမ်းအင်ကိုသာ သက်ရောက်မှုရှိပြီး အခြားသော ရုပ်ဝတ္ထုပစ္စည်းများအပေါ်တွင်မူ အထူးတလည် ဖျက်ဆီးနိုင်စွမ်း မရှိချေ။

ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ ကျောက်အကြေးခွံ ချပ်ဝတ်တန်ဆာ တစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

ဤကျောက်အကြေးခွံ ချပ်ဝတ်တန်ဆာမှာ သန္ဓေပြောင်း သင်းခွေချပ်၏ အခွံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ယခင်က ထိုသင်းခွေချပ်၏ အရေခွံကို ခွာယူပြီးနောက် ချပ်ဝတ်တန်ဆာ နှစ်စုံ ပြုလုပ်ခဲ့သည်။

တစ်စုံကို တင်းယန်အား ပေးခဲ့ပြီး အခြားတစ်စုံကို ကျောက်ခိုင်အား ပေးခဲ့သည်။

ယခုတစ်ကြိမ် ခရီးထွက်လာချိန်တွင် တင်းယန်က သူ့အတွက် စိတ်မချသဖြင့် ဤချပ်ဝတ်တန်ဆာကို အတင်းအကျပ် ပေးလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်ကလည်း ဤမျှ မြန်မြန်ဆန်ဆန် အသုံးပြုရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ တြိဂံပုံစံ အရိုးဒိုင်းလွှာ တစ်ခုနှင့် လက်မဝက်ခန့် ရှည်လျားသော အရိုးဓားတစ်လက်ကိုလည်း ထုတ်ယူလိုက်သေးသည်။

ဤအရာများအားလုံးမှာ အစွမ်းလက်နက်များ ဖြစ်ကြသည်။ တြိဂံပုံစံ အရိုးဒိုင်းလွှာကို ပြည်ကြီးငါး၏ အရိုးဖြင့် ပြုလုပ်ထားပြီး ယင်း၏အပေါ်တွင် ရေဒိုင်းကာ ကာကွယ်ရေး သင်္ကေတကို ရေးဆွဲထားသည်။

ထို့အပြင် ဒိုင်းလွှာ၏ အနားသတ်များကိုလည်း ဓားသွားကဲ့သို့ ထက်မြက်နေစေရန် သွေးထားသေးသည်။

၎င်းအပြင် ရန်ဆန်းမင်၏ ထက်မြက်ခြင်း အစွမ်းဖြင့်ပါ အထူးတလည် အစွမ်းသွင်းထားသေးသည်။

ထိုအရိုးဓားမှာလည်း အလားတူပင် ဖြစ်သည်။ ယင်း၏အပေါ်တွင် ရေဓား သင်္ကေတကို ရေးဆွဲထားပြီး ရန်ဆန်းမင်၏ အစွမ်းသွင်းခြင်းကိုပါ ရယူထားသည်။

လက်နက် အပြည့်အစုံ တပ်ဆင်ပြီးနောက် အံ့အားသင့်နေကြသော ချိုးရင်ယွဲ့နှင့် မန်ချင်တို့၏ အကြည့်အောက်တွင် လင်းယွမ်က အသံကို နှိမ့်ချကာ ပြောလိုက်သည်။

"စလိုက်ကြရအောင်"

စကားသံ အဆုံးတွင် လင်းယွမ်က ရှေ့ဆုံးမှ ဦးဆောင်ကာ ကုန်းပတ်ပေါ်သို့ ခုန်ချလိုက်သည်။

ချူရှန်ဟုခေါ်သော ကင်းလှည့်တပ်ဖွဲ့ ခေါင်းဆောင်က လင်းယွမ်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး စကားဟကာ မေးမြန်းရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရေဓား သင်္ကေတ ရေးဆွဲထားသော အရိုးဓားမှာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။

"ဝှစ်... ဝှစ်... ဝှစ်"

အရိုးဓားက ပြင်းထန်စွာ ခုတ်ပိုင်း ထိုးဖောက်သွားပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ ဂိုဏ်းသား အများအပြား၏ ဦးခေါင်းများကို ချက်ချင်း ဖောက်ထွင်းသွားသည်။

စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားမှုအောက်တွင် ထိုအရိုးဓားမှာ အလင်းတန်း တစ်ခုကဲ့သို့ အလျင်အမြန်ဖြင့် လူ့အသက်များကို စတင် ရိတ်သိမ်းနေတော့သည်။

လင်းယွမ်က လူဆယ်ယောက်ကျော်ကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်လိုက်သည့် အချိန်ရောက်မှသာ ထိုလူများက သတိဝင်လာကြသည်။

ချူရှန်၏ မျက်လုံးများ ချက်ချင်း နီရဲသွားပြီး ဒေါသတကြီး ဟစ်အော်လိုက်သည်။

"ရန်သူတွေဟေ့"

"သူ့ကို သတ်ကြ... မြန်မြန် သတ်ကြ"

"မြှားနဲ့ ပစ်... မြှားနဲ့ ပစ်"

ပတ်ဝန်းကျင်မှ ဒေါသတကြီး ဟစ်အော်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လူအချို့ကလည်း သူတို့၏ ကိုယ်ပိုင် အစွမ်းများကို ချက်ချင်း အသုံးချကာ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။

သို့သော် သူတို့၏ အမြန်နှုန်းက မည်မျှပင် မြန်ဆန်နေပါစေ လင်းယွမ်၏ အမြန်နှုန်းကိုတော့ မမီနိုင်ပေ။

လင်းယွမ်၏ ခြေဖဝါး နှစ်ဖက်အောက်တွင် မီးစင်္ကြာ နှစ်ခု တောက်ပလာပြီး မီးစင်္ကြာအစွမ်းကို တိုက်ရိုက် အသုံးပြုလိုက်သည်ကိုသာ မြင်လိုက်ရသည်။

"ဝှစ်"

မီးတောက်မျဉ်း တစ်ကြောင်း လင်းလက်သွားပြီး လင်းယွမ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

နောက်တစ်စက္ကန့်တွင် တြိဂံပုံစံ ဒိုင်းလွှာက ကြောက်မက်ဖွယ်ကောင်းသော သံဂေါ်ပြား တစ်ချောင်းကဲ့သို့ ဖြစ်သွားပြီး ထက်မြက်သော ဒိုင်းလွှာအနားသတ်များက လူ့အသက်များကို တရွှမ်းရွှမ်းဖြင့် ရိတ်သိမ်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် လေထဲရှိ အရိုးဓားမှာလည်း လင်းယွမ်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် အလင်းတန်းများအဖြစ် ဆက်တိုက် ပျံဝဲနေသည်။

စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူဆယ်ဂဏန်းခန့် သေဆုံး ဒဏ်ရာရသွားကြသည်။

ကင်းစင်ပေါ်တွင် မြှားအသုံးပြုသော အစွမ်းပိုင်ရှင် တစ်ယောက်က လေးကြိုးကို အားကုန်ဆွဲတင်ကာ လင်းယွမ် ရှိနေမည့် နေရာကို ခန့်မှန်းတွက်ချက်နေသည်။

"ဝုန်း"

မြှားတစ်စင်းက လေထုကို ခွဲထုတ်လာပြီး လင်းယွမ် ရှိနေမည့် နေရာကို အမှန်တကယ်ပင် တိကျစွာ ခန့်မှန်းနိုင်ခဲ့သည်။

လင်းယွမ်က ဒိုင်းလွှာဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဒေါင်ခနဲအသံနှင့်အတူ ထိုမြှားမှာ ချက်ချင်း လွင့်ထွက်သွားသည်။

သို့သော် ထိုမြှားမှာ လွင့်ထွက်သွားသော်လည်း မြှားခေါင်းကမူ ရုတ်တရက် ပေါက်ကွဲသွားသည်။

ထို့နောက် လေထဲတွင် အနီရောင်အလင်းတန်း တစ်ခု ရုတ်တရက် တောက်ပလာပြီး ရှုပ်ထွေးသော သင်္ကေတအလင်းတန်း တစ်ခုက အနီရောင်အလင်းတန်းကြားထဲတွင် လင်းလက်လာသည်။

တစ်ခဏချင်းမှာပင် သင်္ကေတ လွှမ်းခြုံထားသော နယ်ပယ်အတွင်းရှိ အစွမ်းပိုင်ရှင် အားလုံး၏ အစွမ်းများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

လင်းယွမ်ကလည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစွမ်းများမှာ တစ်စုံတစ်ရာ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် အသုံးပြုရန် ခက်ခဲသွားသည်။

သူ၏ စိတ်စွမ်းအင်ပင်လျှင် ပြင်းထန်သော နှောင့်ယှက်မှုကို ခံလိုက်ရသေးသည်။

"ချိတ်ပိတ် သင်္ကေတပဲ"

လင်းယွမ်က စိတ်ထဲတွင် အံ့အားသင့်သွားသည်။ ချိတ်ပိတ် သင်္ကေတကို ဤသို့ပင် အသုံးပြုနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် လင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့ကို နိုးထစေခဲ့ပြီး သူ၏ ခန္ဓာကိုယ် မျိုးရိုးဗီဇထဲတွင် အားကောင်းသော စွမ်းအင်များ ပါဝင်နေကာ သန္ဓေပြောင်းစွမ်းအင်များမှာ ဆဲလ်များ၏ အတွင်းပိုင်းအထိ ပေါင်းစပ်ဝင်ရောက်နေပြီ ဖြစ်သည်။

အစွမ်းကို အသုံးမပြုနိုင်တော့လျှင်တောင်မှ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် သွေးသားအင်အားကတော့ ချိတ်ပိတ် သင်္ကေတ၏ ဖိနှိပ်မှုကို မခံရပေ။

"ထန်... ထန်... ထန်"

လင်းယွမ်က လက်ထဲရှိ ဒိုင်းလွှာကို ဝိုင်းစက်စွာ လွှဲယမ်းလိုက်ရာ ချွင်ချွင်ထန်ထန် အသံများ ထွက်ပေါ်လာပြီး ပျံသန်းလာသော ပုဆိန်များ၊ မြှားများမှာ သူ၏ ကာကွယ်ဖယ်ရှားမှုကြောင့် လွင့်ထွက်သွားကြသည်။

ပတ်ဝန်းကျင်ရှိ အစွမ်းပိုင်ရှင်များမှာလည်း ဖိနှိပ်ခံထားရပြီး အစွမ်းများကို အသုံးမပြုနိုင်သောကြောင့် လက်နက်များကို ပစ်ပေါက်ကာ လင်းယွမ်အား တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်နိုင်တော့သည်။

သို့သော် ချိတ်ပိတ် သင်္ကေတ၏ နယ်ပယ်အပြင်ဘက်တွင်ရှိသော အစွမ်းပိုင်ရှင်များကတော့ ကန့်သတ်ချက် မရှိပေ။ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်က လေးကြိုးကို တင်ကာ မြှားဖြင့် လင်းယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။

ကင်းစင်ပေါ်ရှိ အစွမ်းပိုင်ရှင်ကလည်း မြှားအသစ်ကို လဲလှယ်လိုက်ပြီး ရွှေရောင်မြှားခေါင်း ပါရှိသော မြှားတစ်စင်းက အလွန် မြန်ဆန်သော အရှိန်ဖြင့် ပစ်လွှတ်လာသည်။

"ဝှစ်... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မြှားပျံသန်းသွားသော နေရာတိုင်းတွင် လေလှိုင်းများက လိမ့်တက် ပေါက်ကွဲသွားသည်။

လင်းယွမ်က မပေါ့ဆရဲဘဲ ချိတ်ပိတ် သင်္ကေတ ဧရိယာအစပ်ဆီသို့ အပြေးအလွှား သွားနေရင်း တစ်ဖက်မှလည်း အရိုးဒိုင်းလွှာဖြင့် ရိုက်ထုတ်လိုက်သည်။

"ဘုန်း"

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လင်းယွမ်က အလွန် ကြီးမားသော ခွန်အားတစ်ခု ဝင်ရောက်လာသည်ဟု ခံစားလိုက်ရကာ လေလှိုင်းက သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ရိုက်ခတ်သွားသဖြင့် အနောက်သို့ လွင့်စင်သွားသည်။

လေပေါ်တွင် ရှိနေစဉ် လင်းယွမ်က ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး ဒိုင်းလွှာနောက်တွင် တတ်နိုင်သမျှ ပုန်းအောင်းနေလိုက်သည်။

သို့သော် ဒိုင်းလွှာမှာ ပေါက်ကွဲသွားပြီး အက်ကွဲကြောင်း အများအပြား ထွက်ပေါ်လာကာ အပေါ်ဘက်မှ ထောင့်တစ်နေရာမှာပင် ကျိုးပဲ့သွားသည်။

ကံကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်တွင် ကျောက်အကြေးခွံ ချပ်ဝတ်တန်ဆာ ရှိနေသေးသောကြောင့် အရိုးဒိုင်းလွှာက ဦးခေါင်းကဲ့သို့သော အရေးကြီးသည့် အစိတ်အပိုင်းများကို ကာကွယ်ထားနိုင်ရုံဖြင့် လုံလောက်နေသည်။

ကျောက်အကြေးခွံ ချပ်ဝတ်တန်ဆာ၏ ကာကွယ်နိုင်စွမ်းဖြင့် ဤကဲ့သို့သော ရိုက်ခတ်မှုကို ခုခံရန် လုံလောက်သည်။

ထိုရိုက်ခတ်မှု အဟုန်ကို အသုံးချကာ လင်းယွမ်၏ ခန္ဓာကိုယ်က အနောက်သို့ အလျင်အမြန် လွင့်စင်သွားပြီး ချိတ်ပိတ် သင်္ကေတ နယ်ပယ်ထဲမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင် ချူရှန်က ရက်စက်စွာ ပြုံးလိုက်သည်။

"ဆင်းခဲ့စမ်း"

သူ့လက်ထဲမှ သံကြိုးတစ်ချောင်းကို ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရပြီး ခလောက်ခလောက် မြည်သံနှင့်အတူ လင်းယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ရစ်ပတ်လာသည်။

ထိုသံကြိုးပေါ်တွင်လည်း သင်္ကေတ အမြောက်အမြား ရစ်ပတ်နေသည်။

၎င်းမှာ နောက်ထပ် ချိတ်ပိတ် လက်နက်တစ်မျိုးပင် ဖြစ်သည်။

ဤချူရှန်ဆိုသူမှာ ချိတ်ပိတ် သင်္ကေတ အလင်းတန်း လွှမ်းခြုံထားသည့် နယ်ပယ်အပြင်ဘက်တွင် ရှိနေသောကြောင့် သူက အစွမ်းကို ဆက်လက် အသုံးပြုနိုင်သေးသည်။

ယခုအချိန်တွင် သူက ဤသံကြိုးကို လွှဲယမ်းလိုက်ရာ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လေပေါ်တွင် ရှိနေသော လင်းယွမ်ထံသို့ အလွန် လျင်မြန်စွာ ရစ်ပတ်လာသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိဘဲ လက်ကောက်ဝတ်ကို တစ်ချက်လှည့်ကာ သင်္ကေတကျောက်တုံး တစ်တုံးကို ထုတ်ယူပြီး အရှိန်အဟုန်ဖြင့် ပစ်ပေါက်လိုက်သည်။

"ဝှီး"

အစွမ်းကို အားမကိုးလျှင်တောင်မှ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ခွန်အားဖြင့် ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးမားမှုကို ဖန်တီးကာ ပစ်ပေါက်နိုင်သည်။

သင်္ကေတကျောက်တုံးက ချူရှန်ထံသို့ ကျဆင်းလာရာ ချူရှန်က မျက်မှောင်ကြုတ်သွားပြီး အလိုအလျောက် အနောက်သို့ တစ်လှမ်းဆုတ်ကာ ထိုသင်္ကေတကျောက်တုံးကို ရှောင်တိမ်းလိုက်သည်။

ဤသင်္ကေတကျောက်တုံးမှာ အစပိုင်းတွင် သာမန်အတိုင်းသာ ရှိနေသော်လည်း ချိတ်ပိတ် သင်္ကေတ နယ်ပယ်ထဲမှ ကျော်လွန်သွားသောအခါ မည်းနက်သော အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။

နောက်တစ်စက္ကန့်တွင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားသည်။

တစ်ခဏချင်းမှာပင် မည်းမှောင်နေသော စေးပျစ်သည့် အရည်များက လွင့်စင်ထွက်လာသည်။

ချူရှန်မှာ မျှော်လင့်မထားသောကြောင့် အနက်ရောင် စေးပျစ်သည့် အရည် အချို့၏ စင်ခြင်းကို ခံလိုက်ရသည်။

ထိုအခါ အရေပြားနှင့် ထိတွေ့သွားသော နေရာမှ ရှီးခနဲ အသံများ ထွက်ပေါ်လာပြီး တူးခြစ်နေသော အနံ့တစ်မျိုးက အလျင်အမြန် ထွက်ပေါ်လာသည်။

"အား"

ချူရှန်၏ လက်ကောက်ဝတ်က ပြင်းထန်စွာ နာကျင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်မောင်းမှာ ထိုအနက်ရောင် အရည်များ၏ စားသုံးမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားသည်။

ပြင်းထန်သော နာကျင်မှုအောက်တွင် သူက လက်ထဲရှိ သံကြိုးကိုပင် မထိန်းချုပ်နိုင်တော့ချေ။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ အေးစက်စွာ ပြုံးလိုက်ပြီး ခြေလှမ်းများကို အမြန်နှုန်း မြှင့်တင်ကာ ချိတ်ပိတ် သင်္ကေတ နယ်ပယ်ထဲမှ ပြေးထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲမှ အသားစားဆေးရည် သင်္ကေတကျောက်တုံး တစ်တုံးကို ထပ်မံ ထုတ်ယူလိုက်သည်။

"ဝှီး"

သူက အားကုန်သုံးကာ ပစ်လွှတ်လိုက်ရာ ကင်းစင်ကာပေါ်ရှိ ထိုအစွမ်းထက်သော လေးသည်တော်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

"အုန်း"

သင်္ကေတကျောက်တုံးက ကင်းစင်ကာပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် ပေါက်ကွဲသွားသည်။

တိုက်စားနိုင်စွမ်းရှိသော အရည်များက တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး ကင်းစင်ပေါ်မှ စူးရှသော အော်ဟစ်သံ တစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။

လူရိပ်တစ်ခုက ကင်းစင်ကာပေါ်မှ ချက်ချင်း ပြုတ်ကျလာပြီး ဘုန်းခနဲအသံနှင့်အတူ ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာသည်။

လူအများက လှမ်းကြည့်လိုက်သောအခါ ပြုတ်ကျလာသော လေးသည်တော်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် အစားခံထားရသဖြင့် အနာများ ဖြစ်ပေါ်နေပြီး အရိုးများပင် ပေါ်လွင်နေသည်ကို မြင်လိုက်ရသည်။

လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်သွားကြသော်လည်း လင်းယွမ်ကမူ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

"မင်းတို့ဆီမှာ ချိတ်ပိတ် သင်္ကေတ ရှိပေမယ့်... ငါတို့ ထိုက်ယန်တောင်မှာလည်း ကိုယ်ပိုင် သင်္ကေတ နည်းပညာ ရှိတယ်ကွ"

သူက သင်္ကေတ အရိုး အမြောက်အမြားကို ပိုင်ဆိုင်ထားပြီး သူကိုယ်တိုင် သင်္ကေတကျောက်တုံး အမြောက်အမြားကို ရေးဆွဲဖန်တီးထားပြီး ဖြစ်သည်။

အသားစားဆေးရည်မှာ ယင်းတို့အနက်မှ တစ်ခုသာ ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် လင်းယွမ်က ခန္ဓာကိုယ်ကို တစ်ချက် ခုန်ပျံလိုက်ပြီး လူအုပ်ကြားထဲသို့ ချက်ချင်း ဝင်ရောက်သွားကာ သူ၏ စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

ပေ ၁၆၀ ဝန်းကျင် နယ်ပယ်အတွင်း စိတ်စွမ်းအင်များ လွှမ်းခြုံသွားပြီး သိသာထင်ရှားသော စိတ်ဝိညာဉ် မီးတောက်တစ်ခုက ချက်ချင်း လောင်ကျွမ်းလာသည်။

"ဝုန်း... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ် မီးတောက်များက လူအားလုံး၏ စိတ်ပင်လယ်ကို လောင်ကျွမ်းစေသည်။

တစ်ခဏချင်းမှာပင် စိတ်ပင်လယ်မှ လာသော လောင်ကျွမ်းမှု ခံစားချက်က လူအားလုံးကို စူးရှစွာ အော်ဟစ် ငိုကြွေးစေသည်။

သူတို့၏ စိတ်ပင်လယ်များ မီးလောင်သွားသဖြင့် ချက်ချင်းပင် ခေါင်းကိုအုပ်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်ပြီး အော်ဟစ် ညည်းတွားနေကြသည်။

တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ ချိုးရင်ယွဲ့ကလည်း သတ်ဖြတ်ခြင်း လုပ်ငန်းကို စတင်ဖွင့်လှစ်လိုက်သည်။

သူမက လျှပ်စီးကဲ့သို့ မြန်ဆန်သော သူမ၏ အမြန်နှုန်းကို အသုံးချကာ လူအုပ်ကြားထဲတွင် ရန်သူများ၏ အသက်များကို အလွန် လျင်မြန်စွာ ရိတ်သိမ်းနေသည်။

သူမ၏ မျက်လုံးတစ်စုံထဲတွင် သတ်ဖြတ်လိုစိတ်များနှင့် ဒေါသများ ပြည့်နှက်နေသည်။

သူတို့နှစ်ဦးက ထိပ်တစ်ဖက်နှင့် အဆုံးတစ်ဖက်တွင် နေရာယူကာ ပူးပေါင်းလိုက်ရာ တစ်သင်္ဘောလုံးတွင် သူတို့ကို ယှဉ်နိုင်မည့် ရန်သူ တစ်ယောက်မျှ မရှိတော့ချေ။

စောစောက လင်းယွမ် ကြုံတွေ့ခဲ့ရသော အန္တရာယ်မှလွဲ၍ လမ်းတစ်လျှောက်လုံး အတားအဆီးမရှိ တိုက်ခိုက်သွားနိုင်ခဲ့သည်။

ဆယ်မိနစ်ကျော်မျှ ကြာပြီးနောက် သင်္ဘောပေါ်ရှိ ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များ အားလုံးနီးပါး သေဆုံး ဒဏ်ရာရသွားကြသည်။

လင်းယွမ်က သုံ့ပန်း အနည်းငယ်ကိုသာ ချန်ထားခဲ့ပြီး ကျန်သည့်သူ တစ်ယောက်ကိုမျှ အရှင်မထားဘဲ အားလုံးကို ရှင်းလင်းပစ်လိုက်သည်။

ခဏအကြာတွင် ရွှေရောင်ချပ်ဝတ် စစ်သင်္ဘောကြီး တစ်စီးလုံး၌ လင်းယွမ်နှင့် ချိုးရင်ယွဲ့တို့သာ ရပ်လျက် ကျန်ရှိနေတော့သည်။

ချူရှန် ဦးဆောင်သော ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ တပည့် အနည်းငယ်မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။

လင်းယွမ်က ရုပ်သေးကြိုးမျှင်ဖြင့် ထိုလူများကို ထိန်းချုပ်ထားပြီးနောက် ချိတ်ပိတ် သင်္ကေတ လက်ထိတ် အနည်းငယ်ကို ရှာဖွေကာ ထိုလူများကို ခတ်ထားလိုက်သည်။

သူက စိတ်မချသေးသဖြင့် ထိုလူများ၏ ခန္ဓာကိုယ်အတွင်း ကပ်ပါးမျိုးစေ့များကို ချန်ထားရစ်ခဲ့ပြီးမှသာ ရုပ်သေးကြိုးမျှင်များကို ပြန်ရုပ်သိမ်းလိုက်သည်။

လင်းယွမ်က ဘယ်ညာ ဝဲယာကို ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ အလောင်းပုံဆီသို့ ကြည့်ကာ အော်ပြောလိုက်သည်။

"မင်းထွက်မလာသေးဘူးလား"

ပုံထားသော အလောင်းများကြားထဲမှ မန်ချင်က တွားသွားထွက်လာပြီး လင်းယွမ်ထံသို့ မျက်နှာချိုသွေးကာ ပြေးလာသည်။

"ဆရာလင်း... ကျွန်တော် ဒီမှာပါ... ဒီမှာပါ"

"ဒီလူတွေကို ခေါ်ပြီး ကုန်းပတ်ကို ရှင်းလင်းလိုက်... အလောင်းတွေ အားလုံးကို ရေထဲ ပစ်ချလိုက်"

ထို့နောက် သူက ချိုးရင်ယွဲ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"မင်း သင်္ဘောခန်းထဲသွားပြီး လူတွေကို သွားကယ်လိုက်... ပြီးတော့ ငါတို့နောက်ကို လိုက်ချင်တဲ့သူ ရှိမရှိ တစ်ခါတည်း မေးခဲ့... တကယ်လို့ လိုက်ချင်တယ် ဆိုရင်တော့ သင်္ဘောပေါ်မှာ နေပြီး ငါပြောတာကို နားထောင်ရမယ်"

"ငါ့တို့နောက် မလိုက်ချင်တဲ့သူတွေကတော့ ချက်ချင်း သင်္ဘောပေါ်ကနေ ဆင်းသွား... သူတို့ကို အဆောက်အအုံဆီကို ပြန်ခွင့်ပြုပေးမယ်"

ချိုးရင်ယွဲ့က လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"တခြားသူတွေကိုတော့ သေချာမပြောတတ်ဘူး... ကျွန်မအဆောက်အအုံက လူတွေကတော့ လိုက်မယ် ထင်ပါတယ်"

လင်းယွမ်က အင်းခနဲ အသံပြုလိုက်ပြီးနောက် လက်ထိတ်ခတ်ခံထားရသော ချူရှန်ကို ကြည့်ကာ ပြောလိုက်သည်။

"အခု ငါတို့ သေချာစကားပြောကြတာပေါ့"

ဆက်ရန်...

All Chapters