အခန်း (၃၆၇-၃၆၈)
Vol. 19 Ch. 367-368
အပိုင်း(၃၆၇) မျိုးရိုးဗီဇ အသွင်တစ်ရာ
လင်းယွမ်က မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး မလှုပ်မယှက်ဘဲ ထိုထူးဆန်းသည့် ခံစားချက်ကို သေချာစွာ ခံစားနေသည်။
ထို့နောက် သူက ဖြည်းဖြည်းချင်း သဘောပေါက်လာကာ သူ ချိုးဖျက်လိုက်သည့် ထိုချည်နှောင်မှုက... မျိုးရိုးဗီဇ သော့ခလောက် ဖြစ်နေသည်။
မျိုးရိုးဗီဇ သော့ခလောက် ရှိနေခြင်းကြောင့် သူ၏ အရည်အသွေးမှတ် အားလုံးက အမှတ် ၅၀ အကန့်အသတ်တွင် ပုံသေဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ထို မျိုးရိုးဗီဇ သော့ခလောက်ကို ချိုးဖျက်လိုက်သည့်အခါ သူက ယခုဆိုလျှင် အရည်အသွေးမှတ်များကို ဆက်လက် ပေါင်းထည့်နိုင်ပြီ ဖြစ်သည်။
လင်းယွမ်က မသိစိတ်အရ စနစ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်။
"စနစ်... အရည်အသွေး ဇယားကွက်ကို ပြပေး"
"ဝှစ်"
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၅၀
ခွန်အား - ၅၀
အလျင် - ၅၀
စိတ်စွမ်းအင် - ၅၀
ဘုံအရည်အသွေးမှတ်များ - ၁၅
မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ
မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (အခြေခံအဆင့်)
ပင်ကိုယ်အစွမ်း - အသွင်တစ်ရာ
အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...
အမှတ် - ၁၈၃၂၃၁ မှတ်
ကံစမ်းမဲမှ ရရှိထားသောပစ္စည်းများ - ဂျုံမှုန့် (၁) တန်၊ ဝက်သား (၁) တန်၊ မုန့်မျိုးစုံ လက်ဆောင်ထုပ် (၁) တန်၊ ကျောက်မီးသွေး (၁) တန်၊ ဂလော့ခ် သေနတ်၊ ဓာတ်ဆီ (၁) ပုံး...
...
လင်းယွမ်က အရည်အသွေး မျက်နှာပြင်ကို အကဲခတ်လိုက်ရာ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ကွေးတက်သွားပြီး ထိုမှတစ်ဆင့် ပို၍ ကျယ်ပြန့်လာကာ နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ဘဲ တဟားဟား အသံထွက် ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... အောင်မြင်သွားပြီ"
"အမှတ် ၅၀ အကန့်အသတ် သော့ခလောက်ကြီး ချိုးဖျက်ခံလိုက်ရပြီ"
"ဒါပေမဲ့ ပိုလျှံနေတဲ့ အရည်အသွေးမှတ်တွေက... ပယ်ဖျက်ခံလိုက်ရတာလား"
"မျိုးရိုးဗီဇမျိုးစေ့လည်း အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီ... မျိုးရိုးဗီဇမျိုးစေ့ကို အတည်ပြုပြီးတော့ မျိုးရိုးဗီဇမြေပုံကတောင် အလိုအလျောက် ပွင့်သွားသေးတယ်"
"ဒါ့အပြင် ဆင့်ကဲပြောင်းလဲအစွမ်းဆိုတာ ပျောက်သွားပြီး အခု ပင်ကိုယ်အစွမ်းကွက် တစ်ခု တိုးလာတယ်"
"ငါ့ရဲ့ ပင်ကိုယ်အစွမ်းက... မျိုးရိုးဗီဇ အသွင်တစ်ရာလား"
လင်းယွမ်က သူ၏ အရည်အသွေး မျက်နှာပြင်ကို ကြည့်လိုက်ရာ ထို "မျိုးရိုးဗီဇ အသွင်တစ်ရာ" ပင်ကိုယ်အစွမ်းက ကြားရသည်မှာ အလွန် အစွမ်းထက်သည့်ပုံ ပေါက်နေသည်။
လင်းယွမ်က အာရုံခံကြည့်လိုက်သော်လည်း ယခု ခန္ဓာကိုယ်က အားနည်းနေသဖြင့် ထိုပင်ကိုယ်အစွမ်းကို အသက်မသွင်းနိုင်သေးပေ။
သူကလည်း အလောတကြီး မဖြစ်ဘဲ မြေပြင်ပေါ်တွင် လှဲလျောင်းရင်း သူ၏ မျိုးရိုးဗီဇ နိုးကြားရေး ကျင့်စဉ်ကို တိတ်ဆိတ်စွာ လည်ပတ်စေလိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ လွင့်မျောနေသော စွမ်းအင်များက အလျင်အမြန် စီးဝင်လာပြီး သူ၏ ခန္ဓာကိုယ်မှ အဆက်မပြတ် စုပ်ယူနေသည်။
လင်းယွမ်က သူ၏ ခန္ဓာကိုယ်သည် ခန်းခြောက်နေသော သဲကန္တာရတစ်ခုသဖွယ် ထိုစွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေကြောင်း ခံစားမိလိုက်သည်။
ဆဲလ်တိုင်းက သန္ဓေပြောင်းစွမ်းအင်များကို ငမ်းငမ်းတက် သောက်သုံးနေကြသည်။
ထိုစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်နှင့်အမျှ သူ၏ "ပိန်လှီ" နေသော ခန္ဓာကိုယ်က အလျင်အမြန် ဖောင်းကြွ ပြည့်ဖြိုးလာကြောင်းကို သူ ခံစားလိုက်ရသည်။
မျိုးရိုးဗီဇ နိုးကြားရေး ကျင့်စဉ်ကို ၈၁ ကြိမ် လည်ပတ်ပြီးနောက် လင်းယွမ်က သူ အပြည့်အဝ နာလန်ထလာပြီဟု ခံစားလိုက်ရသည်။
သူက မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူက မျက်မှောင်ကြုတ်သွားပြီး ခန္ဓာကိုယ်ပေါ်မှ အနံ့အသက်ဆိုးများကို ခံစားလိုက်ရသည်။
သူက ခေါင်းငုံ့ကြည့်လိုက်ရာ ခန္ဓာကိုယ် အရေပြားပေါ်တွင် မည်းနက်နေသော အဆီအနှစ်များဖြင့် ပြည့်နှက်နေသည်။
"ငါ့ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေလား"
လင်းယွမ်က စဉ်းစားခန်း ဝင်သွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေနွေးများ အပြည့်ပါသော ရေချိုးကန်တစ်ခုကို သူ ထုတ်ယူလိုက်သည်။
သူက ရေချိုးကန်ထဲတွင် လှဲလျောင်းကာ ခန္ဓာကိုယ်ပေါ်ရှိ အဆီများကို ဆေးကြောလိုက်သည်။
သန့်စင်စွာ ဆေးကြောပြီးနောက် လင်းယွမ်က ထရပ်ကာ အဝတ်အစားများ သေချာဝတ်ဆင်လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အပြင်ဘက်တွင် မိုးချုပ်နေပြီ ဖြစ်ရာ သူက မအံ့သြဘဲ မနေနိုင်တော့ချေ။
"ငါ တစ်နေ့လုံးလုံး အိပ်ပျော်သွားတာလား"
လင်းယွမ်က မသိစိတ်အရ သန္ဓေပြောင်းစွမ်းအင်ကို လည်ပတ်စေလိုက်ပြီး "မြေလျှိုးအစွမ်း" ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်သည် မြေလျှိုး သင်္ကေတ ပုံစံအတိုင်း လှည့်လည်ရန် လုံးဝ မလိုအပ်တော့ဘဲ သရက်ရွက်ကို အားကိုးကာ လှုံ့ဆော်ပြီး မြေဓာတ် သန္ဓေပြောင်းစွမ်းအင် အဖြစ် ပြောင်းလဲနိုင်ကြောင်း သူ ရုတ်တရက် တွေ့ရှိသွားသည်။
သူ၏ မျိုးရိုးဗီဇများ တုန်ခါသွားပြီး အစီအစဉ်များ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရကာ နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် သူ၏ သန္ဓေပြောင်းစွမ်းအင်က အလိုအလျောက် မြေဓာတ် စွမ်းအင်အဖြစ် ပြောင်းလဲသွားကြောင်းကို ခံစားလိုက်ရသည်။
"ဒါက"
လင်းယွမ်က ချက်ချင်း မျက်လုံးပြူးသွားပြီး ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင် ပုံသဏ္ဌာန်ကို အမြန် အာရုံခံကြည့်လိုက်သည်။
"တကယ်ပဲ မြေဓာတ် စွမ်းအင် ဖြစ်သွားတာလား"
"ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ"
လင်းယွမ်က အလွန် အံ့အားသင့်သွားသည်။ ယခင်က သူ မတူညီသော ဓာတ်သဘာဝ အစွမ်းများကို အသုံးပြုရန် လိုအပ်သည့်အခါတိုင်း သတ်မှတ်ထားသော သင်္ကေတ အစွမ်းကို လုပ်ဆောင်ရန် လိုအပ်ပြီး ခန္ဓာကိုယ်တွင်းရှိ သွေးသားများ လှည့်လည်မှုအပေါ် မှီခိုကာ သန္ဓေပြောင်းစွမ်းအင် ဓာတ်သဘာဝကို ပြောင်းလဲရသည်။
ထို့မှသာ သက်ဆိုင်ရာ သင်္ကေတ အစွမ်းကို နားလည် သဘောပေါက်နိုင်မည် ဖြစ်သည်။
ကျောက်အကြေးခွံ အကာအကွယ်၊ မြေလျှိုးအစွမ်း၊ မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း၊ မီးနဂါးအက...
ဓာတ်သဘာဝ သန္ဓေပြောင်းစွမ်းအင် အားလုံးနီးပါးအတွက် သူက သက်ဆိုင်ရာ သင်္ကေတ အစွမ်းကို လိုအပ်သည်။
ထို့နောက် သင်္ကေတ အစွမ်းအတိုင်း ကလီစာငါးခုအတွင်း သွေးသားများ လှည့်လည်မှုအပေါ် အခြေခံကာ သန္ဓေပြောင်းစွမ်းအင် ဓာတ်သဘာဝကို ပြောင်းလဲပြီးမှသာ အသက်သွင်းနိုင်မည် ဖြစ်သည်။
သို့သော် ယခု သူကတော့ ပြောင်းလဲရန်ပင် မလိုအပ်တော့ချေ။
သူ၏ မျိုးရိုးဗီဇက ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်ကို အလိုအလျောက် ပြောင်းလဲပေးနိုင်ပြီး မတူညီသော ဓာတ်သဘာဝ သန္ဓေပြောင်းစွမ်းအင်များကို ဖြစ်ပေါ်စေနိုင်သည်ပင်။
လင်းယွမ်၏ ရင်ထဲတွင် အံ့အားသင့်သွားပြီး သူ၏ အရည်အသွေး မျက်နှာပြင်ပေါ်ရှိ ပင်ကိုယ်အစွမ်းကို ရုတ်တရက် သတိရသွားသည်။
"မျိုးရိုးဗီဇ အသွင်တစ်ရာလား"
"ဒါက မျိုးရိုးဗီဇ အသွင်တစ်ရာများ ဖြစ်နေမလား"
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားပြီး ရင်ထဲတွင် စိတ်လှုပ်ရှား တက်ကြွလာသည်။
ဤသို့ဆိုလျှင် သူက မည်သည့် သန္ဓေပြောင်းအစွမ်းကိုမဆို အသုံးပြုနိုင်ပြီ မဟုတ်ပါလား။
သိထားရမည်မှာ လက်ရှိတွင် သူ တတ်ကျွမ်းထားသော သန္ဓေပြောင်းအစွမ်း အမျိုးမျိုးသည် အများအားဖြင့် ဓာတ်ကြီးငါးပါး အမျိုးအစားနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏ ကလီစာငါးခုက သူ့ကို သန္ဓေပြောင်းစွမ်းအင် ဓာတ်သဘာဝ ပြောင်းလဲစေနိုင်ပြီး သန္ဓေပြောင်းစွမ်းအင်မှ ဓာတ်ကြီးငါးပါး စွမ်းအင်အဖြစ် ပြောင်းလဲသွားစေနိုင်သည်။
သို့သော် အလင်းနှင့် အမှောင် ဓာတ်သဘာဝ၊ ဟင်းလင်းပြင် ဓာတ်သဘာဝ သို့မဟုတ် လျှပ်စီး ကဲ့သို့သော ဓာတ်သဘာဝမျိုး ဆိုလျှင်တော့ လင်းယွမ်အနေဖြင့် အသုံးပြုနိုင်ရန် ဖြစ်နိုင်ခြေ မရှိတော့ပေ။
သို့သော် ယခု သူ၏ "မျိုးရိုးဗီဇ အသွင်တစ်ရာ" ပင်ကိုယ်အစွမ်းက သူ၏ သန္ဓေပြောင်းစွမ်းအင် ဓာတ်သဘာဝကို မျိုးရိုးဗီဇ အဆင့်မှနေ၍ ပြောင်းလဲပေးနိုင်နေသည်။
ဤသည်မှာ နောက်ပိုင်းတွင် မည်သည့် အစွမ်းမျိုးမဆို သက်ဆိုင်ရာ သင်္ကေတကို ရှာတွေ့နိုင်သရွေ့ သူ၏ ပင်ကိုယ်အစွမ်း ပံ့ပိုးမှုအောက်တွင် ပုံစံတူ ဖန်တီး ပြောင်းလဲနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ဒါကြောင့် ဒါက ငါ့ဆင့်ကဲပြောင်းလဲခြင်း အစွမ်းနဲ့ အသင့်တော်ဆုံး မျိုးရိုးဗီဇမျိုးစေ့လို့ ပြောတာကိုး... စနစ်က တကယ်ပဲ ငါ့အတွက် အသင့်တော်ဆုံးကို ရွေးချယ်ပေးခဲ့တာပဲ"
လင်းယွမ်က အံ့သြဝမ်းသာ ဖြစ်သွားပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများက ရေစီးကြောင်းအလား ဘေးသို့ အသီးသီး ဆုတ်ခွာသွားကြသည်။
လင်းယွမ်၏ ခန္ဓာကိုယ်က ထိုကျောက်တုံးများကြားမှ တိုးထွက်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ခြေအောက်၌ ဟာလာဟင်းလင်း ဖြစ်သွားပြီး အောက်ဘက်တွင် ပေသောင်းချီ မြင့်မားသော ချောက်ကမ်းပါးကြီး ရှိနေသည်။
လင်းယွမ်က အောက်သို့ ပြုတ်ကျမသွားဘဲ ကျောဘက်ရှိ ကြွက်သားများကို အလျင်အမြန် စုစည်းလိုက်သည်။
"ခွပ်... ခွပ်... ခွပ်"
မျိုးရိုးဗီဇများ ပြောင်းလဲသွားပြီး အရိုးအဆစ်များ ကျယ်ပြန့်လာကာ ကြွက်သားများက ပေပေါင်းများစွာ ရှည်ထွက်လာသည်။
မျက်တောင်တစ်ခတ်အတွင်း သူ၏ ကျောပြင်မှ အသားအတောင်ပံ တစ်စုံ ဆန့်ထွက်လာခဲ့သည်။
"ဝုန်း"
အသားအတောင်ပံ တုန်ခါသွားမှုနှင့်အတူ လင်းယွမ်က ချက်ချင်းပင် လေပေါ်သို့ ပျံတက်သွားပြီး လေထဲတွင် အလွန် လျင်မြန်သော အလျင်ဖြင့် ပျံသန်းသွားသည်။
ဟုတ်ပေသည်၊ ပျံသန်းခြင်း ဖြစ်သည်။
လေဟုန်စီးခြင်း မဟုတ်ပေ။
ယခင်က သူသည် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကိုသာ အားကိုးကာ ကျောပြင် ကြွက်သားများကို သန်စွမ်းစေပြီး လင်းနို့တောင်ပံကဲ့သို့ ပုံသဏ္ဌာန် ဖန်တီးကာ လေဟုန်စီးခဲ့ခြင်း ဖြစ်သည်။
ယခု မျိုးရိုးဗီဇ အဆင့် ပြောင်းလဲမှုက သူ၏ အရိုးစုကို ချက်ချင်း ပြောင်းလဲပစ်လိုက်ပြီး သူ့ကို အသားအတောင်ပံများ အရှင်လတ်လတ် ထွက်ပေါ်လာစေခဲ့သည်။
ယခုအချိန်တွင် လင်းယွမ်က ရုပ်ခန္ဓာဖြင့် ပျံသန်းနိုင်သည့် အဆင့်အထိ တကယ်တမ်း လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
စိတ်စွမ်းအင်နှင့် အခြား မည်သည့် နည်းလမ်းကိုမျှ အားမကိုးဘဲ သန့်စင်သော ရုပ်ခန္ဓာသက်သက်ကို အားကိုးကာ တိုက်ရိုက် ပျံသန်းခြင်း ဖြစ်သည်။
"ဝုန်း"
အတောင်ပံတစ်စုံ တုန်ခါသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်က လေထဲတွင် အလျင်အမြန် ဖြတ်သန်းသွားသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေအောက်တွင် လင်းယွမ်က လေထဲရှိ စိုစွတ်သော လေထုကို ခံစားနေရင်း ဟင်းလင်းပြင်ရှိ လျှပ်စီးတိမ်တိုက်များ အထက်တွင် လျှပ်စစ်စီးကြောင်းများ ခုန်ပေါက်နေသကဲ့သို့ တစွန်းတစ ခံစားလိုက်ရသည်။
"ဒုက္ခပဲ... အရမ်း မြင့်သွားပြီ... လျှပ်စစ်ဓာတ်တွေ အရမ်း များနေတယ်"
လင်းယွမ်က အလျင်အမြန် အောက်သို့ ဆင်းသက်လိုက်ပြီး အတောင်ပံများကို ရုတ်သိမ်းလိုက်သည်။
"ရွှီး"
သူ၏ ခန္ဓာကိုယ်က အလျင်အမြန် အောက်သို့ ကျဆင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ပေ ၃၀၀ ခန့်သို့ ပြန်လည် ဆင်းသက်ရောက်ရှိသွားသည်။
ထိုနေရာရှိ လျှပ်စစ်ဓာတ် သိပ်သည်းဆက ချက်ချင်း ထိုးကျသွားပြီး ပတ်ဝန်းကျင်တွင် လျှပ်စစ်စီးကြောင်းကြောင့် ထုံကျင်သွားသည့် ခံစားချက်မျိုး ချက်ချင်း ပျောက်ကွယ်သွားသည်။
ထိုအခါမှသာ လင်းယွမ်က ကျောဘက်ရှိ အသားအတောင်ပံကို ဖြန့်ချလိုက်ပြီး ခန္ဓာကိုယ်ကို အလျင်အမြန် တည်ငြိမ်စေလိုက်သည်။
ထို့နောက် တစ်ခဏမျှ လှည့်ပတ်ပျံသန်းပြီးနောက် သူက ကောင်းကင်ကို တစ်ချက် ကြည့်လိုက်သည်။
"စစ်တပ်က လေယာဉ်တွေ မလွှတ်နိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး"
"ပျံသန်းတဲ့ အမြင့်က ပေ ၃၀၀ ထက် ကျော်သွားတာနဲ့... လေထဲက လျှပ်စစ်ဓာတ် သိပ်သည်းဆက အလျင်အမြန် တိုးလာပြီး အချိန်မရွေး မိုးကြိုးပစ်ခံရနိုင်ခြေ ရှိတယ်"
လင်းယွမ်က အသားအတောင်ပံကို ရုတ်သိမ်းလိုက်ပြီး ပုံမှန် အနေအထားသို့ ပြန်လည် ပြောင်းလဲလိုက်ကာ ခြေအောက်တွင် စိတ်စွမ်းအင် အတားအဆီးကို နင်းထားရင်း လှေကားပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ဖြစ်နေသည်။
ကောင်းကင် လှေကားပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာပြီး အနီးနားရှိ တောင်စောင်းပေါ်သို့ ဆင်းသက်လိုက်သည်။
"မီးဓာတ် ပြောင်းလဲတာကို စမ်းကြည့်ရမယ်"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ စိတ်ကူး လှုပ်ရှားသွားမှုနှင့်အတူ ခန္ဓာကိုယ်တွင်းရှိ အခြေခံ မျိုးရိုးဗီဇများက အလျင်အမြန် ပြောင်းလဲသွားသည်။
နောက်တစ်စက္ကန့်တွင် သူ၏ သန္ဓေပြောင်းစွမ်းအင်က မီးဓာတ် စွမ်းအင်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
လင်းယွမ်က မသိစိတ်အရ "မီးစင်္ကြာ" ကို အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ခြေဖဝါးအောက်တွင် မီးစင်္ကြာ နှစ်ခု ထွက်ပေါ်လာသည်။
"ဒိုင်း"
သူက လေထဲသို့ ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည်။
"ဝှစ်"
မျက်စိတစ်မှိတ်အတွင်း တောင်စောင်းရှိ မူလနေရာ၌ မီးတန်းတစ်ခု ချက်ချင်း လင်းလက်သွားသည်။
လင်းယွမ်၏ ခန္ဓာကိုယ်က လေထဲတွင် အလျင်အမြန် ဖြတ်သန်းသွားပြီး ပေ ၃၀၀ အကွာတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
လူက လေထဲတွင် ရှိနေစဉ် လင်းယွမ်က ရုတ်တရက် စိတ်ကူး လှုပ်ရှားသွားပြီး တစ်ကိုယ်လုံးတွင် မြေဝါရောင် အလင်းဝန်းတစ်ခု လင်းလက်လာသည်။
ချက်ချင်းပင် တစ်ကိုယ်လုံးတွင် သိပ်သည်းသော အကြေးခွံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျောက်အကြေးခွံ အကာအကွယ်။
သူက ကျောက်အကြေးခွံ အကာအကွယ်ကို ဝတ်ဆင်ထားပြီး ခြေအောက်တွင် မီးစင်္ကြာကို နင်းထားသည်။
နောက်တစ်စက္ကန့်တွင် လေထဲမှ ပြုတ်ကျလာပြီး တောင်စောင်းပေါ်ရှိ ကျောက်တုံးကြီး တစ်တုံးကို အားကုန် လှမ်းကန်လိုက်သည်။
"ဝုန်း"
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ပေါက်ကွဲသွားသည်။
ထိုကျောက်တုံးကြီးက မျက်စိတစ်မှိတ်အတွင်း ထုံးမှုန့်များအဖြစ် ပေါက်ကွဲ ထွက်သွားသည်။
မြေပြင်ပေါ်တွင်လည်း ဧရာမ တွင်းပေါက်ကြီး တစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး မြက်ပင်နှင့် သစ်ပင်များ ပြာကျကာ မီးခိုးငွေ့ အမြောက်အမြား အထက်သို့ လွင့်တက်လာသည်။
လင်းယွမ်က တွင်းပေါက်ထဲတွင် ရပ်နေကာ မျက်နှာပေါ်၌ အံ့သြဝမ်းသာ ဖြစ်နေသည်။
"မျိုးရိုးဗီဇ အသွင်တစ်ရာက မျိုးရိုးဗီဇ စွမ်းရည် နှစ်ခုကို တစ်ပြိုင်နက်တည်း ပုံစံတူ ဖန်တီးနိုင်ပြီး... ငါ့ကို မြေဓာတ်ဖြစ်တဲ့ ကျောက်အကြေးခွံ အကာအကွယ်နဲ့ မီးဓာတ်ဖြစ်တဲ့ မီးစင်္ကြာကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေတာပဲ"
လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ တောက်ပသွားသည်။
ယခင်က လင်းယွမ်သည် ကလီစာငါးခုကို အသုံးပြုကာ ဓာတ်ကြီးငါးပါး စွမ်းအင်ကို ပြောင်းလဲနိုင်ခဲ့သော်လည်း အကြိမ်တိုင်းတွင် တစ်မျိုးတည်းကိုသာ ပြောင်းလဲနိုင်ခဲ့သည်။
ဆိုလိုသည်မှာ ယခင်က သူ လှုပ်ရှားတိုင်း အစွမ်း တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု မျိုးရိုးဗီဇ အသွင်တစ်ရာ ပင်ကိုယ်အစွမ်း၏ ပံ့ပိုးမှုအောက်တွင် သူက မတူညီသော ဓာတ်သဘာဝ အစွမ်း နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်နေသည်။
လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။
"သုံးမျိုးရော ရမလား"
နောက်တစ်စက္ကန့်တွင် လင်းယွမ်က သန္ဓေပြောင်းစွမ်းအင် တစ်ခုကို တိုက်ရိုက် လှုံ့ဆော်လိုက်ပြီး "မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ" အစွမ်း၏ သင်္ကေတဖြင့် တစ်ကိုယ်လုံးသို့ လှည့်လည်စေလိုက်သည်။
"ရွှမ်း"
ပတ်ဝန်းကျင် ဟင်းလင်းပြင်ထဲတွင် ရေစီးကြောင်းများ အထပ်ထပ် စုဝေးလာပြီး လင်းယွမ်ကို ရေဘောလုံး တစ်လုံးအဖြစ် ရစ်ပတ်လိုက်သည်။
ရေဘောလုံးထဲတွင် လင်းယွမ်က ကျောက်အကြေးခွံ အကာအကွယ်ကို ဝတ်ဆင်ထားပြီး ခြေအောက်တွင် မီးစင်္ကြာကို နင်းထားကာ လက်နှစ်ဖက်ပေါ်တွင်လည်း မီးနဂါး တစ်ကောင် လှည့်ပတ်နေပြီး အပြင်သို့ မလွှတ်ထုတ်ဘဲ ထိန်းထားသည်။
"အောင်မြင်တယ်"
"မျိုးရိုးဗီဇ အသွင်တစ်ရာအောက်မှာ ငါ့ရဲ့ မျိုးရိုးဗီဇက မတူညီတဲ့ ဓာတ်သဘာဝ စွမ်းအင် သုံးမျိုးကို ပုံစံတူ ဖန်တီးပေးနိုင်တယ်"
"ဟားဟားဟား... အရမ်းကောင်းတဲ့ မျိုးရိုးဗီဇ အသွင်တစ်ရာပဲ"
လင်းယွမ်က ဝမ်းသာသွားပြီး မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
ယခုအချိန်တွင် သူ၏ အားနည်းချက်များ ထပ်မရှိတော့ဟု ခံစားလိုက်ရသည်။
ယခုဆိုလျှင် အခြားသော သင်္ကေတ အစွမ်း အမျိုးမျိုးကို အဆက်မပြတ် စုဆောင်းရန်သာ လိုအပ်ပြီး မတူညီသော ဓာတ်သဘာဝ အစွမ်း အမျိုးမျိုးကို စိတ်ကြိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။
"ငါက အရည်အသွေးမှတ်တွေကို အဆက်မပြတ် မြှင့်တင်နေဖို့ပဲ လိုတယ်... ဒါဆိုရင် ငါ့ရဲ့ စွမ်းဆောင်ရည်ကို အလျင်အမြန် မြှင့်တင်နိုင်ပြီ"
"ဒီတစ်ခေါက် မြူခိုးမြို့တော် ခရီးစဉ်ကတော့ သေချာသွားပြီ"
လင်းယွမ်၏ မျက်လုံးများက တောက်ပနေပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။
သူက အစွမ်းအားလုံးကို အလျင်အမြန် ရုတ်သိမ်းလိုက်ပြီးနောက် သူ၏ အရည်အသွေး မျက်နှာပြင်ကို ကြည့်လိုက်သည်။
"အမှတ် တစ်သိန်းရှစ်သောင်းနီးပါး ကျန်သေးတယ်"
"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်"
လင်းယွမ်က စကားပိုမပြောတော့ဘဲ အရည်အသွေးမှတ်ကို တိုက်ရိုက် စတင် မဲနှိုက်လိုက်သည်။
အရည်အသွေးမှတ်ကသာ အခြေခံ ဖြစ်သည်။ အရည်အသွေးမှတ် လုံလောက်စွာ မြင့်မားမှသာ မိမိ၏ စွမ်းဆောင်ရည် အသီးသီးကို အလျင်အမြန် မြှင့်တင်နိုင်မည် ဖြစ်သည်။
[ဒင်... အသုံးပြုသူက မျိုးရိုးဗီဇမျိုးစေ့ကို နိုးကြားလာကြောင်း စစ်ဆေးသိရှိရပါသည်... မျိုးရိုးဗီဇ အရည်အသွေးမှတ်ကို မဲနှိုက်မည်လား]
လင်းယွမ်က ကြောင်အသွားပြီး အံ့သြသံသယ ဖြစ်သွားသည်။
မျိုးရိုးဗီဇမျိုးစေ့ နိုးကြားလာပြီးနောက် ထပ်မံ မဲနှိုက်ရမည့် အရည်အသွေးမှတ်ကို မျိုးရိုးဗီဇ အရည်အသွေးမှတ်ဟု ခေါ်တာလား...
ဒါက အရင် အရည်အသွေးမှတ်တွေနဲ့ မတူဘူးလား...
"မျိုးရိုးဗီဇ အရည်အသွေးမှတ် ဆိုတာ ဘာလဲ"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
[မျိုးရိုးဗီဇ အရည်အသွေးမှတ် ဆိုသည်မှာ မျိုးရိုးဗီဇမြေပုံ ပြည့်စုံစေရန်အတွက် ရည်ရွယ်သော အရည်အသွေးမှတ် ဖြစ်ပါသည်]
"ဒါဆို အရင် အရည်အသွေးမှတ်တွေက ဘာလဲ" လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
[ယခင်က အခြေခံ သန္ဓေပြောင်း အရည်အသွေးမှတ် ဖြစ်ပြီး ၎င်းအရည်အသွေးမှတ် တိုးလာပါက သန္ဓေပြောင်းလဲမှု အတိုင်းအတာကို တိုးလာစေနိုင်ပါသည်]
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်။ ယခင်က တိုးလာခဲ့သည့် အရည်အသွေးမှတ်များသည် သန္ဓေပြောင်းလဲခြင်း အမှတ်များ ဖြစ်ပြီး တိုးလာသည်က သန္ဓေပြောင်းလဲမှု အဆင့် ဖြစ်သည်။
ယခု ဆက်လက်၍ ဤအရည်အသွေးမှတ် အမျိုးအစားကို မဲနှိုက်ရန် အကျိုးသက်ရောက်မှု မရှိတော့ပေ။
လင်းယွမ်က ချက်ချင်း ဆိုလိုက်သည်။ "သတ်မှတ် မျိုးရိုးဗီဇ အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်"
[ဒင်... သတ်မှတ် မျိုးရိုးဗီဇ အရည်အသွေးမှတ် မဲနှိုက်ရန်အတွက် အမှတ် ၁၀၀၀၀ ကုန်ကျမည် ဖြစ်ပါသည်... ကံစမ်းမဲနှိုက်မည်လား]
လင်းယွမ်က ချက်ချင်း ကြောင်အသွားသည်။
"နေပါဦး... အမှတ် ဘယ်လောက် လိုတာ"
လင်းယွမ်က မနေနိုင်ဘဲ စနစ်၏ သတိပေးချက်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။
သေချာ ရေတွက်ကြည့်လိုက်ရာ တကယ်ကြီး အမှတ် ၁၀၀၀၀ ဖြစ်နေသည်။
သူက မနေနိုင်ဘဲ လေအေးတစ်ချက် သက်ပြင်းရှိုက်လိုက်မိသည်။
အခြေခံ သန္ဓေပြောင်း အရည်အသွေးမှတ်ကို မဲနှိုက်စဉ်က သတ်မှတ် မဲနှိုက်ရန်အတွက် အမှတ် ၁၀၀၀ သာ လိုအပ်ခဲ့ခြင်း ဖြစ်သည်။
မျိုးရိုးဗီဇ အရည်အသွေးမှတ် သတ်မှတ် မဲနှိုက်ခြင်းက ဆယ်ဆတောင် တက်သွားတာပဲ။
တိုက်ရိုက် အမှတ် ၁၀၀၀၀ လိုအပ်သွားပြီ ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၃၆၈) လေတပ် စိတ်ကူး
"ဘယ်လိုလုပ် ဒီလောက်တောင် များသွားရတာလဲကွ"
လင်းယွမ်က ဒေါသတကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
သူက ထိုက်ယန်တောင်ခိုလှုံရေးစခန်းကို အသက်စွန့်ကာ ကြိုးစားပမ်းစား တည်ထောင်ခဲ့ပြီး ယခုလို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာကာ သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီးပေးမည့်သူများစွာ ရှိလာခဲ့ပြီ ဖြစ်သည်။
သားသတ်ရုံဘက်မှ တစ်ရက်တာလုံး နေမှ အမှတ် တစ်သောင်းခန့်သာ ရရှိနိုင်သည်။
ဒီလိုဆိုရင် သူ့ရဲ့ သားသတ်ရုံက တစ်ရက်ကို သူ့အတွက် အရည်အသွေးမှတ် တစ်မှတ်ပဲ တိုးပေးနိုင်တော့မည်ဟု ဆိုလိုရာ မရောက်ဘူးလား...
လင်းယွမ်က သေချာပေါက် ဒေါသထွက်သွားခဲ့သည်။
သို့သော် စနစ် မျက်နှာပြင်ပေါ်တွင် စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။
[မျိုးရိုးဗီဇ အရည်အသွေးမှတ် - မျိုးရိုးဗီဇအဆင့်အတန်း၏ စွမ်းအားကို ပြောင်းလဲခြင်းနှင့် မျိုးရိုးဗီဇမြေပုံ အပြည့်အစုံ ရေးဆွဲခြင်းတို့အတွက် အမှတ်များ ပိုမို ကုန်ကျမည် ဖြစ်ပါသည်]
လင်းယွမ်က ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
"စွမ်းအား အဆင့်အတန်းတွေ မတူညီတော့လို့များလား... ဒါကြောင့်များ ဒီလောက်တောင် မတန်တဆ မြင့်တက်သွားတာလား"
သူက စိတ်ထဲမှ သက်ပြင်းချလိုက်ကာ အကြောင်းရင်းကိုလည်း နားလည်သွားခဲ့သည်။
အမှန်ပင်... အကယ်၍ အမှတ်များ၏ တန်ဖိုးက အမြဲတမ်း မပြောင်းလဲဘဲ နေမည်ဆိုပါက ယခု သူ အမှတ်ရှာဖွေနေသည့် အလျင်ဖြင့်ဆိုလျှင် သူ၏ အရည်အသွေးများ အားလုံးကို အစောကြီးကတည်းက အပြည့် ဖြည့်တင်းပြီးနေလောက်ပြီ ဖြစ်သည်။
အစောပိုင်း ကတည်းကပင် လင်းယွမ်က ဤကဲ့သို့ ခန့်မှန်းမိပြီးသား ဖြစ်သည်။
အနာဂတ်တွင် သူ၏ စွမ်းအားများ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ လိုအပ်မည့် အမှတ်ပမာဏကလည်း သေချာပေါက် ပိုမို များပြားလာမည်ကို သူ ကြိုတင် တွေးတောထားခဲ့ပြီး ဖြစ်သည်။
တကယ်ကိုပင် အားလုံးက ထင်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
ကံကောင်းသည်က သူ အစကတည်းက ရွေးချယ်ခဲ့သည့် လမ်းကြောင်းမှာ ခိုလှုံရေးစခန်း တည်ထောင်သည့် လမ်းကြောင်း ဖြစ်နေခြင်းပင်။
သို့မဟုတ်ပါက သူတစ်ယောက်တည်း အမှတ်ရှာဖွေနေရမည် ဆိုလျှင် ယခုလို အခြေအနေမျိုး ရောက်လာရန် မည်သည့်အချိန်မှ ဖြစ်နိုင်မည် မဟုတ်ပေ။
ခံစားချက် မျိုးစုံကို ထိန်းချုပ်လိုက်ပြီးနောက် လင်းယွမ်က အတွေးများကို ပြန်လည် စုစည်းလိုက်သည်။
"ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ လုပ်ငန်းပမာဏကို ထပ်ချဲ့ဖို့ လိုဦးမယ်ထင်တယ်"
"လတ်တလော ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ စုစုပေါင်း လူဦးရေက သုံးထောင်လောက်ပဲ ရှိသေးတယ်... အနာဂတ်မှာ ဆက်ပြီး တိုးချဲ့သွားမယ် ဆိုရင် သားသတ်ရုံရဲ့ ပမာဏကလည်း လိုက်ပြီး ကြီးမားလာမှာပဲ"
"ငါ့ဆီ နေ့တိုင်း ဝင်လာမယ့် အမှတ်တွေလည်း ပိုများလာလိမ့်မယ်"
"ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိတယ်... ဒီ သန္ဓေပြောင်း သတ္တဝါတွေ အားလုံးကို ငါကိုယ်တိုင် သတ်မှပဲ ငါ ရှာဖွေရရှိတဲ့ အမှတ်အဖြစ် သတ်မှတ်လို့ ရတာ"
"ဒီအချက်ကတော့ နည်းနည်း ဒုက္ခရောက်တယ်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူ ခရီးဝေး တစ်ခုခု ထွက်ရပြီး အချိန်ကြာမြင့်စွာ ပြန်မလာနိုင်ပါက မည်သို့ လုပ်မည်နည်း။
သားသတ်ရုံက သူ့ကိုချည်းပဲ အမြဲတမ်း စောင့်နေရမှာလား...
သူကလည်း ခိုလှုံရေးစခန်းထဲမှာပဲ တစ်ချိန်လုံး ပိတ်မိနေတော့မှာပေါ့...
"ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် ဘယ်လို နည်းလမ်းမျိုး ရှိနိုင်မလဲ"
"တခြားလူတွေ သတ်လိုက်တဲ့ သန္ဓေပြောင်း သတ္တဝါတွေ အားလုံးကိုပါ ငါ့အမှတ်အနေနဲ့ သတ်မှတ်လို့ ရရင် သိပ်ကောင်းမှာပဲ"
လင်းယွမ်က စိတ်ထဲမှ ဤသို့ တွေးလိုက်သော်လည်း ၎င်းမှာ လက်တွေ့တွင် ဖြစ်နိုင်ချေ မရှိကြောင်း ထင်ရှားနေသည်။
စနစ်က ထိုမျှလောက် ဉာဏ်မကောင်းလှပေ... လိုက်လျောညီထွေ ပြောင်းလဲတတ်ခြင်း မရှိဘဲ ကွန်ပျူတာ တစ်လုံးလိုမျိုးသာ ဖြစ်နေသည်။
"အမှတ် တစ်သန်းကို သုံးလိုက်တာ လောသွားတယ်... ခုနက အလောတကြီး မသုံးပစ်လိုက်ဘဲ အမှတ် တစ်သန်းတန် ကံစမ်းမဲဘီးထဲမှာ ဘယ်လို ဆုမဲတွေ ပါလဲဆိုတာ အရင် ကြည့်လိုက်သင့်တာ"
"အဲ့ဒီ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ဆုမဲများ ရှိနေမလားမှ မသိတာ"
လင်းယွမ်က အနည်းငယ် နောင်တရသွားမိသည်။ စောစောက အမှတ် တစ်သန်း လက်ထဲ ရောက်လာချိန်တွင် သူက ခဏတာ စိတ်လှုပ်ရှားသွားပြီး မျိုးရိုးဗီဇမျိုးစေ့ လဲလှယ်ရန်အတွက် မဆိုင်းမတွပင် အသုံးပြုပစ်လိုက်မိသည်။
ထိုအချိန်က အမှတ် ကံစမ်းမဲဘီးပေါ်တွင် မည်သည့် ပစ္စည်းကောင်းများ ရှိသလဲ ဆိုတာကို အရင် ကြည့်ရှုသင့်ခဲ့သည်။
နှမြောစရာ ကောင်းသည်က ယခုတော့ အမှတ် တစ်သန်းလုံး ကုန်သွားခဲ့ပြီး တစ်သိန်းရှစ်သောင်းသာ ကျန်ရှိတော့ရာ ဘာပြောပြော နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
"ထပ်ပြီး စုရဦးမှာပေါ့"
လင်းယွမ်က ကျန်ရှိနေသေးသော အမှတ် တစ်သိန်းရှစ်သောင်းကို တစ်ချက် ကြည့်လိုက်ပြီး လတ်တလောတွင် မထိဘဲ ထားလိုက်သည်။
သူက ဘုံအရည်အသွေးမှတ် ၁၅ မှတ်ကို ထပ်မံ ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
"အခု ရှိနေတဲ့ ဘုံအရည်အသွေးမှတ်တွေကို မျိုးရိုးဗီဇ အရည်အသွေးမှတ်တွေအပေါ်မှာ ပေါင်းထည့်လို့ ရနိုင်မလား မသိဘူး"
ထိုသို့တွေးမိသည်နှင့် သူက ဘုံအရည်အသွေးမှတ်များကို ချက်ချင်း ခွဲဝေချထားရန် စတင်လိုက်သည်။
"စိတ်စွမ်းအင်ကို အရင် ပေါင်းထည့်မယ်"
လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ ဘုံအရည်အသွေးမှတ် ၁၅ မှတ်လုံးကို စိတ်စွမ်းအင် အရည်အသွေးအပေါ်သို့ တိုက်ရိုက် ပေါင်းထည့်လိုက်သည်။
စိတ်စွမ်းအင် အရည်အသွေးမှတ် နောက်ကွယ်ရှိ ဂဏန်းများက အနည်းငယ် ဝေဝါးသွားခဲ့သည်။
နောက်တစ်ခဏတွင် ၅၀ ရှိသော စိတ်စွမ်းအင် အရည်အသွေးမှတ်က ၅၁.၅ သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ဟမ်... ဘုံအရည်အသွေးမှတ် ၁၅ မှတ်က မျိုးရိုးဗီဇ အရည်အသွေးမှတ် ၁.၅ မှတ် အနေနဲ့ပဲ အသုံးပြုလို့ ရတာလား"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ အချိုးအစားက ဆယ်ဆ ဖြစ်နေဆဲပင်။
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ကြည့်ရသည်မှာ နောက်ပိုင်းတွင် အမှတ် တစ်သောင်း ဟူသော ဈေးနှုန်းကြီးဖြင့်သာ မျိုးရိုးဗီဇ အရည်အသွေးမှတ်များကို မဲနှိုက်ယူရတော့မည် ထင်သည်။
သူက စနစ်ကို အချိန်အနည်းငယ်ကြာ ထပ်မံ လေ့လာလိုက်ပြီး သူ၏ အစွမ်းအမျိုးမျိုးကိုလည်း အဖန်ဖန်အထပ်ထပ် စမ်းသပ်ကြည့်လိုက်သည်။
သူ၏ အစွမ်းတစ်ခုစီတိုင်းက မျိုးရိုးဗီဇအပြောင်းအလဲများအပေါ် မူတည်ကာ မတူညီသော စွမ်းအားအရည်အသွေးများကို ထုတ်ယူအသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
လင်းယွမ်က လုံးဝ စိတ်အေးသွားခဲ့သည်။
စိတ်လှုပ်ရှားမှုများကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီးနောက် လင်းယွမ်က ခိုလှုံရေးစခန်းသို့ ပြန်လာခဲ့သည်။
အိမ်တံခါးဝသို့ ဝင်လိုက်သည်နှင့် မျက်နှာမသာမယာ ဖြစ်နေသော ရန်မေက ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
"အမမေ... ဘာဖြစ်လို့လဲ"
လင်းယွမ်က အံ့ဩတကြီးဖြင့် မေးလိုက်သည်။
ရန်မေက ထိုအသံကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် မတ်တတ်ရပ်လိုက်မိသည်။
"မောင်လေး... နင် ဘယ်တွေ သွားနေတာလဲ... အမတို့ နင့်ကို လိုက်ရှာနေတာ သုံးရက်တောင် ရှိနေပြီ"
လင်းယွမ်က မှင်သက်သွားသည်။
"ဘာ... သုံးရက်"
ထို့နောက် သူက ရုတ်တရက် သတိဝင်လာခဲ့သည်။
"အမ ပြောချင်တာက ဒီရေလှိုင်းတက်တဲ့ အချိန်ကနေ အခုထိဆိုရင် သုံးရက် ရှိသွားပြီလို့ ပြောတာလား"
ရန်မေက ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
"ဟုတ်တယ်လေ... နင်က မသိဘူးလား... အမတို့ အားလုံး အရမ်း စိုးရိမ်နေကြတာ... ဆုန့်ဝမ်နဲ့ တင်းယန်ဆိုရင် ဖီးနစ် သင်္ဘောနဲ့ အပြင်ထွက်ပြီး နင့်ကို လိုက်ရှာဖို့တောင် ပြင်ဆင်နေကြပြီ"
"မောင်လေး... နင် ဘယ်တွေ သွားနေတာလဲ... အမတို့ကို လန့်သေအောင် လုပ်နေတာလား"
လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ သူက ဂူထဲမှာ သတိလစ်နေတာ သုံးရက်တောင် ကြာသွားတာလား။
ဒီ မျိုးရိုးဗီဇမျိုးစေ့ နိုးထလာဖို့က ဒီလောက်တောင် အချိန်ယူရတာလား။
လင်းယွမ်က ရင်ခွင်ထဲ ရောက်နေသော ရန်မေကို လက်လှမ်းကာ ပုတ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည်။
"ကျွန်တော် ဒီနှစ်ရက်အတွင်း အစွမ်း တိုးတက်ပြောင်းလဲတာကို လေ့လာနေလို့ ခဏ မေ့သွားပြီး အပြင်ဘက်က အချိန်ကို သတိမထားမိလိုက်ဘူး"
"ဟင်... နင် ဘယ်သွားပြီး လေ့လာနေတာလဲ... အမတို့ နေရာအနှံ့ လိုက်ရှာပြီးပြီ" ရန်မေက အံ့ဩတကြီး မေးလိုက်သည်။
လင်းယွမ်က တောင်ထိပ်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ "တောင်ပေါ်ကို သွားနေတာပါ... စိတ်ချပါ... ကျွန်တော်သာ ထွက်သွားမယ် ဆိုရင် သေချာပေါက် အမတို့ကို ပြောပြမှာပါ"
"အမ အားလုံးကို မြန်မြန် သွားအကြောင်းကြားလိုက်ပါဦး... အထိတ်တလန့်တွေ မဖြစ်ကြပါစေနဲ့"
ရန်မေက ထိုစကားကို ကြားသောအခါ သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "နင် အိမ်မှာပဲ နေခဲ့နော်... လျှောက်မသွားနဲ့ဦး... အမ အခုပဲ အားလုံးကို သွားပြောလိုက်ဦးမယ်"
ထိုသို့ပြောကာ သူမက အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
အချိန်သိပ်မကြာလိုက်ဘဲ ဆုန့်ဝမ်၊ တင်းယန်နှင့် အခြားသူများက အလောတကြီး ပြန်ရောက်လာကြသည်။
လင်းယွမ် ပျောက်ဆုံးနေသည်မှာ သုံးရက် ရှိပြီ ဖြစ်ရာ သူမတို့ အားလုံး စိုးရိမ်နေကြသော်လည်း ကမောက်ကမတော့ မဖြစ်သွားခဲ့ကြပေ။
သူမတို့က ကျောက်ခိုင်တို့နှင့် တိတ်တဆိတ် တိုင်ပင်ကာ နေရာအနှံ့ လိုက်လံ ရှာဖွေခဲ့ကြခြင်းသာ ဖြစ်သည်။
ယခု လင်းယွမ်ကို မြင်လိုက်ရချိန်တွင် တင်းယန်က ပထမဆုံး မထိန်းနိုင်တော့ဘဲ အော်မေးလိုက်သည်။
"ရှင် ဘယ်တွေ ထွက်သွားနေတာလဲ"
လင်းယွမ်က ရယ်မောလိုက်သည်။ "ရုတ်တရက် အကြံဉာဏ်ရလာလို့ အစွမ်းတွေကို သွားလေ့လာနေတာ"
ဆုန့်ဝမ်က မျက်ဝန်းများ နီရဲနေလျက် သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာကာ ပြောလိုက်သည်။ "ဘာလို့ ကြိုပြီး တစ်ခွန်းမှ မပြောခဲ့ရတာလဲ"
လင်းယွမ်က နှစ်သိမ့်လိုက်သည်။ "ငါမေ့သွားလို့ပါ... ကဲပါ... ဘာမှမဖြစ်တော့ပါဘူး... ငါလည်း အခု ပြန်ရောက်နေပြီလေ"
ထို့နောက် ကျောက်ခိုင်နှင့် အခြားသူများကလည်း လင်းယွမ်ကို လာရောက် ကြည့်ရှုကြပြီး လင်းယွမ် တစ်စုံတစ်ရာ မဖြစ်ကြောင်း မြင်တွေ့ရသောအခါ လူတိုင်းက သက်ပြင်းချနိုင်သွားကြသည်။
လင်းယွမ်က ကျောက်ခိုင်ကို မေးမြန်းလိုက်သည်။ "အဲဒီ သန္ဓေပြောင်း ငှက်တွေ အခု ဘယ်လို အခြေအနေ ရှိလဲ"
ကျောက်ခိုင်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း တက်ကြွလာခဲ့သည်။ "အစ်ကိုလင်း... ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်း အဲဒီ သန္ဓေပြောင်း ငှက်တွေကို သုတေသန လုပ်နေကြတာ"
"ထူလုံက ရုတ်တရက် စိတ်ကူးတစ်ခုကို အဆိုပြုလာတယ်... ကျွန်တော်တို့က အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်ပေမယ့် အစ်ကို့ကို ရှာမတွေ့တာနဲ့ ဆက်ပြီး မဆွေးနွေးဖြစ်သေးတာ"
လင်းယွမ်က ကြားသောအခါ အံ့အားသင့်စွာ မေးလိုက်သည်။ "ဘယ်လို စိတ်ကူးမျိုးလဲ"
ကျောက်ခိုင်က ဟီးဟီးဟဲဟဲ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ထူလုံက လေတပ်တစ်ခုကို တည်ထောင်ချင်နေတာ"
လင်းယွမ်က မှင်သက်သွားသည်။ "ဘာ... လေတပ်"
လင်းယွမ်က အံ့ဩသွားခဲ့သည်။ အမှန်တကယ်ပင် သူတို့ထံမှ ဤကဲ့သို့ စကားလုံးမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ကျောက်ခိုင်က ဆက်ပြောသည်။ "ဟုတ်တယ်... လေတပ်... အစ်ကိုလင်းယွမ်... ကိုယ့်နဂါးကိုဘယ်လိုထိန်းကျောင်းမလဲ ဆိုတဲ့ ကာတွန်းကားကို ကြည့်ဖူးလား"
"ဟမ်"
"အဲဒါက ကာတွန်းကား တစ်ကားလေ... လူသားတွေက နဂါးမျိုးနွယ်ကို ယဉ်ပါးအောင် လေ့ကျင့်ပေးပြီး နဂါးစီးသူရဲကောင်းတွေ ဖြစ်လာကြတဲ့ အကြောင်းကို ပြောပြထားတာ"
"ထားပါတော့... နဂါးတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးတဲ့ကား မကြည့်ဖူးရင်လည်း အဗာတာ ကားတော့ ကြည့်ဖူးတယ် မဟုတ်လား"
"အဗာတာ ကားထဲမှာဆိုရင် အဲဒီ အဗာတာတွေက ငှက်လိုမျိုး သန္ဓေပြောင်း သတ္တဝါ မျိုးစုံကို စီးနင်းပြီး ကောင်းကင်ပျံသန်းနိုင်တဲ့ လေဟုန်စီးသူရဲကောင်းတွေ ဖြစ်လာကြတာလေ"
"အခု ကျွန်တော်တို့ဆီမှာ သန္ဓေပြောင်း ငှက်တွေ ရှိနေပြီဆိုတော့ လေတပ်တစ်ခုကို လေ့ကျင့်ပျိုးထောင်ပေးဖို့ အခွင့်အရေး ရလာနိုင်တယ်"
ကျောက်ခိုင်က သူ၏ စိတ်ကူးကို စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြနေရာ လင်းယွမ်၏ မျက်လုံးများကလည်း အရောင်လက်လာခဲ့သည်။
လေဟုန်စီးသူရဲကောင်းလား...
ကြည့်ရတာ... မဖြစ်နိုင်စရာ အကြောင်းတော့ မရှိပါဘူး...
အကယ်၍ လေကြောင်း မြင်းသည်တော်တပ် တစ်ခုကိုသာ ဖွဲ့စည်းနိုင်မည် ဆိုလျှင် ထိုက်ယန်တောင်တွင် ဝေဟင် တိုက်ခိုက်ရေးစွမ်းအားများ ရှိလာမည် ဖြစ်ရာ ၎င်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ လုံခြုံရေးကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
"ဒီစိတ်ကူးက အရမ်း ကောင်းတာပဲ"
လင်းယွမ်က ချက်ချင်းပင် စိတ်ဝင်စားသွားကာ လျင်မြန်စွာ ပြောလိုက်သည်။
ကျောက်ခိုင်က အလောတကြီး ပြန်ပြောလိုက်သည်။ "ကျွန်တော်တို့လည်း မဆိုးဘူးလို့ ထင်တယ်... ဒါပေမဲ့ အခုလောလောဆယ် အခက်အခဲ တစ်ခု ရှိနေတယ်... ဒီ သန္ဓေပြောင်း ငှက်တွေက ရိုင်းစိုင်းပြီး ယဉ်ပါးအောင် လုပ်ဖို့ ခက်တယ်... စကားနားထောင်အောင် လုပ်ဖို့ အရမ်း ခက်တယ်"
"တုံယန်နဲ့ ဟွမ်ဟန်တို့ လာရင်တောင်မှ ဒီကောင်တွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးဖို့ ခက်ခဲနေတယ်"
"ဒါကြောင့် အခု ကျွန်တော်တို့က သူတို့ကို အပြင်ကို ထုတ်လွှတ်ပေးဖို့ လုံးဝ မဝံ့ရဲဘူး... တစ်ခါ ထုတ်လွှတ်လိုက်တာနဲ့ ဆယ်ကောင်မှာ ရှစ်ကောင် ကိုးကောင်လောက်ကတော့ ထွက်ပြေးသွားကြမှာ သေချာတယ်"
လင်းယွမ်က ကြားသောအခါ သူတို့ ကြုံတွေ့နေရသော ပြဿနာကို ချက်ချင်း နားလည်သွားခဲ့သည်။
သူက အနည်းငယ် စဉ်းစားလိုက်သည်။ အကယ်၍ သူကိုယ်တိုင် ဤ သန္ဓေပြောင်း ငှက်များကို ထိန်းချုပ်ရမည် ဆိုလျှင်တော့ ရိုးရှင်းပေလိမ့်မည်။
သူက ရုပ်သေးကြိုးမျှင်ကို အသုံးပြု၍ ဤ သန္ဓေပြောင်း ငှက်များကို တိုက်ရိုက် ထိန်းချုပ်နိုင်သည်။
သို့သော် ရုပ်သေးကြိုးမျှင် ဆိုသည့် ဤအစွမ်းကို သူတစ်ယောက်သာ တတ်ကျွမ်းပြီး အခြားသူများက မတတ်ကျွမ်းကြပေ။
ထို့အပြင် ဤအစွမ်းက စနစ်၏ ကံစမ်းမဲ နှိုက်စဉ်က ရရှိခဲ့ခြင်း ဖြစ်ရာ သင်္ကေတများ တည်ရှိနေခြင်း မရှိပေ။
ထို့ကြောင့် သင်္ကေတ ကျောက်တုံးများ အဖြစ် ဖန်တီးရန်ပင် မဖြစ်နိုင်ချေ။
ထိုသို့ဆိုလျှင် အခြားသော အစွမ်းပိုင်ရှင်များက ဤ သန္ဓေပြောင်း ငှက်များကို မည်သို့ ထိန်းချုပ်ကြမည်နည်း။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ တုံယန်နှင့် ဟွမ်ဟန်တို့ပင်လျှင် ဤ သန္ဓေပြောင်း ငှက်များနှင့် ဆက်သွယ်မှု ပြုလုပ်၍ မရနိုင်ခြင်းက မည်သည့် အကြောင်းရင်းကြောင့် ဖြစ်နိုင်မည်နည်း။
"ယန်ယန်ရဲ့ စိတ်ချင်း ချိတ်ဆက်တာက သန္ဓေပြောင်း ငှက်တွေနဲ့ ဆက်သွယ်လို့ မရဘူးလား" သူက မေးမြန်းလိုက်သည်။
ကျောက်ခိုင်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "မရဘူး... ကျွန်တော် တုံယန်ကို မေးကြည့်ပြီးပြီ... သူ ပြောတာကတော့ ဒီ သန္ဓေပြောင်း ငှက်တွေမှာ ပြင်းထန်တဲ့ ဆန့်ကျင်ဘက် အသိစိတ်တွေ ရှိနေလို့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုက သူတို့ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်ရောက်လာတာကို လုံးဝ ငြင်းပယ်နေကြတယ်တဲ့"
"ဟွမ်ဟန်ရော... သူ့ရဲ့ သားရဲထိန်းချုပ်အစွမ်းက သန္ဓေပြောင်း ငှက်တွေ သဘောတူတာ မတူတာကို ဂရုစိုက်စရာ မလိုဘူး မဟုတ်လား" လင်းယွမ်က သံသယဖြင့် မေးမြန်းလိုက်သည်။
ကျောက်ခိုင်က ခေါင်းခါယမ်းနေဆဲပင် "အဲဒါလည်း မရဘူး... ဟွမ်ဟန်က သန္ဓေပြောင်း ငှက်တွေရဲ့ စိတ်ဝိညာဉ်ကို အတင်းအဓမ္မ ထိန်းချုပ်နိုင်တယ် ဆိုပေမယ့် နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားတာနဲ့ ဒီ သန္ဓေပြောင်း ငှက်တွေရဲ့ ဦးခေါင်းက ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်"
"ဒီ သန္ဓေပြောင်း ငှက်တွေရဲ့ စိတ်စွမ်းအင်က မမြင့်ဘူးမလား" လင်းယွမ်က မေးလိုက်သည်။
ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... သူတို့ရဲ့ သန္ဓေပြောင်းလဲမှု လမ်းကြောင်းက စိတ်စွမ်းအင် မဟုတ်ဘူး... အများစုက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန္ဓေပြောင်းလဲမှုတွေပဲ"
စိတ်စွမ်းအင် မမြင့်မားဘူး ဆိုသည်မှာ ဤ သန္ဓေပြောင်း ငှက်များ၏ ဉာဏ်ရည်ဉာဏ်သွေးကလည်း မြင့်မားမည် မဟုတ်ကြောင်း ဖော်ပြနေသည်။
ဉာဏ်ရည်ဉာဏ်သွေး မမြင့်မားပါက သူကိုယ်တိုင် ကပ်ပါးမျိုးစေ့များကို ဤ သန္ဓေပြောင်း ငှက်များ၏ ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးထားလျှင်တောင်မှ...
၎င်းတို့က ဘာမှနားမလည်ဘဲ ကြောက်ရွံ့ခြင်းလည်း အလျဉ်းမရှိဘဲ သူ၏ ထိန်းချုပ်မှုကို ခံယူကြမည် မဟုတ်ပေ။
လင်းယွမ်က အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒီလိုဆိုတော့လည်း နည်းလမ်း တစ်ခုပဲ ရှိတော့တယ်"
ကျောက်ခိုင်က ချက်ချင်းပင် တက်ကြွလာကာ မေးလိုက်သည်။ "ဘယ်လို နည်းလမ်းလဲ"
"ရုပ်ပိုင်းဆိုင်ရာအရ ယဉ်ပါးအောင် လေ့ကျင့်ပေးတာပဲ"
ရုပ်ပိုင်းဆိုင်ရာအရ ယဉ်ပါးအောင် လေ့ကျင့်ပေးသည့် နည်းလမ်းကတော့ ပိုမို ရိုးရှင်းပြီး ကြမ်းတမ်းပေသည်။
အစောပိုင်းက ရွှေနက်မျောက်ဝံကြီးကို လေ့ကျင့်ပေးခဲ့စဉ်ကလည်း လင်းယွမ်က ဤနည်းလမ်းကိုပင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာအရ ယဉ်ပါးအောင် လေ့ကျင့်ပေးသည် ဆိုသည်မှာ အဆက်မပြတ် နာခံမှု စမ်းသပ်ချက်များကို ပြုလုပ်ခြင်းပင် ဖြစ်သည်။
ဤ သန္ဓေပြောင်း ငှက်များ စကားနားထောင်လာသည်အထိ ရိုက်နှက်ရမည် ဖြစ်သည်။
ပို၍ တုံးအသော သန္ဓေပြောင်း သတ္တဝါများက ဤနည်းလမ်းကို ပို၍ အသုံးတည့်ပေသည်။
ကျောက်ခိုင်က '"ရုပ်ပိုင်းဆိုင်ရာအရ ယဉ်ပါးအောင် လေ့ကျင့်ပေးခြင်း" ဆိုသည့် သဘောတရားကို နားထောင်ပြီးနောက်တွင် တစ်စုံတစ်ရာကို တွေးတောနေသည့် အမူအရာ ပေါ်လွင်လာခဲ့သည်။
"ဒီနည်းလမ်းကိုတော့ ကျွန်တော်တို့ တွေးမထားမိဘူး... ဒါပေမဲ့ ဒါက ဒီငှက်တွေကို ရိုက်သတ်ရာများ ကျမသွားဘူးလား"
လင်းယွမ်က ရယ်မောလိုက်သည်။ "သေသွားရင်လည်း ကိစ္စမရှိပါဘူး... အမွေးအတောင်တွေကို စုဆောင်းထားပြီး အလောင်းက အသားတွေကိုလည်း သုံးလို့ ရတာပဲလေ"
"မသေတဲ့ အကောင်တွေကိုတော့ မျိုးပွားဖို့ ချန်ထားတာပေါ့... ငါတို့က သိုင်းဘုရင်ဂေဟာမှာ ကြက်နီတွေကိုတောင် မွေးမြူထားသေးတာပဲ... သန္ဓေပြောင်း ငှက်တွေကို နည်းနည်းပါးပါး ထပ်မွေးထားလည်း ကိစ္စမရှိပါဘူး"
ကျောက်ခိုင်က ကြားပြီးနောက် လက်ခုပ်တစ်ချက် တီးလိုက်ကာ ရယ်မောလိုက်သည်။
"ဒီနည်းလမ်းက ကောင်းတာပဲ... ကျွန်တော် ပြန်ရောက်ရင် တခြားလူတွေနဲ့ သွားတိုင်ပင်လိုက်ဦးမယ်"
လင်းယွမ်လည်း အလိုအလျောက် ရယ်မောလိုက်မိသည်။
ဆက်ရန်...