ပိုင်ရှောင်ချန်းလား
Vol. 9 Ch. 817
ပိုင်ရှောင်ချန်းက ဆယ့်ကိုးရောင်ခြယ်မီးတောက်ဖန်တီးခဲ့သည်ကို မည်သူမှ မသိပေ။ ဤသည်ကို သတိထားမိပြီးနောက်တွင် ထိုအခြင်းအရာကို ဖုန်းကွယ်ပေးသည်မှာ သူ၏မျက်နှာဖုံးမဟုတ်ဘဲ သင်္ချိုင်းစောင့်ကြီးဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
ထိုမျှသာမက ဆယ့်ကိုးရောင်ခြယ်မီးတောက်ပေါ်လာပြီးနောက် သင်္ချိုင်းစောင့်ကြီးအား မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။ မြေအောက်ကမ္ဘာမြစ်လည်း ပျောက်ကွယ်သွား၏။
ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်အား အကြံဉာဏ်များပေးရန် လွန်ခဲ့သော တစ်နှစ်ပတ်လုံး သူရှိနေခဲ့သည့်အလား။ ယခုတွင် ပိုင်ရှောင်ချန်းသည် ဆယ့်ကိုးရောင်ခြယ်မီးတောက် ဖန်တီးရာတွင် အောင်မြင်သွားပြီ ဖြစ်သောကြောင့် သင်္ချိုင်းစောင့်ကြီးအတွက် ဆက်နေရန် အကြောင်းမရှိတော့ပေ။
သို့သော် မပျောက်ကွယ်ခင်ညက သူသည် ပုံမှန်ရေငုံနှုတ်ပိတ်နေရာမှ မီးတောက်ဖန်တီးခြင်းအကြောင်း အကြံဉာဏ်များစွာ ပေးခဲ့လေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်မှာ အတန်ငယ်ထူးထူးဆန်းဆန်း ခံစားနေခဲ့ရသော်လည်း သူပေးခဲ့သည့် အချက်အလက်များအားလုံးကြောင့် စိတ်နှလုံးလှုပ်ရှားသွားကြ၏။
" ဆရာ သင်္ချိုင်းစောင့်ဘိုးဘိုးကြီးဆီက အကြံတွေက မယုံနိုင်လောက်အောင်ပဲ။ နှစ်ဆယ်ရောင်ခြယ်မီးတောက်က လောကဓာတ်အဆင့်ရဲ့ အထွတ်အထိပ်ပဲ။ အရမ်းခက်လောက်မှာ ဆိုပေမယ့် ကျွန်တော် ဆရာ့အတွက် ဖန်တီးနည်းလုပ်ပေးနိုင်မယ်လို့ အတော်လေး ယုံကြည်နေတယ်။ ဒါကြောင့် ကျွန်တော် အလုပ်လုပ်ဖို့ တံခါးပိတ် သွားကျင့်တော့မယ် ဆရာ "
သူက လက်ယှက်ရင်း ဦးညွှတ်ကာ ပြောလိုက်သည်။
“ ဆရာ ကျွန်တော်မရှိတဲ့ အချိန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော် "
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပိုင်ဟောက်က စူးရှတောက်ပနေသော ဝိညာဥ်အလင်းတန်းတစ်ခု ဖြစ်သွားပြီး သူ၏ဝိညာဥ်သိုလှောင်စေတီထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။
လအနည်းငယ် ထပ်မံကုန်ဆုံးသွားသော်လည်း သင်္ချိုင်းစောင့်ကြီးကား ဘယ်တော့မှ ပြန်မလာခဲ့ဘဲ ပိုင်ရှောင်ချန်းသည် တစ်ယောက်တည်းသီးသန့်ရှိနေ၏။
ပိုင်ရှောင်ချန်းတွင် မည်သည့်ရောင်စုံမီးတောက်ကိုဖြစ်စေ လေ့ကျင့်ရန် ပါဝင်ပစ္စည်း လုံလုံလောက်လောက်မရှိတော့သော်လည်း နိမိတ်ဖတ်ခြင်းဖြင့် လေ့လာသုံးသပ်မှုများ ပြုလုပ်ကာ အချိန်ကုန်ဆုံးလိုက်သည်။
" ငါ တစ်ကြိမ်တည်းနဲ့ အောင်မြင်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကောင်းကင်ကြမ္မာဆေးလုံးကြောင့်ပဲ။ ငါ ထပ်ကြိုးစားရင် အဆင်ပြေပြေအလုပ်ဖြစ်မှာ မဟုတ်ဘူး "
သူက သူ၏အိတ်ကို ပုတ်ရင်း ရင်းမြစ်များအလွန်နည်းပါးသော်လည်း အနည်းဆုံးတော့ ဆယ့်သုံးရောင်ခြယ်မှ ဆယ့်ကိုးရောင်ခြယ်မီးတောက်အထိ ပိုင်ဆိုင်ထားသည့် အချက်ကို စဥ်းစားလိုက်သည်။
တချို့သော မီးတောက်များမှာ တစ်ခုစီသာ ရှိနိုင်သော်လည်း သူ့မှာ အခြားရောင်စုံမီးတောက်များစွာ ရှိသည်။ ၄င်းတို့အား စုပေါင်းလိုက်ပြီး မြေရိုင်းဒေသရှိ လေလံပွဲတွင်သာ ရောင်းချလိုက်ပါက အုတ်အော်သောင်းနင်းဖြစ်ကာ ဆူညံပွက်လောက်ရိုက်သွားလိမ့်မည်။ အမှန်တွင် လောကဓာတ်အောက်လမ်းဆရာများပင်လျှင် ၄င်းတို့ကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားရမည်သာ ဖြစ်သည်။ အနည်းငယ် တွေးပြီးနောက် ပိုင်ရှောင်ချန်းက သူမီးတောက်များအား လေလံတင်ရန်ကြိုးစားခြင်းသည် အကြံကောင်းမဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ အမှန်တကယ်ဆိုရလျှင် သူ့အနေဖြင့် ၎င်းတို့ကို တိုက်ရိုက်သာ ရောင်းချနိုင်ပေသည်။
နောက်တစ်ချက် ပိုင်ရှောင်ချန်းက ကျိုးရီရှင်းအား ပေးထားသည့် ကတိကို မမေ့ပေ။ မကြာသေးသော လများက ပိုင်ရှောင်ချန်းသည် သူ့ကို အကြံဉာဏ်များ လုံလုံလောက်လောက်ပေး၍ ကူညီခဲ့သဖြင့် ယခုတွင် သူက ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်သွားလေပြီ။
ထိုသည်က ကျိုးရီရှင်း ယခု ကောင်းကင်အောက်လမ်းဆရာဖြစ်သွားပြီဟု ညွှန်ပြနေသည်ဖြစ်ရာ သူ အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတော့သည်။
ကျိုးရီရှင်း၏မျိုးနွယ်စုတွင် အခြားကောင်းကင်အောက်လမ်းဆရာမှာ ခေါင်းဆောင်ကြီးများထဲက တစ်ယောက်ဖြစ်သည်။ အမှန်တွင် ပိုင်ရှောင်ချန်းနှင့် မတွေ့ခင်က ထိုအဆင့်ကိုရောက်ရန် သူ အိပ်မက်ပင် မမက်နိုင်ခဲ့ပေ။
သို့သော် ယခုအခါ နှစ်အနည်းငယ်အတွင်း ထိုအဆင့်ရောက်နေလေပြီ။ ထိုအကြောင်းအားလုံးမှာ..... ပိုင်ရှောင်ချန်း၏ ကြင်နာမှုကြောင့် ဖြစ်ကြောင်း ကျိုးရီရှင်း သိလေသည်။ ထိုသည်က သူ့နှလုံးသားထဲတွင် ကျေးဇူးတင်ခြင်းများနှင့် ပြည့်နှက်သွားပြီး သူ၏ မှန်ကန်သော ဆုံးဖြတ်ချက်ကိုချခဲ့သည်ဆိုသော ယုံကြည်ချက်မှာ ပို၍ခိုင်မာသွားတော့သည်။
စုန့်ချွဲမှာမူ အနားယူလိုက်၊ ကျင့်ကြံခြင်းအဆင့်မြင့်မားရန် ဝိညာဥ်ဆေးများ ဆက်လက်အသုံးပြုလိုက်နှင့် တစ်နှစ်လုံးအချိန်ကုန်ခဲ့လေသည်။ သူဝိညာဥ်ဆေးများကို အသုံးပြုနိုင်သည့်အကြောင်းရင်းမှာ ချန်မျိုးနွယ်စုက သူ့ကို မြန်မြန် အဆင့်တက်ရန် ဖိအားပေးခဲ့သောကြောင့်ပင်။ သူသည် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင်သာ ရှိသေးသော်လည်း အမှန်တွင် သူ၏အခြေခံသည် ယခင်ကထက်ပို၍များစွာ သန်မာလာတော့သည်။
သူက နတ်အဆင့်ကျင့်ကြံသူဖြစ်လာရန် မျှော်လင့်ချက် မရှိခဲ့သော်လည်း အပြည့်အဝကောင်းမွန်လာခဲ့သော သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် ဖြစ်နိုင်ချေရှိသေးသည်။ ထို့ကြောင့် သူ့ကို ပေးခဲ့သော အခွင့်အရေးများအတွက် အလွန်တရာ ကျေးဇူးတင်နေပြီး မြေရိုင်းဒေသကို ယခင်ကထက်ပို၍ သံယောဇဥ်တွယ်လာတော့သည်။
လအနည်းငယ် ထပ်မံကုန်ဆုံးသွားပြန်သည်။ ပိုင်ရှောင်ချန်းသည် မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာတွင် တစ်နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ရာ ငြီးငွေ့စပြုလာသည်။ သူက ဆူဆူညံညံဖြစ်စေမည့် အခွင့်အရေးများကို ရှောင်ခဲ့ပြီး မဟာကောင်းကင်သခင်ထံ စာတစ်စောင်ပို့ကာ ဗဟိုဧကရာဇ်မြို့တော်ကို ပြန်လာခွင့်တောင်းသင့် ၊မတောင်းသင့် သိချင်လာတော့သည်။
သူမလုပ်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ သရဲကြီးမြို့တော်သို့ ပြန်ရန် မျှော်လင့်နိုင်သေးသည်။
သို့သော် ပိုင်ရှောင်ချန်းက ထိုအကြောင်းစဥ်းစားနေချိန် မြေရိုင်းဒေသတွင်..... မည်သူမှ မမျှော်လင့်ထားသော တစ်စုံတခု ဖြစ်ပျက်သွားလေသည်။
ထိုအရာအားလုံးမှာ မြေရိုင်းဒေသ၏ မြောက်ပိုင်းမှ ထွက်ပေါ်လာသည့် လူငယ်လေးတစ်ယောက်ကြောင့်ပင်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူဆွတ်သော အသားအရေ ရှိကာ အနက်ရောင်ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ့အသွင်က အလွန်တရာ မာနကြီးဟန်တူသည်။ သူသွားသည့်နေရာတိုင်းတွင် ပြင်းထန်သောအေးစက်မှုများက သူ့ပတ်ပတ်လည်ကို ဝန်းရံထားပြီး သူ၏တည်ရှိမှုလေးကပင် လေပြင်းမုန်တိုင်းများနှင့် အခြား ကောင်းကင်ဘုံမှလာသော အံဖွယ်ဖြစ်ရပ်များ ဖြစ်သွားစေနိုင်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံကား အလွန်ထူးဆန်းသည်။ တစ်ခါတရံ ယင်ယန်ဝိညာဥ်အဆင့်ဖြစ်ဟန်တူပြီး တခါတလေကျ မဟုတ်တော့ပေ။
သူသွားသည့်နေရာတိုင်းတွင် လူပေါင်းများစွာ သေကျေပျက်စီးကြ၏။ သုံးရက်တာ အချိန်တိုလေးအတွင်း သူက အလယ်အလတ်အရွယ်စား မျိုးနွယ်စု ခုနစ်စုသာမက မျိုးနွယ်စုကြီးတစ်စုကိုပင်လျှင် တစ်ယောက်မကျန် အမြစ်ဖြုတ်သုတ်သင်ခဲ့လေသည်။ ထို့အပြင် သူက အောက်လမ်းဆရာမျိုးနွယ်စုကြီးတစ်စုလုံးကို သုတ်သင်ဖယ်ရှားခဲ့သည်။
သူသည် လူတစ်သောင်းတိတိ သတ်ပြီးသွားလေပြီ။
၄င်းမှာ ရက်စက်သော လူသတ်မှုကြီးဖြစ်သည်။ သေသွားခဲ့သည့် လူတိုင်းမှာ သက်စောင့်အားများ လုံးဝစုပ်ယူခံလိုက်ရသည့်အလား ခြောက်ကပ်ကပ် အလောင်းများအဖြစ် အဆုံးသတ်သွားလေသည်။ သူတို့၏ ဝိညာဥ်များပင်လျှင် လုံးဝ ပျောက်ဆုံးသွားလေပြီ။
မြောက်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ချက်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။ သို့သော် အားလုံးအထဲ တုန်လှုပ်ဖွယ်အကောင်းဆုံးမှာ လေးရက်မြောက်နေ့တွင် တရားခံသည် ခြေရာလက်ရာပင်မကျန် ပျောက်ကွယ်သွားပြီး မြေရိုင်းဒေသ အရှေ့ပိုင်းတွင် ပေါ်လာကာ လူသေမှုများ ပိုမိုများပြားလာသောကြောင့်ပင်။
နေ့ရက်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပြီး လူသေနှုန်းမှာ တစ်သိန်းပင် နီးကပ်လာတော့သည်။ ဗဟိုဧကရာဇ်တစ်နိုင်ငံလုံး ဒေါသူပုန်ထသွားလေပြီ။ ၎င်းသည်ကား သိသာထင်ရှားသော ရန်စမှုတစ်ခု ဖြစ်ပေသည်။
အားလုံးအထဲ အံသြဖွယ်အကောင်းဆုံးသည်ကား ထိုကိစ္စများအားလုံးကို ဆောင်ရွက်နေသည့်လူက မြေရိုင်းဒေသတွင် အလိုရှိဆုံးလူများထဲမှ တစ်ယောက်ဖြစ်သော ပိုင်ရှောင်ချန်းနှင့် တစ်ထေရာတည်း တူနေသောကြောင့်ပင်။
များမကြာမီ လူတိုင်းမှာ ထိုလူငယ်သည် လက်ရွေးစင်များအားလုံးကို နင်းခြေရန် သူ၏ယင်ယန်ဝိညာဥ်ကို အဆင့်မြှင့်တင်ခဲ့သည့်၊ ငရဲဧကရာဇ်ကျောက်တိုင်ပေါ်တွင် ပထမနေရာကို သိမ်းပိုက်ထားသော ပိုင်ရှောင်ချန်းဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။
" ပိုင်ရှောင်ချန်း ထပ်ပေါ်လာပြီဟေ့"
" ဒီကောင် နှစ်တော်တော်ကြာ တွင်းအောင်းနေခဲ့တာကွ။ နောက်ဆုံးတော့ ဒီကောင် မျက်နှာပြပြီပေါ့ကွာ"
" ချီးတဲ့မှပဲ ။ သိပ်ရက်စက်လိုက်တာ။ လူတစ်သိန်းကို ဒီကောင် သတ်ခဲ့တာကွ။ ပိုင်ရှောင်ချန်း
သေကို သေရမယ် "
" ပိုင်ရှောင်ချန်းကို သတ် "
သတင်းသည် မိုးသက်မုန်တိုင်းကြီးအလား ပျံ့နှံ့သွား၍ မကြာမီ မြေရိုင်းဒေသရှိ လူအားလုံး ကြားသွားကြလေပြီ။ ၄င်းမှာ ဗဟိုဧကရာဇ်မြို့တော်နှင့် အခြား ကောင်းကင်မြို့လေးမြို့လုံးတွင် ဆွေးနွေးပြောဆိုစရာ ထိပ်စီးသတင်းတစ်ခု ဖြစ်လာတော့သည်။
သို့သော် လူသတ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့်တိုင် ကောင်းကင်ဘုရင်လေးဦးသော်လည်းကောင်း၊ ဗဟိုဧကရာဇ်နိုင်ငံတော်သော်လည်းကောင်း ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခုခုလုပ်ရန် မည်သူကမှ စစ်သည်ရဲမက်များ မစေလွှတ်ဘဲနေမည် မဟုတ်ပေ။ စွမ်းအားအကြီးဆုံးပညာရှင်များ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လိုက်လျှင် ထိုပြဿနာကို ဖြေရှင်းရန် လုံးဝခက်ခဲမည်မဟုတ်ပေ။
" အခု ဒီကောင် အပြင်ထွက်လာပြီဆိုတော့ သတ်ဖို့ အချိန်ကျပြီပေါ့ကွာ"
" ဒီကောင်သာ ဆက်ပုန်းနေရင် ရှာရခက်မှာ။ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပြီ။ မြေရိုင်းဒေသက သူ့လို မလောက်လေး မလောက်စားယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို မကိုင်တွယ်နိုင်ဘူးလို့များ တကယ်ထင်နေလား "
ထိုသတင်းများသည် မင်းမျိုးနွယ်အထက်တန်းလွှာများကြားထဲ လျင်မြန်စွာ ပျံ့နှံ့သွား၏။ သခင်မလေးဟုန်ချိန်မှာမူ ထိုသတင်းကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီး ပိုင်ရှောင်ချန်းကို အဆုံးသတ်ရန်အတွက် ခွင့်ပြုချက်ပေးရန် မဟာကောင်းကင်သခင်ကို ချက်ချင်း တောင်းဆိုလိုက်သည်။
မဟာကောင်းကင်သခင်မှာ ဘုံဝါဒနှင့် အလုပ်ရှုပ်နေလေသည်။ သို့သော် သူသည် သခင်မလေးဟုန်ချိန်နှင့် ပိုင်ရှောင်ချန်းကြားရှိ ရန်ငြိုးကို သိသောကြောင့် တခဏသာ တုံဆိုင်းနေပြီးနောက် သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။
ထို့နောက် အချိန်တိုလေးအတွင်း သခင်မလေးဟုန်ချိန်က လှုပ်ရှားလိုက်သည်။ သူမက ပိုင်ရှောင်ချန်းနောက် တစ်ယောက်တည်း မလိုက်ပေ။ သူမသည် သူနှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသောကြောင့် သူက အလွန်ဉာဏ်နီဉာဏ်နက်များပြီး စိတ်တိုင်းကျအသုံးပြုနိုင်သည့် ဝှက်ဖဲများစွာရှိကြောင်း သူမသဘောပေါက်ခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် သူမက ဗဟိုဧကရာဇ်မြို့တော်တွင် တပ်ချထားသည့် သရဲကြီးတပ်ဖွဲ့၏ တစ်ဝက်နီးပါး စုဆောင်းကာ ပိုင်ရှောင်ချန်းကို ခြေရာခံပြီး သတ်ရန် သွားလိုက်လေသည်။
" ဒီတစ်ကြိမ်တော့ နင်သေချာပေါက် ငါ့လက်ထဲမှာ သေစေရမယ် ပိုင်ရှောင်ချန်း "
သူမက ဗဟိုဧကရာဇ်မြို့တော်မှ ထွက်လာရင်း အံတင်းတင်းကြိတ်ထားသည့်ကြားမှ ပြောလိုက်သည်။
နောက်ဆုံးတွင် ကျိုးရီရှင်း သတင်းနံ့ရသွားလေသည်။ သူက ပိုင်ရှောင်ချန်းနှင့် တစ်နှစ်ကျော်ကာ အနီးကပ်နေခဲ့ပြီး သူ့တွင် အပြင်မှသတင်းများကို အဆက်မပြတ်ပေးပို့နေသော လက်အောင်ငယ်သားများစွာ ရှိလေသည်။ ထို့ကြောင့် သူက သတင်းကို ပထမဆုံးကြားသူဖြစ်သည်။ ပထမဦးစွာ သူ တုန်လှုပ်သွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိုက်သည်။ အသေးအစိတ်များအားလုံးနှင့် ပတ်သက်၍ မသေချာသော်လည်း ဤသည်မှာ အလွန်အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း သိသဖြင့် ပိုင်ရှောင်ချန်းထံ ချက်ချင်းသတင်းသွားပို့လိုက်သည်။
" ပိုင်ရှောင်ချန်းဟုတ်လား "
ပိုင်ရှောင်ချန်းက မယုံကြည်နိုင်မှုများနှင့် မျက်လုံးများပြုးလျက် ပြောသည်။ ထို့နောက် သူက ကျိုးရီရှင်းကို အသံပင်မထွက်နိုင်တော့ဘဲ စိုက်သာ ကြည့်နေတော့သည်။
ကျိုးရီရှင်းမှာလည်း ထိုနည်းတူ ကြက်သေသေနေတော့သည်။ ပိုင်ရှောင်ချန်းအကြောင်း ပျံနေသော သတင်းမှာ အမှားဖြစ်ရမည်ဟုလည်း ကောင်းကောင်းသိသည်။ သူ့ရှေ့ရှိ လူက ယခုလေးတင် လူတစ်သိန်းသတ်နိုင်ရန်မှာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။
" ဟုတ်" သူက ပြောသည်။
" လူမြင်ကွင်းပေါ်လာပြီးတော့ လူတစ်သိန်းကျော် သတ်ခဲ့တယ်တဲ့။ ကျိုးး....ကျိုးကျစ်မိုက သူ့ကို သတ်ဖို့ သရဲကြီးစစ်တပ် တစ်ဝက်လောက် ခေါ်သွားတယ် " ထို့နောက် သူက သူသိသမျှအရာအားလုံး ဆက်လက်ရှင်းပြတော့သည်။
ပိုင်ရှောင်ချန်းမှာ နားထောင်နေရင်းနှင့်အမျှ ပို၍ အံသြတုန်လှုပ်လာတော့သည်။ ၄င်းမှာ လုံးဝ ယုံနိုင်စရာ မရှိပေ။
" ဘယ်သူ ငါ့ အယောင်ဆောင်နေတာလဲ "
သူက တွေးလိုက်သည်။ မူမမှန်သော တစ်စုံတခု ရှိနေဟန်တူ သေည်။ ဤသည်မှာ သူ့ကိုခုတုံးလုပ်ကာ တမင်တကာ ပြဿနာရှာနေသည့် အယောင်ဆောင်တစ်ယောက်ပင်။ သူ့နာမည်ဖြင့် လူပေါင်းတစ်သိန်းသတ်သွားသည့် အဖြစ်က ပိုင်ရှောင်ချန်းကို ချက်ချင်း ဒေါသထွက်သွားစေလေသည်။
" မင်းက ငါ့ကို ဒုက္ခတွင်းထဲ ဆွဲချဖို့ ကြိုးစားနေတယ်ပေါ့လေ။ မဖြစ်သေးဘူး၊ ဘယ်နည်းနဲ့မှ မဖြစ်ရဘူး။ ဘယ်ခွေးကောင် ဒါကို လုပ်နေလဲဆိုတာ ငါသွားကြည့်ရမယ် "