အခန်း (၃၇၉-၃၈၀)
Vol. 19 Ch. 379-380
အပိုင်း(၃၇၉) ချိတ်ပိတ် သင်္ကေတနှင့် ထောက်လှမ်းရေး သင်္ကေတ
နေ့ဝက်အကြာတွင် ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်၌ လင်းယွမ်က သင်္ဘောဦးပိုင်းတွင် မတ်တတ်ရပ်နေသည်။
လင်းဝူ၊ ချင်ဇီဟန်နှင့် ချိုးရင်ယွဲ့တို့က ဘေးတွင် ရပ်နေကြပြီး ဟန်ရှန်းမန်က လင်းယွမ်၏ အနီးတွင် ရပ်နေသည်။
မန်ချင်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခါးသီးစွာ အသနားခံနေသည်။
"ဆရာလင်း... ကျွန်တော် ဆရာ့ဆီမှာ တကယ် ခိုလှုံချင်တာပါ... ကျွန်တော် ဘာမဆို လုပ်ပေးပါ့မယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"မင်းက စိတ်ဝိဉာဉ်ဂိုဏ်းကို သစ္စာဖောက်ရဲလို့လား"
မန်ချင်က ချက်ချင်းပင် ထပ်မံ အသနားခံလိုက်သည်။
"သွေးကျိုင်းကောင် ရှိနေသရွေ့တော့ ကျွန်တော် စိတ်ဝိဉာဉ်ဂိုဏ်းကို ဝင်တုန်းက သစ္စာဆိုခဲ့တာကို ဖောက်ဖျက်လို့ မရပါဘူး... ဒါပေမဲ့ စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ နယ်မြေထဲမှာ မရှိနေသရွေ့တော့ ဆရာ့အတွက် ကျွန်တော် စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုနိုင်ပါတယ်... ကျွန်တော့်ကို ယုံကြည်ပေးပါ... ဆရာ ကျွန်တော့်ကို တကယ် ယုံကြည်လို့ရပါတယ်"
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါဆိုလည်း မင်းအသက်ကို လောလောဆယ် ချမ်းသာပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဆရာလင်း"
မန်ချင်က အသက်လုကာ ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။ သူက တကယ်ကို မသေချင်သေးပေ။
အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ အတော်လေး ခက်ခဲခဲ့ရသည်ဖြစ်ရာ ဒီအတိုင်း အသေခံလိုက်ရန် ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
"လင်းဝူ... သူ့ကို ခေါ်သွားလိုက်တော့"
လင်းဝူက ထိုစကားကို ကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားပြီး ချိုးရင်ယွဲ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ချိုးရင်ယွဲ့က မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။
"ဒီသင်္ဘောပေါ်မှာ ရှိနေသရွေ့တော့ အားလုံး ကိုလင်းယွမ်ရဲ့ စကားကိုပဲ နားထောင်ရမယ်လို့ ငါ ပြောပြီးပြီလေ... "
လင်းဝူက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ... အမချိုး... အဲ့... ဆရာလင်း"
သူက မန်ချင်ကို အမြန် ခေါ်ဆောင်သွားတော့သည်။ ချိုးရင်ယွဲ့က လင်းယွမ်ကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်က ဒီစိတ်ဝိဉာဉ်ဂိုဏ်းက တိရစ္ဆာန်ကို ဘာလုပ်ဖို့ ချန်ထားတာလဲ"
လင်းယွမ်က သူမအား မကြည့်ဘဲ အဆုံးအစမရှိ ကျယ်ပြောလှသော ရေပြင်ကြီးကိုသာ ငေးကြည့်ရင်း ပြောလိုက်သည်။
"အနှေးနဲ့အမြန်ဆိုသလို ကွမ်ဖူဘက်က အင်အားစုတွေနဲ့ ငါ ထိတွေ့ရမှာပဲ... တစ်ခါတလေကျရင် ကွမ်ဖူကို ကိုယ်တိုင် သွားရတာမျိုးတောင် ရှိနိုင်တယ်"
"လမ်းကျွမ်းတဲ့သူ တစ်ယောက်လောက် လမ်းပြဖို့ ရှာထားတာက ပိုကောင်းတယ်လေ"
"သူ ရှင့်ကို သစ္စာဖောက်သွားမှာ မကြောက်ဘူးလား... သူ့ခန္ဓာကိုယ်ထဲမှာ သွေးကျိုင်းကောင်နဲ့ ထိန်းချုပ်ခံထားရတာဆိုတော့ စိတ်ဝိဉာဉ်ဂိုဏ်းကို သူ သစ္စာဖောက်မှာ မဟုတ်ဘူးနော်" ချိုးရင်ယွဲ့က မေးလိုက်သည်။
လင်းယွမ်က ပြန်ဖြေလိုက်သည်။
"ကိစ္စမရှိဘူး... လောလောဆယ် ကွမ်ဖူကို မသွားသေးဘူးလေ... ဒီသင်္ဘောပေါ်မှာ သင်္ကေတ ယန္တရားတွေ အများကြီး ရှိတယ်... သင်္ကေတ စက်ပစ္စည်း လက်နက်တွေကို နားလည်တဲ့သူ တစ်ယောက်ယောက်က ငါတို့ကို သင်ပေးဖို့ လိုတယ်... သူက အသုံးဝင်သေးတယ်"
"ဒါဆိုရင် စောစောက ချူရှန်ဆိုတဲ့ ကောင်ကိုကျတော့ ဘာလို့ ချန်မထားတာလဲ" ချိုးရင်ယွဲ့က သံသယဖြင့် မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထိုလူများကို သူက သူတို့ခန္ဓာကိုယ်ထဲရှိ သွေးကျိုင်းကောင်များကို လေ့လာနေစဉ် မတော်တဆ သွေးမီးတောက်ဖြင့် လောင်ကျွမ်းသေဆုံးသွားစေခဲ့ကြောင်းကိုမူ တစ်ဖက်လူအား ထုတ် မပြောပြခဲ့ချေ။
လင်းယွမ်က ရွှေချပ်ဝတ်စစ်သင်္ဘောနှင့် ပတ်သက်သည့် အကြောင်းအရာ အတော်များများအပြင် ချိတ်ပိတ် သင်္ကေတ အစရှိသည့် အရေးကြီး သတင်းအချက်အလက်များကို ထိုလူများထံမှ အတင်းအကျပ် မေးမြန်းခဲ့သည်။
ထို့နောက် တစ်ဖက်လူ၏ နောက်ဆုံးကျန်ရှိနေသော တန်ဖိုးများကို အသုံးချကာ သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးကျိုင်းကောင်နှင့် သွေးပုလင်းတို့ကို လေ့လာခဲ့ပြီး နောက်ဆုံးတွင် သွေးမီးတောက်ဖြင့် လောင်ကျွမ်းသေဆုံးသွားစေခဲ့ခြင်း ဖြစ်သည်။
"ဒီကနေ ထွက်သွားရင် မြူခိုးမြို့တော်ကို ရောက်ဖို့ ဘယ်လောက် ဝေးသေးလဲ"
"သုံးရက်လောက်တော့ အချိန်ယူရမယ်" ချိုးရင်ယွဲ့က ပြန်ဖြေလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ပြောလိုက်သည်။
"သင်္ဘောလမ်းကြောင်းကို သတိထားလိုက်ဦး... ရှန်းမန်... မင်း ငါ့နောက် လိုက်ခဲ့"
ထိုသို့ပြောပြီးနောက် သူက သင်္ဘောကပ္ပတိန် အခန်းဆီသို့ လှည့်ထွက်သွားခဲ့သည်။
ဟန်ရှန်းမန်က သူ၏နောက်မှလိုက်ကာ သင်္ဘောကပ္ပတိန် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ လင်းယွမ်က တစ်ယောက်ယောက် ခိုးနားထောင်မည်ကို ကာကွယ်ရန် စိတ်စွမ်းအင်များကို ဖြန့်ကျက်ကာ စိတ်စွမ်းအင် အကာအကွယ် အစီအရင် တစ်ခုကို ချထားလိုက်သည်။
ထို့နောက် သူက ရေးဆွဲထားသော မြေပုံတစ်ခုကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။
"ဒါက ချူရှန် ပြောပြချက်အရ ဆွဲထားတဲ့ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်က လက်နက်တပ်ဆင်ထားတဲ့ မြေပုံပဲ... အဲဒီအထဲက ကင်းမျှော်စင်ဘက်မှာ ချိတ်ပိတ် မြှားအစီအရင် ရှိတယ်... အဲဒီနေရာက အရေးအကြီးဆုံးပဲ"
ဟန်ရှန်းမန်က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ချိတ်ပိတ် မြှားအစီအရင် ဆိုတာ ဘာလဲ"
"အစွမ်းတွေကို ပိတ်လှောင်နိုင်တဲ့ အစီအရင်ကြီး တစ်ခုပဲ... မြှားတွေကို အသုံးပြုပြီး အသက်သွင်းရတာ... တစ်ကြိမ် ပေါက်ကွဲတာနဲ့ ပစ်မှတ်ဧရိယာက အစွမ်းတွေ သုံးမရတဲ့ တိတ်ဆိတ်ဇုန် တစ်ခု ဖြစ်သွားလိမ့်မယ်"
လင်းယွမ်က အနည်းငယ် ရှင်းပြလိုက်သည်။ ဤချိတ်ပိတ် မြှားအစီအရင် ဆိုသည်မှာ ယခင်က သူ ပိတ်မိခဲ့သော ချိတ်ပိတ် အစီအရင်ပင် ဖြစ်သည်။
ယခင်က ထိုမျှ ကျယ်ပြန့်သော ချိတ်ပိတ်နယ်မြေကြီးမှာ ချိတ်ပိတ် သင်္ကေတ တစ်ခုတည်းဖြင့် ဖြေရှင်း၍ ရနိုင်ခဲ့ခြင်း မဟုတ်ပေ။ မြှားများ ပေါက်ကွဲသွားပြီးနောက် တစ်ခုလုံး လွှမ်းခြုံသွားသော ချိတ်ပိတ် အစီအရင်ကြီး တစ်ခု ဖြစ်ပေါ်လာခြင်းကြောင့်သာ ထိုမျှလောက်အထိ ကျယ်ပြန့်သွားရခြင်း ဖြစ်သည်။
ဟန်ရှန်းမန်သည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာများ ပေါ်လာခဲ့သည်။
"ဒီလို သင်္ကေတမျိုးလည်း ရှိသေးတာလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လင်းယွမ်ကလည်း သက်ပြင်းချကာ ပြောလိုက်သည်။
"ကမ္ဘာကြီးက ကျယ်ပြန့်လွန်းတော့ မရှိနိုင်တဲ့ အရာဆိုတာ မရှိဘူးလေ... အစွမ်းတွေ ပေါ်လာပြီးတဲ့နောက်မှာ သန္ဓေပြောင်းစွမ်းအင် စီးဆင်းတာကို ပိတ်လှောင်နိုင်တဲ့ အရာမျိုး ရှိလာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"
"ချူရှန်ဆိုတဲ့ ကောင်ကို ငါ မေးကြည့်ပြီးပြီ... ဒီချိတ်ပိတ် သင်္ကေတက ချိတ်ပိတ် ရေညှိ လို့ ခေါ်တဲ့ အပင်တစ်မျိုးဆီကနေ ရတာတဲ့"
"ကွမ်ဖူ တစ်ဝိုက်က ရေအောက်မှာ ဒီလို ရေညှိ နယ်မြေတွေ ရှိတယ်... ဒေသခံတွေကတော့ အဲဒီနေရာကို တိတ်ဆိတ်ဇုန်လို့ ခေါ်ကြပြီး အစွမ်းပိုင်ရှင်တွေအတွက်တော့ တားမြစ်နယ်မြေပဲ"
ဟန်ရှန်းမန်၏ လှပသော မျက်နှာလေးထက်တွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ပြီး ထိုနေရာက မည်သို့သော နယ်မြေမျိုး ဖြစ်မည်ကို သူမ တကယ်ကို တွေးပင် မတွေးရဲတော့ပေ။
"ဒီချိတ်ပိတ် သင်္ကေတကို ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးလား" ဟန်ရှန်းမန်က မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။
"သေချာ ပြောရရင် ဒါကလည်း အစွမ်းတစ်မျိုးပဲ... အစွမ်းပိုင်ရှင် တစ်ယောက်ရဲ့ ကိုယ်ပိုင် အစွမ်းပြင်းအားက... ချိတ်ပိတ် သင်္ကေတက ပိတ်လှောင်နိုင်တဲ့ ပမာဏထက် အများကြီး သာလွန်မနေသရွေ့တော့... သက်ရောက်မှုကို သေချာပေါက် ခံရမှာပဲ"
"ပြီးတော့ ချိတ်ပိတ် ရေညှိလိုမျိုး နယ်မြေအလိုက် ချိတ်ပိတ်တဲ့ ဖြစ်စဉ်မျိုးမှာဆိုရင်... တစ်ဦးတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ အစွမ်းထက်နေနေ... ဒီလို နယ်မြေအလိုက် ပိတ်လှောင်တာကို ခုခံနိုင်ဖို့က မဖြစ်နိုင်ဘူး"
ချူရှန်တို့ကို စစ်ကြောမေးမြန်းပြီးနောက်တွင် လင်းယွမ်သည် ချိတ်ပိတ် သင်္ကေတ၏ အရင်းအမြစ်ကို ရှင်းလင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ချိတ်ပိတ် သင်္ကေတကို ကွမ်ဖူ တစ်ဝိုက်ရှိ လက်နက်အမျိုးမျိုးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်းကိုလည်း သိရှိခဲ့ရသည်။
အများဆုံး တွေ့ရတတ်သည့် ချိတ်ပိတ် မြှား၊ ချိတ်ပိတ် ဓား၊ ချိတ်ပိတ် လှံများမှစ၍ ပိုမို ရှုပ်ထွေးပြီး အဆင့်မြင့်သည့် ချိတ်ပိတ် သင်္ကေတများကို ပေါင်းစပ်ဖွဲ့စည်းထားသော ချိတ်ပိတ် အစီအရင် လက်နက်များအထိ ရှိလေသည်။
ချိတ်ပိတ် လက်နက်များ ပေါ်ပေါက်လာမှုက သာမန်လူများကိုပင် အစွမ်းပိုင်ရှင်များအား ခြိမ်းခြောက်နိုင်စွမ်း ရှိလာစေခဲ့သည်။ ထို့ကြောင့် ကွမ်ဖူဘက်တွင် အစွမ်းပိုင်ရှင်များက အခြားနေရာများကဲ့သို့ ရမ်းကားရဲခြင်း မရှိကြပေ။
မည်သို့ပင်ဆိုစေ သာမန်လူ တစ်ယောက်ယောက်က သူ့လက်ထဲမှ ချိတ်ပိတ် လက်နက် တစ်ခုကို မည်သည့်အချိန်ထုတ်သုံးလိုက်မည်ကို ဘယ်သူကမှ အာမ,မခံရဲကြပေ။
ထို့အပြင် စစ်တပ်ဘက်မှလည်း ချိတ်ပိတ် သေနတ်များကို ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
ထိုချိတ်ပိတ် သေနတ်များကြောင့်သာလျှင် စစ်တပ်က ကွမ်ဖူတွင် ဩဇာလွှမ်းမိုးနိုင်ဆုံး အနေအထား တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီလို ချိတ်ပိတ် သင်္ကေတမျိုးကို... ကျွန်မတို့ ထိုက်ယန်တောင်ကရော ပုံတူကူးပြီး ထုတ်လုပ်လို့ မရနိုင်ဘူးလား"
ဟန်ရှန်းမန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အတော်လေး အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
ဤလက်နက်မျိုးက မဟာဗျူဟာအဆင့် လက်နက်တစ်ခုလို့ သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
အကယ်၍ ထိုက်ယန်တောင်မှ ဤကဲ့သို့သော လက်နက်များကို မထုတ်လုပ်နိုင်ပါက အနာဂတ်တွင် ဤမျှ ကြောက်စရာကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့ တုံ့ပြန်ဖြေရှင်းရမည်နည်း။
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"သင်္ကေတကို ပုံတူကူးဖို့ဆိုတာက ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး... ခက်တာက ဒီသင်္ကေတကို အသက်သွင်းဖို့ လိုအပ်တဲ့ စွမ်းအင်ကျောက်တုံးပဲ"
ထိုသို့ပြောရင်း လင်းယွမ်က ပန်းရောင် စွမ်းအင်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။
ဟန်ရှန်းမန်က ကြည့်လိုက်ပြီးနောက် အံ့သြသွားကာ မေးလိုက်သည်။
"ဒါက... ဘယ်လို အမျိုးအစား စွမ်းအင်ကျောက်တုံးလဲ"
သူမကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော အရောင်မျိုးရှိသည့် စွမ်းအင်ကျောက်တုံးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
လင်းယွမ်ကလည်း သက်ပြင်းချကာ ပြောလိုက်သည်။
"ကွမ်ဖူက လူတွေကတော့ အဲဒါကို ချိတ်ပိတ် ကျောက်တုံးလို့ ခေါ်ကြတယ်... ချူရှန် ပြောတာကတော့ တိတိကျကျ ခေါ်ရရင် ရေညှိနီ ကျောက်တုံး လို့ ခေါ်ရမှာတဲ့"
"ဂုဏ်သတ္တိအရ ခွဲခြားရမယ်ဆိုရင်တော့... ဒါက အသက်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံး တစ်ခုပဲ"
"ဒီပစ္စည်းက ရေညှိနယ်မြေတွေထဲမှာ အများအပြား ရှိတတ်တယ်... ထိုက်ယန်တောင်ဘက်မှာတော့ လောလောဆယ် ဒီလို စွမ်းအင်ကျောက်တုံးမျိုးကို ငါ မတွေ့သေးဘူး"
"ဒါပေမဲ့ ငါတို့ ရေအောက်ကို မစူးစမ်းရသေးလို့လည်း ဖြစ်နိုင်တာပဲလေ"
"ချူရှန် ပြောစကားအရဆိုရင်တော့... ယေဘုယျအားဖြင့် ရေညှိနီ ကျောက်တုံးတွေ ရှိတဲ့ နေရာတွေမှာ ချိတ်ပိတ် ရေညှိတွေလည်း ရှိတတ်ကြတယ်... အဲဒီလိုနေရာမျိုးမှာ တိတ်ဆိတ်ဇုန်တွေ ဖြစ်ပေါ်လေ့ရှိတယ်"
"ဒါကြောင့် ဒီရေညှိနီ ကျောက်တုံးတွေကို တူးဖော်ဖို့က အရမ်းကို ခက်ခဲတယ်... တန်ဖိုးကလည်း အရမ်းမြင့်ပြီး ဈေးလည်း အရမ်းကြီးတယ်"
"ပြီးတော့ ချိတ်ပိတ် သင်္ကေတကို အသက်သွင်းဖို့ ရေညှိနီ ကျောက်တုံးကို အသုံးမပြုဘူးဆိုရင်တော့... ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် ဒါမှမဟုတ် သွေးသားကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်တွေက အသက်သွင်းပေးဖို့ လိုအပ်တယ်"
"ဒီအစွမ်းပိုင်ရှင် အမျိုးအစား နှစ်ခုက... အသက်စွမ်းအင် ကြီးမားတတ်ကြလို့ ချိတ်ပိတ် သင်္ကေတရဲ့ အစွမ်းအာနိသင်ကို... လှုံ့ဆော်ပေးနိုင်တယ်လေ"
ဟန်ရှန်းမန်သည် ထိုစကားများကို ကြားပြီးနောက်တွင် ကမ္ဘာကြီးက ပိုပိုပြီး သူစိမ်းဆန်လာနေပြီဟု တကယ်ကို ခံစားလိုက်ရသည်။
အစွမ်းများ ပေါ်လာခဲ့ပြီးနောက် ယခုအခါတွင် အစွမ်းများကို ပိတ်လှောင်နိုင်သည့် ဤကဲ့သို့သော ထူးဆန်းသည့် သင်္ကေတများပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ရေအောက်ရှိ သတ္တဝါများကရော မည်ကဲ့သို့သော ပုံစံမျိုးများအထိ သန္ဓေပြောင်းလဲသွားကြပြီနည်း။
လင်းယွမ်က သူမ သဘောပေါက် နားလည်သွားစေရန် အတန်ကြာ စောင့်ဆိုင်းပေးပြီးနောက် ပြောလိုက်သည်။
"သင်္ဘောပေါ်က ကင်းမျှော်စင်မှာ ရှိတဲ့ လေးနဲ့မြှားတွေက ချိတ်ပိတ် အစီအရင် လက်နက်တွေပဲ... ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်မှာတော့ အဲဒါက မဟာဗျူဟာမြောက် လက်နက်လို့ သတ်မှတ်လို့ ရတယ်... မင်း အဲဒါကို ပိုပြီး သတိထားရမယ်"
ဟန်ရှန်းမန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။
"ချိုးရင်ယွဲ့ရဲ့ လူတွေကို ရှင် တကယ် စိတ်ချလက်ချ အသုံးပြုရဲလို့လား"
လင်းယွမ်က ပြုံးလိုက်ကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ချိုးရင်ယွဲ့၊ လင်းဝူနဲ့ ချင်ဇီဟန်တို့ သုံးယောက်ကို ငါ မသိအောင် စီစဉ်ထားပြီးသားပါ... သူတို့က ငါတို့ကို ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး"
ဟန်ရှန်းမန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
လင်းယွမ်က နောက်ကွယ်မှ မည်သို့ စီစဉ်ထားသည်ကို သူမ မသိသော်လည်း လင်းယွမ်က ကြိုတင် သတိထား ပြင်ဆင်ထားပြီး ဖြစ်သည့်အတွက် သူမ စိတ်ချသွားခဲ့ပြီ ဖြစ်သည်။
အမှန်တကယ်တော့ လင်းယွမ်က ထိုသုံးယောက်၏ ခန္ဓာကိုယ်ထဲတွင် ကပ်ပါးမျိုးစေ့များကို ကြိုတင် ထည့်သွင်းထားပြီး ဖြစ်သည်။
အကယ်၍ ထိုသုံးယောက်က သူ့အား ရင်ဆိုင်ရန် ချိတ်ပိတ် လက်နက်များကို အသုံးပြုလာပါက ကပ်ပါးမျိုးစေ့များက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ကြီးထွားလာပြီး ထိုလူများအားလုံး ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားကြမည် ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်က သူတို့ သစ္စာဖောက်မည်ကို လုံးဝ စိုးရိမ်ပူပန်နေခြင်း မရှိပေ။
ထို့နောက် လင်းယွမ်က မှန်ဘီလူး တစ်ချပ်ကို ထုတ်ယူလိုက်ကာ ဟန်ရှန်းမန်ကို ကမ်းပေးလိုက်သည်။
ဟန်ရှန်းမန်က အံ့အားသင့်သွားပြီး မှန်ဘီလူးကို သိချင်စိတ်ဖြင့် လှမ်းယူလိုက်ကာ မေးလိုက်သည်။
"ဒါက"
"ထောက်လှမ်းရေး ကိရိယာပဲ... သူ့မှန်ဘီလူးက ဓာတ်မဲ့ စွမ်းအင်ကျောက်တုံးကို အလွှာလေးတွေ ဖြတ်တောက်ပြီး ပြုလုပ်ထားတာ... အဲဒီအပေါ်မှာ ထောက်လှမ်းရေး သင်္ကေတကို ရေးထွင်းထားတယ်"
"ထောက်လှမ်းရေး သင်္ကေတက စောင့်ကြည့်နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ ပစ်မှတ်ရဲ့ အစွမ်းပမာဏကို ထောက်လှမ်းနိုင်တယ်... တစ်ဖက်လူရဲ့ အစွမ်းပမာဏပေါ် မူတည်ပြီးတော့ ပစ်မှတ်ရဲ့ ခန့်မှန်းခြေ စွမ်းအားကို တွက်ချက်ပေးနိုင်တယ်"
"သတိပြုရမှာက... ဒီစွမ်းအားဆိုတာက အဓိက အရည်အသွေးလေးခုထဲက အမြင့်ဆုံး အရည်အသွေးကိုပဲ ကြည့်တာ"
ဟန်ရှန်းမန်က အံ့အားသင့်သွားခဲ့သည်။ ဤကဲ့သို့သော စက်ပစ္စည်းမျိုး ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမက မသိစိတ်အလျောက် မှန်ဘီလူးကို ကောက်ယူလိုက်ပြီး မျက်မှန်ပေါ်တွင် တပ်ဆင်ကာ လင်းယွမ်အား ကြည့်လိုက်သည်။
"တီ..."
ချက်ချင်းပင် မှန်ဘီလူးထံမှ သတိပေးသံ ထွက်ပေါ်လာရာ ဟန်ရှန်းမန် လန့်ဖျပ်သွားပြီး အလျင်အမြန် ပြန်ချွတ်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ကာ ပြောလိုက်သည်။
"လောလောဆယ် အဲဒါက အရည်အသွေး ၅၀ မှတ် အောက်မှာရှိတဲ့ အစွမ်းပိုင်ရှင်တွေရဲ့ စွမ်းအားကိုပဲ ထောက်လှမ်းနိုင်သေးတယ်... ၅၀ မှတ်ထက် ကျော်လွန်သွားတဲ့ အစွမ်းပိုင်ရှင်တွေရဲ့ စွမ်းအားပမာဏက အရမ်းများလွန်းတော့... သူ့ရဲ့ ထောက်လှမ်းနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားလိမ့်မယ်"
ဟန်ရှန်းမန်က အနည်းငယ် မှင်တက်သွားပြီးနောက် ချက်ချင်းပင် သတိပြန်ဝင်လာကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ရှင့်ရဲ့ အဓိက အရည်အသွေးလေးခုထဲမှာ ၅၀ မှတ်ထက် ကျော်နေတဲ့ အရည်အသွေး ရှိနေပြီပေါ့"
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အမှန်ပဲ... ဒီပစ္စည်းက အတော်လေး အသုံးဝင်တယ်... ငါတို့ နောက်ကျရင် မြူခိုးမြို့တော်ကို သွားပြီး စူးစမ်းရမှာဆိုတော့ အတော်လေး အသုံးဝင်နိုင်တယ်"
"လောလောဆယ် ငါ စုစုပေါင်း ဆယ်စုံကျော်လောက် ရှာတွေ့ထားတယ်... မင်းကို တစ်စုံ ပေးမယ်"
"ကျေးဇူးပါ" ဟန်ရှန်းမန်သည် ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ပြုံးလိုက်မိပြီး ရင်ထဲမှလှိုက်လှဲစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဤပစ္စည်းက တစ်ဖက်လူ၏ စွမ်းအားကို အချိန်တိုအတွင်း ထောက်လှမ်းသိရှိနိုင်မည် ဖြစ်ရာ တိုက်ခိုက်သည့်အခါတွင် အလွန် အသုံးဝင်မည်မှာ အသေအချာပင် ဖြစ်သည်။
သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒီထောက်လှမ်းရေး သင်္ကေတကရော... ကွမ်ဖူမှာပဲ သီးသန့် ရှိတာလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"ဒီလို ထောက်လှမ်းရေး သင်္ကေတက... နီမိုငါး လို့ ခေါ်တဲ့ သန္ဓေပြောင်း သတ္တဝါ တစ်မျိုးရဲ့ ခန္ဓာကိုယ်ထဲကနေ ရတာ"
"ဒီလို နီမိုငါးတွေက အရွယ်အစား သိပ်မကြီးသလို သန္ဓေပြောင်းလဲမှု အတိုင်းအတာကလည်း မမြင့်ဘူး... သာမန်အကျဆုံး သန္ဓေပြောင်းငါး တစ်မျိုးလို့ သတ်မှတ်လို့ ရတယ်"
"ပြီးတော့ ဒီနီမိုငါးတွေက သတ္တိ အရမ်းနည်းကြတယ်... ငါ ခန့်မှန်းရသလောက်တော့ ဒီသတ္တဝါတွေက ရေလွှမ်းမိုးဘေးကြီးအောက်မှာ ရှင်သန်နိုင်ဖို့အတွက် ဆင့်ကဲပြောင်းလဲရင်းနဲ့ ဒီလို ထူးခြားတဲ့ အစွမ်းမျိုး ဖြစ်ပေါ်လာတာ ဖြစ်မယ်"
"ဘာပဲဖြစ်ဖြစ် အားနည်းတဲ့ သတ္တဝါတွေက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ မျက်လုံးတစ်စုံကို ပိုပြီး လိုအပ်တာကိုး"
ဟန်ရှန်းမန်က ခေါင်းညိတ်လိုက်ပြီး လင်းယွမ်၏ ခန့်မှန်းချက်ကို အတော်လေး သဘောတူလက်ခံမိသည်။
"မြွေက မြွေလမ်း၊ ကြွက်က ကြွက်လမ်းဆိုသလိုပဲလေ... သတ္တဝါတိုင်းက ဆင့်ကဲပြောင်းလဲရင်းနဲ့ ရှင်သန်ဖို့ နည်းလမ်းကို ရှာဖွေနေကြတာပဲ"
"တကယ်လို့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာ တခြားသတ္တဝါတွေကို မယှဉ်နိုင်ဘူးဆိုရင်... အန္တရာယ်ကို ရှောင်ရှားနိုင်တဲ့ အစွမ်းကလည်း ဆင့်ကဲပြောင်းလဲမှုရဲ့ ကောင်းမွန်တဲ့ ဦးတည်ချက်တစ်ခုပဲပေါ့"
လင်းယွမ်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါ ခံစားမိသလောက်တော့ ရေအောက်က သတ္တဝါအုပ်စုတွေရဲ့ ကွဲပြားမှုက... ကုန်းပေါ်က သတ္တဝါတွေထက် အများကြီး ပိုများတယ်"
"ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေက... မျိုးစုံပြီး ထူးဆန်းတဲ့ အစွမ်းတွေအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး ကုန်းပေါ်က ငါတို့ကိုတောင် အများကြီး ကျော်လွန်နေလောက်ပြီ"
ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။
"ဟုတ်ပါရဲ့... သတ္တဝါတွေ ပေါက်ကွဲများပြားလာတဲ့ ခေတ်ကြီးမှာမှ အစွမ်းမျိုးစုံက ပန်းပေါင်းစုံ ပွင့်သလိုပဲ အရောင်အသွေး စုံလင်နေတော့တာကိုး"
"ဒါပေမဲ့ အရမ်းကြီး စိတ်ပူနေစရာလည်း မလိုပါဘူး... ကျွန်မတို့ လူသားတွေရဲ့ အတော်ဆုံး အရာက ဆင့်ကဲပြောင်းလဲဖို့ မဟုတ်ဘဲ သင်ယူလေ့လာဖို့လေ"
"ရှင်ပဲ ကြည့်လေ... အခု အဲဒီသန္ဓေပြောင်း သတ္တဝါတွေက ထူးဆန်းတဲ့ အစွမ်းတွေ အဖြစ် ဆင့်ကဲပြောင်းလဲသွားကြပေမယ့် ကျွန်မတို့ရဲ့ အသုံးချမှုကို ခံနေရတုန်းပဲ မဟုတ်ဘူးလား"
လင်းယွမ်သည် ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"ဟုတ်ပါရဲ့... လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ တကယ့် ရန်သူကြီးက လူသားတွေ ကိုယ်တိုင်ပဲ"
"ငါတို့ လူသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး အဆင့်အတန်းနဲ့ဆိုရင်... အနှေးနဲ့အမြန် တခြားသတ္တဝါတွေကို ကျော်လွန်သွားလိမ့်မယ်"
သူတို့နှစ်ယောက်က အတန်ကြာ ထပ်ပြောနေကြပြီးနောက် လင်းယွမ်က ပြောလိုက်သည်။
"ဒီလာမယ့် ရက်အနည်းငယ်အတွင်းမှာ ငါ အပြင် သိပ်ထွက်ဖြစ်မှာ မဟုတ်ဘူး... ချိတ်ပိတ် သင်္ကေတနဲ့ ထောက်လှမ်းရေး သင်္ကေတတို့ကို သေချာ လေ့လာဖို့ အချိန်လိုတယ်"
"မြူခိုးမြို့တော်ကို မဝင်ခင်မှာ... ဒီသင်္ကေတ ပညာရပ် နှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားရမယ်"
"အပြင်က ကိစ္စတွေကိုတော့ လောလောဆယ် မင်းကိုပဲ လွှဲထားလိုက်မယ်"
ဟန်ရှန်းမန်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ရှင် စိတ်ချပါ... အားလုံးကို ကျွန်မ တာဝန်ယူပါတယ်"
ဆက်ရန်...
အပိုင်း(၃၈၀) သင်္ကေတများကို နားလည်သဘောပေါက်ခြင်းနှင့် ရေပေါ်ကျွန်း
နောက်ပိုင်းအချိန်များတွင် လင်းယွမ်က ချိတ်ပိတ် သင်္ကေတနှင့် ထောက်လှမ်းရေး သင်္ကေတတို့ကို အာရုံစိုက်ကာ လေ့လာခဲ့သည်။
ဤသင်္ကေတ နှစ်ခု၏ ဖွဲ့စည်းပုံအရ ကြည့်လျှင် ချိတ်ပိတ် သင်္ကေတ၏ ရှုပ်ထွေးမှုက ထောက်လှမ်းရေး သင်္ကေတထက် များစွာ သာလွန်နေသည်။
နေ့ဝက်ခန့် အချိန်အတွင်းမှာပင် လင်းယွမ်က ထောက်လှမ်းရေး သင်္ကေတကို ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ချိတ်ပိတ် သင်္ကေတအတွက်မူ လင်းယွမ်က တစ်ရက်ခွဲတိတိ အချိန်ယူမှသာ သေသေချာချာ တတ်မြောက်သွားခဲ့သည်။
သင်္ကေတ နှစ်မျိုးလုံးကို တတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲတွင် ထောက်လှမ်းရေး သင်္ကေတကို ချက်ချင်း လည်ပတ်စေလိုက်သည်။
သန္ဓေပြောင်းစွမ်းအင်များ လည်ပတ်သွားပြီး မကြာမီမှာပင် သူ၏ မျက်လုံးများမှ ထူးဆန်းသော အလင်းရောင်များ တောက်ပလာခဲ့သည်။
သူ၏ မျက်ဝန်းနက်များထဲတွင် သင်္ကေတများ လင်းလက်သွားကာ ထောက်လှမ်းရေး သင်္ကေတက လျင်မြန်စွာ ပုံပေါ်လာသည်။
လင်းယွမ်က ပတ်ဝန်းကျင် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သောအခါ လေထဲတွင် လွင့်မျောနေသော စွမ်းအင် လမ်းကြောင်းများကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
"ဒါတွေက သန္ဓေပြောင်းစွမ်းအင်တွေလား"
ကောင်းကင်ယံရှိ စွမ်းအင်များသည် အားကောင်းသည်များ ရှိသလို အားနည်းသည်များလည်း ရှိကာ အရောင်ခုနစ်ဆင်းရှိသော တိမ်တိုက်များကဲ့သို့ ပတ်ဝန်းကျင် အနှံ့အပြားတွင် ပျံ့နှံ့နေကြသည်။
လင်းယွမ်က ထိုစွမ်းအင်များ ထွက်ပေါ်လာရာ အရင်းအမြစ်နောက်သို့ လိုက်ကာ ကောင်းကင်ယံဆီသို့ အဆက်မပြတ် ကြည့်ရှုနေခဲ့သည်။
မည်းမှောင်နေသော တိမ်တိုက်ကြီးများက ကောင်းကင်ကို ဖုံးကွယ်ထားပြီး ထိုသန္ဓေပြောင်းစွမ်းအင်များသည် တိမ်လွှာများထက်မှ ပြုတ်ကျလာသကဲ့သို့ ဖြစ်နေသည်။
"ဒီစွမ်းအင်တွေက ကောင်းကင်ပေါ်ကနေ ဆင်းလာတာများလား"
"တကယ်လို့များ ဒီထူထဲတဲ့ တိမ်တိုက်တွေကို ဖြတ်သန်းသွားနိုင်မယ်ဆိုရင်... ကောင်းကင်ပေါ်မှာ ဘာတွေရှိနေလဲဆိုတာကို မြင်တွေ့နိုင်လောက်တယ်"
လင်းယွမ်က စိတ်ထဲမှ ရေရွတ်လိုက်ရင်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ကောင်းကင်ပေါ်ရှိ သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆက သူ၏ ပတ်ဝန်းကျင်ရှိ စွမ်းအင် သိပ်သည်းဆထက် များစွာ သာလွန်နေကြောင်းကို သူ သိသိသာသာ ခံစားမိနေသည်။
ထို့နောက် ပတ်ဝန်းကျင်ရှိ စွမ်းအင် ပျံ့နှံ့မှု အခြေအနေကို သူ ထပ်မံ အကဲခတ်လိုက်သောအခါ အနောက်မြောက်ဘက် အရပ်တွင် သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆက ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ထူထပ်နေပြီး အခြား အရပ်မျက်နှာများထက် များစွာ သာလွန်နေကြောင်းကို မကြာမီမှာပင် သတိပြုမိသွားသည်။
ယခု ရွှေချပ်ဝတ် စစ်သင်္ဘောကြီး ဦးတည်သွားနေသော နေရာကလည်း အနောက်မြောက်ဘက် အရပ်ဆီသို့ပင် ဖြစ်သည်။
"အဲဒီဘက်က... မြူခိုးမြို့တော်များလား"
လင်းယွမ်က တစ်စုံတစ်ရာကို စဉ်းစားခန်း ဝင်နေသည်။ သူက ထောက်လှမ်းရေး သင်္ကေတကို လည်ပတ်စေလိုက်ရာ သူ၏ မျက်လုံးများက စွမ်းအင်တိုင်းတာရေး အိမ်မြှောင်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိသွားပြီး စွမ်းအင် အားကောင်းသည့်နေရာနှင့် အားနည်းသည့် နေရာများကို လျင်မြန်စွာ ခွဲခြားသိမြင်နိုင်သည်။
ထို့နောက် လင်းယွမ်က သင်္ဘောပေါ်ရှိ လူများကို လှမ်းကြည့်လိုက်ပြီး ဦးစွာ ကင်းစင်ပေါ်ရှိ ဟန်ရှန်းမန်ကို ကြည့်လိုက်သည်။
ဟန်ရှန်းမန်၏ ခန္ဓာကိုယ်ပေါ်ရှိ သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆက မနည်းလှချေ။ လင်းယွမ် ခန့်မှန်းကြည့်ရသလောက် သူမ၏ အမြင့်ဆုံး အရည်အသွေးက ၄၀ မှတ် ဝန်းကျင်အထိ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ထို့နောက် လင်းယွမ်က အကြည့်ကို လွှဲလိုက်ကာ ကုန်းပတ်ပေါ်တွင် သင်္ဘောကို ဦးစီးမောင်းနှင်နေသော ချိုးရင်ယွဲ့ဆီသို့ လှမ်းကြည့်လိုက်ပြန်သည်။
သူမ ခန္ဓာကိုယ်ပေါ်ရှိ သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆက ဟန်ရှန်းမန်ထက်ပင် အနည်းငယ် ပိုမို အားကောင်းနေသည်။
အဓိက အရည်အသွေး လေးမျိုးအနက်မှ အမြင့်ဆုံး အရည်အသွေးမှတ်က ၄၃ မှတ် အထက်တွင် ရှိနေနိုင်ကြောင်း သူ ခန့်မှန်းမိသည်။
လင်းယွမ်က တစ်ယောက်ပြီးတစ်ယောက် လိုက်လံ ကြည့်ရှုလိုက်ကာ လူတိုင်း၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင် အားကောင်းမှုနှင့် အားနည်းမှုတို့ကို ခံစားကြည့်ရင်း သန္ဓေပြောင်းစွမ်းအင် ပြင်းအားနှင့် အရည်အသွေး အားနည်းအားကောင်းမှု အချိုးအစားတို့ကို သေချာစွာ တွက်ချက် မှတ်သားထားလိုက်သည်။
"နေဦး... ထောက်လှမ်းရေး သင်္ကေတက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆကို မြင်နိုင်ပေမယ့် အစွမ်းအမျိုးအစားကိုတော့ မခွဲခြားနိုင်ဘူးပဲ"
လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူ၏ အစွမ်းအမျိုးအစားကို မခွဲခြားနိုင်ခြင်းက အနည်းငယ်တော့ အားနည်းချက် ဖြစ်နေသည်။
သိထားရမည်မှာ တူညီသော အရည်အသွေးမြင့်မားသည့် အစွမ်းပိုင်ရှင်များပင် ဖြစ်လင့်ကစား ကာကွယ်ရေးတွင် ကျွမ်းကျင်သလား သို့မဟုတ် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သလား ဆိုသည်အပေါ် မူတည်၍ တိုက်ခိုက်ရေး ပုံစံများက လုံးဝ ကွဲပြားခြားနားသွားနိုင်ခြင်းပင် ဖြစ်သည်။
တစ်ခါတိုက်ခိုက်မိသည်နှင့် လက်တွေ့တွင် ကြီးမားသော ကွာခြားချက်များ ရှိလာတတ်သည်။
အနည်းငယ်မျှ ပေါ့ဆမိသွားပါက မြောင်းထဲရောက်မှ လှေမှောက်ရသည့် အဖြစ်မျိုးနှင့် ကြုံတွေ့သွားနိုင်သည်။
လင်းယွမ်က အစွမ်းများ စာရင်းကို တစ်ချက် ကြည့်လိုက်သည်။
ယခုအခါတွင် ထောက်လှမ်းရေး သင်္ကေတက အစွမ်းများ စာရင်းတွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။
အမည် - ထောက်လှမ်းရေး (သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို စူးစမ်းရှာဖွေရန်)
အဆင့် - အဖြူရောင်
လိုအပ်ချက် - စိတ်စွမ်းအင် ၄ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၃ မှတ်
အစွမ်းအာနိသင် - ပစ်မှတ်၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို စူးစမ်းရှာဖွေနိုင်ခြင်း သို့မဟုတ် လေထဲရှိ သန္ဓေပြောင်းစွမ်းအင် အားနည်းအားကောင်းမှု ပျံ့နှံ့နေပုံကို စူးစမ်းရှာဖွေနိုင်ခြင်း ဖြစ်သည်။
သတိပြုရန် - ဤအစွမ်းဖြင့် မျိုးရိုးဗီဇမျိုးစေ့ နိုးထထားသူများကို စူးစမ်းရှာဖွေ၍ မရနိုင်ပါ။
လင်းယွမ်က ခေါင်းကို အသာယမ်းလိုက်ရင်း "အဖြူရောင်အဆင့် အစွမ်းဆိုတော့... မျိုးရိုးဗီဇမျိုးစေ့အောက် အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေရဲ့ စွမ်းအင်အနည်းအများကိုပဲ အမြင့်ဆုံးထောက်လှမ်းနိုင်တယ်"
"စွမ်းအင်တိုင်းတာရေးစက်ရဲ့ သတိပေးစနစ်က... တခြား သင်္ကေတ ဖန်တီးမှု နည်းပညာကို ထပ်ပေါင်းထည့်ထားတာ ဖြစ်ရမယ်... စက်ရဲ့ တိုင်းတာနိုင်စွမ်း ကန့်သတ်ချက်ထက် ကျော်လွန်သွားရင် အလိုအလျောက် သတိပေးသံ မြည်လာတာပဲ"
"ဒီလိုဆိုရင်တော့... ဒါက မျိုးရိုးဗီဇမျိုးစေ့အဆင့်ရှိတဲ့ သူတွေကို... တိုင်းတာရှာဖွေနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်မျိုးလို့ ဆိုလို့ရတယ်"
လင်းယွမ်၏ မျက်လုံးများထဲမှ ထောက်လှမ်းရေး သင်္ကေတများ ပျောက်ကွယ်သွားသည်။
အခြေခံအားဖြင့်တော့ သူက ထောက်လှမ်းရေး သင်္ကေတ၏ အသုံးဝင်ပုံကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် သူက စိတ်စွမ်းအင်ကို တစ်ဖန် ပြန်လည် လည်ပတ်စေလိုက်သည်။
ချက်ချင်းပင် စိတ်စွမ်းအင်များ စုစည်းလာသော်လည်း ခန္ဓာကိုယ်ထဲမှ ထွက်ခွာမသွားဘဲ အတွင်းရှိ သွေးသားများထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
စိတ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်နှင့်တစ်ပြိုင်နက် သွေးသားများကလည်း လျင်မြန်စွာ လည်ပတ်လာပြီး နှစ်ခုပေါင်းဆုံသွားကာ လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော မျဉ်းကြောင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ထိုအချိန်မှာပင် လင်းယွမ်၏ သန္ဓေပြောင်းစွမ်းအင် အငွေ့အသက်များကလည်း အဆက်မပြတ် ကျဆင်းသွားခဲ့သည်။
စက္ကန့်အနည်းငယ်ပင် မကြာလိုက်ဘဲ လင်းယွမ်၏ ခန္ဓာကိုယ်မှ အငွေ့အသက်က သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထံမှ မည်သည့် သန္ဓေပြောင်းစွမ်းအင် အငွေ့အသက်ကိုမျှ ထပ်မံ၍ ခံစားရနိုင်ခြင်း မရှိတော့ချေ။
လင်းယွမ်က မျက်လုံးမှိတ်ကာ ခံစားကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းများ ပင့်တက်သွားကာ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ချိတ်ပိတ် သင်္ကေတကို ကိုယ့်ခန္ဓာကိုယ်မှာ အသုံးပြုမယ်ဆိုရင်... ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေကို ပိတ်လှောင်ထားပြီး ငါ့ရဲ့ အစွမ်းအစ အစစ်အမှန်ကို ဖုံးကွယ်ထားလို့ ရတယ်"
လင်းယွမ်၏ အကြည့်များက လှုပ်ရှားသွားပြီး မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ တောက်ပသွားကာ ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး လေထဲသို့ ညင်သာစွာ ထိုးချလိုက်သည်။
"ဝုန်း"
တိုးညင်းသော လေပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဤလက်သီးချက်က မည်သည့် သန္ဓေပြောင်းစွမ်းအင်မှ ပါဝင်ခြင်း မရှိဘဲ သန့်စင်သော ခွန်အား သက်သက်ဖြင့် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
လင်းယွမ်၏ လက်သီးပေါ်တွင် သွေးသားစွမ်းအင်များ စုစည်းလည်ပတ်နေပြီး ထူးဆန်းသော သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ဝိုးတဝါး မြင်တွေ့နေရသည်။
"ချိတ်ပိတ် သင်္ကေတကို ခန္ဓာကိုယ်ပြင်ပမှာ အသုံးပြုမယ်ဆိုရင်တော့... ငါ့လက်သီးက ချိတ်ပိတ် သင်္ကေတရဲ့ အစွမ်းကို ပိုင်ဆိုင်သွားပြီး ရန်သူရဲ့ သန္ဓေပြောင်းစွမ်းအင် အကာအကွယ်ကို အလွယ်တကူ ချိုးဖျက်နိုင်ပြီပဲ"
"ဝုန်း"
လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လိပ်ခွံစွမ်းအင်အကာအကွယ် ကျောက်တုံးတစ်ခုကို ပစ်ချလိုက်သည်။
ကျောက်တုံးမှာ အသက်ဝင်သွားပြီး ဖောက်ထွင်းမြင်ရသော လိပ်ခွံစွမ်းအင်အကာအကွယ် တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် လင်းယွမ်က လက်သီးတစ်ချက် ထိုးချလိုက်ရာ ချက်ချင်းပင် လက်သီးပေါ်ရှိ ချိတ်ပိတ် သင်္ကေတများ လင်းလက်သွားပြီး လိပ်ခွံစွမ်းအင်အကာအကွယ်ကို အရှိန်အဟုန်ဖြင့် ထိုးဖောက် ဝင်ရောက်သွားသည်။
လိပ်ခွံစွမ်းအင်အကာအကွယ်၏ စွမ်းအင်စက်ကွင်းမှာ ချိတ်ပိတ် သင်္ကေတကြောင့် ချက်ချင်းပင် ပေါက်ပြဲသွားခဲ့သည်။
လင်းယွမ်က ပြုံးလိုက်ရင်း လက်သီးကို ပြန်ရုပ်သိမ်းလိုက်သည်။
"ဒီလက်သီးချက်ကိုတော့ စွမ်းအင်ချိတ်ပိတ်လက်သီး လို့ နာမည်ပေးရမယ်"
ချိတ်ပိတ် သင်္ကေတကို သန္ဓေပြောင်းစွမ်းအင် လက်နက်များပေါ်တွင် အသုံးပြုနိုင်သည်ဆိုလျှင် ခန္ဓာကိုယ်ပေါ်တွင်လည်း သဘာဝကျကျ အသုံးပြုနိုင်မည်မှာ သေချာလှသည်။
လင်းယွမ်က ချိတ်ပိတ် သင်္ကေတကို ခန္ဓာကိုယ် ပြင်ပတွင် စုစည်းလိုက်ခြင်းဖြင့် ထွက်ပေါ်လာသော တိုက်ခိုက်မှုများတွင် စွမ်းအင်ပိတ်လှောင်နိုင်သည့် အစွမ်း သက်ရောက်သွားပေလိမ့်မည်။
ထိုချိတ်ပိတ် သင်္ကေတကို ခန္ဓာကိုယ် အတွင်းပိုင်းတွင် အသုံးပြုမည်ဆိုပါက မိမိ၏ သန္ဓေပြောင်းစွမ်းအင်များကို ဖိနှိပ်ထားနိုင်ပြီး ထောက်လှမ်းရေး သင်္ကေတဖြင့်ပင် အာရုံခံ၍ မရနိုင်တော့ပေ။
သေချာသည်မှာ သာမန်လူတစ်ယောက် အနေဖြင့် ချိတ်ပိတ် သင်္ကေတကို ဤမျှ ထူးကဲသော နည်းလမ်းမျိုးစုံဖြင့် အသုံးပြုနိုင်မည် မဟုတ်ချေ။
ဤအရာအားလုံး၏ အခြေခံမှာ လင်းယွမ်တွင် မျိုးရိုးဗီဇ ပုံစံမျိုးစုံ ပြောင်းလဲခြင်း ဟူသော ပင်ကိုယ်အစွမ်း ရှိနေသောကြောင့်ပင် ဖြစ်သည်။
သူက စွမ်းအင်ပိတ်လှောင်သည့် ရေညှိ၏ မျိုးရိုးဗီဇကို ပုံစံငယ်အဖြစ် အသုံးပြုကာ ၎င်း၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို အတုယူပြီး ခန္ဓာကိုယ်တွင်း၌ ချိတ်ပိတ် သင်္ကေတကို လည်ပတ်စေလိုက်ခြင်းမှာ သဘာဝကျကျပင် လွယ်ကူနေခြင်း ဖြစ်သည်။
သာမန် အစွမ်းပိုင်ရှင်များကတော့ ဤအချက်ကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
လင်းယွမ်က အရည်အသွေး ဇယားကွက်ကို ဖွင့်လိုက်ပြီး အစွမ်းများ စာရင်းကို စစ်ဆေးကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် ချိတ်ပိတ် သင်္ကေတက အစွမ်းများ စာရင်းထဲတွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။
အမည် - ချိတ်ပိတ်အစွမ်း (အသက်ဓာတ် သန္ဓေပြောင်းအစွမ်း)
အဆင့် - အစိမ်းရောင်
လိုအပ်ချက် - စိတ်စွမ်းအင် ၁၅ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၅ မှတ်
အစွမ်းအာနိသင် - စိတ်စွမ်းအင်နှင့် သွေးသားခွန်အားကို ပေါင်းစပ်ကာ ချိတ်ပိတ် သင်္ကေတကို စုစည်းလိုက်ခြင်းဖြင့် သက်ရှိများ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ လည်ပတ်မှုကို တားဆီးပေးပြီး ပိတ်လှောင်နိုင်သည့် အာနိသင်ကို ဖြစ်ပေါ်စေသည်။
"အစိမ်းရောင်အဆင့် အစွမ်းပဲဟ"
လင်းယွမ်က အစွမ်း၏ ဖော်ပြချက်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့သြသွားခဲ့သည်။
ဤချိတ်ပိတ် သင်္ကေတ အစွမ်းက မထင်မှတ်ဘဲ အစိမ်းရောင်အဆင့် အစွမ်း ဖြစ်နေခဲ့သည်။
ယခုအချိန်အထိ လင်းယွမ် တတ်မြောက်ထားသည့် သန္ဓေပြောင်းအစွမ်း အမြောက်အမြားထဲတွင် ရုပ်သေးကြိုးမျှင် နှင့် ကပ်ပါးမျိုးစေ့ ဟူသော အစွမ်းနှစ်ခုသာလျှင် အစိမ်းရောင်အဆင့်သို့ ရောက်ရှိထားသည်။
ယခု နောက်ထပ် အစိမ်းရောင်အဆင့် အစွမ်းတစ်ခုကို ထပ်မံ ရရှိလာလိမ့်မည်ဟု သူ တွေးမထားခဲ့ပေ။
"ငါက မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားပြီးတာတောင်... ဒီချိတ်ပိတ် သင်္ကေတက ငါ့အပေါ် သက်ရောက်မှု ရှိနေတာ မဆန်းဘူး... တကယ်တမ်း သူက အစိမ်းရောင်အဆင့် အစွမ်း ဖြစ်နေတာကိုး"
လင်းယွမ်မှာ စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားသည်။ ဆိုလိုသည်မှာ နောင်တွင် သူသည် မျိုးရိုးဗီဇမျိုးစေ့ နိုးထထားသော အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရာတွင်လည်း ဤအစွမ်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
ထို့နောက် လင်းယွမ်က ဆက်လက် လေ့လာကြည့်ရာမှ ရုတ်တရက် အချက်တစ်ချက်ကို သတိထားမိသွားပြန်သည်။
ချိတ်ပိတ် အစွမ်း၏ အရည်အသွေးမှာ မထင်မှတ်ဘဲ အသက်ဓာတ် သန္ဓေပြောင်းအစွမ်း ဖြစ်နေသည်။
လင်းယွမ်မှာ ယခုအချိန်အထိ အစွမ်းအမျိုးအစား ပေါင်းစုံကို ကြုံတွေ့ခဲ့ဖူးသည်။
သို့သော် အသက်ဓာတ် အစွမ်းကတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။
"အသက်ဓာတ်ကိုလည်း သီးခြား ဓာတ် တစ်ခုအနေနဲ့ သတ်မှတ်ထားတာလား"
ဝမ်အန်း၏ ကုသခြင်းဆိုင်ရာ သန္ဓေပြောင်းအစွမ်းကို သူ ရုတ်တရက် သတိရသွားပြီး ၎င်းကရော အသက်ဓာတ် အမျိုးအစား သန္ဓေပြောင်းအစွမ်းထဲတွင် အကျုံးဝင်သလားဆိုသည်ကို တွေးကြည့်မိသည်။
"ဒေါက်... ဒေါက်... ဒေါက်"
လင်းယွမ်က ချိတ်ပိတ် သင်္ကေတ၏ ထူးခြားမှုထဲတွင် နစ်မျောနေစဉ် ရုတ်တရက် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လင်းယွမ် သတိပြန်ဝင်လာပြီး တံခါးဝသို့ လှမ်းကြည့်လိုက်ရာ ချိုးရင်ယွဲ့က တံခါးဝတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ကိုလင်းယွမ်... ကျွန်မတို့ ရောက်တော့မယ်"
သူမ၏ အေးစက်စက် မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရောယှက်နေလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းယွမ်က အပြင်ဘက် ရေပြင်ဆီသို့ ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။
ရေပြင်ထက်တွင် မည်သည့်အချိန်ကတည်းက စတင်ဖြစ်ပေါ်နေမှန်း မသိရသော ပါးလွှာသည့် ပိတ်ပါးစကဲ့သို့ မြူခိုးလွှာတစ်ခု ကျဆင်းနေသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က မျက်ခုံးအနည်းငယ် ပင့်သွားကာ "ဒီမြူခိုးတွေက ဘာတွေလဲ" ဟု မေးလိုက်သည်။
"မသိပါဘူးရှင်... ဒါပေမဲ့ ဒီမြူခိုးတွေနဲ့ ကြုံတွေ့ရပြီဆိုရင်တော့ ကျွန်မတို့က မြူခိုးမြို့တော်ကို ရောက်ခါနီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ"
ချိုးရင်ယွဲ့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်လွင်နေလျက် ပြန်ဖြေလိုက်သည်။
လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး "မင်းက သုံးရက်ကြာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား... အခုမှ နှစ်ရက်ကျော်ကျော်ပဲ ရှိသေးတယ်လေ... ရောက်တော့မှာလား"
ချိုးရင်ယွဲ့က ထိုစကားကို ကြားသောအခါ "မြူခိုးမြို့တော်က တစ်နေရာတည်းမှာ အမြဲတမ်း တည်ရှိနေတာ မဟုတ်ဘူးရှင့်... ရေစီးကြောင်းနဲ့အတူ လိုက်ပါ မျောလွင့်နေပြီး သူ့ရဲ့ တည်နေရာက အပြောင်းအလဲ ရှိတတ်တယ်... ကျွန်မတို့က သူ မျောလွင့်လာတဲ့ လမ်းကြောင်းနဲ့ အံကိုက် ကြုံသွားတာမျိုးလည်း ဖြစ်နိုင်တယ်" ဟု ရှင်းပြလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားလိုက်ရချိန်တွင် မန်ချင်မှ သူရရှိထားသော သတင်းအချက်အလက်ကို ရုတ်တရက် သတိရသွားသည်။
"ရေပေါ်ကျွန်း"
"မန်ချင် ပြောစကားအရဆိုရင်... ရေပေါ်ကျွန်းရဲ့ စွမ်းအင်ပြင်းအားက တခြားနေရာတွေထက် သိသိသာသာကို ပိုမြင့်မားနေတတ်တယ်တဲ့"
"ဒါဆို ဒီမြူခိုးမြို့တော်က ရေပေါ်ကျွန်းတစ်ခုများလား"
"ဒီလိုသာဆိုရင် စိတ်ဝိဉာဉ်ဂိုဏ်းက စွမ်းအင်တိုင်းတာရေး အိမ်မြှောင်ကို အသုံးပြုပြီး ဒီနေရာကို ရှာဖွေတွေ့ရှိသွားတာက... တိုက်ဆိုင်မှုသက်သက် မဟုတ်တော့ဘူးပေါ့"
"သူတို့က ရေပေါ်ကျွန်းရဲ့ ပုံမှန်မဟုတ်တဲ့ စွမ်းအင်တွေကို တကယ်ပဲ တိုင်းတာမိသွားလို့ တကူးတက လိုက်လာကြတာများလား"
ယခုအခါ လင်းယွမ်က ဤမြူခိုးမြို့တော်အပေါ် အလွန်အမင်း စိတ်ဝင်စားသွားခဲ့ပြီ ဖြစ်သည်။
ဤမြူခိုးမြို့တော်က အဘယ်ကြောင့် စွမ်းအင်များ ဤမျှလောက်အထိ ပြည့်ဝနေရသနည်း။
အဘယ်ကြောင့် ရေအောက်သို့ နစ်မြုပ်မသွားဘဲ ရေမျက်နှာပြင်ပေါ်တွင် မျောလွင့်နေနိုင်ရသနည်း။
လိပ်ကျွန်းနှင့် ဆင်တူသည့် နေရာမျိုး နောက်တစ်ခုများ ဖြစ်နေမလား။
သံသယပေါင်းများစွာက စိတ်ထဲတွင် ပေါ်ပေါက်လာပြီး လင်းယွမ်က ပတ်ဝန်းကျင်ရှိ မြူခိုးများကို ကြည့်လိုက်ကာ "မန်ချင်ကို သွားခေါ်လိုက်... သူ့ကို ငါ မေးစရာရှိတယ်" ဟု ချက်ချင်း ပြောလိုက်သည်။
ချိုးရင်ယွဲ့က ကြားသည်နှင့် လူတစ်ယောက်ကို အမိန့်ပေးကာ မန်ချင်အား သွားရောက် ခေါ်ခိုင်းလိုက်သည်။
မကြာမီမှာပင် မန်ချင် ရောက်ရှိလာခဲ့သည်။
"ဆရာလင်းယွမ်... ကျွန်တော့်ကို ခေါ်လိုက်တာလား ခင်ဗျ" မန်ချင်က မျက်နှာချိုသွေးကာ ဖားယားသည့် လေသံဖြင့် မေးလိုက်သည်။
လင်းယွမ်က "အရင်တုန်းက မင်း ငါ့ကို ရေပေါ်ကျွန်းမှာ စွမ်းအင်တွေ ပြည့်ဝနေတတ်တယ်လို့ ပြောဖူးတယ် မဟုတ်လား" ဟု မေးလိုက်သည်။
"အာ... ဟုတ်... ဟုတ်ပါတယ် ခင်ဗျ"
"ရေပေါ်ကျွန်းရဲ့ ထူးခြားချက်တွေကို အသေးစိတ် ရှင်းပြစမ်း"
မန်ချင်က ခေါင်းကို ကုတ်လိုက်ရင်း "ရေပေါ်ကျွန်းတွေက တွေ့ရခဲတယ်ဗျ... ကျွန်တော်လည်း တခြားလူတွေ ပြောနေကြတာ ကြားဖူးရုံပါပဲ"
"ရေပေါ်ကျွန်းတွေရဲ့ အရွယ်အစားက ပုံသေ မဟုတ်ဘူး... တချို့က မိုင်ဆယ်ဂဏန်းလောက်အထိ ကျယ်ဝန်းပြီး တချို့ကျတော့လည်း စတုရန်းပေ ရာဂဏန်းလောက်ပဲ ရှိတတ်တယ်"
"ဒါပေမဲ့ ရေပေါ်ကျွန်းတစ်ခု ပေါ်လာပြီဆိုရင်တော့... သွေးချောင်းစီးတဲ့အထိ ပြင်းထန်တဲ့ တိုက်ပွဲတွေ အမြဲတမ်း ဖြစ်ပွားတတ်ပါတယ်"
"ကြားဖူးသလောက်တော့ ကွမ်ဖူစစ်တပ်ရဲ့ လက်အောက်မှာ... ရေပေါ်ကျွန်းတစ်ခု ရှိတယ်လို့ ဆိုကြတယ်... ဒါတင်မကသေးဘူး... မြေမိခင်ဂိုဏ်းမှာလည်း ရေပေါ်ကျွန်းအသေးလေး တစ်ခု ရှိပြီး အဲဒီကျွန်းပေါ်ကို မြေမိခင်ဂိုဏ်းရဲ့ ထိပ်တန်း အဖွဲ့ဝင်တွေလောက်ပဲ တက်ခွင့်ရှိတယ်လို့ ပြောကြတယ်"
"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းမှာရော မရှိဘူးလား" ဟု လင်းယွမ်က မေးလိုက်သည်။
မန်ချင်က အနည်းငယ် တုံ့ဆိုင်းသွားပြီး "ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ... အပြင်မှာတော့ ရှိတယ်လို့ ပြောတဲ့သူရှိသလို မရှိဘူးလို့ ပြောတဲ့သူတွေလည်း ရှိတယ်... ဒါပေမဲ့ ကျွန်တော် စိတ်ဝိဉာဉ်ဂိုဏ်းထဲမှာ ဒီလောက်ကြာအောင် နေလာတာတောင်မှ... ဂိုဏ်းထဲမှာ ရေပေါ်ကျွန်း ရှိတယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူးဆိုတော့ မရှိတာလည်း ဖြစ်နိုင်ပါတယ်"
သိသာစွာပင် ဤမန်ချင်၏ စိတ်ဝိဉာဉ်ဂိုဏ်းတွင်း ရာထူးနေရာက မမြင့်မားလှသဖြင့် အတွင်းရေး လျှို့ဝှက်ချက်များကို လုံးဝ လက်လှမ်းမီနိုင်ခြင်း မရှိပေ။
နှမြောစရာကောင်းသည်မှာ ဤရွှေချပ်ဝတ် စစ်သင်္ဘော၏ ကပ္ပတိန်ဖြစ်သူ ဟော့ယွမ်တုမှာ ချိုးရင်ယွဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ ထိုသို့မဟုတ်ပါက သူ့ကို မေးမြန်းကြည့်၍ ရနိုင်ပေသည်။
သင်္ဘောတစ်စင်းကို ဦးစီးခွင့်ရထားသည့် သူ၏ ရာထူးအဆင့်အတန်းအရဆိုလျှင် သူသိထားသော အရာများက သာမန် သင်္ဘောသားတစ်ယောက်ဖြစ်သည့် မန်ချင်ထက် များစွာ ပိုမိုနိုင်ပေသည်။
လင်းယွမ်က "ရေပေါ်ကျွန်းတွေမှာ ရေမျက်နှာပြင်ပေါ် မျောလွင့်နေနိုင်တာကလွဲပြီး တခြား ထူးခြားချက်တွေရော ရှိသေးလား... ဥပမာ မြူခိုးတွေ ဖုံးလွှမ်းနေတာမျိုးတွေပေါ့" ဟု မေးလိုက်သည်။
"ဗျာ... ဒါကတော့... ရေပေါ်ကျွန်းတွေမှာ ကွဲပြားခြားနားတဲ့ လက္ခဏာတွေ ရှိတတ်တယ်... ကြားဖူးသလောက်တော့ တချို့ ရေပေါ်ကျွန်းတွေမှာ တစ်နှစ်ပတ်လုံး မီးတောက်တွေ မငြိမ်းဘဲ မကြာခဏဆိုသလို မီးတောက်မီးလျှံတွေ ထွက်ပေါ်နေတတ်တယ်တဲ့"
"၁၂ရာသီလုံး နွေဦးရာသီလို သာယာပြီး သစ်ပင်ပန်းမန်တွေ ရှင်သန်ဖြစ်ထွန်းပြီး... သန္ဓေပြောင်း သတ္တဝါ မျိုးစုံ ကျက်စားနေထိုင်ကြတဲ့ ရေပေါ်ကျွန်းတွေလည်း ရှိတယ်လို့ ဆိုကြတယ်"
"နောက်ပြီး ရောင်စဉ် အလင်းတန်းတွေ ဖုံးလွှမ်းနေပြီး... နတ်ဘုံနတ်နန်းတစ်ခုလို လှပလွန်းတဲ့ ရေပေါ်ကျွန်းတွေလည်း ရှိတယ်လို့ ပြောကြတယ်"
"လူတွေပြောတာ ကြားဖူးသလောက်ဆိုရင်... မြေမိခင်ဂိုဏ်းရဲ့ ရေပေါ်ကျွန်းက ရေမျက်နှာပြင်ပေါ် မျောလွင့်နိုင်ရုံသာမဟုတ်ဘဲ... ရေပြင်ကနေ အနိမ့်ပျံသန်းပြီး လေထဲမှာပါ ရွေ့လျား သွားလာနိုင်တယ်လို့တောင် ဆိုကြတယ်"
"မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ ရေပေါ်ကျွန်းဆိုတာမျိုးကိုတော့ ကျွန်တော် မကြားဖူးဘူး... ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်ခြေတော့ ရှိနိုင်တယ်"
ဆက်ရန်...
နောက်တစ်အုပ်မှာတော့ လင်းယွမ် မြူခိုးမြို့အဝင်မှာ ဘယ်လိုတိုက်ပွဲတွေ ကြုံရမလဲ... မြူခိုးမြို့ကရော ဘာလို့အဲ့လောက် ထူးခြားဆန်းကြယ်နေရတာလဲ... အဲ့မြို့ရဲ့ မြို့တော်ဝန်က သာမန်မျိုးရိုးဗီစမျိုးစေ့အဆင့်ပဲ ဟုတ်ပါ့မလား... လင်းယွမ်မြို့ထဲရော ဝင်ခွင့်ရပါ့မလား... ချိုးရင်ယွဲ့ရဲ့အဖေကရော မြူနှင်းမြို့မှာဘယ်လိုအခြေအနေရှိနေတာလဲ... ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ရောထပ်ရင်ဆိုင်တွေ့ဦးမှာလား ဆိုတာတွေကို ဆက်ပြီးစောင့်မျှော်အားပေးကြဦးနော်။