← Chapters

အခန်း (၂၃၇၁-၂၃၇၂)

Vol. 178 Ch. 2371-2372

အခန်း (၂၃၇၁-၂၃၇၂)

Vol. 178 Ch. 2371-2372

အခန်း(၂၃၇၁)

“မင်းစကားက ဘာအဓိပ္ပါယ်လဲ.. အင်မော်တယ်တိုက်မှာ ရုတ်တရက် ပေါ်ထွက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်က နတ်ဘုရားနယ်မြေက လာတာ ဖြစ်နိုင်တယ်လို့ ပြောချင်တာလား”

မုချင်းစန်းက တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို စဥ်းစားမိသွားခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။

မုချင်းစန်း၏ စကားကိုကြားလျှင် ကျန်သုံးဦးသည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကပ်ဘေးအဆင့် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ ကျင့်ကြံသူများအနေဖြင့် သူတို့သည် အင်မော်တယ်တိုက်၏ သမိုင်းကြောင်းကို ကောင်းစွာ သိရှိထားခဲ့ကြသည်။

အင်မော်တယ်တိုက်သည် မူလက နတ်ဘုရားနယ်မြေစကြဝဠာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေ စကြဝဠာကို ကျူးကျော်မှု စတင်ခဲ့၏။

ထိုစကြဝဠာအဆင့် တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ခဲ့ပြီး နတ်ဘုရားနယ်မြေ စကြဝဠာ၏ ပင်မ အစိတ်အပိုင်းကိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားစေခဲ့သည်။

ဆိုရလျှင် အင်မော်တယ်တိုက်သည် နတ်ဘုရားနယ်မြေစကြဝဠာ၏ ပင်မ အစိတ်အပိုင်းမှ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

သူတို့၏ ဘိုးဘေးများသည် အင်မော်တယ်တိုက်တွင် အသက်ရှင် ကျန်ရစ်ခဲ့သော အင်မော်တယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

အင်မော်တယ် ကျင့်ကြံသူများသည် တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အင်မော်တယ်တိုက်တွင် တဖြည်းဖြည်း အင်အားကောင်းလာခဲ့ကာ မြောက်ဘက်ဒေသရှိ သိုင်းပညာ လောကကိုပင် အသာစီးရလာခဲ့သည်။

အင်မော်တယ်တိုက်သည် နတ်ဘုရားနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သူတို့ကောင်းစွာ သိရှိထားကြ၏။

ထို့ကြောင့် အင်မော်တယ်တိုက်၏ အပြင်ဘက်တွင် နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူများ ရှိနေလောက်သည်။

သို့ရာတွင် နှစ်ပေါင်းများစွာ ကြာသည့်တိုင် အင်မော်တယ်တိုက်သည် နတ်ဘုရားနယ်မြေမှ သိုင်းပညာကျင့်ကြံသူ တစ်ဦးကိုမှ မမြင်တွေ့ခဲ့ရသဖြင့် သူတို့သည် ထိုအကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့ကြချေပြီ။

ယခု ထိုကိစ္စကို ကျင်းချီရှောင် ရုတ်တရက် ပြောလိုက်သော အခါမှ သူတို့၏ အမူအရာသည် အလွန်တရာ လေးနက်သွားခဲ့သည်။

အင်မော်တယ်တိုက်တွင် သူတို့၏ အင်မော်တယ် ကျင့်ကြံခြင်းလောက ထွန်းကားလာကတည်းကပင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကသည် သူတို့၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး နေ့စဥ်နှင့်အမျှ ဆုတ်ယုတ် ပျက်စီးလာခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာ တွေးကြည့်လျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့ ဆန်းကြယ်သော ပါရမီရှင်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

အကယ်၍ ထိုကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကတွင် အမှန်တကယ် ပေါ်ထွက်လာခဲ့လျှင် မြောက်ဘက်ဒေသသည် ထိုလူငယ်ကို အထူး ကာကွယ် စောင့်ရှောက်ပေးထားမည် ဖြစ်ပြီး အလွန် အန္တရာယ်များသော အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ လာရောက် စွန့်စားစေလိမ့်မည် မဟုတ်ပေ။

တစ်နည်းဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ရုတ်တရက် ပေါ်ထွက်လာသော လျှို့ဝှက်ဆန်းကြယ်သည့်လူငယ်သည် နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူတစ်ဦး အမှန်တကယ် ဖြစ်နိုင်လောက်၏။

အကယ်၍သာ ထိုအတိုင်းဆိုလျှင် အင်မော်တယ်တိုက်ပေါ်မှ အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

ဆိုရလျှင် နတ်ဘုရားနယ်မြေသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ကမ္ဘာမကြေ ရန်ဘက် ဖြစ်၏။

ထိုစဥ်က တိုက်ပွဲကြောင့် နတ်ဘုရားနယ်မြေ ပြိုကွဲသွားခဲ့ပြီး အကြီးအကျယ် ထိခိုက်ခဲ့ရသော်လည်း ပိန်နေသည့်ကုလားအုပ်သည် မြင်းထက် ကြီးမားနေဆဲပင်။

အင်မော်တယ်တိုက်ရှိ သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အင်အားလောက်ဖြင့် နတ်ဘုရားနယ်မြေကို ယှဥ်ပြိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

“ဒီကောင်လေးက အင်မော်တယ်တိုက်ရဲ့ အပြင်ဘက်က လာသည်ဖြစ်စေ မလာသည်ဖြစ်စေ.. ငါတို့ သူ့ကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး.. ဒီကောင်လေးရဲ့ပန်းတိုင်က ထာဝရသက်ရှည်တောင်တန်း ဖြစ်တဲ့အတွက် ငါတို့ ထာဝရသက်ရှည်တောင်တန်းကို သွားပြီး စောင့်ဆိုင်းကြစို့.. ဘယ်လို အဖိုးအခပဲ ပေးဆပ်ရပါစေ.. ဒီကောင်လေးရဲ့ အသက်ကို ထာဝရသက်ရှည်တောင်တန်းထဲမှာပဲ ထာဝရကျန်ရစ်အောင် လုပ်ရလိမ့်မယ်”

မုချင်းစန်း၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

သူတို့ အင်မော်တယ် ကျင့်ကြံသူများနှင့် နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကမ္ဘာမကြေ ရန်သူများ ဖြစ်ကြသည်။

ထိုကောင်လေး၏ ဇာစ်မြစ်က မည်သို့ပင် ဖြစ်နေပါစေ၊ နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူတစ်ဦး ဖြစ်နေသရွေ့ သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

ထိုကောင်လေးက မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံသူ ဆိုလျှင် မြောက်ဘက်ဒေသတွင် ထိုကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်မျိုး ရှိနေခြင်းကို သူတို့ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

အကယ်၍ ထိုကောင်လေးက အင်မော်တယ်တိုက်၏ အပြင်ဘက်မှ လာသည်ဆိုလျှင် သူတို့သည် ထိုကောင်လေးကို ပို၍ပင် ရှင်းလင်းပစ်ရပေမည်။

ထိုသို့မဟုတ်ဘဲ နတ်ဘုရားနယ်မြေသာ သူတို့၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားလျှင် ယင်းသည် သူတို့အတွက် သံသယဖြစ်ဖွယ်ရာမရှိ ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

“ဒီကောင်လေးကို ကိုင်တွယ်ဖို့က ပြဿနာ သိပ်မရှိပေမဲ့ အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ လှုပ်ရှားမှုတွေကို မြောက်ဘက်ဒေသမှာရှိတဲ့ သိုင်းပညာ ကျင့်ကြံခြင်းလောကရဲ့ မျက်စိအောက်ကနေ ဖုံးကွယ်ထားဖို့က မလွယ်လောက်ဘူး.. ငါတို့တွေ သတိထားမှ တော်ကာကြမယ်”

ကျင်းချီ‌ရှောင်က အလေးအနက် ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့ရဲ့ အင်အားတွေကို စုစည်းပြီး ထာဝရသက်ရှည်တောင်တန်းကို သွားကြစို့.. တကယ်လို့ မြောက်ဘက်ဒေသမှာရှိတဲ့ သိုင်းပညာကျင့်ကြံခြင်း လောကက လူတွေ လာရဲတယ် ဆိုရင်လည်း သူသေကိုယ်သေ တိုက်ပွဲဝင်ကြတာပေါ့”

ထိုစကားကို ပြောနေစဥ် မုချင်းစန်း၏ မျက်ဝန်းတွင် အရောင်လက်သွားခဲ့သည်။

ဤနှစ်များအတွင်း အင်မော်တယ် ကျင့်ကြံခြင်း လောကသည် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကို အသာစီးရလာသော်လည်း မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကသည် မည်သူမဆို အနိုင်ကျင့်ဖို့ လွယ်ကူသည့် အင်အားစုမျိုး မဟုတ်ပေ။

ယင်းကြောင့် သူတို့သာ သိုင်းပညာ ကျင့်ကြံခြင်း လောကကို လုံးဝ ချေမှုန်းပစ်ချင်သည် ဆိုလျှင် အဖိုးအခများစွာ ပေးဆပ်ရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ဖားကို ရေနွေးပူဖြင့် ပြုတ်သည့် နည်းဗျူဟာကို အသုံးပြုကာ မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကကို တဖြည်းဖြည်း တိုက်စားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းနှင့် အတူ မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်း လောကကို တဖြည်းဖြည်း တိုက်စားမည့် သူတို့၏ အစီအစဥ်သည် သိသိသာသာ အလုပ်မဖြစ်တော့ပေ။

မုချင်းစန်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကျန်လေးဦးသည် သဘာဝကျစွာပင် ကန့်ကွက်စရာ မရှိခဲ့ပေ။

အင်မော်တယ် ကျင့်ကြံခြင်း လောကဘက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ဦး ကျဆုံးခဲ့ရသော်လည်း ကပ်ဘေးနှောင်းပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးမျှ ကျဆုံးခြင်း မရှိသေးပေ။

ထို့ကြောင့် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့သည် အားသာချက်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။

အကယ်၍ ဆက်လက် နှောင့်နှေးနေလျှင် အခြေအနေသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက အတွက် ပိုမိုဆိုးရွားလာရုံသာ ရှိပေလိမ့်မည်။

မုချင်းစန်းက အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူလေးဦးနှင့် ဆွေးနွေးပြီးနောက်တွင် ထိုလေးဦးသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းကနေ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားခဲ့ကြပြီး သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းမှ အမာခံ အင်အားစုများနှင့် အတူ နောက်သုံးရက် အကြာတွင် ထာဝရသက်ရှည်တောင်တန်း၌ စုဝေးရန် ချိန်းဆိုခဲ့ကြသည်။

-------------------

အင်မော်တယ်တိုက်၏ မြောက်ဘက်ဒေသရှိ ထျန်းဝူမြို့သည် မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်း လောက၏ ဗဟိုချက်ဖြစ်ပြီး သိုင်းပညာ ကျင့်ကြံခြင်း လောက၏ အဓိက မြို့တော်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုမြို့သည် မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောက၏ နံပါတ်တစ် ကျင့်ကြံသူ နေထိုင်သော နေရာ ဖြစ်သောကြောင့်ပင်။

ဝူမိသားစုသည် တစ်ချိန်က နတ်ဘုရားနယ်မြေတွင် အလွန်တရာ ရှည်လျားသော သမိုင်းကြောင်း ရှိသည့် ကျော်ကြားသော မျိုးနွယ်စုတစ်စု ဖြစ်ခဲ့သည်။

ရှေးခေတ်ကာလက ကပ်ဘေးကြီးအပြီးတွင် နတ်ဘုရားနယ်မြေ ပြိုကွဲသွားခဲ့ပြီးနောက် ဝူမိသားစုသည် နတ်ဘုရားနယ်မြေ၏ မြောက်ဘက်ဒေသတွင် ပေါ်ထွက်လာခဲ့၏။

မြောက်ဘက်ဒေသတွင် အင်မော်တယ် ကျင့်ကြံခြင်းလောက ထွန်းကားလာသော်လည်း သိုင်းပညာကျင့်ကြံသူ အင်အားစုများအနေဖြင့် အင်မော်တယ်တိုက်ပေါ်တွင် နေရာတစ်ခု ရယူထားနိုင်ခြင်းသည် အဓိကအားဖြင့် ဝူမိသားစု၏ တည်ရှိမှုကြောင့် ဖြစ်သည်။

ဝူမိသားစုမှ ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသော ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး မရှိခဲ့လျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်း အင်အားစုများသည် အင်မော်တယ် ကျင့်ကြံခြင်း လောက၏ ချေမှုန်းခြင်းကို ခံရသည်မှာ ကြာလောက်ပေပြီ။

ယခုအချိန်အထိ သိုင်းပညာ ကျင့်ကြံခြင်း လောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဆန့်ကျင်နိုင်ရသည့် အဓိက အကြောင်းအရင်းမှာ ဝူမိသားစု၏ တည်ရှိမှုကြောင့်ဖြစ်၏။

ဝူမိသားစု၏ လက်ရှိ ခေါင်းဆောင် ဝူကျန့်ထျန်းသည် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဖြစ်ပြီး မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်း လောက၏ ခေါင်းဆောင်လည်း ဖြစ်သည်။

ယနေ့ခေတ် အင်မော်တယ်တိုက်တွင် ဝူကျန့်ထျန်းသည် မည်သူမျှ မယှဥ်နိုင်သည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဆိုလည်းမမှားပေ။

တစ်ဦးချင်းသာ ယှဥ်ပြိုင်မည်ဆိုလျှင် အင်‌မော်တယ်တိုက်တစ်ခုလုံးတွင် မည်သူမျှ ဝူကျန့်ထျန်းနှင့် မယှဥ်ပြိုင်နိုင်ချေ။

ဝူကျန့်ထျန်းသည် အင်‌မော်တယ် ကျင့်ကြံခြင်း လောကတွင် ဖြစ်ပေါ်ခဲ့သည့် တုန်လှုပ်ဖွယ် ကိစ္စရပ်များကို ပထမဆုံးအကြိမ် သတင်းရရှိခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာကျင့်ကြံသူ တစ်ဦးသည် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့်ကျင့်ကြံသူ ခြောက်ဦးကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့ပြီး နံပါတ်တစ် မိသားစု ဖြစ်သည့် တန်မိသားစုကိုပင် ဖျက်ဆီးပစ်ခဲ့ကြောင်း သိလိုက်ရလျှင် ဝူကျန့်ထျန်းသည် သဘာဝကျစွာပင် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ရုတ်တရက် ပေါ်ထွက်လာသော ထိုလျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်သည် သူတို့ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ အဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်းကို မည်သူမျှ မသိပေ။

ထိုလူက မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကမှ မဟုတ်သောကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေသည် ထိုလူသည် အလယ်ပိုင်းဒေသကနေ လာခြင်း ဖြစ်နိုင်၏။

အင်မော်တယ် ကျင့်ကြံသူများက တောင်ဘက်ဒေသကို သိမ်းပိုက်လိုက်ကတည်းကပင် သူတို့ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အလယ်ပိုင်းဒေသနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

အလယ်ပိုင်းဒေသမှ သိုင်းပညာကျင့်ကြံသူ တစ်ဦးသည် မြောက်ဘက်ဒေသသို့ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု ဝူကျန့်ထျန်း မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ သူတို့ မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်း လောကအတွက် တစ်သက်တွင် တစ်ခါသာ ကြုံရမည့်အခွင့်အရေးဖြစ်ရာ သံသယဖြစ်ဖွယ်ရာမရှိ ဝူကျန့်ထျန်းသည် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါမည်နည်း။

သူက အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ အမာခံ အင်အားစုများကို အလျင်အမြန် စုစည်းကာ ထာဝရသက်ရှည်တောင်တန်း ဆီသို့ ဦးတည်၍ ချီတက်သွားခဲ့သည်။

အခန်း(၂၃၇၁)ပြီး၏။

အခန်း(၂၃၇၂)

ထာဝရသက်ရှည်တောင်တန်းသည် အင်မော်တယ်တိုက်ပေါ်ရှိ အကြီးမားဆုံး တောင်တန်းကြီး ဖြစ်ပြီး အင်မော်တယ်တိုက်၏ အလယ်ဗဟိုတွင် တည်ရှိကာ အင်မော်တယ်တိုက် တစ်ခုလုံးကို မြောက်ဘက်နှင့် တောင်ဘက် ဟူ၍ ပိုင်းခြားထားသော တောင်တန်းကြီး ဖြစ်သည်။

ထာဝရသက်ရှည်တောင်တန်းသည် အသက်စွမ်းအင်ကြွယ်ဝသော တောင်တန်း ဖြစ်သော်လည်း အတွင်းဘက်တွင်မူ မရေမတွက်နိုင်သော အန္တရာယ်များ ရှိသည်။

ထိုတောင်တန်းသည် အင်မော်တယ်တိုက်ရှိ လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဆိုလည်းမမှားပေ။

ကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရင်များပင် အတွင်းသို့ ဝင်ရောက်သွားလျှင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် မလွယ်ပေ။

ထာဝရ သက်ရှည်တောင်တန်းသည် အလွန်တရာ အန္တရာယ်များသော်လည်း ကောင်းကင်ကို ဆန့်ကျင်နေသော အခွင့်အလမ်း များစွာ ကိန်းအောင်းနေ၏။

ထို့ကြောင့်လည်း အင်မော်တယ်တိုက်ရှိ လူများသည် အန္တရာယ်ရှိမှန်းသိလျက်နှင့်ပင် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လိုခဲ့ကြသည်။

အထူးသဖြင့် အင်မော်တယ် ကျင့်ကြံသူများသည် ထာဝရသက်ရှည်တောင်တန်းထဲတွင် အင်မော်တယ် ဖြစ်လာနိုင်မည့် အခွင့်အလမ်းရှိမည်ဟု ယူဆထားခဲ့ကြသည်။

အင်မော်တယ်ဖြစ်လာမည့် အခွင့်အလမ်းက အခြားသူ၏ လက်ထဲသို့ ကျရောက်မသွားစေရန် အတွက် အင်မော်တယ် ကျင့်ကြံခြင်း လောကရှိ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် မြောက်ပိုင်းတွင် ထာဝရသက်ရှည်တောင်တန်းကို လုံးဝ ထိန်းချုပ်လိုက်ကြသည်။

နှစ်စဥ် သတ်မှတ်ထားသော အချိန်အတွင်း ဂိုဏ်းကြီးငါးဂိုဏ်းသည် တစ်ကြိမ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း လောကမှ ဂိုဏ်းများသာ ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်ခွင့်ရမည့် ခွဲတမ်းကို ရရှိနိုင်မည်ဖြစ်၏။

ကျန်းချန်သည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကပ်ဘေးအဆင့်ကျင့်ကြံသူ ငါးဦးကို သတ်ဖြတ်ပြီးနောက်တွင် ဟုန်ထျန်းယန်၏ လမ်းပြမှုဖြင့် ထာဝရသက်ရှည်တောင်တန်း၏ ထုံရှန်းတောင်ကြား ဆီသို့ ရောက်ရှိလာခဲ့သည်။

ထုံရှန်တောင်ကြားသည် ထာဝရသက်ရှည်တောင်တန်း၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ထိုတောင်ကြားသည် ထာဝရသက်ရှည်တောင်တန်းတွင် တစ်ခုတည်းသော ဘေးကင်းသည့်နေရာ ဖြစ်ပြီး အင်မော်တယ်တိုက်၏ မြောက်ဘက်ဒေသ နှင့် တောင်ဘက်ဒေသကို ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော လမ်းကြောင်းလည်းဖြစ်သည်။

တောင်ဘက်ဒေသရှိ အင်မော်တယ် ကျင့်ကြံသူများက မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကသို့ သွားလိုသည်ဖြစ်စေ၊ သို့မဟုတ် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံသူများက တောင်ဘက်ဒေသရှိ အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ သွားလိုသည်ဖြစ်စေ၊ ထုံရှန်းတောင်ကြားကို မဖြစ်မနေ ဖြတ်သန်းရပေလိမ့်မည်။

အင်မော်တယ် ကျင့်ကြံသူများသည် ထာဝရသက်ရှည်တောင်တန်းထဲကို တိတ်တဆိတ်ခိုးဝင်ခြင်းမှ ကာကွယ်ရန်နှင့် မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ လူများ အင်မော်တယ် ကျင့်ကြံခြင်း လောကထဲသို့ ဝင်ရောက်လာခြင်းမှ တားဆီးရန်အတွက် ထုံရှန်းတောင်ကြား၏ ဝင်ပေါက်တွင် အစွမ်းထက် အစီအရင်များ ခင်းကျင်းထားရုံသာမက အစွမ်းထက် အစောင့်အကြပ်များကိုပင် ထားရှိထား၏။

ဆိုရလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး အတွက်ပင် ထုံရှန်းတောင်ကြားကို ဖြတ်သန်းရာမှာ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်၏။

“သခင်.. ရှေ့နားဆိုရင် ထုံရှန်းတောင်ကြားကို ရောက်ပါပြီ”

ဟုန်ထျန်းယန်သည် ရထားလုံးကို ထုံရှန်းတောင်ကြားနှင့် ပေတစ်ထောင်ခန့် အကွာတွင် ရပ်တန့်လိုက်ပြီး ရထားလုံးအတွင်းရှိ ကျန်းချန်ကို ပြောလိုက်သည်။

ဟုန်ထျန်းယန်၏ စကားကိုကြားလျှင် ရထားလုံးအတွင်း၌ ထိုင်နေသော ကျန်းချန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ရထားလုံး အပြင်ဘက်သို့ ထွက်လာခဲ့၏။

သူက သူ့ရှေ့ရှိ ကြီးမားသော တောင်တန်းကြီးကို လှမ်းကြည့်လိုက်သည်။

တောင်တန်းများသည် အတိုင်းအဆမရှိ ကျယ်ပြောပြီး နေရာအနှံ့တွင် မြင့်မြတ်သော တောင်များနှင့် ရှေးဟောင်း သစ်တောများ ရှိနေခဲ့၏။

သူက တောင်တန်းများ၏ အပြင်ဘက်တွင် ရှိနေသော်လည်း တောင်တန်းများဆီကနေ ထွက်ပေါ်လာသည့် အစွမ်းထက်အသက်စွမ်းအင် အရှိန်အဝါကို ခပ်ရေးရေး ခံစားမိနေခဲ့သည်။

“ဒီထာဝရသက်ရှည်တောင်တန်းက တကယ်ကို နာမည်နဲ့လိုက်ဖက်တာပဲ”

သူ၏ရှေ့မှ တောင်တန်းကြီးကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက အင်မော်တယ် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း အင်မော်တယ်တစ်ဦး ဖြစ်လာရန်မှာ မည်မျှအထိ ခက်ခဲမှန်း ကောင်းစွာ သိရှိထားခဲ့သည်။

အင်မော်တယ် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစနစ်အရ ကပ်ဘေးအဆင့်ကို ကျော်ဖြတ်ပြီးနောက်တွင် မဟာယာန ကျင့်ကြံသူ တစ်ဦး ဖြစ်လာမည် ဖြစ်ပြီး အင်မော်တယ် ဖြစ်လာရန်အတွက် ထိုအဆင့်ကို ထပ်မံ၍ ချိုးဖြတ်ရမည် ဖြစ်သည်။

ကပ်ဘေးအဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူသည် သိုင်းပညာကျင့်ကြံခြင်း လောက၏ နတ်ဘုရင်အဆင့်နှင့် တူညီပြီး မဟာယာနအဆင့်ရှိ အင်မော်တယ်ကျင့်ကြံသူသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့် တူညီသည်။

ဆိုရလျှင် အင်မော်တယ်ကျင့်ကြံသူများ၏ အင်မော်တယ်အဆင့်သည် နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီထဲမှ အင်မော်တယ် အဆင့်နှင့် တူညီ၏။

သိထားရမည့်အချက်မှာ အင်မော်တယ် အဆင့်သည် နတ်ဘုရားနယ်မြေ၏ သမိုင်းထဲတွင် အမြဲလိုလို ဒဏ္ဍာရီတစ်ခုသာ ဖြစ်ခဲ့သည်။

နတ်ဘုရားနယ်မြေတွင် သိုင်းပညာ ယဥ်ကျေးမှု စတင်ထွန်းကားလာကတည်းကပင် အင်မော်တယ်အဆင့် ကျင့်ကြံသူသည် တစ်ခါမှ မပေါ်ထွန်းခဲ့ဖူးသလောက်ပင် ဖြစ်၏။

ထိုအချက်ကိုကြည့်လျှင် အင်မော်တယ်တစ်ဦး ဖြစ်လာရန်မှာ မည်သည့်နည်းနှင့်မျှ လွယ်ကူသော အလုပ်မဟုတ်မှန်း သိမြင်နိုင်ပေသည်။

ထိုသို့မဟုတ်လျှင် နတ်ဘုရားနယ်မြေ၏ အပြင်ဘက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အင်မော်တယ် ဖြစ်လာမည့် အခွင့်အလမ်း ကိန်းအောင်းနေသော အင်မော်တယ်ကျောက်စာတိုင် အတွက်ဖြင့် နတ်ဘုရားနယ်မြေကို စကြဝဠာအဆင့် စစ်ပွဲ ဆင်နွှဲလိမ့်မည် မဟုတ်ပေ။

သူ ယခုရောက်ရှိနေသည့် အင်မော်တယ်တိုက်သည် နတ်ဘုရားနယ်မြေ၏ ပြိုကွဲသွားသော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ရာ အင်မော်တယ် ဖြစ်နိုင်မည့် အခွင့်အလမ်း မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

ထာဝရ သက်ရှည်တောင်တန်းသို့ မလာမီက ထာဝရသက်ရှည်တောင်တန်းတွင် အင်မော်တယ် ဖြစ်နိုင်မည့် အခွင့်အလမ်းရှိသည် ဟူသော ကောလဟလကို ကျန်းချန်သည် ဟာသတစ်ခုလိုပင် မှတ်ယူခဲ့သည်။

သို့သော် တကယ်တမ်း ထာဝရသက်ရှည်တောင်တန်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင် ကျန်းချန်သည် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့၏။

အကြောင်းရင်းမှာ သူ၏ရှေ့ရှိ ထာဝရ သက်ရှည်တောင်တန်းကနေ လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ကျောက်စာတိုင်နှင့် တူညီသည့် အရှိန်အဝါကို ခံစားလိုက်ရသောကြောင့်ပင်။

ဆိုရလျှင် သူ၏ ရှေ့မှ ထာဝရ သက်ရှည်တောင်တန်းသည် ကောလာဟလများအတိုင်း အင်မော်တယ် ဖြစ်လာနိုင်မည့် အခွင့်အလမ်း အမှန်တကယ် ရှိနေနိုင်၏။

“စစ်ပွဲအတွင်း နတ်ဘုရားနယ်မြေ ပြိုကွဲသွားပြီးနောက်မှာ ဒီနေရာက ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်သွားတဲ့ပုံပဲ”

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤနေရာတွင် မည်မျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ဖြစ်စေ၊ ထာဝရ သက်ရှည်တောင်တန်းသည် နတ်ဘုရားနယ်မြေ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

ကျန်းချန်၏ အမြင်အရ အင်မော်တယ် ကျင့်ကြံသူများ ပြောဆိုနေကြသော အင်မော်တယ် ဖြစ်လာနိုင်မည့်အခွင့်အလမ်းသည် သူတို့ သိုင်းပညာ ကျင့်ကြံသူများ အတွက်လည်း အကျိုးများနိုင်ခြေ ရှိသည်။

ထိုအချက်ကို စဥ်းစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့၏။

နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်အတွက် ဖြစ်စေ သို့မဟုတ် ထာဝရ သက်ရှည်တောင်တန်းအတွင်းရှိ အထွတ်အထိပ် အခွင့်အလမ်းအတွက် ဖြစ်စေ၊ သူက ထာဝရ သက်ရှည်တောင်တန်း အတွင်းသို့ မဖြစ်မနေ ဝင်ရောက်ရပေမည်။

“ဟုန်ထျန်းယန်.. မင်းနဲ့ငါနဲ့ ကြားက သဘောတူညီချက်အရ မင်း ငါ့ကို ထာဝရသက်ရှည်တောင်တန်းကို ခေါ်လာပေးတဲ့ အတွက် မင်းရဲ့အသက်ကို ငါချမ်းသာပေးလိုက်ပြီ.. မင်းအခု ငါ့ဆီကနေ ထွက်သွားလို့ရပြီ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဟုန်ထျန်းယန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

ဟုန်ထျန်းယန်က အလျင်အမြန်ပင် တုံ့ပြန်ပြောဆိုလိုက်သည်။

“သခင်.. ကျွန်‌တော် သခင့်ရဲ့နောက်ကို တစ်သက်လုံး လိုက်ပါပြီး သခင့်ရဲ့ အစေအပါး အဖြစ် အမှုထမ်းချင်ပါတယ်”

သူ့ရှေ့မှ လူငယ်သည် အင်မော်တယ်ကျင့်ကြံသူ တစ်ဦး မဟုတ်သော်လည်း ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူကမူ ရွှမ်ယန်ဂိုဏ်းမှ ထွက်ခွာလာပြီးနောက်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အစွန်အဖျား ဒေသတွင်သာ ဂရုတစိုက် ရှင်သန်နေခဲ့ရပြီး တစ်သက်လုံး အသေအလဲ ကြိုးစားပြီးမှသာ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

အကယ်၍ သူသာ သူ့ရှေ့မှ လူငယ်၏ နောက်သို့ လိုက်ပါနိုင်လျှင် ယင်းသည် သူ့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

“ငါအခုသွားမဲ့ ထာဝရသက်ရှည်တောင်တန်း ခရီးစဥ်က အရမ်းကို အန္တရာယ်များလွန်းတယ်.. မင်းရဲ့သန္ဓေဝိညာဥ်အဆင့်နဲ့ ဆိုရင်တော့ သေဖို့တစ်လမ်းပဲ ရှိတယ်”

ကျန်းချန်က ဟုန်ထျန်းယန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။

“မင်းတကယ်ပဲ ငါ့အစေခံ လုပ်ချင်တယ် ဆိုရင်တော့ ထျန်းယန်ဂိုဏ်းကို ပြန်သွားပြီး ဂိုဏ်းကို တိုးတက်အောင်လုပ်ပါ.. ငါ ထာဝရသက်ရှည်တောင်တန်းထဲကနေ ပြန်ထွက်လာတဲ့အခါကျရင် မင်းကို ဆက်သွယ်လိုက်မယ်”

“သခင့်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်.. ဒါပေမဲ့ ကျွန်တော့်ရဲ့စွမ်းရည်က နိမ့်ကျနေတော့ ထျန်းယန်ဂိုဏ်းကို တိုးတက်အောင်လုပ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”

ဟုန်ထျန်းယန်က အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရှာ ရှေးဟောင်း ကျောက်စိမ်းပြား သုံးခုသည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူက ဓားအရှိန်အဝါ သုံးခုကို ကျောက်စိမ်းပြားထဲတွင် ချိတ်ပိတ်လိုက်သည်။

“ဒီကျောက်စိမ်းပြားသုံးခုထဲမှာ ငါ့ရဲ့ ဓားအရှိန်အဝါ သုံးခုကို ချိတ်ပိတ်ထားတယ်.. အသုံးပြုလိုက်တာနဲ့ ကပ်ဘေးအဆင့်ဘယ်လို ကျင့်ကြံသူကိုမဆို သတ်ဖြတ်နိုင်တယ်”

ကျန်းချန်က ကျောက်စိမ်းပြား သုံးခုကို ဟုန်ထျန်းယန် ဆီသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ဟုန်ထျန်းယန်က အလွန်အမင်း ဝမ်းသာစွာဖြင့် ကျောက်စိမ်းပြားသုံးခုကို လက်ခံယူလိုက်သည်။

သူက ကျန်းချန်ကို အလျင်အမြန်ပင် သတိပေးလိုက်သည်။

“အရှင်စိတ်ချပါ.. ဒီရှေးဟောင်း ကျောက်စိမ်းပြားသုံးခုနဲ့ ဆိုရင် ထျန်းယန်ဂိုဏ်းကို ရွှမ်ယန်ဂိုဏ်းရဲ့ နေရာမှာ အမြန်ဆုံးအစားထိုးနိုင်လိမ့်မယ်လို့ ကျွန်တော် ကတိပေးပါတယ်

"မကြာခင်မှာ အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ အင်အားအများစုက ဒီထာဝရသက်ရှည်တောင်တန်း ဆီကို ရောက်လာတော့မယ်.. မင်းအကောင်းဆုံးကြိုးစားပါ ငါ့ကို စိတ်မပျက်စေဖို့မျှော်လင့်ပါတယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ထုံရှန်တောင်ကြား ဝင်ပေါက် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။

အခန်း(၂၃၇၂)ပြီး၏။

All Chapters